အခန်း (၁၀၃-၁၀၄)
Vol. 11 Ch. 103-104
အခန်း (၁၀၃) သခင်လေးလို့ ခေါ်လို့ရမလား
ဒေါ် လေးရှန်က အနည်းငယ် ခေါင်းခါပြလိုက်သည်။
"အဲ့ဒီလူက ကျွန်မတို့နဲ့အတူ ပါလာတာကို သိနေပုံရတယ်... ဒါကြောင့် သူက အနားမကပ်ရဲဘူး... ကျွန်မလည်း မသတိထားမိလိုက်ဘူး..."
ဤစကားကို ကြားချိန်တွင် ရှန်ကွမ်ယွဲ့ရှီးသည် ခဏတာ တွေးတောလိုက်ပြီးနောက် ပြောလိုက်လေသည်။
"ငါတို့ အရင် ပြန်သွားကြတာပေါ့... ဒီည အခြေအနေကို စမ်းသပ်ကြည့်ကြမယ်..."
"ကောင်းပြီလေ..."
...
နန်ကုန်းယွီနှင့် သူ၏အုပ်စုသည် ကြီးကြပ်ရေးရုံး အတွင်းသို့ ဝင်ရောက်လာကြလေသည်။စူးရှင်းမုန်းသည် နန်ကုန်းယွီကို ကြည့်ကာ မေးလိုက်သည်။
"မင်းသားငယ်... ကျွန်မ တကယ်ပဲ စောင့်ကြည့်ခံနေရတယ်လို့ ထင်လား..."
"ဘာအဓိပ္ပာယ်လဲ..."
နန်ကုန်းယွီက သူမကို အံ့အားသင့်စွာ ကကြည့်လိုကသည်။ ဒီလူက အရမ်းကို အာရုံခံစားလွယ်တာပဲလား။
စူးရှင်းမုန်းသည် ခဏတာ တွေဝေသွားပြီးနောက် ပြောလိုက်လေသည်။
"ကျွန်မက ငယ်ငယ်ကတည်းက အလိုလိုသိစိတ်ရှိပြီး အန္တရာယ်ကို အရမ်း အာရုံခံစားလွယ်တယ်... ဒီနေ့ ဒီကိုလာတဲ့အခါ တစ်ယောက်ယောက်က ကျွန်မတို့ကို စောင့်ကြည့်နေတယ်လို့ မရေမရာ ခံစားလိုက်ရတယ်..."
"ဒါ့အပြင်... စီနီယာ ရှန်နဲ့ မင်းသမီးတို့ကလည်း အခြေအနေ နည်းနည်း မူမမှန်သလိုပဲ... ဒါကြောင့် လမ်းမှာ တစ်ယောက်ယောက် ကျွန်မတို့နောက်ကို လိုက်လာတယ်လို့ ကျွန်မ ခံစားမိတာ"
ဤစကားကို ကြားချိန်တွင် နန်ကုန်းယွီက အနည်းငယ် ခေါင်းညိတ်လိုက်သည်။
"အစ်မက တော်တော်လေး စွမ်းရည်ရှိတာပဲ... ကျွန်တော်လည်း အဲ့ဒါကို ခန့်မှန်းမိတယ်... မယ်တော် စကားတွေကနေ တဆင့် ကျွန်တော် သိနိုင်တယ်... နောက်ကွယ်က လူက အစ်မကို ပစ်မှတ်ထားနေတာလား... ကျွန်တော့်ကို ပစ်မှတ်ထားနေတာလား ဆိုတာကိုပဲ ကျွန်တော် မသိတာ..."
စူးရှင်းမုန်းက အနည်းငယ် ခေါင်းခါပြလိုက်သော်လည်း ပြုံးကာ ဆိုလိုက်သည်။
"မင်းသားငယ် စိတ်မပူပါနဲ့... လောလောဆယ်တော့ ဘာပြဿနာမှ မရှိလောက်ပါဘူး..."
"အိုး... ဘယ်လိုဖြစ်လို့လဲ..."
နန်ကုန်းယွီက သိချင်ယောင်ဆောင်ကာ မေးလိုက်လေသည်။
စူးရှင်းမုန်းက အနည်းငယ် ပြုံးလိုက်သည်။
"ကျွန်မက တောင်ပိုင်းနယ်စပ်ကနေ လာတာဆိုတော့ အန္တရာယ်တချို့နဲ့ ကြုံခဲ့ရတယ်ဆိုတာ မင်းသား သိပါတယ်... အရာများစွာကို ဖြတ်သန်းခဲ့ရပြီးတဲ့နောက်မှာ ကျွန်မရဲ့ အာရုံခံစားမှုအပေါ် ပိုပြီး ယုံကြည်မှု ရှိလာတယ်..."
"လောလောဆယ်တော့ ကျွန်မမှာ မရေမရာ အန္တရာယ် ခံစားချက်လေးပဲ ရှိသေးတယ်... အရင်ကလည်း ဒီလိုခံစားချက်မျိုး အကြိမ်ကြိမ် ဖြစ်ခဲ့ဖူးပေမဲ့ အမြဲတမ်း ဘေးကင်းကင်းနဲ့ လွတ်မြောက်နိုင်ခဲ့တယ်လေ... ဒီတစ်ကြိမ်လည်း ခြွင်းချက် မဟုတ်ဘူးလို့ ယုံကြည်တယ်..."
ဤစကားကို ကြားချိန်တွင် နန်ကုန်းယွီသည် အနည်းငယ် ပြုံးမိသည်။
"အစ်မ ရှင်းမုန်းမှာ ဒီစွမ်းရည်ရှိမယ်လို့ ကျွန်တော် မထင်ထားဘူး... ကျွန်တော် နည်းနည်း အားကျမိတယ်..."
"ဘာတွေများ အားကျစရာ ရှိေနလို့လဲ..."
