အခန်း (၁၅၅-၁၅၆)
Vol. 16 Ch. 155-156
အခန်း ၁၅၅: အစ်ကိုကြီး... စီနီယာအစ်ကို နင် ရောက်လာပြီပဲ...
နင်ဖူယောင်သည် ပင်မခန်းမထဲရှိ ပြတင်းပေါက်နားတွင် သစ်နက်သားစာရေးစားပွဲရှေ့၌ မတ်မတ်ထိုင်ကာ စုတ်တံတစ်ချောင်းကို ကိုင်ထားသည်။
ယနေ့တွင် သူမသည် တိမ်တိုက်ပုံစံများပါရှိသော ရိုးရှင်းပြီး ပြေပြစ်သည့် ငွေဖြူရောင် ရူချွန်းဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမ၏ မည်းနက်သော ဆံပင်များကို အဖြူရောင် ကျောက်စိမ်းဆံထိုး တစ်ခုတည်းဖြင့်သာ လျော့ရဲရဲ ထုံးထားပြီး သူမ၏လည်ပင်းဘေးတွင် ဆံပင်အနည်းငယ် ကျနေသည်။ ပြတင်းပေါက် အပြင်ဘက်မှ လရောင်သည် သူမ၏ဘေးတိုက်မျက်နှာကို လင်းထိန်စေပြီး ထိုမျက်နှာ၏ အကွေးအကောက်များကို မယုံနိုင်လောက်အောင် ပြေပြစ်စေသည်။ ပြင်းထန်သော ဓားစိတ်ဆန္ဒအရှိန်အဝါသည် သူမ၏ နံဘေးပတ်လည်တွင် ဖြာထွက်နေဆဲဖြစ်ပြီး သူမ ယခုလေးတင် ကျင့်ကြံခြင်း ပြီးဆုံးသွားကြောင်း ရှင်းလင်းစွာ ညွှန်ပြနေပေ၏။
ဤစာလုံးဆယ်လုံးကျော်ကို ရေးပြီးနောက် သူမသည် အချိန်ကြာသည်အထိ ဆက်မရေးနိုင်ဘဲ ဖြစ်နေကာ သူမ၏လှပသော မျက်လုံးများတွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်တစ်ခု လင်းလက်သွားသည်။
"ငါ ထွက်သွားရမယ့် အကြောင်းရင်း..."
"စီနီယာအစ်ကိုကို ငါ ဘယ်လို ရှင်းပြရမလဲ..."
"မြောက်ပိုင်းဒေသကိုသွားမယ့် ခရီးစဉ်က ရှည်လျားပြီး ဝေးကွာတယ်... တစ်ရက် နှစ်ရက်နဲ့ ငါ ပြန်လာနိုင်မယ့် ကိစ္စ မဟုတ်ဘူး... ငါ ပြန်မလာနိုင်တာတောင် ဖြစ်နိုင်တယ်..."
နင်ဖူယောင်က သူမ၏စိတ်နှလုံးသားထဲတွင် တိတ်ဆိတ်စွာ ရေရွတ်လိုက်ကာ သူမက မျက်မှောင်တင်းတင်းကြုတ်ထားပြီး သူမ၏ အမူအရာသည် လွမ်းဆွတ်မှုများဖြင့် လွှမ်းမိုးနေပေ၏။
သူတို့ အထီးကျန်ကောင်းကင် မြို့တော်တွင် ရှိနေစဉ်က ဦးလေးလင်း ရုတ်တရက် ထွက်ခွာသွားရခြင်းမှာ အရေးကြီးသော အကြောင်းအရင်း တစ်ခုခု ရှိရမည်ဖြစ်ကြောင်း နင်ဖူယောင် သိနိုင်သည်။ သူသည် ထိုကိစ္စကို ငြင်းဆိုပြီး တည်ငြိမ်ဟန်ဆောင်ခဲ့သော်လည်း သူမ သူ့အကြောင်းကို ကောင်းစွာသိထားသည်။ အကယ်၍ သူ ရှောင်လွှဲ၍မရသော အလွန် အရေးကြီးသည့် ကိစ္စတစ်ခု မဟုတ်ပါက ဤကဲ့သို့ အရေးကြီးသော အချိန်တွင် ဦးလေးလင်းသည် မည်သည်ကြောင့် ထွက်သွားမည်နည်း...
သူမ မည်မျှပင် တုံးအပါစေ နင်မိသားစုတွင် တစ်ခုခု ဖြစ်ပျက်ခဲ့ကြောင်း သူမ ခန့်မှန်းနိုင်သည်။ ထို့ပြင် မြောက်ပိုင်းဒေသတွင် ထျန်းဟန်မျိုးနွယ်စုမှလွဲ၍ နင်မိသားစုကို ခြိမ်းခြောက်နိုင်မည့် တခြားအရာတစ်ခုမျှ သူမ မတွေးနိုင်ချေ။
ထို့ကြောင့် အထီးကျန်ကောင်းကင် မြို့တော်မှ ပြန်ရောက်ကတည်းက မြောက်ပိုင်းဒေသသို့ ပြန်သွားရန် သူမ ဆုံးဖြတ်ခဲ့သည်။
ဤလွန်ခဲ့သော နှစ်ရက်အတွင်း နယ်မြေတစ်ခုလုံးကို ဖြတ်ကျော်ရန် လိုအပ်သော အရာများကို သူမ တိတ်တဆိတ် ပြင်ဆင်နေခဲ့ပေ၏။
သူမ ရင်ဆိုင်ရမည့် ကိစ္စများကို နောက်ဆုံးတွင် ရင်ဆိုင်ရပေမည်။ သူမသည် မည်သူ၏အနောက်တွင်မျှ ပုန်းအောင်းမနေချင်ခဲ့သလို ဦးလေးလင်းက သူမအတွက် အရာအားလုံးကို ခံစားနေရသည်ကိုလည်း သူမ မမြင်ချင်ခဲ့ချေ။
သို့ရာတွင် စီနီယာအစ်ကိုကို မည်သို့ ပြောရမည်ဆိုသည်က သူမကို ဒုက္ခပေးနေသောအရာပင်။
'ထိုက်ချင် ဓားကိုးလက်လုံးကိုတောင် ငါ အပြည့်အဝ နားမလည်သေးဘူး... ဒီလိုမျိုး ငါ ထွက်သွားရင် စီနီယာအစ်ကို ဒေါသထွက်ရင်ရော ဘယ်လိုလုပ်မလဲ...'
