← Chapters

အခန်း (၃၁-၃၂)

Vol. 3 Ch. 31-32

အခန်း (၃၁-၃၂)

Vol. 3 Ch. 31-32

စာစဉ်(၃)

အခန်း(၃၁)

[စွမ်းအင်အမြုတေအသစ်တွေကနေ မှော်စွမ်းအင်အမှုန်အမွှားအသစ်တွေကို လက်ခံနိုင်ဖို့အတွက် စတင်ဖွဲ့စည်းနေပါပြီ… ပြီးဆုံးပါပြီ။]

[မှော်စွမ်းအင် အလိုအလျောက် စုဆောင်းခြင်းကို စတင်လိုက်ပါပြီ။]

မိုက်ကယ်က မျက်လုံးတွေကို မှိတ်ပြီး အသက်ကို ပြင်းပြင်းရှူလိုက်တယ်။ မှော်မျှော်စင်ကနေ ထွက်ပေါ်နေတဲ့ မှော်စွမ်းအင်အမှုန်အမွှားအသစ်တွေက အလျှံပယ် ဖြစ်နေတာကြောင့် သူဟာ ဒီအခွင့်အရေးကို အသုံးချပြီး တတ်နိုင်သမျှ များများ စုပ်ယူလိုက်ပါတော့တယ်။

သူ့ရဲ့ အဓိကဒြပ်စင် မှော်စွမ်းအင်အမြုတေတွေကို ဝိုင်းရံပြီး သေးငယ်လွန်းတဲ့ အမြုတေ လေးခု ထပ်မံဖြစ်ပေါ်လာတာကို သူ ခံစားလိုက်ရတယ်။ လျှပ်စီးဒြပ်စင် မှော်စွမ်းအင်တွေကို စုဆောင်းရတာက သူ့ရဲ့ အရေပြားပေါ်မှာ စူးခနဲ ဖြစ်သွားသလို ခံစားရပြီး၊ အဆိပ်ဒြပ်စင် မှော်စွမ်းအင်တွေကတော့ ရင်ပူသလိုမျိုး ခံစားလိုက်ရပါတယ်။

ဒါပေမဲ့ သူ အဲဒီလို မသက်မသာ ဖြစ်နေတာက သိပ်မကြာလိုက်ပါဘူး။ အဲဒီစွမ်းအင်တွေက သူ့အရေပြားကနေတစ်ဆင့် လျင်မြန်စွာ စိမ့်ဝင်သွားပြီး အသစ်ဖြစ်ပေါ်လာတဲ့ အမြုတေလေးတွေထဲကို ရောက်ရှိသွားကာ အနည်းငယ်စီ ကြီးထွားလာအောင် လုပ်ဆောင်ပေးနေပါတယ်။

တစ်ဖက်မှာတော့ အမျိုးသမီးက မိုက်ကယ်ရဲ့ စကားကို ကြားပြီး တစ်မိနစ်လောက် အံ့အားသင့်နေပြီးမှ သတိပြန်ဝင်လာခဲ့ပါတယ်။

"မင်းက အခြေခံဒြပ်စင် လေးမျိုးစလုံးမှာ ပါရမီ ပါတာလား ဘုရားရေ ဒါကြောင့်မို့လို့လည်း မင်းရဲ့ အရည်အချင်း စစ်ဆေးမှုကို မှော်မျှော်စင်သခင် ကိုယ်တိုင် လုပ်ပေးဖို့ စီစဉ်ထားတာကိုး"

အသက် ၅ နှစ်အရွယ် ကလေးတစ်ယောက်ရဲ့ မှော်စွမ်းအားကို စစ်ဆေးဖို့အတွက် မှော်မျှော်စင်သခင်က သူ့ရဲ့ အလုပ်များတဲ့ အချိန်တွေကြားက ဘာလို့ ကိုယ်တိုင်ကိုယ်ကျ အချိန်ပေးရသလဲဆိုတာကို သူမ အံ့သြနေခဲ့တာပါ။ သူ့ရဲ့ မျိုးရိုးနာမည်က ဗန်ဒါဘစ် ဖြစ်နေလို့ပဲလို့ သူမ ထင်ခဲ့မိပေမဲ့၊ တကယ်တမ်းကျတော့ သူက လျှို့ဝှက်ဆန်းကြယ်တဲ့ အတတ်ပညာတွေမှာ အလွန်ကြီးမားတဲ့ ပါရမီ ပါနေလို့ပဲ ဖြစ်ပါတယ်။

ဒြပ်စင်လေးမျိုးစလုံးကို ကျွမ်းကျင်တဲ့ မှော်ဆရာမျိုးကို သူမရဲ့ တစ်သက်မှာ တစ်ခါမှ မတွေ့ဖူးခဲ့ဘဲ ရှေးဟောင်းပုံပြင်တွေနဲ့ ဒဏ္ဍာရီတွေထဲမှာပဲ ကြားဖူးခဲ့တာပါ။ မိုက်ကယ်လိုမျိုး သာမန်ကလေးတစ်ယောက်ကို ကြည့်ပြီး အတိတ်က သူရဲကောင်းတွေနဲ့ နှိုင်းယှဉ်ကြည့်လိုက်တဲ့အခါ သူမမှာ ထူးဆန်းတဲ့ ခံစားချက်တစ်ခု ဖြစ်ပေါ်လာပါတယ်။

