ငါတို့... သစ္စာဆိုကြရအောင်
Vol. 8 Ch. 88
လွန်ခဲ့သော ရက်ပေါင်း (၁၀) ကျော်ခန့်က ဘုရားကျောင်းပျက်ထဲတွင် ချန်လင်းစု မေးခဲ့ဖူးသော မေးခွန်းပင်။ သို့သော် ထိုစဉ်က ချူကျန့်၏ အဖြေကိုမစောင့်ဘဲ စကားစကို ဖြတ်ပစ်ခဲ့သည်။ ယခုမူ သူမက ချူကျန့်ကို တိတ်ဆိတ်စွာ မမှိတ်မသုန်ကြည့် နေပြီး အဖြေတစ်ခုကို စောင့်မျှော်နေဟန် ရှိ၏။
“တော်တော်လေး လှပါတယ်...”
ချူကျန့်မှာ ဂနာမငြိမ်ဖြစ်နေပြီး စိတ်လွတ်ကိုယ်လွတ်ဖြင့် ပေါ့ပေါ့ဆဆ လွှတ်ခနဲ ဖြေလိုက်မိ၏။ နှုတ်မှ စကားထွက်သွားပြီးမှသာ သတိပြန်ဝင်လာကာ ခေါင်းကို လှည့်၍ မေးလိုက်သည်။
“ဘာလို့ အဲဒါကို မေးရတာလဲ...”
ချန်လင်းစုက ပြန်မဖြေပေ။ သူမသည် ကုတင်ပေါ်မှ တိတ်ဆိတ်စွာ ဆင်းလိုက်ပြီး သူမ၏ အထုပ်ငယ်လေးကို ပြင်ဆင်လိုက်သည်။ ထိုအထဲမှ ဆေးပုလင်း အနည်းငယ်ကို ထုတ်ယူကာ ချူကျန့်ထံသို့ ကမ်းပေးလိုက်၏။
“အစ်ကိုချူ... ဒီဆေးတွေကို ယူသွားပါ... ဒီနှစ်ပုလင်းက အပြင်ဒဏ်ရာအတွက်၊ ဒီသုံးပုလင်းက အတွင်းဒဏ်ရာအတွက်... လောကထဲ လှည့်လည်သွားလာတဲ့အခါ ဒီဆေးတွေ ဆောင်ထားတာ ပိုကောင်းတယ်လေ... သေချာတာပေါ့... သခင်မလေး ကော ပေးခဲ့တဲ့ ပန်းကိုးပွင့် ကျောက်စိမ်းနှင်းရည် ဆေးလုံး လောက်တော့ မကောင်းဘူးပေါ့... ဒါပေမဲ့ အရေအတွက် ပိုများတယ်... သူနဲ့ ပြန်မတွေ့ခင်အထိတော့ အစ်ကို သုံးလို့ရလောက်ပါတယ်...”
ချူကျန့်က နားမလည်နိုင်စွာဖြင့် ပြန် မေးလိုက်သည်။
“မင်းက ဘာလို့ ငါ့ကို ပေးနေတာလဲ... မင်းဘာသာ ကိုယ်တိုင် ဆောင်ထားလည်း အတူတူပဲ မဟုတ်ဘူးလား...”
ချန်လင်းစုက တိုးညင်းသော အသံလေးဖြင့် ပြန်ပြောလိုက်၏။
“အစ်ကိုချူ... အစ်ကို သခင်မလေး ကော ကို သွားမရှာဘူးလားဟင်... သူက အစ်ကို့ကြောင့် အိမ်ကနေ ထွက်ပြေးလာခဲ့တာလေ... သူ့လို မိန်းကလေး တစ်ယောက်တည်း သိုင်းလောကထဲမှာ လှည့်လည်သွားလာဖို့ ဆိုတာ အရမ်း အန္တရာယ်များလွန်းတယ်...”
ချူကျန့်က ခေါင်းမာမာဖြင့် ပြန်လည်ချေပ လိုက်သည်။
“သူ့ကို သွားရှာတော့ကော ဘာထူးမှာလဲ... သူက ကောကျင်း ရဲ့ အငယ်ဆုံးသမီးလေ... သိုင်းလောကထဲက ဘယ် ငတုံးကများ သူ့ကို အန္တရာယ်ပေးရဲမှာလဲ...”
