အခန်း (၁၇-၁၈)
Vol. 2 Ch. 17-18
စာစဉ်(၂)
အခန်း(၁၇)
ဆပ်ပြာနဲ့ ခေါင်းလျှော်ရည်တစ်စုံရဲ့ ဈေးနှုန်းက ရွှေဒင်္ဂါး ၁ ပြား ဖြစ်ပြီး အဲဒီပစ္စည်းတွေ ဖန်တီးဖို့ ကုန်ကျစရိတ်အားလုံးက ကြေးပြား ၅၀၀ ဝန်းကျင်ပဲ ရှိတာကြောင့် တစ်စုံရောင်းရတိုင်း သူရရှိတဲ့ အမြတ်က ကြေးပြား ၉၉၉,၅၀၀ တောင် ဖြစ်နေတာပါ
ဒါက စဉ်းစားကြည့်ရင်တောင် ရူးချင်စရာပါပဲ။ ဆပ်ပြာနဲ့ ခေါင်းလျှော်ရည် တစ်စုံတည်းက ရတဲ့ အမြတ်ကတင် ဒီလောက်တောင် ရှိနေတာလေ
ကက်စတယ်လာ ပို့ပေးတဲ့ သေတ္တာတိုင်းမှာ အစုံတစ်ရာစီ ပါဝင်တာကြောင့် သေတ္တာတစ်လုံးဟာ ရွှေဒင်္ဂါး ၁၀၀ နီးပါး အဖိုးတန်ပါတယ်။
စုစုပေါင်းပြောရရင် အခုဆို မိုက်ကယ်ရဲ့ အိပ်ခန်းထဲမှာ ရွှေဒင်္ဂါး တစ်ထောင်လောက် ပြန့်ကျဲနေတာကို သူ ကြည့်နေရပြီ ဖြစ်ပါတယ်။
' ဟေး နိုဗာ၊ အကယ်၍ ဒီရွှေဒင်္ဂါးတွေ အားလုံးကို အမေရိကန်ဒေါ်လာနဲ့ ပြောင်းလဲမယ်ဆိုရင် ဘယ်လောက်လောက် ရှိမလဲ '
[ မင်းဆီမှာရှိတဲ့ ရွှေဒင်္ဂါးတွေရဲ့ တန်ဖိုးက ဒင်္ဂါးတစ်ခုချင်းစီရဲ့ သန့်စင်မှုနဲ့ အခြေအနေပေါ်မူတည်ပြီး အများကြီး ကွာခြားနိုင်ပါတယ်။ မင်းမှာ ရွှေဒင်္ဂါး တစ်ထောင် ရှိနေပြီး တစ်ခုချင်းစီရဲ့ သန့်စင်မှု မတူညီတာကြောင့် မင်းလက်ထဲမှာ ရှိနေတဲ့ ငွေကြေးဟာ အကြမ်းဖျင်းအားဖြင့် အမေရိကန်ဒေါ်လာ ၁၀,၀၀၀ ခန့် တန်ဖိုးရှိပါတယ် ]
မိုက်ကယ် သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်မိတယ်။ ဒီလောက် ပမာဏဆိုရင် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ တကယ့်ကို ချမ်းသာတဲ့ သူဌေးလို့ သတ်မှတ်လို့ ရပါတယ်။
မနေ့က သူတို့ရောင်းလိုက်တဲ့ ဆပ်ပြာနဲ့ ခေါင်းလျှော်ရည်တွေကို ဖန်တီးဖို့ တစ်ပတ်လောက်ပဲ အချိန်ပေးခဲ့ရတာကြောင့် မိုက်ကယ်အနေနဲ့ တစ်လကို ဒေါ်လာ ၄၀,၀၀၀ တန်ဖိုးရှိတဲ့ ရွှေဒင်္ဂါးတွေကို ရှာဖွေနိုင်တယ်လို့ ဆိုလိုတာပါ။ အကယ်၍ သူသာ တစ်နှစ်လုံး အဲဒီအတိုင်း လုပ်မယ်ဆိုရင် ဒေါ်လာ ငါးသန်း နီးပါးလောက်အထိ ရရှိမှာ ဖြစ်ပါတယ်။
