← Chapters

အခန်း (၂၇၅-၂၇၆)

Vol. 28 Ch. 275-276

အခန်း (၂၇၅-၂၇၆)

Vol. 28 Ch. 275-276

🫧 Chapter 275

'ဝုန်း' 'ဝုန်း' 'ဝုန်း'

အနက်ရောင် မီးခိုးလုံးကြီးများသည် ထိုစာပေပညာရှင် ဝိညာဉ်တမန်တော်၏ နောက်ကွယ်တွင် ပန်းပွင့်များသဖွယ် ဝေဆာသွားတော့သည်။

ပေါက်ကွဲမှုဒဏ်ကြောင့် အသက်ငင်နေသော ကျောင်းသားလေးမှာမူ ထိုမြင်ကွင်းကို ကြည့်ရင်း ကြောင်အမ်းသွား၏။

မလှမ်းမကမ်းတွင်လည်း တိမ်နီပေါ်၌ မျက်နှာပျက်ပျက်ဖြင့် မေးခွန်းဖြေနေသော ကျောင်းသားသည်လည်း မှင်သက်သွားတော့သည်။

"သောက်ကျိုးနည်း"

Streamer ၏ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲရှိ ကြည့်ရှုသူများသည်လည်း ဤကြီးကျယ်ခန်းနားလှသော မြင်ကွင်းကို ကြည့်ကာ လန့်ဖျပ်သွားကြ၏။

[နျူကလီးယားဗုံးပေါက်တာလားဟ]

[ဒါက ဘယ်ကရောက်လာတဲ့ စွမ်းအားရှင်ကြီးလဲဟင် ပွဲထွက်လာတာနဲ့တင် စပယ်ရှယ်အကျိုးသက်ရောက်မှုတွေ ပါလာတာပဲ]

[အခုတော့ အဆင်ပြေသွားပြီ၊ အဲဒီကောင်လေး နှစ်ယောက် အသက်ချမ်းသာရာ ရပြီလေ]

[ကျောင်းသား စုစုပေါင်း ခြောက်ယောက်ရှိတာ၊ အတန်းတစ်တန်းစီမှာ စွမ်းအားရှင်ကြီး တစ်ယောက်စီပါနေတော့ အခုတော့ ဘာမှမလုပ်ဘဲ အနိုင်ရပြီပေါ့]

ကြည့်ရှုသူများသည် group ထဲတွင် တစ်ယောက်တစ်ပေါက် ရေရွတ်နေကြရင်း တိုက်ရိုက်ထုတ်လွှင့်မှု ကင်မရာခွဲများကိုလည်း အမှတ်စဉ် တပ်လိုက်ကြ၏။

Streamer ဘက်က နံပါတ် (၁)၊ အလှလေး ရှင်းယာ ဘက်က နံပါတ် (၂)၊ စာပေပညာရှင် ဘက်က နံပါတ် (၃) ကင်မရာဟူ၍ ဖြစ်သည်။

[မေးခွန်းဖြေတာ မဖြေတာ၊ စာသင်တာ မသင်တာထက် အရင်ဆုံး လူအသက်ကို ကယ်တင်နိုင်ဖို့ကသာ အဓိက မဟုတ်လား]

[ကျန်တာတွေကတော့ အသာထားလိုက်လို့ ရတယ်လေ]

ကင်မရာ နံပါတ် (၃) ထဲတွင်မူ ထိုစာပေပညာရှင်သည် အမှန်တကယ်ပင် အစွမ်းထက်လှ၏။

သူသည် ထိုကျောင်းသား နှစ်ယောက်ကို ကောင်းမွန်စွာ ကာကွယ်ပေးထားရုံသာမက အခြေအနေအရပ်ရပ်ကိုလည်း အသာစီးရအောင် ပြောင်းလဲပစ်လိုက်သည်။

ကျောင်းသား နှစ်ယောက်ကို ခေါ်ဆောင်ကာ တိမ်ဖြူများပေါ်ရှိ မေးခွန်းများကို တစ်ခုပြီးတစ်ခု တရစပ် ဖြေရှင်းပစ်လိုက်တော့၏။

"မေးခွန်းဖြေချင်တာလား"

"လာလေ၊ ဖြေပေးမယ်"

" မေးခွန်းတွေ အကုန်လုံးကို အပြတ်ရှင်းပစ်လိုက်မယ်"

"အဖြေမထွက်ရင် အနက်ရောင်တိမ်တိုက်တွေက နောက်ကနေ တိုက်မိတော့မှာလား"

" ငါ ရှိနေသရွေ့တော့ အဲဒါတွေက မဖြစ်နိုင်ဘူးလေ"

ကြည့်ရှုသူများမှာလည်း ဤမြင်ကွင်းကို ကြည့်ရင်း အားတက်သရော အော်ဟစ်နေကြတော့၏။

'ပညာရှင်ကြီးကို ဂါရဝပြုပါတယ်' 'စာမေးပွဲတိုင်း အောင်ပါစေ' 'ဘွဲ့လွန်စာမေးပွဲကို အမှတ်ကောင်းကောင်းနဲ့ အောင်မြင်ပါစေ' စသည်ဖြင့်လည်းအော်ဟစ်နေကြ၏။

'အသက်ရှင်စဉ်မှာ အိပ်မနေနဲ့၊ သေရင် တစ်သက်လုံး အိပ်ရလိမ့်မယ်' လို့ ပြောလေ့ရှိကြသော်လည်း ယခု မြင်တွေ့နေရသည်မှာ ထိုသို့ မဟုတ်ပါချေ။

'သင်ယူထားတဲ့ ပညာဆိုတာ အခု အသုံးမဝင်ရင်တောင် နောင်တစ်ချိန်မှာတော့ သေချာပေါက် အသုံးဝင်လာမှာပဲလေ'

ထို့ကြောင့် မိဘအချို့သည် သူတို့၏ ကလေးများကို အမြန် ဆွဲခေါ်လာကြတော့သည်။

"လာ လာ လာ၊ live Stream ကြည့်စမ်း"

'......'

