← Chapters

အခန်း (၅-၆)

Vol. 1 Ch. 5-6

အခန်း (၅-၆)

Vol. 1 Ch. 5-6

စာစဉ် (၁)

အခန်း(၅)

နောက်ဆုံးတော့ မိုက်ကယ်ရဲ့ တစ်နှစ်ပြည့် မွေးနေ့ပွဲကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ပုခက်ထဲမှာ ဖြစ်ပျက်ခဲ့တဲ့ မတော်တဆမှုလေးတစ်ခုကြောင့် နေ့ရက်တွေက အလွန်ကို လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ရတာပါ။

ဘာကြောင့်လဲဆိုတော့ နံရံပေါ်မှာ လောင်ကျွမ်းထားတဲ့ အမှတ်အသားတွေနဲ့ ရေကွက်တွေကို တွေ့လိုက်ရလို့ပါပဲ။ အဲဒါက သေးငယ်ပေမဲ့ တစ်အိမ်သားလုံးကို ထိတ်လန့်သွားစေဖို့တော့ လုံလောက်ခဲ့ပါတယ်။ အဲဒီအရာတွေမှာ မှော်အတတ် ရဲ့ အငွေ့အသက်တွေ ပါဝင်နေတာကြောင့် တစ်စုံတစ်ယောက်က သခင်လေးရဲ့ အခန်းထဲမှာ မန္တန် တစ်ခုခုကို အသုံးပြုခဲ့တယ်လို့ သူတို့က ချက်ချင်းပဲ သိသွားကြပါတယ်။

ဒါက သေးငယ်တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပေမဲ့လည်း မိုက်ကယ်ရဲ့ မိခင်ကတော့ မိုက်ကယ်ဟာ မအောင်မြင်ခဲ့တဲ့ လုပ်ကြံသတ်ဖြတ်မှုတစ်ခုရဲ့ သားကောင်ဖြစ်ခဲ့ရသလိုမျိုး တုံ့ပြန်ခဲ့ပါတယ်။ အစေခံတွေကို နှစ်ဆတိုးလိုက်ပြီး လုံခြုံရေးကိုလည်း သုံးဆလောက်အထိ တိုးမြှင့်လိုက်တဲ့အပြင် မိုက်ကယ်ကိုလည်း လောလောဆယ်မှာ သူမရဲ့ အခန်းထဲမှာပဲ လာသိပ်ခိုင်းပါတော့တယ်။

မိုက်ကယ်ကတော့ ဒါကို အကဲပိုတယ်လို့ ထင်နေမိပေမဲ့ ဒီဖြစ်ရပ်လေးက တစ်နိုင်ငံလုံးမှာ ဟိုးလေးတကျော် ဖြစ်သွားခဲ့တယ်ဆိုတာကို အစေခံတွေဆီကနေတစ်ဆင့် သိလိုက်ရပါတယ်။ မှော်စုံစမ်းစစ်ဆေးရေးမှူးတွေကလည်း ဒီမန္တန် တွေဟာ လူတစ်ယောက်တည်းဆီကနေ တစ်ချိန်တည်းမှာ ထွက်ပေါ်လာတာလို့ အဖြေထုတ်လိုက်ကြပါတယ်။

ဒါက ဘာမှမဟုတ်ပါဘူးလို့ မိုက်ကယ်က တွေးလိုက်မိပေမဲ့ ဒြပ်စင် အစုံပါတဲ့ မှော်စွမ်းအင် ရှိတာဟာ အလွန်ကို ရှားပါးတဲ့အရာ ဖြစ်နေတယ်ဆိုတာကို နောက်မှ သူသိလိုက်ရပါတယ်။ ဒြပ်စင်နှစ်မျိုး ပါဝင်နေရင် ပါရမီရှင်အဆင့်လို့ သတ်မှတ်ကြပြီး ဒြပ်စင်သုံးမျိုးဆိုရင်တော့ ထူးကဲတဲ့ ပါရမီရှင်လို့ သတ်မှတ်ကြတာပါ။

ဒါပေမဲ့ ဒြပ်စင်လေးမျိုးစလုံး ရှိနေတာကတော့ ဒဏ္ဍာရီတွေထဲမှာပဲ ရှိတဲ့အရာပါ။ တစ်နည်းနည်းနဲ့ ဒီလို နှစ်တစ်ထောင်မှ တစ်ခါပေါ်တဲ့ ပါရမီရှင်က ဗန်ဒါဘစ် မိသားစုရဲ့ အငယ်ဆုံးသားလေးရဲ့ အခန်းထဲကို ခိုးဝင်လာပြီး အန္တရာယ်မရှိတဲ့ တစ်ဆင့်ခံ မန္တန် လေးခုကို သုံးသွားတယ်ဆိုတာက လုံးဝကို အဓိပ္ပာယ်မရှိတဲ့ ကိစ္စ ဖြစ်နေပါတယ်။

