← Chapters

သခင်မလေး ကော က အရမ်း လှတယ် မဟုတ်လား...

Vol. 8 Ch. 87

သခင်မလေး ကော က အရမ်း လှတယ် မဟုတ်လား...

Vol. 8 Ch. 87

ချန်လင်းစု သည် (၃) ရက်နှင့် (၃) ည တိတိ သတိလစ်မေ့မြောနေခဲ့ပြီး (၄) ရက်မြောက်နေ့ နံနက်ခင်းရောက်မှသာ ဖြည်းညင်းစွာ သတိရလာ၏။ နောက်ထပ် (၂) ရက်ခန့် ကြာပြီးနောက်မှသာ ကုတင်ပေါ်မှ မနည်းအားယူကာ ဆင်းလျှောက်နိုင်ပြီး ဆန်ပြုတ် အနည်းငယ်ကို စားနိုင်လာသည်။

ထိုရက်များအတွင်း ချူကျန့် သည် မည်သည့်နေရာသို့မျှ မသွားဘဲ သူမ၏ဘေးတွင် နေကာ ဂရုတစိုက် ပြုစုပေးနေခဲ့၏။ သေချာသည်ကတော့ ကိုယ်လက်သန့်စင်ပေးခြင်း၊ အဝတ်အစား လဲလှယ်ပေးခြင်း ကဲ့သို့သော ကိစ္စများကို တောင်ပေါ်ရွာလေးမှ အဘွားအို တစ်ဦးကို အပ်နှံထားခြင်း ဖြစ်သည်။ ချူကျန့် က ထိုအဘွားအိုကို ငွေ (၁၀) တန် ပေးလိုက်သည်နှင့် တစ်ပြိုင်နက် ချန်လင်းစု အပေါ် ထားရှိသော အဘွားအို၏ ဆက်ဆံရေးမှာ မင်းသမီးလေး တစ်ပါးကို ပြုစုရသည်ထက်ပင် အဆပေါင်းရာချီ၍ ပိုမို ဂရုစိုက်လာတော့၏။

(၈) ရက်မြောက်နေ့သို့ ရောက်သောအခါ ချူကျန့် သည် ကုတင်ဘေးတွင် ထိုင်ကာ ဇွန်းထဲမှ ဆန်ပြုတ်ကို အေးသွားစေရန် မှုတ်လိုက်ပြီးနောက် ချန်လင်းစု ၏ နှုတ်ခမ်းနားသို့ တေ့ပေးလိုက်သည်။

“ရော့... မပူတော့ဘူး...”

ချန်လင်းစု ၏ မျက်နှာလေးမှာ ရဲတက်လာပြီး တိုးညင်းစွာ ပြောလိုက်၏။

“အစ်ကိုချူ... ကျွန်မ ဘာသာ သောက်ပါ့မယ်...”

“မရပါဘူး... ဒီတစ်ခါ မြောင်မိသားစု ဓားသိုင်း ကို ငါ သင်ယူနိုင်ခဲ့တာ မင်းကျေးဇူးတွေချည်းပဲ... မင်း လုံးဝ ပြန်ကောင်းလာတဲ့အထိ ငါ ပြုစုပေးရမှာပေါ့...”

ချန်လင်းစု ၏ မျက်လုံးများတွင် ပုံမှန်အချိန်ကကဲ့သို့ တောက်ပသော အရောင်အဝါလေးများ ပြန်လည် ရရှိနေပြီ ဖြစ်ကာ ရှက်ရွံ့စွာဖြင့် ပြန်ပြောလိုက်သည်။

“အခု တကယ် ဘာမှမဖြစ်တော့ပါဘူး... အပ်တစ်ခါ စိုက်လိုက်ရုံလေးပါ... ရက်အနည်းငယ်လောက် သေချာ နားလိုက်ရင် အကုန် ပြန်ကောင်းသွားမှာပါ...”

“ခန္ဓာကိုယ်ကို ဆိုးရွားတဲ့ ထိခိုက်မှုတွေ ဘာတွေ မရှိဘူးမလား...”

ချန်လင်းစု က အကြည့်လွှဲလိုက်ပြီး ပြန်ဖြေလိုက်၏။

“မရှိပါဘူး... အပ်စိုက်တာက ခန္ဓာကိုယ်ကို ဘယ်လိုလုပ် ဆိုးကျိုးပေးမှာလဲ...”