စူးရှင်းမုန်းက အနည်းငယ် ခေါင်းခါပြလိုက်သော်လည်း ထို့နောက် တစ်စုံတစ်ခုကို သတိရသွားသကဲ့သို့ သူမ၏ မျက်နှာပေါ်တွင် အားကျမှုများ ပေါ်လာလေသည်။
"တကယ်တော့ ကျွန်မက မင်းသားငယ်ကို အားကျရမှာပါ... မင်းသားငယ်မှာ ဂရုစိုက်ပေးတဲ့သူတွေ၊ ကာကွယ်ပေးမယ့်သူတွေ အများကြီး ရှိတာပဲ... အားမကျဘဲ နေလို့မှ မရတာ..."
ဤစကားကို ကြားချိန်တွင် နန်ကုန်းယွီက ပြုံးကာ ဆိုလိုက်သည်။
"အစ်မ ရှင်းမုန်းက အခု ကျွန်တော့်ရဲ့ သူငယ်ချင်း ဖြစ်နေပြီဆိုတော့... ကျွန်တော်က အစ်မကို ဂရုစိုက်ပေးလို့ ရပြီမလား..."
ဤစကားကို ကြားချိန်တွင် အကြောင်းရင်းတစ်ခုခုကြောင့် စူးရှင်းမုန်း၏ နှလုံးသားမှာ ပြင်းထန်စွာ ခုန်ပေါက်လာပြီး ဝမ်းသာအားရ ခုန်ပေါက်နေသကဲ့သို့ ဖြစ်သွားလေသည်။
သူမသည် သူမကိုယ်သူမ အလျင်အမြန် တည်ငြိမ်အောင် ထားလိုက်ပြီး ပြုံးကာ ပြောလိုက်သည်။
"မင်းသားငယ်ရဲ့ သူငယ်ချင်း ဖြစ်ရတာက ရှင်းမုန်းရဲ့ အကြီးမားဆုံး ဂုဏ်ယူစရာပါပဲ."
"ယွီအာက ကံကောင်းတာပါ."
နန်ကုန်းယွီက ပြုံးကာ ဆိုလိုက်သည်။
"ဒါပေမဲ့ အစ်မ ရှင်းမုန်းက ကျွန်တော့်ကို သူငယ်ချင်းလို့ အသိအမှတ်ပြုထားပြီးပြီဆိုတော့ ကျွန်တော့်ကို မင်းသားငယ်လို့ ခေါ်နေတာက နည်းနည်း မသင့်တော်သလို ဖြစ်မနေဘူးလား..."
"ဒါ..."
စူးရှင်းမုန်း အနည်းငယ် ဆုံးဖြတ်ရခက်သွားလေသည်။လောကကြီးက နောက်ဆုံးတော့ အဆင့်အတန်း ခွဲခြားမှုအပေါ်မှာ အခြေခံတာလေ။ နန်ကုန်းယွီကို သူငယ်ချင်းအဖြစ် သတ်မှတ်ကြောင်း သူမ ဝန်ခံနိုင်ပေမဲ့ သူမ သူ့ကို ခေါ်ဝေါ်ရမယ့် ပုံစံက...
သူမ တွေဝေနေသည်ကို မြင်ချိန်တွင် နန်ကုန်းယွီသည် ရယ်မိသွားသည်။
"အစ်မ ရှင်းမုန်း စိတ်မရှိဘူးဆိုရင်... ကျွန်တော့်ကို ရှောင်ယွီလို့ပဲ ခေါ်ပါ..."
သို့သော် နန်ကုန်းယွီ၏ စကားကို ကြားပြီးသည့်တိုင် စူးရှင်းမုန်းမှာ တွေဝေနေဆဲ ဖြစ်လေသည်။
သူမက မှော်ကျင့်ကြံသူ တစ်ယောက်နဲ့တောင် အဆင့်မတက်ရသေးတဲ့ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်ပဲလေ... သူကတော့ဂ ချင်းယို ဧကရာဇ်က မကြာသေးခင်ကမှ ဘွဲ့ချီးမြှင့်ထားတဲ့ မြို့စား တစ်ယောက်ပါ။ နန်ကုန်းယွီရဲ့ သူငယ်ချင်းအဖြစ် အသိအမှတ်ပြုခံရတာကို ကံကောင်းတယ်လို့ ဆိုနိုင်ပေမဲ့ သူမက မာနမထောင်လွှားရဲပါဘူး။
ကျန်းပေ့မင်းသား နန်ကုန်းယွီကို "ရှောင်ယွီ" ဟု သူမ မခေါ်ရဲချေ။
သို့သော် ထိုအချိန်မှာပင် သူမသည် ချင်းလင်ကို ရုတ်တရက် သတိပြုမိသွားပြီး သူမ၏မျက်လုံးများ အရောင်လက်သွားလေသည်။
"မင်းသားငယ်... ကျွန်မ ချင်းလင်နဲ့အတူ သခင်လေးလို့ ခေါ်ရင် ဘယ်လိုလဲ..."
ဤစကားကို ကြားချိန်တွင် နန်ကုန်းယွီသည် အနည်းငယ် အံ့အားသင့်သွားပြီး တွေဝေဟန်ဆောင်ကာ ပြောလိုက်သည်။
"ဒါက မသင့်တော်ဘူး မဟုတ်လား... ကျွန်တော်က ချင်းလင်ကို တခြားသူတွေနဲ့ မတူအောင် ဆက်ဆံပေမဲ့ ပြင်လူတွေရဲ့ အမြင်မှာတော့ သူမက ကျွန်တော့်ရဲ့ အစေခံ ဖြစ်နေတုန်းပဲလေ... အစ်မက သူမလိုပဲ ကျွန်တော့်ကို သခင်လေးလို့ ခေါ်တာက အစ်မအတွက် နည်းနည်း မသင့်တော်သလို ဖြစ်မနေဘူးလား..."
"ရပါတယ်..."
