အခန်း (၂၆၇၇-၂၆၇၈)
Vol. 208 Ch. 2677-2678
အခန်း(၂၆၇၇)
လော့ကိုင်ရန်က လော့လီ၏ စကားကို ဂရုမစိုက်ဘဲ ကုန်သည်အဖွဲ့မှ လူများကို အေးအေးလူလူ စစ်ဆေးနေခဲ့သည်။
သူက အလွန်ပင် စေ့စေ့စပ်စပ် စစ်ဆေးခဲ့ပြီး မည်သည့်နေရာကိုမှ လွတ်သွားခြင်းမရှိခဲ့ပေ။
ဆိုရလျှင် လော့ချင်းအာ ရှိနေသည့် ရထားလုံးကိုပင် ချန်လှပ်မထားခဲ့ပေ။
ရထားလုံးထဲတွင် လော့ချင်းအာနှင့် အတူ ထိုင်နေသော ကျန်းချန်ကို မြင်လျှင် သူ၏ မျက်ဝန်းများက ကျဥ်းမြောင်းသွားခဲ့သည်။
“သခင်မလေးကတော့ ဝင်လို့ရပါတယ်.. ဒါပေမဲ့ ဒီကောင်ကတော့ လော့ရွှေကုန်သည်အဖွဲ့ကလူ မဟုတ်တဲ့ အတွက် လော့ရွှေကုန်သည်အဖွဲ့ထဲကို ဝင်ခွင့်မရှိဘူး”
“သူက ငါ့ရဲ့မိတ်ဆွေပါ”
လော့ချင်းအာက တည်ငြိမ်စွာ ပြောလိုက်သည်။
“ဘာလဲ.. လော့ရွှေကုန်သည်အဖွဲ့ရဲ့ သခင်မလေးက မိတ်ဆွေတစ်ယောက်ကိုတောင် အလည်ခေါ်လာလို့ မရဘူးလား”
လော့ကိုင်ရန်က ပြုံး၍ ပြောလိုက်သည်။
“ပုံမှန် နေ့ရက်တွေမှာ ဆိုရင်တော့ ကျွန်တော် သခင်မလေးကို မတားပါဘူး.. ဒါပေမဲ့ အခုအချိန်က ကျွန်တော်တို့ လော့ရွှေကုန်သည်အဖွဲ့ရဲ့ အရေးပေါ်ကာလ ဖြစ်နေတယ်.. ကျွန်တော်က လော့ရွှေကုန်သည်အဖွဲ့ရဲ့ ဘေးကင်းရေးကို တာဝန်ယူထားရတဲ့အတွက် သခင်မလေး နားလည်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်.. တကယ်လို့ တစ်စုံတစ်ရာ အမှားအယွင်း ဖြစ်သွားခဲ့ရင် ကိုင်ရန်လို သာမန် အလုပ်သမား တစ်ယောက်က ရလဒ်ကို တာဝန်ယူနိုင်မှာ မဟုတ်လို့ပါ”
“ကျွန်မ မိတ်ဆွေက ကျွန်မကိုယ်တိုင် ခေါ်လာတာ ဖြစ်တဲ့အတွက် ပြဿနာ တက်လာခဲ့ရင် ကျွန်မ အပြည့်အဝ တာဝန်ယူတယ်”
လော့ချင်းအာ၏ လှပသော မျက်နှာလေးက အေးစက်သွားခဲ့သည်။
“လော့ကိုင်ရန်.. ရှင် လမ်းဖယ်ပေးမှာလား မဖယ်ပေးဘူးလား”
“သခင်မလေးက တာဝန်ယူမယ် ဆိုမှတော့ ကျွန်တော့်ဘက်က ပြောစရာ မရှိတော့ပါဘူး”
ထိုစကားကို ပြောလိုက်ပြီးနောက်တွင် လော့ကိုင်ရန်က လော့ချင်းအာတို့ လူစုကို လမ်းဖယ်ပေးလိုက်သည်။
ထိုအချင်းအရာကို မြင်လျှင် လော့ချင်းအာသည် ကျန်းချန်ကို အားနာသော အမူအရာဖြင့် ကြည့်ကာ ပြောလိုက်သည်။
“သခင်လေးကျန်းချန်.. ကျွန်မတို့ အထဲဝင်ကြစို့”
ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး စကားများစွာ မပြောခဲ့ပေ။
လော့ရွှေကုန်သည်အဖွဲ့၏ အခြေအနေက အနည်းငယ်ထူးခြားနေသည်ကို သူခံစားမိသော်လည်း ဤနေရာအထိ ရောက်လာမှတော့ အေးအေးဆေးဆေးနေရန်သာ ဆုံးဖြတ်လိုက်သည်။
လက်ရှိအချိန်တွင် လော့ရွှေကုန်သည်အဖွဲ့ထက် ပို၍ ကောင်းမွန်သောနေရာ မရှိပေ။
လော့ကိုင်ရန်က လော့ချင်းအာတို့ လူစု အထဲဝင်သွားသည်ကို ငေးကြည့်နေခဲ့သည်။
ထို့နောက်တွင် သူ၏ ပုံရိပ်က လျှပ်တစ်ပြက် ပျောက်ကွယ်သွားခဲ့၏။
မကြာမီမှာပင် လော့ကိုင်ရန်၏ ပုံရိပ်သည် လော့ရွှေကုန်သည်အဖွဲ့၏ ခြံဝန်းတစ်ခုတွင် ပေါ်လာခဲ့သည်။
ထိုခြံဝန်းထဲတွင် ပိုးထည်ဝတ်ရုံကို ဝတ်ဆင်ထားပြီး အသက်ငါးဆယ်ကျော်ခန့် ရှိပုံရသည့် အဘိုးအို တစ်ဦးသည် ခြံဝန်းအလယ်တွင် တစ်ယောက်တည်း ထိုင်ကာ စစ်တုရင် ကစားနေခဲ့သည်။
ထိုအဘိုးအိုသည် ထူးခြားသော အသွင်အပြင် ရှိပြီး လင်းယုန်ကဲ့သို့ စူးရှသော မျက်ဝန်းနှင့် ဝံပုလွေကဲ့သို့ အကြည့်မျိုးကို ပိုင်ဆိုင်ထားသည်။
