အခန်း (၂၇-၂၈)
Vol. 3 Ch. 27-28
စာစဉ်(၃)
အခန်း(၂၇)
မိုက်ကယ်က သူဟာ ဒြပ်စင်လေးမျိုးစလုံးကို အသုံးပြုနိုင်တဲ့ ပါရမီရှင်တစ်ယောက်ဖြစ်ကြောင်း ထုတ်ဖော်ပြသလိုက်ရင် ဘယ်လောက်အထိ ရိုက်ခတ်မှုရှိသွားမလဲဆိုတာကို လျှော့တွက်ခဲ့မိပုံရပါတယ်။
သူ့ရဲ့ ပါရမီအကြောင်းကို ကြားကြားချင်းမှာပဲ ဖေဖေနဲ့ မေမေတို့ဟာ ရေပူစမ်းထဲကနေ ချက်ချင်းတက်လာကြပြီး သူ့ကို အသည်းအသန် မေးမြန်းပါတော့တယ်။
အခြေခံ ဒြပ်စင်လေးမျိုးရဲ့ မန္တန်တွေဟာ မျက်စိရှေ့တင် ထင်ထင်ရှားရှား ပေါ်ထွက်နေပေမဲ့လည်း လိုင်လီယာနဲ့ ဘတ်တို့ကတော့ သူတို့မျက်စိ သူတို့တောင် မယုံနိုင်အောင် ဖြစ်နေကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိကမ္ဘာပေါ်မှာ အစွမ်းအထက်ဆုံးလို့ သတ်မှတ်ထားတဲ့ ကြယ်၉ပွင့်အဆင့် မှော်ဆရာကြီးတောင်မှ အသက်ငါးနှစ်အရွယ်မှာ ဒီလိုမျိုး ပါရမီမျိုး မရှိခဲ့လို့ပါပဲ။
ငယ်စဉ်ကတည်းက ဘာမှော်ပညာကိုမှ သင်ကြားထားဖူးခြင်း မရှိတဲ့ ကလေးတစ်ယောက်က စကြဝဠာရဲ့ အခြေခံဒြပ်စင် အားလုံးကို ထိန်းချုပ်နိုင်စွမ်းရှိနေတယ်ဆိုတာဟာ စိတ်ကူးထဲမှာတောင် ထည့်မက်ဖို့ မလွယ်ကူတဲ့ ကိစ္စရပ်တစ်ခုပါ။
သူတို့ဇနီးမောင်နှံဟာ တကယ် ဟုတ်၊ မဟုတ် သေချာသွားအောင် ရေလုံး၊ မီးပွား၊ ကျောက်ခဲ နဲ့ လေပြင်း စတဲ့ ရိုးရှင်းတဲ့ မန္တန်တွေကို မိုက်ကယ်ကို အကြိမ်ကြိမ် ပြုလုပ်ခိုင်းပြီးမှပဲ အပြည့်အဝ ယုံကြည်သွားကြပါတယ်။
ဒါတောင်မှ သူတို့ဟာ အိပ်မက်မက်နေသလိုမျိုး ခံစားနေရတုန်းပါပဲ။
ဒါကို ပိုပြီး သေချာသွားစေဖို့အတွက် ကင်းစဘရစ်ချ်မြို့မှာရှိတဲ့ မှော်မျှော်စင်ကနေ ၅-စတား မှော်ဆရာတစ်ယောက်ကို ဖိတ်ကြားပြီး မိုက်ကယ်ရဲ့ ဒြပ်စင်လေးမျိုး ပါရမီကို စစ်ဆေးဖို့ စီစဉ်လိုက်ကြပါတယ်။
နောက်လေးနာရီအကြာမှာတော့ မှော်ဆရာဟာ အိမ်တော်ကို ရောက်ရှိလာပြီး စစ်ဆေးမှုကို စတင်ပါတော့တယ်။
မှော်ဆရာက သူ့ရဲ့ မှော်တောင်ဝှေးကို မြှောက်ပြီး မိုက်ကယ်ကို စစ်ဆေးတဲ့ မန္တန်နဲ့ လွှတ်လိုက်တဲ့အခါမှာတော့ ဘတ်ဟာ ဟိုဟိုဒီဒီ လမ်းလျှောက်နေပြီး လိုင်လီယာကလည်း စိုးရိမ်တကြီးနဲ့ လက်သည်းကို ကိုက်နေမိပါတယ်။
“မင်းရဲ့ မှော်စွမ်းအင် အမြုတေကို စစ်ဆေးပေးဖို့ ငါရောက်လာတာပါ” လို့ မှော်ဆရာက မိုက်ကယ်ကို ကလေးတစ်ယောက်လိုမျိုး ချော့မော့ပြီး ပြောလိုက်ပါတယ်။
ချက်ချင်း အဖြေသိချင်နေတဲ့ ဗန်ဒါဘစ်ဇနီးမောင်နှံနဲ့မတူဘဲ မှော်ဆရာကတော့ အေးအေးဆေးဆေးပါပဲ။
