အင်အားကို အသုံးချကာ လှည့်ဖြားခြင်း
Vol. 8 Ch. 82
ဟူဖေးက သဘောပေါက်ကြောင်း ခေါင်းညိတ်ပြလိုက်၏။ ချူကျန့်သည် သူ၏ သိုလှောင်အိတ်ထဲမှ ခေါင်းစွပ်ပါသော ခြုံထည်ကြီးတစ်ခုကို ထုတ်ယူကာ ဝတ်ဆင်လိုက်၏။ ညဘက် လှုပ်ရှားရန်အတွက် အခြား ကစားသမား တစ်ယောက်ထံမှ လုယူထားခဲ့ခြင်း ဖြစ်သော်လည်း ယခုလို နေ့ခင်းဘက်တွင် သူ၏ မည်သူမည်ဝါဖြစ်ကြောင်းကို ဖုံးကွယ်ရန်အတွက်လည်း အသုံးဝင်လှသည်။
ထို့နောက် ချန်လင်းစုအနား ကပ်ကာ တီးတိုး တစ်စုံတစ်ရာကို မှာကြားလိုက်ရာ သူမက ခေါင်းညိတ်ပြလေ၏။ ချူကျန့်ထံမှ အချက်ပြလိုက်သည်ကို မြင်သည်နှင့် တစ်ပြိုင်နက် ဟူဖေးသည် ချက်ချင်း ထရပ်လိုက်ကာ တံခါးပေါက်ဆီသို့ လျှောက်သွားရင်း အသံကျယ်ကျယ်ဖြင့် လှမ်းအော်လိုက်တော့သည်။
“မြောင်သိုင်းသူရဲကောင်း... ခင်ဗျားရဲ့ အဆိပ်ကို ဖြေပေးဖို့ အဆိပ်လက်ဝါး ဆေးဘုရင် ကို ကျုပ် ခေါ်လာခဲ့ပြီ... ခင်ဗျား မျက်လုံးတွေ သေချာပေါက် ပြန်ကောင်းလာစေရမယ်... စိတ်သာချနေတော့...”
ဤ ခြောက်လှန့်မှုက အလွန်ပင် ထိရောက်လှသည်။ အဆိပ်လက်ဝါး ဆေးဘုရင် ၏ နာမည်ဆိုးဖြင့် ကျော်ကြားမှုက ကြီးမားလှရာ အခန်းတွင်း၌ မြောင်ရန်ဖုန်းအား ဝိုင်းရံထားသော လူ (၅) ယောက်စလုံး မျက်နှာပျက်သွားကြပြီး လှည့်ကြည့်လိုက်မိကြ၏။ တံခါးဝတွင် ရပ်နေသော တောင့်တင်းကြံ့ခိုင်သည့် လူငယ်တစ်ယောက်ကို သူတို့ မြင်လိုက်ရသည်။ ဘာတွေဖြစ်နေသလဲဟု သူတို့ စဉ်းစားနေဆဲမှာပင် ပြတင်းပေါက် အပြင်ဘက်မှ သက်ကြီးရွယ်အို တစ်ယောက်၏ သြရှရှ အသံကြီး ထွက်ပေါ်လာတော့သည်။
“ဒီ ဆေးဘုရင် ရဲ့ ခြေခုနစ်လှမ်း အူပြတ်အဆိပ်ငွေ့ အရသာကို မြည်းစမ်းကြည့်ကြစမ်းကွာ...”
“ဝုန်း...”
