အခန်း (၃၃-၃၄)
Vol. 3 Ch. 33-34
စာစဉ်(၃)
အခန်း(၃၃)
မိနစ်အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့ မိုက်ကယ်ဟာ နောက်ထပ်ပွဲတစ်ပွဲကို အနိုင်ရရှိခဲ့ပြန်ပါတယ်။
“ ငါ... ငါ ရှုံးသွားပြီ ”
စုတ်ပြတ်သတ်နေတဲ့ မှော်ဆရာက လုံးဝမယုံကြည်နိုင်တဲ့ လေသံနဲ့ ပြောလိုက်မိတယ်။ အသက် ၅ နှစ်အရွယ် ကလေးတစ်ယောက်က သူ့ကို အကွက်အနည်းငယ်အတွင်းမှာပဲ ဒီလောက်လွယ်လွယ်ကူကူ အနိုင်ယူသွားလိမ့်မယ်လို့ သူ လုံးဝမထင်ထားခဲ့ပါဘူး။
မိုက်ကယ်ကတော့ ထိုလူအတွက် စိတ်မကောင်းဖြစ်မိသွားတယ်။ ဒါက ကလေးတစ်ယောက်က လူကြီးတစ်ယောက်ကို လူကြီးကစားနည်းနဲ့ လာပြီး အနိုင်ကျင့်နေသလိုမျိုး ဖြစ်နေတာကိုး။
နှစ်သိမ့်တဲ့အနေနဲ့ အကွက် ၂၀ အတွင်းမှာ ထောင့်ပိတ်မခံရလေအောင် ဘယ်လိုကစားရမလဲဆိုတဲ့ နည်းလမ်းအချို့ကို မိုက်ကယ်က ပြန်ပြီး သင်ပြပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
“ ကျွန်တော်က ဘုရင်မရုပ်ကို ဒီမှာထားလိုက်တဲ့အခါမှာ ခင်ဗျားက ကျွန်တော့်ရဲ့ နောက်ထပ်ရွှေ့ကွက်ကို သတိထားသင့်တယ်... ဘာလို့လဲဆိုတော့... ”
မိုက်ကယ်က စစ်တုရင်ခုံပေါ်မှာ အကွက်တွေကို ပြန်စီပြီးတော့ တကယ်လို့ မှန်ကန်တဲ့ အကွက်တွေကိုသာ ရွှေ့ခဲ့မယ်ဆိုရင် ဘာဖြစ်လာမလဲဆိုတာကို ထိုမှော်ဆရာကို သင်ပြပေးလိုက်တယ်။
ထိုလူကလည်း မိုက်ကယ်က ဒီလောက်အထိ အဝေးကြီးကို ကြိုတင်တွေးတောနိုင်တာကို အံ့သြရင်း သူ့ရဲ့အမှားတွေကို သိသွားတဲ့အခါ သူ့ခေါင်းသူ ပြန်ထုလိုက်မိတော့တယ်။ ထိုမှော်ဆရာဟာ စားပွဲပေါ်ကို သူ့ရဲ့ဦးထုပ်ကို တင်လိုက်ပြီး မိုက်ကယ်အပေါ် ထိုက်တန်တဲ့ လေးစားမှုကို ပြသလိုက်ပါတယ်။
“ မင်းက ငါ့ကို အပြတ်အသတ် အနိုင်ယူလိုက်တာပဲ။ ကတိပေးထားတဲ့အတိုင်း ငါ့ရဲ့ ကိုယ်ပိုင် ကြယ်လေးပွင့်မန္တန်တစ်ခုကို ငါ ပြသပေးပါ့မယ် ”
စုတ်ပြတ်သတ်နေတဲ့လူက သူ့လက်ကိုမြှောက်ပြီး လက်ဖျောက်တစ်ချက် တီးလိုက်ပါတယ်။ အဲဒီအခါမှာတော့ သူ့လက်ထဲကနေ မှော်စွမ်းအင် အမှုန်လေးတွေ ထွက်ပေါ်လာပြီး လေထဲမှာ ပုံသဏ္ဌာန်တစ်ခုအဖြစ် စုစည်းသွားပါတော့တယ်။
ခရမ်းရောင် မှော်စွမ်းအင်တွေနဲ့ ဖွဲ့စည်းထားတဲ့ ဖောက်ထွင်းမြင်ရတဲ့ ခန္ဓာကိုယ်ရှိတဲ့ ကျီးကန်းတစ်ကောင် လေထဲမှာ ပေါ်လာခဲ့ပါတယ်။ အဲဒီကျီးကန်းက မိုက်ကယ်ရဲ့ ခေါင်းပေါ်မှာ ဝဲပျံနေပြီး သူ့ရဲ့မျက်လုံးတွေက တကယ့်သက်ရှိတစ်ကောင်လိုပဲ ကြည်လင်နေခဲ့တယ်။
