အခန်း (၂၉-၃၀)
Vol. 3 Ch. 29-30
စာစဉ်(၃)
အခန်း(၂၉)
နံနက်စောစော မိခင်ဖြစ်သူနဲ့အတူ သင်ကြားရေးအချိန်တွေ ပြီးဆုံးသွားတဲ့အခါမှာတော့ မိုက်ကယ်ဟာ မွန်းလွဲပိုင်းအချိန်တွေကို သူ့အဖေအတွက် ပေးမယ့် နာရီကို တည်ဆောက်ရင်း ကုန်ဆုံးစေခဲ့ပါတယ်။ ဒါဟာ စက်ပစ္စည်းတစ်ခုကို သူ ပထမဆုံးအကြိမ် တည်ဆောက်တာ မဟုတ်တော့တာကြောင့် အရင်ဘဝတုန်းက မြင်ဖူးခဲ့တဲ့ ရှေးဟောင်း နာရီအကြီးစားတွေလိုမျိုး ပုံစံတူကို အနည်းငယ် ပိုသေးအောင် သူ ဖန်တီးနိုင်ခဲ့ပါတယ်။ နာရီက အရင်ထက် သေးသွားတယ်ဆိုပေမဲ့ ဗီရိုတစ်လုံးစာလောက်တော့ ကြီးနေတုန်းပါပဲ။
သူ့အဖေကတော့ နာရီရဲ့ တချက်ချက် မြည်သံကို ကြားလိုက်ရတဲ့အခါမှာတော့ ခန့်ညားထည်ဝါအောင် ဟန်ဆောင်နေသမျှတွေ အသာထားပြီး ဝမ်းသာအားရ အော်ဟစ်လိုက်ပါတော့တယ်။
“ ဟိုးးးးးး ဝိုးးးးးးးး ”
ရှေ့နောက် လွှဲနေတဲ့ နာရီသီးကို ကြည့်ရင်းနဲ့ သူ့အဖေဟာ တစ်ခါတည်း မိန်းမောသွားပုံရပါတယ်။ သူကိုယ်တိုင်လည်း ခေါင်းကို ရှေ့နောက် လိုက်ရမ်းနေတာပေါ့။ မိုက်ကယ်ကတော့ သူ့အဖေတစ်ယောက် နာရီကို အရူးအမူး ဖြစ်နေတာကို ကြည့်ပြီး နည်းနည်းတော့ ကြောင်တောင်တောင်နိုင်တယ်လို့ တွေးမိပါတယ်။
“ အဖေက အဲဒီလောက်တောင် ကြိုက်နေတာလား ” လို့ မိုက်ကယ်က တခိခိ ရယ်ရင်း မေးလိုက်ပါတယ်။
သူ့အဖေကို ဒီလိုပုံစံမျိုးနဲ့ သူ တစ်ခါမှ မမြင်ဖူးခဲ့ပါဘူး။ အမြဲတမ်း တည်တည်တံ့တံ့နဲ့ အလုပ်ကို အလေးအနက်ထားတဲ့သူလို့ပဲ မြင်ခဲ့တာပါ။ အခုတော့ သူ့ကို တခြားပုံစံတစ်မျိုးနဲ့ မြင်လိုက်ရသလိုပါပဲ။
“ ဒါကြီးက ဘယ်လိုအလုပ်လုပ်လဲဆိုတာနဲ့ မင်း ဘယ်လိုများ ဖန်တီးလိုက်သလဲဆိုတာ အဖေ အခုထိ နားမလည်နိုင်သေးပေမဲ့ ဒါက တကယ်ကို အံ့သြဖို့ကောင်းတယ် သား ကျေးဇူးအများကြီးတင်ပါတယ်ကွာ။ ဒါကို ငါ့ရုံးခန်းထဲမှာ အမြန်ဆုံး သွားတပ်ချင်လှပြီ ” လို့ ဘတ် က မိုက်ကယ်ရဲ့ ဆံပင်တွေကို ဖွရင်း ပြောလိုက်ပါတယ်။
“ အခုတော့ ရှင့်မှာ အဲဒါရှိပြီဆိုမှတော့ အိမ်ပြန်နောက်ကျဖို့အတွက် အကြောင်းပြချက် ပေးလို့ မရတော့ဘူးနော် တော်ရုံတန်ရုံ ”
လိုင်လီယာ ရဲ့ စကားက နောက်ပြောင်နေသလို ရှိပေမဲ့ ဒါဟာ တကယ့် ခြိမ်းခြောက်မှုဆိုတာကိုတော့ သားအဖနှစ်ယောက်စလုံး သိနေကြပါတယ်။
“ အို ... အချိန်ကို ကြည့်ဦးမှပဲ။ ငါတို့ နေ့လယ်စာ မတိုင်ခင် ကင်းစ်ဘရစ်ချ် ကို ရောက်အောင် အခုပဲ သွားကြစို့ ဟားဟားဟား ”