"အဲ... မင်း မှော်မျှော်စင်ထဲမှာပဲ သက်သောင့်သက်သာ နေနေပါဦးနော်။ ငါ မှော်မျှော်စင်သခင်ကို အရေးကြီးကိစ္စတွေကြားကနေ အမြန်ခေါ်လာပြီး မင်းကို ချက်ချင်း စစ်ဆေးပေးဖို့ ပြောလိုက်မယ်။ ဒါက တကယ်ကို အရေးကြီးလွန်းလို့ပါ"

အမျိုးသမီးက သူမရဲ့ မှော်လက်စွပ်ထဲကနေ တံမြက်စည်းရှည်ကြီး တစ်ခုကို ချက်ချင်း ထုတ်ယူလိုက်ပြီး အပေါ်မှာ ခွထိုင်လိုက်တဲ့အခါ တံမြက်စည်းက လေထဲကို ပျံတက်ပြီး အဝေးကို လွင့်ထွက်သွားပါတော့တယ်။

သူမက အသက် ၅ နှစ်အရွယ် ကလေးတစ်ယောက်ကို တကယ်ကြီး တစ်ယောက်တည်း ထားခဲ့တာလား

မိုက်ကယ်ကတော့ ပုခုံးတွန့်ပြလိုက်ပါတယ်။ သူက ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နိုင်တာပဲလေ။

ဒါက ပိုတောင် ကောင်းပါသေးတယ်။ သူက မှော်မျှော်စင်ထဲမှာ ရှိနေတဲ့ မှော်ဆရာတိုင်းကို အချိန်ယူပြီး လေ့လာကြည့်ချင်နေတာပါ။ သူတို့ လေ့ကျင့်နေတာတွေကို ကြည့်ပြီး မန္တန်အမျိုးမျိုးကို သင်ယူချင်နေတာကိုး။

သူက စိတ်လှုပ်ရှားမှုတွေ ပြည့်နှက်နေတဲ့ မျက်နှာနဲ့ မှော်မျှော်စင်ရဲ့ တံခါးဝဆီကို လျှောက်သွားလိုက်ပါတယ်။

သူ တစ်ဖက်ကို လှမ်းဝင်လိုက်တဲ့အခါ ပထမဆုံး သတိထားမိတာကတော့ မှော်မျှော်စင်ရဲ့ အတွင်းပိုင်းက အပြင်က မြင်ရတာထက် အများကြီး ပိုပြီး ကျယ်ဝန်းနေတာပါပဲ။

သူ့ရဲ့ ပတ်ဝန်းကျင်အသစ်ကို ကြည့်ရင်း မိုက်ကယ်ရဲ့ မျက်နှာမှာ အံ့သြမှင်သက်မှုတွေ ပြည့်နှက်သွားပါတယ်။

နံရံတစ်လျှောက်မှာတော့ လူသားတွေလိုမျိုး လှုပ်ရှားနေတဲ့ ဆီဆေးပန်းချီကားတွေ ရှိနေပါတယ်။ ပုံထဲက လူအချို့က သူ့ကို ဦးညွှတ်နှုတ်ဆက်ကြပြီး၊ အချို့ကတော့ သူ့ကို ဂရုမစိုက်ဘဲ သူတို့ လုပ်လက်စ အလုပ်တွေကိုပဲ ဆက်လုပ်နေကြပါတယ်။

သူ အပေါ်ကို မော့ကြည့်လိုက်တဲ့အခါ ဘယ်ကို ဦးတည်မှန်းမသိတဲ့ လေထဲမှာ လွင့်နေတဲ့ လှေကားတွေကို တွေ့လိုက်ရတယ်။ မျက်နှာကျက်ရဲ့ အပေါ်ဘက်မှာတော့ မှော်ဆရာတွေဟာ ဇောက်ထိုး လမ်းလျှောက်နေကြပြီး သူတို့ရဲ့ ဦးထုပ်တွေက ကြမ်းပြင်ပေါ်ကို ကျမသွားတာကို မြင်လိုက်ရတဲ့အခါ ဒါက မျက်လှည့်တစ်ခုကို ကြည့်နေရသလိုပါပဲ။

ကခုန်နေတဲ့ ဖယောင်းတိုင်တွေက အခန်းကို လင်းထိန်စေပြီး၊ ကွင်းပြင်ထဲမှာ ကစားနေတဲ့ ကလေးလေးတွေလိုမျိုး လေထဲမှာ တစ်ခုနဲ့တစ်ခု လိုက်တမ်းပြေးတမ်း ကစားနေကြပါတယ်။

