အခန်း (၁၀၉-၁၁၀)
Vol. 11 Ch. 109-110
အခန်း (၁၀၉) ကာကွယ်ပေးမယ်လို့ မင်းပြောခဲ့တာပဲ
ကြီးကြပ်ရေးရုံး။
ရှန်ကွမ်ယွဲ့ရှီးက မြောက်ပိုင်းစစ်တပ်ကို တောင်ဘက်ဆင်းလာရန် အမှန်တကယ် အမိန့်ထုတ်ပြန်လိုက်သည်ကို မြင်ချိန်တွင် လူတိုင်း၏ အမူအရာများမှာ အံ့အားသင့်မှုကြောင့် ပြောင်းလဲသွားကြလေသည်။
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."
"ဘုရားရေ... ချင်းယို ဧကရာဇ်မြို့တော်တော့ ကမောက်ကမ ဖြစ်တော့မယ်..."
"ပြီးပြီပဲ... တကယ်လို့ ကျန်းပေ့စစ်တပ်သာ လှုပ်ရှားမယ်ဆိုရင်... ဒီမိသားစု သုံးစုရဲ့ အင်အားနဲ့ အရင်းအမြစ်တွေက လုံးဝ လုံလောက်မှာ မဟုတ်ဘူး..."
"မင်းတို့ကိုယ်တိုင် ဖိတ်ခေါ်လိုက်တာပဲ... သူက မင်းတို့ကို ရွေးချယ်စရာ ပေးခဲ့တာကို... မင်းတို့က ဘာလို့ မသိနိုင်ဆုံး တစ်ခုကိုမှ ရွေးချယ်ခဲ့ရတာလဲ..."
"ဟား... မြောက်ပိုင်းစစ်တပ် နောက်ဆုံးအကြိမ် ချင်းယို ဧကရာဇ်မြို့တော်ကို လာတုန်းက ယောင် မိသားစု ဖျက်ဆီးခံရတဲ့ အချိန်လောက်ကလို့ ငါ မရေမရာ မှတ်မိနေတယ်... မဟုတ်ဘူးလား..."
ခဏတာမျှ လူအုပ်ကြီးသည် အချင်းချင်း တီးတိုးစကားပြောလာကြပြီး သူတို့၏ အကြည့်များက ထို သုံးဦးအပေါ်သို့ ထူးဆန်းသော အကြည့်ဖြင့် ကျရောက်သွားလေသည်။
အဲ့ဒါက သေပြီးသား လူတစ်ယောက်ကို ကြည့်တဲ့ အကြည့်မျိုးပဲလေ။
ထိုအချိန်တွင် ကောင်လေး သုံးယောက်၏ အမူအရာ လုံးလုံးလျားလျား ပြောင်းလဲသွားသော်လည်း သူတို့က ခေါင်းမာစွာဖြင့် ပြန်ပြောလိုက်ကြပေသည်။
"ဒါဆို ဘာဖြစ်လဲ... ငါ့အဖေက နန်းတွင်းမှာ စတုတ္ထအဆင့် အရာရှိ တစ်ယောက်လေ... သူတို့က ငါတို့ကို တကယ် တိုက်ခိုက်ရဲမယ် ထင်နေတာလား..."
"ဟုတ်တယ်... မြောက်ပိုင်းစစ်တပ် မြို့တော်ထဲ ဝင်နိုင်၊ မဝင်နိုင်ဆိုတာက နောက်ကိစ္စ တစ်ခုလေ... ဘာလို့ အလျင်စလို ကောက်ချက်ချနေရတာလဲ..."
"ဟမ့်... ဒီသခင်လေးကလည်း မယုံဘူး..."
"..."
သူတို့သုံးဦး ဤသို့ပြောနေကြသော်လည်း သူတို့၏ အမူအရာများမှာ အတော်လေး အကျည်းတန်နေပြီး အနည်းငယ် ကြောက်ရွံ့နေပုံပင် ရလေသည်။
ဤသည်ကို မြင်ချိန်တွင် နန်ကုန်းယွီသည် လှောင်ပြောင်သည့် အပြုံးတစ်ခု ပြုံးလိုက်ကာ သူတို့၏ အပြစ်ပေးမှုကို အရှိန်မြှင့်တင်ရန် ဆုံးဖြတ်လိုက်ပေသည်။
သူ၏ လက်ဖဝါးထဲတွင် ရွှေရောင် အမိန့်ပြန်တမ်း တစ်ခုနှင့် တော်ဝင် အမိန့်တော် တစ်ခု ပေါ်လာလေသည်။
ထို့နောက် သူက လှောင်ပြောင်ကာ အေးအေးဆေးဆေး ပြောလိုက်သည်။
"မင်းတို့ ခွေးကောင်တွေ... ဦးရီးတော်က ငါ့ကို ဂုဏ်ထူးတွေ ချီးမြှင့်ခဲ့တာကို မင်းတို့ မေ့သွားပြီလား... ဒါပေမဲ့ သူ့ရဲ့ အမိန့်တော်မရှိဘဲနဲ့တောင် ကျန်းပေ့စစ်တပ်က ဧကရာဇ်မြို့တော်ထဲကို အချိန်မရွေး ဝင်လာနိုင်တယ်လေ... အံ့ဩသွားလား..."
ဤစကားကို ကြားချိန်တွင် လူတိုင်း၏ အမူအရာ ထပ်မံ ပြောင်းလဲသွားပြန်သည်။ သူတို့ ဤအကြောင်းကို အရင်က ကြားဖူးသည်မှာ သေချာသည်။
ထိုလူသုံးဦးမှာမူ ထိတ်လန့်သွားကြပေသည်။
"မဖြစ်နိုင်တာ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."
