အခန်း (၂၇၇-၂၇၈)
Vol. 28 Ch. 277-278
🫧 Chapter 277
'ဒေါင် ဒေါင်' 'ဒေါင် ဒေါင်'
အတန်ကြာပြီးသော် အတန်းဆင်း ခေါင်းလောင်းသံထွက်ပေါ်လာ၏။
တိမ်တိုက်ပေါ်တွင် အသက်လုရုန်းကန်နေရသော ဖူကျဲတို့ သုံးယောက်မှာ ပြိုင်တူ သက်ပြင်းချလိုက်ကြသည်။
နောက်ဆုံးတော့ ပြီးသွားပြီလေ။
နောက်ထပ် အတန်းတစ်ချိန်ကို အောင်မြင်စွာ အသက်ရှင်လျက် ဖြတ်ကျော်နိုင်ခဲ့ပြန်ပြီဖြစ်၏။
ဟန်စစ်စစ် "ချီယန်၊ မရပ်နဲ့ဦး"
အမြဲတမ်း တည်ငြိမ်နေတတ်သော ဟန်စစ်စစ်သည် ရုတ်တ ရက် ချီယန့်လက်ကို အားပြင်းပြင်းဖြင့် ဆွဲကိုင်လိုက်ခြင်း ဖြစ်သည်။
ချီယန် "ဘာဖြစ်လို့လဲ"
သူသည် နောက်သို့ လှည့်ကြည့်လိုက်ပြီး တစ်စုံတစ်ခုကို သတိရသွားကာ ခြေအောက်ရှိ တိမ်တိုက်ကို အမြန် ငုံ့ကြည့်လိုက်၏။
တိမ်တိုက်ပေါ်ရှိ အနီရောင် အလင်းတန်းများက ပျောက်ကွယ်မသွားပါချေ။
မေးခွန်းဘေးရှိ အချိန်မှတ်စက်ကလည်း ဆက်လက် ပြေးနေဆဲ ဖြစ်၏။
ထိုအခါဖူကျဲသည် ပေါင်ကို ဖြတ်ကနဲ ရိုက်လိုက်သည်။
ဖူကျဲ "မင်းမေကြီးတော်၊ ဒီဟာက အချိန်ပို ဆက်သင်နေတာပဲ အတန်းဆင်း ခေါင်းလောင်းသံကိုတောင် ဂရုမစိုက်တော့ဘူး"
"၅၊ ၄၊ ၁အချိန်ပြည့်ပြီ"
သုံးယောက်သားကို ပြင်ဆင်ချိန်ပင် မပေးဘဲ ခြေအောက်ရှိ တိမ်တိုက်ကြီးသည် တိုက်ရိုက် ကွဲအက်သွားတော့သည်။
ထို့နောက် ပျောက်ကွယ်သွားတော့သည်။
ဖူကျဲ "မင်းက လူလည်ကျတာကိုတောင် ဒီလောက် အရှက်မရှိ လုပ်ရဲသေးတယ်ပေါ့"
ဖူကျဲ အမှန်တကယ်ပင် လက်မြှောက် အရှုံးပေးလိုက်ရပြီ ဖြစ်သည်။
တကယ့်ကို အရှုံးပေးလိုက်ပြီလေ။
ဤနေရာကြီးက အလွန်ကို ယုတ်မာလွန်းလှပေသည်။
အချိန်ပို ဆက်သင်တာကို ထားလိုက်ပါတော့၊ သူတို့ကိုပါ ဗြောင်ကျကျ အောက်သို့ ပစ်ချလိုက်သေးသည် မဟုတ်ပါလော။
"တကယ့်ကို သီလမစောင့်တာပဲ"
သုံးယောက်သားသည် အောက်သို့ လျင်မြန်စွာ ပြုတ်ကျသွားကြပြီး ခဏအကြာတွင် လေတစ်သုတ်က သူတို့ကို ပင့်တင်လိုက်သည်။
ဖူကျဲ 'ကောင်းပြီလေ၊ စွမ်းအားရှင်ကြီး အွန်လိုင်း ရောက်နေပြီပဲ'
ချီယန် 'တကယ်ကို Cheat code သုံးထားတာကို Cheat code သုံးမှပဲ နိုင်မှာပေါ့ အချိန်ပို သင်ချင်သင်လေ၊ ငါတို့ကတော့ အတန်းလစ်ပြီ'
ဟန်စစ်စစ် 'ပေါ့ဆသွားတယ်'
……
ပတ်ဝန်းကျင် မြင်ကွင်းများ ဝေဝါးလာပြီး နောက်တစ်စက္ကန့်တွင် ကျောင်းသားအားလုံး အတန်းထဲမှ ကန်ထုတ်ခံလိုက်ရတော့သည်။
ထိုအထဲတွင် ကျန်းလင်လည်း ပါဝင်နေ၏။
သူတို့ ယခုရောက်နေသော နေရာသည် စောစောကဝင်ရောက်ခဲ့သော နေရာ မဟုတ်တော့ကြောင်း ကျန်းလင် ချက်ချင်း သတိပြုမိလိုက်သည်။
ယခင်က ကျောင်းသားများ ဖောက်ထားခဲ့သော အနီရောင် အချက်ပြ မီးခိုးများလည်း ဘယ်ရောက်သွားမှန်း မသိတော့ပါချေ။
သူတို့သည် ယခုအခါ ကွန်ကရစ် အုတ်ခဲများပေါ်တွင် ခြေချထားပြီး ပတ်ဝန်းကျင်တွင် သစ်ပင်များနှင့် အထပ်မြင့် အဆောက်အအုံကြီးများ ရှိနေ၏။
တစ္ဆေနယ်မြေ အတွင်းရှိ နေရာလွတ်များသည် ရွေ့လျားနေခြင်း ဖြစ်နိုင်သကဲ့သို့ သူတို့ကို အပြင်သို့ ကန်ထုတ်လိုက်ချိန်တွင် ကျပန်း နေရာတစ်ခုခုသို့ ပစ်ချခံလိုက်ရခြင်းလည်း ဖြစ်နိုင်ပေသည်။
ကျန်းလင် တွေးတောနေစဉ်မှာပင် သူ့ခြေသလုံးကို ရုတ်တ ရက် အဖက်ခံလိုက်ရတော့သည်။
ဖူကျဲ "အသက်ကယ်ပေးတဲ့ ကျေးဇူးအတွက် ကျေးဇူးတင်ပါတယ် စွမ်းအားရှင်ကြီး"
ဖူကျဲ၏ ဤဒူးထောက်ခြင်းမှာ အလွန်ရိုးသားပြီး တက်ကြွလွန်းလှ၏။
ဤအတန်းချိန်သာ မရှိပါက စွမ်းအားရှင်ကြီး၏ ကျေးဇူးကြောင့် သူတို့ သေချာပေါက် အသက်ရှင်နိုင်မည် မဟုတ်ပါချေ။