‘ဟက်... ငါ့ကို လိမ်နေတုန်းပဲကိုး... ဒီကောင်မလေး...’

ချူကျန့် က ခပ်ပြုံးပြုံးဖြင့် တုံ့ပြန်လိုက်ပြီး ရင်ထဲတွင်မူ ပို၍ပင် လှိုက်လှဲသွားရတော့သည်။ သူက တမင်သက်သက် မေးလိုက်၏။

“ဒီအပ်စိုက်ပညာက ဘယ်လိုခေါ်လဲ... နောက်ကျရင် ငါ့ကို သင်ပေးပါလား...”

“ဒီအပ်စိုက်ပညာက မိန်းကလေးတွေပဲ သုံးလို့ရတာလေ... ရှင်တို့ ယောက်ျားလေးတွေက လက်သံပြောင်တယ်... ပြီးတော့ မိန်းကလေးတွေလို နူးညံ့သိမ်မွေ့တဲ့ အငွေ့အသက်လည်း မရှိတော့ သင်လို့ မရပါဘူး...”

ချူကျန့် က သူမကို စိမ်းစိမ်းကြည့် နေလိုက်သည်။ ချန်လင်းစု မှာ သူ၏ အကြည့်များအောက်တွင် မျက်နှာလေး ရဲတက်လာပြီး ခေါင်းကို ငုံ့ကာ ပြောလိုက်၏။

“ဘာကြည့်နေတာလဲ... ကျွန်မက လှတာလည်း မဟုတ်ဘဲနဲ့...”

နောက်ဆုံး စကားလုံးများတွင်မူ သူမ၏ မျက်နှာထားလေး အနည်းငယ် မှိုင်းညှို့သွားတော့သည်။

“ငတုံးမလေး...”

ချူကျန့် သည် သူမ၏ ရုပ်ရည်နှင့် ပတ်သက်၍ ယုံကြည်မှု ကင်းမဲ့နေခြင်းကို သိမြင်လိုက်သော်လည်း မည်သို့ နှုတ်မှဖွင့်၍ နှစ်သိမ့်ပေးရမည်ကို မသိတော့ချေ။ သူသည် သူမ၏ ဆံပင်လေးများကိုသာ ဖွဖွလေး ပွတ်သပ်ပေးလိုက်ပြီး ဆန်ပြုတ်ကို ဆက်လက် ခွံ့ကျွေးနေလိုက်တော့သည်။

ထိုအခိုက်အတန့်၌ အပြင်ဘက်မှ မြင်းခွာသံများ ထွက်ပေါ်လာ၏။ ချူကျန့် က မျက်ခုံးတစ်ချက် ပင့်လိုက်သော်လည်း လျစ်လျူရှုထားလိုက်၏။

လွန်ခဲ့သည့် ရက်များအတွင်း ကစားသမား များ လာရောက် ပြဿနာရှာခြင်း မရှိခဲ့သည်တော့ မဟုတ်ပေ။ သို့သော် သိုင်းပညာ အလွန်မြင့်မားကြသော မြောင်ရန်ဖုန်း နှင့် ဟူဖေး တို့၏ ရှေ့တွင် မည်သည့် ကစားသမား မှ အခွင့်အရေး မရခဲ့ကြချေ။ အပေါ့ဆုံး အနေဖြင့် သွေးများ ဝေါ့ခနဲ အန်ချ ကာ ဒဏ်ရာရသွားပြီး၊ အဆိုးဆုံး အနေဖြင့်မူ အပြင်းအထန် ဒဏ်ရာရကာ အရည်အချင်း အမှတ်များနှင့် ပစ္စည်းများပါ ကျဆင်းသွားပြီး ဂိမ်းထဲမှ ထွက်သွားရ၏။ မည်သူကမျှ ချူကျန့် ၏ မျက်နှာကိုပင် မမြင်လိုက်ရချေ။

