အခန်း (၁၅၉-၁၆၀)
Vol. 16 Ch. 159-160
အခန်း ၁၅၉:စီနီယာအစ်ကိုက အစကတည်းက အရာအားလုံးကို သိနေခဲ့တာပဲ
ထိုက်ချင်နယ်မြေ ရှိ ဤမြို့သည် နယ်မြေဖြတ်ကျော်မည့် ဧရာမပျံသန်းရေးသင်္ဘောများ ထွက်ခွာရာနေရာပင်။
မြောက်ပိုင်းဒေသနှင့် အရှေ့ပိုင်းနက်နဲသိမ်မွေ့နယ်မြေကြားတွင် ကျယ်ပြန့်ပြီး အဆုံးအစမရှိသော တောရိုင်းဒေသများနှင့် အမည်မသိ အန္တရာယ်နယ်မြေများ ရှိလေရာ ဤအကွာအဝေးသည် သာမန်လူများကို မျှော်လင့်ချက်မဲ့သွားစေလောက်အောင် ဝေးကွာလှသည်။
နတ်ဘုရားမီးတောက်နယ်ပယ် ကျွမ်းကျင်သူများပင်လျှင် တစ်ယောက်တည်း ဖြတ်ကျော်ရန် ဆယ်ရက်မှ လဝက်အထိ ကြာမည်ဖြစ်ပြီး အန္တရာယ်များမှာ အလွန်ကြီးမားပေလိမ့်မည်။
နင်ဖူယောင်၏ လက်ရှိကျင့်ကြံခြင်းဖြင့် သူမတစ်ယောက်တည်း နယ်မြေဖြတ်ကျော်ရန် ကြိုးစားခြင်းသည် လူမိုက်တစ်ယောက်၏ အလုပ်သာ ဖြစ်ပေလိမ့်မည်။
ကံကောင်းထောက်မစွာဖြင့် နယ်မြေနှစ်ခုသည် ဝေးကွာသော်လည်း အပြန်အလှန် ဆက်သွယ်မှု လုံးဝမရှိခြင်းတော့ မဟုတ်ချေ။ မြောက်ပိုင်းဒေသတွင် ပေါများသော ဆေးဖော်စပ်ခြင်း ပစ္စည်းတချို့သည် အရှေ့ပိုင်းနက်နဲသိမ်မွေ့နယ်မြေ တွင် မရှိသဖြင့် ကုန်သွယ်ရေးယာဉ်တန်းများ အဆက်မပြတ် သွားလာနေကာ နယ်မြေနှစ်ခုကြားတွင် ပုံသေလမ်းကြောင်းများ ရှိနေသည်။
ထို့ကြောင့် ပျံသန်းရေးသင်္ဘော စီးခြင်းသည် အလုံခြုံဆုံး သယ်ယူပို့ဆောင်ရေး နည်းလမ်းတစ်ခု ဖြစ်လာခဲ့လေသည်။ သို့ရာတွင် ထိုအရာကိုစီးရန်အတွက် ကြိုတင်လိုအပ်ချက်မှာ ကြီးမားသော ကုန်ကျစရိတ်များကို တတ်နိုင်ခြင်းနှင့် လုံလောက်သော ကံကောင်းမှုရှိခြင်းတို့ပင်။
ဧရာမ ပျံသန်းရေးသင်္ဘောကြီး၏ရှေ့တွင် လူအများ သွားလာလှုပ်ရှားနေခဲ့သည်။
နင်ဖူယောင်သည် သာမန်အခန်းအတွက် လက်မှတ်တစ်စောင်ဝယ်ရန် သူမ၏စုဆောင်းငွေများအားလုံးကို အသုံးပြုခဲ့သည်။ အမှန်အားဖြင့် သူမသည် စူးချန်ကဲ သို့မဟုတ် ဂိုဏ်း အကြီးအကဲများကို ငွေကြေးအတွက် တောင်းဆိုနိုင်ပေ၏။ နဝမတောင်ထိပ်၏ လက်ရှိ ပြိုင်ဘက်ကင်းသော အဆင့်အတန်းဖြင့် စိတ်ဝိညာဉ်ကျောက်တုံး မည်မျှပင် ဖြစ်စေကာမူ အဆင်ပြေပေလိမ့်မည်။ သို့ရာတွင် သူမ၏ လျှို့ဝှက်ချက် ပေါက်ကြားသွားခြင်းမှ ကာကွယ်ရန် သူမသည် ခက်ခက်ခဲခဲ စုဆောင်းထားခဲ့သော အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး သုံးရာကိုသာ အသုံးပြုနိုင်ခဲ့သည်။
နောက်ပိုင်းတွင် နင်ဖူယောင်သည် မြောက်ပိုင်းဒေသသို့ ဦးတည်သွားမည့် ပျံသန်းရေး သင်္ဘော ပေါ်သို့ အောင်မြင်စွာ တက်ရောက်နိုင်ခဲ့သော်လည်း ဤနေရာရှိ ပတ်ဝန်းကျင်သည် ကောင်းမွန်ခြင်းမရှိချေ။
သူမက ထောင့်တစ်နေရာကိုရှာပြီး ထိုင်လိုက်သည်။ သူမ၏ ရိုးရှင်းသော အဖြူရောင်ဝတ်စုံသည် ဤမှေးမှိန်ပြီး ရှုပ်ပွနေသော ပတ်ဝန်းကျင်တွင် အံ့မဝင်သကဲ့သို့ ဖြစ်နေပြီး သူမ၏ မယုံနိုင်လောက်အောင် လှပသော အသွင်အပြင်နှင့် လမင်းအလား အေးစက်သော အမူအကျင့်ကို ပို၍ထင်ရှားစေသည်။
သူမ ထိုင်လိုက်သည့် အချိန်လေးမှာပင် ပူလောင်ပြင်းပြသော အကြည့် အနည်းငယ်သည် သူမအပေါ်သို့ ကျရောက်လာပေ၏။
"ရှီး... ဘယ်လောက်တောင်လှတဲ့ အမျိုးသမီးလဲ"
"ဒီလိုအသွင်အပြင်နဲ့ အမူအကျင့်... သူက မဟာ ဂိုဏ်းကြီးတစ်ဂိုဏ်းကနေ တိတ်တဆိတ် ထွက်ပြေးလာတဲ့ နတ်မိမယ်တစ်ပါးများ ဖြစ်နေမလား"
"အဓိပ္ပာယ်မရှိတာ..မဟာဂိုဏ်းက နတ်မိမယ် တစ်ပါးက သာမန်အခန်းထဲမှာ ထိုင်နေတာကို မင်း မြင်ဖူးလို့လား"
"အဲ့ဒါ အမှန်ပဲ..."
