← Chapters

သွေးဓား အဘိုးအို

Vol. 8 Ch. 90

သွေးဓား အဘိုးအို

Vol. 8 Ch. 90

ချူကျန့် နှင့် ချန်လင်းစု တို့သည် နေ့ရောညပါ သည်းသည်းမည်းမည်း ခြေရာခံလိုက်လာ ခဲ့သော်လည်း ကံမကောင်းစွာဖြင့် သူတို့၏ မြင်းများမှာ သာမန်မြင်းများသာ ဖြစ်နေသဖြင့် ခံနိုင်ရည်နှင့် အမြန်နှုန်းမှာ ရှေ့မှ သိုင်းသမား များ၏ မြင်းကောင်းများကို လုံးဝ မယှဉ်နိုင်ချေ။ သူတို့သည် မကြာခဏ အနားယူနေရပြီး ရှေ့မှ သိုင်းသမား များနှင့် အလှမ်းဝေးသထက် ဝေးလာကာ မှောင်ရီပျိုးလာပြီဖြစ်ရာ ချူကျန့် တစ်ယောက် ဂနာမငြိမ် ဖြစ်လာတော့သည်။

ထိုအခိုက်အတန့်၌ အခြား လမ်းဆုံတစ်ခုမှ မြင်းစီးလာသော ကစားသမား (၂) ယောက်ကို သူ မြင်လိုက်ရသည်။ သူတို့သည် သွေးဓား ဂိုဏ်း ကိစ္စနှင့် ပတ်သက်၍ အရေးတကြီး သွားစရာ ရှိသည့်ဟန်ဖြင့် ဒရောသောပါး ပြေးလွှား လာကြ၏။ သူတို့၏ အထက်တန်းကျသော အဝတ်အစားများနှင့် သန်သန်စွမ်းစွမ်း ရှိလှသော မြင်းကောင်းများကို သတိပြုမိလိုက်ရာ သူဌေးသား ဒုတိယမျိုးဆက် ကစားသမား များဖြစ်ကြောင်း ချူကျန့် ရိပ်မိလိုက်သည်။

အံ့အားသင့်စရာ အကောင်းဆုံးမှာ ထိုသူများ၏ နာမည်ကတ်များက အနီရောင် ဖြစ်နေခြင်းပင်။ တကယ့်ကို အခွင့်ကောင်းကြီး တစ်ရပ်ပင်။

သူက အချိန်မဆွဲတော့ဘဲ ချန်လင်းစု ကို ပြောလိုက်၏။

“ရှေ့က နှစ်ယောက်က လူယုတ်မာတွေပဲ... သူတို့မြင်းတွေကို လုကြရအောင်...”

အနီရောင် နာမည်ကတ်ရှိသော ကစားသမား များသည် အန္တရာယ်၏ အငွေ့အသက်ကို ခံစား ရစေသည့် ခြိမ်းခြောက်မှု အငွေ့အသက်များကို ထုတ်လွှတ်နေတတ်ပြီး ဂိမ်းဇာတ်ကောင် များက ၎င်းကို ဗီဇအရ အလိုအလျောက် ခံစားသိရှိနိုင်သည်။ ချန်လင်းစု က ချက်ချင်း ခေါင်းညိတ်လိုက်ပြီး ဆေးပုလင်းငယ် တစ်ပုလင်းကို ထုတ်ယူကာ ချူကျန့် ထံသို့ ဖျတ်ခနဲ.. ပစ်ပေးလိုက်၏။

“ဒီနှစ်ယောက်က အတွင်းအားနဲ့ သိုင်းပညာ အတော်လေး မြင့်မားပုံ ရတယ်... ဒီ မေ့ဆေးမှုန့် ကို သုံးလိုက်... အရောင်ရော အနံ့ပါ မရှိဘူး... အနံ့ရှူမိတာနဲ့ ချက်ချင်း လဲကျ သွားလိမ့်မယ်... ဒါပေမဲ့ အနီးကပ်မှ အလုပ်ဖြစ်မှာနော်...”