ပြတင်းပေါက် ရုတ်တရက် ပွင့်ထွက်သွားကာ အခိုးအငွေ့ တစ်အုပ် လွင့်စဉ်ဝင်လာပြီးနောက် စူးရှသော အနံ့ဆိုးတစ်ခု လွှမ်းခြုံသွားတော့သည်။
လူ (၅) ယောက်စလုံး ထိတ်ပျာသွားကြ၏။ မြောင်ရန်ဖုန်းအား ဝိုင်းရံထားသည်ကိုပင် မေ့လျော့သွားကာ အသက်လု၍ နောက်သို့ ဆုတ်ပြေးကြတော့သည်။ ခြေခုနစ်လှမ်း အူပြတ်အဆိပ်ငွေ့ ဟူသော နာမည်ကိုက အသက်အန္တရာယ် ပေးနိုင်သည့် အဆိပ်ပြင်းဖြစ်ကြောင်း သိသာနေပေရာ မည်သူက ဆက်လက် ရပ်နေရဲမည်နည်း။
ဟူဖေးသည် ချက်ချင်း အခန်းတွင်းသို့ ပြေးဝင်သွားကာ မြောင်ရန်ဖုန်းအား ဆွဲထူပြီး ပြေးတော့သည်။ ကျန် လူ (၅) ယောက်မှာ နှာခေါင်းနှင့် ပါးစပ်များကို အုပ်ထားရင်း အခြား ပြတင်းပေါက် တစ်ခုကို ဖျက်ဆီးကာ အပြင်သို့ ခုန်ထွက်လိုက်ကြ၏။ သို့သော် သူတို့ အပြင်သို့ ခုန်ထွက်လိုက်သည်နှင့် တစ်ပြိုင်နက် လျှို့ဝှက်လက်နက် အမြောက်အမြားက သူတို့ဆီသို့ လျှပ်စီးပမာ တိုးဝင်လာတော့သည်။
လူ (၅) ယောက်အနက် (၃) ယောက်မှာ အချိန်မီ မရှောင်တိမ်းနိုင်ဘဲ ထိမှန်သွားကာ အသံတိတ် ညည်းတွားရင်း ခွေယိုင်ကျသွားကြ၏။ အစွမ်းအထက်ဆုံးဖြစ်သည့် ကျန် လူ (၂) ယောက်ကမူ သူတို့၏ ဓားများဖြင့် ခုခံကာကွယ်နိုင်ခဲ့၏။ တိုက်ခိုက်သူမှာ မျက်နှာနှင့် အသက်အရွယ်ကို ဖုံးကွယ်ထားသော အနက်ရောင် ခေါင်းစွပ်ခြုံထည်ကို ဝတ်ဆင်ထားသည့် ခါးကိုင်းကိုင်း လူတစ်ယောက် ဖြစ်ကြောင်း သူတို့ မြင်လိုက်ရသည်။ သူတို့ ရင်ထဲတွင် ဒေါသနှင့် အံ့အားသင့်မှုများ ရောထွေးနေစဉ်မှာပင် ခြုံထည်အောက်မှ သြရှရှ အသံအိုကြီးကို ကြားလိုက်ရ၏။
“မင်းတို့ ငါ့ရဲ့ ခြေခုနစ်လှမ်း အူပြတ်အဆိပ်ငွေ့ မိသွားကြပြီ... နောက်ထပ် ခြေခုနစ်လှမ်း လှမ်းလိုက်တာနဲ့ မင်းတို့ရဲ့ အူတွေ ပြတ်တောက်သွားပြီး ဆိုးရွားတဲ့ နာကျင်မှုနဲ့ သေရလိမ့်မယ်...”
ထိုလူ (၂) ယောက်မှာ သံသယနှင့် ကြောက်ရွံ့မှုတို့ ရောထွေးသွားကာ တစ်ဖဝါးမျှပင် မရွေ့ရဲတော့ချေ။ သူတို့အားလုံးသည် သိုင်းလောကတွင် အတွေ့အကြုံ ရင့်ကျက်သူများ ဖြစ်ကြရာ အခိုးအငွေ့များ ပစ်သွင်းလိုက်သည်ကို မြင်သည်နှင့် အသက်အောင့်ထားခဲ့ကြ၏။ သို့သော် အဆိပ်လက်ဝါး ဆေးဘုရင် ၏ နာမည်ဆိုးက ကြီးမားလွန်းလှသဖြင့် သူ၏ လှည့်ကွက်ထဲသို့ မသက်ဆင်းမိကြောင်းကိုလည်း မိမိကိုယ်ကိုယ် အပြည့်အဝ မယုံကြည်ရဲကြပေ။
သူတို့အထဲမှ တစ်ယောက်က အထစ်ထစ်အငေါ့ငေါ့ဖြင့် တောင်းပန်လိုက်၏။
“ကျွန်တော်တို့က ဆေးဘုရင် အကြီးအကဲနဲ့ ဘာရန်ငြိုးမှ မရှိပါဘူး... ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ ခင်ဗျာ...”
