← Chapters

လိုက်စမ်း...

Vol. 8 Ch. 89

လိုက်စမ်း...

Vol. 8 Ch. 89

ချူကျန့် နှင့် ချန်လင်းစု တို့သည် နေ့ရောညပါ ခရီးနှင်လာခဲ့ရာ စည်းစိမ်ချမ်းသာ စံအိမ်တော် ဘက်သို့ ဦးတည်လာခဲ့ကြသည်။

ခရီးထွက်လာခဲ့သော်လည်း ချူကျန့် သည် ချန်လင်းစု ၏ ကျန်းမာရေး လုံးဝ အကောင်းပကတိ မဖြစ်သေးမည်ကို စိုးရိမ်သဖြင့် ညနေဘက် မြို့ငယ်လေးများကို ဖြတ်သန်းသွားတိုင်း အနားယူရန် ရပ်နားခဲ့ကြသည်။ သေချာသည်ကတော့ သူ၏ ဂုဏ်သတင်း ကျော်ကြားမှုကြောင့် အာရုံစိုက်ခံရမည်ကို စိုးရိမ်သဖြင့် တည်းခိုခန်းများတွင် တည်းခိုသည့်အခါ ချန်လင်းစု ကသာ နာမည်စာရင်း သွားသွင်းပြီး သူကမူ ပြတင်းပေါက်မှတစ်ဆင့် ခိုးဝင်လေ့ရှိသည်။

ထိုသို့ အကြိမ်အနည်းငယ် လုပ်ပြီးသောအခါ ချန်လင်းစု မှာ မနေနိုင်ဘဲ ပြုံးမိသွားပြီး (၂) ရက်တိတိ တင်းမာနေခဲ့သော သူမ၏ မျက်နှာလေးမှာ နောက်ဆုံးတွင် ပြေလျော့သွားတော့သည်။ သူမက နောက်ပြောင်သည့် လေသံဖြင့် ပြောလိုက်၏။

“သခင်လေး ချူ... ရှင်က နာမည်ကြီး သူရဲကောင်း တစ်ယောက်ဖြစ်ပြီးတော့ သူခိုးလေး တစ်ယောက်လို လုပ်နေတာက တော်တော် စိတ်ဝင်စားစရာ ကောင်းတယ်နော်...”

သူမက သူ့ကို နောက်ဆုံးတော့ ပြုံးပြလာပြီဖြစ်ရာ ချူကျန့် ၏ ရင်ထဲတွင် အများကြီး ပေါ့ပါးသွားတော့သည်။

“ဂိုဏ်းတူအစ်မ... ငါတို့က ဒီလောက်တောင် ရင်းနှီးနေပြီဆိုတော့ မင်းကို ငါ ဖွင့်ဟဝန်ခံ ပါရစေ... ငါက ငယ်ငယ်ကတည်းက မိဘမဲ့ တစ်ယောက်ပါ... တစ်ချိန်တုန်းက သူတောင်းစားတောင် ဖြစ်ခဲ့ဖူးသေးတယ်... သေးသေးမွှားမွှား သူခိုးလေးလည်း လုပ်ခဲ့ဖူးတာပေါ့... အဲဒီတုန်းက ငါ အကြောက်ဆုံးက လူတွေ အာရုံစိုက်တာ ခံရမှာကိုပဲ... အချိန်ကြာလာတော့လည်း လူပုံလယ်မှာ ထင်ထင်ပေါ်ပေါ် နေရတာကို ငါ အသားမကျတော့ဘူး... 'ရှင့်နာမည်ကို ကြားဖူးနေတာ ကြာပါပြီ' လို့ တစ်ယောက်ယောက်က ပြောတိုင်း ငါက နေရခက်တယ်... အဲဒါကြောင့် ငါ့ရဲ့ ကိုယ်စားလှယ် အနေနဲ့ ဂိုဏ်းတူအစ်မ က ရှေ့က မားမားမတ်မတ် ရပ်တည်ပေးတာ ပိုကောင်းမယ် ထင်တယ်... နောက်ဆို ကိစ္စတစ်ခုခု ရှိလာတိုင်း မင်းက ရှေ့ထွက်ရှင်းပေးလေ... ဘယ်လိုလဲ... ငါက မင်းရဲ့ နောက်ကွယ်ကနေ ခံစားချက်မဲ့တဲ့ လူမိုက် လုပ်ပေးမယ်... မင်း ဘယ်သူ့ကို တိုက်ခိုက်ခိုင်းပါစေ ငါ လုံးဝ နောက်ဆုတ်မနေဘဲ တိုက်ခိုက်ပေးမယ်...”

