အခန်း (၂၇၉-၂၈၀)
Vol. 28 Ch. 279-280
🫧 Chapter 279
လူ့လောကတွင်
"အစ်ကို၊ ဒီမေးခွန်းက အရမ်းခက်တယ် ငါ့ကို နည်းနည်း ရှင်းပြပေးပါလား"
စာကြည့်စားပွဲရှေ့တွင် အသက် ဆယ့်ခြောက်နှစ်၊ ဆယ့်ခုနစ်နှစ်ခန့်ရှိသော ကောင်မလေး တစ်ယောက်သည် လေ့ကျင့်ခန်း စာအုပ်ကို ကိုင်ကာ သူမ အစ်ကို၏ အခန်းတံခါးကို ခေါက်လိုက်သည်။
သို့သော် သူမ၏ အစ်ကိုမှာ ကွန်ပျူတာရှေ့တွင် အလွန် စိတ်လှုပ်ရှားနေသော မျက်နှာဖြင့် ထိုင်နေပြီး လှည့်ပင်မကြည့်ဘဲ "အားဘူး၊ ခဏနေမှ ပြောမယ်၊ ငါ စာသင်နေတာကို လာမနှောင့်ယှက်နဲ့" ဟု ပြန်ဖြေလိုက်၏။
ရှူဝေ့ယီက ခေါင်းလေးကို စောင်းကာ ချစ်စရာကောင်းအောင် ကြိုးစားပြီး "အစ်ကိုရယ်... ခဏလေးတင်ပါဆို" ဟု ပြောလိုက်သည်။
"ဟိုဘက်သွား"
"......"
ရှူဝေ့ယီ မှာ ဆွံ့အသွားပြီး ရှေ့သို့ တိုးကာ ကြည့်လိုက်ရာ 'ဒါ live အခန်း မဟုတ်ဘူးလား' ဟု တွေးလိုက်မိ၏။
"အစ်ကိုက live ကြည့်ပြီး စာသင်နေတာလား ဘာတွေ သင်နေတာလဲ"
ဆယ့်ရှစ်နှစ်အရွယ် လူငယ်လေး၏အသံမှာ စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။
"တက္ကသိုလ်ဝင်တန်း မေးခွန်းတွေလေ၊ ခဏနေရင် စရှင်းပြတော့မှာ"
"ဟင် အစ်ကိုက အထက်တန်း သင်ရိုးညွှန်းတမ်းတွေကို ကိုယ်တိုင် လေ့လာပြီးသွားပြီ မဟုတ်ဘူးလား"
လွန်ခဲ့သော နှစ်ရက်ခန့်ကပင် တစ်ယောက်သောသူက သူမကို 'တက္ကသိုလ်ဝင်တန်း စာမေးပွဲက ပြဿနာ မရှိဘူး၊ ထပ်သင်စရာ မလိုတော့ဘူး' ဟု ပြောခဲ့သေးသည်လေ။
နောက်လာမည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ မတိုင်မီအထိ သေချာလေး အနားယူပြီး ကစားဖို့ပဲရှိတော့သည်ဟု ဆိုခဲ့၏။
"နင် နားမလည်ပါဘူး"
လူငယ်လေးသည် နောက်သို့ လှည့်ကြည့်လိုက်ရာ သူ၏ ညီမလေး မျက်နှာပေါ်တွင် နားမလည်နိုင်မှုများကို တွေ့လိုက်ရသဖြင့် 'ကျွတ်' ဟု အသံပြုလိုက်သည်။
'ထူးချွန်ကျောင်းသားဆိုတာ ဘာလဲ ခဏနေရင် စာသင်ပေးမယ့် သူတွေက နယ်ပယ်အသီးသီးက စွမ်းအားရှင်ကြီးတွေချည်းပဲ'
"အဲဒီဆီကနေ သင်ယူလို့ရနိုင်တဲ့ အရာတွေက အများကြီးပဲလေ၊ ပြဋ္ဌာန်းစာအုပ်ထဲက အသိပညာတွေလောက် တင်မကဘူး"
ရုတ်တရက် သူ၏ အကြည့်များက ညီမဖြစ်သူ၏ လေ့ကျင့် ခန်း စာအုပ်ပေါ်သို့ ကျရောက်သွားပြီး "မတွက်တတ်ဘူးလား" ဟု မေးလိုက်၏။
ရှူဝေ့ယီက ခေါင်းညိတ်ပြလိုက်သည်။
ထိုအခါလူငယ်လေးသည် လက်ခုပ်တစ်ချက် တီးလိုက်ပြီး
"ရပြီ"
"နင် ကုလားထိုင် တစ်လုံး ယူလာခဲ့၊ ငါနဲ့ အတူတူ live ကြည့်ရအောင်" ဟုပြောလိုက်၏။
"ဟင်"
ထိုအခါ ရှူဝေ့ယီ မှာ ကြောင်အမ်းသွား၏။
'သူ့ကို စာရှင်းပြတော့မယ်လို့ ထင်နေတာ၊ အတူတူ live ထိုင်ကြည့်ဖို့ ဟုတ်လား'
"အစ်ကို မေ့သွားပြီလား၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲ မတိုင်ခင် အမေက ဒီလို အီလက်ထရောနစ် ပစ္စည်းတွေကို ကြည့်ခွင့် မပေးဘူးလေ."