အကြောင်းရင်း တစ်ခုက မြောင်ရန်ဖုန်း ၏ နာမည်သည် လောကတစ်ခွင် ကျော်ကြားလှပြီး သိုင်းပညာကလည်း ပြိုင်ဘက်ကင်းသလောက် ပင်။ လက်ရှိ ကစားသမား များ၏ ပျမ်းမျှ စွမ်းရည် အကဲဖြတ်အမှတ်မှာ (၂၀၀) ပင် မပြည့်ကြသေးရာ လူ အယောက် (၁၀၀)၊ (၈၀) လောက် လာလျှင်တောင်မှ ရေလှိုင်းလေး တစ်ချက်မျှပင် ထလာအောင် မလုပ်နိုင်ကြချေ။

အာဏာရှင် ဂိုဏ်း ကဲ့သို့သော ကစားသမား ဂိုဏ်းကြီးများ အနေဖြင့်မူ ပြီးခဲ့သည့်အကြိမ်က မြောင်မိသားစု ကို ဝိုင်းဝန်းတိုက်ခိုက်ခဲ့သကဲ့သို့ လူထောင်သောင်းချီ၍ အလွယ်တကူ မလှုပ်ရှားရဲကြတော့ပေ။

သိုင်းလောက တွင် ကိုယ်ပိုင် စည်းမျဉ်းစည်းကမ်းများ ရှိသည်။ မြောင်ရန်ဖုန်း မှာ နာမည်ကြီး သူရဲကောင်း တစ်ဦး၊ အမှန်တရားဘက်တော်သား သိုင်းသမား တစ်ဦး ဖြစ်၏။ ကစားသမား များထက် ဂိမ်းဇာတ်ကောင် များက ပို၍ များပြားပြီး ကစားသမား များ၏ စွမ်းအားက အစပျိုး အဆင့်သာ ရှိသေးသော ဤလောကတွင် အမှန်တရားဘက်တော်သား ဂိုဏ်းကြီးများကသာ အင်အားအကြီးဆုံးပင်။

အကယ်၍ ကစားသမား ဂိုဏ်းတစ်ခုခုကသာ လောကကြီးကို အန်တုပြီး မြောင်ရန်ဖုန်း ကဲ့သို့ သူရဲကောင်း မျိုးကို အကြောင်းမဲ့ လာရောက် ဝိုင်းဝန်းတိုက်ခိုက်မည် ဆိုပါက ထိုအဖွဲ့ကို မိစ္ဆာလမ်းစဉ် ဟု သတ်မှတ်ခံရပြီး အမှန်တရား ဂိုဏ်းများ၏ ပူးပေါင်း နှိမ်နင်း ခြင်း ကို သေချာပေါက် ခံရပေလိမ့်မည်။ ဆာဗာသစ် ရှိ ကစားသမား (၉၉) ရာခိုင်နှုန်း၏ စွမ်းရည်က (၂၀၀) အောက်တွင်သာ ရှိနေသေးရာ မရေမတွက်နိုင်သော အဆင့်မြင့် အမှန်တရား ဂိုဏ်းသား ဇာတ်ကောင် များကို ရင်ဆိုင်ရပါက ဂိုဏ်းတစ်ခုလုံး ဖျက်ဆီးခံရရန်သာ ရှိတော့၏။

ထို့အပြင် မြောင်ရန်ဖုန်း ၏ နေအိမ်မှာ တောင်ပေါ်ရွာလေးနှင့် မဝေးလှသလို မိုင်အနည်းငယ် သွားလိုက်သည်နှင့် တံခါးခြောက်ပေါက် ဌာန နှင့် အစောင့်ရဲမက်များ ရှိသော မြို့နယ်သို့ ရောက်ရှိနိုင်သည်။ အကယ်၍ ကစားသမား များက လူစုလူဝေးဖြင့် သာမန်ပြည်သူ တစ်ဦး၏ အိမ်ကို လာရောက် ဝိုင်းဝန်းပါက အစိုးရရုံးတော် မှ ဝရမ်းထုတ်ကာ ဖမ်းဆီးထောင်ချခံရမည် ဖြစ်သည်။ ပို၍ ဆိုးရွားသွားပါက ပုန်ကန်ထကြွမှုအဖြစ် သတ်မှတ်ခံရနိုင်ပြီး နောက်ဆက်တွဲ ရလဒ်များမှာ လောကငရဲ တစ်ခုပမာ ဖြစ်နေ ပေလိမ့်မည်။