သူ၏ ပေါ့ပေါ့ပါးပါး စကားများကြောင့် ချန်လင်းစု လွှတ်ခနဲ ရယ်မောလိုက်၏။

“အစ်ကိုက ပေါက်ကရတွေ ပြောဖို့ဆို အရမ်း သဘောကျတာပဲ...”

သူမက ချူကျန့် ကို မျက်စောင်းတစ်ချက် ထိုးလိုက်ပြီး မေးလိုက်၏။

“တကယ်လို့ အစ်ကို့ရဲ့ ဂိုဏ်းတူညီမလေး ကို ရိုက်ဖို့ ကျွန်မက ခိုင်းရင်ရော... အစ်ကို လုပ်မှာလား...”

ချူကျန့် တစ်ချက် ဆွံ့အသွားပြီးနောက်...

“အကြောင်းရင်း မရှိဘဲနဲ့ သူမကို ဘာလို့ သွားရိုက်ခိုင်းရမှာလဲ...”

“ကျွန်မက ထူးဆန်းတဲ့သူလေ... တစ်ခါတလေ စိတ်တိုလာရင် လူရိုက်ချင်တယ်...”

ချူကျန့် က သူ့လည်ပင်းကို သူ ပြန်ကုတ်ကာ...

“ဒါဆိုလည်း ငါ့ကိုပဲ ရိုက်ပါ... သခင်မလေး ကော ကို ရိုက်လိုက်ရင် သူရဲကောင်းကြီး ကော ကို ငါ ဘယ်လို မျက်နှာပြရမလဲ...”

ချန်လင်းစု က နှာခေါင်းရှုံ့လိုက်ပြီး စကားဆက်မပြောတော့ချေ။

ချူကျန့် က တည်းခိုခန်း တွင် နာမည်စာရင်း သွားမသွင်းသဖြင့် ချန်လင်းစု အနေဖြင့် တစ်ခါတစ်ရံ ကြီးမားသော အခန်းကြီးများကို မရရှိဘဲ လူတစ်ယောက်စာ အခန်းငယ်များကိုသာ ရရှိလေ့ရှိသည်။ ထိုသို့ဖြစ်တိုင်း ချန်လင်းစု က ကုတင်ပေါ်တွင် အိပ်ပြီး ချူကျန့် ကမူ ထောင့်တစ်နေရာတွင် ထိုင်ကာ တစ်ညလုံး သူ၏ အတွင်းအား များကို လေ့ကျင့်ရင်း အနားယူသလို သူ၏ စွမ်းအား တိုးတက်မှုကိုလည်း အရှိန်မြှင့်တင်လေ့ ရှိ၏။

မည်သို့ပင်ဆိုစေကာမူ သူ၏ အရည်အချင်းများ တိုးတက်လာပြီဖြစ်ရာ ချွမ်ကျန်း အတွင်းအား ကျင့်စဉ် ၏ နောက်ဆုံးအဆင့်ကိုပင် သူ လေ့ကျင့်နိုင်နေပြီ ဖြစ်သည်။ ထို့အပြင် နှလုံးသားခုနစ်ခုပန်း အဆိပ်ငွေ့များကို.. မသိမသာ ရှူရှိုက်မိခဲ့သဖြင့် ထိုအဆိပ်များ အားလုံးကို သူ၏ ဖားပြုတ်နီ သွေးကြော က အတွင်းအား များအဖြစ် ပြောင်းလဲပေးလိုက်ရာ ချွမ်ကျန်း အတွင်းအား ကျင့်စဉ် ၏ ပဉ္စမအဆင့်တွင် သူ၏ တိုးတက်မှုက တစ်ဟုန်ထိုး မြန်ဆန်လာခဲ့သည်။ လဝက်ခန့်အတွင်း အမြင့်ဆုံးသော မဟာပြီးပြည့်စုံသည့် အဆင့်သို့ ရောက်ရှိနိုင်မည်ဟု သူ ခန့်မှန်းထား၏။