ကလေးများမှာ ဘယ်ကြည့် ညာကြည့်ဖြင့် 'မိုးလင်းသွားတာလား၊ နေက အနောက်ဘက်က ထွက်လာတာလား' ဟု တွေးနေကြ၏။

သူတို့၏ အမေ/အဖေ က သူတို့ဘာသာ လိုလိုလားလား ဖုန်းပေးကြည့်နေသည် မဟုတ်ပါလော။

အပြင်မှာ ကစားပြီးမှ ပြန်ရောက်လာသော ကလေးအချို့ဆိုလျှင် မသိစိတ်မှပင် သူတို့၏တင်ပါးကို အုပ်ထားလိုက်မိကြသည်။

အခြေအနေက ထူးဆန်းနေလျှင် တစ်ခုခုတော့ မှားနေပြီလေ။

'ခဏနေရင် အကြီးအကျယ် အရိုက်ခံရတော့မှာလား'

လူကြီးရော လူငယ်ပါ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေကြသော်လည်း စိတ်ထဲတွင်တော့ အတွေးကိုယ်စီ ရှိနေကြ၏။

----

စာပေပညာရှင် ပေါ်လာပြီး မကြာမီမှာပင် ရှင်းယာ ရှိရာ ကင်မရာထဲ၌လည်း တောင့်တင်းခိုင်မာသော ခန္ဓာကိုယ်နှင့် ရှုပ်ပွနေသော ဆံပင်တိုများရှိသည့် လူသန်ကြီး တစ်ဦးထပ်မံ ရောက်ရှိလာခဲ့သည်။

သူ၏ခြေလက်များတွင် သိုင်းသမားများကဲ့သို့ အဖြူရောင် အဝတ်စများကို ရစ်ပတ်ထားပြီး ချဉ်းကပ်လာသော အနက်ရောင် တိမ်တိုက် တစ်ခုကို လက်သီးဖြင့် ထိုးလွှင့်ပစ်လိုက် ၏။

သူသည်ကား ပညာရပ်ပိုင်းဆိုင်ရာ ဝိညာဉ်တမန်တော် မဟုတ်ပါချေ။

လူသန်ကြီး ဤဘက်သို့ ပျံသန်းလာစဉ် လမ်းတစ်လျှောက်လုံးတွင် အနက်ရောင် တိမ်တိုက်များစွာက စီတန်း၍ လိုက်ပါနေကြသည်။

အဘယ်ကြောင့်ဆိုသော် သူက မေးခွန်းမှ မဖြေတာကိုး။

ဤမျှလောက်ဆိုလျှင် ထားပါဦးတော့

ရှင်းယာထံမှ လက်ရှိ အခြေအနေများကို မေးမြန်းပြီးနောက် လူသန်ကြီးသည် အတန်းဆင်းချိန်ရောက်မှ သတင်းအချက် အလက်များကို အသေးစိတ် ဆွေးနွေးရန် ရည်ရွယ်ထားခဲ့သည်။

သို့သော် အတန်းဆင်းချိန်အထိ သူ မစောင့်နိုင်တော့ဘဲ ဦးစွာ လက်လျှော့လိုက်ရတော့၏။

ရှင်းယာသည် ကျောင်းသားကို ခေါ်ဆောင်သွားရင်း တစ်ဖက်မှလည်း အခွင့်အရေးရတိုင်း ထိုကျောင်းသားကို စာသင်ပေးနေသည် မဟုတ်ပါလော။

"မျဉ်းကွေးရွေ့လျားမှုနဲ့ ကမ္ဘာမြေဆွဲအား အယူအဆတွေကို မှတ်ထားနော်"

"ပထမအချက်၊ ရွေ့လျားမှု လမ်းကြောင်းက မျဉ်းကွေး ဖြစ်နေရင် ဗဟိုချက်ဆီသက်ရောက်တဲ့ အားရှိနေဖို့ လိုအပ်တယ်၊ မျဉ်းကွေးရွေ့လျားမှုရဲ့ အမြန်နှုန်းက ပြောင်းလဲနေပြီး ဦးတည်ရာကတော့ အဲဒီ အမှတ်ရဲ့ဝန်းထိမျဉ်း အတိုင်းပဲဖြစ်ရမယ်"

"ဒုတိယအချက်၊ စက်ဝိုင်းပုံ ရွေ့လျားမှုမှာ"

သူမသည် အားလပ်ချိန် အနည်းငယ်လေးကိုပင် အလဟဿ အဖြစ်မခံပါချေ။

ဘေးမှ အတင်းအကျပ် နားထောင်နေရသော လူသန်ကြီးမှာမူ "အာ ဒါတွေက ဘာတွေလဲကွ" ဟု တွေးကာ ခေါင်းများပင် ကြီးလာတော့၏။

"ခေါင်းကိုက်လိုက်တာကွာ"

မည်သို့မျှမခံနိုင်တော့သည့်အဆုံးသူသည် "အတန်းဆင်းရင် မင်းတို့ကို ပြန်လာရှာမယ်" ဟူသော စကားတစ်ခွန်းကို ချန်ထားခဲ့ပြီး လျင်မြန်စွာပင် ထွက်ပြေးသွားတော့သည်။

-----

ရှင်းယာသည် လူသန်ကြီး ထွက်သွားသည်ကို ဂရုမစိုက်ပါချေ။

သူမ စကားပြောနှုန်းမှာ မမြန်လှဘဲ တစ်ဖက်မှ ပြောရင်း တစ်ဖက်မှလည်း ကျောင်းသား၏မျက်နှာအမူအရာကို အကဲခတ်နေ၏။

ကျောင်းသားသည်လည်း အလွန်အာရုံစိုက်၍ နားထောင်နေသော်လည်း ကာလရှည်ကြာ စွဲမြဲနေခဲ့သော အလေ့အကျင့်ကို ပြောင်းလဲရန် ခက်ခဲနေဆဲ ဖြစ်သည်။

နားထောင်ရင်း နားထောင်ရင်းဖြင့် မျက်လုံးအစုံမှာ ဝေဝါးလာပြီး အတွေးများမှာ ဘယ်ဆီလွင့်ပါးသွားသည် မသိတော့ပါချေ။

ထိုအခြေအနေကို မြင်သည်နှင့် ရှင်းယာသည် ချက်ချင်းပင် စကားပြောခြင်းကို ရပ်တန့်လိုက်သည်။