သူမက တီးတိုး ပြောလိုက်သော်လည်း အစ်ကိုဖြစ်သူက ဘာမှ မတုံ့ပြန်သည်ကို မြင်သောအခါ 'ခဏလောက်တော့ ထိုင်ကြည့်လိုက်ဦးမယ်' ဟု တွေးလိုက်သည်။
'ဒီ live အခန်းက အဲဒီလောက်တောင် ကောင်းလို့လား ထူးချွန်ကျောင်းသား ဖြစ်တဲ့ သူ့အစ်ကိုကတောင် ဒီလောက် အထင်ကြီးနေရတာ'
မောင်နှမ နှစ်ယောက်လုံး မသိလိုက်သည်မှာ သူတို့ live ကြည့်နေချိန်တွင် အခန်းအထက်ရှိ နံရံပေါ်မှ ခေါင်းတစ်လုံး ထွက်လာခဲ့ခြင်းပင် ဖြစ်၏။
၎င်းသည်လည်း live အခန်းကို အလွန်စိတ်ဝင်တစား ကြည့်ရှုနေပေသည်။
"တန်းရန်၊ မင်း ဒီမှာ ဘာလုပ်နေတာလဲ"
လီစုန့်သည် ပြတင်းပေါက်မှနေ၍ ခေါင်းပြူကာ ကြည့်လိုက်သည်။
တန်းရန်၏ မျက်လုံးများ အရောင်လက်သွားပြီး ကွန်ပျူတာကို လက်ညှိုးထိုးကာ "အစ်ကို၊ အဲဒါ ဝိညာဉ်တမန်တော် ကျန်းလေ ဝိညာဉ်တမန်တော် ကျန်း" ဟု ပြောလိုက်၏။
လီစုန့် သည် live အခန်းကို တစ်ချက် ကြည့်လိုက်ပြီး 'ယဉ်ကျေးမှု ဖြန့်ဝေနေပြန်ပြီလား' ဟု တွေးလိုက်သည်။
'ဘာတွေ ဖြန့်ဝေနေတာလဲဟ'
ထိုအခါတန်းရန် က ပြန်ဖြေလိုက်၏။
'တာဝန်လုပ်နေတာ၊ တစ္ဆေနယ်မြေတဲ့၊ အထဲမှာ စာမေးပွဲ မေးခွန်းတွေချည်းပဲ ဟားဟားဟား၊ ဝိညာဉ်တမန်တော် အများကြီးတောင် အခက်တွေ့နေကြတာ'
ကြားပြီးနောက် လီစုန့် သည် ရယ်မောလိုက်တော့သည်။
"ဒါဆိုရင်တော့ ဝိညာဉ်ဖမ်းသမား ကျန်းက တာဝန်ရွေးတာ မှန်သွားပြီ၊ ဒီဟာတွေက သူ့အတွက် ဘယ်လိုလုပ် အခက်တွေ့စေနိုင်မှာလဲ ကစားနေသလိုပဲ နေမှာပေါ့"
ဝိညာဉ်ဖမ်းသမား ကျန်းက ပါးစပ်ဟလိုက်ရုံဖြင့် live အခန်းထဲတွင် သူ့ကို ကူညီဖြေဆိုပေးမည့် သူတွေ အများကြီး ရှိနေမည်မှာ သေချာပေသည်။
လီစုန့်သည် လက်နှစ်ဖက်ကို ခေါင်းနောက်တွင် ပိုက်ကာ မောင်နှမ နှစ်ယောက်၏အနောက်တွင်ရပ်၍ အတန်ကြာအောင် ကြည့်နေလိုက်၏။
'ဒီတစ်ခါ တာဝန်ပြီးသွားရင် ဝိညာဉ်တမန်တော်ကျန်းက ပစ္စည်းတွေ အများကြီး လဲလှယ်နိုင်လောက်တယ်'
"ဒါပေမယ့်"
လီစုန့် သည် ခေါင်းကို ကုတ်လိုက်ပြီး "ဝိညာဉ်တမန်တော် ကျန်းရဲ့အသင်းဖော် ချိတ်ပိတ်ရေး အဖွဲ့ဘက်က အလုပ်တွေလည်း ပြီးခါနီးလောက်ပြီ မဟုတ်လား" ဟုပြောလိုက်သည်။
"အာ အဲဒီတောင်ဘက်နန်းဆောင်က ချန်ယွီလည်း ပိုက်ဆံတွေ အကုန်ပြောင်တော့မယ် ထင်တယ်"
"တန်းရန်၊ သွားရအောင် မြန်မြန်ပိုက်ဆံ သွားရှာရအောင်"
"ဗျာ လာပါပြီ အစ်ကို"
----
တစ္ဆေနယ်မြေထဲတွင်
ကျောင်းသားများနှင့် ဝိညာဉ်တမန်တော်များ အားလုံးသည် စာကြည့်တိုက် တစ်ခုအတွင်းသို့ ဝင်ရောက်သွားကြပြီ ဖြစ်၏။
ဤစာကြည့်တိုက်မှာ ပတ်ဝန်းကျင်ရှိ အထပ်မြင့် အဆောက် အအုံများ အနက်မှ တစ်ခုဖြစ်ပြီး အတွင်းရှိ စာအုပ်များမှာ များသောအားဖြင့် ပြင်ပစာပေများနှင့် နာမည်ကြီး စာအုပ်များ ဖြစ်ကြသည်။
ပုံမှန်အားဖြင့် ကျောင်းသားများ စာသင်ယူချင်သည့် အခါတိုင်း ရှင်းယာ တစ္ဆေနယ်မြေ၏ စွမ်းအားကို အသုံးပြု၍ သူမ၏ ဦးနှောက်ထဲရှိ အသိပညာများကို ပုံဖော်ပေးရခြင်း ဖြစ်၏။
၎င်းတို့သည် သူတို့လိုအပ်သော စာအုပ်များအဖြစ် ပြောင်း လဲသွားသည်။
ထိုစာအုပ်များထဲတွင် မျိုးစုံသော တက္ကသိုလ်ဝင်တန်း အချက်အလက်များ၊ အထက်တန်း အခြေခံ အချက်အလက်များနှင့် တက္ကသိုလ်ဝင်တန်း လေ့ကျင့်ခန်းများ စုစည်းပါဝင်နေပေသည်။
ဤတစ္ဆေနယ်မြေသည် ဝင်ရောက်ရန် လွယ်ကူလှ၏။
ဝင်ခွင့်စာမေးပွဲတွင် ကျသွားရန်သာ လိုအပ်သည်။