စကားပြောနေတဲ့ စာအုပ်တွေ၊ တိုင်တွေနဲ့ တံခါးတွေက ဒီနေရာမှာတော့ ပုံမှန်ပါပဲ။ အချို့က မိုက်ကယ်ကို တံခါးဖွင့်ဖို့ ဆွဲဆောင်နေကြပြီး၊ အချို့ကတော့ မဖွင့်ဖို့ သတိပေးနေကြပါတယ်။ အချို့ကတော့ ဒီအခန်းထဲက ထူးဆန်းတဲ့ အရာဝတ္ထုတွေကို လျစ်လျူရှုထားတဲ့ မိုက်ကယ်ကို ကြည့်ပြီး ရယ်မောနေကြပါသေးတယ်။

(Tr Note: ဒီအခန်းက Harry Potterထဲက Hogwartsကျောင်းပုံစံနဲ့သွားတူနေတယ်။)___

မိုက်ကယ်ဟာ မှော်မျှော်စင်ထဲမှာ မြင်သမျှ အရာရာတိုင်းကို အံ့သြတကြီး ငေးကြည့်ရင်း ၁၀ မိနစ်လောက် အချိန်ဖြုန်းလိုက်ပုံရပါတယ်။

ဒါက သူ ထင်ထားတာထက်တောင် ပိုပြီး ပြည့်စုံနေပါတယ်။

သူ့ရဲ့ အရင်ကမ္ဘာက စာရေးဆရာတွေဟာ သူတို့ရဲ့ ဇာတ်လမ်းတွေထဲမှာ မှော်မျှော်စင်တွေအကြောင်း ဖန်တီးတဲ့အခါ ဘယ်လိုများ ဒီလောက်အထိ မှန်ကန်အောင် ရေးနိုင်ခဲ့ကြတာလဲဆိုတာကို သူ သိချင်မိသွားတယ်။

သူက မှော်မျှော်စင်ရဲ့ အစိတ်အပိုင်းအမျိုးမျိုးဆီကို ဦးတည်နေတဲ့ ခန်းမဆောင်တွေကို လိုက်ကြည့်ရင်း ဆက်ပြီး လှည့်လည်သွားလာနေခဲ့ပါတယ်။

ကက်စတယ်လာ မှော်မျှော်စင်ကို ခဏရောက်ခဲ့တုန်းက ကြားခဲ့ရတဲ့ အချက်အလက်တွေအရ ပထမထပ်ကိုတော့ အများပြည်သူတွေ ကြည့်ရှုနိုင်ဖို့ ဖွင့်လှစ်ပေးထားတာပါ။

ဒီနေရာက သာမန်လူတွေ အံ့သြမှင်သက်သွားအောင် မှော်ဆရာတွေက သူတို့ရဲ့ မှော်အတတ်တွေကို ပြသတဲ့နေရာ ဖြစ်ရပါမယ်။

ဒါပေမဲ့ သူ ဘယ်နေရာကိုပဲ ကြည့်ကြည့်၊ အဲဒီလိုမျိုး ပြသနေတာ တစ်ခုမှ မတွေ့ရပါဘူး။

သူ့ကို ကြိုဆိုမယ့် မှော်ဆရာ တစ်ယောက်မှတောင် မရှိပါဘူး

မှော်အတတ်တွေက ဘယ်မှာလဲ ဂမ္ဘီရပညာရပ်တွေကော မန္တန်တွေက... ဘယ်မှာ... ရှိနေတာလဲ

[ဒီပတ်ဝန်းကျင်မှာ မှော်စွမ်းအင် အသုံးပြုနေတာကို ကျွန်ုပ် အာရုံမရပါဘူး။ ဒါပေမဲ့ ဟိုဘက်အခြမ်းမှာတော့ လူသားတွေ လှုပ်ရှားနေတဲ့ အရိပ်အယောင်တွေ တွေ့ရပါတယ်။ အဲဒီခန်းမဆောင်ဘက်ကို ဆက်ပြီး သွားကြည့်ဖို့ ကျွန်ုပ် အကြံပြုလိုပါတယ်။]

မိုက်ကယ်က နိုဗာရဲ့ လမ်းညွှန်ချက်အတိုင်း အခြားအခန်းတစ်ခုဆီကို ဦးတည်နေတဲ့ ကွေ့ကောက်နေတဲ့ ခန်းမဆောင်ထဲကို လိုက်သွားလိုက်ပါတယ်။

နောက်ထပ်အခန်းနဲ့ နီးကပ်လာတာနဲ့အမျှ တစ်စုံတစ်ခုက စားပွဲကို ရိုက်နေတဲ့ အသံတွေကို မိုက်ကယ် ကြားလိုက်ရပါတယ်။ အဲဒါက အသံတစ်သံတည်း မဟုတ်ဘဲ အသံတွေ အများကြီး စုနေတာပါ။