ချူကျန့် သည် မိသားစုဝင် တစ်ယောက်ကဲ့သို့ ပြုမူလေလေ ယောက်ျားလေးနှင့် မိန်းကလေးကြားရှိ စည်းမျဉ်းများကို ဂရုမစိုက်လေလေ ချန်လင်းစု မှာ ပို၍ ရယ်ချင်စိတ်ပေါက်လာပြီး သူမ၏ စိတ်ထဲတွင်လည်း ပို၍ သဘောကျလာလေ ဖြစ်ရသည်။

ချူကျန့်အပေါ် ထားရှိသော သူမ၏ ဆက်ဆံရေးမှာလည်း တဖြည်းဖြည်း ပို၍ နူးညံ့သိမ်မွေ့လာတော့၏။

နောက်ထပ် (၅) ရက်ခန့် ခရီးနှင်လာပြီးနောက် ဆောင်းဦးနှောင်းပိုင်း ရာသီသို့ ဝင်ရောက်လာကာ လေအေးများ စတင် တိုက်ခတ်လာလေပြီ။ သူတို့နှစ်ဦး၏ ဆက်ဆံရေးမှာလည်း ပုံမှန် အခြေအနေသို့ ပြန်လည် ရောက်ရှိသွားပြီ ဖြစ်သည်။ သူတို့သည် လွတ်လွတ်လပ်လပ် ရယ်မော နောက်ပြောင်ကြပြီး တစ်ယောက်က "ဂိုဏ်းတူအစ်မ" အခြားတစ်ယောက်က "ဂိုဏ်းတူမောင်လေး" ဟု ခေါ်ဝေါ်ကြကာ တစ်ခါတစ်ရံတွင် ချန်လင်းစု က သူ့အား နောက်ပြောင်သည့်အနေဖြင့် "သခင်လေး ချူ" ဟု ခေါ်တတ်သဖြင့် အတော်လေး ပျော်ရွှင်စရာ ကောင်းလှပသည်။

တစ်ခါတစ်ရံတွင် ချူကျန့် က သူ့ဘေးတွင် ဤမျှ စိတ်ဝင်စားစရာ ကောင်းသော်လည်း နူးညံ့သိမ်မွေ့ကာ ကိုယ်ချင်းစာတရားရှိပြီး အေးအေးဆေးဆေး နေတတ်သည့် မိန်းကလေး တစ်ဦးဖြစ်သော ချန်လင်းစု ရှိနေခြင်းက ဆိုးရွားလှသော ကိစ္စတော့ မဟုတ်ဟုပင် တွေးမိ၏။

မြို့ငယ်လေး တစ်မြို့သို့ မရောက်မီတိုင်း ချူကျန့် သည် သူ၏ "အိမ်မွေး" ဖြစ်သော တုန်းဖန်းပုပိုက် ကို ကျွေးမွေးရန် အရသာရှိသော အစားအသောက်များနှင့် မုန့်များကို အဝေးကြီးအထိ သွားရောက် ရှာဖွေလေ့ရှိသည်။ အကယ်၍ ထိုကောင်မလေးသာ အချိန်အကြာကြီး အလုပ်သပိတ်မှောက်သွားလျှင်သော်လည်းကောင်း ထွက်ပြေးသွားလျှင်သော်လည်းကောင်း နောက်ဆက်တွဲ ရလဒ်များက အလွန် ဆိုးရွားနိုင်၏။ မိမိနှင့် တုန်းဖန်းပုပိုက် မှာ အသက်တစ်ခုတည်း ပိုင်ဆိုင်ထားသူများဖြစ်ရာ တုန်းဖန်းပုပိုက် သာ ထွက်ပြေးပြီး အသတ်ခံလိုက်ရပါက မိမိလည်း အလားတူ ကံကြမ္မာမျိုးကို ရင်ဆိုင်ရမည်သာ ဖြစ်သည်။

အချိန်အတော်ကြာ အတူတကွ နေထိုင်ပြီးနောက်တွင် ချူကျန့် သည် အချက်တစ်ချက်ကို ရှာဖွေတွေ့ရှိခဲ့သည်။ အကယ်၍ သူသာ သူမကို (၂) ရက်ထက်ပို၍ အစာမကျွေးဘဲ နေပါက တုန်းဖန်းပုပိုက် သည် သူ့ကို ခပ်စိမ်းစိမ်း ဆက်ဆံပြီး လုံးဝ ဖော်ရွေသော အကြည့်မျိုးဖြင့် ကြည့်မည် မဟုတ်ချေ။ သို့သော် သူမကို နေ့စဉ် အရသာရှိသော အစားအသောက်များ ကျွေးမွေးပါက သူမ၏ အသိအမှတ်ပြုမှု အမှတ်မှာ တဖြည်းဖြည်း မြင့်တက်လာ၏။

