အခန်း (၂၆၇၉-၂၆၈၀)
Vol. 208 Ch. 2679-2680
အခန်း(၂၆၇၉)
“အကြီးအကဲဝူကျိ သခင်မလေးကို အပြစ်မတင်ပါနဲ့.. ဒါက ခေါင်းဆောင်ရဲ့ဆန္ဒပါ.. ခေါင်းဆောင်က အကြီးအကဲကို အနှောင့်အယှက်မပေးဖို့ ကျွန်တော်တို့ကို မှာထားခဲ့တာပါ”
လော့လီက ခါးသီးစွာ ပြုံး၍ ပြောလိုက်သည်။
“ဒါပေမဲ့ အခြေအနေအရ အကြီးအကဲကို မဖြစ်မနေ ကျွန်တော်တို့ ခေါ်လိုက်ရတာပဲ”
လော့ဝူကျိက အပိုစကားများ ပြောမနေတော့ဘဲ တိုက်ရိုက်ပင် မေးလိုက်သည်။
“ချင်းအာ ငါ့ကို ပြောစမ်းပါဦး.. လော့ရွှေကုန်သည်အဖွဲ့မှာ ဘာတွေဖြစ်နေတာလဲ”
လော့ချင်းအာက မည်သည့်အရာကိုမှ ဖုံးကွယ် မထားတော့ဘဲ မကြာသေးမီက ဖြစ်ပျက်ခဲ့သမျှကို ပြောပြလိုက်သည်။
“လက်စသတ်တော့ လော့ချန်ခုန်း ဆိုတဲ့ အဘိုးကြီး လက်ချက်ကိုး.. ဒီအဘိုးကြီးက ရည်မှန်းချက်ကြီးမှန်း ငါသိသားပဲ.. သူက အစ်ကိုကြီး နေရာကို လုယူဖို့ ချောင်းနေတာ ကြာလှပေါ့.. အခုတော့လည်း သူ့ရဲ့ မြေခွေးအမြီး ထွက်လာခဲ့ပြီ”
လော့ဝူကျိက နှာခေါင်းရှုံ့ကာ မကျေမနပ် ရေရွတ်လိုက်သည်။
လော့ရွှေကုန်သည်အဖွဲ့တွင် လော့ဝူကျိ ရှိနေစဥ်ကပင် လော့ချန်ခုန်း၏ ရည်မှန်းချက်မှာ သာမန် မဟုတ်ကြောင်း မြင်တွေ့ခဲ့ပြီးသား ဖြစ်သည်။
သူက လော့ချန်ခုန်းကို ဖယ်ရှားပြီး လော့ရွှေကုန်သည် အတွက် အနာဂတ်တွင် ဖြစ်လာနိုင်မည့် အန္တရာယ်ကို ရှင်းလင်းပစ်ရန် အမြဲတစေ ဆန္ဒရှိခဲ့သည်။
သို့သော်လည်း လော့ချန်ခုန်းသည် သူ၏ မြေခွေးအမြီးကို ကောင်းစွာ ဖုံးကွယ်ထားနိုင်ခဲ့သဖြင့် လော့ဝူကျိသည် မည်သည့် သက်သေအထောက်အထားကိုမှ မရရှိခဲ့ဘဲ လော့ချန်ခုန်းကို ကိုင်တွယ်မည့် ကိစ္စအား ယာယီ ဆိုင်းငံ့ထားခဲ့ရသည်။
ယခုတစ်ကြိမ်တွင်မူ လော့ချန်ခုန်းသည် သူ့အစ်ကို ဒဏ်ရာအပြင်းအထန် ဒဏ်ရာရရှိနေသည်ကို အခွင့်ကောင်းယူကာ လော့ရွှေကုန်သည် အဖွဲ့ကိုပါ ထိန်းချုပ်ရန် ကြိုးစားလာခဲ့ချေပြီ။
သို့ဖြစ်ရာ လော့ချန်ခုန်းကို လော့ဝူကျိသည် မည်ကဲ့သို့ အလွယ်တကူ အလွှတ်ပေးနိုင်ပါမည်နည်း။
“ချင်းအာ.. အစ်ကိုကြီးအတွက် ဆေးဝါးကို ရှာတွေ့ခဲ့ပြီ ဆိုမှတော့ ဘာတွေ စောင့်နေသေးတာလဲ.. ငါကိုယ်တိုင် အဲဒီဆေးကို အစ်ကိုကြီးဆီ အမြန်ဆုံး သွားပို့ပေးမယ်”
လော့ဝူကျိ၏ မျက်ဝန်းများတွင် အေးစက်သော အလင်းတန်းများ ဖျတ်ခနဲ ပေါ်လာခဲ့ပြီး တိုက်ရိုက်ပင် ပြောလိုက်သည်။
“အကြီးအကဲဝူကျိ...လော့ချန်ခုန်းက ကျွန်တော်တို့ကို ခေါင်းဆောင်နဲ့ အလွယ်တကူ တွေ့ခွင့်ပေးမှာ မဟုတ်ဘူး.. ကျွန်တော်တို့ ပေါ်ပေါ်ထင်ထင် ဆေးသွားပို့တာက စွန့်စားလွန်းရာ ကျမနေဘူးလား”
လော့လီက အလျင်အမြန်ပင် သတိပေးလိုက်သည်။
“င့ါအစ်ကိုကြီးရဲ့ ဒဏ်ရာက ထပ်ပြီး အချိန်ဆွဲလို့ မရတော့ဘူး”
လော့ဝူကျိက အေးစက်စက် ပြောလိုက်သည်။
“တကယ်လို့ လော့ချန်ခုန်း ငါ့ကို တားရဲတယ် ဆိုရင် ငါ့အနေနဲ့ သူ့ကို သတ်ပစ်လိုက်ရုံပဲ ရှိတော့တယ်”
သူက ကောင်းကင်အင်မော်တယ် သတ္တမအဆင့်တွင် ရှိစဥ်ကပင် နဝမအဆင့်နှင့် ယှဥ်နိုင်သော တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ထားခဲ့သည်။
ယခု သူက ကောင်းကင်အင်မော်တယ် အဋ္ဌမအဆင့်ကို ထိုးဖောက်သွားပြီ ဖြစ်ရာ ကောင်းကင်အင်မော်တယ်နဝမအဆင့် ကျင့်ကြံသူ ဖြစ်သော လော့ချန်ခုန်းကို သတ်ပစ်ရန်မှာ မဖြစ်နိုင်သော အရာ မဟုတ်ပေ။
