← Chapters

အခန်း (၂၇၃-၂၇၄)

Vol. 28 Ch. 273-274

အခန်း (၂၇၃-၂၇၄)

Vol. 28 Ch. 273-274

🫧 Chapter 273

"ဟယ်လို ဟယ်လို လူရှိကြသေးလား"

ဖူကျဲ တိမ်တိုက်ပေါ်သို့ ပြုတ်ကျသွားချိန်တွင် ကျန်းလင် သည်လည်း တိမ်ဖြူတစ်အုပ်ပေါ်၌ ပေါ်လာခဲ့၏။

ပတ်ပတ်လည်ကို ကြည့်လိုက်ရာ တိမ်ဖြူအစုအဝေးများသာ ရှိနေပေသည်။

သူ ဤတစ်ကြိမ်၏ ပတ်ဝန်းကျင်ကို အကဲခတ်နေစဉ်မှာပင် ခြေအောက်ရှိ တိမ်ဖြူသည် ရုတ်တရက် အနီရောင်အလင်း တန်းများ တောက်ပလာတော့သည်။

ထို့နောက် ရူပဗေဒ မေးခွန်းတစ်ခုပေါ်လာ၏။

[ပုံတွင် ပြထားသည့်အတိုင်း၊ အလျားလိုက် မျက်နှာပြင်ပေါ်တွင် တင်ထားသော ဝတ္ထု A သည် ပုံသေ ပူလီမှတစ်ဆင့် အလေးချိန် 10N ရှိသော ဝတ္ထု B ကို ချိတ်ဆွဲထားသည် ဝတ္ထု A နှင့် စားပွဲပြင်ကြားရှိ အများဆုံး တည်ငြိမ် ပွတ်တိုက်အားမှာ 4N ဖြစ်ကြောင်း သိရှိရပါက]

[ဒီတစ်ခါ အတန်းက တိမ်တွေပေါ်မှာတဲ့၊ တကယ် မိုက်တာပဲ]

[ကောင်းကင်ပေါ်မှာ စာမေးပွဲဖြေရမယ် မင်းမေကြီးတော်၊ ငါ့ရဲ့ အမြင့်ကြောက်ရောဂါတောင် ထလာပြီ သိပ်ကြောက်စရာကောင်းတာပဲ]

Streamer ၏ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲရှိ ကြည့်ရှုသူများသည်လည်း ထိုရူပဗေဒ မေးခွန်းကို မြင်တွေ့လိုက်ရ၏။

မူလက ပတ်ဝန်းကျင်ကိုသာ လေ့လာနေကြသော ကြည့်ရှုသူများသည် ချက်ချင်းပင် လုပ်စရာ ကိစ္စတစ်ခု ရှာတွေ့သွားကြတော့သည်။

ထို့ကြောင့် အကြမ်းဖတ် စက္ကူများကိုဖွင့်ကာ သွက်လက်စွာ တွက်ချက်နေကြ၏။

ပြီးနောက်အဖြေများကို group ထဲသို့ ပေးပို့လိုက်ကြသည်။

[ဒီမေးခွန်း ငါရတယ်၊ B ကို ရွေး]

[ရှာတွေ့ပြီ ရှာတွေ့ပြီ၊ အဖြေက B ပဲ]

မဖြေတတ်သော ကြည့်ရှုသူများသည်လည်း လေ့လာရေး App မျိုးစုံကို အသုံးပြုကာ အဖြေကို အမြန် ရှာဖွေနေကြ၏။

Streamer သည် သူတို့၏အဖြေများကို မလိုအပ်သော်လည်း ဤသို့ လုပ်ဆောင်ခြင်းက သူတို့ကို ပါဝင်ပတ်သက်နေရသည့် ခံစားချက်မျိုး ရရှိစေပေသည်။

မည်သို့ပင်ဆိုစေ Streamer က သူ့အလုပ်ကို အလုပ်ရှုပ်နေချိန်တွင် သူတို့ကလည်း သူတို့ဘာသာ ပျော်ရွှင်စွာ ကစားနေကြခြင်းသာ ဖြစ်၏။

တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်းထဲတွင် ကျန်းလင်သည် အမှန်တကယ်ကိုပင် မေးခွန်းဖြေရန် ကြိုးစားခြင်းမရှိပါချေ။

[ဒါမှ ငါတို့ရဲ့ Streamer ပဲ၊ ချသာ ချလိုက်]

ကျန်းလင် သည် ခြေအောက်ရှိ မေးခွန်းကို တစ်ချက် ကြည့်ပြီးနောက် အကြည့်ကို လွှဲဖယ်လိုက်သည်။

ယခင်က မေးခွန်းမဖြေလျှင် အလုပ်သမားများ၏ ဝိုင်းဝန်း တိုက်ခိုက်မှုကို ခံရမည် ဖြစ်ပြီး ယခုတစ်ကြိမ်တွင်ရော ဘာဖြစ်လာမည်နည်း။

များမကြာ ကျန်းလင် အဖြေကို သိရှိသွားတော့၏။

ခြေအောက်ရှိ အနီရောင်တောက်ပနေသော တိမ်တိုက်သည် တစ်ချက် လက်သွားသည်။

နောက်ဆုံး မေးခွန်းဖြေဆိုချိန် ကုန်ဆုံးသွားပြီးနောက် တိမ်တိုက် တစ်ခုလုံးသည် ရုတ်တရက် ဝါးတားတား ဖြစ်လာတော့၏။

ထို့နောက် ရုတ်တရက် အပိုင်းပိုင်းအစစ ကွဲထွက်သွားကာ မီးခိုးငွေ့များကဲ့သို့ ပျောက်ကွယ်သွားတော့သည်။

'အား အား အား'

လန့်ဖျပ်အော်ဟစ်သံသည် တိမ်တိုက်များကြားတွင် ပဲ့တင်ထပ်သွား၏။

သို့သော် ထိုအသံမှာ ကျန်းလင် အော်ဟစ်လိုက်ခြင်း မဟုတ်ပါချေ။

ထိုတိမ်တိုက် အပိုင်းပိုင်း ကွဲထွက်သွားပြီးနောက်တွင်လည်း ကျန်းလင် လေထဲ၌ တိတ်ဆိတ်စွာ ရပ်တန့်နေဆဲ ဖြစ်သည်။

ဤတိမ်တိုက် ရှိနေခြင်း၊ မရှိခြင်းက သူ့အတွက် မည်သည့် သက်ရောက်မှုမျှ မရှိပေ။

ဤမြင်ကွင်းကို မြင်သောအခါ Streamer ၏ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲရှိ ကြည့်ရှုသူများသည် အံ့သြချီးကျူးသွားကြ၏။