ဤခြေသလုံးကြီးက အလွန်ကြီးမားခိုင်မာလွန်းလှသည်လေ။
လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် သူတို့ကို နောက်ထပ် နှစ်ရက်လောက် အသက်ပိုရှည်စေနိုင်သည်မဟုတ်ပါလော။
ဖူကျဲ "နောက်ဆို ခင်ဗျား အရှေ့သွားဆို အရှေ့သွားမယ်၊ အနောက်သွားဆို အနောက်သွားမယ်၊ ကျွန်တော်တို့က အပိုစကား တစ်ခွန်းမှ မပြောဘူး"
ကျန်းလင် "ငါ့စကား နားထောင်မှာလား"
ဖူကျဲ "အင်း အင်း အင်း"
ကျန်းလင် "ကောင်းပြီ၊ ဘေးဖယ်နေ"
ဖူကျဲ "ဟုတ်ကဲ့ပါ စွမ်းအားရှင်ကြီး"
ထိုအခါဖူကျဲသည် ချက်ချင်းပင် လက်လွှတ်လိုက်ပြီး ဘေးတွင် လိမ္မာစွာရပ်ကာ စွမ်းအားရှင်ကြီး၏အမိန့်ကိုစောင့်ဆိုင်း နေတော့၏။
ချီယန် နှင့် ဟန်စစ်စစ် တို့ကိုလည်း ဆွဲခေါ်ကာ အတူတကွ ရပ်ခိုင်းထားရန် မမေ့ပါချေ။
ခြေသလုံးဖက်လျှင် အတူတူ ဖက်ရမည် မဟုတ်ပါလော။
ရိုးသားသော မျက်လုံး သုံးစုံကို ရင်ဆိုင်ရင်း ကျန်းလင် ဆက်ပြောလိုက်သည်။
ကျန်းလင် "ဘေးဖယ်နေ၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ် တည်ကြ"
ဖူကျဲ "ဟုတ်ကဲ့ပါ စွမ်းအားရှင်ကြီး"
ဖူကျဲသည် ချက်ချင်း ပြန်ထူးလိုက်ပြီး လှည့်ထွက်ရန် ပြင်လိုက်သော်လည်း နောက်တစ်စက္ကန့်တွင် မျက်နှာမဲ့သွားတော့၏။
သနားစရာ မျက်နှာလေးဖြင့် နောက်သို့ ပြန်လှည့်လာသည်။
ဖူကျဲ "စွမ်းအားရှင်ကြီး"
ထိုအခါသုံးယောက်သား၏ မျက်နှာအမူအရာများမှာ ထူးဆန်းသွားကြ၏။
ဤစကားက အနည်းငယ် ရင်းနှီးနေသကဲ့သို့ ရှိပေသည်။
'စကားနားထောင်လား' 'နားထောင်ပါတယ်' 'ဒါဆို စကားနားထောင်၊ သကြားလုံး မစားနဲ့'
---
Streamer ၏ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲရှိ ကြည့်ရှုသူများသည်လည်းကြောင်အမ်းသွားကြ၏။
ထို့နောက် သူတို့မျက်လုံးများထဲတွင် အလွန် ဝမ်းသာပျော်ရွှင်မှုများ ပေါက်ကွဲထွက်လာတော့သည်။
[ မင်းမေကြီးတော်]
[Streamer ကတောင် စကားကို တစ်ဝက်တစ်ပျက်ပြောပြီး အသက်ရှူရပ်အောင် လုပ်တတ်နေပြီပဲ လီစုန့် ဆိုတဲ့ ကလေးလေးဆီက သင်လာတာများလား]
[ဒါ ဒါက အရမ်းကို nice ဖြစ်လွန်းနေပြီ]
အကယ်၍ အခြား Streamer များသာ ဆိုပါက ရယ်စရာတွေ ပြော၊ ဟာသတွေ ပြောပြီး ဘယ်လိုပဲ လုပ်လုပ် ကြည့်ရှုသူ များက ဤမျှလောက်အံ့သြမည် မဟုတ်သကဲ့သို့ ဤမျှလောက် 'သောက်ကျိုးနည်း' ဟု ရေရွတ်ကြမည် မဟုတ်ပါချေ။
သို့သော် သူက အခြားသူ မဟုတ်၊ သူတို့၏ Streamer ပင် ဖြစ်သည်လေ။
'မရဏလောကမှအံ့ဖွယ်နေ့ရက်များ' live ၏ Streamer ပင် ဖြစ်၏။
ဤအရာက သေးငယ်သော စကားတစ်ခွန်းမျှသာ ဖြစ်သည်ဟု မထင်လိုက်ပါနှင့်။
သူတို့ Streamer ကို စတင် သိကျွမ်းခဲ့ချိန်က အကြောင်းကို ပြန်လည် စဉ်းစားကြည့်ကြပါလေ။
အလွန်ကို အေးစက်ပြီး လောကီရေးရာများကို စိတ်မဝင်စားသည့် ပုံစံမျိုးဖြစ်ပေသည်။
မည်သည့်အရာကိုမျှ ဂရုမစိုက်သည့် ပုံစံမျိုးဖြင့် စကားနည်းကာ အလုပ်ကို အလုပ်နှင့်တူအောင်လုပ်သည့် အသွင်အပြင်မျိုးဖြစ်၏။
သို့သော် မည်သည့်အချိန်က စတင်ခဲ့သနည်း။
Streamer အဖွဲ့ခေါင်းဆောင် ဖြစ်လာပြီး အိမ်ပြောင်းသည့် အချိန်ကလော။
တစ္ဆေသူဌေး ကိစ္စတုန်းကလော။
ဒါမှမဟုတ် နှစ်ပတ်လည် ပွဲတုန်းကများလော။
ကြည့်ရှုသူများသည် သေချာ မသိကြပါချေ။
သို့သော် အစပိုင်းနှင့် နှိုင်းယှဉ်ပါက ယခု Streamer တွင် ရင်းနှီးဖော်ရွေမှု အနည်းငယ် ပိုလာသည်ကို သူတို့ ခံစားသိရှိနိုင်ပေသည်။