"ဒါပေမဲ့ သူ့ရဲ့ ချီလှိုင်းတွေကို ကြည့်ရတာ သူက စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းနယ်ပယ်ကို ရောက်နေလောက်ပြီ... ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ဒါက တကယ်ကို အံ့အားသင့်စရာပဲ"
ဖုံးကွယ်မထားသော လောဘနှင့် အံ့အားသင့်မှုများ ရောနှောနေသော တီးတိုးပြောဆိုသံများက အခန်းထဲတွင် ပျံ့နှံ့သွားသည်။
နင်ဖူယောင်က မျက်မှောင်ကြုတ်လိုက်ပြီး သက်တောင့်သက်သာမရှိသော ခံစားချက်တစ်ခုက သူမ၏စိတ်နှလုံးသားထဲတွင် လှိုင်းထလာသည်။
သူမသည် လူစုလူဝေးများကို မည်သည့်အချိန်မျှ သဘောမကျခဲ့ချေ။
သူမ ထွက်ခွာလာရခြင်း၏ ကျန်ရစ်နေသော ခံစားချက်များနှင့် ပေါင်းစပ်လိုက်ချိန်၌ သူမ၏ စိတ်ခံစားချက်မှာ ဆိုးရွားနေလေပြီ။ ထိုကြောင့်သူမ မတ်တတ်ထရပ်ပြီး ပို၍တိတ်ဆိတ်သော နေရာတစ်ခုကိုရှာရန် ဟန်ပြင်လိုက်သည်။
သို့ရာတွင် ထိုအချိန်မှာပင်....
ဆူညံနေသော အခန်းသည် ရုတ်တရက် ထူးဆန်းစွာ တိတ်ဆိတ်သွားပေ၏။
ပုံရိပ်တစ်ခုက လူအုပ်ကို ဖယ်ရှားပြီး ဖြည်းညှင်းစွာ လျှောက်လှမ်းလာသည်။
အသစ်ရောက်လာသူမှာ ခမ်းနားထည်ဝါသော ပိုးထည်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ကျောက်စိမ်း သရဖူ ဆောင်းထားကာ ဖြူဖွေးသော အသားအရေရှိပြီး ညင်သာသော အပြုံးတစ်ခုက သူ၏နှုတ်ခမ်းများပေါ်တွင် ဆော့ကစားနေသည်။
သူ ဖြတ်သန်းသွားသော နေရာတိုင်းတွင် ပတ်ဝန်းကျင်ရှိ ခရီးသည်များ အားလုံးသည် ခေါင်းငုံ့ကာ သူ၏အကြည့်ကို ရှောင်ရှားကြပြီး သူတို့၏ မျက်နှာများတွင် အကြောက်တရားများကို ပြသနေကြ၏။
လူငယ်လေးသည် ပတ်ဝန်းကျင်ရှိ လူများကို တစ်ချက်မျှပင် မကြည့်ဘဲ နင်ဖူယောင်ဆီသို့ တိုက်ရိုက်လျှောက်လှမ်းသွားကာ သူ၏လက်ကို အနည်းငယ် ပူးဆုပ်ပြီး ပြောဆိုလိုက်သည်။
"မိန်းကလေး... မင်းလို လောကီရေးရာနဲ့ ကင်းကွာတဲ့ အလှတရားရှိတဲ့သူက ဘယ်လိုလုပ် ပြီးတော့ ဒီယဉ်ကျေးမှုမရှိတဲ့ လူတွေနဲ့အတူ နေနိုင်မှာလဲ... ငါ့ရဲ့ အခန်းထဲမှာ သပ်ရပ်တဲ့ အခန်း တစ်ခန်း ရှိသေးတယ်..... အဲ့ဒါက တိတ်ဆိတ်ပြီး ကျယ်ဝန်းတယ်... ဒီဆိုးရွားတဲ့ အခြေအနေကို ရှောင်ဖို့ သခင်မလေးက အဲ့ဒီနေရာကို ပြောင်းဖို့ ဆန္ဒရှိလား"
သူသည် ခဏရပ်လိုက်ပြီး သူ၏အပြုံး ပို၍နက်ရှိုင်းလာကာ ပြီးပြည့်စုံစွာ ချိန်ဆထားသော သူ့ကိုယ်သူ အရေးပါသည့် လေသံဖြင့် ထပ်ဖြည့်ပြောလိုက်သည်။
"အို... ငါ ရိုင်းစိုင်းသွားတယ်... ငါ့ရဲ့ နာမည်က လီဝမ်ပါ....မြောက်ပိုင်းဒေသရဲ့ချင်ဟယ်မြို့က လီမိသားစုပါ..."
လီဝမ်သည် သူ၏နှလုံးသားထဲရှိ စိတ်လှုပ်ရှားမှုကို ဖိနှိပ်ရန် အစွမ်းကုန် ကြိုးစားခဲ့သော်လည်း သူ၏ မျက်လုံးများတွင် ပြင်းပြသော ဆန္ဒ အရိပ်အယောင်တစ်ခု ထင်ဟပ်နေဆဲပင်။
အရမ်းလှတယ်....
ဒီလောက်ထိ လှပတဲ့ အမျိုးသမီး တစ်ယောက်ကို တစ်ခါမှ မမြင်ဖူးဘူးလို့ သူ ကျိန်ဆိုဝံ့တယ်....