အဲဒီအချိန်ကျမှပဲ မိုက်ကယ်ဟာ သူအသုံးပြုမယ့် မန္တန် တွေနဲ့ ပတ်သက်ပြီး နည်းနည်းလောက် ပိုသတိထားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ကလေးအရွယ်မှာပဲ ဒီမန္တန် တွေကို သုံးခဲ့တာ သူကိုယ်တိုင်ပါလို့ ထုတ်ပြောလိုက်ရင် သူတို့တွေ ဘယ်လိုတုံ့ပြန်ကြမလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ။

မကြာခင်မှာပဲ ရုတ်ရုတ်သဲသဲအသံတွေက ငြိမ်သက်သွားခဲ့ပါတယ်။ ဘာပစ္စည်းမှ အခိုးမခံရသလို ဘယ်သူမှလည်း ထိခိုက်ဒဏ်ရာ မရခဲ့တာကြောင့် အာဏာပိုင်တွေကတော့ ဒါကို ထူးဆန်းတဲ့ သဘာဝဖြစ်ရပ်တစ်ခုအဖြစ်ပဲ သတ်မှတ်လိုက်ကြပါတယ်။

ဒါပေမဲ့လည်း သူ့အမေကတော့ သူမရဲ့သားလေးဟာ 'ကောင်းချီးပေးခံရသူ' ဖြစ်တဲ့အကြောင်း သူငယ်ချင်းတွေကို ကြွားလုံးထုတ်ဖို့ မမေ့ခဲ့ပါဘူး။

သူမရဲ့ ပြောင်းလဲမှုက တကယ့်ကို စိတ်ဝင်စားဖို့ ကောင်းပါတယ်။ စောစောကတော့ စိုးရိမ်တကြီး ဖြစ်နေခဲ့ပြီး စုံစမ်းစစ်ဆေးရေးမှူးတွေက ဒါဟာ သဘာဝဖြစ်ရပ်ပါလို့ ပြောလိုက်တဲ့အချိန်မှာတော့ နတ်ဘုရား က မိုက်ကယ်ကို ပါရမီတွေနဲ့ ကိုယ်တိုင်ကိုယ်ကျ ကောင်းချီးပေးလိုက်တာလို့ ပြုံးပျော်ပြီး ပြောနေပါတော့တယ်။

မိုက်ကယ်ကတော့ သူအရွယ်ရောက်လာတဲ့အခါမှပဲ အမှန်တရားကို ပြောပြဖို့ ဆုံးဖြတ်လိုက်ပါတယ်။

[ နည်းပညာအရ ပြောရရင် သူမပြောတာ မှန်ပါတယ်။ နတ်ဘုရား က ဒီဘဝသစ်နဲ့ မင်းရဲ့ တန်ခိုး အားလုံးကို ကောင်းချီးပေးခဲ့တာလေ။ ]

'ဟုတ်ပါပြီ၊ ဒါပေမဲ့ သူမကို သိစရာတော့ မလိုပါဘူး။ အခုဆိုရင် သူမက အခွင့်အရေးရတိုင်း ကြွားနေတော့မှာ'

ဥပမာအနေနဲ့ မိုက်ကယ်ရဲ့ မွေးနေ့ပွဲမှာဆိုရင် သူမဟာ အထက်တန်းလွှာ ဧည့်သည်အားလုံးကို နှုတ်ဆက်ပြီး မိုက်ကယ်နဲ့ ကိုယ်တိုင်ကိုယ်ကျ မိတ်ဆက်ပေးနေခဲ့ပါတယ်။ သူမဟာ ဓာတ်ပြားဟောင်းကြီးလိုပဲ ဧည့်သည်တွေကို မိုက်ကယ်အကြောင်း ချီးမွမ်းခန်းဖွင့်လို့ မပြီးနိုင်အောင် ဖြစ်နေပါတယ်။

တော်သေးတာက မိုက်ကယ် အရမ်း စိတ်အနှောင့်အယှက် မဖြစ်ခင်မှာပဲ သူ့အဖေက သူမကို တားလိုက်လို့ပါ။

အကယ်၍သာ လူတွေ ဝိုင်းကြည့်မနေဘူးဆိုရင် မိုက်ကယ်ဟာ ကလေးတွန်းလှည်းပေါ်ကနေ ဆင်းပြီး ပွဲထဲကနေ ထွက်သွားမိမှာပါ။ ဒါပေမဲ့ သူက ကလေးတစ်ယောက်လို ဟန်ဆောင်နေရတာကြောင့် ကလေးတွန်းလှည်းထဲမှာပဲ ငြိမ်ငြိမ်လေးနေရင်း သူ့အမေရဲ့ ကြွားလုံးထုတ်နေတဲ့ မျက်နှာကိုပဲ ကြည့်နေရပါတော့တယ်။

