သက်တမ်း (၁၀) နှစ်
Vol. 8 Ch. 86
ချူကျန့် ထွက်မသွားသည်ကို မြင်သောအခါ မြောင်ရန်ဖုန်း က အတွေးနက်နေပြီးနောက် သက်ပြင်းတစ်ချက်ချကာ ဖွင့်ဟဝန်ခံလိုက် ၏။
“ငါက ဆေးဘုရင် ရဲ့ မိတ်ဆွေဟောင်း တစ်ယောက်ပါ... အတိတ်က ရန်ငြိုးတွေကြောင့် ဆက်ဆံရေး ပျက်ပြားသွားခဲ့ပေမယ့် သူ့အကြောင်းကို တခြားသူတွေထက် ငါ ပိုပြီး နားလည်ပါတယ်...”
မြောင်ရန်ဖုန်း ထံမှ တိုက်ရိုက် အဖြေထွက်မလာသည်ကို ကြားလိုက်ရသောအခါ ချူကျန့် ၏ ရင်ဘတ်ထဲ ဆို့နင့်သွားကာ မကောင်းသော အတိတ်နိမိတ် တစ်ခုကို ခံစားလိုက်ရတော့သည်။
မြောင်ရန်ဖုန်း က ဆက်ပြော၏။
“ဆေးဘုရင် ဆီမှာ အလွန် အံ့မခန်း အစွမ်းထက်တဲ့ အပ်စိုက်ပညာ တစ်ခု ရှိတယ်... ဒါပေမဲ့ သူ လွယ်လွယ်နဲ့တော့ အသုံးမပြုဘူး... အဲဒီပညာကို 'စိတ်ကြည်လင်ခြင်းနတ်အပ်စိုက်ပညာ' လို့ ခေါ်တယ်... လူတစ်ယောက်ရဲ့ ဉာဏ်ရည်ဉာဏ်သွေးကို အချိန်တိုအတွင်း မြင့်တက်လာစေနိုင်တယ်လေ... အဲဒီတုန်းက ငါ့ရဲ့ ဉာဏ်ရည် နိမ့်ကျလွန်းလို့ ငါ့အဖေက ငါ့ကို ဆေးဘုရင် ဆီ ခေါ်သွားပြီး အပ်စိုက်ပေးဖို့ တောင်းဆိုခဲ့ဖူးတယ်...”
“ဒါပေမဲ့ ဆေးဘုရင် က ငြင်းခဲ့တယ်... သူက ဘာပြောလဲဆိုတော့... ဒီအပ်စိုက်ပညာက တကယ် အံ့မခန်း ဖြစ်ပေမယ့် စိတ်ကို အလွန်အမင်း ထိခိုက်စေတယ်တဲ့... တစ်ကြိမ် သုံးလိုက်တိုင်း ကုသပေးသူရဲ့ သက်တမ်း (၁) နှစ် လျော့သွားပြီး အာနိသင်ကလည်း (၁၅) မိနစ်ပဲ ခံတယ်လို့ ဆိုတယ်... အကယ်၍ အချိန်ကို အတင်းအကျပ် ဆွဲဆန့်မယ်ဆိုရင်တော့ ကုသပေးသူရဲ့ သက်တမ်းကို အကြီးအကျယ် လျော့ကျသွားစေလိမ့်မယ်... အနည်းဆုံး (၃) နှစ် ကနေ (၈) နှစ်၊ ဒါမှမဟုတ် (၁၀) နှစ် အထိတောင် လျော့သွားနိုင်တယ်တဲ့...”
မြောင်ရန်ဖုန်း သည် ချန်လင်းစု အား ကျေးဇူးတင်သော မျက်လုံးဖြင့် တစ်ချက်ကြည့် လိုက်ပြီး ချူကျန့် ၏ ပခုံးကို ပုတ်ကာ ပြောလိုက်၏။
“ညီလေးချူ... ဒီတစ်ကြိမ် မိန်းကလေး လင်ဆု က မင်းအတွက် အာနိသင်ကို တစ်နာရီတိတိ အတင်းအကျပ် ဆွဲဆန့်ပေးခဲ့တာက သူ့ရဲ့ သက်တမ်း အနည်းဆုံး (၁၀) နှစ်လောက်ကို လျော့ကျသွားစေမှာ သေချာတယ်... သူ . မင်းအပေါ်ကို တကယ့်ကို သံယောဇဉ်တွယ် တာပဲ...”
