← Chapters

အခန်း (၁-၂)

Vol. 1 Ch. 1-2

အခန်း (၁-၂)

Vol. 1 Ch. 1-2

စာစဉ် (၁)

အခန်း(၁)

မှောင်မည်းနေသော အခန်းအလယ်တွင်၊ ကွန်ပျူတာမှထွက်ပေါ်နေသည့် အလင်းရောင်များက သူ၏မျက်နှာပေါ်သို့ အလင်းပြန်နေပြီး မိုက်ကယ်သည် သေမင်း၏လက်ထဲသို့ ရောက်ရှိနေသကဲ့သို့ သူ၏ရင်ဘတ်ကို ဖိထားမိသည်။ လူအတော်များများက တစ်ယောက်တည်း အထီးကျန်စွာ သေဆုံးရမည်ကို ကြောက်ရွံ့ကြသော်လည်း မိုက်ကယ်အတွက်မူ ဤသို့သော အဆုံးသတ်မျိုးကို သူက ကျေနပ်နေခဲ့သည်။

သူ့အတွက်တော့ ဂိမ်းကစားခြင်း၊ အန်နီမေးကြည့်ခြင်းနှင့် အစားအသောက်များကို အိမ်အရောက်မှာယူစားသောက်ခြင်းတို့ဖြင့် ပြည့်နှက်နေသည့် ဘဝတစ်ခုသည် ပျော်ရွှင်စရာကောင်းသော ဘဝတစ်ခုအဖြစ် ရှင်သန်ရန် လုံလောက်နေပြီဖြစ်သည်။ အင်တာနက်သာ ရနေမည်ဆိုလျှင် သူ၏အိမ်အတွင်း၌ပင် ထာဝရနေထိုင်သွားနိုင်သူမျိုး ဖြစ်သည်။

အသက် ၃၅ နှစ်အရွယ်သို့ ရောက်သောအခါတွင်မူ သူ၏ခန္ဓာကိုယ်က လက်လျှော့သွားပုံရသည်။ လေ့ကျင့်ခန်းမလုပ်ဘဲ အသင့်စား အစားအစာများကိုသာ တစ်ချိန်လုံး စားသုံးနေခြင်းသည် အသက်ရှည်ရန်အတွက် မကောင်းကြောင်း သက်သေပြလိုက်သကဲ့သို့ပင်။ မကြာခင်မှာပင် သူ၏အမြင်အာရုံများက အမှောင်ကျသွားပြီး အတင်းအကျပ် အိပ်ပျော်သွားစေသလို ခံစားလိုက်ရသည်။

သို့သော် ထူးဆန်းသောအရာတစ်ခု ဖြစ်ပျက်ခဲ့သည်။ သူသည် အသိစိတ် ရှိနေဆဲပင်။ သူ၏ခန္ဓာကိုယ်ကို မလှုပ်ရှားနိုင်သလို၊ အရေပြားပေါ်တွင်လည်း မည်သည့်ခံစားချက်မျှ မရှိဘဲ ပတ်ဝန်းကျင်ကိုလည်း မမြင်ရပေ။ သို့သော် သူသည် စဉ်းစားတွေးခေါ်နိုင်ဆဲ ဖြစ်သည်။

ဒါက သေပြီးနောက်ဘဝလား။

သူသည် မည်သည့်ဘာသာတရားကိုမျှ အမှန်တကယ် မယုံကြည်ခဲ့သော်လည်း အခုတော့ သူတို့ပြောတာ မှန်နေခဲ့ပြီ။ အမှောင်ထုထဲမှ လွင့်ပျံလာသော အထူးအဆန်း အသံတစ်ခုက သူ့ကို လန့်သွားစေခဲ့သည်။

"မင်းက ဘယ်သူလဲ။ ငါက ဘယ်မှာလဲ"

"ပထမဆုံးအနေနဲ့ ငါတောင်းပန်ချင်ပါတယ်။ ငါ့ဘက်က အမှားတစ်ခုကြောင့် မင်းဟာ မူလကမ္ဘာကနေ အရမ်းစောစောစီးစီး ခွဲခွာခဲ့ရတယ်။ မင်း အဲဒီမှာ မသေသင့်သေးဘူး"