လိုင်လီယာ ရဲ့ ကြောက်စရာကောင်းတဲ့ မေးခွန်းတွေကို ရှောင်တိမ်းနိုင်တဲ့ စွမ်းရည်ကတော့ မိုက်ကယ် တစ်ယောက် သူ့အဖေဆီကနေ အမွေရထားတာ ဖြစ်ပုံရပါတယ်။
ဒီနေ့ကတော့ သူတို့တွေ မှော်မျှော်စင်ကို သွားရောက်လည်ပတ်ဖို့ ကင်းစ်ဘရစ်ချ်မြို့ကို သွားမယ့်နေ့ပဲ ဖြစ်ပါတယ်။ ကင်းစ်ဘရစ်ချ်ကို သွားဖို့ တစ်ပတ်လောက် အချိန်ယူခဲ့ရတဲ့ အကြောင်းရင်းကတော့ မိုက်ကယ်ရဲ့ မိခင်က သူ့သားကို အစစ်ဆေးမခံခင်မှာ မြေဒြပ်စင် မှော်ပညာကို နည်းနည်း ပိုပြီး တိုးတက်အောင် သင်ပေးချင်နေလို့ပါ။ မိုက်ကယ်အတွက်တော့ ဒါက ကိစ္စမရှိပါဘူး။ ဘာလို့လဲဆိုတော့ သူဟာ မှော်ဆရာတွေကို အနီးကပ် တွေ့မြင်ခွင့်ရတော့မှာမို့လို့ပါ။
' ဟေး နိုဗာ၊ မင်း မှော်မန္တန်တွေကို ပိုပြီး ခွဲခြမ်းစိတ်ဖြာဖို့ အဆင်သင့်ပဲမလား '
[ မင်းရဲ့ ပတ်ဝန်းကျင်မှာ အသုံးပြုသမျှ မှော်မန္တန်တွေကို စစ်ဆေးဖို့ ကျွန်ုပ် အပြည့်အဝ စွမ်းဆောင်နိုင်ပါတယ်။ ]
ဒါက သူ ကြားချင်တဲ့ စကားပါပဲ။ နာရီအနည်းငယ် ကြာတဲ့အခါမှာတော့ အိမ်တော်ထိန်း က မြင်းရထားကို ရပ်လိုက်ပြီး ပြတင်းပေါက်ကနေ လှမ်းကြည့်ကာ ပြောလိုက်ပါတယ်။
“ သခင်ကြီး၊ သခင်မကြီးနဲ့ သခင်လေး ... ကျွန်တော်တို့ ကင်းစ်ဘရစ်ချ်မြို့ကို ရောက်ပါပြီ ”
မိုက်ကယ်ဟာ ကက်စတယ်လာ ဆီကနေ ‘ရီနေးတား’ ကုမ္ပဏီအကြောင်း နေ့စဉ် အစီရင်ခံစာတွေ နားထောင်ရင်း ကင်းစ်ဘရစ်ချ် အကြောင်းကို အများကြီး ကြားဖူးထားပါတယ်။ သူမရဲ့ ပြောပြချက်အရ ကင်းစ်ဘရစ်ချ်ဟာ သာမန်လူတွေထက် ပိုပြီး ချမ်းသာကြတဲ့ မြို့ကြီးတစ်မြို့ပါ။
ဒီနေရာမှာ နေထိုင်သူတွေကတော့ ချမ်းသာတဲ့ ကုန်သည်တွေ၊ နာမည်ကြီး ဓားသမား မိသားစုတွေနဲ့ တော်ဝင်မျိုးနွယ်တွေတောင် ပါဝင်ပါတယ်။ ဒါကြောင့်လည်း သူတို့ရဲ့ ရီနေးတား ဆပ်ပြာနဲ့ ခေါင်းလျှော်ရည်တွေကို ရွှေဒင်္ဂါး တစ်ပြားနှုန်းနဲ့ ရောင်းနိုင်တာပေါ့။ သာမန်လူတွေကတော့ ဒါကို မတတ်နိုင်ကြပေမဲ့ ကင်းစ်ဘရစ်ချ်က လူတွေကတော့ သူတို့ကိုယ်သူတို့ စိတ်ချမ်းသာအောင် ထားဖို့အတွက် အလွယ်တကူပဲ သုံးစွဲနိုင်ကြပါတယ်။
မိုက်ကယ်က ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်တဲ့အခါ မြို့ကို ဝိုင်းပတ်ထားတဲ့ မြင့်မားတဲ့ ကျောက်တံတိုင်းကြီးတွေနဲ့ ကင်းမျှော်စင်တိုင်းမှာ ရှိနေတဲ့ လေးသမားတွေ၊ စစ်သားတွေကို တွေ့လိုက်ရပါတယ်။
