← Chapters

အခန်း (၁၁၁-၁၁၂)

Vol. 12 Ch. 111-112

အခန်း (၁၁၁-၁၁၂)

Vol. 12 Ch. 111-112

ကျိုးယွမ် ကျင့်ကြအဆင့်

ချီသန့်စင်ခြင်းအဆင့်

ခြေခံတည်ဆောက်ခြင်းအဆင့်

ရွှေမြုတေအဆင့်

ခြေတည်စိတ်ဝိဉာဥ်အဆင့်

နတ်ဘုရားအသွင်ပြောင်းခြင်းအဆင့်

ကောင်းကင်တံခါးအဆင့်

ကောင်းကင်ဖြစ်စဥ်အဆင့်

အတွင်းကမ္ဘာကောင်းကင်အဆင့်

သူတော်စင်အဆင့်

အခန်း (၁၁၁) လန်ယွဲ့ဂိုဏ်း၏ တပည့်စုဆောင်းခြင်းကို နှောင့်ယှက်ခြင်းနှင့် လွတ်လပ်ပျော်ရွှင်ခြင်း ခန်းမသို့ ရောက်ရှိခြင်း

"မြန်မြန်... ရင်ပြင်ကို သွားကြည့်ရအောင်... လန်ယွဲ့ဂိုဏ်းက တပည့်တွေ လာခေါ်နေတယ်..."

"မသွားပါနဲ့... မြောက်ပိုင်းမိုးမြို့မှာ လန်ယွဲ့ဂိုဏ်းက တပည့်တစ်ထောင်ကျော် ဆုံးရှုံးခဲ့ပြီး အကြီးအကဲ အတော်များများလည်း အသတ်ခံခဲ့ရတယ်လို့ ငါ ကြားတယ်... တကယ်လို့ ငါတို့ အခု သွားစာရင်းသွင်းရင် လန်ယွဲ့ဂိုဏ်းက ငါတို့ကို အမြောက်စာအဖြစ် သုံးဖို့ပဲ ဖြစ်လိမ့်မယ်လို့ ငါ ထင်တယ်..."

"သတိထားစမ်းပါဦး... မင်းရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့များ အမြောက်စာဖြစ်ဖို့တောင် အရည်အချင်း ပြည့်မီလို့လား..."

"ဟုတ်တယ်လေ... ငါက ချီသန့်စင်ခြင်း အဆင့် ၁ ပဲ ရှိသေးတာ... အမြောက်စာဖြစ်ဖို့တောင် အရည်အချင်း မမီပါဘူး..."

"အရင်ဆုံး သွားစမ်းကြည့်ရအောင်... ဒီတစ်ကြိမ်တော့ လန်ယွဲ့ဂိုဏ်းက သူတို့ရဲ့ လူရွေးချယ်တဲ့ စံနှုန်းတွေကို အများကြီး လျှော့ချထားပုံရတယ်... တကယ်လို့ လန်ယွဲ့ဂိုဏ်းက နတ်ဆိုးကောင်းကင်ဂိုဏ်းရဲ့ ဖျက်ဆီးတာကို ခံရတော့မယ်ဆိုရင် ငါတို့ ထွက်ပြေးကြတာပေါ့..."

စားသောက်ဆိုင်မှ ထွက်လာချိန်တွင် လူများ၏ ဆွေးနွေးသံများကို ကြားလိုက်ရသဖြင့် ကျိုးယွမ်၏ မျက်လုံးများ တောက်ပသွား၏။

ဘာတွေဖြစ်နေသလဲဆိုတာ သွားကြည့်ဖို့ ဆုံးဖြတ်လိုက်ပြီး လူအုပ်နောက်သို့ လိုက်သွားလိုက်သည်။ တိုက်ဆိုင်စွာဖြင့် လန်ယွဲ့ဂိုဏ်းအတွက် ဒုက္ခအချို့ပါ ပေးနိုင်ပေလိမ့်မည်။

မင်ယန်မြို့ ရင်ပြင်တွင် လူထောင်ပေါင်းများစွာ စုဝေးနေကြ၏။ ရင်ပြင်၏ အရှေ့ဆုံးတွင် အမျိုးသမီး အနည်းငယ် ရပ်နေပြီး အမြင့်ဆုံး ကျင့်ကြံမှုရှိသူမှာ ရွှေအမြုတေအဆင့် အလယ်အလတ်အဆင့် ဖြစ်ပေသည်။

ရင်ပြင်တွင် သုံးမီတာခန့် မြင့်သော ဧရာမ ကျောက်စာတိုင်ကြီးတစ်ခု ရှိနေ၏။

ဤသည်မှာ တစ်ဦးတစ်ယောက်၏ ပါရမီကို စစ်ဆေးရန် လန်ယွဲ့ဂိုဏ်းက အသုံးပြုသော အရာဖြစ်သည်။

"လူကြီးမင်းတို့... ဒီနေ့က ငါတို့ လန်ယွဲ့ဂိုဏ်းရဲ့ တပည့်သစ် ခေါ်ယူတဲ့နေ့ပါ... ဒီကျောက်စာတိုင်ကို လင်းလာအောင် လုပ်နိုင်တဲ့သူ ဘယ်သူမဆို လန်ယွဲ့ဂိုဏ်းထဲကို ဝင်ရောက်နိုင်ပါတယ်..."

ရွှေအမြုတေအဆင့် အလယ်အလတ်အဆင့် အမျိုးသမီးက ပြောဆိုလိုက်ရာ သူမ၏ အသံမှာ နေရာတစ်ခုလုံး ပဲ့တင်ထပ်သွားလေသည်။

ကျိုးယွမ်က ကျောက်စာတိုင်ကို ကြည့်လိုက်ရာ အနည်းငယ်သော အပြုံးတစ်ခုက သူ၏ နှုတ်ခမ်းပေါ်တွင် ထွက်ပေါ်လာသည်။

"စနစ်... လုယူမယ်..."

[ဒင်... လုယူမှု အောင်မြင်ပါသည်... ပိုင်ရှင်ဟာ ဒီစမ်းသပ် ကျောက်စာတိုင်ကို ယခု ထိန်းချုပ်နိုင်ပါပြီ...]