ချန်လင်းစုက ရုတ်တရက် ခေါင်းမော့လာပြီး သူ၏ မျက်လုံးများကို အလေးအနက် ကြည့်ကာ ပြောလိုက်၏။
“သူတောင်းစား ဂိုဏ်း ရဲ့ တပည့်တွေက လောကတစ်ခွင်လုံးမှာ မျက်စိတွေ နားတွေ ရှိတာတောင်မှ သခင်မလေး ကော ရဲ့ သတင်းကို လုံးဝ မရှာနိုင်ကြဘူးတဲ့... သခင်မလေး ကော.. ဒုက္ခ ရောက်နေတာ သေချာတယ်... ကိုယ်တိုင် သွားမရှာဘဲနဲ့ အစ်ကို စိတ်ဖြောင့်နိုင်လို့လား...”
ချူကျန့် ပါးစပ်ဟလိုက်ပြီး “သူမ ဒုက္ခရောက်တာ ငါနဲ့ ဘာဆိုင်လို့လဲ” ဟု ပြောရန် ပြင်လိုက်သော်လည်း စကားလုံးများက လည်ချောင်းဝတွင် တစ်ဆို့နေပြီး ထွက်မလာခဲ့ချေ။
အကြောင်းရင်းကို မသိသော်ငြား ကောရှန်း တစ်ယောက် ငိုယိုကာ “မောင်လေး... ပြေးတော့” ဟု အော်ဟစ်နေသည့် မြင်ကွင်းက သူ၏ ခေါင်းထဲတွင် တဖျတ်ဖျတ် ဝင်ရောက်လာတော့သည်။
ထိုစဉ် ချန်လင်းစုက နှုတ်ခမ်းကို ဖိကိုက်လိုက်ပြီး ဆေးပုလင်း အားလုံးကို ချူကျန့်၏ လက်ထဲသို့ အတင်း ထည့်ပေးလိုက်သည်။ သူမ၏ အဝတ်အစားများကို သပ်ရပ်အောင် ပြင်ဆင်လိုက်ပြီး အထုပ်ငယ်ကို ဆွဲယူကာ ပြောလိုက်၏။
“အစ်ကိုချူ... ကျွန်မတို့ ပြန်ဆုံကြသေးတာပေါ့...”
ပြောပြောဆိုဆို သူမက အခန်းထဲမှ ထွက်ခွာရန် နောက်သို့ လှည့်ထွက် သွားတော့သည်။
ချူကျန့် လန့်ဖြန့်သွားကာ သူမကို ကပျာကယာ လှမ်း၍ တား လိုက်၏။
“မိန်းကလေး လင်... မင်း စိတ်ဆိုးသွားတာလား...”
တကယ်တမ်းတွင် သူ အနည်းငယ် ပြာယာခတ်သွားမိသည်။ သူ ချန်လင်းစု အပေါ် ကျေးဇူးကြွေး တင်နေသေးသည်ဆိုသောအချက်ကို ဘေးဖယ်ထားလျှင်တောင်မှ ချန်လင်းစု၏ ချည့်နဲ့နေသော ခန္ဓာကိုယ်လေးက လောကထဲ လှည့်လည်သွားလာရမည့် ဆင်းရဲဒုက္ခများကို မည်သို့ ကြံ့ကြံ့ခံနိုင်မည်နည်း။
ချန်လင်းစုက တည်ကြည်လေးနက် စွာ ပြန်ပြောလိုက်၏။
“ကျွန်မက ဘာလို့ စိတ်ဆိုးရမှာလဲ...”
စကားပြောနေစဉ်မှာပင် သူမ၏ မျက်လုံးများ နီရဲလာကာ မျက်ရည်များ ဝဲတက်လာ၏။ သူမက ချူကျန့်၏ ဆုပ်ကိုင်ထားမှုကို အတင်း ရုန်းထွက်လိုက်ပြီး ထွက်သွားရန် ပြင်လိုက်တော့သည်။
ချူကျန့်မှာ သူမ နာကျင်သွားမည်ကို စိုးရိမ်သဖြင့် ဆက်၍ မတားရဲတော့ဘဲ နောက်မှသာ ခပ်ခွာခွာ လိုက်ပါသွားရ၏။
ချန်လင်းစု သည် ဟူဖေး ထံမှ ထူးဆန်းသော ပုံစံရှိသည့် အပင်စိုက်ထားသော အိုးလေး တစ်အိုးကို သွားယူလိုက်ပြီးနောက် မြောင်ရန်ဖုန်း နှင့် ဟူဖေး တို့ကို နှုတ်ဆက်နေလေသည်။
မြောင်ရန်ဖုန်း က သူမအား ဆက်နေရန် ချော့မော့ပြောဆိုနေလေ၏။
“မိန်းကလေး လင်... မင်း လုံးဝ သက်သာသေးတာ မဟုတ်ဘူးလေ... နောက်ထပ် ရက်အနည်းငယ်လောက် ဆက်နေပါဦးလား...”