ထိုစကားကြောင့် ချူကျန့် ၏ ခေါင်းထဲတွင် ဟာလာဟင်းလင်း ဖြစ်သွားကာ ခန္ဓာကိုယ် ယိုင်နဲ့သွားတော့သည်။ သူ တစ်ခွန်းမျှပင် မဟနိုင်ဘဲ ငိုင်၍ ရပ်နေမိကာ မြောင်ရန်ဖုန်း နောက်ထပ် ဘာတွေ ဆက်ပြောနေသည်ကို လုံးဝ မကြားတော့ချေ။
စောစောလေးကတင် သူက ချန်လင်းစု အနေဖြင့် တစ်ရေးလောက် အိပ်လိုက်လျှင် ပြန်ကောင်းသွားမည်ဟု အရှက်မရှိ တွေးတောနေခဲ့သေးသည်။ ဉာဏ်ရည်မြှင့်တင်ရန် မည်သည့်နည်းလမ်းကိုမျှ ခေါင်းခဲမတတ် စဉ်းစား နေစရာ မလိုတော့ဘဲ သူမ၏ မျက်နှာသာပေးမှုကို အရှက်မရှိ ယူကာ တစ်ခါတစ်ရံ သူ့ကို အပ်စိုက်ပေးစေပြီး 'ဆေးဘုရင် နတ်ကျမ်း' ကို သင်ယူမည်ဟု ကြံစည် နေခဲ့မိသည် မဟုတ်ပါလော။
‘အကယ်၍ ရတနာအဆင့် မြောင်မိသားစု ဓားသိုင်း ကို ဒီနည်းနဲ့ သင်ယူနိုင်တယ်ဆိုရင်၊ နတ်ကျမ်းအဆင့် ဆေးဘုရင် နတ်ကျမ်း ကိုကော ဘာလို့ မသင်ယူနိုင်ရမှာလဲ... (၁၀) ကြိမ်၊ ဒါမှမဟုတ် (၈) ကြိမ်လောက် ထပ်ကြိုးစားလိုက်ရင် တစ်နေ့ကျ အကုန်လုံး တတ်မြောက်သွားမှာပဲ...’ ဟု သူ တွေးခဲ့မိသည်။
သို့သော် ယခုအခါတွင်တော့ သူ၏ ဘဝ၌ ပထမဆုံးအကြိမ်အဖြစ် သူ့ပါးကိုသူ အားကုန် ပြန်ရိုက်ပစ်ချင်စိတ်များ တဟုန်းဟုန်း ပေါ်ပေါက်လာတော့သည်။
ခုနက သူ ရရှိလိုက်သော ယာယီ ဉာဏ်ရည် တိုးတက်မှု ဆိုသည်မှာ ချန်လင်းစု ၏ သက်တမ်း (၁၀) နှစ် နှင့် လဲလှယ်ထားခဲ့ရခြင်း ဖြစ်နေခဲ့ခြင်းပင်။
မြောင်မိသားစု ဓားသိုင်း ကို သူ သင်ယူနိုင်ရန်အတွက် သူမ၏ အသက်ကိုပါ ရင်းပြီး ပေးဆပ်ခဲ့ခြင်း ဖြစ်၏။
‘မင်းက တုံးလှချည်လားကွာ... ငါ.. မင်းအပေါ် ကောင်းပေးနေတာက ဆေးဘုရင် နတ်ကျမ်း ကို သင်ယူချင်လို့ သက်သက်ပဲလေ... မင်းလို ဉာဏ်ကောင်းတဲ့ မိန်းကလေးက ဒါလေးတောင် မသိဘူးလား... ငါ့လို လောဘသားကောင် တစ်ယောက်အတွက် မင်းရဲ့ သက်တမ်း (၁၀) နှစ် ကို ပေးဆပ်ဖို့ တန်လို့လား... တုံးလိုက်တာကွာ... မင်း တကယ် တုံးလွန်းတယ်...’
