← Chapters

အခန်း (၁၁-၁၂)

Vol. 1 Ch. 11-12

အခန်း (၁၁-၁၂)

Vol. 1 Ch. 11-12

စာစဉ် (၁)

အခန်း(၁၁)

မိုက်ကယ်က မီးဖိုချောင်ဆီကို လမ်းလျှောက်လာခဲ့ပြီး အဲဒီမှာတော့ အစေခံမလေး အများစုက မီးဖိုပေါ်မှာ တစ်ခုခုကို ချက်ပြုတ်ပြင်ဆင်နေကြပါတယ်။ သူ အခန်းထဲကို ဝင်လာတာ မြင်လိုက်တာနဲ့ သူတို့တွေက ပြုံးပြုံးရွှင်ရွှင်နဲ့ ချက်ချင်းပဲ ဆီးကြိုနှုတ်ဆက်ကြပါတော့တယ်။

“ သခင်လေး၊ ကျွန်မတို့ သခင်လေး အကြိုက်ဆုံး အမဲသားစွပ်ပြုတ် ချက်ထားတယ်နော်။ ”

“ အခုပဲ သုံးဆောင်မလားရှင်၊ သခင်လေး ”

“ သခင်လေး ... ”

ဘတ်တာက မိုက်ကယ်ဆီကို လမ်းလျှောက်လာပြီး သူ့မျက်နှာပေါ်မှာ ဟိုတစ်ခေါက် ရေဘုံဘိုင် ပြခဲ့တုန်းကလိုမျိုး တစ်ခုခုကို ကြံစည်နေတဲ့ အပြုံးမျိုး ရှိနေတာကို သတိထားမိသွားတယ်။ သူ့လက်တွေကို နောက်မှာ ပုန်းထားပြီး တစ်ခုခုကို ဖုံးကွယ်ထားတာက သိသာလွန်းနေတာကြောင့် သူမက ပိုပြီးတော့တောင် သံသယဝင်သွားမိပါသေးတယ်။

“ ဟီးဟီး ... ကျွန်တော့်ရဲ့ စီမံကိန်းအသစ်အတွက် အကြံပြုချက်လေး နည်းနည်းလောက် လိုချင်လို့ပါ။ ”

သူ အဲဒီစကားကို ပြောလိုက်တဲ့အချိန်မှာပဲ အစေခံမလေးတွေက သူတို့လုပ်လက်စ အလုပ်တွေကို ချက်ချင်းရပ်လိုက်ပြီး သခင်လေးအတွက် အဆင်သင့် ဖြစ်နေကြပါတယ်။

“ အို ... ဘာများလဲ သခင်လေးရဲ့ ”

“ ပြီးခဲ့တဲ့အပတ်က သခင်လေး ဝယ်ခဲ့တဲ့ ပစ္စည်းတွေနဲ့ ပတ်သက်တာလားဟင် ”

သူက ခေါင်းညိတ်ပြလိုက်ပြီး သူ့နောက်ကျောမှာ ဝှက်ထားတဲ့ အဖြူရောင် ဆပ်ပြာခဲလေးကို ထုတ်ပြလိုက်တယ်။

ချက်ချင်းဆိုသလိုပဲ သူ့လက်ထဲက ထူးဆန်းတဲ့ အတုံးလေးဆီကနေ ပန်းရနံ့တွေလိုမျိုး မွှေးပျံ့တဲ့ အနံ့တစ်ခုက လွင့်ပျံလာခဲ့ပါတယ်။

“ ဒါကို ‘လက်ဆေးဆပ်ပြာ’ လို့ ခေါ်တယ်။ အဲဒါကို လက်ဆေးဖို့၊ ကိုယ်တိုက်ဖို့နဲ့ တခြားအရာရာတိုင်းကို သန့်ရှင်းရေးလုပ်ဖို့ သုံးလို့ရတယ်။ ”

မိုက်ကယ်က ရေဘုံဘိုင်ဆီကို လမ်းလျှောက်သွားပြီး သူ့လက်ပေါ်ကို ရေလောင်းချလိုက်တယ်။ အဲဒီနောက် ဆပ်ပြာကို ပွတ်လိုက်တဲ့အခါ ချက်ချင်းဆိုသလိုပဲ အမြှုပ်တွေ အများကြီး ထွက်ပေါ်လာပြီး သူ့လက်တစ်ပြင်လုံးကို ဖုံးလွှမ်းသွားပါတော့တယ်။

သူတို့တွေက ဆပ်ပြာဆိုတာ ဘာလဲဆိုတာကို သိကြပေမဲ့ သခင်လေးလက်ထဲက အရာကတော့ လုံးဝကို ကွဲပြားခြားနားနေပါတယ်။ အဲဒါက ရေမွှေးထက်တောင် ပိုပြီး မွှေးရနံ့သင်းပျံ့နေသလို ဈေးကွက်ထဲက အကောင်းဆုံး ဆပ်ပြာတွေထက်တောင် အမြှုပ်တွေ ပိုပြီး ထွက်နေတာပါ။