သူ့ရဲ့ အရင်ကမ္ဘာမှာတုန်းက တစ်လဝင်ငွေ ဒေါ်လာ ၁၀,၀၀၀ ဆိုရင် တော်တော်လေး သက်သောင့်သက်သာ နေထိုင်နိုင်ပါပြီ။ ဒါပေမဲ့ အကယ်၍ သူသာ တစ်လကို ဒေါ်လာ ၄၀,၀၀၀ ရမယ်ဆိုရင်တော့ အမေရိကလို ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာတောင် ထိပ်သီး လူချမ်းသာ ၁ ရာခိုင်နှုန်း စာရင်းထဲ ပါဝင်သွားမှာပါ။
ဒီလောက်အထိ ရှာနိုင်တာက ဂိမ်းထဲမှာ ကုဒ်ခိုးသုံးနေရသလို ခံစားရတယ်။ အလုပ်တွေ အားလုံးကို အစေခံတွေနဲ့ အိမ်စေတွေက လုပ်ပေးနေကြတာဖြစ်ပြီး သူကတော့ ဗန်ဒါဘစ် အိမ်တော်ထဲမှာ ဘာမှမလုပ်ဘဲ ဒီအတိုင်းပဲ နေနေရုံပါပဲ။
' လောလောဆယ်တော့ ဒီပိုက်ဆံတွေကို သိမ်းထားလိုက်ဦးမယ် '
မိုက်ကယ်က အခုလောလောဆယ် ပိုက်ဆံ မပြတ်လပ်သေးပါဘူး။ အကယ်၍ သူ့မိဘတွေ မသိအောင် တစ်ခုခု ဝယ်ချင်တယ်ဆိုရင်တောင် သူ့ဘာသာသူ ဝယ်နိုင်တယ်ဆိုတာကို ယုံကြည်စိတ်ချနေပြီ ဖြစ်ပါတယ်။
* * * * * * * * *
ရက်အနည်းငယ် ထပ်မံကုန်ဆုံးသွားပြီးနောက်မှာတော့ ကက်စတယ်လာဟာ မျက်နှာပေါ်မှာ အကြီးမားဆုံး အပြုံးတွေနဲ့အတူ မိုက်ကယ်ရဲ့ အခန်းဆီ ပြေးဝင်လာပါတယ်။
“ သခင်လေး သခင်လေး ”
မိုက်ကယ် တံခါးဖွင့်ပေးပြီး သူ့မျက်လုံးတွေကို ပွတ်လိုက်တယ်။ နာရီကနေ နံနက်ခင်း ခေါင်းလောင်းသံတောင် မမြည်သေးပါဘူး။ ဒါပေမဲ့ ကက်စတယ်လာကတော့ နိုးနေတာ နာရီပေါင်းများစွာ ရှိနေတဲ့ ပုံစံမျိုး ဖြစ်နေပါတယ်။
“ ဆပ်ပြာနဲ့ ခေါင်းလျှော်ရည်တွေက အရမ်း နာမည်ကြီးနေပြီ သခင်လေး မြို့ထဲက တခြားအစေခံတွေဆီက ကြားရတဲ့ အတင်းအဖျင်းတွေထဲမှာတော့ 'ရီနေးတား' ဆပ်ပြာနဲ့ ခေါင်းလျှော်ရည်တွေအကြောင်းပဲ ပြောနေကြတာပဲ ”
“ အဲဒါ ကောင်းတာပေါ့ ” လို့ မိုက်ကယ်က သမ်းဝေရင်းနဲ့ သူ့ခန္ဓာကိုယ်ကို အညောင်းဆန့်ရင်း ပြောလိုက်ပါတယ်။
ကမ္ဘာပေါ်မှာ အချမ်းသာဆုံး မိသားစုမှာ မွေးဖွားလာခဲ့လို့လားတော့ မသိဘူး၊ မိုက်ကယ်ကတော့ ပိုက်ဆံတွေ ပိုရလာမယ့် အလားအလာအပေါ်မှာ သိပ်ပြီး စိတ်လှုပ်ရှားမနေပါဘူး။ ရွှေဒင်္ဂါး တစ်ထောင် ရှိနေတာနဲ့တင် သူ့အတွက် လုံလောက်နေပြီလို့ ထင်နေမိတယ်။
ဘာပဲဖြစ်ဖြစ် သူဝယ်ချင်တဲ့ အရာတွေက ဒီကမ္ဘာမှာ မတီထွင်ရသေးတာလေ။ အဲဒါတွေကို သူကိုယ်တိုင်ပဲ ဖန်တီးရမှာဆိုတော့ ဒီကမ္ဘာက ဈေးတွေထဲမှာ ဘာမှ ဝယ်စရာ မရှိသလို ဖြစ်နေပါတယ်။
' နေပါဦး ... ငါ ဘာလို့ ဒီကမ္ဘာကြီးက အလယ်ခေတ်ကမ္ဘာကြီးလို့ပဲ တွေးနေရတာလဲ ငါ လုံးဝ မေ့သွားတာပဲ။ ဒါက မှော်ပညာတွေ ရှိတဲ့ ကမ္ဘာပဲလေ '
