အခန်း (၂၆၇၅-၂၆၇၆)
Vol. 208 Ch. 2675-2676
အခန်း(၂၆၇၅)
ရုတ်တရက် ဖြစ်ပျက်သွားသော မြင်ကွင်းကြောင့် လော့ချင်းအာ တစ်ခဏမျှ မှင်တက်သွားခဲ့သည်။
မကြာမီမှာပင် သူမသည် အနက်ရောင်ဝတ်စုံဝတ် လူငယ်တစ်ဦး၏ ပုံရိပ်က တောအုပ်ထဲကနေ ဖြည်းညင်းစွာ လမ်းလျှောက် ထွက်လာသည်ကို တွေ့လိုက်ရသည်။
ထိုအနက်ရောင်ဝတ်စုံဝတ် လူငယ်မှာ အခြားသူမဟုတ်ဘဲ တိုက်ပွဲကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည့် ကျန်းချန်ပင် ဖြစ်သည်။
“ကောင်လေး မင်းဘယ်သူလဲ.. ဘာလို့ ငါတို့ လခြမ်းနီဓားပြအဖွဲ့ရဲ့ ကိစ္စမှာ ဝင်စွက်ဖက်ရတာလဲ”
လခြမ်းနီဓားပြအဖွဲ့မှ ပကတိအင်မော်တယ် ဆဋ္ဌမအဆင့် ကျင့်ကြံသူ ဖြစ်သည့် လူလတ်ပိုင်းအရွယ် အမျိုးသားသည် ကျန်းချန်ကို အေးစက်စက် စိုက်ကြည့်လိုက်သည်။
သူ၏ ခန္ဓာကိုယ် တစ်ခုလုံးတွင် သတ်ဖြတ်လိုစိတ်များ ဖုံးလွှမ်းနေခဲ့၏။
“ကျုပ်က ဖြတ်သွားဖြတ်လာ လူတစ်ယောက်ပါ”
ကျန်းချန်က တည်ငြိမ်စွာပင် ပြန်ဖြေလိုက်သည်။
“ဒါပေမဲ့ ခင်ဗျားကို မေးစရာတစ်ခု ရှိတယ်.. ဒီနေရာက ဘယ်နေရာလဲ...ပြီးတော့ ဒီနေရာနဲ့ အနီးဆုံးမြို့က ဘယ်မြို့လဲ”
ထိုမေးခွန်းကိုကြားလျှင် လူလတ်ပိုင်းအရွယ် အမျိုးသားက ရုတ်တရက် ဒေါသထွက်သွားခဲ့သည်။
“ကောင်လေး.. မင်းငါ့ကို လာနောက်နေတာလား”
သူတို့က လော့ရွှေကုန်သည်အဖွဲ့မှ လူများနှင့် သူသေကိုယ်သေ တိုက်ခိုက်နေသော အချိန်တွင် အနက်ရောင်ဝတ်စုံဝတ်လူငယ်က ရုတ်တရက်ထွက်ပေါ်လာပြီး သူတို့ကို ဟန့်တားကာ လမ်းမေးနေခဲ့သည်။
ထိုကောင်လေးသည် ဦးနှောက် ချို့ယွင်းနေပါသလော။
“ဒီက သခင်လေး.. ဒီနေရာက စန်းယွင်ပြည်နယ်ထဲက ထျန်းပိုင်တောင်တန်းပါ.. ဒီနေရာနဲ့ အနီးဆုံးမြို့က ကျွန်မတို့ လော့ရွှေကုန်သည်အဖွဲ့ တည်ရှိတဲ့ ထျန်းရွှေအင်မော်တယ်မြို့တော်ပါ”
ထိုအချိန်တွင် လော့ချင်အားသည် ကျန်းချန်ကို အလျင်အမြန်ပင် ပြောလိုက်သည်။
အနက်ရောင်ဝတ်စုံဝတ် လူငယ် ပေါ်လာခြင်းသည် သူတို့ လော့ရွှေကုန်သည်အဖွဲ့ အတွက် အခွင့်အရေးတစ်ခု ဖြစ်နိုင်သည်ဟု သူမ ခပ်ရေးရေး ခံစားမိခဲ့သည်။
“ထျန်းရွှေအင်မော်တယ်မြို့တော်လား”
ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး လော့ချင်းအာကို ကြည့်ကာ ပြောလိုက်သည်။
“ငါ့ကို ထျန်းရွှေအင်မော်တယ်မြို့တော်ဆီ ခေါ်သွားပေးပါ.. မင်းတို့အားလုံးကို ဘေးကင်းအောင် ငါ စောင့်ရှောက်ပေးမယ်.. ဘယ်လိုသဘောရလဲ”
ထိုစကားကိုကြားလျှင် လော့ချင်းအာသည် ချက်ချင်းပင် ဝမ်းသာအားရ ဖြစ်သွားခဲ့သည်။
“သခင်လေးရဲ့ ကမ်းလှမ်းမှုကို ချင်းအာ ဝမ်းမြောက်ဝမ်းသာ လက်ခံပါတယ်”
ယခုအခါတွင် လခြမ်းနီ ဓားပြအဖွဲ့၏ ကြားဖြတ်ဟန့်တားခြင်းကို ရင်ဆိုင်နေရချိန် ဖြစ်၍ သူတို့လော့ရွှေကုန်သည်အဖွဲ့သည် လမ်းဆုံးသို့ ရောက်နေခဲ့ပြီ ဖြစ်သည်။
အကူအညီ ရောက်မလာသရွေ့ ယနေ့တွင် သူတို့အားလုံး အသက်ပျောက်ကြတော့မည် ဆိုလည်း မမှားပေ။
ယခု အနက်ရောင်ဝတ်စုံဝတ် လူငယ်က ကူညီရန် ဆန္ဒရှိနေသည် ဖြစ်ရာ သူမအနေဖြင့် အဘယ်ကြောင့် ငြင်းပယ်ရပါမည်နည်း။
အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် ဓားချက် တစ်ချက်တည်းဖြင့်ပင် လခြမ်းနီဓားပြအဖွဲ့မှ ပကတိအင်မော်တယ် ဆဋ္ဌမအဆင့် ကျင့်ကြံသူကို နောက်ဆုတ်သွားစေနိုင်ခဲ့သူ ဖြစ်၍ ထိုလူငယ်၏ ခွန်အားသည် ပကတိအင်မော်တယ် ဆဋ္ဌမအဆင့်အောက်တွင် မရှိသည်မှာ သေချာသလောက်ပင်။
ဆိုရလျှင် သူတို့၏ အကျပ်အတည်းကို ထိုလူငယ်သည် အမှန်တကယ်ပင် ဖြေရှင်းပေးနိုင်လောက်၏။
ကျန်းချန်က အပိုစကားများ ပြောမနေတော့ဘဲ တစ်ဖက်မှ ပကတိအင်မော်တယ် ဆဋ္ဌမအဆင့် ကျင့်ကြံသူ ဖြစ်သည့် လူလတ်ပိုင်းအရွယ် အမျိုးသားကို အေးစက်စက်ကြည့်ကာ ပြောလိုက်သည်။
“အခုအချိန်ကစပြီး လော့ရွှေကုန်သည်အဖွဲ့ရဲ့ လူတွေက ငါ့ရဲ့ကာကွယ်မှုအောက်မှာပဲ.. အခုချက်ချင်း ငါ့ရှေ့ကနေ ထွက်သွားစမ်း”
“ကောင်လေး.. မင်း တကယ်ပဲ ငါတို့ လခြမ်းနီဓားပြအဖွဲ့ရဲ့ကိစ္စကို ဝင်စွက်ဖက်ချင်တာလား”
ကျန်းချန်ကို စူးစိုက်ကြည့်နေသည့် လူလတ်ပိုင်းအရွယ် အမျိုးသား၏ ခန္ဓာကိုယ် တစ်ခုလုံးတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်လာခဲ့သည်။
ကျန်းချန်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် ပြောလိုက်သည်။
“ဝင်စွက်ဖက်တော့ရော မင်းတို့က ဘာလုပ်နိုင်မှာမို့လဲ”
“ကောင်းတယ် သိပ်ကောင်းတယ်”
လူလတ်ပိုင်းအရွယ် အမျိုးသားက ဒေါသတကြီး ပြောလိုက်သည်။
“ပကတိအင်မော်တယ် တတိယအဆင့်ကများ ငါတို့ လခြမ်းနီဓားပြအဖွဲ့ရဲ့ ကိစ္စကို ဝင်စွက်ဖက်ရဲတယ်.. မင်းက ကိုယ့်သေတွင်း ကိုယ်တူးချင်နေမှတော့ ငါ မင်းဆန္ဒကို ဖြည့်ဆည်းပေးလိုက်မယ်”
လူလတ်ပိုင်းအရွယ် အမျိုးသား စကားဆုံးသည်နှင့် အင်မော်တယ်စွမ်းအင်များဖြင့် အသွင်ပြောင်းထားသော မီးလျှံလက်သည်းကြီး တစ်ခုသည် ဟင်းလင်းပြင်ကို မျက်စိတစ်မှိတ်အတွင်း ထိုးဖောက်လာခဲ့ပြီး အလွန်တရာ ပူပြင်းသော မီးလျှံစွမ်းအင်လှိုင်းများနှင့်အတူ ကျန်းချန်ထံ သက်ရောက်လာခဲ့သည်။
ကျန်းချန်က လက်ထဲရှိ လူသားဧကရာဇ်ဓားကို ဝှေ့ယမ်းလိုက်ရာ တောက်ပသော ဓားအလင်း တစ်ခုသည် ဟင်းလင်းပြင်ကို ချက်ချင်းပင် ထိုးဖောက်သွားခဲ့သည်။
“အင်မော်တယ်ဖျက်ဆီးခြင်းဓားသိုင်း...အင်မော်တယ်များကို သတ်ဖြတ်ခြင်း”
ကျန်းချန်၏ ဓားချက် ထွက်ပေါ်လာသည်နှင့် အမျှ ကြောက်မက်ဖွယ် လူသတ် အရှိန်အဝါ တစ်ခုသည် ပတ်ဝန်းကျင်ကို ချက်ချင်းဆိုသလို လွှမ်းခြုံသွားခဲ့ရာ လူလတ်ပိုင်းအရွယ် အမျိုးသားနှင့် ၎င်းရှိနေသည့် ပတ်ဝန်းကျင် ဟင်းလင်းပြင်သည် အေးခဲသွားသကဲ့သို့ ဖြစ်သွားခဲ့သည်။
လူလတ်ပိုင်းအရွယ် အမျိုးသားက ချက်ချင်းဆိုသလို ထိတ်လန့်သွားခဲ့ပြီး ဓားစွမ်းအား အရှိန်အဝါ၏ ချုပ်နှောင်မှုကနေ လွတ်မြောက်ရန် အစွမ်းကုန် ရုန်းကန်လိုက်သည်။
သို့သော်လည်း ထိုခဏမှာပင် ကျန်းချန် ထုတ်ဖော်လိုက်သော ဓားအလင်းသည် မီးလျှံလက်သည်းကို တိုက်ရိုက်ပင် ချေမှုန်းပစ်လိုက်ပြီး လျှပ်စီးကဲ့သို့ အရှိန်အဟုန်ဖြင့် လူလတ်ပိုင်းအရွယ် အမျိုးသား၏ ခန္ဓာကိုယ်ကို ပိုင်းဖြတ်သွားခဲ့သည်။