အနက်ရောင် ဝတ်စုံရှင်မှာ သေချာပေါက် ချူကျန့်ပင် ဖြစ်သည်။ သူက မည်သည့်အတွက် အသုံးပြုမှန်းမသိသော ဆေးလုံး (၂) လုံးကို အသာအယာ ဆွဲထုတ်ကာ သူတို့ဆီသို့ လှမ်းပစ်ပေးလိုက်၏။
“ဒီဆေးကို အခုချက်ချင်း သောက်လိုက်... အချိန် (၁၂) နာရီအတွင်း ချီ စွမ်းအင်တွေကို လုံးဝ မလည်ပတ်စေနဲ့... ပြေးလွှားတာမျိုးလည်း မလုပ်နဲ့... ဒါဆို မင်းတို့ အသက်ရှင်လိမ့်မယ်... အဲဒီလိုမှ မဟုတ်ရင်တော့... ဟီး ဟီး...”
သူက မဲ့ပြုံး နှစ်ချက် ပြုံးလိုက်ပြီးနောက် လှည့်ကာ ခါးကိုင်းကိုင်းဖြင့် ထွက်သွားတော့သည်။
ထိုလူ (၂) ယောက်သည် ဆေးလုံးများကို ဖမ်းယူလိုက်ကြသော်လည်း သောက်ရမည်လား၊ မသောက်ရဘူးလား မဝေခွဲနိုင်ဘဲ တစ်ယောက်မျက်နှာ တစ်ယောက် ကြောင်တောင်တောင် ကြည့်နေကြ၏။
ချူကျန့်က သူတို့ကို လျစ်လျူရှုထားခဲ့ကာ တံခါးဝတွင် ချည်နှောင်ထားသော မြင်းကြီးပေါ်သို့ ခုန်တက်လိုက်ပြီး ချန်လင်းစု၊ ဟူဖေး တို့နှင့်အတူ မြင်းကို နှင်ကာ ထွက်ခွာလာခဲ့တော့သည်။
မီတာ အနည်းငယ်မျှ မြင်းစီးလာပြီးနောက် ချူကျန့် တစ်ယောက် စိတ်အေးသွားကာ သက်ပြင်းတစ်ချက် တိတ်တဆိတ် ချလိုက်မိ၏။ လျှို့ဝှက်လက်နက် အထိမခံရသော ထိုလူ (၂) ယောက်မှာ သိုင်းပညာ အလွန် မြင့်မားသူများ ဖြစ်ကြပြီး ခန့်မှန်းခြေအားဖြင့် သိုင်းပညာစွမ်းရည် အမှတ် (၃၀၀) ဝန်းကျင်ခန့် ရှိနိုင်သည်။ အကယ်၍ တကယ်တမ်းသာ ထိပ်တိုက်ရင်ဆိုင်ခဲ့ရပါက သူ အကြီးအကျယ် အထိနာသွားနိုင်သည်။ ကံကောင်းထောက်မစွာဖြင့် သူတို့ကို ခြောက်လှန့်နိုင်ခဲ့၍သာ တော်တော့သည်။
ထိုစဉ်မှာပင် လူပေါင်း ဒါဇင်နှင့်ချီ၍ ပြေးထွက်လာကြကာ သူတို့၏ လမ်းကို ပိတ်ဆို့လိုက်ကြ၏။ ဖြူဖျော့ဖျော့ မျက်နှာနှင့် မုတ်ဆိတ်မွေးတိုတို ရှိသော လူလတ်ပိုင်းအရွယ် ယောကျ်ားတစ်ယောက်က ဓားရိုးကို ကိုင်ကာ ရှေ့ဆုံးမှ ဦးဆောင်လာပြီး သူ၏နောက်တွင် လက်ပြန်ကြိုးတုပ်ခံထားရသော ကျုံးညီနောင် သုံးဖော် ပါလာသည်ကို တွေ့လိုက်ရသည်။
ထို လူလတ်ပိုင်း ယောကျ်ားက လှောင်ပြုံး ပြုံးရင်း ပြောလိုက်၏။
“သခင်ကြီးမြောင်... ခင်ဗျားရဲ့ နာမည်က တစ်လောကလုံးကို ကျော်ကြားလှတာပဲ... ခင်ဗျားရဲ့ မိတ်ဆွေတွေ အဖမ်းခံရတာတောင် ပစ်ထားခဲ့ပြီး အရှက်တကွဲ ထွက်ပြေးလိမ့်မယ်လို့ ကျုပ် လုံးဝ မထင်ထားခဲ့ဘူးဗျာ...”
