← Chapters

ချန်လင်းစု ၏ ငွေအပ် (၄၉) ချောင်း

Vol. 8 Ch. 84

ချန်လင်းစု ၏ ငွေအပ် (၄၉) ချောင်း

Vol. 8 Ch. 84

ချူကျန့် စိတ်ထဲမှ ညည်းတွားလိုက်မိသည်။ ချန်လင်းစု က ခုနလေးတင် မြောင်မိသားစု ဓားသိုင်း သည် သိုင်းလောက တစ်ခွင် ကျော်ကြားလှသည်ဟု ပြောခဲ့သဖြင့် အဆင့်မြင့် ဓားသိုင်းတစ်ခု ဖြစ်နိုင်ချေများသည်။ သူသည် ‘ပိုင်ရှောင်ရှန်း ၏ သိုင်းလောက ဒဏ္ဍာရီ မှတ်တမ်း’ ကို ကြည့်ရှုခဲ့ပြီးဖြစ်ရာ ပြီးခဲ့သည့်အကြိမ်က ကစားသမား တစ်ယောက် အဆင့်မြင့် ဓားသိုင်း တစ်ခုကို သင်ယူတတ်မြောက်သွားစဉ်က သိုင်းလောက တစ်ခုလုံးသို့ ကြေညာချက် ထွက်ပေါ်ခဲ့သည် မဟုတ်ပါလော။ ဤ မြောင်မိသားစု ဓားသိုင်း ကို သင်ယူလိုက်လျှင် သိုင်းလောက တစ်ခုလုံးသို့ ကြေညာချက် ထွက်ပေါ်သွားနိုင်ချေ ရာခိုင်နှုန်း (၉၀) အထက် ရှိနေ၏။

လွန်ခဲ့သည့် နှစ်ရက်ခန့်ကမှ မိန်းမပျိုလေး ချင် ၏ "မိုးရေမစဲ ကြွာရွက်မကြွေ" ဆိုသည့် ကြေညာချက် ထပ်မံ ထွက်ပေါ်လာခဲ့သေးသည်။ ထိုမိန်းမပျိုလေးသည် သူမ၏ ဂိုဏ်းကို ဦးဆောင်ကာ စံချိန်သစ်တစ်ခုကို ချိုးဖျက်ခဲ့ပုံရပြီး ကစားသမား အများစု၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့ကာ သူ့ကို လိုက်လံ ဖမ်းဆီးနေသူ အရေအတွက်ကို သိသိသာသာ လျော့ကျသွားစေခဲ့သည်။ ချူကျန့် အနေဖြင့် ယခုအချိန်တွင် ပြဿနာ ထပ်မရှာလိုတော့ဘဲ ကစားသမား များ၏ အာရုံစိုက်မှုကို ထပ်မံ မခံချင်တော့ပေ။

သူက ကပျာကယာ ငြင်းဆိုလိုက်၏။

“သခင်ကြီးမြောင်... ခင်ဗျားရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်... ဒါပေမဲ့ တကယ်ကို မလိုပါဘူးဗျာ... မြောင်မိသားစု ဓားသိုင်း က ခင်ဗျားတို့ရဲ့ မိသားစု အမွေအနှစ် ဓားသိုင်းလေ... သိုင်းလောကမှာ တခြား ဘယ်သူမှ မတတ်ကြဘူး... ကျွန်တော်က ခင်ဗျားရဲ့ တပည့်လည်း မဟုတ်သလို မြောင်မိသားစုဝင်လည်း မဟုတ်ဘူး... ဒါကြောင့် ကျွန်တော် မြောင်မိသားစု ဓားသိုင်း ကို သင်ယူဖို့ ဆိုတာ လုံးဝ မသင့်တော်ပါဘူး...”