သို့သော် ဝင်ရောက်ပြီးနောက် ပြန်ထွက်ချင်ပါက ထိုမျှလောက် မလွယ်ကူတော့ပါချေ။
ယခုအချိန်တွင်
စာမသင်ချင်ဘဲ ထွက်ပေါက်ကို ကိုယ်တိုင် ရှာဖွေရန် ထွက်သွားသော လူသန်ကြီးမှလွဲ၍ ကျန်းလင်၏ အစီအစဉ်အရ ကျောင်းသားများနှင့် ဝိညာဉ်တမန်တော်များကို အဖွဲ့နှစ်ဖွဲ့ ခွဲလိုက်ပြီး တစ်ဖွဲ့စီကို ကျောက်သင်ပုန်း တစ်ခုစီ၏ရှေ့တွင် ထိုင်စေလိုက်သည်။
သူတို့၏လက်ထဲတွင် ခဲတံနှင့် စက္ကူများကို အသင့် ပြင်ဆင်ထားကြ၏။
ရှင်းယာနှင့် စာပေပညာရှင် ဝိညာဉ်တမန်တော် တို့၏ အဖွဲ့ကို ကျန်းလင်က အမှတ်ပြည့် တိုးတက်ရေးအဖွဲ့ အဖြစ် သတ်မှတ်လိုက်သည်။
ကျောင်းသား ခြောက်ယောက်ရှိသော အဖွဲ့ကိုမူ အခြေခံအဖွဲ့ အဖြစ် သတ်မှတ်လိုက်၏။
တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲတွင် အဆင့်မြင့်ပညာရှင် အမြောက်အမြား စုဝေးနေကြပြီ ဖြစ်သည်။
ရွေးချယ် စိစစ်ပြီးနောက် နောက်ဆုံးတွင် ကြည့်ရှုသူ ကိုးဦးကို သတ်မှတ်လိုက်၏။
တရုတ်စာ၊ သင်္ချာ၊ အင်္ဂလိပ်စာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ နိုင်ငံရေး၊ သမိုင်း၊ ပထဝီနှင့် ဇီဝဗေဒ တို့ ဖြစ်ကြသည်။
ဤကြည့်ရှုသူ ကိုးဦးထဲတွင် ခြောက်ဦးမှာ တက္ကသိုလ်ဝင်တန်း မေးခွန်းများကို အမြဲတမ်း လေ့လာသုတေသန ပြုနေသူများဖြစ်ပြီး မေးခွန်းထုတ်ရန် မကြာခဏ ဖိတ်ကြားခံရသူများဖြစ်ကြ၏။
နှစ်ဦးမှာမူ ဘာသာရပ်တစ်ခုခုတွင် ကျွမ်းကျင်မှု အလွန် မြင့်မားသော ပညာရှင်များ ဖြစ်ကြသည်။
ဥပမာအားဖြင့် ဓာတုဗေဒ နှင့် ဇီဝဗေဒ။ စာမေးပွဲကို အသာ ထားလိုက်ပါဦး၊ အချို့သော မေးခွန်းထုတ်သူများပင်လျှင် သူတို့လောက် သိရှိနားလည်နိုင်မည် မဟုတ်ပါချေ။
နောက်ဆုံး တစ်ယောက်မှာမူ scholarship ကျောင်းသား တစ်ယောက် ဖြစ်သည်။
သူ့ကိုနာမည်ကြီး တက္ကသိုလ်တစ်ခုသို့ တိုက်ရိုက်တက်ရောက်ခွင့် ရရှိထားပြီး အချို့သော သုတေသနအဖွဲ့များကပင် ဖိတ်ခေါ်စာများပေးပို့ထားကြောင်း သိရ၏။
နာမည်စာရင်း ထွက်လာသည်နှင့် ရွေးချယ်ခံရသူများရော မရွေးချယ်ခံရသူများပါ အားလုံးလေးနက်သွားကြပြီး မျက် လုံးပြူးသွားကြတော့သည်။
မရွေးချယ်ခံရသော စွမ်းအားရှင်ကြီးများသည် သူတို့ မည်သည့်နေရာတွင် ရှုံးနိမ့်သွားသနည်းဆိုတာကို သိချင်နေကြ၏။
ရွေးချယ်ခံရသူများကမူ ခဏနေ အွန်လိုင်းမှတစ်ဆင့် ဆက်သွယ်ရာတွင် အသုံးပြုမည့် ပစ္စည်းကိရိယာများကို စတင် ပြင်ဆင်နေကြတော့သည်။
'အခြား သာမန် ကြည့်ရှုသူတွေကရော ဘာလုပ်ကြမလဲ'
'သင်ယူရမှာပေါ့'
ကိုယ်တိုင် မသင်ယူလျှင်တောင် မှတ်တမ်းတင်ထားပြီး အိမ်ရှိ ဆွေမျိုးများ သို့မဟုတ် သူငယ်ချင်းများကို ပြသရမည်လေ။
သိထားရမည်မှာ ဤပညာရှင်ကြီးများသည် များသောအား ဖြင့် သုတေသန ပြုလုပ်ရန်နှင့် မျိုးစုံသော ကိစ္စရပ်များဖြင့် အလုပ်ရှုပ်နေတတ်ကြသည် မဟုတ်ပါလော။
ဤကဲ့သို့သော သင်ခန်းစာမျိုးက တွေ့ရခဲလှပေသည်။
ပိုက်ဆံပေးလျှင်တောင် မရနိုင်ပါချေ။
ထို့အပြင် ဤအရာက အထက်တန်း အသိပညာ၊ တက္ကသိုလ်ဝင်တန်း မေးခွန်းများကို သင်ကြားပေးနေခြင်း ဖြစ်သည်လေ။
တက္ကသိုလ်ဝင်တန်း စာမေးပွဲ
ရှေးခေတ်က နန်းတွင်း စာမေးပွဲနှင့် ညီမျှပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပွင့်လင်းမြင်သာမှု အရှိဆုံး၊ တရားမျှတမှု အရှိဆုံး စာမေးပွဲတစ်ခုသာ ဖြစ်၏။