သူမက တွေးတောလိုက်သည်။
စူးချန်ကဲသည် ယခင်နှင့် လုံးဝကွဲပြားသွားသော်လည်း သူမ၏စိတ်နှလုံးသားနက်ရှိုင်းသော နေရာတွင် ရှင်းပြ၍မရသော အကြောက်တရား တစ်ခုကို ခံစားနေရဆဲဖြစ်ပြီး စူးချန်ကဲအား သူမ စိတ်မပျက်စေချင်ခဲ့ချေ။
"သခင်မ... နင်က အများကြီး တွေးနေတာပါ... အိမ်ကို ပြန်ရုံလေးပါပဲ... သူက ဘယ်လိုလုပ်ပြီး သဘောမတူဘဲ နေမှာလဲ... သူက နင်တို့ ဂျူနီယာညီမလေးတွေအပေါ် တော်တော်လေး ကောင်းတယ်လို့ ငါ ထင်တယ်..."
ဤအနည်းငယ် ရှေးဟောင်းဆန်သော စာရေးစားပွဲပေါ်တွင် အားချီသည် စာရွက်၏နံဘေးတွင် လက်ဝါးအရွယ်အစားရှိ ပုံရိပ်ယောင်တစ်ခုအဖြစ် ပြောင်းလဲသွားကာ မတ်တတ်ရပ်နေသည်။ သူမ စကားပြောဆိုနေစဉ် သူမသည် နင်ဖူယောင်ကို ကူကယ်ရာမဲ့မှု အရိပ်အယောင်တစ်ခုဖြင့် ကြည့်နေလေ၏။
သူမ စကားပြောနေစဉ် အားချီသည် သူမ၏ခြေထောက်အောက်ရှိ စာရေးစားပွဲကို ဆက်လက်၍ စစ်ဆေးကြည့်ရှုနေပြီး သူမက မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။
'ဒီစားပွဲက ထူးခြားတယ်လို့ ငါ့ကို ဘာလို့ ခံစားရစေတာလဲ... ဒါပေမဲ့ စုံစမ်းကြည့်တော့ ထူးထူးခြားခြား ဘာမှ မရှိဘူး... ဒါက ဘယ်သူ့ဟာ ဖြစ်နိုင်မလဲ...'
သူမက တွေးတောလိုက်သည်။
"အား..."
"အားချီ... နင် ဘယ်လို ထွက်လာတာလဲ..."
စုတ်တံကို ကိုင်ထားသော နင်ဖူယောင်၏ လက်သည် တုန်ရီသွားပြီး သူမကို ထိတ်လန့်သွားစေသည်။ ဤသည်မှာ သူမ၏နတ်ဘုရား စိတ်အာရုံ ပြင်ပတစ်နေရာတွင် အားချီ ထွက်ပေါ်လာသည်ကို သူမ ပထမဆုံးအကြိမ် မြင်တွေ့ရခြင်းပင်။
"သခင်မကို အကြောင်းပြန်ပါတယ်... သခင်တစ်ယောက်ကို အသိအမှတ်ပြုပြီးနောက်မှာ သခင်မရဲ့ ဓားတာအို ပိုပြီးအားကောင်းလာတာနဲ့ အားချီ ကလည်း စွမ်းအားတချို့ကို တဖြည်းဖြည်း ပြန်ပြီးရရှိလာပါတယ်..."
အားချီက တည်ကြည်လေးနက်စွာ ပြန်ဖြေလိုက်၏။
"အဲ့ဒီလိုလား..."
နင်ဖူယောင်သည် နားလည်သွားကာ ခေါင်းညိတ်ပြပြီးနောက် အားချီ၏ အသွင်အပြင်ကို ဂရုတစိုက် စစ်ဆေးလိုက်သည်။ အားချီသည် အမျိုးသားတစ်ဦးအလား ရှေးဟောင်းဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူမ၏ မျက်နှာသွင်ပြင်ကို လှပသည်ဟု မခေါ်ဆိုနိုင်သော်လည်း အရုပ်ဆိုးသည်လည်း မဟုတ်ဘဲ အလွန်တင်းမာပြီး ချဉ်းကပ်ရန် ခက်ခဲသော ခံစားချက်ကို ပေးစွမ်းသည်။
ထိုကဲ့သို့ စူးစမ်းစစ်ဆေးမှုအောက်တွင် အနည်းငယ် နေရခက်သလို ခံစားရသဖြင့် အားချီက ပြောဆိုသည်။
"သခင်မ... နင်က သူ့ကို တိုက်ရိုက်ပြောလို့ရပါတယ်... ဘာလို့ ဒီလောက်တောင် စိုးရိမ်နေရတာလဲ... အားချီလည်း နင် သူ့ကို ပြောပြဖို့ မျှော်လင့်မိတယ်... သူ့ရဲ့အကူအညီနဲ့ဆိုရင် သခင်မက ဒီလောက်ကြီးမားတဲ့ အန္တရာယ်တွေကို ရင်ဆိုင်ဖို့ မလိုတော့ဘူး... သခင်မရဲ့ လက်ရှိစွမ်းအားက နည်းနည်းလေး အားနည်းနေသေးတယ်..."
တစ်ခါတစ်ရံတွင် သူမ၏သခင်မသည် ကိုယ့်ကိုယ်ကိုယ် ဆန့်ကျင်ဘက် အခြေအနေတစ်ခုသို့ ကျရောက်လွယ်လွန်းသည်ဟု သူမ ခံစားရပြီး သူမကို စကားမပြောနိုင် ဖြစ်စေခဲ့သည်။
'ဓားကျင့်ကြံသူတွေက သူတို့ရဲ့နှလုံးသားကို လိုက်နာဖို့ အခြေခံအနေနနဲ့ အလေးပေးကြတယ်လေ... ဒါပေမဲ့ သူက အရမ်းတွေဝေတုံ့ဆိုင်းနေတယ်...'