'ဟေ့လူကြီး... နောက်နေတာလား... ကျုံးညီနောင်တွေက သိုင်းလောကမှာ နာမည်ကြီးပါတယ်ဆိုနေမှ အချိန်ဆွဲဖို့လေးတောင် မလုပ်နိုင်ဘဲ ဓားစာခံတွေ ဖြစ်သွားကြပြီလား...'
ချူကျန့် စိတ်ထဲမှ ညည်းတွားလိုက်မိသည်။
မူလက ချူကျန့်သည် ထိုလူ (၃) ယောက်ကို အာရုံစိုက်မနေတော့ဘဲ မြင်းကိုသာ ဆက်နှင်ရန် တွေးထားသော်လည်း ဟူဖေး၏ နောက်တွင် ထိုင်လိုက်လာသော မြောင်ရန်ဖုန်းက မြင်းပေါ်မှ သေသပ်လှပစွာ ခုန်ဆင်းလိုက်ပြီးနောက် ထိုလူလတ်ပိုင်း ယောကျ်ား၏ ရှေ့တွင် မားမားမတ်မတ် ရပ်လိုက်တော့သည်။
သူ၏ မျက်လုံးများမှာ အဆိပ်မိထားသဖြင့် ဖွင့်၍ မရသေးသော်ငြားလည်း သူ၏ ခုန်ဆင်းမှုက မျက်စိမြင်နေသည့်အလား ထိုလူလတ်ပိုင်း၏ ရှေ့ ခြေလှမ်း (၁၀) လှမ်းအကွာသို့ ကွက်တိကျစွာ ရောက်ရှိသွား၏။
“ထျန်ကွေ့နုန်... မင်း လူအတော်များများ ခေါ်လာခဲ့တာပဲ... လူများရင် နိုင်မယ်လို့ ထင်နေတာလား... ငါ မြောင်ရန်ဖုန်း ကတော့ မင်းတို့ကို နည်းနည်းလေးတောင် မကြောက်ဘူး... ရန်ငြိုးတိုင်းမှာ အစအန ဆိုတာ ရှိသလို အကြွေးတိုင်းမှာလည်း ပိုင်ရှင်ဆိုတာ ရှိတယ်... ကျုံးညီနောင်တွေကို လွှတ်ပေးလိုက်စမ်း... မင်းတို့အားလုံးရဲ့ သိုင်းပညာတွေကို ငါ မြောင်ရန်ဖုန်း ကိုယ်တိုင် မြည်းစမ်းကြည့်ပေးမယ်...”