“ ငါ လိုချင်တာ တစ်ခုရှိတယ်။ ငါ့အတွက် တိတ်တဆိတ် ဝယ်ပေးနိုင်မလား ” မိုက်ကယ်က တိုးတိုးလေး ကပ်ပြောလိုက်ပါတယ်။
ကက်စတယ်လာက မိုက်ကယ်ရဲ့ အရိပ်အယောင်ကို နားလည်သွားပြီး သီးသန့် စကားပြောဖို့အတွက် အခန်းထဲကို ဝင်လာခဲ့ပါတယ်။
“ သခင်လေး အထူးတလည် လိုချင်တဲ့အရာ ရှိလို့လား ”
မိုက်ကယ် ခေါင်းညိတ်လိုက်တယ်။ “ ပထမဆုံးအနေနဲ့ ငါ နင့်ကို ယုံကြည်လို့ ရတယ် မဟုတ်လား ”
ကက်စတယ်လာက ခေါင်းညိတ်ပြပြီး သူမရဲ့ ရင်ဘတ်ကို လက်သီးနဲ့ ထုလိုက်တယ်။
“ ဟုတ်ကဲ့ပါ သခင်လေး ကျွန်မအပေါ် သခင်လေးက အပြည့်အဝ ယုံကြည်မှု မရှိသေးဘူးလို့ ထင်သွားလို့ ကျွန်မ နည်းနည်းတောင် စိတ်မကောင်းဖြစ်သွားတယ် ” လို့ သူမက ဆိုပါတယ်။
သူ ချောင်းတစ်ချက် ဟန့်လိုက်ပြီး သူ့လက်ထိပ်ကနေ မီးတောက်လေးတစ်ခုကို ဖန်တီးလိုက်တယ်။ ဒါက သူ ပထမဆုံး သင်ယူခဲ့တဲ့ ကြယ်တစ်လုံးအဆင့် မန္တန်ဖြစ်တဲ့ မီးပွား ပဲ ဖြစ်ပါတယ်။
“ ငါ မှော်ပညာ သုံးလို့ရတယ် ” လို့ သူက ပြောလိုက်ပါတယ်။
“ မီးလား သခင်လေးက မီးဒြပ်စင်မှာလည်း ကျွမ်းကျင်တာလား ”
ကက်စတယ်လာက မိုက်ကယ် မှော်ပညာ သုံးနိုင်တာကို မအံ့သြပါဘူး။ သူမ အံ့သြသွားတာက သူက မြေဒြပ်စင် မဟုတ်ဘဲ တခြား မန္တန်တစ်ခုကို သုံးလိုက်နိုင်လို့ပါ။
“ အဲဒါ ဘာဖြစ်လို့လဲ ” လို့ သူက ဘာမှမသိတဲ့ ပုံစံနဲ့ မေးလိုက်ပါတယ်။
“ သခင်လေး၊ ဒြပ်စင်နှစ်မျိုးမှာ ကျွမ်းကျင်တာဟာ တကယ့်ကို ရှားပါးတဲ့ ကိစ္စပါ ”
မိုက်ကယ်က ကက်စတယ်လာ တကယ်ပြောနေတာလားဆိုတာကို သိဖို့ သူမကို စိုက်ကြည့်လိုက်တယ်။ ဒါက ထူးခြားတဲ့ အရာလို့ သူ မထင်ထားပါဘူး။ ဘာပဲဖြစ်ဖြစ် သူ သုံးနိုင်တာက မီးမန္တန် တစ်ခုတည်း မဟုတ်ဘူးလေ။
သူ့လက်ကို မြှောက်လိုက်ပြီး လက်ညှိုးတစ်ဖက်မှာ မီး၊ နောက်တစ်ဖက်မှာ ကျောက်တုံးလေးတစ်ခုနဲ့ နောက်ထပ် လက်တစ်ဖက်မှာ ရေလုံးလေးတစ်ခုကို ဖန်တီးလိုက်ပါတယ်။ အဲဒီနောက်မှာတော့ လေပြင်းတစ်ချက်က အဲဒီ ဒြပ်စင် ၃ ခုကို သူ့လက်ပတ်ပတ်လည်မှာ ကျွမ်းကျင်စွာနဲ့ လှည့်ပတ်နေအောင် လုပ်ဆောင်လိုက်ပါတယ်။
ကက်စတယ်လာ ဒါကို မြင်လိုက်တဲ့အခါ နောက်ကို လဲကျလုနီးပါး ဖြစ်သွားပါတယ်။