တိုက်ဆိုင်စွာပင် မလှမ်းမကမ်းမှ အနက်ရောင် တိမ်တိုက်တစ်ခု လွင့်မျောလာရာ သူမက ပေါ့ပါးစွာပင် ဝှေ့ယမ်း၍ ပေါက်ကွဲစေလိုက်၏။

ထိုအခါ 'ဝုန်း' ကနဲ ကျယ်လောင်သော အသံကြီး တစ်ခုမှာထွက်ပေါ်လာတော့သည်။

ကျောင်းသားလေးမှာ ချက်ချင်း သတိဝင်လာပြီး '.....' သူသည် မိမိကိုယ်ကို အပြစ်ရှိသည်ဟုသိသဖြင့် အလွန်ရှက်ကိုး ရှက်ကန်းဖြင့် ခြေဖျားကိုသာ ငုံ့ကြည့်နေတော့သည်။

"ကဲ၊ ဆက်မယ်"

ရှင်းယာကတော့ ဘာမှ မပြောဘဲ စောစောက အကြောင်း အရာကိုသာ ဆက်လက်ရှင်းပြနေဆဲဖြစ်၏။

"ဒုတိယ အချက်အနေနဲ့ စက်ဝိုင်းပုံ ရွေ့လျားမှုမှာ ဗဟိုချက်ဆီ သက်ရောက်တဲ့အားဆိုတာ လိုအပ်ချက်နဲ့ ပံ့ပိုးမှု ဆက်ဆံရေးပဲ၊ လိုအပ်တဲ့အားကို လုံလောက်အောင် ပံ့ပိုးပေးနိုင်ရင် မျှခြေ ဖြစ်နေပြီး လမ်းကြောင်းကနေ သွေဖည်သွားမှာ မဟုတ်ဘူး"

----

[အာ ဒါက]

တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲရှိ ကြည့်ရှုသူ အများအပြားမှာ ချက်ချင်းကိုယ်ချင်းစာသွားကြတော့သည်။

သူတို့လည်း အတန်းထဲတွင် တစ်ခါတစ်ရံ နားထောင်ရင်း နားထောင်ရင်းဖြင့် ရုတ်တရက် စိတ်လွင့်သွားတတ်သည် မဟုတ်ပါလော။

'သတိပြန်ဝင်လာချိန်တွင်တော့ သွားပြီ၊ အဓိက အချက်အ လက်တွေ ရှင်းပြလို့ ပြီးသွားပြီလေ'

'ဘာတွေ ဆက်နားထောင်ရတော့မှာလဲ'

'ဒီအမရှင်းကလည်း တကယ်ကို တာဝန်ကျေတာပဲ၊ အသက်ရှင်စဉ်က ဆရာမ တစ်ယောက်များ ဖြစ်ခဲ့လေသလား'

[စာညံ့သူတွေ ဒီမှာ လာစုကြပါ +၁]

[အမရှင်းက တကယ်ကို ဆရာမကောင်း တစ်ယောက်ပဲ၊ ငါသာ အရင်က ဒီလို ဆရာမျိုးနဲ့ ကြုံခဲ့ရရင် ဟူး၊ အဲဒါဆိုရင်တော့ တကယ်ကို ဘုရားမှာအမွှေးတိုင် အများကြီး ထွန်းပြီး ကန်တော့ရမှာပဲ]

[အမေ့၊ ဒီသင်ကြားမှုက တကယ်ကို ကြည့်လို့ကောင်းတာပဲ၊ မဟုတ်ဘူး၊ နားထောင်လို့ အရမ်း ကောင်းတာပဲလို့ ပြောတာပါ]

----

တိမ်ဖြူများကြားတွင်

ကျန်းလင်သည် တိုက်ရိုက်ထုတ်လွှင့်မှု ကင်မရာခွဲများဆီမှ အကြည့်ကို လွှဲဖယ်လိုက်၏။

"ကြည့်ရတာ တောင်ဘက်နန်းဆောင်က ဝိညာဉ်တမန်တော်တွေလည်း စတင် လှုပ်ရှားလာကြပြီပဲ"

အချိန်အတန်ကြာပြီးနောက် သူသည် ဤအတန်းချိန်၏ 'စည်းမျဉ်း' ကို အခြေခံအားဖြင့် သိရှိသွားပြီ ဖြစ်သည်။

တိမ်ဖြူပေါ်တွင် တစ်မိနစ်ခန့် နေလိုက်သည်နှင့် ရူပဗေဒ မေးခွန်း ပေါ်လာမည်ဖြစ်၏။

ရွေးချယ်စရာ မေးခွန်း ဖြစ်နိုင်သကဲ့သို့ ကွက်လပ်ဖြည့် သို့မဟုတ် မေးခွန်းရှည်ကြီးလည်း ဖြစ်နိုင်ပေသည်။

အကယ်၍ သတ်မှတ်ထားသော အချိန်အတွင်း မဖြေဆိုနိုင်ပါက အောက်ခံ တိမ်ဖြူသည် ပျောက်ကွယ်သွားမည် ဖြစ်၏။

တစ်ချိန်တည်းမှာပင် အနက်ရောင် တိမ်တိုက်ဗုံးတစ်ခုကိုပါ ဆွဲဆောင်လာလိမ့်မည်။

သို့သော် အကယ်၍ ဖြေဆိုနိုင်ပါက တိမ်ဖြူပေါ်တွင် အစိမ်းရောင် အလင်းတန်း ပေါ်လာပြီး ဘေးကင်းသော အချိန် ၅ မိနစ် ပိုမိုရရှိမည်ဖြစ်သည်။

ထို့အပြင် နောက်ထပ် ဖြေဆိုလိုသော မေးခွန်းရှိရာ နေရာကိုလည်း မိမိဘာသာ သတ်မှတ်နိုင်၏။

ဆိုလိုသည်မှာ မိမိအောက်ရှိ တိမ်ဖြူကို စေခိုင်း၍ ကြိုက်သည့် တိမ်တိုက်ပေါ်သို့ ပျံသန်းသွားနိုင်ခြင်းပင် ဖြစ်သည်။

၎င်းမှာ စောစောက ချီယန်သည် ဖူကျဲရှိရာသို့ ရောက်ရှိနိုင်ခဲ့ခြင်း၏ အကြောင်းရင်းဖြစ်၏။