[မေးခွန်းထုတ်သူ ပညာရှင်ကြီးတွေ အများကြီးတောင် ရှိနေတာပဲ]
[ဒီရွာကို လွန်သွားရင် ဒီဆိုင် မရှိတော့ဘူး ဆိုတဲ့ စကားလိုပဲ၊ ဒီအခွင့်အရေးကို လက်လွတ်ခံလိုက်ရင် နောက်ထပ်ရနိုင်တော့မှာ မဟုတ်ဘူးလေ]
---
ဤရွေးချယ်ခံရသော ကြည့်ရှုသူကိုးဦးကို ကျန်းလင် က အဖွဲ့နှစ်ဖွဲ့ ခွဲလိုက်၏။
သူတို့သည် အခြေခံအဖွဲ့မှ ကျောင်းသားများနှင့် အမှတ်ပြည့် တိုးတက်ရေးအဖွဲ့မှ ဝိညာဉ်တမန်တော်များကို အလှည့်ကျ စာသင်ပေးရမည်ဖြစ်သည်။
အဖွဲ့နှစ်ဖွဲ့၏ အခြေအနေအပေါ် မူတည်၍ ဤကြည့်ရှုသူ ကိုးဦးသည် မတူညီသော သင်ကြားရေး မူဝါဒများကိုလည်း ချမှတ်ရမည် ဖြစ်၏။
အခြေခံအဖွဲ့ကို ဆရာများက ရှင်းပြပေးခြင်း အဓိကထားပြီး၊ အမှတ်ပြည့် တိုးတက်ရေးအဖွဲ့ကိုမူ ဝိညာဉ်တမန်တော်များက မေးခွန်းထုတ်ပြီး ဆရာများကပံ့ပိုးပေးသည့် ပုံစံဖြင့် လုပ်ဆောင်ရမည် ဖြစ်သည်။
ဤသတင်း ထွက်ပေါ်လာသည်နှင့် စာသင်ယူမည့် ကြည့်ရှုသူ တစ်စုသည် သူတို့၏နေရာများကို ချက်ချင်းသတ်မှတ်လိုက်ကြတော့၏။
[ကိုယ့်အကြောင်း ကိုယ်သိပါတယ်လေ၊ အခြေခံ စာညံ့သူတွေရဲ့ အဖွဲ့ဆီ သွားပြီး သင်ယူလိုက်ပါတော့မယ်]
[ငါကတော့ တိုးတက်ရေးအဖွဲ့ဆီသွားပြီး ပညာရှင်ကြီးတွေ ဘယ်လို စာသင်လဲဆိုတာကို သွားကြည့်မယ်]
[သောက်ကျိုးနည်း၊ ကျောင်းသားတွေက ဝိညာဉ်တမန်တော်တွေ ဟုတ်လား ငါ နောက်ထပ် ဖုန်းတစ်လုံး သွားရှာလိုက်ဦးမယ်၊ နှစ်ဘက်လုံးကို မှတ်တမ်းတင်ထားရမယ်]
တစ္ဆေနယ်မြေ အတွင်း၌ မှတ်တမ်းတင်၍ မရသကဲ့သို့ ဝိညာဉ်တမန်တော် များကလည်း Screen record ဖမ်းယူ၍ မရပါချေ။
သို့သော် လူသား ကြည့်ရှုသူများ၏ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းအတွင်းရှိ စကားပြောဆိုမှုများကိုမူ မှတ်တမ်းတင်ထား၍ ရနိုင်ပေသည်။
-----
အတန်း မစတင်မီ အခိုက်အတန့်လေးတွင် ကျန်းလင် သည် တိုက်ရိုက်ထုတ်လွှင့်မှု ကင်မရာနှစ်ခုကို ခွဲထုတ်လိုက်ပြီး လူ့လောကရှိ ရွေးချယ်ခံထားရသော ကြည့်ရှုသူ အချို့နှင့် အွန်လိုင်းမှတစ်ဆင့် ဆက်သွယ်လိုက်၏။
ဤစနစ် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းသည် ပရိသတ် အခွင့် အရေးများကိုပင် ကြည့်ရှုသူများ၏လက်ထဲသို့ တိုက်ရိုက် အရောက်ပေးပို့နိုင်စွမ်း ရှိပေသည်။
အွန်လိုင်း ဗီဒီယိုခေါ်ဆိုမှု ဆိုသည်မှာ အလွန်သေးငယ်သော ကိစ္စတစ်ခုမျှသာ ဖြစ်၏။
သို့သော် အွန်လိုင်းမှတစ်ဆင့် ဆက်သွယ်ခံရသော ကြည့်ရှုသူများမှာ သူတို့၏မျက်နှာက တိုက်ရိုက်ထုတ်လွှင့်မှု အခန်းတွင် ပေါ်လာချိန်၌ အဘယ်ကြောင့်မှန်းမသိ အနည်းငယ် စိုးရိမ်တုန်လှုပ်သွားကြတော့သည်။
'သောက်ကျိုးနည်း၊ငါ မရဏလောကမှ အံ့ဖွယ်နေ့ရက်များ live အခန်းထဲ ရောက်သွားပြီ'
'တစ်ချက်လောက် ခေါင်းလှည့်လိုက်တာနဲ့ သူတို့ရဲ့ ဝိညာဉ်ကိုပါ မှားပြီး ဖမ်းခေါ်သွားတာမျိုးတော့ မဖြစ်လောက်ပါဘူးနော်’
🫧 Chapter 280
ကျန်းလင် "အတန်းစလို့ ရပြီ"
ကျန်းလင်သည် အခြေခံအဖွဲ့နှင့် တိုးတက်ရေးအဖွဲ့၏ အတန်းထဲသို့ ရောက်ရှိလာပြီး တစ္ဆေချီများကို မှန်အဖြစ် ပြောင်းလဲကာ ကင်မရာ နှစ်ခုကို အရှေ့ရှိ ကျောက်သင်ပုန်းပေါ်သို့ အသီးသီး ထိုးတင်လိုက်၏။
ကျန်းလင် "အခြေခံအဖွဲ့က သင်္ချာကနေ စမယ်၊ တိုးတက်ရေးအဖွဲ့ ဘက်ကရော"
သူသည် ရှင်းယာနှင့် စာပေပညာရှင် ဝိညာဉ်တမန်တော်တို့ကို ကြည့်လိုက်သည်။