မိုက်ကယ်က ထိုလူကို ပြန်ကြည့်လိုက်တဲ့အခါ သူ့ရဲ့မျက်လုံးတွေက နို့နှစ်ရောင်လို ဖြူဖွေးသွားတာကို တွေ့လိုက်ရတယ်။
“ ဒါက 'ဆန်းကြယ်ကျီးကန်း ဆင့်ခေါ်ခြင်း' လို့ခေါ်တဲ့ ကြယ်လေးပွင့်မန္တန်ပဲ။ ဒါက မင်း စိတ်ကြိုက်ထိန်းချုပ်လို့ရတဲ့ ကျီးကန်းတစ်ကောင်ကို ဖန်တီးပေးနိုင်တယ် ”
[ မှော်ကျင့်စဉ် တစ်ခုကို ရရှိပါပြီ။ ]
အမှောင်ဒြပ်စင် နဲ့ လျှပ်စစ်ဒြပ်စင်
ဒီမှော်ပညာက ဆင့်ခေါ်ထားတဲ့ ကျီးကန်းတစ်ကောင်ကို ဖန်တီးပေးပါတယ်။ အသုံးပြုသူက အဲဒီကျီးကန်း မြင်သမျှအရာအားလုံးကို မြင်နိုင်မှာ ဖြစ်ပါတယ်။
ဒါက မိုက်ကယ် တစ်နေ့နေ့မှာ အသုံးချလို့ရမယ့် အလွန်အသုံးဝင်တဲ့ မန္တန်တွေပါပဲ။ ဓားမြှောင်တိမ်တိုက် မန္တန်က တိုက်စစ်နဲ့ ခံစစ်အတွက် ကောင်းမွန်သလို ဆန်းကြယ်ကျီးကန်း ဆင့်ခေါ်ခြင်းမန္တန်ကတော့ ရှေ့ကနေ ကင်းထောက်ဖို့အတွက် အလွန်ကောင်းပါတယ်။
' ငါ့ကိုယ်ငါ အန္တရာယ်ထဲကို တွန်းပို့ဖို့ အစီအစဉ်မရှိပေမဲ့ တစ်ချိန်ချိန်မှာတော့ အန္တရာယ်က ငါ့ဆီ ရောက်လာနိုင်တယ်ဆိုတာကို ငြင်းလို့မရဘူး။ ဘာပဲဖြစ်ဖြစ် ဒါက စိတ်ကူးယဉ် မှော်ကမ္ဘာကြီး မဟုတ်လား။ '
“ လူငယ်လေး... ကျွန်တော်ရော နောက်တစ်ပွဲ ကစားလို့ရမလား ”
မိုက်ကယ်ရဲ့ မျက်နှာချင်းဆိုင် ခုံမှာ ထိုင်ဖို့အတွက် တန်းစီစောင့်နေကြတဲ့ မှော်ဆရာအချို့ကို မိုက်ကယ် တွေ့လိုက်ရတယ်။
သူတို့တွေက မိုက်ကယ်က ဟိုမှော်ဆရာကို စစ်တုရင်နဲ့ ဘယ်လိုအနိုင်ယူလိုက်လဲဆိုတာကို ဘေးကနေ ဝိုင်းကြည့်နေကြတဲ့ လူအုပ်ထဲက ဖြစ်ပါတယ်။ မိုက်ကယ်ရဲ့ စစ်တုရင် ဗျူဟာတွေကို အံ့သြသွားကြပြီး အနည်းဆုံး တစ်ပွဲလောက်တော့ ယှဉ်ပြိုင်ချင်နေကြတာပါ။
ဒါပေမဲ့ သူတို့တွေ ဒီလောက်အထိ ကစားချင်နေကြတဲ့ အဓိကအကြောင်းရင်းက ပွဲပြီးတိုင်းမှာ သင်ပြပေးတဲ့ သင်ခန်းစာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။
မိုက်ကယ် အနိုင်ယူခဲ့တဲ့ မှော်ဆရာနှစ်ယောက်စလုံးက ပွဲပြီးတဲ့အခါ စိတ်လှုပ်ရှားမှုတွေ၊ သိချင်စိတ်တွေနဲ့ ပြန်ထွက်သွားကြတာကိုး။ သူတို့ကလည်း အဲဒီလိုမျိုး အတွေ့အကြုံကို ရချင်နေကြတာပါ။ ပြီးတော့ ဒီလောက်အထိ အသုံးဝင်တဲ့ သင်ခန်းစာအတွက် ပေးရတဲ့ အဖိုးအခကလည်း ကလေးတစ်ယောက်အတွက် ရိုးရှင်းတဲ့ မှော်ပြကွက်တစ်ခုပဲ မဟုတ်လား။