ထို့အပြင် အနည်းငယ် ဂုဏ်ယူဝင့်ကြွားနေကြသည်။

[မင်းတို့က ဘာတွေလဲ၊ ငါတို့ရဲ့ Streamer ကမှ တကယ့် Cheat code သုံးထားတာကွ]

[ဒီနေရာက Streamer အတွက်တော့ ကစားကွင်း တစ်ခုနဲ့ အတူတူပဲ]

[ဘယ်ကံဆိုးတဲ့ ကလေး အော်နေတာလဲ မေးခွန်းမဖြေနိုင်လို့ များလား ငါဒီရူပဗေဒ အတန်းခေါင်းဆောင်ရဲ့ အခန်းကဏ္ဍက အသုံးဝင်လာပြီ မဟုတ်လား]

[ဒါဆိုရင် ငါ့ရဲ့ ရူပဗေဒ ပြိုင်ပွဲမှာ ထိပ်ဆုံးဆယ်ယောက် စာရင်းဝင်ထားတာကိုလည်း ချန်ထားခဲ့လို့ မရဘူးလေ]

[ငါ့ရဲ့ ရူပဗေဒ App က ဘာပြောလိုက်လို့လဲ၊ မင်းတို့က ဒီနေရာမှာ လာပြီး ကြွားနေကြတာ]

ထိုအော်ဟစ်သံသည် ကျန်းလင် ညာဘက်အောက်ခြေရှိ တိမ်တိုက်များထဲမှ ထွက်ပေါ်လာခြင်း ဖြစ်၏။

ကျန်းလင် ရှိနေသော နေရာနှင့် အတော်လေး ဝေးကွာပြီး မည်သည့် ကျောင်းသား တစ်ယောက်ယောက် ထိုတိမ်တိုက်များပေါ်တွင် ရှိနေခြင်း ဖြစ်လောက်ပေသည်။

ကျန်းလင် သည် အသံလာရာဘက်သို့ ပျံသန်းသွားရန် ပြင်လိုက်ချိန်တွင် ပတ်ဝန်းကျင်ရှိ တိမ်တိုက်များသည် သူ့ဘက်သို့ တဖြည်းဖြည်း ချဉ်းကပ်လာကာ ဝိုင်းရံလာသည်ကို တွေ့ရှိလိုက်ရတော့သည်။

သူ့ကို ပိတ်လှောင်ထားချင်သည့် ပုံစံမျိုးပေါက်နေပြီး သူ့ကို လိုက်လံ ဖမ်းဆီးကာ မေးခွန်းဖြေခိုင်းချင်သည့် ပုံစံမျိုးလည်း ပေါက်နေ၏။

ကျန်းလင် ထိုတိမ်တိုက်များကို ရှောင်ကွင်းသွားပြီးနောက် ခန္ဓာကိုယ် အတွင်းရှိ စွမ်းအားများကို တစ်ချက် အာရုံခံကြည့်လိုက်သည်။

'ဖိနှိပ်ထားတဲ့ ခံစားချက်က ထပ်ရောက်လာပြန်ပြီ'

တောင်ဘက်နန်းဆောင်ရှိ ထိုအထူး နယ်မြေများ၏ ဖိနှိပ်မှုထက်ပင် အနည်းငယ် ပိုအားကောင်းနေသေးသည်။

ခန္ဓာကိုယ် အတွင်းရှိ တစ္ဆေချီများမှာ ပိတ်ဆို့နေသကဲ့သို့ ဖြစ်နေပြီး ချောမွေ့စွာ စီးဆင်းနိုင်ခြင်း မရှိပါချေ။

တကယ်တော့ ယခင် ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် ရှိနေစဉ်ကတည်းက ကျန်းလင် ခံစားမိခဲ့ပြီးဖြစ်သည်။

သို့သော် ထိုစဉ်က ဖိနှိပ်နိုင်စွမ်းမှာ ဤမျှလောက် အားမကောင်းခဲ့ပါချေ။

ဤအရာက ဘာသာရပ်အပေါ် မူတည်၍ဆုံးဖြတ်ခြင်းလော၊ သို့မဟုတ် ပတ်ဝန်းကျင်အပေါ် မူတည်၍ပြောင်းလဲသွားခြင်းလော ဆိုသည်ကိုတော့ သူ မသိပေ။

သို့မဟုတ် အတန်းတစ်ချိန်စီ၏ခက်ခဲမှု အဆင့်အတန်းအပေါ် မူတည်၍ ဆုံးဖြတ်ခြင်းများလော။

'ဒါကြောင့်ကိုး'

ကျန်းလင်ခေါင်းထဲတွင် ရှင်းယာ ဝတ်ဆင်ထားသော ထိုမီးတောက်လို နီရဲနေသည့် ဝတ်ရုံကို မြင်ယောင်လာတော့၏။

သူမက အဘယ်ကြောင့် ဤဝတ်ရုံကို အမြဲတမ်းဝတ်ဆင်ထားသနည်း ဆိုသည်မှာ ဤတစ္ဆေနယ်မြေ၏ ဖိနှိပ်မှုကို ခုခံရန်အတွက် ဖြစ်လောက်ကာတစ္ဆေချီများ ကန့်သတ်ခံရမှုကို လျှော့ချရန်အတွက်ဖြစ်၏။

မည်သို့ပင်ဆိုစေ သူမသည် ကျောင်းသားအချို့ကိုလည်း ကာကွယ်ပေးရဦးမည်လေ။

အကယ်၍ အချိန်တိုင်း ကန့်သတ်ခံနေရမည်ဆိုပါက သဘာဝကျကျပင် ကောင်းမွန်စွာ စွမ်းဆောင်နိုင်မည် မဟုတ်ပါချေ။

ကျန်းလင် တွင်မူ ထိုမျှလောက် စိုးရိမ်ပူပန်စရာ မရှိပါချေ။

သူသည် ဤတစ္ဆေနယ်မြေသို့ ယခုမှ စတင် ရောက်ရှိလာခြင်း ဖြစ်ပြီး အရာအားလုံးကို လေ့လာစောင့်ကြည့်ခြင်းနှင့် စူးစမ်းရှာဖွေခြင်း အပေါ်တွင်သာ အဓိကထား လုပ်ဆောင်နေ၏။

ထို့ကြောင့် သူသည် ခန္ဓာကိုယ် ပတ်ပတ်လည်တွင် စီးဆင်းနေသော တစ္ဆေချီ တစ်လွှာကိုသာ ထပ်မံထည့်သွင်းလိုက်ပြီး အတွင်းရှိ တစ္ဆေချီများ စီးဆင်းမှုကို အနည်းငယ် ချောမွေ့သွားစေရန် ပြုလုပ်လိုက်သည်။