မြောင်ရန်ဖုန်း သည် စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။ ဆရာကြီး ကောကျင့် က သူ့ကို နောက်ဆုံး တပည့်အဖြစ် ရွေးချယ်ခဲ့သည်မှာ အံ့သြစရာ မဟုတ်ချေ။ ဤလူငယ်လေး၏ စိတ်သဘောထားက တကယ်ကို အပြစ်ဆိုစရာ မရှိအောင် ကောင်းမွန်လှ၏။

သူ၏ မြောင်မိသားစု ဓားသိုင်း သည် သိုင်းလောက တစ်ခွင် ကျော်ကြားလှရာ အကယ်၍ သူသာ တပည့် လက်ခံမည်ဟု ကြေညာလိုက်ပါက တပည့်ခံလိုသူများ၏ တန်းစီနေမှုသည် မိုင်ပေါင်းများစွာ ရှည်လျားသွားနိုင်သည်။

သို့သော် ယခု သူကိုယ်တိုင် သင်ပေးမည်ဟု ကမ်းလှမ်းနေသည့်တိုင် ချူလော့ကျွင်း သည် သူ၏ သိက္ခာကို စောင့်ထိန်းကာ မိမိအား ပြဿနာ မဖြစ်စေလိုသည့် စိတ်ဖြင့် ဤမျှ ရှားပါးလှသော အခွင့်အရေးကို လက်လွှတ်ခံရန် ဆန္ဒ ရှိနေ၏။ ဤကဲ့သို့သော ကိုယ်ကျိုးစွန့် အနစ်နာခံမှုနှင့် သူရဲကောင်းဆန်သော စိတ်ဓာတ်ကို မြင်တွေ့ရရာ မြောင်ရန်ဖုန်း တစ်ယောက် မည်သို့ စိတ်မလှုပ်ရှားဘဲ နေနိုင်မည်နည်း။

ဤမျှ သူရဲကောင်းဆန်သော လူငယ်လေးကမှ သူ၏ ဓားသိုင်းကို သင်ယူရန် အရည်အချင်း မပြည့်မီဘူးဆိုလျှင် လောကတွင် မည်သူကများ အရည်အချင်း ပြည့်မီနိုင်တော့မည်နည်း။

မြောင်ရန်ဖုန်း က တည်ကြည်လေးနက် သော လေသံဖြင့် ပြောလိုက်၏။

“လူငယ်သိုင်းသမား ချူ... ငါ့ရဲ့ ဘိုးဘေးတွေက မြောင်မိသားစု ဓားသိုင်း ကို သားအပြင် တခြား ဘယ်သူ့ကိုမှ မသင်ပေးရဘူးလို့ စည်းကမ်း သတ်မှတ်ခဲ့တာ မှန်ပါတယ်... ဒါပေမဲ့ လွန်ခဲ့တဲ့ (၁၀) နှစ်ကျော်က ငါ့ရဲ့ ဓားသိုင်းကို ဓားမသိုင်း တစ်ခုနဲ့ လဲလှယ်ပြီး ငါ့ရဲ့ သိုင်းပညာကို အသိအမှတ်ပြုတဲ့ သူရဲကောင်းကြီး တစ်ယောက်ကို သင်ပေးခဲ့ဖူးတယ်...”

ချူကျန့် ထပ်မံ ငြင်းဆိုတော့မည်ကို မြင်လိုက်သဖြင့် မြောင်ရန်ဖုန်း က လက်မြှောက်ကာ ဟန့်တားလိုက်ပြီး ဆက်ပြော၏။

“လူငယ်သိုင်းသမား ချူ... ထပ်မငြင်းပါနဲ့တော့... မင်းက ငါ့ကို ဘာအကျိုးအမြတ်မှ မမျှော်လင့်ဘဲ ကူညီပေးခဲ့တာပဲ... ငါ မြောင်ရန်ဖုန်း က ကျေးဇူးကန်းတဲ့သူလို့ မင်း ထင်နေလား... ဒီလိုလုပ်ကြရအောင်... ငါတို့ ညီအစ်ကို ဖွဲ့ကြမယ်လေ... မင်း ငါ့ကို လေးစားတယ်ဆိုရင် အစ်ကိုမြောင် လို့ ခေါ်လိုက်... ဒါဆိုရင် ငါ မင်းကို ဒီဓားသိုင်း သင်ပေးတာက လုံးဝ တရားဝင်သွားပြီပေါ့... ဘယ်လိုလဲ...”