သေချာသည်ကတော့ နောက်ထပ် အရေးကြီးသော အကြောင်းရင်း တစ်ခုလည်း ရှိနေသေး၏။ ယခုအခါ သိုင်းလောက တစ်ခွင်တွင် မည်သည့်နေရာ၌ ချူလော့ကျွင်း ကို တွေ့လိုက်ရသည်ဆိုသော ကောလာဟလများ နေရာအနှံ့ ထွက်ပေါ်နေသဖြင့် မြောင်ရန်ဖုန်း ၏ အိမ်သို့ ချူကျန့် ကို လာရှာမည့် ကစားသမား အရေအတွက်ကို အကြီးအကျယ် လျော့ကျသွားစေခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် မြောင်ရန်ဖုန်း က သူ၏ အိမ်နှင့် ပေတစ်ရာခန့် အကွာတွင် "ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်သူတိုင်းကို မြောင်ရန်ဖုန်း ၏ ရန်သူအဖြစ် သတ်မှတ်မည်" ဟူသော ကျောက်တိုင် တစ်ခုကို စိုက်ထူလိုက်သောအခါ ကစားသမား များ ချက်ချင်း ငြိမ်ကျသွားကြတော့၏။ မနေ့ကစ၍ မည်သည့် ကစားသမား မှ ထိုစည်းကို မကျော်ရဲပေ။

‘မြောင်ရန်ဖုန်း ကို သွားစ,စရာ အကြောင်းမရှိတဲ့ သေချင်စော် နံနေတဲ့ ကောင်တွေများ ရှိနေသေးလို့လား...’

ချူကျန့် တွေးနေစဉ်မှာပင် အပြင်ဘက်မှ အသံကျယ်ကြီး တစ်ခု ထွက်ပေါ်လာ၏။

“မြောင်သိုင်းသူရဲကောင်း အိမ်မှာ ရှိပါသလား ခင်ဗျာ... ကျွန်တော်မျိုးက ရှန်းချန် မြို့က သူရဲကောင်းကြီး ကောကျင့် ရဲ့ အမိန့်နဲ့ လာရောက် ဂါရဝပြုပြီး သူရဲကောင်းများ စုဝေးပွဲ အတွက် ဖိတ်စာ လာပို့တာပါ...”

ချူကျန့် ၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားတော့သည်။

ရှန်းချန် မြို့မှ ထွက်ခွာလာခဲ့သည်မှာ နှစ်လနီးပါးခန့် ရှိနေပြီ ဖြစ်သော်လည်း ဒါက ရှန်းချန် မြို့ ကော မိသားစုနှင့် ပတ်သက်သူ တစ်ဦးကို သူ ပထမဆုံးအကြိမ် ပြန်လည် ဆုံတွေ့ခြင်းပင်။

မကောင်းသော အတိတ်နိမိတ် တစ်ခုက သူ့ရင်ထဲတွင် ဖြစ်ပေါ်လာ၏။ သိုင်းလောက တွင် တစ်နေ့တာ ဆရာတင်ဖူးလျှင် တစ်သက်တာ ဖခင်နှင့် တူသည် ဟူသော စည်းမျဉ်းရှိ၏။

ကောကျင့် သည် သူ၏ နာမည်ခံ ဆရာဖြစ်သဖြင့် ထိုဆက်ဆံရေးမှာ သွေးသားတော်စပ်မှုနှင့် နီးပါး တူညီကာ လုံးဝ ပယ်ဖျက်၍ မရနိုင်ချေ။ အကယ်၍ သူ ဒီမှာရှိနေသည်ကို ကောကျင့် သာ သိသွားပြီး လူလွှတ်ကာ ပြန်ခေါ်ခိုင်းလျှင် ဒုက္ခပင်။ ဆရာ၏ အမိန့်ကို ဖီဆန်ခြင်းသည် ကြီးလေးသော အပြစ်တစ်ခုဟု သတ်မှတ်ခံရမည် ဖြစ်သော်လည်း သူက ရှန်းချန် မြို့သို့ ပြန်သွားပြီး နေရာတကာ အာရုံစိုက်ခံရမည့် ဘဝမျိုးကို လုံးဝ မနေချင်တော့ချေ။