"မဟုတ်ဘူး... ငါ မယုံဘူး... ဒါက အမှန်မဖြစ်နိုင်ဘူး... ဒါ အမှန်မဖြစ်နိုင်ဘူး..."
လူသုံးဦး၏ အမူအရာ လုံးလုံးလျားလျား ပြောင်းလဲသွားပြီး သူတို့၏ ခေါင်းများကို အရူးအမူး ခါယမ်းလိုက်ကြကာ သူတို့၏ နှလုံးသားထဲတွင် ကြောက်ရွံ့မှုများ မြင့်တက်လာလေသည်။
သို့သော် နန်ကုန်းယွီ၏ နှုတ်ခမ်းများက အနည်းငယ် ကွေးညွတ်သွားပေသည်။
"ငါက ဧကရာဇ်ရဲ့ ရွှေရောင်အမိန့်တော်ပြားကို ထိန်းချုပ်ထားတယ်... ငါ့ရဲ့ ရှင်းပြချက်က ယုတ္တိတန်နေသရွေ့... တတိယအဆင့် (ဒါမှမဟုတ်) စတုတ္ထအဆင့် အရာရှိ အနည်းငယ်ကို သတ်တာက မခက်ခဲလောက် မဟုတ်လား..."
"ဒါ့အပြင်... မင်းတို့ လူဆိုးသုံးယောက်က ငါ့ရဲ့ အစေခံမလေးကို စော်ကားတယ်၊ ငါ့ကို အရှက်ခွဲဖို့ ကြိုးစားတယ်... ပြီးတော့ တော်ဝင်မိသားစုရဲ့ ဂုဏ်သိက္ခာကိုလည်း မထီမဲ့မြင် လုပ်တယ်... မင်းတို့ရဲ့ ပြစ်မှုတွေက သေဒဏ်နဲ့ ထိုက်တန်တယ်... မင်းတို့က ဦးရီးတော်ဆီ သွားရင်တောင် သေဒဏ် အပေးခံရဦးမှာပဲ..."
ဤစကားကို ကြားချိန်တွင် လူတိုင်း အနည်းငယ် ခေါင်းညိတ်မိသွားကြသည်။ နန်ကုန်းယွီ၏ အကြောင်းပြချက်မှာ အမှန်တကယ် ခိုင်လုံပေသည်။ ဧကရာဇ် နန်ကုန်းအောက်ထျန်းထံ ရောက်ရှိသွားလျှင်ပင် ဤသုံးဦးသည် သေဒဏ်ကျခံရနိုင်ခြေ အလွန်များလေသည်။
ထို့အပြင် ကျန်းပေ့မင်းသား နန်ကုန်းယွီသည် မယ်တော်ကြီးနှင့် ဧကရာဇ်တို့၏ မျက်နှာသာပေးမှုကို ခံရသူဖြစ်ကြောင်း ကောလာဟလ ထွက်နေပေသည်။ သူ၏ အကြောင်းပြချက်က ခိုင်လုံမှုမရှိလျှင်ပင် ဤလူသုံးဦးမှာ သေဒဏ်ကျခံရနိုင်ခြေ များလေသည်။
ဤအရာအားလုံးကို တွေးမိသည်နှင့် လူတိုင်းသည် လူသုံးဦးကို ကြည့်ကာ သနားစိတ် ဖြစ်မိသွားကြသည်။ လူတွေ အများကြီးထဲကမှ... သူတို့က ဘာလို့ ဒီလောက် အတည်ပေါက်နေတဲ့ နန်ကုန်းယွီကိုမှ ရန်သွားစရတာလဲ။
နောက်ဆုံးတွင် သေခြင်းတရားက မလွှဲမရှောင်သာ ဖြစ်လေသည်။
ဤသည်မှာ အင်အားသာလျှင် ပဓာနဖြစ်သော ကမ္ဘာတစ်ခု ဖြစ်ပေသည်။ အင်အားနှင့်ယှဥ်လျှင် လက်သီးအကြီးသူကသာ အမြဲတမ်း မှန်ကန်နေတော့သည်။ ထို့အပြင် သူက သင့်လျော်သော အကြောင်းပြချက်တစ်ခုကိုလည်း ပေးနိုင်ခဲ့ပေသည်။ ၎င်းမှာ နန်ကုန်းအောက်ထျန်းအား အခွင့်အရေးတစ်ခု ပေးလိုက်ခြင်းဖြစ်သည်ဟု ဆိုနိုင်ပြီး 'ထိုလူများကို အေးချမ်းစွာ သေဆုံးခွင့်ပြုလိုက်ရန်' ပင် ဖြစ်တော့သည်။"
ထိုသုံးဦးမှာမူ ကြောက်ရွံ့တုန်လှုပ်နေကြပြီး သူတို့ကိုယ်သူတို့ ဒုက္ခထဲ တကယ် ကျဆင်းသွားပြီဖြစ်ကြောင်း နောက်ဆုံးတွင် သဘောပေါက်သွားကြလေသည်။
သူတို့သုံးဦးက နန်ကုန်းကျင်းလင်ကို ကြည့်လိုက်ကြသည်။
"ဒုတိယမင်းသား... တစ်ခုခု ပြောပါဦး... မင်းသားက ငါတို့ကို ကာကွယ်ပေးမယ်လို့ ကတိပေးထားတာလေ..."
"ဒုတိယမင်းသား... မင်းသားက ငါတို့ကို ဒါလုပ်ခိုင်းခဲ့တာ... အဲ့ဒီ အဆင့်နိမ့် အစေခံမ သေသွားရင်တောင် မင်းသားက ငါတို့ကို ကာကွယ်ပေးနိုင်တယ်လို့ ပြောခဲ့တယ်လေ... ဒီနေ့ မင်းသား ငါတို့ကို ကာကွယ်ပေးရမယ်..."
"ဒုတိယမင်းသား..."
