← Chapters

အခန်း (၄၅-၄၆)

Vol. 4 Ch. 45-46

အခန်း (၄၅-၄၆)

Vol. 4 Ch. 45-46

စာစဉ်(၄)

အခန်း(၄၅)

ဘတ် နဲ့ လိုင်လီယာတို့ဟာ ကက်စတယ်လာကို တစ်လှည့်၊ မိုက်ကယ်ကို တစ်လှည့်နဲ့ မယုံကြည်နိုင်တဲ့ မျက်နှာပေးတွေနဲ့ စိုက်ကြည့်နေကြတယ်။ ဒါပေမဲ့ ထုံးစံအတိုင်းပါပဲ၊ သူတို့သားလေးက အံ့သြစရာကောင်းတဲ့ အရာတစ်ခုခု လုပ်လိုက်တိုင်း ဘာမှမဟုတ်သလိုမျိုး ပုခုံးလေးတွန့်ပြပြီးပဲ ရှင်းပြတတ်တာလေ။

"ဒါက သား အသက်ငါးနှစ်အရွယ်တုန်းက စတင်ခဲ့တဲ့ အသေးအမွှားလေးတစ်ခုပါ။ သားဖန်တီးလိုက်တဲ့ ဆပ်ပြာနဲ့ ခေါင်းလျှော်ရည်တွေက လူတော်တော်များများကြားမှာ အရမ်း ရေပန်းစားသွားတာပဲ "လို့ မိုက်ကယ်က ရှင်းပြလိုက်တယ်။

ဒါပေမဲ့ ဒီလောက်နဲ့တင် သူ့မိဘတွေရဲ့ သိချင်စိတ်ကို မပြေပျောက်စေနိုင်ခဲ့ပါဘူး။

"မိုက်ကယ်... သားသားက ‘ရီနေးတား’ ဆပ်ပြာနဲ့ ခေါင်းလျှော်ရည်တွေကို ဖန်တီးခဲ့တာလား "လို့ လိုင်လီယာက သူမရဲ့ ရှည်လျားလှတဲ့ ရွှေဝါရောင်ဆံပင်တွေကြားကနေ လှမ်းမေးလိုက်တယ်။

သူမရဲ့ အုံ့မှိုင်းနေတဲ့ မျက်နှာထားကြောင့် မိုက်ကယ်တစ်ယောက် အပြစ်ရှိသလို ခံစားလိုက်ရတယ်။

"တောင်းပန်ပါတယ် မေမေ။ သား ဒါကို စောစောစီးစီး ပြောပြသင့်တာပါ။ သားက"

သူ စကားမဆုံးခင်မှာပဲ လိုင်လီယာက ရုတ်တရက် ခုန်လိုက်ပြီး လက်တွေကို လေထဲမှာ ဆန့်ကာ ခြေဖျားလေးတွေနဲ့ ပတ်ချာလည် ကခုန်ပါတော့တယ်။ မိုက်ကယ်မှာ ‘အဆင့်မြင့်စွမ်းရည်’ ရှိမှန်း သိလိုက်ရတုန်းကထက်တောင် သူမ အပျော်ဆုံးဖြစ်နေတဲ့ပုံပဲ။

"မေမေ့ရဲ့ သားလေးက ရီနေးတားကို ပိုင်တာတဲ့လား။ ဟားဟားဟား ငါကတော့ ကမ္ဘာပေါ်မှာ ကံအကောင်းဆုံး မိခင်ပဲ ဒါဆိုရင် သားက မေမေ့ကို ဆပ်ပြာနဲ့ ခေါင်းလျှော်ရည် အမျိုးမျိုး ပေးနိုင်ပြီပေါ့ ဟုတ်တယ်မလား။ ပြီးတော့ လူထုဆီ မရောင်းရသေးတဲ့ နမူနာပစ္စည်းတွေကိုလည်း ပေးမှာပေါ့ ဟုတ်တယ်မလား "လို့ လိုင်လီယာက သူမရဲ့ မျက်လုံးလေးတွေ တောက်ပနေရင်း မေးလိုက်တယ်။