သူသာ သူမနှင့် စကားပြောပြီး အစားအသောက်များ အကြောင်း ဆွေးနွေးပါက သူမ၏ အသိအမှတ်ပြုမှု အမှတ်မှာ ပို၍ပင် မြန်ဆန်စွာ မြင့်တက်လာမည် ဖြစ်သည်။

နောက်ဆုံးတော့ ချူကျန့် တစ်ယောက် စိတ်သက်သာရာ ရသွားတော့၏။ ငွေအနည်းငယ် ကုန်ကျပြီး အားထုတ်မှုနှင့် အချိန်ပိုပေးရသော်လည်း တုန်းဖန်းပုပိုက် ကို ကျေနပ်အောင် လုပ်ရသည်မှာ ချန်လင်းစု ထက် များစွာ လွယ်ကူလှသည်။ သူမသည် အစားအသောက်ဖြင့် ကျေနပ်လွယ်ပြီး သူကိုယ်တိုင်ကလည်း ထိုကဲ့သို့ ရိုးရှင်းသော ကောင်မလေး တစ်ယောက်နှင့် ဆက်ဆံရသည်ကို သဘောကျ၏။

သေချာသည်ကတော့ တုန်းဖန်းပုပိုက် ၏ လက်ရှိ အသိအမှတ်ပြုမှု အမှတ်အရ ဆိုလျှင် သူမက အမိန့်များကို နာခံပြီး အလုပ်လုပ်ပေးရန် အချိန်အတော်ကြာ လိုအပ်ဦးမည် ဖြစ်သည်။

ထို့အပြင် 'ဘော့စ် နှိမ်နင်းခြင်း ကျင့်စဉ်' တွင် တုန်းဖန်းပုပိုက် ကို ကိုယ်ပျောက် စနစ် သို့ ပြောင်းလဲနိုင်သော ရွေးချယ်စရာ တစ်ခုကို ချူကျန့် တွေ့ရှိခဲ့၏။ ထိုစနစ်အရ သူမှလွဲ၍ အခြား မည်သူကမျှ သူမကို မြင်တွေ့နိုင်မည် မဟုတ်သလို ထိတွေ့၍လည်း ရမည် မဟုတ်ချေ။ သေချာသည်ကတော့ တုန်းဖန်းပုပိုက် သည်လည်း အခြားသူများ သို့မဟုတ် အခြား အရာဝတ္ထုများကို ထိတွေ့၍ မရနိုင်ချေ။ ချူကျန့် က သူမအား တစ်ခုခုကို "ပေး" လိုက်ပြီး သူမ ပိုင်ဆိုင်အောင် လုပ်ပေးမှသာ ထိုအရာကို သူမ ရယူနိုင်မည် ဖြစ်သည်။

သူတို့ နှစ်ယောက်သည် စကားပြောစရာ မလိုဘဲ "စိတ်ချင်း ဆက်သွယ်ခြင်း" နှင့် ဆင်တူသော နည်းလမ်းဖြင့်ပင် အချင်းချင်း ဆက်သွယ်နိုင်ကြသေး၏။

သေချာသည်ကတော့ ကိုယ်ပျောက် စနစ် တွင်လည်း ကန့်သတ်ချက်များ ရှိသည်။ ကိုယ်ပျောက်နေစဉ် အတွင်း တုန်းဖန်းပုပိုက် သည် ချူကျန့် ၏ (၁၀) ပေ အကွာထက် ပို၍ ထွက်သွား၍ မရချေ။ အကယ်၍ ထွက်သွားပါက စာအုပ်ထဲသို့ အလိုအလျောက် ပြန်ရောက်သွားမည် ဖြစ်သည်။ ထို့အပြင် ကိုယ်ပျောက်ခြင်းနှင့် ပြန်လည် ထွက်ပေါ်လာခြင်း ကြားတွင် စက္ကန့် (၃၀) ကျော် အချိန် လိုအပ်၏။