[ ဒီတံတိုင်းတွေကို ခိုင်ခံ့မှုနဲ့ တည်ငြိမ်မှုရှိအောင် ကျောက်တုံးတွေ၊ အင်္ဂတေတွေနဲ့ တည်ဆောက်ထားတာပါ။ အမြင့်ကတော့ ၂၀ မီတာ (သို့မဟုတ်) ၆ ထပ်တိုက် အမြင့်လောက် ရှိမယ်လို့ ခန့်မှန်းရပါတယ်။ ပိုပြီး သိချင်ပါသလား ]
' မလိုတော့ဘူး။ ဒီလောက်ဆို ရပြီ၊ ကျေးဇူးပဲ '
ချမ်းသာတဲ့ မြို့ပီပီ စစ်သားတွေကို လက်နက်အပြည့်အစုံ တပ်ဆင်ပေးထားတာကတော့ တွန့်တိုမနေကြပါဘူး။ ဂိတ်တံခါးကို စောင့်ကြပ်နေတဲ့ အစောင့်တွေဆိုရင် စတီးလ် သံချပ်ကာ အပြည့် ဝတ်ထားတဲ့အပြင် တော်ဝင် အရှိန်အဝါ ထွက်ပေါ်နေအောင် ရွှေပြားတွေနဲ့တောင် ကပ်ထားပါသေးတယ်။
“ ဗန်ဒါဘစ် မိသားစုကို ဂါရဝပြုပါတယ် ” လို့ ပြောရင်း စစ်သားက မြင်းရထားကို ဦးညွှတ်လိုက်ပါတယ်။ တခြားသူတွေလို မေးမြန်းတာ ဒါမှမဟုတ် ရထားကို စစ်ဆေးတာမျိုး လုံးဝ မခံရပါဘူး။ သူတို့ရဲ့ မြင်းရထားပေါ်မှာ ပါတဲ့ ဗန်ဒါဘစ် မိသားစု တံဆိပ်ကြောင့်ပဲ သူတို့ကို အလွယ်တကူ လွှတ်ပေးလိုက်တာပါ။
ဒါနဲ့ သူတို့ရဲ့ တံဆိပ်ကတော့ လက်နှစ်ဖက်ကနေ လျှံကျနေတဲ့ ရွှေဒင်္ဂါးတွေကို ကျုံးသွင်းထားပြီး အောက်မှာ ကမ္ဘာမြေပုံ ပုံစံ ပါရှိပါတယ်။ သူတို့ရဲ့ ချမ်းသာမှုကို ကြွားချင်လွန်းလို့ တံဆိပ်ပေါ်မှာ ရွှေအစစ်တွေ ကပ်ထားတာကို ကြည့်ပြီး မိုက်ကယ်ကတော့ ဒါက နည်းနည်း အကဲပိုလွန်းတယ်လို့ တွေးမိပါတယ်။
မြို့ထဲကို ရောက်သွားတဲ့အခါမှာတော့ စီဘက်ရှန်း က အဝေးက မြင်နေရတဲ့ အမည်းရောင် မျှော်စင်ကြီးဆီကို မြင်းရထားကို ဆက်မောင်းသွားပါတယ်။ တစ်ဖက်မှာတော့ မိုက်ကယ်က ခေါင်းကို ပြတင်းပေါက်ကနေ ထွက်ပြီး လိုက်ကြည့်နေတာပေါ့။ အလယ်ခေတ် မြို့ကြီးတစ်မြို့ကို သူ့မျက်စိနဲ့ တကယ့်ကို မြင်တွေ့ရတာ ဒါ ပထမဆုံးအကြိမ်ပါပဲ။
အရင်က အန်နီမေးတွေနဲ့ တီဗွီအစီအစဉ်တွေထဲမှာ မြင်ဖူးလို့ ဘယ်လိုပုံစံလဲဆိုတာ စိတ်ကူးရှိပေမဲ့ အပြင်မှာ မြင်ရတာကတော့ ပိုပြီး ထူးခြားနေပါတယ်။ အမျိုးသားတွေက တန်ဖိုးကြီး ဝတ်စုံတွေ ဝတ်ထားကြပြီး အမျိုးသမီးတွေကတော့ ပွယောင်းနေတဲ့ ဂါဝန်ကြီးတွေကို သာမန်လိုပဲ ဝတ်ထားကြပါတယ်။ ကြည့်ရတာ သူတို့တွေ ဝတ်စုံတွေဝတ်ပြီး ကစားနေကြသလိုပဲ၊ ဒါပေမဲ့ ဒါက သူတို့ရဲ့ နေ့စဉ်ဝတ်စုံအစစ်တွေပါ။