သူက ပွင့်နေတဲ့ တံခါးကနေတစ်ဆင့် လှမ်းဝင်လိုက်တဲ့အခါ နံရံတစ်လျှောက်မှာ စာအုပ်ပေါင်း ထောင်နဲ့ချီပြီး စီထားတဲ့ စင်တွေရှိတဲ့ စက်ဝိုင်းပုံစံ အခန်းကို တွေ့လိုက်ရတယ်။

ဒါက စာကြည့်တိုက်နဲ့ တူပါတယ်။

ဒါပေမဲ့ တိတ်ဆိတ်အေးချမ်းနေမယ့်အစား လူအုပ်ကြီးက လက်ရန်းတွေနားမှာ စုရုံးနေကြပြီး အခန်းရဲ့ အလယ်ဗဟိုကို ငုံ့ကြည့်နေကြပါတယ်။

"ဟဲ ဟဲ ဟဲ... တကယ့်ကို အမှားကြီးပဲ"

"သူ့ဆီက ဒီထက် ပိုမျှော်လင့်ထားတာ။ သူ့ရဲ့ နယ်ရုပ်ကို အစားခံလိုက်ရအောင် ဘယ်လိုများ လုပ်လိုက်တာလဲ"

"ပထမနေရာကတော့ အခုထိ လုနေကြတုန်းပဲ။ ပြိုင်ပွဲက တကယ်ကို ပြင်းထန်နေတာ"

မိုက်ကယ်က ကြည့်ရှုနေသူတွေရဲ့ စကားသံတွေကို နားထောင်လိုက်တဲ့အခါ ဘာတွေ ဖြစ်ပျက်နေလဲဆိုတာကို သူ သိနေသလို ခံစားလိုက်ရတယ်။

သူက လူအုပ်ကြားထဲကနေ တိုးဝင်သွားပြီး သစ်သားလက်ရန်းတွေကြားကနေ ငုံ့ကြည့်လိုက်ပါတယ်။

စစ်တုရင်ရုပ် ရာနဲ့ချီပြီး သစ်သားခုံပေါ်ကို ရိုက်လိုက်တဲ့ အသံတွေက သူ့ရဲ့ နားထဲမှာ ပြည့်နှက်သွားပါတော့တယ်။

ဒီစာကြည့်တိုက်ရဲ့ အောက်ထပ်မှာတော့ စစ်တုရင်ခုံ တစ်ခုစီ တင်ထားတဲ့ လေးထောင့်စားပွဲ အလုံးတစ်ရာလောက် ရှိနေပြီး၊ စစ်တုရင်ရုပ် အချို့ကတော့ ဘေးနားမှာ ပြန့်ကျဲနေကာ အချို့ကတော့ သူတို့ရဲ့ သတ်မှတ်ထားတဲ့ နေရာတွေမှာ မတ်တပ်ရပ်နေကြတုန်းပါပဲ။

မှော်ဆရာတွေ ဘာလို့ မှော်အတတ်တွေ မပြသနိုင်ကြသလဲဆိုတဲ့ အကြောင်းရင်းမှန်ကို သိလိုက်ရတဲ့အခါ မိုက်ကယ် ဘယ်လောက်တောင် အံ့သြသွားမလဲဆိုတာ မြင်ယောင်ကြည့်လိုက်ပါ။

သူတို့တွေ စစ်တုရင် ကစားနေကြလို့ အလုပ်ရှုပ်နေကြတာကိုး

ရီနေးတား စစ်တုရင်က ဒီလောက်အထိ လျင်မြန်စွာ ပြန့်နှံ့သွားလို့ ဝမ်းသာရမလား၊ ဒါမှမဟုတ် သူတို့တွေက ဒီကစားနည်းကိုပဲ အရူးအမူး ဖြစ်နေကြလို့ သူ့ကို မန္တန်တွေ မပြနိုင်တော့တာကို စိတ်မကောင်း ဖြစ်ရမလားဆိုတာ သူ မသိတော့ပါဘူး။

ထုံးစံအတိုင်းပဲ မိုက်ကယ်တစ်ယောက် "အောင်မြင်မှုဒဏ်ကို ခံစားနေရပြန်ပါပြီ"။

* * * * * * * * *

စာစဉ်(၃)

အခန်း(၃၂)

မိုက်ကယ်က အောက်ထပ်ကို ဆင်းသွားတဲ့ လှေကားကို ရှာတွေ့သွားပြီး စစ်တုရင် ကစားပွဲကို အာရုံစိုက်နေကြတဲ့ တည်ငြိမ်လေးနက်တဲ့ မှော်ဆရာတွေကြားထဲကို ရောက်သွားခဲ့တယ်။

သူဟာ ကင်းစ်ဘရစ်ချ်မြို့လို ညစ်ပတ်စုတ်ပြတ်နေတဲ့ နေရာမျိုးကို လေးနာရီကြာအောင် မြင်းရထားနဲ့ လာခဲ့တာက မှော်ဆရာတွေ တစ်နေကုန် စစ်တုရင် ကစားနေတာကို ထိုင်ကြည့်ဖို့ မဟုတ်ပါဘူး။ သူက မှော်မန္တန်တွေကိုပဲ လိုချင်တာပါ။