“ လေး ... ဒြပ်စင်လေးမျိုးစလုံး ... ဒါက မဖြစ်နိုင်တာ သခင်လေး ကျွန်မ သခင်လေးကို ပါရမီရှင်လို့တောင် မခေါ်နိုင်တော့ဘူး ”
“ အဲဒီတော့ ဒါက ပုံမှန် မဟုတ်ဘူးပေါ့ ”
“ မဟုတ်တာပေါ့ သခင်လေးရဲ့ ” လို့ ကက်စတယ်လာက အော်ဟစ်လိုက်ပါတော့တယ်။
ဒြပ်စင်လေးမျိုးစလုံးကို ကျွမ်းကျင်ကြောင်း ပြသတဲ့နေရာမှာ နည်းနည်း ပိုသတိထားဖို့ လိုအပ်တယ်ဆိုတာကို မိုက်ကယ် သိသွားပါတယ်။
“ လောလောဆယ်တော့ သခင်လေးအနေနဲ့ မြေဒြပ်စင်မှာ ကျွမ်းကျင်ကြောင်းပဲ ပြတာ အကောင်းဆုံးလို့ ကျွန်မ ထင်ပါတယ်။ အနည်းဆုံးတော့ အဲဒါက သခင်လေးရဲ့ မိခင်ဆီကနေ ပါရမီတွေ ဆက်ခံရရှိထားတယ်လို့ ဆင်ခြေပေးလို့ ရတာပေါ့ ”
ကက်စတယ်လာက တကယ့်ကို ကောင်းမွန်တဲ့ အကြံပြုချက်ကို ပေးလိုက်တာပါ။
မိနစ်အနည်းငယ် ကြာပြီးနောက်မှာတော့ မိုက်ကယ်က ရေတစ်ခွက် တိုက်လိုက်လို့ ကက်စတယ်လာ စိတ်အေးသွားခဲ့ပါတယ်။
“ အစောနကတော့ တကယ့်ကို တုန်လှုပ်သွားတာပဲ သခင်လေး ”
သူမ ရေကို တစ်ငုံ သောက်လိုက်ပြီး သူ့ဘက်ကို လှည့်လိုက်တယ်။
“ ဒါနဲ့ နေပါဦး၊ ကျွန်မကို ဘာဝယ်ခိုင်းမလို့လဲ ”
မိုက်ကယ်က သူမကို ရွှေဒင်္ဂါး တစ်ထောင် ပါဝင်တဲ့ အိတ်ကို ပေးလိုက်ပါတယ်။
“ ငါက မှော်ပညာ၊ မှော်စွမ်းအင် နဲ့ မန္တန်တွေအကြောင်း ရေးထားတဲ့ ဘယ်စာအုပ်ကိုမဆို ဝယ်ချင်တယ်။ အထူးသဖြင့် တခြား မန္တန်တွေကို ဘယ်လို သုံးရမလဲဆိုတာ သင်ပေးနိုင်မယ့် အရာတွေကို လိုချင်တယ် ”
ကက်စတယ်လာက ရေကို နောက်ထပ် တစ်ငုံ ထပ်သောက်လိုက်တယ်။
“ စာအုပ်တွေ ... မှော်ပရပိုဒ်တွေကို ပြောတာလား သခင်လေး ”
“ မှော်ပရပိုဒ် ဆိုတာ မှော်ဆရာတွေက မန္တန်အမျိုးမျိုးကို သင်ယူဖို့ အသုံးပြုတဲ့ အရာပါ။ အဲဒါ အများစုကိုတော့ ဒေသခံ မှော်မျှော်စင်တွေမှာ ဝယ်လို့ ရပါတယ် ”
* * * * * * * * *
စာစဉ်(၂)
အခန်း(၁၈)
“ မှော်မျှော်စင်တွေအကြောင်း ပြောနေတာလား... အဲဒါလေး ကျွန်တော့်ကို ထပ်ပြောပြပါဦး ”
“ မှော်မျှော်စင်ဆိုတာကတော့ ဝါရင့်မှော်ဆရာတွေနဲ့ မှော်ပညာသင်ယူချင်တဲ့သူတွေ အကုန်လုံး စုဝေးရာ အထပ်မြင့်အဆောက်အအုံကြီးပေါ့။ အပေါ်ထပ်တွေကိုတော့ ဒေသခံတွေ သွားခွင့်မပြုပေမဲ့ အောက်ဆုံးထပ်ကိုတော့ စီးပွားရေးလုပ်ငန်းတွေအတွက် ဖွင့်လှစ်ပေးထားပါတယ်။ အဲဒီမှာ စာအုပ်တွေနဲ့ မှော်ပရပိုဒ်တွေကို ရောင်းချပေးသလို မှော်ဆရာတစ်ယောက်ကိုလည်း ငှားရမ်းလို့ ရနိုင်ပါသေးတယ် ”