ချူကျန့် ၏ ရင်ထဲတွင် ဗြောင်းဆန်နေကာ ဒေါသနှင့် နာကျင်မှု ရောထွေးနေသော ခံစားချက်များက လည်ချောင်းဝတွင် တစ်ဆို့နေတော့သည်။
ဤကဲ့သို့သော ဂနာမငြိမ်ဖြစ်မှုမျိုးကို လျှို့ဝှက်သိုင်းလောက ထဲတွင် သူ တစ်ခါမျှ မခံစားခဲ့ရဖူးချေ။ ယခင်က ကောရှန် နှင့် ပတ်သက်၍ ခံစားခဲ့ရဖူးပြီး ယခု ချန်လင်းစု အပေါ်တွင် ထိုခံစားချက်မျိုး ပြန်လည် ပေါ်ပေါက်လာခြင်းပင်။
သူသည် ဤကဲ့သို့ စိမ်းသက်လှသော ခံစားချက်များကို ဖြစ်ပေါ်စေသည့် နေရာမှ လွတ်ကင်းရန် နောက်သို့ ချာခနဲ လှည့်ထွက် လိုက်သည်။ သို့သော် ခြေနှစ်လှမ်းခန့် လှမ်းပြီးသည်နှင့် ရှေ့ဆက်မလှမ်းနိုင်တော့ဘဲ ခြေအစုံက တုံ့ခနဲ ရပ်တန့်သွားချေပြီ။
သူ့ကို ပြုစုစောင့်ရှောက်ရင်း ပင်ပန်းနွမ်းနယ်နေသော ပိန်ပိန်ပါးပါး မိန်းကလေးမှာ ကုတင်ပေါ်တွင် သတိလစ်မေ့မြောနေဆဲပင်။
ချူကျန့် အံကို တင်းတင်းကြိတ်လိုက်ပြီး နောက်ဆုံးတွင် ကုတင်ဘေး၌ ဝင်ထိုင်လိုက်၏။ ထို့နောက် ဖြူဖျော့ပြီး ပိန်ပါးနေသော ချန်လင်းစု ၏ မျက်နှာလေးကို တိတ်ဆိတ်စွာ မမှိတ်မသုန်ကြည့် နေမိတော့သည်။
ဉာဏ်ရည်ထက်မြက်ပြီး ရင့်ကျက်တည်ငြိမ်လှသော ထိုမျက်လုံးလေးများကို မှိတ်ထားလိုက်ချိန်တွင် သူမ၏ သေးသွယ်သော ခန္ဓာကိုယ်နှင့် ရုပ်ရည်လေးမှာ ရွယ်တူများထက်ပင် ပို၍ ငယ်ရွယ်ပုံပေါက်နေ၏။ အကယ်၍ တုန်းဖန်းပုပိုက် သာ သူမဘေးတွင် ရပ်နေပါက တုန်းဖန်းပုပိုက် ကပင် အစ်မဖြစ်နေမည်ဟု ထင်ရလောက်သည်။
ဤကဲ့သို့ ပင်ကိုယ်ကတည်းက ပိန်ပါးပြီး ချည့်နဲ့နေသော မိန်းကလေးမှာ သက်တမ်းရှည်မည် မဟုတ်သည်ကို သိလျက်နှင့် သူ့အတွက် အားထုတ်မှုများစွာ စွမ်းအင်များစွာနှင့် သူမ၏ သက်တမ်း (၁၀) နှစ်တိတိ ကို တစ်ချက်လေးမျှ ဝန်မလေးဘဲ ပေးဆပ်ခဲ့၏။
ချူကျန့် ၏ ရင်ဘတ်ထဲတွင် ဆစ်ခနဲ နာကျင်သွားတော့သည်။ သူသည် ချန်လင်းစု ကို ငိုင်၍ ကြည့်နေမိစဉ် တဒင်္ဂမျှ ကောရှန် ကို မြင်လိုက်ရသကဲ့သို့ ယုံမှားဖွယ်မရှိ သော ထင်ယောင်ထင်မှား ဖြစ်မှုမျိုးကိုပင် ခံစားလိုက်ရ၏။
သူ ခေါင်းကိုသာ ခါရမ်းလိုက်မိသည်။
သူကိုယ်တိုင်လည်း ရူးကြောင်ကြောင် ဖြစ်နေပြီ ထင်မိသည်။
ထို မိန်းမငယ်လေး နှစ်ဦးမှာ ရုပ်ရည်နှင့် ခန္ဓာကိုယ် ဖွဲ့စည်းပုံ လုံးဝ ကွာခြားလှသည်။ ချန်လင်းစု ထံတွင် ကောရှန် ၏ အရိပ်အယောင်ကို သူ မည်သို့ မြင်တွေ့နိုင်မည်နည်း။