သူ့ရဲ့ ပါရမီရှင်ကလေးကို စစ်ဆေးပေးဖို့ မိဘတွေက အခကြေးငွေပေးပြီး ခေါ်ယူတာဟာ ဒါပထမဆုံးအကြိမ် မဟုတ်ပါဘူး။ အများအားဖြင့်တော့ ပါရမီရှင်လို့ ထင်ရတဲ့ ကလေးတွေဟာ ကြယ်၅ပွင့် အောက်မှာတင် တစ်သက်လုံး ရပ်တန့်သွားမယ့် သာမန်ပါရမီရှင်လေးတွေသာ ဖြစ်နေတတ်ပါတယ်။
မိုက်ကယ်ဟာလည်း အဲ့ဒီလိုပဲ ဖြစ်လိမ့်မယ်လို့ မှော်ဆရာက တွေးထားတာပါ။
မှော်တောင်ဝှေး ထိပ်ဖျားမှာ အလင်းဓာတ် မှော်စွမ်းအင်တွေ စုစည်းလာတဲ့အခါမှာတော့ မိုက်ကယ်နဲ့ မှော်ဆရာကြားထဲမှာ နို့နှစ်ရောင် အရည်ကြည်တွေနဲ့ ပြုလုပ်ထားတဲ့ မှော်ဖန်သားပြင်တစ်ခု ပေါ်ထွက်လာပါတယ်။
မိုက်ကယ်ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ဘယ်လို မှော်စွမ်းအင် အမြုတေမဆို ဒီဖန်သားပြင်ပေါ်မှာ အလင်းတန်းအဖြစ် ပေါ်လာမှာဖြစ်ပြီး သူဟာ ဘယ်လိုပါရမီမျိုး ရှိသလဲဆိုတာကို အတည်ပြုပေးမှာပါ။
“” မှော်ဆရာဟာ ထိတ်လန့်သွားပြီး နောက်ကို ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရပါတယ်။
[ ကျူးကျော်ဝင်ရောက်လာတဲ့ မှော်မန္တန်ကို ရှာဖွေတွေ့ရှိသည် ]
[ မင်းသည် မိမိအလိုအလျောက် အစစ်ဆေးခံရန် သဘောတူထားသဖြင့် ဤမှော်မန္တန်ကို ခန္ဓာကိုယ်အတွင်း ဖြတ်သန်းခွင့်ပြုလိုက်သည် ]
[ မှော်ကျင့်စဉ်အသစ် ရရှိသည် ]
[ မှော်စွမ်းအင် အမြုတေကို စစ်ဆေးခြင်း ]
အလင်း နှင့် အမှောင် ဒြပ်စင်
ဤမှော်ပညာသည် အသုံးပြုသူအား ပစ်မှတ်၏ ခန္ဓာကိုယ်အတွင်းရှိ ဖြစ်တည်နေသော မှော်စွမ်းအင် အမြုတေကို မြင်တွေ့နိုင်ရန် ဖန်သားပြင်တစ်ခု ဖန်တီးပေးသည်။ မှော်စွမ်းအင် အမြုတေများသည် သက်ဆိုင်ရာ ဒြပ်စင်အလိုက် အရောင်အမျိုးမျိုးဖြင့် ပေါ်ထွက်လာမည် ဖြစ်သည်။
ငါ့ခန္ဓာကိုယ်ထဲက အမြုတေတွေကို ခေါ်တဲ့ နာမည်တစ်ခု ရှိနေတာကို သိလိုက်ရလို့ ဝမ်းသာမိပါတယ်။
'မှော်စွမ်းအင် အမြုတေ... ဒါကို အဲ့ဒီလို ခေါ်တာကိုး'
ဒါထက် ပိုအရေးကြီးတာက အခြေခံ ဒြပ်စင်လေးမျိုးအပြင် တခြားဒြပ်စင်တွေလည်း ရှိနေသေးတယ်ဆိုတာကို သိလိုက်ရတာပါပဲ။
ဥပမာအားဖြင့် အခု ငါရလိုက်တဲ့ ကြယ်၄ပွင့် မန္တန်ဆိုရင် အလင်းနဲ့ အမှောင် မှော်စွမ်းအင်တွေ လိုအပ်ပါတယ်။ ဒါပေမဲ့ လက်ရှိ ငါ့ခန္ဓာကိုယ်ထဲမှာ အဲ့ဒီစွမ်းအင်တွေ မရှိသေးပါဘူး။