' စစ်တုရင် ဆရာကြီးတစ်ယောက်ဆီကနေ သီးသန့်သင်ကြားခွင့် ရတာဆိုတော့ ဒါက တကယ့်ကို တန်တာထက် ပိုနေမှာပဲ။ '
“ ခင်ဗျားတို့ရဲ့ မန္တန်တွေကို ပြမယ်ဆိုရင်တော့ ကျွန်တော် ကစားပေးဖို့ အသင့်ပါပဲ ” လို့ မိုက်ကယ်က ပြောရင်း နောက်ထပ်ပွဲတစ်ပွဲအတွက် စစ်တုရင်ရုပ်တွေကို ပြန်စီလိုက်ပါတယ်။
အချိန်တွေ ကုန်ဆုံးသွားတာနဲ့အမျှ မိုက်ကယ်ဟာ မှော်ဆရာတစ်ယောက်ပြီး တစ်ယောက်ကို အေးအေးဆေးဆေးပဲ အနိုင်ယူနေခဲ့တယ်။
ဒီမှော်ဆရာတွေက စစ်တုရင်နဲ့ ပတ်သက်ရင် အတွေ့အကြုံမရှိကြတာကြောင့် မိုက်ကယ်ရဲ့ အရင်ဘဝက နာမည်ကြီးခဲ့တဲ့ ရိုးရှင်းတဲ့ ထောင်ချောက်တွေနဲ့ အကွက်တွေထဲကို တန်းတန်းမတ်မတ် ဝင်နေကြတော့တာပါပဲ။ မိုက်ကယ်က ဒီအားနည်းချက်ကို အသုံးချပြီး သူတို့ဆီက မန္တန်တွေကို စုဆောင်းဖို့အတွက် မှော်ဆရာ တော်တော်များများကို အနိုင်ယူခဲ့ပါတယ်။
သူ အနိုင်ရတဲ့ ပွဲအရေအတွက် များလာတာနဲ့အမျှ တစ်ခန်းလုံးက လူတွေရဲ့ အာရုံစိုက်မှုကို ရရှိလာပါတော့တယ်။
စစ်တုရင် ပြိုင်ပွဲတစ်ခုလုံးမှာ အနိုင်ရဖို့ ရေပန်းစားနေတဲ့ ထိပ်သီးကစားသမား တစ်ယောက်တောင်မှ မိုက်ကယ်နဲ့ ယှဉ်ပြိုင်ချင်စိတ်တွေ ပေါ်လာခဲ့ရတယ်။
ထုံးစံအတိုင်းပါပဲ၊ မိုက်ကယ်က အဲဒီလူကိုလည်း အနည်းငယ် ပိုပြီး အားစိုက်လိုက်ရပေမဲ့ အနိုင်ယူလိုက်ပါတယ်။
ဒါက မှော်မျှော်စင် အတွင်းမှာ မိုက်ကယ်ရဲ့ နာမည်ကို ဟိုးလေးတကျော် ဖြစ်သွားစေခဲ့ပြီး မှော်ဆရာ အားလုံးနီးပါးဟာ နိုင်ပွဲဆက်တဲ့ အသက် ၅ နှစ်အရွယ် ကလေးလေးကို အနိုင်ယူဖို့အတွက် တန်းစီစောင့်နေကြပါတော့တယ်။
[ မှော်ကျင့်စဉ် တစ်ခုကို ရရှိပါပြီ။ ]
[ မှော်ကျင့်စဉ် တစ်ခုကို ရရှိပါပြီ။ ]
[ မှော်ကျင့်စဉ် တစ်ခုကို ရရှိပါပြီ။ ]
[ မှော်ကျင့်စဉ် တစ်ခုကို ရရှိပါပြီ။ ]
“ ကျေးဇူးပြုပြီး... ကျွန်တော့်ကို နောက်တစ်ယောက် ပေးဆော့ပါ ” မှော်ဆရာ တစ်ယောက်က လူအုပ်ထဲက တိုးထွက်လာပြီး လက်ကို မြှောက်လိုက်တယ်။
“ မဟုတ်ဘူး... ကျွန်တော့်အလှည့် ကျွန်တော် စောင့်နေတာ အရမ်းကြာနေပြီ ”
နောက်ထပ် မှော်ဆရာ တစ်ယောက်က သူ့ကို ပြန်တွန်းလိုက်တယ်။
“ ငါ နောက်တစ်ယောက် သွားသင့်တာ။ ငါက မင်းကို အနိုင်ယူထားတာဆိုတော့ မင်းကတော့ ဒီကလေးကို နိုင်ဖို့ အခွင့်အရေး မရှိဘူး ”
“ နိုင်ဖို့က ငါ့ရည်ရွယ်ချက် မဟုတ်ဘူး ငါက ပိုတော်လာအောင် သင်ယူချင်ရုံပဲ ”
