← Chapters

မြောင်ရန်ဖုန်းအား ကယ်တင်ခြင်း

Vol. 8 Ch. 81

မြောင်ရန်ဖုန်းအား ကယ်တင်ခြင်း

Vol. 8 Ch. 81

တုန်းဖန်းပုပိုက်တွင် ထွက်ပေါ်လာနိုင်သည့် အချိန်ကန့်သတ်ချက် (၅) မိနစ်ခန့် ရှိသေးပုံရ၏။ ကြက်ပေါင်တစ်ချောင်းကို အမြန်စားသောက်လိုက်ပြီးနောက် ချူကျန့်ထံမှ ထပ်တောင်းရန်ပင် ပျင်းရိနေဟန်ဖြင့် ဘယ်ဘက်လက်က ကြက်တောင်ပံတစ်ချောင်းကို လုယူကာ ညာဘက်လက်က နောက်ထပ် ကြက်ပေါင်တစ်ချောင်းကို ဆွဲယူလိုက်တော့၏။ ထို့နောက် လင်းလက်သော အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။ အစမှအဆုံးတိုင်အောင် စကားတစ်ခွန်းမျှ ဖွင့်ဟမသွားချေ။ ထွက်ပေါ်လာသည့် (၁) မိနစ်ခန့် အချိန်ကာလတစ်ခုလုံးကို စားသောက်ခြင်း၌သာ အကုန်အကျခံသွားသည်။

ကြက်ပေါင်ကို ကိုက်ရင်း ပျောက်ကွယ်သွားသော သူမ၏ ကျောပြင်ကို ကြည့်ကာ ချူကျန့် တစ်ယောက် သက်ပြင်းချရင်း ခေါင်းခါရမ်းလိုက်မိသည်။ သူမအား အကြိမ်အနည်းငယ် လှမ်းခေါ်ကြည့်သော်လည်း တုံ့ပြန်သံ တစ်စုံတစ်ရာမျှ ထွက်ပေါ်မလာချေ။ ယနေ့အတွက်တော့ သူမ ထပ်မံထွက်ပေါ်လာနိုင်မည် မဟုတ်တော့ဟု တွေးကာ လက်လျှော့လိုက်တော့၏။ ထို့နောက် သခင်ကြီးများအား နိမ်နှင်းခြင်း ကျင့်စဉ် အတွင်းရှိ တုန်းဖန်းပုပိုက်၏ စာမျက်နှာကို ဖွင့်ကြည့်လိုက်၏။ အသိအမှတ်ပြုမှု အမှတ်မှာ အနှုတ် (၁၀၀) မှ အနှုတ် (၉၀) သို့ တက်လာခဲ့သော်လည်း နာခံမှု အမှတ်မှာမူ အဆိုးရွားဆုံး အဆင့်တွင်သာ ရှိနေဆဲပင်။ သူမအား လိမ်လိမ်မာမာဖြင့် အလုပ်အကျွေးပြုမည့် လက်အောက်ငယ်သားကောင်း တစ်ယောက်ဖြစ်လာစေရန် အချိန်ကာလတစ်ခုအထိ အရသာရှိသော အစားအသောက်များဖြင့် မြူဆွယ်ရဦးမည်မှာ သေချာနေပေတော့သည်။

သို့ဖြစ်သော်ငြားလည်း မှန်ကန်သော နည်းလမ်းကို ရှာဖွေတွေ့ရှိသွားပြီဖြစ်ရာ ရှေ့ဆက်၍ အရသာရှိသော အစားအစာများ၊ အချိုပွဲများနှင့် မုန့်ပဲသရေစာများကိုသာ ဆက်တိုက် ကျွေးမွေးသွားပါက အသိအမှတ်ပြုမှု အမှတ် (၁၀၀) ပြည့်ရန်မှာ အချိန်ကာလတစ်ခုသာ လိုတော့မည် ဖြစ်သည်။