ဟူဖေးက ဓားကို ဆွဲထုတ်လိုက်ကာ မြောင်ရန်ဖုန်းအား ကာကွယ်ပေးလိုက်သည်။ ချန်လင်းစုကလည်း ချူကျန့်အား လှမ်းဆွဲလိုက်ပြီး မြင်းပေါ်မှ ခုန်ဆင်းလိုက်ကြ၏။
ချူကျန့် တစ်ယောက် မတတ်သာတော့ဘဲ စိတ်ထဲမှ ကျိန်ဆဲရင်း နောက်မှ လိုက်ပါသွားရတော့သည်။
သူက ခါးကိုင်းကိုင်း ပုံစံဖြင့်ပင် ရန်သူများ၏ အခြေအနေကို တိတ်တဆိတ် အကဲခတ်နေလိုက်သည်။ ရန်သူအင်အားက သူတို့ထက် အဆပေါင်းများစွာ သာလွန်နေသည်။ ထိုလူလတ်ပိုင်း၏ သိုင်းပညာစွမ်းရည်မှာ သိုင်းဆရာကြီး အဆင့်ဖြစ်သော အမှတ် (၅၀၀) ဝန်းကျင်ခန့် ရှိမည်ဟု ခန့်မှန်းရ၏။ သူ၏ နောက်တွင် ရပ်နေသော အမျိုးသမီး (၂) ယောက်မှာလည်း အတော်လေး အစွမ်းထက်ပုံ ပေါ်သည်။ ထို့အပြင် သွေးကြောပိတ် သိုင်းကို သုံးသော ပိန်ပိန်ပါးပါး အဘိုးအို တစ်ယောက်နှင့် သံပြား တစ်စုံကို ကိုင်ဆောင်ထားသော မျက်နှာရှည်ရှည်နှင့် လူတစ်ယောက်တို့လည်း ပါဝင်ပြီး သူတို့၏ အရှိန်အဝါအရ အမှတ် (၄၀၀) ဝန်းကျင်ဖြစ်သော ကျွမ်းကျင်အဆင့်များ ဖြစ်တန်ရာသည်။
ကျန်ရှိနေသော လူ ဒါဇင်ပေါင်းများစွာမှာလည်း အမှတ် (၁၀၀) မှ (၄၀၀) အကြား ရှိကြပြီး တစ်ယောက်မျှ အလွယ်တကူ ကိုင်တွယ်နိုင်မည့်သူများ မဟုတ်ကြပေ။
သူတို့ဘက်တွင်မူ အစွမ်းအထက်ဆုံးသူမှာ မြောင်ရန်ဖုန်း ပင် ဖြစ်ပေလိမ့်မည်။ သူ၏ ပေါ့ပါးခြင်း သိုင်းပညာအရ သူ၏ စွမ်းအားမှာ ပြီးပြည့်စုံသည့်အဆင့်ဖြစ်သော အမှတ် (၆၀၀) ခန့် ရှိမည်ဖြစ်သည်။ ဟူဖေး၏ စွမ်းအားမှာ အမှတ် (၄၅၀) ခန့်သာ ရှိရာ ထိုလူလတ်ပိုင်းထက် အနည်းငယ် အားနည်းနေသည်။ သူနှင့် ချန်လင်းစု တို့ဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ချေ။
အချုပ်အားဖြင့် ဆိုရလျှင် လက်ရှိ အခြေအနေမှာ သူတို့အတွက် လုံးဝ အဆင်မပြေနိုင်သည့် အနေအထား ဖြစ်နေသည်။
တစ်ခုတည်းသော နည်းလမ်းမှာ အဆိပ်လက်ဝါး ဆေးဘုရင် ၏ နာမည်ကို အသုံးပြုကာ အချိန်ဆွဲထားပြီး ချန်လင်းစုအား အဆိပ်ခတ်ခွင့် ပေးရန်ပင် ဖြစ်သည်။ လေက ရန်သူများရှိရာဘက်သို့ တိုက်ခတ်နေသဖြင့် ဒါက အကောင်းဆုံး အခွင့်အရေး တစ်ရပ် ဖြစ်၏။
မြောင်ရန်ဖုန်းတွင် လက်နက်မပါသည်ကို မြင်လိုက်ရသဖြင့် ချူကျန့်သည် သူ၏ သံမဏိဓားကို အသာအယာ ဖြုတ်ကာ လှမ်းပေးလိုက်၏။ ထို့နောက် သူ၏ လက်နှစ်ဖက်ကို နောက်ပစ်ကာ လူအုပ်ကြီးအား စူးစူးရဲရဲ စိုက်ကြည့်နေလိုက်တော့သည်။
မြောင်ရန်ဖုန်းသည် သံမဏိဓားကို လှမ်းယူလိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ သိုင်းအရှိန်အဝါမှာ တဟုန်းဟုန်း တောက်လောင်လာတော့သည်။
ထျန်ကွေ့နုန် ဟုခေါ်သော လူလတ်ပိုင်း ယောကျ်ား၏ မျက်လုံးများထဲတွင် စိုးရိမ်ထိတ်လန့်မှု တစ်ချက် ဖြတ်ပြေးသွား၏။ သူက ခြုံထည်ဝတ်ဆင်ထားသော ချူကျန့်အား တစ်ချက် လှမ်းကြည့်ကာ မေးလိုက်၏။
“ဒါက... ဘယ်သူများပါလဲ...”
