ချန်လင်းစု လဲကျသွားခြင်း
Vol. 8 Ch. 85
ချူကျန့် သည် တရားထိုင်နေသည့် ပုံစံမျိုးဖြင့် တစ်ပိုင်းအိပ်ပျော်နေသော အခြေအနေသို့ ရောက်ရှိနေ၏။ ချန်လင်းစု ၏ အပ်စိုက်ကုသမှုအောက်တွင် သူ၏ ခန္ဓာကိုယ်မှ နာကျင်မှုနှင့် နေရထိုင်ရ ခက်ခဲမှုများမှာ တဖြည်းဖြည်း ကြည်လင်အေးချမ်းသော အခြေအနေတစ်ခုက အစားထိုး ဝင်ရောက်လာ၏။ ဤအခြေအနေမှာ တကယ့် လက်တွေ့ကမ္ဘာတွင် သူ အတွင်းအား ကျင့်စဉ်များကို လေ့ကျင့်စဉ်က ခံစားရတတ်သည့် "ငြိမ်သက်ခြင်းသို့ ဝင်ရောက်ခြင်း" နှင့် အလွန် တူညီလှသည်။
ပြဿနာမှာ ယခုက ဂိမ်းထဲတွင် ဖြစ်နေပြီး ကစားသမား တစ်ယောက်အနေဖြင့် ဂိမ်းဇာတ်ကောင် တစ်ယောက်၏ အပ်စိုက်ကုသမှုမှတစ်ဆင့် ဤမျှ လက်တွေ့ကျသော "ငြိမ်သက်ခြင်းသို့ ဝင်ရောက်ခြင်း" မျိုးကို ခံစားရသည်မှာ ယုံနိုင်ဖွယ် မရှိအောင်ပင်။
အံ့သြစရာ အကောင်းဆုံးမှာ ချူကျန့် ၏ အသိစိတ်များက နိုးကြားနေဆဲ ဖြစ်နေခြင်းပင်။ ချန်လင်းစု စိုက်သွင်းထားသော သွေးကြောအမှတ်များ တစ်လျှောက် သူ၏ ခန္ဓာကိုယ်ထဲမှ စစ်မှန်သော ချီ များ စုဝေးလာကာ သူ၏ သွေးကြောများကို သန့်စင်ပေးနေသည်ကို သူ ရှင်းလင်းစွာ ခံစားနေရ၏။ သို့သော် သူ မည်သည့်အရာကိုမျှ မမြင်ရ၊ မကြားရဘဲ သူ၏ ခန္ဓာကိုယ် ပြင်ပရှိ အရာအားလုံးကို လုံးဝ မသိရှိနိုင်တော့ချေ။
ယခုအခါ ချူကျန့် မှာ သူမ၏ သဘောအတိုင်း ဖြစ်နေရချေပြီ။ သူမက မစတင်မီကတည်းက သူ့ကို ယုံကြည်မှု ရှိမရှိ မေးမြန်းခဲ့သည်မှာ အံ့သြစရာ မဟုတ်ချေ။ အကယ်၍ သူသာ အနည်းငယ်မျှ သံသယ ဝင်ခဲ့မိပါက သူ၏ အသိစိတ်များ ပြန်လည်ရရှိလာစေရန် သူ၏ ချီ များကို အမြန်ဆုံး လည်ပတ်ခဲ့ရမည်သာ ဖြစ်သည်။
'ချန်လင်းစု က အပ်စိုက်ပညာကို သုံးပြီး ငါ့ရဲ့ မွေးရာပါ အရိုး တန်ဖိုးကို မြှင့်တင်ပေးဖို့ ကြိုးစားနေတာများလား...'
ချူကျန့် စဉ်းစားခန်း ဝင်နေမိသည်။
အချိန်မည်မျှ ကြာသွားသည် မသိ၊ ရုတ်တရက် ဂိမ်းစနစ် ထံမှ အသိပေးသံ တစ်ခုကို သူ ကြားလိုက်ရ၏။
[ဒင်... ချန်လင်းစု၏ 'စိတ်ကြည်လင်ခြင်း နတ် အပ်စိုက်ပညာ' ရဲ့ နှိုးဆွမှုကြောင့် သင့်အရည်အချင်း (၂) မှတ် တိုးလာပါပြီ၊ သင့်ဉာဏ်ရည်မှာ တစ်နာရီကြာ (၉) မှတ် ယာယီ တိုးလာပါတယ်... ဂုဏ်ယူပါတယ်...]