ချူကျန့်သည် တုန်းဖန်းပုပိုက် စားကြွင်းစားကျန်ဖြစ်သော သူတောင်းစားကြက်ကင်ကို အကုန်စားပစ်လိုက်၏။ ထို့နောက် ကျန်ရှိနေသေးသော ကြက်ကင် (၄) ကောင်ကို ဆွဲကိုင်ကာ ပျက်စီးနေသော ဘုရားကျောင်းပျက်ကြီးဆီသို့ ပြန်လာခဲ့၏။ ချန်လင်းစုအား နှိုးလိုက်ပြီးနောက် ဟူဖေး၊ ကျုံးကျောက်ဝန် တို့နှင့်အတူ ဝေမျှစားသောက်လိုက်ကြ၏။

ချူကျန့်တွင် ဤမျှ ကောင်းမွန်သော ဟင်းချက်လက်ရာရှိမည်ဟု မည်သူကမျှ ထင်မှတ်မထားခဲ့ကြပေ။ တစ်ညလုံး ငတ်မွတ်နေခဲ့ကြသည်က တစ်ကြောင်းမို့ အားလုံးမှာ ပါးစပ်မှ မချနိုင်အောင် မြိန်ရေယှက်ရေ စားသောက်နေကြတော့သည်။

စားသောက်နေစဉ်အတွင်း ဟူဖေးက ရွှေမျက်နှာဗုဒ္ဓ ဟု ကျော်ကြားသော မြောင်ရန်ဖုန်း အကြောင်းကို စကားစလာကာ သူ၏ ဖြောင့်မတ်တည်ကြည်သော သူရဲကောင်းဆန်သည့် လုပ်ရပ်များကို တစ်သီတစ်တန်းကြီး ပြောပြနေ၏။

ဤလုပ်ရပ်၏ နောက်ကွယ်မှ ရည်ရွယ်ချက်ကို ချူကျန့် တစ်ချက်ကြည့်ရုံဖြင့် ဖောက်ထွင်းသိမြင်လိုက်၏။ ချန်လင်းစု တစ်ယောက် မြောင်ရန်ဖုန်းအား ကုသပေးရာတွင် အစွမ်းကုန် မကုသပေးမည်ကို စိုးရိမ်နေခြင်းသာ ဖြစ်သည်။

'ချန်လင်းစုဆိုတာ တစ်ချက်ကြည့်ရုံနဲ့ ကတိသစ္စာတည်ကြည်တဲ့သူမှန်း သိသာနေတာပဲ... ကယ်မယ်လို့ ပြောပြီးမှတော့ အစွမ်းကုန် ကုသပေးမှာ သေချာနေတာကို ဟူဖေးက ဘာလို့ ဒီလို ကလေးကွက်တွေ နင်းနေရတာလဲ...'

ချူကျန့် စိတ်ထဲမှ ရေရွတ်ရင်း ခေါင်းခါလိုက်မိသည်။ ဟူဖေးသည် ဖြောင့်မတ်တည်ကြည်ပြီး သူရဲကောင်းစိတ်ဓာတ် ရှိသော်ငြားလည်း အကောင်းနှင့်အဆိုး ခွဲခြားမှုအပေါ် အလွန်အမင်း စွဲလမ်းလွန်းသူ ဖြစ်သည်။ ထို့ကြောင့် ဆေးဘုရင်စံအိမ်တော် မှ ဆင်းသက်လာသော ချန်လင်းစုအပေါ် အပြည့်အဝ ယုံကြည်စိတ်ချနိုင်ခြင်း မရှိသေးပုံရ၏။

ချန်လင်းစုက မေးမြန်းလိုက်သည်။

“အစ်ကိုချူ... ညီမက ဦးလေးဟူ၊ ဦးလေးကျုံး တို့နဲ့အတူ ရွှေမျက်နှာဗုဒ္ဓ မြောင်သိုင်းသူရဲကောင်းဆီကို သွားရတော့မယ်... အစ်ကိုကရော...”