သို့သော်

ငါးမိနစ် ကုန်လွန်သွားပြီး ဘေးကင်းချိန် ပြီးဆုံးသည်နှင့် တိမ်တိုက်ပေါ်တွင် ရူပဗေဒ မေးခွန်းသစ်များ ထပ်မံ ပေါ်လာဦးမည် ဖြစ်သည်။

ထို့ကြောင့် မေးခွန်းတစ်ခါ မှန်ရုံဖြင့် အမြဲတမ်း အေးဆေးသွားမည် မဟုတ်ပါချေ။

ကျန်းလင် ကဲ့သို့မူကား တိမ်ဖြူမလိုဘဲ လေထဲတွင် ရပ်တန့်နေနိုင်သူ ဖြစ်သဖြင့် မိမိဘာသာ မေးခွန်းဖြေဆိုရန် မလိုအပ်သော အမျိုးအစားထဲတွင် ပါဝင်နေပေသည်။

ထိုတိမ်ဖြူများနှင့် အနက်ရောင် တိမ်တိုက်များ အားလုံးက သူ့ထံသို့သာ ချဉ်းကပ်လာကြလိမ့်မည်။

သို့သော် ထိုတိမ်တိုက်များသည် သူ့နောက်သို့ လိုက်နေကြသော်လည်း ကျန်းလင်ကိုတော့ ဘာမှလုပ်နိုင်ခြင်း မရှိပါချေ။

သို့သော် 'ဤတစ္ဆေနယ်မြေသည် အတိအကျ ဘာကိုလုပ် ဆောင်ချင်နေတာလဲ၊ ဒါမှမဟုတ် ဘယ်လို ရည်ရွယ်ချက်ကို ရရှိချင်တာလဲ' ဆိုသည်ကို ကျန်းလင်မသိရသေးပါချေ။

ကျန်းလင်သည် အားလပ်ချိန်ရနေခိုက် သိရှိထားသော အချက်အလက်များကို ချပြကာ သေချာစွာ ခွဲခြမ်းစိတ်ဖြာနေ၏။

တစ္ဆေနယ်မြေကို ဖြိုခွင်းရန် နည်းလမ်း နှစ်ခုရှိသည်။

၁။ တစ္ဆေနယ်မြေ၏အမြုတေကို ရှာဖွေပြီး ဖျက်ဆီးပစ်ရန်

၂။ တစ္ဆေနယ်မြေ၏စွဲလမ်းမှုကို ဖြေဖျောက်ရန် သို့မဟုတ် တစ္ဆေနယ်မြေက သတ်မှတ်ထားသော အခြေအနေများကို ပြည့်မီအောင် လုပ်ဆောင်ရန်။

ဥပမာအားဖြင့် အချို့သော တစ္ဆေနယ်မြေများ၏စွဲလမ်းမှုမှာ အချို့သော လူများကို သတ်ဖြတ်ရန်ဖြစ်လောက်ပေသည်။

သို့မဟုတ် ကစားကွင်းတစ်ခု ဖန်တီးကာ အားလုံးကို သူနှင့်အတူ ပျော်ပျော်ပါးပါး ကစားစေချင်ခြင်းမျိုးလည်း ဖြစ်နိုင်၏။

၎င်းတို့မှာအမျိုးမျိုး ရှိကြပြီး အလွန်ထူးဆန်းလှပေသည်။

ထိုတစ္ဆေနယ်မြေ၏ရည်ရွယ်ချက်ကို ရှာဖွေတွေ့ရှိပြီး ဖြိုခွင်းရန်မှာ ဝိညာဉ်တမန်တော်များ၏ တာဝန်လုပ်ငန်းစဉ်များထဲမှ တစ်ခုပင်။

----

ကျန်းလင်သည် အထူးအဆင့် တာဝန်ကို ပထမဆုံးအကြိမ် လုပ်ဆောင်ခြင်း ဖြစ်သော်လည်း ဤအရာများကို တာဝန်ပေးစင်တာမှ ဝန်ထမ်းများထံမှ ရရှိထားခဲ့ပေသည်။

ပထမနည်းလမ်း ဖြစ်သော တစ္ဆေနယ်မြေ အနှစ်သာရကို ရှာဖွေဖျက်ဆီးရန် ဆိုသည်မှာ

ယမမင်း သို့မဟုတ် တရားသူကြီး တို့ကဲ့သို့အကြွင်းမဲ့ ခွန်အားဖြင့် တိုက်ရိုက် ချေမှုန်းနိုင်စွမ်း ရှိမှသာ ဖြစ်နိုင်ပေသည်။

ထိုသို့ဆိုလျှင်တော့ ဘာမှ ဂရုစိုက်နေစရာ မလိုဘဲ လက်သီးဖြင့်သာ တိုက်ရိုက်ဖြေရှင်းလိုက်ရုံပင်။

မည်သို့ပင်ဆိုစေကာမူ 'ပြန်လည်မွေးဖွားလာသူ' ဖြစ်လာနိုင်ပြီး ဤအဆင့်အတန်းမျိုးရှိသော တစ္ဆေနယ်မြေကို ဖန်တီးနိုင်သည့် နတ်ဘုရား တစ်ပါး၏ ကိုယ်ပိုင် စွမ်းအားမှာ အထင် သေး၍ မရနိုင်ပါချေ။

ထို့ကြောင့် များသောအားဖြင့် ဝိညာဉ်တမန်တော်များသည် တစ္ဆေနယ်မြေကို ဖြိုခွင်းရန် ဒုတိယနည်းလမ်းကိုသာရွေး ချယ်လေ့ ရှိကြသည်။

ကျန်းလင် စဉ်းစားနေစဉ်မှာပင်

"သတိထား"

အောက်ဘက်ရှိ ဖူကျဲတို့ သုံးယောက်ထံမှ လန့်ဖျပ်အော်ဟစ်သံ တစ်သံ ထွက်ပေါ်လာတော့၏။

သူတို့၏အခြေအနေက အလွန် စိုးရိမ်စရာ ကောင်းနေသည်။

ထိုအချိန်ကျန်းလင် အောက်သို့ ငုံ့ကြည့်လိုက်မှသာ သူ့ ဘက်တွင်လည်း အသက်လုရုန်းကန်နေရသော ကလေးငယ်အချို့ ရှိနေသေးကြောင်း သတိရသွားတော့သည်။