Streamer က နောက်တစ်ကြိမ် တိုက်ရိုက်ထုတ်လွှင့်မည့် အချိန်ကို ကြိုတင် ပြောပြတတ်ပြီး သူတို့ကို အစောကြီး အိပ်ခိုင်းတတ်သည်။
ပရိသတ် အခွင့်အရေးများ ပေးတတ်ပြီး အားလပ်ချိန်တွင် သူတို့နှင့် စကားပိုပြောတတ်လာ၏။
ယခုအခါ စကားကို တစ်ဝက်တစ်ပျက် ပြောပြီး အသက်ရှူရပ်အောင် လုပ်သည့် နည်းလမ်းကိုပါ သင်ယူတတ်လာပြီ ဖြစ်သည်။
[လခွမ်း ကိုယ့်ကလေးလေး ကြီးပြင်းလာပြီ ဆိုတဲ့ ခံစားချက်မျိုးက ဘာလဲဟ]
-----
ခြေသလုံးဖက်ရန် ကျရှုံးသွားသော်လည်း ဖူကျဲတို့ သုံးယောက်မှာ အနည်းငယ် စိတ်ပျက်သွားသော်လည်း သိပ်တော့ မအံ့သြပါချေ။
ထို့အပြင် စွမ်းအားရှင်ကြီးက ကူညီရမည့် အချိန်တွင် ကူညီပေးမည် ဖြစ်ပြီး အမရှင်းနှင့်လည်း သိကျွမ်းနေသည် မဟုတ်ပါလော။
သူတို့ကို ပစ်ထားခဲ့မည် မဟုတ်ဆိုသည့် အချက်နှင့်တင် လုံလောက်နေပြီ ဖြစ်၏။
ဖူကျဲ "ဘယ်သူ လုပ်မလဲ"
ဟန်စစ်စစ် "ငါပဲ လုပ်လိုက်မယ်"
သူတို့တွင် သဘောတူညီချက် တစ်ခု ရှိထားသည်။
အတန်းထဲမှ ထွက်လာပြီးနောက် အချက်ပြမှုကို မတွေ့ပါက နေရာတွင်ပင် နေခဲ့ကာ အချက်ပြမှု ပြုလုပ်ပြီး အခြားသူများ လာရှာမည်ကို စောင့်ဆိုင်းရန် ဖြစ်၏။
ထိုစဉ်ဟန်စစ်စစ်သည် ခဏမျှ စဉ်းစားလိုက်ပြီးနောက် ရှေးဟောင်း ကဗျာတစ်ပုဒ်ကို ရွတ်ဆိုလိုက်သည်။
"မီးပန်းသစ်ပင် ငွေရောင်ပန်းများ မျက်စိတစ်ဆုံး နီရဲနေ၊ မိုးလုံးညံအောင် တီးမှုတ်ကာ နွေဦးလေကို နှိုးဆွနေ"
စကားဆုံးသည်နှင့် ပတ်ဝန်းကျင်တွင် တောက်ပသော အဝါရောင် အလင်းစက်လေးများ လင်းလက်လာပြီး ရောင်စုံ မီးရှူးမီးပန်းများ ကောင်းကင်သို့ ပျံတက်သွားတော့၏။ 'ဒိုင်း ဒိုင်း' 'ဖောက် ဖောက်'
ပတ်ဝန်းကျင်တွင် ဗုံတီး၊ လင်းကွင်းတီးသံများ ထွက်ပေါ်လာပြီး လူအများအပြား လမ်းမပေါ်တွင် တန်ဆောင်တိုင်ပွဲတော် ကျင်းပနေသကဲ့သို့ပင် ဖြစ်ကာအလွန် စည်ကားလှပေသည်။
ကောင်းကင်ယံကလည်း လိုက်လျောညီထွေစွာ အနည်းငယ် မှောင်မိုက်သွားပြီး ထိုအလင်းရောင်များကို ပိုမိုသိသာထင်ရှားစေတော့သည်။
တစ်ခဏအတွင်းမှာပင် ဤနေရာသည် သီးခြား မြင်ကွင်းတစ်ခုအဖြစ် ဖန်တီးသွားသကဲ့သို့ ဖြစ်သွားတော့၏။
မကြာမီမှာပင် ရှင်းယာသည် ကျောင်းသား တစ်ယောက်ကို ခေါ်ဆောင်ကာ ရောက်ရှိလာ၏။
အနောက်တွင် တောင့်တင်းသော ခန္ဓာကိုယ်နှင့် ခြေလက်များတွင် အဖြူရောင် အဝတ်စများရစ်ပတ်ထားသည့် လူသန်ကြီး တစ်ဦးလည်း လိုက်ပါလာသည်။
လူသန်ကြီး "အားလုံး ဒီမှာ ရှိနေကြတာကိုး၊ အခုတော့ အစုံပဲ"
နောက်ဆုံးတော့ ထိုမေးခွန်းများကို ဂရုစိုက်စရာ မလိုတော့သကဲ့သို့ ရှင်းယာ ဂါထာရွတ်နေသည်ကိုလည်း နားထောင်စရာမလိုတော့ပါချေ။
အခြား ဦးတည်ရာတစ်ခုမှ စာပေပညာရှင် ဝိညာဉ်တမန်တော် သည်လည်း တစ္ဆေချီများကို အသုံးပြု၍ ကျောင်းသား နှစ်ယောက်ကို ပင့်ဆောင်ကာ ဤဘက်သို့ ပျံသန်းလာ၏။
မြေပြင်သို့ ရောက်ရှိပြီးနောက် ထိုကျောင်းသား နှစ်ယောက်သည် ရှင်းယာ ထံသို့ လျှောက်သွားလိုက်ကြသည်။
"အမရှင်း"
ဒဏ်ရာရထားသော ကျောင်းသားမှာ ယခုအခါ ဘာမှမဖြစ်တော့ဘဲ လွတ်လပ်စွာ သွားလာနိုင်နေပြီ ဖြစ်၏။
'ဖျပ်'
စာပေပညာရှင် ဝိညာဉ်တမန်တော် သည် ယပ်တောင်ကို ဖြန့်ကာ ဖြည်းညင်းစွာ လျှောက်လာခဲ့သည်။
"ကျွန်တော်လည်း အားလုံးလိုပဲ တာဝန်ယူပြီး လာခဲ့တာပါ သတင်းအချက်အလက်လေး ဖလှယ်လို့ ရမလား"
ယခုအခါဝိညာဉ်တမန်တော် လေးပါး ပြည့်စုံသွားပြီ ဖြစ်၏။
"ရတာပေါ့"
ရှင်းယာ ခေါင်းကို အနည်းငယ် ညိတ်လိုက်သည်။
