← Chapters

အခန်း (၂၇၁-၂၇၂)

Vol. 28 Ch. 271-272

အခန်း (၂၇၁-၂၇၂)

Vol. 28 Ch. 271-272

🫧 Chapter 271

ဖူကျဲ၏ ပြောစကားအရ သူ၊ ချီယန်၊ ဟန်စစ်စစ်၊ သူတို့သုံးယောက်သည် ဤနေရာတွင် အစောဆုံး ပေါ်လာခဲ့ပြီး အသက်လု ရုန်းကန်ခဲ့ရသူများ ဖြစ်ကြ၏။

ဖူကျဲ သည် အားကစား ဘာသာရပ်ကို ကျွမ်းကျင်ပြီး ချီယန် နှင့် ဟန်စစ်စစ်တို့သည်ကား ဘာသာရပ်တိုင်းကို အနည်းငယ်စီတတ်ကျွမ်းကြသည်။

သို့သော် မိန်းကလေး ဝတ်စုံဝတ်ထားသော ချီယန်သည် သိပ္ပံကျောင်းသားဖြစ်ပြီး အင်္ဂလိပ်စာနှင့် ရူပဗေဒ ဘာသာရပ်များကို ပိုအားသန်ပေသည်။

ပခုံးလောက်ရှိသော ဆံပင်တိုနှင့် ဟန်စစ်စစ်မှာမူ ဝိဇ္ဇာကျောင်းသူဖြစ်ပြီး ဝိဇ္ဇာဘာသာရပ်များကို အားလုံးနီးပါး ဖြေဆိုနိုင်၏။

ကျောင်းတစ်ကျောင်းတည်းမှ ဖြစ်ကြသော်လည်း အစပိုင်းတွင် သူတို့သုံးယောက်ကြား ဆက်ဆံရေးမှာ သိပ်မချောမွေ့ခဲ့ပါချေ။

ထို့အပြင် တစ်ယောက်နှင့်တစ်ယောက် အမြင်မကြည်ကြဘဲ တစ္ဆေနယ်မြေကြောင့် မဖြစ်မနေပူးပေါင်းရလျှင်ပင် မျိုးစုံ သောငြင်းခုံမှုများ ဖြစ်ပေါ်ခဲ့ကြသည်။

သူတို့၏ မျက်လုံးထဲတွင် တစ်ယောက်နှင့်တစ်ယောက် မြင်နေရသော ပုံရိပ်များမှာ အောက်ပါအတိုင်းဖြစ်၏။

တစ်ယောက်က ခေါင်းပေါ်တွင် Iron man ကို တင်ထားသော မိမိကိုယ်ကို အထင်ကြီးသည့် ကလေးဆန်သူ ဖြစ်သည်။

(ဖူကျဲ)

တစ်ယောက်က မည်သူ့ကိုမဆို ကာကွယ်ရေးတံတိုင်း ခြားထားတတ်သော မိန်းမဝတ်စုံနှင့် အုံ့မှိုင်းမှိုင်း ယောကျ်ားလေး ဖြစ်၏။ (ချီယန်)

ထို့နောက် နောက်တစ်ယောက်ကတော့ ကိုယ့်လမ်းကိုယ်လျှောက်ပြီး သူများပြောချင်ရာပြော ဂရုမစိုက်တတ်သော ဆံပင်တိုလေးနှင့် ကောင်မလေးဖြစ်သည်။ (ဟန်စစ်စစ်)

ဤအဖွဲ့လေးမှာ ဘယ်လိုကြည့်ကြည့် ထူးဆန်းနေပေသည်။

သူတို့သုံးယောက်သည် အချိန်အတန်ကြာ ညှိနှိုင်းမှုများ ပြုလုပ်ပြီးနောက်မှသာ ယခုကဲ့သို့ အချင်းချင်း ယုံကြည်အားထားရသော သူငယ်ချင်းများ ဖြစ်လာခဲ့ကြခြင်းဖြစ်၏။

သို့သော် ထိုသို့ပင် ဖြစ်လင့်ကစား သူတို့သည် နေ့စဉ်နှင့်အမျှ အလွန် ခက်ခဲကြမ်းတမ်းစွာ ရှင်သန်နေကြရဆဲဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ သူတို့အားလုံးသည် စာညံ့သူများချည်းသာ ဖြစ်ကြရာ တစ်ယောက်ကိုတစ်ယောက်ဖြည့် ဆည်းပေးလျှင်ပင် မည်မျှအထိ ကောင်းမွန်နိုင်မည်နည်း။

သို့သော်လည်း ၎င်းမှာအမရှင်း ဤနေရာသို့ ရောက်လာသည့် အချိန်အထိပင် ဖြစ်၏။

"အမရှင်းက တိုက်ခိုက်ရေးစွမ်းရည်မှာဖြစ်ဖြစ်၊ စာသင်ယူတဲ့ ဘက်မှာဖြစ်ဖြစ် အရမ်းကိုအစွမ်းထက်တာ"

ဤအမရှင်း အကြောင်းကို ပြောလိုက်ချိန်တွင် ဖူကျဲတို့ သုံးယောက်၏မျက်လုံးများ အနည်းငယ် အရောင်လက်သွားကြတော့သည်။

အမရှင်း၏ အကူအညီကို ရရှိပြီးကတည်းက သူတို့နေ့ရက်များမှာ အနည်းငယ် ပိုအဆင်ပြေလာခဲ့ပြီး အကြောင်းပြချက် မရှိဘဲ သေဆုံးသွားမည်ကို စိုးရိမ်စရာမလိုတော့ပါချေ။

