အခန်း (၂၃-၂၄)
Vol. 2 Ch. 23-24
စာစဉ်(၂)
အခန်း(၂၃)
“ သတင်းကောင်းရှိပါတယ် သခင်လေး။ ဆပ်ပြာလုပ်ငန်းရှင်တွေအားလုံးက ကျွန်မတို့ရဲ့ ကမ်းလှမ်းချက်ကို လက်ခံလိုက်ကြပြီရှင့် ”
ခေါင်မိုးပေါ်က နေပူစာလှုံရာနေရာမှာ အနားယူနေတဲ့ မိုက်ကယ်ကို ကတ်စတယ်လာက ဦးညွှတ်ရင်း ပြောလိုက်တယ်။
“ ကောင်းတာပေါ့၊ ဒါဟာ တကယ်ကို ကောင်းတဲ့အချက်ပဲ ” မိုက်ကယ်က သက်သောင့်သက်သာနဲ့ ပြန်ဖြေလိုက်တယ်။
“ ကျွန်မရဲ့ ခန့်မှန်းချက်အရဆိုရင် ကျွန်မတို့ရဲ့ ဆပ်ပြာနဲ့ ခေါင်းလျှော်ရည် ထုတ်လုပ်မှုက အရင်ထက် နှစ်ဆယ်ဆလောက် ပိုတိုးလာပါတယ်။ အခုဆိုရင် ကျွန်မတို့ရဲ့ လက်အောက်ခံ ကုမ္ပဏီတွေရဲ့ အခြေခံအဆောက်အအုံတွေကြောင့် နေ့တိုင်း ဆပ်ပြာနဲ့ ခေါင်းလျှော်ရည် ထောင်ပေါင်းများစွာကို ထုတ်လုပ်နိုင်နေပါပြီ။
သူတို့တွေက ဈေးကွက်ထဲမှာ စတင်ရောင်းချနေပြီဖြစ်သလို ပစ္စည်းတင်လိုက်တာနဲ့ မိနစ်ပိုင်းအတွင်းမှာတင် ကုန်သွားလေ့ရှိပါတယ်။ လှည့်လည်ရောင်းချသူတွေကလည်း တခြားမြို့တွေကိုပါ သွားရောက်ရောင်းချနေကြပြီဆိုတော့ လူကြိုက်တော်တော်များနေပြီလို့ ပြောလို့ရပါတယ် ”
ကတ်စတယ်လာရဲ့ အသံထဲမှာ အားကျမှုနဲ့ စိတ်လှုပ်ရှားမှုတွေ ပါဝင်နေတယ်။ ဆပ်ပြာဖော်စပ်နည်း လျှို့ဝှက်ချက်ကို သူတစ်ပါးကို ပေးလိုက်တာက သူတို့ကုမ္ပဏီအတွက် ဒီလောက်အထိ အကျိုးအမြတ်အများကြီး ရလာလိမ့်မယ်လို့ သူမ ဘယ်တုန်းကမှ မတွေးခဲ့မိဘူးလေ။
သူမက မိုက်ကယ်ကို ရွှေလက်ပိုင်ရှင်တစ်ယောက်လို ကြည့်နေမိပြီး သူထိသမျှ အရာအားလုံးက ရွှေဖြစ်သွားသလိုမျိုးပဲလို့ ခံစားနေရတယ်။
တကယ်တော့ မိုက်ကယ်ကတော့ ဒါကို ထူးထူးခြားခြား တစ်ခုခု လုပ်နေတယ်လို့ မထင်ပါဘူး။ သူက သူ့ရဲ့ အရင်ကမ္ဘာက လုပ်ငန်းစုကြီးတွေရဲ့ စီးပွားရေး လုပ်ဆောင်ပုံတွေကို အတုယူပြီး လုပ်နေတာပဲ ဖြစ်ပါတယ်။
“ ငါတို့ ဘယ်လောက် မြတ်လိုက်လဲ ” မိုက်ကယ်က မေးလိုက်တယ်။
ကတ်စတယ်လာက ပြုံးလိုက်ပြီး တံခါးဘက်ကို လှည့်ကြည့်လိုက်တယ်။ အစေခံမလေးတစ်ယောက်က သစ်သားသေတ္တာကြီးတစ်လုံးကို သူတို့ဆီရောက်အောင် မနည်းတွန်းလာတာကို သူတို့ တွေ့လိုက်ရတယ်။ အဲဒီသေတ္တာကြီး ရွေ့လျားဖို့ ခက်ခဲနေပုံကို ကြည့်ရုံနဲ့တင် အထဲမှာ အတော်လေး လေးလံတာ ပါလိမ့်မယ်လို့ မိုက်ကယ် သိလိုက်တယ်။
အဲဒီနောက် အစေခံမလေးက သေတ္တာကို ဖွင့်လိုက်တဲ့အခါမှာတော့ အထဲမှာရှိတဲ့ ရွှေဒင်္ဂါးပြား ထောင်ပေါင်းများစွာကို တွေ့လိုက်ရတယ်။ ရွှေရောင်အလင်းပြန်မှုတွေက မိုက်ကယ်ရဲ့ မျက်နှာပေါ်ကို ဟပ်နေပြီး သူ့မျက်နှာလေးတောင် ခဏတာ ဝါထိန်သွားခဲ့တယ်။
“ ကုန်ကျစရိတ်တွေ အကုန်ဖယ်လိုက်ရင်တောင် ကျွန်မတို့ရဲ့ အသားတင်အမြတ်က ရွှေဒင်္ဂါး ၁၅,၀၀၀ လောက် ရှိပါတယ် ”
မိုက်ကယ်က တည်တည်ငြိမ်ငြိမ်နေဖို့ အစွမ်းကုန် ကြိုးစားလိုက်ပေမဲ့ အဲဒီရွှေတွေကို အရင်ကမ္ဘာက အမေရိကန်ဒေါ်လာနဲ့ တွက်ချက်ကြည့်လိုက်တဲ့အခါမှာတော့ အသက်ကို ပြင်းပြင်းရှူလိုက်မိတော့တယ်။
ဒေါ်လာ တစ်သိန်းခွဲ ဒါက သူ တစ်ရက်တည်းနဲ့ ရှာလိုက်တဲ့ ပမာဏပဲ ...