လော့လီက တစ်စုံတစ်ရာ ထပ်ပြောရန် ပြင်လိုက်သော်လည်း လော့ချင်းအာက ကြားဖြတ်ပြောလိုက်သည်။
“ဦးလေးလီ ကျွန်မတို့ကို ထပ်မဖျောင်းဖျပါနဲ့တော့.. ဦးလေးဝူကျိရဲ့ ညွှန်ကြားချက်အတိုင်းပဲ လုပ်ကြရအောင်.. ဦးလေးဝူကျိပြန်ရောက်လာတာကို ဖုံးကွယ်ထားဖို့ ဆိုတာ မဖြစ်နိုင်ဘူး.. အဖေ့ကို ဆေးပို့ဖို့ အတွက် သူတို့နဲ့ ကျွန်မတို့ ကြားမှာ တိုက်ပွဲတစ်ပွဲ ဆင်နွှဲရဖို့က သေချာနေခဲ့ပြီ”
လော့လီက ပါးစပ်ဟလိုက်သော်လည်း အဆုံးသတ်တွင် ဘာစကားမျှ မပြောတော့ပေ။
ယခုအခါ လော့ချင်းအာနှင့် လော့ဝူကျိ တို့က ဆုံးဖြတ်ချက်ချပြီးပြီ ဖြစ်ရာ သူ့အနေဖြင့် မည်သို့ပင် ဖျောင်းဖျပါစေ၊ အဓိပ္ပာယ်ရှိတော့မည် မဟုတ်ပေ။
ထို့အပြင် လော့ဝူကျိသည် ထူးချွန်သော ပါရမီရှင် တစ်ဦး ဖြစ်သည်။
လော့ဝူကျိက ထိုသို့ လုပ်ဝံ့သည် ဆိုလျှင် လော့ချန်ခုန်းကို ရင်ဆိုင်ရန် အတွက် တစ်စုံတစ်ရာ ယုံကြည်ချက် ရှိနိုင်၏။
ယင်းအပြင် ဤတစ်ကြိမ် သူတို့ဘက်၌ ကျန်းချန်ကလည်း အကူအညီပေးမည် ဖြစ်ရာ အနိုင်ရရန် အခွင့်အရေးမရှိတော့သည် မဟုတ်ချေ။
“ဒါဆို အခုပဲ အစ်ကိုကြီး တံခါးပိတ် ကျင့်ကြံနေတဲ့ နေရာကို သွားကြစို့”
ထိုစကားကို ပြောပြီးသည်နှင့် လော့ဝူကျိသည် ချက်ချင်းပင် ရှေ့ကနေ ဦးဆောင်ကာ လော့ချန်ချိုး၏ နေအိမ် ဘက်သို့ ဦးတည်လိုက်သည်။
မကြာမီမှာပင် လူလေးဦး ပါဝင်သော သူတို့အဖွဲ့သည် လော့ချန်ချိုး၏ နေအိမ် အပြင်ဘက်သို့ ရောက်ရှိလာခဲ့၏။
လွန်ခဲ့သော လအနည်းငယ်ခန့်က လော့ချန်ချိုးသည် လျှို့ဝှက်နယ်မြေ တစ်ခုကို စူးစမ်းရင်း ဒဏ်ရာ အပြင်းအထန် ရကာ ပြန်လည် ရောက်ရှိလာခဲ့သည်။
ထို့နောက်တွင် သူ၏ နေအိမ်၌ ရွှေအင်မော်တယ်အဆင့် အကာအကွယ် အတားအဆီး တစ်ခုကို ပြုလုပ်ကာ ဒဏ်ရာ ကုသရန် အတွက် တံခါးပိတ် ကျင့်ကြံနေကြောင်း ကြေညာခဲ့၏။
ယခုအခါ လပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း လော့ချန်ချိုး၏ နေအိမ်သည် တိတ်ဆိတ်နေဆဲပင်။
ဤကာလအတွင်း အကြီးအကဲချုပ် လော့ချန်ခုန်းသည် လော့ချန်ချိုး၏ နေအိမ်ကို စောင့်ကြပ်ရန် လူများ စေလွှတ်ထားခဲ့ပြီး မည်သူကမျှ နေအိမ်အနီးကို မချဥ်းကပ်ရဟု အမိန့်ထုတ်ပြန်ထားခဲ့သည်။
လက်ရှိအချိန်အထိ လော့ချန်ချိုး၏ ဒဏ်ရာ အခြေအနေ မည်သို့ ရှိသည်ကို မည်သူမျှ အတိအကျ မသိပေ။
သူတို့လူစုက လေ့ချန်ချိုး နေအိမ်နှင့် မီတာအထောင် အကွာအဝေးတွင် ပေါ်လာသည်နှင့် တစ်ပြိုင်နက် နေအိမ်အပြင်ဘက်၌ စောင့်ကြပ်နေသော လော့ကိုင်ရန်သည် အစောင့်အဖွဲ့နှင့်အတူ ချက်ချင်းပင် သူတို့ရှေ့တွင် ပိတ်ရပ်လိုက်သည်။
ထိုမြင်ကွင်းကို မြင်လျှင် လော့ဝူကျိ၏ အမူအရာက ချက်ချင်းပင် အေးစက်သွားခဲ့သည်။
“လော့ကိုင်ရန် မင်းကို မတွေ့ရတာတောင် အတော်ကြာပြီပဲ.. မင်းက ငါ့ရဲ့ လမ်းကိုတောင် ပိတ်ဆို့ရဲတယ် ဆိုတော့ တော်တော်လေး သတ္တိကောင်းလာပါလား”
“စိတ်မကောင်းပါဘူး အကြီးအကဲဝူကျိ”
လော့ကိုင်ရန်က သွားများကို အံကြိတ်ကာ အားတင်း၍ ပြောလိုက်သည်။
“အကြီးအကဲချုပ်က ခေါင်းဆောင် တံခါးပိတ် ကျင့်ကြံနေတာကို အနှောင့်အယှက် မဖြစ်စေဖို့အတွက် ခေါင်းဆောင်ရဲ့နေအိမ် မီတာတစ်ထောင် အတွင်းကို ဘယ်သူကမှ မချဥ်းကပ်ရဘူးလို့ အမိန့် ထုတ်ပြန်ထားပါတယ်”