သူတို့၏ အလုပ်ခွဲဝေမှုအရ သူမက နာမည်ကြေညာပြီး လူလုံးထွက်ပြရန် တာဝန်ယူရမည် ဖြစ်ကာ ချူကျန့် ကမူ တိုက်ခိုက်ရေးအပိုင်းကို တာဝန်ယူရမည် ဖြစ်သည်။

ချန်လင်းစု ၏ ပြတ်သားပြီး တိုက်ရိုက်ကျသော စရိုက်ကို ချူကျန့် အတော်လေး သဘောကျမိသည်။ သူမက သူမကိုယ်သူမ အမှန်တရားဘက်တော်သား တစ်ဦးဟု မည်သည့်အခါမျှ မခံယူထားသဖြင့်.. ရက်စက်ကြမ်းကြုတ်ရန် ဝန်မလေး သော သူ၏ လုပ်ရပ်များနှင့် အလွန် ကိုက်ညီလှသည်။

ချန်လင်းစု က စဉ်းစား လိုက်ပြီးနောက်...

“ဒါမှမဟုတ်... ကျွန်မ သွားရမလား... ကျွန်မ သွားတာ ပိုလုံခြုံမလားလို့...”

“အန္တရာယ်များတဲ့ အပိုင်းတွေကို ငါပဲ တာဝန်ယူပါ့မယ်... မင်း ဒီမှာပဲ စောင့်နေ...”

ချူကျန့် က ခပ်ပြုံးပြုံး ဖြင့် ပြောလိုက်ပြီး ဆေးပုလင်းငယ်ကို ယူကာ မေ့ဆေးမှုန့်များကို လက်ဝါးထဲသို့ ထည့်လိုက်သည်။ ထို့နောက် အနီရောင် နာမည်ကတ်ရှိသော ကစားသမား (၂) ယောက်ထံသို့ သာမန် ခရီးသွား တစ်ဦးဟန်ဖြင့် ခပ်အေးအေးပင် မြင်းစီးသွားလိုက်၏။

မြင်းစီးလာသော အခြား ကစားသမား တစ်ယောက်ကို မြင်သည်နှင့် ထိုနှစ်ယောက်က သူတို့၏ လက်နက်များကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကာ အသင့်အနေအထား ပြင်လိုက်ကြ၏။

သိုင်းလောက တွင် လူလိမ်လူညာများ ပေါများလှပြီး ကစားသမား အချင်းချင်းကြားတွင်လည်း ပူးပေါင်းဆောင်ရွက်မှုထက် ရန်လိုမှုများက ပို၍ များပြားလှသည်။ မိမိ၏ အဖော်များမှလွဲ၍ မည်သူကမျှ အလွယ်တကူ သတိမလွတ်ရဲကြချေ။

ချူကျန့် သည် ထိုနှစ်ယောက်၏ ကာကွယ်ရေး အနေအထားများကို ကြည့်ရုံဖြင့် ဝါရင့် ကစားသမား များဖြစ်ပြီး သူနှင့် အဆင့်မကွာလှကြောင်း ချက်ချင်း ရိပ်မိလိုက်သည်။ ချန်လင်းစု က မေ့ဆေးမှုန့် ပေးလိုက်၍သာ တော်တော့သည်။ မဟုတ်လျှင် မြင်းများကို လုယူရန် ကြိုးစားခြင်းက ပြင်းထန်သော တိုက်ပွဲကြီးတစ်ခု ဖြစ်သွားနိုင်သည်။

ချူကျန့် ၏ ခေါင်းထဲတွင် အကွက်ကျကျ စနစ်တကျ အကွက်ချ ကြံစည် မှုတစ်ခု ပေါ်လာ၏။ သူက မြင်းကို နှင်ကာ ထိုနှစ်ယောက်အနီးသို့ ချဉ်းကပ်သွားပြီး မျက်နှာချိုသွေးလိုက်၏။

“အစ်ကိုတို့... ပစ္စည်းတွေ ဘာတွေ လိုချင်ကြလားဗျ...”

သူတို့က ပစ္စည်းများ ဝယ်ယူရန် စိတ်ဝင်စားပုံ ရ၏။

ဘယ်ဘက်မှ ကစားသမား က သတိအနည်းငယ် လျှော့ချလိုက်ပြီး မျက်မှောင်ကြုတ်ကာ မထီမဲ့မြင်ကဲ့ရဲ့ လိုက်သည်။

“မလိုဘူး... မလိုဘူး... မင်းဆီမှာ ဘာပစ္စည်းကောင်းတွေများ ရှိနိုင်မှာမို့လို့လဲ... မသေချင်ရင် မြန်မြန် လစ်တော့... ငါတို့ အရေးတကြီး သွားစရာ ရှိတယ်... လမ်းလာမပိတ်နဲ့...”

