အခန်း (၂၁-၂၂)
Vol. 2 Ch. 21-22
စာစဉ်(၂)
အခန်း(၂၁)
ပညာတတ်လူကြီးမင်းတစ်စုဟာ ကက်စတယ်လာက နောက်ထပ် စစ်တုရင်ခုံကိုးခုကို ထုတ်ပေးလိုက်တဲ့အခါမှာတော့ မြန်မြန်ဆန်ဆန်ပဲ ငြိမ်ကျသွားကြပါတယ်။
သူတို့ဟာ စစ်တုရင်ရဲ့ ဆွဲဆောင်မှုထဲမှာ နစ်ဝင်သွားကြပြီး တခြားအလုပ်တွေကို မေ့လျော့ကာ တစ်ပွဲပြီးတစ်ပွဲ မရပ်မနား ကစားနေကြတော့တာပါ။
တစ်ယောက်ယောက်က ရှုံးသွားတဲ့အခါ ကျန်တဲ့တစ်ယောက်က လှောင်ပြောင်ကြွားဝါတတ်ပြီး၊ အရှုံးသမားကလည်း ပြန်နိုင်ချင်ဇောနဲ့ စစ်တုရင်အကြောင်းကို ပိုပြီး လေ့လာသင်ယူဖို့ စိတ်အားထက်သန်လာကြပါတယ်။
သူတို့တွေ တကယ်တမ်း ပြန်နိုင်သွားတဲ့အခါမှာလည်း ရရှိလာတဲ့ ပီတိက ဒီကစားပွဲကို စွဲလန်းသွားစေဖို့နဲ့ အဲဒီခံစားချက်ကို ထပ်ခါထပ်ခါ ရယူဖို့အတွက် လုံလောက်ခဲ့ပါတယ်။ ရှုံးတဲ့လူကလည်း နောက်တစ်ခါ မရှုံးရလေအောင် ပိုပြီး တော်ချင်လာကြတာပေါ့။
ဒါဟာ သံသရာလည်နေတဲ့ အလေ့အကျင့်တစ်ခုလို ဖြစ်နေပြီး နောက်ဆုံးမှာတော့ "ရီနေးတား" ကုမ္ပဏီအတွက်ပဲ အကျိုးအမြတ်တွေ ဖြစ်ထွန်းစေခဲ့ပါတယ်။
* * * * * * * * *
အဲဒီလူတွေထဲက တစ်ယောက်က ကက်စတယ်လာဆီကို လျှောက်လာပါတယ်။ တခြားလူတွေလို လူကြီးမင်းဝတ်စုံကို မဝတ်ဘဲ ရင်ဘတ်မှာ ရှုပ်ထွေးတဲ့ မှော်စာလုံးတွေ ထိုးထားတဲ့ ဝတ်ရုံနက်ကြီးကို ဝတ်ထားတာကို သူမ သတိထားမိလိုက်တယ်။
"ကျွန်တော်တို့အတွက် နောက်ထပ် စစ်တုရင်ခုံနဲ့ အရုပ်တွေကို အခုရေ တစ်ရာလောက်အထိ ထပ်ပြီး စီစဉ်ပေးလို့ ရမလား "
"ဘယ်လောက်အထိ အလိုရှိလို့လဲရှင့် " လို့ ကက်စတယ်လာက မေးလိုက်ပါတယ်။
"တစ်ရာ ... မဟုတ်ဘူး၊ တစ်ထောင်လောက်။ အနည်းဆုံးတော့ အခုလောလောဆယ် တစ်ရာလောက် အရင်လိုချင်တယ်။ လုပ်ပေးနိုင်မလား "
ဒီလူတွေ စစ်တုရင်အပေါ် ဘယ်လောက်တောင် စွဲလန်းသွားကြသလဲဆိုတာကို ကက်စတယ်လာ ခန့်မှန်းရတာ မှားသွားပုံရပါတယ်။
"အခုရေ တစ်ရာဆိုရင်တော့ အနည်းဆုံး နှစ်ရက်လောက် အချိန်ယူရပါလိမ့်မယ် ရှင့်။"
ဝတ်ရုံနဲ့လူက ခေါင်းညိတ်ရင်း သူ့လက်သည်းတွေကို ကိုက်နေပါတယ်။
"ကောင်းပြီ ... အမြန်ဆုံးသာ လုပ်ပေးပါ။ ပြီးရင် မြို့ထဲမှာရှိတဲ့ မှော်မျှော်စင်ကို လာပို့ပေးရမယ်။ အဲဒီနေရာကို သိတယ်မလား "
ကက်စတယ်လာက ခေါင်းညိတ်ပြလိုက်ပါတယ်။ သူမ ထင်ထားတဲ့အတိုင်းပါပဲ၊ ဒီဝတ်ရုံနဲ့လူဟာ မှော်မျှော်စင်က စစ်မှန်တဲ့ မှော်ဆရာတစ်ယောက် ဖြစ်နေတာပဲ သူ့ရဲ့ ထူးဆန်းတဲ့ ဝတ်စားဆင်ယင်မှုကို ကြည့်ကတည်းက သူမ ခန့်မှန်းမိပြီးသားပါ။