နောက်ထပ် တစ်ခဏတွင် လူလတ်ပိုင်းအရွယ် အမျိုးသား၏ ခန္ဓာကိုယ်ထဲကနေ အင်မော်တယ်ခရစ္စတယ် တစ်ခု ထွက်ပေါ်လာခဲ့သည်။
ကျန်းချန်က သူ၏ လက်ကို ဆန့်ထုတ်၍ အင်မော်တယ်ခရစ္စတယ်ကို လှမ်းဖမ်းလိုက်ပြီး သူ၏ လက်ဖဝါးထဲကို ဆွဲယူလိုက်ကာ လူလတ်ပိုင်းအရွယ် အမျိုးသား၏ နတ်အသိစိတ်ကို ဖျက်ဆီးပစ်လိုက်ပြီး သိုလှောင်အိတ်ထဲသို့ ထည့်လိုက်သည်။
“ကြည့်ရတာ အင်မော်တယ်ဖျက်ဆီးခြင်း ဓားသိုင်းရဲ့ စွမ်းရည်ကို ငါလျှော့တွက်မိနေပြီ ထင်တယ်”
ကျန်းချန်က လခြမ်းနီဓားပြအဖွဲ့မှ ပကတိအင်မော်တယ် ဆဋ္ဌမအဆင့် ကျင့်ကြံသူကို တစ်ချက်တည်းဖြင့် သတ်ဖြတ်လိုက်ပြီးနောက်တွင် နှုတ်ကနေ ခပ်တိုးတိုး ရေရွတ်လိုက်သည်။
မူလက ကျန်းချန်သည် သူ၏ ပကတိအင်မော်တယ် တတိယအဆင့် ခွန်အားဖြင့်ဆိုလျှင် ပကတိအင်မော်တယ် ဆဋ္ဌမအဆင့်ကို သတ်ဖြတ်ရန် အားထုတ်မှု တချို့ လုပ်ရလိမ့်မည်ဟု ထင်ထားခဲ့သည်။
သို့သော်လည်း အင်မော်တယ်လောကကို တက်လှမ်းပြီးနောက်တွင် အင်မော်တယ်ဖျက်ဆီးခြင်း ဓားသိုင်း၏ စွမ်းအားသည် သူစိတ်ကူးထားသည်ထက်ကိုပင် လုံးဝ ကျော်လွန်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ကျန်းချန်၏ လက်ရှိ ပကတိအင်မော်တယ် တတိယအဆင့်ခွန်အားဖြင့်ဆိုလျှင် အင်မော်တယ်ဖျက်ဆီးခြင်း ဓားသိုင်း၏ စွမ်းအားသည် အဆင့်သစ် တစ်ခုသို့ ရောက်ရှိသွားခဲ့ချေပြီ။
သာမန် ပကတိအင်မော်တယ် ဆဋ္ဌမအဆင့် ကျင့်ကြံသူတစ်ဦးပင် သူ့ကို လုံးဝ တားဆီးနိုင်မည် မဟုတ်ပေ။
“ပကတိအင်မော်တယ် ဆဋ္ဌမအဆင့် ကျင့်ကြံသူက ဒီလိုပဲ သေသွားပြီလား”
ဤရုတ်တရက် ဖြစ်ရပ်ကြောင့် ပတ်ဝန်းကျင် တစ်ခုလုံး ချက်ချင်းပင် တိတ်ဆိတ် ငြိမ်သက်သွားခဲ့သည်။
လော့ရွှေကုန်သည်အဖွဲ့မှ လော့ချင်းအာတို့ လူစုဖြစ်စေ၊ လခြမ်းနီဓားပြအဖွဲ့ဝင်များဖြစ်စေ၊ အားလုံးသည် တစ်ခဏမျှ မှင်တက်သွားခဲ့ကြသည်။
သူတို့ရှေ့သို့ ရုတ်တရက်ပေါ်လာသော အနက်ရောင်ဝတ်စုံဝတ် လူငယ်တွင် ပကတိအင်မော်တယ် ဆဋ္ဌမအဆင့် ကျင့်ကြံသူကို တစ်ကွက်တည်းဖြင့် သတ်ဖြတ်နိုင်လောက်သည် အထိ ကြောက်မက်ဖွယ် ခွန်အား ရှိနေလိမ့်မည်ဟု မည်သူမှ ထင်မှတ်မထားခဲ့ကြပေ။
တစ်နည်းအားဖြင့် ဆိုရလျှင် အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် အနည်းဆုံး ပကတိအင်မော်တယ် သတ္တမအဆင့်နှင့် ယှဥ်နိုင်သည့် ခွန်အား ရှိနေခဲ့သည်။
ဤမျှငယ်ရွယ်သော အသက်အရွယ်ဖြင့် ထိုမျှလောက် အထိ အစွမ်းထက်နေခြင်းသည် စန်းယွင်ပြည်နယ် တစ်ခုလုံးဖြင့် ကြည့်လျှင်ပင် အလွန်တရာ ရှားပါးသည်။
ကောင်းကင်ယံထက်တွင် ရင်ဆိုင်နေကြသည့် ကောင်းကင်အင်မော်တယ် နှစ်ပါး၏ မျက်ဝန်းထဲတွင်လည်း အံ့ဩထိတ်လန့်သော အရိပ်အယောင်များ ဖုံးဖိမရစွာ ဖြစ်ပေါ်နေခဲ့သည်။
သူတို့နှစ်ဦး၏ မြင်နိုင်စွမ်းအရ ကျန်းချန်သည် ပကတိအင်မော်တယ် တတိယအဆင့်တွင်သာ ရှိသေးသည်ကို မြင်နိုင်ရန် မခက်ခဲပေ။
ပကတိအင်မော်တယ် တတိယအဆင့် ကျင့်ကြံသူ တစ်ဦးသည် ပကတိအင်မော်တယ် ဆဋ္ဌမအဆင့် ကျင့်ကြံသူကို ဓားချက် တစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်သည့် ထိတ်လန့်ဖွယ် ခွန်အားမျိုးကို ပိုင်ဆိုင်ထားခဲ့သည်။