မူလက ချူကျန့်သည် သူတို့နှင့်အတူ ဤခရီးကို လိုက်ပါသွားလိုခြင်း မရှိချေ။ သို့သော် ချင်ရူယွင် ထံမှ ပြန်စာသယ်ဆောင်လာသော စွန်ရဲငယ်လေး၏ သတင်းအရ သူမ၏ ဂိုဏ်းတွင် အရေးတကြီး ဖြေရှင်းရမည့် ကိစ္စရပ်များ ရှိနေသဖြင့် နောက်ထပ် ရက်အနည်းငယ် ကြာမှသာ တာဝန်ထမ်းဆောင်ရန် အချိန်ရနိုင်မည် ဖြစ်ကြောင်း သိလိုက်ရသည်။ ထိုအခါကျမှသာ တွေ့ဆုံရမည့် အချိန်နှင့် နေရာကို ကြိုတင် ဆက်သွယ်ပေးမည်ဟု ဆိုထားသည်။

လတ်တလောတွင် ချူကျန့်၌ အခြားလုပ်စရာ ကိစ္စမရှိသည့်အပြင် ချန်လင်းစု တစ်ယောက်တည်း ခရီးဝေးထွက်ရမည်ကိုလည်း စိုးရိမ်မိသဖြင့် ဝင်ပြောလိုက်၏။

“ကိုယ်လည်း မင်းတို့နဲ့အတူ လိုက်ခဲ့မယ်လေ... မင်းက ခရီးဝေး တစ်ခါမှ ထွက်ဖူးတာ မဟုတ်ဘူး... မင်းအိမ်ကလည်း ကိုယ့်ကြောင့် ပျက်စီးသွားရတာဆိုတော့ မင်း တစ်ယောက်တည်း ဒီလောက်ဝေးတဲ့ နေရာကို သွားရမှာကို ကိုယ် ဘယ်လိုလုပ် စိတ်ချနိုင်မှာလဲ...”

ထိုစကားကြောင့် ချန်လင်းစု၏ မျက်နှာလေးမှာ ရဲခနဲ ဖြစ်သွားပြီး ရင်ထဲတွင် နွေးထွေးမှု တစ်လှိုင်း ဖြတ်ပြေးသွားတော့သည်။

သူမသည် ချူကျန့်၏ သာမန်မျှသာရှိသော မျက်နှာဘေးတိုက်မြင်ကွင်းကို ခိုးကြည့်လိုက်မိသည်။

'အစ်ကိုချူက ကြီးမြတ်တဲ့ အလုပ်တွေကို လုပ်မယ့်သူပဲ... ငါနဲ့အတူ လယ်ကွင်းထဲမှာ ဆေးပင်တွေစိုက်ရင်း ဘဝကို အလကား အချိန်ကုန်ခံခိုင်းလို့ ဘယ်ဖြစ်ပါ့မလဲ... သူက သိုင်းပညာ သင်ယူနိုင်စွမ်းနဲ့ ဉာဏ်ရည် နိမ့်ကျလွန်းလို့သာ ကောစံအိမ်တော် မှာ အထင်သေးခံခဲ့ရတာ... သူ လောကနံပါတ်တစ် သိုင်းပညာရှင် တစ်ယောက် ဖြစ်လာအောင် ငါ မဖြစ်မနေ နည်းလမ်းရှာပေးရမယ်... ဒါမှ ကောစံအိမ်တော် ကို ခေါင်းမော့ပြီး ပြန်သွားနိုင်မှာ...'

သူမ စိတ်ထဲမှ ခိုင်မာစွာ တွေးတောလိုက်၏။

ထိုသို့တွေးမိသည်နှင့် တစ်ပြိုင်နက် ဟူဖေးဘက်သို့ ရုတ်တရက် လှည့်ကာ မေးလိုက်သည်။

“မြောင်သိုင်းသူရဲကောင်းရဲ့ သိုင်းပညာက အလွန် မြင့်မားတယ်လို့ ကြားဖူးတယ်... အထူးသဖြင့် မြောင်မိသားစု ဓားသိုင်း က ရိုးရှင်းမှုကနေ နက်နဲမှုကို ကူးပြောင်းနိုင်ပြီး အမြင့်ဆုံးအဆင့်ထိ လေ့ကျင့်နိုင်ရင် ကျင့်ကြံသူရဲ့ သိုင်းပညာ ဉာဏ်ရည်ဉာဏ်သွေးကိုပါ မြင့်တက်လာစေနိုင်တယ် ဆိုတာ တကယ်ပဲလား ဦးလေးဟူ...”