"မျှော်စင်က ငါ့သူငယ်ချင်းတွေလည်း ဒီကစားပွဲကို ကြိုက်ကြမှာ သေချာတယ်။ ဒါက မှော်ဆရာတွေအတွက် သူတို့ရဲ့ ဉာဏ်ရည်ဉာဏ်သွေးကို လေ့ကျင့်ဖို့ အကောင်းဆုံးကစားပွဲပဲ။"
သခင်လေးရဲ့ တီထွင်မှုဟာ အခုဆိုရင် မှော်မျှော်စင်အထိပါ ပျံ့နှံ့သွားပြီဆိုတာကို သိရင် သခင်လေး တကယ်ကို ဝမ်းသာမှာပဲလို့ ကက်စတယ်လာ တွေးနေမိပါတယ်။
"ဒါနဲ့နေပါဦး၊ ဒီကစားပွဲ နာမည်က ဘာတဲ့လဲ "
"ဒီကစားပွဲကို 'ရီနေးတား စစ်တုရင်' လို့ ခေါ်ပါတယ်ရှင့် "
* * * * * * * * *
ရက်အနည်းငယ် ကုန်လွန်သွားပြီးတဲ့နောက် ကင်းစ်ဘရစ်ချ်မြို့မှာ ထူးဆန်းတဲ့ အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာပါတယ်။
ရုတ်တရက်ဆိုသလိုပဲ "ရီနေးတား" လို့ ခေါ်တဲ့ ကုမ္ပဏီအသစ်လေးဟာ မြို့ထဲမှာရှိတဲ့ လူတိုင်းရဲ့ အတင်းအဖျင်းစကားတွေနဲ့ အားလပ်ချိန်တွေကို စတင်သိမ်းပိုက်လာပါတော့တယ်။
အမျိုးသမီးထုကြားမှာလည်း တစ်ခါချိုးရုံနဲ့ ရုပ်ဆိုးတဲ့ ဖားပြုပ်မလေးကိုတောင် လှပတဲ့ မင်းသမီးလေး ဖြစ်သွားစေနိုင်တယ်လို့ နာမည်ကြီးနေတဲ့ အံ့ဖွယ်ဆပ်ပြာနဲ့ ခေါင်းလျှော်ရည်အကြောင်းကိုပဲ ပြောမဆုံး ဖြစ်နေကြတာပါ။
လူတိုင်းက ရီနေးတားဆပ်ပြာနဲ့ ခေါင်းလျှော်ရည်ကို သုံးပြီး ရေချိုးချင်နေကြပါတယ်။ ဒါဟာ အမျိုးသမီးထုရဲ့ တညီတညွတ်တည်း ဆန္ဒဖြစ်နေတာကြောင့် တခြားဆပ်ပြာထုတ်လုပ်တဲ့ ကုမ္ပဏီတွေဟာ အနောက်မှာ ပြတ်ကျန်ရစ်ခဲ့ပါတော့တယ်။
"ဒါကို ဘယ်လိုလုပ်ရမလဲဆိုတာ မသိဘူးဆိုတာ ဘာအဓိပ္ပာယ်လဲ ဒါက ဆပ်ပြာပဲလေ သူတို့လုပ်နိုင်ရင် ငါတို့လည်း လုပ်နိုင်ရမှာပေါ့ " လို့ ဆပ်ပြာထုတ်လုပ်တဲ့ လုပ်ငန်းရှင်ကြီးတစ်ယောက်က သူ့အလုပ်သမားတွေကို အော်ဟစ်နေပါတယ်။
"မဖြစ်နိုင်ပါဘူး ဆရာ။ သူတို့လုပ်တာက ကျွန်တော်တို့ရော တခြားလူတွေလုပ်တာနဲ့ပါ လုံးဝကို မတူတာပါ။ သူတို့ ငါတို့သုံးတဲ့ ကုန်ကြမ်းတွေနဲ့ တူတာကို သုံးရဲ့လားဆိုတာတောင် ကျွန်တော် မသိတော့ဘူး "
ဆပ်ပြာလုပ်ငန်းရှင်ကြီးဟာ သူ့ရဲ့ စားပွဲပေါ်မှာ ခေါင်းမှောက်နေရုံကလွဲလို့ တခြားမတတ်နိုင်တော့ပါဘူး။ သူတို့ ဘယ်လောက်ပဲ ကြိုးစားကြိုးစား ရီနေးတားဆပ်ပြာရဲ့ အနံ့နဲ့ အမြှုပ်ထွက်ပုံကို လိုက်မမီနိုင်ကြပါဘူး။
"ရီနေးတား ... ဘယ်ကလာတဲ့ ကုမ္ပဏီမှန်းမသိတဲ့ဟာက ငါ့ကို ဒုက္ခပေးနေပြီ " လို့ အဲဒီလူက ကျိန်ဆဲနေပါတယ်။