ချန်လင်းစုက ရှေ့သို့ တစ်လှမ်း တိုးလိုက်ပြီး တည်ငြိမ်စွာဖြင့် ပြန်ဖြေလိုက်၏။
“ဒါက ကျွန်မရဲ့ ဆရာ... အဆိပ်လက်ဝါး ဆေးဘုရင် ပဲ... သခင်ကြီးထျန်... ရှင်က အတော်လေး ဟန်ရေးပြနိုင်တာပဲနော်...”
ထိုစကားကြောင့် ထိုနေရာရှိ လူအားလုံး မျက်နှာများ ဖြူရော်သွားကြကာ အလန့်တကြား နောက်သို့ ဆုတ်လိုက်ကြတော့သည်။
“အဟွတ်... အဟွတ်...”
ချူကျန့် တစ်ယောက် ခါးပင် မဆန့်နိုင်လောက်အောင် အပြင်းအထန် ချောင်းဆိုးပြလိုက်၏။ ချန်လင်းစုက ချက်ချင်းပင် ဖယောင်းတိုင် တစ်တိုင်နှင့် ဆေးပင်ငယ် တစ်စည်းကို ထုတ်ယူကာ မီးညှိလိုက်ပြီး သူ၏ နှာခေါင်းနားသို့ တေ့ပေးလိုက်သည်။ ချူကျန့်က အတန်ကြာအောင် ရှူရှိုက်လိုက်ပြီးနောက် ချောင်းဆိုးရပ်သွား၏။ ထို့နောက် သူက ချန်လင်းစုထံသို့ လက်လှမ်းကာ...
“အချိန်ကျပြန်ပြီ... အင်းဆက်တစ်ထောင် ပန်းတစ်သောင်း ဆေးလုံး ကို ပေးစမ်း...”
ချန်လင်းစုက တမင်တကာပင် လေသံကို မြှင့်ကာ...
“ဆရာ... အင်းဆက်တစ်ထောင် ပန်းတစ်သောင်း ရဲ့ အဆိပ်က ပြင်းထန်လွန်းတယ်လေ... ဆရာ ထပ်မသောက်သင့်တော့ဘူး... ဆရာ့ ကျန်းမာရေးက အရေးကြီးတယ်... အဆိပ်မတိုးတဲ့ ခန္ဓာကိုယ် ဖြစ်လာဖို့ ဒီလောက်ကြီး အလောတကြီး လုပ်စရာ မလိုပါဘူးရှင်...”
ချူကျန့်က ခပ်ပြတ်ပြတ် လေသံဖြင့် ပြန်ပြောလိုက်သည်။
“အင်းဆက်တစ်ထောင် ပန်းတစ်သောင်း ရဲ့ အဆိပ်လောက်က ဘာများ အရေးကြီးလို့လဲ... ပေးစမ်းပါ...”
ချန်လင်းစုလည်း မတတ်သာတော့သည့်ဟန်ဖြင့် အလွန် ပြင်းထန်သော အဆိပ်ဟု ထင်ရသည့် တောက်ပသော အနီရောင် ဆေးလုံး တစ်လုံးကို ထုတ်ယူကာ ကမ်းပေးလိုက်ရတော့သည်။ ချူကျန့်က ဆေးလုံးကို လှမ်းယူလိုက်ပြီး တစ်ချက်မျှပင် စဉ်းစားမနေဘဲ မျိုချလိုက်၏။ ထို့နောက် ထျန်ကွေ့နုန် နှင့် အခြားသူများအား လှမ်းကြည့်ကာ မေးလိုက်၏။
“ဘာလဲ... မင်းတို့က ငါ့လမ်းကို ပိတ်ထားဦးမလို့လား...”