ချူကျန့် သည် ကိုယ်တိုင်ပြုလုပ်ထားသော "ကောက်ရိုးဦးထုပ်" ကို ဆောင်းထားသဖြင့် သူ၏ နာမည်ကတ် အများစုမှာ ဖုံးကွယ်နေပြီးသား ဖြစ်သည်။ ကောင်းကင်ယံတွင်လည်း မှောင်ရီပျိုးနေပြီဖြစ်ရာ ရှင်းလင်းစွာ မြင်နိုင်ရန် ပို၍ ခက်ခဲနေ၏။ တစ်ဖက်လူက သူ၏ နာမည်ကတ်ကို မမြင်ရကြောင်း သိလိုက်ရသဖြင့် သူ ပို၍ စိတ်အေးသွားတော့သည်။ သူက ခရမ်းရောင် အလင်းတန်းများ တလက်လက် တောက်ပနေသော ဝတ်ရုံ တစ်ထည်ကို ဆွဲထုတ်လိုက်သည်။ ၎င်းမှာ သူ စံချိန်ချိုးခဲ့စဉ်က ကျပန်းဆုအဖြစ် ရရှိခဲ့သော အဆင့်မြင့် ချပ်ဝတ် [ချန်လန် ရှောင်ယောင် ဝတ်ရုံ] ပင် ဖြစ်၏။

“ဒီပစ္စည်းကိုကော ခင်ဗျားတို့ စိတ်မဝင်စားဘူးလား...”

ညာဘက်မှ မုတ်ဆိတ်မွေးနှင့် ကစားသမား က ချူကျန့် ၏ လက်ထဲရှိ ပစ္စည်းကို တစ်ချက်ကြည့်လိုက်ပြီး အံ့အားသင့်သွားသည် ။ သူက တအံ့တဩ အော်ဟစ်လိုက်၏။

“ခရမ်းရောင် ပစ္စည်းကွ...”

ဘယ်ဘက်မှ ကစားသမား လည်း လှည့်ကြည့်လိုက်ရာ ချူကျန့် ၏ လက်ထဲရှိ ပစ္စည်းမှ မှေးမှိန်သော ခရမ်းရောင် အလင်းတန်းများ ထွက်ပေါ်နေသည်ကို မြင်တွေ့လိုက်ရတော့သည်။

ခရမ်းရောင် ပစ္စည်း အစစ်ပဲ။ ဒီအလင်းတန်းကို လိမ်မရချေ။

ဆာဗာသစ် တစ်ခုလုံးတွင် ခရမ်းရောင် ပစ္စည်း ရရှိထားကြောင်း မည်သူကမျှ မကြေညာရသေးဘဲ ယခု ထွက်ပေါ်လာသည့်အပြင် အသုံးအဝင်ဆုံးသော ချပ်ဝတ်တန်ဆာ ပစ္စည်းပင် ဖြစ်နေသေး၏။

လောဘသားကောင် ဖြစ်သွားသော ကစားသမား နှစ်ယောက်စလုံး၏ မျက်လုံးများတွင် လောဘရောင်များ တလက်လက် တောက်ပလာတော့သည်။

စကားပြောနေစဉ်အတွင်း ထိုနှစ်ယောက်နှင့် သူ၏ ကြားအကွာအဝေးမှာ (၅) ပေခန့်သာ ကွာဝေးတော့သည်။ ချူကျန့် က အပြစ်ကင်းစင်ပြီး ဘေးကင်းပုံရသော အပြုံးတစ်ခုဖြင့် ကမ်းလှမ်းလိုက်သည်။

“ခင်ဗျားတို့ နှစ်ယောက်က ချမ်းသာပြီး ပစ္စည်းကောင်းတွေကို သိတဲ့သူတွေဆိုတော့ အရင်ဆုံး ကြည့်လို့ ရပါတယ်ဗျာ... ပြီးမှ စျေးညှိကြတာပေါ့...”