သူမသည် တမင်တကာ မလုပ်သော်လည်း လှုပ်ရှားမှုတိုင်းတွင် ကျက်သရေရှိမှုများ ပြည့်နှက်နေပေသည်။
ထိုကျောင်းသား ခြောက်ယောက်ကို တစ်ချက် မှာကြားလိုက်ပြီးနောက် ရှင်းယာ သည် ကျန်းလင် တို့ဆီသို့ လျှောက်သွားလိုက်၏။
"ငါက ပထမဆုံး တာဝန်ယူခဲ့တဲ့ ဝိညာဉ်တမန်တော်ဆိုတော့ ငါကပဲ အရင် စပြောလိုက်မယ်"
ရှင်းယာ သည် လက်ကို ဝှေ့ယမ်းလိုက်ရာ တစ္ဆေချီ အကာ အကွယ် တစ်ခုက သူတို့ ပတ်ပတ်လည်ကို ဖုံးလွှမ်းသွားပြီး အသံများကို တားဆီးလိုက်တော့၏။
သူမ စကားများစွာ ပြောခဲ့သော်လည်း တတ်နိုင်သမျှ တိုတိုရှင်းရှင်းသာ ပြောဆိုခဲ့သည်။ သူမ ဤတစ္ဆေနယ်မြေထဲသို့ ဝင်ရောက်လာပြီးကတည်းက ဖြစ်ပျက်ခဲ့သော ကိစ္စများ၊ ရှာဖွေတွေ့ရှိခဲ့သော စည်းမျဉ်းများနှင့် သူမ ပြုလုပ်ခဲ့သော စူးစမ်းလေ့လာမှုများ အကြောင်းပင်။
လေးယောက်သား ဆွေးနွေးပြီးနောက် ကျန်းလင် သိထားပြီးသား စည်းမျဉ်းများမှလွဲ၍ အသစ်ရရှိလာသော သတင်းအချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်၏။
၁။ ဤနေရာရှိ အချိန်စီးဆင်းမှုနှုန်းမှာ အပြင်ဘက်နှင့် မတူညီပါချေ။
တစ္ဆေနယ်မြေထဲတွင် နှစ်ရက် သုံးရက်ခန့်ရှိမှ အပြင်ဘက်တွင် တစ်ရက်သာ ကြာမြင့်ပေသည်။ ရှင်းယာ၏ပြောစကားအရ ဆိုလျှင် သူမ ဤနေရာတွင် နေခဲ့သည်မှာ အနည်းဆုံး ရက်နှစ်ဆယ်ကျော် ရှိနေပြီ ဖြစ်၏။
၂။ တစ္ဆေနယ်မြေ၏အချိန်အရ ခုနစ်ရက် တစ်ကြိမ် ဤနေရာတွင် စာမေးပွဲကြီး တစ်ခု ရှိပေသည်။
ဘာသာရပ် အားလုံးကို ဖြေဆိုရမည် ဖြစ်၏။
သို့သော် ဤနေရာရှိ အတန်းချိန်ဖြစ်စေ၊ စာမေးပွဲဖြစ်စေ အပြင်ဘက်နှင့် လုံးဝ ကွာခြားလှပေသည်။ မကောင်းဆိုးဝါး ပူးကပ်ခံထားရသကဲ့သို့ပင်။
စာမေးပွဲ ဖြစ်သကဲ့သို့ အသက်လု ရုန်းကန်ရသည့် အဆင့်လည်း ဖြစ်သည်။
စာမေးပွဲ ဖြေဆိုချိန်တွင် ကျောင်းသားများသည် 'ပညာရပ်၏ စွမ်းအား' ကို အသုံးပြုနိုင်သော်လည်း သေဆုံးမှုနှုန်းမှာ အမြင့်ဆုံး ဖြစ်နေဆဲပင် ဖြစ်၏။
၃။ ဝိညာဉ်တမန်တော်များ တစ္ဆေနယ်မြေထဲတွင် သေဆုံးသွားပါက မည်သို့ ဖြစ်မည်ကို လောလောဆယ် မသိရသေးပါချေ။
ထိုကျောင်းသား ခြောက်ယောက် တစ္ဆေနယ်မြေထဲတွင် သေဆုံးသွားပါက တစ်ကြိမ်တည်းနှင့် အမှန်တကယ် သေဆုံးသွားမည် မဟုတ်သော်လည်း သူတို့၏ စိတ်ပိုင်းဆိုင်ရာ စွမ်းအင်နှင့် ဝိညာဉ်များကို တဖြည်းဖြည်းချင်း ကုန်ခမ်းသွားစေမည် ဖြစ်၏။
ထို့ကြောင့် ဤနေရာတွင် အချိန်ကြာမြင့်စွာ နေထိုင်ရခြင်းက အသက်အန္တရာယ် ရှိနေဆဲပင် ဖြစ်သည်။
၄။ ရှင်းယာသည် တစ္ဆေနယ်မြေ၏ အနှစ်သာရ စွမ်းအားကို ရှာဖွေရန် ကြိုးစားခဲ့ဖူးသော်လည်း ရှာမတွေ့ခဲ့ပါချေ။
ဤတစ္ဆေနယ်မြေသည် ဝင်္ကပါ တစ်ခုကဲ့သို့ ရွေ့လျားနိုင်၏။
ထို့အပြင် နေရာလွတ် တစ်ခုချင်းစီတွင် ၎င်းတို့၏ ကိုယ်ပိုင် စည်းမျဉ်းများ ရှိနေပေသည်။
၅။ တစ္ဆေနယ်မြေထဲတွင် ကျောင်းသား အချင်းချင်း ရန်ဖြစ်ခြင်း၊ အနိုင်ကျင့်ခြင်း မပြုလုပ်ရဘဲ ကျောင်းစည်းကမ်းများကို လိုက်နာရမည်။
၆။ အကယ်၍ ဆက်လက် အသက်မရှင်ချင်တော့သည့် အတွေးမျိုး ဝင်လာပါက တစ္ဆေနယ်မြေ၏ ပစ်မှတ်ထားမှုကို ခံရမည် ဖြစ်ပြီး ပိုမိုကြီးမားသော အခက်အခဲများနှင့် ခြိမ်းခြောက်မှုများ ပေါ်ပေါက်လာမည် ဖြစ်၏။
၇။ အချိန်ကြာလာသည်နှင့်အမျှ ပိုမိုများပြားသော စာညံ့သူ ကျောင်းသားများ ဤထဲသို့ ဆွဲသွင်းခံလာရမည် ဖြစ်သည်။
……
အထက်ပါ အချက်များမှလွဲ၍ ကျန်ရှိနေသည်များမှာ ကျန်းလင်တို့၏ခန့်မှန်းချက်များသာ ဖြစ်တော့သည်။