“သူက ဘာကောင်မို့လို့လဲ.. အစ်ကိုကြီး တံခါးပိတ် ကျင့်ကြံနေတယ် ဆိုရင်တောင် ဒီလော့ရွှေကုန်သည်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ရမဲ့သူက သူ့အလှည့် မဟုတ်သေးဘူး”
လော့ဝူကျိက လော့ကိုင်ရန်ကို အေးစက်စက် စိုက်ကြည့်လိုက်သည်။
“ငါ အစ်ကိုကြီးကို သွားတွေ့မယ်.. အခုချက်ချင်း လမ်းဖယ်ပေးစမ်း”
လော့ကိုင်ရန်က ခေါင်းခါရမ်း၍ ပြောလိုက်သည်။
“အကြီးအကဲဝူကျိ.. အကြီးအကဲချုပ်ကလည်း ခေါင်းဆောင်အတွက် စေတနာနဲ့ လုပ်ရတာပါ.. ကျွန်တော့်ကို အခက်တွေ့အောင် မလုပ်ပါနဲ့ “
“လော့ကိုင်ရန်.. ငါမင်းကို မသတ်ရဲဘူးလို့များ ထင်နေလား.. မင်း ဒီလောက်တောင် သေချင်နေမှတော့ ငါမင်းဆန္ဒကို ဖြည့်ဆည်းပေးလိုက်မယ်”
လော့ဝူကျိက ဒေါသတကြီး ကြုံးဝါးလိုက်သည်။
ထို့နောက်တွင် သူ၏ ခန္ဓာကိုယ်မှ ကောင်းကင်အင်မော်တယ် အရှိန်အဝါ ဖိအား ပျံ့နှံ့သွားခဲ့ရာ လော့ကိုင်ယန်၏ မျက်နှာသည် ချက်ချင်းပင် ဖြူဖျော့သွားခဲ့သည်။
သို့သော်လည်း လော့ဝူကျိ တိုက်ခိုက်ရန် ပြင်လိုက်စဥ်မှာပင် ကောင်းကင်နှင့်မြေကြီး အကြား၌ ကောင်းကင်အင်မော်တယ်စွမ်းအင်လှိုင်း နှစ်ခုသည် ရုတ်တရက် လှုပ်ခတ်သွားခဲ့သည်။
မကြာမီမှာပင် ပုံရိပ်နှစ်ခုသည် လော့ဝူကျိ၏ ရှေ့ရှိ လေထဲကနေ ပေါ်ထွက်လာခဲ့၏။
ထိုပုံရိပ်နှစ်ခုထဲမှ လော့ဝူကျိထက် မနိမ့်ကျသည့် အရှိန်အဝါရှိသော အဘိုးအိုသည် လော့ရွှေကုန်သည်အဖွဲ့၏ အကြီးအကဲချုပ် လော့ချန်ခုန်းပင် ဖြစ်သည်။
လော့ချန်ခုန်း၏ နံဘေးတွင်မူ ကောင်းကင်အင်မော်တယ်အဆင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ရှိနေပြီး ထိုလူမှာ လော့ရွှေကုန်သည်အဖွဲ့၏ အကြီးအကဲ လော့အန်း ဖြစ်၏။
လော့ရွှေကုန်သည်အဖွဲ့တွင် ရွှေအင်မော်တယ်အဆင့် ဖြစ်သော လော့ချန်ချိုး အပြင် ကောင်းကင်အင်မော်တယ်အဆင့် အကြီးအကဲ ခြောက်ဦး ရှိသည်။
ထိုအထဲမှ နှစ်ဦးသည် တစ်နှစ်ပတ်လုံး ပြင်ပသို့ ထွက်နေတတ်ပြီး လော့ရွှေကုန်သည်အဖွဲ့၏ ပြင်ပကိစ္စရပ်များကို တာဝန်ယူထားကြသည်။
ကျန်ရှိသည့် လေးဦးကမူ ယနေ့တွင် ဤနေရာ၌ ရောက်ရှိနေကြချေပြီ။
“လော့ဝူကျိ.. ဘယ်အရပ်က လေတိုက်လို့ မင်းလို လေလွင့်ကျင့်ကြံသူက လော့ရွှေကုန်သည်အဖွဲ့ဆီ ပြန်ရောက်လာရတာလဲ”
လော့ချန်ခုန်းက လော့ဝူကျိကို အေးစက်စက် စိုက်ကြည့်ကာ ပြောလိုက်သည်။
“လော့ရွှေကုန်သည်အဖွဲ့ကို ပြန်ရောက်တာနဲ့ ဒီလောက်အထိ ဆူဆူညံညံ လုပ်တာကတော့ သိပ်မသင့်တော်ဘူး ထင်တယ်”
“လော့ချန်ခုန်း အပိုစကားတွေ ပြောမနေနဲ့ “
လော့ဝူကျိက စိတ်မရှည်သော လေသံဖြင့် ပြောလိုက်သည်။
“ငါ ဒီနေ့ အစ်ကိုကြီးကို သွားတွေ့မယ်.. မင်း တကယ်ပဲ ငါ့ကို တားချင်နေတာလား”
လော့ချန်ခုန်းက ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် တုံ့ပြန်ပြောဆိုလိုက်သည်။
“ခေါင်းဆောင် တံခါးပိတ် ကျင့်ကြံပြီး ဒဏ်ရာကုသနေတာ အရေးကြီးတဲ့အချိန်ကို ရောက်နေပြီ.. အခုအချိန်မှာ ခေါင်းဆောင်ကို သွားနှောင့်ယှက်တာက ခေါင်းဆောင် အတွက် ကောင်းမှာ မဟုတ်ဘူး”
“မေဘေး အဘိုးကြီး.. မင်းက ငါ့အစ်ကိုရဲ့ ခေါင်းဆောင်နေရာကို မျက်စောင်းထိုးနေတာ ဆိုရင်လည်း ပွင့်ပွင့်လင်းလင်းသာ ပြောလိုက်...စေတနာရှိသလိုလို ဟန်ဆောင်ပြမနေနဲ့”