မိုက်ကယ်ကတော့ စာကြည့်တိုက်ရဲ့ အလယ်မှာ ထိုင်နေပြီး သူ့ရဲ့စားပွဲကတော့ စိတ်အားထက်သန်နေတဲ့ မှော်ဆရာတွေနဲ့ ဝိုင်းအုံခြင်း ခံနေရပါတယ်။
မန္တန်တွေ အများကြီး သင်ယူရလို့ သူ ဝမ်းသာနေပေမဲ့လည်း တစ်ချိန်မှာတော့ အရမ်းများလာတဲ့ အခြေအနေကို ရောက်သွားတယ်။ သူ သင်ယူခဲ့ရတဲ့ မန္တန်အများစုက ကြည့်လို့ကောင်းပေမဲ့ လက်တွေ့မှာတော့ သိပ်ပြီး အသုံးမဝင်လှပါဘူး။ ' ငါ နည်းနည်းတော့ ရွေးချယ်မှ ဖြစ်တော့မယ်။ '
“ အခု ကျွန်တော် မြင်နေရတဲ့ မန္တန်တွေက ပျင်းဖို့ကောင်းလာပြီ။ တကယ်လို့ ခင်ဗျားတို့ထဲက တစ်ယောက်ယောက်က စိတ်ဝင်စားဖို့ကောင်းတဲ့ မန္တန်ကို ပြနိုင်ရင်တော့ နောက်တစ်ပွဲမှာ ကျွန်တော် သူနဲ့ ကစားမယ် ” လို့ မိုက်ကယ်က ကြေညာလိုက်တယ်။
သူ့ရဲ့ စကားကြောင့် မှော်ဆရာတွေဟာ ပျာပျာသလဲ ဖြစ်သွားကြပါတယ်။ မိုက်ကယ်နဲ့ စစ်တုရင် တစ်ပွဲ ကစားခွင့်ရဖို့အတွက် သူတို့ရဲ့ လျှို့ဝှက်ဆုံးနဲ့ အဖိုးတန်ဆုံး မန္တန်တွေကို အော်ဟစ်ပြီး ပြောပြနေကြပါတော့တယ်။
“ ကျွန်တော် 'နှစ်ကိုယ်ခွဲခြင်း' လို့ခေါ်တဲ့ ကြယ်လေးပွင့်မန္တန်ကို ပြနိုင်တယ်။ အဲဒါက မင်းရဲ့ဘေးမှာ ပုံတူသုံးခုကို ဖန်တီးပေးမှာဆိုတော့ ဘယ်သူက အစစ်လဲဆိုတာကို ဘယ်လိုမှ ခွဲခြားလို့ မရနိုင်တော့ဘူး ”
“ အဲဒါက ဘာမှမဟုတ်ပါဘူး။ ငါ့ရဲ့ ကြယ်လေးပွင့်မန္တန်က ကောင်းကင်ကနေ မြေပြင်ပေါ်ကို ကြွေကျလာမယ့် ဧရာမ ဥက္ကာခဲကြီးကို ဆင့်ခေါ်နိုင်တယ် ”
“ ကျွန်တော့်မှာ 'မိုးတိမ်စီးခြင်း' လို့ခေါ်တဲ့ ကြယ်ငါးပွင့်မန္တန် ရှိတယ်။ မင်းရဲ့ ခြေထောက်အောက်မှာ ရွေ့လျားနေတဲ့ တိမ်တိုက်တစ်ခုကို ဆင့်ခေါ်ပြီး ကောင်းကင်မှာ ငှက်တစ်ကောင်လို ပျံသန်းနိုင်တယ် ”
မိုက်ကယ်က တော်တော်များများကို စိတ်ဝင်စားပေမဲ့ ဘယ်သူ့ကို ရွေးရမလဲဆိုတာ မဆုံးဖြတ်နိုင်သေးပါဘူး။
အဲဒီလို မှော်ဆရာတွေ ဆူညံစွာ အော်ဟစ်နေကြတဲ့ ကြားထဲကနေ အဘိုးကြီးတစ်ယောက်ရဲ့ တည်ငြိမ်အေးဆေးလှတဲ့ အသံက တခြားအသံတွေကို လွှမ်းမိုးပြီး မိုက်ကယ်ရဲ့ နားထဲကို ရောက်လာခဲ့ပါတယ်။
“ အဟတ်... တကယ်လို့ မင်းက မန္တန်တစ်ခုကို မြင်ချင်တာဆိုရင် 'နဂါးမီးတောက်' လို့ခေါ်တဲ့ ကြယ်ရှစ်ပွင့်မန္တန်ဆိုရင်ကော ဘယ်လိုလဲ ”
ဒီအသံကို ကြားလိုက်ရတဲ့အခါ ကျန်တဲ့ မှော်ဆရာတွေအားလုံးဟာ တိတ်ဆိတ်သွားကြပါတော့တယ်။ ဘယ်သူမှ စကားတစ်ခွန်းတောင် မဟဝံ့ကြတော့ပါဘူး။