ဟူဖေး တစ်ချက် မှင်သက်သွားပြီးနောက် ပြန်ဖြေလိုက်၏။

“အဲဒီ ကောလဟာလတော့ ရှိပါတယ်... ကြားရသလောက်တော့ မြောင်သိုင်းသူရဲကောင်းက ငယ်ငယ်တုန်းက သာမန် ဉာဏ်ရည်ပဲ ရှိခဲ့ပေမယ့် မြောင်မိသားစု ဓားသိုင်း ကို ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့လို့ နောက်ဆုံးမှာ သိုင်းပညာရှင်ကြီး တစ်ယောက် ဖြစ်လာခဲ့တာတဲ့... ဒါကြောင့် မြောင်မိသားစု ဓားသိုင်း က သိုင်းပညာ ဉာဏ်ရည်ဉာဏ်သွေးကို မြင့်တက်စေနိုင်တယ်လို့ ကောလာဟလ ထွက်နေတာပေါ့... ဒါပေမဲ့ မြောင်သိုင်းသူရဲကောင်းမှာ တပည့် တစ်ယောက်မှ မရှိခဲ့တော့ ဒီသတင်းက အမှန်လား အမှားလား ဆိုတာ ဘယ်သူမှ သေသေချာချာ မသိကြဘူးလေ...”

ဉာဏ်ရည်ကို မြင့်တက်စေနိုင်တယ်...။

ချူကျန့်၏ နားရွက်များ ချက်ချင်း ထောင်မတ်သွားတော့သည်။ ယခုအချိန်တွင် သူသည် ဉာဏ်ရည်မြင့်တက်လာစေရန် အလွန်အမင်း အလေးထားနေရသည့် အချိန် ဖြစ်သည်။ ဤအချက်သည် ဆေးဘုရင် နတ်ကျမ်း ကို သူ သင်ယူတတ်မြောက်နိုင်မည်လား ဆိုသည့် အရေးကြီးသော သော့ချက်ပင်။ အကယ်၍ ထို မြောင်မိသားစု ဓားသိုင်း သည် ဉာဏ်ရည်ဉာဏ်သွေးကို တကယ်ပင် မြင့်တက်လာစေနိုင်မည် ဆိုပါက ထိုဓားသိုင်းကို ရရှိရန် မည်သည့် နည်းလမ်းကိုမဆို အသုံးပြုသွားရန် သူ ဝန်လေးနေမည် မဟုတ်ချေ။ သူကိုယ်တိုင် နက်နဲသိမ်မွေ့သော သိုင်းပညာပေါင်းမြောက်မြားစွာကို တတ်ကျွမ်းထားပြီး ဖြစ်ကာ သာမန် ဇာတ်ကောင် များ၏ သိုင်းကွက်များကို စိတ်ဝင်စားမှု မရှိသော်ငြားလည်း ဤအခွင့်အရေးကိုတော့ လက်လွှတ်ခံမည် မဟုတ်ပေ။

ချန်လင်းစုသည် လက်လှမ်းကာ ချူကျန့်၏ လက်ဝါးကြီးအား ဖွဖွလေး ဆုပ်နယ်လိုက်ရင်း မျက်စိတစ်ချက် မှိတ်ပြလိုက်၏။

'ဒီကောင်မလေး... ဒီအခွင့်အရေးကို အသုံးချပြီး မြောင်ရန်ဖုန်းဆီက မြောင်မိသားစု ဓားသိုင်း ကို တောင်းယူပြီး ငါ့ကို လက်ဆောင်ပေးဖို့ ကြံစည်နေတာပဲ...'