စနစ်၏အသံ ထွက်ပေါ်လာသည်နှင့်အမျှ ကျိုးယွမ်၏ ဒန်တျန်အတွင်း၌ ထူးခြားသော ချီသတင်းစကားတစ်ခု ထွက်ပေါ်လာ၏။

ဤအသက်ရှူသံ ထွက်ပေါ်လာသည့် အခိုက်အတန့်တွင် ကျိုးယွမ်၏ အခြေတည်စိတ်ဝိညာဉ်က မျက်လုံးများကို ဖွင့်လိုက်သည်။

အခြေတည်စိတ်ဝိညာဉ် ပါးစပ်ကို ဖွင့်လိုက်ရာ အခြေတည်စိတ်ဝိညာဉ်၏ ပါးစပ်ထဲမှ ရွှမ်ထျန်းဓား ပျံထွက်လာပြီး ဤထူးခြားသော ချီအရှိန်အဝါကို ဝါးမျိုလိုက်လေ၏။

"ဒါကလည်း ရွှမ်ထျန်းကျင့်စဉ်များ ဖြစ်နေမလား..."

ကျိုးယွမ်မှာ အတော်လေး စိတ်ရှုပ်ထွေးသွားပြီး သူ၏ ခန့်မှန်းချက် မှန်ကန်နိုင်သလားဟု တွေးတောနေမိသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ဤထူးခြားသော ချီအရှိန်အဝါကို ရွှမ်ထျန်းဓားက ဝါးမျိုသွားလေပြီ။

သူ၏ ခန့်မှန်းချက်မှာ အမှန်ဖြစ်နိုင်ကြောင်း ကျိုးယွမ် သိလိုက်၏။

ထိုအချိန်တွင် လူအချို့ တက်လာပြီး သူတို့၏ လက်များကို ကျောက်စာတိုင်ပေါ် တင်လိုက်ကြသော်လည်း ကျောက်စာတိုင်မှာ လုံးဝ တုံ့ပြန်မှု မရှိသဖြင့် စိတ်ပျက်လက်ပျက်ဖြင့်သာ ပြန်ဆင်းသွားကြရသည်။

ကျိုးယွမ် ကျောက်စာတိုင်ကို ကြည့်လိုက်ရာ ရုတ်တရက် စိတ်ကူးတစ်ခု ရလာသည်။ သူ၏ စိတ်ဝိညာဉ်အာရုံတစ်မျှင်သည် စမ်းသပ် ကျောက်စာတိုင်အတွင်းသို့ ဝင်ရောက်သွားသည်။

ထိုအချိန်တွင် အမျိုးသားတစ်ဦး ရှေ့သို့ တက်လာရာ သူ့ကို မြင်သည်နှင့် ဘေးပတ်ဝန်းကျင်ရှိ လူများက ဝိုင်းရယ်ကြလေ၏။

"ဒါက လီမိသားစုက အသုံးမကျတဲ့ ဝိညာဉ်သွေးကြော မဟုတ်ဘူးလား... သူက ဘယ်လိုလုပ် အပေါ်တက်ရဲတာလဲ..."

"အစ်ကိုဝမ်... အဲ့ဒီလို ပြောလို့ မရဘူးလေ... အိပ်မက်တော့ ရှိသင့်တာပေါ့... တကယ်လို့ တကယ်ဖြစ်လာရင် ဘယ်လိုလုပ်မလဲ..."

အမျိုးသား စကားပြောအပြီးမှာပင် ဘေးပတ်ဝန်းကျင်ရှိ လူတိုင်း ရယ်မောကုန်ကြ၏။

သူတို့ အတော်လေး ကျယ်လောင်စွာ ပြောဆိုနေကြသဖြင့် အနီးအနားရှိ လူအများအပြား ကြားရုံသာမက စမ်းသပ်မှု ခံယူရန် တက်သွားသော အမျိုးသားပင်လျှင် ရှင်းလင်းစွာ ကြားနိုင်ပေသည်။

ထိုအမျိုးသားကို ကူညီရန် ဆုံးဖြတ်လိုက်ချိန်တွင် နောက်ပြောင်သော အပြုံးတစ်ခုက ကျိုးယွမ်၏ မျက်နှာပေါ်သို့ တွားသွားလာ၏။

ထိုအချိန်တွင် အမျိုးသားသည် ကျောက်စာတိုင်ပေါ်သို့ သူ၏ လက်ကို တင်လိုက်သည်။

ကျောက်စာတိုင်မှာ တုန်ခါသွားပြီး မြည်ဟည်းသံတစ်ခု ထွက်ပေါ်လာကာ မီးတောက်လို နီရဲနေသော အလင်းတန်းတစ်ခုနှင့် တောက်ပသော အဝါရောင် အလင်းတန်းတစ်ခုတို့ တစ်ခုပြီးတစ်ခု လင်းလက်လာလေ၏။

အလင်းရောင်မှာ သိပ်မတောက်ပသော်လည်း သေချာပေါက် လင်းလက်နေပေသည်။ ထိုအချိန်တွင် ပရိသတ်တစ်ခုလုံး တိတ်ဆိတ်သွားကြ၏။

"သေစမ်း... ဒီအမှိုက်က ဝိညာဉ်သွေးကြော ရှိနေတာပဲ... ပြီးတော့ မီးနဲ့ မြေကြီး နှစ်မျိုးစလုံးအတွက် ဝိညာဉ်သွေးကြော နှစ်ခုတောင် ပါသေးတယ်... ငါ အမြင်များ မှားနေတာလား..."

ယခုလေးတင် သူ့ကို လှောင်ပြောင်နေခဲ့သူများမှာ သူတို့၏ မျက်စိရှေ့မှ မြင်ကွင်းကို မယုံကြည်နိုင်စွာ ပြူးကျယ်သော မျက်လုံးများဖြင့် စိုက်ကြည့်နေကြပေသည်။

"ရေနဲ့ မီး ဝိညာဉ်သွေးကြောနှစ်ခုစလုံးကို ငါတို့ လန်ယွဲ့ဂိုဏ်းကနေ ကြိုဆိုပါတယ်..."