ချူကျန့် အလွန်အမင်း အံ့အားသင့်သွားတော့သည်။ အရည်အချင်း (၂) မှတ် တိုးလာခြင်းမှာ မျှော်လင့်မထားသော်လည်း နားလည်ပေး၍ ရနိုင်သေး၏။ အကြောင်းမူကား ဟွမ်ရုံ က သူ၏ လက်မောင်းရှိ သွေးကြောများကို ဖွင့်ပေးခဲ့စဉ်ကလည်း သူ၏ အရည်အချင်း (၂) မှတ် တိုးလာခဲ့ဖူးသည် မဟုတ်ပါလော။ သို့သော် နောက်ဆုံးစာကြောင်းကမူ သူ့ကို တကယ်ပင် ဆွံ့အသွားစေခဲ့၏။
ဉာဏ်ရည်က တစ်ကြိမ်တည်းနဲ့ (၉) မှတ်တောင် တိုးလာနိုင်တယ်တဲ့လား။ ယာယီ တိုးလာခြင်း ဆိုသော်လည်း ဒါက အံ့မခန်း ဖြစ်ရပ်တစ်ခုပင်။
ဂိမ်းထဲတွင် ဉာဏ်ရည် ဆိုသည်မှာ တိုးတက်ရန် အခက်ခဲဆုံးသော အရည်အချင်းတစ်ခုအဖြစ် နာမည်ကြီးလှသည်။ ကံကောင်းခြင်း ထက်ပင် ပို၍ ခက်ခဲသေး၏။ ဉာဏ်ရည်ကို တိုးတက်စေရန် အထိရောက်ဆုံး နည်းလမ်းဖြစ်သည့် "စာလေ့လာခြင်း" ဖြင့်ပင် ဆယ်နှစ်တိတိ ပြင်းပြင်းထန်ထန် ကြိုးစားလေ့လာပါမှ အများဆုံး (၂) မှတ်ခန့်သာ တိုးနိုင်သည်။ အကယ်၍ နှစ်အနည်းငယ် ထပ်မံကြိုးစားပြီး ပထမဆုရှင် ဖြစ်လာလျှင်တောင်မှ ဉာဏ်ရည် အမြင့်ဆုံး တိုးတက်နိုင်မှုမှာ (၅) မှတ်သာ ဖြစ်၏။ ပြီးနောက် (၁၀) နှစ်ကျော် လေ့ကျင့်ပြီးမှသာ စစ်တုရင်ကစားခြင်း၊ သို့မဟုတ် ဗုဒ္ဓနှင့် တာအိုသိုင်းကျမ်းများကို လေ့လာခြင်းစသည့် နည်းလမ်းများဖြင့် ဉာဏ်ရည်ကို တစ်မှတ်၊ နှစ်မှတ်ခန့် တဖြည်းဖြည်း တိုးလာစေနိုင်မည် ဖြစ်သည်။
သို့သော် ချန်လင်းစု သည် အပ်စိုက်ကုသခြင်းဖြင့် သူ၏ ဉာဏ်ရည်ကို (၉) မှတ်တိတိ တိုးလာအောင် လုပ်ဆောင်ပေးနိုင်ခဲ့၏။ တစ်နာရီသာ ခံမည့် ယာယီ တိုးတက်မှု ဖြစ်သော်လည်း မည်သူ့ကိုမဆို ပါးစပ်ဟသွားစေရန် လုံလောက်လှသည်။ ဂိမ်းစတင်လွှင့်တင်ကတည်းက ဉာဏ်ရည်ကို ယာယီ မြှင့်တင်ပေးနိုင်သော ဤကဲ့သို့သော နည်းလမ်းကို မည်သူကမျှ ရှာဖွေတွေ့ရှိဖူးမည် မဟုတ်ချေ။
ဂိမ်းစနစ် ၏ အသိပေးသံနှင့်အတူ ချူကျန့် ၏ ခေါင်းပေါ်မှ ငွေအပ်တစ်ချောင်းကို ဖြည်းညင်းစွာ ဆွဲထုတ်လိုက်သည်ကို သူ ခံစားလိုက်ရပြီး သူ၏ အကြားအာရုံနှင့် အမြင်အာရုံများ ပြန်လည် ရရှိလာတော့သည်။
ချန်လင်းစု ၏ အလွန် တိုးညင်းသော အသံလေးကို သူ ကြားလိုက်ရ၏။
“အစ်ကိုချူ... အခု အာရုံမလွင့်စေနဲ့နော်... သခင်ကြီးမြောင် ရှင်းပြမယ့် မြောင်မိသားစု ဓားသိုင်း ကို သေသေချာချာ အာရုံစိုက်ပြီး နားထောင်ပါ...”