လော့ဝူကျိက လူသတ်ငွေ့လွှမ်းသော လေသံဖြင့် ပြောလိုက်သည်။
“ငါ ဒီနေ့ ငါ့အစ်ကိုကြီးကို သေချာပေါက်တွေ့မယ်...ဘယ်သူပဲတားတား အဲဒီလူကို ငါသတ်ပစ်မယ်”
ထိုစကားကိုကြားလျှင် လော့ချန်ခုန်း၏ မျက်ဝန်းများက အေးစက်သွားခဲ့သည်။
“မင်းက ငါ့ကို သတ်ချင်တယ် ဆိုရင် မင်းမှာ အဲဒီလို အရည်အချင်း ရှိမရှိ ကြည့်ရသေးတာပေါ့”
လော့ဝူကျိက သူ့ကို သတ်ချင်နေသလို သူကလည်း လော့ဝူကျိကို သတ်ပစ်ချင်နေခဲ့သည်။
ဤလူသည် အာဏာမက်မောခြင်း မရှိသော်လည်း ပါရမီထူးချွန်ပြီး လော့ချန်ချိုး အပေါ်တွင် အလွန်တရာ သစ္စာရှိသူဖြစ်သည်။
ယနေ့တွင် သူက လော့ချန်ချိုး၏ ဒဏ်ရာကို ကုသခွင့် မရအောင် ဟန့်တားရုံသာမက လော့ဝူကျိကို သတ်ပစ်ရန်ပါ ဆန္ဒရှိနေခဲ့သည်။
လော့ဝူကျိသာ သေဆုံးသွားလျှင် လော့ချန်ချိုး၏ လက်မောင်းတစ်ဖက်ကို ရိုက်ချိုးလိုက်သလို ဖြစ်သွားပေလိမ့်မည်။
ထိုအချိန်သို့ ရောက်လျှင် သူက လော့ဝူကျိ သေဆုံးသွားသည့်သတင်းကို လော့ချန်ချိုးအား ပြောပြလိုက်ရုံဖြင့် လော့ချန်ချိုးနှင့် လော့ဝူကျိတို့၏ ဆက်ဆံရေးအရ လော့ချန်ချိုးသည် စိတ်ထိခိုက်ပြီး သွေးအန်သွားမည်မှာ သေချာသလောက်ပင်။
ယင်းကဲ့သို့ တစ်ချက်ခုတ် နှစ်ချက်ပြတ် အလုပ်မျိုးကို သူက အဘယ်ကြောင့် မလုပ်ဘဲ နေရပါမည်နည်း။
“လော့ချန်ခုန်း.. မင်းက ကောင်းကင်အင်မော်တယ် နဝမအဆင့် ကျင့်ကြံသူ ဖြစ်တာနဲ့ပဲ အတော်လေး မာန်တက်နေပါလား.. ဒီနေ့တော့ ငါမင်းကို သင်ခန်းစာပေးမှ ဖြစ်တော့မယ်”
စကားဆုံးသည်နှင့် လော့ဝူကျိသည် သူ၏ လက်ဖဝါးကို ဓားကဲ့သို့ အသုံးပြု၍ တိုက်ခိုက်လိုက်ရာ ကြောက်မက်ဖွယ်ရာကောင်းသော ကောင်းကင်အင်မော်တယ် စွမ်းအားသည် လော့ချန်ခုန်း ဆီသို့ ဦးတည်သွားခဲ့သည်။
အင်မော်တယ်များသည် ခန္ဓာကိုယ်အတွင်း အင်မော်တယ်အဆီအနှစ် စွမ်းအားများကို စုစည်းထားကြသော်လည်း ပကတိအင်မော်တယ် အဆင့်နှင့် ကောင်းကင်အင်မော်တယ် အဆင့် တို့တွင် အဆင့်ခွဲခြားမှု ရှိသည်။
ပကတိအင်မော်တယ် အဆင့်၏ အင်မော်တယ် အဆီအနှစ် စွမ်းအားကို ပကတိအင်မော်တယ် စွမ်းအားဟု ခေါ်ဆိုပြီး ကောင်းကင်အင်မော်တယ် အဆင့်၏ အင်မော်တယ်အဆီအနှစ် စွမ်းအားကို ကောင်းကင်အင်မော်တယ် စွမ်းအားဟု ခေါ်ဆိုကြ၏။
ယခု လော့ဝူကျိက ကောင်းကင်အင်မော်တယ် အဋ္ဌမအဆင့် ခွန်အားဖြင့် ခုတ်ပိုင်းလိုက်ရာ ထိုစွမ်းအားသည် အလွန်တရာပင် ထိတ်လန့်ဖွယ်ရာ ကောင်းနေခဲ့သည်။
အခန်း(၂၆၇၉)ပြီး၏။
အခန်း(၂၆၈၀)
ထိုအချင်းအရာကို မြင်လျှင် လော့ချန်ခုန်းသည် သူ၏ လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ မြစိမ်းရောင် ဓားရှည်တစ်လက်သည် သူ၏ လက်ထဲတွင် ပေါ်လာခဲ့သည်။
ယင်းနောက်တွင် လော့ချန်ခုန်းသည် ချက်ချင်းဆိုသလို ဓားကွက် တစ်ကွက်ကို ထုတ်ဖော်လိုက်သည်။
ဓားအလင်းတန်းက ဆီးနှင်းကဲ့သို့ ဖြူဖွေးနေခဲ့ပြီး အင်မော်တယ် အလင်းများဖြင့် တောက်ပနေခဲ့သည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် တောက်ပသော အဖြူရောင် ဓားအလင်းသည် နဂါးဖြူတစ်ကောင် အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး လော့ဝူကျိ၏ ဓားချက်နှင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။
ဤသည်မှာ လော့ချန်ခုန်း၏ နဂါးဖြူဓားသိုင်း ဖြစ်သည်။
“ဝုန်း..”