ဒီလို ထူးခြားတဲ့ မှော်စွမ်းအင်တွေကို စုဆောင်းဖို့အတွက် တစ်ခုခု ထူးထူးခြားခြား လုပ်ဖို့ လိုအပ်ပုံရပါတယ်။ မဟုတ်ရင်တော့ ငါ့ဘာသာ လေ့ကျင့်ရင်းနဲ့ သဘာဝအလျောက် ရရှိခဲ့မှာပါ။
အလင်းမှော်စွမ်းအင်ကို ဘယ်လိုစုဆောင်းရမလဲဆိုတာကို မှော်ဆရာကို မေးချင်ပေမဲ့ အဲ့ဒီလူကတော့ အံ့သြလွန်းလို့ စကားတောင် မပြောနိုင်ဘဲ ဖြစ်နေပါတယ်။
“မှော်ဆရာကြီး... ဘာတွေ တွေ့ရလို့လဲခင်ဗျာ” လို့ ဘတ်က စိုးရိမ်တကြီးနဲ့ မေးလိုက်ပါတယ်။
မှော်ဆရာဟာ စိတ်ကို ပြန်ထိန်းဖို့ ကြိုးစားရင်း လေကို ဝဝရှူလိုက်ပါတယ်။ ဒါပေမဲ့ မိုက်ကယ်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ထပ်နေတဲ့ ဖန်သားပြင်ပေါ်က တောက်ပနေတဲ့ အလင်းတန်းလေးခုကို ကြည့်ပြီး သူ မူးလဲတော့မလို ဖြစ်သွားရပြန်ပါတယ်။
မိုက်ကယ်ရဲ့ စွမ်းအင်ပင်လယ် နေရာမှာ စိမ်းလန်းတဲ့အလင်း၊ တောက်လောင်နေတဲ့ အနီရောင်အလင်း၊ နွေးထွေးတဲ့ အညိုရောင်အလင်းနဲ့ အေးမြတဲ့ ငွေရောင်အလင်းတန်းလေးခုဟာ တောက်ပစွာ ထွန်းလင်းနေတာပါ။
အသက်ငါးနှစ်အရွယ် ကလေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ ဒီဒြပ်စင်လေးမျိုးစလုံး အတူတူရှိနေတာက ပြဿနာမဟုတ်ပေမဲ့ အဲ့ဒီအလင်းတွေရဲ့ တောက်ပမှုကတော့ တကယ့်ကို ထူးခြားနေပါတယ်။
မှော်စွမ်းအင် အမြုတေ လေးခုစလုံးဟာ လိမ္မော်သီးတစ်လုံးလောက်ကို ကြီးမားနေတာပါ။
ဒီလောက်ကြီးမားပြီး သိပ်သည်းတဲ့ မှော်စွမ်းအင်တွေကို နှစ်ပေါင်းများစွာ စနစ်တကျ လေ့ကျင့်ထားတဲ့ လူကြီးမှော်ဆရာတွေမှာသာ တွေ့နိုင်တာပါ။ ဘာမှ သင်ကြားထားခြင်းမရှိတဲ့ ငါးနှစ်သားလေးဆီမှာ ဒါမျိုး တွေ့ရလိမ့်မယ်လို့ ဘယ်သူမှ မမျှော်လင့်ထားသလို ယုံလည်း ယုံနိုင်မှာ မဟုတ်ပါဘူး။
ဒီလောက်များပြားတဲ့ မှော်စွမ်းအင် ပမာဏ ရှိနေရုံနဲ့တင် သူဟာ နှစ်တစ်ထောင်မှာ တစ်ယောက်ပေါ်မယ့် ပါရမီရှင်လို့ သတ်မှတ်လို့ ရနေပါပြီ။
ဒါပေမဲ့ ဒြပ်စင်လေးမျိုးစလုံးမှာ ဒီလောက်အထိ အစွမ်းထက်နေတယ်ဆိုတာကတော့... ပြောရမယ်ဆိုရင် လူသားတစ်ယောက်ရဲ့ အဆင့်အတန်းထက် ကျော်လွန်နေပါပြီ။
“သူ... သူက ဒြပ်စင်လေးမျိုးစလုံးမှာ ထူးချွန်ထက်မြက်တဲ့သူပဲ” လို့ မှော်ဆရာက သူ့ရဲ့ ဦးထုပ်ရှည်ကြီးကို ပြန်ပြင်ဆင်ရင်း နဖူးက ချွေးတွေကို သုတ်ပြီး ပြောလိုက်ပါတယ်။