အဘိုးအိုက ခြံဝန်းအလယ်တွင် ပုံမှန်အတိုင်းသာ ထိုင်နေသော်လည်း အဘိုးအို၏ ခန္ဓာကိုယ်ကနေ ကြောက်မက်ဖွယ်ရာကောင်းသော ကောင်းကင်အင်မော်တယ် အရှိန်အဝါ ဖိအားများ ထွက်ပေါ်နေခဲ့သည်။
ပကတိအင်မော်တယ် နဝမအဆင့် ကျင့်ကြံသူ ဖြစ်သည့် လော့ကိုင်ရန်၏ ခွန်အားဖြင့်ပင် ထိုအရှိန်အဝါ ဖိအားအောက်၌ အသက်ရှူရကြပ်သလို ခံစားခဲ့ရသည်။
ထိုအဘိုးအိုမှာ တခြားသူ မဟုတ်ဘဲ လော့ရွှေကုန်သည်အဖွဲ့၏ အကြီးအကဲချုပ် ဖြစ်ပြီး ကောင်းကင်အင်မော်တယ် နဝမအဆင့်ကို ရောက်ရှိနေသည့် လော့ချန်ခုန်းပင် ဖြစ်သည်။
“အကြီးအကဲချုပ်”
လော့ကိုင်ရန်က ရှေ့သို့ တိုးကာ လော့ချန်ခုန်းကို တရိုတသေ ဂါဝရပြုလိုက်သည်။
လော့ချန်ခုန်းက သူ၏ လက်ထဲမှ စစ်တုရင် အရုပ်ကို အသာအယာ ချလိုက်ပြီးမှ လော့ကိုင်ရန်ကို မေးခွန်းထုတ်လိုက်သည်။
“လော့ချင်းအာက ဘာဒဏ်ရာမှ မရဘဲ ပြန်ရောက်လာတာလား”
“ဟုတ်ပါတယ် အကြီးအကဲချုပ်”
လော့ကိုင်ရန်က ခေါင်းညိတ်ကာ အလျင်အမြန်ပင် ပြန်ဖြေလိုက်သည်။
“ဒီလို ကိစ္စလေးကိုတောင် မကိုင်တွယ်နိုင်ဘူး ဆိုတော့ လခြမ်းနီဓားပြအဖွဲ့က တော်တော်ကို အသုံးမကျတာပဲ”
လော့ချန်ခုန်းက ခေါင်းခါရမ်းလိုက်ပြီး လော့ကိုင်ရန်ကို ကြည့်ကာ ပြောလိုက်သည်။
“မင်းစစ်ဆေးတုန်းက ဘာတွေ တွေ့ရှိခဲ့လဲ”
“အခြေခံအားဖြင့်တော့ ဘာမှ မတွေ့ပါဘူး”
လော့ကိုင်ရန်က ခေါင်းခါရမ်း၍ ပြောလိုက်သည်။
“သူတို့အဖွဲ့ထဲမှာ ပကတိအင်မော်တယ် တတိယအဆင့် လူငယ်တစ်ယောက် အပိုပါလာတာက လွဲရင် အခြားဘာမှ မတွေ့ခဲ့ရဘူး”
“လော့ချင်းအာနဲ့ အတူ ပကတိအင်မော်တယ် တတိယအဆင့် လူငယ်တစ်ယောက် ပါလာတယ်လား”
လော့ကိုင်ရန်၏ စကားကို ကြားလျှင် လော့ချန်ခုန်းသည် ထိုကိစ္စနှင့် ပတ်သက်၍ အာရုံမစိုက်တော့ပေ။
ပကတိအင်မော်တယ် တတိယအဆင့်သည် မည်မျှပင် ပါရမီ ထူးချွန်နေပါစေ၊ ပြဿနာရှာနိုင်သော အဆင့်တွင် ရှိနေလိမ့်မည်ဟု သူ သတ်မှတ်မထားခဲ့ပေ။
“အကြီးအကဲချုပ်.. လော့ချင်းအာက ခေါင်းဆောင်ကို ကုသနိုင်တဲ့ ဆေးဝါးကို ယူလာခဲ့ပြီ.. ကျွန်တော်တို့ အခု ဘာဆက်လုပ်ကြမလဲ”
လော့ချန်ခုန်းက တည်ငြိမ်စွာပင် ပြောလိုက်သည်။
“လော့ချန်ချိုး တံခါးပိတ် ကျင့်ကြံနေတဲ့ နေအိမ်ကို လူလွှတ်ပြီး စောင့်ခိုင်းထားလိုက်.. ဘယ်သူမှ အဲဒီနားကို မချဥ်းကပ်စေနဲ့.. အထူးသဖြင့် လော့ချင်းအာတို့ အဖွဲ့ပဲ...သူတို့ကို လော့ချန်ချိုးဆီ လုံးဝ ချဥ်းကပ်ခွင့်ပေးလို့ မဖြစ်ဘူး”
ထိုစကားကို ကြားလျှင် လော့ကိုင်ရန်သည် အနည်းငယ် တုံ့ဆိုင်းသော အမူအရာဖြင့် ပြောလိုက်သည်။
“အကြီးအကဲချုပ်.. အခြေအနေတွေ မပြောင်းလဲခင် ကျွန်တော်တို့ လက်ဦးမှု ယူလိုက်ရင် မကောင်းဘူးလား”
“ငါ့မှာ ကိုယ်ပိုင် အစီအစဥ်ရှိတယ်...မင်းက ငါခိုင်းတာကိုပဲ လုပ်ရင်ရပြီ”
လော့ချန်ခုန်း၏ မျက်ဝန်းထဲတွင် စိတ်လှုပ်ရှားသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
ဖြစ်နိုင်လျှင် သူက လော့ရွှေကုန်သည်အဖွဲ့ကို တစ်ခါတည်း သိမ်းပိုက်ချင်ခဲ့သည်။
သို့သော်လည်း လော့ချန်ချိုးသည် ဒဏ်ရာအပြင်းအထန် ရရှိထားသော်လည်း အခြေအနေ မည်သို့ ရှိသည်ကို မည်သူကမျှ အတိအကျ မသိကြချေ။
ကောင်းကင်အင်မော်တယ် နဝမအဆင့် ကျင့်ကြံသူတစ်ဦးအနေဖြင့် လော့ချန်ခုန်းသည် ရွှေအင်မော်တယ်အဆင့်၏ စွမ်းအားကို မည်သူ့ထက်မဆို ပို၍ သိထားခဲ့သည်။