လော့ဝူကျိ၏ ပြင်းထန်သော ဓားချက်သည် ဟင်းလင်းပြင်ကို တိုက်ရိုက်ပင် ထိုးခွဲသွားခဲ့ပြီး နဂါးဖြူကို အစအနပင် မကျန်ရှိသည်အထိ ချေမှုန်းပစ်လိုက်သည်။
နဂါးဖြူ ချေမှုန်းခံလိုက်ရသည့် အချိန်မှာပင် ဓားအလင်းတစ်ခုသည် လော့ဝူကျိ၏ နောက်ကျောဘက်ကနေ ရုတ်တရက်ထွက်ပေါ်လာခဲ့၏။
လော့ဝူကျိက ကြိုတင်၍ သိရှိနေသည့်အလား နောက်ပြန်လှည့်ကာ ခုတ်ပိုင်းလိုက်သည်။
“ဝုန်း..”
“ဝုန်း..”
“ဝုန်း..”
ကောင်းကင်အင်မော်တယ် နှစ်ဦးသည် ကောင်းကင်ယံတွင် ဆက်တိုက်ဆိုသလို ထိပ်တိုက် ရင်ဆိုင်နေခဲ့ကြပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် ဆယ်ကွက်ကျော်အထိ တိုက်ခိုက်ခဲ့ကြပြီးပြီ ဖြစ်သည်။
မီတာထောင်ချီ ဧရိယာ အတွင်းရှိ လေထုသည် ပြင်းထန်စွာ တုန်ခါနေခဲ့ပြီး အလွန်တရာ ပြင်းထန်သော လေပြင်းများနှင့် အင်မော်တယ်စွမ်းအားများသည် ပတ်ဝန်းကျင်တွင် ပျံ့လွင့်နေသဖြင့် မျက်လုံးဖွင့်ရန်ပင် ခက်ခဲနေခဲ့၏။
အဆုံးသတ်တွင် ကျယ်လောင်သော ပေါက်ကွဲသံကြီး တစ်သံ ထွက်ပေါ်လာခဲ့ပြီး နှစ်ဦးစလုံး၏ ပုံရိပ်များသည် လေထုထဲတွင် တစ်ပြိုင်နက်တည်း ခြေဆယ်လှမ်းကျော်ခန့် နောက်သို့ ဆုတ်လိုက်ရသည်။
“လော့ဝူကျိ...မင်းက လော့ရွှေကုန်သည်အဖွဲ့ရဲ့ ထိပ်တန်းပါရမီရှင်တစ်ယောက် ဖြစ်ထိုက်ပါပေတယ်.. မင်းက ကောင်းကင်အင်မော်တယ် အဋ္ဌမအဆင့်ကိုတောင် ထိုးဖောက်သွားခဲ့ပြီပဲ”
လော့ချန်ခုန်းက သူ၏ ခန္ဓာကိုယ်ဟန်ချက်ကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီးနောက်တွင် သူနှင့် ခြေလှမ်း အနည်းငယ်သာ ဝေးသောနေရာတွင် ရှိသည့် လော့ဝူကျိကို လေးနက်သော မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်သည်။
လော့ဝူကျိသည် ထူးခြားသော ပါရမီရှင်တစ်ဦး ဖြစ်ပြီး ကောင်းကင်အင်မော်တယ် သတ္တမအဆင့်တွင် ရှိစဥ်ကပင် နဝမအဆင့် ကောင်းကင်အင်မော်တယ်နှင့် ယှဥ်နိုင်သော တိုက်ခိုက်ရေးစွမ်းရည် ရှိသည်။
ယခုအခါတွင် လော့ဝူကျိသည် ကောင်းကင်အင်မော်တယ် အဋ္ဌမအဆင့်သို့ ချိုးဖျက်ရောက်ရှိသွားပြီ ဖြစ်ရာ လော့ဝူကျိ၏ တိုက်ခိုက်ရေးစွမ်းရည်သည် ကောင်းကင်အင်မော်တယ် နဝမအဆင့် အထွတ်အထိပ် ဖြစ်သည့် သူ့ထက် နိမ့်ကျတော့မည် မဟုတ်ချေ။
ယခင် ထိပ်တိုက် တွေ့ဆုံမှုတွင်လည်း သူက လော့ဝူကျိ၏ အသာစီးယူခြင်းကို ခံခဲ့ရသည် မဟုတ်ပါလော။
“လော့ချန်ခုန်း.. ငါ့အစ်ကိုကြီးရဲ့နေရာက မင်းနဲ့ မထိုက်တန်ဘူး မင်းက ကောင်းကောင်းမွန်မွန် မနေဘဲ ကိုယ့်သေတွင်း ကိုယ်တူးနေမှတော့ ဒီနေ့ ငါ မင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးလိုက်မယ်”
လော့ဝူကျိက အေးစက်စက် ကြုံးဝါးလိုက်ပြီးသည်နှင့် လော့ချန်ခုန်း ဆီသို့ ပြေးဝင်ကာ တိုက်ခိုက်လိုက်သည်။
လော့ချန်ခုန်းကလည်း မျက်မှောင်ကြုတ်သွားခဲ့ပြီး ကောင်းကင်အင်မော်တယ် နဝမအဆင့် အထွတ်အထိပ် စွမ်းအားများကို အစွမ်းကုန် ထုတ်ဖော်ကာ လော့ဝူကျိနှင့် ထပ်မံ၍ ထိပ်တိုက် ရင်ဆိုင်လိုက်၏။