မြောင်ရန်ဖုန်း က ဤမျှအထိ ပြောလာပြီဖြစ်ရာ ဆက်ငြင်းနေပါက သူ့အား စော်ကားသလို ဖြစ်သွားပေတော့မည်။

ထိုအခိုက်အတန့်၌ ချန်လင်းစု က ချူကျန့် ၏ လက်ကို ဆွဲကာ တီးတိုးလေး ကပ်ပြောလိုက်၏။

“အစ်ကိုချူ... အစ်ကိုက စိတ်သဘောထား ကောင်းတယ်ဆိုတာ ကျွန်မ သိပါတယ်... ဒါပေမဲ့ ဒါက ရခဲလှတဲ့ အခွင့်အရေးတစ်ခုမို့ လက်ခံလိုက်ပါနော်... ဟုတ်ပြီလား...”

ချန်လင်းစု သည် သူ၏ ဉာဏ်ရည်ဉာဏ်သွေး တိုးတက်လာစေရန် စိတ်ရင်းမှန်ဖြင့် ကူညီပေးလိုကြောင်း ချူကျန့် မြင်တွေ့နေရသည်။ အကယ်၍ သူ ဤအခွင့်အရေးကို ပြတ်ပြတ်သားသား ငြင်းပယ်လိုက်ပါက ချန်လင်းစု ၏ စိတ်အားထက်သန်မှုများ အကြီးအကျယ် ကျဆင်းသွားနိုင်၏။ အကယ်၍ ဤပါးရည်နပ်ရည် ရှိပြီး စွန့်စားတတ် သော မိန်းကလေးက နောင်တွင် သူ၏ ဉာဏ်ရည် တိုးတက်စေရန် မကူညီတော့ပါက သူ အလွန် နစ်နာသွားပေလိမ့်မည်။

ချူကျန့် ၏ ခေါင်းထဲတွင် အတွေးများ တဟုန်ထိုး ပြေးလွှားသွားပြီးနောက် အကြံတစ်ခု ရသွား၏။

'ငါ့ရဲ့ လက်ရှိ ဉာဏ်ရည်နဲ့ ကောကျင့် သင်ပေးခဲ့တဲ့ အခြေခံ လက်ဝါးသိုင်းဖြစ်တဲ့ နန်ရှန်း လက်ဝါးသိုင်း ကိုတောင် သင်ယူနိုင်တာ မဟုတ်ဘူး... ဒီလောက် သေသပ်လှပတဲ့ မြောင်မိသားစု ဓားသိုင်း ကို ဘယ်လိုလုပ် သင်ယူနိုင်မှာလဲ...'

'မြောင်ရန်ဖုန်း က အကြိမ်ကြိမ် ရှင်းပြပေးရင်တောင်မှ... ဂိမ်းစနစ်ကြီးက စည်းကမ်းတွေကို ဖောက်ဖျက်ပြီး ဉာဏ်ရည် (၁၃) မှတ်ပဲ ရှိတဲ့ ငါ့ကို ဉာဏ်ရည် အလွန်မြင့်မားဖို့ လိုအပ်တဲ့ မြောင်မိသားစု ဓားသိုင်း ကို တတ်မြောက်သွားအောင် လုပ်ပေးလောက်တဲ့အထိ အရှက်မရှိ လုပ်မှာမှ မဟုတ်တာ...'