မြင်းရထားက ကင်းစ်ဘရစ်ချ်ရဲ့ ကျောက်ခင်းလမ်းတွေပေါ်မှာ တုန်ခါရင်း မောင်းနှင်နေစဉ်မှာပဲ မိုက်ကယ်ရဲ့ မြို့ကြည့်နေတဲ့ စိတ်ကူးလေးဟာ ဆိုးရွားလှတဲ့ အနံ့ဆိုးတစ်ခုကြောင့် ပျက်စီးသွားရပါတယ်။ သူ နှာခေါင်းကို မပိတ်ထားဘဲ မနေနိုင်တော့ပါဘူး။
“ အဲဒါ ... ဘာအနံ့ကြီးလဲ ”
ဒါပေမဲ့ သူ့မိဘတွေကတော့ ဘာကိုမှ သတိထားမိပုံမပေါ်ပါဘူး။
“ ဘာဖြစ်လို့လဲ သားလေး ”
မိုက်ကယ်က သူတို့ကို အရူးတွေလို ကြည့်လိုက်မိပါတယ်။
“ အဲဒီအနံ့ကို မရကြဘူးလား ”
လိုင်လီယာ နဲ့ ဘတ် က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပါတယ်။ ဘာအနံ့က အဲဒီလောက် ဆိုးနေလဲဆိုတာ သူတို့ မသိကြပါဘူး။ အဲဒီနောက်မှာတော့ ဘတ် က ဒါဟာ မိုက်ကယ် ကင်းစ်ဘရစ်ချ်ကို ပထမဆုံးအကြိမ် ရောက်ဖူးတာဆိုတာကို သတိရသွားပါတယ်။
“ အော် ... သား ရနေတဲ့ အနံ့က ဒိမ်းစ်မြစ်က အနံ့ ဖြစ်ရမယ် ” လို့ ဘတ် က ရှင်းပြလိုက်ပါတယ်။
မကြာခင်မှာပဲ မြင်းရထားက မြို့ရဲ့ နောက်တစ်ဖက်ကို သွားတဲ့ တံတားကြီးပေါ်ကို ရောက်သွားပါတယ်။ မိုက်ကယ် ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်တဲ့အခါမှာတော့ ဘာအနံ့က အဲဒီလောက် ဆိုးနေရသလဲဆိုတာကို သိသွားပါတော့တယ်။
ဒိမ်းစ်မြစ်ထဲမှာ ညစ်ညမ်းမှုတွေ ပြည့်နေတာပဲ သာမန် ညစ်ညမ်းမှုတင် မဟုတ်ဘဲ လူတွေရဲ့ မစင်တွေနဲ့ ညစ်ညမ်းနေတာပါ။ ဒီကမ္ဘာကြီးက လူတွေရဲ့ အညစ်အကြေးတွေကို သန့်ရှင်းမှုကို ဂရုမစိုက်ဘဲ မြစ်ထဲကို ဒီအတိုင်း စွန့်ပစ်နေကြတဲ့ အလယ်ခေတ်မှာပဲ ပိတ်မိနေတုန်းပါပဲ မိုက်ကယ်ဟာ အိမ်တော်ထဲမှာ ခေတ်မီ အိမ်သာစနစ်တွေနဲ့ နေလာခဲ့တာ ကြာပြီဖြစ်လို့ ဒီအချက်ကို သူ မေ့နေခဲ့တာပါ။ အခုမှပဲ ဒီကြောက်စရာကောင်းတဲ့ အမှန်တရားကြီးက သူ့မျက်နှာကို လာရိုက်သလို ခံစားလိုက်ရပါတော့တယ်။
* * * * * * * * *
စာစဉ်(၃)
အခန်း(၃၀)
ဒီလောက်အထိ ချမ်းသာကြွယ်ဝတဲ့ လူကုံထံတွေ ပြည့်နှက်နေတဲ့ မြို့ကြီးတစ်မြို့မှာ ဆိုရင်တော့၊ မိုက်ကယ်အနေနဲ့ သူတို့ရဲ့ ပတ်ဝန်းကျင် သန့်ရှင်းရေးအတွက် ပိုက်ဆံတွေ အများကြီး သုံးစွဲကြလိမ့်မယ်လို့ ထင်ထားခဲ့တာပါ။
“ ဘာလို့... သူတို့တွေ... သန့်ရှင်းရေး... မလုပ်ကြတာလဲ ”
“ သူတို့ လုပ်ကြပါတယ်။ အပတ်တိုင်း မှော်ဆရာတွေ လာပြီးတော့ ဒိန်းစ်မြစ်ကို သန့်စင်ပေးကြတယ်။ သိသလောက်ဆိုရင် မနေ့ကတင် သူတို့ သန့်ရှင်းရေး လုပ်သွားတာပါ ” လို့ ဘတ်က ပြန်ဖြေတယ်။