ချူကျန့် ချက်ချင်း သဘောပေါက်သွားတော့သည်။ သူ၏ ရင်ထဲတွင် နွေးထွေးသွားကာ ဤမိန်းကလေး၏ စေတနာကို အသိအမှတ် ပြုလိုက်မိတော့၏။

လူလေးယောက်သား နေ့တစ်ဝက်ခန့် အနားယူလိုက်ကြသဖြင့် အားအင်များ ပြန်လည် ပြည့်ဖြိုးလာကြလေပြီ။ ချန်လင်းစု ပင်လျှင် ပန်းကိုးပွင့် ကျောက်စိမ်းနှင်းရည် ဆေးလုံး ကို သောက်သုံးထားသဖြင့် ဒဏ်ရာများ များစွာ သက်သာလာခဲ့သည်။ ထို့နောက် ဟူဖေးနှင့် ကျုံးကျောက်ဝန် တို့က ရှေ့မှ လမ်းပြကာ ချူကျန့်က ချန်လင်းစုအား တွဲခေါ်ရင်း နောက်မှလိုက်ပါလျက် မြောင်ရန်ဖုန်း၏ နေအိမ်ဆီသို့ ဦးတည်ထွက်ခွာလာခဲ့ကြတော့သည်။

နေ့တစ်ဝက်ခန့် လမ်းလျှောက်ပြီးနောက် မြို့ငယ်လေး တစ်မြို့သို့ ရောက်ရှိသွားကာ သာမန် မြင်း (၄) ကောင်ကို ဝယ်ယူနိုင်ခဲ့သဖြင့် ခရီးသွားရသည့် ပင်ပန်းဆင်းရဲမှု အနည်းငယ် လျော့ကျသွားခဲ့၏။ ထိုကဲ့သို့ ခရီးဆက်လာခဲ့ကြသည်မှာ ရက်ပေါင်းများစွာ ကြာမြင့်ခဲ့လေပြီ။ ဤနေ့ မွန်းတည့်ချိန်တွင်မူ ဖုန်တလူးလူးဖြင့် လယ်တောအိမ်လေး တစ်လုံးရှေ့သို့ ရောက်ရှိလာကြတော့သည်။ သို့သော် အိမ်အပြင်ဘက်တွင် အရပ်မောင်းကောင်းသော မြင်းကြီး (၇) ကောင်ကို ချည်နှောင်ထားသည်ကို အဝေးမှ လှမ်းမြင်လိုက်ကြရ၏။

ကျုံးကျောက်ဝန် က အံ့သြတကြီးဖြင့်...

“ဟင်... မြောင်သိုင်းသူရဲကောင်း အိမ်ကို ဧည့်သည်တွေ ရောက်နေတာလား...”

သူ မြင်းပေါ်မှ ခုန်ဆင်းလိုက်ပြီးနောက်...

“ကျွန်တော် အရင်သွားကြည့်လိုက်ဦးမယ်...”

ဟုဆိုကာ ခြေသံဖွဖွဖြင့် အိမ်လေးဆီသို့ ချဉ်းကပ်သွားတော့သည်။

ထိုစဉ် ဟူဖေးက ရုတ်တရက် အာရုံစူးစိုက်ကာ နားစွင့်လိုက်ပြီး အရှေ့ဘက် သစ်တောအုပ်ဆီသို့ လက်ညှိုးထိုးပြလိုက်၏။

“ဟိုဘက်မှာ လူတွေ တိုက်ခိုက်နေကြတယ်...”

ချူကျန့်၏ အမြင်အာရုံသည် ဟူဖေးထက် များစွာ သာလွန်လှသည်။ ယခုအချိန်က မွန်းတည့်ချိန်ဖြစ်ပြီး နေရောင်ခြည် တောက်ပနေသဖြင့် ပို၍ပင် ဝေးဝေးကို မြင်နိုင်စွမ်း ရှိနေ၏။ သစ်တောအုပ်အနီးတွင် လူ (၃၀) ၊ (၄၀) ခန့်က ရုပ်ဆိုးဆိုး ယောကျ်ားကြီး နှစ်ယောက်ကို ဝိုင်းဝန်း တိုက်ခိုက်နေကြသည်ကို သူ တွေ့လိုက်ရသည်။ ထိုဝိုင်းထားခံရသူ နှစ်ဦး၏ ရုပ်ရည်နှင့် ဝတ်စားဆင်ယင်ပုံကို ကြည့်ရသည်မှာ ကျုံးကျောက်ဝန် ၏ ညီအစ်ကိုများ ဖြစ်သော ကျုံးကျောက်ယင်း နှင့် ကျုံးကျောက်နန် တို့ ဖြစ်ဟန် တူသည်။