ဤကဲ့သို့သော ပါရမီရှင်သည် စန်းယွင်ပြည်နယ်ရှိ တလော့အင်အားစု အနည်းငယ်တွင်သာ ရှိနိုင်ပေလိမ့်မည်။
သူတို့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် တလော့အင်အားစုမှ ထိပ်တန်းပါရမီရှင် တစ်ဦး ဖြစ်နေပါသလော။
ထိုသို့ တွေးမိသည်နှင့် လော့ရွှေကုန်သည်အဖွဲ့မှ ငွေရောင်ဝတ်စုံဝတ် အဘိုးအို၏ မျက်နှာထက်တွင် အလွန်အမင်း ဝမ်းသားသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
ဆန့်ကျင်ဘက်ရှိ လခြမ်းနီဓားပြအဖွဲ့မှ မျက်စိတစ်ဖက်ကန်း ကျင့်ကြံသူ၏ မျက်နှာကမူ အလွန်တရာပင် သုန်မှုန်သွားခဲ့သည်။
“ဟားဟား ဝမ်ပျောင်း.. ကံကြမ္မာက ငါတို့ဘက်မှာ ရှိနေပြီထင်တယ်.. မင်းတို့ လခြမ်းနီဓားပြအဖွဲ့က ဒီတစ်ကြိမ် မအောင်မြင်ဘဲ လက်ဗလာနှင့် ပြန်ရတော့မှာကို ငါစိုးရိမ်မိတယ်”
ငွေရောင်ဝတ်စုံဝတ် အဘိုးအိုက မျက်စိတစ်ဖက်ကန်း ကျင့်ကြံသူကို ကြည့်ကာ လှောင်ရယ်၍ ပြောလိုက်သည်။
တလော့အင်အားစုမှ ပကတိအင်မော်တယ် တတိယအဆင့်ဖြင့် ပကတိအင်မော်တယ် ဆဋ္ဌမအဆင့်ကို သတ်ဖြတ်နိုင်သည့် ဆန်းကြယ်သော ပါရမီရှင်သည် ယနေ့ အခြေအနေကို ပြောင်းပြန်လှန်ရန် လုံလောက်သည် မဟုတ်ပါလား။
“ဟမ့်...ကံကောင်းသွားတယ်မှတ်ပါ.. ငါတို့ ဆုတ်ကြစို့”
မျက်စိတစ်ဖက်ကန်း ကျင့်ကြံသူက တစ်ခဏမျှ စဥ်းစားလိုက်ပြီးနောက်တွင် ချက်ချင်းပင် ဆုတ်ခွာရန် အမိန့်ပေးလိုက်သည်။
သူက လော့ရွှေကုန်သည်အဖွဲ့မှ အဘိုးအိုထက် အနည်းငယ် ပိုသန်မာသော်လည်း တစ်ခဏအတွင်း အနိုင်ယူရန်မှာမူ ခက်ခဲလိမ့်မည် ဖြစ်သည်။
လော့ရွှေကုန်သည်အဖွဲ့ကို ကူညီပေးနေသည့် အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ တိုက်ခိုက်ရေးစွမ်းရည်သည် ပကတိအင်မော်တယ် တတိယအဆင့်အောက်တွင် မရှိသည်မှာ သေချာသည်။
ဆိုရလျှင် လခြမ်းနီဓားပြအဖွဲ့တွင် သူမှ လွဲ၍ မည်သူကမျှ ထိုလူငယ်၏ ပြိုင်ဘက် မဟုတ်ပေ။
သူသာ လော့ရွှေကုန်သည်အဖွဲ့မှ အဘိုးအို၏ ထိန်းချုပ်ခြင်းကို တစ်ခဏမျှ ခံလိုက်ရလျှင် လခြမ်းနီဓားပြ အဖွဲ့ဝင်အားလုံးသည် အမြစ်ပြတ် သုတ်သင်ခံရပေလိမ့်မည်။
စင်စစ် သူ့ကို အကြောက်ရွံ့ဆုံး ဖြစ်စေသည်မှာ အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ နောက်ခံပင် ဖြစ်သည်။
ဤအနက်ရောင်ဝတ်စုံဝတ် လူငယ်၏ ပါရမီနှင့်ခွန်အားအရ ဆိုလျှင် တလော့အင်အားစုမှ ထိပ်တန်း ပါရမီရှင်တစ်ဦး ဖြစ်နိုင်ခြေ အလွန်များနေခဲ့သည်။
ယင်းကဲ့သို့သော ပါရမီရှင်မျိုးသည် သူတို့ လခြမ်းနီဓားပြအဖွဲ့ငယ်လေး အနေဖြင့် ရန်စ၍ ရသည့် လူစားမျိုး မဟုတ်ပေ။
ထိုသို့သော တည်ရှိမှုမျိုးကို ရန်စမိလျှင် လခြမ်းနီဓားပြအဖွဲ့အတွက် ဘေးအန္တရာယ်များ ကျရောက်လာနိုင်သည် မဟုတ်ပါလော။
ထို့ကြောင့် မျက်စိတစ်ဖက်ကန်း ကျင့်ကြံသူသည် တွေဝေမနေတော့ဘဲ ကျန်းချန်ကို အသေအချာ တစ်ချက် ကြည့်လိုက်ပြီးနောက်တွင် လခြမ်းနီ ဓားပြအဖွဲ့ဝင်များနှင့် အတူ ကျန်းချန်၏ ရှေ့ကနေ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။
အခန်း(၂၆၇၅)ပြီး၏။
အခန်း(၂၆၇၆)