ထို့အပြင် ဤနေရာကို ပိုမို နက်ရှိုင်းစွာ စူးစမ်းရှာဖွေနိုင်လာပြီး ရှင်သန်နိုင်ရန် အခွင့်အရေးများ ပိုမိုရရှိလာခဲ့သည်။

အမရှင်း ယူဆောင်လာပေးခဲ့သည်မှာ တိုက်ခိုက်ရေးစွမ်းရည်နှင့်ပညာရပ်များသာမက မျှော်လင့်ချက်များလည်း ပါဝင်ပေသည်။

-----

"အမရှင်းကလွဲရင် ကျွန်တော်တို့ဆီမှာ ကျောင်းသား စုစုပေါင်း ခြောက်ယောက် ရှိတယ်၊ ကျန်တဲ့ သုံးယောက်ကလည်း ရောက်လာတာ သိပ်မကြာသေးဘူး" ဟု ဖူကျဲ က ပြောလိုက်၏။

လွန်ခဲ့သော ရက်အနည်းငယ်က အမရှင်းပြန်လာချိန်တွင် သူတို့နှင့် ရွယ်တူခန့်ရှိသော ကျောင်းသား သုံးယောက်ကို ထပ်မံ ခေါ်ဆောင်လာခဲ့သည်။

တိုက်ဆိုင်စွာပင် ထိုသုံးယောက်သည်လည်း ဖူကျဲတို့နှင့် ကျောင်းတစ်ကျောင်းတည်းမှ ဖြစ်ကြ၏။

ထို့အပြင် သူတို့သည်လည်း သေချာပေါက်စာညံ့သူများ ဖြစ်ကြပြီး အတန်းထဲတွင် အောက်ဆုံးမှအဖွဲ့လေးပင်။

သို့သော် အကြောင်းအရင်း တစ်ချို့ကြောင့် ဖူကျဲတို့နှင့် သိပ်မရင်းနှီးကြသကဲ့သို့ ဆက်ဆံရေးလည်း ကောင်းသည်ဟု မဆိုသာပါချေ။

သေချာသည်မှာ ဖူကျဲ တို့သည်လည်း ဘာမှနားမလည်သော ကလေးလေးများ မဟုတ်ကြတော့ပေ။

ဤနေရာ၏ထူးဆန်းမှုများကို ရှင်းလင်းစွာ သိရှိသွားပြီးနောက် အမရှင်း၏တည်ရှိမှုကလည်း ပါဝင်လာသောအခါ သူတို့သည် အသစ်ရောက်လာသော သုံးယောက်နှင့် သူငယ် ချင်းမဖြစ်နိုင်လျှင်ပင် တစ်နေရာတည်းတွင် အတူတကွ ကောင်းမွန်စွာ နေထိုင်ပြီး အမရှင်း၏ အစီအစဉ်များကို နာခံရန်မှာ ဤအချက်လောက်ကိုတော့ သူတို့ လုပ်ဆောင်နိုင်ကြပေသည်။

'......'

ထိုချိန်တွင် ကျန်းလင် သည် ဖူကျဲတို့ သုံးယောက်နှင့်အတူ မြေပြင်ပေါ်တွင် ထိုင်ကာ ထိုအမရှင်းပြန်လာမည့်အချိန်ကို စောင့်ဆိုင်းနေ၏။

အကယ်၍ သူ ခန့်မှန်းတာ မမှားခဲ့လျှင် ထိုအမရှင်းမှာ ဤတာဝန်ကို ပထမဆုံးလက်ခံရယူခဲ့သော ဝိညာဉ်တမန်တော် ဖြစ်လောက်ပေသည်။

"မင်းတို့ မသိပါဘူး၊ အဲဒီတုန်းက ငါ တံခါးကြားကနေ အပြင်ကို တစ်ချက် လှမ်းကြည့်လိုက်တာ၊ သောက်ကျိုးနည်း အရမ်းကြီးတဲ့ ခြေထောက်ကြီး တစ်ချောင်းကို တွေ့လိုက်ရတာပဲ"

ကျန်းလင် နှင့် သူ၏ အကြောင်းများကို ပြောပြီးနောက် ဖူကျဲ သည် ချီယန် တို့အား သူ ယခုလေးတင် ကြုံတွေ့ခဲ့ရသည်များကို စတင်ပြောပြနေတော့သည်။

သူသည် တစ်ဖက်မှ ပြောရင်း တစ်ဖက်မှလည်း လက်ဖြင့် ဟန်အမူအရာများလုပ်ပြနေ၏။

"အဲဒီခြေထောက်ကြီးက အနည်းဆုံး လူနှစ်ယောက် ဖက်ထားရင်တောင် မမီနိုင်ဘူး၊ ကာတွန်းကားတွေထဲက ဘီလူး ကြီးတွေနဲ့ အရမ်းတူတာပဲ၊ ခြေတစ်ချက် နင်းလိုက်တာနဲ့ အိမ်တွေကိုတောင် ပြားချပ်သွားစေနိုင်တယ်"

"ကံကောင်းလို့ စွမ်းအားရှင်ကြီးက ကယ်တင်ပေးခဲ့တာ၊ ဒါကြောင့်မလို့ ဘာမှမလုပ်ရဘဲ အနိုင်ရခဲ့တာ ဟားဟားဟား"

ချီယန် သည် နားထောင်ရင်း မနေနိုင်ဘဲ "မင်းကိစ္စက အရမ်း အန္တရာယ်များတာပဲ"

ဟန်စစ်စစ် သည်လည်း ဘေးမှနေ၍ မျက်မှောင်ကြုတ်လိုက်ကာ "နောက်တစ်ချိန် ရူပဗေဒ အတန်းကျရင် မင်း မဖြစ်မနေ သိထားရမယ့် အချက်အလက်တွေကို မြန်မြန် မှတ်ထားဦး"