လိုင်လီယာဟာ ရီနေးတား သန့်ရှင်းရေးပစ္စည်းတွေက သူမခန္ဓာကိုယ်ပေါ်မှာ ကျန်ရစ်ခဲ့တဲ့ ရနံ့တွေကို စွဲလန်းနေတဲ့ အမျိုးသမီးတွေထဲက တစ်ယောက်ဆိုတာ လျှို့ဝှက်ချက်မဟုတ်ပါဘူး။ အခုအချိန်မှာတောင် သူမရဲ့ အသားအရေဆီကနေ ပန်းရနံ့နဲ့ ပျားရည်နံ့တွေ သင်းပျံ့နေတုန်းပဲ။

သူဌေးကတော်တွေဟာ ‘ရီနေးတား’ ဆပ်ပြာနဲ့ ခေါင်းလျှော်ရည် တစ်သေတ္တာလုံး ပိုင်ဆိုင်ထားတဲ့အကြောင်း သူမကို အမြဲ ကြွားလုံးထုတ်လေ့ရှိကြတာ။ လက်ဖက်ရည်ဝိုင်းတွေမှာ အတင်းပြောစရာ ခေါင်းစဉ်က ဈေးကြီးတဲ့ ကျောက်သံပတ္တမြားတွေ ဒါမှမဟုတ် သေသေသပ်သပ် ချုပ်လုပ်ထားတဲ့ ဂါဝန်တွေ မဟုတ်တော့ဘဲ ‘ရီနေးတား’ ဆပ်ပြာနဲ့ ခေါင်းလျှော်ရည်တွေပဲ ဖြစ်နေတာလေ

ကဲ အခုတော့ လိုင်လီယာဟာ အဲဒီအရာအားလုံးကို ဖန်တီးခဲ့တာ သူမရဲ့ သားလေးပဲလို့ ပြန်ပြီး ကြွားနိုင်ပြီပေါ့။ သူမရဲ့ သားအပေါ်ထားတဲ့ ဂုဏ်ယူမှုကတော့ ကောင်းကင်အထိ ရောက်နေပါပြီ

မိုက်ကယ်လည်း မရယ်ဘဲ မနေနိုင်တော့ပါဘူး။ အမေက သူ့ကို ဆူပူကြိမ်းမောင်းတော့မယ်လို့ ထင်နေတာ၊ အခုတော့ နမူနာပစ္စည်းလေးတွေပဲ လိုချင်နေတာကိုး။

"မေမေ ဘာလိုချင်တာပဲဖြစ်ဖြစ် ရစေရပါ့မယ် "လို့ သူက ပြန်ဖြေလိုက်တယ်

"ကက်စတယ်လာ ၊ ငါဖန်တီးထားတဲ့ လိုးရှင်းက မင်းဆီမှာ ရှိတယ်မဟုတ်လား"

ကက်စတယ်လာက ခေါင်းညိတ်ပြပြီး လိုင်လီယာဘက်ကို လှည့်လိုက်တယ်

"မဒမ် ၊ အလိုရှိမယ်ဆိုရင် အဲဒီနေရာကို ကျွန်မ လိုက်ပို့ပေးပါ့မယ်"

လိုင်လီယာက တွေဝေမနေတော့ဘဲ အဆောက်အအုံရဲ့ ထုတ်လုပ်ရေးအခန်းဆီကို ကက်စတယ်လာနောက်ကနေ လိုက်သွားပါတော့တယ်။ လမ်းမှာလည်း သူမသားလေးက ဒီလောက်အထိ အောင်မြင်တဲ့ ကုမ္ပဏီကြီးတစ်ခုကို တည်ထောင်ခဲ့တာ ဘယ်လောက်တောင် အံ့သြဖို့ကောင်းလဲဆိုတဲ့အကြောင်း ကက်စတယ်လာကို တတွတ်တွတ် ပြောနေခဲ့တယ်။