“ကျွန်မက လော့ရွှေကုန်သည်အဖွဲ့က လော့ချင်းအာပါ.. အသက်ကယ်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် သခင်လေး”
လခြမ်းနီဓားပြအဖွဲ့ဝင်များ ဆုတ်ခွာသွားသည်ကို မြင်လျှင် လော့ချင်းအာသည် အလျင်အမြန်ပင် ရှေ့သို့ တက်လှမ်းကာ ကျေးဇူးတင်စကား ပြောလိုက်သည်။
“ရပါတယ်”
ကျန်းချန်က လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
“ငါ့ကို ထျန်းရွှေအင်မော်တယ်မြို့တော်ဆီ ခေါ်သွားပေးရင် ရပါပြီ”
“သခင်လေးက ကျွန်မအသက်ကို ကယ်တင်ပေးခဲ့တဲ့ အတွက် ကျွန်မတို့ လော့ရွှေကုန်သည်အဖွဲ့ရဲ့ အထူးဧည့်သည်ပါပဲ”
လော့ချင်းအာက အလျင်အမြန်ပင် ပြောလိုက်သည်။
“သခင်လေး ကျေးဇူးပြုပြီး ကျွန်မနဲ့အတူ ရထားလုံးပေါ် လိုက်ခဲ့ပေးပါ...အလွန်ဆုံး လဝက်အတွင်း ထျန်းရွှေအင်မော်တယ်မြို့ကို ကျွန်မတို့ ရောက်ပါလိမ့်မယ်”
ကျန်းချန်က ခေါင်းညိတ်ပြလိုက်ပြီး လော့ချင်အာ၏ ဖိတ်ခေါ်မှုဖြင့် ကုန်သည်အဖွဲ့၏ အလယ်တွင်ရှိသည့် ရထားလုံး တစ်စီးပေါ်သို့ တက်လိုက်သည်။
ထိုမြင်ကွင်းကိုမြင်သော်လည်း ငွေရောင်ဝတ်စုံဝတ် အဘိုးအိုက ဘာစကားမျှ မပြောခဲ့ပေ။
အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ နောက်ခံကို အတိအကျမသိသော်လည်း အစောပိုင်းက သူတို့ကို ကူညီပေးခဲ့သည် ဖြစ်ရာ သူတို့အပေါ်တွင် ရန်ငြိုးမရှိနိုင်ဟု ယူဆရ၏။
ထို့အပြင် သူတို့၏ လက်ရှိအခြေအနေသည် အလွန်တရာပင် ဆိုးရွားနေခဲ့သည်။
အကယ်၍ သူတို့ သခင်မလေးသာ တလော့ အင်အားစုမှ ဖြစ်နိုင်သည့် ပါရမီရှင်ကို လော့ရွှေကုန်သည်အဖွဲ့ ဆီသို့ ခေါ်ဆောင်သွားနိုင်ခဲ့လျှင် ယင်းသည် သူတို့အတွက် အကူအညီတစ်ခု ဖြစ်လာနိုင်သည် မဟုတ်ပါလား။
ထိုသို့ တွေးမိပြီးနောက်တွင် ငွေရောင်ဝတ်စုံဝတ် အဘိုးအိုသည် တွေဝေမနေတော့ဘဲ ကုန်သည်အဖွဲ့ကို ဦးဆောင်၍ ထျန်းရွှေအင်မော်တယ်မြို့တော် ဆီသို့ လျင်မြန်စွာပင် ခရီးစထွက်ခဲ့သည်။
လမ်ခရီး တစ်လျှောက်တွင် လော့ချင်းအာ၏ ရှင်းပြမှုကြောင့် ကျန်းချန်သည် စန်းယွင်ပြည်နယ် တစ်ခုလုံး၏ အခြေအနေကို အတိုင်းအတာ တစ်ခု အထိ နားလည်သွားခဲ့သည်။
စန်းယွင်ပြည်နယ်သည် ကျယ်ဝန်းသောဧရိယာ ရှိပြီး တလော့အင်အားစု ဖြစ်သည့် စန်းယွင်အင်မော်တယ်နန်းတော်က ထိန်းချုပ်ထားသည်။
စန်းယွင်ပြည်နယ်တွင် အဓိကအားဖြင့် အင်မော်တယ်မြို့တော် ကိုးမြို့ ရှိပြီး ထျန်းရွှေအင်မော်တယ်မြို့တော်သည်လည်း တစ်မြို့ အပါအဝင် ဖြစ်သည်။
ထျန်းရွှေအင်မော်တယ်မြို့တော်သည် စန်းယွင်ပြည်နယ်၏ ဝေးလံသော အနောက်မြောက်ဘက် အရပ်တွင် တည်ရှိပြီး ၎င်း၏ အင်အားသည် အင်မော်တယ်မြို့တော် ကိုးမြို့ အနက် အောက်ဆုံးနေရာတွင်သာ ရှိသည်။
သို့သော် ထိုသို့ ဆိုလျှင်ပင် ထျန်းရွှေအင်မော်တယ် မြို့တော်တွင် ရွှေအင်မော်တယ်အဆင့် အင်အားစုသုံးစု ရှိနေဆဲ ဖြစ်ပြီး လော့ရွှေကုန်သည် အဖွဲ့သည်လည်း တစ်ခု အပါအဝင် ဖြစ်သည်။
လော့ရွှေကုန်သည်အဖွဲ့ အပြင် ထျန်းရွှေအင်မော်တယ်မြို့တော်တွင် ရွှေအင်မော်တယ် မိသားစုကြီးနှစ်စု ဖြစ်သည့် လုမိသားစုနှင့် နင်မိသားစုတို့ ရှိကြသည်။