သူမတို့ နှစ်ဦးစလုံးက သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေသော အလားတူ မိုက်မဲသည့် လုပ်ရပ်မျိုးကို လုပ်ဆောင်ခဲ့ကြသောကြောင့်များလား။
ချူကျန့် တစ်ယောက် အတွေးနက်နေ စဉ်မှာပင် မြောင်ရန်ဖုန်း နှင့် ဟူဖေး တို့သည် ဧည့်ခန်းဆောင် အတွင်းမှ မည်သည့်အချိန်ကတည်းက ထွက်ခွာသွားကြမှန်း မသိလိုက်ချေ။
အပြင်ဘက်တွင် တဖြည်းဖြည်း မှောင်ရီပျိုးလာကာ ညဉ့်အမှောင်က လွှမ်းခြုံလာတော့သည်။
အပြင်ခန်းမဘက်မှ ကလေးမလေး တစ်ယောက်၏ စကားပြောသံ တတွတ်တွတ်ကို ကြားလိုက်ရသော်လည်း မြောင်ရန်ဖုန်း က ချက်ချင်း လှမ်းတားလိုက်၏။
ချူကျန့် သည် အပြင်ဘက်မှ မည်သည့်အရာကိုမျှ အာရုံမစိုက်တော့သလို အခြား ကစားသမား များက သူ့ကို လာရောက် ရှာဖွေမည်ကိုလည်း ဂရုမစိုက်တော့ချေ။
နေ့တစ်ဝက်နီးပါးခန့် သူသည် ချန်လင်းစု ကိုသာ ဂရုတစိုက် ပြုစုပေးနေခဲ့သည်။ စောင်ခြုံပေးခြင်း၊ နဖူးမှ ချွေးများကို သုတ်ပေးခြင်း၊ နှုတ်ခမ်းများ ခြောက်သွေ့မနေစေရန် ရေဆွတ်ပေးခြင်း တို့ကိုသာ တစိုက်မတ်မတ် လုပ်ဆောင်နေ၏။
သူ အော့ဖ်လိုင်း ဖြစ်နေခဲ့စဉ် ရက်များကလည်း ချန်လင်းစု သည် သူ့အား ယခုကဲ့သို့ပင် ပြုစုစောင့်ရှောက်ပေးခဲ့ပြီး သူ၏ ဒဏ်ရာများ မသက်သာမချင်း အပ်စိုက်ခြင်းနှင့် ဆေးတိုက်ခြင်းများကိုပါ လုပ်ဆောင်ပေးခဲ့သည် မဟုတ်ပါလော။
တွေးမိလေလေ ဤမိန်းကလေးအပေါ် သူ တင်ရှိနေသော ကျေးဇူးကြွေးများက ကြီးမားလွန်းလှသဖြင့် မည်သို့ ပြန်ဆပ်ရမည်ကိုပင် မသိတော့ချေ။ ချူကျန့် သက်ပြင်းတစ်ချက်ချလိုက်ပြီး ချန်လင်းစု ၏ ပိန်ပါးသော ပါးပြင်လေးကို အသာအယာ ပွတ်သပ်ပေးလိုက်သည်။ သူသည် လက်စားချေ ကာ ရန်သူများနှင့် ရင်ဆိုင်ရသည်ကိုသာ အသားကျနေသူဖြစ်ပြီး သူတစ်ပါးအပေါ် ကျေးဇူးကြွေး တင်ရသည်ကို လုံးဝ အသားမကျသူ ဖြစ်၏။
ချူကျန့် စက္ကူတစ်ရွက်ကို ထုတ်ယူကာ စာလုံးအနည်းငယ် ရေးလိုက်ပြီး ရွှေလင်းယုန်လေး တစ်ကောင်ကို ခေါ်ထုတ်ကာ ချင်ရူယွင် ထံသို့ ပေးပို့လိုက်၏။
“ဂိမ်းထဲမှာ သက်တမ်း (၁၀) နှစ်လောက်ကို တိုးစေနိုင်တဲ့ ရှားပါး ရတနာတွေ၊ ဒါမှမဟုတ် ဆေးလုံးတွေများ ရှိလားဟင်...”