“မှော်ပညာ လောကမှာ ဒီလိုမျိုး ပါရမီမျိုးကို ကျွန်တော် တစ်ခါမှ မမြင်ဖူးပါဘူး။ သူ့ရဲ့ ပါရမီကို တိတိကျကျ တိုင်းတာဖို့အတွက် ကျွန်တော့်ရဲ့ အရည်အချင်းက မလုံလောက်ဘူးလို့ ထင်ပါတယ်။သူ့ကို မှော်မျှော်စင်ကို အမြန်ဆုံးခေါ်သွားဖို့ ကျွန်တော် တိုက်တွန်းချင်ပါတယ်။ သူ့ရဲ့ လူငယ်ဘဝကို အလဟဿ မဖြစ်စေဘဲ အခုချက်ချင်း လေ့ကျင့်မှုတွေ စတင်သင့်ပါတယ်။ သူ့ကို ကျွန်တော်တို့ရဲ့ မှော်ပညာရှင်အစည်းအရုံးမှာ တရားဝင် သင်ကြားပေးဖို့ အဆင်သင့်ပါပဲ”
မိုက်ကယ်ဟာ တကယ့်ကို ပါရမီရှင်တစ်ယောက် ဖြစ်နေတာကို သိလိုက်ရလို့ ဘတ်ဟာ ဝမ်းသာသွားပါတယ်။ ဒါဟာ မိုက်ကယ်အတွက် နောင်တစ်ချိန်မှာ ဘုရင်တွေနဲ့ မင်းညီမင်းသားတွေတောင် အရိုအသေပေးရမယ့် ကမ္ဘာကျော် မှော်ဆရာကြီး ဖြစ်လာဖို့ လမ်းစပါပဲ။
ဒါပေမဲ့ တရားဝင် ခေါ်ယူချင်တယ်ဆိုတဲ့ ကမ်းလှမ်းချက်ကို ကြားလိုက်ရတဲ့အခါမှာတော့ ဘတ် နည်းနည်း စိုးရိမ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မှော်အစည်းအရုံးကို ဝင်လိုက်မယ်ဆိုရင် မိုက်ကယ်ဟာ သူ့ရဲ့ တစ်ဘဝလုံးကို မှော်မျှော်စင်ထဲမှာပဲ ကုန်ဆုံးရမှာဖြစ်ပြီး လောကီစည်းစိမ်တွေကို စွန့်လွှတ်ပြီး မှော်ပညာရဲ့ အထွတ်အထိပ်ကိုပဲ ရှာဖွေရတော့မှာ မဟုတ်လား။
ဒါတင်မကသေးဘဲ မိုက်ကယ်ဟာ မှော်ဆရာတွေနဲ့ နီးစပ်သွားရင် သူတို့ ဗန်ဒါဘစ် မိသားစုအပေါ် သစ္စာရှိမှုထက် မှော်ပညာရှင်အစည်းအရုံးအပေါ် ပိုပြီး အလေးထားသွားမှာကိုလည်း ဘတ်က စိုးရိမ်နေမိတာပါ။
ဘတ်က မိုက်ကယ် ပါရမီထူးလွန်းလို့ ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲတွေကို တွေးပူနေချိန်မှာတော့ သူ့ဇနီးဖြစ်သူကတော့ တခြား ပိုအရေးကြီးတဲ့အရာကို စိုးရိမ်နေပါတယ်။
“ဒါနဲ့...” လို့ လိုင်လီယာက မှော်ဆရာကို မေးလိုက်ပါတယ်။
“ဘာများလဲ ခင်ဗျာ” လို့ အားကိုးရာမဲ့နေတဲ့ မှော်ဆရာက ပြန်မေးပါတယ်။
“သူ့ရဲ့ မြေဓာတ်အမြုတေက တခြားအမြုတေတွေထက် ပိုကြီးနေလား သူက မြေဓာတ်မှော်ပညာမှာ ပိုပြီး ပါရမီပါတာ မဟုတ်လား၊ အဲ့ဒါလေးကို ပြောပြပေးပါဦး”
မှော်ဆရာခမျာ ဘာပြန်ပြောရမှန်းတောင် မသိတော့ပါဘူး။
* * * * * * * * *
စာစဉ်(၃)
အခန်း(၂၈)
ဗန်ဒါဘစ် အိမ်တော်ကြီးရဲ့ အခြေအနေတွေဟာ မိုက်ကယ်က သူ့ရဲ့ တကယ့်မှော်ပါရမီကို မိဘတွေကို ထုတ်ပြပြီးကတည်းက အတော်လေး ပြောင်းလဲသွားခဲ့ပါတယ်။
သူ့ရဲ့ နေ့စဉ်ဘဝဟာ မနက်စောစောဆိုရင်ပဲ သူ့အမေဆီကနေ မြေဒြပ်စင် မှော်ပညာနဲ့ ပတ်သက်ပြီး သီးသန့်သင်ကြားမှုတွေ ခံယူရင်း အချိန်ကုန်ဆုံးရလေ့ရှိပါတယ်။ သူ့အမေက ဒြပ်စင်လေးမျိုးထဲမှာ မြေဒြပ်စင် မှော်စွမ်းအင် က အကောင်းဆုံးဖြစ်အောင်ဆိုပြီး သူ့ခေါင်းထဲကို အချက်အလက်တွေ အတင်းရိုက်သွင်းနေတော့တာပါပဲ။