ထိုအခါ ဖူကျဲ၏ ဟန်အမူအရာ လုပ်နေသော လှုပ်ရှားမှုများမှာ တောင့်တင်းသွားပြီး "ဒါက အမရှင်းမှ ပြန်မလာသေးတာကိုး"

ကျန်းလင် ဤသုံးယောက်ကို တိတ်ဆိတ်စွာ ကြည့်နေသည်။

သူတို့ ယခင်က တစ်ယောက်နှင့်တစ်ယောက် မည်သို့ အမြင်မကြည်ခဲ့ကြသော်လည်း အတူတကွ ပူးပေါင်းခဲ့ရသည့် မြင်ကွင်းကို စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှပေသည်။

သို့သော် တွေးကြည့်လျှင် အတော်လေး စိတ်ဝင်စားစရာ ကောင်းလောက်မည် ဖြစ်၏။

စကားပြောနေစဉ် ကျန်းလင် နှင့် ဟန်စစ်စစ်တို့သည် ညာဘက် ကောင်းကင်ယံဆီသို့ ရုတ်တရက် ကြည့်လိုက်ကြသည်။

ထိုဘက် ကောင်းကင်အစွန်းတွင် အနီရောင် အရိပ်တစ်ခု ပေါ်လာတော့၏။

ထို့ပြင်လက်တစ်ဖက်ဖြင့် ကျောင်းသား တစ်ယောက်ကို ခါးမှ ဆွဲပွေ့ထားသေးသည်။

"အမရှင်းပဲ"

ဟန်စစ်စစ် တို့သည် တစ်ယောက်ပြီးတစ်ယောက် မတ်တတ် ရပ်လိုက်ကြပြီး "အမရှင်း ပြန်လာပြီ" ဟု အော်လိုက်ကြသည်။

ထိုအနီရောင် အရိပ်၏အမြန်နှုန်းမှာ အလွန် မြန်ဆန်လှ၏။

ခဏအကြာတွင် အနီရောင် မီးခိုးများရှိရာ လမ်းကြောင်းအတိုင်း သူတို့ ရှိနေသော နေရာသို့ ရောက်ရှိလာတော့သည်။

သူမသည် ခါးမှ ဆွဲပွေ့လာသော လူနှစ်ယောက်ကို အောက်ချပေးပြီးနောက်မှ ခေါင်းမော့လာ၏။

သူမ၏အသွင်ပြင်မှာ ငွေရောင်ကဲ့သို့ ဖြူဖွေးနေသော ဆံပင်အရှည်များကို တစ်ဝက်ချထားပြီး တစ်ဝက်ကို ဆံထိုးဖြင့် ထုံးဖွဲ့ထားကာ၊ အနီရဲရဲဝတ်ရုံမှာမီးတောက်များ လောင်ကျွမ်း နေသကဲ့သို့ ရှိနေပြီး အစွန်းတစ်ဝိုက်တွင် မီးပွားလေးများပင် ပါဝင်နေသေးသည်။

မျက်ခုံးနှင့် မျက်လုံးများမှာ ပန်းချီကားတစ်ချပ်ကဲ့သို့ လှပပြီး အသားအရေမှာ ဆီးနှင်းများကဲ့သို့ ဖြူဖွေးနေ၏။

အထူးသဖြင့် ထိုမျက်လုံးအစုံမှာ အလွန်လှပလွန်းလှပေသည်။

သူမသည် ထိုနေရာတွင် တိတ်ဆိတ်စွာ ရပ်နေရုံဖြင့် သစ်ခွ ပန်းကဲ့သို့ ကျက်သရေရှိပြီး သန့်စင်ကာလောကီအညစ် အကြေးများနှင့် ကင်းကွာနေသကဲ့သို့ လှပနေပေသည်။

ကုန်ကုန်ပြောရလျှင် ရှေးခေတ်က မင်းသမီးလေး တစ်ပါး ပန်းချီကားထဲမှ ထွက်လာသကဲ့သို့ပင်။

----

[ဘုရားရေ၊ ဒါက အရမ်းကို လှလွန်းနေပြီ မရတော့ဘူး ရင်ခုန်သွားပြီ]

[သောက်ကျိုးနည်း၊ ငါ မိန်းကလေး တစ်ယောက်တောင် ကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် ရှက်မိတယ် ခေတ်သစ်က အင်တာနက် နာမည်ကြီး မျက်နှာတွေနဲ့ လုံးဝမတူဘူး]

Streamer ၏ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲရှိ ကြည့်ရှုသူများသည် အတော်ကြာအောင် ကြောင်အမ်းသွားပြီးနောက်မှ သတိပြန်ဝင်လာကြတော့သည်။

အတန်ကြာမှသာ တစ်စုံတစ်ယောက်က group ထဲတွင် သူ၏ အမြင်ကို ရေးသားလိုက်၏။

ဤရုပ်ရည်သွင်ပြင်၊ ဤကျက်သရေ လူများကို အကြည့်မလွှဲနိုင်အောင်ပင် ပြုလုပ်ထားတော့သည်။

လူတို့သည် လှပသော အရာများအပေါ်တွင် အမြဲတမ်း အထူး မျက်နှာသာပေးတတ်ကြသည်လေ။

ကြည့်ရှုရသည်မှာ စိတ်ချမ်းသာစေသည်ဆိုသည်မှာ ဤသို့ပင် ဖြစ်လောက်ပေသည်။

[တောင်ကြားထဲက သစ်ခွပန်းလေးလိုမြင့်မြတ်ပြီး ကြော့ရှင်း လိုက်တာ၊ ဒါက သေချာပေါက် ဝိညာဉ်တမန်တော်ပဲ ဖြစ်ရမယ်၊ ဒီလို ကျက်သရေမျိုးက သာမန်လူတွေ ပိုင်ဆိုင်နိုင်တဲ့ အရာမျိုး မဟုတ်ဘူး]