ထိုစဉ် မြောင်ရန်ဖုန်း ၏ အနောက်တွင် ရပ်နေသော ချစ်စရာ ကလေးမလေး တစ်ယောက်က မျက်လုံးလေး ပုတ်ခတ်ပုတ်ခတ် လုပ်ကာ မေးလိုက်၏။
“မမလင်... လန်လန် နဲ့ အတူတူ မဆော့တော့ဘူးလားဟင်...”
ထိုကလေးမလေးမှာ မြောင်ရန်ဖုန်း ၏ သမီး မြောင်ရူလန် ပင် ဖြစ်သည်။
ချန်လင်းစု က ညင်သာစွာ ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ကလေးမလေး၏ ခေါင်းကို ပွတ်သပ်ကာ ပြန်ပြောလိုက်သည်။
“မမ အခု သွားရတော့မယ်လေ... အားတဲ့အခါ လာတွေ့ပါ့မယ်...”
ထို့နောက် မြောင်ရန်ဖုန်း နှင့် ဟူဖေး တို့ကို လက်နှစ်ဖက် ဆုပ်ကာ အရိုအသေပေးလိုက်ပြီး သစ်ပင်အိုးလေးကို ပွေ့ကာ ခြေလှမ်းကျဲကျဲဖြင့် ထွက်ခွာ သွားတော့သည်။
ချူကျန့် ကလည်း မြောင်ရန်ဖုန်း နှင့် ဟူဖေး တို့ကို ကပျာကယာ လက်နှစ်ဖက် ဆုပ် နှုတ်ဆက်လိုက်၏။
“အစ်ကိုမြောင် အစ်ကိုဖေး... ကျွန်တော်လည်း သွားတော့မယ်... နှုတ်ဆက်ခဲ့ပါတယ်...”
ထိုအခါ မြောင်ရန်ဖုန်း က သူ့ကို လှမ်းတားကာ တည်ကြည်လေးနက် သော လေသံဖြင့် သတိပေးလိုက်၏။
“ညီလေးချူ... မိန်းကလေး လင် အပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံပါ... သူက စိတ်ထားလည်း ကောင်းတယ် ဉာဏ်လည်း ထက်မြက်တယ်... တကယ့်ကို ရှားပါးတဲ့ မိန်းကလေးပဲ... ပိုပြီး ရှားပါးတာက မင်းအပေါ် ထားတဲ့ မိန်းကလေး လင်ရဲ့ စေတနာစစ် စေတနာမှန်ပဲ... သူ့ကို စိတ်မဆင်းရဲစေနဲ့နော်...”
ချူကျန့် ၏ စိတ်ထဲတွင် တစ်စုံတစ်ခုကို ဝိုးတဝါး ရိပ်မိသွားသော်လည်း ထိုအတွေးက အလွန် ယုတ္တိမတန်သလို ခံစားရပြီး လုံးဝ မယုံကြည်နိုင်ဖြစ်နေသည်။ သူ ခေါင်းခါပြလိုက်ပြီး ပြန်ပြောလိုက်၏။
“သူ့ကို စိတ်ဆင်းရဲအောင် ကျွန်တော် တကယ် မလုပ်ခဲ့ပါဘူး...”
မြောင်ရန်ဖုန်း တစ်ချက် ငိုင်သွားပြီးမှ ဆက်ပြော၏။
“မိန်းကလေး လင်.. ငိုတော့မလို ဖြစ်နေတာကို ငါ မြင်လိုက်တယ်... အဲဒါ မင်းကြောင့် မဟုတ်ဘူးလား...”