ဒီအတောအတွင်းမှာတော့ ဗန်ဒါဘစ် သားအဖနှစ်ယောက်တည်း ကျန်ရစ်ခဲ့ပါတယ်။

ပိုပြီး တိတိကျကျ ပြောရရင်တော့ သူတို့တွေဟာ မြို့တော်ရဲ့ နံပါတ်တစ် ကုမ္ပဏီကြီးဖြစ်ခဲ့တဲ့ ‘ဗန်ဒါဘစ်’ စီးပွားရေးလုပ်ငန်းရဲ့ အရှင်သခင်နဲ့၊ ဗန်ဒါဘစ်လုပ်ငန်းဆီကနေ လူထုရဲ့ ထောက်ခံမှုကို လုယူသွားတဲ့ တက်သစ်စ ‘ရီနေးတား’ ကုမ္ပဏီကို ဖန်တီးသူတို့ပဲ ဖြစ်ကြတယ်။

ဘတ်က မယုံနိုင်သလိုမျိုး ခေါင်းခါရင်း သူ့ရဲ့ နဖူးကို ပွတ်နေမိတယ်။

"ဒီအချိန်တစ်လျှောက်လုံး... သားက ရီနေးတားရဲ့ ပိုင်ရှင် ဖြစ်နေခဲ့တာလား "

လွန်ခဲ့တဲ့ ငါးနှစ်အတွင်း ကင်းစ်ဘရစ်ချ်မြို့က ဗန်ဒါဘစ်လုပ်ငန်းတစ်ခုလုံးရဲ့ အရောင်းပမာဏထက် နှစ်ဆပိုရောင်းခဲ့တဲ့ ကုမ္ပဏီဟာ... သူ့သားပိုင်တာတဲ့လား။

လူတိုင်းကတော့ ရီနေးတားကို နိုင်ငံအနှံ့ ဒါမှမဟုတ် တိုင်းပြည်တွေရဲ့ ထောက်ပံ့မှုကို ရထားတဲ့ နိုင်ငံရပ်ခြားက လျှို့ဝှက်တဲ့ သူဌေးကြီးတစ်ယောက်က တည်ထောင်ထားတာလို့ ထင်နေကြတာလေ။

ဒါမှမဟုတ်ရင်လည်း ဒီလောက်ဆန်းသစ်တဲ့ ပစ္စည်းတွေကို ဘယ်လိုဖန်တီးနိုင်မှာလဲ။ ပြီးပြည့်စုံတဲ့ ကုန်ပစ္စည်းတွေကို ဖန်တီးဖို့အတွက် အစကတည်းက ရင်းနှီးမြှုပ်နှံမှု အမြောက်အမြား ရှိရမယ်လေ။

အသက် ၁၀ နှစ်အရွယ် ကောင်လေးတစ်ယောက်က ဖန်တီးလိုက်တာလို့ ဘယ်သူမှ မထင်ထားခဲ့ကြပါဘူး၊ အထူးသဖြင့် သူ့အဖေပေါ့။

မိုက်ကယ်က ခေါင်းငုံ့ထားလိုက်တယ်

"သား တောင်းပန်ပါတယ် ဖေဖေ။ ရီနေးတားက ဗန်ဒါဘစ်လုပ်ငန်းအပေါ်မှာ ဒုက္ခတွေ ပေးခဲ့မှန်း သားသိပါတယ်။ သား"

သူ ဘာမှ မပြောရသေးခင်မှာပဲ ဘတ်က ဒူးထောက်ထိုင်ချလိုက်ပြီး သူ့သားကို ပွေ့ဖက်လိုက်ပါတော့တယ်။ သူ့မျက်နှာပေါ်မှာ မျက်ရည်တွေ စီးကျလာခဲ့တယ်။

"ဖေဖေ ဂုဏ်ယူပါတယ် သားလေးရယ်။ အရမ်းကို ဂုဏ်ယူတာပါ... ရီနေးတား ကုမ္ပဏီလေး ဆပ်ပြာနဲ့ ခေါင်းလျှော်ရည်လေးတွေပဲ ရောင်းတဲ့ အခြေအနေကနေ၊ မြို့တော်တစ်ခုလုံးကို လွှမ်းမိုးသွားတဲ့ ကုမ္ပဏီကြီးတစ်ခုအဖြစ် ကြီးထွားလာတာကို ဖေဖေ တွေ့ခဲ့ရတယ်။