သူမက ဒါကို ပြိုင်ပွဲတစ်ခုလိုမျိုး သဘောထားနေပုံရပါတယ်။
"ဟိဟိ... သားက သင်ပေးသမျှ အကုန်လုံးကို စုပ်ယူနိုင်တာပဲ မေမေ့ရဲ့ ပါရမီရှင်လေး ဆိုတော့လည်း ဒီလိုပဲ ဖြစ်မှာပေါ့"
မနက်စောစော အတင်းနှိုးခံရပေမဲ့လည်း မိုက်ကယ်ကတော့ ဒီသင်ကြားမှုတွေကို စိတ်မရှိပါဘူး။ အရင်က သူကိုယ်တိုင် မသိနိုင်ခဲ့တဲ့ မြေဒြပ်စင် မှော်ပညာနဲ့ မန္တန် တွေအကြောင်း အသစ်အသစ်တွေကို အများကြီး သင်ယူခဲ့ရလို့ပါ။
"မြေဒြပ်စင် မှော်စွမ်းအင် က မနက်ခင်းအချိန်တွေမှာ အားအကောင်းဆုံးပဲ။ ဘာလို့လဲဆိုတော့ အဲဒီအချိန်က ပန်းတွေ၊ အပင်တွေ၊ ကျောက်တုံးတွေနဲ့ သတ္တဝါတွေ နိုးထလာပြီး ပတ်ဝန်းကျင်က စွမ်းအင်တွေကို စုပ်ယူပြီး မြေဒြပ်စင် မှော်စွမ်းအင် အဖြစ် ပြောင်းလဲတဲ့ အချိန်မို့လို့ပဲ..."
လိုင်လီယာက ဆက်ပြီး ရှင်းပြနေပါတယ်။
မြေဒြပ်စင် မှော်စွမ်းအင် က ကမ္ဘာပေါ်မှာ ရှင်သန်နေတဲ့ သက်ရှိတွေဆီကနေ လာတာဆိုတဲ့ အချက်က တကယ်ကို စိတ်ဝင်စားဖို့ ကောင်းပါတယ်။
ဒါကို အနီးစပ်ဆုံး ရှင်းပြရရင်တော့ သဘာဝတရားရဲ့ ဖြစ်တည်မှု သံသရာနဲ့ နှိုင်းယှဉ်ကြည့်လို့ ရပါတယ်။ အပင်တွေက နေရောင်ခြည်ကို စုပ်ယူပြီး စွမ်းအင်အဖြစ် ပြောင်းလဲတယ်။ တိရစ္ဆာန်တွေက အဲဒီအပင်တွေကို စားပြီး စွမ်းအင်အဖြစ် ပြန်သုံးကြတယ်။ အဲဒီစွမ်းအင်အချို့က သုံးစွဲသွားပြီး အချို့ကတော့ စွန့်ပစ်ပစ္စည်းတွေ ဖြစ်သွားသလို... မြေဒြပ်စင် မှော်စွမ်းအင် အဖြစ်လည်း ဖြစ်ပေါ်လာတာမျိုးပေါ့။
သူမက သူ့ကို ဘယ်လို စိတ်ငြိမ်အောင် ကျင့်ကြံရမလဲဆိုတာကိုလည်း သင်ပေးခဲ့ပါတယ်။ လူတစ်ယောက်က မိမိရဲ့ ဒြပ်စင် အမြုတေ ထဲကို ပိုပြီး သန့်စင်တဲ့ မှော်စွမ်းအင် တွေ ဖြည့်နိုင်လေလေ၊ ထွက်ပေါ်လာတဲ့ မှော်စွမ်းအားက ပိုပြီး အစွမ်းထက်လေလေပါပဲ။
မှော်စွမ်းအင် စုဆောင်းတာ ဒါမှမဟုတ် ကျင့်ကြံတာဟာ မှော်ဆရာတိုင်း အရင်ဆုံး ကျွမ်းကျင်အောင် လုပ်ရမယ့် အခြေခံအကျဆုံး အလုပ်တစ်ခုပါ။ လိုင်လီယာက မြေဒြပ်စင် မှော်ပညာမှာ ပါရမီရှင်တစ်ယောက် ဖြစ်တာကြောင့် မြေဒြပ်စင် မှော်စွမ်းအင် စုဆောင်းတဲ့ နေရာမှာတော့ ထိပ်တန်းပါပဲ။
ကလေးတစ်ယောက်ကို နည်းစနစ်မှန်မှန် သင်ပေးဖို့ အကောင်းဆုံးနည်းလမ်းကတော့ သူ့ကို ပွေ့ချီထားပြီး သူမကိုယ်တိုင်က ကြားခံအနေနဲ့ မှော်စွမ်းအင် တွေကို စုဆောင်းပြတာပါပဲ။