ချူကျန့်က ဘာမှမသိသလို ဟန်ဆောင်နေလိုက်သည်။ မြောင်ရန်ဖုန်း ကိုယ်တိုင်ကလည်း ကြမ်းတမ်းသော ယောက်ျားကြီး တစ်ယောက်ဖြစ်ရာ သိပ်နားမလည်တော့ဘဲ အကြံပြုလိုက်တော့၏။
“ဒါဆိုလည်း မြန်မြန် လိုက်သွားချေ... သူမ တစ်ယောက်တည်း အန္တရာယ် မကြုံပါစေနဲ့...”
ချူကျန့် က လက်နှစ်ဖက် ဆုပ် နှုတ်ဆက်လိုက်ပြီး ဒရောသောပါး ပြေးလွှား ကာ နောက်သို့ လိုက်သွားတော့သည်။
ခြံဝင်းထဲသို့ ရောက်သောအခါ ချန်လင်းစု တစ်ယောက် မြင်းပေါ်တက်ကာ စီးထွက်သွားသည်ကို တွေ့လိုက်ရသဖြင့် သူလည်း မြင်းတစ်ကောင်ကို ကပျာကယာ ဆွဲယူပြီး အနောက်မှ လိုက်သွားတော့၏။
ချန်လင်းစု သည် မိုင်အနည်းငယ်ခန့် မြင်းစီးသွားပြီးနောက် လမ်းဆုံတစ်ခုတွင် တုံ့ခနဲရပ်လိုက်သည်။ မြင်းစီးပိုကျွမ်းကျင်သော ချူကျန့် က သူမ၏ဘေးတွင် မြင်းကို ရပ်တန့်လိုက်ပြီး မေးလိုက်၏။
“မိန်းကလေး လင်... မင်း ဘယ်ကို သွားမလို့လဲ...”
သူမ၏ နောက်သို့ လိုက်လာသည်ကို မြင်သောအခါ ချန်လင်းစု က မျက်နှာလွှဲလိုက်ပြီး ပြတ်တောင်းတောင်း ပြန်ဖြေလိုက်သည်။
“မသိဘူး...”
ချူကျန့် က ဇက်ကို ကုတ်ကာ ထပ်မေးလိုက်၏။
“မသိဘူး ဆိုမှတော့ ဘာလို့ အဲဒီလောက်တောင် အလောတကြီး ထွက်လာရတာလဲ...”
ချန်လင်းစု က တိုးညင်းစွာ ပြန်ပြောလိုက်သည်။
“ကျွန်မက မိဘမရှိဘဲ ကြီးပြင်းလာခဲ့ရတာလေ... ဆရာကပဲ ကျွေးမွေးစောင့်ရှောက်ခဲ့တာ... အခု ဆရာလည်း မရှိတော့ဘူး... ကျွန်မမှာ အိမ်လည်း မရှိတော့ဘူး... ကျွန်မကို လိုက်ရှာနေမယ့် လှပပြီး ချမ်းသာတဲ့ သခင်မလေးတွေလည်း မရှိဘူးလေ... ဘယ်ကို သွားရမလဲဆိုတာ .. ဘယ်လိုလုပ် သိမှာလဲ...”
စကားပြောနေရင်း သူမ၏ လေသံမှာ ပိုမို နာကျင်ဝမ်းနည်းလာပြီး နောက်ဆုံးတွင် မျက်ရည်များ ပါးပြင်ထက်သို့ အတားအဆီးမဲ့ စီးကျလာတော့သည်။
သူမနှင့် စတင်တွေ့ဆုံခဲ့ချိန်မှစ၍ သူမ၏ ဉာဏ်ရည်ထက်မြက်မှု၊ ထူးဆန်းသော စရိုက်လက္ခဏာနှင့် နူးညံ့စွာ ဂရုစိုက်တတ်မှုတို့ကို ချူကျန့် မြင်တွေ့ခဲ့ရသော်လည်း ဤမျှ အကူအညီမဲ့ကာ အထီးကျန်နေသည်ကိုတော့ ယခုမှ ပထမဆုံး မြင်တွေ့ဖူးခြင်း ဖြစ်သည်။ ခက်ထန်ကြမ်းတမ်းသော သူ၏ ရင်ဘတ်ထဲတွင်ပင် အနည်းငယ် ပျော့ပျောင်းသွားကာ လွှတ်ခနဲ ပြောလိုက်မိ၏။
“ငါ ရှိနေတာပဲ... ငါ သွားတဲ့ နောက်ကို မင်း လိုက်ခဲ့ပေါ့... ဟုတ်ပြီလား...”