မိုက်ကယ်က သူ့လက်ပေါ်က အမြှုပ်တွေကို ဆေးကြောပစ်လိုက်ပြီး အစေခံမလေးတွေကို ပြလိုက်ပါတယ်။

အစေခံမလေးတစ်ယောက်က အရမ်းကို စပ်စုချင်စိတ် ပြင်းပြနေတာကြောင့် မိုက်ကယ်ရဲ့လက်ကို ဆွဲယူပြီး ကိုယ်တိုင် နမ်းကြည့်လိုက်တယ်။ သူမ နမ်းကြည့်လိုက်တဲ့အချိန်မှာပဲ သူ့လက်ပေါ်မှာ ကျန်ရစ်ခဲ့တဲ့ စွဲမက်ဖွယ် ရနံ့လေးကို ချက်ချင်းပဲ သဘောကျသွားပါတော့တယ်။

“ အို ... ဘုရားရေ သခင်လေး၊ ဒါက ကိုလုံးရေမွှေးထက်တောင် ကောင်းသေးတယ်။ ဆေးပစ်လိုက်တာတောင် ဘာလို့ ဒီလောက်အထိ အနံ့လေးက မွှေးနေရတာလဲဟင် ”

ကျန်တဲ့ အစေခံမလေးတွေကလည်း လိုက်ပြီး နမ်းကြည့်ချင်နေကြပေမဲ့ မိုက်ကယ်က သူတို့ကို တားလိုက်ပါတယ်။

“ စမ်းကြည့်ချင်ရင် ကိုယ်တိုင် စမ်းကြည့်လို့ရပါတယ်၊ ” လို့ သူက ပြောရင်း ဆပ်ပြာခဲကို သူတို့ဆီ ပေးလိုက်တယ်။

သူတို့တွေက ဆပ်ပြာကို အရင်ဆုံး သုံးရဖို့အတွက် တစ်ယောက်နဲ့တစ်ယောက် လုယက်နေကြပါသေးတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ အားလုံးက ဆပ်ပြာကို သုံးကြည့်ခွင့် ရသွားကြပါတယ်။

“ ဒါက ကျွန်မလက်တွေကို အရမ်းမြန်မြန် သန့်ရှင်းသွားစေတာပဲ၊ ” လို့ အစေခံမလေးတစ်ယောက်က ဆိုပါတယ်။ ပုံမှန်ဆိုရင် သူမရဲ့လက်ပေါ်က မီးသွေးတွေကို ပြောင်အောင် တိုက်ချွတ်ဖို့ အနည်းဆုံး ဆယ်မိနစ်လောက် ကြာမှာပါ။ ဒါပေမဲ့ ဒီဆပ်ပြာနဲ့ဆိုရင်တော့ အရာအားလုံး ပြောင်စင်သွားဖို့ တစ်မိနစ်တောင် မကြာလိုက်ပါဘူး။ ဒါတင်မကသေးဘူး၊ သူမရဲ့လက်ကလည်း နောက်ပိုင်းမှာ အရမ်းကို မွှေးနေခဲ့ပါတယ်။

အစေခံမလေးတွေက ဆပ်ပြာကို ချက်ချင်း သဘောကျသွားတာကို မြင်လိုက်ရတော့ မိုက်ကယ်က ကျေနပ်သွားမိတယ်။ ဆပ်ပြာနဲ့ ရေ ရှိနေပြီဆိုတော့ ဒီအိမ်တော်မှာ နောက်ဆုံးတော့ သန့်ရှင်းမှု စံနှုန်းတစ်ခု ရှိလာခဲ့ပါပြီ။

“ အားလုံးရဲ့ လုပ်အားတွေအတွက် ကျေးဇူးတင်တဲ့အနေနဲ့ ဒါတွေကို အားလုံးအတွက် ကျွန်တော် ပြင်ဆင်ထားပေးတယ်၊ ” လို့ မိုက်ကယ်က ပြောရင်း အပြင်ကို ထွက်သွားပြီး ကျောပိုးအိတ် အကြီးကြီးတစ်လုံးကို သယ်ထုတ်လာခဲ့ပါတယ်။

အဲဒီနောက် လူတိုင်းကို ကိုယ်ပိုင် ဆပ်ပြာခဲတစ်ခဲစီနဲ့ ထူးဆန်းတဲ့ အပြာရောင် အရည်တွေပါတဲ့ ပုလင်းငယ်လေး တစ်လုံးစီ ပေးလိုက်ပါတယ်။

မျှော်လင့်ထားတဲ့အတိုင်းပဲ အစေခံမလေးတွေက ဒီလောက် ရက်ရက်ရောရော ပေးတဲ့ လက်ဆောင်ကို ရလိုက်တဲ့အခါ စိတ်လှုပ်ရှားစွာနဲ့ အော်ဟစ်ကြပါတော့တယ်။ သူတို့က ဆပ်ပြာခဲကိုပဲ အရမ်း စိတ်ဝင်တစား ဖြစ်နေကြတာကြောင့် ပါလာတဲ့ ထူးဆန်းတဲ့ အရည်ပုလင်းကိုတောင် လျစ်လျူရှုမိလုနီးပါး ဖြစ်သွားကြပါတယ်။