သူ၏ဇစ်မြစ်ကို ဖော်ထုတ်လိုက်သည်နှင့် အခန်းထဲရှိ အခြေအနေသည် ပို၍ပင် အေးခဲတောင့်တင်းသွားပုံရပြီး အသက်ရှူသံများကိုပင် ခပ်သဲ့သဲ့သာ ကြားနိုင်သည်။
နင်ဖူယောင်က တိတ်ဆိတ်နေပြီး အကြောင်းအရာတချို့ကို ပြန်လည်တွေးတောနေခဲ့သည်။
ချင်ဟယ်မြို့ရှိ လီမိသားစုသည် မြောက်ပိုင်းဒေသတွင် အလွန်နာမည်ကြီးပြီး နင်မိသားစု နှင့် နီးကပ်စွာ ဆက်စပ်နေကာ သူတို့၏ လက်အောက်ရှိ အဓိက မိသားစုသုံးခုထဲမှ တစ်ခုပင်။ အတိတ်က နင်မိသားစုသည် မြောက်ပိုင်းဒေသကို သိမ်းပိုက်ကာ ပေါင်းစည်းပြီးနောက် သူတို့သည် အရင်းအမြစ် များစွာကို ရရှိခဲ့ပြီး ထိုအရာများထဲမှ အများအပြားကို လီမိသားစုက စီမံခန့်ခွဲခဲ့သည်။
လီမိသားစုဝင်များမှာ အကြံအစည်များတွင် ကျွမ်းကျင်ကြောင်း၊ စီမံခန့်ခွဲမှုတွင် ကျွမ်းကျင်ကြောင်း၊ အပြင်ပန်းတွင် ကြင်နာသော်လည်း စိတ်နှလုံးသား အေးစက်ကြောင်း၊ သူတို့ကို အခွင့်အာဏာ များစွာမပေးသင့်ကြောင်း ဦးလေးလင်းက သူမအား အထူးတလည် သတိပေးခဲ့သည်။
ထိုအချက်က လီမိသားစု၏အရင်းအမြစ်များကို နောက်ပိုင်းတွင် ပြန်လည်ခွဲဝေပေးခြင်းဆီသို့ ဦးတည်သွားစေခဲ့သည် ထိုအရာက လီမိသားစုခေါင်းဆောင် ကို အချိန်ကြာမြင့်စွာ မကျေမနပ် ဖြစ်စေခဲ့သော်လည်း အင်အားပြဿနာများကြောင့် သူက ထိုကိစ္စကို သည်းခံနေရုံသာ တတ်နိုင်ခဲ့သည်။
"မလိုပါဘူး... သခင်လေးလီရဲ့ ကြင်နာတဲ့ ကမ်းလှမ်းမှုအတွက် ကျေးဇူးတင်ပါတယ်... ဒါပေမဲ့ ငါက ဒီနေရာမှာ အဆင်ပြေပါတယ်..."
နင်ဖူယောင်က မော့ကြည့်လိုက်ရာ သူမ၏ လေသံသည် အေးစက်နေပြီး လူအများကို မိုင်တစ်ထောင်အကွာတွင် ထားရှိသည့် အရှိန်အဝါတစ်ခုကို သယ်ဆောင်ထားသည်။
ဤသို့ တိုက်ရိုက်ငြင်းပယ်ခံရသော်လည်း လီဝမ်၏အပြုံးမှာ ပြောင်းလဲမသွားချေ။ ထိုအစား သူက ပို၍နှိမ့်ချစွာ ခေါင်းညိတ်ပြပြီး ပြောလိုက်သည်။
"အဲ့ဒါက တကယ်ကို ငါ ရိုင်းစိုင်းသွားတာပါ... ကျေးဇူးပြုပြီး ခွင့်လွှတ်ပါ မိန်းကလေး..."
ထိုသို့ပြောပြီးနောက် သူက ထွက်သွားရန် နောက်လှည့်လိုက်သော်လည်း သူ လှည့်လိုက်သည့် အခိုက်အတန့်တွင် သူ၏မျက်လုံးများတွင် မှောင်မိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ အခန်းထဲရှိလူများကို သူ ဝေ့ဝိုက်၍ကြည့်လိုက်သောအခါ သူ၏အကြည့်မှာ ပုရွက်ဆိတ်များကို ကြည့်နေသည့်အလားပင်။
သူ ထွက်သွားပြီးနောက် နင်ဖူယောင်သည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး သူမ၏ စိတ်နှလုံးသားထဲတွင် တွေးလိုက်သည်။
"သူ ငါ့ကို မမှတ်မိဘူးလား... အဲ့ဒီလိုတော့ မထင်ပါဘူး..."
"သခင်မ... ခုဏက အဲ့ဒီလူငယ်က စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းနယ်ပယ် အထွတ်အထိပ်အဆင့် စွမ်းအားရှိတယ်.... ပြီးတော့ သူ့မှာ မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိနေတယ်..."
အားချီသည် သူမကို သတိပေးလိုက်သော်လည်း ထိတ်လန့်မှု အရိပ်အယောင် အနည်းငယ်မျှ မရှိချေ။ ဤသည်မှာ စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက် သက်သက်ပင်။ သူမ၏စွမ်းအားသည် အထွတ်အထိပ်အဆင့်၏ တစ်ရာခိုင်နှုန်းထက်နည်းနေလျှင်ပင် သူ့ကို ခြေမွှပစ်ရန်မှာ အလွန်လွယ်ကူပေလိမ့်မည်။
"ကောင်းပြီလေ အားချီ...ငါ သိပါတယ်"
နင်ဖူယောင်က သူမ၏စိတ်ထဲတွင် ပြန်ဖြေလိုက်ကာ သူမ၏မျက်လုံးများတွင် သတိထားမှု အရိပ်အယောင်တစ်ရပ် ထွက်ပေါ်လာသည်။
ဦးလေးလင်း ပြောတာတွေက အမှန်ပဲ...သူက အပြင်ပန်းမှာတော့ ယဉ်ကျေးတယ်....ဒါပေမဲ့ တကယ်တမ်းကျတော့ သူက ငါ့အပေါ် အကြံအစည် ရှိနေတာပဲ....
သူမ တွေးတောနေစဉ် သူမ၏မျက်လုံးထောင့်မှနေ၍ အခန်းတံခါးအပြင်ဘက်ရှိ ရင်းနှီးသော အစိမ်းရောင်ဝတ်ရုံဝတ် ပုံရိပ်ကို ရုတ်တရက် မြင်တွေ့လိုက်ရသည်။ သူသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ သူမကို တိတ်ဆိတ်စွာ ကြည့်နေသည်။
"..."
နင်ဖူယောင် တခဏမျှ ကြောင်အမ်းသွားသည်။
ထို့နောက် သူမက ရုတ်တရက် မတ်တတ်ထရပ်ကာ အခန်းထဲရှိ လူများ၏ အံ့အားသင့်နေသော အကြည့်များကို လျစ်လျူရှုပြီး အပြင်သို့ ပြေးထွက်သွားခဲ့သည်။
တံခါးအပြင်ဘက်တွင်...
စူးချန်ကဲသည် အရပ်ရှည်ပြီး တင့်တယ်လှပစွာ မတ်တတ်ရပ်နေသည်။ သူ၏ဝတ်ရုံများသည် လေထုထဲတွင် ညင်သာစွာ လူးလွန့်နေပြီး သူ၏ နှုတ်ခမ်းများပေါ်တွင် ခပ်ဖျော့ဖျော့အပြုံးလေးတစ်ခု ဆော့ကစားနေကာ သူမကို တိတ်တဆိတ် ကြည့်နေသည်။
"အ... အ... အစ်... အစ်ကိုကြီး....နင် ဘာလို့ ဒီရောက်နေတာလဲ"
နင်ဖူယောင်၏ ချယ်ရီရောင် နှုတ်ခမ်းများ အနည်းငယ် ပွင့်ဟသွားပြီး သူမ၏လှပသော မျက်လုံးများ ပြူးကျယ်သွားကာ စကားများထစ်အပြီး သူမ၏မျက်လုံးများကိုပင် မယုံကြည်နိုင်လုနီးပါး ဖြစ်သွားသည်။
စူးချန်ကဲသည် ဘာမျှ မပြောဘဲ ပြုံးရုံသာ ပြုံးနေခဲ့လေ၏။
နောက်တစ်စက္ကန့်တွင်....