အားချီက တွေးလိုက်သည်။
နင်ဖူယောင်သည် စူးချန်ကဲနှင့် အတူရှိနေချိန်တိုင်း ထိုသို့ ဖြစ်နေပေ၏။
"စီနီယာအစ်ကိုကို ငါနဲ့အတူ မြောက်ပိုင်းဒေသ ကို မလိုက်စေချင်လို့ နှုတ်ဆက်စာ တစ်စောင် ထားခဲ့ဖို့ ငါ စဉ်းစားမိတာပါ..."
နင်ဖူယောင်က တည်ကြည်ပြတ်သားသော အမူအရာကို ပြသကာ ထပ်ဖြည့်ပြောလိုက်သည်။ ဤတစ်ကြိမ် ပြန်သွားလျှင် သူမ မည်သည့်အရာအား ရင်ဆိုင်ရမည်ကို သူမ သိထားသည်။
အထီးကျန်ကောင်းကင်မြို့တော်ရှိ ဖြစ်ရပ်များအပြီးတွင် စီနီယာအစ်ကိုသည် အလွန်အမင်း အစွမ်းထက်ကာ ယွမ်ယန်နယ်မြေတွင် ပြိုင်ဘက်ကင်းနိုင်သည်ကို သူမ သိထားသည်။သို့ရာတွင် သူ မည်မျှထိ ကြောက်မက်ဖွယ်ကောင်းပါစေ နောက်ဆုံးတွင် သူသည် လူတစ်ယောက်တည်းသာဖြစ်ပြီး အလွန်ငယ်ရွယ်နေဆဲပင်။
စီနီယာအစ်ကို၏အထောက်အထားမှာ စိတ်ဝိညာဉ်နယ်မြေမှ ဖြစ်နိုင်သည်ဟု ခန့်မှန်းသော ကောလာဟလများကို သူမ ကြားဖူးသည်။ သို့သော် သူ၏နောက်မှ အင်အားစုများသည် ထျန်းဟန်မျိုးနွယ်စုကို ယှဉ်ပြိုင်နိုင်မည်ဟု မည်သူက အာမခံနိုင်မည်နည်း။
ထို့ပြင် စီနီယာအစ်ကိုအတွက် သူတို့က ထျန်းဟန်မျိုးနွယ်စုနှင့် ဆက်ဆံရေးအားလုံးကို ဖြတ်တောက်မည်လော...
စီနီယာအစ်ကိုသည် ယွမ်ယန်နယ်မြေတွင် ရှိနေသည်ဆိုသောအချက်က သူ၏ အဆင့်အတန်းနှင့် ပတ်သက်ပြီး မေးခွန်းထုတ်စရာ ဖြစ်နေသည်။
ထို့ပြင် ထိုအရာများအားလုံးမှာ လူအများ၏ ခန့်မှန်းချက်များသက်သက်သာ ဖြစ်နေသည်။ အကယ်၍ ထိုအရာများသည် သတင်းမှားများ ဖြစ်နေခဲ့လျှင် မည်သို့ လုပ်ရမည်နည်း။
အရေးအကြီးဆုံးအချက်မှာ ဤကိစ္စသည် သူမ၏ကိုယ်ပိုင် အရေးကိစ္စ ဖြစ်နေခြင်းပင်။ စူးချန်ကဲထံမှ သူမ အကူအညီများစွာကို ရရှိခဲ့ပြီးလေပြီ။ စီနီယာအစ်ကိုကို သူမ ထပ်မံ၍ ဒုက္ခမပေးနိုင်သလို သူ့ကို ဖြစ်နိုင်ချေရှိသော အန္တရာယ်ထဲသို့ သေချာပေါက် မကျရောက်စေနိုင်ပေ။ အကယ်၍ သူ တစ်ခုခု ဖြစ်သွားခဲ့လျှင် သူမ မည်သို့ လုပ်ရမည်နည်း...
"ဟူး... သခင်မရဲ့ စီနီယာအစ်မ ဒါမှမဟုတ် ဂျူနီယာညီမလေးသာဆိုရင် ဒီကိစ္စတွေအတွက် စိတ်ရှုပ်နေမှာ မဟုတ်ဘူး..."
အားချီက ကူကယ်ရာမဲ့စွာ ပြောလိုက်သော်လည်း ဤသည်မှာ သခင်မ၏ကိုယ်ပိုင် ဆုံးဖြတ်ချက်ဖြစ်သဖြင့် နင်ဖူယောင်ကို ထပ်မံ ဖျောင်းဖျရန် ဆက်မလုပ်တော့ချေ။
ဤစကားကိုကြားချိန်၌ နင်ဖူယောင်သည် သူမ၏အကြည့်ကို ချက်ချင်း ရုပ်သိမ်းလိုက်ပြီး တခဏကြာမျှ တိတ်ဆိတ်သွားသည်။ ထို့နောက် ညကောင်းကင်ကြီးကို ပြတင်းပေါက်မှ ကြည့်ရင်း သူမက ပြောဆိုသည်။
"ယိုယိုက ပွင့်လင်းပြီးတော့ လျှိုယွမ်မြို့မှာ စီနီယာအစ်ကိုနဲ့ အချိန်အကြာကြီး အတူရှိနေခဲ့တယ်... ဒုတိယ စီနီယာအစ်မက စီနီယာအစ်ကို နဲ့ အကြာဆုံး နေခဲ့ပြီးတော့....ဒီတစ်ကြိမ်မှာ စီနီယာအစ်ကိုက ဒုတိယ စီနီယာအစ်မအတွက်တောင် ပြင်းပြင်းထန်ထန် တိုက်ပွဲဝင်ခဲ့တယ်... ယှဉ်ကြည့်ရင် ငါက တော်တော်လေး သာမန်ပါပဲ... ငါက တုံ့ပြန်မှု နှေးတယ်... စကားပြော မကျွမ်းကျင်ဘူး... ဒါကြောင့် စီနီယာအစ်ကိုက ငါနဲ့ စကားနည်းနည်းပဲ ပြောတာ ဖြစ်မယ်... ငါက သူတို့နဲ့ မတူဘူးလေ..."