ဤကဲ့သို့သော မေးခွန်းမျိုးကို အင်တာနက်ပေါ်တွင် ရှာဖွေခြင်းက တိကျချင်မှ တိကျမည် ဖြစ်ရာ ဝါရင့် ကစားသမား တစ်ဦးဖြစ်သော ချင်ရူယွင် အား ဆက်သွယ်မေးမြန်းခြင်းက ပို၍ မြန်ဆန်ပြီး ယုံကြည်စိတ်ချရသည်။
နာရီဝက်ခန့် အကြာတွင် ချင်ရူယွင် ထံမှ ပြန်စာ ရောက်လာ၏။
“ရှိတယ်... ဒါပေမဲ့ အရမ်းကို ရှားပါးတာ... ဆာဗာဟောင်း တွေမှာတောင် ရှာရခက်တယ်လေ... အဲဒါတွေက တန်ဖိုးဖြတ်မရအောင်ကို ရှားပါးပြီး စျေးကလည်း ရွှေဒင်္ဂါး (၂) သိန်း ကနေ စတာမျိုး... ဆာဗာသစ် မှာဆိုရင် သက်တမ်းတိုးစေတဲ့ ပစ္စည်းတွေကို ဆုအဖြစ်ပေးတဲ့ အခက်အခဲ မြင့်မားတဲ့ တာဝန် တချို့ ရှိပေမယ့် ဘယ်သူမှ ပြီးအောင် မလုပ်နိုင်သေးဘူး... ဒါနဲ့ စကားမစပ်... ငါ့ရဲ့ သီးသန့် တာဝန် မှာလည်း အဲဒီလို ရှားပါး ရတနာ ဆုလာဘ်တစ်ခု ပါတယ်... ဒါပေမဲ့ သက်တမ်း (၂) နှစ် ပဲ တိုးစေနိုင်တာ...”
'(၂) နှစ် တဲ့လား... (၂) နှစ် ဆိုလည်း ရပါတယ်...'
ချူကျန့် အံကို တင်းတင်းကြိတ်လိုက်ပြီး ပြန်စာ ရေးလိုက်သည်။
“အကယ်၍ အဲဒီ ရှားပါး ရတနာ ဆုလာဘ်ကို ရခဲ့ရင် ကျွန်တော့်ကို ပေးလို့ရမလား... တခြား ပစ္စည်းတွေကို ကျွန်တော် အကုန် အလျှော့ပေးပါ့မယ်...”