ရီနေးတားဆပ်ပြာနဲ့ ခေါင်းလျှော်ရည် ထုတ်လုပ်မှုတွေ မြင့်တက်လာတာကြောင့် ကုမ္ပဏီရဲ့ ဂုဏ်သတင်းကလည်း ကောင်းကင်အထိ မြင့်တက်သွားခဲ့ပါတယ်။
ရီနေးတားဆပ်ပြာနဲ့ ခေါင်းလျှော်ရည်တွေကြောင့် လူတွေက ရေချိုးတာနဲ့ လက်ဆေးတာတွေကို ပိုပြီး လုပ်ဆောင်လာကြတဲ့အတွက် ရောဂါဘယ ကူးစက်ပြန့်ပွားမှုတွေလည်း လျော့နည်းလာခဲ့တယ်လို့ မှတ်တမ်းတင်ခံရပါတယ်။
နှစ်လအတွင်းမှာတင် ရီနေးတားကုမ္ပဏီက ကျား၊ မ၊ ကြီး၊ ငယ်မရွေး လူတိုင်းရဲ့ နှလုံးသားကို သိမ်းပိုက်နိုင်ခဲ့တယ်။
အမျိုးသမီး အများစုက သူတို့ရဲ့ ဆပ်ပြာကို သုံးကြသလို အမျိုးသား အများစုကလည်း သူတို့ရဲ့ စစ်တုရင်ဂိမ်းအသစ်ကို ကစားကြပါတယ်။
ကင်းစ်ဘရစ်ချ် မြို့မှာဆိုရင် ရီနေးတားကုမ္ပဏီက သတင်းစာတွေနဲ့ အတင်းအဖျင်း စကားဝိုင်းတွေရဲ့ အဓိက ခေါင်းစဉ်တစ်ခု ဖြစ်လာခဲ့တယ်။ လူတိုင်းက ဒီကုမ္ပဏီက ဘယ်ကလာသလဲ၊ ဒီလို ထူးခြားတဲ့ ပစ္စည်းတွေကို ဘယ်သူက ဖန်တီးခဲ့တာလဲဆိုတာကို သိချင်နေကြပါတယ်။
ပိုင်ရှင်က အနာဂတ်က လာတဲ့ မှော်ဆရာဖြစ်နိုင်တယ်၊ ဒါမှမဟုတ် တောင်ပေါ်မှာ နှစ်ပေါင်းထောင်ချီ နေထိုင်ခဲ့တဲ့ ရသေ့ကြီး ဖြစ်နိုင်တယ်၊ ဒါမှမဟုတ်လည်း အသိဉာဏ် အလွန်မြင့်မားတဲ့ လူသားတစ်ယောက် ဖြစ်နိုင်တယ်ဆိုပြီး အမျိုးမျိုး ခန့်မှန်းနေကြတာပါ။
ဒေသတွင်းက ဆပ်ပြာလုပ်ငန်းလေးတွေကို ဒေဝါလီခံရလုနီးပါး ဖြစ်အောင် လုပ်ခဲ့ပေမဲ့လည်း ဘယ်သူကမှ ရီနေးတားကုမ္ပဏီကို မမုန်းကြပါဘူး။ ပျက်စီးသွားတဲ့ ဆပ်ပြာကုမ္ပဏီတွေကတောင် ရီနေးတားရဲ့ ရက်ရောမှုကို ချီးကျူးနေကြပါသေးတယ်။
ဒါတွေက အခုမှ ပေါ်လာတဲ့ ကုမ္ပဏီအပေါ်မှာ ပိုပြီးတော့ လျှို့ဝှက်ဆန်းကြယ်မှုတွေ တိုးပွားစေခဲ့ပါတယ်။
သူတို့က တစ်မြို့လုံးရဲ့ ပြောစမှတ်ပြုစရာ ဖြစ်နေခဲ့ပြီ။ ကင်းစ်ဘရစ်ချ်မှာရှိတဲ့ လူတိုင်းက ရီနေးတားကုမ္ပဏီအကြောင်း သိကြသလို သူတို့ရဲ့ ပစ္စည်းတွေကိုလည်း စွဲစွဲမြဲမြဲ သုံးနေကြပါပြီ။ မကြာခင်မှာပဲ တခြား အိမ်နီးချင်း မြို့ပြတွေဆီကိုပါ ပျံ့နှံ့သွားတော့မှာပါ။ ဈေးကွက်ဝေစု အတော်များများကို သိမ်းပိုက်ဖို့ဆိုတာ အချိန်ပိုင်း ကိစ္စပဲ ရှိပါတော့တယ်။
ဒါပေမဲ့ ဒီကိစ္စတွေက ကင်းစ်ဘရစ်ချ်မှာရှိတဲ့ အကြီးဆုံး ကုမ္ပဏီရဲ့ အာရုံစိုက်မှုကိုတော့ မလွတ်ခဲ့ပါဘူး။