ထိုလူ သူ့ကို မတွေ့သွားစေရန် ဟူဖေး ထံသို့ သွားပြီး ဖုံးကွယ်ပေးထားရန် ကပျာကယာ သွားပြောဖို့ ပြင်လိုက်သော်လည်း နောက်ကျသွားချေပြီ။ မြောင်ရန်ဖုန်း သည် တံခါးကို တွန်းဖွင့်ကာ ထွက်သွားပြီး ထိုလူနှင့် နှုတ်ဆက် စကားပြောနေပြီ ဖြစ်သည်။ ပို၍ ဆိုးသည်မှာ မြောင်ရန်ဖုန်း က နွေးထွေးစွာဖြင့် စကားဆိုလိုက်ခြင်းပင်။

“အတော်ပဲဗျာ... သူရဲကောင်းကြီး ကော ရဲ့ အချစ်တော် တပည့် ချူလော့ကျွင်း က ကျုပ်အိမ်မှာ ခဏ တည်းခိုနေတာလေ... ခင်ဗျားကို သူ့ဆီ ကျုပ် ခေါ်သွားပေးရမလား...”

ထိုလူက အံ့သြဝမ်းသာစွာဖြင့် လွှတ်ခနဲ ပြောလိုက်၏။

“သခင်လေး ချူ က ဒီမှာ ရှိနေတာလား... ဒါဆိုရင် သခင်ကြီးမြောင်... ကျွန်တော့်ကို သူ့ဆီ ခေါ်သွားပေးပါဗျာ...”

မြောင်ရန်ဖုန်း က သူ့ကို ဧည့်ခန်းဆောင် တံခါးဆီသို့ ဝမ်းသာအားရ ခေါ်ဆောင်လာပြီး တံခါးခေါက်လိုက်သည်။ ချူကျန့် လည်း မတတ်သာတော့ဘဲ အံကြိတ်ကာ တံခါးကို ဖွင့်ပေးလိုက်ရတော့သည်။ သူ့ရှေ့ရှိ လူကို သေချာကြည့်လိုက်သောအခါ ကော မိသားစု၏ ထိပ်တန်း အစောင့်အကြပ် တစ်ဦးဖြစ်သော ဝမ်ဟွမ် ဆိုသူ ဖြစ်ကြောင်း သူ မှတ်မိလိုက်၏။

ချူကျန့် ကို မြင်သည်နှင့် တစ်ပြိုင်နက် ဝမ်ဟွမ် က ချက်ချင်း လက်နှစ်ဖက် ဆုပ် အရိုအသေပေးလိုက်၏။

“ကျွန်တော်က ဝမ်ဟွမ် ပါ ခင်ဗျာ... သခင်လေး ချူ ကို ဂါရဝပြုပါတယ်... သခင်လေး ချူ ဘေးကင်းနေတာ တကယ်ကို ဝမ်းသာစရာပါပဲ... သခင်ကြီး နဲ့ သခင်မကြီး က သခင်လေးကို အမြဲတမ်း စိတ်ပူနေခဲ့တာ... သခင်ကြီး ဆိုရင် သခင်လေးရဲ့ သတင်းကို မကြားရလို့ နေ့မအိပ်ညမအိပ် ဖြစ်နေတာ... မွန်ဂို တပ်ကြီးက မြို့ကို လာဝိုင်းထားလို့ အလုပ်မအားလို့သာ... မဟုတ်ရင် သိုင်းလောကထဲကို ကိုယ်တိုင် လာရှာနေလောက်ပြီ... သခင်မကြီး ဆိုရင်လည်း သူတောင်းစား ဂိုဏ်း ရဲ့ အမိန့်စာ ထုတ်ပြီး တစ်လောကလုံးမှာ ရှိတဲ့ ဂိုဏ်းသားတွေကို သခင်လေးရဲ့ သတင်းကို စုံစမ်းဖို့နဲ့ အစွမ်းကုန် ကာကွယ်ပေးဖို့ အမိန့်ပေးထားတာ... သခင်လေး ချူ... ကျွန်တော်နဲ့အတူ ရှန်းချန် မြို့ကို ပြန်လိုက်ခဲ့ပါလား...”