မြစ်ကို မနေ့ကမှ သန့်စင်ထားတယ် ဆိုပေမဲ့၊ အခုတော့ အညစ်အကြေးတွေနဲ့ ပြည့်နှက်နေပြန်ပါပြီ
မိုက်ကယ် တစ်ယောက် မယုံနိုင်အောင် ဖြစ်သွားရတယ်။ မစင်နံ့တွေ နံစော်နေတဲ့ ဒီလို နေရာမျိုးမှာ သူ တစ်ရက်တောင် မနေနိုင်ပါဘူး။ ဒါပေမဲ့ ဒီမြို့က လူတွေကတော့ တံတားပေါ်မှာ လမ်းလျှောက်နေရင်း ဒီလောက် ဆိုးဝါးတဲ့ အနံ့ကို ကျင့်သားရနေကြပုံပါပဲ၊ ဘယ်သူမှ မျက်နှာပျက်တာမျိုးတောင် မရှိကြဘူး။
‘ ဒီနေရာမှာ ဘာလိုအပ်နေလဲ သိလား ရေဆိုးထုတ်စနစ် တစ်ခုပဲ။ မှော်ဆရာတွေကို သုံးပြီး အပတ်တိုင်း အညစ်အကြေး သန့်စင်ခိုင်းနေတာက ပြဿနာရဲ့ အရင်းအမြစ်ကို ဥပေက္ခာပြုထားတာပဲ။ ဒါက တစ်မြို့လုံးကို ရောဂါတွေ ပျံ့နှံ့သွားစေလိမ့်မယ် ’
[ ဒီကမ္ဘာမှာ ရှိတဲ့ ပစ္စည်းတွေကို အသုံးပြုပြီး ရေဆိုးထုတ်စနစ် တစ်ခု ဘယ်လို အလုပ်လုပ်နိုင်မလဲ ဆိုတာကို ကျွန်ုပ် ရှင်းပြပေးရမလား ]
နိုဗာ ရဲ့ အကြံပြုချက်က သူ့ကို စဉ်းစားခန်း ဝင်သွားစေတယ်။ ကင်းစ်ဘရစ်ချ် မြို့မှာ ရေဆိုးထုတ်စနစ် တစ်ခု သူ တည်ဆောက်သင့်သလား
မိုက်ကယ်က အဲဒီ အတွေးကို ခဏ ဘေးဖယ်ထားလိုက်တယ်။ အနည်းဆုံးတော့ အခုလောလောဆယ်ပေါ့။ ကင်းစ်ဘရစ်ချ် မြို့က လူကြီးမင်းတွေက သူတို့ မြို့ထဲမှာ ဒီလောက် အကြီးအကျယ် ပြုပြင်ပြောင်းလဲတာမျိုးကို ခွင့်ပြုမှာ မဟုတ်ဘူးလို့ သူ သံသယ ဖြစ်မိလို့ပါ။
မကြာခင်မှာပဲ သူတို့ဟာ မြင့်မားတဲ့ မျှော်စင်ကြီးဆီကို ရောက်ရှိလာကြပါတယ်။
အဲဒါက သူ့ရဲ့ အရင်ကမ္ဘာက မိုးမျှော်တိုက်တွေလိုပဲ မြင့်မားပြီး၊ အရင်ဘဝတုန်းက သူ ဆော့ခဲ့ဖူးတဲ့ တုံးလေးတွေနဲ့ ဆောက်ရတဲ့ ဂိမ်းတစ်ခုထဲက အော့ပ်စီဒီယန် ကျောက်တုံးတွေရဲ့ အရောင်နဲ့ အသွေးအသားအတိုင်းပါပဲ။
ထူးထူးခြားခြားပဲ မှော်မျှော်စင်ရဲ့ အဝင်ဝက ဝဲဂယက်ထနေတဲ့ အစိမ်းရောင် အရည်တွေနဲ့ ပြုလုပ်ထားတဲ့ တံခါးပေါက် ပုံစံ မှော်ဝင်ဝင်ပေါက်ကြီး ဖြစ်နေတယ်။
“ ကျွန်တော်တို့ မှော်မျှော်စင်ကို ရောက်ပါပြီ။ မျှော်စင်သခင်ဆီကို ကျွန်တော်တို့ ရောက်ရှိလာတဲ့အကြောင်း အသိပေးပြီးပါပြီ၊ သခင်လေးကို ကြိုဆိုဖို့အတွက် တစ်ယောက်ယောက် လွှတ်ပေးပါလိမ့်မယ် ” လို့ အိမ်တော်ထိန်းကြီးက မြင်းရထား တံခါးကို ဖွင့်ပေးရင်း ပြောလိုက်တယ်။