သူ စိတ်ကြည်လင်သွားအောင်လို့ ဆပ်ပြာထုတ်လုပ်တဲ့ သူ့ရဲ့ စက်ရုံဘက်ကို လမ်းလျှောက်သွားလိုက်ပါတယ်။
ဒါပေမဲ့ အလုပ်သမားတွေက အိုးကြီးတွေကို မွှေနှောက်ပြီး မီးဖိုကို ယပ်ခတ်ပေးနေမယ့်အစား၊ စားပွဲတစ်ခုမှာ ဝိုင်းအုံပြီး အလုပ်ထက် စိတ်ဝင်စားစရာကောင်းတဲ့ အရာတစ်ခုကို အာရုံစိုက်နေကြတာကို သူ တွေ့လိုက်ရတယ်။
"ဟင်း ... သူ အဲဒီနယ်ရုပ်ကို စားလိုက်သင့်တာ။"
"ဟုတ်တယ်၊ အခုတော့ သူ့ရဲ့ ရထားရုပ်က အန္တရာယ်ရှိသွားပြီ။"
သူဌေးက စားပွဲနားကို လျှောက်သွားလိုက်တဲ့အခါ သူ့ရဲ့ ဝါရင့်အလုပ်သမားနှစ်ယောက်ဟာ သစ်သားခုံပေါ်မှာ ထူးဆန်းတဲ့ သစ်သားရုပ်လေးတွေနဲ့ ကစားနေတာကို မြင်လိုက်ရပါတယ်။
အလုပ်ချိန်မှာ အပျော်အပါးလုပ်နေလို့ သူတို့ကို ဆူပူကြိမ်းမောင်းဖို့ ပြင်လိုက်ပေမဲ့ ပွဲကို မိနစ်အနည်းငယ်လောက် ကြည့်ပြီးတဲ့နောက်မှာတော့ သူကိုယ်တိုင်လည်း အဲဒီရဲ့ ရှုပ်ထွေးဆန်းကြယ်မှုတွေမှာ စိတ်ဝင်စားသွားပါတော့တယ်။ သူလည်း ကစားချင်လာတာပေါ့
"ဒီကစားပွဲက ပျော်စရာကောင်းပုံပဲ" လို့ သူက ပြောလိုက်ပါတယ်။
"ဒါကို ဘယ်လိုခေါ်လဲ "
အလုပ်သမားတွေက သူ့ကို လှည့်တောင်မကြည့်ဘဲ ပြန်ဖြေလိုက်ကြပါတယ်။
"ဒါကို 'ရီနေးတား စစ်တုရင်' လို့ ခေါ်တယ် "
"ရီ ... ရီနေးတား ... ရီနေးတား ... ဟူးးးး ..."
အဲဒီလူဟာ သက်ပြင်းအရှည်ကြီးချပြီး မေ့လဲသွားပါတော့တယ်။
* * * * * * * * *
"စီးပွားရေးက အရမ်းကို ကောင်းနေပါတယ် သခင်လေး။ ဆပ်ပြာနဲ့ ခေါင်းလျှော်ရည်တွေကို သေတ္တာလိုက် ဝယ်ချင်တဲ့ ချမ်းသာတဲ့သူတွေဆီကနေ ကျွန်မကို အများကြီး ဆက်သွယ်လာကြတယ်။ တခြားမြို့တွေမှာ ပြန်ရောင်းဖို့အတွက် ကျွန်မတို့ ကုန်ပစ္စည်းတွေကို ဝယ်ချင်နေတဲ့ ကုန်သည်တွေလည်း ရှိသေးတယ်ရှင့်။
ရီနေးတား စစ်တုရင် ကလည်း အရမ်းကို မြန်မြန်ဆန်ဆန် ပျံ့နှံ့နေပါတယ်။ အခုလောလောဆယ် ကျွန်မတို့ရဲ့ အကြီးမားဆုံး ဖောက်သည်ကတော့ မှော်မျှော်စင် ပါပဲ။ မှော်ဆရာ အတော်များများက သူတို့ကိုယ်တိုင်အတွက် တစ်စုံစီ ဝယ်နေကြတာပါ။ ဒီလောက်များပြားတဲ့ ဝယ်လိုအားကို လိုက်မီဖို့အတွက် ကျွန်မ မြို့အသီးသီးက လက်မှုပညာရှင် ငါးဆယ်လောက်ကို ထပ်ပြီး ငှားလိုက်ရတယ်ရှင့်။"
မိုက်ကယ်ကတော့ ကုတင်ပေါ်မှာ ထိုင်ရင်း ကက်စတယ်လာ တင်ပြနေတဲ့ သူ့ရဲ့ လျှို့ဝှက်ကုမ္ပဏီ "ရီနေးတား" အကြောင်းကို နားထောင်နေပါတယ်။
သူ့အနေနဲ့ ဒီလောက်အထိ မြန်မြန်ဆန်ဆန် ကြီးထွားလာမယ်လို့ မထင်ထားခဲ့ပါဘူး။ သူ့ရဲ့ ကုန်ပစ္စည်းတွေအပေါ် ဝယ်လိုအားက လက်ရှိ ထုတ်လုပ်နိုင်စွမ်းထက် အများကြီး ပိုများနေပါတယ်။