ဒီအတောအတွင်းမှာပဲ သူဟာ မှော်စွမ်းအင် တွေကို ပိုပြီး စုဆောင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သံသယမဝင်အောင်လို့ မှော်စွမ်းအင် ကို အနည်းငယ်စီသာ စုဆောင်းဖို့ သူ သတိထားနေခဲ့ပါတယ်။

မကြာခင်မှာပဲ သူ ပင်ပန်းလာပြီး အိပ်ပျော်သွားပါတယ်။ ဒါပေမဲ့ သူ အိပ်မောမကျခင်မှာပဲ သူ့မိဘတွေနဲ့ ဧည့်သည်အချို့ရဲ့ ထူးဆန်းတဲ့ စကားသံတွေကို ကြားလိုက်ရသလို ခံစားလိုက်ရပါတယ်။

"ဗန်ဒါဘစ်မိသားစုအတွက် ဂုဏ်ယူပါတယ်။ မင်းတို့သားလေးက တကယ့်ကို ခန့်ညားတဲ့ကလေးလေးပဲ" လို့ လူကြီးတစ်ယောက်က ပြောလိုက်ပါတယ်။

"ဒါကတော့ ကျွန်မရဲ့ မျိုးရိုးဗီဇကြောင့်ပေါ့။ ဒါပေမဲ့ ကျွန်မရဲ့ ခင်ပွန်းဆီက ကောင်းတဲ့အချက်အလက်အချို့ကိုလည်း သူ ရထားတာပါ" လို့ သူ့အမေက ပြန်ဖြေပါတယ်။

"အင်း... ဟုတ်ပါတယ်။ မင်းတို့ရဲ့ မျိုးရိုးကို ငါ တကယ်အားကျမိတယ်လို့ ဝန်ခံရမယ်။ မိသားစုနှစ်ခုလုံးအတွက် အကျိုးရှိမယ့် ကိစ္စတစ်ခုခုကို ငါတို့ စီစဉ်ကြရင်ကော ဘယ်လိုလဲ။ မင်းတို့သိတဲ့အတိုင်း ငါ့သမီးလေးကလည်း မွေးခါစပဲ ရှိသေးတယ်လေ"

"ကျွန်မ နားထောင်နေပါတယ်..." လို့ သူ့အမေက ဆိုပါတယ်။

* * * * * * * * *

အချိန်တွေ ကုန်ဆုံးသွားခဲ့ပြီး အခုဆိုရင် မိုက်ကယ်ဟာ အသက် ၅ နှစ် အရွယ်သို့ ရောက်ရှိလာခဲ့ပါပြီ။

သူ မှန်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်လိုက်တဲ့အခါ တကယ့်ကို ခန့်ညားထည်ဝါတဲ့ ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရပါတယ်။ သူ့မှာ သူ့အမေရဲ့ ရွှေဝါရောင် ဆံပင်တွေနဲ့ သူ့အဖေရဲ့ ထင်းနေတဲ့ မေးရိုးတွေကို ရရှိထားတာပါ။

သူ့လက်ကို မြှောက်လိုက်ပြီး မန္တန် တစ်ခုကို အသုံးပြုလိုက်တဲ့အခါ သူ့ခေါင်းထက်တောင် ကြီးတဲ့ ရေလုံးကြီးတစ်ခု ဖြစ်ပေါ်လာပါတယ်။

သူ့ခန္ဓာကိုယ်ထဲက ဒြပ်စင်မှော်စွမ်းအင် ပမာဏဟာ အဆမတန် တိုးတက်ပြောင်းလဲလာခဲ့ပါပြီ။ မန္တန် တစ်ခုတည်းနဲ့တင် ရေချိုးကန်ထဲကို ရေအပြည့် ဖြည့်နိုင်နေပါပြီ။ ဒါက မှော်ဆရာ တွေ ဖန်တီးတဲ့ ရေပမာဏမျိုး ဖြစ်တာကြောင့် သူကိုယ်တိုင်လည်း အံ့သြနေမိပါတယ်။

အသက် ၅ နှစ်အရွယ်မှာတင် သူဟာ အသက် ၂၅ နှစ်အရွယ် လူကြီးတစ်ယောက်လိုမျိုး မန္တန် တွေကို အသုံးပြုနိုင်နေပြီ ဖြစ်ပါတယ်။