ထိုသို့ တွေးမိသည်နှင့် ချူကျန့် ၏ စိတ်ထဲတွင် အများကြီး ပေါ့ပါးသွားကာ သဘောပေါက်ကြောင်း ပြသသည့်အနေဖြင့် ချန်လင်းစု ၏ လက်ကလေးကို အသာအယာ ပြန်လည် ဆုပ်ကိုင်လိုက်၏။

ချန်လင်းစု ၏ ပါးပြင်လေးများ ရဲတက်သွားပြီး နှုတ်ခမ်းထောင့်များ ကွေးတက်သွားကာ ဝမ်းသာပျော်ရွှင်သော အပြုံးတစ်ခု ပေါ်လာတော့သည်။

ချူကျန့် သည် မြောင်ရန်ဖုန်း ၏ ရှေ့တွင် ဒူးတစ်ဖက် ထောက်လိုက်ပြီး...

“ဒါဆိုရင်လည်း... ကျွန်တော်က အစ်ကိုမြောင် လို့ ခေါ်ဖို့ ရိုင်းစိုင်းမိပါတော့မယ်...”

မြောင်ရန်ဖုန်း ကလည်း သိုင်းလောက၏ ညီအစ်ကို သစ္စာဆိုခြင်း ဓလေ့ထုံးစံအတိုင်း ဒူးတစ်ဖက် ထောက်ကာ ပြန်လည် အရိုအသေပေးလိုက်သည်။ ထို့နောက် ချူကျန့် ကို ဆွဲထူလိုက်ပြီး ဟက်ဟက်ပက်ပက် ရယ်မောလိုက်၏။

“ကောင်းပြီ... ကောင်းပြီ... အခုကစပြီး ငါလည်း အားနာမနေတော့ဘူး... မင်းကို ညီလေးချူ လို့ပဲ ခေါ်တော့မယ်... လာ... မြောင်မိသားစု ဓားသိုင်း ရဲ့ အကြောင်းကို ငါ ရှင်းပြပေးမယ်...”

ဟူဖေး နှင့် ချန်လင်းစု တို့က အကြောင်းပြချက် တစ်ခုရှာကာ ကပျာကယာ ထွက်သွားပေးလိုက်ကြသည်။

ချူကျန့် သည် ဓားသိုင်းကို သင်ယူရန် အလွန် တည်ကြည်လေးနက် သော သဘောထားကို ပြသနေသော်လည်း များမကြာမီ သူ မျှော်လင့်ထားသည့် စာသားများကို မြင်တွေ့လိုက်ရ၏။

[သင့်ဉာဏ်ရည်မှာ နိမ့်ကျလွန်းနေသဖြင့် မြောင်ရန်ဖုန်း၏ ရှင်းလင်းချက်များကို မည်သည့်အခါမျှ နားလည်နိုင်မည် မဟုတ်ပါ။]

မြောင်ရန်ဖုန်း သည် (၁၅) မိနစ်ခန့် ရှင်းပြခဲ့သော်လည်း ချူကျန့် ၏ မျက်စိရှေ့တွင် ထိုဂိမ်းစာသားများသာ ထပ်တလဲလဲ ပေါ်လာခဲ့ပြီး သင်ယူမှုတွင် မည်သည့် တိုးတက်မှုမှ မရှိခဲ့ချေ။

'ဒီတစ်ခါတော့ သိုင်းလောက တစ်ခုလုံးကို ကြေညာချက် ထွက်စရာ အကြောင်းမရှိတော့ဘူး...'

ချူကျန့် တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။ သို့သော် သူ၏ မျက်နှာပေါ်တွင်မူ အားနာမှုနှင့် စိတ်ပျက်အားငယ် သော အပြုံးတစ်ခု ပေါ်လာကာ ပြောလိုက်၏။

“အစ်ကိုမြောင်... ကျွန်တော့်ရဲ့ သိုင်းပညာ သင်ယူနိုင်စွမ်းနဲ့ ဉာဏ်ရည်က အရမ်း နိမ့်ကျလွန်းလို့ ထင်တယ်... ခင်ဗျားရဲ့ ဓားသိုင်းကို ကျွန်တော် သင်ယူနိုင်မယ် မထင်ဘူး...”