“ဟားဟား Checkmateပဲ၊ ငါနိုင်ပြီ”

စစ်တုရင်ပွဲ တစ်ပွဲ ပြီးဆုံးသွားတဲ့အခါ အနိုင်ရတဲ့သူက သူ့ရဲ့အောင်ပွဲကို ဂုဏ်ယူဝင့်ကြွားစွာနဲ့ အော်ဟစ်လိုက်ပါတယ်။ အရှုံးသမားကတော့ စိတ်ပျက်အားငယ်စွာနဲ့ စားပွဲကနေ အမြန်ထွက်သွားတော့တယ်။ မိုက်ကယ်က အနိုင်ရတဲ့သူဆီကို လျှောက်သွားလိုက်တယ်။

“တဆိတ်လောက်... ခင်ဗျားတို့က လူအများရှေ့မှာ မှော်မန္တန်တွေ ပြသမှာ မဟုတ်ဘူးလား”

သူက ဒုတိယထပ်က ဝိုင်းအုံကြည့်နေတဲ့ လူအုပ်ကြီးဆီကို လက်ညွှန်ပြပြီး မေးလိုက်တယ်။ အောင်ပွဲခံထားလို့ စိတ်ကြည်လင်နေတဲ့ ထိုလူက မိုက်ကယ်ရဲ့ မေးခွန်းကို ယဉ်ကျေးပျူငှာစွာပဲ ပြန်ဖြေပေးပါတယ်။

“အာ... အဲဒါတွေ လုပ်ဖို့ မလိုတော့ဘူးကွ” လို့ မျက်မှန်နဲ့ မှော်ဆရာက ပြန်ဖြေတယ်။

“အဲဒီအစား တို့တွေက နေ့တိုင်း စစ်တုရင် ပြိုင်ပွဲတွေ လုပ်ပြီး ကင်းစ်ဘရစ်ချ်က ပညာတတ်တွေကို တို့တွေရဲ့ မြင့်မားတဲ့ ဉာဏ်ရည်ဉာဏ်သွေးကို ပြသနေကြတာလေ”

“သာမန်လူတွေက မှော်ပညာအကြောင်းကို နားလည်ကြတာမှ မဟုတ်တာ။ တစ်ခုခု အရောင်အသွေး စုံစုံလင်လင် မြင်လိုက်ရရင်ပဲ လက်ခုပ်တီးကြတာပဲ။ အဲဒါက ကြယ်တစ်ပွင့်အဆင့်ရှိတဲ့ မန္တန်တစ်ခု ဖြစ်နေရင်တောင်မှပေါ့။ ငါက ပျင်းစရာကောင်းတဲ့ ကြယ်ငါးပွင့် မန္တန်တစ်ခုကို ပြသရင်တောင် သူတို့က ဘာမှ မတုံ့ပြန်ကြဘူး။ ဒါပေမဲ့ ဒီစစ်တုရင် ပြိုင်ပွဲမှာကျတော့ သာမန်လူတွေတောင်မှ မှော်ပညာရှင်အစည်းအရုံးက မှော်ဆရာတွေဟာ တခြား ဘယ်အလုပ်အကိုင်ထက်မဆို ဉာဏ်ရည် ပိုသာတယ်ဆိုတာကို နားလည်နိုင်ကြတယ်။ သူတို့ကိုယ်တိုင်လည်း စစ်တုရင် ကစားတတ်ကြတာဆိုတော့ ဘယ်သူက သူတို့ထက် ပိုတော်သလဲဆိုတာကို သိကြတာပေါ့”

မိုက်ကယ်ကတော့ စိတ်ပျက်လွန်းလို့ ကုလားထိုင်ပေါ်မှာတောင် ထိုင်ချလိုက်မိတော့တယ်။ သူက မှော်ဆရာတွေ သုံးမယ့် မန္တန်တိုင်းကို ခွဲခြမ်းစိတ်ဖြာဖို့ အရမ်း စိတ်လှုပ်ရှားနေခဲ့တာပါ။ အခုတော့ သူတို့က လူထုကို မန္တန်တွေ မပြသတော့ဘူးဆိုတာကို သိလိုက်ရတယ်။ အကယ်၍ သူသာ စစ်တုရင်ကို မတီထွင်ခဲ့ရင်... မိုက်ကယ် သက်ပြင်းချလိုက်မိတယ်။

သူက သူ့ရဲ့ အဆိုးဆုံး ရန်သူ ဖြစ်နေခဲ့တာပဲ...