လော့ချန်ချိုးသည် ဒဏ်ရာအပြင်းအထန် ရရှိထားလျှင်ပင် သူ၏ ခွန်အား နှစ်ဆယ်ရာခိုင်နှုန်း သို့မဟုတ် သုံးဆယ်ရာခိုင်နှုန်းကိုသာ ထုတ်ဖော်နိုင်သည် ဆိုလျှင် သူ့ကို အလွယ်တကူပင် သတ်ပစ်နိုင်၏။
ယင်းကြောင့် လော့ချန်ချိုး၏ အခြေအနေကို အတိအကျ မသိရမချင်း လော့ချန်ခုန်းသည် မည်ကဲ့သို့ လွယ်လွယ်ကူကူ လုပ်ဆောင်ဝံ့ပါမည်နည်း။
ထို့အပြင် လော့ရွှေကုန်သည်အဖွဲ့သည် ထျန်းရွှေ အင်မော်တယ်မြို့တော်၏ အဓိကအင်အားစု သုံးစု ထဲမှ တစ်စု ဖြစ်နေရသည့် အကြောင်းအရင်းမှာ အဓိကအားဖြင့် ရွှေအင်မော်တယ်ဖြစ်သည့် လော့ချန်ချိုး ရှိနေသောကြောင့် ဖြစ်သည်။
အကယ်၍ သူက လော့ရွှေကုန်သည်အဖွဲ့ကို ယခုအချိန်တွင် သိမ်းပိုက်လိုက်လျှင် ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူ၏ အကာအကွယ် မရှိတော့၍ လော့ရွှေကုန်သည်အဖွဲ့သည် ပြဿနာများစွာနှင့် ရင်ဆိုင်ရပေလိမ့်မည်။
ဆိုရလျှင် သူ့အတွက် အကောင်းဆုံးနည်းလမ်းမှာ အချိန်ဆွဲထားရန်သာ ဖြစ်သည်။
သူက ယခုအခါတွင် ကောင်းကင်အင်မော်တယ် နဝမအဆင့် အထွတ်အထိပ်ကို ရောက်ရှိနေပြီး ရွှေအင်မော်တယ်အဆင့်ကို ထိုးဖောက်ရန် ခြေတစ်လှမ်းမျှသာ လိုအပ်တော့၏။
အချိန်အနည်းငယ်ရသည်နှင့် သူက ရွှေအင်မော်တယ်အဆင့်ကို ထိုးဖောက်နိုင်မည် ဖြစ်သည်။
ထိုအချိန်သို့ရောက်မှ လော့ရွှေကုန်သည်အဖွဲ့ကို သိမ်းပိုက်ခြင်းသည် ပို၍ပင် လွယ်ကူမည် မဟုတ်ပါလား။
လော့ချန်ခုန်းနှင့် လော့ကိုင်ရန်တို့ စကားပြောဆိုနေစဥ်မှာပင် လော့ချင်းအာသည် သူမ၏ ခြံဝန်းသို့ ပြန်လည် ရောက်ရှိလာခဲ့ပြီး ကျန်းချန် အတွက် နေရာထိုင်ခင်း စီစဥ်ပေးခဲ့သည်။
ထို့နောက်တွင် လော့ချင်းအာသည် သူမ၏ ဖခင် တံခါးပိတ်ကျင့်ကြံနေသည့် နေရာသို့ သွားရောက်ပြီး ဆေးဝါးကို ပေးပို့ရန် အဆင်သင့် ဖြစ်နေခဲ့သည်။
“သခင်မလေး.. လော့ချန်ခုန်းက ခေါင်းဆောင်နေရာကို လုယူဖို့ ကြံစည်နေတာ အချိန်အတော်ကြာခဲ့ပြီ.. သူက ခေါင်းဆောင်ရဲ့ လက်ထဲကို ဆေးဝါး အလွယ်တကူ ပေးပို့ခွင့်ပြုမှာ မဟုတ်လောက်ဘူး”
လော့လီက လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
“ဒီကိစ္စအတွက် ကျွန်တော်တို့ သေသေချာချာ စီစဥ်မှ ဖြစ်လိမ့်မယ်”
လော့ချင်းအာက မျက်မှောင်ကြုတ်သွားခဲ့ပြီး စိုးရိမ်သောအမူအရာဖြင့် ပြောလိုက်သည်။
“ဒါဆို ကျွန်မတို့ အခု ဘာဆက်လုပ်ကြမလဲ.. အဖေ့ရဲ့ ဒဏ်ရာကလည်း အချိန်အကြာကြီး ဆွဲလို့မဖြစ်ဘူး”
လော့လီက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်ကာ ပြောလိုက်သည်။
“ကျွန်တော် အကြီးအကဲ ဝူကျိနဲ့ ဆက်သွယ်ပြီးပြီ.. သူ မကြာခင် ပြန်ရောက်လာတော့မယ် အကြီးအကဲဝူကျိ ပြန်ရောက်လာမှာပဲ ကျွန်တော်တို့ ဒီကိစ္စကို ဆွေးနွေးကြတာပေါ့”
လော့ရွှေကုန်သည်အဖွဲ့တွင် ခေါင်းဆောင် ဖြစ်သည့် ရွှေအင်မော်တယ်အဆင့် ဖြစ်သူ လော့ချန်ချိုး အပြင် ကောင်းကင်အင်မော်တယ်အဆင့် အကြီးအကဲ တချို့လည်း ရှိသည်။
ကောင်းကင်အင်မော်တယ်အဆင့် အကြီးအကဲများထဲတွင် အသန်မာဆုံးသူမှာ ကောင်းကင်အင်မော်တယ် နဝမအဆင့်ကို ရောက်ရှိနေသည့် အကြီးအကဲချုပ် လော့ချန်ခုန်း ဖြစ်၏။
လော့ချန်ခုန်း၏ အောက်တွင်မူ လော့ရွှေကုန်သည်အဖွဲ့၏ အသက်အငယ်ဆုံး အကြီးအကဲဖြစ်သည့် လော့ဝူကျိ ရှိသည်။