ဥပမာအားဖြင့် မိုက်ကယ်က နေ့တိုင်း ဆပ်ပြာနဲ့ ခေါင်းလျှော်ရည်တွေကို ပိုပြီး မထုတ်လုပ်နိုင်ဘူးဆိုတာ သိပါတယ်။ လူတိုင်း တောင့်တနေကြတဲ့ ဒီသန့်ရှင်းရေးပစ္စည်းတွေကို ထုတ်ဖို့အတွက် သူ လူအင်အား အများကြီး ထပ်လိုနေပါပြီ။
ဒီပြဿနာကို ဖြေရှင်းဖို့အတွက် နောက်ထပ် အကူအညီတွေ ငှားရမယ်ဆိုတာကို မိုက်ကယ် သိလိုက်ပါတယ်။
"ကျွန်မတို့ ပစ္စည်းကို တစ်ခါသုံးဖူးတဲ့သူတိုင်းက အရင်သုံးနေကျ ဆပ်ပြာဟောင်းတွေဆီကို ပြန်မသွားနိုင်ကြတော့ဘူးလို့ ကြားရတယ်ရှင့်။ ဒါက တကယ်ကောင်းတဲ့ အချက်ပဲ မဟုတ်ဘူးလား သခင်လေး "
ဒါပေမဲ့ မိုက်ကယ်က အဲဒီစကားကို ကြားတဲ့အခါ မျက်မှောင်ကြုတ်လိုက်ပါတယ်။
"တခြား ဆပ်ပြာထုတ်လုပ်တဲ့ လုပ်ငန်းတွေကော သူတို့ ဘာဖြစ်ကုန်ကြပြီလဲ "
"သူတို့ အခြေအနေ မကောင်းကြဘူးရှင့်" လို့ သူမက ပြန်ဖြေပါတယ်။ မိုက်ကယ်က ဘာလို့ ဒီရလဒ်အပေါ် မပျော်ရွှင်ရတာလဲဆိုတာကို သူမ ဇဝေဇဝါ ဖြစ်နေမိတယ်။
"မကောင်းဘူး" လို့ မိုက်ကယ်က ရေရွတ်လိုက်ပါတယ်။
"တောင်းပန်ပါတယ်၊ ဒါပေမဲ့ ဒါက ကုမ္ပဏီအတွက် တကယ်ကောင်းတဲ့ ကိစ္စ မဟုတ်ဘူးလားဟင် ပြိုင်ဘက်တွေ နည်းသွားရင် ကျွန်မတို့မှာ နောက်ပိုင်းကျရင် ဖောက်သည်တွေ ပိုများလာမှာလေ။"
မိုက်ကယ်က သက်ပြင်းချလိုက်ပြီး၊
“ဒါပေမဲ့ ငါတို့က သူတို့ရဲ့ လုပ်ငန်းတွေနဲ့ သူတို့ မိသားစုတွေကို ဖျက်ဆီးနေသလို ဖြစ်နေတာပဲ။ သူတို့ ဆပ်ပြာရောင်းလို့ မရရင် သူတို့ ဘယ်လို အသက်ရှင်ကြမလဲ။ ငါက ဒီစီးပွားရေးကို ပိုက်ဆံရဖို့တင် စတင်ခဲ့တာ မဟုတ်ဘူး၊ လူတိုင်းရဲ့ ဘဝ သက်သောင့်သက်သာ ဖြစ်စေဖို့အတွက် လုပ်ခဲ့တာ”
မိုက်ကယ်ရဲ့ စကားတွေကို ကြားရတဲ့အခါ ကက်စတယ်လာရဲ့ စိတ်ထဲမှာ နွေးထွေးသွားပါတယ်။ သူဟာ လောဘကြီးပြီး ရက်စက်တဲ့ စီးပွားရေးသမားတစ်ယောက် ဖြစ်ပိုင်ခွင့်ရှိပေမဲ့ တခြားသူတွေကိုလည်း ငဲ့ညှာနေတုန်းပါပဲ။
"ဒါဆို ကျွန်မတို့ ဘာလုပ်သင့်လဲ သခင်လေး "
"အဲဒါက လွယ်ပါတယ်၊ ငါတို့ သူတို့ဆီကနေ အကုန်လုံးကို ဝယ်ယူလိုက်မယ်။"
ဒေသတွင်းက ဆပ်ပြာလုပ်ငန်းတွေကို ဒေဝါလီခံသွားအောင် လုပ်မယ့်အစား၊ မိုက်ကယ်က သူတို့ကို သူ့ကုမ္ပဏီထဲမှာ ပေါင်းစည်းပစ်ချင်နေတာပါ။ ဒါဟာ လူတိုင်းအတွက် အဆင်ပြေစေမယ့် အဖြေတစ်ခုပါပဲ။
* * * * * * * * *
စာစဉ်(၂)
အခန်း(၂၂)