ဒါပေမဲ့ သူ အရှုံးမပေးချင်ပါဘူး။ စားပွဲပေါ်မှာ ပြန့်ကျဲနေတဲ့ စစ်တုရင် အရုပ်တွေကို ကြည့်ရင်းနဲ့ သူ့ခေါင်းထဲမှာ အကြံတစ်ခု ရလာပါတယ်။ သူက စစ်တုရင် အရုပ်တွေကို ယူလိုက်ပြီး နေရာတကျ ပြန်စီလိုက်တယ်။ မျက်မှန်နဲ့ မှော်ဆရာက မိုက်ကယ်ကို ထူးထူးဆန်းဆန်း ကြည့်လိုက်တယ်။

“ကလေး... ငါ့ရဲ့ နောက်ထပ်ပြိုင်ဘက်က မကြာခင် ရောက်လာတော့မှာ။ မင်း ဘာလုပ်နေလဲဆိုတာတောင် မင်း သိလို့လား...”

မှော်ဆရာကတော့ ဒီကလေးက အရုပ်တွေကို လျှောက်ကစားနေတာလို့ ထင်ထားတာပါ။ ဒါပေမဲ့ အရုပ်တွေအားလုံးကို တစ်ကွက်မှ မမှားဘဲ နေရာတကျ စီထားတာကို တွေ့လိုက်ရတဲ့အခါ သူ အံ့သြသွားတယ်။ ဘုရင်မရုပ်ကိုတောင် အတွေ့အကြုံမရှိတဲ့သူတွေ မှားတတ်တဲ့ နေရာမှာ မဟုတ်ဘဲ မှန်ကန်တဲ့ နေရာမှာ ထားထားတာလေ။

အဲဒီနောက် မိုက်ကယ်က သူ့အိတ်ကပ်ထဲက သားရေအိတ်ကို ထုတ်လိုက်ပြီး စားပွဲပေါ်ကို ပစ်တင်လိုက်တယ်။ ‘ချွင်’ ဆိုတဲ့ အသံကြောင့် မျက်မှန်နဲ့ မှော်ဆရာ စိတ်ဝင်စားသွားပါတယ်။

“ရွှေဒင်္ဂါးတွေပဲ” လို့ သူက မက်မောတဲ့လေသံနဲ့ တိုးတိုးလေး ရေရွတ်လိုက်တယ်။

“ကျွန်တော်တို့ တစ်ပွဲလောက် ကစားရအောင်လား အကယ်၍ ခင်ဗျား နိုင်ရင် ကျွန်တော်က ရွှေဒင်္ဂါး ၁၀၀ ပေးမယ်။ အကယ်၍ ကျွန်တော် နိုင်ရင်တော့ ခင်ဗျားက ကျွန်တော့်မျက်စိရှေ့မှာ မှော်မန္တန်တစ်ခု ပြသပေးရမယ်” လို့ မိုက်ကယ်က မင်းသားလေးလို အပြုံးမျိုးနဲ့ ပြောလိုက်တယ်။

မှော်ဆရာက မိုက်ကယ်ကို သံသယနဲ့ ကြည့်လိုက်တယ်။ ဒါက... အလွန် လွယ်ကူလွန်းနေသလိုပဲ။ အသက်ငါးနှစ်အရွယ် ကလေးတစ်ယောက်ကို အနိုင်ယူလိုက်ရုံနဲ့ မြို့ထဲမှာ တစ်လလုံး အလုပ်တွေ ပင်ပင်ပန်းပန်း လုပ်ရမှ ရမယ့် ရွှေဒင်္ဂါးတွေ ရမှာလေ။ ဖြစ်လာမယ့် အကျိုးဆက်ကလည်း မဆိုးလှပါဘူး။ ကလေးတစ်ယောက်ရှေ့မှာ မန္တန်တစ်ခု ပြသပေးရုံပါပဲ။

ဒါက မယုံနိုင်လောက်အောင် ကောင်းလွန်းနေတာကြောင့် ထောင်ချောက်တစ်ခုလို့တောင် ထင်ရပါတယ်။ ဒါပေမဲ့...

‘...တံမြက်စည်း အသစ်တစ်ချောင်း ဝယ်ဖို့ ပိုက်ဆံ လိုနေတာနဲ့ အတော်ပဲ...’ လို့ မှော်ဆရာက တွေးနေမိတယ်။ အဲဒီနောက် သူက မိုက်ကယ်ကို တည်တည်ကြည်ကြည် ကြည့်လိုက်ပြီး၊

“ကတိမပျက်ရဘူးနော်” လို့ သတိပေးလိုက်တယ်။

“ကတိမပျက်ပါဘူး” မိုက်ကယ်က ပြန်ဖြေရင်း ပထမဆုံးအကွက်ကို စတင်ရွှေ့လိုက်ပါတယ်။

မိနစ်အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့ မျက်မှန်နဲ့ မှော်ဆရာဟာ ခေါင်းကို လက်နဲ့အုပ်ထားရင်း မိုက်ကယ်က မြင်းရုပ်နဲ့ ရထားရုပ် နှစ်ခုတည်းနဲ့တင် သူ့ရဲ့အရုပ်တွေကို အပြတ်အသတ် ချေမှုန်းနေတာကို ကြည့်နေရပါတော့တယ်။