မိုက်ကယ်သည် နတ်ဘုရားကဲ့သို့သော ပုဂ္ဂိုလ်တစ်ဦးနှင့် စကားပြောနေရသည်ဟု မှန်ကန်စွာ တွေးတောမိလိုက်သည်။

"ခင်ဗျားက နတ်ဘုရားလား"

"ဟုတ်ပါတယ်။ ငါက နတ်ဘုရားပါပဲ... မင်း ဒေါသမထွက်ဘူးလား"

မိုက်ကယ်က သူ၏သေဆုံးမှုအပေါ် ဂရုမစိုက်သလို နေနေခြင်းကြောင့် နတ်ဘုရားသည် အလွန်ပင် သိချင်စိတ် ဖြစ်သွားပုံရသည်။

"ခင်ဗျားက ကျွန်တော့်ကို အသက်ပြန်ရှင်အောင် လုပ်ပေးနိုင်မှာ မဟုတ်ဘူးလို့ပဲ ကျွန်တော် ယူဆလိုက်မယ်။ ဟုတ်တယ်မလား။ ခင်ဗျားသာ လုပ်ပေးနိုင်ရင် ဒီလောက်ရှင်းပြနေမှာ မဟုတ်ဘူး။ ခင်ဗျားရဲ့ အမှားကို ပြင်ဆင်ပြီး ကျွန်တော့်ကို အသက်ပြန်သွင်းပေးလိုက်မှာပဲ"

မိုက်ကယ်သည် သူကိုယ်တိုင် မပြောင်းလဲနိုင်သော အရာများအပေါ်တွင် ဘယ်တုန်းကမှ အချိန်ကုန်ခံပြီး ဂရုမစိုက်ခဲ့ပေ။ အကယ်၍ သူက နတ်ဘုရားကို အော်ဟစ်ဆဲဆိုလိုက်လျှင် နတ်ဘုရားက သူ့ကို မှော်ပညာနှင့် အသက်ပြန်သွင်းပေးနိုင်မည်လား။ ဖြစ်နိုင်ခြေ မရှိပါဘူး။

"ငါလို အနန္တတန်ခိုးရှင် နတ်ဘုရားတစ်ပါးက လူတွေကို ဘာလို့ အသက်ပြန်မရှင်စေနိုင်တာလဲလို့တောင် မင်း မမေးတော့ဘူးလား။ ဒါပဲလား။ မင်းက ဒါကို လက်ခံနိုင်တယ်ပေါ့"

အကယ်၍ သူ့မှာ ခန္ဓာကိုယ်သာ ရှိနေသေးလျှင် မိုက်ကယ်သည် သူ၏ပခုံးကို တွန့်ပြလိုက်မိမည်ဖြစ်သည်။ "ကျွန်တော်က အေးအေးဆေးဆေး နေတတ်တဲ့ လူစားမျိုးပါ" ဟု သူက ပြန်ဖြေလိုက်သည်။

နတ်ဘုရားထံမှ ငြီးငွေ့စွာ သက်ပြင်းချသံကို ကြားလိုက်ရသလိုပင်။ သို့သော် သူ၏ စိတ်ကူးယဉ်မှုသာ ဖြစ်ပါလိမ့်မည်။

"မင်း ငါ့ကို အော်ဟစ်နေတဲ့အချိန်မှာ ငါက တည်ငြိမ်နေတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ နတ်ဘုရားတစ်ပါးအဖြစ် ဟန်ဆောင်ဖို့ ပြင်ထားတာ... ဘာပဲဖြစ်ဖြစ်လေ။ ဒါက ငါ့ရဲ့ အမှားဖြစ်နေတော့ မင်းကို တစ်ခုခု ပြန်ပေးဖို့ တာဝန်ရှိတယ်"

"ကျွန်တော့်ရဲ့ ဝိညာဉ်ကိုပဲ ယူလိုက်ပါဗျာ။ ကျွန်တော့်မှာ အသိစိတ် မရှိတော့ဘူးဆိုရင် အခုရာသီမှာ အသစ်ထွက်မယ့် အန်နီမေးတွေကို မကြည့်ရတော့လို့ ဆိုပြီး နှမြောနေမှာ မဟုတ်တော့ဘူးလေ"