လော့ဝူကျိသည် လော့ရွှေကုန်သည်အဖွဲ့၏ ထူးချွန်သောပါရမီရှင်တစ်ဦးလည်း ဖြစ်၏။
သူက ထျန်းရွှေအင်မော်တယ်မြို့တော်တွင် နာမည်ကျော်ကြားသော ပါရမီရှင်တစ်ဦးလည်း ဖြစ်သည်။
သူက အနှစ်တစ်ထောင် မပြည့်မီမှာပင် ကောင်းကင်အင်မော်တယ် ဖြစ်လာခဲ့ပြီး ယခုအခါတွင် သူ၏ ကျင့်ကြံခြင်းအဆင့်သည် ကောင်းကင်အင်မော်တယ် သတ္တမအဆင့်ကိုပင် ရောက်ရှိနေခဲ့ချေပြီ။
သူ၏ ကျင့်ကြံခြင်း အဆင့်က ကောင်းကင်အင်မော်တယ် နဝမအဆင့် ဖြစ်သည့် လော့ချန်ခုန်းထက် များစွာ အားနည်းနေသော်လည်း တိုက်ခိုက်ရေးစွမ်းရည်ကမူ အလွန်ပင် ထူးခြားပြီး လော့ချန်ခုန်းကို ယှဥ်ပြိုင်နိုင်စွမ်း ရှိသည်။
သို့သော်လည်း လော့ဝူကျိသည် အနှောင်အဖွဲ့ကင်းကင်းဖြင့် နေထိုင်ရသည်ကို နှစ်သက်သူ ဖြစ်၍ ပြင်ပတွင်သာ နှစ်ပေါင်းများစွာ လှည့်လည် သွားလာနေခဲ့ပြီး လော့ရွှေကုန်သည်အဖွဲ့၏ ကိစ္စရပ်များကို ဝင်ရောက်စွက်ဖက်ခြင်း မရှိသလောက်ပင်။
ဤတစ်ကြိမ်တွင်မူ လော့လီသည် လော့ဝူကျိကို ပြန်ခေါ်ရန် ဆုံးဖြတ်လိုက်ချေပြီ။
“ဒါဆိုရင်လည်း ဦးလေးဝူကျိ ပြန်ရောက်လာတဲ့ အချိန်အထိ စောင့်ကြတာပေါ့”
ယခုအချိန်က စိတ်လိုက်မာန်ပါ လုပ်ဆောင်ရမဲ့ အချိန်မဟုတ်သည်ကို လော့ချင်းအာ ကောင်းစွာ သိထားခဲ့သည်။
“ဦးလေးဝူကျိ ပြန်ရောက်လာမှသာ လော့ချန်ခုန်းကို ယှဥ်ပြိုင်ရန် အင်အားအနည်းငယ် ရှိလာလိမ့်မည် မဟုတ်ပါလော။
“သခင်မလေး.. အခုတလော သခင်မလေး အားနေရင် ကျန်းချန်နဲ့ ပိုပြီး ရင်းနှီးအောင် လုပ်ထားဦး”
လော့လီသည် သူတို့နှင့်အတူ လော့ရွှေကုန်သည် အဖွဲ့သို့ လိုက်လာသည့် ကျန်းချန်ကို ရုတ်တရက် သတိရသွားပြီး လော့ချင်းအာကို သတိပေးလိုက်သည်။
ကျန်းချန်ဟု အမည်ရသည့် လူငယ်၏ ပါရမီသည် မွန်းစတားတစ်ကောင် ကဲ့သို့ ထူးခြားပြီး တလော့အင်အားစုမှ ထိပ်တန်း ပါရမီရှင်တစ်ဦး ဖြစ်နိုင်ခြေ အလွန်များသည်။
အကယ်၍ ထိုလူငယ်၏ အကူအညီကိုသာ ရနိုင်မည်ဆိုလျှင် လော့ရွှေကုန်သည်အဖွဲ့၏ အခြေအနေကို တည်ငြိမ်အောင် ထိန်းသိမ်းရာတွင် ပိုမို၍ အကျိုးရှိလာပေလိမ့်မည်။
သူတို့ဘက်က လော့ချန်ခုန်းနှင့် ထိပ်တိုက် ရင်ဆိုင်ရာတွင် ရှုံးနိမ့်သွားခဲ့လျှင် ကျန်းချန်ကသာ အကူအညီပေးမည် ဆိုလျှင် အနည်းဆုံး လော့ချင်းအာ၏ အသက်ကိုမူ ကယ်တင်နိုင်ပေလိမ့်မည် မဟုတ်ပါလော။
ဆိုရလျှင် တလော့အင်အားစုမှ ထိပ်တန်းပါရမီရှင် တစ်ဦး၏ စွမ်းရည်သည် ခန့်မှန်း၍ မရနိုင်လောက်အောင် ကြီးမား၏။
လော့ချင်းအာ အနေဖြင့် ကျန်းချန်နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိနေမည် ဆိုလျှင် ဘယ်သောအခါမှ ရှုံးနိမ့်လိမ့်မည် မဟုတ်ပေ။
အခန်း(၂၆၇၇)ပြီး၏။
အခန်း(၂၆၇၈)
ကျန်းချန်သည် လော့ရွှေကုန်သည်အဖွဲ့သို့ ရောက်ရှိလာပြီးနောက်တွင် လော့ချင်းအာ ထံမှ ဆိတ်ငြိမ်သော လျှို့ဝှက်အခန်း တစ်ခန်းကို တောင်းဆို၍ အခန်းထဲကို ဝင်ရောက်ခဲ့သည်။
“ဒင်.. သင်က ပကတိအင်မော်တယ် ဆဋ္ဌမအဆင့် ခရစ္စတယ်ကို စုပ်ယူပြီး အင်မော်တယ်စွမ်းအား အတွေ့အကြုံရမှတ် ၆၀၀ကို အဆ ၁၀၀ ရရှိပါတယ်”
“ဒင်.. သင်က ပကတိအင်မော်တယ် ဆဋ္ဌမအဆင့် ခရစ္စတယ်ကို စုပ်ယူပြီး အင်မော်တယ်စွမ်းအား အတွေ့အကြုံရမှတ် ၆၀၀ကို အဆ ၁၀၀ ရရှိပါတယ်”
“...........”