ရှင်းယာ "ငါတို့ စောစောက ဆွေးနွေးထားကြတယ်၊ တရုတ်စာကနေ အရင် စကြတာပေါ့"
တရုတ်စာ ဆိုသည်မှာ ကျယ်ပြန့်နက်နဲလှပေသည်။
တိကျပြီးတစ်ခုတည်းသော အဖြေရှိသည့် သင်္ချာ၊ ရူပဗေဒ ကဲ့သို့သော ဘာသာရပ်များနှင့် မတူပါချေ။
တရုတ်စာ ဖြေဆိုရာတွင် လွတ်လပ်ခွင့် အလွန်မြင့်မား၏။
ထိုအကန့်အသတ်ကို မည်သို့ ထိန်းချုပ်ပြီး အမှတ်ကောင်း ကောင်း ရယူရမည် ဆိုသည်မှာ သူတို့ လက်ရှိတွင် အပြင်းအ ထန် ဖြည့်ဆည်းရမည့် အရာပင်။
နောက်တစ်ခုက ရှင်းယာ အရင်က ပြောဖူးသော ဖတ်ရှုနားလည်မှုနှင့် ရှေးဟောင်းကဗျာများ အပိုင်းဖြစ်၏။
လူသားများဘက်မှ မေးခွန်းထုတ်သည့် ရှုထောင့်နှင့် ဖြေဆိုသည့် နည်းလမ်းများကို နားလည်သဘောပေါက်သွားပါက ပြဿနာ ရှိမည် မဟုတ်တော့ပါချေ။
ကျန်းလင် "ကောင်းပြီ"
ကျန်းလင်သည် တရုတ်စာနှင့် သင်္ချာ သင်ကြားမည့် ကြည့်ရှုသူများကို အသင့်ပြင်ထားစေပြီးနောက် ဤအတန်း နှစ်ခုကို သူတို့ထံ လွှဲပြောင်းပေးလိုက်၏။
ထို့နောက် သူကိုယ်တိုင်ကမူ လှည့်၍ အပြင်သို့ထွက်သွားတော့သည်။
'သူလား'သူက သင်ကြားရေးကို ပံ့ပိုးပေးရုံသာ ဖြစ်ပြီး သူကိုယ်တိုင် ဝင်ပါမည်ဟု မပြောခဲ့ပါချေ။
အဘယ်ကြောင့် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းကို အသုံးပြု ၍ စာမေးပွဲမဖြေဆိုသနည်း။
ပထမအချက်မှာ အမှတ်ပြည့်ရပါက ထွက်သွားနိုင်မည် ဟုတ်၊ မဟုတ်ကို သေချာ မသိရသေးခြင်း ဖြစ်၏။
ဒုတိယအချက်မှာ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းကို အသုံး ပြု၍ စာမေးပွဲ ဖြေဆိုခြင်းကို ခိုးချသည်ဟု သတ်မှတ်ခံရမည်လား ဆိုသည်ကို သူ ရှင်းရှင်းလင်းလင်း မသိသေးသောကြောင့် ဖြစ်သည်။
မည်သို့ပင်ဆိုစေ ဤတစ္ဆေနယ်မြေသည် ကျောင်း၏ စည်းမျဉ်းစည်းကမ်းများအတိုင်း လည်ပတ်နေခြင်း မဟုတ်ပါလော။
အတန်းထဲတွင် မေးခွန်းဖြေဆိုရာ၌ လူကူညီသည်မှာ အလွန် ပုံမှန်ကိစ္စ ဖြစ်၏။
သို့သော် စာမေးပွဲ ဖြေဆိုချိန်တွင်မူ ကူညီခြင်းကို ခွင့်ပြုမည် မဟုတ်ပါချေ။
တစ္ဆေနယ်မြေသည် တိုက်ရိုက်ထုတ်လွှင့်မှု အခန်း ရှိနေခြင်းကို ရှာဖွေတွေ့ရှိပြီး ပိတ်ပင်ပစ်မည်လား ဆိုသည်ကို သူ မသိသကဲ့သို့ ဤသို့ လုပ်ဆောင်ခြင်းက ဖြစ်နိုင်ခြေ ရှိ၊ မရှိကိုလည်း သူ မသိပါချေ။
အရာအားလုံးကို သူ မနက်ဖြန် စမ်းသပ်ကြည့်ပြီးမှသာ သိရမည် ဖြစ်၏။
မည်သည်ကိုမျှ သေချာ မသိရသေးသည့် အခြေအနေမျိုးတွင် ထိုအားနည်းသော ကျောင်းသားများကို အသုံးချ၍ သူ စွန့်စားမည် မဟုတ်ပါချေ။
ဝိညာဉ်တမန်တော် အဖွဲ့နှင့် ပတ်သက်၍မူကား ကြက်ဥများကို ခြင်းတောင်း တစ်လုံးတည်းထဲတွင် အားလုံး မထည့်ရ ဟူသော စကားပုံကဲ့သို့ပင် ဖြစ်သည်။
လူသန်ကြီးက အခြား နည်းလမ်းများကို သွားရောက် ရှာဖွေပြီး ကျန်းလင်က တိုက်ရိုက်ထုတ်လွှင့်မှု အခန်း၏ စွမ်းအားကို စမ်းသပ် အသုံးပြုမည် ဖြစ်၏။
စာပေပညာရှင် ဝိညာဉ်တမန်တော်နှင့် ရှင်းယာတို့ကမူ မိမိတို့ဘာသာ အမှတ်ပြည့်ရရန် ကြိုးပမ်းကြမည်ဖြစ်သည်။
မတူညီသော လမ်းကြောင်းများကို စမ်းသပ်ခြင်းကသာ တစ္ဆေနယ်မြေ၏ထွက်ပေါက်ကို ပိုမိုမြန်ဆန်စွာရှာဖွေတွေ့ရှိနိုင်မည် ဖြစ်ပြီး ပို၍လည်းစိတ်ချရပေသည်။
ထိုထွက်ပေါက်များမှာ အများအားဖြင့် ပုံမှန်မဟုတ်သော အခြေအနေများ ဖြစ်လေ့ရှိ၏။
ထို့ကြောင့် ရှင်းယာတို့သည် ယခုအချိန်တွင် သင်ယူနိုင်သမျှ သင်ယူထားကြခြင်း ဖြစ်သည်။