"အဟမ်း.. အေးပါကွာ…. မင်းကို မူလကမ္ဘာမှာ အသက်ပြန်မရှင်စေနိုင်တဲ့အတွက် အခြားကမ္ဘာတစ်ခုမှာ ဘဝသစ်တစ်ခု ပေးပါ့မယ်"

အကယ်၍ နတ်ဘုရားတွင် ခန္ဓာကိုယ်သာ ရှိခဲ့လျှင် မိုက်ကယ်၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေမည်ကို မျှော်လင့်ရင်း ခိုးကြည့်နေမိလိမ့်မည်။ သို့သော် မိုက်ကယ်၏ တုံ့ပြန်မှုကတော့ အေးစက်စက်ပင်။

နတ်ဘုရားသည် အရာခပ်သိမ်းကို သိမြင်သူပီပီ မိုက်ကယ်၏ အန်နီမေးအပေါ် နှစ်သက်မှုကို သိရှိထားသည်။ ထို့ကြောင့် အခြားကမ္ဘာသို့ ပို့ဆောင်ခံရမည့် အကြံဉာဏ်ကို မိုက်ကယ်က သဘောကျလိမ့်မည်ဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။

"မင်းက ဘာလို့ စိတ်မလှုပ်ရှားရတာလဲ။ မင်းလို အန်နီမေးရူးနေတဲ့သူတွေကတော့ အခြားကမ္ဘာကူးပြောင်းတဲ့ ဇာတ်လမ်းမျိုးဆို သေအောင်ကြိုက်တာပဲ မဟုတ်လား"

ဟုတ်ပါတယ်၊ သူသည် အခြားကမ္ဘာသို့ ကူးပြောင်းခြင်းဟူသော အယူအဆနှင့် မစိမ်းပေ။ အန်နီမေးနဲ့ စိတ်ကူးယဉ်ဇာတ်လမ်းတွေဆိုရင် ရူးရူးမူးမူး ဖြစ်တတ်တဲ့သူမို့ သူ ဒါကို တော်တော်လေး သဘောကျနေခဲ့တာ။ ဒါပေမဲ့ ကြည့်ရတာက တစ်မျိုး၊ ကိုယ်တိုင် ရှင်သန်ရမှာက တစ်ခြားစီ ဖြစ်သည်။

သူရဲကောင်းများက မိစ္ဆာဘုရင်ကို တိုက်ခိုက်သည်ကို ကြည့်ရတာ နှစ်သက်သော်လည်း မိုက်ကယ်ကိုယ်တိုင်ကမူ သူ၏အချိန်များကို တိုက်ခိုက်ရင်း အကုန်မခံလိုပေ။ သူက တီဗွီရှေ့မှာ ထိုင်ရင်း သူရဲကောင်းနှင့် မိစ္ဆာဘုရင် တိုက်ခိုက်နေသည်ကိုသာ ထိုင်ကြည့်ချင်သူ ဖြစ်သည်။

ထို့ကြောင့်ပင် သူ၏ ယခင်ဘဝအပေါ် သူက ကျေနပ်နေခဲ့ခြင်း ဖြစ်သည်။ သူသည် အသက်ရှင်သန်ရန်အတွက် မတိုက်ခိုက်ခဲ့ရဘဲ သူလိုအပ်သမျှ အရာအားလုံးကို ရရှိခဲ့သည်။ ဗိုက်ဆာလျှင် ဒယ်လီနဲ့မှာစားမယ်၊ ပျင်းလာလျှင် ကွန်ပျူတာဖွင့်ပြီး ဂိမ်းကစားနိုင်သည်။ ထိုအရာကို ပျင်းသွားပြန်လျှင်လည်း တီဗွီတွင် ရုပ်ရှင်များ ကြည့်နိုင်သည်။

အကယ်၍ အခြားဘဝတစ်ခုသို့ ကူးပြောင်းရမည်ဆိုလျှင် ထိုအရာများ တစ်ခုမှ ရှိတော့မည်မဟုတ်ပေ။ အစကနေ ပြန်စနေရမည့်အစား သူက ဒီအတိုင်း ပျောက်ကွယ်သွားချင်သူ ဖြစ်သည်။

"ကျွန်တော့်ဝိညာဉ်ကိုပဲ ယူလိုက်ပါဗျာ" ဟု မိုက်ကယ်က ပြောလိုက်သည်။ သူသည် အခုကတည်းက ပျင်းလာပြီး ဖုန်းကို တစ်နာရီလောက် ထိုင်ကြည့်ချင်စိတ်ကို မနည်းအောင့်ထားရသည်။