[မင်းသမီးလေးခင်ဗျာ၊ ကိုယ်ရံတော် သူရဲကောင်း လိုအပ်ပါသေးလား]

[ဟင့်ဟင့်ဟင့်၊ မျှော်လင့်ထားတဲ့အတိုင်းပဲ လှပချောမောတဲ့ သူတွေ အားလုံးက ငရဲပြည်ကို ရောက်သွားကြတာပဲ]

[တကယ်ပါပဲ၊ လှပချောမောတဲ့ သူတွေက နိုင်ငံတော်ဆီ အပ်နှံခံလိုက်ရတာပဲ]

ငရဲပြည်၏သမိုင်းကြောင်းမှာ အလွန်ရှည်လျားလှပေသည်။

ရှေးခေတ်မှစ၍ လှပချောမောသော အမျိုးသား၊ အမျိုးသမီး အများအပြား သေဆုံးခဲ့ကြ၏။

အကယ်၍ အားလုံးသာရှိနေသေးပါက ထိုနေရာသည် အမှန်တကယ်ပင် အလှအပများ စုဝေးရာနေရာ ဖြစ်ပေလိမ့်မည်။

သို့သော် ထိုအရာများ အားလုံးက ငရဲပြည်တွင် ရှိနေသည်လေ။

တကယ်ကို အဝေးမှသာ ကြည့်ရှုနိုင်ပြီး အနားမကပ်ရဲသော အရာများပင် ဖြစ်တော့သည်။

ထိုအခါ ကြည့်ရှုသူများသည် သူတို့၏အတွေးများကို ပြောင်းလဲလိုက်ရတော့၏။

[နိုင်ငံတော်က ကျွန်တော့်ကို ဇနီးလေးတစ်ယောက် ချထားပေးဖို့ ဒီနေရာကနေ တောင်းဆိုပါတယ်၊ ဖြစ်နိုင်လော ? မရဘူးဆိုရင် မနက်ဖြန် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းမှာ ထပ်သွားမေးမယ်]

[ကျွန်မလည်း ချောမောတဲ့ ခင်ပွန်းလေး တစ်ယောက် တောင်းဆိုပါတယ်]

[+၁]

----

တစ္ဆေနယ်မြေထဲတွင်

ထိုအနီရောင် အရိပ်ကို ရှင်းလင်းစွာ မြင်လိုက်ရသောအခါ ကျန်းလင်သည်လည်း အနည်းငယ် ကြောင်အမ်းသွားခဲ့၏။

'ဒါက ပထမဆုံး တာဝန်ကို လက်ခံရယူခဲ့တဲ့ ဝိညာဉ်တမန်တော်လားဟ ဒီမီးတောက်လို နီရဲနေတဲ့ ဝတ်ရုံကို ငါ ဘယ်နေရာမှာ မြင်ဖူးခဲ့တာလဲဟင်'

ကျန်းလင် သေချာ ပြန်လည် စဉ်းစားကြည့်လိုက်ရာ တောင်ဘက်နန်းဆောင်သို့ စတင် ရောက်ရှိချိန်က အကြောင်းကို ရုတ်တရက် သတိရသွားတော့သည်။

ပျံသန်းနေသော အတောင်ပံအများအပြားကြားတွင် ဤကဲ့သို့သော ဝတ်ရုံမျိုးကို မြင်ဖူးခဲ့၏။

၎င်းမှာ တစ္ဆေချီများဖြင့် ဖန်တီးထားပြီး လောင်ကျွမ်းနေသော မီးတောက်များနှင့် တူသည့် အဝတ်အစားပင်။

ထိုစဉ်က သူနှင့် အရှေ့ဘက်နန်းဆောင်မှ အခြားသော ဝိညာဉ်တမန်တော်များသည် ဤအရာကို မည်သို့ ပြုလုပ်ထားသနည်း ဟု ခန့်မှန်းနေခဲ့ကြသေးသည်လေ။

ယခုအခါ သူသည် တောင်ဘက်နန်းဆောင်၏ အခြေခံ ကျင့်ကြံခြင်း လမ်းညွှန်စာအုပ်ကို ဖတ်ရှုပြီးနောက် ထိုအဝတ် အစား၏ အခြေခံသဘောတရားများကို အတိုင်းအတာ တစ်ခုအထိ နားလည်နေပြီ ဖြစ်၏။

"အမရှင်း ဒါက" ဖူကျဲ သည် ရှေ့သို့ လျှောက်သွားလိုက်သည်။

သူက မိတ်ဆက်ပေးရန် ပြင်လိုက်သော်လည်း အမရှင်း သည် ကျန်းလင်ကို ကြည့်ကာ ရုတ်တရက် "ဒီတစ်ခါ နေရာ ဘယ်နှနေရာ ဖွင့်ပေးထားသလဲ" ဟု မေးလိုက်သည်ကို မြင်လိုက်ရ၏။

သူမ၏အသံမှာ ပုလဲလုံးလေးများ ကျောက်စိမ်းလင်ပန်းပေါ်သို့ ကျဆင်းသွားသကဲ့သို့ အလွန်နားထောင်လို့ ကောင်းလှပေသည်။