ဝိညာဉ်တမန်တော် အဖွဲ့သည် ကိုယ်ပိုင် စွမ်းအားဖြင့်ပင် အမှတ်ပြည့် ရရှိနိုင်ကောင်း ရရှိနိုင်ပေလိမ့်မည်။
ကျောင်းသား အဖွဲ့ကမူ အကယ်၍ ဤတစ်ကြိမ်တွင် ရှုံးနိမ့်သွားပါက တစ္ဆေနယ်မြေ၏ နောက်ထပ် အတန်းချိန်များကို ရင်ဆိုင်ရန် ဤသင်ယူထားမှုများကို အားကိုးရဦးမည် ဖြစ်၏။
------
ကျန်းလင်သည် တံခါးအပြင်ဘက်သို့ ရောက်လာပြီး တိုက် ရိုက်ထုတ်လွှင့်မှုအခန်း၏ တတိယမြောက် ကင်မရာကို ဖွင့်လိုက်သည်။
တိုက်ရိုက်ထုတ်လွှင့်မှု အခန်း၏ ဤကင်မရာ သုံးခုအနက် နှစ်ခုကို အထဲရှိအတန်းချိန်များအတွက် ခွဲဝေပေးထား၏။
ကျန်ရှိနေသော တစ်ခုမှာ လူသန်ကြီး ထွက်သွားချိန်က အနောက်မှ လိုက်ပါသွားခဲ့ခြင်း ဖြစ်သည်။
ကင်မရာထဲတွင် လူသန်ကြီးသည် နေရာလွတ် တစ်ခုထဲသို့ ဝင်ရောက်ကာ စူးစမ်းရှာဖွေနေသည်ကို မြင်တွေ့ရ၏။
ရှင်းယာ၏ ပြောစကားအရ ယခုအချိန်သည် ညပိုင်း ကိုယ်ပိုင် စာကြည့်ချိန် သို့မဟုတ် ကျောင်းဆင်းချိန် ဖြစ်သဖြင့် အတန်းတက်ရမည် မဟုတ်ပါချေ။
လူသန်ကြီး ဝင်ရောက်သွားပြီးနောက် ထိုနေရာလွတ်ထဲတွင် အရာအားလုံး ငြိမ်သက်နေသည့် အနေအထား ဖြစ်နေပေသည်။
သူတို့ စတင် ဝင်ရောက်လာစဉ်ကကဲ့သို့ပင် အလယ်ဗဟို နေရာတွင် စားပွဲတစ်လုံးကိုသာ ထားရှိထား၏။
စားပွဲပေါ်တွင်မူ လေ့ကျင့်ခန်း စာအုပ်တစ်အုပ် ရှိနေ၏။
--------
အခန်းတွင်း၌ တိုက်ရိုက်ထုတ်လွှင့်မှု အခန်း၏ သင်ကြားရေးမှာ အလွန် အလုပ်ရှုပ်နေသော်လည်း စနစ်တကျ ရှိနေပြီး အချိန်များ လျင်မြန်စွာ ကုန်လွန်သွားတော့၏။
ဤညတွင် အခြေခံ ကျောင်းသားအဖွဲ့သည် အလွယ်ကူဆုံးနှင့် အခြေခံအကျဆုံး အသိပညာများကို နားထောင်ခဲ့ရသည်။
ဤညတွင် ဝိညာဉ်တမန်တော် တိုးတက်ရေးအဖွဲ့သည် အမေးအဖြေများ ပြုလုပ်ရင်း အချိန်ကုန်လွန်ခဲ့ကြပြီး မိမိတို့၏ အားနည်းချက်များကို အချိန်လုကာ အပြင်းအထန်ဖြည့် ဆည်းခဲ့ကြ၏။
ဤညတွင် ရွေးချယ်ခံရသော ကြည့်ရှုသူ ဆရာ ကိုးဦးသည် အရှင်းလင်းဆုံးနှင့် အတိုချုပ်ဆုံး နည်းလမ်းများကို အသုံး ပြုကာ တစ္ဆေနယ်မြေ အတွင်းရှိ ကျောင်းသားများအား မေးခွန်းထုတ်သူထံမှ အမှတ်မည်သို့ ရယူရမည်ကို သင်ကြားပေးခဲ့ကြသည်။
ဤညတွင် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲရှိ ကြည့်ရှုသူများသည် မိမိတို့ကိုယ်ကို ဤမျှလောက် စာသင်ယူချင်စိတ် ရှိနေကြောင်း ပထမဆုံးအကြိမ် တွေ့ရှိခဲ့ကြ၏။
ပဟေဠိ မေးခွန်းများကို ဤမျှ လွယ်ကူသော ဖြေဆိုနည်းမျိုး ရှိနေသေးကြောင်းကိုလည်း ပထမဆုံးအကြိမ်တွေ့ရှိခဲ့ကြသည်။
သူတို့သင်ယူနိုင်ခဲ့ပြီ၊ သင်ယူနိုင်ခဲ့ပြီလေ။
အထူးသဖြင့် မေးခွန်းထုတ်သူ၏ စိတ်ကူးကို ခန့်မှန်းခြင်း အပိုင်းတွင် ဖြစ်၏။
အမှတ် အလယ်အလတ်သာ ရှိသော ကြည့်ရှုသူ အများအပြားသည် ဤနေရာတွင်သာ တစ်ဆို့နေပြီး ဆက်လက် တိုးတက်နိုင်ခြင်း မရှိခဲ့ကြပါချေ။
[တကယ်တော့ အားလုံးပဲ နေ့စဉ်ဘဝမှာ ကိုယ်တိုင်မေးခွန်းဖြေကြည့်လို့ရတယ်၊ ဖြေပြီးရင် အဖြေတိုက်ကြည့်ပြီး တခြားသူတွေကို ပြန်ရှင်းပြကြည့်ပေါ့]
[တစ်ဖက်လူ နားလည်အောင် ရှင်းပြဖို့ နည်းလမ်းရှာနေတဲ့ လုပ်ငန်းစဉ်မှာတင် မေးခွန်းထုတ်သူရဲ့ တွေးခေါ်ပုံတွေနဲ့ အမှတ်ရနိုင်တဲ့ ကျွမ်းကျင်မှု တချို့ကို ကိုယ်တိုင် ရှာဖွေတွေ့ရှိနိုင်လာလိမ့်မယ်]
ကွန်မန့်နေရာတွင် အမည်မသိ ကြည့်ရှုသူ တစ်ဦးက မှတ် ချက်ပေးလိုက်၏။