"ပါးစပ်ပိတ်ထားစမ်း..."
နန်ကုန်းကျင်းလင်မှာ ဒေါသထွက်ပြီး တုန်လှုပ်သွားလေသည်။
"ငါ ဘယ်တုန်းက အဲ့ဒီလိုစကားမျိုး ပြောခဲ့လို့လဲ... ငါ့ကို လာမစွပ်စွဲနဲ့..."
ဒုတိယမင်းသား တစ်ပါးအနေဖြင့်၊ သူ၏မိခင်ဘက်မှ မိသားစုဖြစ်သော စုန့် မိသားစုက သူ့အတွက် အလုပ်လုပ်ပေးနေသဖြင့် ကျန်းပေ့စစ်တပ်၏ စစ်သူကြီး သုံးဦးသည် ဝိညာဉ်အရှင်မြတ်အဆင့် ကျွမ်းကျင်သူများ ဖြစ်နေပြီဆိုတာကို သူ သဘာဝကျကျ သိထားလေသည်။
ယခုအခါ ဤကိစ္စတွင် မြောက်ပိုင်းစစ်တပ် ပါဝင်နေပြီဖြစ်ရာ သူ ဝင်ပါ၍မရကြောင်း သိသဖြင့် သဘာဝကျကျ ဝန်မခံရဲချေ။
ထို့အပြင် မြောက်ပိုင်းစစ်တပ် ပါဝင်ပတ်သက်မှု မရှိလျှင်ပင် သူသည် ဤကဲ့သို့သော ကိစ္စမျိုးကို ဝန်ခံလိမ့်မည် မဟုတ်။
နန်ကုန်းယွီက နန်ကုန်းကျင်းလင်ကို တစ်ချက်ကြည့်လိုက်သည်။
"အိုး... ဒါဆို ဒုတိယမင်းသားလည်း ဒီကိစ္စမှာ ပါဝင်ပတ်သက်နေတာပေါ့..."
"ငါ မလုပ်ခဲ့ဘူး... အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့..."
ဒုတိယမင်းသား နန်ကုန်းကျင်းလင်၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး အလျင်အမြန် ငြင်းဆိုလိုက်လေသည်။
"မပါဝင်တာ အကောင်းဆုံးပါပဲ... မဟုတ်ရင် ဦးရီးတော်ဆီ သွားပြီး တိုင်တောပစ်လိုက်မှာ..."
နန်ကုန်းယွီက တိုးတိုးလေး ပြောလိုက်ပြီးနောက် ရှန်ကွမ်ယွဲ့ရှီးကို ကြည့်လိုက်သည်။
"မယ်တော်... သွားကြရအောင်..."
ရှန်ကွမ်ယွဲ့ရှီးက ခေါင်းညိတ်လိုက်ပြီး နန်ကုန်းယွီနှင့်အတူ ထထွက်သွားလေသည်။
ဤသည်ကို မြင်ချိန်တွင် လူသုံးဦး၏ အမူအရာ လုံးလုံးလျားလျား ပြောင်းလဲသွားသည်။
"ကျန်းပေ့မင်းသား... ဒီကိစ္စမှာ ဒုတိယမင်းသားလည်း ပါဝင်ပတ်သက်နေတာလေ... သူ့ကိုကျတော့ ဘာလို့ အရေးမယူတာလဲ... ငါတို့က အားနည်းလို့လား..."
"ကျန်းပေ့မင်းသား... အားနည်းတဲ့သူကို အနိုင်ကျင့်ပြီး အားကြီးတဲ့သူကို ကြောက်တဲ့ သတ္တိကြောင်တဲ့ကောင်..."
"..."
"ပါးစပ်ပိတ်ထားစမ်း..."
ဒုတိယမင်းသားက အေးစက်စွာ အော်လိုက်ရာ သူ၏မျက်လုံးများတွင် သတ်ဖြတ်လိုသော ရည်ရွယ်ချက်များ ပြည့်နှက်နေပြီး ဤအရူးသုံးယောက်ကို နေရာမှာတင် သတ်ပစ်ချင်စိတ် ပေါက်သွားရလေသည်။
ထိုနေရာရှိ လူများသည် ဤမြင်ကွင်းကို မျက်မြင်တွေ့ရှိရချိန်တွင် တစ်စုံတစ်ခုကို မရေမရာ နားလည်သွားကြပြီး အနည်းငယ် ခေါင်းခါမိသွားကြ လေသည်။
သူတို့သည် မြေပြင်ပေါ်တွင် လဲလျောင်းနေသော လူသုံးဦးကို ကြည့်ကာ လှောင်ပြောင်လိုက်ကြသည်။
ဘယ်လောက်တောင် တုံးအလိုက်သလဲ။
ကျန်းပေ့မင်းသားကို စော်ကားတာတင် မလုံလောက်ဘူးပေါ့လေ။
အခု သူတို့က ဒုတိယမင်းသားကိုတောင် စော်ကားလိုက်ပြီ။ ဒီသုံးယောက် မသေရင် သူတို့ ချေးပဲ စားပစ်လိုက်မယ်။
နန်ကုန်းကျင်းလင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သူတို့သုံးဦးကို တစ်ချက်ကြည့်လိုက်သည်။
"မင်းတို့ စကားပြောတာ ဆင်ခြင်... မင်းသားတစ်ပါးကို မဟုတ်မမှန် စွပ်စွဲတဲ့ ပြစ်မှုက မင်းတို့ မိသားစု ခံနိုင်ရည်ရှိတဲ့ ကိစ္စမဟုတ်ဘူး... မင်းတို့တောင် ခံနိုင်မှာ မဟုတ်ဘူး..."