ကျန်းလင် သူမကို အကဲခတ်နေချိန်တွင် သူမသည်လည်း ကျန်းလင် မည်သူမည်ဝါ ဖြစ်ကြောင်းကို ခန့်မှန်းမိသွားသည်မှာ ထင်ရှားလှ၏။

"ဆယ်နေရာပါ" ကျန်းလင်က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

"ဒါပေမယ့် အတိအကျ ဘယ်နှယောက်လာလဲ ဆိုတာကိုတော့ ကျွန်တော် မသိဘူး"

ရှင်းယာ ခေါင်းညိတ်လိုက်ပြီး များများစားစား မမေးတော့ချေ။

"ငါက ပထမဆုံး ရောက်လာတာ၊ ငါ့ကို ရှင်းယာလို့ ခေါ်လို့ရတယ်"

"ကျန်းလင်" ကျန်းလင်က ပြောလိုက်၏။

သူတို့နှစ်ဦး၏စကားဝိုင်းမှာ အလွန် တိုတိုရှင်းရှင်း ဖြစ်ပြီး ဘေးလူများ ကြားလျှင်မူ အလွန်နားလည်ရခက်နေပေလိမ့်မည်။

သူတို့ ဘာတွေ ပြောနေကြတာလဲ။

'......'

ဖူကျဲ တို့သုံးယောက်သည် ဘယ်ကြည့် ညာကြည့်ဖြင့် 'ဒီနှစ်ယောက်က သိနေကြတာလား စွမ်းအားရှင်ကြီးတွေ ဖြစ်နေကြလို့များလား' ဟု တွေးနေမိကြတော့သည်။

'ဘယ်တော့များမှ ငါတို့က စွမ်းအားရှင်ကြီးတွေရဲ့ ကမ္ဘာထဲကို ဝင်ရောက်နိုင်မှာပါလိမ့်’

🫧 Chapter 272

ကျန်းလင်နှင့် ရိုးရှင်းစွာ မိတ်ဆက်ပြီးနောက် ရှင်းယာ သည် ကောင်းကင်ပေါ်ရှိ စာလုံးများကို တစ်ချက်ကြည့်လိုက်၏။

"မကြာခင် အတန်းစတော့မယ်၊ အသေးစိတ် အခြေအနေကို နောက်မှ မင်းကို ဆက်ပြောပြမယ်"

ပထမဆုံး တာဝန်ကို လက်ခံရယူခဲ့သော်လည်း တာဝန်ကို ပြီးမြောက်အောင် မဆောင်ရွက်နိုင်ခဲ့သော ဝိညာဉ်တမန်တော် တစ်ပါးအနေဖြင့်၊ သူမတွင် အခြားသော ဝိညာဉ်တမန်တော်များအား သိရှိထားသော တာဝန်အခြေအနေများကို ပြောပြရန်တာဝန်ရှိပေသည်။

၎င်းမှာ သူတို့ကို တာဝန်အကြောင်း ပိုမိုမြန်ဆန်စွာ နားလည်စေရန်နှင့် တာဝန်ကို ပြီးမြောက်အောင် ကူညီပေးရန်အတွက် ဖြစ်၏။

ထိုအခါ ကျန်းလင် ခေါင်းကို အနည်းငယ် ညိတ်လိုက်ပြီး များများစားစား မပြောတော့ချေ။

ထို့နောက် ရှင်းယာ အော်ဟစ်လိုက်သည်ကို သူ မြင်တွေ့လိုက်ရသည်။

"လူစုမယ်"

နောက်တစ်စက္ကန့်တွင် ဖူကျဲ အပါအဝင် ကျောင်းသား ခြောက်ယောက်စလုံးသည် ပြိုင်တူ မတ်တတ်ရပ်လိုက်ကြတော့၏။

သူတို့သည် ရှင်းယာ ၏ရှေ့တွင် တစ်တန်းတည်း ရပ်ကာ ဘယ်မှညာသို့ အမှတ်စဉ် စတင် ရေတွက်ကြသည်။

"တစ်"

"နှစ်"

"သုံး"

------

"ခြောက်"

နောက်ဆုံး၌ကျောင်းသား ခြောက်ယောက်စလုံး အမှတ်စဉ် ရေတွက်၍ ပြီးသွားကြ၏။

ရှင်းယာ သည် ခေါင်းညိတ်လိုက်ပြီး မျက်နှာအမူအရာမှာ တည်ငြိမ်နေဆဲ ဖြစ်သော်လည်း ထွက်ပေါ်လာသော စကား လုံးများတွင်မူ ငြင်းဆန်၍ မရနိုင်သော အရှိန်အဝါတစ်ခု ပါဝင်နေပေသည်။

"နောက်တစ်ချိန်က ရူပဗေဒ အတန်းပဲ၊ ငါ မင်းတို့ကို အလွတ် ကျက်ခိုင်းထားတဲ့ မဖြစ်မနေ သိထားရမယ့် အချက်အလက်တွေကို မှတ်မိသေးရဲ့လား"

"အခု ငါ စပြီးမေးမယ်"

သူမ၏အကြည့်များသည် ရှေ့ရှိ ကျောင်းသား တစ်တန်းလုံးကို ဖြတ်သန်းသွားပြီးနောက် နောက်ဆုံးတွင် ဖူကျဲ အပေါ်သို့ ကျရောက်သွားကာ မေးလိုက်၏။

"ဖူကျဲ၊ အရှိန်မြှင့်ခြင်း ဖော်မြူလာက ဘာလဲ"

ရုတ်တရက် အမေးခံလိုက်ရသဖြင့် ဖူကျဲ မှာ ချက်ချင်း တစ်ကိုယ်လုံး တောင့်တင်းသွားပြီး "a=(vt-vo)/t ပါ" ဟု ပြန်ဖြေလိုက်သည်။