စူးရှင်းမုန်းက အဲ့ဒီလောက် အများကြီး မစဉ်းစားပါဘူး... ဒါက ခေါ်ဝေါ်တဲ့ နာမည်တစ်ခု သက်သက်ပဲလေ... သူမက ဂရုမစိုက်ပါဘူး။
ပြီးတော့ ပြတေလူတွေ ဘယ်လိုထင်ထင် သူမနဲ့ ဘာဆိုင်လို့လဲ... ဟုတ်တယ်မလား။
ထို့အပြင် နန်ကုန်းယွီသည် ချင်းယိုအင်ပါယာ၏ ကျန်းပေ့မင်းသား ဖြစ်လေရာ သူမက ကျန်းပေ့မင်းသား၏ အစေခံ ဖြစ်လာလျှင်တောင် ဘာဖြစ်လဲ။ ရှက်စရာ ဘာမှမရှိပါချေ။
ဤအရာကို တွေးတောပြီးနောက် စူးရှင်းမုန်းသည် ကျေနပ်စွာ ခေါင်းညိတ်လိုက်လေသည်။
"သခင်လေး... အဲ့ဒီအတိုင်းပဲ သတ်မှတ်လိုက်ကြတာပေါ့..."
သူမက သူ့ကို ဤသို့ခေါ်ဝေါ်နေပြီဖြစ်သည်ကို မြင်ချိန်တွင် နန်ကုန်းယွီသည် ခေါင်းကို အနည်းငယ် ခါယမ်းမိသွားရချေသည်။
"ကောင်းပြီလေ..."
စူးရှင်းမုန်းက ပြုံးလိုက်သည်။
"ဒါနဲ့ သခင်လေး... ဒီနေ့ ကျွန်မတို့ ဘယ်သွားကြမလဲ..."
သူမ ဘယ်လောက် လွယ်လွယ်ကူကူ ခေါ်လိုက်လဲဆိုတာကို မြင်ချိန်တွင် နန်ကုန်းယွီသည် အနည်းငယ် ပြုံးမိသွားသည်။
"အစ်မ ရှင်းမုန်းဆီမှာ ကျောက်စိမ်းပြား မရှိဘူးလား... အစ်မ ရှင်းမုန်း ပြောသလိုပဲ လုပ်ကြတာပေါ့..."
"ဒါ..."
ဤစကားကို ကြားချိန်တွင် စူးရှင်းမုန်းသည် အနည်းငယ် စိတ်ဝင်စားသွားပြီးနောက် အံကိုတင်းတင်းကြိတ်ကာ ပြောလိုက်လေသည်။
"သခင်လေး... ကျွန်မ ကျမ်းစာစံအိမ်ကို ထပ်သွားချင်လို့... သခင်လေး လိုက်ခဲ့ပေးလို့ ရမလား..."
"သေချာတာပေါ့..."
နန်ကုန်းယွီက ခေါင်းညိတ်လိုက်သော်လည်း ချင်းလင်ဘက်သို့ လှည့်လိုက်သည်။
"ချင်းလင်... ဒီနေ့ ကျင့်ကြံခြင်း အခြေခံအတန်း ရှိတယ်... မင်း ချွဲချိုက်အာနဲ့ ငါ့ရဲ့ ကျောင်းသား တံဆိပ်ပြားကို ယူပြီး အတန်းသွားတက်လိုက်... ပြီးရင် ပြန်လာပြီး အဲ့ဒီအကြောင်း ငါ့ကို ပြန်ပြောပြ..."
ဤစကားကို ကြားချိန်တွင် ချင်းလင်သည် စူးရှင်းမုန်းကို တစ်ချက်ကြည့်လိုက်သော်လည်း လိမ္မာပါးနပ်စွာ ခေါင်းညိတ်လိုက်လေသည်။
ထို့နောက် သူမသည် တံဆိပ်ပြားကို ယူလိုက်သည်။
"သခင်လေး... ယင်ရွှမ်ကို ခေါ်သွားလိုက်ပါ... ဒါမှ ချင်းလင် ပိုပြီး စိတ်အေးရမှာ..."
"ကောင်းပြီလေ..."
နန်ကုန်းယွီ မငြင်းဆန်ဘဲ လက်လှမ်းကာ ယင်ရွှမ်ကို ဖမ်းယူပြီး သူ၏ ပခုံးပေါ်တွင် တင်လိုက်ကာ ကျောက်စိမ်းပြားကို ချင်းလင်ထံ ကမ်းပေးလိုက်လေသည်။
"မြန်မြန်သွား... တစ်ခုခုဖြစ်ရင် အစ်မကြီးကို သွားရှာပြီး အကူအညီတောင်းဖို့ မမေ့နဲ့နော်..."
"ဟုတ်ကဲ့ပါ..."
ချင်းလင်က ခေါင်းညိတ်လိုက်ပြီး ချွဲချိုက်အာနှင့်အတူ လှည့်ထွက်သွားလေသည်။
သူမ ထွက်သွားသည်ကို ကြည့်ပြီးနောက် နန်ကုန်းယွီသည် စူးရှင်းမုန်းကို လှည့်ကြည့်လိုက်သည်။
"အစ်မ ရှင်းမုန်း... ကျွန်တော်တို့လည်း သွားကြရအောင်..."
"ဟုတ်ကဲ့"
စူးရှင်းမုန်းက ခေါင်းညိတ်လိုက်ပြီး နန်ကုန်းယွီ၏ လက်သေးသေးလေးကို ဆွဲကာ ကျမ်းစာစံအိမ်ဆီသို့ ဦးတည်သွားကြလေသည်။
မကြာမီမှာပင် သူတို့နှစ်ဦး ကျမ်းစာစံအိမ်သို့ ရောက်ရှိလာကြသည်။
နန်ကုန်းယွီက ပြုံးကာ ဆိုလိုက်၏။
"အစ်မ ရှင်းမုန်း... သွားပြီး စမ်းကြည့်ဖို့ ကျင့်စဉ်ပညာရပ် တချို့ကို သွားရှာကြည့်ပါ... ကျွန်တော် ခဏလောက် စာဖတ်လိုက်ဦးမယ်..."