မိုက်ကယ်ကတော့ မှော်မျှော်စင်အကြောင်းကို အလွန်အမင်း စိတ်ဝင်စားသွားတယ်။ သူဖတ်ခဲ့ဖူးတဲ့ စိတ်ကူးယဉ်စာအုပ်တွေထဲကလို လှုပ်ရှားနေတဲ့ ပန်းချီကားတွေ၊ လေထဲမှာ လွင့်နေတဲ့ ကြမ်းပြင်တွေနဲ့ လျှို့ဝှက်အခန်းတွေ ရှိမယ့်နေရာမျိုးလို့ စိတ်ကူးယဉ်နေမိတာပေါ့။
“ အဲဒီကို ရောက်ဖူးလား ” လို့ သူက ကက်စတယ်လာ ကို မေးလိုက်တယ်။
“ တစ်ခါတော့ ရောက်ဖူးတယ်။ ငယ်ငယ်တုန်းက မှော်ဆရာတစ်ယောက် လူအများရှေ့မှာ မှော်အတတ်တွေ ပြသနေတာကို တိုက်တိုက်ဆိုင်ဆိုင် တွေ့ခဲ့ဖူးတာ။ တကယ့်ကို ရင်သပ်ရှုမောစရာပါပဲ။ ကျွန်မသာ ပါရမီရှိခဲ့မယ်ဆိုရင် မှော်ဆရာမတစ်ယောက် ဖြစ်ချင်ခဲ့တာ ” လို့ ကက်စတယ်လာက လွမ်းတဝေဝေနဲ့ ပြန်ပြောပြတယ်။
မိုက်ကယ်က ကက်စတယ်လာကို ရုတ်တရက် မော့ကြည့်လိုက်ပြီး
“ မှော်ဆရာတွေက သူတို့ရဲ့ မန္တန်တွေကို အပြင်မှာ ထုတ်ပြကြတာလား အဲဒါက ပုံမှန်ပဲလား ”
ကက်စတယ်လာ က ခေါင်းညိတ်ပြတယ်။
“ သိပ်တော့ မကြာခဏ မဟုတ်ပါဘူး၊ များသောအားဖြင့်တော့ ထူးခြားတဲ့ အခမ်းအနားတွေမှာပေါ့။ မှော်ပညာရှင်အစည်းအရုံးက ဒေသခံတွေ သူတို့ရဲ့ ကာကွယ်မှုအောက်မှာ ဘေးကင်းလုံခြုံနေပါတယ်ဆိုတာကို စိတ်ချစေဖို့အတွက် ပြသကြတာပါ။ အော်... မှော်ပညာရှင်အဖွဲ့အစည်းဆိုတာက မှော်မျှော်စင်ကို တာဝန်ယူ စီမံခန့်ခွဲတဲ့ အဖွဲ့အစည်းပေါ့...”
ကက်စတယ်လာ က မှော်မျှော်စင်အကြောင်းတွေ ဆက်ပြောနေပေမဲ့ မိုက်ကယ်ကတော့ သိပ်ပြီး နားမထောင်တော့ဘူး။ ဝါရင့်မှော်ဆရာတစ်ယောက်ရဲ့ မန္တန်တွေကို သူကိုယ်တိုင် မြင်တွေ့ရနိုင်ခြေ ရှိတယ်ဆိုတဲ့ အချက်ကိုပဲ သူ စွဲလန်းနေမိတော့တယ်။ ဘာပဲဖြစ်ဖြစ် သူ့ရဲ့ နိုဗာ က အဲဒီ မှော်ကျင့်စဉ် ကို ခွဲခြမ်းစိတ်ဖြာပေးနိုင်ရင် အဲဒီ မန္တန်ကို သူကိုယ်တိုင် ပြန်သုံးနိုင်မှာလေ
ဒါက တကယ်ကို အလားအလာကောင်းတဲ့ အခွင့်အရေးဖြစ်လို့ မိုက်ကယ်အနေနဲ့ ပထမဆုံးအကြိမ်အဖြစ် အိမ်တော်ထဲကနေ ထွက်ပြီး မှော်မျှော်စင်ဆီကို သွားချင်စိတ်တွေ တဖွဖွ ဖြစ်ပေါ်လာတယ်။ ကင်းစ်ဘရစ်ချ်မြို့က ဒီကနေဆိုရင် မြင်းရထားနဲ့ နှစ်နာရီ၊ သုံးနာရီလောက်ပဲ သွားရတာဆိုတော့ သိပ်မဝေးလှဘူး။