“ သခင်လေး၊ ဒါက ဘာကြီးလဲဟင် ” အစေခံမလေးတစ်ယောက်က ပုလင်းလေးကို သူမရဲ့ မျက်လုံးနားအထိ မြှောက်ကြည့်ရင်း မေးလိုက်ပါတယ်။

“ အဲဒါကို ‘ခေါင်းလျှော်ရည်’ လို့ ခေါ်တယ်။ ရေချိုးတဲ့အခါ အဲဒီခေါင်းလျှော်ရည်ကို ဆံပင်ပေါ်မှာ ထည့်ပြီး သုံးကြည့်လိုက်၊ အကျိုးကျေးဇူးကို သိရလိမ့်မယ်။ ”

အစေခံမလေးတစ်ယောက်က ပုလင်းရဲ့ ဖန်ဆို့ကို ဖွင့်လိုက်ပြီး ခေါင်းလျှော်ရည်အရည်ကို နမ်းကြည့်လိုက်တယ်။ အဲဒီထဲမှာ ပါဝင်တဲ့ အဆီအနှစ်တွေက ပိုပြီး ပြင်းအားကောင်းတာကြောင့် အနံ့က ဆပ်ပြာထက်တောင် ပိုပြီး ကောင်းနေသလိုပါပဲ။

အစေခံမလေးတွေ အားလုံးက တစ်ယောက်ကိုတစ်ယောက် ပြိုင်ဆိုင်လိုတဲ့ မျက်ဝန်းတွေနဲ့ ကြည့်လိုက်ကြပါတယ်။

စက္ကန့်အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့ သူတို့ထဲက တစ်ယောက်က မနေနိုင်တော့ဘဲ အော်ပြောလိုက်တာက

“ ငါ အရင်ဆုံး သွားချိုးတော့မယ် ”

အဲဒီနောက်မှာတော့ တခြားသူတွေကလည်း အလုအယက် လိုက်အော်ကြပါတော့တယ်။

“ နင်က ဒီမနက်တင် ရေချိုးထားတာလေ ”

“ မဟုတ်ပါဘူး၊ ငါ မချိုးရသေးဘူး။ နင်ပဲ နေ့တိုင်း ရေချိုးခန်းကို အမြဲ သုံးနေတာ ”

အစေခံမလေးတွေကြားမှာ အတော်လေး အငြင်းပွားပြီးတဲ့နောက်မှာတော့ သူတို့ထဲက ထက်ဝက်လောက်က သခင်လေးပေးတဲ့ ဆပ်ပြာနဲ့ ခေါင်းလျှော်ရည်အသစ်ကို စမ်းကြည့်ဖို့ သူတို့ရဲ့ အိပ်ဆောင်တွေဆီကို ချက်ချင်း ပြေးသွားကြပါတော့တယ်။

တစ်ဖက်မှာတော့ ကံမကောင်းတဲ့ ကျန်တဲ့ အစေခံမလေးတွေကတော့ မီးဖိုချောင်ထဲမှာ အလုပ်တွေကို ဆက်လုပ်ဖို့ အတင်းအကျပ် ခိုင်းစေခံလိုက်ရပါတယ်။

ခဏကြာတော့ အိပ်ဆောင်ကနေ ပြန်လာတဲ့ အစေခံမလေးတွေဆီကနေ ပန်းခင်းထဲမှာ လှည့်ပတ်ဆော့ကစားလာသလိုမျိုး မွှေးရနံ့တွေ ထွက်ပေါ်နေပါတယ်။ ဒါတင်မကသေးဘူး၊ သူတို့ရဲ့ အသားအရေကလည်း အညစ်အကြေးတွေနဲ့ အပြစ်အနာအဆာတွေကို တိုက်ချွတ်ပစ်လိုက်သလိုမျိုး အလင်းအောက်မှာ တောက်ပနေပါတော့တယ်။

သူတို့ကိုယ်တိုင်တောင် ဆပ်ပြာသုံးပြီး ကိုယ်တိုက်ပြီးတဲ့နောက် အသားအရေ ဘယ်လောက်အထိ ချောမွေ့သွားသလဲဆိုတာကို သိချင်တာကြောင့် ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး ပွတ်သပ်ကြည့်နေမိကြပါတယ်။