သူတို့က ဖေဖေ့ရဲ့ ပြိုင်ဘက်တွေ ဖြစ်နေပေမဲ့လည်း သူတို့ ထုတ်လုပ်နေတဲ့ ဆန်းသစ်တဲ့ စိတ်ကူးတွေနဲ့ ကုန်ပစ္စည်းတွေအပေါ်မှာ ဖေဖေ တကယ်ကို အံ့သြမိခဲ့တာ။ ပြီးတော့ အရေးကြီးဆုံးအချက်က သူတို့တွေဟာ ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ မြို့တော်မှာရှိတဲ့ လူတိုင်းရဲ့ ဘဝတွေကို ပိုပြီး ကောင်းမွန်လာအောင် လုပ်ပေးနေကြတာပဲ။

ဖေဖေ သူတို့ကို လေးစားခဲ့တယ်၊ ပြီးတော့ ရီနေးတားရဲ့ ပိုင်ရှင်ကို တွေ့ပြီး သူ ဒီမြို့တော်အတွက် လုပ်ဆောင်ပေးခဲ့သမျှတွေအတွက် ဘယ်လောက်အထိ ကျေးဇူးတင်တယ်ဆိုတာကို ပြောပြချင်ခဲ့တာ။

အခုတော့ အဲဒီလူက... ဖေဖေ့သားလေး ဖြစ်နေတာပဲ သားက ရီနေးတားကို ဖန်တီးခဲ့တာပဲ"

ဘတ်က မျက်ရည်တွေကို သုတ်ရင်းနဲ့ ရယ်မောလိုက်တယ်။

"ဟားဟား... ဖေဖေ သိထားသင့်တာ။ သား တီထွင်ခဲ့တဲ့ ရေဘုံဘိုင်တွေ၊ ရေပိုက်စနစ်တွေ၊ ရေပူစမ်းတွေ၊ စက်ဘီးတွေ... အခုတော့ အရာအားလုံးက အဓိပ္ပာယ်ရှိသွားပြီ။ သားတစ်ယောက်တည်းသာ ရီနေးတားရဲ့ ပိုင်ရှင် ဖြစ်နိုင်တာပေါ့"

မိုက်ကယ်လည်း ပြုံးလိုက်မိတယ်၊ သူ့ရဲ့ မျက်လုံးလေးတွေကလည်း အရည်လဲ့နေခဲ့တယ်။

"ကျေးဇူးတင်ပါတယ် ဖေဖေ။ ဒါပေမဲ့ အဲဒီစကားလေးတွေနဲ့တင် သားရဲ့ လုပ်ငန်းချဲ့ထွင်မှုတွေကို လျှော့ချမှာ မဟုတ်ဘူးနော်။ ဗန်ဒါဘစ်လုပ်ငန်းကို ဒီမြို့တော်ကနေ ထွက်သွားအောင် သား လုပ်ပစ်မှာ "လို့ မိုက်ကယ်က နောက်ပြောင်ပြီး ပြောလိုက်တယ်။

ဘတ်က အားရပါးရ ရယ်မောလိုက်ပြီး မိုက်ကယ်ရဲ့ ခေါင်းလေးကို ပွတ်ကာ သူ့နဖူးကို ချစ်စနိုးနဲ့ ခေါက်လိုက်ပါတော့တယ်။

မိုက်ကယ်က မိဘတွေကို အမှန်အတိုင်း ပြောပြပြီးတဲ့နောက်မှာတော့ သူတို့အားလုံး နောက်ထပ် အကြောင်းအရာတွေကို ပြောဆိုဖို့ ကက်စတယ်လာရဲ့ ရုံးခန်းထဲကို ဝင်သွားကြတယ်။