ဤတစ္ဆေနယ်မြေ၏ စွဲလမ်းမှုသည် ပညာသင်ကြားပေးခြင်းနှင့် ပတ်သက်ဆက်နွယ်နေနိုင်ကြောင်း သူတို့ ခန့်မှန်းမိကြသည်။
အဘယ်ကြောင့်ဆိုသော် တစ္ဆေနယ်မြေ ဖန်တီးရှင်သည် အသက်ရှင်စဉ်က ဆရာတစ်ယောက် ဖြစ်ခဲ့ပြီး အလုပ်သွားရာလမ်းတွင် သေဆုံးခဲ့ခြင်း ဖြစ်သောကြောင့်တည်း။
အတွင်းသို့ ဆွဲသွင်းခံရသော ကျောင်းသားများ အားလုံးသည်လည်း စာမေးပွဲကျသူများချည်းသာ ဖြစ်ကြ၏။
ဆရာက ကျောင်းသားများ အပေါ် မျှော်လင့်ချက် ကြီးမားလွန်း၍ စိတ်ပျက်နေခြင်း ဖြစ်နိုင်သကဲ့သို့ သေဆုံးခါနီးတွင် တစ်စုံတစ်ရာကို တွေးတောနေခဲ့ခြင်းလည်း ဖြစ်နိုင်ပေသည်။
ဥပမာအားဖြင့် သူ အလုပ်သွားရဦးမည်။
အကယ်၍ သူနောက်ကျသွားပါက ထိုစာညံ့သူ ကျောင်းသား များက ဆူပူသောင်းကျန်းကြတော့မည် မဟုတ်ပါလော။
🫧 Chapter 278
"ငါ စာမေးပွဲကြီး တချို့ဝင်ဖြေဖူးတယ်"
ရှင်းယာက မျက်လုံးပင့်ကြည့်ကာ ပြောလိုက်၏။
"ဘာသာရပ် အားလုံးကို အမှတ်ပြည့် ရရင် ဒီကနေ ထွက်သွားလို့ ရနိုင်မယ်လို့ ငါ သံသယရှိတယ်"
ထိုအခါဝိညာဉ်တမန်တော် သုံးပါးက လှမ်းကြည့်လိုက်ကြသည်။
လူသန်ကြီးကမူ မျက်နှာရှုံ့မဲ့သွားပြီး အသံသြသြဖြင့် "ဒီလို လုပ်လို့ရတဲ့ နည်းလမ်းလည်း ရှိသေးတာလား" ဟု မေးလိုက်၏။
'စာညံ့သူတွေကို ဆွဲသွင်းလာပြီးတော့ ထူးချွန်ကျောင်းသား ဖြစ်မှပဲ ထွက်သွားလို့ ရမယ် ဟုတ်လား'
'ဒီတစ္ဆေနယ်မြေ ဖန်တီးရှင်က စာညံ့သူတွေ အပေါ်မှာ နားလည်မှုလွဲနေတာ တစ်ခုခုများ ရှိနေသလား'
ကျန်းလင်နှင့် စာပေပညာရှင် ဝိညာဉ်တမန်တော်တို့သည် အချင်းချင်း တစ်ချက် ကြည့်လိုက်ကြပြီး "စမ်းကြည့်လို့ ရတာပေါ့" ဟု ပြောလိုက်သည်။
ဤတစ္ဆေနယ်မြေထဲတွင် အတန်းတက်ခြင်း၊ အတန်းဆင်းခြင်းများ ရှိသကဲ့သို့ စာမေးပွဲများနှင့် ကျောင်းစည်းကမ်းများလည်း ရှိနေပေသည်။ ဖြစ်နိုင်ခြေ ရှိသမျှ အရာအားလုံးကို စမ်းသပ်ကြည့်၍ ရနိုင်ပေ၏။
သို့သော်သူတို့သည် ရှင်းယာကို ကြည့်လိုက်ကြရာ မျက်လုံးထဲတွင် အနည်းငယ် သံသယဖြစ်မှုများ ပေါ်လွင်နေပေသည်။
'ငါတို့ ခန့်မှန်းတာ မမှားဘူးဆိုရင် မင်းက ပညာရပ်ပိုင်းဆိုင်ရာ ဝိညာဉ်တမန်တော် အနေနဲ့ လာခဲ့တာ မဟုတ်ဘူးလား၊ အမှတ်ပြည့်ရဖို့ ဆိုတာ ပြဿနာ မရှိနိုင်ဘူး မဟုတ်လား' ဟု မေးနေသည့်အလားပင် ဖြစ်၏။
ရှင်းယာက မျက်ခုံးပင့်လိုက်ပြီး 'မင်းတို့ရဲ့ အတွေးက တော်တော်လေး ပြဿနာ ရှိနေတယ်' ဟု တွေးလိုက်သည်။
"ပညာရပ်ပိုင်းဆိုင်ရာ ဆိုတိုင်း အမှတ်ပြည့် ရနိုင်မယ်လို့ ဘယ်သူ ပြောလဲ"
' ထူးချွန်ကျောင်းသားလို့ ခေါ်တဲ့ သူတွေကလည်း ဘာသာရပ် အားလုံးကို အမှတ်ပြည့် ရကြတာမှ မဟုတ်တာ'
ထို့အပြင် ဤအရာများက လူ့လောက၏ မေးခွန်းများ ဖြစ်နေပေသည်။
'လူ့လောကတွင် နှစ်အနည်းငယ် ကြာတိုင်း ပြဋ္ဌာန်းစာအုပ်များကို တစ်ကြိမ် အဆင့်မြှင့်တင်တတ်ကြပြီး ခက်ခဲမှု အဆင့်အတန်းမှာလည်း တဖြည်းဖြည်း ပြောင်းလဲနေကြောင်းကို အသာထားလိုက်ပါဦး'
'အချို့သော မေးခွန်းများက လူ့လောက၏ လက်ရှိ အဖြစ်အပျက်များနှင့်လည်း နီးကပ်စွာ ဆက်စပ်နေသေးသည်လေ'
အရေးအကြီးဆုံးမှာ ဤနေရာတွင် ပြဿနာ တစ်ခု ရှိနေခြင်းပင် ဖြစ်၏။
သူမက ဝိညာဉ်တမန်တော် ဖြစ်သည်။
အကယ်၍ သူမသာ လူ့လောကမှ ဆိုလျှင် ပြောရလွယ်ကူသော်လည်း သူမက လူ့လောကနှင့် တမလွန်လောက နှစ်ခုကြားကို ကူးသန်းသွားလာနိုင်သူ ဖြစ်နေသည်လေ။