“အကြီးအကဲလော့အန်း.. လော့ဝူကျိက ကောင်းကင်အင်မော်တယ် အဋ္ဌမအဆင့်ကိုတောင် ချိုးဖျက်သွားခဲ့ပြီ.. အကြီးအကဲချုပ်က သူ့ကို ရင်ဆိုင်နိုင်လောက်မှာ မဟုတ်ဘူး ကျွန်တော်တို့ အခု ဘာဆက်လုပ်ကြမလဲ”
ကောင်းကင်ယံမှ တိုက်ပွဲကိုကြည့်ရင်း လော့ကိုင်ရန်၏ အမူအရာသည် အလွန်တရာပင် လေးနက်နေခဲ့သည်။
“ဒီအခြေအနေအထိ ရောက်လာမှတော့ တိုက်ရုံပဲ ရှိတော့တာပဲ”
လော့အန်း၏ မျက်ဝန်းများတွင် အေးစက်သော အလင်းတန်းများ ဖျတ်ခနဲ လက်သွားခဲ့သည်။
“ငါ လော့လီကို ခဏ ထိန်းထားမယ်.. မင်းက မင်းရဲ့ လူတွေကို ဦးဆောင်ပြီး လော့ချင်းအာကို ဖမ်းလိုက်.. သူ့ကို ဖမ်းမိတာနဲ့ ငါတို့ လော့ဝူကျိကို ခြိမ်းခြောက်လို့ရပြီ”
သူတို့က လော့ချန်ခုန်း၏ ဘက်တော်သား အဖြစ် ရွေးချယ်လိုက်ပြီ ဖြစ်ရာ နောက်ဆုတ်စရာလမ်း မရှိတော့ပေ။
မည်သို့ပင်ဖြစ်စေကာမူ ယနေ့တွင် သူတို့သည် လော့ဝူကျိတို့ လူစုကို သေချာပေါက် တားဆီးရပေမည်။
သို့မဟုတ်ဘဲ လော့ဝူကျိတို့သာ လော့ချန်ချိုးနှင့် တွေ့ပြီး လော့ချန်ချိုး၏ ဒဏ်ရာကို ကုသပေးခွင့် ရသွားမည်ဆိုလျှင် သူတို့အနေဖြင့် လော့ရွှေကုန်သည်အဖွဲ့တွင် သာမက ထျန်းရွှေအင်မော်တယ်မြို့တော် တစ်ခုလုံးတွင်ပင် နေစရာနေရာ ရှိတော့မည် မဟုတ်ပေ။
လော့ကိုင်ရန်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ကာ လော့ချင်းအာကို တစ်ချက် လှမ်းကြည့်လိုက်သည်။
“စိတ်မပူပါနဲ့ အကြီးအကဲ.. ကျွန်တော် ဘာလုပ်ရမလဲဆိုတာ သိပါပြီ”
လော့ချင်းအာသည် လော့ရွှေကုန်သည်အဖွဲ့၏ ခေါင်းဆောင် လော့ချန်ချိုး၏ သမီး ဖြစ်၍ ပါရမီ ကောင်းမွန်ရုံသာမက လော့ရွှေကုန်သည်အဖွဲ့၏ အထူးတလှယ် လေ့ကျင့်ပေးခြင်းကိုလည်း ခံထားရသည်။
သို့သော်လည်း သူမသည် ငယ်ရွယ်သေးသဖြင့် ပကတိအင်မော်တယ် စတုတ္ထအဆင့်တွင်သာ ရှိနေသေး၏။
သူ၏ ပကတိအင်မော်တယ် နဝမအဆင့်ခွန်အားနှင့် သူ၏ နောက်လိုက် ဆယ်ယောက်ကျော်တို့ဖြင့် ဆိုလျှင် လော့ချင်းအာကို ဖမ်းဆီးရန်မှာ အလွန်တရာပင် လွယ်ကူလောက်သည် မဟုတ်ပါလား။
လော့ချင်းအာ၏ နံဘေးရှိ ကျန်းချန်ကိုမူ လော့ကိုင်ရန် လျစ်လျူရှုထားခဲ့သည်။
“အားလုံးပဲ...အခြေအနေ မပြောင်းလဲခင် လော့ချင်းအာကို အမြန်ဆုံး ဖမ်းဆီးကြ”
ထိုစကားကို ပြောပြီးသည်နှင့် လော့အန်းသည် ကောင်းကင်အင်မော်တယ် ပထမအဆင့် စွမ်းအားများကို ထုတ်ဖော်ကာ လော့လီ ဆီသို့ ပြေးဝင်သွားခဲ့သည်။
လော့လီ၏ မျက်ဝန်းများက အေးစက်သွားခဲ့ပြီး လော့အန်းကို လက်ဝါးရိုက်ချက် တစ်ချက်တည်းဖြင့်ပင် နောက်သို့ ဆုတ်သွားအောင် တိုက်ခိုက်လိုက်သည်။
ထို့နောက်တွင် လော့လီသည် မထီမဲ့မြင် အမူအရာဖြင့် နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
“လော့အန်း မင်းရဲ့အဆင့်လောက်နဲ့ ငါ့ကို ယှဥ်ချင်နေသေးတာလား”