မိုက်ကယ်က ချက်ချင်းပဲ အပြင်ကို ထွက်ပြီး ကိုယ်လက် ဆန့်ထုတ်လိုက်တယ်။ ပိုပြီး အသုံးဝင်တဲ့ မန္တန်တွေ ရဖို့အတွက် သူ မစောင့်နိုင်တော့ပါဘူး
စက္ကန့်အနည်းငယ် ကြာတဲ့အခါမှာတော့ အစိမ်းရောင် မှော်ဝင်တံခါးက တောက်ပလာပြီး တစ်ဖက်ကနေ လူရိပ်တစ်ခု ထွက်လာတယ်။
အဲဒါက အသက် ၂၅ နှစ်ခန့်ရှိတဲ့ အမျိုးသမီး တစ်ယောက်ဖြစ်ပြီး၊ အစိမ်းရောင် ဝတ်ရုံနဲ့ အနက်ရောင် ဦးထုပ်ချွန်ကြီးကို ဝတ်ဆင်ထားပါတယ်။ ဒါက ဒီကမ္ဘာက မှော်ဆရာတွေရဲ့ ပုံမှန် ဝတ်စုံပါပဲ။
“ လာရောက်လည်ပတ်တဲ့ အဖိုးတန် ဧည့်သည်တော်တွေကို ကြိုဆိုပါတယ် ” လို့ သူမက ဆိုတယ်။
“ ကျွန်မတို့ မျှော်စင်သခင်နဲ့ တွေ့ချင်လို့ပါ။ သူ ရှိလား ” လို့ လိုင်လီယာက တိုက်ရိုက်ပဲ မေးလိုက်တယ်။
အဲဒီ အမျိုးသမီးက လိုင်လီယာရဲ့ မယဉ်ကျေးမှုကို စိတ်ထဲ မထားတဲ့အပြင်၊ မိုက်ကယ်ရဲ့ အမေကို ကြည့်တဲ့အခါမှာ သူမရဲ့ မျက်ဝန်းတွေထဲမှာ အားကျရိပ်တွေတောင် ယှက်သန်းနေပါသေးတယ်။
“ မြေဒြပ်စင်မှော်ကဝေ နဲ့ တွေ့ရတာ ဂုဏ်ယူမိပါတယ် ” လို့ သူမက လိုင်လီယာကို ရည်ညွှန်းပြီး ပြောလိုက်တယ်။
“ စိတ်မကောင်းပါဘူး၊ မျှော်စင်သခင်က အခုလောလောဆယ် တခြား အလုပ်ကိစ္စတွေနဲ့ အပြင်သွားနေလို့ ချက်ချင်း မတွေ့နိုင်သေးပါဘူး။ ဒါပေမဲ့ သူ တစ်နာရီလောက်နေရင် ပြန်ရောက်လာပါလိမ့်မယ် ”
“ တောက်... အဲဒီ အဘိုးကြီးက ဘာတွေ လုပ်နေတာလဲ မသိဘူး ”
လိုင်လီယာ့ အသံက စိတ်ပျက်နေတဲ့ ပုံပေါက်နေတယ်။
မိုက်ကယ် ကြားရသလောက်တော့ သူ့အမေက မျှော်စင်သခင်နဲ့ ရင်းနှီးတဲ့ ပုံပါပဲ။
“ မေမေ... သူတို့ကို သိတာလား ”
ဒီတစ်ခါတော့ အဲဒီ အမျိုးသမီးကပဲ ပြန်ဖြေလိုက်ပါတယ်။
“ သိတာပေါ့ ကလေးလေးရဲ့။ မင်းရဲ့ အမေက ဒီမှော်မျှော်စင်ကနေ ထွက်ပေါ်လာခဲ့တဲ့ ပါရမီအရှိဆုံး မှော်ဆရာတွေထဲက တစ်ယောက်လေ။ သူမကို အနောက်ဘက်ခြမ်းရဲ့ မြေဒြပ်စင်မှော်ကဝေလို့တောင် ခေါ်ခဲ့ကြတာ။ အကယ်၍ သူမသာ မှော်ဆရာ ဦးထုပ်ကို စွန့်လွှတ်မသွားခဲ့ဘူးဆိုရင်၊ ဒီမျှော်စင်ရဲ့ နောက်ထပ် မျှော်စင်သခင် ဖြစ်လာမှာ သေချာတယ် ”
လိုင်လီယာကတော့ သူမအပေါ် ချီးမွမ်းနေတာတွေကို အတိတ်က ကိစ္စတွေပဲ ဆိုတဲ့ ပုံစံမျိုးနဲ့ လက်ကာပြလိုက်တယ်။