မိုက်ကယ်ဟာ ရီနေးတားကုမ္ပဏီ ဘယ်လိုဖြစ်တည်လာလဲဆိုတဲ့ အကြောင်းနဲ့ သူ့ရဲ့ ပထမဆုံး ဆပ်ပြာနဲ့ ခေါင်းလျှော်ရည် သေတ္တာကို ဘယ်လိုရောင်းခဲ့ရလဲဆိုတဲ့ အကြောင်းတွေကို သူ့အမေနဲ့ အဖေကို တစ်နာရီနီးပါးလောက် ပြောပြခဲ့တယ်။

သူတို့တွေဟာ သားလေးရဲ့ အံ့သြစရာကောင်းတဲ့ ကုန်ပစ္စည်းတွေတင်မကဘဲ စီးပွားရေးအမြင်ကိုပါ အံ့သြသွားကြတယ်။ ဘယ်သာမန် ငါးနှစ်သားကမှ ကုမ္ပဏီတစ်ခုမှာ ‘ကုန်အမှတ်တံဆိပ်’ က အရေးကြီးတယ်လို့ တွေးမိမှာ မဟုတ်ဘူးလေ။

ဥပမာအားဖြင့် စစ်တုရင်ကို ‘ရီနေးတား စစ်တုရင်’ လို့ နာမည်ပေးလိုက်တာက တစ်နိုင်ငံလုံးမှာရှိတဲ့ မှော်ဆရာတွေနဲ့ မှော်ပညာရှင်တွေကြားမှာ နာမည်ကျော်သွားစေခဲ့တာ သူတို့က ကုမ္ပဏီကို မသိရင်တောင် နာမည်ကိုတော့ သိနေကြပြီလေ။

ဘတ်ဟာ သူ့သားမှာရှိတဲ့ စီးပွားရေးပါရမီကို သဘောပေါက်သွားတယ်။ အဲဒါက အနည်းငယ်တောင် ကြောက်စရာကောင်းနေသလိုပဲ။ မိုက်ကယ်က ဘာကြောင့် ဒီလို စီးပွားရေး ဆုံးဖြတ်ချက်တွေကို ချခဲ့ရလဲဆိုတာကို ရှင်းပြတဲ့အခါတိုင်း ဘတ်ဟာ သူ့ဖခင်ဖြစ်သူ မိုက်ကယ်ရဲ့ အဘိုး ဗန်ဒါဘစ်လုပ်ငန်းအကြောင်း ပြောတာတွေကို သွားပြီး သတိရမိနေတယ်။

တကယ်လို့ မိုက်ကယ်သာ သူ့အဘိုးနဲ့ တွေ့မယ်ဆိုရင် သူတို့နှစ်ယောက်ဟာ တကယ့်ကို အဖော်မွန်ကောင်းတွေ ဖြစ်သွားကြမှာပဲလို့ ဘတ်က သေချာပေါက် ယုံကြည်နေမိတယ်။

ဗန်ဒါဘစ်လုပ်ငန်းကို အခြေခံကနေ ကမ္ဘာ့ထိပ်တန်းအဆင့်ရောက်အောင် တည်ထောင်ခဲ့တဲ့ ထိုလူကြီးဟာ မိုက်ကယ်ရဲ့ ပါရမီတွေကို သေချာပေါက် တန်ဖိုးထားမှာပါ။

မိုက်ကယ်က သူ့ရဲ့ ဉာဏ်ရည်ဉာဏ်သွေးနဲ့ ပါရမီတွေကို ပြသလေလေ၊ သူ့အဘိုးအပေါ်မှာ အထင်ကြီးစရာကောင်းတဲ့ ပုံရိပ်တစ်ခု ချန်ထားခဲ့နိုင်မယ်ဆိုတာကို ဘတ်က ပိုပြီး ယုံကြည်လာလေလေပါပဲ။

မိသားစုအိမ်တော်ဆီကို သွားလည်တဲ့အခါ မိုက်ကယ်ကို သူ့အဘိုးနဲ့ မိတ်ဆက်ပေးဖို့ သူ မစောင့်နိုင်တော့ပါဘူး။

* * * * * * * * *

စာစဉ်(၄)

အခန်း(၄၆)