🫧 Chapter 276

အောက်ဘက်ရှိ တိမ်တိုက်ပေါ်မှ လန့်ဖျပ်အော်ဟစ်သံ တစ်သံ ရုတ်တရက် ထွက်ပေါ်လာတော့၏။

"သတိထား"

အော်ဟစ်လိုက်သူမှာ ဖူကျဲဖြစ်သည်။

ယခုတစ်ကြိမ် ရူပဗေဒ မေးခွန်းကို သူတို့သုံးယောက်လုံး မဖြေတတ်ကြပါချေ။

ထို့ကြောင့် သူတို့သည် ကြိုတင်၍ နောက်ထပ် ခြေချစရာ နေရာရှာထားပြီး တိမ်တိုက်ပေါ်မှ ခုန်ချကာထွက်ပြေးရန် ပြင်ဆင်နေကြ၏။

ပြဿနာက ဤနေရာတွင် စတင်လာတော့သည်။

မူလက ခုန်ချမည့် အစီအစဉ်မှာ ဤသို့ ဖြစ်၏။ ဖူကျဲ က ပထမဆုံး ဆင်းကာ နေရာယူမည်၊ ထို့နောက် ဟန်စစ်စစ် ဆင်းမည်၊ နောက်ဆုံးမှ ချီယန်က ကျပန်းဖြေဆိုကာ အချိန် ဆွဲပေးရင်း အနောက်မှလိုက်လာမည် ဖြစ်သည်။

သို့သော် ဟန်စစ်စစ် ခုန်ချရန် ပြင်နေချိန်တွင် အနက်ရောင် တိမ်တိုက် တစ်ခုက သူတို့ထံသို့ ရုတ်တရက် ပျံသန်းလာတော့၏။

ဟန်စစ်စစ်သည် ချက်ချင်း ဆုံးဖြတ်ချက်ချကာ မေးခွန်းမဖြေတော့ဘဲ ချီယန်ကိုပါဆွဲ၍ အောက်သို့ တိုက်ရိုက် ခုန်ချလိုက်တော့သည်။

သို့သော် ခုန်ချချိန်မှာ အလွန်ကမန်းကတန်း နိုင်လွန်းလှသဖြင့် ခုန်ချသည့် နေရာမှာ အတိအကျမဖြစ်ခဲ့ပါချေ။

ဖူကျဲသည် အထက်အောက် ကြည့်လိုက်ရာ ဤသို့ဆိုလျှင် မဖြစ်နိုင်ကြောင်း သိလိုက်ရ၏။

သူတို့နှစ်ယောက် ဤထောင့်ချိုးအတိုင်း ဆင်းလာပါက သူရှိနေသော တိမ်တိုက်နှင့် သေချာပေါက်လွဲချော်သွားမည် ဖြစ်သည်။

အရေးအကြီးဆုံးမှာ ထိုနှစ်ယောက် ဤအတိုင်းသာ ပြုတ်ကျလာပါက ခြေချစရာနေရာ ရှိမည် မဟုတ်ပါချေ။

"သတိထား"

ထိုနှစ်ယောက် ပြုတ်ကျလာချိန်တွင် ဖူကျဲ ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူကိုယ်တိုင်လည်း တုံ့ဆိုင်းနေခြင်း မရှိဘဲ အရှေ့သို့ လွှားကနဲ ခုန်ပျံထွက်သွားတော့၏။

ကျန်းလင် အသံကြားသဖြင့် အောက်သို့ ငုံ့ကြည့်လိုက်ရာ ဖူကျဲ က ဟန်စစ်စစ် နှင့် ချီယန် တို့၏အပေါ်သို့ ခုန်ဝင်တိုက်လိုက်သည်ကို မြင်တွေ့လိုက်ရသည်။

ထို့နောက် သုံးယောက်သား အခြား ဦးတည်ရာတစ်ခုသို့ ပြိုင်တူ ပြုတ်ကျသွားကြတော့၏။

'အား အား အား'

'ဝုန်း'

တစ်ချိန်တည်းမှာပင် အထက်ရှိ အနက်ရောင် တိမ်တိုက်သည် အနီရောင် တောက်ပနေသော တိမ်ဖြူပေါ်သို့ ဝင်တိုက်မိသွားတော့သည်။

ထို့နောက် သေးငယ်သော မှိုပွင့်ပုံစံ မီးခိုးလုံးလေးတစ်ခုက ပေါက်ကွဲထွက်လာ၏။

ကျန်းလင် တစ်ချက် ကြည့်လိုက်ရာ ထိုသုံးယောက် ပြုတ်ကျသွားမည့် ဦးတည်ရာတွင် လေးမီတာခန့် ရှည်လျားသော တိမ်တိုက်ကြီး တစ်ခုရှိနေသည်ကို တွေ့လိုက်ရသည်။

၎င်းမှာခြေချရန် ကောင်းမွန်သော နေရာတစ်ခုဖြစ်၏။

သို့သော် အဆင်ပြေချောမွေ့စွာ ရောက်ရှိနိုင်မည်လော ဆိုသည်မှာ ပြဿနာတစ်ခုဖြစ်နေဆဲ ဖြစ်သည်။

ကျန်းလင် လက်ကို ဝှေ့ယမ်းလိုက်ရာ လေပြေတစ်သုတ်သည် ထိုသုံးယောက်၏ အပေါ်သို့ ကျဆင်းသွားတော့၏။

ထိုလေပြေက သုံးယောက်သားကို အရှေ့သို့ အနည်းငယ် ရွှေ့လျားသွားစေပြီး ထိုလေးမီတာခန့် ရှည်လျားသော တိမ်တိုက်ကြီးပေါ်သို့ အတိအကျ ကျဆင်းသွားစေတော့သည်။