သူမ စကားပြောနေစဉ် ထူးဆန်းပြီး မွန်းကြပ်စေသော ခံစားချက်တစ်ခုက သူမ၏စိတ်နှလုံးသားထဲတွင် အလိုအလျောက် ထွက်ပေါ်လာသည်။
ရိုးရိုးသားသား ပြောရလျှင် တစ်ခါတစ်ရံ သူမသည် ဂျူနီယာညီမလေးနှင့် ဒုတိယစီနီယာအစ်မတို့ကို အားကျမိလေ၏။ သူမတို့သည် စီနီယာအစ်ကိုနှင့် လွတ်လွတ်လပ်လပ် ဆက်ဆံနိုင်ကြသည်။ တစ်ခါတစ်ရံ၌ စီနီယာအစ်ကိုသည် ထုယိုယိုကို ဟင်းခွံ့ကျွေးသည်အား သူမ မြင်တွေ့ချိန်၌ ရက်အနည်းငယ်ကြာအထိ သူမ စီနီယာအစ်ကိုက သူမကိုလည်း ဟင်းခွံ့ကျွေးသည်ဟု ဆက်တိုက်အိပ်မက်မက်ခဲ့သည်။
"သာမန်..."
အားချီ၏မျက်ခုံးများ ချက်ချင်းမြင့်တက်သွားပြီး သူမက တည်ကြည်လေးနက်စွာ ပြောဆိုသည်။
"သခင်မက ကိုယ့်ကိုယ်ကိုယ် အရမ်းအထင်သေးလွန်းတယ်... သခင်မက ဝီရိယရှိရှိ ဓားလေ့ကျင့်နေတဲ့ ကာလအတွင်းမှာ နင့်ရဲ့ဓားခန္ဓာကိုယ်က အပြောင်းအလဲတွေကို ငါ အာရုံခံနိုင်နေပြီ... နင့်ရဲ့ ဓားခန္ဓာကိုယ် နိုးထလာဖို့ အချိန်သိပ်မလိုတော့ပါဘူး... အဲ့ဒီအချိန်ကျရင် ဓားတာအိုမှာ သခင်မ ရဲ့ ကျင့်ကြံခြင်းအမြန်နှုန်းက လူအများရဲ့စိတ်ကူးယဉ်နိုင်စွမ်းကို ကျော်လွန်သွားလိမ့်မယ်... အနာဂတ်မှာ သခင်မက ဓားတာအို မှာ အမြင့်မြတ်ဆုံးအဖြစ် တစ်ယောက်တည်း ရပ်တည်ဖို့ ကံကြမ္မာ ဖန်တီးခံထားရတယ်... နဝမတောင်ထိပ်မှာ အမြင့်ဆုံးအောင်မြင်မှု ရမယ့်သူက သခင်မပဲ သေချာပေါက် ဖြစ်လိမ့်မယ်..."
"ဒါပေမဲ့ စီနီယာအစ်ကိုက အစွမ်းအထက်ဆုံးလို့ ငါ ထင်တယ်..."
နင်ဖူယောင်သည် တုံ့ပြန်လိုက်သည်။
ဤစကားကို ကြားသောအခါ အားချီသည် တခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပြောဆိုသည်။
"သူ့ရဲ့ပါရမီက မွန်းစတားဆန်ပြီးတော့ သူ့ရဲ့ ကျင့်ကြံခြင်းအမြန်နှုန်းက ကောင်းကင်ကို ဆန့်ကျင်တယ်ဆိုတာ အမှန်ပဲ... ဒါပေမဲ့ ကျင့်ကြံခြင်းလမ်းကြောင်းပေါ်မှာ ရှေ့ဆက်သွားလေလေ ပိုခက်ခဲလေလေပဲ... အစပိုင်းမှာ မြန်နေရုံနဲ့ အသုံးမဝင်ဘူး..."
နင်ဖူယောင်သည် ဤအကြောင်းကို မငြင်းခုံလိုသဖြင့် ပြန်မဖြေခဲ့ချေ။ သူမ၏အတွေးများက စာထံသို့ ပြန်ရောက်သွားသည်။ ထိုအရာမှာ လက်ရှိတွင် သူမအတွက် အရေးအကြီးဆုံးကိစ္စပင်။
သို့ရာတွင် နောက်တစ်စက္ကန့်တွင်....
အားချီ၏ပုံရိပ်သည် စာရေးစားပွဲမှ ပျောက်ကွယ်သွားပြီး သူမ၏အသံသည် နင်ဖူယောင်၏ စိတ်ထဲတွင် မြည်ဟည်းလာပေ၏။
"သခင်မ... သူ ရောက်လာပြီ..."
ဝှစ်...
နင်ဖူယောင်သည် စာကို ချက်ချင်းလက်ထဲသို့ ဆွဲယူလိုက်ကာ မည်သည့်အချိန်ကတည်းကမှန်း မသိဘဲ သူမ၏နံဘေးတွင် ထွက်ပေါ်လာသော အပြာရောင်ဝတ်ရုံဝတ် ပုံရိပ်ကို ထိတ်လန့်တကြားကြည့်ပြီး စကားထစ်သွားသည်၏
"အ... အ... အစ်... အစ်ကိုကြီး... နင် ရောက်လာပြီပဲ..."
'သောက်ကျိုးနည်း...'
'စီနီယာအစ်ကိုက အဲ့ဒါကို မမြင်ခဲ့ဘူးမလား... သူ မမြင်ခဲ့ဘူးမလား...'
သူမက တွေးတောလိုက်သည်။
သူ မမြင်သင့်ဘူး...
ငါ့ရဲ့တုံ့ပြန်မှုက အရမ်းမြန်တယ်လေ...
"အင်း..."
စူးချန်ကဲက ခေါင်းညိတ်ပြပြီးနောက် သူ၏ မျက်နှာအမူအရာ အနည်းငယ် ထူးဆန်းသွားသည်။
'နှုတ်ဆက်စာ...'
'ဒီကောင်မလေးက သီချင်းစာသား ရေးနေတာလား...'
'ဒါမှမဟုတ် သူက ထွက်သွားဖို့ စီစဉ်နေတာလား...'
'သူ ဘယ်သွားနိုင်မှာလဲ...'
'မြောက်ပိုင်းဒေသ လား...'
'ဒီလောက် မြန်မြန် ဖြစ်လို့ မရဘူးလေ...'
သူ တွေးတောလိုက်သည်။
အခန်း ၁၅၆: ဟေ့ ညီအစ်ကို... မင်း ဒီလောက်တောင် အစွမ်းထက်လာမယ်လို့ ငါ မထင်ခဲ့ဘူး...