မူလက သူနှင့် ချင်ရူယွင် သဘောတူထားသည့် အတိုင်းဆိုလျှင် တာဝန် မှ ရရှိမည့် ဆုလာဘ်များကို တစ်ဝက်စီ ခွဲဝေယူကြမည် ဖြစ်သည်။ သို့သော် ဉာဏ်ရည်နှင့် အရိုး ကို မြှင့်တင်ပေးနိုင်သော ဆေးလုံးမှာ အလွန် တန်ဖိုးကြီးမားလှသဖြင့် ဆေးတစ်လုံးတည်းနှင့်ပင် ဆုလာဘ် တစ်ဝက်စာနီးပါး တန်ဖိုးရှိနေရာ ချူကျန့် က ထိုဆေးလုံး တစ်ခုတည်းကိုသာ ယူမည်ဟု ပြောထားခဲ့ခြင်း ဖြစ်သည်။
ယခုအခါတွင် သူက အလွန် တန်ဖိုးကြီးမားသော ရှားပါး ရတနာကို ထပ်မံ လိုချင်နေပြီဖြစ်ရာ ဉာဏ်ရည်ကို မြှင့်တင်ပေးမည့် ထိုဆေးလုံးကိုတော့ ဆက်လက် မယူနိုင်တော့ချေ။ မည်သို့ပင်ဆိုစေ ဤတာဝန်မှာ ချင်ရူယွင် ၏ သီးသန့် တာဝန် ဖြစ်ပြီး သူမသည် ကုသိုလ်ဖြစ် အကူအညီပေးနေမည့် လူမှုရေးသမား တစ်ဦး မဟုတ်ပေ။
ချင်ရူယွင် ထံမှ စာပြန်ရောက်လာသည်။
“ရပါတယ်... ဒါပေမဲ့ ရှင်က သက်တမ်းကို ဘာလုပ်ဖို့ တိုးချင်တာလဲ... ဆာဗာသစ် မှာ ဒီကိစ္စအတွက် ပူပန်နေစရာမှ မလိုသေးတာ... ပြီးတော့ ရှင်က မိန်းကလေးလည်း မဟုတ်ဘဲနဲ့ ဘာလို့ (၂) နှစ်လောက် ပိုပြီး နုပျိုချင်နေရတာလဲ...”
ချင်ရူယွင် ၏ သံသယမှာ နားလည်ပေးနိုင်စရာပင်။ ခေတ်သစ် သိုင်းလောက ခေတ်ကြီး ၏ အချိန် စီးဆင်းမှုမှာ လက်တွေ့ကမ္ဘာထက် များစွာ မြန်ဆန်လှသည်။ လက်တွေ့ကမ္ဘာမှ (၁၅) ရက်ခန့်သည် ဂိမ်းထဲတွင် (၁) နှစ်နှင့် ညီမျှသည်။ ထို့ကြောင့် ကစားသမား များ အနေဖြင့် မိမိတို့၏ ဂိမ်းဇာတ်ကောင် များ အိုမင်းရင့်ရော်လာမည့် ပြဿနာကို မလွှဲမသွေ ရင်ဆိုင်ရမည်သာ ဖြစ်သည်။
သက်တမ်းကို ပြန်လည် ဖြည့်တင်းပေးနိုင်သော ရှားပါး ရတနာများက ဇာတ်ကောင်များကို နှစ်အနည်းငယ် ပိုမို နုပျိုသွားစေနိုင်သဖြင့် အမျိုးသမီး ကစားသမား များအကြားတွင် အလွန် လူကြိုက်များလှ၏။ မည်သည့် မိန်းကလေးက မိမိ၏ ဇာတ်ကောင်ကို ထာဝရ နုပျိုလှပ မနေစေချင်ဘဲ နေမည်နည်း။
ဇာတ်ကောင် တစ်ကောင် အိုမင်းသွားသည့်အခါ ဝင်စားခြင်း တာဝန်ကို ထမ်းဆောင်နိုင်ပြီး ဇာတ်ကောင်သစ် အနေဖြင့် ပိုမို မြင့်မားသော အစပြုမှု တစ်ခုကို ရရှိနိုင်ကာ မူလ ဇာတ်ကောင်ထံမှ ပစ္စည်းများ အားလုံးကို အမွေဆက်ခံနိုင်သည် ။
ခေတ်သစ် သိုင်းလောက ခေတ်ကြီး ၏ ဆာဗာဟောင်း များမှာ လွှင့်တင်ထားသည်မှာ (၂) နှစ် ကျော်ရှိနေပြီဖြစ်ရာ ကစားသမား များစွာ၏ ဇာတ်ကောင်များမှာ အသက် (၆၀) ကျော်နေကြပြီဖြစ်၍ ဇာတ်ကောင် ဝင်စားခြင်း လှိုင်းကြီး တစ်ခုပင် ပေါ်ပေါက်ခဲ့ဖူး၏။ သို့သော် လွှင့်တင်ထားသည်မှာ ရက်အနည်းငယ်သာ ရှိသေးသော ဆာဗာသစ် တစ်ခုအတွက်မူ ဤကိစ္စကို စဉ်းစားရန် အလွန် စောလွန်းနေသေးသည်မှာ အမှန်ပင်။
“ကျွန်တော် ကိုယ်တိုင် သုံးဖို့ မဟုတ်ပါဘူး... အကြွေးဆပ်ဖို့ပါ... တာဝန် စမယ့်အချိန် သေချာရင် ကျွန်တော့်ကို အသိပေးပါ...”