“ ကျွန်ုပ်တို့ရဲ့ စစ်တမ်းတွေအရ ဒီရီနေးတားလုပ်ငန်းကြောင့် ကျွန်ုပ်တို့ ကုမ္ပဏီရဲ့ လူကြိုက်များမှုက အနည်းဆုံး ၃၀ ရာခိုင်နှုန်းလောက် ကျဆင်းသွားပါတယ် ”
“ ဒီလို အသစ်အဆန်းတွေက ဘယ်ကနေ ပေါ်လာတာလဲဆိုတာ ဘယ်သူမဆို သိကြလား ဒါက ငါတို့ရဲ့ တခြား ပြိုင်ဘက်တွေက လုပ်ကြံတာလား ”
“ မဟုတ်ပါဘူး။ သူတို့လည်း ကျွန်ုပ်တို့လိုပဲ ခံစားနေရတာပါ ”
ဝတ်စုံအပြည့်နဲ့ ခန့်ညားထည်ဝါတဲ့ လူကြီးတစ်စုဟာ စားပွဲရှည်ကြီးတစ်ခုမှာ ထိုင်ရင်း သူတို့လက်ထဲက အစီရင်ခံစာတွေကို ကြည့်နေကြပါတယ်။
ဒီအစည်းအဝေးက ကြိုတင်စီစဉ်ထားတာ မဟုတ်ဘူးဆိုတာ သိသာလှပြီး လူအများစုက နွမ်းနယ်နေတဲ့ ပုံစံမျိုးနဲ့ အိပ်ရေးပျက်ထားတဲ့ ပုံပေါက်နေကြတယ်။ တချို့ဆိုရင် သူတို့ရဲ့ အကျီကြယ်သီးတွေကိုတောင် သေချာ တပ်မထားနိုင်ကြဘူး။
အခုက သန်းခေါင်ယံအချိန် ရောက်နေပြီဖြစ်ပြီး အခန်းထဲမှာ ဆီမီးတိုင်တွေနဲ့ ဖယောင်းတိုင်တွေနဲ့ပဲ အလင်းပေးထားပါတယ်။ ဒါပေမဲ့ သူတို့ကတော့ ဒီရီနေးတားကုမ္ပဏီသစ်ကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတဲ့ အစီအစဉ်တွေကို ဆွေးနွေးလို့ မပြီးနိုင်သေးပါဘူး။
“ ပြဿနာက ဘာလဲ လူကြီးမင်းတို့ ဆပ်ပြာကုမ္ပဏီတစ်ခုအတွက်နဲ့ ဘာလို့ ဒီလောက် စိုးရိမ်နေကြတာလဲ အဲဒါက ကင်းစ်ဘရစ်ချ်မှာရှိတဲ့ ကျွန်ုပ်တို့ရဲ့ အရေးကြီးတဲ့ လုပ်ငန်းတွေကို ထိခိုက်စေမှာ မဟုတ်ပါဘူး ” လို့ တခြားသူတွေထက် အတွေ့အကြုံ နည်းပုံရတဲ့ လူငယ်တစ်ယောက်က ပြောလိုက်တယ်။
သူ့ရဲ့မေးခွန်းကို မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ ထိပ်ပြောင်ပြောင် လူကြီးက ပြန်ဖြေလိုက်ပါတယ်။
“ ပြဿနာက သူတို့တွေက လူထုကြားမှာ လူကြိုက်များလာတာပဲ။ အခုလောလောဆယ်တော့ ဆပ်ပြာနဲ့ ခေါင်းလျှော်ရည်ပဲ ထုတ်သေးတာ။ ဒါပေမဲ့ နောက်ထပ် တခြားပစ္စည်းတွေသာ ထုတ်လာရင် ဘယ်လိုလုပ်မလဲ လူတွေက သူတို့ကို ယုံကြည်နေကြပြီဆိုတော့ သူတို့ထုတ်သမျှ ပစ္စည်းမှန်သမျှကို ချက်ချင်း ဝယ်သုံးကြမှာပဲ။
သူတို့ရဲ့ စစ်တုရင်ဂိမ်းအသစ်ကို ကြည့်လိုက်လေ။ လူအများစုက အဲဒါကို အသစ်အဆန်း အပန်းဖြေစရာအဖြစ် ချက်ချင်း လက်ခံလိုက်ကြတာပဲ။
ဒါက ကျွန်ုပ်တို့အတွက် ဒုက္ခပဲ။ သူတို့က ကျွန်ုပ်တို့ရဲ့ ဖောက်သည်တွေကို လုယူသွားတာကို ခွင့်မပြုနိုင်ဘူး၊ မဟုတ်ရင် ကျွန်ုပ်တို့ စီးပွားရေး ပျက်စီးသွားလိမ့်မယ် ” လို့ အဲဒီလူကြီးက ဒေါသတကြီး ပြောလိုက်တယ်။