ထျန်ကွေ့နုန် နှင့် အခြားသူများမှာ ဆရာနှင့် တပည့်ကြားမှ စကားဝိုင်းကို နားထောင်ရင်း ကြောက်လန့်တုန်လှုပ်နေကြပြီ ဖြစ်သည်။ အဆိပ်လက်ဝါး ဆေးဘုရင် ဆိုသည်မှာ တကယ်ပင် နာမည်နှင့် လိုက်ဖက်လှသည်။ အဆိပ်မတိုးသော ခန္ဓာကိုယ်ကို ရရှိရန်အတွက် မိမိကိုယ်တိုင်ပင် အဆိပ်ကို သောက်ရဲသူ ဖြစ်နေသည် မဟုတ်ပါလော။
အင်းဆက်တစ်ထောင်နှင့် ပန်းတစ်သောင်းတို့မှ ထုတ်ယူထားသော အဆိပ်ကိုပင် သောက်ရဲသူဆိုလျှင် သူ အသုံးပြုမည့် အဆိပ်များမှာ မည်မျှပင် ကြောက်မခန်းလိလိ ဖြစ်နေမည်နည်း။
ထျန်ကွေ့နုန် ၏ မျက်နှာအမူအရာမှာ အကြိမ်ကြိမ် ပြောင်းလဲသွားသော်လည်း အတင်း အပြုံးတစ်ခုကို ဖန်တီးကာ ပြောလိုက်၏။
“ဆေးဘုရင်ကြီး... ကျုပ်က ထျန်လုံ ဓားဂိုဏ်း ရဲ့ ဂိုဏ်းချုပ် ထျန်ကွေ့နုန် ပါ... ဆရာကြီးရဲ့ နာမည်ကို ကြားဖူးနေတာ ကြာလှပါပြီ... ကျုပ်က မြောင်ရန်ဖုန်း နဲ့ သီးသန့် စကားနည်းနည်းလောက် ပြောချင်ရုံပါ... ဆရာကြီးမှာ အလုပ်ကိစ္စ ရှိတယ်ဆိုရင် ကြွပါခင်ဗျာ...”
သူက လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ လူဒါဇင်ပေါင်းများစွာသည် ချက်ချင်းပင် လမ်းဖယ်ပေးလိုက်ကြတော့သည်။
ချူကျန့်က ချောင်း နှစ်ချက် ဆိုးလိုက်ပြီးနောက် ဖြည်းညင်းစွာ ပြောလိုက်၏။
“မြောင်ရန်ဖုန်း က လွန်ခဲ့တဲ့ နှစ်တွေက ငါ ကိုယ်တိုင် ဖော်စပ်ထားခဲ့တဲ့ အသည်းကြွေမြက် အဆိပ် မိထားတာ... ငါ သူ့ကို ကုပေးမယ်လို့ ပြောထားပြီးပြီ... မင်း ဘာပြောစရာရှိရှိ ငါ သူ့မျက်လုံးတွေကို ကုသပေးပြီးတဲ့အချိန်မှပဲ လာပြောချေတော့...”
ထျန်ကွေ့နုန် သည် အဆိပ်လက်ဝါး ဆေးဘုရင် အား အလွန် သတိထားနေရပြီး ပြဿနာ မရှာလိုသော်လည်း မြောင်ရန်ဖုန်းမှာ မကြာသေးမီကမှ ချောင်းမြောင်းတိုက်ခိုက်ခံရသဖြင့် မျက်စိကွယ်သွားခြင်းသာ ဖြစ်သည်။ အကယ်၍ သူ၏ မျက်လုံးများသာ ပြန်ကောင်းလာပါက မိမိက မည်သို့ယှဉ်နိုင်မည်နည်း။
ထျန်ကွေ့နုန် ၏ မျက်လုံးများမှာ တဖျတ်ဖျတ် လှုပ်ခတ်သွားကာ ချက်ချင်း ဆုံးဖြတ်ချက် မချနိုင်ဘဲ ဖြစ်နေ၏။ ထိုစဉ်မှာပင် သူ ရုတ်တရက် ခေါင်းမူးနောက်လာပြီး ခန္ဓာကိုယ်မှာ အားအင်ချည့်နဲ့လာသဖြင့် အလွန်အမင်း အံ့အားသင့်သွားတော့သည်။