ထိုအချိန်တွင် လန်ယွဲ့ဂိုဏ်းမှ ရွှေအမြုတေအဆင့် အမျိုးသမီးက ပြောဆိုလိုက်ရာ ထိုအမျိုးသားကို များစွာ ဝမ်းသာသွားစေ၏။

ကျိုးယွမ်က စိတ်ထဲမှ ရယ်မောလိုက်သည်။ ဤဝိညာဉ်သွေးကြော နှစ်ခုသည် အမှန်တကယ်ပင် ဤအမျိုးသား၏ အရာဖြစ်သော်လည်း ကျိုးယွမ်သည် စမ်းသပ် ကျောက်စာတိုင်ကို ထိန်းချုပ်ကာ သူ၏ ဝိညာဉ်သွေးကြော အလားအလာကို အဆတစ်ရာ မြှင့်တင်ပေးလိုက်ခြင်း ဖြစ်၏။

သို့သော် အဆတစ်ရာ မြှင့်တင်လိုက်လျှင်ပင် ၎င်းမှာ သိပ်တော့ မကောင်းလှသေးချေ။

အကယ်၍ ဤကဲ့သို့သော လူမျိုးက လန်ယွဲ့ဂိုဏ်းသို့ ဝင်ရောက်သွားပါက သူတို့အတွက် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိရန်မှာ မဖြစ်နိုင်ပေ။ အများဆုံး အနေဖြင့် သူတို့သည် ချီသန့်စင်ခြင်း အဆင့် ၃ သို့မဟုတ် ၄ သို့သာ ရောက်ရှိနိုင်မည်ဖြစ်ပြီး ထိုသို့ဖြစ်ရန်ပင် အလွန် ကြိုးစားအားထုတ်ရပေလိမ့်မည်။

ထိုအချိန်တွင် အမျိုးသမီးတစ်ဦး ရှေ့သို့ တက်လာပြီး ကျိုးယွမ်၏ ထိန်းချုပ်မှုအောက်တွင် မူလက သာမန် ရေဝိညာဉ်သွေးကြောမှာ ထိပ်တန်းအဆင့် ရေဝိညာဉ်သွေးကြောအဖြစ် ပြောင်းလဲသွားလေ၏။

အလင်းတန်းတစ်ခုသည် ကောင်းကင်သို့ ပျံတက်သွားပြီး မရေမတွက်နိုင်သော ရေစက်များဖြင့် ဝန်းရံထားကာ ၎င်းအတွင်း၌ မြစ်များ၊ ရေကန်များနှင့် ပင်လယ်များ ထွက်ပေါ်လာသည်။

လန်ယွဲ့ဂိုဏ်းမှ ရွှေအမြုတေအဆင့်ရှိ အမျိုးသမီးမှာ အလွန် ဝမ်းသာသွားသည်။ ဤမျှကောင်းမွန်သော သူတစ်ဦးနှင့် ကြုံတွေ့ရသဖြင့် သူမ ဤမျှ ကံကောင်းလိမ့်မည်ဟု မည်သည့်အခါကမျှ မမျှော်လင့်ထားခဲ့ချေ။

ဂိုဏ်းကို ပြန်ရောက်ရင် သေချာပေါက် ဆုကြီးကြီး ရလိမ့်မည်။

ထို့နောက် ဝိညာဉ်သွေးကြောနှစ်ခု၊ ဝိညာဉ်သွေးကြောသုံးခုနှင့် အဆင့်မြင့် သစ်သားဝိညာဉ်သွေးကြော စသည့် တပည့်များ တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာရာ ထိုနေရာတွင် ရှိနေသူတိုင်းကို အံ့သြမှင်တက်သွားစေပြီး စကားမပြောနိုင်အောင် ဖြစ်သွားစေ၏။

မင်ယန်မြို့က ဘယ်အချိန်ကစပြီး ပါရမီရှင်တွေ စုဝေးရာ နေရာ ဖြစ်သွားတာလဲ..။

ကျိုးယွမ်က ရယ်မောလုနီးပါး ဖြစ်သွားပြီး လန်ယွဲ့ဂိုဏ်းသို့ ခေါ်သွားပြီးနောက် သူတို့ကို ပြန်လည် စစ်ဆေးမှုများ လုပ်မည်လားဟု တွေးတောနေမိသည်။

အကယ်၍ နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှုသာ မရှိပါက ဤလူ တစ်ရာကျော်မှာ လန်ယွဲ့ဂိုဏ်း၏ တပည့်များ ဖြစ်လာကြပေလိမ့်မည်။

ရွှေအမြုတေအဆင့်မှ အမျိုးသားမှာ ပြုံးဖြီးနေ၏။ မင်ယန်မြို့က ဤမျှ ကြီးမားသော အကျိုးအမြတ်တစ်ခု ပေးလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ချေ။

လန်ယွဲ့ဂိုဏ်းမှ အဖွဲ့ဝင်များ လူတစ်ရာကျော်ကို ခေါ်ဆောင်သွားသည်ကို ကြည့်ရင်း ကျိုးယွမ် ရယ်မောလုနီးပါး ဖြစ်သွားသည်။

အကယ်၍ လောကကြီးကို အလွန်အမင်း တုန်လှုပ်သွားစေမည်ကို မစိုးရိမ်ပါက ကျိုးယွမ်သည် ထိုနေရာရှိ လူထောင်ပေါင်းများစွာ အားလုံးကို စမ်းသပ်ပြီး ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်သွေးကြောများကို ဖော်ထုတ်ကာ လန်ယွဲ့ဂိုဏ်းကို အားလုံး ခေါ်သွားခွင့်ပြုလိုက်မည် ဖြစ်သည်။

လန်ယွဲ့ဂိုဏ်းမှ အဖွဲ့ဝင်များကို နောက်ပြောင်ပြီးနောက် ကျိုးယွမ်သည် လွတ်လပ်ပျော်ရွှင်ခြင်း ခန်းမဆီသို့ ဦးတည်သွားလေ၏။