ထိုလူစုသည် တစ်ယောက်ချင်းစီတိုင်းက ခက်ထန်ကြမ်းတမ်းသော အသွင်အပြင် ရှိကြ၏။ လူ (၅) ယောက်ကို စေလွှတ်ကာ ကျုံးကျောက်ယင်း နှင့် ကျုံးကျောက်နန် တို့အား တိုက်ခိုက်စေခဲ့ပြီး ယခုအခါ အသာစီးရနေပြီ ဖြစ်သည်။

ချူကျန့် မျက်မှောင်ကြုတ်သွားတော့၏။ သူ လာစဉ်ကတည်းက ကျုံးညီနောင် သုံးဖော်ထဲမှ ကျုံးကျောက်ယင်း နှင့် ကျုံးကျောက်နန် တို့သည် မြောင်အိမ်တော်တွင် ကျန်ရစ်ကာ မြောင်ရန်ဖုန်းအား ကာကွယ်ပေးရန် တာဝန်ယူထားကြောင်း ကြားသိခဲ့ရပြီး ဖြစ်သည်။ ယခု အခြေအနေအရ ကြည့်လျှင် မြောင်ရန်ဖုန်းမှာ အန္တရာယ်နှင့် ရင်ဆိုင်နေရပြီ ဖြစ်ကြောင်း သိသာထင်ရှားနေပေပြီ။

'ကျစ်... ဒီအန္တရာယ်က စောစောလည်း မလာဘူး... နောက်လည်း မကျဘူး... ငါတို့ လေးယောက် ရောက်လာတဲ့ အချိန်မှ ကွက်တိ လာရတယ်လို့... ဒါ သေချာပေါက် ကံကြမ္မာရဲ့ ထူးဆန်းတဲ့ အလှည့်အပြောင်း တစ်ခုတော့ ဖြစ်ရမယ်...'

သူ စိတ်ထဲမှ အကြီးအကျယ် ကျိန်ဆဲလိုက်မိတော့သည်။

ရန်သူ လူ (၃၀) ၊ (၄၀) ခန့်ကို သေချာကြည့်လိုက်လျှင် တစ်ယောက်ချင်းစီ၏ သိုင်းပညာမှာ သာမန်မဟုတ်ချေ။ တစ်ယောက်ချင်း ယှဉ်တိုက်လျှင်ပင် ကျုံးညီနောင် သုံးဖော်ထက် အားနည်းမည် မဟုတ်ပေ။ ထိုအထဲမှ ဓားကို ကိုင်ဆောင်ထားသော လူလတ်ပိုင်းအရွယ် ယောကျ်ားတစ်ယောက်မှာ ပို၍ပင် အစွမ်းထက်လှပြီး ဟူဖေးထက် လုံးဝ အောက်ကျမည် မဟုတ်ချေ။ မိမိတို့ဘက်တွင် လူလေးယောက်သာ ရှိရာ အင်အားသုံးကာ ထိပ်တိုက်ရင်ဆိုင်မည်ဆိုပါက အနိုင်ရရန် အခွင့်အလမ်း လုံးဝမရှိသလောက်ပင်။