ချန်လင်းစု သာ သူနှင့်အတူ ရှိနေမည်ဆိုလျှင် ကောင်းမည်ဟု စိတ်ထဲမှ ကြိတ်တွေးလိုက်မိသည်။ ဤမိန်းကလေးမှာ ရုပ်ရည်က သာမန်မျှသာ ဖြစ်၍ သတိထားမိရန် ခဲယဉ်းသော်လည်း ဆေးပညာနှင့် အဆိပ်ပညာတွင် အလွန် ကျွမ်းကျင်လှ၏။ သူမက သူ့အား ရန်သူများကို တိုက်ခိုက်ရာတွင် ကူညီပေးနိုင်ပြီး သူကလည်း ဆေးဘုရင် ဂိုဏ်း၏ ဆေးပညာနှင့် အဆိပ်ပညာများကို သူမထံမှ သင်ယူနိုင်ပေမည်။ တကယ့်ကို အကောင်းဆုံးသော အဖော်တစ်ယောက်ပင် မဟုတ်ပါလော။
ထို့အပြင် သူက သူမကို ကျေးဇူးဆပ်ရန်လည်း လိုအပ်နေသေးရာ သူမ ဘေးနားတွင် ရှိနေခြင်းက ပို၍ အဆင်ပြေပေမည်။
ချန်လင်းစု က ခေါင်းငုံ့ကာ တိတ်ဆိတ်နေသော်လည်း သူမ၏ မျက်ရည်များမှာ တဖြည်းဖြည်း ရပ်တန့်သွား၏။
သူမက တီးတိုးလေး ပြောလိုက်သည်။
“ကျွန်မက အစ်ကို့အတွက် ဘာမှမဟုတ်တဲ့သူလေ... ယောက်ျားလေး တစ်ယောက်နဲ့ မိန်းကလေး တစ်ယောက်.. နှစ်ယောက်တည်း အတူတူ သွားလာနေတယ်လို့ သတင်းထွက်သွားရင် အမြင်မတော်ပါဘူး...”
ဒါက တကယ့် ပြဿနာတစ်ခုပင်။
ချူကျန့် ၏ ခေါင်းထဲတွင် ထိုယုတ္တိမတန်သော အတွေးတစ်ခု ရုတ်တရက် ပြန်ပေါ်လာသဖြင့် မနေနိုင်ဘဲ စမ်းသပ်သည့် လေသံဖြင့် မေးလိုက်၏။
“မိန်းကလေး လင်... ငါ့မှာ နည်းလမ်းတစ်ခုတော့ ရှိတယ်... မင်း သဘောတူမလားတော့ မသိဘူး... အကယ်၍များ ငါတို့ နှစ်ယောက် သစ္စာဆိုပြီး မောင်နှမ ဖွဲ့လိုက်ရင်...”
ချန်လင်းစု ၏ သေးသွယ်သော ခန္ဓာကိုယ်လေးမှာ အနည်းငယ် တုန်ယင်သွားကာ မေးလိုက်သည်။
“အစ်ကို... အစ်ကို့ နည်းလမ်းက ဘာလဲဟင်...”
ချူကျန့် က အားယူကာ ပြောလိုက်၏။
“ငါတို့ မောင်နှမအဖြစ် သစ္စာဆိုကြရင် ဘယ်လိုလဲလို့...”
ချန်လင်းစု က ခေါင်းကို ငုံ့ထားသော်လည်း သူမ၏ ပါးပြင်များနှင့် နားရွက်များမှာ နီရဲတက်လာကာ မြင်းဇက်ကြိုးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည်။
“မောင်နှမ သစ္စာဆို မယ်လေ... ဘယ်လိုလဲ...”