ဒါပေမဲ့ အကောင်းဆုံး အချက်ကတော့ သူ့ရဲ့ ထိန်းချုပ်နိုင်စွမ်းပါပဲ။ ရေလုံးကြီးတစ်ခုအဖြစ် ရှိနေမယ့်အစား သူ့စိတ်ကြိုက် ဆွဲဆန့်တာ၊ ကျုံ့တာနဲ့ ပုံစံပြောင်းလဲတာတွေကို လုပ်နိုင်နေပါပြီ။ အကယ်၍သာ သူ အလိုရှိမယ်ဆိုရင် တစ်စက္ကန့်အတွင်းမှာပဲ ရေကို အမိန့်ပေးပြီး ကိုယ့်ကိုယ်ကိုယ် ဆေးကြောနိုင်မှာပါ။

ဒါပေမဲ့ ဒါကတော့ သံသယဖြစ်စရာ ဖြစ်သွားပါလိမ့်မယ်။

"သခင်လေး၊ ကျွန်မ ရေချိုးခန်းထဲကို ဝင်လာပြီနော်" လို့ ဘတ်တာက လက်ထဲမှာ ရေပုံးကြီးတစ်ပုံးကို ကိုင်ရင်း ပြောလိုက်ပါတယ်။

သူမက မိုက်ကယ်ရဲ့ အစေခံတွေထဲက တစ်ယောက်ဖြစ်ပြီး သူ့ကို ရေချိုးပေးဖို့ တာဝန်ယူထားရသူပါ။ အကယ်၍ မိုက်ကယ်က သူ့ရဲ့ မှော်ပညာ နဲ့ ကိုယ့်ကိုယ်ကိုယ် ဆေးကြောလိုက်မယ်ဆိုရင် ရေချိုးကန်ထဲမှာ ရေတစ်စက်မှ မရှိသေးတာကြောင့် ဘတ်တာက ချက်ချင်းပဲ သံသယဝင်သွားမှာပါ။ အခု သူမ သယ်လာတာက ပထမဆုံး ရေပုံးပဲ ရှိပါသေးတယ်။

"ဟင်း... ဒါက တကယ်ကို အဆင်မပြေတာပဲ" လို့ မိုက်ကယ်က စိတ်ပျက်လက်ပျက် ရေရွတ်လိုက်ပါတယ်။

သူ ရေချိုးဖို့ လိုတိုင်းမှာ ဘတ်တာက ရေပုံးနဲ့ ရေကို ခပ်ယူပြီး ရေချိုးကန်ထဲကို ဖြည်းဖြည်းချင်း ဖြည့်ပေးရပါတယ်။ ကန်ထဲ ရေပြည့်ဖို့အတွက် သူမဟာ နောက်ဖေးက ရေတွင်းဆီကို ငါးခေါက်လောက်အထိ သွားခပ်နေရတာပါ။

'ဒါက ငါ အလယ်ခေတ် ကို မုန်းရတဲ့ အချက်ပဲ။ ငါ့ရဲ့ အရင်ကမ္ဘာတုန်းက ရေဘုံဘိုင်တွေအဆင်ပြေပြေသုံးရကို ငါ သတိမထားခဲ့မိဘူး။ အဲဒါမျိုး ဒီမှာ ရှိရင် ကောင်းမှာပဲ။ အဲဒါ ဘယ်လိုအလုပ်လုပ်လဲဆိုတာသာ သိရင် ငါကိုယ်တိုင်တောင် လုပ်မိမှာ...'

မိုက်ကယ်ဟာ စာသင်ရတာကို ဝါသနာမပါခဲ့တာကြောင့် ခေတ်သစ် ရေဘုံဘိုင်တွေ ဘယ်လို အလုပ်လုပ်သလဲဆိုတာကို သူ မသိခဲ့ပါဘူး။

[ ရေဘုံဘိုင်တစ်ခု ဘယ်လို အလုပ်လုပ်လဲဆိုတာကို သိချင်ပါသလား ]

နိုဗာ ရဲ့ အချိန်ကိုက် အကြံပြုချက်က မိုက်ကယ်ကို အံ့သြသွားစေပါတယ်။

သူ့ရဲ့ ကိုယ်ပိုင် အေအိုင် အကူကတော့ အချိန်ဆွဲမနေဘဲ ရေဘုံဘိုင်တွေရဲ့ စက်မှုပိုင်းဆိုင်ရာ အချက်အလက်တွေကို သူ့ရဲ့ ဦးနှောက်ထဲကို တိုက်ရိုက် ထည့်သွင်းပေးလိုက်ပါတော့တယ်။

"ဒါ... ဒါကို ငါ... ငါ လုပ်လို့ရတယ်"

[ ရေဘုံဘိုင်တစ်ခုကို တည်ဆောက်ဖို့အတွက် အဆင့်လိုက် ညွှန်ကြားချက်တွေကို ရယူလိုပါသလား ]