လုမိသားစုသည် ထျန်းရွှေအင်မော်တယ်မြို့တော် အတွင်းရှိ အင်မော်တယ်လမ်းကြောင်းကို စောင့်ကြပ်နေသည့် လုမိသားစုပင် ဖြစ်သည်။
လုမိသားစုတွင် ရွှေအင်မော်တယ် သုံးပါး ရှိပြီး နင်မိသားစုနှင့်လော့ရွှေကုန်သည်အဖွဲ့တို့ထက် ပိုမို၍ အင်အားတောင့်တင်းသည်။
လုမိသားစုက ထျန်းရွှေအင်မော်တယ်မြို့တော်တွင် အင်အားအကြီးဆုံး မိသားစု ဖြစ်ကြောင်း ကြားသိလိုက်ရလျှင် ကျန်းချန် မျက်မှောင်အနည်းငယ် ကြုတ်သွားခဲ့သည်။
သူက လုမိသားစု၏ တမန်တော် တစ်ဦးကို သတ်ဖြတ်ခဲ့သည်ဖြစ်ရာ လုမိသားစု၏ သတိပြုမိခြင်းကို ခံရသည်နှင့် လုမိသားစုသည် သူ့ကို အလွယ်တကူ အလွှတ်ပေးမည် မဟုတ်ပေ။
သူ၏ လက်ရှိ အင်အားဖြင့်ဆိုလျှင် ရွှေအင်မော်တယ် သုံးပါးကို ပိုင်ဆိုင်ထားသည့် လုမိသားစုကို ယှဥ်ပြိုင်နိုင်ရန်မှာ အလွန်ပင် အလှမ်းဝေးနေသေး၏။
သို့သော်လည်း အန္တရာယ်အရှိဆုံးအရာမှာ အလုံခြုံဆုံးနေရာ ဖြစ်သည် ဟူသော ဆိုရိုးအတိုင်းပင် လုမိသားစုမှ လူများသည် သူက ထျန်းရွှေအင်မော်တယ်မြို့တော်တွင် ရှိနေလိမ့်မည်ဟု ထင်မှတ်ထားကြမည် မဟုတ်ပေ။
ထို့အပြင် လုမိသားစု၏ အမြင်တွင် သူက အင်မော်တယ်လောကသို့ သိပ်မကြာခင်က ဝင်ရောက်လာသည့် အတုအယောင် အင်မော်တယ်တစ်ပါးသာ ဖြစ်ရာ သူ့ကို အလွန်အမင်း အာရုံစိုက်နေလိမ့်မည် မဟုတ်ချေ။
အင်မော်တယ်လောကသည် အန္တရာယ်များဖြင့် ပြည့်နှက်နေပြီး သန်မာသော ကျင့်ကြံသူများသည် တိမ်တိုက်များပမာ ပေါများလှ၏။
ဆိုရလျှင် ပကတိအင်မော်တယ် အစောပိုင်းအဆင့်သည် အင်မော်တယ်လောကတွင် တစ်ကိုယ်တော် လှည့်လည်သွားလာရန် အလွန်တရာပင် ခဲယဥ်းသည်။
သူ၏ လက်ရှိ ခွန်အားဖြင့်ဆိုလျှင် ထျန်းရွှေအင်မော်တယ်မြို့တော်မှ ထွက်ခွာပြီး အခြားသော အင်မော်တယ်မြို့တော်ဆီသို့ သွားရန်မှာ သေချာပေါက် လွယ်ကူသော အလုပ် မဟုတ်ပေ။
သို့ဖြစ်ရာ လော့ရွှေကုန်သည်အဖွဲ့ကို အသုံးချ၍ ထျန်းရွှေ အင်မော်တယ် မြို့တော်တွင် ခိုအောင်းကာ သူ၏ ခွန်အားကိုမြှင့်တင်ပြီး ကောင်းကင်အင်မော်တယ် အဆင့်ကို ချိုးဖျက်ပြီးမှသာ အခြားအရာများကို စဥ်းစားခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။
နောက်ထပ် ခရီးစဥ်တွင် ကျန်းချန်နှင့် အခြားသူများသည် မည်သည့် အဟန့်အတားမှ မရှိဘဲ ချောမွေ့စွာ သွားလာနိုင်ခဲ့ကြသည်။
လဝက်ခန့် ကြာပြီးနောက်တွင် ကျန်းချန် တို့သည် အဆုံးသတ်၌ ထျန်းရွှေအင်မော်တယ်မြို့တော် ဆီသို့ ရောက်ရှိလာခဲ့ကြ၏။
“သခင်လေးကျန်းချန်.. ထျန်းရွှေအင်မော်တယ် မြို့တော်ကို ရောက်ပါပြီ.. ကိစ္စအထွေအထူး မရှိဘူးဆိုရင် ကျွန်မတို့နဲ့အတူ လော့ရွှေကုန်သည်အဖွဲ့ကို လိုက်ခဲ့ပါလား.. သခင်လေးကို ကျွန်မ အိမ်ရှင်အနေနဲ့ ဧည့်ဝတ်ပြုချင်သေးလို့ပါ”
ရထားလုံးအတွင်းရှိ လော့ချင်းအာသည် သူမ ရှေ့တွင် မျက်လုံးမှိတ်ကာ ထိုင်နေသည့် ကျန်းချန်ကို ကြည့်ကာ ခပ်တိုးတိုး ပြောလိုက်သည်။
“ထျန်းရွှေအင်မော်တယ်မြို့တော်ကို ရောက်လာပြီလား”
ကျန်းချန်က မျက်လုံးဖွင့်၍ ပြုံးကာ ပြောလိုက်သည်။