ဒါက လူတိုင်းရဲ့ စိတ်ထဲမှာရှိနေတဲ့ မေးခွန်းပါ။ အဲဒီအခန်းထဲမှာ အဖြေပေးနိုင်တဲ့ တစ်ဦးတည်းသောသူကတော့ ကင်းစ်ဘရစ်ချ်နဲ့ အနီးနားမြို့တွေမှာရှိတဲ့ အကြီးဆုံး ကုမ္ပဏီရဲ့ ပိုင်ရှင်ပဲ ဖြစ်ပါတယ်။
သူကတော့ တခြားသူတွေနဲ့ မတူတဲ့ ဂုဏ်သိက္ခာမျိုးနဲ့ စားပွဲရဲ့ ထိပ်ဆုံးမှာ ထိုင်နေပါတယ်။
အဲဒီလူက မတ်တတ်ရပ်လိုက်တဲ့အခါမှာတော့ သူ့ရဲ့ ကျောပြင်က မတ်နေပြီး ဟန်ပန်ကလည်း ခိုင်မာလှပါတယ်။ တခြားသူတွေနဲ့မတူဘဲ သူ့ရဲ့ ဝတ်စုံကတော့ တစ်ချက်လေးတောင် မကြေဘဲ သန့်ရှင်းသပ်ရပ်နေတယ်။
“ ကျွန်ုပ်တို့ ဘာမှ လုပ်စရာ မလိုဘူး ” လို့ သူက အေးအေးဆေးဆေး ပြောလိုက်တယ်။
“ ဒါပေမဲ့ ဘတ်၊ ဒါက အမွေဆက်ခံမယ့် ကိစ္စကို ထိခိုက်လိမ့်မယ်။ မင်းရဲ့ အဖေပိုင်တဲ့ ပစ္စည်းအားလုံးအတွက် မင်း မတိုက်ပွဲဝင်ချင်ဘူးလား ” လို့ မုတ်ဆိတ်ရှည်နဲ့ လူကြီးက မေးလိုက်တယ်။
“ ကျွန်တော်ကတော့ ဗန်ဒါဘစ်ကုမ္ပဏီကို ဆက်ခံဖို့အတွက် တိုက်ခိုက်ဖို့ အစီအစဉ် မရှိပါဘူး ” လို့ ဘတ်က ပြန်ဖြေလိုက်တယ်။
ဟုတ်ပါတယ်။ ကင်းစ်ဘရစ်ချ်မှာ အကြီးဆုံး ကုမ္ပဏီပိုင်ရှင်ဖြစ်သလို ရီနေးတားကုမ္ပဏီရဲ့ လက်ရှိပြိုင်ဘက်ကတော့ မိုက်ကယ်ရဲ့ အဖေပဲ ဖြစ်နေပါတယ်။
တကယ်တော့ ဒီစီးပွားရေးက ဗန်ဒါဘစ်ဆိုတဲ့ နာမည်ကို ပထမဆုံး စတင်ကျော်ကြားစေခဲ့တာပါ။ ဒီလုပ်ငန်းကပဲ သူတို့ကို ကမ္ဘာပေါ်မှာ အချမ်းသာဆုံး မိသားစု ဖြစ်လာစေခဲ့တာ ဖြစ်ပါတယ်။
ပိုပြီး တိတိကျကျ ပြောရရင်တော့ ဘတ်ရဲ့ အဖေ၊ ဒါမှမဟုတ် မိုက်ကယ်ရဲ့ အဖိုးက ဗန်ဒါဘစ်ဆိုတဲ့ နာမည်ကို တည်ဆောက်ခဲ့ပြီး အခုလို ကမ္ဘာကျော်တဲ့ လုပ်ငန်းစုကြီး ဖြစ်အောင် လုပ်ခဲ့တာပါ။
လက်ရှိမှာတော့ ဗန်ဒါဘစ် ကုမ္ပဏီတစ်ခုလုံးကို ဘယ်သူ အမွေဆက်ခံမလဲဆိုတာအတွက် တိုက်ပွဲဝင်နေကြတာ ဖြစ်ပါတယ်။
ဘယ်သူက အကောင်းဆုံး ဆက်ခံနိုင်မလဲဆိုတာကို သိနိုင်ဖို့အတွက် မိုက်ကယ်ရဲ့ အဖိုးက သူ့ရဲ့ သားသမီးတွေကို ကုမ္ပဏီခွဲတွေ ခွဲပေးထားပြီး သူတို့ဘာသာသူတို့ စီမံခန့်ခွဲခိုင်းထားတာပါ။
ဘတ်ကတော့ ကင်းစ်ဘရစ်ချ်နဲ့ အနီးဆုံးမြို့တွေမှာရှိတဲ့ ဗန်ဒါဘစ် လုပ်ငန်းအားလုံးကို ရရှိထားပါတယ်။
တခြား ဆွေမျိုးတွေကတော့ နိုင်ငံခြားမှာရှိတဲ့ ဒါမှမဟုတ် တခြားတိုင်းပြည်တွေက ကုမ္ပဏီတွေကို ရရှိထားကြတာပါ။ သူတို့အားလုံးက ဗန်ဒါဘစ်ဆိုတဲ့ နာမည်ကို ကမ္ဘာ့စီးပွားရေးလောကမှာ ထိပ်ဆုံးက ဆက်ရှိနေအောင် ထိန်းသိမ်းနေကြတာ ဖြစ်ပါတယ်။