“ သခင်လေး၊ နားထောင်နေရဲ့လား ”
မိုက်ကယ်ကတော့ နိုဗာ က သူ့အတွက် နားထောင်ပေးနေမယ်ဆိုတာ ယုံကြည်ထားတာကြောင့် ကိုယ်တိုင် အာရုံစိုက်နေစရာ မလိုဘူးလေ။
‘ နိုဗာ… သူမ ပြောသွားတာတွေကို ငါ့အတွက် အကျဉ်းချုံးပေးနိုင်မလား ’
[ မှော်မျှော်စင်ကို မှော်ပညာရှင်အစည်းအရုံးက စီမံခန့်ခွဲတာပါ။ သူတို့က မှော်ဆရာတွေနဲ့ လူထုကြားမှာ ငြိမ်းချမ်းမှုကို ထိန်းသိမ်းပေးရတဲ့ တစ်နိုင်ငံလုံးဆိုင်ရာ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ် ]
သူက နိုဗာ ရဲ့ အဖြေကိုပဲ ပြန်ပြောလိုက်ပြီး သူ့ရဲ့ နားထောင်နိုင်စွမ်းကို ကက်စတယ်လာ အံ့အားသင့်သွားအောင် လုပ်လိုက်တယ်။
“ ကျွန်တော် မှော်မျှော်စင်ကို သွားလို့ရမယ် ထင်လား ”
ကက်စတယ်လာက အံ့သြသွားပြီး ချက်ချင်းပဲ ခေါင်းခါပြတယ်။ “ စိတ်မကောင်းပါဘူး သခင်လေးရယ်။ သခင်လေးလို အဆင့်အတန်းမျိုးရှိတဲ့သူ တစ်ယောက်ယောက် အပြင်ထွက်မယ်ဆိုရင် အုတ်အော်သောင်းနင်းတွေ ဖြစ်ကုန်မှာပေါ့။ သခင်လေး အိမ်တော်ကနေ ထွက်သွားတာနဲ့ သခင်လေးရဲ့ အဖေနဲ့အမေ ချက်ချင်း သိသွားလိမ့်မယ်။ သူတို့ ချက်ချင်း အိမ်ပြန်လာပြီး ဒါမျိုးဖြစ်အောင် ခွင့်ပြုခဲ့တဲ့ အန်တီတို့အားလုံးကို အလုပ်ထုတ်ပစ်ကြမှာ ”
မိုက်ကယ်က သူဟာ တစ်ကမ္ဘာလုံးမှာ အချမ်းသာဆုံးဖြစ်တဲ့ ဗန်ဒါဘစ် မိသားစုရဲ့ အငယ်ဆုံးသားဆိုတာကို ခဏခဏ မေ့နေတတ်တယ်။ သူ့ရဲ့ အရင်ကမ္ဘာမှာတောင် နာမည်ကြီး အနုပညာရှင်တွေရဲ့ သားသမီးတွေဆိုရင် သတင်းထောက်တွေ ဝိုင်းဝိုင်းလည်နေတတ်တာပဲ။ ဒီကမ္ဘာကလည်း ထူးခြားပုံမရဘူး။
“ ကောင်းပါပြီ။ အလောတကြီးတော့ မဟုတ်ပါဘူး ” လို့ သူက ပြောလိုက်တယ်။
“ အဲဒါက အကောင်းဆုံးပါပဲ သခင်လေး။ သခင်လေးမှာ မှော်ပါရမီ ရှိတယ်ဆိုတာကို သိသွားရင် သခင်လေးရဲ့ မိဘတွေကိုယ်တိုင်ကပဲ သခင်လေးကို မှော်မျှော်စင်ဆီ ခေါ်သွားချင်ကြမှာ အသေအချာပါပဲ ”