နင်ဖူယောင်၏ မျက်လုံးများ ချက်ချင်းနီရဲသွားပြီး သူမ၏နှာခေါင်း ကျိန်းစပ်သွားကာ သူမကဲ့သို့ တုံးအသူပင် နောက်ဆုံး၌ နားလည်သွားသည်။
စီနီယာအစ်ကိုက အစကတည်းက အရာအားလုံးကို သိနေခဲ့တာပဲ....
သူက ငါ့အတွက် တမင်သက်သက် လာခဲ့တာပဲ....
【ဒင်... လက်ခံသူက ကံကြမ္မာသမီးတော် နင်ဖူယောင်ကို အောင်မြင်စွာ နွေးထွေးစေခဲ့ပါတယ်... ဆုလာဘ် ...တစ်လစာ ကျင့်ကြံခြင်း အတွေ့အကြုံ】
စနစ်၏ အသိပေးချက်က စူးချန်ကဲ၏စိတ်ထဲတွင် မြည်ဟီးလာခဲ့ပြီးနောက် သူသည် နောက်ဆုံးတွင် ညင်သာစွာ ပြောလိုက်၏။
"ကောင်းပြီလေ... ဒီမှာ ကြောင်အမ်းအမ်းနဲ့ မတ်တတ်ရပ်မနေနဲ့တော့....ငါနဲ့ လိုက်ခဲ့တော့..."
ပြေးလာရသောကြောင့် သူမ၏အရှိန်အဝါ အနည်းငယ် မတည်မငြိမ် ဖြစ်နေသည်ကို မြင်တွေ့ချိန်၌ စူးချန်ကဲက သူမကို တခဏကြာခန့် အနားပေးရန် စီစဉ်လိုက်သည်။
"ဟုတ်ကဲ့ပါ စီနီယာအစ်ကို"
နင်ဖူယောင်သည် ရိုသေလေးစားစွာ ပြန်ဖြေလိုက်ရာ သူမ၏ အသံမှာ အနည်းငယ် ဆို့နင့်ပြီး နက်ရှိုင်းနေသည်။
ရုတ်ချည်းဆိုသလိုပင်....
သူတို့နှစ်ဦးသည် ဆူညံသော သာမန်အခန်း နယ်မြေကို ဖြတ်သန်းကာ အထူးဧည့်သည်များ အတွက် သီးသန့်ဖယ်ထားသော အပိုင်းသို့ ဝင်ရောက်သွားသည်။
ပတ်ဝန်းကျင်သည် ရုတ်တရက် ပြောင်းလဲသွားပေ၏။ စိတ်ဝိညာဉ်ချီများက လေထုထဲတွင် ပျံ့နှံ့နေပြီး စင်္ကြန်လမ်းသည် ကျယ်ဝန်းကာ နူးညံ့သောကော်ဇောများ ခင်းထားပြီး နှစ်ဖက်လုံးရှိ နံရံကပ်မီးအိမ်များမှ ညင်သာသော အလင်းတန်းများ ဖြာထွက်နေသည်။
နောက်ဆုံးတွင် စူးချန်ကဲသည် ရှုပ်ထွေးသော ဝင်္ကပါမှော်စာလုံးများ ရေးထွင်းထားသော တံခါးတစ်ချပ်ရှေ့တွင် ရပ်တန့်လိုက်သည်။
တံခါးသည် တိတ်ဆိတ်စွာ ပွင့်သွားပြီး နင်ဖူယောင်၏ မျက်လုံးထဲတွင် အသေးစား နန်းတော်တစ်ခုနှင့်တူသော ခမ်းနားထည်ဝါသည့် အခန်းတစ်ခန်းကို ဖော်ပြလိုက်၏။
အဖြူရောင် ကျောက်စိမ်းအုတ်များ၊ စိတ်ဝိညာဉ် သစ်သား တန်းများ၊ ထွင်းထုထားသော လက်ရန်းများနှင့် ဆေးခြယ်ထားသော အမိုးစွန်းများစသဖြင့် ထိုအရာများသည် မယုံနိုင်လောက်အောင် လှပသည်။
အထင်ရှားဆုံးမှာ အခန်း၏အလယ်ဗဟိုတွင် ဖြည်းညှင်းစွာ လည်ပတ်နေသော အဆင့်မြင့် စိတ်ဝိညာဉ် စုစည်းခြင်းဝင်္ကပါပင်။ ထိုအရာက ပြင်ပစိတ်ဝိညာဉ်ချီများကို သန့်စင်ပြီး စုပ်ယူကာ အခန်းတွင်းရှိ စိတ်ဝိညာဉ်ချီ သိပ်သည်းဆမှာ အပြင်ဘက်ထက် အဆများစွာ ပို၍မြင့်မားသည်။
"ဝိုး..."
နင်ဖူယောင်က အံ့အားသင့်မှုကို မပြသဘဲ မနေနိုင်အောင် ဖြစ်သွားသည်။ သူမသည် လောကကြီးကို မမြင်ဖူးခြင်း မဟုတ်သော်လည်း ကျဉ်းမြောင်းသော သာမန်အခန်းကို တွေ့ကြုံပြီးနောက် ဤကဲ့သို့ ကောင်းချီးမြေကို ရုတ်တရက် မြင်တွေ့လိုက်ရချိန်၌ ကြီးမားသော ခြားနားမှုက သူမကို မအံ့ဩဘဲ မနေနိုင်အောင် ဖြစ်စေသည်။
အခန်း ၁၆၀: ဒီလောက်တောင် အားနည်းတာလား
တစ်ချိန်တည်းမှာပင်...
ပျံသန်းရေးသင်္ဘောပေါ်တွင် အဝေးသို့ မရောက်သေးသော လီဝမ်က နောက်လှည့်လိုက်သည်။ စူးချန်ကဲကို စစ်ဆေးကြည့်ရှုပြီးနောက် သူပင်လျှင် နေထိုင်ရန် မတတ်နိုင်လုနီးပါး ဖြစ်နေသော အခန်းတစ်ခန်းထဲသို့ သူတို့ ဝင်သွားသည်ကိုကြည့်ရင်း သူ အနည်းငယ် ရပ်တန့်သွားသည်။ အပြုံးတစ်ခုသည် သူ၏နှုတ်ခမ်းထောင့်များတွင် ချက်ချင်းထင်ဟပ်သွားပြီး သူ့အတွက် အလွန်ကောင်းမွန်သည်ဟု မခံစားရဘဲ မနေနိုင်အောင် ဖြစ်သွားသည်။
"အတောင်ပံ မစုံသေးတဲ့ ငှက်ပေါက်လေးတစ်ကောင်လို့ ငါ ထင်ခဲ့တာ... ဒါပေမဲ့ အံ့အားသင့်စရာကောင်းတဲ့ စည်းစိမ်ချမ်းသာတွေ သယ်လာတဲ့ ငွေအများကြီး သုံးတဲ့သူ ဖြစ်နေတာပဲ..."