ရီနေးတားဆပ်ပြာနဲ့ ခေါင်းလျှော်ရည်တွေက အလွန်အမင်း ရေပန်းစားလာတာကြောင့် ဆပ်ပြာလုပ်ငန်း လုပ်ကိုင်သူတွေအတွက်တော့ အခြေအနေတွေက တဖြည်းဖြည်း ခက်ခဲလာခဲ့ပါတယ်။ ရက်ပိုင်းအတွင်းမှာတင် သူတို့ရဲ့ ထုတ်ကုန်တွေက ခေတ်မမှီတော့သလို ဖြစ်သွားပြီး ဘယ်သူမှလည်း ဝယ်မသုံးကြတော့ပါဘူး။
“ဖေဖေ... ဖေဖေ သားကို စစ်တုရင်ခုံတစ်ခုံ ဝယ်ပေးပါလားဟင်... နော် ဖေဖေ... တောင်းပန်ပါတယ်” လို့ လူငယ်လေးတစ်ယောက်က သူ့ဖခင်ရဲ့ အင်္ကျီကို ဆွဲပြီး ပူဆာနေပါတယ်။
သူ့ဖခင်ကတော့ အခြေအနေမလှဖြစ်နေတဲ့ ဆပ်ပြာလုပ်ငန်းပိုင်ရှင်ပဲ ဖြစ်ပါတယ်။
“တောင်းပန်ပါတယ် သားရယ်။ အခုလောလောဆယ် ပိုက်ဆံက နည်းနည်း အခက်အခဲရှိနေလို့ပါ။ နောက်နှစ်ကျမှ သားအတွက် စစ်တုရင်ခုံ ဝယ်ပေးမယ်လေ... ဟုတ်ပြီလား” လို့ သူက ဒူးထောက်ထိုင်ချလိုက်ပြီး ကောင်လေးရဲ့ ဆံပင်တွေကို ပွတ်သပ်ရင်း ပြောလိုက်ပါတယ်။
“မရဘူး အခုပဲ လိုချင်တာ”
သူ့သားလေးက ငိုယိုပြီး ထွက်ပြေးသွားပေမဲ့ သူကတော့ သားဖြစ်သူရဲ့ စိတ်ကောက်မှုကို ငေးကြည့်နေရုံကလွဲလို့ ဘာမှမတတ်နိုင်ခဲ့ပါဘူး။ အခုဆိုရင် သူတို့ရဲ့ ဆပ်ပြာတွေကို ဘယ်သူမှ မဝယ်ကြတော့တာကြောင့် လုပ်ငန်းကို ဆက်လည်ပတ်ဖို့တောင် ဝင်ငွေမရှိတော့ပါဘူး။ သူစုဆောင်းထားသမျှ ပိုက်ဆံတွေကိုလည်း ဒီလိုခက်ခဲတဲ့အချိန်မှာ အလုပ်သမားတွေကို လစာအပြည့်ပေးနိုင်ဖို့အတွက်ပဲ သုံးစွဲနေရတာပါ။
အဲဒီအချိန်မှာပဲ သူ့ရဲ့ရုံးခန်းတံခါးကို တစ်ယောက်ယောက်က လာခေါက်ပါတယ်။ သူက ဖောက်သည်အသစ် ဖြစ်နိုင်ခြေရှိတယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ လာရောက်သူကို အမြန်ပဲ ကြိုဆိုလိုက်ပါတယ်။
“မင်္ဂလာပါဗျာ... ဘာများ ကူညီပေးရမလဲ” လို့ သူက ဝမ်းသာနေသယောင် ဟန်ဆောင်ပြီး ပြုံးပြုံးလေး မေးလိုက်ပါတယ်။
ကတ်စတယ်လာက ရုံးခန်းထဲကို လျှောက်လှမ်းဝင်လာပြီး နှုတ်ဆက်တဲ့အနေနဲ့ သူ့ကို အရိုအသေပေးလိုက်ပါတယ်။
“မင်္ဂလာပါရှင်။ ကျွန်မက ရီနေးတားကုမ္ပဏီရဲ့ ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ လာခဲ့တာပါ”
အဲဒီစကားကို ကြားလိုက်ရတဲ့အခါမှာတော့ ထိုလူက ကုလားထိုင်ပေါ်မှာ မတ်မတ်ထိုင်လိုက်မိပါတယ်။ သူ့ရဲ့ အကြီးမားဆုံး ပြိုင်ဘက်က အိမ်အရောက် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာလိမ့်မယ်လို့ သူ တစ်ခါမှ မတွေးခဲ့မိပါဘူး။
“ဘာကိစ္စရှိလို့လဲ” လို့ သူက ခပ်ပြတ်ပြတ်ပဲ မေးလိုက်ပါတယ်။