သူ၏စိတ်နှလုံးသားထဲတွင် ဤသို့ တွေးမိသော်လည်း စူးချန်ကဲသည် အပေါ်ယံတွင် တည်ငြိမ်နေပြီး အပြုံးဖျော့ဖျော့ဖြင့် မေးလိုက်သည်။
"ဘာလို့ ထပ်ပြီး စကားထစ်နေပြန်တာလဲ... မင်း ဒီလို မဖြစ်တာ တော်တော်ကြာပြီ မဟုတ်လား..."
"ဒါက..."
နင်ဖူယောင်၏မျက်နှာ အနည်းငယ် နီရဲသွားပြီး အချိန်တခဏကြာသည်အထိ သူမ မည်သို့ ရှင်းပြရမည်ကို မသိခဲ့ချေ။
သူမ အလွန်စိုးရိမ်နေကြောင်းကို မြင်သောအခါ စူးချန်ကဲသည် သူမကို အခက်တွေ့အောင် မလုပ်ချင်ခဲ့ချေ။ ထိုအစား သူသည် သူမ၏နံဘေးတွင် ညင်သာစွာ ဝင်ထိုင်ပြီး မေးလိုက်သည်။
"ဘာလို့ နှုတ်ဆက်စာ ရေးနေတာလဲ... အိမ်လွမ်းနေလို့လား... မြောက်ပိုင်းဒေသကို ပြန်ချင်လို့လား..."
"မဟုတ်ပါဘူး..."
နင်ဖူယောင်သည် တခဏမျှ တုံ့ဆိုင်းနေပြီးနောက် စူးချန်ကဲကို ကြည့်ကာ တည်ငြိမ်ဟန်ဆောင်လိုက်၏။
"မဟုတ်ပါဘူး စီနီယာအစ်ကို... တကယ်တော့ ငါက တောင်အောက်ကို လမ်းလျှောက်သွားချင်ရုံပါ..."
စူးချန်ကဲ တွေဝေသွားခဲ့သည်။ သူမ လိမ်နေကြောင်း သူ သိသော်လည်း သူမကို မဖော်ထုတ်ခဲ့ချေ။ သူက ခပ်ဖျော့ဖျော့အပြုံးဖြင့် ပြောလိုက်သည်။
"ကောင်းပြီလေ... မကြာသေးခင်က မင်းရဲ့ ကျင့်ကြံခြင်း နဲ့ ပတ်သက်ပြီး ပြဿနာတစ်ခုခု ကြုံခဲ့ရလား..."
"စီနီယာအစ်ကိုကို အကြောင်းပြန်ပါတယ်...ဘာမှ မရှိပါဘူး... ကျွန်မက အရမ်းတုံးအနေရုံလေးပဲ... ဒီရက်အနည်းငယ်အတွင်းမှာ ကြိုးစားခဲ့တာတောင် ဆဋ္ဌမမြောက်ဓားကိုပဲ ကျွန်မ နားလည်နိုင်ခဲ့တယ်..."
သူမ စကားပြောနေစဉ် နင်ဖူယောင်သည် ရှက်ရွံ့စွာဖြင့် ခေါင်းငုံလိုက်သည်။
စူးချန်ကဲက သူမကို နှစ်သိမ့်ပေးလေသည်။
"ကိစ္စ မရှိပါဘူး... ကိုယ့်ကိုယ်ကိုယ် အရမ်း ဖိအားမပေးပါနဲ့... ကျင့်ကြံခြင်းကို အလောတကြီး လုပ်လို့မရဘူး....ဖြည်းဖြည်းချင်း လုပ်ပါ..."
"ဟုတ်ကဲ့ပါ စီနီယာအစ်ကို..."
နင်ဖူယောင်က ရိုသေလေးစားစွာ ပြောဆိုလိုက်၏။
အကယ်၍ ဓားအရူးသာ သူတို့၏ စကားဝိုင်းကို ကြားခဲ့လျှင် သူ့ကိုယ်သူ သတ်သေချင်စိတ်များ ပေါက်ဖွားလာပေမည်။
အဲ့ဒါကို နားထောင်ကြည့်စမ်း...ဒါက လူစကားလား..
ရက်နည်းနည်းလောက်လို့ ပြောလိုက်တာလား....
ဟင်...
တဖြည်းဖြည်းနှင့် သူတို့ နှစ်ဦးလုံး တိတ်ဆိတ်သွားပြီး အခြေအနေမှာ အနည်းငယ် နေရခက်သွားသည်။
စူးချန်ကဲက တိတ်ဆိတ်မှုကို ဦးစွာချိုးဖျက်ပြီး ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
"ဒါနဲ့ မင်းရဲ့ ဂျူနီယာညီမလေးကို ငါ မတွေ့ရဘူး... သူ ဘယ်မှာလဲ..."
"ဂျူနီယာညီမလေး....သူက..."
နင်ဖူယောင်၏ မျက်နှာပေါ်တွင် ဝေခွဲရခက်သော အရိပ်အယောင်တစ်ခု ထွက်ပေါ်လာသော်လည်း သူမသည် စူးချန်ကဲကို မလိမ်ဝံ့သဖြင့် အမှန်အတိုင်းသာ ပြန်ဖြေနိုင်ခဲ့သည်။
"သူ အိပ်ဖို့ နေရာ သွားရှာတာ ဖြစ်ရမယ်... ဒီရက်အနည်းငယ်အတွင်းမှာ ဂျူနီယာညီမလေး က အိပ်ရတာကို အရမ်းသဘောကျနေပုံပဲ..."
'ယိုယို....စီနီယာအစ်မကို အပြစ်မတင်ပါနဲ့... စီနီယာအစ်ကိုက မင်းကို အပြစ်ပေးမှာ မဟုတ်ပါဘူး... ဒါပေမဲ့ စီနီယာအစ်ကိုကို ငါ လိမ်လို့ မရဘူး...'
သူ တွေးတောလိုက်မိသည်။
"အိပ်နေတာလား..."
စူးချန်ကဲ အနည်းငယ် ကြောင်အမ်းသွားသည်။ ရုတ်ချည်းဆိုသလိုပင် သူသည် သူ၏နတ်ဘုရားစိတ်အာရုံကို ဖြန့်ကျက်လိုက်ရာ နဝမတောင်ထိပ်၏ တောင်ခါးပန်းရှိ သစ်သားအိမ်ထဲတွင် ထုယိုယို၏ပုံရိပ်ကို မြင်လိုက်ရသည်။ ဤအချိန်အခိုက်အတန့်တွင် သူမသည် အလွန်နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပေ၏။
'ဒီကောင်မလေးက ဘယ်အချိန်ကတည်းက ဒီလောက်ထိ အိပ်ချင်နေရတာလဲ...'