စာစဉ် (၁)

အခန်း(၆)

ရုတ်တရက်ဆိုသလိုပဲ သတင်းအချက်အလက်တွေက သူ့ရဲ့ဦးနှောက်ထဲကို လှိုင်းလုံးကြီးတွေလို စီးဝင်လာပြီး ပုံစံထုတ်နည်းတွေနဲ့ အသေးစိတ်ပုံစံငယ်တွေက သူ့ရဲ့မှတ်ဉာဏ်ထဲမှာ စွဲမြဲသွားခဲ့တယ်။

သူဟာ အဲဒီပုံစံငယ်တွေကို သူ့လက်ဖဝါးလိုပဲ အလွတ်ရသွားခဲ့ပြီ။ ရေပိုက်စနစ် ဘယ်လိုအလုပ်လုပ်သလဲဆိုတာကို နိုဗာ ပေးလိုက်တဲ့ အပိုဆောင်းဗဟုသုတတွေနဲ့ပေါင်းစပ်လိုက်တဲ့အခါ ရေဘုံဘိုင်တစ်ခုကို ကိုယ်တိုင် ဘယ်လိုတည်ဆောက်ရမလဲဆိုတာကို မိုက်ကယ် တစ်ယောက် ကောင်းကောင်းနားလည်သွားခဲ့တယ်။

“ သခင်လေး၊ တစ်ခုခု ပြောလိုက်တာလား ”

ဘတ်တာက ရေချိုးခန်းထဲကို ဝင်လာရင်းနဲ့ ဝမ်းသာအားရ ခုန်ပေါက်နေတဲ့ မိုက်ကယ်ကို တွေ့ပြီး မေးလိုက်တယ်။

မိုက်ကယ်က သူ့ရဲ့စိတ်လှုပ်ရှားမှုတွေကို ထိန်းချုပ်ဖို့ ကြိုးစားလိုက်တယ်။ ဒါပေမဲ့ ကိုယ်ပိုင်ရေပိုက်စနစ်တစ်ခု တည်ဆောက်နိုင်တော့မယ်ဆိုတဲ့ အလားအလာက သူ့ကို အတိုင်းထက်အလွန် ပျော်ရွှင်စေခဲ့တာပါ။ ဒါက သူဖြစ်ချင်တဲ့ သက်သောင့်သက်သာရှိတဲ့ ဘဝဆီကို နောက်ထပ်ခြေတစ်လှမ်း နီးကပ်သွားတာပဲလေ။

“ ဟိဟိ ... သခင်လေးက အဲဒီအရွယ်ကို ရောက်နေပြီပေါ့လေ ”

“ အို ... ဘာမှမဟုတ်ပါဘူး။ သခင်လေး သက်သောင့်သက်သာ ရေချိုးနိုင်ဖို့ ကျွန်မ ထွက်သွားပေးပါ့မယ် ”

ဘတ်တာက လက်ထဲက ရေပုံးကို လောင်းချလိုက်ပေမဲ့ ရေချိုးကန်ထဲမှာ ရေက မပြည့်တပြည့်ပဲ ရှိပါသေးတယ်။ ကန်ထဲကို ရေအပြည့်ဖြည့်ဖို့အတွက် သူမဟာ ရေတွင်းဆီကို နောက်ထပ် အခေါက်အနည်းငယ်လောက် သွားခပ်ရဦးမှာပါ။

သူမရဲ့ ခါးက နာကျင်မှုကြောင့် သူမ သိသိသာသာ မျက်နှာပျက်သွားပေမဲ့ သခင်လေးကိုတော့ ဒါကို မပြဘဲ ဘာမှမဖြစ်သလိုပဲ ဆက်ပြီး ဟန်ဆောင်နေခဲ့တယ်။

“ သခင်လေးအတွက် အဝတ်အစားတွေကို အခန်းထဲမှာ ပြင်ပေးထားပါတယ်နော် ”

“ ဟုတ်ကဲ့၊ ကျေးဇူးပါ ” မိုက်ကယ်က ရေချိုးကန်ထဲကို ဆင်းလိုက်ပြီး ရေဘုံဘိုင်ကို ဘယ်လိုဖန်တီးမလဲဆိုတဲ့ အစီအစဉ်တွေကို စတင်ဆွဲလိုက်ပါတော့တယ်။

* * * * * * * * *

ဒီအတောအတွင်းမှာပဲ ဘတ်တာက အခန်းပြင်ကို ထွက်လာတော့မှပဲ ပင်ပန်းနွမ်းနယ်နေတဲ့ မျက်နှာထားကို ဖော်ပြလိုက်မိတယ်။