ဤစကားကို ကြားချိန်တွင် သူတို့သုံးဦးသည် ဘာတွေဖြစ်နေသည်ကို နောက်ကျမှ သဘောပေါက်သွားကြပြီး ခါးသက်သက် ပြုံးမိသွားကြသည်။
ထို့နောက် သူ၏မျက်နှာပေါ်တွင် စိတ်ပျက်လက်ပျက် အမူအရာတစ်ခု ပေါ်လာလေသည်။
ပြီးပြီပဲ။
သူတို့ တကယ် ပြီးဆုံးသွားပြီ။
ဒုတိယမင်းသားရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို သူတို့ နားမထောင်ခဲ့သင့်ဘူး... ပြီးတော့ သူ့ရဲ့ နယ်ရုပ်တွေအဖြစ် အသုံးချမခံခဲ့သင့်ဘူး...
သို့သော် နောင်တရရန် နောက်ကျသွားပြီ ဖြစ်လေ၏။ သူတို့သုံးဦးသည် ပြင်းထန်သော နာကျင်မှုကို အလျင်အမြန် သည်းခံကာ ထလာကြပြီး ကြီးကြပ်ရေးရုံးမှ အပြေးအလွှား ထွက်ခွာသွားကြပေသည်။
သူတို့ မိသားစုဆီ ပြန်သွားပြီး ဒီအကြောင်းကို အသိပေးရမယ်... ပြီးတော့ သင့်တော်သလို ပြင်ဆင်ရမယ်လေ။
ထိုသုံးဦး ထွက်သွားသည်ကို ကြည့်ပြီးနောက် စိတ်လှုပ်ရှားမှု ပျောက်ကွယ်သွားသော လူအုပ်ကြီးလည်း လူစုခွဲသွားကြလေသည်။
ဟန်မုဖုန်းက ဆရာ ယဲ့ကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။
"မင်း ဘာလုပ်ခဲ့လဲဆိုတာ မင်းသိသင့်တယ်... အေးအေးဆေးဆေး နေပြီး ကြီးကြပ်ရေးရုံးကနေ ထွက်သွားလိုက်... ငါ့ကို စုံစမ်းဖို့ထိ မလုပ်စေနဲ့"
လူအတော်များများ၏ မျက်လုံးထဲရှိ အကြည့်များကို အကဲခတ်ခြင်းအားဖြင့် ဆရာ ယဲ့သည် နန်ကုန်းယွီ ပြောနေသည့်သူ ဖြစ်ကြောင်း သူ သဘာဝကျကျ သိလေသည်။
ထိုသို့ပြောပြီးနောက် ဟန်မုဖုန်း ထွက်သွားပေသည်။
ဤသည်ကို မြင်ချိန်တွင် အခြား ဆရာများကလည်း ဆရာ ယဲ့ကို တစ်ချက်ကြည့်လိုက်ကြပြီး ဘာတွေဖြစ်နေလဲဆိုတာကို အကြမ်းဖျင်း ခန့်မှန်းမိသွားကြလေသည်။
"ဟူး... ကျောင်းအုပ်ကြီး ဟန် ပြောတာ မှန်တယ်... ငါတို့ရဲ့ ဂုဏ်သိက္ခာကို ဆက်ထိန်းထားကြတာပေါ့... တကယ်လို့ ကျောင်းအုပ်ကြီး ဟန်ကသာ စုံစမ်းမယ်ဆိုရင် ကိစ္စတွေက အဲ့ဒီလောက် ရိုးရှင်းတော့မှာ မဟုတ်ဘူး..."
အဘိုးအို စကားပြောအပြီးတွင် သူ လှည့်ထွက်သွားလေသည်။
အခြားသူများလည်း ခေါင်းအနည်းငယ် ခါယမ်းပြလိုက်ကြပြီး တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြပေသည်။
ဆရာ ယဲ့သည် သူ၏ ပြတ်တောက်သွားသော လက်မောင်းကို ဆုပ်ကိုင်လျက် မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး သူ၏မျက်နှာမှာ မှုန်မှိုင်းနေကာ နောက်ဆုံးတွင် သက်ပြင်းတိုးတိုး ချလိုက်လေသည်။
...
အခြားတစ်ဖက်တွင်။
ရထားလုံးအတွင်း၌ ရှန်ကွမ်ယွဲ့ရှီးသည် နန်ကုန်းယွီကို ကြည့်ကာ မေးလိုက်သည်။
"ယွီအာ... နန်ကုန်းကျင်းလင်က ဒါကို သွေးထိုးလှုံ့ဆော်ခဲ့တယ်ဆိုတာ သား ခန့်မှန်းမိနေပြီလား..."
နန်ကုန်းယွီက အနည်းငယ် ခေါင်းခါပြလိုက်သည်။
"အစကတော့ သား အနည်းငယ် သံသယရှိရုံလေးပါ... ဒါပေမဲ့ အဲ့ဒီလူသုံးယောက်က သူ့ကို ဖော်ထုတ်လိုက်တဲ့အခါမှာတော့ သူ ပါဝင်ပတ်သက်နေရမယ်ဆိုတာ သား သိလိုက်တယ်..."
ထိုသို့ပြောပြီးနောက် သူသည် ချင်းလင်ကို တောင်းပန်သည့်လေသံဖြင့် ကြည့်လိုက်လေသည်။
"တောင်းပန်ပါတယ် ချင်းလင်... ဦးရီးတော်က ငါ့အပေါ် အရမ်းကောင်းတော့ သူ့ကို မထိခိုက်စေချင်ဘူး... ဒါကြောင့် ဒီကိစ္စကို ငါ ထပ်ပြီး မစုံစမ်းတော့ဘူး..."
ချင်းလင်က အလျင်အမြန် ခေါင်းခါပြလိုက်ရာ သူမ၏မျက်လုံးများ နီရဲနေပြီး ကျေးဇူးတင်မှုများသာ ပြည့်နှက်နေပေသည်။
အခန်း (၁၁၀) ကျွန်မကို ဖယ်ရှားပစ်ဖို့ ကြိုးစားနေတာလား...