ဤညသည် သူကောင်းမွန်စွာ စာသင်ယူခဲ့ရသော ညတစ်ညပင်ဖြစ်တော့သည်။
နောက်တစ်နေ့
လူ့လောက၏ နံနက်လေးနာရီ၊ တစ္ဆေနယ်မြေ၏ နံနက်ကိုးနာရီ၌
စာမေးပွဲ စတင်လေပြီ။
ကျောင်းသား ခြောက်ယောက်နှင့် ဝိညာဉ်တမန်တော် လေးပါး အပါအဝင် ကင်မရာစုစုပေါင်းဆယ်ခုကို တစ်ပြိုင်နက်တည်း ထုတ်လွှင့်ပြသနေ၏။
သို့သော် အရာအားလုံးကို သေချာ မသိရသေးမီတွင် ဤကင်မရာများကို ကျန်းလင်နှင့် ကြည့်ရှုသူများသာ မြင်တွေ့နိုင်ပေသည်။
တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲတွင် စာသင်ပေးခြင်းကို ယခုလေးတင် အဆုံးသတ်ထားသော ကြည့်ရှုသူ ကိုးဦးသည်လည်း ထွက်မသွားကြသေးပါချေ။
မျက်ကွင်းညိုများဖြင့် ၎င်းတို့၏သင်ကြားမှု ရလဒ်ကို ကြည့်ရှုချင်နေကြ၏။
ထို့အပြင် Streamer ၏တာဝန်ကလည်း မပြီးဆုံးသေးပေမဟုတ်လော။
တစ္ဆေနယ်မြေ အတွင်း၌
'ဒေါင် ဒေါင်' 'ဒေါင် ဒေါင်'
ခေါင်းလောင်းသံ ထွက်ပေါ်လာသည်နှင့် အတူ လူတိုင်းသည် သီးသန့် စာမေးပွဲခန်း တစ်ခန်းစီသို့ ထည့်သွင်းခံလိုက်ရတော့၏။
တရုတ်စာ စာမေးပွဲခန်း
ရှင်းယာသည် ကျယ်ဝန်းသော နေရာလွတ် တစ်ခုတွင် ပေါ်လာ၏။
ခေါင်းထက်တွင် ပူပြင်းသော နေမင်းကြီး ရှိနေပြီး ခြေအောက်တွင် မြေဝါများ ရှိနေသည်။
လေပြေအေးလေးများ တိုက်ခတ်သွားရာ ပူပြင်းသော လေလှိုင်းများကြားတွင် စပါးနှံများ၏မွှေးပျံ့သော အနံ့လေးများ ရောနှောပါဝင်နေ၏။
အရှေ့သို့ ကြည့်လိုက်ရာ ရွှေရောင် စပါးခင်းကြီးများက လယ်ကွင်းများအပြည့် ရှိနေပြီး လေတိုက်ခတ်မှုနှင့်အတူ အတက်အကျ ဖြစ်ပေါ်နေသည်။ ရွှေရောင် ရေကန်ကြီး တစ်ခုကဲ့သို့ပင် ဖြစ်၏။
လယ်ကွင်းများကြားတွင် အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်များကို ဝတ်ဆင်ကာ အဝါရောင် ဦးထုပ်များ ဆောင်းထားသော တောင်သူလယ်သမားအချို့ အဆက်မပြတ် အလုပ် ရှုပ်နေသည်ကို ဝိုးတဝါး မြင်တွေ့နေရသည်။
ဘေးနားရှိ သစ်တောထဲတွင် အမျိုးသမီး တစ်ဦးပေါ်လာပြီး လက်ထဲတွင် ပုံးတစ်လုံးကို ဆွဲကာ လယ်ကွင်းများဘက်သို့ လှမ်းအော်လိုက်၏။
အမျိုးသမီး "ဟန်မိသားစုရေ၊ ထမင်းစားရအောင်"
အမျိုးသမီး၏ဘေးတွင် လိုက်ပါလာသော ကလေးငယ်ကလည်း ကြည်လင်ပြတ်သားသော အသံဖြင့် လိုက်အော်လိုက်သည်။
ကလေးငယ် "အဖေ၊ ထမင်းစားရအောင်"
ထိုအခါ လယ်ကွင်းထဲမှ လူအချို့သည် ကြီးမားသော စပါးခင်းကြီးထဲမှ ခေါင်းမော့လာကြ၏။
လယ်သမား ၁ "အခု လာပြီ"
လယ်သမား ၂ "အစ်ကိုလေး၊ မလုပ်နဲ့တော့၊ မြန်မြန် သွားရေသောက်ရအောင်"
လယ်သမား ၃ "နည်းနည်းလေးပဲ ကျန်တော့တာ၊ မင်းတို့ အရင်သွားနှင့်၊ ငါ ရိတ်ပြီးမှ လာခဲ့မယ်"
လယ်သမားကြီး အချို့သည် ချွေးများကို သုတ်ရင်း ရှင်းယာ၏ဘေးမှ ဖြတ်လျှောက်သွားကြရာ သူမကို မမြင်သည့်အလားပင်။
ဖြတ်သွားချိန်တွင် သူတို့၏ ခန္ဓာကိုယ်ပေါ်ရှိ ပုလဲလုံးများကဲ့သို့ ကြီးမားသော ချွေးပေါက်ကြီးများကို ရှင်းလင်းစွာ မြင်တွေ့နေရပေသည်။
ရုတ်တရက် ရှင်းယာ အကြည့်များ ရပ်တန့်သွားပြီး အနောက်မှ လိုက်သွားလိုက်၏။
ထိုအခါ နောက်ဆုံးမှ လယ်သမားကြီး၏ကျောပြင်ပေါ်တွင် စာကြောင်း နှစ်ကြောင်း ပေါ်လာသည်ကို မြင်တွေ့လိုက်ရသည်။
ဖတ်ရှုနားလည်မှု - 'ဆောင်းဦးရာသီ ရိတ်သိမ်းချိန်'
မေးခွန်း ၁ - စကားစပ်ကို အခြေခံ၍ စောစောက အပြန်အ လှန် စကားပြောဆိုမှုများ၏အခန်းကဏ္ဍကို သုံးသပ်ပါ။
ရှင်းယာ "......"