သူမက မှော်စွမ်းအင် စုဆောင်းပုံကို သင်ပေးဖို့ အရမ်းစိတ်အားထက်သန်နေပေမဲ့ မိုက်ကယ်က ကျင့်ကြံတဲ့နေရာမှာ အတော်လေး ကျွမ်းကျင်နေပြီဆိုတာ သိလိုက်ရတဲ့အခါ ချက်ချင်းပဲ စိတ်မကောင်း ဖြစ်သွားရပြန်ပါတယ်။
မြေဒြပ်စင် မှော်စွမ်းအင် တွေသာမက တခြားသော ဒြပ်စင်သုံးမျိုးရဲ့ မှော်စွမ်းအင် တွေပါ မိုက်ကယ်ရဲ့ သေးငယ်တဲ့ ခန္ဓာကိုယ်ပတ်ပတ်လည်မှာ လေဆင်နှာမောင်းတစ်ခုလို ဝိုင်းပတ်နေခဲ့တာပါ။ သိပ်မကြာခင်မှာပဲ အဲဒါတွေအားလုံးက သူ့ရဲ့ ဒြပ်စင် အမြုတေ တွေထဲကို စုပ်ယူခြင်း ခံလိုက်ရပြီး အမြုတေ အရွယ်အစားက နည်းနည်းစီ ပိုကြီးလာခဲ့ပါတယ်။
ဒါတွေအားလုံးက နိုဗာ ရဲ့ ကျေးဇူးကြောင့်ဆိုတာ အသေအချာပါပဲ။ သူ့ရဲ့ ကိုယ်ပိုင် အေအိုင် အကူက သူအိပ်နေတဲ့ အချိန်မှာတောင် သူ့အတွက် မှော်စွမ်းအင် တွေကို စုဆောင်းပေးဖို့ တာဝန်ယူထားတာလေ။
သူ့ကို သင်ပေးစရာ ဘာမှမကျန်တော့တဲ့အခါမှာတော့ သူ့အမေက မန္တန် အချို့ကို သရုပ်ပြပါတော့တယ်။
"ဒါကတော့'ကျောက်သားဝတ်စုံ လို့ ခေါ်တဲ့ ကြယ်နှစ်လုံးအဆင့် မန္တန် ပဲ"
လိုင်လီယာက ပြောရင်း လက်နှစ်ဖက်ကို ဆန့်လိုက်တဲ့အခါ သူမရဲ့ ခန္ဓာကိုယ်ပတ်ပတ်လည်မှာ ညိုဝါရောင် အလင်းတန်းတွေ တောက်ပလာပါတယ်။
သူ့အမေရဲ့ အရေပြားပေါ်က လေထုထဲမှာ ဂရန်နိုက် ကျောက်တုံးစလေးတွေ ပေါ်လာပြီး သံလိုက်လိုမျိုး ကပ်သွားတာကို မိုက်ကယ် စောင့်ကြည့်နေမိပါတယ်။ အဲဒါက ခန္ဓာကိုယ်နဲ့ တသားတည်းဖြစ်နေတဲ့ ဝတ်စုံတစ်ခုလို ဖြစ်သွားပြီး ရင်ဘတ်၊ ခေါင်း၊ လက်မောင်းနဲ့ ခြေထောက်တွေကို ကာကွယ်ပေးထားတာပါ။
ဒီကျောက်သားဝတ်စုံနဲ့ သူမကို ကြည့်ရတာ တိုက်ပွဲဝင်ဖို့ အဆင်သင့်ဖြစ်နေတဲ့ ခန့်ညားထည်ဝါတဲ့ နတ်ဘုရားမတစ်ပါးလိုပါပဲ။
[ မှော်ကျင့်စဉ် တစ်ခုကို ရရှိပါပြီ။ ]
ဒီမှော်ပညာက အသုံးပြုသူကို ကျောက်သားနဲ့ ပြုလုပ်ထားတဲ့ ကာကွယ်ရေးဝတ်စုံတစ်ခု ဖန်တီးနိုင်စေပါတယ်။ ဒီဝတ်စုံက တစ်ကိုယ်လုံးကို မမြင်နိုင်တဲ့ ကာကွယ်ရေးအလွှာတစ်ခုအနေနဲ့ ဖုံးအုပ်ပေးထားမှာပါ။
ဝတ်စုံရဲ့ အလှအပဆိုင်ရာ အရည်အသွေးက အသုံးပြုသူရဲ့ စိတ်ကူးပုံဖော်မှုအပေါ် မူတည်ပါတယ်။
ဝတ်စုံရဲ့ ခံနိုင်ရည်ကတော့ အသုံးပြုသူရဲ့ မှော်စွမ်းအင် အရည်အသွေးနဲ့ ပမာဏအပေါ် မူတည်ပါတယ်။ တိုက်ခိုက်ခံရမှု တစ်ချက်ချင်းစီတိုင်းဟာ တိုက်ခိုက်မှုရဲ့ ပြင်းအားအပေါ် မူတည်ပြီး အသုံးပြုသူရဲ့ မှော်စွမ်းအင် ကို လျော့နည်းစေမှာ ဖြစ်ပါတယ်။