ဒါပေမဲ့ အသိသာဆုံး ကွဲပြားခြားနားမှုကတော့ သူတို့ရဲ့ ဆံပင်တွေပါပဲ။ ဆံပင်တွေက ပျားရည်နဲ့ သုတ်လိမ်းထားသလိုမျိုး ပျော့ပျောင်းပြီး တောက်ပြောင်နေပါတယ်။ ဆံပင်တွေက ကျန်းမာသန်စွမ်းနေပုံ ပေါ်ပြီး ရှုပ်ထွေးတာ ဒါမှမဟုတ် ဖရိုဖရဲ ဖြစ်နေတာမျိုးတွေလည်း မရှိတော့ပါဘူး။

တခြား အစေခံမလေးတွေကလည်း ဆပ်ပြာကို ချီးကျူးချင်နေကြပေမဲ့ သူတို့ကိုယ်တိုင် စမ်းကြည့်ဖို့အတွက် အိပ်ဆောင်ဆီကို ချက်ချင်း ပြေးသွားကြပါတော့တယ်။

ဒီအတောအတွင်းမှာတော့ လန်းဆန်းသွားတဲ့ အစေခံမလေးတွေက မိုက်ကယ်ဆီကို လှည့်လာပြီး ရက်ရောတဲ့ လက်ဆောင်အတွက် ထပ်ပြီး ချီးကျူးကြပြန်ပါတယ်။

“ သခင်လေးသာ ဒါတွေကို မိန်းကလေးတစ်ယောက်ကို ပေးလိုက်ရင်တော့ သူတို့တွေက သခင်လေးကို ချက်ချင်း လက်ထပ်ကြမှာ သေချာတယ် ”

“ ဟုတ်ပါရဲ့၊ ဒီပစ္စည်းတွေနဲ့ဆိုရင်တော့ သခင်လေးက မိန်းကလေးတွေကြားမှာ တကယ့်ကို ရေပန်းစားမှာပဲ။ ”

မိုက်ကယ်ကတော့ လောလောဆယ် မိန်းကလေးတွေနဲ့ အချစ်ရေးအကြောင်းကို မစဉ်းစားသေးပါဘူး။ အရင်ဘဝကြောင့် သူ့ရဲ့ စိတ်ဓာတ်က သူ့ရဲ့ ခန္ဓာကိုယ်ထက် အများကြီး ပိုပြီး ရင့်ကျက်နေတာကိုး။

အခုအချိန်မှာ သူက ဒီအိမ်တော်ကနေစပြီး နေထိုင်မှု စံနှုန်းတွေကို မြှင့်တင်ဖို့ပဲ အာရုံစိုက်ထားပါတယ်။ အခု ရေနဲ့ သန့်ရှင်းရေးစနစ်တွေကို လုပ်ပြီးသွားပြီဆိုတော့ သူ့ရဲ့ နောက်ထပ် အစီအစဉ်က နည်းနည်း ပိုပြီး ရှုပ်ထွေးသွားပါပြီ။

ဒီကမ္ဘာမှာက အချိန်ကို တိုင်းတာဖို့အတွက် နေနာရီတွေ၊ သဲနာရီတွေနဲ့ ဖယောင်းတိုင်တွေကိုပဲ သုံးနေကြတုန်းပါ။

သူ့ရဲ့ နောက်ထပ်စီမံကိန်းအတွက် မိုက်ကယ်က ပထမဆုံး စက်မှုနာရီကို ဖန်တီးချင်နေတာပါ

အဲဒါက ဂီယာတွေနဲ့ သတ္တုလုပ်ငန်းတွေနဲ့ပဲ သီးသန့်လုပ်ထားတာ ဖြစ်တဲ့အတွက် သူ့ရဲ့ လက်ရှိ စွမ်းရည်တွေနဲ့ဆိုရင် လုံးဝကို ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီလို ပရောဂျက်မျိုးအတွက် လိုအပ်တဲ့ တိကျမှုကို ရရှိဖို့အတွက် သူ့ရဲ့ ကြယ်နှစ်လုံးအဆင့် သတ္တုကို ပုံဖော်ခြင်း မန္တန် ကိုတော့ ဆက်ပြီး လေ့ကျင့်ဖို့ လိုပါသေးတယ်။

မီးဒြပ်စင်နဲ့ မြေဒြပ်စင်

ဒီမှော်ပညာက အသုံးပြုသူကို သတ္တုတွေကို စိတ်နဲ့ ထိန်းချုပ်ပြီး ပုံဖော်နိုင်စေပါတယ်။ မန္တန်ရဲ့ အစွမ်းကတော့ အသုံးပြုတဲ့ ပစ္စည်းနဲ့ မန္တန်အပေါ် ကျွမ်းကျင်မှုအပေါ်မှာ မူတည်ပါတယ်။

စာစဉ် (၁)

အခန်း(၁၂)

နောက်တစ်နေ့မှာတော့ အစေခံမလေးတစ်ယောက်ဟာ ဗန်ဒါဘစ်အိမ်တော်နဲ့ အနီးဆုံးမှာရှိတဲ့ ကင်းစ်ဘရစ်ချ်မြို့ဆီကို ထွက်လာခဲ့ပါတယ်။