ကုမ္ပဏီတွေ မတူညီသလို နေရာအသီးသီးမှာ ရှိနေကြပေမဲ့ ဗန်ဒါဘစ် မျိုးဆက်တွေအားလုံးမှာ တူညီတဲ့ ရည်မှန်းချက်တစ်ခု ရှိပါတယ်။
အဲဒါကတော့ ဘယ်သူက သူတို့ရဲ့ ကုမ္ပဏီကို အင်အားအကြီးဆုံး ဖြစ်အောင် လုပ်နိုင်မလဲ၊ အဲဒီလူကပဲ ဗန်ဒါဘစ် မိသားစုရဲ့ အမွေအနှစ်အားလုံးကို ဆက်ခံရမှာပဲ ဖြစ်ပါတယ်
* * * * * * * * *
စာစဉ်(၂)
အခန်း(၂၄)
ဘတ် ဗန်ဒါဘစ်သည် စိတ်ရောလူပါ ပင်ပန်းပြီး အစည်းအဝေးခန်းမထဲကနေ ထွက်လာခဲ့သည်။
သူသည် မြို့ပြင်ရှိ သူတို့၏ ဧည့်ဂေဟာသို့ ပြန်ရန်အတွက် ညဉ့်နက်သန်းခေါင်ယံမှာ မြင်းရထားကို ခက်ခက်ခဲခဲ စီးခဲ့ရသည်။
အိမ်ထဲသို့ လှမ်းဝင်လိုက်စဉ် အစေခံအချို့နှင့် အိမ်တော်ထိန်းများက သူ့ကို လာရောက်နှုတ်ဆက်ကြသော်လည်း သူကတော့ ခေါင်းညိတ်ရုံသာ ပြုမူနိုင်ပြီး အိပ်ခန်းမကြီးဆီသို့ တန်းတန်းမတ်မတ် သွားလိုက်တော့သည်။
တံခါးဖွင့်လိုက်ချိန်မှာတော့ သူ၏ ဇနီးဖြစ်သူ လိုင်လီယာ ဗန်ဒါဘစ်တစ်ယောက် ရေချိုးခန်းထဲမှာ ရေချိုးပြီးခါစဖြစ်နေတာကို တွေ့လိုက်ရသည်။ သူမဆီကနေ ထွက်ပေါ်နေတဲ့ မွှေးပျံ့တဲ့ ပန်းရနံ့တွေက သူ့ရဲ့ စိတ်ဖိစီးမှုနဲ့ ပင်ပန်းနွမ်းနယ်မှုတွေကို အကုန်ပြေပျောက်သွားစေဖို့ လုံလောက်နေခဲ့သည်။
"မောင်... ဒီ ရီနေးတား ဆပ်ပြာနဲ့ ခေါင်းလျှော်ရည်က လူတွေပြောကြသလို တကယ်ကို ကောင်းတာပဲနော်"
လိုင်လီယာက သူမရဲ့ ဆံပင်တွေကို တဘက်နဲ့ သုတ်ရင်း ချီးကျူးလိုက်သည်။
"မိန်းမရယ်... အဲဒါက တို့ရဲ့ ပြိုင်ဘက်ကုမ္ပဏီက ထုတ်တာဆိုတာ မင်းသိတယ်မဟုတ်လား"
ဘတ်က ခါးသက်သက် အပြုံးလေးနဲ့ ပြောလိုက်သည်။
ရီနေးတား ကုမ္ပဏီက သူတို့ရဲ့ စီးပွားရေးကို စတင်ထိခိုက်လာစေတာတောင်မှ အဲဒီက ထုတ်ကုန်တွေရဲ့ ကောင်းမွန်မှုကိုတော့ သူ မချီးကျူးဘဲ မနေနိုင်ပေ။ သူ့ဇနီးက အဲဒီက သန့်ရှင်းရေးပစ္စည်းတွေကို စွဲလန်းနေသလို သူကိုယ်တိုင်ကလည်း ရီနေးတား စစ်တုရင်ကို ကြိုက်နှစ်သက်သူ တစ်ယောက်ဖြစ်နေသည်။
"အဲဒါကို မောင်က ဂရုစိုက်လို့လား"
လိုင်လီယာက ပြောရင်း သူ့ရင်ခွင်ထဲကို တိုးဝင်လိုက်သည်။
ဘတ် ပြုံးလိုက်ပြီး "ဟုတ်တာပေါ့။ ငါတို့ သက်သောင့်သက်သာ နေထိုင်ဖို့ ပိုက်ဆံလုံလောက်နေသရွေ့ ဒီဘဝကို ငါ ကျေနပ်ပါတယ်။ ဗန်ဒါဘစ် မိသားစုရဲ့ အမွေတွေအားလုံးအတွက် ငါ့မောင်နှမတွေနဲ့ လိုက်ပြီး မပြိုင်ဆိုင်ချင်တော့ဘူး"