"ဟုတ်ကဲ့ပါ..."
စူးရှင်းမုန်းက ခေါင်းညိတ်လိုက်ပြီး အပေါ်ထပ်သို့ တက်ရန် လှည့်ထွက်သွားလေသည်။
ဤသည်ကို မြင်ချိန်တွင် နန်ကုန်းယွီသည် မနေ့က ဖတ်နေသော ဆေးပညာစာအုပ်ကို ပေါ့ပေါ့ပါးပါး ကောက်ယူကာ တိတ်ဆိတ်သော ထောင့်တစ်နေရာတွင် ထိုင်လိုက်ပေသည်။
သူသည် ပတ်ဝန်းကျင်ကို အမြန်ကြည့်လိုက်ပြီး စိတ်ချင်းဆက်သွယ်၍ ညွှန်ကြားလိုက်၏။
"ရှဲဒိုးချမ်း... ယင်ရွှမ်ကို အိပ်ခိုင်းထားလိုက်... ပြီးတော့ ဒီနေရာက အခြေအနေကို ဖုံးကွယ်ထားလိုက်... ငါ ဆေးလုံး တစ်သုတ် ဖော်စပ်ဖို့ လိုတယ်..."
"ဟုတ်ကဲ့ပါ..."
ရှဲဒိုးချမ်း စကားပြောအပြီးတွင် နန်ကုန်းယွီသည် ကျမ်းစာစံအိမ်ထဲတွင် ရှိနေဆဲဖြစ်သော်လည်း သူသည် ယခုအခါ သီးခြား နေရာလွတ်တစ်ခုတွင် ရောက်နေကြောင်း သဘောပေါက်သွားလေသည်။
ဤသည်ကို မြင်ချိန်တွင် နန်ကုန်းယွီသည် ဟင်းလင်းပြင်ငှက်မွေးမှ ပြောင်းလဲထားသော ဆေးဖိုနှင့် ဝိညာဉ်ဘုရင် ဆေးလုံးမှ ဆေးဖက်ဝင်အပင်များကို ထုတ်ယူလိုက်ပေသည်။
ကျင့်ကြံသူတစ်ဦးသည် ဝိညာဉ်အရှင်မြတ်အဆင့်မှ ဝိညာဉ်ဘုရင်အဆင့်သို့ တက်လှမ်းချိန်တွင် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားဖြင့် သန့်စင်ခံရမည်ဖြစ်ပြီး ၎င်း၏ ခန္ဓာကိုယ်ကို ပိုမိုသန်မာစေကာ ဝိညာဉ်စွမ်းအင်များကို သန့်စင်စေပြီး ပိုမိုမြင့်မားသော အဆင့်ရှိသည့် တည်ရှိမှုတစ်ခု ဖြစ်လာစေမည် ဖြစ်လေသည်။
ထိုအချိန်တွင် ကျင့်ကြံသူ၏ ခန္ဓာကိုယ်တွင်းရှိ ဝိညာဉ်စွမ်းအင်မှာ ဝိညာဉ်စွမ်းအင် ဖြစ်နေဆဲဖြစ်သော်လည်း ၎င်းသည် အရည်အသွေးပိုင်းဆိုင်ရာ အပြောင်းအလဲတစ်ခု ဖြစ်ပေါ်သွားခဲ့ပြီ ဖြစ်ပေသည်။
တချို့က ယင်းကို အနတ်ဘုရား ဝိညာဉ်စွမ်းအင်ဟုလည်းခေါ်ကြ၏။ ထို့အပြင် ဝိညာဉ်ဘုရင် ဆေးလုံးသည် ဤလုပ်ငန်းစဉ်ကို လွယ်ကူချောမွေ့စေရန် ဖန်တီးထားခြင်း ဖြစ်လေသည်။
ထို့နောက် ဝိညာဉ်ဘုရင်အဆင့်၏ ကျင့်ကြံခြင်း အဆင့်တက်မှုကိုလည်း ဝိညာဉ်ဘုရင် ဆေးလုံးက အကူအညီပေးနိုင်ပေသည်။
ယခုအခါ နန်ကုန်းယွီသည် ဝိညာဉ်ဘုရင်အဆင့်သို့ ရောက်ရန် တစ်လှမ်းသာ လိုတော့သဖြင့် သူ အဆင့်တက်ရန် အထောက်အကူဖြစ်စေရန်အတွက် ဝိညာဉ်ဘုရင် ဆေးလုံးကို ဖော်စပ်ရန် ကြိုးစားဖို့ သဘာဝကျကျ လိုအပ်လေသည်။ မဟုတ်ပါက သူသည် ကိုယ့်ဘာသာကိုယ် အဆင့်တက်ရန် (သို့မဟုတ်) အချိန်ဟင်းလင်းပြင်ကုန်သည်အသင်းတွင် ဆေးလုံးဖြင့် လဲလှယ်ရန်သာ ရွေးချယ်နိုင်ပေသည်။
သို့သော် ဤသည်က သူလိုချင်သည့် အဖြေမဟုတ်ပေ။
များများစားစား မတွေးတော့ဘဲ နန်ကုန်းယွီသည် ဆေးဖက်ဝင်အပင်များကို စတင်စီမံခြင်း၊ ဆေးဖိုကို အပူပေးခြင်းနှင့် ဆေးဖော်စပ်ရန် ပြင်ဆင်ခြင်းတို့ကို စတင်လိုက်လေသည်။
အခန်း (၁၀၄) မင်းရဲရင် ရိုက်ကြည့်လိုက်လေ
ချင်းယိုအင်ပါယာ၊ စုန့် မိသားစု။
ဧည့်ခန်းထဲတွင် စုန့်ချွဲသည် အဓိကထိုင်ခုံတွင် မှုန်မှိုင်းသော အမူအရာဖြင့် ထိုင်နေပြီး မြေပြင်ပေါ်တွင် ဒူးထောက်နေသော အလယ်အလတ်အရွယ် အမျိုးသားကို အေးစက်စွာ ကြည့်နေလေသည်။
"စုန့်ဝမ်... နင်အာ့ ဒုက္ခရောက်တုန်းက မင်း ဘယ်မှာလဲ..."