မိုက်ကယ်က သူ့ဘာသာ ခေါင်းညိတ်လိုက်တယ်။ မိဘတွေနဲ့အတူ မှော်မျှော်စင်ကို သွားရတာက ပိုပြီး အကျိုးရှိနိုင်တယ်။ မှော်ဆရာတွေကလည်း သူ့မိဘတွေကို မျက်နှာချိုသွေးချင်ကြမှာဆိုတော့ မိုက်ကယ်က အဲဒီအခွင့်အရေးကို သုံးပြီး သူတို့ရှေ့မှာ မန္တန်တွေ ပြခိုင်းလို့ ရတာပေါ့။ သူတို့ကတော့ ကလေးတစ်ယောက် စူးစမ်းချင်စိတ်ဖြစ်တယ်လို့ပဲ မြင်ကြမှာ ဖြစ်ပေမဲ့ မိုက်ကယ်ကတော့ သူတို့ရဲ့ မန္တန်တွေကို တိတ်တဆိတ် ခိုးသင်ယူနိုင်မှာလေ။
နောက်ထပ် တစ်ရက် ကုန်ဆုံးသွားတဲ့အခါမှာတော့ မိုက်ကယ်က ပျင်းလာပြန်ပြီ။ ကက်စတယ်လာက မှော်မျှော်စင်အကြောင်း ပြောပြကတည်းက သူ့စိတ်က အဲဒီကနေ မထွက်နိုင်တော့ဘူး။
‘ ငါ့စိတ်တွေက သိပ်ပြီး တက်ကြွနေတယ်... ငါ တစ်ခုခု လုပ်စရာ မရှိဘူးလား ’
အဲဒီအချိန်မှာပဲ မိုက်ကယ်က တစ်ခုခုကို သတိရသွားတယ်။ အရင်ဘဝက မသေခင်တုန်းက သူဟာ ကွန်ပျူတာမှာ အွန်လိုင်းဂိမ်းတစ်ခုကို အကြီးအကျယ် စွဲလမ်းခဲ့ဖူးတယ်။ အဲဒီဂိမ်းက ခေတ်သစ်ကာလမတိုင်ခင် နှစ်ပေါင်းတစ်ထောင်ကျော်ကတည်းက ရှိခဲ့တာဆိုပေမဲ့ အဲဒီအချိန်မှာ တော်တော်လေး လူကြိုက်များခဲ့တာ။ အဲဒါက ဇာတ်ကောင်နေရာကနေ ကစားရတဲ့ဂိမ်းမျိုးလည်း မဟုတ်ဘူး၊ လူအများနဲ့ ကစားရတဲ့ ဂိမ်းမျိုးလည်း မဟုတ်ဘဲ အဲဒီထက် ပိုပြီး ရိုးရှင်းပါတယ်။
အခု သူက အိမ်ထဲမှာပဲ အမြဲပိတ်မိနေတာဆိုတော့ စစ်တုရင်ကို အပြင်မှာ ကစားဖို့ အခွင့်အရေး မရှိဘူး။ ဒါပေမဲ့ အခုတော့ သူ ကစားနိုင်မယ့် အခွင့်အရေး ရပြီလေ။
မိုက်ကယ်က အချိန်ဆွဲမနေဘဲ ကုတင်ပေါ်ကနေ ဆင်းလိုက်တယ်။ သူက ပန်းကန်ဆေးနေကြတဲ့ အလုပ်ရှုပ်နေတဲ့ အစေခံမလေးတွေကို နှုတ်ဆက်ပြီး ကျော်ဖြတ်သွားလိုက်တယ်။ ပြီးတော့ တောအုပ်ထဲကို ဝင်သွားပြီး ပင်စည်အထူကြီးရှိတဲ့ သစ်ပင်ကြီးတစ်ပင်ကို ရှာလိုက်တယ်။ ကြယ်တစ်ပွင့်အဆင့်ရှိတဲ့ သစ်သားဖြတ်မန္တန်ကို သုံးပြီး သစ်ပင်ကို တစ်လွှာချင်းစီ လှီးဖြတ်လိုက်တယ်။ ခဏကြာတော့ လဲကျသွားတဲ့ သစ်ပင်ကို ကြည့်ပြီး စစ်တုရင်ခုံအတွက် အကွက် ၆၄ ကွက် ပါဝင်မယ့် စတုရန်းကွက်လေးတွေကို သူ စိတ်ကူးနဲ့ ပုံဖော်လိုက်တယ်။
နာရီအနည်းငယ် ကြာပြီးတဲ့နောက်မှာတော့ မိုက်ကယ်ဟာ တောအုပ်ထဲကနေ ထောင့်မှန်စတုဂံပုံစံ သစ်သားပြားချပ်လေးတစ်ခုနဲ့ အိတ်အသေးလေးထဲက သစ်သားရုပ်ထုလေးတွေကို သယ်ပြီး ထွက်လာခဲ့တယ်။ နာရီစင်က ခေါင်းလောင်းသံ မြည်နေပြီဆိုတော့ အားလုံးရဲ့ အလုပ်တွေပြီးလို့ အနားယူရမယ့် အချိန်ကို ရောက်နေပြီပေါ့။