“ဒင်.. သင်က ပကတိအင်မော်တယ် စတုတ္ထအဆင့်ကို ရောက်ရှိသွားခဲ့ပါပြီ”
ပြင်ပကမ္ဘာတွင် သုံးရက် သို့မဟုတ် အချိန်မျှော်စင် အတွင်း တစ်လကြာပြီးနောက်တွင် ကျန်းချန်သည် ပကတိအင်မော်တယ်ဆဋ္ဌမအဆင့်၏ စွမ်းအင်များကို စုပ်ယူနိုင်ခဲ့ပြီး သူ၏ ကျင့်ကြံခြင်းအဆင့်သည်လည်း ထပ်မံ၍ ချိုးဖျက်နိုင်ခဲ့ကာ ပကတိအင်မော်တယ် စတုတ္ထအဆင့်သို့ ရောက်ရှိသွားခဲ့သည်။
ပကတိအင်မော်တယ် စတုတ္ထအဆင့်ကို ထိုးဖောက်သွားပြီးနောက်တွင် ကျန်းချန်သည် ပကတိအင်မော်တယ် သတ္တမအဆင့်နှင့် အဋ္ဌမအဆင့် ကျင့်ကြံသူများကိုပင် ယှဥ်ပြိုင်နိုင်စွမ်းရှိနေပြီ ဖြစ်သည်။
အကယ်၍ အင်မော်တယ်ကျောက်တိုင် ကဲ့သို့ ဝှက်ဖဲကိုသာ အသုံးပြုမည် ဆိုလျှင် ပကတိအင်မော်တယ် နဝမအဆင့် ကျင့်ကြံသူကိုပင်လျှင် အနည်းငယ်မျှ ကြောက်ရွံ့နေစရာ မလိုတော့ပေ။
ဆိုရလျှင် ကောင်းကင်အင်မော်တယ် အဆင့်အောက်တွင် သူ့အတွက် ကြောက်စရာ သိပ်မရှိတော့ချေ။
ကျန်းချန်သည် ယခုအခါတွင် အင်မော်တယ်လောက၌ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း အနည်းငယ် ရှိလာခဲ့ချေပြီ။
သို့သော်လည်း ကောင်းကင်အင်မော်တယ် အဆင့်ကိုမူ ရင်ဆိုင်ရန် ခက်ခဲနေဆဲပင်။
ဆိုရလျှင် ကောင်းကင်အင်မော်တယ် အဆင့်သည် အင်မော်တယ်လောကတွင် အဆင့်အတန်းတစ်ခုသို့ ရောက်ရှိနေပြီဟု သတ်မှတ်နိုင်ပြီး လော့ရွှေအင်မော်တယ် ကဲ့သို့ ရွှေအင်မော်တယ်အဆင့် အင်အားစုများတွင်ပင် ကောင်းကင်အင်မော်တယ်အဆင့် ကျင့်ကြံသူ အလွန်တရာပင် ရှားပါးသည်။
“အင်မော်တယ်ခရစ္စတယ်က ခွန်အားကို အလျင်အမြန်တိုးတက်စေနိုင်တယ် ဆိုတော့ အင်မော်တယ်ခရစ္စတယ်တွေ ပိုရအောင် နည်းလမ်းရှာမှ ဖြစ်မယ်”
ကျန်းချန်က မျက်လုံးကို ဖွင့်လိုက်ပြီးနောက်တွင် ခပ်တိုးတိုးရေရွတ်လိုက်သည်။
သူ၏ ခန္ဓာကိုယ်ထဲတွင် အင်မော်တယ် ခရစ္စတယ်၏ စွမ်းအားများကို အဆုံးမဲ့ စုပ်ယူနိုင်သည့် စနစ်ရှိနေသဖြင့် အင်မော်တယ်ခရစ္စတယ်၏ စွမ်းအင်ကြောင့် ခန္ဓာကိုယ် ပေါက်ကွဲသွားမည်ကို စိုးရိမ်စရာ မလိုအပ်သလို သာမန်လူများကဲ့သို့ အင်မော်တယ်ခရစ္စတယ် ထဲတွင် ပါဝင်သည့် အညစ်အကြေးများကို ဖယ်ရှားရန်လည်း မလိုအပ်ပေ။
ယခုအခါ ကျန်းချန်သည် အဆင့်ချိုးဖျက်သည့် အခါတိုင်းတွင် အလွန်တရာ များပြားသော အင်မော်တယ်စွမ်းအင်များကို လိုအပ်နေခဲ့၏။
အကယ်၍ သူသာ အချိန်မျှော်စင်ထဲတွင် ပုံမှန်အတိုင်း ကျင့်ကြံနေမည် ဆိုလျှင် လဝက်အတွင်း ပကတိအင်မော်တယ် တတိယအဆင့်ကနေ စတုတ္ထအဆင့်ကို ချိုးဖျက်ရန်မှာ ဖြစ်နိုင်ခြေ အလွန်တရာ နည်းပါးသည်။
ယခုအခါတွင်မူ ပကတိအင်မော်တယ် ဆဋ္ဌမအဆင့် ခရစ္စတယ်၏ အကူအညီဖြင့် ကျန်းချန်သည် တစ်လအတွင်းမှာပင် အဆင့်ချိုးဖျက်မှုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သည်။
ထို့ကြောင့် ကျန်းချန်၏ အဆင့်ထိုးဖောက်ရာတွင် အင်မော်တယ်ခရစ္စတယ်က အလွန်တရာပင် အရေးပါကြောင်း သိမြင်နိုင်ပေသည်။