“ဒီလိုဆိုရင်တော့ သခင်မလေးလော့ကို အနှောင့်အယှက်ပေးရတော့မှာပဲ”
သူက ထျန်းရွှေအင်မော်တယ်မြို့တော်ကို ပထမဆုံးအကြိမ် ရောက်ရှိလာခြင်း ဖြစ်ရာ သွားစရာနေရာ မရှိသေးသလို လုမိသားစုနှင့်လည်း ရန်ငြိုးရှိနေခဲ့သည်။
အကယ်၍ လုရွှေကုန်သည်အဖွဲ့၏ အကာအကွယ်ကို ရရှိမည်ဆိုလျှင် သူ့အနေဖြင့် ပို၍ ဘေးကင်းလိမ့်မည်မှာ သေချာ၏။
“သခင်လေးကျန်းချန်က အားနာနေပြန်ပါပြီ.. လော့ရွှေကုန်သည်အဖွဲ့ကို သခင်လေး ဧည့်သည်အဖြစ် လာလည်တာက ကျွန်မတို့ လော့ရွှေကုန်သည်အဖွဲ့ ဂုဏ်ယူစရာပါပဲ”
လော့ချင်းအာက ခပ်ယဲ့ယဲ့ ပြုံးပြလိုက်ပြီး ကျန်းချန်ကို ထျန်းရွှေအင်မော်တယ်မြို့တော် ထဲသို့ ခေါ်ဆောင်သွားကာ လော့ရွှေကုန်သည်အဖွဲ့ ဆီသို့ ဦးတည်လိုက်သည်။
မကြာမီမှာပင် သူတို့အဖွဲ့သည် လော့ရွှေကုန်သည်အဖွဲ့၏ ဌာနချုပ်သို့ ရောက်ရှိလာခဲ့သည်။
လော့ရွှေကုန်သည်အဖွဲ့သည် ထျန်းရွှေအင်မော်တယ် မြို့တော်ရှိ ရွှေအင်မော်တယ် အင်အားစုသုံးစု ထဲမှ တစ်စု ဖြစ်ရုံသာမက ထျန်းရွှေအင်မော်တယ်မြို့တော်၏ အကြီးဆုံး ကုန်သည်အဖွဲ့လည်း ဖြစ်သည်။
ထို့ကြောင့် လော့ရွှေကုန်သည်အဖွဲ့သို့ လာရောက်ကြသည့် လူများသည် နေ့စဥ်နှင့်အမျှ မပြတ်မလပ် ရှိနေတတ်၏။
သို့သော်လည်း လွန်ခဲ့သော သုံးလခန့်က လော့ရွှေကုန်သည်အဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ လော့ချန်ချိုးသည် ရုတ်တရက် ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ရာ လော့ရွှေကုန်သည်အဖွဲ့ တစ်ခုလုံးသည် အရေးပေါ် အခြေအနေသို့ ရောက်ရှိသွားခဲ့ပြီး လုပ်ငန်းများကို ယာယီ ရပ်ဆိုင်းထားခဲ့သည်။
ယနေ့ အချိန်အခါဝယ် လော့ရွှေကုန်သည်အဖွဲ့သည် လူသူကင်းမဲ့နေခဲ့ပြီး နေရာတိုင်းတွင် လေးနက်သော အရှိန်အဝါများဖြင့် ပြည့်နှက်နေခဲ့သည်။
“လက်ရှိအချိန်မှာ လော့ရွှေကုန်သည်အဖွဲ့က ပြင်ပဧည့်သည်တွေကို လက်မခံပါဘူး.. လော့ရွှေကုန်သည်အဖွဲ့ဝင် မဟုတ်ရင် အထဲကို ဝင်ရောက်ခွင့် မရှိဘူး”
ကုန်သည်အဖွဲ့က ဌာနချုပ်၏ တံခါးဝသို့ ရောက်ရှိလာသည်နှင့် အေးစက်စက် အော်ဟစ်သံ တစ်သံသည် အဆောက်အဦး အတွင်းကနေ ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့သည်။
မကြာမီမှာပင် သန်မာထွားကျိုင်းသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဦးဆောင်သည့် လော့ရွှေကုန်သည်အဖွဲ့မှ အစောင့်တစ်စုသည် အဆောက်အဦးထဲမှ ထွက်ပေါ်လာခဲ့သည်။
“လော့ကိုင်ရန်.. မင်းရဲ့ မျက်လုံးကို သေသေချာချာဖွင့်ပြီး ကြည့်စမ်း.. မင်းက ငါနဲ့သခင်မလေးတို့ကိုတောင် တားဆီးချင်နေတာလား”
ငွေရောင်ဝတ်စုံဝတ် အဘိုးအိုက သန်မာထွားကျိုင်းသော လူလတ်ပိုင်းအရွယ် အမျိုးသားကို ပြင်းထန်စွာ အော်ငေါက်လိုက်သည်။
“အကြီးအကဲလော့လီ ဖြစ်နေတာကိုး”
သူ့ရှေ့မှ လော့လီကို ကြည့်ကာ လော့ကိုင်ရန်၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
“အကြီးအကဲနဲ့ သခင်မလေး တို့ကို ကိုင်ရန်အနေနဲ့ မတားဆီးဝံ့ပါဘူး.. ဒါပေမဲ့ အခုအချိန်က လော့ရွှေကုန်သည်အဖွဲ့ရဲ့ အရေးပေါ်ကာလ ဖြစ်တဲ့အတွက် ဘယ်သူမဆို လော့ရွှေကုန်သည်အဖွဲ့ထဲကို အဝင်အထွက် လုပ်ရင် စစ်ဆေးမှု ခံယူရပါလိမ့်မယ်.. အကြီးအကဲနဲ့ သခင်မလေးတို့ စိတ်မဆိုးကြဖို့ မျှော်လင့်ပါတယ်”