ချန်လင်းစုအား တစ်ချက်ကြည့်ကာ စိတ်ထဲမှ တွေးတောချင့်ချိန်လိုက်၏။ မြောင်ရန်ဖုန်း၏ မြောင်မိသားစု ဓားသိုင်း မည်မျှပင် အစွမ်းထက်စေကာမူ မိမိကိုယ်တိုင် ဖန်တီးထားသော ငွေရောင်နှင်းခဲ လခြမ်းကွေး ဓားသိုင်း ကို ယှဉ်နိုင်မည် မဟုတ်ပေ။ ထို့အပြင် ဉာဏ်ရည်ဉာဏ်သွေးကို တကယ် မြင့်တက်စေနိုင်မည်လား ဆိုသည်မှာလည်း မသေချာသေးချေ။ အကယ်၍ ဤကိစ္စတွင် ဝင်စွက်ဖက်လိုက်ပါက အန္တရာယ် အလွန်ကြီးမားပြီး အကျိုးအမြတ်က မသေချာပေ။ ထို့အပြင် ဤလူများကို အမှန်တကယ် တိုက်ထုတ်နိုင်ခဲ့လျှင်ပင် သိုင်းလောကတစ်ခုလုံးသို့ သတင်းပျံ့နှံ့သွားကာ မိမိ၏ သဲလွန်စကို ဖော်ထုတ်မိသလို ဖြစ်သွားပြီး အခြားသူများ၏ အကြီးအကျယ် လိုက်လံသတ်ဖြတ်ခြင်းကို ခံရနိုင်သည်။

ထို့အပြင် ချန်လင်းစုမှာလည်း ဒဏ်ရာရထားသေးသဖြင့် တစ်ခြားသူများနှင့် တိုက်ခိုက်ရန် မသင့်တော်ချေ။

'ထားလိုက်တော့... အရင် ဆုတ်ခွာတာက အကောင်းဆုံးပဲ... ဒီတစ်ခါ ထူးဆန်းတဲ့ ကံကြမ္မာ အဖြစ်အပျက်ကို ငါ လုံးဝ ဝင်မပါတော့ဘူး...'

ချူကျန့်သည် ချန်လင်းစုအား လှမ်းဆွဲလိုက်ပြီး မြင်းလှည့်ကာ ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် ချန်လင်းစုက သူ၏ အနီးသို့ ကပ်လာကာ တီးတိုးပြောလိုက်၏။

“အစ်ကိုချူ... မြောင်ရန်ဖုန်းက ဒုက္ခရောက်နေပုံရတယ်... တကယ်လို့ ကျွန်မတို့ ဒီတစ်ကြိမ် သူ့ကို ကူညီနိုင်ခဲ့မယ်၊ ပြီးတော့ သူ့အဆိပ်ကိုပါ ဖြေပေးနိုင်မယ် ဆိုရင် သူ မြောင်မိသားစု ဓားသိုင်း ကို အစ်ကို့ဆီ လက်ဆင့်ကမ်းလာအောင် လုပ်ပေးနိုင်ဖို့ ကျွန်မမှာ ယုံကြည်မှု အပြည့်ရှိတယ်နော်...”

ပြောရင်းဆိုရင်း ချူကျန့်၏ အဖြေကိုပင် မစောင့်တော့ဘဲ ဟူဖေးဘက်သို့ လှည့်ကာ...

“ဦးလေးဟူ... မြောင်သိုင်းသူရဲကောင်း အန္တရာယ်ကြုံနေရပြီ ထင်တယ်... ကျွန်မတို့ သွားကူညီရအောင်...”

“ကောင်းပြီလေ... ရှေ့ကနေ ကျုပ် လမ်းရှင်းပေးမယ်...”

ဟူဖေး ပြန်ဖြေလိုက်၏။ သူ မြင်းပေါ်မှ ခုန်ဆင်းကာ ဓားကို ဆွဲထုတ်လိုက်ပြီး အိမ်လေးဆီသို့ ရှေ့ဆုံးမှ ဦးဆောင်သွားတော့သည်။ ချန်လင်းစုကလည်း ချူကျန့်အား ဆွဲကာ နောက်မှ လိုက်ပါသွား၏။ သူမ၏ ခိုင်မာသော ဆုံးဖြတ်ချက်ကို မြင်လိုက်ရသဖြင့် ချူကျန့်လည်း မတတ်သာတော့ဘဲ နောက်မှ လိုက်ပါသွားရတော့သည်။

အိမ်လေးအနီးသို့ ချဉ်းကပ်သွားသောအခါ ကျုံးကျောက်ဝန် တစ်ယောက် ပြတင်းပေါက်နားတွင် ပုန်းကွယ်ကာ ခိုးနားထောင်နေသည်ကို တွေ့လိုက်ရသည်။ အိမ်တွင်းမှ ယောကျ်ားနှစ်ယောက်၏ စကားပြောသံများ ထွက်ပေါ်လာ၏။ တည်ငြိမ်လေးနက်သော အသံတစ်သံက...