ချူကျန့် သည် ခေါင်းညိတ်ရန်ပင် မစွမ်းသာတော့ဘဲ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး လုံးဝ လှုပ်ရှား၍ မရတော့သော်လည်း သူ၏ မျက်လုံးများကိုမူ ဖွင့်ကြည့်နိုင်နေ၏။
မြောင်ရန်ဖုန်း ၏ မျက်နှာပေါ်တွင် အထင်ကြီးလေးစားမှုနှင့် နှမြောတသမှုတို့ ရောထွေးနေသော ထူးဆန်းသည့် အမူအရာတစ်ခု ပေါ်လွင်နေသော်လည်း သူသည် မြောင်မိသားစု ဓားသိုင်း ကို ချက်ချင်း စတင် ရှင်းပြတော့သည်။
ဤတစ်ကြိမ်တွင်မူ ချူကျန့် အာရုံစိုက်၍ နားထောင်သည်ဖြစ်စေ၊ မထောင်သည်ဖြစ်စေ၊ အရင်က ပေါ်လာခဲ့သော "သင့်ဉာဏ်ရည်မှာ နိမ့်ကျလွန်းနေသဖြင့် မြောင်ရန်ဖုန်း၏ ရှင်းလင်းချက်များကို မည်သည့်အခါမျှ နားလည်နိုင်မည် မဟုတ်ပါ" ဆိုသည့် စာတန်းမှာ သူ၏ မျက်စိရှေ့တွင် ထပ်မံ ပေါ်မလာတော့ချေ။ ၎င်းအစား အခြား စာတန်းတစ်ခုက အစားထိုး ဝင်ရောက်လာ၏။
[မြောင်ရန်ဖုန်း၏ အသေးစိတ် ရှင်းလင်းချက်များအောက်တွင် သင်သည် မြောင်မိသားစု ဓားသိုင်း၏ သိမ်မွေ့မှုများနှင့် နက်နဲမှုများကို တဖြည်းဖြည်း နားလည်သဘောပေါက်လာပါပြီ...]
လက်ရှိတွင် သူ၏ ဉာဏ်ရည်မှာ ယာယီအားဖြင့် (၂၂) သို့ ရောက်ရှိနေပြီဖြစ်ရာ သာမန်လူများထက် အနည်းငယ် မြင့်မားနေပြီဟု ဆိုနိုင်သည်။ မြောင်ရန်ဖုန်း ၏ စိတ်ရှည်လက်ရှည်နှင့် နားလည်ရလွယ်ကူအောင် ရှင်းပြမှုများနှင့် ပေါင်းစပ်လိုက်သောအခါ မူလက အလွန်မြင့်မားသော ဉာဏ်ရည် လိုအပ်သည့် မြောင်မိသားစု ဓားသိုင်း ကို သူ ယခု သင်ယူနိုင်နေပြီပင်။
ချူကျန့် တစ်ယောက် ဘာလုပ်ရမှန်းမသိ ဖြစ်သွားသော်လည်း ဤအခြေအနေအောက်တွင် သူ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ သင်ယူမှုက အလိုအလျောက် ဆက်လက် လုပ်ဆောင်နေတော့သည်။
ချန်လင်းစု သည် သူ၏ဘေးတွင် အချိန်အတော်ကြာ ထိုင်နေခဲ့ပြီး သူ၏ ခန္ဓာကိုယ်ပေါ်မှ ငွေအပ်များကို တစ်ချောင်းပြီးတစ်ချောင်း ဆွဲထုတ်နေ၏။ တစ်နာရီခန့် အကြာတွင် ချူကျန့် ၏ ခန္ဓာကိုယ်ပေါ်ရှိ ငွေအပ်များ အားလုံးကို ဆွဲထုတ်လိုက်ပြီးသောအခါ ဂိမ်းအသိပေးသံ ထွက်ပေါ်လာတော့သည်။
[ဒင်... 'ပြီးပြည့်စုံသည့်' အဆင့်ရှိ သိုင်းသမား မြောင်ရန်ဖုန်းက အရိုးရှင်းဆုံးနှင့် အလွယ်ကူဆုံး နည်းလမ်းဖြင့် အကြိမ်ကြိမ် ရှင်းပြပေးခဲ့သောကြောင့် ဉာဏ်ရည် (၂၄) မှတ် လိုအပ်သော 'မြောင်မိသားစု ဓားသိုင်း' ကို သင် အောင်မြင်စွာ သင်ယူနိုင်ခဲ့ပါပြီ...]