"အလှလေးရော စိတ်ဝိညာဉ်ကျောက်တုံးတွေရောက ဒီနေ့ ငါ့အတွက် ဖန်တီးခံထားရတာပဲ..."
"ဟား ဟား ဟား...."
သူက ရယ်မောပြီးနောက် ခြေလှမ်းကျဲကြီးများဖြင့် ထွက်သွားသည်။ သူ၏စိတ်နှလုံးသားထဲတွင် စီနီယာအစ်ကို စူးချန်ကဲနှင့် ဂျူနီယာညီမလေးတို့ကို အသတ်ခံရမည့် သိုးများအဖြစ် မြင်တွေ့နေလေပြီ။
ယခုချိန်၌ သူ လှုပ်ရှားမှု မလုပ်ရသည့် အကြောင်းအရင်းမှာ စိုးရိမ်ပူပန်မှုတချို့ကြောင့် ပင်။ မကြာသေးမီက သတင်း အတော်များများကို သူ ကြားခဲ့ရသည်။ ထိုအရာများမှာ ထိုက်ချင်ဂိုဏ်းက အရှေ့ပိုင်းနက်နဲသိမ်မွေ့နယ်မြေ၏ အထွတ်အထိပ်သို့ ရောက်ရှိသွားကြောင်း၊ ဝမ်ချီလန်စံအိမ်မှ လူ သုံးသောင်းကျော် သုတ်သင်ခံလိုက်ရကြောင်း၊ စိတ်ဝိညာဉ်နယ်မြေမှလူ ဖြစ်နိုင်ခြေရှိသော လူတစ်ယောက် အထီးကျန်ကောင်းကင်မြို့တော်၌ သေဆုံးသွားကြောင်းတို့ဖြစ်သည်။ ထို့ကြောင့် သူ၏ဖခင်က သူ့ကို သတိပေးချက်တစ်ခု ပေးခဲ့သည်။ အချိန်ကာလသည် မငြိမ်းချမ်းသဖြင့် သူ နှိမ့်ချနေရပေမည်။
သူ မည်သည့်အရာကို လုပ်ဆောင်လိုသည်ဖြစ်စေ အနည်းဆုံးအနေဖြင့် အရှေ့ပိုင်းနက်နဲသိမ်မွေ့နယ်မြေအတွင်း၌ မလှုပ်ရှားသင့်ချေ။ အရေးအကြီးဆုံးအချက်မှာ ထိုက်ချင်ဂိုဏ်းက မည်သူ့ကိုမှ မစော်ကားသင့်ဘဲ သာမန်တပည့် တစ်ယောက်ကိုပင် ရန်မစသင့်ပေ။
နင်ဖူယောင် သို့မဟုတ် စူးချန်ကဲတို့သည် ထိုက်ချင်ဂိုဏ်း၏အမှတ်အသား ပါဝင်သော ဝတ်စုံများကို မဝတ်ဆင်ထားသည်အား သူ သတိပြုမိခဲ့သည်။
ထို့ပြင် ထိုက်ချင်ဂိုဏ်းတပည့်များသည် မြောက်ပိုင်းဒေသသို့သွားရန် အကြောင်းပြချက် မရှိသလောက်နီးပါးပင်။ ထို့ကြောင့် ဆယ်ပုံပုံလျှင် ကိုးပုံမှာ သူတို့ မဟုတ်နိုင်ချေ။
စူးချန်ကဲနှင့် နင်ဖူယောင်တို့၏ပုံရိပ်များ အထူးအခန်းထဲသို့ ဝင်သွားချိန်၌ အောက်ထပ်ရှိ သာမန်အခန်းထဲမှ သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်မှုမှာ ချိုးဖျက်ခံလိုက်ရပြီး ပို၍ပြင်းထန်သော ဆွေးနွေးမှုများ ပေါက်ကွဲထွက်လာသည်။
"ရှီး... အဲ့ဒါက ဒီနယ်မြေဖြတ်ကျော်သင်္ဘောပေါ်က အကောင်းဆုံး အထူးခန်း မဟုတ်လား... အရင်တုန်းက အရှေ့ပိုင်းနက်နဲသိမ်မွေ့နယ်မြေက ထိပ်တန်းအင်အားစုတွေရဲ့ အရှင်သခင်တွေ ဒါမှမဟုတ် နတ်ဘုရားမီးတောက်နယ်ပယ် ကျွမ်းကျင်သူတွေပဲ အဲ့ဒီမှာ နေနိုင်တာ...."
"တစ်ရက်စာ ကုန်ကျစရိတ်က ငါတို့ရဲ့ ပိုင်ဆိုင်မှုတွေအားလုံးနဲ့ ညီမျှလောက်တယ်... အဲ့ဒီ စီနီယာအစ်ကိုနဲ့ ဂျူနီယာညီမလေး စုံတွဲရဲ့ နောက်ခံက ဘာများလဲ"
"သူတို့ကို ကြည့်ရတာ အရမ်းငယ်လွန်းတယ်... ဒါပေမဲ့ သူတို့က အရမ်းဟိတ်ဟန်ကြီးပြီးတော့ ကြီးမားတဲ့ စည်းစိမ်ချမ်းသာတွေကို သယ်ဆောင်လာတယ်.... ပြီးတော့ တာအို အကာအကွယ်ပေးမယ့် အကြီးအကဲတွေလည်း မရှိဘူး... မြောက်ပိုင်းဒေသကို သွားတဲ့လမ်းက မငြိမ်းချမ်းဘူး...အထူးသဖြင့် အဲ့ဒီ လွမ်မို တောင်ကြောပဲ ..."
"ဟူး... အပြစ်ကင်းတဲ့သူက အပြစ်ကင်းတယ်ဆိုပေမဲ့ ရတနာတစ်ခုကို ပိုင်ဆိုင်ထားတာက ပြစ်မှုတစ်ခုပဲ... ခုဏက လီမိသားစုက အဲ့ဒီသခင်လေးရဲ့အကြည့်ကို မင်းတို့ မမြင်ဘူးလား... ဒီစီနီယာအစ်ကိုနဲ့ ဂျူနီယာညီမလေးစုံတွဲက မြောက်ပိုင်းဒေသကို ရောက်မှာမဟုတ်ဘူး ထင်တယ်..."