စုန့်ဝမ်သည် စုန့်ချွဲထံမှ ထွက်ပေါ်လာသော ဖိနှိပ်ထားသည့် အရှိန်အဝါကို ခံစားလိုက်ရပြီး သူ၏မျက်နှာမှာ သွေးဆုတ်ဖြူရော်သွားသည်။
"သခင်ကြီး... ဒုတိယသခင်က ကျွန်တော့်ကို အစောပိုင်းက မှောင်ခိုဈေးကွက်ကို သွားခိုင်းခဲ့တာပါ..."
"မင်း မှောင်ခိုဈေးကွက်ကို ဘာသွားလုပ်တာလဲ..."
စုန့်ချွဲ၏ အမူအရာ အေးစက်သွားပြီး ဆက်မေးလိုက်လေသည်။
စုန့်ဝမ်သည် ဘာမှ မဖုံးကွယ်ရဲဘဲ တိုးတိုးလေး ပြောလိုက်သည်။
"သခင်ကြီး... ဒုတိယသခင်က ကျွန်တော့်ကို လုပ်ကြံသတ်ဖြတ်သူ တစ်ယောက်ကို သွားငှားခိုင်းတာပါ..."
ဤစကားကို ကြားချိန်တွင် စုန့်ချွဲ မျက်မှောင်ကြုတ်သွားသည်။
သူသည် အခြားအစေခံများကို အပြင်ထွက်ခိုင်းလိုက်ပြီး အသံလုံ ဝင်္ကပါကို အသက်သွင်းကာ ဆက်မေးလိုက်လေသည်။
"နင်အာ့က ဘယ်သူ့ကို သတ်ချင်နေတာလဲ..."
"ဒုတိယသခင်က စူးရှင်းမုန်းလို့ခေါ်တဲ့ လူတစ်ယောက်ရယ်၊ ပြီးတော့ ချင်းလင်ကိုပါ သတ်ချင်တာလို့ ပြောပါတယ်..."
စုန့်ဝမ်က ခေါင်းငုံ့ကာ အမှန်အတိုင်း ပပြောလိုကသည်။
"စူးရှင်းမုန်းက ကြီးကြပ်ရေးရုံးကို အခုလေးတင် ဝင်ခွင့်ရထားတဲ့ ကျောင်းသား တစ်ယောက်ပါ... ချင်းလင်ကတော့ ကျန်းပေ့မင်းသားရဲ့ အစေခံမလေးပါ..."
ဤစကားကို ကြားချိန်တွင် စုန့်ချွဲ၏ အမူအရာ ပြောင်းလဲသွားပြီး အံ့အားသင့်မှုနှင့် သံသယများ ပြည့်နှက်သွားလေသည်။ ဒါကြောင့်များ ဖြစ်နိုင်မလား...
သို့သော် ထို့နောက် သူက ခေါင်းခါလိုက်သည်။
"နင်အာ့က လုပ်ကြံသတ်ဖြတ်သူ ငှားခိုင်းတာကို လူဘယ်နှယောက် သိလဲ..."
"ကျွန်တော် တစ်ယောက်တည်းပါ... ဒုတိယသခင်က ကိုယ်ယောင်ဖျောက် ဝင်္ကပါကို အသက်သွင်းပြီး စိတ်ချင်းဆက်သွယ်ပြီးတော့မှ ကျွန်တော့်ကို လုပ်ခိုင်းခဲ့တာပါ..."
စုန့်ချွဲ မျက်မှောင်ကြုတ်လိုက်သည်။
"မင်း မှောင်ခိုဈေးကွက်ကို ဘယ်အချိန်က သွားတာလဲ... လုပ်ကြံသတ်ဖြတ်သူကို ဘယ်အချိန်က ငှားခဲ့တာလဲ... အောင်မြင်သွားလား..."
စုန့်ဝမ်က ခေါင်းငုံ့ကာ ခဏတာ စဉ်းစားလိုက်သည်။
"ကျွန်တော် ညနေ ၃:၄၅ နာရီလောက်မှာ မှောင်ခိုဈေးကွက်ထဲ ဝင်သွားတယ်... ညနေ ၄:၄၅ နာရီလောက်မှာ လုပ်ကြံသတ်ဖြတ်သူကို ငှားပြီး စရံငွေ ပေးခဲ့ပါတယ်... တစ်ဖက်ကလည်း သဘောတူခဲ့ပါတယ်..."
"ဒါပေမဲ့ ဒီနှစ်ယောက်ထဲက တစ်ယောက်က မကြာသေးခင်ကမှ အရှင်မင်းကြီးဆီက မြို့စားဘွဲ့ ရထားပြီး ကြီးကြပ်ရေးရုံးက ကျောင်းသားလည်း ဖြစ်နေတာ... နောက်တစ်ယောက်က ကျန်းပေ့မင်းသားရဲ့ အစေခံ ဖြစ်နေလို့... သူတို့က ဈေးသုံးဆ တောင်းပါတယ်..."