ချန်လင်းစု ၏ မျက်နှာပေါ်မှ သွေးရောင်များ ရုတ်တရက် ပျောက်ကွယ်သွားကာ မျက်နှာ ကွက်ခနဲ ပျက် သွားသည်ကို မြင်လိုက်ရသဖြင့် ချူကျန့် ၏ ရင်ထဲတွင် ထိတ်ပျာသွားတော့၏။
ဒီမိန်းကလေးက သူ့အပေါ် တကယ်ပဲ သံယောဇဉ်တွယ် နေခဲ့တာလား။
သူ ဘာခံစားရမှန်းပင် မသိတော့ချေ။
ပျော်ရွှင်မှု၊ စိတ်လှုပ်ရှားမှု၊ စိုးရိမ်ပူပန်မှုတို့ ရောထွေးနေပြီး အဓိကအားဖြင့် ဂနာမငြိမ်ဖြစ်မှုနှင့် ရှုပ်ထွေးမှုများက သူ့ကို လွှမ်းမိုးထားကာ ဤအခြေအနေမှ ထွက်ပြေးချင်စိတ်၊ ရှောင်ဖယ်ချင်စိတ်များသာ ဖြစ်ပေါ်နေ၏။
သူ တစ်ယောက်တည်း နေလာခဲ့သည်မှာ ကြာပြီ ဖြစ်ရာ သူတစ်ပါးကို မည်သို့ ချစ်ရမည်ကိုလည်း မသိသလို သူ့ကိုယ်သူလည်း အချစ်ခံရရန် မထိုက်တန်ဟု ခံစားနေရ၏။ ထို့ကြောင့် သူက အချည်းနှီး စမ်းသပ်သည့် လေသံဖြင့်သာ ဆက်ပြောလိုက်သည်။
“ငါ တွေးမိတာက... ငါတို့ နှစ်ယောက်စလုံးက မိဘမဲ့တွေဆိုတော့... မောင်နှမအဖြစ် သစ္စာဆိုလိုက်ရင် တစ်ယောက်ကိုတစ်ယောက် အားကိုးပြီး လောကထဲမှာ အတူတူ သွားလာလို့ ရပြီလေလို့ပါ... ငါ အရမ်း ရိုင်းစိုင်းသွားလားဟင်...”
ချန်လင်းစု က ရုတ်တရက် ချိုမြစွာ.. ရယ်မောလိုက်၏။
“အစ်ကိုက တကယ့် သူရဲကောင်းကြီးလေ... ကျွန်မလို မိဘမဲ့ တစ်ယောက်က အစ်ကို့ရဲ့ အဆင့်အတန်းနဲ့ ဘယ်လိုလုပ် ထိုက်တန်မှာလဲ... ဟုတ်တယ်မလား...”
ချန်လင်းစုက ရယ်နေရာမှ ငိုကြွေးပြန်တော့သည်။
သူမ၏ မျက်ရည်များ ထပ်မံ ကျဆင်းလာသည်ကို မြင်သောအခါ ချူကျန့် ၏ ရင်ဘတ်ထဲ ဆို့နင့်သွားကာ ကပျာကယာ ပြန်ပြောလိုက်၏။
“ငါက ဘာ သူရဲကောင်း ဟုတ်ရမှာလဲ... မင်းရဲ့ စွမ်းရည်တွေက ငါ့ထက် အများကြီး သာပါတယ်... ငါ တကယ် ရိုးရိုးသားသား ပြောတာပါ...”
“ဒါဆို စောစောက ကျွန်မ ပြောတာတွေက အလကားပေါ့...”
ချန်လင်းစု က မျက်ရည်များကို သုတ်လိုက်ပြီး နှုတ်ခမ်းကို ဖိကိုက်ကာ သူ၏ စကားကို ဖြတ်ပြောလိုက်သည်။ ထို့နောက် တည်ကြည်လေးနက် သော လေသံဖြင့် မေးလိုက်၏။
“အစ်ကိုချူ... ကျွန်မကို သေသေချာချာ ဖြေစမ်းပါ... အကယ်၍ အစ်ကို.. သခင်မလေး ကော ကို တွေ့ရင်ရော သူမနဲ့ မောင်နှမ သစ္စာဆို ဦးမှာလား...”
ချူကျန့် က ခေါင်းခါပြလိုက်ပြီး ပြန်ဖြေလိုက်၏။
“သူမမှာ မိဘတွေ ရှိတယ်လေ... ပြီးတော့ သူမက ငါ့ရဲ့ ဂိုဏ်းတူအစ်မ ပဲ... ထပ်ပြီး မောင်နှမ သစ္စာဆို နေစရာမှ မလိုတော့တာ...”