"အဲ့ဒီ အရမ်းလှတဲ့ အမျိုးသမီးအတွက်တော့ နှမြောစရာပဲ..."
"အဲ့ဒီ အမျိုးသမီးက စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းနယ်ပယ် ကျင့်ကြံခြင်း ရှိတာကို ငါ မြင်တယ်... သူ့ရဲ့စီနီယာအစ်ကိုက သူ့ထက် ပိုပြီးအစွမ်းထက်ရမယ် မဟုတ်လား... လီသခင်လေးက လှုပ်ရှားရဲမှာ မဟုတ်ဘူး ထင်တယ်"
"သူတို့ ဘယ်လောက်ပဲ အစွမ်းထက်ပါစေ... သူတို့က ဘယ်လောက်တောင် ပိုအစွမ်းထက်နိုင်မှာလဲ... အများဆုံးတော့ သူတို့က စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းနယ်ပယ် နှောင်းပိုင်းအဆင့်မှာပဲ ရှိမှာ... လီသခင်လေးက မလှုပ်ရှားရဲဘူးလို့ မင်း ထင်နေတာလား... ဟဲ ဟဲ... အဲ့ဒါဆိုရင် မင်းက သူ့ကို အထင်သေးနေတာပဲ..."
လရောင်သည် တောက်ပစွာ ဖြာကျနေပေ၏။
အထူးခန်းထဲတွင်...
နင်ဖူယောင်သည် နူးညံ့သော ကုတင်ပေါ်တွင် တပလ္လင်ခွေထိုင်ကာ သူမ၏စိတ်ဝိညာဉ်ချီများကို ပြန်လည်ဖြည့်တင်းနေခဲ့သည်။ တစ်နာရီကြာ အနားယူပြီးနောက် သူမသည် ခုနစ်ပုံ ရှစ်ပုံခန့် ပြန်လည်ကောင်းမွန်လာခဲ့ပြီးနောက် သူမ၏ မျက်လုံးများကို ဖွင့်လိုက်ရာ စိတ်ဝိညာဉ်ချီ များက သူမ၏မျက်လုံးများအတွင်း၌ လှိုင်းထနေသည်။
သူမ၏မျက်နှာချင်းဆိုင်တွင်...
သစ်သားကုလားထိုင်ပေါ်တွင် ထိုင်ကာ လက်ဖက်ရည်သောက်နေသော စူးချန်ကဲသည် တစ်ခုခုကို ရုတ်တရက် သတိရသွားသည်။ သူသည် လက်ဖက်ရည်ခွက်ကိုချကာ မေးလိုက်သည်။
"ဒါနဲ့... ကောင်းကင်ကိုရောက်ရှိတဲ့ ဂိတ်တံခါးဆယ့်ခြောက်ပေါက်ဆိုတဲ့ နေရာကို မင်း သိလား"
ဤခရီးစဉ်၏ ရည်ရွယ်ချက်မှာ ရိုးရှင်းလေ၏။ ပထမအချက်မှာ သူ၏ဂျူနီယာညီမလေး အတွက် နင်မိသားစု၏ ပြဿနာကို ဖြေရှင်းပေးရန် ဖြစ်ပြီး ဒုတိယအချက်မှာ ကောင်းကင်တက်လှမ်းခြင်းတံတားကို ရှာဖွေရန်ပင်။ ကောင်းကင် တာအိုက သူ့ကို ကိုင်တွယ်ရန် ကံကြမ္မာသားတော်တစ်ဦးကို စိုးရိမ်တကြီး စေလွှတ်ခဲ့သည့် သဘောထားအပေါ် အခြေခံ၍ ကောင်းကင် တက်လှမ်းခြင်း လျှို့ဝှက်နယ်မြေသည် လေးဆယ့်ကိုးရက်ရက်မပြည့်မီ ပွင့်လာနိုင်သည်ဟု သူ ခန့်မှန်းမိသည်။
ထို့ကြောင့် ထိုနယ်မြေ ပွင့်မည့်နေရာကို စောစီးစွာ ရှာဖွေတွေ့ရှိခြင်းက သူ့ကို အားသာချက်တစ်ခု ရရှိစေနိုင်သည်။
"ကောင်းကင်ကို ရောက်ရှိစေတဲ့ ဂိတ်တံခါးဆယ့်ခြောက်ပေါက်လား"
နင်ဖူယောင် တခဏမျှ ကြောင်အမ်းသွားပြီးနောက် တွေးတောနေသော အမူအရာတစ်ခုကို ပြသကာ အပြင်းအထန် ပြန်လည်သတိရရန် ကြိုးစားလိုက်၏။ ဤသည်မှာ မကြာသေးမီ ရက်များအတွင်း သူမ၏စီနီယာအစ်ကိုမှ သူမကို အကူအညီတောင်းခြင်းမှာ ပထမဆုံးအကြိမ် ပင်။ ထိုကြောင့် သူမသည် ထိုကိစ္စကို အလေးအနက်ထားရပေမည်။
သို့ရာတွင် သူမ၏ဦးနှောက်ကို အပြင်းအထန် အလုပ်ပေး၍ စဉ်းစားပြီးနောက်တွင်တောင် သူမ ထိုအရာကို မသိနိုင်ခဲ့ချေ။
အကြောင်းအရင်းမှာ သူမ ထိုအရာအကြောင်းကို လုံးဝမကြားဖူးသောကြောင့်ပင်။
နောက်ဆုံးတွင် နင်ဖူယောင်က စူးချန်ကဲကို အပြစ်ရှိသကဲ့သို့ အကြည့်တစ်ခုဖြင့် ကြည့်ကာ ပြောလိုက်သည်။
"စီနီယာအစ်ကို... တောင်းပန်ပါတယ်... ဒီနေရာအကြောင်း ကျွန်မ မကြားဖူးဘူး..."
"အို...ကိစ္စ မရှိပါဘူး..."
စူးချန်ကဲက တည်ငြိမ်စွာ ပြောလိုက်၏။ ကြည့်ရသည်မှာ ထိုနေရာသည် အလွန်လျှို့ဝှက်ပုံရပြီး နင်မိသားစုပင်လျှင် ထိုနေရာအကြောင်း မသိထားချေ။
သူ တွေးတောနေစဉ်မှာပင်...
ဒေါက်...ဒေါက်...