သူတို့တွေက ထိုလူ မိုက်ကယ်ဆီကို အေးအေးဆေးဆေး လျှောက်လာနိုင်ဖို့အတွက် လမ်းကို ဖြည်းဖြည်းချင်း ဖယ်ပေးလိုက်ကြပါတယ်။
* * * * * * * * *
စာစဉ်(၃)
အခန်း(၃၄)
စဥ်းစားကြည့်ရင် စာကြည့်တိုက်ပတ်ဝန်းကျင်မှာ လူတွေက အတော်လေး စုပြုံတိုးဝှေ့နေကြပြီ ဖြစ်သည်။ ၅ နှစ်အရွယ် ပါရမီရှင်လေးတစ်ယောက်က ရီနေးတားစစ်တုရင်ကစားပြီး မှော်ဆရာတွေကို အလဲအထိုး သိပ်နေတယ်ဆိုတဲ့သတင်းက တစ်ယောက်စကား တစ်ယောက်နားနဲ့ ပျံ့နှံ့သွားခဲ့တာပါ။
အဲဒီပွဲကို တစ်ချက်လောက် ကြည့်ခွင့်ရဖို့အတွက် လူတိုင်းက မှော်မျှော်စင်ရဲ့ ဒုတိယထပ်ကို ရေလှိုင်းလို အလုံးအရင်းနဲ့ တိုးဝင်လာကြပါတယ်။
“ ဟာ... ဟို အဘိုးကြီးက ဘယ်သူလဲ ”
“ ကြည့်ရတာ အားနည်းပုံပဲ။ တခြားမှော်ဆရာတွေက ဘာလို့ သူ့ကို နောက်တစ်ယောက်အနေနဲ့ ကစားခွင့်ပေးလိုက်တာလဲ မသိဘူး ”
သူတို့အမြင်မှာတော့ ဒီအဘိုးကြီးက အခုလေးတင် ရောက်လာတာဖြစ်ပြီး အရင်ကစားပွဲတွေမှာလည်း ပါဝင်ခဲ့တာ မဟုတ်ပါဘူး။ ကစားဖို့ အခွင့်အရေးမရသေးတဲ့ တခြားလူတွေ အများကြီး ရှိနေသေးတာပါ။
ဒါပေမဲ့ ထူးဆန်းတာကတော့ အရှုံးမပေးချင်ကြတဲ့ မှော်ဆရာတွေဟာ ဘာစကားမှမဆိုဘဲ ငြိမ်သက်စွာနဲ့ပဲ လမ်းဖယ်ပေးလိုက်ပြီး အဘိုးကြီးကို စားပွဲနား အရောက်ခံလိုက်ကြတာပါ။
သာမန်လူတွေက အဘိုးကြီးရဲ့ ဝိသေသကို စဥ်းစားနေကြတုန်း ဗဟုသုတကြွယ်ဝတဲ့ မြို့ခံတစ်ယောက်ရဲ့ မျက်လုံးတွေကတော့ မှတ်မိသွားတဲ့ အရိပ်အယောင်နဲ့ တောက်ပလာခဲ့ပါတယ်။
“ ငါ သူ့ကို သိတယ်... ခါးအထိ ရှည်ကျနေတဲ့ မုတ်ဆိတ်ဖြူဖြူ၊ အေးချမ်းတဲ့ အပြုံးနဲ့ အဖြူရောင် ခေါင်းစွပ်ဦးထုပ်... အဲဒါ မှော်မျှော်စင်သခင်ပဲ ”
ပွဲကြည့်ပရိသတ်တွေ အံ့သြတုန်လှုပ်သွားကြပါတယ်။ ကင်းစ်ဘရစ်ချ်မြို့ရဲ့ နာမည်ကျော် ကြယ်ရှစ်ပွင့်အဆင့်ရှိ မှော်မျှော်စင်သခင်ကို အပြင်မှာ ဘယ်သူမှ မမြင်ဖူးကြပါဘူး။ သူက မှော်မျှော်စင်ရဲ့ အထက်ဆုံးထပ်မှာပဲ အမြဲနေထိုင်ပြီး အရေးကြီးတဲ့ အခမ်းအနားတွေရှိမှသာ အောက်ဆင်းလာတတ်တယ်လို့ ကြားဖူးကြတာပါ။
ဒီကစားပွဲက အဲဒီလို အရေးကြီးတဲ့ အခမ်းအနားတစ်ခု ဖြစ်လာလိမ့်မယ်လို့ သူတို့ မထင်ထားခဲ့ကြပါဘူး။
' သူက မျှော်စင်သခင်လား ' လို့ မိုက်ကယ် တွေးလိုက်မိပါတယ်။ ' ကြယ်ရှစ်ပွင့်အဆင့်ရှိတဲ့ မန္တန်ကို တတ်တယ်လို့ ပြောတာ နောက်နေတာ ထင်ခဲ့တာ '