ဤတစ်ကြိမ် သူ ထွက်လာရခြင်း၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ လွတ်လပ်ပျော်ရွှင်ခြင်း ဂိုဏ်း၏ မဟာအကြီးအကဲ ပိုင်ချင်းဖျင်ကို သတ်ဖြတ်ရန် ဖြစ်သည်။

ဤကောင်က မြောက်ပိုင်းမိုးမြို့မှာ ငါ့ကို သတ်ချင်ခဲ့တာ... တကယ်လို့ ငါသာ သာမန် အခြေတည်စိတ်ဝိညာဉ်အဆင့် တစ်ယောက်ဆိုရင် သူက ငါ့ကို အသားစဉ်းစက်ထဲ ထည့်ကြိတ်ပစ်မှာ သေချာတယ်...။

ကျိုးယွမ်သည် အငြိုးကြီးတတ်သူ ဖြစ်၏။ ဤအဘိုးကြီးက ဤမျှ အရှက်မရှိနိုင်မှတော့ သူကလည်း သဘာဝကျကျ အလိုက်သင့် နေပေးရမည်သာတည်း။

မင်ယန်မြို့သည် လွတ်လပ်ပျော်ရွှင်ခြင်း ခန်းမနှင့် လီ ၁,၅၀၀ (မိုင် ၅၀၀ ခန့်) ကွာဝေးသည်။ ကျိုးယွမ် အလျင်စလို မရှိသဖြင့် ထိုနေရာသို့ ရောက်ရန် အလောတကြီး မလုပ်ခဲ့ချေ။

ငါ လွတ်လပ်ပျော်ရွှင်ခြင်းခန်းမကို ဝင်လုနီးပါး ဖြစ်ခဲ့တာကို ပြန်တွေးကြည့်ရင် တော်တော်လေး ရယ်စရာကောင်းတယ်လို့ မတွေးဘဲ မနေနိုင်ဘူး…။

သို့သော် သူသည် လွတ်လပ်ပျော်ရွှင်ခြင်း ခန်းမ၌ အခြားလူနှစ်ဦးဖြစ်သော ချင်မင်နှင့် ချင်ယွဲ့တို့ကိုလည်း တွေ့ဆုံခဲ့သေး၏။

မောင်နှမနှစ်ယောက် လွတ်လပ်ပျော်ရွှင်ခြင်း ခန်းမမှာ အခု ဘယ်လိုနေနေကြလဲ မသိဘူး။

သို့သော် ကျိုးယွမ်သည် သူတို့ကို အသိအမှတ်ပြုရန် ရည်ရွယ်ချက် မရှိချေ။ သူတို့သည် တိုက်ဆိုင်စွာ ဆုံတွေ့ခဲ့ကြသော သူစိမ်းများသာဖြစ်ပြီး လမ်းခွဲခဲ့ကြပြီးမှတော့ အဘယ်ကြောင့် အချင်းချင်း ပြန်လည် အနှောင့်အယှက် ပေးနေဦးမည်နည်း။

သို့သော် ဤမောင်နှမ နှစ်ဦးစလုံးတွင် အလွန်ကောင်းမွန်သော သဘောထားများ မရှိကြချေ။ သူတို့ လွတ်လပ်ပျော်ရွှင်ခြင်းခန်းမသို့ ဝင်ရောက်သွားလျှင်ပင် သူတို့သည် ဝိညာဉ်စိုက်ခင်းများနှင့် ဆေးဥယျာဉ်များ၏ အစောင့်အဖြစ်သာ အလုပ်လုပ်နိုင်ကြပေလိမ့်မည်။

ကျိုးယွမ်သည် အေးအေးဆေးဆေး ခရီးသွားခဲ့ပြီး လမ်းတစ်လျှောက်တွင် မကြာခဏ ရပ်နားခဲ့သည်။ ဆယ်ရက်အကြာတွင် ကျိုးယွမ်သည် လွတ်လပ်ပျော်ရွှင်ခြင်း ခန်းမသို့ ရောက်ရှိလာခဲ့၏။

သူ၏အရှေ့ရှိ ဧရာမနှင့် ကြီးကျယ်ခမ်းနားသော ဂိုဏ်းကို ကြည့်ရင်း ကျိုးယွမ်သည် အေးစက်သော အပြုံးလေးတစ်ခုကို ပြုံးလိုက်သည်။

ကျိုးယွမ် သူ၏ အိတ်ကပ်ထဲမှ သစ်သားပြားတစ်ခုကို ထုတ်ယူလိုက်၏။ အရှေ့ဘက်တွင် "အတွင်းစည်း" ဟု ရေးသားထားပြီး အနောက်ဘက်တွင် "ချူရှင်း" ဟု ရေးသားထားသည်။

ဤလူမှာ လွန်ခဲ့သော သုံးရက်က ကျိုးယွမ် တွေ့ဆုံခဲ့သော လွတ်လပ်ပျော်ရွှင်ခြင်းခန်းမမှ အဖွဲ့ဝင်တစ်ဦး ဖြစ်သည်။ ကျိုးယွမ်၏ ဖမ်းဆီးခြင်းကို ခံရပြီးနောက် တပည့်ဖြစ်သူမှာ ဝိညာဉ် ရှာဖွေခြင်းကို ခံခဲ့ရ၏။

တစ်ဖက်လူအား အလောင်းကို မီးရှို့ခြင်း၊ ဝိညာဉ်ကို ဖျက်ဆီးခြင်းနှင့် ပြာများကို လွှင့်ပစ်ခြင်း အပါအဝင် ပြီးပြည့်စုံသော ဝန်ဆောင်မှုတစ်ခု ပေးအပ်ပြီးနောက် ကျိုးယွမ်သည် တစ်ဖက်လူအဖြစ် ရုပ်ဖျက်ကာ လွတ်လပ်ပျော်ရွှင်ခြင်း ခန်းမသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

"ချူရှင်း... အတွင်းစည်းတပည့်... ဆရာ နျိုချင်းလိုင်... ရွှေအမြုတေအဆင့် အစောပိုင်း ကျင့်ကြံမှုအဆင့်..."