ဒီမြို့ဟာ သာမန်လူတန်းစားတွေထက် အဆင့်အတန်းမြင့်မားစွာ နေထိုင်သူတွေအတွက် သီးသန့်ဖြစ်တည်နေတဲ့ နေရာတစ်ခုပါ။ တော်ဝင်မျိုးနွယ်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တခြားသော ချမ်းသာကြွယ်ဝသူတွေဟာ ဒီမြို့မှာပဲ အခြေချနေထိုင်ကြပါတယ်။

ကက်စတယ်လာလို့ အမည်ရတဲ့ အစေခံမလေးဟာ ချမ်းသာတဲ့ အမျိုးသမီးတွေ မကြာခဏ လာရောက်တတ်တဲ့ နေရာတစ်ခုဆီကို လျှောက်လှမ်းသွားခဲ့တယ်။ ဒီနေရာကတော့ သူဌေးကတော်တွေ၊ သူတို့ရဲ့ သမီးပျိုတွေနဲ့ အစေခံတွေ လက်ဖက်ရည်သောက်ရင်း အတင်းအဖျင်းစကားတွေ ပြောဆိုဖို့ စုဝေးရာ နေရာတစ်ခုပဲ ဖြစ်ပါတယ်။

ကက်စတယ်လာဟာ ဗန်ဒါဘစ်အိမ်တော်ရဲ့ အစေခံတစ်ယောက် ဖြစ်တာကြောင့် ဒီလို အထက်တန်းလွှာတွေ စုဝေးရာနေရာကို ဝင်ထွက်သွားလာခွင့် ရရှိထားတာပါ။

"ဒါလေးကို ကြိုက်ရဲ့လား ကျွန်မအမျိုးသားက နိုင်ငံခြားကနေ ဝယ်လာပေးတာလေ။ အရှေ့တိုင်းက ထွက်တဲ့ ပုလဲစစ်စစ်နဲ့ လုပ်ထားတာ" လို့ သူဌေးကတော်တစ်ယောက်က သူမရဲ့ လည်ပင်းမှာ ဆွဲထားတဲ့ လှပတဲ့ ဆွဲကြိုးလေးကို ဝိုင်းထိုင်နေကြတဲ့ တခြားအမျိုးသမီးတွေကို ကြွားလုံးထုတ်ရင်း ပြောလိုက်ပါတယ်။

"အားကျစရာပဲရှင် ကျွန်မလည်း ကျွန်မအမျိုးသားကို ကျွန်မနဲ့ ကျွန်မသမီးအတွက် တစ်ခုစီ ဝယ်ပေးဖို့ ခိုင်းရမယ်" လို့ တစ်ဖက်မှာရှိတဲ့ အမျိုးသမီးက လက်ကိုင်ပဝါလေးနဲ့ ယပ်ခပ်ရင်း ပြန်ပြောလိုက်တယ်။

အမျိုးသမီးတစ်စုဟာ တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ရယ်မောနေကြပါတယ်။ သူတို့ကြားမှာ ပျော်ရွှင်စရာ အငွေ့အသက်တွေ ရှိနေပေမဲ့ အဲဒီနောက်ကွယ်မှာတော့ တစ်ယောက်နဲ့တစ်ယောက် အပြိုင်အဆိုင် စိတ်တွေ ကိန်းအောင်းနေကြတာပါ။

ဒီနေရာဟာ လူမှုရေးအရ ပေါင်းသင်းဆက်ဆံဖို့တင် မကဘဲ ကိုယ့်ကိုယ်ကိုယ် ကြွားဝါဖို့အတွက်လည်း အဓိက နေရာတစ်ခု ဖြစ်ပါတယ်။

သူတို့တွေဟာ ဘယ်လောက်တောင် ချမ်းသာကြလဲ၊ သူတို့ခင်ပွန်းတွေက သူတို့ကို ဘယ်လောက်တောင် အလိုလိုက်ထားလဲ၊ ပြီးတော့ တခြားသူတွေထက် သူတို့ဘဝတွေက ဘယ်လောက်တောင် ပိုကောင်းနေလဲဆိုတာကို ပြသချင်နေကြတာပါ။ ဒါဟာ တကယ်တော့ ကြောက်စရာကောင်းတဲ့ ပတ်ဝန်းကျင်တစ်ခုပါပဲ။ တကယ်လို့ တစ်စုံတစ်ယောက်ကသာ အဆမတန် မချမ်းသာဘူးဆိုရင် ဒီလို လူမှုအသိုင်းအဝိုင်းထဲမှာ ပါဝင်ဖို့တောင် မထိုက်တန်ဘူးလို့ သတ်မှတ်ခံရပါတယ်။

အဲဒီအချိန်မှာပဲ လက်ဖက်ရည်ဝိုင်းရဲ့ တံခါးပွင့်သွားပြီး ခေါင်းလောင်းသံလေး ထွက်ပေါ်လာတယ်။