မိုက်ကယ်ရဲ့ မိဘတွေက စီးပွားရေးလောကမှာ သူရရှိခဲ့တဲ့ အောင်မြင်မှုတွေအပေါ် တစ်နာရီနီးပါးလောက် ချီးမွမ်းခန်းဖွင့်ပြီးတဲ့နောက်မှာတော့ မိုက်ကယ်က စကားဝိုင်းကို ရေဆိုးထုတ်စနစ်ဆီ ပြန်လှည့်လိုက်ပါတယ်

"ကက်စတယ်လာ၊ ကျွန်တော်တို့ မင်းဆီကို လာရတဲ့ အကြောင်းရင်းက ကုမ္ပဏီရဲ့ သြဇာအာဏာကို သုံးပြီးတော့ စီမံကိန်းကြီးတစ်ခု လုပ်ချင်လို့ပါ"

မိုက်ကယ်က မြစ်ဒမ်းနဲ့ ရေဆိုးထုတ်စနစ်ကို ပုံဖော်ထားတဲ့ ပုံရိပ်ယောင်တစ်ခုကို အရင်အတိုင်းပဲ ထပ်မံပြသလိုက်ပါတယ်။ ဒါက ကက်စတယ်လာကို အခြေအနေကို အမြန်နားလည်သွားစေပါတယ်

"ကျွန်တော်တို့ ဒါကို မဖြစ်မနေ လုပ်ရမယ်၊ မဟုတ်ရင် မြို့ထဲမှာ ကပ်ရောဂါတွေ ကျရောက်လာလိမ့်မယ်"လို့ မိုက်ကယ်က သတိပေးလိုက်ပါတယ်။

ကက်စတယ်လာက ထိတ်လန့်တကြားနဲ့ ပါးစပ်ကို လက်နဲ့အုပ်လိုက်မိပါတယ်။

ကပ်ရောဂါအကြောင်း ကြားလိုက်ရတာက ကက်စတယ်လာအတွက် မနှစ်မြို့ဖွယ် အတိတ်တွေကို ပြန်သတိရစေပါတယ်။ သူမကိုယ်တိုင်လည်း အဲဒီအခြေအနေကနေ မနည်းရှင်သန်ခဲ့ရတာပါ။ သူမလိုမျိုး မိဘတွေ ဆုံးရှုံးရတဲ့ မိန်းကလေးတစ်ယောက် ထပ်မရှိစေချင်တော့ပါဘူး။

သူမရဲ့ စူးရှတဲ့ မျက်ဝန်းတွေက ဘယ်လောက်ပဲ ပေးဆပ်ရပါစေ ဒီကပ်ရောဂါကို ကာကွယ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ဖော်ပြနေပါတယ်။

"သခင်လေး၊ ကျွန်မတို့ ဘာလုပ်နိုင်မလဲဟင်"လို့ သူမက မေးလိုက်ပါတယ်။

ကင်းစ်ဘရစ်ချ်က မြို့သူမြို့သားအားလုံးရဲ့ သဘောတူညီချက်ရမှသာ ရေဆိုးထုတ်စနစ်ကို စတင်ဆောက်လုပ်နိုင်မှာဖြစ်ကြောင်း ဘတ်က ရှင်းပြပါတယ်။

အိမ်တွေ၊ အဆောက်အအုံတွေ အားလုံးကို မြစ်နဲ့ ချိတ်ဆက်မယ့် ရေဆိုးထုတ်စနစ်ကို တည်ဆောက်တာက မြို့သူမြို့သားတွေရဲ့ နေ့စဉ်ဘဝကို အနှောင့်အယှက်ဖြစ်စေမှာမို့ ဒါက တကယ်ကို ခက်ခဲတဲ့ ပြဿနာပါ။ သူတို့ နားမလည်တဲ့ ထူးဆန်းတဲ့ စနစ်တစ်ခုအတွက် အဆောက်အအုံ ကြမ်းပြင်တွေကို ဖျက်ဆီးခွင့်ပေးမယ့်သူက လက်ချိုးရေလို့ ရပါလိမ့်မယ်။