မြောင်ရန်ဖုန်း က ကပျာကယာ ချော့မော့ပြောဆို လိုက်သည်။

“ငါ့ရဲ့ ရှင်းပြချက်က ရိုးရှင်းမှု မရှိလို့ ဖြစ်မှာပါ... ရပါတယ်... ငါ နောက်တစ်ခါ ပိုပြီး အသေးစိတ် ရှင်းပြပေးပါ့မယ်...”

ထို့နောက် မြောင်ရန်ဖုန်း သည် အစမှစ၍ ထပ်မံ အသေးစိတ် ရှင်းပြတော့၏။

တကယ်တမ်းတွင် ချူကျန့် ၏ ကြီးမားကျယ်ပြန့်လှသော သိုင်းပညာ အသိပညာအရ ဆိုလျှင် သူသည် တစ်ခါ နားထောင်ရုံဖြင့် သဘောပေါက်သွားမည် ဖြစ်သည်။ ဂိမ်းထဲရှိ ဓားသိုင်းများသည် မည်မျှပင် အစွမ်းထက်စေကာမူ အစစ်အမှန် ဓားသိုင်းများ၏ အနှစ်သာရကို မယှဉ်နိုင်ချေ။ အဆင့်မြင့် ဓားကွက်များက စွမ်းအားကို ပိုမို တိုးမြှင့်ပေးခြင်းသာ ဖြစ်၏။

သို့သော် အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ချူကျန့် ‘နားလည်ခြင်း’ နှင့် ဂိမ်းစနစ်က သူ ‘နားလည်သွားပြီ’ ဟု ယူဆခြင်းမှာ လုံးဝ မတူညီသော ကိစ္စရပ် နှစ်ခု ဖြစ်သည်။ မြောင်ရန်ဖုန်း သည် မည်မျှပင် စိတ်ရှည်လက်ရှည် အသေးစိတ် ရှင်းပြနေစေကာမူ ချူကျန့် ထံတွင် ‘သင်ယူတတ်မြောက်သွားခြင်း’ ၏ အရိပ်အယောင်မျှ မတွေ့ရချေ။

ယခုမှသာ ချူကျန့် လုံးဝ စိတ်အေးသွားတော့၏။

သူ၏ လက်ရှိ ဉာဏ်ရည်ဖြင့် မြောင်မိသားစု ဓားသိုင်း ကို သင်ယူရန် လုံးဝ မဖြစ်နိုင်သည်မို့ သိုင်းလောက တစ်ခုလုံးသို့ ကြေညာချက် ထွက်ပေါ်လာမည်ကို ပူပန်နေစရာ မလိုတော့ပေ။

“ညီလေးချူ... သခင်ကြီးမြောင်... ထမင်းစားရအောင်...”

ချန်လင်းစု က တံခါးခေါက်ပြီး ဝင်လာရာ ချူကျန့် ၏ စိတ်ပျက်အားငယ် နေသော မျက်နှာကို မြင်လိုက်ရ၏။

သူမ၏ ရင်ဘတ်ထဲ ဆို့နင့်သွားကာ မေးလိုက်မိသည်။

“အစ်ကိုချူ... ဘာဖြစ်လို့လဲဟင်...”

ချူကျန့် က မဲ့ပြုံး ပြုံးကာ ပြန်ဖြေလိုက်၏။

“ငါ့ရဲ့ ဉာဏ်ရည်က နိမ့်လွန်းတော့ အစ်ကိုမြောင် ရဲ့ ဓားသိုင်းကို ငါ တကယ် သင်လို့မရဘူး ဖြစ်နေတယ်... မင်းကို စိတ်ပျက်အောင် လုပ်မိသလို ဖြစ်သွားပြီ... တောင်းပန်ပါတယ်...”