မျှော်စင်သခင်ကတော့ ပြုံးမြဲပြုံးလျက်နဲ့ပဲ မိုက်ကယ်ရဲ့ တစ်ဖက်မှာ ဝင်ထိုင်လိုက်ပါတယ်။
“ ဘယ်လိုလဲ ကလေးလေး ငါတို့ သဘောတူညီချက် တစ်ခုလုပ်မလား။ အကယ်၍ မင်း ငါ့ကို အနိုင်ရရင် ငါ့ရဲ့ အကောင်းဆုံး မန္တန်တွေထဲက တစ်ခုကို မင်းမျက်စိရှေ့တင် ငါ ထုတ်ပြမယ် ”
မိုက်ကယ် ခဏလောက် စဥ်းစားလိုက်ပြီး “ ကျွန်တော် ရှုံးသွားရင်ရော ဘာဖြစ်မှာလဲ ” လို့ ပြန်မေးလိုက်တယ်။
မျှော်စင်သခင်ကတော့ ၅ နှစ်အရွယ် ကလေးတစ်ယောက်က နောက်ဆက်တွဲ အကျိုးရလဒ်တွေကိုပါ ထည့်သွင်းစဥ်းစားနိုင်တာကို သဘောကျပြီး ပြုံးလိုက်ပါတယ်။
“ မင်း ရှုံးရင်တော့ မင်းက ငါ့ရဲ့ တပည့်အဖြစ် ငါတို့ မှော်မျှော်စင်ကို ဝင်ရမယ် ”
မျှော်စင်သခင်ရဲ့ ကြေညာချက်ကြောင့် မှော်ဆရာတွေကြားထဲမှာ ဆူညံသွားပါတယ်။ ကြယ်ရှစ်ပွင့်အဆင့်ရှိတဲ့ 'ငြိမ်းချမ်းသော မီးတောက်ဘုရင်' ရဲ့ တပည့်ဖြစ်ဖို့ဆိုတာ ပါရမီရှင် အတော်များများတောင် အရည်အချင်း မမီနိုင်တဲ့၊ လူတိုင်း မက်မောရတဲ့ ရာထူးတစ်ခုပါ။
ဒါက ဘာလို့ ရှုံးနိမ့်မှုအတွက် ပေးရမယ့် အပေးအယူ ဖြစ်နေရတာလဲဆိုတာ သူတို့ ဇဝေဇဝါ ဖြစ်ကုန်ကြပါတယ်။ ဒါက အပြစ်ပေးတာထက် အဲဒီ ၅ နှစ်အရွယ် ကလေးအတွက် ဆုလာဘ်တစ်ခု ဖြစ်နေလို့ပါ။
ဒါတောင်မှ မျှော်စင်သခင်က ဘာဖြစ်လို့ ဒီကလေးကို ဒီလောက် ကြီးကျယ်တဲ့ အခွင့်အရေးမျိုး ပေးရတာလဲဆိုတာ သူတို့ နားမလည်နိုင်ကြသေးပါဘူး။
ဟုတ်ပါတယ်၊ ဒီကလေးက စစ်တုရင်မှာ ပါရမီထူးတာ မှန်ပေမဲ့ မျှော်စင်သခင်ရဲ့ တပည့်ဖြစ်ဖို့ဆိုတာကတော့ အဲဒီလောက်နဲ့ မလုံလောက်သေးဘူး မဟုတ်လား။
“ ဒီကလေးက တကယ်တော့ ဘယ်သူလဲ ”
“ ငါကတော့ သာမန်ကလေးတစ်ယောက်ပဲ ထင်နေတာ... ဒါပေမဲ့ သူ့မှာ တစ်ခုခု ထူးခြားနေလို့လား ”
အပေါ်ထပ်က ပရိသတ်တွေတောင် မိုက်ကယ်အကြောင်းကို တီးတိုးအတင်းပြောနေကြတာကို မထိန်းနိုင်ကြတော့ပါဘူး။ ဒီက လူအများစုက မှော်ဆရာတွေကို အားပေးကြသူတွေဖြစ်လို့ မျိုးဆက်သစ် ပါရမီရှင်တွေအကြောင်းကို ကောင်းကောင်း သိထားကြတာပါ။
ဒါပေမဲ့ သူတို့ထဲက ဘယ်သူမှ မိုက်ကယ်ကို မမှတ်မိကြပါဘူး။ သူက နာမည်ကြီး မှော်မိသားစု ဒါမှမဟုတ် နာမည်ကျော် စစ်သည်မိသားစုတွေက ဆင်းသက်လာသူ မဟုတ်ပါဘူး။