လိုင်လီယာက ပြုံးလိုက်ပြီး ကုတင်ပေါ်မှာ သူ့ကို ပိုပြီး တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။ ဒါဟာ သူမ သူ့ကို ချစ်ရတဲ့ အဓိက အကြောင်းရင်းလည်း ဖြစ်သည်။
"တို့တွေ အိမ်ကို အမြန်ပြန်ကြရအောင်နော်။ သားလေးကို တကယ် လွမ်းလှပြီ..."
သားလေးရဲ့ ပါးဖောင်းဖောင်းလေးတွေကို သူမ မဆွဲရတာ လေးလနီးပါး ရှိနေပြီဖြစ်ရာ အခုဆိုရင် သားလေးကို လွမ်းတဲ့စိတ်က တားမရဆီးမရ ဖြစ်နေချေပြီ။
"မကြာခင် ပြန်ရမှာပါ။ ရီနေးတား ကုမ္ပဏီနဲ့ ပတ်သက်တဲ့ ကိစ္စတွေ ပြီးတာနဲ့ တို့တွေ ပြန်ကြတာပေါ့"
သူတို့နှစ်ဦး ခဏတာ တိတ်ဆိတ်သွားကြပြီး အခန်းထဲက ဖယောင်းတိုင်မီးလေးတွေ တဖျတ်ဖျတ် လင်းနေတာကို ငေးကြည့်နေမိကြသည်။
"မောင်... တို့သားလေး မိုက်ကယ်အတွက် ကျွန်မ စိုးရိမ်တယ်"
ဘတ် သက်ပြင်းအရှည်ကြီး ချလိုက်သည်။ သူက အမွေဆက်ခံခွင့်အတွက် မပြိုင်ဆိုင်ဖို့ ဆုံးဖြတ်ထားတာကြောင့် မိုက်ကယ်အနေနဲ့ အခုရနေတဲ့ ငွေကြေးထောက်ပံ့မှုမျိုးကို နောက်ပိုင်းမှာ ရရှိတော့မှာ မဟုတ်ပေ။
အမွေဆက်ခံခွင့်က တခြားတစ်ယောက်ဆီ ရောက်သွားတာနဲ့ အဲဒီလူက ဗန်ဒါဘစ် မိသားစုရဲ့ စီးပွားရေးလုပ်ငန်းတွေ အားလုံးကို ထိန်းချုပ်သွားမှာ ဖြစ်သည်။ အဲဒီထဲမှာ ဘတ် အခု စီမံခန့်ခွဲနေတဲ့ လုပ်ငန်းတွေလည်း ပါဝင်နေသည်။
ဒါဟာ မိုက်ကယ် အရွယ်ရောက်လာတဲ့အခါ အမွေအနှစ် အများကြီး ရရှိမှာ မဟုတ်ဘူးဆိုတဲ့ အဓိပ္ပာယ်ပင်။
ဒါကြောင့်လည်း ဘတ်က နေ့နေ့ညည မနားတမ်း ကြိုးစားနေရခြင်း ဖြစ်သည်။ သူ့သားလေး ငယ်စဉ်မှာ အတူတူ အချိန်မပေးနိုင်ဘဲ အိမ်နဲ့ဝေးရာမှာ အမြဲ အလုပ်လုပ်နေရတာတောင်မှ မိုက်ကယ်အတွက် အသင့်အတင့်ရှိတဲ့ အမွေတစ်ခု ဖန်တီးပေးထားချင်သည်။
"ကိုယ် စုထားတဲ့ ပိုက်ဆံတွေက သား ဘဝတစ်လျှောက်လုံး ဘာအတွက်မှ ပူစရာမလိုဘဲ နေနိုင်ဖို့ လုံလောက်ပါတယ်။ သူ့ရဲ့ ကျောင်းစရိတ်တွေနဲ့ လေ့ကျင့်ရေး စရိတ်တွေအားလုံးကို အကုန်ကျခံနိုင်မှာပါ"
ဘတ်က အာမခံလိုက်သည်။
ဒါပေမဲ့ ဒါက မိခင်တစ်ယောက်ရဲ့ စိုးရိမ်မှုကိုတော့ မလျှော့ချနိုင်ခဲ့ပေ။
"ဒါပေမဲ့လည်း... မိုက်ကယ်ကို ဒီကမ္ဘာမှာ အကောင်းဆုံး ဘဝမျိုး ပိုင်ဆိုင်စေချင်တာ။ သူက ဗန်ဒါဘစ် မျိုးနွယ်ပဲလေ ပိုက်ဆံနဲ့ ပတ်သက်ပြီး လုံးဝ မပူပန်စေချင်ဘူး။ မောင့်အဖေက တို့မိုက်ကယ်အတွက် အမွေအချို့ ချန်ထားပေးအောင် လုပ်လို့ရမယ့် နည်းလမ်းများ ရှိမလား"