မြောင်ရန်ဖုန်း က သက်ပြင်းချကာ ပြောလိုက်သည်။

“ညီလေးချူ... ခဏလောက် နားလိုက်ပါဦး... တော်ကြာနေမှ ငါတို့ ထပ်ကြိုးစားကြည့်ကြတာပေါ့...”

ချူကျန့် ခေါင်းခါပြလိုက်၏။

“အစ်ကိုမြောင်... ခင်ဗျားရဲ့ အချိန်တွေကို အလကား မဖြုန်းပါနဲ့တော့...”

သူ၏ အတင်းအကျပ် ပြုံးထားသော မျက်နှာကို ကြည့်ရင်း ချန်လင်းစု ၏ ရင်ထဲတွင် ဆစ်ခနဲ နာကျင်သွားတော့သည်။

'ဒါတွေ အားလုံးက ငါ့အပြစ်တွေပါပဲ... အစ်ကိုချူ.. မြောင်မိသားစု ဓားသိုင်း ကို တတ်မြောက်သွားပြီး ဂုဏ်သိက္ခာ ကြီးမားလာအောင် လုပ်ပေးချင်တဲ့ စိတ်တစ်ခုတည်းနဲ့... သူ့ရဲ့ ဉာဏ်ရည် ကန့်သတ်ချက်ကြောင့် ဆရာကြီးကော ရဲ့ သိုင်းပညာတွေကို မသင်ယူနိုင်လို့ ကောစံအိမ်တော် မှာ လှောင်ပြောင်နှိမ်ချခံခဲ့ရတာကို ငါ ဘယ်လိုလုပ် မေ့နေရတာလဲ...'

'ဒီလောက် သေသပ်လှပတဲ့ မြောင်မိသားစု ဓားသိုင်း ကို သူ့ကို အတင်း သင်ယူခိုင်းတာက သူ့ရဲ့ ဒဏ်ရာဟောင်းကို ဆားသိပ်သလို ဖြစ်မနေဘူးလား... ဒါကြောင့်မို့ အစ်ကိုချူ က စောစောကတည်းက မသင်ချင်ဘူးလို့ ငြင်းနေခဲ့တာကိုး... သူက စိတ်သဘောထား ကောင်းလွန်းလို့ သူ့ကျေးဇူးကို အသိအမှတ် မပြုစေချင်တာ တစ်ခုတည်းကြောင့် မဟုတ်ဘဲ... ငါ့ကို စိတ်ပျက်သွားစေမှာ စိုးလို့လည်း ပါတာပဲ...'

ချန်လင်းစု ၏ ရင်ထဲတွင် ပိုမို နာကျင်လာကာ လည်ချောင်းဝတွင် တစ်ဆို့နေပြီး ကျောက်တုံးကြီး ဖိထားသကဲ့သို့ မွန်းကျပ်လာတော့သည်။

မဖြစ်ဘူး အစ်ကိုချူ မြောင်မိသားစု ဓားသိုင်း ကို မဖြစ်မနေ တတ်မြောက်အောင် သူမ လုပ်ပေးရမည်။

သူမသည် နှုတ်ခမ်းကို ဖိကိုက်လိုက်ပြီး ရုတ်တရက် မေးလိုက်၏။

“အစ်ကိုချူ... ကျွန်မကို ယုံလား...”

ချူကျန့် က လွှတ်ခနဲ ပြန်ဖြေလိုက်၏။

“သေချာပေါက် ယုံတာပေါ့... ဘာဖြစ်လို့လဲ...”

ချန်လင်းစု က အားယူကာ ခပ်ပြုံးပြုံးဖြင့် ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ်... အစ်ကို ထိုင်ပြီး စိတ်လျှော့ထားပေးပါနော်...”