အစေခံမလေး အများစုကတော့ ရေပူစမ်းဆီကို တန်းသွားကြပေမဲ့ အိမ်စေအချို့ကတော့ နေ့တိုင်း ရေပူစမ်းမှာ ရေချိုးရတာကို ငြီးငွေ့နေကြပြီ။ သူတို့က ထိုင်ခုံတွေပေါ်မှာ ထိုင်ပြီး ဘာမှမလုပ်ဘဲ အနားယူနေကြတာပါ။ မိုက်ကယ်က စစ်တုရင်ခုံကို စားပွဲပေါ်ကို ဝုန်းခနဲ တင်လိုက်တဲ့အခါ အိမ်စေတွေက လန့်ပြီး နိုးလာကြတယ်။
“ သခင်လေး ရောက်လာပြီပဲ ” လို့ သူတို့က နှုတ်ဆက်ကြတယ်။
မိုက်ကယ်က ခုံရဲ့ တစ်ဖက်မှာ ထိုင်လိုက်ပြီး သူ့မျက်နှာမှာ နောက်ပြောင်ချင်တဲ့ အပြုံးတစ်ခုနဲ့အတူ အိမ်စေတွေကို ကြည့်လိုက်တယ်။
“ ငါတို့ ဂိမ်းတစ်ခု ကစားရအောင် ” လို့ မိုက်ကယ်က စစ်တုရင်ရုပ်တွေကို ခုံပေါ်မှာ စီရင်း ထူးထူးဆန်းဆန်း အသံနဲ့ ပြောလိုက်တယ်။
“ ဒါက ဘာကြီးလဲ ” လို့ သူတို့အားလုံးက တပြိုင်တည်း မေးကြတယ်။
“ ဒါကို စစ်တုရင်လို့ ခေါ်တယ်။ ဒါက ဉာဏ်ကြီးရှင်တွေ ပညာတတ်တွေမှ ကစားနိုင်တဲ့ ဉာဏ်စမ်းဂိမ်းပေါ့။ မင်းတို့ထဲက တစ်ယောက်ယောက်က ငါ့ကို နိုင်အောင် ကစားနိုင်ရင် ရွှေဒင်္ဂါး ၁၀၀ ပေးမယ် ”
စားပွဲပေါ်ကို တင်လိုက်တဲ့ ရွှေဒင်္ဂါးအိတ်ရဲ့ အသံကို ကြားလိုက်ရတဲ့အခါ အိမ်စေတွေက စိတ်ဝင်တစားနဲ့ နားစွင့်လာကြတယ်။
“ တကယ်ကြီးလား သခင်လေး ” လို့ အိမ်စေတစ်ယောက်က မေးတယ်။
“ ငါ့ကို နိုင်အောင် ကစားနိုင်ရင်ပေါ့၊ ဒါပေါ့ ”
အဖြူရောင် ဆံပင်နဲ့ မုတ်ဆိတ်မွေးတွေ ရှိတဲ့ ဝါရင့်အိမ်စေကြီးက လူငယ်တွေကို ဖယ်ခိုင်းလိုက်ပြီး သခင်လေးနဲ့ မျက်နှာချင်းဆိုင် ထိုင်လိုက်တယ်။
“ ဟဲ ဟဲ ဟဲ... ကျွန်တော်မျိုးက သိပ်မတော်ပေမယ့် ပညာတတ်တစ်ယောက်ပါပဲ သခင်လေး ”
မိုက်ကယ်က ပြုံးလိုက်တယ်။
“ မင်း ဒါကို စိတ်ဝင်စားမယ်ဆိုတာ ငါ သိပြီးသားပါ၊ အိမ်တော်ထိန်းကြီး။ ကောင်းပြီ... ဒီဂိမ်းကို စစ်တုရင်လို့ ခေါ်တယ်၊ စည်းမျဉ်းတွေကတော့ ဒါတွေပဲ...”
အိမ်စေတွေက စည်းမျဉ်းတွေကို သေသေချာချာ နားထောင်နေကြပြီး ဂိမ်းက ကြည့်ရတာ ဘယ်လောက်တောင် ရိုးရှင်းသလဲဆိုတာကို ကြားလိုက်ရတဲ့အခါ သူတို့ရဲ့ မျက်နှာတွေက ရှုံ့တွသွားကြတယ်။ ‘ ဘုရင်ကိုပဲ ဖမ်းလိုက်ရုံပဲလား ’ ဒါက လွယ်လွယ်လေးပါလို့ သူတို့ တွေးနေကြတာပေါ့။
* * * * * * * * *