ထို့နောက် စောစောက အော်ဟစ်သံ ထွက်ပေါ်လာရာ နေရာသို့ ဆက်လက် ပျံသန်းသွားတော့၏။

ရုတ်တရက် အနက်ရောင် အလင်းတန်းများ တောက်ပနေသော တိမ်တိုက်တစ်ခုသည် ကျန်းလင် ရှိရာဘက်သို့ တည့်မတ်စွာ လွင့်မျောလာတော့သည်။

ဝင်တိုက်မိတော့မည့် နောက်ဆုံး စက္ကန့်လေးတွင် ကျန်းလင် သည် အရှိန်မြှင့်ကာ ဘေးမှ ပွတ်တိုက်၍ကျော်ဖြတ်သွားလိုက်၏။

သို့သော် သူ့အင်္ကျီလက်စွန်းသည် ပေါ့ပါးစွာ လွင့်မျောနေသော အနက်ရောင် တိမ်တိုက်နှင့် အနည်းငယ် ထိမိသွားသည်။

'ဝုန်း'

ထိုအခါအနက်ရောင် တိမ်တိုက် တစ်ခုလုံးသည် ခလုတ်နှိပ်ခံလိုက်ရသော ဗုံးတစ်လုံးကဲ့သို့ချက်ချင်းပင် ပေါက်ကွဲထွက်သွားတော့၏။

ကျန်းလင်သည် သူ့ အင်္ကျီလက်စွန်းကို တစ်ချက် ကြည့်လိုက်ပြီး ဘေးရှိ အနက်ရောင် တိမ်တိုက် ပေါက်ကွဲသွားပြီးနောက် ကျန်ရစ်ခဲ့သော အနက်ရောင် မီးခိုးငွေ့များကို ထပ်မံ ကြည့်လိုက်ကာဆွံ့ဆအသွားတော့သည်။

'......'

စောစောက ပေါက်ကွဲမှုမှာ အင်အား မသေးလှပါချေ။

အကယ်၍ ထိုကျောင်းသားများသာ ထိမိသွားမည် ဆိုပါက ခန္ဓာကိုယ်တစ်ဝက်လောက်က လွင့်ထွက်သွားမည်မှာ သေချာပေသည်။

ကျန်းလင် အမြန်နှုန်းကို တိုးမြှင့်လိုက်ပြီး တစ်ချိန်တည်းမှာပင် ခန္ဓာကိုယ် ပတ်ပတ်လည်တွင် စီးဆင်းနေသော တစ္ဆေချီကိုလည်း နောက်ထပ် တစ်လွှာ ထပ်မံ တိုးမြှင့်လိုက်တော့၏။

ကြည့်ရသည်မှာ ဤရူပဗေဒ အတန်းက အနည်းငယ် ခက်ခဲမည့်ပုံ ပေါ်ပေသည်။

'အား'

ဖူကျဲ တိမ်တိုက်ပေါ်သို့ ဖင်ထိုင်လျက် ကျသွား၏။

နာကျင်မှုတော့ မရှိသော်လည်း အလွန်လန့်ဖျပ်သွားခဲ့သည်။

စောစောက ထိုရူပဗေဒ မေးခွန်းကို သူ သဘာဝကျကျပင် ဖြေဆိုနိုင်ခဲ့ခြင်း မရှိပါချေ။

အမရှင်း အမြဲတမ်း သူတို့ကို သွန်သင်ပေးခဲ့သော အယူအဆများကို တွေးမိသောအခါ ဖူကျဲ နောက်ဆုံးအနေဖြင့် အနည်းငယ် ရုန်းကန်ကြည့်လိုက်သေး၏။

မေးခွန်း၏ အောက်ဘက်တွင် 'ဖြေ' ဟု ရေးလိုက်ပြီး ကော်လံသင်္ကေတ (:) တစ်ခုကိုပါ ထည့်သွင်းလိုက်သည်။

သူ မှတ်မိသမျှ ရူပဗေဒ ဖော်မြူလာများ အားလုံးကို ဖြည့်သွင်းရေးသားလိုက်၏။

သို့သော် ၎င်းမှာ အချိန်ကို အနည်းငယ် ပိုဆွဲထားနိုင်ရုံမျှသာ ဖြစ်သည်။

အဖြေမထွက်လာသည်နှင့် တိမ်တိုက်ကြီးသည် ကွဲကြေသွားတော့သည်။

ကောင်းကင်ယံမှ ပြုတ်ကျလာသည့် အခိုက်အတန့်တွင် ဖူကျဲ ဤတစ်ကြိမ်တော့ သူ သေရပြီဟု ထင်မှတ်ထားခဲ့၏။

မထင်မှတ်ထားဘဲ ကံကောင်းစွာဖြင့် အောက်ဘက်ရှိ အခြား တိမ်တိုက်တစ်ခုပေါ်သို့ အတိအကျ ပြုတ်ကျသွားခဲ့သည်။

အသက်ကိုတော့ ယာယီ ကယ်တင်နိုင်လိုက်ပြီ ဖြစ်၏။

သို့သော် အခြေခံ အကျဆုံး ပြဿနာမှာ တည်ရှိနေဆဲပင် ဖြစ်သည်။

'သူက မေးခွန်းမှ မဖြေတတ်တာ'

တစ်မိနစ်ခန့် အနားယူပြီးရုံရှိသေး သူ့ ကိုယ်အောက်ရှိ တိမ်တိုက်သည် အနီရောင် အလင်းတန်းများ ထပ်မံတောက် ပလာပြန်၏။

စောစောကထက် စာကြောင်းရေ ပိုမိုများပြားသော ရူပဗေဒ မေးခွန်းများသည် တစ်ကြောင်းပြီးတစ်ကြောင်း ဖြည်းညင်း စွာ ပေါ်ထွက်လာတော့သည်။

ယင်းအချိန်မှာပင် ဖူကျဲစိတ်ထဲတွင် ရုတ်တရက် ပြင်းထန်သော အန္တရာယ် ခံစားချက် တစ်ခု ဖြစ်ပေါ်လာတော့၏။

ထို့ပြင် သူ့နှလုံးသားကလည်း အလွန်အမင်း ခုန်ပေါက်လာ သောကြောင့် သူသည် ခေါင်းမော့ကာ ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်သည်။

ဤတိမ်ပင်လယ်ထဲတွင် ငါးမန်းကဲ့သို့သော အရာများ ထွက်လာဦးမည်လော။

ထိုသို့ဆိုလျှင်မူ သူ သေချာပေါက် သေလမ်းသာ ရှိတော့မည် ဖြစ်၏။

သို့သော် ငါးမန်းကို မတွေ့ရဘဲ သူ့ အမြင်အာရုံထဲတွင် အနက်ရောင် တိမ်တိုက် တစ်ခုပေါ်လာသည်ကို မြင်တွေ့လိုက်ရသည်။