အထူးသဖြင့် အရည်အသွေး မြင့်မားသော အင်မော်တယ်ခရစ္စတယ်သည် ကျန်းချန်ကို အရှိန်အဟုန်ဖြင့် ပို၍ တိုးတက်စေနိုင်၏။
ဆိုရလျှင် အင်မော်တယ်ခရစ္စတယ် အလုံအလောက် ရှိနေသရွေ့ ကျန်းချန်သည် အချိန်တိုအတွင်း ကောင်းကင်အင်မော်တယ်အဆင့်ကို ချိုးဖျက်ရန် ခက်ခဲမည် မဟုတ်ပေ။
“လော့ရွှေကုန်သည်အဖွဲ့မှာ အင်မော်တယ် ခရစ္စတယ်တွေ အများကြီးရှိလောက်တယ်.. အင်မော်တယ်ခရစ္စတယ်တွေ ဝယ်ယူဖို့ လော့ချင်းအာကို မေးကြည့်ရမယ်ထင်တယ်”
ကျန်းချန်က မျက်လုံးဖွင့်လိုက်ပြီးနောက် ခပ်တိုးတိုး ရေရွတ်လိုက်သည်။
လော့ရွှေကုန်သည်အဖွဲ့သည် ထျန်းရွှေအင်မော်တယ်မြို့တော်၏ အကြီးဆုံး ကုန်သည်အဖွဲ့ဖြစ်၍ အရင်းအမြစ်မျိုးစုံကို ပိုင်ဆိုင်ထားသည်။
အကယ်၍ လော့ချင်းအာဆီကနေ အင်မော်တယ်ခရစ္စတယ် အလုံအလောက် ဝယ်ယူနိုင်မည်ဆိုလျှင် သူ၏ ကျင့်ကြံခြင်းအဆင့်ကို လျင်မြန်စွာ မြှင့်တင်နိုင်မည် ဖြစ်၏။
ထိုသို့ တွေးမိပြီးနောက်တွင် ကျန်းချန်သည် တုံ့ဆိုင်းမနေတော့ဘဲ လျှို့ဝှက်ခန်းထဲမှ ထွက်လာခဲ့ကာ အင်မော်တယ်ခရစ္စတယ် ဝယ်ယူရန်အတွက် လော့ချင်းအာကို ရှာဖွေရန် ဆုံးဖြတ်လိုက်သည်။
“သခင်လေး ကျန်းချန်”
ကျန်းချန် လျှို့ဝှက်အခန်းထဲမှ ထွက်လာသည်နှင့် အခန်းအပြင်ဘက်တွင် စောင့်ဆိုင်းနေသော အစေခံမလေးသည် ကျန်းချန်ကို ယဥ်ကျေးစွာ နှုတ်ဆက်လိုက်သည်။
ကျန်းချန်က အစေခံမလေးကို တည်ငြိမ်စွာ ပြောလိုက်သည်။
“မင်း ဒီမှာ စောင့်စရာမလိုဘူးလို့ ငါပြောခဲ့ပြီးသားပဲ.. ဘာလို့စောင့်နေရသေးတာလဲ”
အစေခံမလေးက အလျင်အမြန်ပင် ပြန်ဖြေလိုက်သည်။
“သခင်မလေးက သခင်လေးကျန်းချန်ကို အသေအချာ ဂရုစိုက်ပေးဖို့ အမိန့်ပေးထားလို့ပါ”
ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး တိုက်ရိုက်ပင် မေးလိုက်သည်။
“အခု မင်းတို့ သခင်မလေး ဘယ်မှာလဲ.. ငါ့ကို သခင်မလေးဆီ ခေါ်သွားပေးပါ”
“သခင်လေး ကျေးဇူးပြုပြီး ကျွန်မနောက်ကနေ လိုက်ခဲ့ပါ”
အစေခံမလေးက ကျန်းချန်ကို တရိုတသေ ဖိတ်ခေါ်လိုက်ပြီး ကျန်းချန်၏ ရှေ့ကနေ လမ်းပြကာ ထွက်သွားခဲ့သည်။
ခဏအကြာတွင် အစေခံမလေး ဦးဆောင်မှုဖြင့် ကျန်းချန်သည် ဧည့်ခန်းတစ်ခု ဆီသို့ ရောက်ရှိလာခဲ့သည်။
ဧည့်ခန်းမ ထဲတွင် လော့ချင်းအာသည် လော့လီနှင့် တစ်စုံတစ်ရာကို ဆွေးနွေးနေခဲ့၏။
ကျန်းချန် ဝင်လာသည်ကို မြင်လျှင် သူမက ထိုင်နေရာကနေ ထကာ နှုတ်ဆက်လိုက်သည်။
“သခင်လေးကျန်းချန်.. ဘယ်လိုလုပ်ပြီး ဒီရောက်လာတာလဲ”
ကျန်းချန်ကို မြင်လျှင် လော့လီ၏ အိုမင်းသော မျက်ဝန်းထဲတွင် အံ့ဩသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
“ဒီကောင်က တလော့အင်အားစုရဲ့ ထိပ်တန်းပါရမီရှင် ဖြစ်ဖို့ ထိုက်တန်ပါပေတယ် တကယ်ကို ထူးခြားတာပဲ”
သူ၏ မြင်နိုင်စွမ်းအရ ရက်အနည်းငယ်အတွင်း ကျန်းချန်၏ ခွန်အားသည် များစွာ တိုးတက်လာခဲ့ပြီး ပကတိအင်မော်တယ် တတိယအဆင့်ကနေ စတုတ္ထအဆင့်သို့ ထိုးဖောက် ရောက်ရှိသွားမှန်း မြင်နိုင်ရန် မခက်ခဲပေ။