မည်သို့ပင်ဆိုစေကာမူ တုန်းဖန်းပုပိုက် ၏ ကိုယ်ပျောက် စနစ် နှင့် စိတ်ချင်း ဆက်သွယ်ခြင်း စွမ်းရည်တို့က ချူကျန့် အတွက် အလွန် အဆင်ပြေလှပြီး တုန်းဖန်းပုပိုက် နှင့် ချန်လင်းစု တို့ တွေ့ဆုံခြင်းမှ ရှောင်ရှားနိုင်စေသည်။ သူ၏ ဗီဇစိတ် အရ ချန်လင်းစု သာ တုန်းဖန်းပုပိုက် ကို မြင်တွေ့သွားပါက အချိန်အတော်ကြာ စိတ်ကောက်နေမည်မှာ သေချာပေါက်ပင်။

ပြဿနာရှာမည့်အစား ပြဿနာကို ရှောင်ရှားခြင်းက ပိုကောင်းသည်။ ချူကျန့် သည် ပြဿနာများကို အမုန်းဆုံး ဖြစ်၏။

ထိုနေ့တွင် စည်းစိမ်ချမ်းသာ စံအိမ်တော် သို့ ရောက်ရန် (၂) ရက်ခရီးသာ လိုတော့ချိန်၌ ရှေ့မှ ခရီးသွားနေသော လူအုပ်ကြီး တစ်အုပ်နှင့် သူတို့ ရုတ်တရက် ဆုံတွေ့လိုက်ရသည်။ ရှေ့ဆုံးတွင် သိုင်းသမား တစ်ရာနီးပါးခန့်က မြင်းကောင်းများကို စီးနင်းကာ ဦးဆောင်လာပြီး နောက်တွင် မြည်းနှင့် မြင်းလှည်းများဖြင့် အဝတ်အထည်နှင့် စားနပ်ရိက္ခာများကို သယ်ဆောင်လာသော လှည်း အမြောက်အမြား လိုက်ပါလာကြ၏။

ချူကျန့် နှင့် ချန်လင်းစု တို့သည် ပြဿနာ မရှာလိုသဖြင့် လမ်းဘေးသို့ ဆင်းကာ ထိုသိုင်းသမား တစ်ရာခန့် အဝေးသို့ ရောက်သွားသည်အထိ စောင့်ဆိုင်းနေလိုက်ကြပြီးမှ လှည်းဆရာများထံမှ အခြေအနေကို စုံစမ်းမေးမြန်း လိုက်ကြသည်။

သိုင်းလောက တွင် သွေးဓား ဂိုဏ်း ဟုခေါ်သော မိစ္ဆာဂိုဏ်း တစ်ခု ရှိပြီး ထိုဂိုဏ်းသားများ အားလုံးမှာ ကာမဂုဏ် လိုက်စားကာ ရက်စက်ကြမ်းကြုတ်သော ဘုန်းကြီးများ ဖြစ်ကြသည်။ လွန်ခဲ့သည့် လအနည်းငယ် အတွင်း ထိုဘုန်းကြီးများသည် ဟူကျိုး နှင့် စီချွမ် ပြည်နယ်များတွင် မိန်းမငယ်များကို အတင်းအဓမ္မ ဖမ်းဆီးကာ ရက်ရက်စက်စက် သတ်ဖြတ်ခြင်းများကို အကြိမ်ကြိမ် ကျူးလွန် ခဲ့ကြသည်။ အမှန်တရားဘက်တော်သား ဂိုဏ်းများရော၊ မိစ္ဆာလမ်းစဉ် ဂိုဏ်းများပါမကျန် နာမည်ကြီး သိုင်းသမား အများအပြား၏ သမီးများပင် သတ်ဖြတ်ခံခဲ့ရသဖြင့် အများပြည်သူများကြားတွင် အလွန်တရာ ဒေါသထွက်စရာ ဖြစ်လာခဲ့၏။ အစိုးရရုံးတော် မှ ဖမ်းဝရမ်း ထုတ်ရုံသာမက သိုင်းသမား များကလည်း ထို သွေးဓား ဂိုဏ်း ဘုန်းကြီးများကို သတ်ဖြတ်ကာ ပြည်သူများအတွက် ကပ်ဆိုးကြီးကို ဖယ်ရှားပေးရန် သစ္စာဆိုပြီး အလိုအလျောက် စုစည်းကာ လိုက်လံ နှိမ်နင်း နေကြခြင်း ဖြစ်သည်။