“ငါက မင်းရဲ့ပြိုင်ဘက် မဟုတ်ပေမဲ့ မင်းကို တစ်ခဏလောက် အချိန်ဆွဲထားဖို့ အတွက်တော့ လုံလောက်ပါတယ်”
လော့ချင်းအာကို ဖမ်းရန် အဖွဲ့ကို ဦးဆောင်နေသည့် လော့ကိုင်ရန်တို့ လူစုကို လှမ်းကြည့်ကာ လော့အန်းက ပြုံး၍ ပြောလိုက်သည်။
လော့လီသည် လော့ရွှေကုန်သည်အဖွဲ့၏ ဝါရင့်အကြီးအကဲတစ်ဦး ဖြစ်သည်။
လော့လီသည် ကောင်းကင်အင်မော်တယ် ပထမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေသူ ဖြစ်ပြီး လော့အန်းကမူ ကောင်းကင်အင်မော်တယ် အဆင့်သို့ ရောက်ရှိနေသည်မှာ ဆယ်စုနှစ် အနည်းငယ်သာ ရှိသေးသည်။
သို့ဖြစ်၍ လော့အန်းသည် သဘာဝကျစွာပင် လော့လီ၏ ပြိုင်ဘက် မဖြစ်နိုင်ခဲ့ပေ။
သို့ရာတွင် သူ့အနေဖြင့် လော့လီကို အချိန်ဆွဲထားပြီး လော့ချင်းအာကို လော့ကိုင်ရန် ဖမ်းဆီးနိုင်ရန် အတွက် အခွင့်အရေးဖန်တီးပေးရန်သာ လိုအပ်၏။
လော့ကိုင်ရန်၏ ပကတိအင်မော်တယ် နဝမအဆင့် ခွန်အားဖြင့်ဆိုလျှင် လော့ချင်းအာကို ဖမ်းဆီးရန်မှာ မျက်တောင်တစ်ခတ်စာမျှသာ ကြာမြင့်ပေလိမ့်မည်။
သူက လော့လီ၏ ပြိုင်ဘက် မဟုတ်သော်လည်း လော့လီအနေဖြင့် အချိန်အနည်းငယ် အတွင်း သူ့ကို အနိုင်ယူရန်မှာ မဖြစ်နိုင်ပေ။
“မင်းတို့မှာ ဒီလို အကြံအစည်ရှိနေတာကိုး”
ထိုအချိန်တွင် လော့လီက လော့အန်းကို ကြည့်ကာ လှောင်ပြုံး ပြုံးလိုက်သည်။
“မင်းက ငါ့ကို အချိန်ဆွဲထားနိုင်တာနဲ့ လော့ကိုင်ရန်က သခင်မလေးကို ဖမ်းဆီးနိုင်မယ်လို့ ထင်နေတာလား”
လော့လီက ခေါင်းဆောင် အတွက် လော့ချင်းအာ ဆေးသွားပို့မည့် ကိစ္စကို မတားမြစ်ရသည့် အကြောင်းအရင်းမှာ လော့ဝူကျိ ပြန်ရောက်လာခြင်း အပြင် နောက်ထပ် အားကိုးရာတစ်ခု ရှိနေသောကြောင့် ဖြစ်ပြီး ထိုအားကိုးရာမှာ လော့ချင်းအာ နံဘေးရှိ ကျန်းချန်ပင် ဖြစ်သည်။
ထိုလူငယ်သည် ပကတိအင်မော်တယ် တတိယအဆင့်တွင် ရှိစဥ်ကပင် ပကတိအင်မော်တယ် ဆဋ္ဌမအဆင့် ကျင်ကြံသူကို ဓားချက် တစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်စွမ်း ရှိပြီး သူ၏ ခွန်အားသည် ပကတိအင်မော်တယ် သတ္တမအဆင့်ထက် မနိမ့်ကျပေ။
ယခုအခါ ထိုလူငယ်က ပကတိအင်မော်တယ် စတုတ္ထအဆင့်ကို ချိုးဖျက် ရောက်ရှိသွားပြီ ဖြစ်ရာ ထိုလူငယ်၏ တိုက်ခိုက်ရေးစွမ်းအားသည် ပကတိ အင်မော်တယ် အဋ္ဌမအဆင့်နှင့် ပကတိ အင်မော်တယ် နဝမအဆင့်တို့နှင့် ယှဥ်နိုင်မည်မှာ သေချာသလောက်ပင်။
ဆိုရလျှင် ပကတိအင်မော်တယ် နဝမအဆင့် ကျင့်ကြံသူ ဖြစ်သည့် လော့ကိုင်ရန် ပင်လျှင် ကျန်းချန်ကို အသာစီးရရန် မလွယ်ကူနိုင်ချေ။
လော့လီ၏ ဂရုမစိုက်သော အမူအရာကို မြင်လိုက်ရလျှင် လော့အန်း အနည်းငယ် မှင်တက်သွားခဲ့သည်။
ခဏအကြာတွင် သူက လော့ချင်းအာ နံဘေးရှိ ကျန်းချန်ကို သတိပြုမိလိုက်သော်လည်း စိတ်ထဲကနေ လော့လီကို ကဲ့ရဲ့လိုက်သည်။