[ဒင်... သိုင်းလောက တစ်ခုလုံးသို့ ကြေညာခြင်း... ကစားသမား 'ချူလော့ကျွင်း' သည် 'ပြီးပြည့်စုံသည့်' အဆင့်ရှိ သိုင်းသမား မြောင်ရန်ဖုန်း ထံမှ ရတနာအဆင့် ဓားသိုင်းဖြစ်သော 'မြောင်မိသားစု ဓားသိုင်း' ကို အောင်မြင်စွာ သင်ယူနိုင်ခဲ့ပြီး ခေတ်သစ် သိုင်းလောက ခေတ်ကြီး ၏ ဆာဗာသစ်တွင် ဂိမ်းဇာတ်ကောင် ထံမှ ရတနာအဆင့် ဓားသိုင်းကို ပထမဆုံး သင်ယူနိုင်ခဲ့သူ ဖြစ်လာကာ အပိုဆုအဖြစ် အထူးပစ္စည်းတစ်ခုကို ကျပန်း မဲနှိုက်ခွင့် ရရှိသွားပါသည်... ဤအဖြစ်အပျက်ကို ဆာဗာသစ်၏ 'အရာရာကို သိမြင်သော ပညာရှင်၏ သိုင်းလောက ဒဏ္ဍာရီ မှတ်တမ်း' တွင် မှတ်တမ်းတင်ထားပါသည်... ကစားသမားများ အနေဖြင့် သူ့ကို စံနမူနာယူကာ မိမိတို့၏ ကိုယ်ပိုင် ထူးခြားပြောင်မြောက်သော အောင်မြင်မှုများကို 'အရာရာကို သိမြင်သော ပညာရှင်၏ သိုင်းလောက ဒဏ္ဍာရီ မှတ်တမ်း' တွင် အမြန်ဆုံး မှတ်တမ်းတင်နိုင်စေရန် ကြိုးစားကြပါ...]
[ဒင်... ဂိမ်းကမ္ဘာ တစ်ခုလုံးသို့ ကြေညာခြင်း... ကစားသမား 'ချူလော့ကျွင်း' သည် ပထမဆုံး ရတနာအဆင့် ဓားသိုင်းဖြစ်သော 'မြောင်မိသားစု ဓားသိုင်း' ကို တတ်မြောက်သွားပြီး 'သိုင်းပညာ အောင်မြင်မှု အဆင့်သတ်မှတ်ချက် စာရင်း' တွင် ထိပ်ဆုံးသို့ ရောက်ရှိသွားပါသည်... ကစားသမားများအားလုံး ဆက်လက် ကြိုးစားကြပါ...]