'အား' သုံးယောက်သားသည် ထိုတိမ်တိုက်ကြီးပေါ်သို့ လူးလှိမ့်ကာ ပြုတ်ကျသွားကြတော့သည်။

သူတို့ ထိုင်လျက်သား ပြန်ဖြစ်လာသောအခါ တစ်ယောက်ချင်းစီ၏ နှုတ်ခမ်းထောင့်များမှာ မနေနိုင်ဘဲ ကွေးတက်သွားကြသည်။

ဖူကျဲ သူတို့နှစ်ဦးကို မျက်ခုံးပင့်ပြလိုက်ပြီး သုံးယောက်သား မျက်စပစ်ပြနေကြတော့၏။

ဖူကျဲ " ငါ ပြောသားပဲ၊ တကယ် ပြဿနာ တစ်ခုခုဖြစ်ရင် စွမ်းအားရှင်ကြီးက သေချာပေါက် ငါတို့ကို ပစ်ထားခဲ့မှာ မဟုတ်ဘူးလို့"

ဟန်စစ်စစ် " မင်း ခန့်မှန်းတာ တကယ်မှန်သွားတာပဲ"

ချီယန် " ဒီတစ်ခါတော့ သေချာသွားပြီ"

'ဟီး ဟီး ဟီး'

သုံးယောက်သားသည် တိုင်ပင်မထားဘဲ အချင်းချင်း ခိုးရယ်လိုက်ကြ၏။

သူတို့၏မျက်နှာအမူအရာမှာ ငါးခိုးစားထားသော ကြောင်လေးများကဲ့သို့ပင် ဖြစ်နေတော့သည်။

"ကဲ၊ ဆက်ပြီး ကြိုးစားကြတာပေါ့"

သုံးယောက်သားသည် ခြေအောက်မှ ထွက်ပေါ်လာသော အနီရောင် အလင်းတန်းများကိုကြည့်ကာ စစ်မြေပြင်သို့ သွားရတော့မည့်အလား ချက်ချင်းမတ်တတ်ရပ်၍ အသင့်ပြင်လိုက်ကြ၏။

မေးခွန်းဖြေသူက ဖြေ၊ အခြေအနေ ကြည့်သူက ကြည့်၊ နောက်ဆုတ်ရန် လမ်းရှာသူက ရှာဖြင့် အလုပ်ရှုပ်သွားကြသည်။

သို့သော် သူတို့၏ မျက်နှာအမူအရာများမှာမူ အတော်လေး ပေါ့ပါးလွတ်လပ်သွားခဲ့ပြီ ဖြစ်၏။

မည်သည့်အချိန်တွင်မဆို စိတ်ထဲတွင် ယုံကြည်ချက် တစ်ခု ရှိနေပါက ဘာလုပ်လုပ် စိတ်အေးချမ်းသာ ရှိလှပေသည်။

စိတ်ထဲတွင် အားကိုးရာ မရှိချိန်၌မူ ပါးလွှာသော ရေခဲပြင်ပေါ်တွင် လမ်းလျှောက်နေရသကဲ့သို့ ဘာလုပ်လုပ် ထိတ်လန့်တုန်လှုပ်နေရသည် မဟုတ်ပါလော။

ဖူကျဲ တို့ သုံးယောက်မှာ ယခုအချိန်တွင် ထိုကဲ့သို့ပင် ဖြစ်၏။

တစ်ယောက်ယောက်က သူတို့အတွက် အကာအကွယ် ပေးထားကြောင်း သိလိုက်ရသဖြင့် ခိုင်မာသော နောက်ခံကိုးကွယ်ရာ တစ်ခု ရရှိသွားသကဲ့သို့ ဖြစ်သွားတော့သည်။

ဆွေမျိုးမသိ သားမသိ မောက်မာစွာ လမ်းလျှောက်မည်ဟု မဆိုလိုသော်လည်း အနည်းဆုံးတော့ စိတ်ထဲတွင် ယခင်ကလောက် တင်းမာမနေတော့ပါချေ။

အချိန်တိုင်း သေဆုံးခြင်းနှင့် ရင်ဆိုင်နေရစရာ မလိုတော့ပေ။

သူတို့ သုံးယောက်၏ခံစားချက်ကို မည်သို့ ပြောရမည်နည်း။

ဥပမာအားဖြင့် သင် အပြင်ဘက်တွင် ပြဿနာ တစ်ခုခုနှင့် ကြုံတွေ့ရချိန်၌ နောက်သို့ လှည့်ကြည့်လိုက်ရာ တစ်စုံတစ် ယောက်က 'မကြောက်နဲ့၊ ငါ တာဝန်ယူပေးမယ်' ဟု ပြောလိုက်သကဲ့သို့ပင်။

သင်တို့ ရဲရဲဝံ့ဝံ့သာ ရှေ့ဆက်သွားကြ၊ ကျန်တာ ဘာမှ ပူစရာ မလိုဘူး ဆိုသည့် ခံစားချက်မျိုးပင်။

ရိုးရိုးရှင်းရှင်း ပြောရလျှင် အလွန် စိတ်အေးချမ်းသွားခြင်း ဖြစ်တော့သည်။

အထက်ရှိ တိမ်တိုက်ပေါ်တွင်မူ

ကျန်းလင်သည် ဤလေပြေလေး တစ်သုတ်ကိစ္စဖြင့် ဤကလေးများ၏ စိတ်ထဲတွင် ဤမျှလောက် အတွေးများစွာ ဝင်ရောက်သွားမည်ကို မသိခဲ့ပါချေ။

သူ၏ အကြည့်များသည် ဖူကျဲ ၏ ခေါင်းပေါ်ရှိ Iron man အရုပ်ပေါ်သို့ ကျရောက်သွားပြီး ချီယန်၏မိန်းကလေး ဝတ်စုံကို ဖြတ်ကျော်ကာ နောက်ဆုံးတွင် ဟန်စစ်စစ်ခြေအောက်၌ ရပ်တန့်သွား၏။

ဖူကျဲ နှင့် ချီယန်တို့၏ ပြောင်းလဲမှုသည် ရူပဗေဒ သဘော တရားများအရ ဖြစ်ပေါ်လာခြင်းဟု ဆိုနိုင်သော်လည်း ဟန်စစ်စစ်၏ ပြောင်းလဲမှုကမူ မှော်ပညာ စပယ်ရှယ်အကျိုးသက်ရောက်မှု အမျိုးအစားတွင် ပါဝင်နေပေသည်။