ကောကျင်း နှင့် ဟွမ်ရုံ တို့ကို တွေးမိသောအခါ ချူကျန့် စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။ သူ ကော မိသားစုတွင် နေချင်သည်ဖြစ်စေ၊ မနေချင်သည်ဖြစ်စေ ကောကျင်း ဇနီးမောင်နှံက သူ့အပေါ် တကယ် ကောင်းမွန်ခဲ့သည်ဆိုသော အချက်ကိုတော့ ငြင်းပယ်၍ မရနိုင်ပါချေ။

“ဆရာ နဲ့ ဆရာကတော် ရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်... ကျွန်တော်လည်း ဆရာ နဲ့ ဆရာကတော် ကို အရမ်း လွမ်းနေတာပါ... ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ အရေးကြီးတဲ့ ကိစ္စတွေ ရှိနေလို့ လောလောဆယ် ရှန်းချန် မြို့ကို မပြန်နိုင်သေးပါဘူးဗျာ... အစ်ကိုဝမ် ပဲ ကျွန်တော့်ကိုယ်စား ပြောပြပေးပါနော်...”

ဝမ်ဟွမ် က ယတိပြတ် မဆုံးဖြတ် နိုင်ဘဲ ခဏလောက် တွေဝေသွားပြီးနောက် ခေါင်းညိတ်ကာ ပြန်ပြောလိုက်၏။

“ကောင်းပါပြီ...”

သူက ဧည့်ခန်းဆောင် အတွင်းသို့ ခိုးကြည့်လိုက်ပြီး မေးလိုက်သည်။

“ဒါနဲ့ သခင်လေး ချူ... ဒုတိယ သခင်မလေး ရော အတူတူ ရှိနေလားဟင်...”

‘ကောရှန်... ကောရှန် က ငါနဲ့ ဘယ်လိုလုပ် အတူတူ ရှိနေမှာလဲ...’

ချူကျန့် က နားမလည်နိုင်စွာဖြင့် ပြန်မေးလိုက်သည်။

“မရှိပါဘူး... ဂိုဏ်းတူအစ်မ က ရှန်းချန် မြို့မှာ ရှိနေတာ မဟုတ်ဘူးလား...”

“သခင်လေး ချူ ပျောက်သွားပြီး မကြာခင်မှာပဲ ဒုတိယ သခင်မလေး က သခင်လေးကို စိတ်ပူလို့ သွားရှာမယ်ဆိုပြီး စာတိုလေး တစ်စောင် ချန်ထားခဲ့တယ်... ပြီးတော့ ကော စံအိမ်တော် ကနေ တိတ်တဆိတ် ထွက်ပြေးသွားပြီး ရှန်းချန် မြို့ကနေ ထွက်သွားတာပဲ...”

ချူကျန့် ၏ ရင်ထဲတွင် ပျာယာခတ်သွားတော့သည်။

‘ဒီကောင်မလေး က ငါ့ကို ရှာဖို့ သိုင်းလောကထဲကို ထွက်လာခဲ့တယ်တဲ့လား...’

‘သူ့ရဲ့ သတ္တိတွေကလည်း တကယ်လွန်လွန်းနေပြီ... ဒီလောက် မှောင်မိုက်ပြီး ရှုပ်ထွေးလွန်းတဲ့ သိုင်းလောကထဲကို... သူ့လို အလိုလိုက်ခံထားရတဲ့ သူဌေးသမီးလေး တစ်ယောက်က ဘယ်လိုလုပ် တစ်ယောက်တည်း လျှောက်သွားရဲရတာလဲ...’

သူက အလိုအလျောက် ထုတ် မေးလိုက်မိ၏။

“သူတောင်းစား ဂိုဏ်း မှာ သတင်းပေးတွေ အများကြီး ရှိတာပဲ... ဂိုဏ်းတူအစ်မရဲ့ သတင်းကို မစုံစမ်းနိုင်ဘူးလား...”

ဝမ်ဟွမ် က ခေါင်းခါပြလိုက်ပြီး ပြန်ဖြေသည်။

“အစပိုင်းတုန်းကတော့ သတင်း နည်းနည်းပါးပါး ကြားရပါတယ်... နောက်ပိုင်း သခင်လေးကို ရှာဖို့ စည်းစိမ်ချမ်းသာ စံအိမ်တော် ကို သွားခဲ့တယ်လို့ ကြားတယ်... ဒါပေမဲ့ သုံးရက်တောင် မကြာဘူး အဲဒီကနေ ထွက်သွားတယ်တဲ့... အဲဒီနောက်ပိုင်း ဘာသတင်းမှ မရတော့တာပဲ... သူတောင်းစား ဂိုဏ်း က အကြီးအကဲတွေ စည်းစိမ်ချမ်းသာ စံအိမ်တော် ကို သွားမေးပေမယ့် ဘာသဲလွန်စမှ အသုံးဝင်တာ မရခဲ့ဘူး...”