ပြောရင်း ဝတ်ရုံရှည်ကို လှမ်းပစ်ပေးလိုက်၏။ ဝတ်ရုံကြီး လွင့်ပျံသွားသည်နှင့်အတူ ဖောက်ထွင်းမြင်ရသော ပုံဆောင်ခဲ အမှုန့်လေးများလည်း လွင့်စင်ပါသွားတော့သည်။

ထိုနှစ်ယောက်မှာ ဤလူက ဤမျှ တုံးအလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ကြချေ။ အဖိုးတန် ခရမ်းရောင် ပစ္စည်းကို သေချာ ကြည့်ရှုစစ်ဆေးနိုင်ရန် ဤမျှ လွယ်လွယ်ကူကူ ပစ်ပေးလိုက်သည် မဟုတ်ပါလော။ ဤမျှ တန်ဖိုးကြီးမားလှသော ရတနာ တစ်ခုကို တွေ့လိုက်ရချိန်တွင် သူတို့ ခေါင်းခဲမတတ် စဉ်းစား မနေတော့ဘဲ ဖမ်းယူရန် ချက်ချင်း လက်လှမ်းလိုက်ကြတော့သည်။

ဝတ်ရုံပေါ်ရှိ ဖောက်ထွင်းမြင်ရသော အမှုန့်လေးများက သူတို့၏ မျက်နှာပေါ်သို့ ချက်ချင်း ဖုံးလွှမ်းသွား၏။ အနံ့အသက် မရှိသဖြင့် လမ်းပေါ်မှ ဖုန်မှုန့်များသာ ဖြစ်မည်ဟု ထင်ကာ သူတို့ သိပ်ဂရုမစိုက်ခဲ့ကြချေ။ သို့သော် ဝတ်ရုံကို ဖမ်းမိသည်နှင့် တစ်ပြိုင်နက် ဂိမ်း၏ စစ်ဆေးခြင်း လုပ်ဆောင်ချက်ကိုပင် အသက်မသွင်းရသေးမီ သူတို့ ခေါင်းများ မူးဝေလာပြီး အမြင်အာရုံများ ဝေဝါးလာတော့သည်။ အဖြစ်အပျက်က မျက်တောင် တစ်ခတ်မျှသာ ဖြစ် သွားပြီး နောက်တစ်စက္ကန့်တွင် သူတို့ မြင်းပေါ်မှ လိမ့်ကျသွားကာ သတိလစ်သွားပြီး ဂိမ်းထဲမှ အတင်းအကျပ် ထွက်သွားရတော့သည်။

ပြီးပြီ…

ချူကျန့် က ရှေ့သို့ တိုးသွားကာ မြင်းနှစ်ကောင်၏ ဇက်ကြိုးများကို ကိုင်လိုက်ပြီး ချန်လင်းစု ကို လှမ်းခေါ်လိုက်၏။

ဝတ်ရုံကို ဖမ်းယူလိုက်သော အနေအထားကို ကြည့်ခြင်းအားဖြင့် ထိုနှစ်ယောက်၏ စွမ်းအားမှာ အမှတ် (၂၀၀) အထက်တွင် ရှိနိုင်ပြီး ထိပ်တန်း ကစားသမား များ ဖြစ်ကြောင်း ခန့်မှန်းရသည်။ ချူကျန့် ၏ အတွင်းအားမှာ တစ်ဟုန်ထိုး တိုးတက် လာခဲ့သော်လည်း ဤကဲ့သို့ လှည့်ကွက်များကို အသုံးမပြုပါက သူတို့ကို နှိမ်နင်း ရန် လွယ်ကူမည် မဟုတ်ချေ။

ချူကျန့် သည် ဝတ်ရုံများကို ပြန်သိမ်းလိုက်ပြီး သူတို့၏ ပစ္စည်းများကို ပေါ့ပေါ့ဆဆ စစ်ဆေးလိုက်သည်။ ထို့နောက် ချန်လင်းစု နှင့်အတူ မြင်းကောင်းများကို စီးနင်းကာ ခရီးဆက်လာခဲ့ကြတော့၏။