'ဒီရက်အနည်းငယ်အတွင်းမှာ အရမ်းတိတ်ဆိတ်နေတာ အံ့ဩစရာ မဟုတ်ဘူး...ဒါက သူ့ရဲ့ စရိုက်နဲ့ နည်းနည်းတော့ မကိုက်ညီဘူး...'
သို့ရာတွင် သူမ အမှန်တကယ် အိပ်ပျော်နေကြောင်း အတည်ပြုပြီးနောက် စူးချန်ကဲသည် သူ၏နတ်ဘုရားစိတ်အာရုံကို ဖြည်းညင်းစွာ ပြန်ရုတ်သိမ်းလိုက်ရာ သူ၏မျက်လုံးများတွင် တွေးတောနေသော အမူအရာတစ်ခု ရှိနေသည်။
'အဲ့ဒီအကြောင်း တွေးကြည့်တော့ နတ်ဆိုးနယ်မြေက ပြည်တွင်းရေး မငြိမ်သက်မှုတွေက မကြာခင် ဖြစ်လာတော့မှာ မဟုတ်လား...'
'ဘာလို့ အခု အဲ့ဒီအကြောင်း သတင်း ဘာမှ မရှိသေးတာလဲ...'
'ငါ ထွက်ပေါ်လာလို့ ပြဿနာ တစ်ခုခု ဖြစ်သွားတာလား...'
အမှန်အားဖြင့် ဤသည်မှာ အမှန်တကယ်ပင်။ နတ်ဆိုးနယ်မြေသည် အရှေ့ပိုင်းနက်နဲသိမ်မွေ့နယ်မြေနှင့် အနီးဆုံးဖြစ်သောကြောင့် သတင်းများ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့လေသည်။ စူးချန်ကဲသည် သူ၏နတ်ဘုရားကဲ့သို့ အရှိန်အဝါကို ပြသခဲ့ကြောင်း နတ်ဆိုးဘုရင်များ ကြားချိန်၌ အခြေအနေများကို ပြန်လည်စဉ်းစားရန် ဆုံးဖြတ်လိုက်ကြပြီး မူလအစီအစဉ်ကို ရွှေ့ဆိုင်းလိုက်ကြသည်။
ထို့နောက် နင်ဖူယောင်နှင့် စကားအနည်းငယ် ထပ်ပြောပြီးနောက် စူးချန်ကဲက မတ်တတ်ထရပ်ကာ ထွက်ခွာသွားတော့သည်။
ပင်မခန်းမထဲတွင် နင်ဖူယောင်သည် စိတ်သက်သာရာရသွားသော ခံစားချက်ဖြင့် သူမ၏ကုလားထိုင်ပေါ်တွင် ထိုင်နေခဲ့သည်။ စူးချန်ကဲ၏ ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ရင်း သူမသည် သက်ပြင်းချလိုက်သော်လည်း ရှင်းပြ၍မရနိုင်သော စိတ်ပျက်မှု အရိပ်အယောင်တစ်ခုက သူမ၏မျက်လုံးများတွင် လင်းလက်သွားသည်။
"ဘာလို့လဲ..."
"ဒါက ငါ လိုချင်တဲ့ ရလဒ်ဆိုတာ ရှင်းနေတာပဲ.... ဘာလို့ ငါ လုံးဝမပျော်နိုင်ရတာလဲ..."
ရှေးဟောင်း ဓားဟင်းလင်းပြင်အတွင်း၌ အားချီသည် ကူကယ်ရာမဲ့စွာ ခေါင်းယမ်းလိုက်၏။
"အမျိုးသမီးတွေက တကယ့်ကို ဒုက္ခပေးတာပဲ..."
စူးချန်ကဲက နဝမတောင်ထိပ်၏ ပင်မခန်းမမှ ထွက်လာခဲ့သည်။
ညလေပြေသည် သူ၏အစိမ်းရောင်ဝတ်ရုံ အနားများကို ဖြတ်သန်းတိုက်ခတ်သွားသည်။ ဝူယာခြံဝင်းသို့ ပြန်ရန် သူ ဟန်ပြင်နေချိန်လေးမှာပင် သူ၏ခြေလှမ်းများသည် သတိပေးချက်မရှိဘဲ ရပ်တန့်သွားပေ၏။
ရုတ်တရက်...
သူ၏သိုလှောင်လက်စွပ်မှ ထူးဆန်းသော လှိုင်းတစ်ခု ထွက်ပေါ်လာသည်။
နောက်တစ်ခဏတွင် အနည်းငယ် ပူနွေးနေသော ကောင်းကင်တက်လှမ်းခြင်း ကျောက်စိမ်းပြားကို စူးချန်ကဲက သူ၏လက်ထဲတွင် ကိုင်ထားလိုက်ရာ ဤကမ္ဘာနှင့် လုံးဝမကိုက်ညီသကဲ့သို့ ခံစားရသော ရှေးဟောင်း စည်းချက်တစ်ခု ဖြာထွက်နေသည်။
စူးချန်ကဲသည် တခဏကြာမျှ စဉ်းစားလိုက်ပြီးနောက် အဆုံးမရှိသော ညကောင်းကင်ကြီးကို မော့ကြည့်ကာ သူ၏မျက်လုံးများကို အနည်းငယ် မှေးစင်းလိုက်သည်။
"မင်းက တကယ့်ကို တစ်ရက်လေးတောင် မစောင့်နိုင်ဘူးပဲ..."
သူ၏ မျက်လုံးများအတွင်းတွင်...
ဝှစ်...