“ထျန်ကွေ့နုန် ဘယ်မှာလဲ... သူ ငါနဲ့ လူချင်းတွေ့ပြီး စကားပြောရဲတဲ့ သတ္တိတောင် မရှိတော့ဘူးလား...”

နောက်ထပ် အက်ကွဲကွဲ အသံရှင် တစ်ယောက်က...

“ဒီလို မျက်ကန်းတစ်ယောက်အတွက် ထျန်သခင်ကြီး ကိုယ်တိုင် ထွက်လာစရာ လိုသေးလို့လားကွ...”

စကားဝိုင်း ပျက်သွားပြီဖြစ်ကြောင်း သေချာနေပြီး မကြာမီ တိုက်ပွဲစတော့မည်မှာ အသေအချာပင်။

ချူကျန့် အဝေးသို့ လှမ်းကြည့်လိုက်ရာ သစ်တောအုပ်ဘက်တွင် အရှုံးအနိုင် ပေါ်တော့မည်ကို တွေ့လိုက်ရ၏။ သူတို့အုပ်စု မြောင်ရန်ဖုန်းအား ကယ်တင်ပြီး ထွက်ပြေးနိုင်ရန်အတွက် တစ်ယောက်ယောက်က အချိန်ဆွဲပေးထားရန် လိုအပ်နေသည်။

သူ့မျက်လုံးများ တစ်ချက် လည်သွားပြီးနောက် ကျုံးကျောက်ဝန် အား ဖွဖွလေး ပုတ်ကာ တီးတိုးပြောလိုက်၏။

“အစ်ကိုကျုံး... ဟိုဘက်မှာ ခင်ဗျား ညီအစ်ကိုတွေ တိုက်ခိုက်နေရတယ်... ခင်ဗျား မြန်မြန် သွားကူညီလိုက်ပါ... ဒီဘက်မှာ ကျွန်တော်တို့ ရှိတယ်... ရတယ်...”

ကျုံးကျောက်ဝန် လန့်ဖြန့်သွားကာ ကမန်းကတန်း ခေါင်းညိတ်ပြပြီး သစ်တောအုပ်ရှိရာဘက်သို့ ပြေးထွက်သွားတော့သည်။

သူ ပြေးထွက်သွားသည့် လှုပ်ရှားမှုကြောင့် အိမ်တွင်းမှ လူများ ရိပ်မိသွားကြလေပြီ။ ထို အက်ကွဲကွဲ အသံရှင်က အော်ဟစ်လိုက်၏။

“အပြင်က ဘယ်သူလဲ...”

ဟူဖေးက ချူကျန့်ဘက်သို့ လှည့်ကြည့်လာသည်။ ဆုံးဖြတ်ချက် တစ်ခုခုကို စောင့်မျှော်နေသည့်ဟန်ပင်။

'ငါ့ကို ကြည့်နေတော့ ဘာထူးမှာလဲ... တံခါးကို တန်းဖျက်ဝင်ပြီး ရန်သူကို အလစ်အငိုက် ဝင်တိုက်... ပြီးတာနဲ့ မြောင်ရန်ဖုန်းကို ဆွဲ၊ မြင်းကို လုပြီး ပြေးရုံပေါ့...'

ချူကျန့် စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။

သို့သော်လည်း လူမိသွားပြီဖြစ်ရာ သူ အသံကို နှိမ့်ကာ ပြောလိုက်၏။

“မြောင်သိုင်းသူရဲကောင်းကို ခင်ဗျား ပြန်ရောက်လာပြီဆိုတာ သိအောင် လုပ်လိုက်... ပြီးရင် အဆိပ်လက်ဝါး ဆေးဘုရင် ရဲ့ နာမည်ကို သုံးပြီး သူတို့ကို ခြောက်လှန့်ထား... ကျွန်တော့် အချက်ပြတာကို ကြည့်ပြီးတာနဲ့ ချက်ချင်း ဝင်ကယ်မယ်…”

All Chapters