'ကံကောင်းလို့ ကံကောင်းလို့၊ ဒါကိုတော့ သူ မှတ်မိနေသေးတယ်၊ ထွက်ပြေးဖို့ မရှိမဖြစ် လိုအပ်တာကိုး'

သက်ပြင်းတစ်ချက် ချလိုက်ရုံရှိသေး၊ ရှင်းယာ ထံမှ ထပ်မံ ထွက်ပေါ်လာသော စကားကို ကြားလိုက်ရပြန်၏။

"ဆွဲငင်အား ပမာဏကို ဘယ်လို ရှာရမလဲ"

'ဆွဲငင်အား ပမာဏ ဟုတ်လား ဆွဲငင်အားလား'

ဖူကျဲ သည် ခဏမျှ စဉ်းစားလိုက်ပြီး သူ အရင်က ကျက်ဖူးသကဲ့သို့ ခံစားနေရသည်။

သို့သော် ဘာများပါလိမ့်။

သူ ခေတ္တမျှ စဉ်းစား၍ မရဘဲ နဖူးမှ ချွေးအေးများပင် ထွက်လာတော့၏။

ယခင်က ကျောင်းတွင် အတန်းတက်ချိန်ကပင် ဤမျှ မစိုးရိမ်ခဲ့ဖူးပါချေ။

အမရှင်း၏ ဖိအားပေးနိုင်စွမ်းမှာ အလွန် အားကောင်းလွန်းလှပေသည်။

ရုတ်တရက် ဖူကျဲ ခေါင်းထဲတွင် အလင်းတစ်ချက် လက်သွားပြီး "ကျွန်တော် သိပြီ၊ G=mg ပါ" ဟု ဖြေလိုက်သည်။

ရှင်းယာ က ခေါင်းညိတ်လိုက်ပြီး "အင်း၊ ခဏနေရင် မင်း ချီယန်ရဲ့နောက်ကို သေချာလိုက်ခဲ့၊ တတ်နိုင်သမျှ တစ်ယောက် တည်း ခွဲမထွက်သွားစေနဲ့"

ဤလူများထဲတွင် ချီယန်၏ ရူပဗေဒမှာ အနည်းငယ် အားသာချက်ရှိသည်ဟု ဆိုနိုင်ပေသည်။

အကယ်၍ အတန်းတက်ချိန်တွင် အားလုံးအတူတကွ ရှိနေမည်ဆိုပါက ပြဿနာ မရှိပါချေ။

သူမ သရဲတစ်ဦးတည်းဖြင့်ပင် ထိုမေးခွန်းများ အားလုံးကို ကာကွယ်ပေးထားနိုင်မည် ဖြစ်သည်။

သို့သော် ဤတစ္ဆေနယ်မြေ၏ အတန်းတက်ချိန်တွင် 'စည်းမျဉ်း' တစ်ခု ရှိနေ၏။

၎င်းမှာ အတန်းတက်ချိန် တိုင်းတွင် ကျပန်း အတန်းခွဲခြားခြင်းပင်။

ယခင် သင်္ချာ အတန်းချိန်က ဖူကျဲသည် တစ်ယောက်တည်း သီးသန့် ခွဲထုတ်ခံလိုက်ရခြင်း ဖြစ်ပေသည်။

ဤအခြေခံ ပညာရပ် အချက်အလက်များကို ဤကလေးများ ကိုယ်တိုင်မှတ်မိနေစေရန် မဖြစ်မနေ လုပ်ဆောင်ရမည် ဖြစ်၏။

သူမသည် အကြိမ်တိုင်း အချိန်မီရောက်ရှိနိုင်မည် မဟုတ်ပါချေ။

ထို့အပြင် အတန်းထဲတွင် မေးခွန်းမေးချိန်၌ သူမက ကူညီဖြေဆိုပေးခဲ့လျှင်ပင် စာမေးပွဲဖြေဆိုချိန်တွင် သူတို့ကိုယ်သူတို့သာ အားကိုးရမည် ဖြစ်သည်မဟုတ်လော။

……

ထို့နောက် ရှင်းယာသည် အခြားသူများကို ဆက်လက် ကျပန်းမေးမြန်းတော့၏။

"ဟန်စစ်စစ်၊ စက်မှုရွေ့လျားမှု ဆိုတာ ဘာလဲ"

"အမြန်နှုန်း မှာ ဘယ်လို ထူးခြားချက်တွေ ရှိလဲ"

"နယူတန် ရဲ့ တတိယ နိယာမက ဘာလဲ"

……

ရှင်းယာ မေးမြန်းနေချိန်တွင် အခြားသူများကလည်း တိတ်ဆိတ်စွာ နားထောင်နေကြသည်။

မှတ်မိပြီးသား သူများက တစ်ခေါက် ပြန်လည် နွှေးနိုင်ပြီး မေ့သွားသူများက ချက်ချင်းပြန်မှတ်ထားနိုင်ကြ၏။

ထိုသို့လုပ်နေကြသည်မှာနောက်တစ်ချိန် အတန်းတက်ရန် ခေါင်းလောင်းသံ ထွက်ပေါ်လာသည့် အချိန်အထိတိုင်အောင် ဖြစ်တော့သည်။

'ဒေါင် ဒေါင်'

'ဒေါင် ဒေါင်'

အတန်းတက် ခေါင်းလောင်းသံနှင့် အတူ လူတိုင်းသည် ကျောပြင်ကို မတ်မတ် ထားလိုက်ကြပြီး ကြီးမားသော ရန်သူနှင့် ရင်ဆိုင်ရတော့မည့် အသွင်အပြင်မျိုးဖြစ်သွားကြ၏။