မျက်စိကျိန်းလောက်အောင် တောက်ပသော အဖြူရောင် ကြယ်ပျံတစ်ခုသည် ည၏ တိတ်ဆိတ်မှုကို ချက်ချင်းဆုတ်ဖြဲသွားခဲ့လေ၏။
ထိုအရာသည် ထာဝရ လရောင်နှင့်ကြယ်ရောင်များကို စုစည်းထားသည့်အလားပင်။
ထိုအရာ ဖြတ်သန်းသွားသော နေရာတိုင်းတွင် ကြီးကျယ်ခမ်းနားသော လမ်းကြောင်းတစ်ခုကို အတင်းအကြပ် ဖောက်လုပ်သွားခဲ့သည်။ ထိုသို့မဟုတ်ပါက ပို၍တိကျစွာ ပြောရလျှင် ဤကြယ်တာရာ ကောင်းကင်ကြီးတွင် ကြီးမားသော အက်ကွဲကြောင်းကြီးတစ်ခုကို ထိုအရာက ဆုတ်ဖြဲသွားခဲ့သည်။
ဤအက်ကွဲကြောင်း၏ တစ်ဖက်တစ်ချက်စီတွင် မရေမတွက်နိုင်သည့် သေးငယ်သော ဥပဒေသ မှော်စာလုံးများသည် လှိုင်းဂယက်များအတွင်း လင်းလက်ပြီး ပျောက်ကွယ်သွားပေ၏။
သို့ရာတွင် ဤသည်မှာ အစသာ ရှိသေးသည်။
ထို့နောက် ထိုအရာ၏အမြန်နှုန်းမှာ ပို၍ပို၍ လျှင်မြန်လာပြီး အလင်းတန်းမှာ ပို၍ကြီးကျယ်ခမ်းနားလာခဲ့သည်။
လမ်းကြောင်းသည် အစမှအဆုံး ချိတ်ဆက်သွားလေ၏။
နောက်ဆုံးတွင်...
ဘုန်း...
တာအိုပဲ့တင်ထပ်သံတစ်သံသည် စူးချန်ကဲ၏ နားထဲတွင် ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့သည်။
ထိုကြီးကျယ်ခမ်းနားသော အက်ကွဲကြောင်းကို နယ်နိမိတ်အဖြစ် သတ်မှတ်ကာ အဆုံးမရှိသော မှုန်ဝါးဝါး အင်မော်တယ် အလင်းရောင်သည် ကောင်းကင်မြစ်တစ်စင်းအလား လျှံကျလာပြီး ကြယ်တာရာ ကောင်းကင်ကြီး တစ်ခုလုံးကို ချက်ချင်းပြည့်နှက်သွားစေသည်။ စူးချန်ကဲပင်လျှင် ဤမယုံနိုင်လောက်အောင် မြင်ကွင်းကြောင့် စွဲမက်မသွားဘဲ မနေနိုင်အောင် ဖြစ်သွားသည်။
မှုန်ဝါးဝါး အင်မော်တယ် အလင်းရောင်သည် မျက်စိမကျိန်းဘဲ အလွန်ညင်သာလှ၏။
နောက်တခဏတွင် စကားလုံးများဖြင့် ဖော်ပြ၍ မဖြစ်နိုင်သော ရှေးဟောင်းအင်မော်တယ် တံတားတစ်ခု၏ ထင်ယောင်ထင်မှား ပုံရိပ်သည် ဤမှုန်ဝါးဝါး အင်မော်တယ် အလင်းရောင်မှ ဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့သည်။
ထိုအရာသည် အမှန်တကယ် မရှိသော်လည်း တစ်ခုချင်းစီဖြစ်သော အင်မော်တယ်တာအို သင်္ကေတများဖြင့် ယက်လုပ်ထားခြင်းပင်။
တံတား၏ကိုယ်ထည်မှာ ရှေးဦးကျောက်စိမ်းဖြူရောင်ဖြစ်ပြီး အလွန်ရှုပ်ထွေးသော ရှေးဟောင်း အင်မော်တယ် နတ်ဘုရားပုံစံများကို မရေမတွက်နိုင်အောင် ရေးထွင်းထားသည်။
ဤနတ်ဘုရားပုံစံများမှာ ငြိမ်သက်မနေဘဲ အမြင့်မြတ်ဆုံး တာအိုအမှန်တရားတစ်ခုကို ရှင်းပြနေသည့်အလား ဖြည်းညှင်းစွာ လှည့်ပတ်နေကြသည်။
ထိုအရာမှာ အလွန်ကြီးကျယ်ခမ်းနားပေ၏။
ထိုအရာသည် ကြယ်များနှင့်အပြိုင် ရွေ့လျားသွားလာနိုင်လောက်အောင် ကြီးမားသည်။ နှစ်ဖက်လုံးတွင် ရေးဆွဲထားသော လက်ရန်းများနှင့် ကျောက်စိမ်းဗိသုကာပုံစံများ၏ ထင်ယောင်ထင်မှား ပုံရိပ်များကို ဝေဝါးစွာ မြင်တွေ့နိုင်ပြီး ဖရိုဖရဲချီများ ရစ်ဝဲနေကာ အင်မော်တယ်မြူခိုးများ စိမ့်ဝင်နေသည်။
တစ်ခါတစ်ရံတွင် နဂါးနှင့်ဖီးနစ် ပုံရိပ်ယောင်များ၊ နတ်ဘုရားများနှင့် မကောင်းဆိုးဝါးများ မန္တန်ရွတ်ဆိုခြင်း၊ ရွှေကြာပန်းများ ထွက်ပေါ်လာခြင်းကဲ့သို့ အံ့အားသင့်စရာကောင်းသည့် သဘာဝလွန်ဖြစ်စဉ်များ ထွက်ပေါ်လာကာ တံတား ကိုယ်ထည်၏ နံဘေးပတ်လည်တွင် နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။
စကြဝဠာ၏ ဝင်ရိုးစွန်းနှစ်ခုကို ဆက်သွယ်ထားသည့်အလား ထိုတံတား၏ အစနှင့်အဆုံးကို လုံးဝမမြင်နိုင်ချေ။
အစွန်းတစ်ဖက်သည် ယွမ်ယန်နယ်မြေ၏ မြောက်ပိုင်းဒေသ ဦးတည်ချက်ရှိ လေဟာနယ် နက်ရှိုင်းသော နေရာများသို့ နက်ရှိုင်းစွာ မြုပ်နှံထားသည်။ တခြားအစွန်းတစ်ဖက်သည် ကောင်းကင်ဘုံကိုးလွှာအထက်ရှိ တခြားနေရာဆီသို့ ဆန့်တန်းနေခဲ့သည်။
ကောင်းကင်တက်လှမ်းခြင်း တံတား...