“မယုံနိုင်စရာပဲ... ငါ ရှုံးသွားတာလား... ကလေးတစ်ယောက်ကိုတောင်မှ”

သူက လုံးဝကို အဆင့်အတန်း မမီခဲ့တာပါ။ မှော်ဆရာက သူ့ရဲ့ သိက္ခာ ထိခိုက်သွားလို့ ခဏလောက် ဒေါသထွက်သွားပေမဲ့ ကစားပွဲအကြောင်း ပြန်စဉ်းစားကြည့်တဲ့အခါမှာတော့ မိုက်ကယ် သုံးသွားတဲ့ တစ်ခါမှ မမြင်ဖူးတဲ့ အဆင့်မြင့် နည်းဗျူဟာတွေကို အလွန် စိတ်ဝင်စားသွားပါတယ်။

“Checkmate” လို့ မိုက်ကယ်က ပြောရင်း တစ်ဖက်လူရဲ့ ဘုရင်ရုပ်ကို စားပွဲပေါ်ကနေ လှဲချလိုက်တယ်။

မျက်မှန်နဲ့ မှော်ဆရာက စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်သွားပြီးနောက်မှာတော့ မိုက်ကယ်ကို မေးခွန်းတွေ တရစပ် မေးပါတော့တယ်။

“ဒီနေရာမှာ မင်း ဘာလို့ ဘုန်းကြီးရုပ်ကို ဒီကို ရွှေ့လိုက်တာလဲ ပြီးတော့ မင်း ငါ့ဘုရင်မကို စားလို့ ရရဲ့သားနဲ့ ဘာလို့ မစားခဲ့တာလဲ အဲဒါကြောင့်ပဲ ငါ ရှုံးသွားခဲ့တာဆိုတာကို ငါ သိလိုက်ရတယ်။ ဒါပေမဲ့ မင်းက အဲဒါကို ဘယ်လိုမျိုး စဉ်းစားခဲ့တာလဲ ငါက နိုင်တော့မယ်လို့ ထင်နေခဲ့တာ”

မှော်ဆရာရဲ့ မျက်လုံးတွေထဲမှာ စူးစမ်းလိုစိတ်တွေ ပြည့်နှက်နေတာကို မိုက်ကယ် မြင်လိုက်ရတယ်။ သူတို့လို ဉာဏ်ရည်ထက်မြက်တဲ့သူတွေက ဘာလို့ ဒီဂိမ်းကို ဒီလောက် စွဲလန်းနေကြသလဲဆိုတာ သူ သိလိုက်ပြီ။

“တစ်ခါတလေမှာ ပိုကောင်းတဲ့ အနေအထားကို ရဖို့အတွက် အရုပ်တွေကို စတေးရတာမျိုး ရှိတတ်တယ်လေ...” မိုက်ကယ်က ပြန်ဖြေလိုက်တယ်။

သူက အရင်ဘဝတုန်းက စစ်တုရင် ကစားရင်း သင်ယူခဲ့တဲ့ သင်ခန်းစာအားလုံးကို ပြောပြလိုက်ရာ ထိုလူက စကားတစ်ခွန်းမှ မပြောဘဲ သေသေချာချာ နားထောင်နေပါတယ်။ သူက မိုက်ကယ်ကို အသက်ငါးနှစ်အရွယ် ကလေးတစ်ယောက်လို မဟုတ်တော့ဘဲ အလေးအနက်ထား ဆက်ဆံလာပါပြီ။

“နားလည်ပါပြီ... ကျေးဇူးတင်ပါတယ်။ ဒါက တကယ်ကို ဗဟုသုတ ရစရာပါပဲ။ ငါ့ရဲ့ ကစားကွက်တွေ ပိုကောင်းလာပြီလို့ ခံစားရတယ်”

မိုက်ကယ်က ကျေနပ်သွားပြီး “ရပါတယ်” လို့ ပြောလိုက်တယ်။ ဒါပေမဲ့ သူတို့ရဲ့ သဘောတူညီချက်ကိုတော့ သူ မေ့လို့ မရဘူးလေ။

“အဟမ်း... အခု ကျွန်တော့်ရဲ့ ဆုလာဘ်အကြောင်း...”

မှော်ဆရာက သူသင်ယူလိုက်ရတဲ့ သင်ခန်းစာတွေထဲမှာ နစ်ဝင်နေတာကြောင့် သူတို့ရဲ့ သဘောတူညီချက်ကိုတောင် မေ့လုနီးပါး ဖြစ်သွားခဲ့တာပါ။

“ဪ... ဟုတ်သားပဲ။ ငါ မင်းကို မန္တန်တစ်ခု ပြရမှာပေါ့၊ ဟုတ်တယ်မလား”