ဒါက သူတို့ကို ပိုပြီး စိတ်ဝင်စားသွားစေပါတယ်။ အကယ်၍ မိုက်ကယ်က မျှော်စင်သခင်ကိုယ်တိုင် တပည့်အဖြစ် ခေါ်ယူချင်လောက်အောင် မှော်ပညာမှာ ပါရမီရှိနေတယ်ဆိုရင် သူတို့ အခုလောက်ဆို သိထားသင့်နေပြီ မဟုတ်လား။
ဒါပေမဲ့ မိုက်ကယ်ရဲ့ နောက်ခံကတော့ အခုထိ လျှို့ဝှက်ချက် ဖြစ်နေတုန်းပါပဲ။
စီးပွားရေးမှာပဲ နာမည်ကြီးတဲ့ ဗန်ဒါဘစ် မိသားစုရဲ့ အငယ်ဆုံးသားလေးဟာ အခုခေတ်ရဲ့ အလားအလာအရှိဆုံး ပါရမီရှင် မှော်ဆရာတစ်ယောက် ဖြစ်လာလိမ့်မယ်လို့ သူတို့ ဘယ်သူမှ မတွေးမိခဲ့ကြပါဘူး။
“ ဘာဖြစ်လို့လဲ အခြေအနေတွေကို သဘောမကျဘူးလား ” လို့ မျှော်စင်သခင်က သူ၏ ရှည်လျားသော မုတ်ဆိတ်ဖြူကြီးကို ပွတ်သပ်ရင်း မေးလိုက်ပါတယ်။
မိုက်ကယ်က ရှုံးမှာကို မကြောက်ပေမဲ့ မှော်မျှော်စင်မှာ တစ်သက်လုံး ပိတ်မိနေမယ့် အခြေအနေမျိုးကိုတော့ သဘောမကျပါဘူး။
“ မင်း ရှုံးမှာ ကြောက်နေတာလား ” လို့ အဘိုးကြီးက စနောက်လိုက်ပါတယ်။
အဲဒီ စကားကပဲ မိုက်ကယ်ကို ဆုံးဖြတ်ချက် ချစေလိုက်ပါတယ်။
“ ကဲ... ကစားကြတာပေါ့ ” လို့ ပြောရင်း မိုက်ကယ်က နယ်ရုပ်ဖြူလေးကို စတင် ရွှေ့လိုက်ပါတယ်။
ချက်ချင်းဆိုသလိုပဲ မိုက်ကယ်ဟာ သူအရင်က ကစားခဲ့ဖူးတဲ့ ပြိုင်ဘက်တွေနဲ့ မတူတဲ့သူမျိုးနဲ့ ရင်ဆိုင်နေရပြီဆိုတာ သိလိုက်ပါတယ်။ အဲဒါက အရင်ဘဝက နှစ်ပေါင်းထောင်ချီတဲ့ စစ်တုရင် သမိုင်းကြောင်းတစ်လျှောက် ရှိသမျှ နည်းဗျူဟာတွေ အဖွင့်လှည့်ကွက်တွေ အကုန်သိနေတဲ့ လူတစ်ယောက်နဲ့ ကစားနေရသလိုမျိုးပါပဲ။
သူ ကစားကွက်တွေကို အရင်ကထက် ပိုပြီး အချိန်ယူ စဥ်းစားရပါတော့တယ်။ မဟုတ်ရင် သူပဲ အရှုံးဘက်ကို ရောက်သွားနိုင်လို့ပါ။
သူ တကယ်ကို အလေးအနက်ထားဖို့ လိုအပ်လာပါပြီ။
ကျန်တဲ့ မှော်ဆရာတွေနဲ့ ပရိသတ်တွေကတော့ သူတို့နှစ်ယောက်ရဲ့ အဆင့်မြင့်လှတဲ့ တိုက်ပွဲကို ငြိမ်သက်စွာနဲ့ စောင့်ကြည့်နေကြပါတယ်။ တစ်ယောက်ယောက်က အံ့သြစရာ ကစားကွက်တစ်ခု ရွှေ့လိုက်တိုင်း သူတို့ရဲ့ အာမေဍိတ်သံတွေကို မနည်း ထိန်းထားကြရပါတယ်။
အချိန်တွေ ကုန်ဆုံးသွားပြီး မိုက်ကယ်နဲ့ မျှော်စင်သခင်တို့ဟာ တစ်ယောက်နဲ့တစ်ယောက် အကြိတ်အနယ် ဖြစ်နေကြပါတယ်။
တဖြည်းဖြည်းနဲ့ သူတို့ရဲ့ စစ်တုရင်ရုပ်တွေ နည်းပါးလာပြီး နှစ်ဖက်စလုံးမှာ နယ်ရုပ်တချို့၊ ရထားရုပ်တစ်ရုပ်နဲ့ ဘုရင်ရုပ်တွေပဲ ကျန်ပါတော့တယ်။
“ ဟာ... နှစ်ယောက်လုံးက အကြိတ်အနယ်ပဲ ဘယ်သူနိုင်မလဲတောင် မပြောနိုင်တော့ဘူး ”