စုန့်ချွဲသည် စုန့်ဝမ်၏ နောက်ဆက်တွဲ စကားများကို ဂရုမစိုက်တော့ဘဲ ၄: ၄၅နာရီ ဟူသော စကားစုကို သူ၏မျက်လုံးများထဲတွင် အံ့အားသင့်မှုနှင့် မယုံကြည်နိုင်မှုများ ရောနှောကာ ရေရွတ်နေမိလေသည်။
သူ၏သား စုန့်နင် သည်လည်း နေ့လယ် ၁:၄၅ နာရီခန့်တွင် သေဆုံးခဲ့ခြင်း ဖြစ်ပေသည်။
သို့သော် စုန့်နင်က လူသတ်ရန် လုပ်ကြံသူငှားရမ်းခဲ့သောကြောင့် သေဆုံးခဲ့ရသည်ဆိုသည်ကို စုန့်ချွဲ ယုံကြည်ရန် ခက်ခဲနေခဲ့လေသည်။မည်သို့ပင်ဆိုစေ အရှင်မင်းကြီး၌ပင် ဤမျှလောက် တိကျသော သတင်းအချက်အလက်မျိုး မရှိနိုင်ပေ။
"စူးရှင်းမုန်း... သူမများ ဖြစ်နေမလား..."
စုန့်ချွဲက တိုးတိုးလေး ရေရွတ်လိုက်ပြီး ခဏတာမျှ သံသယနှင့် မသေချာမရေရာမှုများ ပြည့်နှက်သွားလေသည်။
သို့သော် စူးရှင်းမုန်း၏ နောက်ခံအကြောင်းရင်းကို မသိရခြင်း၊ သူမအား အရှင်မင်းကြီးက ရုတ်တရက် အံ့ဩဖွယ် ဆုချီးမြှင့်ကာ ကြီးကြပ်ရေးရုံးသို့ ဝင်ခွင့်ပြုခဲ့ခြင်းတို့က တကယ်ကို သံသယဖြစ်စရာ ကောင်းလှပေသည်။
ဒါမှမဟုတ် စုန့် မိသားစုရဲ့ ရန်သူတွေများလား...
ဒါမှမဟုတ် စုန့်နင်ရဲ့ ပြိုင်ဘက်လား...
ဒါမှမဟုတ် စုန့်နင်က မကြာသေးခင်ကမှ တစ်ယောက်ယောက်ကို စော်ကားမိတာများလား...
စုန့်ချွဲသည် ရှုပ်ထွေးသွားပြီး စုန့်ဝမ်ကို ကြည့်ကာ မေးမိသွားချေသည်။
"နင်အာ့ရဲ့ ယုံကြည်ရတဲ့ လက်အောက်ငယ်သား တစ်ယောက်အနေနဲ့... မကြာသေးခင်က သူ ဘယ်သူ့ကို စော်ကားမိလဲဆိုတာ မင်း သိလား..."
"မသိပါဘူး..."
စုန့်ဝမ်က ခဏတာ စဉ်းစားလိုက်ပြီးနောက် ခေါင်းခါပြလိုက်သည်။
"ပြီးခဲ့တဲ့ ခြောက်လအတွင်း ဒုတိယသခင်က အချိန်အများစုကို ချင်းယို ဧကရာဇ်မြို့တော်မှာပဲ ကုန်ဆုံးခဲ့ပြီး ဘယ်သူ့ကိုမှ မစော်ကားမိခဲ့ပါဘူး..."
ဤစကားကို ကြားချိန်တွင် စုန့်ချွဲက အနည်းငယ် ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီလေ... မင်း သွားလို့ရပြီ... ဒီနေ့ကိစ္စနဲ့ ပတ်သက်ပြီးတော့..."
"ရွှပ်..."
စုန့်ချွဲ စကားတစ်ဝက်သာ ပြောရသေးသော်လည်း စုန့်ဝမ်၏ ခန္ဓာကိုယ်မှာ ရုတ်တရက် ခေါင်းနှင့် ကိုယ် ကင်းကွာသွားပြီး သွေးများ ပန်းထွက်လာလေသည်။
"မင်း ဘယ်လောက်တောင် ရိုင်းစိုင်းရဲတာလဲ..."
စုန့်ချွဲက အော်လိုက်ပြီး ဧည့်ခန်းထဲမှ ရုတ်တရက် ခုန်ထွက်လာခဲ့သော်လည်း သံသယဖြစ်စရာ မည်သူ့ကိုမျှ မတွေ့ခဲ့ရချေ။
သူ၏ ကပ်ဘေးပျက်သုဉ်းခြင်း အလယ်အလတ်အဆင့် ဝိညာဉ်အာရုံက စုန့် မိသားစု တစ်ခုလုံးကို ပျံ့နှံ့သွားသော်လည်း လုပ်ကြံသူ၏ တည်ရှိမှုကို လုံးဝ အာရုံမခံနိုင်ခဲ့ဘဲ စုန့်ဝမ်၏ ကွဲအက်ကာ လွင့်စင်သွားသော ဝိညာဉ်ကိုသာ အာရုံခံမိလေသည်။
"ဒါက..."
စုန့်ချွဲသည် ဤအရာကို အာရုံခံမိလိုက်ပြီး သူ၏ အမူအရာမှာ အလွန်တရာ မှုန်မှိုင်းသွားလေ၏။ ၎င်းမှာ သူ၏သား စုန့်နင်၏ သေဆုံးမှုနှင့် အလွန်ဆင်တူနေသောကြောင့် ဖြစ်ပေသည်။
ဒါက ဆက်မစုံစမ်းဖို့ သူ့ကို သတိပေးတာလား...
ဒါမှမဟုတ် သက်သေတွေကို နှုတ်ပိတ်ဖို့ လူသတ်တာများလား...
"စုန့်ချွဲ... ဘာဖြစ်လို့လဲ..."
ထိုအချိန်တွင် အဘိုးအိုတစ်ဦးနှင့် အလယ်အလတ်အရွယ် အမျိုးသားတစ်ဦး ပျံသန်းလာပြီး ရှုပ်ထွေးစွာဖြင့် မေးလိုက်လေသည်။
စုန့်ချွဲ၏ အမူအရာမှာ မှုန်မှိုင်းနေပြီး သူက လေးနက်သောအသံဖြင့် ပြောလိုက်သည်။
"တတိယဦးလေး... ပဉ္စမဦးလေး... စုန့်ဝမ် သေသွားပြီ... သူက ကျွန်တော့်ရှေ့မှာတင် နင်အာ့လိုပုံစံမျိုးနဲ့ သေသွားတာ..."