ပုံမှန်ဆိုရင်တော့ အထက်တန်းလွှာ သူဌေးကတော်တွေဟာ ကက်စတယ်လာကို တစ်ချက်ပဲ ကြည့်လိုက်ပြီး သူမရဲ့ အစေခံဝတ်စုံကို မြင်တာနဲ့ ချက်ချင်းပဲ မျက်နှာလွှဲသွားကြမှာပါ။ ဒါပေမဲ့ လေထုထဲမှာ ပျံ့လွင့်နေတဲ့ တစ်စုံတစ်ခုသော ရနံ့ကြောင့် သူတို့တွေ လျစ်လျူမရှုနိုင်ဘဲ ဖြစ်သွားရတယ်။

ကက်စတယ်လာက အထဲကို လျှောက်လှမ်းဝင်လာပြီး သူဌေးကတော်တွေကို အရိုအသေပေးလိုက်တယ်၊ အဲဒီနောက်မှာတော့ ဘေးခန်းက အစေခံတွေရှိတဲ့ နေရာမှာ သွားပြီး ဝင်ထိုင်လိုက်ပါတယ်။

သူဌေးကတော်တွေနဲ့ သူတို့ရဲ့ သမီးပျိုတွေဟာ လေထဲမှာ ပျံ့လွင့်နေတဲ့ မွှေးပျံ့တဲ့ ပန်းရနံ့ကို ရလိုက်တာကြောင့် နှာခေါင်းလေးတွေ ရှုံ့ပြီး အနံ့ခံကြည့်နေကြတယ်။ အဲဒီရနံ့က ပြင်းထန်ပေမဲ့ ရေမွှေးတွေလိုမျိုး အနံ့ပြင်းပြင်းကြီး မဟုတ်ဘဲ နူးညံ့သိမ်မွေ့ပြီး စိတ်ကို ဆွဲဆောင်နေတဲ့ ရနံ့မျိုးပါ။

"အနံ့တစ်ခုခု ရနေလား" လို့ ပုလဲဆွဲကြိုး ဆွဲထားတဲ့ သူဌေးကတော်က မေးလိုက်ပါတယ်။

"သမီးလည်း ရတယ် အန်တီ။ အဲဒါက... တကယ်ကို မွှေးတာပဲ" လို့ ဝိုင်းထဲမှာရှိတဲ့ သမီးပျိုတစ်ယောက်က ပြောလိုက်တယ်။

"အမှန်အတိုင်း ပြောကြစမ်းပါဦး။ တစ်ယောက်ယောက် ရေမွှေး ဆွတ်လာတာလား"

ဝိုင်းထဲက လူအားလုံးက ခေါင်းခါပြကြပါတယ်။

အဲဒီအချိန်မှာပဲ ကက်စတယ်လာက လက်ဖက်ရည်နဲ့ မုန့်တွေတင်ထားတဲ့ လင်ဗန်းကို ကိုင်ပြီး သူတို့ဝိုင်းဆီကို လျှောက်လာတယ်။

"တောင်းပန်ပါတယ် သူဌေးကတော်တို့ရှင့်။ ဗန်ဒါဘစ် သခင်မကြီးက အခု တစ်လလုံး အပြင်ကို ခရီးထွက်နေလို့ ဒီနေ့ပွဲကို မတက်ရောက်နိုင်ပါဘူး။ ဒါကြောင့် သခင်မကြီးကိုယ်စား ကျွန်မက ကျွန်မတို့ အိမ်တော်က အကောင်းဆုံး မုန့်တွေနဲ့ လက်ဖက်ရည်ကို လာရောက် တည်ခင်းပေးဖို့ မှာလိုက်ပါတယ်"

ဝိုင်းထဲမှာရှိတဲ့သူတွေ အားလုံးက သူမကို စူးစိုက်ကြည့်နေတာကို ကက်စတယ်လာ သတိမထားမိပါဘူး။ သူမ အနားကို ရောက်လာတဲ့အချိန်မှာတော့ အဲဒီရနံ့က ပိုပြီး သိသိသာသာ ပြင်းထန်လာခဲ့ပါတယ်။ ပန်းစည်းကြီးတစ်ခု ဘေးနားရောက်လာသလိုမျိုးပေါ့။

သူဌေးကတော်တွေက အဲဒီ မွှေးပျံ့တဲ့ရနံ့ကို ချက်ချင်း သတိထားမိလိုက်ပေမဲ့ ကက်စတယ်လာ ကိုယ်တိုင်ကတော့ ဘာမှ ထူးခြားနေတယ်လို့ မထင်ပါဘူး။

ဘာကြောင့်လဲဆိုတော့ ဗန်ဒါဘစ် အိမ်တော်ထဲမှာရှိတဲ့သူတိုင်းက မွှေးကြိုင်နေလို့ပါပဲ။ သခင်လေးက သူတို့ကို ဆပ်ပြာနဲ့ ခေါင်းလျှော်ရည်တွေ ပေးကတည်းက လူတိုင်းဟာ ချွင်းချက်မရှိ အဲဒါတွေကို သုံးပြီး ရေချိုးကြတာပါ။