ယခုအခါ စီချွမ် မှ သိုင်းပညာရှင်များသည် သွေးဓား ဂိုဏ်း ၏ ဘိုးဘေးဆရာသခင်ကြီး ဖြစ်သော သွေးဓား အဘိုးအို ကို သည်းသည်းမည်းမည်း ခြေရာခံလိုက်လာ ကြခြင်း ဖြစ်၏။

ထို ဘိုးဘေးဆရာသခင်ကြီး သည် လှပသော မိန်းမငယ်လေး တစ်ဦးကို ဖမ်းဆီးထားပြီး အလွန် မာနထောင်လွှားကာ စော်ကားမော်ကား ပြုမူနေကြောင်း ကောလာဟလများ ထွက်ပေါ်နေသည်။ အမှန်တရားဘက်တော်သား သိုင်းပညာရှင် ဒါဇင်ပေါင်းများစွာကို လူပုံလယ်တွင် သတ်ဖြတ်ရုံသာမက ဖမ်းဆီးထားသော မိန်းကလေးကိုပါ လူမြင်ကွင်းတွင် လှည့်လည် ပြသကာ အလယ်ပိုင်းလွင်ပြင် ဒေသ၏ သိုင်းလောက တစ်ခုလုံးကို လုံးဝ မထီမဲ့မြင် ပြုနေကြောင်း သိရ၏။

ချူကျန့် သည် အစပိုင်းတွင် ခပ်အေးအေးသာ စောင့်ကြည့်နေခဲ့သည်။ သိုင်းလောက တွင် ဤကဲ့သို့သော မိစ္ဆာဂိုဏ်းများမှာ မရေမတွက်နိုင်အောင် ရှိနေပြီး သူ ဝင်ပါရန် လုံးဝ ဆန္ဒမရှိခဲ့ချေ။

သို့သော် "သွေးဓား အဘိုးအို က လှပတဲ့ မိန်းမငယ်လေး တစ်ယောက်ကို ဖမ်းထားတယ်" ဆိုသော စကားကို ကြားလိုက်ရချိန်တွင် သူ၏ ရင်ထဲတွင် ပျာယာခတ်သွားကာ ကြောက်မခန်းလိလိ အတွေးတစ်ခုက သူ၏ ခေါင်းထဲတွင် ပေါ်လာတော့သည်။ သူ ကိုယ့်ကိုယ်ကိုယ် အတင်းအကျပ် တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီး လှည်းဆရာ တစ်ယောက်ကို ဘေးသို့ဆွဲခေါ်ကာ ထိုမိန်းကလေး၏ နာမည်နှင့် နောက်ခံအကြောင်းကို စုံစမ်းမေးမြန်း လိုက်၏။

ထိုလှည်းဆရာမှာ စားနပ်ရိက္ခာနှင့် အဝတ်အထည်များ သယ်ယူရန် အခကြေးငွေဖြင့် ငှားရမ်းထားသော အလုပ်သမား တစ်ဦးသာ ဖြစ်ပြီး သိုင်းလောက မှ လူတစ်ယောက် မဟုတ်ပေ။ ထိုသူက ခေါင်းခါပြလိုက်ပြီး အသေးစိတ်ကို မသိကြောင်း ပြောသော်လည်း သူမသည် ချမ်းသာသော မိသားစုမှ သခင်မလေး တစ်ဦးဖြစ်ပြီး အလွန် လှပကာ သိုင်းပညာရှင် တစ်ဦး၏ သမီးဖြစ်ကြောင်း ကောလာဟလ ကြားရသည်ဟု ဆို၏။ သို့သော် သိုင်းလောက မှ လူများက ထိုသိုင်းပညာရှင်ကြီး၏ ဂုဏ်သိက္ခာ ကျဆင်းမည်ကို စိုးရိမ်သဖြင့် စော်ကားခံရသော သခင်မလေး ၏ နာမည်ကို ထုတ်ဖော်မပြောလိုကြကြောင်း သူက ဆက်ပြောပြလာ၏။

‘သိုင်းပညာရှင်ကြီး တစ်ယောက်ရဲ့ သမီး... စော်ကားခံရတယ်…’

ဤနားခါးလှသော စကားလုံးများက ချူကျန့် ၏ မျက်လုံးအိမ်ကို ကျုံ့သွားစေတော့သည်။ သူ၏ မျက်နှာပေါ်တွင် မည်သည့် ခံစားချက်မျှ မပေါ်လွင်သော်လည်း မျက်လုံးများက အလိုအလျောက် ကျဉ်းမြောင်းသွား၏။ ဒါက သူ လူသတ်ချင်လာသည့်အခါတိုင်း အလိုအလျောက် ဖြစ်ပေါ်လာတတ်သော အမူအကျင့်တစ်ခု ဖြစ်သည်။