ဤစကားကို ကြားချိန်တွင် ထိုနှစ်ဦး၏ အမူအရာ ပြောင်းလဲသွား၏။ စုန့် မိသားစုသို့ ထူးဆန်းသော ကျင့်ကြံသူတစ်ဦး ဝင်ရောက်လာသည်ကို သူတို့ သတိမထားမိခဲ့ကြပေ။
တစ်နည်းအားဖြင့် ပြောရလျှင် ဤလူသည် သူတို့၏ ထောက်လှမ်းမှုကို ရှောင်ကွင်းကာ ကပ်ဘေးပျက်သုဉ်းခြင်းအဆင့်ရှိ စုန့်ချွဲ၏ ရှေ့တွင် လူသတ်ခဲ့ပြီး မည်သည့် ခြေရာမျှ မကျန်ခဲ့ဘဲ အလွတ်ရုန်းသွားနိုင်ခဲ့ပေသည်။
ဤအရာကို တွေးမိသည်နှင့် ထိုနှစ်ဦးမှာ သွေးဆုတ်ဖြူရော် သွားကြေ လေသည်။
"စုန့်နင်က ဘယ်လို ပုဂ္ဂိလ်မျိုးကို စော်ကားမိခဲ့တာလဲ..."
"အခုထိ မသေချာသေးဘူး..."
စုန့်ချွဲက ခေါင်းခါလိုက်ပြီး သူ၏အမူအရာမှာလည်း မှုန်မှိုင်းနေဆဲပင် ဖြစ်လေသည်။
ထို့နောက် သူသည် စုန့်ဝမ်နှင့် သူ၏ စကားပြောဆိုမှုနှင့် အခုလေးတင် ဖြစ်ပျက်ခဲ့သမျှကို သူတို့နှစ်ဦးထံ စိတ်ချင်းဆက်သွယ်၍ ပြောပြလိုက်ပေသည်။
"ဒါနဲ့ ပတ်သက်နေနိုင်တယ်... ဒါပေမဲ့ စိတ်အေးအေးထားပြီး အခြေအနေ ဘယ်လိုသွားမလဲဆိုတာ စောင့်ကြည့်တာ ပိုကောင်းမယ်..."
"ဟုတ်တယ်... တကယ်လို့ တစ်ဖက်လူက ငါတို့ စုန့် မိသားစုကို တကယ် ပစ်မှတ်ထားချင်တယ်ဆိုရင်... ငါတို့ချည်းပဲ အဲ့ဒီ တိုက်ခိုက်မှုကို ကာကွယ်နိုင်မှာ မဟုတ်ဘူး..."
စုန့်ချွဲက အကူအညီမဲ့စွာ ခေါင်းညိတ်လိုက်သည်။
"ကျွန်တော် နားလည်ပါတယ် တတိယဦးလေး... ပဉ္စမဦးလေး... ကျေးဇူးပြုပြီး ဒီရက်ပိုင်း အခြေအနေကို စောင့်ကြည့်ပေးပါဦး..."
"မင်းမပြောလည်း ငါတို့ လုပ်မှာပါ..."
သူတို့နှစ်ဦးက ခေါင်းညိတ်လိုက်ပြီးနောက် ပျောက်ကွယ်သွားလေသည်။
...
ကြီးကြပ်ရေးရုံး။
နန်ကုန်းကျင်းလင်သည် ဝမ်းနည်းပြီး ဒုက္ခရောက်နေပုံရကာ ၎င်းအားလုံးမှာ သူ၏ ဒုတိယဦးလေးကြောင့် ဖြစ်ပေသည်...
သေသွားပြီ။
ထိုမျှမက သူသည် မနေ့က သူ၏ စံအိမ်သို့ ပြန်ရောက်ချိန်တွင် သူ၏ စာသင်ဖော်နှင့် သူ၏ ကိုယ်ပိုင် မိန်းမစိုးတို့ပါ သေဆုံးနေသည်ကို တွေ့လိုက်ရလေသည်။
အလောင်းတွေ အပိုင်းပိုင်းခုတ်ထစ်ခံရပြီး တိတ်တဆိတ် သေဆုံးသွားတဲ့ ပုံစံမျိုး…
တစ်ယောက်ယောက်က သူ့ကို ပစ်မှတ်ထားနေတယ် ဆိုတာကလွဲပြီး သူ ဘာကိုမှ နားမလည်ခဲ့ချေ။
ဤအချိန်တွင် နန်ကုန်းကျင်းလင်သည် ဧရာမ လက်ကြီးတစ်ဖက်က အရာအားလုံးကို ထိန်းချုပ်နေသည်ဟု အမြဲခံစားနေရသဖြင့် အနည်းငယ် မသက်မသာဖြစ်သွားသည်။
ဤအရာအားလုံးနှင့် ယှဉ်ကြည့်လိုက်သောအခါ နန်ကုန်းယွီကိစ္စအတွက် ဖခင်ဖြစ်သူထံမှ ခြောက်လစာ အဖြတ်ခံရသည့် ပြစ်ဒဏ်မှာ အသေးအဖွဲကိစ္စရပ်တစ်ခုမျှသာ ဖြစ်သွားချေတော့သည်။
ထိုအချိန်မှာပင် နန်ကုန်းကျင်းလင်သည် သူ့၏ပခုံးကို ရုတ်တရက် ပုတ်ခံလိုက်ရသဖြင့် သူ၏အမူအရာ လုံးလုံးလျားလျား ပြောင်းလဲသွားလေ၏။ သူသည် ချက်ချင်း ခုန်ထွက်သွားသည်။
"ဟေး... ဒုတိယမင်းသား... ဘာဖြစ်တာလဲ... ဘာတွေ ဝင်ပူးနေတာလဲ..."