ပထမဆုံး ဂိမ်းအသိပေးသံ ထွက်ပေါ်လာသည့် အချိန်ကတည်းက ချူကျန့် သည် တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း အလိုအလျောက် ရိပ်မိလိုက်ပြီး သူ၏ ရင်ဘတ်ထဲ ဆို့နင့်သွားတော့သည်။ နောက်ထပ် ကြေညာချက် နှစ်ခု ဆက်တိုက် ထွက်ပေါ်လာချိန်တွင်မူ သူ ကျိန်ဆဲရန်ပင် ခွန်အားမရှိတော့ချေ။
မြောင်ရန်ဖုန်း ၏ မြောင်မိသားစု ဓားသိုင်း သည် အဆင့်နိမ့် သိုင်းတစ်ခု မဟုတ်ကြောင်း သူ ခန့်မှန်းမိသော်လည်း ရတနာအဆင့် ဖြစ်နေမည်ကိုတော့ သူ လုံးဝ မျှော်လင့်မထားခဲ့ပေ။
ယခုအခါ သူ၏ လက်ထဲတွင် ရတနာအဆင့် ဓားသိုင်း (၂) ခု ရှိနေပြီဖြစ်ကာ "ကိုယ်ပိုင် ဖန်တီးထားသော သိုင်းပညာ အဆင့်သတ်မှတ်ချက် စာရင်း" နှင့် "သိုင်းပညာ အောင်မြင်မှု အဆင့်သတ်မှတ်ချက် စာရင်း" နှစ်ခုစလုံးတွင် ထိပ်ဆုံး၌ နေရာယူထားသဖြင့် သူသည် အလွန်အမင်း ထင်ပေါ်နေပေပြီ။ ထို့အပြင် ယခုလေးတင် ဆာဗာအသစ် တစ်ခုလုံးသို့ ပဲ့တင်ထပ်သွားသော ကြေညာချက် နှစ်ခုက သူ့ကို ကစားသမား အားလုံး၏ အာရုံစိုက်ရာ ဗဟိုချက် အဖြစ်သို့ ချက်ချင်း ထပ်မံ ရောက်ရှိသွားစေခဲ့၏။
အဆိုးရွားဆုံးမှာ ထိုကြေညာချက်များတွင် မြောင်ရန်ဖုန်း ၏ နာမည် ပါဝင်နေခြင်းပင်။ ဝါရင့် ကစားသမား မည်မျှလောက်က သူ့ကို ဒီနေရာအထိ လာရှာကြမည်နည်း။
သူ နောက်ထပ် တစ်ကြိမ် ထွက်ပြေးပုန်းရှောင်ရဦးမည်... ဤစက်ဆုပ်ရွံရှာဖွယ် ကောင်းလှသော ဘဝကြီးက ဘယ်တော့မှများ အဆုံးသတ်မှာလဲ။
ချူကျန့် တစ်ယောက် ငိုင်၍ ရပ်နေသည်ကို မြင်သောအခါ မြောင်ရန်ဖုန်း က သူ ဘာဖြစ်သွားမှန်း မသိသေးဘူးဟု ထင်ကာ ပြောလိုက်၏။
“ဂုဏ်ယူပါတယ် ညီလေးချူ... နောက်ဆုံးတော့ မင်း ငါ့ရဲ့ ဓားသိုင်းကို တတ်မြောက်သွားပြီပဲ...”
ချူကျန့် က မချိပြုံးလေး ပြုံးပြလိုက်သော်လည်း ကျေးဇူးတင်စကား ဆိုရန်မူ သူ၏ နှုတ်ခမ်းများ လှုပ်ရွမလာခဲ့ချေ။
“ဝမ်းသာစရာ... ပဲ...”
ချန်လင်းစု ၏ အသံလေး သူ၏ နောက်ကျောဘက်မှ ထွက်ပေါ်လာသော်လည်း "ဝမ်းသာစရာပဲ" ဟူသော နောက်ဆုံးစကားလုံး အဆုံးတွင် သူမ၏ ခန္ဓာကိုယ်လည်း ပျော့ခွေ၍ လဲကျ သွားတော့သည်။
ချူကျန့် လန့်ဖြန့်သွားကာ ချာခနဲ လှည့်ကြည့်လိုက်၏။ ချန်လင်းစု တစ်ယောက် မြေပြင်ပေါ်တွင် လဲကျနေပြီး ရေထဲမှ ဆယ်ယူထားသကဲ့သို့.. ခန္ဓာကိုယ် တစ်ခုလုံး ချွေးများ ရွှဲနစ်နေသည်ကို မြင်လိုက်ရသည်။ သူမ၏ မျက်နှာလေးမှာ စက္ကူတစ်ရွက်လို ဖြူလျော့နေပြီး အသက်ရှူသံမှာလည်း အလွန် တိုးညင်းနေကာ သတိလစ်နေပြီ ဖြစ်၏။
“မိန်းကလေး လင်...”