ဤသည်မှာ ချူရှင်း၏ အခြေခံ အချက်အလက်များ ဖြစ်သည်။

သူ၏ဆရာမှာ နျိုချင်းလိုင်ဖြစ်ကြောင်း ကျိုးယွမ် မြင်လိုက်ရချိန်တွင် သူ၏ မျက်လုံးများ ကျဉ်းမြောင်းသွား၏။

တစ်ဖက်လူရဲ့ ဆရာကို သတ်ပြီးတဲ့နောက် အခု သူ့ကိုပါ ငါ သတ်ရလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ... တိုက်ဆိုင်လိုက်တာ...။

အခန်း (၁၁၂) တန်ဖိုးမရှိတဲ့ ညီမလေး

"အစ်ကိုကြီးချူကို အရိုအသေပေးပါတယ်..."

လွတ်လပ်ပျော်ရွှင်ခြင်းခန်းမ၏ ဝင်ပေါက်တွင် ကျိုးယွမ် ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ဝင်ပေါက်တွင် တာဝန်ကျနေသော တပည့်သည် ချက်ချင်း လက်အုပ်ချီ အရိုအသေပေးလိုက်၏။

ကျိုးယွမ်သည် သူ၏ ခေါင်းကို မော့ကာ တိုက်ရိုက် လျှောက်လှမ်းသွားပြီး တံခါးစောင့် တပည့်နှစ်ဦးကို လုံးဝ လျစ်လျူရှုထားလိုက်သည်။

ကျိုးယွမ်က အရိုအသေ မပြန်ပေးခဲ့ခြင်း မဟုတ်ဘဲ ဝိညာဉ်ရှာဖွေခြင်းမှတစ်ဆင့် ဤအရူးသည် ပုံမှန်အားဖြင့် ဤကဲ့သို့ မောက်မာပြီး ခပ်တန်းတန်းနေတတ်သော စရိုက်ရှိကြောင်းကို ကျိုးယွမ် သိရှိထားသောကြောင့် ဖြစ်၏။

"မြင့်မြတ်ဟန်ဆောင်နေတာကို ရပ်လိုက်စမ်းပါ... မဟာအကြီးအကဲတောင် သေသွားပြီ... မင်းက တပည့်တွေကို လွှမ်းမိုးထားနိုင်တဲ့ မဟာအကြီးအကဲ တစ်ယောက်လို့ တကယ် ထင်နေတာလား..."

"ဟုတ်တယ်... ဆရာမရှိတဲ့ အတွင်းစည်း တပည့်တစ်ယောက်က ငါတို့ အပြင်စည်း တပည့်တွေလောက်တောင် လွတ်လပ်မှု မရှိပါဘူး..."

"အတွင်းစည်းက စီနီယာအစ်ကိုလီချန်ဟိုင်က သူ့ကို ကြည့်မရတာ ကြာပြီလို့ ငါ ကြားတယ်... အခု အကြီးအကဲနျိုရဲ့ အကာအကွယ် မရှိတော့ဘူးဆိုတော့ သူ့ကို ဘယ်သူ ကာကွယ်ပေးနိုင်မလဲ ကြည့်ကြသေးတာပေါ့..."

“စီနီယာအစ်ကိုလီချန်ဟိုင်က ဂိုဏ်းတူအစ်မကို သဘောကျနေတာ ဂိုဏ်းတစ်ခုလုံး သိကြတာပဲ... သူက အစ်ကိုကြီးချန်ဟိုင်နဲ့ ယှဉ်ပြိုင်ရဲတာ လုံးဝ သေလမ်းကို ရှာနေတာပဲ…”

ကျိုးယွမ်၏ စိတ်ဝိညာဉ်အာရုံက သူတို့၏ စကားပြောဆိုမှုကို ကြားလိုက်ရသဖြင့် သူ ခေါင်းယမ်းကာ ခါးသီးစွာ မပြုံးဘဲ မနေနိုင်ခဲ့ချေ။

တစ်ခုခုကို သူ မှတ်မိသွား၏။ ချူရှင်းတွင် ကလေးဘဝကတည်းက ချစ်သူတစ်ဦးဖြစ်သည့် ဂိုဏ်းတူညီမလေး တစ်ယောက်ရှိသည်။ ကျန်းဟုန်ယန်နှင့် အခြားတစ်ယောက်မှာ အချစ်ရေး ပတ်သက်မှု ရှိနေဆဲ ဖြစ်ပုံရပေသည်။

ဤအကြောင်းကို တွေးမိခြင်းက ကျိုးယွမ်ကို ချက်ချင်း ခေါင်းကိုက်သွားစေပြီး ထိုမိန်းမ လွတ်လပ်ပျော်ရွှင်ခြင်းခန်းမတွင် မရှိနေပါစေရန် သူ လျှို့ဝှက်စွာ ဆုတောင်းလိုက်၏

ငါက လွတ်လပ်ပျော်ရွှင်ခြင်း ခန်းမက အဲ့ဒီ ဘိုးဘေးကို လာသတ်ရုံသက်သက်ပါ... ကိစ္စပြီးတာနဲ့ ငါ ထွက်သွားမှာ... အချိန်အများကြီး ယူမှာ မဟုတ်ပါဘူး...။

သို့သော် ကျိုးယွမ် အကြောက်ဆုံးအရာမှာ တကယ် ဖြစ်လာခဲ့သည်။ အတွင်းဘက်ခြံဝင်းရှိ သူ၏ နေအိမ်သို့ ပြန်ရောက်သည်နှင့်တစ်ပြိုင်နက် အနီရောင် ပုံရိပ်တစ်ခု မဝေးလှသောနေရာတွင် ထွက်ပေါ်လာသည်ကို သူ မြင်လိုက်ရ၏။

ကျိုးယွမ် လုံးဝ အံ့သြမှင်တက်သွားပြီး လှည့်ကာ ချက်ချင်း ထွက်သွားချင်စိတ် ပေါ်လာသည်။ အဘယ်ကြောင့်ဆိုသော် ဤအမျိုးသမီးမှာ အခြားသူမဟုတ်ဘဲ ကျန်းဟုန်ယန်ပင် ဖြစ်နေသောကြောင့်တည်း။

"အစ်ကိုရှင်း... ပြန်ရောက်လာပြီလား... ဝမ်းသာလိုက်တာ... အစ်ကို့ကို ပြန်မတွေ့ရတော့ဘူးလို့တောင် ထင်နေတာ..."