နန်ကုန်းကျင်းလင်သည် သူ၏ရှေ့ရှိ ရယ်မောနေသော ကောင်လေးကို ကြည့်ကာ မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။
"နန်ကုန်းဝမ်ယို... ငါ့ကို ထိဖို့ မင်းကို ဘယ်သူက ခွင့်ပြုထားလို့လဲ..."
သို့သော် သူ၏ မေးခွန်းထုတ်မှုကို ရင်ဆိုင်ရချိန်တွင် နန်ကုန်းဝမ်ယိုက ပြုံးစိစိဖြင့် ပြောလိုက်လေသည်။
"အိုး... ငါက ထိတောင် မထိရဘူးလား...မကျေနပ်ဘူးလား..မင်းရဲရင် ရိုက်ကြည့်လိုက်လေ..."
ဤစကားကို ကြားချိန်တွင် နန်ကုန်းကျင်းလင်၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသော်လည်း သူသည် စိတ်လိုက်မာန်ပါ မလှုပ်ရှားခဲ့ပေ။
နန်ကုန်းဝမ်ယိုသည် တောင်ပိုင်းကာကွယ်ရေးမင်းသား ၏ တစ်ဦးတည်းသော သားဖြစ်ပြီး အမွေဆက်ခံသူလည်း ဖြစ်ပေသည်။ သူသည် နန်ကုန်းဝမ်ယိုနှင့် အသက်တူရွယ်တူဖြစ်ပြီး သူ၏ ကျင့်ကြံမှုအဆင့်မှာလည်း သူနှင့် အတူတူပင် ဖြစ်လေ၏။ နှစ်ဦးစလုံးသည် လိုဏ်ဂူကောင်းကင်အဆင့် အစောပိုင်းတွင် ရှိကြပေသည်။
တိတိကျကျ ပြောရလျှင် နန်ကုန်းဝမ်ယိုသည် သူ့ထက် အနည်းငယ် ပိုသန်မာပြီး သူတို့နှစ်ဦး တိုက်ခိုက်ပါက ရလဒ်မှာ အနိုင်အရှုံး ခွဲခြားရန် ခက်ခဲမည် ဖြစ်လေသည်။
ထို့အပြင် နန်ကုန်းဝမ်ယိုတွင် ဘက်လိုက်နိုင်သော စာသင်ဖော် တစ်ဦးရှိသော်လည်း သူ့တွင် ယခု စာသင်ဖော် မရှိတော့သဖြင့် အရိုက်ခံရနိုင်ခြေ အလွန်များရာ သူသည် သဘာဝကျကျ ပြဿနာသွားရှာမည် မဟုတ်ချေ။
နန်ကုန်းကျင်းလင်က အေးစက်စွာ ပြောလိုက်သည်။
"ငါ့ကို လာမနှောင့်ယှက်ဖို့ မင်းကို ငါ အကြံပေးတယ်... မဟုတ်ရင် ငါ ရိုင်းတယ်လို့ မပြောနဲ့..."
"ပျင်းစရာကြီး..."
သူ၏ အမူအရာ မမှန်သည်ကို မြင်ချိန်တွင် နန်ကုန်းဝမ်ယိုက ရယ်မောလိုက်ပြီး ဘာမျှ ဆက်မပြောတော့ချေ။
ထိုအချိန်မှာပင် နန်ကုန်းဝမ်ယိုသည် သူ၏ရှေ့တွင် လူတစ်ယောက်ကို မြင်လိုက်ရသဖြင့် ရှုပ်ထွေးစွာ ကြည့်မိသွားသည်။
"ဘာတွေဖြစ်နေတာလဲ... ကျင့်ကြံမှုအဆင့် မရှိတဲ့သူက ကြီးကြပ်ရေးရုံးထဲကို ဘယ်လိုလုပ်ပြီး ခိုးဝင်လာတာလဲ..."
သိချင်စိတ်ဖြင့် သူသည် သူ၏ အဖော်နှင့်အတူ အနားသို့ ချဉ်းကပ်သွားလေသည်။
"မင်းက ဘယ်သူလဲ... မင်းက မငယ်တော့ဘူး မဟုတ်လား... မင်းက ဘယ်လိုလုပ်ပြီး ကျင့်ကြံမှုမပါဘဲ ဝင်လာနိုင်တာလဲ..."
ငြိမ်ငြိမ်လေးထိုင်ပြီး ဟိုဟိုဒီဒီ မကြည့်ရဲသော ချင်းလင်သည် သူမရှေ့ရှိ စားပွဲကို တစ်စုံတစ်ယောက်က ရုတ်တရက် ရိုက်လိုက်ချိန်တွင် လန့်သွားလေသည်။
သူမက မျက်လုံးကို အနည်းငယ် မော့ကြည့်လိုက်သော်လည်း သူမရှေ့ရှိ လူကို သူမ မသိချေ။ သူမသည် အလျင်အမြန် မတ်တပ်ရပ်ပြီး ပြောလိုက်သည်။
"မင်းသားကို ဂါရဝပြုပါတယ်... ဒီငယ်ကျွန်က ကျန်းပေ့မင်းသားရဲ့ အစေခံပါ..."
"သခင်လေးက ဒီနေ့ ကျမ်းစာစံအိမ်ကို သွားပြီးတော့... ဒီငယ်ကျွန်ကို သူ့ကိုယ်စား အတန်းလာတက်ခိုင်းပြီး ပြန်ရောက်ရင် ပြန်ပြောပြခိုင်းတာပါ..."
ဤစကားကို ကြားချိန်တွင် နန်ကုန်းဝမ်ယိုက အနည်းငယ် ခေါင်းညိတ်လိုက်သော်လည်း ချင်းလင်ကို တစ်ချက်ကြည့်လိုက်ရာ သူ၏ နှုတ်ခမ်းများတွင် အပြုံးတစ်ခု ပေါ်လာလေသည်။