ကတ်စတယ်လာက စားပွဲတစ်ဖက်က ကုလားထိုင်မှာ ထိုင်လိုက်ပြီး သူ့ဆီကို စာရွက်တစ်ရွက် ကမ်းပေးလိုက်ပါတယ်။ ထိုလူကတော့ စာရွက်ကို တစ်ချက်ကလေးတောင် မကြည့်ဘဲ ကက်စတယ်လာိုပဲ စိုက်ကြည့်နေခဲ့ပါတယ်။
သူ့ရဲ့ ရန်လိုနေတဲ့ အမူအရာကို မြင်တဲ့အခါမှာတော့ ကက်စတယ်လာ စကားလမ်းကြောင်း ပြောင်းရတော့မယ်ဆိုတာ သိလိုက်ပါတယ်။
“ဦးလေး... ဦးလေးက ဘာဖြစ်လို့ ဆပ်ပြာလုပ်ငန်းကို လုပ်တာလဲဟင်” လို့ ကက်စတယ်လာ မေးလိုက်ပါတယ်။
“ဒါကတော့ ရှင်းနေတာပဲလေ။ ပိုက်ဆံရချင်လို့ပေါ့။ ‘ရချင်ခဲ့တာ’ လို့ ပြောရမလား... ဒါပေမဲ့ မင်းတို့ကုမ္ပဏီကြောင့် ငါ့သားလေးရဲ့ မွေးနေ့အတွက် စစ်တုရင်ခုံတစ်ခုံတောင် ဝယ်မပေးနိုင်တော့ဘူး။ ငါ့အလုပ်သမားတွေလည်း စားဝတ်နေရေး ခက်ခဲနေကြပြီ”
အဲဒီအခါမှာတော့ ကက်စတယ်လာ စာရွက်ကို ပြန်ယူပြီး သူသေသေချာချာ အာရုံစိုက်မိအောင် ရှေ့ကို တိုးပြလိုက်ပါတယ်။
“ဒါက ကျွန်မတို့ဆပ်ပြာရဲ့ ဖော်မြူလာပါ။ ဒါကို ဦးလေးကို ပေးလိုက်ဖို့ ကျွန်မတို့ သခင်လေးက မှာထားပါတယ်”
ထိုလူ့ရဲ့ မျက်လုံးတွေ ဝိုင်းစက်သွားပါတယ်။ သူက စာရွက်ပေါ်က အကြောင်းအရာတွေကို အမြန်ပဲ ဖတ်ကြည့်လိုက်တဲ့အခါမှာ ရီနေးတား ဆပ်ပြာကို ဘယ်လိုထုတ်လုပ်ရမလဲဆိုတဲ့ အဆင့်ဆင့် ညွှန်ကြားချက်တွေ အစစ်အမှန် ဖြစ်နေတာကြောင့် အံ့အားသင့်သွားရပါတယ်။
သူ တကယ်ကို မယုံနိုင်အောင် ဖြစ်နေမိတာပါ။
“ဒါက တစ်ခုခု လှည့်စားတာလား။ မင်းတို့ ဘာကို ကြံစည်နေတာလဲ”
ကက်စတယ်လာ ခေါင်းယမ်းလိုက်ပြီး “ဘယ်လို လှည့်ကွက်မှ မရှိပါဘူး။ ဦးလေးအနေနဲ့ ဒီစာရွက်ကို ယူချင်တယ်ဆိုရင် ကျွန်မတို့က ဝမ်းမြောက်ဝမ်းသာ ပေးမှာပါ။ တခြား ဘာစည်းကမ်းချက်မှလည်း မရှိပါဘူး”
ထိုလူက ထရပ်လိုက်ပြီး သူ့ရုံးခန်းထဲမှာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေပါတယ်။
“ဘာလို့လဲ မင်းတို့က ဘာဖြစ်လို့ မင်းတို့ရဲ့ ပြိုင်ဘက်ကို ဆပ်ပြာလျှို့ဝှက်ချက်ကို ပေးရတာလဲ။ မင်းတို့ ဒါကို လျှို့ဝှက်ထားပြီး ငါတို့ကို လုပ်ငန်းထဲကနေ မောင်းထုတ်လိုက်လို့ ရတာပဲကို”
ကက်စတယ်လာ ပြုံးလိုက်ပြီး သခင်လေးရဲ့ စကားတွေကို ပြန်သတိရလိုက်ပါတယ်။
“ရီနေးတား ကုမ္ပဏီရဲ့ ပိုင်ရှင်က ရန်သူတွေကို မလိုချင်ပါဘူး။ သူက လူတိုင်းကို သောင့်သောင့်သာသာနဲ့ နေထိုင်စေချင်တာပါ။ အဲဒီအတွက် ဒီဖော်မြူလာကို ပေးရမယ်ဆိုရင်လည်း သူက ပေးဖို့ အဆင်သင့်ပါပဲ”