"ချင်းလင်က သခင်လေးကို ကျေးဇူးတင်ပါတယ်..."
ချင်းလင်က အလျင်အမြန် ခေါင်းခါပြလိုက်ပြီး နန်ကုန်းယွီ၏ အရှေ့တွင် ဒူးထောက်ချလိုက်လေသည်။
"ချင်းလင်က အဆင့်နိမ့် အစေခံမလေး တစ်ယောက်ပါ... သခင်လေး... ကျွန်မအတွက် သခင်လေး ရပ်တည်ပေးခဲ့တာကိုပဲ အရမ်းကို ကျေးဇူးတင်နေပါပြီ..."
"အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့..."
နန်ကုန်းယွီက သူမကို ထူမရန် လက်ကို အလျင်အမြန် ဆန့်ထုတ်လိုက်ပြီး ခေါင်းခါကာ ရယ်မောလိုက်၏။
"မင်းက ငါ့ရဲ့ ဆရာတစ်ဝက်လို့ ငါ ဒီနေ့ပဲ ပြောခဲ့တယ်လေ... မင်းက မင်းကိုယ်မင်း အဆင့်နိမ့် အစေခံမလို့ ခေါ်ရင် ငါက ဘယ်လို နေရမှာလဲ..."
ဤစကားကို ကြားချိန်တွင် ချင်းလင်က သူမ၏ ပါးစပ်ကို အလျင်အမြန် အုပ်လိုက်လေသည်။
"သခင်လေး... ချင်းလင် မှားမှန်းသိပါပြီ..."
"ကောင်းပြီ... အရမ်း မတွေးပါနဲ့တော့..."
နန်ကုန်းယွီက အနည်းငယ် ပြုံးလိုက်ပြီးနောက် သူ၏ အမူအရာ တည်ကြည်လေးနက်သွားပေသည်။
"ဒါပေမဲ့ မင်းက အခု ငါ့လူပဲ... နောင်ကျရင် မင်း အနိုင်ကျင့်ခံရရင် ဒီနေ့လိုမျိုး ဒီတိုင်း သည်းမခံနေနဲ့တော့..."
"သခင်လေး..."
ချင်းလင်၏ မျက်လုံးများ နီရဲနေပြီး သူမ စကားပြောရန် တွေဝေနေပုံရလေသည်။
"ချင်းလင်... မင်း ဘာပြောချင်လဲဆိုတာ ငါ သိတယ်... ဒါပေမဲ့ မင်းက ငါ့ရဲ့ အစေခံလေ... ငါနဲ့ မယ်တော်ကလွဲရင် ဘယ်သူမှ မင်းကို အနိုင်ကျင့်ခွင့် မရှိဘူး..."
နန်ကုန်းယွီက လက်ယမ်းကာ ပြောလိုက်၏။
"ဒါ့အပြင်... ငါ့နောက်မှာ မယ်တော်နဲ့ မြောက်ပိုင်းစစ်တပ် ရှိတယ်... ဒီချင်းယိုအင်ပါယာမှာ ငါ ပြဿနာမရှာရဲတဲ့သူ သိပ်မရှိပါဘူး... ငါ့ရဲ့ အစေခံ တစ်ယောက်အနေနဲ့... ခိုင်ခိုင်မာမာ ရပ်တည်ပြီး အရမ်းမတွေးပါနဲ့..."
"ဟုတ်ကဲ့... ချင်းလင် နားလည်ပါပြီ..."
ချင်းလင်က ခေါင်းညိတ်လိုက်ပြီး ဘေးတွင် လိမ္မာပါးနပ်စွာ ထိုင်နေလိုက်လေသည်။
ဤသည်ကို မြင်ချိန်တွင် စူးရှင်းမုန်း၏ မျက်လုံးများထဲ၌ အားကျသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပေသည်။
သို့သော် ထိုအချိန်မှာပင် နန်ကုန်းယွီသည် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပြီး ပြောလိုက်သည်။
"ဒေါ် လေးရှန်... ချင်းလင်နဲ့ တခြားသူတွေကို အိမ်ပြန်ခေါ်သွားပေးပါ... မယ်တော်နဲ့ သားက အတွင်းနန်းဆောင်ကို သွားမလို့..."
ဤစကားကို ကြားချိန်တွင် နန်ကုန်းရိုရွှယ် အနည်းငယ် အံ့အားသင့်သွားပုံရလေ၏။
"ရှောင်ယွီ... သားက ဒီအချိန်ကြီး အတွင်းနန်းဆောင်ကို ဘာသွားလုပ်မလို့လဲ..."
ရှန်ကွမ်ယွဲ့ရှီးက နန်ကုန်းယွီကို တွေးတောနေဟန်ဖြင့် တစ်ချက်ကြည့်လိုက်သော်လည်း တိတ်ဆိတ်စွာ နေလေသည်။
နန်ကုန်းယွီက အနည်းငယ် ခေါင်းခါပြလိုက်သည်။
"ဦးရီးတော်ကို သွားတွေ့ဖို့ လိုတယ်... ဦးရီးတော်ရဲ့ ခွင့်ပြုချက်မပါဘဲ မြို့တော်ထဲကို တပ်တွေ ခေါ်လာခွင့်ပြုတဲ့ အမိန့်တော် သားဆီမှာ ရှိပေမဲ့... ဒီကိစ္စကို ဦးရီးတော်ကို အစီရင်ခံတာ အကောင်းဆုံးပဲ..."
"ဒါ့အပြင်... နောက်ကျရင် ကျန်းပေ့စစ်တပ်နဲ့ သား လူသတ်ဖို့ အခွင့်အလမ်း များတယ်လေ... ဦးရီးတော်က သားတို့ကို တားမှာ မဟုတ်လောက်ဘူးဆိုပေမဲ့... သား သူ့ကို ပြောပြဖို့ လိုသေးတယ်လေ..."