ချူကျန့် သည် စိတ်ထဲတွင် လေးလံမှုများဖြင့် ပြည့်နှက်နေကာ ဝမ်ဟွမ် နှင့် စကား အနည်းငယ်သာ ဆက်ပြောလိုက်တော့၏။ ဝမ်ဟွမ် မှာလည်း အခြားနေရာများသို့ ဖိတ်စာများ ဆက်ပို့ရန် ရှိသေးသဖြင့် လက်ဖက်ရည် သောက်ပြီးသည်နှင့် နှုတ်ဆက် ထွက်ခွာသွားသည်။ မသွားမီတွင် အကယ်၍ ဒုတိယ သခင်မလေး ကို တွေ့ပါက ရှန်းချန် မြို့သို့ ပြန်လာရန် ဖျောင်းဖျပေးပါရန်၊ သခင်ကြီး နှင့် သခင်မကြီး တို့လည်း သူမကို အလွန် စိတ်ပူနေကြောင်း ချူကျန့် ထံ အကူအညီ တောင်းသွားခဲ့သေး၏။

ဝမ်ဟွမ် ထွက်သွားပြီးနောက် ချူကျန့် သည် ဧည့်ခန်းဆောင် ထဲသို့ ပြန်ဝင်ကာ ထိုင်လိုက်သော်လည်း သူ၏ စိတ်ထဲတွင် အကြောင်းရင်း မယ်မယ်ရရ မရှိဘဲ ဂနာမငြိမ်ဖြစ်မှုများက လွှမ်းမိုးလာတော့သည်။ အထူးသဖြင့် သိုင်းလောက ၏ အန္တရာယ်များကို တွေးမိသောအခါ... ကောရှန် ၏ သိုင်းပညာက သာမန်မျှသာ ဖြစ်ပြီး လူက လည်ပတ်သော်ငြားလည်း သိုင်းလောက အတွေ့အကြုံ ဆိုသည်မှာ သုည နီးပါးပင်။ တောပုန်း ဓားပြများ၏ ထောင်ချောက်ကိုပင် မရှောင်တိမ်းနိုင်သော သူမအနေဖြင့် အကြံအစည်ရှိသူများကို မည်သို့ ရင်ဆိုင်နိုင်ပါမည်နည်း။ အကယ်၍ လူယုတ်မာများ လက်ထဲသာ ကျရောက်သွားပါက သူမအတွက် ကောင်းမွန်သော အဆုံးသတ် ရှိနိုင်ပါဦးမည်လား။

“တကယ်ပဲ... ဒီငတုံးမလေးက ဘာအကြောင်းမှ မရှိဘဲ ငါ့ကို လာရှာဖို့ ဘာလို့ ထွက်လာရတာလဲ...”

ချူကျန့် သည် စိတ်ပျက်လက်ပျက်ဖြင့် စားပွဲကို လက်ချောင်းများဖြင့် ခေါက်နေမိသည်။ ကောရှန် အန္တရာယ် ကြုံရသည်ဖြစ်စေ မကြုံရသည်ဖြစ်စေ သူ့ကိစ္စ မဟုတ်ဘူး ဟု ကိုယ့်ကိုယ်ကိုယ် အကြိမ်ကြိမ် ပြောနေသော်လည်း သူ၏ စိတ်က လုံးဝ ငြိမ်သက်မသွားခဲ့ချေ။

တည်ငြိမ်မှု အပြည့်ရှိလှသော သူ၏ စိတ်ထားဖြင့်ပင် သူကိုယ်တိုင် ဤမျှ ပြင်းထန်သော စိတ်ခံစားမှု အတက်အကျများကို အဘယ်ကြောင့် ဖြစ်ပေါ်နေရသနည်းဆိုတာကို လုံးဝ နားမလည်နိုင် ဖြစ်နေတော့သည်။

ထိုအခိုက်အတန့်၌ ချန်လင်းစု ၏ အသံလေး ရုတ်တရက် ထွက်ပေါ်လာ၏။

“သခင်မလေး ကော က အရမ်း လှတယ် မဟုတ်လားဟင်...”

All Chapters