သူက ထိုနှစ်ယောက်ကို အသေမသတ်လိုက်ပေ။ သေချာသည်ကတော့ သူ၏ တည်နေရာကို မဖော်ထုတ်လိုသောကြောင့် ဖြစ်သည်။ လူတစ်ယောက် အပြင်းအထန် ဒဏ်ရာရပြီး သေလုမြောပါး ဖြစ်သွားပါက ကစားသမား များအနေဖြင့် မည်သူ လုပ်သည်ကို ဂိမ်းစနစ် မှတ်တမ်းများမှတစ်ဆင့် သိရှိနိုင်သော်လည်း ဆေးဝါး အသုံးပြုခြင်းက ထိုကန့်သတ်ချက်ကို ကျော်လွှားနိုင်၏။

မြင်းကောင်းများကို ရရှိလိုက်သဖြင့် ချူကျန့် နှင့် ချန်လင်းစု တို့သည် ချက်ချင်းပင် ခရီးအရှိန်ကို မြှင့်တင်လိုက်ကြသည်။ ချူကျန့် ၏ ခြေရာခံခြင်း ကျွမ်းကျင်မှုနှင့် ပေါင်းစပ်လိုက်သောအခါ နောက်တစ်နေ့ နံနက်စောစောတွင် သိုင်းသမား အုပ်စုကို မှီသွားတော့၏။ အံ့အားသင့်စရာ အကောင်းဆုံးမှာ ထိုအုပ်စု၏ အင်အားမှာ နှစ်ဆခန့် တိုးလာပြီး လူ (၃၀၀) နီးပါးခန့် ရှိနေကာ ကစားသမား အမြောက်အမြားလည်း ရောနှော ပါဝင်လာခြင်းပင်။ ဤအခြေအနေကြောင့် အချက်အလက်များ စုံစမ်းရန် အုပ်စုထဲသို့ ခိုးဝင်မည့် ချူကျန့် ၏ အကြံအစည်ကို ယာယီ ရပ်ဆိုင်းလိုက်ရသည်။

ချူကျန့် သည် အကြောင်းရင်းကို ချက်ချင်းပင် သိရှိသွားတော့၏။ အကြောင်းမူကား မကြာမီတွင်ပင် မိစ္ဆာလမ်းစဉ်သို့ လိုက်သော အနီရောင် နာမည်ကတ်ရှိ ကစားသမား ဒါဇင်ပေါင်းများစွာက ထို သိုင်းသမား များနှင့် ကစားသမား များကို ချောင်းမြောင်းတိုက်ခိုက်ရန် ပြေးထွက်လာကြပြီး ပြင်းထန်သော တိုက်ပွဲကြီးတစ်ခု စတင်တော့သည်။

အမှန်တရားဘက်တော်သား များရော သွေးဓား ဂိုဏ်း ကပါ ဆုကြေးငွေများ ထုတ်ထားပုံရပြီး အခြားတစ်ဖက်ကို နှောင့်ယှက် တိုက်ခိုက်ရန် ကျွမ်းကျင်သော ကစားသမား များကို ဆင့်ခေါ်ထားခြင်း ဖြစ်၏။ ချူကျန့် အရင်က ချောင်းမြောင်းတိုက်ခိုက်ခဲ့သော အနီရောင် နာမည်ကတ်ရှိ ကစားသမား နှစ်ယောက်မှာလည်း ဤဆုကြေးငွေများကို လိုချင်၍ ရောက်လာကြခြင်း ဖြစ်ကြောင်း ယုံမှားဖွယ်မရှိ ပေ။ နောက်ဆုံးတွင် အမှန်တရားဘက်တော်သား များ၏ အင်အားက ပိုမို ကြီးမားပြီး အရေအတွက် ပိုများသဖြင့် မိစ္ဆာ ကစားသမား များ အမြန်ဆုံး ချေမှုန်းခံလိုက်ရ၏။ သိုင်းသမား များသည် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ခရီးဆက်လာခဲ့ကြသည်။

အုပ်စုကြီး ခရီးဆက်လာသည်နှင့်အမျှ မြေမျက်နှာသွင်ပြင်မှာ ပိုမို ဆိတ်ငြိမ်ခြောက်ကပ်လာပြီး အမြင့်ပေ ပိုများလာကာ အအေးဒဏ်လည်း ပိုမို ပြင်းထန်လာတော့သည်။ ညနေပိုင်းသို့ ရောက်သောအခါ နှင်းများ သည်းထန်စွာ ကျဆင်းလာ၏။