ချူကျန့် သက်ပြင်းချလိုက်မိသည်။ ဉာဏ်ရည်မြှင့်တင်ပေးမည့် ဆေးလုံးသည် မည်မျှပင် တန်ဖိုးကြီးပါစေ... ချန်လင်းစု ၏ သက်တမ်း (၁၀) နှစ်နှင့် မည်သို့ နှိုင်းယှဉ်၍ ရနိုင်ပါမည်နည်း။
ချင်ရူယွင် က ထပ်မမေးတော့ဘဲ ပြန်စာတိုတိုသာ ပေးပို့လာ၏။
“ကောင်းပြီလေ... ပြီးတော့ ရှင် ကိုယ့်ကိုယ်ကို သတိထားဦး... ဒီနေ့ ရှင့်နာမည်က သိုင်းလောက တစ်ခုလုံးကို ကြေညာချက် ထပ်ထွက်သွားပြန်ပြီ... အခုဆို ရှင့်ကို လိုက်ရှာချင်နေတဲ့သူတွေ မရေမတွက်နိုင်အောင် ရှိနေလောက်ပြီ... သူတို့က လူအင်အား သာတယ်... ပုန်းစရာ နေရာမရှိရင် ကျွန်မတို့ ဂိုဏ်း ဆီသာ လာခဲ့လိုက်ပါ... ဒီမှာက ဘယ်သူမှ ပြဿနာ လာမရှာရဲပါဘူး...”
နောက်ဆုံး စာကြောင်းလေးက သြဇာတိက္ကမ အပြည့်နှင့် လွှမ်းမိုးနိုင်စွမ်း ရှိလှသည်။
ချူကျန့် ခပ်ပြုံးပြုံးဖြင့် နေလိုက်၏။ ပြဿနာပေါင်းသောင်းခြောက်ထောင်နှင့် ပြည့်နှက်နေသော ချင်ရူယွင် နှင့် သူ အလွန်အမင်း မပတ်သက်ချင်တော့ပေ။
သူ စာထပ်မပြန်တော့ချေ။ သတိလစ်နေသော ချန်လင်းစု အား တည်ကြည်လေးနက် စွာ စိုက်ကြည့်ရင်း တိုးညင်းစွာ ဖွင့်ဟဝန်ခံလိုက် တော့သည်။
“ငါက သူတစ်ပါးအပေါ် ကျေးဇူးကြွေး တင်ရတာကို လုံးဝ အသားမကျဘူး... မင်း ဆုံးရှုံးသွားတဲ့ သက်တမ်း (၁၀) နှစ်အတွက် အစားထိုးနိုင်ဖို့... ဒီလောကကြီး တစ်ခုလုံးမှာ ရှိသမျှ အဖိုးတန် ရှားပါး ဆေးဘက်ဝင် အပင်တွေကို ငါ မဖြစ်မနေ လိုက်ရှာပေးပါ့မယ်...”