မိုက်ကယ်မှာ သူ့ထက် အသက်အများကြီးကြီးတဲ့ ဆွေမျိုးတွေ အများကြီးရှိတာကြောင့် အဘိုးဖြစ်သူက အမွေခွဲပေးမယ်ဆိုရင်လည်း လူကြီးတွေဆီပဲ အရင်ရောက်သွားမည် ဖြစ်သည်။
သို့သော် ဘတ် သိထားတဲ့ သူ့ဖခင်ရဲ့ အကြောင်းကတော့ အရည်အချင်းရှိမှုကိုသာ အလေးအနက်ထားသူ ဖြစ်သည်။
"နည်းလမ်းတစ်ခုတော့ ရှိတယ်။ အကယ်၍ မိုက်ကယ်က ဓားသိုင်းဖြစ်ဖြစ်၊ မှော်ပညာဖြစ်ဖြစ်၊ တခြား တစ်ခုခုမှာဖြစ်ဖြစ် ပါရမီရှိကြောင်း ပြသနိုင်ရင်တော့ အဖေက သူ့ကို အမွေအနှစ် အများကြီး ပေးဖို့ အကြောင်းပြချက် ရှိလာလိမ့်မယ်"
သို့သော် ဗန်ဒါဘစ်ဆိုတဲ့ အမည်နာမကို အောက်ခြေကနေ စတင်တည်ထောင်ခဲ့တဲ့ လူတစ်ယောက်ရဲ့ အသိအမှတ်ပြုမှုကို ရဖို့ဆိုတာ မလွယ်ကူလှပေ။
အကယ်၍ မိုက်ကယ်က သူ့အဘိုးကို အထင်ကြီးစေချင်တယ်ဆိုရင် သူဟာ တုနှိုင်းမရတဲ့ ပါရမီရှင်တစ်ယောက် ဖြစ်နေမှ ရပေမည်။
"သူ့မှာ ကျွန်မရဲ့ မျိုးဗီဇတွေ ပါတာပဲ။ မြေဓာတ်မှော်ပညာမှာ ပါရမီပါမှာ သေချာပါတယ်"
လိုင်လီယာက မျှော်လင့်ချက်အပြည့်နဲ့ ပြောလိုက်သည်။
"ဟုတ်တာပေါ့ မိန်းမရယ်"
ဘတ်က သူမကို နှစ်သိမ့်တဲ့အနေနဲ့ ဆံပင်လေးတွေကို အသာအယာ ပွတ်သပ်ပေးလိုက်သည်။
သူ ဒီလိုပြောလိုက်ပေမဲ့လည်း မိုက်ကယ်အနေနဲ့ မြေဓာတ်မှော်မှာ တုနှိုင်းမရတဲ့ ပါရမီရှင်ဖြစ်ဖို့ အခွင့်အလမ်းက အလွန်နည်းပါးတယ်ဆိုတာ သူသိနေသည်။
ကြယ် ၆ ပွင့်အဆင့် မှော်ဆရာ ဖြစ်နိုင်တဲ့ အရည်အချင်းရှိရုံနဲ့ မလုံလောက်ဘဲ ကြယ် ၇ ပွင့်အဆင့် မှော်ဆရာ ဖြစ်လာနိုင်တဲ့ အလားအလာမျိုး ရှိဖို့ လိုအပ်သည်။
ပါရမီရှင်တွေတောင်မှ အဲဒီအဆင့်ကို ရောက်ဖို့ ခဲယဉ်းလှသည်။
သူတို့ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ကတော့ မိုက်ကယ် အသက် ဆယ်နှစ်ပြည့်လို့ စွမ်းအင် နိုးထလာမယ့် အချိန်ပင်။ အဲဒီအချိန်ကျမှသာ သူ့ရဲ့ ပါရမီကို သိရှိနိုင်မှာဖြစ်ပြီး သူ့အဘိုးကို အထင်ကြီးအောင် လုပ်နိုင်မလားဆိုတာ သိရပေမည်။
ရက်တွေ ကုန်ဆုံးသွားပြီးနောက် ဘတ်နဲ့ လိုင်လီယာတို့ သူတို့ရဲ့ အိမ်တော်ကို ပြန်ဖို့ ကိစ္စတွေ အားလုံး အဆင်ပြေသွားခဲ့သည်။