အစေခံမလေးတစ်ယောက်က သူမဆီ လျှောက်လာပြီး “ အန်တီ အဆင်ပြေရဲ့လား ” လို့ မေးလိုက်တယ်။

ဘတ်တာက အစေခံမလေးကို လက်ကာပြရင်း “ ရပါတယ် ” လို့ ပြောလိုက်ပေမဲ့ အစေခံမလေးကတော့ ဘတ်တာရဲ့ မျက်နှာပေါ်က နာကျင်နေတဲ့ အမူအရာကို မြင်နေရတုန်းပဲ။ ဝါရင့်အစေခံတစ်ယောက်ဖြစ်တဲ့ ဘတ်တာက အရင်လို ငယ်ရွယ်နုပျိုနေသူ မဟုတ်တော့တာကြောင့် ဒီဝေဒနာကို လျစ်လျူရှုထားဖို့က မလွယ်ကူလှပါဘူး။

“ ဒါက အန်တီက သခင်လေးအတွက် ရေတွေကိုပဲ ခဏခဏ ခပ်ပေးနေလို့လေ။ အဲဒါတွေ လုပ်စရာမလိုပါဘူး။ ကျွန်မတို့ အိမ်မှာ ရေဒြပ်စင် သုံးနိုင်တဲ့ မှော်ဆရာတွေ အများကြီး ရှိတာပဲ။ သူတို့ဆိုရင် တစ်စက္ကန့်အတွင်းမှာတင် သခင်လေးအတွက် ရေတွေကို ဆင့်ခေါ်ပေးနိုင်မှာကို ”

ဘတ်တာက လက်ခါပြီး ငြင်းလိုက်တယ်။

“ မဟုတ်တာ။ သခင်လေးက ရေကို နွေးနွေးလေးပဲ ချိုးချင်တာ။ မှော်ဆရာတွေ ခေါ်ပေးတဲ့ ရေတွေက အေးလွန်းတယ် ”

အစေခံမလေးက သက်ပြင်းချလိုက်မိတယ်။

“ အဲဒါလေး တစ်ခုအတွက်နဲ့ပဲ အန်တီက ခါးကျိုးအောင် လုပ်နေတာလား သခင်လေးကို အလိုလိုက်လွန်းနေပြီ”

ဘတ်တာက ပြုံးလိုက်တယ်။

“ ရပါတယ်၊ ငါက သဘောကျလို့ လုပ်တာပါ။ ဘာပဲဖြစ်ဖြစ် သူက ငါတို့ရဲ့ သခင်လေးပဲလေ ”

* * * * * * * * *

ရေချိုးပြီးတာနဲ့ မိုက်ကယ်က အိမ်ရဲ့ စာကြည့်တိုက်ဆီကို ချက်ချင်းပဲ ဦးတည်သွားခဲ့တယ်။ ဒီနေရာကတော့ ပြင်ပလောကအကြောင်းနဲ့ သမိုင်းကြောင်းတွေလိုမျိုး အကြောင်းအရာစုံ စာအုပ်တွေ အများကြီးရှိတဲ့ နေရာပါ။

ကမ္ဘာပေါ်မှာ အချမ်းသာဆုံး မိသားစုဖြစ်တာနဲ့အညီ သူတို့ဟာ တစ်ကမ္ဘာလုံးက စာအုပ်တွေကို စုဆောင်းဖို့အတွက်တင် အိမ်ကြီးတစ်လုံးစာလောက်ရှိတဲ့ ဘတ်ဂျက်ကို သုံးနိုင်ကြပါတယ်။ ဒီစာကြည့်တိုက်ရဲ့ အကျယ်အဝန်းတစ်ခုတည်းတင် သူ့ရဲ့ အရင်ကမ္ဘာက အိမ်ကြီးတစ်လုံးစာလောက် ရှိပါတယ်။

သူ သိချင်တဲ့ အကြောင်းအရာရှိတဲ့ ကဏ္ဍကို ရှာဖို့အတွက် စာကြည့်တိုက်ထဲမှာ မိနစ်အတော်ကြာ လမ်းလျှောက်နေခဲ့ရတယ်။ နောက်ဆုံးမှာတော့ သူ ရှာနေတဲ့နေရာကို တွေ့သွားခဲ့ပါပြီ။

ရေဘုံဘိုင်အတွက် လိုအပ်တဲ့ ပစ္စည်းကိရိယာတွေကို ဘယ်လိုဖန်တီးရမလဲဆိုတာ မစဉ်းစားခင်မှာ မိုက်ကယ်က ဒီအိမ်မှာ ရေပိုက်စနစ် တပ်ဆင်ဖို့က တကယ်ရော ဖြစ်နိုင်ပါ့မလားဆိုတာကို အရင်ဆုံး သိဖို့ လိုအပ်တယ်။ အိမ်တစ်အိမ်လုံးရဲ့ ပုံစံငယ်နဲ့ တည်ဆောက်ပုံ အပြည့်အစုံကို သူ သိချင်နေခဲ့တာပါ။