“ ဒီကလေးကို ဒီလောက်အထိ အချိန်ဆွဲနိုင်တာ ဘယ်သူမှ မရှိသေးဘူး။ သူ ပြိုင်ဘက်ကောင်းနဲ့ တွေ့ပြီထင်တယ် ”
“ ငါ့အထင်တော့ မျှော်စင်သခင် နိုင်မှာပါ။ သူက ကမ္ဘာကျော် ကြယ်ရှစ်ပွင့်အဆင့်ရှိတဲ့ မှော်ဆရာကြီးပဲလေ ”
ကစားကွက်တွေက ဆက်လက် ဖြစ်ပေါ်နေပြီး မိုက်ကယ်ရဲ့ တစ်ခုတည်းသော ရထားရုပ်ဟာ နယ်ရုပ်နှစ်ခုကြားမှာ ပိတ်မိနေပါတယ်။
သူ ဆုံးဖြတ်ချက် တစ်ခု ချရပါတော့မယ်။ ရထားရုပ်ကို ကယ်တင်ဖို့ ကြိုးစားရင် သူ့ရဲ့ ဘုရင်ရုပ်က မကောင်းတဲ့ အနေအထားကို ရောက်သွားနိုင်သလို၊ ရထားရုပ်ကို အဆုံးရှုံးခံလိုက်ရင်လည်း မျှော်စင်သခင်ဘက်က အသာစီး ရသွားနိုင်ပါတယ်။
ဘယ်လိုပဲကြည့်ကြည့် အဘိုးကြီးက နိုင်တော့မယ့်ပုံပါပဲ။
ဒါက အတော်လေးကို စိုးရိမ်ရတဲ့ အခြေအနေပါ။
[ ၇ ကွက်အတွင်း အနိုင်ရမယ့် ကစားကွက်ကို ငါ ပြပေးရမလား ] လို့ နိုဗာက မေးလိုက်ပါတယ်။
' မလိုဘူး ' လို့ မိုက်ကယ်က ပြန်ဖြေလိုက်တယ်။
သူ အခက်တွေ့နေသလို ထင်ရပေမဲ့ အရင်ဘဝက နာမည်ကြီး ကစားသမားတွေရဲ့ အဆုံးသတ် ကစားကွက်တွေကို မိုက်ကယ် အကြိမ်ကြိမ် မြင်ဖူးထားတာကြောင့် ဒီပွဲကို ဘယ်လို အနိုင်ယူရမလဲဆိုတာ သူ ကောင်းကောင်း သိနေပါတယ်။
“ မင်း ရွှေ့ရမယ့် အလှည့်ပဲ ” လို့ မျှော်စင်သခင်က အောင်နိုင်သူတစ်ယောက်လို လေသံနဲ့ ပြောလိုက်ပါတယ်။ သူကတော့ ဒီပွဲကို အနိုင်ရပြီလို့ ထင်နေတာပါ။
ဒါပေမဲ့ မိုက်ကယ်က စားပွဲရဲ့ တစ်ဖက်ခြမ်းက နယ်ရုပ်လေးတစ်ခုကို လှမ်းကိုင်ပြီး ရွှေ့လိုက်တဲ့အခါမှာတော့ ပရိသတ်တွေရော မျှော်စင်သခင်ပါ အံ့သြသွားကြပါတယ်။
၅ နှစ်အရွယ် ကလေးလေးက အကြီးအကျယ် မှားယွင်းတဲ့ အကွက်ကို ရွှေ့လိုက်ပြီလို့ ထင်ပြီး သူတို့ အသက်ရှူ မှားသွားကြပါတယ်။
ဒါပေမဲ့ စစ်တုရင် နားလည်တဲ့သူတွေကတော့ မိုက်ကယ်ရဲ့ အကွက်ကို သေသေချာချာ ကြည့်ပြီး ခေါင်းထဲမှာ တွက်ချက်ကြည့်လိုက်ကြပါတယ်။
ခဏအကြာမှာတော့ ဒါဟာ ပြိုင်ဘက်ကို အပြတ်အသတ် သတ်နိုင်မယ့် ကစားကွက်မှန်း သူတို့ သိလိုက်ရပါတယ်။
မျှော်စင်သခင်ရဲ့ မျက်နှာကလည်း ရှုံ့မဲ့သွားပါတယ်။ အဲဒီ မှားယွင်းသလိုလို ကစားကွက်ရဲ့ တကယ့် အဓိပ္ပာယ်ကို သူလည်း ရိပ်မိသွားတာပါ။
စက္ကန့်ပိုင်းလောက် အကြာမှာတော့ သူ့မျက်နှာမှာ အပြုံးတစ်ခု ပေါ်လာပြီး စာကြည့်တိုက်တစ်ခုလုံး ဟိန်းသွားအောင် ကျယ်လောင်စွာ ရယ်မောလိုက်ပါတော့တယ်။
* * * * * * * * *