တရုတ်စာ၏ မျိုးစုံသော ရှေးဟောင်းကဗျာများ၊ ဖတ်ရှုနားလည်မှုများ၊ သမိုင်းကြောင်းများကို သူမသည် အချို့သော စာရေးဆရာများနှင့် သမိုင်းဝင် ပုဂ္ဂိုလ်များကို သွားရောက် အင်တာဗျူးခဲ့ဖူးရာ အရာများစွာမှာ တိုက်ဆိုင်မှု မရှိသည်ကို တွေ့ခဲ့ရပေသည်။
နှစ်ထောင်ပေါင်း သောင်းပေါင်းများစွာ ကြာမြင့်လာခဲ့ပြီးနောက် လူ့လောက၏ သမိုင်းမှတ်တမ်းများမှာ ပျောက်ဆုံးသွားခဲ့သည်များကို မပြောနှင့်ဦး၊ လက်ရှိ ရှိနေသော သမိုင်းမှတ်တမ်းများတွင်ပင် ကိုယ်ပိုင် အမြင်ဖြင့် ရေးသားထားသော အထောက်အထား အများအပြား ရှိနေပေသည်။
ရှေးဟောင်းကဗျာများနှင့် ဖတ်ရှုနားလည်မှုများ ဆိုလျှင်လည်း အချို့သော ကဗျာဆရာများသည် နေ့ခင်းဘက်တွင် အိပ်တာများသွားသဖြင့် ညဘက်တွင် အိပ်မပျော်ဘဲ အပြင်သို့ လမ်းထွက်လျှောက်ရင်း လမ်းကြုံ၍ တစ်ခုခုကို ရေးချလိုက်ခြင်းမျိုး ဖြစ်၏။
အချို့က နွေဦးရာသီ အပျော်ခရီး ထွက်ချိန်တွင် ခြေခလုတ်တိုက်မိပြီး ဒေါသထွက်ကာ မကျေမနပ်ဖြင့် အပြစ်တင်သည့် အနေဖြင့် တစ်ခုခုကို ရေးချလိုက်ခြင်းမျိုး ဖြစ်သည်။
ရလဒ်အနေဖြင့် နောင်လာနောက်သားများက ယူဆောင်သွားကာ မျိုးစုံသော အဓိပ္ပာယ် ဖွင့်ဆိုချက်များ၊ မျိုးစုံသော တွေးဆချက်များ ပြုလုပ်ကြတော့သည်။
သေချာပေါက် ဤအရာကို မှားယွင်းသည်ဟု ပြော၍ မရပါချေ။
မည်သို့ပင်ဆိုစေ ခေတ်ကာလ တစ်ခုစီတိုင်းတွင် ထိုခေတ်ကာလ၏ နောက်ခံ အခြေအနေများနှင့် ကိုက်ညီသော အဓိပ္ပာယ် ဖွင့်ဆိုချက်များ ရှိနေမည်သာ ဖြစ်၏။
သို့သော် ရှင်းယာ သွားရောက် အင်တာဗျူးပြီးနောက် တိုက်ဆိုင်မှု မရှိသည်ကို တွေ့လိုက်ရချိန်တွင် ဤအရာက အလွန် ရယ်စရာ ကောင်းသွားတော့သည်။
သူမ ဤအရာများကို သင်ယူခဲ့သည်မှာ စာမေးပွဲဖြေရန်အတွက် မဟုတ်ပါချေ။
ထို့ကြောင့် သူမသည် လေ့လာစုံစမ်းမှုများ ပြုလုပ်ပြီးနောက် တမလွန်လောက၌ သူမ သိရှိခဲ့ရသည်များကိုသာ ရွေးချယ်၍ မှတ်သားထားလိုက်တော့၏။
ထို့ကြောင့် ကြည့်ပါ၊ သူမသည် ပညာရပ်ပိုင်းဆိုင်ရာ ဖြစ်နေဆဲပင် ဖြစ်သည်။
ပညာရပ်ပိုင်းဆိုင်ရာ ဖြစ်ရုံဖြင့် ဘာသာရပ်တိုင်းကို အမှတ်ပြည့် ရနိုင်မည်ဟု မည်သူက ပြောခဲ့သနည်း။
သူတို့က စာမေးပွဲအတွက် သင်ယူနေကြခြင်း မဟုတ်ပါချေ။
----
"ကိစ္စမရှိပါဘူး၊ ငါတို့ဆီမှာ နောက်ထပ် တစ်ရက် အချိန်ကျန်သေးတယ် မဟုတ်လား"
စာပေပညာရှင် ဝိညာဉ်တမန်တော်က ယပ်တောင်ကို သိမ်းဆည်းလိုက်ပြီး ယဉ်ကျေးသိမ်မွေ့စွာ ပြုံးကာ ပြောလိုက်သည်။
ခုနစ်ရက်လျှင် တစ်ကြိမ် စာမေးပွဲကြီးရှိပြီး တစ္ဆေနယ်မြေ အတွင်းရှိ အချိန်စီးဆင်းမှုနှုန်းအရ ဆိုလျှင် လူ့လောက၏ တစ်ရက် နှစ်ရက်ခန့်နှင့် ညီမျှပေသည်။
ရှင်းယာ၏ ပြောစကားအရ ဆိုလျှင် မနက်ဖြန်တွင် စာမေးပွဲကြီး တစ်ခု ရောက်ရှိလာတော့မည် ဖြစ်၏။
"အဲ့အချိန် မတိုင်ခင် ငါတို့ အချင်းချင်း အပြင်းအထန် စာပြန်နွှေးကြတာပေါ့"
သူ၏ ပညာရပ်ပိုင်းဆိုင်ရာ အသိပညာမှာ အမှတ်ပြည့် ရနိုင်သည့် အဆင့်အထိ မဟုတ်သော်လည်း အတော်များများကိုတော့ တတ်ကျွမ်းထားပေသည်။
အချင်းချင်း လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ကောင်း ဖြည့်ဆည်းပေးနိုင်မည် မဟုတ်လော။
စာပေပညာရှင် ဝိညာဉ်တမန်တော်၏ အကြည့်များသည် အရှေ့ရှိ ဝိညာဉ်တမန်တော်များကို တစ်ဦးချင်းစီ ဖြတ်သန်းသွားရာ လူသန်ကြီးက ခေါင်းကို ပလုတ်တုတ်ကဲ့သို့ ခါယမ်းလိုက်ပြီး "ငါကတော့ တခြားနည်းလမ်း သွားရှာတာပဲ ကောင်းမယ်၊ မင်းတို့ပဲ ကြိုးစားကြပါ" ဟု ပြောလိုက်၏။