သူမ မျက်လုံးပင့်ကြည့်လိုက်ရာ အရှေ့ရှိ အမျိုးသမီးမှာ လက်ထဲရှိ ပုံးကြီးကို ဖွင့်ကာ အတွင်းမှ ရေနှင့် ထမင်းဟင်းများကို ထုတ်ယူနေ၏။
ထိုအမျိုးသမီး၏ ခေါင်းထက်တွင်လည်း စာကြောင်း တစ်ကြောင်း ပေါ်လာသည်။
မေးခွန်း ၃ - မျက်စိရှေ့ရှိ မြင်ကွင်းကို အခြေခံ၍ စာရေးသူ ဖော်ပြလိုသော ခံစားချက်နှင့် အတွေးအခေါ်များကို အကျဉ်းချုံး သုံးသပ်ပါ။
-----
"ဒီတစ္ဆေနယ်မြေက အမှန်တကယ်ကို လူတွေကြောက်တတ်တဲ့ ဘာသာရပ်တွေကိုသိတာပဲဟ"
ရှင်းယာသည် နဖူးကို အနည်းငယ် ဖိကိုင်လိုက်ပြီး အတော်လေး စိတ်ညစ်သွားတော့သည်။
ဤစာစီစာကုံး ရေးသားခဲ့သော စာရေးသူကို ဆွဲထုတ်ကာ မေးမြန်းချင်စိတ်ပင် ပေါက်သွားပြီး တစ္ဆေနယ်မြေကိုလည်း သေချာ နားထောင်စေချင်တော့၏။
ရှင်းယာ 'မနေ့ညက ကံကောင်းလို့ အပြင်းအထန် စာပြန်နွှေးထားလို့ပေါ့၊ မဟုတ်ရင် ဒီနေရာမှာတင် တကယ် ဒုက္ခရောက်တော့မှာ'
သူမသည် ခေါင်းခါယမ်းလိုက်ပြီး နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာ၏။
ထို့နောက် နီရဲသော နှုတ်ခမ်းလေးကို အနည်းငယ် ဟကာ စတင် ဖြေဆိုတော့သည်။
ရှင်းယာ "ပထမ မေးခွန်းကို ဖြေဆိုမယ်"
ရှင်းယာ "အဖြေ : ဘာသာစကား ဖော်ကျူးမှုကို အသုံးပြုထားပြီး"
……
အခြားတစ်ဖက်တွင်
ကျန်းလင်သည်လည်း သက်ကယ်မိုး တဲအိမ်လေး တစ်ခု၏ တံခါးဝတွင် ပေါ်လာခဲ့၏။
ကောင်းကင်ကြီးမှာ အုံ့မှိုင်းနေပြီး ပတ်ပတ်လည်တွင် တဝီဝီ မြည်နေသော လေတိုက်သံများ ရှိနေသည်။
လေထုထဲတွင်လည်း အေးစိမ့်စိမ့် ခံစားချက်လေး ရောနှောနေ၏။
'ဝီ ဝီ ဝီ'
လေအေးများသည် သက်ကယ်မိုး တဲအိမ်လေး၏အက် ကြောင်း အမျိုးမျိုးမှတစ်ဆင့် အတွင်းသို့ တိုးဝင်သွားရာ အတွင်းမှ ရှည်လျားသော သက်ပြင်းချသံ တစ်သံထွက်ပေါ်လာတော့သည်။
ထို့အပြင် စာရွက်များ လွင့်ပျံနေသော အသံကိုလည်း ကြားနေရ၏။
ကျန်းလင် သည် မျက်ခုံးပင့်လိုက်ပြီး ထိုသက်ကယ်မိုး တဲအိမ်လေး အတွင်းသို့ လျှောက်သွားလိုက်သည်။
မဝင်ရောက်လာမီ ရှင်းယာက သူတို့ကို စာမေးပွဲ အခြေအနေများနှင့် ပတ်သက်၍ ပြောပြထားခဲ့ဖူး၏။
ဤကဲ့သို့သော စာမေးပွဲကြီးများသည် သူတို့ စတင်ဝင်ရောက်လာစဉ်က ဖြေဆိုခဲ့ရသော ဝင်ခွင့်စာမေးပွဲနှင့် မတူညီပါချေ။
အတွင်းတွင် မျိုးစုံသော အခြေအနေ မြင်ကွင်းများ ရှိနေပေသည်။
ဝင်ရောက်သွားပြီးနောက် သေချာစွာ အကဲခတ်ပြီး မေးခွန်းကို နားထောင်ရမည်။
အကယ်၍ မေးခွန်းကို မကြားရပါက မိမိဘာသာ တက်ကြွစွာ ရှာဖွေရမည် ဖြစ်၏။
ထို့အပြင် အချို့သော မေးခွန်းများကို တိုက်ရိုက်ဖြေဆို၍ ရသော်လည်း အချို့မှာမူ လက်တွေ့ လုပ်ဆောင်ရမည်ဖြစ် သည်။
အတွင်းရှိ မေးခွန်းများမှာ အလွန်မျိုးစုံလှပေသည်။
အချုပ်အားဖြင့် အားလုံး အခြေအနေကြည့်၍ လုပ်ဆောင်ကြရန်နှင့် စာမေးပွဲအချိန်ကို သတိထားကြရန် ဖြစ်၏။
မှတ်ချက် - ၁ စာပေပညာရှင် ဝိညာဉ်တမန်တော် ပထမဆုံးအကြိမ် တစ္ဆေနယ်မြေထဲ ဝင်ရောက်ပြီး အပြင်သို့ ကန်ထုတ်ခံရချိန်မှာ ဝင်ခွင့်စာမေးပွဲဖြေဆိုချိန် ဖြစ်သည်။
ထိုအချိန်က တစ္ဆေနယ်မြေ အတွင်းသို့ အပြည့်အဝဝင်ရောက်သွားခြင်း မဟုတ်သေးပါချေ။
ကျောင်းဝင်ခွင့် စာမေးပွဲနှင့် တူညီပြီး တရားဝင် ကျောင်းမဝင်ရသေးခြင်း ဖြစ်၏။
၂။ "ကြက်ဥများကို ခြင်းတောင်း တစ်လုံးတည်းထဲတွင် အားလုံး မထည့်ရ" ဟူသည်မှာ စကားပုံ တစ်ခု ဖြစ်သည်။
ကြက်ဥအားလုံးကို ခြင်းတောင်း တစ်လုံးတည်းတွင် ထည့်ထားပါက ခြင်းတောင်း မှောက်သွားလျှင် ကြက်ဥများ အားလုံး ကွဲသွားမည် ဖြစ်၏။
အကယ်၍ အခြား ခြင်းတောင်းများတွင် ခွဲထည့်ထားပါက ခြင်းတောင်း မှောက်သွားလျှင်ပင် အခြားကြက်ဥများ ကျန်ရှိနေမည်ဖြစ်သည်။