လိုင်လီယာက မိုက်ကယ်ကို သူမရဲ့ ဝတ်စုံအကြောင်း ကြွားဖို့တောင် အချိန်မရလိုက်ပါဘူး၊ ကျောက်သားဝတ်စုံကို အသုံးပြုခဲ့စဉ်က သူမဆီက ထွက်ပေါ်လာတဲ့ ပုံစံမျိုးအတိုင်း မိုက်ကယ်ရဲ့ ခန္ဓာကိုယ်ကနေ မြေဒြပ်စင် မှော်စွမ်းအင် တွေ ထွက်ပေါ်လာတာကို မြင်လိုက်ရလို့ပါ။
သူကြည့်ခဲ့ဖူးတဲ့ အန်နီမေးထဲက စွမ်းအားရှင် ဇာတ်လိုက်တွေ ဝတ်ထားသလိုမျိုး ဂရန်နိုက် ကျောက်တုံးကြီးတွေက သူ့ခန္ဓာကိုယ်ပေါ်မှာ လွင့်ပျံလာပြီး အရေပြားနဲ့ ကပ်သွားကာ တစ်ကိုယ်လုံးကို ဖုံးအုပ်သွားတဲ့ ဝတ်စုံတစ်ခု ဖြစ်လာပါတယ်။
"မိုက်တယ်နော်။ ကျေးဇူးပဲ မေမေ" အသုံးဝင်တဲ့ မန္တန် တစ်ခုကို သင်လိုက်ရလို့ မိုက်ကယ်က ကျေးဇူးတင်စကား ပြောလိုက်ပါတယ်။
သူမက သူ့သားအတွက် ဂုဏ်ယူနေပေမဲ့လည်း မိုက်ကယ်နဲ့ ပတ်သက်သမျှ အရာအားလုံးက လက်ခံရခက်ခဲလောက်အောင် ထူးခြားလွန်းနေတယ်လို့ ခံစားနေမိပါတယ်။ သူမ နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့ရတဲ့ မန္တန် ကို စက္ကန့်ပိုင်းအတွင်းမှာတင် သူက လိုက်တုနိုင်နေတာလေ။
သူသာ သူမရဲ့ သားဖြစ်မနေရင် ဒီလောက် ပါရမီထူးနေတာဟာ တကယ်ကို မတရားဘူးလို့တောင် သူမ တွေးမိမှာပါ။
"ဒီ မန္တန် က မြေဒြပ်စင် မှော်စွမ်းအင် နဲ့ လုပ်ထားတာဆိုတော့ လေတိုက်ခိုက်မှုတွေကို ကာကွယ်တဲ့နေရာမှာ အတော်ကောင်းတယ်။ ဒါပေမဲ့ မီးတိုက်ခိုက်မှုတွေနဲ့ တွေ့ရင်တော့ အားနည်းချက်ရှိတယ်" လိုင်လီယာက ရှင်းပြပါတယ်။
သူ့ရဲ့ အရင်ဘဝက ဂိမ်းတစ်ခုလိုပါပဲ၊ ဒြပ်စင်တိုင်းမှာ တစ်ခုနဲ့တစ်ခု အားသာချက်၊ အားနည်းချက်တွေ အသီးသီး ရှိကြတာပါ။
မြေဒြပ်စင်က လေကို နိုင်ပေမဲ့ မီးကိုတော့ ရှုံးပါတယ်။
'ကျွန်တော် ကျောက်သားဝတ်စုံအကြောင်း နားလည်ပါပြီ မေမေ။ ဒါပေမဲ့ ကျွန်တော်က တိုက်ခိုက်မှု အားလုံးကို ကာကွယ်နိုင်တဲ့ အရာမျိုးကိုပဲ လိုချင်တာ။ ကျွန်တော့်ရဲ့ ကာကွယ်ရေးမှာ ဘာအားနည်းချက်မှ မရှိစေချင်ဘူး'
လိုင်လီယာက ခေါင်းခါလိုက်ပါတယ်။ "မန္တန် တိုင်းမှာတော့ သူ့ရဲ့ အားသာချက်နဲ့ အားနည်းချက်က ရှိစမြဲပဲလေ"
ဒါက မိုက်ကယ်အတွက်တော့ အားရစရာ မရှိပါဘူး။
သူ့ဘဝကို သက်သောင့်သက်သာ ရှင်သန်နိုင်ဖို့အတွက် ကာကွယ်ရေးပိုင်းမှာ အစွမ်းကုန် အားကောင်းနေချင်တာပါ။ ရန်သူက သူ့ကို လာတိုက်ခိုက်ရင်တောင် သူက ဘာမှပြန်မလုပ်ဘဲ ဒီအတိုင်း ရပ်နေရင်တောင် မသေနိုင်လောက်တဲ့အထိ အစွမ်းထက်ချင်တာပေါ့။