ဘယ်နေရာမှာ တပ်ဆင်ရမလဲဆိုတာ မသိဘဲနဲ့ သူက ပစ္စည်းတွေကို မဖန်တီးနိုင်တာကြောင့် အရင်ဆုံး မြေပြင်အခြေအနေကို လေ့လာဖို့ ဆုံးဖြတ်လိုက်တယ်။ နောက်ဆုံးမှာတော့ စင်ရဲ့ အပေါ်ဆုံးမှာ ‘ ဘတ် ဗန်ဒါဘစ် အိမ်တော် ’ လို့ ရေးထားတဲ့ စာအုပ်တစ်အုပ်ကို တွေ့လိုက်ရတယ်။

သူက လှေကားပေါ်ကို တက်ပြီး လိုအပ်တဲ့ စာအုပ်ကို လှမ်းယူလိုက်တယ်။ ပြီးတော့ စားပွဲတစ်ခုမှာ ထိုင်လိုက်ပြီး စာမျက်နှာတွေကို အမြန်ပဲ လှန်ကြည့်လိုက်ပါတော့တယ်။

ဒါတွေက ဒီကမ္ဘာက ဘာသာစကားနဲ့ ရေးထားတာ ဖြစ်ပေမဲ့ သူ့အတွက်တော့ ပြဿနာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ သူ့မှာ အလုပ်အားလုံးကို လုပ်ပေးမယ့် ကိုယ်ပိုင် အေအိုင် အကူ ရှိနေလို့ပဲလေ။

‘ ငါ့အတွက် ရေပိုက်စနစ် တပ်ဆင်ဖို့ အကောင်းဆုံးနေရာကို ရှာပေးနိုင်မလား ’

မိုက်ကယ်က စာမျက်နှာတွေကို လှန်ပေးလိုက်ပြီး နိုဗာ ကို ဖတ်ခိုင်းလိုက်တယ်။ တစ်စုံတစ်ယောက်ကသာ သူ့ကို ကြည့်နေမယ်ဆိုရင် လူကြီးတစ်ယောက်လိုမျိုး စာဖတ်ချင်ယောင်ဆောင်နေတယ်လို့ ထင်ကြမှာပါ။ ဘာလို့လဲဆိုတော့ သူက စာတွေကို သေချာမဖတ်ဘဲ စာမျက်နှာတွေကိုပဲ တရစပ် လှန်နေတာကြောင့်ပါ။

[ စစ်ဆေးမှု ပြီးဆုံးပါပြီ။ ရေပိုက်စနစ်အတွက် အကောင်းဆုံးနေရာကို ပြောပြပေးရမလား ]

ရုတ်တရက်ဆိုသလိုပဲ နောက်ထပ် သတင်းအချက်အလက်တွေက သူ့ဦးနှောက်ထဲကို စီးဝင်လာပြီး အိမ်တော်ရဲ့ အတွင်းပိုင်း တည်ဆောက်ပုံတွေအကြောင်း အများကြီး သိသွားခဲ့ရတယ်။ ဒါတင်မကသေးဘဲ သူလုပ်မယ့် ပရောဂျက်ရဲ့ နောက်ဆုံးရလဒ်ကိုပါ မြင်လိုက်ရတယ်။ နိုဗာ က သူ့ရဲ့ စိတ်ထဲမှာ ရေပိုက်စနစ် တပ်ဆင်ပြီးသား အိမ်တော်ရဲ့ ပုံရိပ်ယောင်တစ်ခုကို ပြသပေးခဲ့တာပါ။

‘ ကောင်းပြီ ... ကောင်းပြီ ... အခုဆိုရင် အဲဒါကို ဘယ်လိုလုပ်ရမလဲဆိုတာ သင်ယူဖို့ပဲ လိုတော့တယ် ’

နိုဗာ ပေးထားတဲ့ အသေးစိတ်အချက်အလက်တွေအရ ပိုက်တွေကို ကြေးနီနဲ့ ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ကြေးနီဆိုတာက ဒီကမ္ဘာမှာ ထူးဆန်းတဲ့အရာ မဟုတ်တာကြောင့် သူ့မိသားစုရဲ့ ငွေတွေကို သုံးပြီး အလွယ်တကူ ရနိုင်ပါတယ်။