ရှင်းယာ "ငါ ရတယ်"
ကျန်းလင် "ဒီအပိုင်းနဲ့ ပတ်သက်ပြီးတော့ ငါ့ဆီမှာ သိပ်ပြီး လေ့လာထားတာ မရှိဘူး၊ ဒါပေမယ့်"
သူသည် တိုက်ရိုက်ထုတ်လွှင့်မှု ကင်မရာကို တစ်ချက် ကြည့်လိုက်ရာ မျက်လုံးထဲတွင် စိတ်ဝင်စားမှု အနည်းငယ် ပိုလာပြီး "ငါက သင်ကြားရေးပိုင်းကို ပံ့ပိုးပေးနိုင်ကောင်း ပံ့ပိုးပေးနိုင်လိမ့်မယ်" ဟု ဆက်ပြောလိုက်သည်။
စတင် ဝင်ရောက်လာချိန်က တစ္ဆေနယ်မြေ၏ အခြေအနေကို နားမလည်ခဲ့သဖြင့် သူက ကြည့်ရှုသူများကို သတိထား၍ စကားပြောရန် မှာကြားခဲ့သည်။
ထို့ကြောင့် သူက တိုက်ရိုက်ထုတ်လွှင့်မှု အခန်းအပေါ် တတ်နိုင်သမျှ တုံ့ပြန်မှုမပြခဲ့ပါချေ။
အတန်းနှစ်ချိန်ကို ဖြတ်သန်းပြီးနောက်တွင်တော့ သူသည်လည်း တိုက်ရိုက်ထုတ်လွှင့်မှု အခန်းနှင့် အနည်းငယ် အပြန်အလှန် ဆက်သွယ်ရန် ကြိုးစားခဲ့သည်။
ယခုအခါ ရှင်းယာထံမှ ပိုမိုတိကျသော အချက်အလက်များကို သိရှိလိုက်ရသဖြင့် အချိန်ကျပြီဟု ကျန်းလင် ခံစားလိုက်ရ၏။
သူတစ်ပါး၏ ခွန်အားကို ငှားရမ်းမည် ဆိုလျှင်ပင် ထိုခွန်အားကို မည်သည့်နေရာတွင် အသုံးပြုရမည်ကို အရင် သိထားရမည် မဟုတ်လော။
စာပေပညာရှင် ဝိညာဉ်တမန်တော်က 'အိုး' ဟု အသံထွက်လိုက်ပြီး အနည်းငယ်အံ့အားသင့်သွား၏။
'ဒီအပိုင်းကို လေ့လာထားတာ မရှိဘဲနဲ့ သင်ကြားရေးပိုင်းကို ပံ့ပိုးပေးနိုင်တယ် ဟုတ်လား'
-----
"မြန်မြန် မြန်မြန်၊ အသင့်ပြင်ထားကြ၊ ငါတို့ အလှည့်ရောက်တော့မယ်"
တိုက်ရိုက်ထုတ်လွှင့်မှု အခန်း၏အခြားတစ်ဖက်တွင် သောင်းနှင့်ချီသော ကြည့်ရှုသူများသည် ချက်ချင်းပင် စိတ်လှုပ်ရှား တက်ကြွလာကြတော့သည်။
ဤတစ္ဆေနယ်မြေထဲသို့ စတင် ဝင်ရောက်လာချိန်ကတည်းက သူတို့သည် စွမ်းရည်များကို ထုတ်ပြရန် စောင့်ဆိုင်းနေခဲ့ကြခြင်း ဖြစ်၏။ ယခုတော့ နောက်ဆုံးတွင် သူတို့ ပွဲထွက်ရမည့် အချိန် ရောက်လာခဲ့ပြီလေ။
စောစောက ရူပဗေဒ အတန်းချိန်တွင် Streamer က သူတို့ကို 'ဘာသာရပ် အသီးသီးက ထိပ်တန်း ကျောင်းသားတွေ ရှိလား' ဟု မေးခဲ့သည်။
ကြည့်ရှုသူများ "ရှိတယ်၊ သေချာပေါက် ရှိတယ်၊ ဒါက လူသားတွေ ထုတ်တဲ့ မေးခွန်းပဲလေ၊ ဘယ်လိုလုပ် မရှိဘဲ နေမလဲ"
Streamer က ဆက်၍ 'ဘာသာရပ် အသီးသီးက စာမေးပွဲဆိုင်ရာ ထိပ်တန်း ကျောင်းသားတွေကို အခကြေးငွေနဲ့ ခေါ်ယူချင်တယ်၊ အမှတ်ပြည့် ရနိုင်တဲ့သူ၊ ဒါမှမဟုတ် အပိုမှတ်တောင် ရနိုင်တဲ့ သူမျိုးပေါ့' ဟု ပြောခဲ့သည်။
ကြည့်ရှုသူများ "ကောင်းပါပြီ Streamer ခင်ဗျာ၊ ခဏလေး စောင့်ပါ၊ အခုပဲ ချက်ချင်းစီစဉ်ပေးပါ့မယ်"
ကြည့်ရှုသူများ၏ ရည်ရွယ်ချက်မှာ Streamer ကြိုးစားနေချိန်တွင် သူတို့က အားပေးကူညီမည်၊ Streamer အလုပ်ရှုပ်နေချိန်တွင် သူတို့က သူတို့ဘာသာ ပျော်ရွှင်အောင် နေမည်။
သူတို့ လူ့လောကဘက်မှ အင်အားထုတ်ရမည့် အချိန် ရောက်လာပါက လုံးဝ တွန့်ဆုတ်နေမည် မဟုတ်ပါချေ။
မိမိတို့၏ အဆက်အသွယ် အရင်းအမြစ် အားလုံးကို ရှာဖွေပြီး အမီလိုက်ကြရမည် ဖြစ်၏။
တကယ်လို့ အဆင်မပြေဘူး ဆိုရင်တော့ ရဲဦးလေးကြီးတွေကို သွားရှာကြမည်လေ။
သို့မဟုတ် အင်တာနက်ပေါ်တွင် ငွေကြေးအင်အားကို အသုံးပြုကြမည်။
ဤသောင်းနှင့်ချီသော ကြည့်ရှုသူများထဲတွင် သူဌေး တစ်ယောက် နှစ်ယောက်လောက်တော့ ရှိနေမည်သာ ဖြစ်ပြီး scholarship ကျောင်းသားတစ်ယောက် နှစ်ယောက်လောက်တော့ ရှိနေမည်သာ ဖြစ်သည်။
ထို့ပြင် အဆက်အသွယ် များသူ၊ လူချစ်လူခင် ပေါများသူ တစ်ယောက် နှစ်ယောက်လောက်တော့ ရှိနေမည်သာ ဖြစ်၏။