'အင်း... ကျောက်သားဝတ်စုံ ရှိရင် "ရေဝတ်စုံ" ရော မရှိနိုင်ဘူးလား အဲဒါဆိုရင်တော့ ကျောက်သားဝတ်စုံနဲ့ မတူဘဲ မီးတိုက်ခိုက်မှုတွေကို သေချာပေါက် ကာကွယ်နိုင်မှာပဲ'
သူက သူ့အမေကို အဲဒီမေးခွန်း မေးကြည့်တဲ့အခါ အဖြေကတော့ "ရှိတာပေါ့" တဲ့။
"နာမည်တော့ မတူဘူးပေါ့၊ ဒါပေမဲ့ အယူအဆကတော့ အတူတူပဲ။ အသုံးပြုတဲ့ ဒြပ်စင်ပဲ ကွဲပြားသွားတာ" သူမက အခြေမချခင်တုန်းက သူမရဲ့ စွန့်စားခန်းဘဝတွေကို ပြန်တွေးရင်း ပြောလိုက်ပါတယ်။
'အဲဒါသာ အမှန်ဆိုရင် ငါ့ခန္ဓာကိုယ်ပေါ်မှာ ဒြပ်စင်ဝတ်စုံမျိုးစုံကို ထပ်ပြီး ဝတ်ထားလိုက်ရင် ဘေးအန္တရာယ် အားလုံးကနေ ကာကွယ်နိုင်မှာပဲ' မိုက်ကယ် တွေးလိုက်မိပါတယ်။
'နိုဗာ၊ ကျောက်သားဝတ်စုံနဲ့ ဆင်တူတဲ့ တခြားဒြပ်စင် မန္တန် တွေကို ဖန်တီးပေးလို့ ရမလား'
[ တောင်းပန်ပါတယ်။ လောလောဆယ်မှာတော့ မန္တန် တွေ အသစ်ဖန်တီးပေးဖို့အတွက် ကျွန်ုပ်မှာ အချက်အလက် မလုံလောက်သေးပါဘူး။ ]
ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းကတော့ မန္တန် တွေကို များများတွေ့အောင် ကြည့်ဖို့ပါပဲ။ ကံကောင်းတာက သူ မကြာခင်မှာ မှော်မျှော်စင်ကို သွားလည်ရတော့မှာပါ။ အဲဒီနေရာကနေ မန္တန် တွေ အများကြီး ရလိမ့်မယ်လို့ သူ မျှော်လင့်နေပါတယ်။
'ဟဲဟဲ... ရေဝတ်စုံကို သင်ရမှာကိုတောင် မစောင့်နိုင်တော့ဘူး' မိုက်ကယ်က သူ့ဘာသာသူ ရေရွတ်လိုက်မိပါတယ်။
ကံဆိုးစွာနဲ့ပဲ သူ့အမေက ဇီးကွက်လို နားပါးလွန်းနေပါတယ်။ လိုင်လီယာက သူ့ကို စူးစူးရဲရဲ ကြည့်လိုက်တဲ့အချိန်မှာ သူမရဲ့ ခေါင်းက ၁၈၀ ဒီဂရီလောက် လှည့်လာသလားလို့တောင် မိုက်ကယ် ထင်လိုက်မိပါတယ်။
"မင်း ခုနက ဘာပြောလိုက်တာလဲ ငါ ဒီမှာ ရှိနေတုန်း ရေဒြပ်စင် မန္တန် တွေကို သင်ချင်တယ်လို့ ပြောလိုက်တာ မဟုတ်ပါဘူးနော် ဟုတ်လား..."
မိုက်ကယ်က အူကြောင်ကြောင်နဲ့ ရယ်လိုက်ပြီး နောက်ကို ဖြည်းဖြည်းချင်း ဆုတ်လိုက်ပါတယ်။ သူ့အမေက မှော်ပညာနဲ့ ပတ်သက်လာရင်တောင် ဘယ်လောက်အထိ ပိုင်စိုးပိုင်နင်းနိုင်လဲဆိုတာ သူ သိသင့်နေပါပြီ။
သူက တခြားတစ်ခုခု သွားလုပ်တော့မယ်ဆိုပြီး ဆင်ခြေပေးကာ ထွက်သွားဖို့ ကြိုးစားပေမဲ့ သူ့အမေက သူ့ရဲ့ အင်္ကျီလက်စကို ချက်ချင်း လှမ်းဖမ်းလိုက်ပါတော့တယ်။
* * * * * * * * *