အခန်းအပြင်ဘက်မှ တံခါးခေါက်သံ သဲ့သဲ့လေးတစ်သံ ထွက်ပေါ်လာသည်။
"လေးစားရတဲ့ ဧည့်သည်တော်တို့... အရှင်တို့ မှာထားတဲ့ စိတ်ဝိညာဉ်အစားအစာ နဲ့ မုန့်တွေ ရောက်လာပါပြီ..."
အနည်းငယ် အက်ရှရှရှိသော လူလတ်ပိုင်း အမျိုးသားတစ်ဦး၏အသံက တံခါးမှတဆင့် ထွက်ပေါ်လာပြီး သူ၏လေသံတွင် ရိုသေလေးစားမှုများ ရှိနေသည်။
"မုန့်တွေလား"
နင်ဖူယောင်၏အကြည့်က စူးချန်ကဲအပေါ်သို့ ကျရောက်သွားသည်။
အားချီ ၏ အသံသည်လည်း သူမ၏ စိတ်ထဲတွင် မြည်ဟည်းလာခဲ့လေသည်။
"သခင်မ... ရောက်လာတဲ့သူမှာ ကြောက်ဖို့ကောင်းတဲ့ အရှိန်အဝါရှိတယ်... သူ့ရဲ့ စိတ်ဝိညာဉ်ချီက မတည်ငြိမ်ဘူး...ပြီးတော့ သူက အဲ့ဒါကို တမင်တကာ ဖိနှိပ်ထားတယ်... သူက မှော်အက္ခရာပုံစံ ရေးထိုးခြင်းနယ်ပယ် ရဲ့ အလယ်အလတ်အဆင့်လောက်မှာ ရှိတယ်..."
သူမ၏မျက်နှာချင်းဆိုင်တွင်....
စူးချန်ကဲ၏အမူအရာမှာ တည်ငြိမ်နေပြီး သူက ပြောဆိုလိုက်သည်။
"ဝင်ခဲ့..."
တံခါးက တိတ်ဆိတ်စွာ ပွင့်သွားသည်။
ထို့နောက် သာမန်မျက်နှာတစ်ခု ရှိသော်လည်း လင်းလက်နေသော မျက်လုံးများနှင့် ပျံသန်းရေး သင်္ဘော အမှုထမ်းဝတ်စုံကို ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ရွှေရောင်ဗန်းတစ်ခုကို သယ်ဆောင်ကာ ဦးညွှတ်အရိုအသေပြုပြီး ဝင်လာခဲ့သည်။
ထိုဗန်းပေါ်တွင် စိတ်ဝိညာဉ်ချီများဖြင့် ပြည့်နှက်နေကာ အရည်အသွေးမြင့် စိတ်ဝိညာဉ်ပစ္စည်း များဖြင့် ပြုလုပ်ထားသော သပ်ရပ်လှပသည့် မုန့်များ ပန်းကန် အနည်းငယ် ရှိလေသည်။ ရနံ့လေးသက်သက်ကပင် လူတစ်ယောက်၏ စိတ်ဝိညာဉ်ကို လန်းဆန်းစေရန် လုံလောက်ပေ၏။
နင်ဖူယောင်သည် ချက်ချင်းဆိုသလိုပင် သူမ၏မျက်လုံးများကို အနည်းငယ် မှေးစင်းကာ တစ်ဖက်လူကို သတိထား၍ကြည့်လိုက်သော်လည်း သူမ စကားမပြောခဲ့ချေ။ ဤခွန်အားအဆင့်သာရှိသော တစ်ဖက်လူမှာ သူမ၏စီနီယာအစ်ကိုရှေ့တွင် ပုရွက်ဆိတ် တစ်ကောင်အလားပင်။
"ကျေးဇူးပြုပြီး သုံးဆောင်ပါ လေးစားရတဲ့ ဧည့်သည်တော်တို့..."
လူလတ်ပိုင်း အမှုထမ်းသည် ဗန်းကို အခန်း၏အလယ်ရှိ ကျောက်စိမ်းစားပွဲပေါ်တွင် ညင်သာစွာ တင်လိုက်သည်။ သူ၏ လှုပ်ရှားမှုများမှာ ပုံမှန်အတိုင်း ဖြစ်ပုံရသော်လည်း သူ၏ မျက်လုံးထောင့်က စူးချန်ကဲအပေါ် လျင်မြန်စွာ ဝေ့ဝိုက်၍ ကြည့်လိုက်၏။ အထူးသဖြင့် စူးချန်ကဲ သိုလှောင်ရေးမှော်လက်နက်များ ဝတ်ဆင်နိုင်သည့် သို့မဟုတ် စိတ်ဝိညာဉ် ချီလှိုင်းများကို ဖော်ပြနိုင်သည့် သူ ခါးနှင့်အင်္ကျီလက်ကဲ့သို့သော နေရာများတွင် ထိုအမှုထမ်း၏အကြည့် တခဏမျှ ရပ်တန့်သွားသည်။
အမှုထမ်း၏အတွေးများက သူ၏ စိတ်ထဲတွင် ပြေးလွှားနေခဲ့သည်။ သူ အနည်းငယ် စိုးရိမ်နေသော်လည်း ဖိနှိပ်၍မရသော စိတ်လှုပ်ရှားမှု တစ်ခုလည်း ရှိနေခဲ့လေ၏။
သခင်လေးလီ ပေးသော ဆုလာဘ်မှာ အမှန်တကယ်ကို ရက်ရောလွန်းလှသည်။ ထိုအရာက သူ့အတွက် နှစ်အနည်းငယ်မျှကြာအောင် ငြိမ်းချမ်းစွာ ကျင့်ကြံနိုင်ရန် လုံလောက်သည်။
ထို့ပြင် တာဝန်ကလည်း ရိုးရှင်းပြီး တစ်ဖက်လူ၏ခွန်အားကို စူးစမ်းပေးရုံ သက်သက်ပင်။ အနည်းငယ်တိုက်ခိုက်လိုက်ရုံဖြင့် စူးချန်ကဲ၏ တုံ့ပြန်မှုအမြန်နှုန်း၊ စိတ်ဝိညာဉ် ချီ ပြင်းအားနှင့် အလိုအလျောက် ထုတ်ဖော်ပြသလာမည့် အရှိန်အဝါတို့မှတဆင့် သူ၏နယ်ပယ်ကို အကြမ်းဖျင်း ခန့်မှန်းနိုင်ပေမည်။
ပျံသန်းရေးသင်္ဘောတွင် စည်းမျဉ်းများရှိကာ ဧည့်သည်များကို တိုက်ခိုက်ခြင်းအား တင်းကြပ်စွာ တားမြစ်ထားပြီး ဧည့်သည်များ၏ ဘေးကင်းမှုကို ကာကွယ်ရန် အမှုထမ်းများထံ၌ တာဝန်ရှိသည်။
သူ၏လုပ်ရပ်မှာ ရန်စမှုတစ်ခု ဖြစ်သော်လည်း သူ၏အင်အားကို ကောင်းစွာထိန်းချုပ်ပြီး အလွန်အမင်း လွန်ကဲသော အရာတစ်ခု မလုပ်သရွေ့ အဆိုးဆုံးဖြစ်လာမည့်အရာမှာ သူ နှင်ထုတ်ခံရခြင်းပင်။ အလွန်ကြီးမားသော ဆုလာဘ်နှင့် နှိုင်းယှဉ်လျှင် သူ့အတွက် အလုပ်တစ်ခုက ဘာအရေးကြီးမည်နည်း။
"စည်းစိမ်ချမ်းသာကို အန္တရာယ်ထဲမှာ ရှာဖွေရတယ်... ဒါ့ပြင် အန္တရာယ်က အဲ့ဒီလောက်ထိ မကြီးမားပါဘူး..."