သူမ လမ်းတစ်လှမ်း လျှောက်လိုက်တိုင်း ခြေအောက်တွင် ကြာပန်းတစ်ပွင့် ပွင့်လန်းလာသည်ကိုတွေ့ရပြီး အလွန် မျက်စိကျစရာ ကောင်းလှ၏။

မည်သို့ မျက်စိကျစရာ ကောင်းသနည်း။ ထိုကြာပန်းလေးများသည် ပန်းရောင်သန်းနေပြီး ရွှေရောင် အလင်းတန်းများပင် ထွက်ပေါ်နေသကဲ့သို့ ရှိနေသည်။

သေချာ ကြည့်လိုက်သောအခါ ၎င်းတို့မှာ ပန်းရောင် ငွေစက္ကူ အရွက်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း အံ့သြဖွယ် တွေ့ရှိလိုက်ရတော့၏။

တကယ်ကို ခြေလှမ်းတိုင်းတွင် ပိုက်ဆံများထွက်ပေါ်လာခြင်းပင် ဖြစ်သည်။

Streamer ၏ တိုက်ရိုက်ထုတ်လွှင့်မှု ကင်မရာကို ချဲ့ကြည့်လိုက်သောအခါ ကြည့်ရှုသူများသည်လည်း ထိုအနီရောင် အရာများက ဘာလဲဆိုတာကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရ၏။

မြင်တွေ့လိုက်ရသည်နှင့် သူတို့မှာ မနေနိုင်ဘဲ လေပူတစ်ချက် မှုတ်ထုတ်လိုက်မိကြတော့သည်။

သောက်ကျိုးနည်း၊ ခြေလှမ်းတိုင်း ကြာပန်းပွင့်တယ် ဆိုတာကို ကြားဖူးပေမယ့် ခြေလှမ်းတိုင်း ပိုက်ဆံတွေ ထွက်လာတာကိုတော့ ပထမဆုံး အကြိမ် မြင်ဖူးတာပဲ။

[ဒီစွမ်းရည်က တကယ် မိုက်တာပဲ]

[ခေါင်းငုံ့ကြည့်လိုက်တာနဲ့ ငွေစက္ကူတွေချည်းပဲ ဆိုတော့ ဘယ်သူကများ ပျော်လွန်းလို့ ပြုံးမနေဘဲ နေနိုင်မှာလဲ]

[နေပါဦး ဒီပိုက်ဆံတွေကို ငွေသား အဖြစ်ထုတ်လို့ ရနိုင်မလား]

[ပိုက်ဆံအကြောင်းပြောရတာ လောကီဆန်လွန်းပါတယ်၊ ငါ သိချင်တာက ဒီကြာပန်းတွေကို ဘယ်နေရာမှာ ကြိုတင်မှာယူလို့ ရနိုင်မလဲ ဆိုတာပဲ အရင်ဆုံး ဆယ်ပွင့်လောက်ပေးစမ်းပါ]

[+၁၊ ဒီကြာပန်းတွေက တကယ် လှတာပဲ သေချာပေါက် ရောင်းကောင်းမှာပဲ မကြိုက်တဲ့သူဆိုတာ ရှိတောင် ရှိမှာ မဟုတ်ဘူး]

[ဒါက လူတွေ ပါးစပ်ဖျားမှာ ပြောနေကြတဲ့ သူဌေးမ ဆိုတာလား၊ ခြေလှမ်းတိုင်း ပိုက်ဆံတွေ ထွက်လာတာ၊ ဗဟုသုတ တိုးသွားပြီပဲ]

ဤစကားကတော့ မှားတယ်လို့ မဆိုသာပါချေ။

ငွေစက္ကူများကို အခြေခံအားဖြင့် မကြိုက်တဲ့သူ ဆိုတာ လုံးဝ မရှိသလောက်ပဲ ဖြစ်သည်။

ဖန်သားပြင်ရှေ့တွင် မျက်လုံးအစုံတို့သည် တောက်ပနေကြပြီး တောအုပ်ထဲရှိ အစိမ်းရောင် အလင်းတန်းများ ထွက်ပေါ်နေသော ဝံပုလွေများနှင့်ပင် တူနေတော့၏။

ဤစွမ်းရည်က သူတို့ အိပ်မက်မက်နေကြသည့် အရာပင် မဟုတ်ပါလော။

ကြည့်ရှုသူ အများအပြားသည် ဟန်စစ်စစ်ခြေထောက်များကို စိုက်ကြည့်ကာ မသိစိတ်မှပင် သွားရည်ကျလာမိကြတော့သည်။

ဤခြေထောက်များက အလွန်တန်ဖိုးကြီးလွန်းလှသည်လေ။

'အရမ်းကို ကြည့်ကောင်းလွန်းနေပြီ'

ကြည့်ရှုသူများ မည်သို့ပင် တွေးနေပါစေ၊ အထက်ရှိ ကျန်းလင် ကမူ ဖူကျဲ ယခင်ကပြောခဲ့သော စကားများကို ပြန်လည် သတိရသွားတော့၏။

ပထမဆုံး အကြိမ် တွေ့ဆုံစဉ်က ဖူကျဲ သည် ကျန်းလင်ကို အဖြူရောင် ဝိညာဉ်ဖမ်းသမား လုပ်ချင်၍ ဤကဲ့သို့ ဝတ်ဆင်ထားခြင်းဖြစ်မည်ဟု ထင်မှတ်ခဲ့သည်။

ထိုစဉ်ကတည်းက ကျန်းလင်တွင် ခန့်မှန်းချက် အချို့ ရှိခဲ့ပြီး ဖြစ်၏။

ယခုအခါ ဤကျောင်းသားများ၏ ခန္ဓာကိုယ်ပေါ်ရှိ ထူးခြားချက်များကို မြင်တွေ့ပြီးနောက် ကျန်းလင် သေချာပေါက် အတည်ပြုနိုင်သွားပြီ ဖြစ်သည်။

'ဒီတစ္ဆေနယ်မြေက လူတစ်ယောက်ချင်းစီရဲ့စိတ်ထဲမှာ တွေးနေတဲ့ အရာ၊ စိတ်နှလုံးထဲမှာ အလိုချင်ဆုံး အရာတွေကို ပုံဖော်ပေးနေတာလား'