ဤစကားကို ကြားချိန်တွင် ထိုအုပ်စုက အနည်းငယ် ခေါင်းညိတ်လိုက်ကြပြီး နန်ကုန်းယွီ၏ ချဉ်းကပ်မှုက ကောင်းမွန်ကြောင်း သဘောတူလိုက်ကြပေသည်။
"အဲ့ဒီလိုဆိုရင်... ဒေါ် လေးရှန်ကို ဒုက္ခပေးရတော့မှာပဲ..."
ရှန်ကွမ်ယွဲ့ရှီးက အနည်းငယ် ပြုံးလိုက်ရာ သူမ၏မျက်လုံးများထဲတွင် ထူးဆန်းသော အလင်းရောင်တစ်ခု တောက်ပသွားလေသည်။
ဒေါ် လေးရှန်က သူမ၏ ဆိုလိုရင်းကို နားလည်ပုံရပြီး အနည်းငယ် ခေါင်းညိတ်လိုက်သည်။
"မင်းသမီးက အားနာနေပြန်ပါပြီ"
မကြာမီမှာပင် ထိုအုပ်စုသည် လမ်းဆုံတစ်ခုသို့ ရောက်ရှိလာကြပြီး ရှန်ကွမ်ယွဲ့ရှီးသည် နန်ကုန်းယွီ၊ နန်ကုန်းရိုရွှယ်တို့နှင့်အတူ ထွက်သွားလေသည်။
သို့သော် သူတို့ ထွက်သွားသည်ကို ကြည့်ပြီးနောက် ဒေါ် လေးရှန်က သူမ ခုနက ပြောခဲ့သည့်အတိုင်း အမှန်တကယ် မလုပ်ဆောင်ခဲ့ချေ။
ထို့နောက် သူမက စူးရှင်းမုန်းကို လှည့်ကြည့်လိုက်သည်။
"ရှင်းမုန်း မိန်းကလေး... ကျေးဇူးပြုပြီး ကျွန်မကို ကူညီပေးလို့ ရမလား..."
ဤစကားကို ကြားချိန်တွင် စူးရှင်းမုန်း အနည်းငယ် အံ့အားသင့်သွားပုံရလေသည်။
"စီနီယာ ရှန်က အရမ်းအားနာနေပြန်ပါပြီ... ရှင်းမုန်း လုပ်နိုင်တာ များများမရှိပါဘူး... ပြီးတော့ ရှင်းမုန်းက လုပ်နိုင်တာရှိရင် သေချာပေါက် ငြင်းမှာ မဟုတ်ပါဘူး..."
ဒေါ် လေးရှန်က အနည်းငယ် ပြုံးလိုက်ပြီး ပြောလိုက်သည်။
"နောက်ကျရင် ငါတို့ နန်းတော်ကနေ ထွက်တဲ့အခါ... ချင်းလင်က ရထားလုံးထဲမှာ နေပြီး ကျန်းပေ့ မင်းသမီးနဲ့ တခြားသူတွေ ပြန်လာမယ့်အချိန်ကို စောင့်နေဖို့ လိုတယ်..."
"ပြီးတော့ ရှင်းမုန်း မိန်းကလေး... မင်းက နန်းတော်ကနေ တစ်ယောက်တည်း ထွက်သွားပြီး မင်းရဲ့ နေအိမ်ကို ပြန်ရမယ်..."
ဤစကားကို ကြားချိန်တွင် စူးရှင်းမုန်း၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။
"စီနီယာ ရှန်... ကျွန်မကို ဖယ်ရှားပစ်ဖို့ ကြိုးစားနေတာလား..."
"မဟုတ်ဘူး..."
ဒေါ် လေးရှန်က အနည်းငယ် ခေါင်းခါပြလိုက်သည်။
"ဒီမနက်က တစ်ယောက်ယောက် ငါတို့နောက်ကို လိုက်နေတာကို သတိထားမိတယ်... ဒါပေမဲ့ သူတို့ရဲ့ ရည်ရွယ်ချက်ကို ငါတို့ မသိဘူးလေ... သူတို့က မင်းကို ပစ်မှတ်ထားနေတာလား... ဒါမှမဟုတ် မင်းသားငယ်ကို ပစ်မှတ်ထားနေတာလား ဆိုတာ ငါတို့ မသိဘူး..."
"ဒါကြောင့် နောက်ကျရင် မင်း တစ်ယောက်တည်း ထွက်သွားတဲ့အခါ... အဲ့ဒီမှာ ပုန်းနေတဲ့သူကို စမ်းသပ်ဖို့ ငါ မင်းနောက်ကနေ တိတ်တဆိတ် လိုက်လာခဲ့မယ်..."
"စီနီယာ ရှန် ဘာကိုဆိုလိုလဲဆိုတာကို ကျွန်မ နားလည်နိုင်ပါတယ်..."
စူးရှင်းမုန်းက အနည်းငယ် ခေါင်းညိတ်လိုက်ပြီးနောက် အံကိုတင်းတင်းကြိတ်ကာ မေးလိုက်လေသည်။
"စီနီယာ ရှန်ကို မေးပါရစေ... တကယ်လို့ တစ်ဖက်လူက ကျွန်မကို ပစ်မှတ်ထားနေတယ်ဆိုရင်... စီနီယာက ဘာလုပ်မှာလဲ..."
"မင်း ဘယ်လိုထင်လဲ..."