ထိုအခါ"အဆင်သင့် ပြင်ထားကြ" ဟု ရှင်းယာ က အော်လိုက်သည်။

ဖူကျဲ တို့ သုံးယောက်သည်လည်း ချက်ချင်းပင် လက်ချင်းချိတ်ကာ ရှင်းယာ အနီးသို့ တိုးကပ်သွားကြတော့၏။

အခြား ကျောင်းသား သုံးယောက်သည်လည်း ထိုအတိုင်း လိုက်လုပ်ကာ ရှင်းယာအနီးသို့ ချဉ်းကပ်သွားကြသည်။

သို့သော် သူတို့ အချင်းချင်းကြားရှိ နားလည်မှုမှာ ဖူကျဲတို့လောက် မအားကောင်းပါချေ။

'အတန်းတစ်တန်းတည်းမှာ အတူတူကျပါစေလို့ မျှော်လင့်ပါတယ်' ဟု ကျောင်းသားများသည် တိတ်တဆိတ် ဆုတောင်းနေကြ၏။

နောက်ဆုံးတွင် ခေါင်းလောင်းသံ ရပ်တန့်သွားကာ ကျန်းလင် သည် ပတ်ဝန်းကျင်ရှိ လေထုမှာ လှိုင်းဂယက်များ စတင် ထလာပြီး ဝါးတားတား ဖြစ်လာသည်ကို တွေ့ရှိလိုက်ရတော့၏။

'ဒါက အတန်းစတော့မှာလော ယခင်တစ်ကြိမ်က စာသင်ခန်း ဟာ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ ဖြစ်ခဲ့တယ်၊ ဒီတစ်ခါရော ဘယ်နေရာမှာ ဖြစ်မလဲ'

ပတ်ဝန်းကျင် အခြေအနေများ ပြောင်းလဲသွားတော့မည့် နောက်ဆုံး အခိုက်အတန့်တွင် ရှင်းယာ ၏ လေးနက်သော စကားတစ်ခွန်းကို ကျန်းလင် ကြားလိုက်ရ၏။

"အစွမ်းကုန် ကြိုးစားပြီး အသက်ရှင်အောင်နေကြပါ၊ နောက် ဆုံးအချိန်အထိ သေချာပေါက် ရုန်းကန်ရမယ်နော်"

"ကိုယ့်ကိုယ်ကိုယ် လက်မလျှော့လိုက်ပါနဲ့ မျှော်လင့်ချက်ကိုလည်း လက်မလျှော့လိုက်ပါနဲ့ လက်လျှော့လိုက်ရင် တစ် ယောက်ယောက်က မင်းကို ကယ်တင်ချင်ရင်တောင် ဆွဲထားနိုင်ဖို့ ခက်ခဲသွားလိမ့်မယ်"

……

ကျန်းလင်သည် ရှင်းယာက ဤကလေးများအား မည်သည့်အရာကို လက်ဆင့်ကမ်းပေးချင်နေသည် ဆိုတာကို အကြမ်း ဖျင်း ခံစားသိရှိနိုင်ပေသည်။

သို့သော် ဤကလေးများက နားလည်နိုင်မည်လော၊ သူတို့၏ ရှင်သန်ချင်စိတ်က တကယ်ပဲ ပြင်းထန်ပါ၏လော ဆိုသည်ကိုတော့ သူ မသိပါချေ။

တစ္ဆေနယ်မြေထဲသို့ မဝင်ရောက်မီ ကျန်းလင် သည် တာဝန်ပေးစင်တာထံမှ အဓိက အချက်အလက်နှစ်ခုကို ရရှိခဲ့၏။

'ဆရာ' ၊ 'စာမေးပွဲ' ပင် ဖြစ်သည်။

သို့သော် ဤတစ္ဆေနယ်မြေထဲသို့ ဝင်ရောက်လာသည်မှ ယခုအချိန်အထိ တစ်လျှောက်လုံး အကဲခတ်ကြည့်ပြီးနောက် ကျန်းလင် သည် ဤတစ္ဆေနယ်မြေအတွက် နောက်ထပ် အဓိက စကားလုံး တစ်ခုကို ထပ်မံ ပေါင်းထည့်သင့်သည်ဟု ထင်မြင်မိသည်။

၎င်းမှာ 'ရှင်သန်ချင်စိတ်' ပင် ဖြစ်၏။

ပြင်းထန်သော ရှင်သန်ချင်စိတ် မရှိပါက ဤတစ္ဆေနယ်မြေထဲမှ အသက်ရှင်လျက် ထွက်ခွာသွားရန် အလွန် ခက်ခဲပေလိမ့် မည်။

……

"အား အား အား"

ပြီးခဲ့သည့် အချိန်ကက မြေဝါပေါ်တွင် ခြေချထားသော် လည်း နောက်တစ်စက္ကန့်တွင် ဖူကျဲသည် လျင်မြန်စွာ အောက်သို့ ပြုတ်ကျနေသည်ကို ခံစားလိုက်ရတော့၏။

ပတ်ပတ်လည်တွင် တဝီဝီမြည်နေသော လေတိုက်သံများသာ ရှိပြီး လက်နှစ်ဖက်နှင့် ခြေနှစ်ဖက်မှာ မည်သည့်အရာကိုမျှ အားပြုစရာ မရှိပါချေ။

သေချာ အာရုံစိုက်၍ ကြည့်လိုက်ရာ 'သောက်ကျိုးနည်း ဒါက အပြာရောင် ကောင်းကင်နဲ့ တိမ်ဖြူတွေ မဟုတ်ဘူးလား'