ကဏဦး အသက်ဝင်ခြင်း...
စူးချန်ကဲသည် သူ၏အကြည့်ကို ဖြည်းညှင်းစွာ ပြန်ရုတ်သိမ်းလိုက်၏။ သူ တစ်ချက်လေးသာ ကြည့်လိုက်ရသော်လည်း နှစ်တစ်ထောင် ကုန်ဆုံးသွားသည့်အလား ကြောင်အမ်းအမ်း ခံစားလိုက်ရသည်။
သူ၏လက်ထဲရှိ ကောင်းကင်တက်လှမ်းခြင်း ကျောက်စိမ်းသည်လည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
စူးချန်ကဲသည် သတိပြန်ဝင်လာချိန်၌ တိတ်ဆိတ်နေသော ထိုက်ချင်ဂိုဏ်းကို တစ်ချက် ကြည့်လိုက်၏။ ဤသဘာဝလွန်ဖြစ်စဉ်ကို ကောင်းကင်တက်လှမ်းခြင်း ကျောက်စိမ်း ပိုင်ဆိုင်သူများသာ မြင်တွေ့နိုင်မည်ဖြစ်ကြောင်း သူ သိထားသည်။ ဤအရာသည်လည်း အစပြုမှုကို ဆုပ်ကိုင်ထားခြင်း၏ အားသာချက်တစ်ခု ပင်။
'ကဏဦး အသက်ဝင်ပြီးနောက် ကောင်းကင် တက်လှမ်းခြင်းလမ်းကြောင်းက ဒီယွမ်ယန်နယ်မြေမှာ ရက်လေးဆယ့်ကိုးရက် အကြာမှာ ထွက်ပေါ်လာလိမ့်မယ်... အဲ့ဒါက သေချာပေါက် မြန်မြန် လာနေတာပဲ...'
စူးချန်ကဲသည် တွေးတောလိုက်သော်လည်း သူသည် မည်သည့်အကြောက်တရားမျှ မခံစားရချေ။ ထိုအစား သူ အနည်းငယ် စိတ်လှုပ်ရှားနေပြီး ပြင်းထန်သော တိုက်ခိုက်လိုခြင်း စိတ်ဆန္ဒတစ်ရပ်က သူ၏မျက်လုံးများတွင် ဖြတ်ပြေးသွားသည်။
'ပြီးပြည့်စုံတယ်...'
'ကောင်းကင်တာအိုက ကာကွယ်ပေးထားတဲ့ ကံကြမ္မာသားတော်တွေက ပိုမာကျောသလား ဒါမှမဟုတ် ငါရဲ့ လှည့်စားမှုက ပိုအစွမ်းထက်လား ဆိုတာကို ငါ စမ်းသပ်ချင်တယ်..."
ထို့နောက် စူးချန်ကဲသည် ဆက်လက်၍ လျှောက်လှမ်းကာ ဝူယာခြံဝင်းသို့ ပြန်လာခဲ့သည်။
သို့ရာတွင် သူ ခြံဝန်းအဝင်ဝသို့ ရောက်သည့် အချိန်လေးမှာပင် ရင်းနှီးသော်လည်း မမျှော်လင့်ထားသော ပုံရိပ်တစ်ခုက လက်နှစ်ဖက်ကို နောက်ပစ်ကာ ထိုနေရာတွင် မတ်တတ်ရပ်နေသည်ကို သူ မြင်လိုက်ရသည်။
ထိုပုံရိပ်သည် သူ၏ခေါင်းကို အနည်းငယ် လှည့်လိုက်ရာအပြုံးဖျော့ဖျော့လေးတစ်ခုက သူ၏ နှုတ်ခမ်းထောင့်တွင် တွန့်ကွေးနေသည်။
"ဟေ့ ညီအစ်ကို...မင်း ဒီလောက်တောင် အစွမ်းထက်လာမယ်လို့ ငါ မထင်ခဲ့ဘူး..."
ထိုလူက စကားပြောသည်ကို စူးချန်ကဲ ကြားလိုက်ရသည်။
"အဲ့ဒါဆို အဲ့ဒီတုန်းက ငါတို့ရဲ့ ကတိက အကျုံးဝင်သေးလား..."
"ငါတို့ထဲက တစ်ယောက် ချမ်းသာလာရင် တစ်ယောက်ကို တစ်ယောက် မမေ့ကြေးလေ..."
"ငါတို့ကြားက သံယောဇဉ်ကရော ဘယ်လိုလဲ..."
"မင်း လျှိုယွမ်မြို့မှာ လူသစ် တစ်ယောက်နဲ့ တွေ့ပြီး သူ့ကို ဝမ်ချီလန်စံအိမ် ပြန်လည် တည်ဆောက်ရေးမှာတောင် တာဝန်ပေးခဲ့တယ်လို့ ငါ ကြားတယ်... တကယ်လို့ အဲ့ဒီကောင်က ကောင်းကောင်းလုပ်နိုင်ရင် ငါလည်း လုပ်နိုင်တာပေါ့..."
"..."
ရွှီချီ ထံမှ ဤအဓိပ္ပာယ်မရှိသော စကားများကို နားထောင်ရင်း စူးချန်ကဲသည် အနည်းငယ် စကားမပြောနိုင်ဖြစ်သွားသော်လည်း သူ ရယ်မောခြင်းကို အောင့်မထားနိုင်ခဲ့ချေ။
"မင်း ငါ့ကို ဆက်ပြီး ပုန်းနေအုံးမယ်လို့ ငါ ထင်ခဲ့တာ... ကောင်းပြီလေ... မင်း ဘာလုပ်ချင်လဲဆိုတာကို တိုက်ရိုက်သာ ပြောပါ... ဒါပေမဲ့ အရုပ်ဆိုးတဲ့ အပိုင်းကို ငါ အရင်ပြောမယ်...ယွမ်ယန်နယ်မြေက သူတော်စင်မိန်းမပျိုတွေကို ဂိုဏ်းမှာ ငါတို့ရဲ့ခြေထောက်တွေကို အလှည့်ကျ နှိပ်နယ်ပေးဖို့ မင်းရဲ့အရင်တုန်းက အိပ်မက်ကတော့..."
"အင်း....အဲ့ဒါက လုံးဝ မဖြစ်နိုင်တာတော့ မဟုတ်ဘူး..."