ဒါတွေကို ပိုက်တွေဖြစ်အောင် ပြောင်းလဲဖို့ကလည်း လွယ်ကူပါတယ်။ သူ့ရဲ့ မွေးနေ့ခန်းမကို ဆောက်ခဲ့တဲ့ မှော်ဆရာတွေဆီကနေ ရရှိထားတဲ့ ဖန်ဆင်းတဲ့မန္တန် တွေ သူ့မှာ ရှိနေပြီးသားပဲလေ။

စောစောကတည်းက မှော်စွမ်းအင် တွေကို စုဆောင်းခဲ့တာကြောင့် မိုက်ကယ်က အသက် ၅ နှစ်အရွယ်မှာတင် ကြယ်နှစ်လုံးအဆင့်ရှိတဲ့ မှော်ပညာကို အသုံးပြုနိုင်နေပြီဖြစ်ပါတယ်။ သတ္တုကွေးညွှတ်ခြင်း နဲ့ သတ္တုပေါင်းစပ်ခြင်းမန္တန် နှစ်ခုစလုံးက ကြယ်နှစ်လုံးအဆင့်တွေ ဖြစ်တာကြောင့် ဒါက အရမ်းကို အရေးကြီးပါတယ်။

သူက မန္တန် တွေနဲ့ အဆင့်သတ်မှတ်ချက်တွေအကြောင်း အများကြီး မသိသေးပေမဲ့ သူ့ရဲ့ အတွေ့အကြုံအရတော့ ကြယ်တစ်လုံးနဲ့ ကြယ်နှစ်လုံးကြားက ခြားနားချက်က အသုံးပြုရတဲ့ မှော်စွမ်းအင် ပမာဏပဲ ဖြစ်ပုံရတယ်။

“ ကောင်းပြီ။ အခုချက်ချင်းပဲ ငါ ဒါကို တည်ဆောက်နိုင်ပြီ ”

မိုက်ကယ်က တည်ကြည်တဲ့ မျက်နှာထားနဲ့ စာကြည့်တိုက်ထဲကနေ ထွက်လာခဲ့တယ်။ သူ့ရဲ့ ပရောဂျက်ကို တည်ဆောက်ဖို့အတွက် အရေးကြီးဆုံးအပိုင်းဖြစ်တဲ့ ကုန်ကြမ်းပစ္စည်းတွေကို မေ့ထားလို့ မရပါဘူး။ အဲဒီပစ္စည်းတွေကို ရဖို့အတွက် ဝယ်ယူခွင့် ခွင့်ပြုချက် ရဖို့ လိုအပ်ပါတယ်။

သူက အိမ်တော်ထဲက တံခါးတစ်ခုရှေ့ကို လျှောက်သွားလိုက်ပြီး စစ်ထွက်တော့မယ့်သူလိုမျိုး တည်ငြိမ်လေးနက်တဲ့ မျက်နှာပေးနဲ့ ရပ်နေခဲ့တယ်။

တံခါးပွင့်သွားတဲ့အခါ အခန်းရဲ့ တစ်ဖက်မှာရှိနေတဲ့သူက မိုက်ကယ်အပေါ် အပြည့်အဝ လွှမ်းမိုးထားနိုင်တယ်ဆိုတာကို သိနေသလိုမျိုး ပြုံးနေခဲ့တယ်။

“ မေမေ၊ သား တောင်းဆိုစရာလေးရှိလို့ပါ ”

“ ဘာကိစ္စလဲ သားလေး ” သူမက ပဝါလေးနဲ့ မျက်နှာကို ခတ်ရင်း မေးလိုက်တယ်။

“ သား တစ်ခုခု ဝယ်ချင်လို့ပါ ”

သူ့အမေက မတ်တတ်ရပ်လိုက်ပြီး ကုတင်ဘေးက မှန်ပြတင်းပေါက်နားကို လျှောက်သွားတယ်။ “ ပြီးတော့ မေမေက ဘာလို့ အဲဒါကို လုပ်ပေးရမှာလဲ ”

မိုက်ကယ်က အံကြိတ်လိုက်တယ်။ “ အဲဒါအတွက် အလဲအလှယ်အနေနဲ့ ... အလဲအလှယ်အနေနဲ့ ... မေမေ သားရဲ့ ပါးကို ငါးကြိမ် ဆွဲညှစ်လို့ရတယ် ”

အဲဒီလိုနဲ့ပဲ မိုက်ကယ်တစ်ယောက် နေ့ကုန်ဆုံးချိန်မှာတော့ နီရဲရောင်ကိုင်းနေတဲ့ ပါးပြင်တွေနဲ့အတူ သူ့ရဲ့ ရေပိုက်စနစ် ပရောဂျက်ကို နောက်ဆုံးမှာ စတင်နိုင်ခဲ့ပါတော့တယ်။

All Chapters