ဖူကျဲ ဤနေရာ၏ ထူးဆန်းမှုများကို တွေးမိလိုက်သောအခါ ကောင်းသော ကိစ္စတော့ မဖြစ်နိုင်ကြောင်း သေချာသွား၏။

သူ၏ ခေါင်းထဲတွင် မိုးကြိုးမုန်တိုင်း တစ်ခုက သူ၏ ခေါင်းပေါ်သို့ 'ဒိုင်း ဒိုင်း' မိုးကြိုးပစ်ချမည့် မြင်ကွင်းကို ချက်ချင်း မြင်ယောင်လာတော့သည်။

"လျှပ်စစ်ရှော့ခ်တွေပါ လာဦးမှာလားကွ ငါ ဘာအကုသိုလ်တွေများ လုပ်ခဲ့မိလို့လဲ"

ထိုအနက်ရောင် တိမ်တိုက်သည် ဤဘက်သို့ ဆက်လက် လွင့်မျောလာနေသည်ကို မြင်သောအခါ ဖူကျဲသည် တစ်ချက် တုန်ယင်သွားပြီး လျင်မြန်စွာ မတ်တတ်ရပ်လိုက်၏။

'ဘာမေးခွန်းတွေ လာဖြေနေဦးမှာလဲ'

အနက်ရောင် တိမ်တိုက်ကို မည်သို့ ရှောင်ရမလဲ ဆိုသည်ကို အရင် စဉ်းစားရမည်။

မည်သို့ပင်ဖြစ်စေ ထိုမေးခွန်းကို သူ မည်မျှ စဉ်းစားစဉ်းစား ဖြေနိုင်မည် မဟုတ်ပါချေ။

ဖူကျဲ ပတ်ဝန်းကျင်ကို တစ်ပတ် လှည့်ကြည့်လိုက်ပြီး သူ၏ ဦးနှောက်ကို အလွန် လျင်မြန်စွာ အလုပ်လုပ်စေလိုက်၏။

မေးခွန်းဖြေခြင်း၊ စာကျက်ခြင်းမျိုး မဟုတ်သရွေ့ သူ၏ ဦးနှောက်က အတော်လေး အသုံးဝင်လှပေသည်။

ထို့အပြင် စောစောက ဖြစ်ရပ်က သူ့အား အကြံတစ်ခု ရသွားစေခဲ့၏။

ဖူကျဲ ၏ အကြည့်များသည် မလှမ်းမကမ်းရှိ တိမ်တိုက်ပေါ်သို့ ကျရောက်သွားပြီးနောက် တဖြည်းဖြည်း နီးကပ်လာနေသော အနက်ရောင် တိမ်တိုက်ကို ထပ်မံကြည့်လိုက်သည်။

ထို့နောက် သွားကိုကြိတ်ကာ စိတ်ထဲတွင် ဆုံးဖြတ်ချက် ချလိုက်တော့၏။

ဘယ်လိုပဲဖြစ်ဖြစ် မေးခွန်းမဖြေနိုင်သရွေ့ ဒီအတန်းချိန်က သူ့ကို လွယ်လွယ်ကူကူ လွှတ်ပေးမည် မဟုတ်ပါချေ။

ခြေအောက်ရှိ တိမ်တိုက်သည် တစ်ချက် လက်သွားကာ မေးခွန်းဖြေဆိုချိန် ပြီးဆုံးတော့မည် ဖြစ်၏။

ဖူကျဲ သည် တိမ်တိုက်၏ အစွန်းသို့ သွားကာ ခုန်ထွက်ရန် ဟန်ပြင်လိုက်သည်။

ထို့နောက်တိမ်တိုက် ကွဲကြေမသွားမီ အခိုက်အတန့်လေးတွင် အပြင်ဘက်သို့ ခုန်ထွက်လိုက်တော့၏။

သူသည် တစ်ခဏအတွင်းမှာပင် လေပြင်းတစ်ချက်ကဲ့သို့ တိမ်တိုက်ပေါ်မှ ထွက်ခွာသွားတော့သည်။

ထို့နောက်လျင်မြန်စွာ အောက်သို့ ပြုတ်ကျသွားတော့၏။

Bungee jump ခုန်ရတာတောင် ဤမျှလောက်လောက် စိတ်လှုပ်ရှားစရာ ကောင်းမည် မဟုတ်ပါချေ။

လူအများက Bungee jump ခုန်လျှင် အနည်းဆုံး ကြိုးတစ်ချောင်းတော့ ချည်ထားသေးသည်။

'ငါ အခုလုပ်‌နေတာက တကယ်ကို အသက်နဲ့ ရင်းပြီး လောင်းကြေးထပ်နေတာပဲ'

ဤတစ်ချက် ခုန်လိုက်မှုသည် နှစ်မီတာခန့် အကွာအဝေးအထိ ရောက်ရှိသွား၏။

ဖူကျဲ သည် မျက်လုံးများကို ပိတ်မထားဘဲ အောက်ဘက်ရှိ တိမ်တိုက်များကို မျက်လုံးပြူးကာ စိုက်ကြည့်နေတော့သည်။

အထက်မှ ခုန်ချလာချိန်တွင် လမ်းခုလတ်၌ အမှားအယွင်း တစ်ခုခု ဖြစ်သွားမည်ကို သူ အလွန် ကြောက်ရွံ့နေမိသည်။

ကံကောင်းစွာဖြင့် သူ၏ ကံကြမ္မာက အတော်လေး ကောင်းမွန်နေသေး၏။

ခန္ဓာကိုယ် အပေါ်ပိုင်းသည် တိမ်တိုက်တစ်ခုပေါ်သို့ အတိအကျ ပြုတ်ကျသွားခဲ့သည်။

ထိုအခါသူသည် ချက်ချင်းပင် လူးလှိမ့်ကာ အမြန် တွယ်တက်လိုက်တော့၏။

သို့သော် သူ နောက်သို့ တစ်ချက် လှည့်ကြည့်လိုက်ရာ လန့်ဖျပ်ပြီး တိမ်တိုက်ပေါ်မှ ပြန်လည် ပြုတ်ကျလုမတတ် ဖြစ်သွားတော့၏။

ထိုအနက်ရောင် တိမ်တိုက်ကြီးသည် အနောက်မှ လိုက်လာနေသည်လေ။

'ဒါက သူ့ကို အသေသတ်ဖို့ လိုက်နေတာပဲ'

"ရပ် ရပ်တော့"