ဒေါ် လေးရှန်က ပြုံးကာ ခေါင်းခါလိုက်၏။
"မင်းက မင်းသားငယ်ရဲ့ သူငယ်ချင်းလေ... ဒါကြောင့် သဘာဝကျကျ မင်းကို ငါ ကယ်တင်မှာပေါ့... ပြီးတော့ သူတို့က မင်းကို ဘာလို့ ပစ်မှတ်ထားနေတာလဲဆိုတာကို ရှာဖွေဖို့ ကြိုးစားမယ်..."
ဤနေရာတွင် ဒေါ် လေးရှန်က ပြုံးကာ ဆိုလိုက်သည်။
"စိတ်မပူပါနဲ့... မင်းသားငယ်မှာ သူငယ်ချင်း သိပ်မများပါဘူး... မင်းက သူ့ရဲ့ ပထမဆုံး သူငယ်ချင်းပဲ... မင်းကို ဘာမှဖြစ်ခွင့်ပေးမှာ မဟုတ်ဘူး..."
ဤစကားကို ကြားချိန်တွင် စူးရှင်းမုန်းသည် စိတ်ထဲမှ သက်ပြင်းချလိုက်နိုင်သည်။
"ကျေးဇူးတင်ပါတယ် စီနီယာ ရှန်..."
ဒေါ် လေးရှန်က သူမ၏လက်ကို အနည်းငယ် ဝှေ့ယမ်းပြလိုက်သည်။
"အဲ့ဒီအတွက် မလိုပါဘူး... မင်း ကျေးဇူးတင်ချင်တယ်ဆိုရင် မင်းသားငယ်ကိုပဲ ကျေးဇူးတင်လိုက်ပါ..."
စူးရှင်းမုန်းက အနည်းငယ် ခေါင်းညိတ်လိုက်ပြီး ဘာမျှ ဆက်မပြောတော့ချေ။
...
ဖုန်းရှန်း ခန်းမဆောင်။
မိန်းမစိုး ယန်၏ အစီရင်ခံစာကို ကြားပြီးနောက် နန်ကုန်းအောက်ထျန်းသည် အနည်းငယ် ပြုံးမိသွား လေသည်။
"ဒီကောင်စုတ်လေး... အနည်းဆုံးတော့ နှစ်ရက်လောက် ငါ့ကို အံ့အားသင့်အောင် လုပ်လိုက်နိုင်တာပဲ..."
ဤစကားကို ကြားချိန်တွင် မိန်းမစိုး ယန်သည် အလျင်အမြန် တောင်းပန်သည့်လေသံဖြင့် ပြုံးပြလိုက်သော်လည်း ဘာမျှ ထပ်မပြောရဲတော့ချေ။
ရယ်မောပြီးနောက် နန်ကုန်းအောက်ထျန်း၏ အမူအရာ ရုတ်တရက် မှုန်မှိုင်းသွားလေသည်။
"မိန်းမစိုး ယန်... ဝမ်၊ ကျန်းနဲ့ လင်း မိသားစုတွေက ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာ ဘာပြစ်မှုတွေများ ကျူးလွန်ခဲ့သေးလဲ..."
ဤစကားကို ကြားချိန်တွင် မိန်းမစိုး ယန်က စိတ်ထဲမှ တွေးလိုက်သည်။
'ထင်တဲ့အတိုင်းပဲ...'
သူက အလျင်အမြန် ပြုံးကာ ဆိုလိုက်သည်။
"ရှိပါတယ်... အရှင်မင်းကြီး... စစ်ဆေးဖို့ ဒီငယ်ကျွန်ကို တစ်ညလောက် အချိန်ပေးဖို့တောင်းဆိုပါရစေ"
ဤစကားကို ကြားချိန်တွင် နန်ကုန်းအောက်ထျန်းက အနည်းငယ် ခေါင်းညိတ်လိုက်သည်။
"သူတို့က ပြစ်မှုတွေ ကျူးလွန်ထားမှတော့... ချင်းယို နန်းတွင်းက သူတို့ကို သည်းခံနိုင်မှာ မဟုတ်ဘူး... သွားပြီး စုံစမ်းလိုက်..."
"ဒီငယ်ကျွန် အမိန့်တော်ကို နာခံပါ့မယ်..."
မိန်းမစိုး ယန်က အနည်းငယ် ဦးညွှတ်ကာ ဖုန်းရှန်း ခန်းမဆောင်မှ ထွက်သွားလေသည်။
သို့သော် ခဏအကြာတွင် သူ ပြန်ဝင်လာသည်။
"တခြား ကိစ္စများ ရှိသေးလို့လား..."
သူ ပြန်လှည့်လာသည်ကို မြင်ချိန်တွင် နန်ကုန်းအောက်ထျန်းက ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
မိန်းမစိုး ယန်က အနည်းငယ် ဦးညွှတ်လိုက်သည်။
"အရှင်မင်းကြီး... ကျန်းပေ့ မင်းသမီးနဲ့ ကျန်းပေ့မင်းသားတို့က တွေ့ခွင့်တောင်းနေပါတယ်... ပြီးတော့ မင်းသမီးကြီးလည်း ရောက်နေပါတယ်..."
"ဟင်..."
နန်ကုန်းအောက်ထျန်းက မျက်လုံးများကို အနည်းငယ် ကျဉ်းမြောင်းလိုက်သည်။
"သူတို့ ဒီမှာ ဘာလုပ်နေတာလဲ... ယွဲ့ရှီးက သူတို့ကို ခေါ်လာတာများလား..."
နန်ကုန်းအောက်ထျန်းက တိုးတိုးလေး ရေရွတ်လိုက်ပြီး ဆက်မတွေးတော့။
"သူတို့ကို ဝင်ခွင့်ပြုလိုက်..."
"ဟုတ်ကဲ့ပါ..."