သူ၏ အမူအရာက နတ်ဘုရားကို စကားမပြောနိုင်လောက်အောင် ဖြစ်သွားစေသည်။ ဒေါသထွက်နေသော လူအုပ်ကြီးကို ကိုင်တွယ်ရတာက မိုက်ကယ်ကို ကိုင်တွယ်ရတာထက် ပိုလွယ်ကူပေလိမ့်မည်။

"ဆောရီးပဲ၊ အဲဒါက မဖြစ်နိုင်ဘူး။ မင်းရဲ့ ဝိညာဉ်ကို အခြားကမ္ဘာက အခြားခန္ဓာကိုယ်တစ်ခုထဲ ထည့်ပေးရမယ်။ ဒါက စည်းမျဉ်းပဲ။ မင်း ဘယ်လောက်ပဲ ညည်းညည်း..."

"ကောင်းပြီလေ၊ ရွေးချယ်စရာ မရှိဘူးဆိုရင်လည်း သဘောပဲဗျာ"

"ဒီလောက်တောင် လွယ်လွယ်ကူကူလား။ ဟေ့... မင်းရဲ့ မရှိတဲ့ ပခုံးကို လာတွန့်မပြနဲ့ဦး"

မိုက်ကယ်နှင့် မိနစ်အနည်းငယ်ကြာ စကားပြောရတာက နတ်ဘုရားသည် မောပန်းသွားပုံရသည်။ သူသည် ချက်ချင်းပင် မှော်အစွမ်းကို အသုံးချပြီး မိုက်ကယ်၏ ဝိညာဉ်ကို အခြားကမ္ဘာတစ်ခုသို့ ပို့လွှတ်လိုက်သည်။

ထူးဆန်းသော နွေးထွေးသည့် ခံစားချက်တစ်ခုက မိုက်ကယ်၏ တစ်ကိုယ်လုံးကို လွှမ်းခြုံသွားပြီး နွေးထွေးကာ စေးပျစ်သော ရေထဲသို့ နှစ်ဝင်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ထို 'ရေ' ထဲတွင် နစ်မြုပ်နေစဉ်မှာပင် မိုက်ကယ်သည် စိတ်အနှောင့်အယှက် ဖြစ်နေသော နတ်ဘုရား၏ တဖြည်းဖြည်း ပျောက်ကွယ်သွားသော အသံကို ကြားလိုက်ရသည်။

"စကားမစပ်... မင်းရဲ့ ဆန္ဒတွေပေါ် အခြေခံပြီး စွမ်းရည်အချို့ ငါပေးလိုက်တယ်။ အခုတော့ မသိနိုင်သေးပေမဲ့ မကြာခင်မှာ မင်း သိလာလိမ့်မယ်။ နောက်ပြီး မင်းရဲ့ အေးဆေးသက်သာတဲ့ ဘဝကနေ ငါ ခွဲထုတ်လိုက်မိလို့ တစ်ကမ္ဘာလုံးမှာ အချမ်းသာဆုံး မိသားစုရဲ့ အငယ်ဆုံးသားအဖြစ် ငါ ပြန်လည်မွေးဖွားပေးလိုက်တယ်။ ဒါကြောင့် ဇိမ်ရှိရှိနဲ့သာ နေပေတော့ တည်ငြိမ်သူကြီးရေ..."

"$)(*@#)(%$)&$#)&@"

မိုက်ကယ်သည် အုပ်အုပ်လေးနှင့် ထွက်ပေါ်နေသော ထူးဆန်းသည့် အသံအသစ်များနှင့် စိတ်လှုပ်ရှားနေသော ဆူညံသံအချို့ကို ကြားလိုက်ရသည်။ သူ၏ခေါင်းကို နွေးထွေးစေးကပ်သော တစ်နေရာမှ ဆွဲထုတ်ခံလိုက်ရသလို ခံစားလိုက်ရသည်။

ထို့နောက် မျက်စိကျိန်းလောက်သော အလင်းရောင်တစ်ခု။ သူ၏မျက်လုံးများက အလင်းရောင်နှင့် အသားကျသွားရန် စက္ကန့်အနည်းငယ် ကြာသွားသည်။