ဖူကျဲ သည် တံတွေးမြိုချလိုက်ပြီး ပါးစပ်မှ ထစ်အစွာဖြင့်

"ကျုပ်တို့ သေချာလေး စကားပြောကြရအောင်၊ အကြမ်းမဖက်နဲ့လေ" ဟု အော်ပြောလိုက်၏။

သူသည် တစ်ဖက်မှ ပြောရင်း တစ်ဖက်မှလည်း နောက်သို့ ဆုတ်နေသည်။

နောက်ထပ် ခုန်ကူးရန် တိမ်တိုက်ကို ရှာမတွေ့မီမှာပင် ထိုအနက်ရောင် တိမ်တိုက်ကြီးသည် တည့်မတ်စွာ လွင့်မျောလာတော့၏။

ပြီးနောက်တစ်ခဏအတွင်းမှာပင် အနက်ရောင် တိမ်တိုက်နှင့် အဖြူရောင် တိမ်တိုက်တို့ ဝင်တိုက်မိသွားကြတော့သည်။

'ဝုန်း’

🫧 Chapter 274

အနက်ရောင်တိမ်တိုက်နှင့် အဖြူရောင်တိမ်တိုက်တို့ ဝင်တိုက်မိပြီးနောက် 'ဝုန်း' ကနဲ မြည်ဟည်းသွားတော့၏။

ကြည့်နေစရာပင် မလိုပါချေ၊ သေချာပေါက် ပေါက်ကွဲသွားခြင်းပင် ဖြစ်သည်။

မှိုပွင့်ပုံစံ မီးခိုးလုံးကြီးများပင် ထွက်ပေါ်လာလောက်ပေသည်။

သို့သော် ဖူကျဲမှာမူ ဘာမှမမြင်ရသကဲ့သို့ မည်သည့်ဒဏ်ရာမှလည်း ရရှိခြင်း မရှိပါချေ။

အတိအကျ မည်သည်များဖြစ်ပျက်သွားသနည်း ဆိုသည်ကိုတော့ သူကိုယ်တိုင်လည်း မသိပေ။

တစ်ကိုယ်လုံး ကြောင်အမ်းနေမိရုံသာ ရှိတော့သည်။

ပေါက်ကွဲသံ ထွက်ပေါ်လာချိန်တွင် သူ၏ မျက်စိရှေ့၌ ဝေဝါးသွားပြီး နားထဲတွင်လည်း အူဟီးနေသော အသံများ ကျန်ရစ်နေ၏။

မည်သည့်အရာကိုမျှ ရှင်းရှင်းလင်းလင်း မမြင်ရသကဲ့သို့ ဘာကိုမျှလည်း မကြားရပါချေ။

အတန်ကြာမှသာ နားထဲတွင် တဝီဝီ မြည်နေသော လေတိုက်သံကို ကြားလိုက်ရပြီး အမြင်အာရုံထဲတွင်လည်း အဖြူရောင်လွင်ပြင်ကြီး တစ်ခု ပေါ်လာတော့သည်။

'ဒီခံစားချက်က ရင်းနှီးနေသလိုပဲ'

ဖူကျဲ သတိပြန်ဝင်လာချိန်တွင် သူသည် ပျော့အိအိအဖြူရောင် တိမ်တိုက်တစ်ခုပေါ်သို့ နောက်တစ်ကြိမ် ပြန်လည် ခြေချမိနေပြီ ဖြစ်၏။

နားထဲမှ လေတိုက်သံများ ရပ်တန့်သွားပြီး လေပြေအေးလေးများသာ သဲ့သဲ့ တိုက်ခတ်နေတော့သည်။

"ဟင် အဲ"

ဖူကျဲသည် မျက်လုံးပြူးကာ ဘယ်ကြည့်ညာကြည့်ဖြင့် ဇဝေဇဝါ ဖြစ်နေ၏။

'စောစောက ဘာဖြစ်သွားတာလဲ ပေါက်ကွဲတယ်၊ ပြီးတော့ သူ ပျံတက်လာတာလား'

'မဟုတ်ဘူး မဟုတ်ဘူး၊ စောစောက ရင်းနှီးနေတဲ့ ခံစားချက်အရဆိုရင်'

သူ ခန့်မှန်းတာ မမှားဘူးဆိုလျှင် စွမ်းအားရှင်ကြီး ကျန်းလင် ပေါ်လာခြင်းဖြစ်ရမည်။

အမရှင်းကတော့ လူတစ်ယောက်ကို အင်္ကျီကော်လာကနေ ဒီလိုမျိုး ဆွဲမမည့်သူ မဟုတ်ပါချေ။

သို့သော် စွမ်းအားရှင်ကြီးက ဘယ်ရောက်သွားသနည်း။

ဖူကျဲသည် မျက်လုံးပြူးကာ ရှာဖွေနေမိတော့၏။

'သူ့ရဲ့ ဧရာမ စွမ်းအားရှင်ကြီးက ဘယ်ပျောက်သွားတာလဲ ဘာလို့ အရိပ်အယောင်တောင် မမြင်ရတော့တာလဲ'

သူ သေချာမမြင်လိုက်ဘူးဆိုပြီး မသိဘူးလို့တော့ မထင်ပါနဲ့။

"စွမ်းအားရှင်ကြီး၊ စွမ်းအားရှင်ကြီး ရှိနေသေးလား"

"ရှိနေရင် တစ်ခုခု ပြန်ထူးပါဦး၊ မဟုတ်ရင် ကျွန်တော် အရမ်း ကြောက်နေမိလို့ပါ"

ဖူကျဲသည် အော်ဟစ်နေရင်း စိတ်ထဲတွင်လည်း တွေးတောနေ၏။

' ဒါတော့ မဖြစ်သေးပါဘူး'

ဤမျှ အားကိုးရသော ခြေသလုံးကြီးကိုတော့ သူ သေချာ ပေါက် ဖက်ထားရမည် မဟုတ်ပါလော။

"စွမ်းအားရှင်ကြီး၊ ကျွန်တော် လိမ္မာပါ့မယ်လို့ ကတိပေးပါတယ်၊ ခင်ဗျား ဘာခိုင်းခိုင်း လုပ်ပါ့မယ်၊ အပိုစကား တစ်ခွန်းတောင် မပြောတော့ပါဘူး"

"ကျွန်တော့်ကို ခင်ဗျားရဲ့နောက်မှာပဲ လိုက်ခွင့်ပြုပါ"

ဖူကျဲသည် အလွန် ရိုးသားစွာ ပြောဆိုနေရင်း မျက်လုံးကိုလည်း ပွတ်သပ်လိုက်၏။

စွမ်းအားရှင်ကြီး၏အဖြူရောင်ဝတ်စုံက ဤတိမ်ဖြူများနှင့် ရောနှောသွားသဖြင့် သူ မျက်စိမှုန်ပြီး မမြင်ရခြင်း ဖြစ်မှာကို သူ အလွန်စိုးရိမ်နေမိသည်။

သို့သော် အတော်ကြာအောင် အော်ဟစ်နေသော်လည်း ပတ်ဝန်းကျင်တွင် စွမ်းအားရှင်ကြီး၏ အရိပ်အယောင်ကို မတွေ့ရပါချေ။