ထို့အပြင် Streamer က အခကြေးငွေ ပေးမည်ဟု ပြောထားသေးသည်လေ။
'အခကြေးငွေနဲ့လေ'
' ဒါဆိုရင် လူဘယ်နှစ်ယောက်လောက်ကများ ဒီတာဝန်ကို အလုအယက် ယူချင်နေကြမလဲ လောင်းရဲတယ်'
----
တိုက်ရိုက်ထုတ်လွှင့်မှု အခန်း၏ ကွန်မန့်နေရာတွင်လည်း စကားပြောဆိုခွင့် ကန့်သတ်ထားခြင်း မရှိတော့သဖြင့် အလွန် စည်ကားနေတော့၏။
[ကျွန်တော် ကျွန်တော် ကျွန်တော်၊ ရူပဗေဒ ပြိုင်ပွဲ အဆင့် ဆယ် အတွင်းဝင်ထားပါတယ်]
[ရဲတပ်ဖွဲ့ : ကျွန်တော်တို့ဆီမှာ သင်္ချာပညာရှင် တစ်ယောက် ထုတ်ပေးနိုင်တယ်၊ အရင်က တက္ကသိုလ်ဝင်တန်း မေးခွန်းတွေတောင် ကူထုတ်ပေးဖူးတယ်]
[သောက်ကျိုးနည်း၊ ရဲတပ်ဖွဲ့က တကယ် မိုက်တာပဲ၊ လူစွမ်း ကောင်းတွေ စုဝေးရာနေရာကြီးပဲ]
မှန်ပေသည်။
လူစွမ်းကောင်းများကို ရှာဖွေမည် ဆိုပါက နိုင်ငံတော်ကသာ အကြီးမားဆုံး လူစွမ်းကောင်းများ စုဝေးရာ နေရာကြီး ဖြစ်၏။
ချောမောလှပသူများ အားလုံး နိုင်ငံတော်ထံ အပ်နှံခံရသည်ကို မဆိုထားနှင့်၊ နယ်ပယ်အသီးသီးမှ လူစွမ်းကောင်းများ အားလုံးသည်လည်း နိုင်ငံတော်ထံ အပ်နှံခံထားရပြီ ဖြစ်သည်။
[တောင်ပိုင်း ရဲတပ်ဖွဲ့ကလည်း တရုတ်စာ အတွက် စာရင်းသွင်းတယ်၊ နိုင်ငံရေး၊ သမိုင်း အကုန်ရတယ်၊ ဝိဇ္ဇာ ပြည်နယ် ပထမဆုရှင် ဖြစ်ခဲ့တာ]
[အင်္ဂလိပ်စာ အတွက် စာရင်းသွင်းတယ်၊ ကုန်သွယ်ရေး လုပ်ငန်း လုပ်တာပါ၊ ဂျပန်စာပဲဖြစ်ဖြစ် အရေးအသားပဲဖြစ်ဖြစ် သဒ္ဒါ မျိုးစုံ အကုန် အိုကေတယ်၊ အိမ်မှာ ကလေးရှိလို့ နှစ်တိုင်း တက္ကသိုလ်ဝင်တန်း မေးခွန်းတွေကို လေ့လာဖြစ်တယ်]
[ကျွန်တော် ကျွန်တော် ကျွန်တော် ကျွန်တော်၊ ကျွန်တော့် ဆရာ့အတွက် ဓာတုဗေဒ ဘာသာရပ်ကို စာရင်းသွင်းပေးတယ်၊ နှစ်တိုင်း တက္ကသိုလ်ဝင်တန်း မေးခွန်းထုတ်ဖို့ ဖိတ်ကြားခံရတယ်၊ ကိုယ်ပိုင် ဓာတ်ခွဲခန်းတစ်ခုတောင် ရှိသေးတယ်]
[အာ ဒါက ကျွန်တော်လည်း စာရင်းသွင်းလိုက်မယ်လေ၊ ကျောင်းသားပါပဲ၊ ဒါပေမယ့် အထက်တန်း သင်ရိုးညွှန်းတမ်းတွေကို ကိုယ်တိုင် လေ့လာပြီးသွားပြီ၊ ကျွန်တော် ကိုယ်တိုင် ခန့်မှန်းကြည့်ရသလောက်တော့ အမှတ်ပြည့် ရဖို့က ဖြစ်နိုင်ပါတယ်]
တစ်ခဏအတွင်းမှာပင် တိုက်ရိုက်ထုတ်လွှင့်မှု အခန်း၏ကွန်မန့်နေရာတွင် ပညာသင်ဘုရားသခင်များ၊ စွမ်းအားရှင်ကြီး မျိုးစုံ ထွက်ပေါ်လာကြတော့၏။
[ကြည့်စမ်းပါဦး၊ ဓာတ်ခွဲခန်းက သူတွေ၊ ရဲတပ်ဖွဲ့က သူတွေ၊ ပြည်နယ် ပထမဆုရှင်တွေ အကုန် ထွက်လာကြပြီလေ]
ထို့အပြင် နှစ်တိုင်း တက္ကသိုလ်ဝင်တန်း မေးခွန်း ထုတ်ပေးနေသူတွေတောင် ပါသေးသည်။
[မင်းမေကြီးတော်]
စာညံ့သူ ကျောင်းသားများနှင့် ထူးချွန်ကျောင်းသား တစ်စုသည် ကွန်မန့်နေရာကို အားနည်းစွာ ကြည့်လိုက်ကြပြီး မိမိတို့ လက်ထဲရှိ အကြမ်းဖတ် စက္ကူ/လေ့လာရေး App ကို ပြန်လည် ကြည့်ရှုလိုက်ကြ၏။
'အာ ဒါက မင်းလား၊ ငါလား၊ မင်းတို့တွေ ကောင်းပြီလေ၊ သူတို့တွေက ပွဲထွက်ဖို့ မထိုက်တန်ပါဘူး'
[မင်းတို့ ပြောကြည့် ငါ အခွင့်ကောင်းယူပြီး ခိုးသင်လိုက်ရင် ရမလား]
ထိုအချိန်ရောက်လျှင် တကယ်ကို တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲတွင် စာသင်ယူနေရမည် ဖြစ်၏။
ထို့အပြင် နယ်ပယ်အသီးသီးမှ ပညာရှင်ကြီးများက တိုက် ရိုက် သင်ကြားပေးနေသည့် ပုံစံမျိုးပင်။
၎င်းမှာ မည်သည့် သင်တန်းကျောင်းမှာဖြစ်ဖြစ်၊ ငွေမည်မျှ ပေးပေး မြင်တွေ့ရခဲသော မြင်ကွင်းမျိုး ဖြစ်တော့သည်။