ငါ ဘယ်မှာလဲ။ သူတို့ ဘာတွေ ပြောနေကြတာလဲ။

[သူတို့က သခင်လေး မွေးဖွားလာတဲ့အတွက် ဂုဏ်ပြုနေကြတာပါ]

[ကျွန်ုပ်က နိုဗာပါ၊ သခင်လေးရဲ့ အေအိုင်အကူ ပါ]

စာစဉ် (၁)

အခန်း (၂)

“သူ့မှာ ဘာဖြစ်နေလို့လဲ ဘာလို့ မငိုတာလဲ”

မိခင်ရဲ့ ဝမ်းဗိုက်ထဲကနေ ထွက်လာတဲ့အချိန်မှာ မွေးကင်းစကလေးတစ်ယောက်ရဲ့ ငိုသံကို ကြားရမယ့်အစား၊ ကြောင်တောင်တောင် ဖြစ်နေတဲ့ ကလေးရဲ့ မျက်နှာလေးကိုပဲ သူတို့ တွေ့လိုက်ရတယ်။

“ဆရာ၊ ကျွန်မကလေး အဆင်ပြေရဲ့လား”

အဖြူရောင် ဝတ်စုံနဲ့ လူက သူ့လက်တွေကို ဝှေ့ယမ်းလိုက်တဲ့အခါ သူ့ခန္ဓာကိုယ်ကနေ အစိမ်းရောင် အလင်းဖျော့ဖျော့လေးတွေ ထွက်ပေါ်လာတယ်။ သူ့မျက်နှာပေါ်မှာ နွယ်ပင်တွေနဲ့ သစ်ရွက်တွေ ပေါက်နေတဲ့ ပုံရိပ်ယောင်တွေ ထင်ဟပ်နေသလိုပဲ။ သူက သူ့လက်ထဲက ကလေးကို ငုံ့ကြည့်လိုက်တယ်။

“ကျွန်တော်လည်း ဇဝေဇဝါ ဖြစ်နေတာပဲ။ ကလေးရဲ့ ခန္ဓာကိုယ်မှာ ဘာပြဿနာမှ မရှိပါဘူး။”

သူ့မိဘတွေက သူ့ဘေးကင်းလုံခြုံမှုအတွက် စိုးရိမ်နေကြချိန်မှာ မိုက်ကယ်ကတော့ ဒီကမ္ဘာကို သူ ပြန်လည်ဝင်စားလာတဲ့အကြောင်းကို စဉ်းစားနေတုန်းပဲ။

သူ့ပတ်ဝန်းကျင်က မျက်နှာတွေကို သူ လိုက်ကြည့်လိုက်တယ်။ သူ့ကို ပွေ့ချီထားတဲ့လူက သူ့ကို အမေ့ဝမ်းဗိုက်ထဲကနေ ဆွဲထုတ်ခဲ့တဲ့လူဆိုတော့ ဆရာဝန် ဖြစ်ဟန်တူတယ်။ သူ့အမေကတော့ ကုတင်ပေါ်မှာ လဲလျောင်းနေတုန်းပဲ။ ဆရာဝန်က သူ့ကလေးမှာ တစ်ခုခု ချို့ယွင်းနေတယ်လို့ ပြောလိုက်တဲ့အခါ မိခင်တိုင်း ဖြစ်တတ်တဲ့ စိုးရိမ်တကြီးပုံစံနဲ့ သူ့ကို ကြည့်နေတယ်။

သူ့ရဲ့ ရွှေဝါရောင် ဆံပင်တွေက ခေါင်းအုံးပေါ်မှာ ဖရိုဖရဲ ပျံ့နှံ့နေတာကို ကြည့်ရင် သူ့ကို မွေးဖွားဖို့အတွက် ဘယ်လောက်တောင် ပင်ပန်းခဲ့လဲဆိုတာ သိသာတယ်။ ‘သူမက လူသားနဲ့ တူပါတယ်... အနည်းဆုံးတော့ နတ်ဘုရားက ငါ့ကို အရင်ကမ္ဘာနဲ့ ဆင်တူတဲ့နေရာကို ပို့ပေးလိုက်တာပဲ’