ခြေအောက်ရှိ တိမ်တိုက်မှာ အနီရောင် အလင်းတန်းများ ထပ်မံ တောက်ပလာသည်ကို မြင်လိုက်ရချိန်တွင် ဖူကျဲသည် အထက်မှ ထွက်ပေါ်လာသော ရင်းနှီးသည့် အသံတစ်သံကို ကြားလိုက်ရ၏။

"ဖူကျဲလား"

ထိုအသံမှာ အတော်လေး ဝေးကွာနေသော်လည်း ဖူကျဲမှာ ယခုအချိန်တွင် နားစွင့်နေသဖြင့် လုံးဝ လွတ်သွားခြင်း မရှိပါချေ။

သူသည် ခေါင်းမော့ကာ သေချာရှာဖွေကြည့်လိုက်၏။

နောက်ဆုံးတွင် တိမ်တိုက်တစ်ခုပေါ်မှ ထွက်ပြူလာသော အနက်ရောင် ခေါင်းလေး တစ်ခုကို တွေ့လိုက်ရတော့သည်။

ဖူကျဲ၏မျက်လုံးများ အရောင်လက်သွားပြီး "ကျွန်တော်ပါ ကျွန်တော်ပါ၊ ကျွန်တော်ကိုယ်တိုင်ပါပဲ" ဟု လှမ်းအော်လိုက်၏။

"နေဦး၊ ငါ အခု လာခဲ့မယ်"

အထက်ရှိ တိမ်တိုက်ထဲမှ ချီယန်သည် တစ်ချက် အော်ပြောပြီးနောက် ခေါင်းကို ပြန်ငုံ့သွားတော့သည်။

'လာမယ် ဟုတ်လား'

'ဒီကို ဘယ်လို လာမှာလဲ'

ဖူကျဲသည် မည်သို့လုပ်ဆောင်မည်ကို မသိသော်လည်း ယခုအချိန်တွင် သူ့ညီအစ်ကိုကို ယုံကြည်လိုက်ခြင်းကသာ အမှန်ကန်ဆုံး ဖြစ်ပေသည်။

စောင့်ရမည်ဆိုလျှင်လည်း စောင့်ရုံသာရှိ‌သည်လေ။

သူသည် တိမ်တိုက်ပေါ်တွင် တင်ပလ္လင်ခွေ ထိုင်ချလိုက်ပြီး အထက်မှ လှုပ်ရှားမှုများကိုကြည့်နေ၏။

ထို့နောက်ချီယန်ရှိနေသော တိမ်တိုက်ပေါ်တွင် အနီရောင် အလင်းတန်းများ စတင်တောက်ပလာသည်ကို မြင်တွေ့ရသည်။

ကြည့်ရသည်မှာ သူ မေးခွန်း စတင် ဖြေဆိုနေခြင်း ဖြစ်ပေမည်။

ဖူကျဲသည် အထက်ရှိ အခြေအနေကို ရှင်းရှင်းလင်းလင်း မသိရသော်လည်း ခဏအကြာတွင် ချီယန်၏ကိုယ်အောက်ရှိ တိမ်တိုက်မှာ အနီရောင်မှ အစိမ်းရောင်သို့ ပြောင်းလဲသွားသည်ကို မြင်လိုက်ရ၏။

၎င်းမှာဤအဖြူရောင် လွင်ပြင်ကြီးထဲတွင် အလွန်သိသာထင်ရှားလှပေသည်။

ကြည့်ရသည်မှာ အဖြေမှန်သွားပုံရ၏။

"သိပ္ပံကျောင်းသား ဖြစ်ရတာ တကယ်ကို တန်ပါတယ်"

ဖူကျဲသည် ရိုးသားစွာ ချီးကျူးလိုက်ပြီး သူ့ ခြေအောက်ရှိ တိမ်တိုက်ပေါ်တွင် ပေါ်လာသော ရူပဗေဒ မေးခွန်းကို တစ်ချက်ကြည့်ကာ အချိန် မည်မျှ ကျန်သေးသနည်း ဆိုတာကို တွက်ချက်လိုက်သည်။

ထို့နောက် ပတ်ဝန်းကျင်ကို ထပ်မံကြည့်လိုက်၏။

' စွမ်းအားရှင်ကြီးက တကယ်ပဲ ထွက်သွားတာလား၊ ဒါမှမဟုတ် ပုန်းနေပြီး အပြင်မထွက်လာတာလား'

မည်သို့ပင်ဖြစ်စေ စွမ်းအားရှင်ကြီး တစ်ယောက် သူတို့နှင့် အတန်းတစ်တန်းတည်း ရှိနေသည်ကို သိလိုက်ရသဖြင့် ဖူကျဲစိတ်ထဲတွင် အားတက်သွားတော့သည်။

အနည်းဆုံးတော့ အဖွဲ့လိုက် သေဆုံးရမည့် အခြေအနေမျိုး မဟုတ်တော့ပါချေ။

သူ တစ်စုံတစ်ခု ဖြစ်သွားလျှင်ပင် ချီယန်၏ ရူပဗေဒ အခြေခံဖြင့်ဆိုပါက စွမ်းအားရှင်ကြီး၏ ခြေသလုံးကို အသက်ရှင်လျက် ဖက်နိုင်လောက်မည်ဟု သူ တွေးနေမိသည်။

ဖူကျဲ တမ်းတနေသော စွမ်းအားရှင်ကြီး ကျန်းလင်မှာ ယခုအချိန်တွင် ဘယ်နေရာမှာ ရှိနေသနည်း။

ကျန်းလင်သည် မလှမ်းမကမ်းရှိ တိမ်ဖြူတစ်ခုပေါ်တွင် တင်ပလ္လင်ခွေထိုင်ကာ ထိုဘက်မှ လှုပ်ရှားမှုများကို တိတ်ဆိတ် စွာ စောင့်ကြည့်နေ၏။

သူသည် ကလေးများကို လမ်းတစ်လျှောက်လုံး လိုက်လံ ပို့ဆောင်ပေးရန် ရည်ရွယ်ချက်မရှိပါချေ။

ဖူကျဲကို ချီယန်၏အနီးသို့ ပို့ပေးပြီးနောက် သူသည် လူရိပ်ဖျောက်လိုက်ခြင်းဖြစ်သည်။

ဖူကျဲက ချီယန်၏ရူပဗေဒမှာ မဆိုးဘူးဟု ပြောထားသဖြင့် မည်မျှအထိ ကောင်းမွန်သနည်း ဆိုတာကို သူ ကြည့်ချင်နေခြင်း ဖြစ်၏။