အုပ်စုကြီး၏ လှုပ်ရှားမှုများ နှေးကွေးသွားသည်ကို ချူကျန့် သတိပြုမိလိုက်သော်လည်း သွေးဓား အဘိုးအို မှာ ရှေ့တွင် ရှိနေကြောင်း သူ သေချာနေသည်။ သွေးဓား အဘိုးအို သာ နှင်းတောင်တန်းများ၏ နက်ရှိုင်းသော နေရာများသို့ ထွက်ပြေးသွားပါက မတ်စောက်ပြီး ချော်နေသော လမ်းများကြောင့် မြင်းဖြင့် လိုက်မီရန် အလွန် ခက်ခဲသွားပေလိမ့်မည်။

ထို့အပြင် ကိုယ်ဖော့ပညာ ဖြင့် ယှဉ်မည်ဆိုလျှင်လည်း လက်ရှိ သူ၏ အဆင့်ဖြင့် သွေးဓား အဘိုးအို ကို မည်သို့ ယှဉ်နိုင်မည်နည်း။ ချူကျန့် သည် ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်သည်။ သူက ခြုံထည်တစ်ထည်ကို ထုတ်ယူကာ ချန်လင်းစု ကို ခြုံပေးလိုက်ပြီး ပြောလိုက်၏။

“ဂိုဏ်းတူအစ်မ... ဒီမှာပဲ ခဏ စောင့်နေပါလား... ငါ မြင်းကို အမြန်စီးပြီး ရှေ့က အခြေအနေကို သွားကြည့်လိုက်ဦးမယ်... ပြီးရင် ချက်ချင်း ပြန်လာခဲ့မယ်...”

သူ၏ မြင်းစီးကျွမ်းကျင်မှုမှာ အလွန် အဆင့်မြင့်မားလှရာ တစ်ယောက်တည်း အမြန်ဆုံး အရှိန်ဖြင့် စီးသွားပါက သွေးဓား အဘိုးအို နှင်းတောင်တန်းများ၏ နက်ရှိုင်းသော နေရာများသို့ မရောက်မီ မှီနိုင်ကောင်း မှီနိုင်ပေမည်။ ချန်လင်းစု က ခေါင်းခါပြလိုက်ပြီး ပြောလိုက်၏။

“သွေးဓား အဘိုးအို က အရမ်း အစွမ်းထက်တယ်လို့ ကြားတယ်... ရှင် တစ်ယောက်တည်း သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး... ကျွန်မရဲ့ အဆိပ်ပညာ နဲ့ ဘေးကနေ ကူညီပေးမယ်လေ... ဒါဆို အခွင့်အရေး နည်းနည်း ရနိုင်တာပေါ့...”

ချန်လင်းစု၏ ပြတ်သားသော ဆုံးဖြတ်ချက်ကို မြင်လိုက်ရပြီး သူမ ပြောသည်မှာလည်း ယုတ္တိတန်သဖြင့် ချူကျန့် သည် အနီရောင် လည်စည်းပုဝါ တစ်ထည်ကို ထုတ်ယူလိုက်သည်။

မည်သည့် ကစားသမား ထံမှ လုယူထားမှန်း သူ မမှတ်မိတော့ချေ။ ထိုပုဝါကို သူမ၏ လည်ပင်းတွင် ပတ်ပေးလိုက်ပြီး ဤပိန်ပါးသော မိန်းကလေးကို နွေးထွေးမှု ရစေရန် မျှော်လင့်လိုက်၏။ ချန်လင်းစု မှာ မူလကတည်းက သိပ်လှပသူ မဟုတ်သော်လည်း လည်စည်းပုဝါနှင့် ခြုံထည်ကို ဝတ်ဆင်လိုက်သောအခါ ပို၍ တက်ကြွပြီး အရည်အချင်းရှိပုံ ပေါက်သွားသည်။ သူမ၏ ဖြူဖျော့နေသော မျက်နှာလေးမှာလည်း အအေးဒဏ်ကြောင့် အနည်းငယ် နီရဲလာကာ ပို၍ ကြည့်ကောင်းသွားတော့သည်။ သူမက ချူကျန့် ကို ခပ်ပြုံးပြုံး ဖြင့် ကြည့်ကာ ပြောလိုက်၏။

“သွားကြစို့...”