ချူကျန့် တစ်ယောက် နားမလည်နိုင် ဖြစ်သွားသော်လည်း သူမ ပြောသည့်အတိုင်း လုပ်လိုက်၏။

ထို့နောက် ချန်လင်းစု က မြောင်ရန်ဖုန်း ဘက်သို့ လှည့်ကာ...

“သခင်ကြီးမြောင်... ရှင့်ကို အနှောင့်အယှက် ပေးသလို ဖြစ်သွားပြီ... ရှင် အရင် ထမင်းသွားစားပြီး နောက် နာရီဝက်လောက်နေမှ ဓားသိုင်း ဆက်သင်ပေးဖို့ ပြန်လာပေးလို့ ရမလားရှင်...”

မြောင်ရန်ဖုန်း မှာ နားမလည်နိုင် ဖြစ်သွားသော်လည်း ခေါင်းညိတ်ကာ ထွက်သွားတော့၏။

မြောင်ရန်ဖုန်း ထွက်သွားပြီးနောက် ချန်လင်းစု က ချူကျန့် အား ညွှန်ကြားလိုက်သည်။

“အစ်ကိုချူ... တော်ကြာနေရင် အစ်ကို့ကို ကျွန်မ အပ်စိုက်ပေးမယ်... အဲဒီအချိန်ကျရင် ဘာကိုမှ မတွေးဘဲ စိတ်ကို လျှော့ထားပြီး တည်ငြိမ်အောင် နေပေးပါ... မှတ်ထားရမှာက ဘာပဲဖြစ်ဖြစ် အစ်ကို လုံးဝ မလှုပ်ရဘူး... ပြီးတော့ ခုခံဖို့လည်း မကြိုးစားနဲ့နော်...”

သူမ၏ တည်ကြည်လေးနက် သော မျက်နှာထားကို မြင်လိုက်ရသဖြင့် ချူကျန့် လည်း မငြင်းဆန်နိုင်တော့ဘဲ ခေါင်းညိတ်သဘောတူလိုက်ရတော့သည်။

ထို့နောက် ချန်လင်းစု က သူ့အား အင်္ကျီချွတ်ခိုင်းလိုက်သည်။ သူမသည် အပ်ဘူးတစ်ဘူးကို ထုတ်ယူကာ ငွေအပ် (၄၉) ချောင်းကို ရွေးချယ်လိုက်ပြီး ချူကျန့် ၏ သွေးကြော အမှတ်များပေါ်သို့ စတင် စိုက်သွင်းတော့၏။

သူမ၏ လှုပ်ရှားမှုများမှာ နှေးကွေးလှသည်။ အပ်တစ်ချောင်း စိုက်သွင်းပြီးတိုင်း သူမသည် ညင်သာကျွမ်းကျင်စွာဖြင့် ထိုအပ်ကို ဆွဲထုတ်လိုက်၊ ပြန်စိုက်သွင်းလိုက်၊ လှည့်လိုက်ဖြင့် အကြိမ်ကြိမ် လုပ်ဆောင်ပြီးမှသာ နောက်ထပ် အပ်တစ်ချောင်းကို အခြား သွေးကြော အမှတ်တစ်ခုသို့ ထပ်မံ စိုက်သွင်း၏။

သူမ စိုက်သွင်းနေသော သွေးကြော အမှတ်များမှာ ရှားပါး သွေးကြောရှစ်ခု ပေါ်ရှိ ထူးခြားသော အမှတ်များ ဖြစ်ကြောင်း ချူကျန့် မြင်တွေ့နေရသော်လည်း သူမ ဘာလုပ်နေသည်ကိုတော့ လုံးဝ နားမလည်ချေ။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး တဖြည်းဖြည်း ပူနွေးလာသည်ကိုသာ ခံစားနေရပြီး အနည်းငယ် နေရခက်လာသည်ဟုပင် ခံစားရသည်။