ကျန်းဟုန်ယန်သည် ကျိုးယွမ်ကို မြင်လိုက်ချိန်တွင် သူမ၏ မျက်လုံးများ တောက်ပသွားပြီး ကျိုးယွမ်ဆီသို့ ချက်ချင်း ပြေးလာကာ သူ၏ ရင်ခွင်ထဲသို့ ခုန်ဝင်ချင်နေသည့်အလားပင်။

ကျိုးယွမ် လုံးဝ ဆွံ့အသွား၏။ သူ အခု လှည့်ပြီး ထွက်သွားလို့ မရဘူးလား။

သူ အဖြေမရှာနိုင်မီမှာပင် ထိုအမျိုးသမီးက သူ၏ ရင်ခွင်ထဲသို့ ခုန်ဝင်လာပြီး သူမ၏ လက်များက ကျိုးယွမ်၏ ခါးကို တင်းကျပ်စွာ ဖက်ထားလေ၏။

ကျိုးယွမ်၏ ခန္ဓာကိုယ်တစ်ခုလုံး အနည်းငယ် တောင့်တင်းသွားပြီး သူ၏ လက်များကို ဘာလုပ်ရမှန်းမသိဖြစ်ကာ ချူရှင်း၏ မှတ်ဉာဏ်များကို ပြန်လည်ခေါ်ယူရန် ကြိုးစားလိုက်သည်။

ကံကောင်းထောက်မစွာဖြင့် ကျိုးယွမ်သည် ချူရှင်း၏ မှတ်ဉာဏ်များကို အလျင်အမြန် ပြန်လည်ရယူနိုင်ခဲ့၏။

ကျန်းဟုန်ယန်သည် နျိုချင်းလိုင်၏ အငယ်ဆုံး တပည့်ဖြစ်သည်။ ချူရှင်း၏ မှတ်ဉာဏ်ထဲတွင် သူမသည် အခြေခံတည်ဆောက်ခြင်းအဆင့် အလယ်အလတ်အဆင့် ကျင့်ကြံမှုအဆင့်တွင် ရှိခဲ့သော်လည်း ယခုအခါ သူမသည် အခြေခံတည်ဆောက်ခြင်းအဆင့် နှောင်းပိုင်းသို့ ရောက်ရှိနေပြီ ဖြစ်၏။

ချူရှင်း မရှိသည့်အချိန်အတွင်း ဤဂိုဏ်းတူညီမလေးသည် အဆင့်တက်သွားခဲ့ပုံ ရပေသည်။

ကျန်းဟုန်ယန်ကို နျိုချင်းလိုင်က အလွန် ငယ်ရွယ်စဉ်ကတည်းက ခေါ်ယူမွေးစားခဲ့ခြင်းဖြစ်ပြီး ချူရှင်း၏ အရိပ်လေးတစ်ယောက် ဖြစ်လာခဲ့သည်။ ချူရှင်းက သူမကို ညီမလေးဟု အမြဲ ခေါ်လေ့ရှိ၏။

ချူရှင်း၏ မှတ်ဉာဏ်ထဲတွင် သူသည် ကျန်းဟုန်ယန်ကို သဘောမကျဘဲ ညီမလေး တစ်ယောက်လိုသာ သဘောထားပုံရသည်။

သို့သော် ကျန်းဟုန်ယန်က သူ၏ ညီမလေး မဖြစ်ချင်ဘဲ သူ၏ တာအိုလက်တွဲဖော် ဖြစ်ချင်ကြောင်း ပြောခဲ့၏။

သူ၏ ရင်ဘတ်မှ နူးညံ့သော အိစက်မှုကို ခံစားရသဖြင့် ကျိုးယွမ်မှာ ခါးသီးစွာ မပြုံးဘဲ မနေနိုင်ခဲ့ချေ။ ဤအတွက် သူ လုံးဝ ပြင်ဆင်မထားခဲ့ချေ။

"အစ်ကိုရှင်း... ဆရာလည်း မရှိတော့ဘူး... မဟာဆရာကြီးလည်း မရှိတော့ဘူး... အခုကစပြီး ငါ့မှာ အစ်ကိုပဲ ရှိတော့တယ်..."

ကျန်းဟုန်ယန်သည် ကျိုးယွမ်၏ ရင်ခွင်ထဲတွင် မှီခိုရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။

ကျိုးယွမ်က သက်ပြင်းချလိုက်သည်။ ဟန်ဆောင်မှုကို ဆက်လုပ်ရုံမှတစ်ပါး အခြား ရွေးချယ်စရာ မရှိတော့ကြောင်း သူ သိလိုက်၏။ သူက တည်ငြိမ်စွာ ပြောလိုက်သည်။

"ညီမလေး... စိတ်မပူပါနဲ့... ငါ ဒီမှာ ရှိနေသရွေ့ ဘယ်သူမှ မင်းကို အနိုင်ကျင့်လို့ မရဘူး..."

ကျန်းဟုန်ယန် ခေါင်းညိတ်လိုက်ပြီးနောက် ကျိုးယွမ်ကို ဘယ်ညာ အနံ့ခံကြည့်ကာ ကျိုးယွမ်၏ ရင်ခွင်ထဲမှ ထလာပြီး မျက်မှောင်ကြုတ်လျက် ပြောဆိုလိုက်သည်။

"အစ်ကိုရှင်း... အစ်ကို ရေမချိုးတာ ရက်အတော်ကြာပြီလား... အစ်ကို့ အနံ့က တစ်မျိုးကြီး ဖြစ်နေတယ်လို့ ခံစားရတယ်..."