ထိုစကားကို ကြားသောအခါ၊ ချန်လင်းစု က အံကို တင်းတင်းကြိတ်လိုက်ပြီး ပြန် ပြောလိုက်၏။
“ဒါဆို ကျွန်မလည်း အစ်ကို့ရဲ့ ဂိုဏ်းတူအစ်မ လုပ်လို့ ရတာပဲ... အစ်ကိုက ကျွန်မဆီကနေ ဆေးပင်တွေ ဘယ်လိုစိုက်ရမလဲ ဆိုတာ သင်ချင်နေတာ မဟုတ်ဘူးလား... အဆိပ်လက်ဝါး ဆေးဘုရင် ရဲ့ ကိုယ်စား ကျွန်မ အစ်ကို့ကို တပည့်အဖြစ် လက်ခံလိုက်မယ်... အခုကစပြီး အစ်ကိုက ကျွန်မရဲ့ ဂိုဏ်းတူမောင်လေး ပဲ...”
ချူကျန့် မှာ တွေဝေသွားကာ ပြန်ပြောလိုက်သည်။
“ဒါပေမဲ့ ငါက သူရဲကောင်းကြီး ကောကျင့် ရဲ့ တပည့် ဖြစ်နေပြီလေ... သူ့ခွင့်ပြုချက် မပါဘဲ နောက်ထပ် တပည့် မခံနိုင်ဘူး...”
“ဂရုမစိုက်ဘူး... ကျွန်မကို ဂိုဏ်းတူအစ်မ လို့ ခေါ်ရင်ခေါ်... မခေါ်ရင် လာမပတ်သက်နဲ့တော့...”
ချန်လင်းစု က ဒေါသတကြီးဖြင့် မြင်းကို နှင်၍ ထွက်သွားရန် ပြင်လိုက်တော့သည်။
ချူကျန့် က သူမကို ကပျာကယာ ဆွဲထားလိုက်ပြီး...
“အေးပါ အေးပါ... အခုကစပြီး မင်းကို ဂိုဏ်းတူအစ်မ လို့ ခေါ်ပါ့မယ်... ဟုတ်ပြီလား...”
ချန်လင်းစု မှာ တုံ့ခနဲရပ်လိုက်ပြီး တိတ်ဆိတ်စွာ ခေါင်းညိတ်ပြ၏။
တကယ်ကို ထူးဆန်းလှသည်။ ကောရှန် ကလည်း ဒီလိုပင် ဖြစ်ခဲ့ပြီး ယခု ချန်လင်းစု ကလည်း ဒီလိုပင်။
ဒီခေတ်က မိန်းမငယ်လေးတွေ အားလုံးက ဘာလို့ သူတစ်ပါးရဲ့ ဂိုဏ်းတူအစ်မ လုပ်ချင်နေကြတာလဲ။
ချူကျန့် တစ်ယောက် ထိုမိန်းမငယ်လေးများ၏ အတွေးကို တကယ် နားမလည်နိုင်အောင် ဖြစ်နေမိသည်။ သို့သော် အနည်းဆုံးတော့ ချန်လင်းစု ဘက်မှ ပြန်လှည့်မရနိုင်သော စကားမျိုး မပြောခဲ့ချေ။ သူ ကပျာကယာ စကားလမ်းကြောင်း လွှဲလိုက်ကာ မေးလိုက်၏။
“ဂိုဏ်းတူအစ်မ... ရှေ့ဆက်ဖို့ တကယ်ပဲ ဘာအစီအစဉ်မှ မရှိဘူးလား...”
ချန်လင်းစု က တည်ကြည်လေးနက် စွာဖြင့် ပြန်ဖြေလိုက်၏။
“မင်းရဲ့ ဂိုဏ်းတူအစ်မလေး ကို သွားရှာမှာ မဟုတ်ဘူးလား... သွားလေ...”
သူမ စိတ်ကောက်နေဆဲ ဖြစ်သည်ကို မြင်သောအခါ ချူကျန့် လည်း မတတ်သာတော့ဘဲ ပြောလိုက်ရတော့သည်။
“ငါ အရင်ဆုံး သူငယ်ချင်း တချို့ကို သွားမေးဖို့ စည်းစိမ်ချမ်းသာ စံအိမ်တော် ကို သွားချင်တယ်...”
“ဒါဆိုလည်း သွားကြတာပေါ့...”
ချန်လင်းစု က ပြောလိုက်ပြီးနောက် နေဝင်မိုးချုပ်သည်အထိ သူ့ကို စကားတစ်ခွန်းမျှ ထပ်မပြောတော့ချေ။