ချန်လင်းစု ၏ နဖူးပေါ်တွင်လည်း ချွေးစက်များ သီးလာပြီး သူမ၏ မျက်နှာလေးမှာ တဖြည်းဖြည်း ဖြူရော်လာတော့သည်။ ချူကျန့် ၏ နဖူးပေါ်သို့ ငွေအပ် စိုက်သွင်းလိုက်ချိန်တွင်မူ သူမ၏ ခန္ဓာကိုယ် တစ်ခုလုံး အလိုအလျောက် တုန်ယင်နေပြီး ချွေးများ ရွှဲနစ်နေကာ အလွန်အမင်း ပင်ပန်းနွမ်းနယ်နေကြောင်း သိသာနေသည်။

သူမသည် နှုတ်ခမ်းကို သွေးထွက်လာသည်အထိ ဖိကိုက်ထားသော်လည်း သူမ၏ လှုပ်ရှားမှုများကို လုံးဝ မရပ်တန့်ခဲ့ချေ။ သူမ လက်ထဲရှိ ငွေအပ်မှာမူ အံ့သြဖွယ်ကောင်းလောက်အောင် တည်ငြိမ်နေပြီး အနည်းငယ်မျှပင် တုန်ယင်ခြင်း မရှိပေ။

နာရီဝက်ခန့် ကြာသွားသောအခါ ချူကျန့် ၏ ခန္ဓာကိုယ်နှင့် ခေါင်းပေါ်တွင် ငွေအပ် (၄၉) ချောင်း စိုက်ဝင်နေပြီး အနည်းငယ် ကြောက်မခန်းလိလိ ဖြစ်နေ၏။ ချန်လင်းစု က အသံတုန်တုန်ဖြင့် ပြောလိုက်၏။

“ရလောက်ပြီ... သခင်ကြီးမြောင်... မြောင်မိသားစု ဓားသိုင်း ရဲ့ အနှစ်သာရကို တစ်နာရီအတွင်း အမြန်ဆုံး ရှင်းပြပေးပါ...”

မြောင်ရန်ဖုန်း သည် မည်သည့်အချိန်က ဝင်လာမှန်းမသိဘဲ အခန်းထဲတွင် ရောက်နေပြီး စိုးရိမ်တကြီးဖြင့် မေးလိုက်၏။

“မိန်းကလေး... မင်း အဆင်ပြေရဲ့လား...”

ချန်လင်းစု ၏ မျက်နှာမှာ ကြောက်စရာကောင်းလောက်အောင် ဖြူရော်နေပြီး နှုတ်ခမ်းများတွင်လည်း သွေးရောင် လုံးဝ မရှိတော့ချေ။ သူမ၏ မျက်နှာနှင့် ခန္ဓာကိုယ် တစ်ခုလုံးတွင်လည်း ချွေးများ ရွှဲနစ်နေ၏။

သူမ ခေါင်းခါလိုက်ပြီး အသက်ကို ပြင်းပြင်းရှူကာ တုန်ယင်နေသော အသံဖြင့် ပြောလိုက်သည်။

“ကျွန်မ အဆင်ပြေပါတယ်... ဒါနဲ့ သခင်ကြီးမြောင်... ကျွန်မ ဒီမှာ ထိုင်နေလို့ ရမလားဟင်... စိတ်မပူပါနဲ့... ရှင့်ရဲ့ ဓားသိုင်း အနှစ်သာရတွေကို ကျွန်မ လုံးဝ နားမထောင်ပါဘူး... အစ်ကိုချူ ရဲ့ ဉာဏ်ရည်ကို ကျွန်မ ယာယီ မြှင့်တင်ပေးထားတယ်... ဒါပေမဲ့ ဒီအာနိသင်ကို ထိန်းထားနိုင်ဖို့ ဒီတစ်နာရီအတွင်းမှာ အပ်တွေကို အခါအားလျော်စွာ စိုက်သွင်းပေးနေဖို့ လိုသေးတယ်...”

All Chapters