ထိုအခိုက်အတန့်၌ ရှေ့မှ သိုင်းသမား များနှင့် ကစားသမား များသည် အနားယူရန် ရပ်နားလိုက်ကြပြီး လူတစ်ယောက်၊ မြင်းတစ်ကောင်စာ ဖြတ်သွားနိုင်သော လမ်းကျဉ်းလေး တစ်ခုကို ဖယ်ပေးထားကြသည်။ ချူကျန့် နှင့် ချန်လင်းစု တို့သည် မြင်းများကို ရှေ့သို့ နှင်သွားလိုက်ကြသည်။ တစ်ယောက်ယောက်က မေးခွန်းအနည်းငယ် မေးလာသော်လည်း သူတို့နှစ်ဦးစလုံး တိတ်ဆိတ်စွာ နေလိုက်ကြ၏။ အလွန် အေးခဲနေသော ရာသီဥတုကြောင့် ထိုသူလည်း ဆက်လက်၍ ဂရုမစိုက်တော့ချေ။

ချူကျန့် နှင့် ချန်လင်းစု တို့သည် မိုင်ပေါင်းများစွာ အပူတပြင်း လိုက်လာခဲ့ပြီး သိုင်းသမား အုပ်စု နှစ်စုကို ကျော်တက်သွားခဲ့သည်။ လေနှင့် နှင်းမုန်တိုင်းများက ပိုမို ပြင်းထန်လာပြီး မြေပြင်ပေါ်တွင်လည်း နှင်းခဲများ ဖုံးလွှမ်းနေပြီ ဖြစ်ကာ နှင်းတောင်တန်း ဒေသကြီးအတွင်းသို့ တရားဝင် ဝင်ရောက်လာခဲ့ပြီပင်။

ချူကျန့် က မျက်မှောင်ကြုတ်လိုက်ပြီး ချန်လင်းစု ဒဏ်မခံနိုင်မည်ကို စိုးရိမ်သဖြင့် ခဏ အနားယူရန် အကြံပြုလိုက်သည်။ သို့သော် ချန်လင်းစု က ခေါင်းမာမာဖြင့် ပြောလိုက်၏။

“ဆက်သွားမယ်... မကြာခင် မှီချင်မှီသွားမှာ... သွေးဓား အဘိုးအို ဖမ်းသွားတာ သခင်မလေး ကော မဟုတ်ဘူးဆိုတာကို စောစော သိရရင်... မင်းလည်း စောစော စိတ်အေးရတာပေါ့...”

ထို့နောက် သူမက ချူကျန့် ကို စူးစိုက်ကြည့်ကာ ပြောလိုက်သည်။

“တကယ်လို့ ကျွန်မ သာ ကိစ္စတွေကို ဖျက်ဆီးမိရင်... တချို့လူတွေက ကျွန်မကို တစ်သက်လုံး အပြစ်တင်နေလိမ့်မယ်...”

သူမက မြင်းကို ရိုက်ကာ ရှေ့သို့ ပြေးလွှား သွားတော့၏။ ချူကျန့် ၏ ရင်ထဲတွင် နွေးထွေးသွားတော့သည်။ ဤမိန်းကလေးမှာ အပြောမချိုသော်လည်း တကယ်ကို စိတ်ထားကောင်းလှ၏။

သူတို့နှစ်ဦး နောက်ထပ် မိုင်အနည်းငယ်ခန့် ဆက်သွားလိုက်သောအခါ လေနှင့် နှင်းများကြားမှ ရှည်လျားပြီး ဆက်တိုက် ထွက်ပေါ်နေသော အော်ဟစ်သံ တစ်ခုကို ရုတ်တရက် ကြားလိုက်ရ၏။

“ပန်းတွေကြွေ ရေတွေစီး... ရေတွေစီး ပန်းတွေကြွေ... ပန်းတွေကြွေ ရေတွေစီး... ရေတွေစီး ပန်းတွေကြွေ...”