ဤစကားကို ကြားချိန်တွင် ကျိုးယွမ် ချက်ချင်း အခက်တွေ့သွား၏။ သူ နေ့တိုင်း ရေချိုးသော်လည်း လူတိုင်း၏ ခန္ဓာကိုယ် အနံ့မှာ သိမ်မွေ့သော ကွာခြားချက်များ ရှိစမြဲပင်။

ဤကွာခြားချက်ကို သာမန်လူများ အများအားဖြင့် သတိမပြုမိကြသော်လည်း အလွန်ရင်းနှီးသော စုံတွဲများတွင်မူ သတိပြုမိနိုင်ပေသည်။

မျက်နှာတစ်ရာ ကျင့်စဉ်သည် သင်၏ အသွင်အပြင်ကို ပြောင်းလဲပေးနိုင်ပြီး သင်၏ စိတ်ဝိညာဉ်အာရုံကို ဖုံးကွယ်ပေးနိုင်သော်လည်း ၎င်းက သင်၏ ခန္ဓာကိုယ်အနံ့ကို လုံးဝ ပုံတူကူးယူနိုင်စွမ်း မရှိချေ။

ဤအချိန်တွင် ကျိုးယွမ်သည် မျက်နှာတစ်ရာ ကျင့်စဉ်၏ အားနည်းချက်ကို နောက်ဆုံးတွင် ရှာဖွေတွေ့ရှိသွားခဲ့သော်လည်း ၎င်းကို ပြုပြင်ရန် နည်းလမ်း မရှိသေးချေ။

သို့သော် ကျန်းဟုန်ယန်က သူ့ကို စမ်းသပ်နေခြင်း ဟုတ်မဟုတ် ကျိုးယွမ် မသေချာသဖြင့် တမင်သက်သက် တည်ကြည်သော မျက်နှာထားဖြင့် ပြောဆိုလိုက်သည်။

"ညီမလေး... မင်း လျှောက်ပြောနေပြန်ပြီ..."

"ငါ့ရဲ့ စွမ်းအားကို တိုးတက်စေဖို့ မကြာသေးမီက မိစ္ဆာသားရဲတွေကို လိုက်လံ အမဲလိုက်နေခဲ့တယ်... ဒါကြောင့် ငါ့ကိုယ်ပေါ်မှာ သူတို့ရဲ့ အနံ့တချို့ စွဲနေတာ ဖြစ်နိုင်တယ်..."

ဤစကားကို ကြားချိန်တွင် ကျန်းဟုန်ယန်က သိပ်မတုံ့ဆိုင်းဘဲ ခေါင်းညိတ်လိုက်၏။

"အစ်ကိုရှင်း... မဟာအကြီးအကဲက ပြောတယ်... အစ်ကို ပြန်ရောက်လာရင် သူ့ကို သွားတွေ့ဖို့ မမေ့နဲ့တဲ့... ဒါပေမဲ့ အသေးစိတ်ကိုတော့ ငါ မသိဘူး..."

ဤစကားကို ကြားချိန်တွင် ကျိုးယွမ် အနည်းငယ် အံ့အားသင့်သွားပြီးနောက် မေးလိုက်သည်။

"ညီမလေး... မဟာအကြီးအကဲက ကျဆုံးသွားပြီ မဟုတ်ဘူးလား..."

ကျန်းဟုန်ယန်က ရယ်မောလိုက်ပြီး ပြောဆိုလိုက်၏။

"အစ်ကိုရှင်း... အစ်ကို အရူးလား... ဒုတိယအကြီးအကဲက လက်ရှိ မဟာအကြီးအကဲလေ..."

ဤစကားကို ကြားချိန်တွင် ဤကိစ္စကို သူ မေ့နေခဲ့ကြောင်း ကျိုးယွမ် ရုတ်တရက် သဘောပေါက်သွားသည်။

"ဒါနဲ့ ညီမလေး... ဘိုးဘေးက သီးသန့် ကျင့်ကြံနေတာ ကြာပြီလေ... သူ ထွက်လာပြီလား..."

သူ၏ အဓိက ရည်ရွယ်ချက်ကို သတိရသွားသဖြင့် ကျိုးယွမ် မမေးဘဲ မနေနိုင်ခဲ့ချေ။

ဤစကားကို ကြားချိန်တွင် ကျန်းဟုန်ယန် ခေါင်းညိတ်လိုက်ပြီးနောက် ပြုံးကာ ပြောဆိုလိုက်သည်။

"အစ်ကိုရှင်း... သူ သီးသန့်ကျင့်ကြံရာကနေ ထွက်လာပါပြီ... ဘိုးဘေးက တပည့် အနည်းငယ် ထပ်ခေါ်ဖို့ စီစဉ်နေတယ်လို့ ငါ ကြားတယ်..."

"မကြာသေးမီက မဟာအကြီးအကဲကို ဘိုးဘေးက မကြာခဏ ခေါ်ယူ မေးမြန်းနေတယ်... ဘိုးဘေးက အတွင်းစည်း တပည့်တွေထဲက ရွှေအမြုတေအဆင့် ရှိသူ ငါးယောက်ကို တပည့်အဖြစ် ရွေးချယ်ချင်ပုံရတယ်..."

"အခု လွတ်လပ်ပျော်ရွှင်ခြင်းခန်းမ တစ်ခုလုံးက အတွင်းစည်း တပည့်တွေ အားလုံးက ဒါကို အနီးကပ် စောင့်ကြည့်နေကြတယ်... လျှို့ဝှက် ပြိုင်ဆိုင်မှုက အရမ်းပြင်းထန်တယ်..."

"မဟာအကြီးအကဲက အစ်ကို့ကို ဒီတစ်ကြိမ် ခေါ်တာက ဒီကိစ္စနဲ့ အများကြီး ပတ်သက်နေမယ်လို့ ငါ ထင်တယ်..."