သို့သော် ဤတစ္ဆေနယ်မြေ ဤသို့ ပြုလုပ်ရခြင်း၏ရည်ရွယ် ချက်က အဘယ်နည်း။

အတန်းတက်ရမည် မဟုတ်လျှင် မေးခွန်းဖြေရမည် ဆိုသည်မှာ ဤခဏတာ တွေ့ဆုံမှုအရ ရှင်းယာသည်လည်း ဤကျောင်းသားများအား ပညာရပ် အချက်အလက်များကို အမြဲတမ်း သွတ်သွင်းသင်ကြားပေးနေသည် မဟုတ်ပါလော။

ဖြစ်နိုင်သည်မှာ သူမ ဤသို့ လုပ်ဆောင်နေခြင်းက မေးခွန်းဖြေဆိုခြင်း၊ အတန်းတက်ခြင်းတို့ကို ရင်ဆိုင်ရန် သက်သက်မျှသာ မဟုတ်ဘဲ တစ္ဆေနယ်မြေကိုဖြိုခွင်းရန်နှင့်လည်း ပတ်သက်ဆက်နွယ်နေလောက်ပေသည်။

သို့သော် အကယ်၍ ရှင်းယာသည် နည်းလမ်းကို သိရှိနေပြီ ဖြစ်ပါလျက်နှင့် ယခုတိုင် တာဝန်ကိုပြီးမြောက်အောင် မဆောင်ရွက်နိုင်သေးဘူး ဆိုလျှင်ကျန်းလင်သည် တွေးတောနေရင်း စိတ်ထဲတွင် အကြမ်းဖျင်း တွေးဆစရာ လမ်းစအချို့ ရရှိသွားတော့၏။

သူသည် ချဉ်းကပ်လာသော အနက်ရောင် တိမ်တိုက်များကို လက်တစ်ဖက်ဖြင့် ဝှေ့ယမ်းဖယ်ရှားလိုက်ပြီး အောက်ဘက်ရှိ ဖူကျဲ တို့ သုံးယောက်ကို တည်ငြိမ်စွာ ငုံ့ကြည့်နေ၏။

ရှင်းယာ ၊ စာပေပညာရှင် ဝိညာဉ်တမန်တော် တို့၏ ဘက်နှင့် နှိုင်းယှဉ်ပါက သူ့ ဘက်တွင်မူ အတော်လေးသက်သောင့် သက်သာ ရှိနေပေသည်။

သို့သော် တိုက်ရိုက်ထုတ်လွှင့်မှု အခန်း၏အခြားတစ်ဖက်တွင်မူ သောင်းနှင့်ချီသော ကြည့်ရှုသူများသည် ပိုဇိမ်ကျနေကြသေး၏။

ဖရဲစေ့များကို ခွာစားကာ အအေးများကို သောက်နေကြသည်။

တစ်ခါတစ်ရံ အကြမ်းဖတ် စက္ကူပေါ်တွင် ရေးခြစ်တွက်ချက် ကြပြီး သို့မဟုတ် group ထဲရှိ လူများနှင့် ခံစားချက်များကို ဆွေးနွေးကြ၏။

တစ်ယောက်ချင်းစီတိုင်းမှာ ဇိမ်အကျဆုံး ဆိုတာမရှိဘဲ ပို၍ ဇိမ်ကျနေသူသာ ရှိတော့သည်။

ထိုအချိန်မှာပင် group ထဲတွင် တစ်စုံတစ်ယောက်က ရုတ်တ ရက် အော်ဟစ်လိုက်တော့၏။

[live အခန်းကို အမြန်ကြည့်ကြ]

[တိုက်ရိုက်ထုတ်လွှင့်မှု အခန်းကို ကြည့်ရမယ်၊ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းက ဘာဖြစ်လို့လဲ]

[တစ်ချိန်လုံး စောင့်ကြည့်နေတာပဲ မဟုတ်လား]

အိမ်သာတက်နေသူများမှာ အိမ်သာသုံး စက္ကူယူမည့် လှုပ်ရှားမှုကို ရပ်တန့်လိုက်ကြပြီး ရေသောက်နေသူများမှာလည်း အလောတကြီး ဆက်မသောက်ကြတော့ဘဲ အားလုံး ပြိုင်တူ ခေါင်းလှည့်ကာ ကြည့်လိုက်ကြတော့၏။

တစ်ချက် ကြည့်လိုက်ရာ မဝင်ရောက်မီကတည်းက သူတို့ကို သတိထားရန် မှာကြားခဲ့ပြီး ဝင်ရောက်သွားပြီးနောက်တွင်လည်း တစ်ချိန်လုံး အလုပ်ရှုပ်နေခဲ့သော Streamer သည် ကင်မရာဘက်သို့ ရုတ်တရက် လှည့်ကြည့်လာသည်ကို တွေ့လိုက်ရတော့သည်။

'......'

ကြည့်ရှုသူများသည် ပြိုင်တူ အသက်အောင့်ထားလိုက်ကြပြီး နားစွင့်နေကြ၏။

နားထောင်ပြီးနောက် သူတို့၏မျက်လုံးများ ပြိုင်တူ အရောင်လက်သွားကြတော့သည်။

ဤကိစ္စကို သူတို့ လုပ်တတ်သည်လေ။

တစ်ယောက်တည်း မရလျှင်တောင် ဤတိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲတွင် လူသန်းဆယ်ချီ ရှိနေသည် မဟုတ်ပါလော။

သူတို့အပေါ်သာ လုံးဝ လွှဲထားလိုက်ရုံပင်။

ထို့နောက် ဖန်သားပြင်ရှေ့ရှိ ကြည့်ရှုသူ တစ်ယောက်ချင်းစီသည် လက်ထဲရှိ အလုပ်များကို ယာယီ ချထားလိုက်ကြပြီး စိတ်အားထက်သန်စွာဖြင့် စတင် အလုပ်ရှုပ်လာကြတော့၏။

ယခုတော့ အမှန်တကယ်ကို ဇိမ်အကျဆုံးသူမှာ ကျန်းလင် တစ်ယောက်တည်းသာ ရှိတော့သည်။

All Chapters