“ မေမေ ပြောသားပဲ သားရဲ့။ မေမေက အရင်တုန်းက တကယ့်ကို ပါရမီပါတဲ့ မြေဒြပ်စင် မှော်ဆရာမ တစ်ယောက်ပါ။ သားက ဒီမှော်မျှော်စင်မှာ သင်နေစရာ မလိုပါဘူး။ မြေဒြပ်စင် မန္တန်တွေနဲ့ ပတ်သက်ပြီး သား သိသင့်သမျှ အကုန်လုံးကို မေမေ သင်ပေးနိုင်တယ် ” လို့ လိုင်လီယာက ဆိုတယ်။
“ ချစ်ရပါသော ဇနီးလေး... မင်း ဆိုးနေပြီနော် ” လို့ ဘတ်က သူ့ဇနီးကို သတိပေးလိုက်တယ်။ အဲဒီနောက် သူက အမျိုးသမီးဘက် လှည့်ပြီး နောက်မှ ပြန်လာရမလားလို့ မေးလိုက်ပါတယ်။
“ ပြန်သွားဖို့ မလိုပါဘူး ” လို့ သူမက ပြန်ဖြေတယ်။
“ ဒီက သခင်လေးက ကျွန်မတို့ရဲ့ လုပ်ငန်းဆောင်တာတွေကို သိသွားအောင် မှော်မျှော်စင်ထဲမှာ လိုက်ကြည့်လို့ ရပါတယ် ”
အဲဒါကို ကြားလိုက်ရတဲ့အခါ မိုက်ကယ် စိတ်လှုပ်ရှားသွားတယ်။ မှော်ဆရာတွေက အံ့သြစရာကောင်းတဲ့ မန္တန်တွေကို တစ်ခုပြီးတစ်ခု အသုံးပြုနေကြတာကို သူ နောက်ဆုံးတော့ မြင်ရတော့မှာလား
“ ကျွန်တော် လိုက်ကြည့်လို့ ရလား ” လို့ သူက စိတ်အားထက်သန်စွာနဲ့ မေးလိုက်တယ်။
“ ကောင်းပြီလေ။ သားကို လောလောဆယ်တော့ ညည်းတို့ လက်ထဲမှာပဲ အပ်ခဲ့မယ် ” လို့ လိုင်လီယာက မကျေမနပ်နဲ့ ခွင့်ပြုလိုက်ပါတယ်။
“ စိတ်မပူပါနဲ့ မမလိုင်လီယာ။ ကျွန်မတို့ သခင်လေးကို သေချာ စောင့်ရှောက်ထားပါ့မယ် ” လို့ ပြောရင်း အမျိုးသမီးက မိုက်ကယ်ရဲ့ လက်ကိုဆွဲပြီး မှော်မျှော်စင် အဝင်ဝဆီကို ဦးဆောင်ခေါ်သွားပါတော့တယ်။
မိုက်ကယ်က သူ့မိဘတွေကို သူငယ်တန်းကျောင်းမှာ ကျန်ခဲ့တဲ့ ကျောင်းသားလေး တစ်ယောက်လိုပဲ နှုတ်ဆက်လိုက်တယ်။
သူတို့က ဗန်ဒါဘစ် မိသားစုရဲ့ လုပ်ငန်းကိစ္စတွေနဲ့ အလုပ်ရှုပ်နေတာကြောင့် မိုက်ကယ်နဲ့အတူ တစ်နေ့လုံး ရှိမနေနိုင်ကြပါဘူး။
“ ကဲ... ဗန်ဒါဘစ် သခင်လေး။ ဘာလို့ မှော်မျှော်စင်ကို လာချင်ရတာလဲ မှော်ပညာ သင်ယူဖို့ စိတ်ဝင်စားလို့လား မင်းရဲ့ အသက်အရွယ်က မှော်စွမ်းအင်တွေကို စုဆောင်းပြီး အမြုတေ တစ်ခု ဖန်တီးဖို့ အကောင်းဆုံး အချိန်ပဲ ”
မိုက်ကယ်က သူမကို မော့ကြည့်လိုက်တယ်။
“ ကျွန်တော် ဘာလို့ ဒီကို ရောက်နေတာလဲဆိုတာ သူတို့ မပြောပြဘူးလား ”
အမျိုးသမီးက ခေါင်းခါပြတယ်။
“ မပြောဘူး။ ကျွန်မတို့ကို ပြောထားတာက မင်း မျှော်စင်သခင်နဲ့ တွေ့ဖို့ လာမယ် ဆိုတာပဲ သိရတယ် ”
ဒါက လျှို့ဝှက်ချက် တစ်ခု ဖြစ်နေမှာ မဟုတ်ဘူးဆိုတာ မိုက်ကယ် သိတာကြောင့် အမှန်အတိုင်းပဲ ပြောလိုက်ပါတယ်။
“ ကျွန်တော့်ရဲ့ မှော်ပါရမီကို စစ်ဆေးဖို့ လာတာပါ ”