ဤစကားကို ကြားချိန်တွင် ကျိုးယွမ် ချက်ချင်း မျက်မှောင်ကြုတ်သွားပြီး တစ်စုံတစ်ရာ မှားယွင်းနေကြောင်း ခံစားလိုက်ရ၏။

သိထားရမည်မှာ လွတ်လပ်ပျော်ရွှင်ခြင်းခန်းမ ဘိုးဘေး ပိုင်ချင်းဖျင်သည် မြောက်ပိုင်းမိုးမြို့တွင် ကိုယ်ပွားတစ်ခုကို ဆုံးရှုံးခဲ့ရကြောင်းပင်။

၎င်းမှာ စစ်မှန်သော ကိုယ်ပွား မဟုတ်သော်လည်း ကိုယ်ပွား ဆုံးရှုံးသွားခြင်းက သူ၏ စွမ်းအားကို များစွာ လျော့ကျသွားစေမည် ဖြစ်သည်။

ဤအချိန်တွင် သူ၏ ကျင့်ကြံခြင်းကို အာရုံစိုက်မည့်အစား သူက တပည့်များကို လက်ခံနေပြီး တစ်ကြိမ်တည်း ငါးယောက်တောင် လက်ခံနေသည်။ ၎င်းအားလုံးမှာ အတော်လေး ထူးဆန်းနေပုံ ရပေ၏။

သို့သော် အကယ်၍ ၎င်းမှာ အမှန်တကယ် ဖြစ်ပါက တစ်ဖက်လူနှင့် ပိုမို နီးကပ်ရန်က သူ့အတွက် သေချာပေါက် အခွင့်အရေးကောင်းတစ်ခု ဖြစ်ပေလိမ့်မည်။

သူ၏ အရှိန်အဝါဖုံးကွယ်ခြင်း ကျင့်စဉ်သည် အဆင့်လေးသို့ ရောက်ရှိနေပြီဖြစ်သည်။ အခြေတည်စိတ်ဝိဉာဥ် အထွတ်အထိပ်အဆင့် ရှိသူတစ်ဦးပင်လျှင် သူ၏ ကျင့်ကြံခြင်းအဆင့်ကို ထိုးဖောက် မမြင်နိုင်သဖြင့် သူ စိုးရိမ်စရာ ဘာမှမရှိချေ။

ဤအကြောင်းကို တွေးမိချိန်တွင် ကျိုးယွမ်၏ မျက်လုံးများထဲ၌ အေးစက်သော အရောင်တစ်ချက် လင်းလက်သွားပြီး သတ်ဖြတ်လိုသော ရည်ရွယ်ချက်တစ်ခု သူ့ထံတွင် မြင့်တက်လာ၏။

"ညီမလေး... မဟာအကြီးအကဲက အမိန့်ပေးထားတာဆိုတော့ ငါနဲ့ လိုက်ခဲ့ပေးမလား..."

ကျိုးယွမ်က ရယ်မောကာ ပြောဆိုလိုက်သည်။

ကျိုးယွမ်က ကျန်းဟုန်ယန်ကို ခေါ်ရခြင်းမှာ ချူရှင်း၏ မှတ်ဉာဏ်ထဲတွင် မူလ ဒုတိယအကြီးအကဲနှင့် ပတ်သက်၍ အလွန် ဝေဝါးနေကြောင်း သူ တွေ့ရှိခဲ့ရသောကြောင့် ဖြစ်၏။

တစ်ဖက်လူမှာ အမျိုးသမီးတစ်ဦးဖြစ်ပြီး အခြေတည်စိတ်ဝိညာဉ်အဆင့် နှောင်းပိုင်း ကျင့်ကြံမှုအဆင့် ရှိကြောင်းကိုသာ သူ သိရှိထားသည်။

ကျိုးယွမ် စိုးရိမ်သည်မှာ သူသည် တစ်ဖက်လူဆီသို့ လျှောက်သွားလျှင်ပင် သူတို့ကို မမှတ်မိဘဲ သံသယ ဖြစ်သွားမည်ကိုပင်။

ကျန်းဟုန်ယန်သည် ဤအကြောင်းကို သဘာဝကျစွာ မသိရှိခဲ့ချေ။ ချူရှင်း၏ စကားကို ကြားချိန်တွင် သူမ ချက်ချင်း ခေါင်းညိတ်လိုက်ပြီး ကျိုးယွမ်နှင့်အတူ တိုက်ရိုက် ထွက်သွားလေ၏။

ဤအချိန်တွင် ဖြတ်သန်းသွားလာရန်အတွက် ကျန်းဟုန်ယန်ကို သူ၏ဘေးတွင် ထားရှိခြင်းမှာ သိပ်မဆိုးကြောင်း ကျိုးယွမ် သဘောပေါက်သွားသည်။

သူတို့နှစ်ဦးမှာ ဓားများပေါ်တွင် ပျံသန်းသွားကြပြီး လေထဲတွင် ပေါလောပေါ်နေသော အဝေးရှိ ကျွန်းတစ်ကျွန်းဆီသို့ တိုက်ရိုက် ဦးတည်သွားကြသည်။

ဤကျွန်းသည် လွတ်လပ်ပျော်ရွှင်ခြင်း ခန်းမ၏ အဓိက တောင်ထွတ်ဖြစ်ပြီး ဂိုဏ်းချုပ်များနှင့် အကြီးအကဲများ နေထိုင်ရာ နေရာ ဖြစ်သည်။

နျိုချင်းလိုင်သည်လည်း ဤနေရာတွင် နေထိုင်ရန် အရည်အချင်း ပြည့်မီသော်လည်း ဤနေရာတွင် နေထိုင်ခြင်းက ဒုက္ခများစွာ ဖြစ်စေနိုင်သဖြင့် သူက ၎င်းကို စွန့်လွှတ်ခဲ့ခြင်း ဖြစ်၏။

မဟာအကြီးအကဲ ပိုင်ချင်းဖျင်အတွက်မူ သူသည် တောင်ထွတ်တစ်ခုတွင် တစ်ယောက်တည်း နေထိုင်ပြီး ၎င်းမှာ လွတ်လပ်ပျော်ရွှင်ခြင်းခန်းမ၌ ဝိညာဉ်စွမ်းအင် အစုစည်းဆုံး နေရာလည်း ဖြစ်ပေသည်။

All Chapters