လော့ကိုင်ရန်သည် လော့လီနှင့် လော့ချင်းအာတို့ ခရီးထွက်ရသည့် အကြောင်းရင်းကို သဘာဝကျစွာပင် သိရှိထားခဲ့သည်။
သူ၏ နောက်ကွယ်မှ အကြီးအကဲချုပ်သည် လော့လီတို့ အဖွဲ့ကို ကြားဖြတ်ဟန့်တားရန် လခြမ်းနီဓားပြအဖွဲ့နှင့်ပင် ဆက်သွယ်ထားသည်ကိုလည်း သူသိထားခဲ့၏။
ယခု လော့လီသည် လော့ချင်းအာကို လော့ရွှေကုန်သည်အဖွဲ့ဆီသို့ မည်သည့် ပြဿနာမှ မရှိဘဲ ပြန်ခေါ်လာနိုင်ခဲ့သည် ဖြစ်ရာ လခြမ်းနီဓားပြအဖွဲ့၏ ကြားဖြတ်ဟန့်တားမှုသည် ကျရှုံးသွားခဲ့သည်မှာ ထင်ရှားနေခဲ့သည်။
ထို့ကြောင့် လော့ကိုင်ရန်သည် ပြင်ဆင်ရန် အချိန်ရစေရန်အတွက် လော့ချင်းအာတို့ အဖွဲ့ကို တစ်ခဏမျှ ထိန်းထားရန် ရည်ရွယ်ခဲ့ပြီး ငယ်သားတစ်ယောက်ကို သတင်းပို့ရန် စေလွှတ်လိုက်သည်။
“လော့ကိုင်ရန် မင်းစကားက ဘာကိုဆိုလိုတာလဲ.. သခင်မလေးက လော့ရွှေကုန်သည်အဖွဲ့ကို ထိခိုက်အောင် လုပ်မယ်လို့ မင်းက သံသယရှိရဲတယ်လား”
လော့လီက လူသတ်ငွေ့ လွှမ်းသော လေသံဖြင့် ပြောလိုက်သည်။
“အခုချက်ချင်း လမ်းဖယ်ပေးစမ်း.. မဟုတ်ရင် ငါ့ကို ရက်စက်တယ် ဆိုပြီး အပြစ်မတင်နဲ့”
လော့လီက အခြေအနေအားလုံးကို ရှင်းရှင်းလင်းလင်းပင် သိမြင်နေခဲ့သည်။
လော့ကိုင်ရန်သည် လော့ရွှေကုန်သည်အဖွဲ့၏ အကြီးအကဲချုပ် ဖြစ်သူ လော့ချန်ခုန်း၏ လူတစ်ဦး ဖြစ်နေခဲ့သည်မှာ ကြာပြီ ဖြစ်သည်။
လော့ချန်ခုန်းသည် ရည်မှန်းချက် အလွန် ကြီးမားသူ ဖြစ်သည်။
လော့ရွှေကုန်သည်အဖွဲ့၏ ခေါင်းဆောင် ဖြစ်သည့် ရွှေအင်မော်တယ် ဒဏ်ရာမရရှိမီ အထိ လော့ချန်ခုန်းသည် မည်သည့်လှုပ်ရှားမှုကိုမှ မလုပ်ရဲခဲ့ပေ။
လော့ရွှေကုန်သည်အဖွဲ့၏ ခေါင်းဆောင် ဒဏ်ရာ အပြင်းအထန် ရရှိသွားသောအခါမှသာ လော့ချန်ခုန်း၏ ဘီလူးမျက်နှာဖုံးက ကွာကျသွားခဲ့သည်။
လက်ရှိအချိန်တွင် လော့ရွှေကုန်သည်အဖွဲ့ တစ်ခုလုံး၌ ကောင်းကင်အင်မော်တယ် နဝမအဆင့် ဖြစ်သည့် လော့ချန်ခုန်းကို ယှဥ်နိုင်သူ မရှိပေ။
ထို့ကြောင့်လည်း လော့ချန်ခုန်းသည် လော့ရွှေကုန်သည်အဖွဲ့၏ ခေါင်းဆောင်ရာထူးကို အရယူရန် ပစ်မှတ်ထားနေခြင်းပင်။
လော့လီ၏ စကားကိုကြားလျှင် လော့ကိုင်ရန်က မထီမဲ့မြင်အမူအရာဖြင့် ပြောလိုက်သည်။
“စိတ်မကောင်းပါဘူး အကြီးအကဲလော့လီ.. ကျွန်တော်က လော့ရွှေကုန်သည်အဖွဲ့ရဲ့ ဘေးကင်းရေး အတွက် ကျွန်တော့်ရဲ့တာဝန်ကို ထမ်းဆောင်နေတာပါ”
“လော့ကိုင်ရန်.. မင်း”
လော့လီက အလွန်အမင်း ဒေါသထွက်ကာ တိုက်ခိုက်ရန် ပြင်လိုက်သော်လည်း လော့ချင်အာ၏ ချိုသာသောအသံက ရထားလုံး အတွင်းကနေ ထွက်ပေါ်လာခဲ့သည်။
“ဦးလေးလီ.. သူက စစ်ဆေးမှု လုပ်ချင်နေမှတော့ သူ့ကို စစ်ဆေးခွင့်ပေးလိုက်ပါ”
လော့ချင်းအာ ထံမှ စကားကို ကြားလျှင် လော့လီသည် မကျေမနပ်ဖြင့် ပြောလိုက်သည်။
“လော့ကိုင်ရန်.. သခင်မလေး ပြောတာကြားလား.. စစ်ဆေးစရာရှိတာ မြန်မြန်စစ်ဆေးတော့.. ငါတို့ရဲ့အချိန်ကို မဖြုန်းစမ်းနဲ့”
အခန်း(၂၆၇၆)ပြီး၏။