“ အို ဒါက တကယ် ကောင်းတာပဲ။ မင်းရဲ့ အမေမှာ အဲဒီလောက် ပါရမီရှိတာဆိုတော့၊ မင်းမှာလည်း မြေဒြပ်စင် မှော်ပညာမှာ ပါရမီ တစ်ခုခု ပါလာမှာ သေချာတယ် ”
မိုက်ကယ်က ခေါင်းညိတ်လိုက်တယ်။
“ ဟုတ်တယ်၊ ကျွန်တော် မြေဒြပ်စင်မှာ ပါရမီရှိတယ်လို့ ထင်တာပဲ။ အနည်းဆုံးတော့ သူတို့က အဲဒီလို ပြောကြတာပဲ။ ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဉ်ကြည့်ဖို့ တခြား ဘယ်သူ့ကိုမှ မတွေ့ဖူးသေးလို့ပါ ”
အမျိုးသမီးက ပြုံးလိုက်တယ်။ သူမက မိုက်ကယ်ရဲ့ စကားတွေကို အလေးအနက် မထားဘဲ အသက် ၅ နှစ်အရွယ် ကလေးတစ်ယောက်ရဲ့ ကလေးစကားတွေလို့ပဲ မှတ်ယူလိုက်ပါတယ်။
သူတို့တွေ မှော်မျှော်စင်နဲ့ နီးကပ်လာတာနဲ့အမျှ လေထုထဲမှာ မှော်စွမ်းအင်တွေ ပေါများနေတာကို မိုက်ကယ် ခံစားလိုက်ရတယ်။
အဲဒါက တကယ့်ကို ထူထပ်လွန်းလှပါတယ်။ သူဟာ မှော်စွမ်းအင် အမှုန်အမွှားတွေ ပြည့်နှက်နေတဲ့ ပင်လယ်ထဲမှာ လမ်းလျှောက်နေရသလို ခံစားရပြီး၊ အရောင်စုံ အလင်းတန်းတွေက သူ့အမြင်အာရုံထဲမှာ ဝိုင်းနေသလိုပါပဲ။
“ ဝိုး ” လို့ မိုက်ကယ်က ရေရွတ်လိုက်မိတယ်။
“ ဒီမှာ မှော်စွမ်းအင်တွေ အများကြီးပဲ။ ဒါပေမဲ့ ဘာလို့ မညီမမျှ ဖြစ်နေတာလဲ တခြား ဒြပ်စင်တွေထက် မီးဒြပ်စင်က ပိုများနေပြီး၊ ရေဒြပ်စင်ကတော့ သိပ်မရှိဘူး ”
အမျိုးသမီးက ခေါင်းညိတ်လိုက်တယ်။
“ ဟုတ်တယ်၊ အဲဒါက ဘာလို့လဲဆိုတော့ နေပါဦး... မင်းက လေထဲက တခြား မှော်စွမ်းအင်တွေကို ဘယ်လို ခံစားမိတာလဲ မင်းက မြေဒြပ်စင်မှာပဲ ပါရမီရှိတာ မဟုတ်ဘူးလား ”
မိုက်ကယ်က ပုခုံးတွန့်ပြလိုက်တယ်။
“ ကျွန်တော်က အကုန်လုံးမှာ ပါရမီရှိတာလေ ”
အမျိုးသမီးက လမ်းလျှောက်နေရင်း ရုတ်တရက် တန့်သွားပြီး မျက်လုံးအပြူးသားနဲ့ မိုက်ကယ်ကို ကြည့်နေပါတော့တယ်။
တစ်ဖက်မှာတော့ မိုက်ကယ်က ရှေ့ကို ဆက်သွားပြီး မှော်မျှော်စင် ထဲက မှော်ဝင်တံခါးနဲ့ နီးကပ်အောင် လမ်းလျှောက်သွားခဲ့တယ်။
အဲဒီလို သွားနေရင်းနဲ့ သူ မရင်းနှီးတဲ့ အရာတစ်ခုကို အာရုံခံမိလိုက်ပါတယ်။
[ ဒြပ်စင်အသစ်တွေ ရှိနေတာကို တွေ့ရှိရပါသည်... ]
[ ပြီးဆုံးပါပြီ။ အခုဆိုရင် မင်းမှာ ဒြပ်စင်အသစ် ၄ မျိုးဖြစ်တဲ့ အလင်း၊ အမှောင်၊ လျှပ်စစ် နဲ့ အဆိပ် ဒြပ်စင်တွေကို စုဆောင်းနိုင်တဲ့ စွမ်းရည် ရရှိပါပြီ။ ]
* * * * * * * * *