ထိုလူက လမ်းလျှောက်နေရာက ရပ်လိုက်ပြီး ကတ်စတယ်လာ နောက်နေတာလားဆိုပြီး ကြည့်လိုက်ပါတယ်။ ဒါပေမဲ့ သူမက နောက်နေတာ မဟုတ်ပါဘူး။ အလွန်ကို တည်တည်ငြိမ်ငြိမ် ရှိနေတာပါ။
“ငါ ရယ်ရမလား ဒါမှမဟုတ် သူ့ကို ချီးကျူးရမလားတောင် မသိတော့ဘူး” လို့ ထိုလူက စိတ်ရှုပ်ထွေးစွာနဲ့ သူ့ဆံပင်တွေကို ထိုးဖွရင်း ပြောလိုက်ပါတယ်။ သူတို့က ရီနေးတား ကုမ္ပဏီကို မုန်းတီးဖို့အတွက် တကယ်ကို ခက်ခဲအောင် လုပ်နေကြတာပါ။
“ဦးလေး... အဆင်ပြေမယ်ဆိုရင် ဦးလေး ဆပ်ပြာရောင်းလို့ တစ်လကို ဘယ်လောက် ဝင်ငွေရလဲဆိုတာ ကျွန်မကို ပြောပြလို့ ရမလားဟင်”
ထိုလူက သူမရဲ့မေးခွန်းကြောင့် ဇဝေဇဝါ ဖြစ်သွားပါတယ်။ “ဘာပြောတာလဲ”
“ရီနေးတား ဆပ်ပြာတွေ ဈေးကွက်ထဲ မဝင်ခင်တုန်းက ဦးလေးအတွက် အမြတ်အစွန်း အကောင်းဆုံးအချိန်မှာ ဘယ်လောက်လောက် ရလဲလို့ မေးတာပါ” လို့ ကက်စတယ်လာ ထပ်မေးလိုက်ပါတယ်။
ထိုလူက ခေတ္တစဉ်းစားလိုက်ပြီး အများဆုံး ရနိုင်မယ့် ပမာဏကို ခန့်မှန်းပြောလိုက်ပါတယ်။
“တစ်လကို ရွှေဒင်္ဂါး ၁၀၀ လောက်ပေါ့” လို့ သူက ဆိုပါတယ်။
အဲဒီအခါမှာတော့ ကက်စတယ်လာ သူမရဲ့ အိတ်ကပ်ထဲက အိတ်တစ်အိတ်ကို ထုတ်လိုက်ပြီး ထိုလူရဲ့ စားပွဲပေါ်ကို တင်လိုက်ပါတယ်။ တချွင်ချွင်မြည်သံကို ကြားလိုက်ရုံနဲ့တင် ဒါတွေက ရွှေဒင်္ဂါးတွေအများကြီးဆိုတာ သူ သိလိုက်ပါတယ်။
“ရီနေးတား ကုမ္ပဏီက ဦးလေးကို အခွင့်အရေးတစ်ခု ပေးချင်ပါတယ်။ အကယ်၍ ဦးလေးက ကျွန်မတို့ ကုမ္ပဏီရဲ့ လက်အောက်ကို ဝင်လာမယ်ဆိုရင်၊ ကျွန်မတို့က ဦးလေးကို ရွှေဒင်္ဂါး တစ်ထောင် ပေးမယ့်အပြင် ကျွန်မတို့အတွက် ရီနေးတား ထုတ်ကုန်တွေ ထုတ်လုပ်ပေးမယ်ဆိုရင် လစဉ်ရောင်းအားရဲ့ အချိုးအစား တစ်ခုကိုလည်း ပေးသွားမှာပါ”
ထိုလူက တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ပါတယ်။ ကတ်စတယ်လာ ပြောလိုက်တဲ့ စကားတွေထဲမှာ သူ့စိတ်တွေက လွင့်မျောနေပြီ ဖြစ်ပါတယ်။
“ဦးလေးက ကျွန်မတို့နဲ့ ပူးပေါင်းမယ်ဆိုရင် ရီနေးတား ဆပ်ပြာနဲ့ ခေါင်းလျှော်ရည်တွေကို တရားဝင် ရောင်းချခွင့် ရမှာပါ”
ထိုလူက ကုလားထိုင်ပေါ် ပြန်ထိုင်လိုက်ပြီး “ငါက ငြင်းလိုက်ရင်ရော ဘာဖြစ်မလဲ။ ဒီဖော်မြူလာကို ပြန်ယူသွားမှာလား”
“ဟင့်အင်း... ဒီဖော်မြူလာက ဦးလေးပိုင်သွားပါပြီ။ ဦးလေး စိတ်ကြိုက် နာမည်တစ်ခုနဲ့ ရောင်းလို့ရပါတယ်။ ကျွန်မတို့ဘက်က ဘာမှ နှောင့်ယှက်မှာ မဟုတ်ပါဘူး။