ထို့နောက်အောက်ဘက်သို့ ထပ်မံ ကြည့်လိုက်ရာ အောက်ခြေကို မမြင်ရလောက်အောင် နက်ရှိုင်းနေပြီး တိမ်ဖြူများသာ လွင့်မျောနေ၏။

၎င်းတို့သည်လက်ဖြင့် ဝှေ့ယမ်းလိုက်ပါက ပြန့်ကျဲသွားပြီး လုံးဝ ဖမ်းဆုပ်ထား၍ မရနိုင်ပါချေ။

ပြုတ်ကျသည့် အရှိန်မှာ မြန်ဆန်လွန်းလှသဖြင့် ဖူကျဲ သည် မျက်လုံးများကို ပြန်လည် ပိတ်ထားလိုက်ရတော့သည်။

သူ ရွှံ့ဗွက်အိုင် တစ်ခုလို ပိပြားသွားတော့မည်လော ဟု သံသယ ဝင်နေချိန်မှာပင်

'ဖတ်'

သူသည် ပျော့အိအိ အရာတစ်ခုပေါ်သို့ တိုက်ရိုက် ကျဆင်းသွားတော့၏။

အလွန် ဆွဲဆန့်နိုင်စွမ်း ရှိနေပုံပေါ်သည်။

"ဒါကရော ဘာပုံစံ ကြီးလဲဟ" ဖူကျဲ သည် ဖြည်းညင်းစွာ မျက်လုံးဖွင့်လာပြီး မျက်လုံးအစုံမှာ ကြောင်အမ်းနေ၏။

ယခုအချိန်တွင် သူသည် နှစ်မီတာခန့် ရှည်လျားသော တိမ်တိုက် တစ်ခုပေါ်တွင် မှောက်လျက်သား ဖြစ်နေသည်။

ပတ်ပတ်လည်၊ အထက်အောက် နေရာတိုင်းတွင် တူညီသော တိမ်တိုက်များသာ ရှိနေ၏။

မျက်စိတစ်ဆုံး ကြည့်လျှင်ပင် အစွန်းကို မမြင်ရပါချေ။

'လေထဲမှာ အတန်းတက်ရမှာလား မေးခွန်းမဖြေနိုင်ရင် ပြုတ်ကျပြီး သေရမှာလား'

'ဒီလောက်တောင် ခက်ခဲရတာလား'

ဖူကျဲ ခန္ဓာကိုယ်မှ ချွေးအေးများ ချက်ချင်းပင် ပျံထွက်လာတော့၏။

ထိုအချိန်မှာပင် သူ့ကိုယ်အောက်ရှိ တိမ်တိုက်သည် ရုတ်တရက် အနီရောင် အလင်းတန်းများ တောက်ပလာတော့သည်။

ထို့နောက်စာကြောင်း တစ်ကြောင်းသည် အပေါ်တွင်ပေါ်လာ ၏။

[ပုံတွင် ပြထားသည့်အတိုင်း၊ အလျားလိုက် စားပွဲခုံပေါ်တွင် တင်ထားသော သစ်သားတုံး A သည် ငြိမ်သက်နေသော အခြေအနေတွင် ရှိသည်။ ချိတ်ဆွဲထားသော အလေးတုံးနှင့် ဗန်း၏ စုစုပေါင်း ဒြပ်ထုမှာ 0.6 kg ဖြစ်ပြီး စပရိန်အလေး ချိန်တိုင်း ကိရိယာ၏ ဖတ်ရှုချက်မှာ 2N ဖြစ်သည်။ ပူလီ၏ ပွတ်တိုက်အားကို ထည့်သွင်း မတွက်ချက်ပါက၊ အကယ်၍ ဗန်းထဲမှ... ကို ဖြည်းညင်းစွာ ယူလိုက်လျှင်...]

ဖူကျဲ သည် ထိုစာကြောင်းများကို ကြည့်လိုက်၊ ဘေးရှိ ပုံကို ကြည့်လိုက် လုပ်နေ၏။

ဘေးရှိ ပုံကို ကြည့်လိုက်၊ ထိုစာကြောင်းများကို ကြည့်လိုက်ဖြင့် သူ ခေါင်းထဲတွင် တစ်ဟုန်ထိုး မူးဝေလာတော့သည်။

'မင်းမေကြီးတော်၊ သူ နားလည်သလိုလိုနဲ့ နားမလည်သလိုလို ဖြစ်နေပြီ'

'ဒီတစ်ခါ သူ ဘယ်သူနဲ့ တစ်တန်းတည်း ကျသွားတာလဲ'

'သူ တစ်ယောက်တည်း ဖြစ်နေတာတော့ မဟုတ်လောက်ပါဘူးနော်'

ဖူကျဲ သည် တိမ်တိုက်၏ အစွန်းသို့ အမြန် မှောက်သွားလိုက်ပြီး ပတ်ဝန်းကျင်ကို သတိကြီးစွာ ကြည့်ရှုကာ လည်ချောင်းကွဲမတတ် အော်ဟစ်လိုက်၏။

"လူ ရှိ လား"

"ဘယ်သူ ရှိ သေး လဲ"

"အမရှင်း၊ ဟန်စစ်စစ်၊ ချီယန်"

"'သူက သာမန်ကျောင်းသားလေး တစ်ယောက်ပါပဲဘာလို့ ပိတိထားခံရတာလဲ'

အခု ဤနေရာတွင် သူ ထွက်ပြေးချင်လျှင်ပင် လုံးဝပြေးလို့ မရနိုင်တော့ပါချေ။

All Chapters