သူတို့ အိမ်ကနေ ခွာနေခဲ့ရတာ စုစုပေါင်း လေးလခွဲခန့် ရှိပြီဖြစ်သော်လည်း လိုင်လီယာအတွက်မူ နှစ်ပေါင်းများစွာ ကြာမြင့်သွားသလို ခံစားနေရသည်။ တောအုပ်ကို ဖြတ်မောင်းနေတဲ့ မြင်းရထားပြတင်းပေါက်ကို သူမ စိတ်မရှည်စွာနဲ့ တောက်တောက် ခေါက်နေမိသည်။ ထို့နောက် သစ်ပင်တွေ ပါးသွားတဲ့အချိန်မှာတော့ အဝေးကနေ သူတို့ရဲ့ အိမ်တော်ကို လှမ်းမြင်လိုက်ရသည်။
သားလေး မိုက်ကယ်က သူမကို ဖက်ပြီး ကြိုဆိုနေမယ့် ပုံရိပ်ကို တွေးကြည့်ရင်း သူမရဲ့ အပြုံးတွေက ပိုပြီး ကျယ်ပြန့်လာသည်။
သို့သော် အဝေးကနေ သူတို့ရဲ့ အိမ်တော်ကြီးကို စိုက်ကြည့်နေရင်း သူမရဲ့ အပြုံးတွေက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။
အိမ်တော်ကြီးက သူမ ထွက်သွားစဉ်ကအတိုင်း အပြင်ပန်းကြည့်ရင် မပြောင်းလဲဘူးလို့ ထင်ရပေမဲ့လည်း အရာအားလုံးက ပြောင်းလဲနေသလို ခံစားနေရသည်။ လေထုထဲမှာ တစ်မျိုးထူးခြားနေတဲ့ ခံစားချက်တစ်ခုကို သူမ ရှင်းပြလို့မရအောင် ဖြစ်နေသည်။
သူမရဲ့ မိခင်ဗီဇက တစ်ခုခုကို သတိပေးနေသလိုပင်။ ဘာမှားနေလဲဆိုတာ မမြင်ရသေးခင်မှာတင် တစ်ခုခုကို မနာလိုဖြစ်သလိုလို ခံစားချက်မျိုး ဝင်နေမိသည်။
"ဘာဖြစ်လို့လဲ"
ဘတ်က မေးလိုက်သည်။
ထိုအခါ လိုင်လီယာက ပြတင်းပေါက်အပြင်ဘက်ကို လက်ညှိုးထိုးပြရင်း...
"မောင်... ဟိုမှာ ထူးထူးဆန်းဆန်း ပုံစံနဲ့ အဆောက်အအုံကို ဆောက်ခိုင်းထားတာလား"
အိမ်တော်ကြီးရဲ့ ဘေးနားမှာ အထဲကနေ အငွေ့တွေ ထွက်နေတဲ့ ကျောက်တုံး အဆောက်အအုံတစ်ခု ရှိနေသည်။
ဘတ်က မျက်မှောင်ကြုတ်ပြီး ကြည့်လိုက်ရာ ရေပူစမ်းတစ်ခုကိုပါ သတိထားမိသွားသည်။
"ဟင့်အင်း။ ကိုယ် ဘယ်သူ့ကိုမှ အဲဒါမျိုး ဆောက်ခိုင်းထားတာ မရှိပါဘူး။ အဲဒါ ဘာလဲဆိုတာတောင် ကိုယ်မသိဘူး"
သူတို့ အိမ်တော်နဲ့ တော်တော်လေး နီးကပ်လာပြီဖြစ်ရာ အိမ်ရှေ့မှာ သူတို့ကို ကြိုဆိုဖို့ တန်းစီစောင့်နေကြတဲ့ အစေခံတွေနဲ့ အိမ်တော်ထိန်းတွေကို မြင်နေရပြီဖြစ်သည်။
သူတို့အားလုံး ခေါင်းငုံ့ထားကြတာကို မြင်လိုက်ရတော့ ဘတ်နဲ့ လိုင်လီယာတို့ တစ်ခုခုတော့ မသင်္ကာစရာ ဖြစ်နေပြီဆိုတာ သိလိုက်ကြသည်။
မြင်းရထားက ဖြည်းဖြည်းချင်း ရပ်တန့်သွားပြီး သူတို့နှစ်ယောက် ထွက်လာခဲ့ကြသည်။
"ကြိုဆိုပါတယ် သခင်ကြီးနဲ့ သခင်မကြီး"
အစေခံတွေနဲ့ အိမ်တော်ထိန်းတွေက ပြိုင်တူ နှုတ်ဆက်ကြသည်။
လိုင်လီယာကတော့ သူတို့ကို ဂရုမစိုက်နိုင်ဘဲ အရေးကြီးဆုံး မေးခွန်းကိုသာ ချက်ချင်း မေးလိုက်တော့သည်။
"ငါ့သားလေး ဘယ်မှာလဲ"
* * * * * * * * *