မိန်းမစိုး ယန်က အလျင်အမြန် ခေါင်းညိတ်လိုက်ပြီး ဖုန်းရှန်း ခန်းမဆောင်မှ အလျင်အမြန် ထွက်သွားကာ မကြာမီမှာပင် နန်ကုန်းယွီနှင့် အခြားနှစ်ဦးကို ပြန်လည်ခေါ်ဆောင်လာခဲ့လေသည်။
"အစ်ကိုတော်…ခမည်းတော်..ဦးရီးတော် ကို ဂါရဝပြုပါတယ်..."
သူတို့သုံးဦး အနည်းငယ် ဦးညွှတ်ကာ နှုတ်ဆက်လိုက်ကြပေသည်။
"ထုံးတမ်းတွေ မလိုပါဘူး..."
နန်ကုန်းအောက်ထျန်းက ပြုံးကာ လက်ယမ်းပြလိုက်ပြီးနောက် နန်ကုန်းယွီကို ငုံ့ကြည့်လိုက်သည်။
"ယွီအာ... ဒီနေ့ ဘာကိစ္စရှိလို့ ဒီကို ရောက်လာတာလဲ."
နန်ကုန်းယွီက ခေါင်းကုတ်ကာ ပြုံးလိုက်သည်။
"ဦးရီးတော်... ယွီအာ ကြီးကြပ်ရေးရုံးကနေ အခုလေးတင် ပြန်လာတာ... ပြီးတော့ ဦးရီးတော်ဆီ လည်လာချင်လို့ပါ"
နန်ကုန်းအောက်ထျန်းက အနည်းငယ် ပြုံးလိုက်ပြီး သူ့ကို ရယ်မောကာ ကြည့်လိုက်လေသည်။
"ဒါက အဲ့ဒီလောက် ရိုးရှင်းမယ် မထင်ဘူးနော်... ယွီအာ... သားက အကြောင်းပြချက် မရှိဘဲ ဒီကိုလာမှာ မဟုတ်ဘူးလေ..."
နန်ကုန်းယွီက ခေါင်းကုတ်ကာ ပြုံးလိုက်ပြီး အခွင့်အရေးယူ၍ ရယ်မောလိုက်သည်။
"ဦးရီးတော်က ပညာရှိလှပါတယ်... ယွီအာမှာ တကယ်ပဲ ဦးရီးတော်ကို ပြောစရာ ကိစ္စလေးတစ်ခု ရှိပါတယ်..."
"ပြောပါ... ဘာကိစ္စလဲ..."
နန်ကုန်းအောက်ထျန်းက အနည်းငယ် ခေါင်းညိတ်လိုက်သည်။
နန်ကုန်းယွီသည် ခဏတာ တွေဝေသွားပြီးနောက် နန်ကုန်းအောက်ထျန်းကို မော့ကြည့်ကာ ပြောလိုက်လေသည်။
"ဦးရီးတော်... တစ်ယောက်ယောက်က သားရဲ့ အစေခံကို ရိုက်ပြီး သားရဲ့ မျက်နှာကို ဖြတ်ရိုက်ဖို့ ကြိုးစားတယ်... သား သူ့ကို သတ်ချင်တယ်..."
ဤစကားကို ကြားချိန်တွင် ရှန်ကွမ်ယွဲ့ရှီးနှင့် အခြားသူများအားလုံး အံ့အားသင့်သွားကြပြီး နန်ကုန်းယွီ ဤမျှလောက် တိုက်ရိုက်ပြောလိမ့်မည်ဟု ရှင်းလင်းစွာ မမျှော်လင့်ထားခဲ့ကြပေ။
နန်ကုန်းအောက်ထျန်း အနည်းငယ် အံ့အားသင့်သွားပြီး ရှန်ကွမ်ယွဲ့ရှီးကို တတစ်ချက်ကြည့်မိသွားလေသည်။ သို့သော် သူမ၏ အမူအရာကို အကဲခတ်ခြင်းအားဖြင့် သူမသည်လည်း နန်ကုန်းယွီ ဤသို့ပြောလိမ့်မည်ဟု မမျှော်လင့်ထားကြောင်း ထင်ရှားလှပေသည်။
ထိုအချိန်မှာပင် ရှန်ကွမ်ယွဲ့ရှီးနှင့် နန်ကုန်းရိုရွှယ်တို့က တစ်ပြိုင်နက်တည်း ဦးညွှတ်လိုက်ကြသည်။
"အစ်ကိုတော်... ယွီအာက မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး... ကျေးဇူးပြုပြီး သူ့ကို အပြစ်မတင်ပါနဲ့..."
"ခမည်းတော်... ရှောင်ယွီက ဒေါသထွက်နေလို့ အဲ့ဒီလို ပြောတာ ဖြစ်နိုင်ပါတယ်... ကျေးဇူးပြုပြီး သူ့ကို အပြစ်မတင်ပါနဲ့..."
သူတို့နှစ်ဦး တစ်ပြိုင်နက်တည်း စကားပြောလိုက်ကြရာ သူတို့၏ စကားများမှာ အလျင်စလို ဖြစ်နေသော်လည်း နှစ်ဦးစလုံးက နန်ကုန်းယွီအတွက် တောင်းပန်ပေးနေကြခြင်း ဖြစ်လေသည်။
ဤသည်ကို မြင်ချိန်တွင် နန်ကုန်းအောက်ထျန်းသည် ခေါင်းကို အနည်းငယ် ခါယမ်းမိသွားသည်။
"မင်းတို့ကတော့လေ... ငါက သူ့ကို အပြစ်တင်တယ်လို့ မပြောရသေးဘူးလေ... ဘာလို့ အဲ့ဒီလောက်တောင် လောနေရတာလဲ..."
ဤစကားကို ကြားချိန်တွင် ရှန်ကွမ်ယွဲ့ရှီးနှင့် အခြားတစ်ဦးတို့သည် သက်ပြင်းတိုးတိုး ချမိသွားလေသည်။