ချူကျန့် ၏ ရင်ထဲ ထိတ်ပျာသွားသည်။ ချန်လင်းစု ၏ အခြေအနေမှာ အလွန် ဆိုးရွားနေပုံရသည်။
သူက ကပျာကယာ ပြေးသွားပြီး သူမကို ပွေ့ချီရန် ပြင်လိုက်စဉ် မြောင်ရန်ဖုန်း က လှမ်းတားလိုက်၏။
“ညီလေးချူ... မိန်းကလေး လင် ကို ရုတ်တရက် မလှုပ်လိုက်နဲ့... သူ့ကို ကုတင်ပေါ် ဖြည်းဖြည်းချင်း သယ်သွားပြီး နားခိုင်းလိုက်ပါ... သူ့ကို အဝတ်ခြောက် လဲပေးဖို့ ရွာထဲက အမျိုးသမီး တချို့ကို ငါ သွားခေါ်လိုက်ဦးမယ်...”
ပြောပြောဆိုဆိုနှင့် မြောင်ရန်ဖုန်းက မြောင်မိသားစု ရွာလေးမှ အမျိုးသမီး တချို့ကို ခေါ်ရန် ဒရောသောပါး ပြေးထွက်သွားတော့သည်။
ချန်လင်းစု အား နေရာချပေးပြီး တောင်ပေါ်ရွာမှ အဘွားအို ပြန်ထွက်သွားပြီးနောက် နာရီဝက်ခန့် ကြာသွားလေပြီ။
သတင်းကြားကြားချင်း ပြေးလာသော ဟူဖေး သည် ဧည့်ခန်းဆောင်ရှိ ကုတင်ပေါ်တွင် မျက်လုံးမှိတ်ကာ သတိလစ်နေသော ချန်လင်းစု အား ကြည့်ရင်း စိုးရိမ်တကြီးဖြင့် မေးလိုက်၏။
“မိန်းကလေး လင် ဘာဖြစ်သွားတာလဲ...”
ချူကျန့် မှာ အလွန်အမင်း စိုးရိမ်ပူပန်နေ၏။ မူလက သမားတော် တစ်ဦး သွားပင့်ရန် စဉ်းစားခဲ့သော်လည်း မြောင်ရန်ဖုန်း က ချန်လင်းစု သည် အနားယူရန်သာ လိုအပ်ကြောင်း ပြောကာ တားမြစ်ထားခဲ့သည်။
ဟူဖေး ၏ မေးခွန်းကို မြောင်ရန်ဖုန်း က ခေါင်းခါပြရုံမှ လွဲ၍ ဘာမှ ပြန်မဖြေခဲ့ချေ။ ထို့နောက် ငိုင်၍ ရပ်နေသော ချူကျန့် ကို ကြည့်ကာ ပြောလိုက်၏။
“ညီလေးချူ... မင်း သွားပြီး ထမင်းလေး ဘာလေး စားလိုက်ပါလား...”
ချူကျန့် ၏ မျက်လုံးများ တစ်ချက် လှုပ်ခတ်သွားပြီး ရုတ်တရက် မေးလိုက်၏။
“အစ်ကိုမြောင်... ခင်ဗျား တစ်ခုခုကို သိနေတာလား...”
မူလက သူ တွေးထားသည်မှာ ချန်လင်းစု သည် ထို 'စိတ်ကြည်လင်ခြင်း နတ် အပ်စိုက်ပညာ' ကို အသုံးပြုလိုက်သဖြင့် စွမ်းအင်များ ကုန်ဆုံးသွားကာ ပင်ပန်းလွန်းသဖြင့် အိပ်ပျော်သွားခြင်းသာ ဖြစ်မည်ဟု တွေးကာ သိပ်ပြီး စိုးရိမ်မနေခဲ့ချေ။ သို့သော် မြောင်ရန်ဖုန်း ၏ မျက်နှာအမူအရာကို ကြည့်ရသည်မှာ ကိစ္စက ထိုမျှ ရိုးရှင်းပုံ မရချေ။