‘သူမက တကယ့်ကို လှပတဲ့သူတစ်ယောက်ပါ။ အကယ်၍ သူမသာ အရင်ကမ္ဘာမှာ ရှိခဲ့မယ်ဆိုရင် သူမရဲ့ ရုပ်ရည်နဲ့တင် ကိုရီးယား အိုင်ဒေါလ် အေဂျင်စီတစ်ခုခုမှာ ငယ်ငယ်လေးကတည်းက လူရွေးခံရမှာ သေချာတယ်’ တစ်ဖက်မှာတော့ သူ့အဖေက သူ့အမေရဲ့ ဘေးမှာ မတ်တတ်ရပ်နေတယ်။ သူ့ရဲ့ မုတ်ဆိတ်ရောင်လေးက “မင်းသား” တစ်ယောက်လို ဝတ်စုံနဲ့ လိုက်ဖက်လွန်းနေပြီး ခန့်ညားထည်ဝါတဲ့ ပုံစံပေါက်နေတယ်။ သူက စစ်တပ်ကနေ ဆုတံဆိပ်တွေ အများကြီး ရပြီးမှ အိမ်ပြန်လာတဲ့ပုံစံမျိုးပဲ။

သူ့မိဘနှစ်ယောက်စလုံးက အလယ်ခေတ် ပန်းချီကားတစ်ချပ်ထဲက ထွက်လာသလိုပဲ။ ‘သူတို့တွေက တကယ်ကြီး ဝတ်စုံတွေ ဝတ်ပြီး ကစားနေကြတာလား ပြီးတော့ ကျွန်တော် ဘယ်မှာလဲ ဒီအခန်းက ဆေးရုံနဲ့လည်း မတူဘူး’

[ဒီဟာက အခု မင်းရဲ့ အိမ်ပဲ။]

‘အိမ်မှာပဲ မွေးတာလား နတ်ဘုရားက ကျွန်တော့်ကို ကမ္ဘာပေါ်မှာ အချမ်းသာဆုံး မိသားစုထဲမှာ ပြန်ဝင်စားခိုင်းလိုက်တာလို့ ထင်နေတာ။ သူတို့က အကောင်းဆုံး ဆေးကုသမှုကို မတတ်နိုင်ကြဘူးလား အာထရာဆောင်း စက်တွေရော၊ ကလေးရဲ့ အခြေအနေကို စစ်ဆေးတဲ့ စနစ်တွေရော တစ်ခုမှ မတွေ့ဘူး...’

[သူတို့က ကမ္ဘာပေါ်မှာ အချမ်းသာဆုံး မိသားစုဝင်တွေ ဖြစ်ပေမဲ့ ဒီအခန်းထဲမှာတော့ ဘာစက်ကိရိယာမှ မရှိဘူး။]

အဲဒီနောက်မှာ သူ ထူးဆန်းတာတစ်ခု တွေ့လိုက်တယ်။ သူ့ကို ကိုင်ထားတဲ့ ဆရာဝန်ကနေ စိမ်းဖန့်ဖန့် အလင်းရောင်တွေ ရုတ်တရက် ထွက်ပေါ်လာတယ်။ ‘သူက လင်းနေတာပဲ’

[ဆရာဝန်က စစ်ဆေးတဲ့ မှော်ပညာကို သုံးနေတာကို ကျွန်ုပ် တွေ့ရှိရပါတယ်။]

‘မှော်ပညာ ဒီကမ္ဘာမှာ မှော်ပညာ ရှိတာလား’ နောက်မှ ပြန်စဉ်းစားကြည့်တော့ မိုက်ကယ် မအံ့ဩသင့်တော့ပါဘူး။ နတ်ဘုရားက သူ အန်နီမေးတွေနဲ့ စိတ်ကူးယဉ် စာအုပ်တွေကို ကြိုက်တယ်ဆိုတာ သိနေတာပဲ။ ဒါကြောင့် သူ့ကို သာမန်ကမ္ဘာထက်စာရင် မှော်ကမ္ဘာထဲကိုပဲ ပို့ပေးမှာပေါ့။

[ဒီမှော်ပညာအကြောင်း ပိုပြီး သိချင်လား]

[မှော်ကျင့်စဉ်တစ်ခုကို ရရှိပါပြီ။]