ဒါကြောင့်လည်း ကက်စတယ်လာဟာ သူမကိုယ်တိုင်ဆီက ထွက်နေတဲ့ ရနံ့ကို သူမဘာသာ သတိမပြုမိတော့တာ ဖြစ်ပါတယ်။

ဝိုင်းတစ်ခုလုံးက တစ်မိနစ်လောက်အထိ တိတ်ဆိတ်သွားတော့မှ ကက်စတယ်လာဟာ တစ်ခုခု ထူးခြားနေပြီဆိုတာကို ရိပ်မိသွားတယ်။

"ကျွန်မ တစ်ခုခု မှားလုပ်မိလို့လားရှင့်" လို့ သူမက မေးလိုက်ပါတယ်။

နောက်ဆုံးမှာတော့ ပုလဲဆွဲကြိုးနဲ့ သူဌေးကတော်က ကက်စတယ်လာကို မေးလိုက်တယ်၊

"ညည်း ဘယ်လို ရေမွှေးကို သုံးတာလဲ"

ကက်စတယ်လာဟာ အဲဒီမေးခွန်းကြောင့် နည်းနည်း ကြောင်သွားပါတယ်။

"ရေမွှေး တောင်းပန်ပါတယ် သူဌေးကတော်၊ ကျွန်မ ရေမွှေး မသုံးပါဘူး"

ဝိုင်းထဲက တခြားအမျိုးသမီးတွေက ခေါင်းခါလိုက်ကြတယ်။

"လိမ်စရာ မလိုပါဘူးအေ။ တို့တွေက မိန်းကလေးအချင်းချင်းတွေပဲဟာ။ ကဲ... ပြောစမ်းပါဦး၊ ဒီလောက်မွှေးအောင် ဘယ်ရေမွှေးကို ဝယ်သုံးတာလဲ"

အဲဒီတော့မှ ကက်စတယ်လာဟာ အခြေအနေကို နားလည်သွားပါတယ်။

"ဪ... ဒါက ကျွန်မ သုံးတဲ့ ဆပ်ပြာနံ့ကို ရနေတာ ဖြစ်ရမယ်" လို့ သူမက တက်တက်ကြွကြွနဲ့ ပြောလိုက်တယ်။

"ဒါတော့ မဖြစ်နိုင်တာ။ ဆပ်ပြာက ဒီလောက်အထိ မမွှေးနိုင်ပါဘူး။ ညည်း ငါတို့ကို လိမ်နေတာလား" လို့ သူဌေးကတော်က မေးပါတယ်။

"မဟုတ်ပါဘူး သူဌေးကတော်ရယ်"

ကက်စတယ်လာက ငြင်းဆိုရင်း ခေါင်းကို အပြင်းအထန် ခါပြလိုက်ပါတယ်။ သူမ ခေါင်းခါလိုက်တိုင်းမှာ သူမရဲ့ ခေါင်းလျှော်ရည်ရနံ့တွေက ဝိုင်းဆီကို ထပ်ပြီး ပျံ့လွင့်သွားပြန်တယ်။

ဝိုင်းထဲက သမီးပျိုတစ်ယောက်က ချက်ချင်း ထရပ်လိုက်ပြီး ကက်စတယ်လာရဲ့ ဆံပင်တွေကို နမ်းကြည့်လိုက်တယ်။

"မမ ဆံပင်တွေက တကယ်ကို မွှေးတာပဲ ပြီးတော့ အသားအရေကလည်း... တကယ်ကို နူးညံ့နေတာပဲ"

တခြားအမျိုးသမီးတွေလည်း ကက်စတယ်လာ အနားကို တိုးလာကြပြီး သူမကို သေချာ စစ်ဆေးကြည့်ကြတော့တယ်။ တကယ်ကိုပဲ သူမရဲ့ တစ်ကိုယ်လုံးကနေ ရေမွှေးနဲ့ မတူတဲ့ သဘာဝအတိုင်း မွှေးပျံ့တဲ့ ရနံ့တွေ ထွက်ပေါ်နေတာပါ။ သူမရဲ့ အသားအရေနဲ့ ဆံပင်တွေကနေတင် အလိုအလျောက် မွှေးနေသလိုမျိုးပါပဲ။

"ကဲ... ကဲ... အိန္ဒြေရကြစမ်းပါဦး"

ပုလဲဆွဲကြိုးနဲ့ သူဌေးကတော်က ကက်စတယ်လာ အနားမှာ ဝိုင်းအုံနေကြတဲ့ အမျိုးသမီးတွေကို တားလိုက်ပါတယ်။

"ကဲ... ညည်း ပြောတာ တကယ်ပဲလား ဆပ်ပြာတစ်ခုတည်း သုံးရုံနဲ့ ဒီလိုအနံ့မျိုး ရတာလား" လို့ သူမက မေးလိုက်တယ်။