မလှမ်းမကမ်းတွင်

အစိမ်းရောင် အလင်းတန်း တောက်ပနေသော တိမ်တိုက်တစ်ခုမှာ ရုတ်တရက် လွင့်မျောလာပြီး ချီယန်သည် အပေါ်တွင် ထိုင်ကာ ဖူကျဲရှိသော တိမ်တိုက်ဆီသို့ တဖြည်းဖြည်း ချဉ်းကပ်လာတော့သည်။

ချဉ်းကပ်လာရင်းဖြင့် သူက "ဖူကျဲ၊ မင်း အရင်ဆုံး မေးခွန်းကို ငါ့ကို ဖတ်ပြစမ်း" ဟု လှမ်းအော်လိုက်၏။

ဖူကျဲသည်လည်း ဟိုဟိုဒီဒီ မမေးတော့ဘဲ ချက်ချင်းပင် ခြေအောက်ရှိ ရူပဗေဒ မေးခွန်းကို ကြည့်ကာ ဖတ်ပြတော့သည်။

"ပုံ (က) တွင် ပြထားသည့်အတိုင်း စက်ရုံတစ်ခု၏ ထုတ်ကုန်ထုပ်ပိုးရေး အခန်းရှိ အလင်းအာရုံခံ မှတ်တမ်းတင် ကိရိယာတွင် အလင်းအာရုံခံ ရီစစ်စတာ r1 သည် အလင်းထုတ်လွှတ်သော အစိတ်အပိုင်းထံမှ"

"ဒါဆိုရင် အောက်ပါ ဖော်ပြချက်တွေထဲက ဘယ်ဟာက မှန်သလဲ၊ A- အရာဝတ္ထုရဲ့ အရှိန်မြှင့်ခြင်းက B- အရာဝတ္ထု အရှိန်မြှင့်ခြင်း"

ဖူကျဲ တစ်ဆုံး ဖတ်ပြပြီးနောက် သူ့ ခေါင်းထဲတွင် ဟာလာ ဟင်းလင်း ဖြစ်သွားပြီး သူ မည်သည့်စာများဖတ်ပြလိုက်သည်ကိုပင် လုံးဝ မှတ်မိခြင်း မရှိတော့ပါချေ။

သူ ခေါင်းမော့လိုက်ချိန်တွင် ချီယန်သည်လည်း တစ်ခဏမျှ ကြောင်အမ်းသွားသည်ကို တွေ့လိုက်ရ၏။

သူ ခဏမျှ တုံ့ဆိုင်းသွားပြီး "ဒီတစ်ခါက ရွေးချယ်စရာ မေးခွန်းပဲ၊ C ကို တိုက်ရိုက်ရွေးပြီး စမ်းကြည့်မလား" ဟု မေးလိုက်သည်။

အထက်ရှိ ချီယန်မှာမူ အနည်းငယ် ရုန်းကန်ကြည့်လိုက်သေး၏။

"နေဦး၊ ငါ ပုံကို အရင် ကြည့်လိုက်ဦးမယ်"

သူသည် စာညံ့သူ တစ်ယောက် ဖြစ်သော်လည်း ရူပဗေဒမှာမူ နှိုင်းယှဉ်ချက်အရ အတော်လေးကောင်းမွန်ပေသည်။

အောင်မှတ်လောက်တော့ သူ ရနိုင်ပေလိမ့်မည်။

ထို့နောက်တွင် ကျန်းလင်သည် ဖူကျဲတို့ နှစ်ယောက်၏ ပူးပေါင်းဆောင်ရွက်မှု ပုံစံကို မြင်တွေ့လိုက်ရတော့သည်။

မည်သို့ ပူးပေါင်းကြသနည်း ဆိုပါက ရူပဗေဒ မေးခွန်းပေါ် လာသည်နှင့် ချီယန် ဖြေနိုင်၊ မဖြေနိုင်ကို အရင် ကြည့်ကြ၏။

အကယ်၍ မဖြေနိုင်ပါက မေးခွန်းများကို ကျပန်းဖြည့်စွက်ကာ အချိန်ကို အနည်းငယ်ပိုဆွဲထားလိုက်ကြသည်။

အခြားတစ်ဖက်တွင်မူ ဖူကျဲက ထွက်ပေါက်ရှာဖွေနေ၏။

သူက သူ၏ပြေးပေါက်ရှာတတ်သော စွမ်းရည်ကို အသုံးချကာ ချီယန်ကို ခေါ်ဆောင်၍ တိမ်တိုက်တစ်ခုမှ တစ်ခုသို့ ခုန်ကူးကြတော့သည်။

အကယ်၍ အဖြေ မှန်သွားပါက သူတို့ နှစ်ယောက်လုံး အစိမ်းရောင် တိမ်တိုက်ပေါ်တွင် ငါးမိနစ်ခန့် အနားယူကြပြီး ထိုတိမ်တိုက်သည် တစ်ချက်လက်သွားကာ အနီရောင်အလင်း တန်းများ ပြန်လည် တောက်ပလာသည့် အချိန်အထိဖြစ်၏။

ကျန်းလင်သည်လည်း ဤနားလည်မှုက အမှန်တကယ်ပင် မြင့်မားလှသည်ဟု တွေးလိုက်မိသည်။

'စာညံ့သူ နှစ်ယောက်၏နားလည်မှု' ကဲ့သို့ပင်ဖြစ်၏။

ဖြေနိုင်လျှင် ဖြေသည်၊ မဖြေနိုင်လျှင် ကွက်လပ်များကို အကုန်ဖြည့်ပြီး ထွက်ပြေးကြသည်။

သူတို့ နှစ်ယောက်လုံး ယာယီအားဖြင့် ပြဿနာမရှိနိုင်တော့ကြောင်း မြင်လိုက်ရသောအခါ ကျန်းလင်သည် ဤနယ်မြေ တစ်ဝိုက်တွင် တစ်ပတ် လှည့်လည်ကြည့်ရှုလိုက်ရာ ဟန်စစ်စစ်ကိုလည်း တွေ့ရှိလိုက်ရ၏။

ထို့ကြောင့် သူမကိုပါဆွဲခေါ်လာပြီး သုံးယောက်လုံးကို အတူတကွ ပူးပေါင်းပေးလိုက်တော့သည်။

လူသုံးယောက် ပေါင်းလျှင် ပညာရှိတစ်ယောက်ထက် သာသည် မဟုတ်ပါလော။

ဗုံးများနှင့် မကြုံတွေ့သရွေ့ သို့မဟုတ် အသက်အန္တရာယ်နှင့် မကြုံသရွေ့ ကျန်းလင်သည် သူတို့ဘာသာ နည်းလမ်းရှာဖွေရန်သာ ရည်ရွယ်ထား၏။