ဤကဲ့သို့ တိုးတက်မှု အရှိန်အဟုန်သည် အလွန်တရာပင် ထိတ်လန့်ဖွယ် ကောင်းသည်ဟု ဆိုနိုင်၏။
ကျန်းချန်က အပိုစကားများ ပြောမနေတော့ဘဲ တိုက်ရိုက်ပင် ပြောလိုက်သည်။
“သခင်မလေးလော့.. ကျွန်တော်က သခင်မလေးတို့ လော့ရွှေကုန်သည်အဖွဲ့ ဆီကနေ အင်မော်တယ်ခရစ္စတယ် တချို့ကို ဝယ်ချင်လို့ပါ”
“သခင်လေးကျန်းချန်က အင်မော်တယ်ခရစ္စတယ် လိုအပ်လို့လား.. ဝယ်စရာ မလိုပါဘူး.. သခင်လေးကျန်းချန် ဘယ်အဆင့်ရှိတဲ့ အင်မော်တယ် ခရစ္စတယ်ကို လိုချင်တာလဲ ဆိုတာသာ ပြောလိုက်ပါ.. ခဏနေရင် သခင်လေးရဲ့အခန်းဆီ ကျွန်မပို့ပေးလိုက်ပါ့မယ်”
လော့ချင်းအာက ခပ်ယဲ့ယဲ့ ပြုံး၍ ပြောလိုက်သည်။
အင်မော်တယ် ခရစ္စတယ်သည် အင်မော်တယ်များ၏ ခန္ဓာကိုယ်အတွင်း စုစည်းထားသော ခရစ္စတယ်များ ဖြစ်ရာ အင်မော်တယ်များကို သတ်ဖြတ်ခြင်းဖြင့်သာ ရရှိနိုင်သည်။
ထို့ကြောင့် လော့ရွှေကုန်သည်အဖွဲ့တွင်ပင် အင်မော်တယ်ခရစ္စတယ် များစွာ မရှိပေ။
သို့သော်လည်း ကျန်းချန်က တောင်းဆိုလာသည်ဖြစ်ရာ မည်မျှပင် လိုအပ်ပါစေ၊ လော့ချင်းအာသည် တတ်နိုင်သမျှ ဖြည့်ဆည်းပေးရန် ကြိုးစားမည်သာ။
“ဘယ်အဆင့်ပဲဖြစ်ဖြစ် ရပါတယ်...ဒါပေမဲ့ အင်မော်တယ်ခရစ္စတယ်အဆင့် ပိုမြင့်လေ ပိုကောင်းလေပါပဲ”
ကျန်းချန်က သူ၏ ကျင့်ကြံခြင်းအဆင့်ကို အရှိန်အဟုန် မြှင့်ရန် အတွက် အင်မော်တယ်ခရစ္စတယ်ကို အသုံးပြုလိုခြင်းသာ ဖြစ်ရာ အင်မော်တယ်ခရစ္စတယ်၏ အဆင့်အတွက် သတ်မှတ်ချက် သိပ်မရှိပေ။
သို့သော်လည်း အင်မော်တယ်ခရစ္စတယ်၏ အဆင့်မြင့်မားလေလေ ကျန်းချန်၏ ကျင့်ကြံခြင်း အတွက် ပိုမို အကျိုးရှိလေလေ ဖြစ်မည်မှာ သေချာ၏။
“သခင်မလေး.. အကြီးအကဲ လော့ချန်ခုန်းက လော့ရွှေကုန်သည်အဖွဲ့ရဲ့ ကိစ္စရပ်အားလုံးကို ထိန်းချုပ်ထားတယ်.. သူက သခင်မလေးကို အင်မော်တယ်ခရစ္စတယ်တွေ အလွယ်တကူ ပေးလောက်မှာ မဟုတ်ဘူး”
လော့လီက မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
“ဒီအတွက် စိတ်ပူစရာ မလိုတော့ဘူး.. ဦးလေးဝူကျိ ဒီနေ့ပြန်ရောက်လာတော့မယ်”
လော့ချင်းအာက ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
“ကျွန်မတို့ အဖေ့ဆီကို ဆေးဝါးပေးပို့နိုင်သရွေ့ လော့ချန်ခုန်း ဂြိုဟ်ကြွနိုင်တော့မှာ မဟုတ်ဘူး”
မည်သို့ပင် ဖြစ်စေကာမူ လော့လီ၏ မျက်နှာထက်တွင် စိုးရိမ်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
ဤတစ်ကြိမ်တွင် သူက လော့ဝူကျိကို ပြန်ခေါ်ခဲ့သော်လည်း လော့ချန်ခုန်းသည် အချိန်ကြာမြင့်စွာကတည်းက ပြင်ဆင်ထားခဲ့ခြင်း ဖြစ်ရာ ဆေးဝါးကို ခေါင်းဆောင်၏ လက်ထဲသို့ အလွယ်တကူ ပေးပို့ခွင့် ပြုမည်မဟုတ်ပေ။
“သခင်မလေးတို့ လော့ရွှေ ကုန်သည်အဖွဲ့က ပြဿနာတချို့နဲ့ ရင်ဆိုင်နေရပုံပဲ.. ကျွန်တော့်ရဲ့ အကူအညီရော လိုအပ်သေးလား”
ထိုအချိန်တွင် ကျန်းချန်၏ စကားသံသည် သူတို့၏ နားထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။
“သခင်လေးကျန်းချန်သာ အကူအညီပေးမယ် ဆိုရင်တော့ ဝမ်းသာစရာပဲ”