ကက်စတယ်လာက ရိုရိုသေသေပဲ ခေါင်းညိတ်ပြလိုက်ပါတယ်။

"ဟုတ်ပါတယ် သူဌေးကတော်။ ကျွန်မ တစ်ကိုယ်လုံးကို ဆေးကြောဖို့ ဆပ်ပြာကိုပဲ သုံးတာပါ။ ပြီးတော့ ခေါင်းလျှော်ဖို့အတွက်ကျရင်တော့ 'ခေါင်းလျှော်ရည်' လို့ ခေါ်တဲ့ အရာကို သုံးပြီး ရေချိုးတိုင်း လျှော်တာပါ"

ဝိုင်းထဲက အမျိုးသမီးတွေဟာ ဆပ်ပြာတစ်ခုတည်းနဲ့တင် ဒီလောက်အထိ မွှေးပျံ့နိုင်တယ်ဆိုတဲ့ အချက်ကို အံ့သြတုန်လှုပ်သွားပြီး သူတို့နေရာတွေမှာ ပြန်ထိုင်လိုက်ကြတယ်။

"အဲဒီ ဆပ်ပြာနဲ့ ခေါင်းလျှော်ရည် ရဲ့ နာမည်ကို ပြောပြနိုင်မလား ဒါမှမဟုတ် အဲဒါတွေကို ကျွန်မကို ရောင်းမလား ရွှေဒင်္ဂါး တစ်ပြား ပေးပြီး ဝယ်ဖို့ အဆင်သင့်ပဲ"

"ကျွန်မလည်း ဝယ်မယ် ကျွန်မလည်း ရွှေဒင်္ဂါး တစ်ပြား ပေးမယ်"

"ကျွန်မအတွက် နှစ်ခု ချန်ထားပေးဦး ကျွန်မ သမီးအတွက်လည်း တစ်ခု ဝယ်ပေးချင်လို့"

* * * * * * * * *

နေမဝင်ခင်မှာပဲ ကက်စတယ်လာဟာ ဗန်ဒါဘစ်အိမ်တော်ကို ပြန်ရောက်လာပြီး သခင်လေးရဲ့ အခန်းတံခါးကို ချက်ချင်း သွားခေါက်လိုက်ပါတယ်။

"ကက်စတယ်လာ ဘာဖြစ်လို့လဲ"

သူမက အခန်းထဲကို ဝင်လာတာနဲ့ လက်ဖက်ရည်ဆိုင်မှာ ဘာတွေ ဖြစ်ခဲ့လဲဆိုတာကို အကုန် ပြန်ပြောပြလိုက်ပါတယ်။

“သခင်လေးကို ကျွန်မ ပြောပြရဦးမယ်။ သခင်လေးရဲ့ ပစ္စည်းတွေကိုသာ ဈေးကွက်မှာ ရောင်းမယ်ဆိုရင် အမျိုးသမီးတွေ အများကြီးက ဝိုင်းအုံပြီး ဝယ်ကြမှာ သေချာတယ်။ အဲဒီ အမျိုးသမီးတွေက ပိုက်ဆံသုံးဖို့ ဘယ်တော့မှ ဝန်မလေးကြဘူး”

မိုက်ကယ်ကတော့ အခြေအနေကို စိတ်ဝင်စားသွားပါတယ်။ သာမန် ဆပ်ပြာနဲ့ ခေါင်းလျှော်ရည်လေးကတင် ကင်းစ်ဘရစ်ချ် က ချမ်းသာတဲ့ အမျိုးသမီးတွေကို ရွှေဒင်္ဂါး တစ်ပြားစီ ပေးပြီး ဝယ်ချင်လာအောင် လုပ်နိုင်တယ်ဆိုရင် ဒါကို ဈေးကွက်ထဲမှာ စတင် ရောင်းချဖို့ စဉ်းစားသင့်တဲ့ အချက်ပဲလေ။

နောင်တစ်ချိန်မှာ ဗန်ဒါဘစ် မိသားစုရဲ့ အမွေတွေကို ဆက်ခံရမှာ ဖြစ်ပေမဲ့လည်း ကိုယ်ပိုင် ပိုက်ဆံလေး ရှာထားတာက မကောင်းဘူးလား။

တကယ်လို့ သူက ဗန်ဒါဘစ် မိသားစုရဲ့ ပိုက်ဆံကိုပဲ ဆက်ပြီး သုံးနေမယ်ဆိုရင် သူ ပစ္စည်းတွေ ဝယ်ချင်တိုင်း အမေ့ဆီမှာ ပိုက်ဆံ တောင်းနေရမှာလေ။

ဒါပေမဲ့ သူ့မှာသာ ကိုယ်ပိုင် ပိုက်ဆံ ရှိနေမယ်ဆိုရင်တော့ သူ လုပ်ချင်တဲ့ စီမံကိန်းတွေကို လျှို့ဝှက်ချက်အနေနဲ့ ဆက်ပြီး လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

All Chapters