ဒါပေမဲ့ တစ်ခု သတိပေးချင်တာက ကျွန်မတို့ ရီနေးတား ကုမ္ပဏီမှာ ဒီထုတ်ကုန်တစ်ခုတည်း ရှိတာ မဟုတ်ပါဘူး။ ကျွန်မတို့ရဲ့ ခေါင်းဆောင်ဆီမှာ တခြား ထုတ်ကုန်တွေနဲ့ စိတ်ကူးသစ်တွေ အများကြီး ရှိပါသေးတယ်။ သူက လိုးရှင်းတွေ၊ ရေမွှေးတွေနဲ့ တခြား ထုတ်ကုန်တွေကိုလည်း ရောင်းချဖို့ အစီအစဉ် ရှိပါတယ်။ သန့်ရှင်းရေး ပစ္စည်းတွေတင် မဟုတ်ပါဘူး... ဦးလေး သိတဲ့အတိုင်း စစ်တုရင်ကိုလည်း ဈေးကွက်ထဲ ယူဆောင်လာတာ ကျွန်မတို့ပါပဲ။
အကယ်၍ ဦးလေးက ကျွန်မတို့နဲ့ ပူးပေါင်းမယ်ဆိုရင် ဒီလုပ်ငန်းတွေမှာ ပါဝင်ခွင့်ရမယ့် အခွင့်အရေး ရှိပါတယ်”
အကယ်၍ ထိုလူက အမြင်ကျဉ်းတဲ့သူဆိုရင်တော့ ဒီဖော်မြူလာကိုပဲ ယူပြီး ရီနေးတား ဆပ်ပြာကို ကိုယ်တိုင်ထုတ်လုပ်ကာ အမြတ်အားလုံးကို တစ်ယောက်တည်း ယူပါလိမ့်မယ်။
ဒါပေမဲ့ ရေရှည်အတွက် ကြည့်မယ်ဆိုရင်တော့ ရီနေးတား ကုမ္ပဏီနဲ့ မဟာမိတ်ဖွဲ့တာက ပိုပြီး အမြတ်အစွန်း ရနိုင်မှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီကုမ္ပဏီရဲ့ အနာဂတ်က ခန့်မှန်းလို့မရနိုင်အောင် ကြီးမားနေလို့ပါပဲ။
ဒါပေမဲ့လည်း ဒါက ကြီးမားတဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်နေပါသေးတယ်။
“ဦးလေးအနေနဲ့ သေသေချာချာ စဉ်းစားဖို့ အချိန်ယူပါဦး။ ကျွန်မ ခဏနေမှ ဦးလေးရဲ့ အဖြေကို လာတောင်းပါ့မယ်”
ကက်စတယ်လာ တံခါးဆီကို လျှောက်သွားပြီး မထွက်ခွာခင်မှာ သူ့ကို တစ်ချက် ထပ်ပြီး အရိုအသေ ပေးလိုက်ပါတယ်။
ထိုလူကတော့ သူ့ရဲ့ ခေါင်းကို လက်နှစ်ဖက်နဲ့ အုပ်ထားပြီး ကုလားထိုင်မှာပဲ ကျန်ရစ်ခဲ့ပါတယ်။ ဒီနေရာမှာ သူချမယ့် ဆုံးဖြတ်ချက်က သူနဲ့ သူ့မိသားစုရဲ့ ကံကြမ္မာကို အကောင်းဘက် ဒါမှမဟုတ် အဆိုးဘက်ကို ပြောင်းလဲပေးနိုင်မှာ ဖြစ်ပါတယ်။
အဲဒီအချိန်မှာပဲ တံခါးက ဝုန်းခနဲ ပွင့်သွားပြီး သူ့သားလေးက မျက်နှာထက်မှာ အပြုံးကြီးစွာနဲ့ ပြေးဝင်လာပါတယ်။ ကောင်လေးရဲ့ လက်ထဲမှာတော့ မိုက်ကယ် ကိုယ်တိုင် ပြုလုပ်ထားတဲ့ စစ်တုရင်ခုံတစ်ခုံ ပါလာပါတယ်။ ကက်စတယ်လာ ဒါကို လက်ဆောင်အဖြစ် ပေးသွားခဲ့တာပါ။
“ကျေးဇူးတင်ပါတယ် ဖေဖေ ဖေဖေကို သား အရမ်းချစ်တယ်”
သူ ဘာမှတောင် မတုံ့ပြန်နိုင်သေးခင်မှာပဲ သားဖြစ်သူက သူ့ကို တင်းတင်းကျပ်ကျပ် ဖက်လိုက်ပါတယ်။
ထိုလူရဲ့ မျက်နှာပေါ်မှာ အပြုံးတွေ တဖြည်းဖြည်း ပေါ်လာပြီး မျက်ဝန်းမှာတော့ မျက်ရည်တွေ ဝိုင်းလာပါတယ်။
အဲဒီအချိန်မှာတင် သူ့ရဲ့ ဆုံးဖြတ်ချက်က ခိုင်မာသွားခဲ့ပါပြီ။ သူတို့ရဲ့ ကမ်းလှမ်းချက်ကို သူ လက်ခံတော့မှာပါ။
* * * * * * * * *