ချူကျန့် ၏ မျက်နှာအမူအရာကို မြင်သောအခါ ချန်လင်းစု က သူ ဘာကို စိုးရိမ်နေသည်ဆိုတာကို ရိပ်မိသွားပြီး နှစ်သိမ့်ပေးလိုက်၏။

“သွေးဓား အဘိုးအို ဖမ်းသွားတာ အစ်ကို့ရဲ့ ဂိုဏ်းတူညီမလေး မဟုတ်လောက်ပါဘူး...”

ချူကျန့် က ခပ်တိုးတိုး နှာမှုတ်သံပြုလိုက်သည်။ သိုင်းလောက တွင် သူရဲကောင်းကြီးများ၏ သမီးများ အမြောက်အမြား ရှိပြီး ချမ်းသာသော မိသားစုများမှ သခင်မလေး များလည်း မရေမတွက်နိုင်အောင် ရှိကြောင်း သူ သိသည်။ ကောရှန် မဟုတ်နိုင်သော်လည်း ထိုကဲ့သို့ ဖြစ်နိုင်ခြေ ရှိနေသည်ဆိုသည့် အတွေးကပင် သူ့ကို ဂနာမငြိမ် ဖြစ်စေတော့သည်။

ထိုစဉ် လမ်းပေါ်တွင် သူတောင်းစား ဂိုဏ်း ၏ အိတ်ငါးလုံး တပည့် တစ်ဦးနှင့် ဆုံတွေ့လိုက်ရသည်။ ချူကျန့် သည် မိမိ မည်သူဖြစ်ကြောင်းကို ဆက်လက် ဖုံးကွယ်မနေတော့ဘဲ ထိုသူ့ကို လှမ်းဆွဲကာ မိမိကိုယ်ကို မိတ်ဆက်ပြီး ချက်ချင်း မေးလိုက်၏။

“ဒုတိယ သခင်မလေး ကော ရဲ့ သတင်း တစ်ခုခု ရသေးလား...”

အိတ်ငါးလုံး တပည့် က ပြောလိုက်သည်။

“အတိအကျ သတင်းတော့ မရသေးပါဘူး... ဒါပေမဲ့ လူယုတ်မာ တစ်ချို့က သူမကို ဖမ်းသွားပြီး အခု ဘယ်ရောက်နေမှန်း မသိဘူးဆိုတဲ့ ကောလာဟလတွေ ထွက်နေတယ်... ကျွန်တော်တို့ သေချာ မစုံစမ်းရသေးလို့ ဂိုဏ်းချုပ်ဟွမ် ကို ပေါ့ပေါ့ဆဆ သတင်းမပို့ရဲသေးဘူး... လောလောဆယ်မှာတော့ မွန်ဂို တွေကို ခုခံဖို့ဆိုတဲ့ အရေးကြီး ကိစ္စကလွဲရင် ကျွန်တော်တို့ သူတောင်းစား ဂိုဏ်း က အားနေတဲ့ လူတွေ အကုန်လုံး ဒုတိယ သခင်မလေး ကော နဲ့ သခင်လေး ချူ ရဲ့ သတင်းကိုပဲ လိုက်စုံစမ်းနေကြတာပါ...”

'တောင်းပန်ပါတယ်... တောင်းပန်ပါတယ်... သွေးဓား အဘိုးအို ဖမ်းသွားတာ အဲဒီ ငတုံးမလေး ကောရှန် လုံးဝ မဟုတ်ပါစေနဲ့...'

ချူကျန့် သည် သူတောင်းစား ဂိုဏ်း ၏ အိတ်ငါးလုံး တပည့် ပြောနေသော ပေါက်ကရ စကားများကို ဆက်၍ နားမထောင်နေတော့ဘဲ မြင်းကို လှည့်ကာ ချန်လင်းစု ကို ပြောလိုက်၏။

“လိုက်ကြစို့..”

ထို့နောက် သူသည် မြင်းကို အပြင်းနှင်ကာ သိုင်းသမား တစ်ရာကျော် ထွက်ခွာသွားသော လမ်းကြောင်းအတိုင်း ဒရောသောပါး ပြေးလွှား သွားတော့သည်။

All Chapters