[t.n: တရုတ်စကားပုံ (ပန်းကြွေရေစီး) ကို ရည်ညွှန်းခြင်း ဖြစ်ပြီး လုံးဝ ရှုံးနိမ့်ခြင်း၊ သို့မဟုတ် အရာရာ ဆုံးရှုံးသွားခြင်းကို တင်စားခြင်းပါ။ ဤနေရာတွင် တောင်ပိုင်းက အံ့ဖွယ်လေးပါး၏ အမည်များကို ပေါင်းစပ်ခေါ်ဝေါ်ထားခြင်းလည်း ဖြစ်သည်။]

လူလေးယောက် ပြိုင်တူ အော်ဟစ် လိုက်သကဲ့သို့ ဖြစ်နေပြီး ထိုအသံများမှာ အိုမင်းသော အသံ၊ သန်စွမ်းသော အသံ၊ တည်ငြိမ်သော အသံနှင့် စူးရှသော အသံ စသဖြင့် ကွဲပြားနေသော်လည်း လေနှင့် နှင်းများကြားတွင် အဝေးသို့ တိုင်အောင် ပျံ့နှံ့သွားနိုင်သဖြင့် သူတို့၏ အတွင်းအား မည်မျှ နက်ရှိုင်းကြောင်းကို ဖော်ပြနေသည်။ ချူကျန့် ကြက်သီးထသွားတော့သည်။ ဤလူလေးယောက်၏ သိုင်းပညာမှာ အရင်က မြောင်ရန်ဖုန်း ထံတွင် တွေ့ခဲ့ရသော ထျန်ကွေ့နုန် ထက် လုံးဝ အောက်မကျနိုင်ကြောင်း သူ ခန့်မှန်းမိလိုက်၏။

ထျန်ကွေ့နုန် မှာ ဂိုဏ်းချုပ် တစ်ယောက် ဖြစ်သည်။ သို့ဆိုလျှင် သည်လေးယောက်က မည်သူတွေနည်း။

ချန်လင်းစု က တိုက်ခတ်လာသော လေနှင့် နှင်းများကို မျက်နှာလွှဲကာ ကာကွယ်ရင်း နောက်သို့ လှည့်ကာ ပြောလိုက်၏။

“ဒါက တောင်ပိုင်းက အံ့ဖွယ်လေးပါး ဖြစ်ရမယ်... ဒီလေးယောက်စလုံးက သိုင်းလောက မှာ နာမည်ကြီးနေတာ ကြာပြီဖြစ်တဲ့ သူရဲကောင်းကြီးတွေလေ...”

စကားပြောနေစဉ်မှာပင် အဝေးမှ လက်နက်ချင်း ထိခိုက်သံများနှင့် အော်ဟစ်သံများကို ကြားလိုက်ရသဖြင့် တောင်ပိုင်းက အံ့ဖွယ်လေးပါး သည် တစ်စုံတစ်ယောက်နှင့် စတင် တိုက်ခိုက်နေပြီ ဖြစ်ကြောင်း သိသာနေသည်။

ဤသိုင်းပညာရှင် လေးယောက်စလုံး၏ ပူးပေါင်း တိုက်ခိုက်မှုကို ခံရလောက်အောင် အစွမ်းထက်သူမှာ သွေးဓား အဘိုးအို ပင် ဖြစ်တန်ရာ၏။

ချူကျန့် ၏ မျက်လုံးများ အရောင်လက်သွား ကာ မြင်းကို အမြန်ဆုံး အရှိန်ဖြင့် ပြေးလွှား သွားစေလိုက်သည်။ တောင်ပေါ်လမ်းမှာ ပိုမို ကျဉ်းမြောင်းလာပြီး လေနှင့် နှင်းများကလည်း ပိုမို ပြင်းထန်လာ၏။

ချူကျန့် ၏ သာမန်ထက် လွန်ကဲသော အမြင်အာရုံဖြင့်ပင် ရှေ့တွင် လူသုံးယောက် သည်းကြီးမည်းကြီးတိုက်ခိုက် နေသည်ကို မဝေမကွဲသာ မြင်တွေ့ရသည်။

ထိုအထဲမှ တစ်ယောက်မှာ အနက်ရောင် ဘုန်းကြီးဝတ်ရုံကို ဝတ်ဆင်ထားပြီး နက်မှောင်နေသော အနီရောင် ဓားမ ကို ကိုင်ဆောင်ထားရာ သွေးဓား အဘိုးအို ပင် ဖြစ်ပေလိမ့်မည်။

(ဘာသာပြန် လူသစ်ပြောင်းသွားလို့ အသုံးနှုန်းလေးတချို့ ပြောင်းသွားပါတယ်ခင်ဗျာ အဆင်မပြေဖြစ်သွားရင် တောင်းပန်ပါတယ်)

Thank for reading.

All Chapters