မှော်ဆရာက မိုက်ကယ်ကို ဘယ်မန္တန် ပြရမလဲဆိုတာ သေသေချာချာ စဉ်းစားနေပါတယ်။ အရင်တုန်းကဆိုရင်တော့ သူက ကြယ်တစ်ပွင့်မန္တန်တစ်ခုလောက် ပြပြီး ပြီးစလွယ် လုပ်လိုက်မှာပါ။ ဒါပေမဲ့ မိုက်ကယ်ကိုကျတော့ အဲဒီလို မလုပ်ချင်ပါဘူး။ ဘာလို့လဲဆိုတော့ မိုက်ကယ်က သူ့ကို စစ်တုရင်အကြောင်းတွေ အများကြီး သင်ပေးခဲ့လို့ပါ။

“သေသေချာချာ ကြည့်ထားနော်။ ဒါက ကြယ်သုံးပွင့်အဆင့်ရှိတဲ့ မန္တန်ဖြစ်ပြီး ‘ဓားမြှောင်တိမ်တိုက်’ လို့ ခေါ်တယ်”

မျက်မှန်နဲ့ မှော်ဆရာက လက်ကိုမြှောက်လိုက်ပြီး လက်ထိပ်မှာ မှော်စွမ်းအင်တွေကို စုစည်းလိုက်တယ်။ အဲဒီနောက်မှာတော့ မှော်ဆရာရဲ့ ပတ်ပတ်လည်မှာ ခရမ်းရောင် မှော်ရောင်ဝါတွေနဲ့ ပြုလုပ်ထားတဲ့ ဓားမြှောင်ပုံရိပ်ယောင်တွေ ပေါ်လာပြီး အရှိန်အဟုန်နဲ့ လှည့်ပတ်နေပါတော့တယ်။ ထိုလူ့အနားကို ချဉ်းကပ်ဖို့ ကြိုးစားတဲ့သူတိုင်းဟာ အဲဒီဓားမြှောင်တွေနဲ့ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားလိမ့်မယ်လို့ မိုက်ကယ် တွက်ချက်လိုက်တယ်။

[မှော်ကျင့်စဉ် ရရှိပါပြီ။]

မီးဒြပ်စင် နှင့် အမှောင်ဒြပ်စင်

ဒီမှော်ပညာက အသုံးပြုသူရဲ့ ခန္ဓာကိုယ် ပတ်ပတ်လည် ၁ မီတာ အကွာအဝေးမှာ လှည့်ပတ်နေတဲ့ ဓားမြှောင်တိမ်တိုက်တစ်ခုကို ဖန်တီးပေးပါတယ်။

မိုက်ကယ်က မှော်ပညာရဲ့ ဖော်ပြချက်ကို ဖတ်ကြည့်လိုက်ပြီး အဲဒီရဲ့ ကာကွယ်ရေး စွမ်းရည်အပေါ် ကျေနပ်သွားမိတယ်။ လက်နဲ့ တိုက်ခိုက်ရတာကို မကြိုက်တဲ့ သူ့လို လူမျိုးအတွက်တော့ ဒါက တကယ်ကို အသုံးဝင်မှာပါ။

“ကျေးဇူးပါပဲ” လို့ မိုက်ကယ်က ပြောလိုက်တယ်။

အဲဒီအချိန်မှာပဲ နောက်ထပ် မှော်ဆရာ တစ်ယောက်က သူတို့ဆီကို လမ်းလျှောက်လာပြီး သူတို့ ဘာလုပ်နေကြတာလဲဆိုတာကို စူးစမ်းကြည့်ပါတယ်။

“ငါက ခုနကတင် ပွဲနိုင်လာတာ။ တို့တွေ နောက်တစ်ပွဲ ကစားရမယ်လေ... နေပါဦး၊ မင်း ရှုံးသွားတာလား” လို့ စုတ်ပြတ်သတ်နေသောလူက စစ်တုရင်ခုံကို ကြည့်ရင်း ပြောလိုက်တယ်။

မျက်မှန်နဲ့ မှော်ဆရာက ဖြစ်ပျက်ခဲ့သမျှကို အမြန်ပဲ ရှင်းပြလိုက်ပါတယ်။ မိနစ်အနည်းငယ် ကြာတဲ့အခါမှာတော့ စုတ်ပြတ်သတ်နေသောလူက ဖြစ်ပျက်ခဲ့တဲ့ ကစားပွဲအကြောင်းကို အကုန် သိသွားပါတော့တယ်။ အဲဒီနောက် သူက မိုက်ကယ်ကို ကြည့်ပြီး မနေနိုင်ဘဲ မေးလိုက်တာက...

“ငါ နိုင်ရင် ရွှေဒင်္ဂါး ၁၀၀ ရမှာ၊ ဟုတ်တယ်မလား”

မိုက်ကယ်ရဲ့ မျက်နှာပေါ်မှာ ကောက်ကျစ်တဲ့အပြုံးမျိုး ထပ်မံ ပေါ်ထွက်လာပါတယ်။ အဲဒီလိုနဲ့ပဲ... လှည့်ဖျားမှုကြီးက စတင်ပါတော့တယ်။

* * * * * * * * *

All Chapters