မြေဒြပ်စင်နဲ့ အလင်းဒြပ်စင်

ဒီမှော်ပညာက အသုံးပြုသူကို ပစ်မှတ်ရဲ့ ခန္ဓာကိုယ်ထဲကို ဖောက်ထွင်းကြည့်ရှုနိုင်စေပြီး ဘာရောဂါနဲ့ ပုံမှန်မဟုတ်တာတွေ ရှိလဲဆိုတာကို စစ်ဆေးနိုင်စေပါတယ်။

မိုက်ကယ်ရဲ့ အမြင်အာရုံထဲမှာ အရင်ကမ္ဘာက အန်နီမေးတွေထဲမှာ ပါလေ့ရှိတဲ့ ‘စနစ်’ လိုမျိုး စာလုံးတွေ ပေါ်လာတာကို မြင်လိုက်ရတယ်။

‘အကယ်၍ ငါသာ တွေ့သမျှ စွမ်းရည်တွေ၊ မန္တန်တွေနဲ့ ပါဝါတွေကို လိုက်ကူးယူနိုင်တဲ့ ဇာတ်လိုက်မျိုးဆိုရင်တော့ ဒီတစ်ခါ ပြန်ဝင်စားရတာ ထင်ထားတာထက် ပိုကောင်းနိုင်တယ်’

ဘာပဲဖြစ်ဖြစ်၊ မှော်ပညာက သူ့ရဲ့ အရင်ကမ္ဘာမှာတောင် မရရှိနိုင်တဲ့ အဆင်ပြေမှုတွေကို ပေးစွမ်းနိုင်တာပဲ။ အရင်ဘဝက လူတွေဆိုရင် ကျောက်တုံးကြီးတွေကို မဖို့အတွက် ဝန်ချီစက်တွေ လိုအပ်လိမ့်မယ်။ ဒါပေမဲ့ ဒီကမ္ဘာက မှော်ဆရာတွေသာ သူကြည့်ခဲ့တဲ့ ဇာတ်လမ်းတွေထဲကလိုဆိုရင် ဂါထာတစ်ခုနဲ့တင် အဲဒါကို လုပ်နိုင်မှာပဲ။

ရေဖန်တီးတဲ့ မန္တန်ဆိုရင်လည်း ထို့အတူပဲ။ အဲဒါက သူ့အရင်ကမ္ဘာက ငတ်မွတ်ခေါင်းပါးမှု ပြဿနာကို ဖြေရှင်းပေးနိုင်မှာ။ ‘ဒါက တကယ်ကောင်းတာပဲ ဒီဘဝမှာ ကျွန်တော် ပိုပြီး သက်သောင့်သက်သာ နေနိုင်တော့မယ်’

အခု သူက သူဌေးသား ဖြစ်နေပြီဆိုတော့ အစေခံတွေနဲ့ မှော်ဆရာတွေကို စိတ်ကြိုက် ခိုင်းစေလို့ ရပြီပေါ့။ သူ ကျောင်းတက်စရာလည်း မလိုသလို၊ ပိုက်ဆံရဖို့ အလုပ်လုပ်စရာလည်း မလိုတော့ဘူး။ တစ်ကမ္ဘာလုံးမှာ အချမ်းသာဆုံး မိသားစုဆီကနေ သူလိုအပ်သမျှ အမွေဆက်ခံလိုက်ရုံပဲ။

[မင်းရဲ့ မိဘတွေက မင်းကို စီမံခန့်ခွဲရေး တာဝန်တွေ သင်ယူဖို့အတွက် သီးသန့်ဆရာတစ်ယောက် ငှားရမ်းပေးဖို့ အလားအလာ များပါတယ်။]

မိုက်ကယ်က နိုဗာ ကို ဂရုမစိုက်ဘဲ ထားလိုက်တယ်။ ‘သူ့ရဲ့ ကိုယ်ပိုင် အေအိုင်က သူ့အတွက် အလုပ်တွေ အကုန်လုပ်ပေးနိုင်နေတာကို သူ ဘာလို့ သင်ယူနေဦးမှာလဲ’