“ဒီအဘိုးကြီးက အလကားနေရင်း ဟိတ်ဟန်ထုတ်နေတာပဲ.. ခဏနေလို့ လော့ကိုင်ရန်က လော့ချင်းအာကို ဖမ်းဆီးလိုက်တဲ့အခါကျမှ ဒီအဘိုးကြီး ဘယ်လောက်အထိ တည်ငြိမ်နိုင်ဦးမလဲ ဆိုတာ ကြည့်ချင်သေးတယ်”
လော့အန်း မတိုက်ခိုက်ဘဲ ဒီအတိုင်း ရပ်နေသည်ကို မြင်လျှင် လော့လီသည် လက်ဦး၍ တိုက်ခိုက်ခြင်း မပြုခဲ့ပေ။
သူက ကျန်းချန်ကို လှမ်းကြည့်ကာ ယဥ်ကျေးစွာ ပြောလိုက်သည်။
“သခင်လေးကျန်းချန်.. ခေါင်းဆောင်ဆီ ဆေးသွားပို့ဖို့ ငါတို့ကို ကူညီပေးပါဦး”
ထိုစကားကိုကြားလျှင် ကျန်းချန်သည် မျက်မှောင် အနည်းငယ် ကြုတ်သွားခဲ့သည်။
“အကူအညီပေးတာက ကျွန်တော့်အတွက် ဘာမှ အပန်းမကြီးပါဘူး.. ဒါပေမဲ့ အဲဒီနေရာမှာ ရွှေအင်မော်တယ် အကာအကွယ်အတားအဆီး ရှိနေတယ်.. ကျွန်တော့်မှာ အဲဒီထဲကို ဝင်နိုင်တဲ့အရည်အချင်း မရှိဘူး”
ထိုစကားကိုကြားလျှင် လော့လီက ပြုံး၍ ပြောလိုက်သည်။
“ဒီအတွက်တော့ စိတ်မပူပါနဲ့ သခင်လေးကျန်းချန်.. ခေါင်းဆောင် ခင်းကျင်းထားတဲ့ ရွှေအင်မော်တယ်အကာအကွယ် အတားအဆီးထဲကို သခင်မလေး ဝင်လို့ရပါတယ်.. သခင်လေးအနေနဲ့ သခင်မလေးကို ဘေးကင်းကင်း ပို့ပေးဖို့ပဲ လိုအပ်ပါတယ်”
“ဒီလောက်ဆိုရင်တော့ ဘာပြဿနာမှ မရှိပါဘူး”
ထို့နောက်တွင် ကျန်းချန်သည် လက်အောက်ငယ်သားများကို ဦးဆောင်ကာ သတ်ဖြတ်ရန် လာနေသော လော့ကိုင်ရန်ကို လှမ်းကြည့်လိုက်သည်။
သူ၏ အမူအရာက အလွန်တရာပင် တည်ငြိမ်နေခဲ့၏။
ပကတိအင်မော်တယ် နဝမအဆင့်သည် သူ့ထက် အဆင့်ငါးဆင့် မြင့်သော်လည်း ကျန်းချန်၏ လက်ရှိ အရည်အချင်းဖြင့်ဆိုလျှင် လော့ကိုင်ရန်ကို သတ်ဖြတ်ရန်မှာ မဖြစ်နိုင်သော အရာ မဟုတ်ပေ။
“လော့လီ အားကိုးနေတာက တကယ်ပဲ ဒီကောင်လေး ဖြစ်နေတာလား”
လော့လီနှင့် ကျန်းချန်တို့၏ စကားကို ကြားပြီးနောက်တွင် လော့အန်း၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
ခေါင်းဆောင်နေအိမ် ပတ်ဝန်းကျင်ရှိ လူများကို လော့ချန်ခုန်းက ဖယ်ရှားထားခဲ့ပြီ ဖြစ်ရာ လက်ရှိအချိန်တွင် သူတို့အပြင် ဤနေရာတွင် မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို မည်သူမှ မသိရှိကြချေ။
တစ်နည်းအားဖြင့် ဆိုရလျှင် လော့ချင်းအာ အနေဖြင့် ဤလူငယ်မှ လွဲ၍ အခြား မည်သည့် အကူအညီမှ ရနိုင်စရာ အကြောင်းမရှိပေ။
လော့လီက အဘယ်ကြောင့် ထိုလူငယ်လေး အပေါ်တွင် အကြွင်းမဲ့ ယုံကြည်မှုမျိုး ရှိနေရသည်ကို လော့အန်း အမှန်တကယ် နားမလည်နိုင်အောင် ဖြစ်နေခဲ့သည်။
သူ၏ မြင်နိုင်စွမ်းအရ ထိုလူငယ်သည် ပကတိအင်မော်တယ် စတုတ္ထအဆင့်ထက် မပိုသည်ကို မြင်နိုင်ရန် မခက်ခဲပေ။
ဤကဲ့သို့ ကျင့်ကြံခြင်း အဆင့်ဖြင့်သာ ဆိုလျှင် မည်မျှပင် ပါရမီ ထူးချွန်ပြီး သာမန်ထက် ပို၍ တိုက်ခိုက်နိုင်စွမ်းရှိနေပါစေ၊ ပကတိအင်မော်တယ် နဝမအဆင့် ဖြစ်သည့် လော့ကိုင်ရန်ကို တားဆီးရန်မှာ မဖြစ်နိုင်သော အလုပ်ပင် မဟုတ်ပါလော။
အခန်း(၂၆၈၀)ပြီး၏။