လော့ချင်းအာ စကားမပြောမီမှာပင် လော့လီက အလျင်အမြန်ဝင်ပြောလိုက်သည်။
ကျန်းချန်သည် ပကတိအင်မော်တယ် စတုတ္ထအဆင့်သာ ရှိသော်လည်း သာမန် ပကတိအင်မော်တယ် သတ္တမအဆင့် သို့မဟုတ် အဋ္ဌမအဆင့် ကျင့်ကြံသူများပင် ကျန်းချန်ကို ယှဥ်နိုင်မည် မဟုတ်ပေ။
ထို့အပြင် လော့လီသည် ကျန်းချန်၏ တလော့အင်အားစုမှ ထိပ်တန်းပါရမီရှင် တစ်ဦး ဖြစ်နိုင်သည် ဟူသော အထောက်အထားကို သဘောကျနေခဲ့သည်။
ကျန်းချန်လို လူမျိုးသာ သူတို့ဘက်တွင် ရှိနေမည်ဆိုလျှင် လော့ချန်ခုန်း သာမက ထျန်းရွှေအင်မော်တယ်မြို့တော်ရှိ ရွှေအင်မော်တယ်အဆင့် အင်အားစုများ ပင်လျှင် သူတို့ကို ကြောက်ရွံ့ရလိမ့်မည် မဟုတ်ပါလား။
ကျန်းချန်သည် လော့ရွှေကုန်သည်အဖွဲ့ ထံကနေ အင်မော်တယ်ခရစ္စတယ် တချို့ကို ရယူရန် လိုအပ်နေခဲ့သည်။
လော့ချင်းအာက သူ့ကို အလကားပေးရန် ရည်ရွယ်နေသော်လည်း ကျန်းချန်က အကြွေးမတင်ချင်ခဲ့ပေ။
သို့ဖြစ်ရာ လော့ချင်းအာတို့ ပြဿနာကို သူဝင်ရောက်ကူညီပေးလိုက်ခြင်းက ပို၍ ကောင်းမွန်သည် မဟုတ်ပါလော။
“ကျေးဇူးအများကြီးတင်ပါတယ် သခင်လေးကျန်းချန်”
လော့ချင်းအာက ကျန်းချန်ကို ကျေးဇူးတင်သော အမူအရာဖြင့် ပြောလိုက်သည်။
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံး၍ ပြောလိုက်၏။
“သခင်မလော့ အားနာမနေပါနဲ့.. ဒါက ကျွန်တော့်ကို အင်မော်တယ်ခရစ္စတယ် ပေးအပ်တဲ့ အတွက် ကျွန်တော့်ဘက်က ပြန်ပေးတဲ့ ဆုလာဘ်လို့ပဲ သဘောထားလိုက်ပါ”
သူတို့နှစ်ဦး စကားပြောဆိုနေစဥ်မှာပင် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး လွတ်လပ်ပေါ့ပါးသော အသွင်အပြင် ရှိသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ခြံဝန်းထဲသို့ ဝင်ရောက်လာခဲ့သည်။
အဖြူရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားကို မြင်လျှင် လော့ချင်းအာ၏ လှပသောမျက်နှာလေးတွင် ဝမ်းသာသော အရိပ်အယောင် ဖြစ်ပေါ်လာခဲ့သည်။
“ဦးလေး ဝူကျိ ပြန်ရောက်လာခဲ့ပြီပဲ”
အဖြူရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ်အမျိုးသားက အခြားသူမဟုတ်ဘဲ လော့ဝူကျိပင် ဖြစ်သည်။
လော့ဝူကျိသည် လော့ချင်းအာကို မြင်သည်နှင့် ချက်ချင်းဆိုသလို အပြစ်တင်လိုက်၏။
“ချင်းအာ.. အစ်ကိုကြီး ဒဏ်ရာရတဲ့ကိစ္စကို ငါ့ကို ဘာလို့ အသိမပေးခဲ့တာလဲ”
လော့ဝူကျိသည် လော့မိသားစုဝင် တစ်ဦး မဟုတ်သော်လည်း လော့ရွှေကုန်သည်အဖွဲ့၏ ယခင်ခေါင်းဆောင် ဖြစ်သည့် လော့ချန်ချိုး၏ ဖခင်က မွေးစားခဲ့သူ ဖြစ်သည်။
ဆိုရလျှင် လော့ဝူကျိနှင့် လော့ချန်ချိုး တို့သည် ညီအစ်ကိုအရင်းအချာများ မဟုတ်ကြသော်လည်း ညီအစ်ကိုအရင်းများထက်ပင် ပိုမို၍ ချစ်ခင်ရင်းနှီးကြသည်။
ထို့ကြောင့်လည်း လွတ်လပ်ပေါ့ပါးစွာ နေထိုင်တတ်သော လော့ဝူကျိသည် လော့ချန်ချိုး၏ မတော်တဆ သတင်းကို ကြားသည်နှင့် တစ်ပြိုင်နက် ချက်ချင်းပင် အပြေးအလွှား ရောက်လာခဲ့ခြင်း ဖြစ်၏။
အခန်း(၂၆၇၈)ပြီး၏။