သူကိုယ်တိုင်ကမူ အဆင်ပြေမည့် နေရာတစ်ခုတွင် နားနေလိုက်သည်။

ထို့နောက် တိုက်ရိုက်ထုတ်လွှင့်မှု အခန်း၏ကင်မရာခွဲများကို ဖွင့်လိုက်၏။

ယခုအခါ ဤတိုက်ရိုက်ထုတ်လွှင့်မှု အခန်းကို အသုံးချခြင်းနှင့် ပတ်သက်၍ ကျန်းလင်သည် တဖြည်းဖြည်းနှင့် ပိုမို ကျွမ်းကျင်လာခဲ့ပြီ ဖြစ်သည်။

ဤအတန်းချိန် မစတင်မီကတည်းက သူသည် တိုက်ရိုက်ထုတ်လွှင့်မှု ကင်မရာအချို့ကို ခွဲထုတ်ထားခဲ့သည်လေ။

ကင်မရာခွဲ နှစ်ခုပေါ်တွင် အခြားသော ကျောင်းသား သုံးယောက်နှင့် ရှင်းယာ ဟု ခေါ်သော ဝိညာဉ်တမန်တော်မလေးတို့၏မြင်ကွင်းများ ပေါ်လာတော့သည်။

သို့သော် ထိုကျောင်းသား သုံးယောက်ထဲတွင် တစ်ယောက် တည်းသာ ရှင်းယာ၏နောက်သို့ လိုက်ပါနိုင်ခဲ့ခြင်း ဖြစ်၏။

ကျန်ရှိသော နှစ်ယောက်မှာမူ သီးသန့် အတန်းခွဲခြားခြင်းခံလိုက်ရပေသည်။

၎င်းတို့သည်လည်း တိမ်တိုက်ပေါ်ရှိ အတန်းချိန်တွင် ဖြစ်၏။

ရှင်းယာ၏ နောက်သို့ လိုက်ပါနိုင်ခဲ့သော ကျောင်းသားမှာ သေချာပေါက် ကာကွယ်ပေးခြင်း ခံထားရသော်လည်း တစ်ယောက်တည်း ကျန်ရစ်ခဲ့သော ကျောင်းသားနှစ်ယောက်မှာမူ မျက်နှာပျက်နေကြရပြီ ဖြစ်သည်။

သူတို့ နှစ်ယောက်လုံးမှာ ရူပဗေဒကို မကျွမ်းကျင်ကြပါချေ။

ထို့အပြင် သူတို့ နှစ်ယောက်ကြားရှိ နားလည်မှုနှင့် ယုံကြည်မှုမှာလည်း ဖူကျဲတို့ အဖွဲ့လောက် မကောင်းမွန်ပါချေ။

အတန်းစတင်ပြီး မကြာမီမှာပင် တစ်ယောက်မှာ အနက်ရောင်တိမ်တိုက်၏ ပေါက်ကွဲမှုကြောင့် ဒဏ်ရာ ရရှိသွားခဲ့ပြီး အသက်ငင်နေသောပုံစံဖြင့် တိမ်တိုက်ပေါ်တွင် လှဲလျောင်းနေရ၏။

အနက်ရောင် တိမ်တိုက်များက တစ်ခုပြီးတစ်ခု ဝိုင်းရံလာသည်ကို မြင်နေရသော်လည်း ထိုကျောင်းသားမှာ ရုန်းကန်ရန် ခွန်အားပင် မရှိတော့ပါချေ။

Streamer ၏တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲရှိ ကြည့်ရှုသူများသည်လည်း ကင်မရာခွဲမှ မြင်ကွင်းကို မြင်တွေ့နေရသဖြင့် တစ်ခဏအတွင်းမှာပင် လိုက်ပါ၍ စိုးရိမ်ပူပန်လာကြတော့သည်။

ထိုအနက်ရောင် တိမ်တိုက်၏ ပေါက်ကွဲအားက ကြည့်ရသည်မှာ နောက်ပြောင်နေသည့် ပုံစံမျိုး မဟုတ်ပါချေ။

"ကြိုးစားပါ၊ ကြိုးစားစမ်းပါဦး" ကြည့်ရှုသူ အချို့သည် စိတ်ထဲမှနေ၍ ထိုကျောင်းသားအတွက် အားပေးနေမိကြတော့ သည်။

မည်သူကမျှ အထင်သေးခြင်းမျိုး မရှိပါချေ။

အဘယ်ကြောင့်ဆိုသော် အကယ်၍ သူတို့သာ ထိုကဲ့သို့သော ထူးဆန်းကြောက်မက်ဖွယ် နေရာမျိုးသို့ ရုတ်တရက် ရောက်ရှိသွားပါက အခြားသူများထက် ပိုမိုကောင်းမွန်စွာလုပ် ဆောင်နိုင်မည်ဟု အာမခံနိုင်ခြင်းမရှိသောကြောင့်ဖြစ်သည်။

-----

ထိုစဥ် တိုက်ရိုက်ထုတ်လွှင့်မှုမြင်ကွင်းထဲတွင် ယပ်တောင် တစ်ခုသည် ရုတ်တရက် လည်ပတ်လျက် ကင်မရာထဲသို့ ပျံသန်း ဝင်ရောက်လာတော့၏။

ပြီးလျှင်ချက်ချင်း လူရိပ်တစ်ခု လျှပ်ခနဲ ပေါ်လာသည်။

ထို့‌နောက်အနက်ရောင် တိမ်တိုက်များ၏အလယ်တွင် ဝိုင်းရံခံထားရပြီး အသက်ငင်နေသော ထိုကျောင်းသားကို ဆွဲပွေ့ကာ အပြင်သို့ ခေါ်ထုတ်သွားတော့၏။

"နှောင့်ယှက်မိပါပြီ၊ ကြည့်ရတာ မင်းက ဒီထဲကို ဆွဲသွင်းခံလိုက်ရတဲ့ ကျောင်းသားဖြစ်ရမယ်"

ထိုသူမှာ ခန္ဓာကိုယ် သွယ်လျပြီး ရုပ်ရည်သန့်ပြန့်ကာ စာပေပညာရှင် တစ်ဦးကဲ့သို့ ဝတ်ဆင်ထား၏။

သူယပ်တောင် ပြန်လည် သိမ်းဆည်းလိုက်ချိန်တွင်မူ ထိုအနက်ရောင် တိမ်တိုက်များသည် တစ်ခုပြီးတစ်ခုဆက် တိုက် ပေါက်ကွဲသွားကြသည်။

'ဝုန်း' 'ဝုန်း' 'ဝုန်း'

ထို့နောက် အနက်ရောင် မီးခိုးလုံးကြီးများသည် ထိုစာပေပညာရှင် ဝိညာဉ်တမန်တော်၏နောက်ကွယ်တွင် ပန်းပွင့်များသဖွယ် ဝေဆာသွားတော့သည်။

All Chapters