အမှုထမ်းက သူ၏စိတ်နှလုံးသားထဲတွင် ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ထဲရှိ မှော်အက္ခရာပုံစံရေးထိုးခြင်းနယ်ပယ် စိတ်ဝိညာဉ်ချီများမှာ တိတ်ဆိတ်စွာ မြင့်တက်နေလေပြီ။ ဗန်းကို ကိုင်ထားသော သူ၏ဘယ်လက်က ထိုဗန်း၏ထောင့်ကို သတိမပြုမိအောင် ချိန်ညှိလိုက်ပြီး သူ၏ ညာလက်ကမူ လျော့ရဲရဲ ဆုပ်ထားသည်။ အေးစက်သော စွမ်းအင်တစ်မျှင်က သူ၏လက်ချောင်းထိပ်များတွင် စုစည်းနေပြီဖြစ်ပြီး ထုတ်လွှတ်ရန်အတွက် အဆင်သင့် ဖြစ်နေသည်။
အလင်းရောင်တစ်ခုသည် အမှုထမ်း၏ မျက်လုံးများတွင် လင်းလက်သွားသည်။ အချိန်ကြာမြင့်စွာ အသင့်ပြင်ထားသော သူ၏ညာလက်သည် တွင်းထဲမှ ထွက်လာသော အဆိပ်ပြင်းမြွေတစ်ကောင်အလား လျှပ်စီးကဲ့သို့ လျှင်မြန်စွာ တိုက်ခိုက်လိုက်၏။
သူက သူ၏ လက်ချောင်းငါးချောင်းကို စုစည်းလိုက်သည်။ အေးစက်သော လက်ချောင်း စွမ်းအင်သည် အသက်အန္တရာယ်ရှိသော နေရာသို့ တိုက်ရိုက်မတိုက်ခိုက်ဘဲ စူးချန်ကဲ၏နံဘေးရှိ လွတ်နေသော နေရာဆီသို့ ကောက်ကျစ်ယုတ်မာစွာ ခုတ်ပိုင်းလေသည်။ တစ်ချိန်တည်းမှာပင် သူ၏ဘယ်လက်က အနည်းငယ် တုန်ခါသွားပြီး ဗန်းပေါ်ရှိ စိတ်ဝိညာဉ် သစ်သီးတစ်လုံးက မတော်တဆ လျှောကျသွားကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ ဤသည်က တစ်ဖက်လူ၏အကဲဖြတ်မှုကို အနှောင့်အယှက်ပေးရန်အတွက် ပြဿနာအနည်းငယ်ကို ဖန်တီးရန် သူ ရည်ရွယ်ထားခြင်းပင်။
ဤတိုက်ခိုက်မှု၏အမြန်နှုန်း ထောင့်ချိုးနှင့် အင်အားမှာ သူ၏ မှော်အက္ခရာပုံစံရေးထိုးခြင်းနယ်ပယ် ကျင့်ကြံခြင်း၏ အကန့်အသတ်အထိ ထိန်းချုပ်ထားသော်လည်း ထိုအရာတွင် စစ်မှန်သော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒ မပါဝင်ချေ။ ထိုအရာမှာ စူးစမ်းမှု သက်သက်သာ ဖြစ်လေ၏။
နောက်ဆက်တွဲ အကျိုးဆက်များကိုပင် သူ၏ နှလုံးသားထဲတွင် တွက်ချက်ထားသည်။ တစ်ဖက်လူက ပိတ်ဆို့ဟန့်တားရန် ဒေါသတကြီး ပြန်လည်တိုက်ခိုက်သည်ဖြစ်စေ၊ ထိတ်လန့်တကြား ရှောင်တိမ်းသည်ဖြစ်စေ၊ အလျင်စလို သူ၏အရှိန်အဝါ ယိုစိမ့်ထွက်လာသည်ဖြစ်စေ မျက်တောင်တစ်ခတ်စာ အချိန်အတွင်း၌ သူ အကဲဖြတ်နိုင်ပြီးသည်။ ထို့နောက် သူ ချက်ချင်း ရပ်တန့်ကာ တစ်ဖက်လူ၏ အရှိန်အဝါကြောင့် ခြိမ်းခြောက်ခံရခြင်း သို့မဟုတ် ပစ္စည်းများကို မတော်တဆ တိုက်မိသည်ဟု ဟန်ဆောင်ခြင်းတို့ဖြင့် တောင်းပန်ရန် ဦးညွှတ်နိုင်သည်။ ဤဆင်ခြေမှာ အလွန်ယုတ္တိမတန်သော်လည်း လုံးဝမရှိသည်ထက် ပိုကောင်းလေ၏။
သို့ရာတွင်...
သူ မျှော်လင့်ထားသော တုံ့ပြန်မှုတစ်ခုမျှ ဖြစ်မလာခဲ့ချေ။
သူ၏မျက်လုံးထဲတွင် တိတ်ဆိတ်စွာ ထိုင်နေသော အစိမ်းရောင်ဝတ်ရုံဝတ်လူသည် အနည်းငယ်မျှပင် မလှုပ်ရှားခဲ့ချေ။
သူ့ထံတွင် စိတ်ဝိညာဉ်ချီများ ပေါက်ကွဲမှု မရှိ၊ အရှိန်အဝါ များ တိုက်မိမှုမရှိ၊ ရှောင်တိမ်းမှု မရှိ၊ ပိတ်ဆို့ဟန့်တားမှု မရှိချေ။
"ဟင်"
"အချိန်မီ မတုံ့ပြန်နိုင်ဘူးလား..."
"ငါက အရမ်းနှေးနှေးလေး တိုက်ခိုက်ခဲ့တာပါ..."
"သူက ဒီလောက်တောင် အားနည်းတာလား"
Book 16 end.