‘တစ်ခုတည်းသော ပြဿနာကတော့ ငါအကြိုက်ဆုံး အန်နီမေးတွေနဲ့ ဇာတ်လမ်းတွေကို ဒီကမ္ဘာမှာ ကြည့်လို့မရတော့တာပဲ။ ဒါနဲ့နေပါဦး၊ တီဗွီရော ဘယ်မှာလဲ အဲကွန်းရော’ အခန်းထဲကို သူ လှည့်ကြည့်လိုက်တဲ့အခါ ကြောက်စရာကောင်းတဲ့ အမှန်တရားတစ်ခုကို သူ သတိထားမိလိုက်တယ်။

လင်းထိန်နေတဲ့ အခန်းနဲ့ အေးမြတဲ့ လေအေးပေးစက်ရဲ့ လေညင်းကို ခံစားရမယ့်အစား၊ မိုက်ကယ်က နံရံတွေမှာ ကပ်ထားတဲ့ ဖယောင်းတိုင်တွေနဲ့ ဆီမီးခွက်တွေကိုပဲ တွေ့လိုက်ရတယ်။

တဖြည်းဖြည်းနဲ့ အဖြေတွေက ပေါ်ထွက်လာတယ်။ အိမ်မှာပဲ မွေးတာ၊ မသန့်ရှင်းတဲ့ အခန်း၊ မိဘတွေရဲ့ တော်ဝင်ဆန်တဲ့ ဝတ်စုံတွေနဲ့ အခန်းထဲမှာ မီးသီးတစ်လုံးတောင် မရှိတာတွေက နတ်ဘုရား သူ့ကို ပို့လိုက်တဲ့ ကြောက်စရာကောင်းတဲ့ အခြေအနေကို သိစေလိုက်တယ်။

‘သူက အလယ်ခေတ်မှာ ပိတ်မိနေတဲ့ ကမ္ဘာကြီးထဲကို ပြန်ဝင်စားလာတာပဲ’ သူက ကမ္ဘာပေါ်မှာ အချမ်းသာဆုံး မိသားစုမှာ မွေးဖွားလာတာ ဖြစ်နိုင်ပေမဲ့၊ ခေတ်သစ်ကမ္ဘာက သာမန်လူတွေနဲ့ ယှဉ်ရင်တော့ ဘုရင်တွေနဲ့ မိဖုရားတွေတောင် လယ်သမားတွေလို နေထိုင်နေကြရတာပဲ။

ဒါပေမဲ့ အဆိုးဆုံးက ဒါတင် မဟုတ်သေးဘူး။ ‘မှော်မီးတွေရော ဘယ်မှာလဲ ဒီကမ္ဘာမှာ မှော်ပညာရှိနေရင် မှော်ဆရာတွေက ဘယ်နေရာကမဆို ရေ၊ မီး၊ လေ နဲ့ မြေတွေကို ခေါ်ယူနိုင်တယ်ဆိုတဲ့ အချက်ကို ဘာလို့ အသုံးမချကြတာလဲ’

‘ပြီးတော့... ဒီအနံ့က ဘာအနံ့ကြီးလဲ’

[အဲဒီအနံ့က မစင်တွေဆီက လာတာပါ။]

‘မစင်... ခဏလေး... အိမ်သာတွေရော မဟုတ်မှလွဲရော...’

[ဒီကမ္ဘာမှာ ရေပိုက်စနစ် မရှိဖို့ အလားအလာ များပါတယ်။]

‘အားးးးးးးးးးးးးးး မလုပ်ကြပါနဲ့ဗျာ’

နတ်ဘုရား ပို့ပေးလိုက်တဲ့ ဒီကမ္ဘာကြီးအပေါ် မိုက်ကယ်ကတော့ သူ့ရဲ့ စိတ်ပျက်မှုတွေကို အော်ဟစ်ပြီး ထုတ်ဖော်လိုက်ရုံကလွဲလို့ တခြားမရှိတော့ဘူး။ ဒီဘဝမှာ နေရတာ သက်သောင့်သက်သာရှိတာ တစ်ခုမှ မရှိဘူး

ကလေးက နောက်ဆုံးတော့ အော်ငိုလာတာကို မြင်လိုက်ရတဲ့အခါ သူ့မိဘတွေနဲ့ ဆရာဝန်ကတော့ တကယ့်ကို ပျော်ရွှင်သွားကြတယ်။ သူက အရမ်း ကျန်းမာတဲ့ ယောကျ်ားလေး တစ်ယောက် ဖြစ်ပုံရပါတယ်။

All Chapters