ဒါက ဗန်ဒါဘစ် မိသားစုရဲ့ အရင်းအမြစ်တွေနဲ့ ရီနေးတား ကုမ္ပဏီတို့ ပေါင်းလိုက်ရင်တောင် အောင်မြင်ဖို့ ခက်ခဲတဲ့ အလုပ်တစ်ခုပါပဲ

"ဒါကို မင်းပခုံးအပေါ် ပုံချလိုက်သလို ဖြစ်သွားတဲ့အတွက် တောင်းပန်ပါတယ် ကက်စတယ်လာ။ ကုမ္ပဏီကို စီမံခန့်ခွဲခိုင်းကတည်းက မင်းမှာ တာဝန်တွေ အများကြီး ပိနေခဲ့တာပါ"

ကက်စတယ်လာက ခေါင်းခါလိုက်ပြီး

"မဟုတ်တာပဲ သခင်လေးရယ်၊ ရပါတယ်။ အမှန်အတိုင်း ပြောရရင်... ကျွန်မက ဘတ်တာလောက်လည်း အလုပ်မကြိုးစားသလို တခြားအစေခံတွေလောက်လည်း သန့်ရှင်းရေး မတော်ပါဘူး။ ဒါပေမဲ့ သခင်လေးက ကုမ္ပဏီကို စီမံခန့်ခွဲဖို့ တာဝန်ပေးကတည်းက ကျွန်မ ကိုယ့်ကိုယ်ကိုယ် အသက်ဝင်လာသလို ခံစားရတယ်။ ကျွန်မ ရင်တွေ ခုန်နေတယ်။ ကျွန်မ တစ်သက်လုံး အစေခံပဲ လုပ်သွားရမယ်လို့ ထင်ခဲ့တာ၊ ဒါပေမဲ့ ဒါက ကျွန်မ တကယ်အလိုချင်ဆုံး အရာဆိုတာ သိလိုက်ရပြီ။ ကျွန်မ ကုမ္ပဏီကို စီမံခန့်ခွဲချင်တယ်၊ ကုမ္ပဏီ ကြီးထွားလာဖို့အတွက် ဆုံးဖြတ်ချက်တွေ ချချင်တယ်…

ကျွန်မတို့ရဲ့ ကုန်ပစ္စည်းတွေကို သုံးနေတဲ့သူတွေရဲ့ မျက်နှာပေါ်က အပြုံးတွေကို မြင်ချင်တယ်။ အခုတော့ ကျွန်မရဲ့ မိဘတွေကို သေဆုံးစေခဲ့တဲ့ ကပ်ရောဂါကို ကာကွယ်ဖို့အတွက် သခင်လေးက အခွင့်အရေး ပေးလိုက်ပြန်ပြီ။ ဒါတွေအားလုံးက အိပ်မက်တစ်ခုကို ရှင်သန်နေရသလို ခံစားရစေပါတယ်။ ဒါကြောင့် အဲဒီလိုမျိုး မပြောပါနဲ့။ သခင်လေးအတွက် အလုပ်လုပ်ရတာကို ကျွန်မ မြတ်နိုးပါတယ်"လို့ သူမက ဝန်ခံလိုက်ပါတယ်။

"ကင်းစ်ဘရစ်ချ်က လူတွေကို ကပ်ရောဂါကနေ ကယ်တင်ဖို့ ကျွန်မကို ဆက်ပြီး ကူညီခွင့်ပေးပါ"

သူမက စိတ်အားထက်သန်စွာနဲ့ မိုက်ကယ်ရဲ့ လက်ကို ဆုပ်ကိုင်ပြီး တောင်းဆိုလိုက်ပါတယ်။ မိုက်ကယ်က သူမကို အစွမ်းကုန် ကြိုးစားပေးမယ်လို့ ကတိပေးဖို့ ပြင်လိုက်ပေမဲ့ ကက်စတယ်လာရဲ့ လက်နဲ့ ထိတွေ့လိုက်တာနဲ့ တစ်ကိုယ်လုံး လျှပ်စစ်စီးသွားသလိုမျိုး ရုတ်တရက် ခံစားလိုက်ရပါတယ်။

[အဆင့်မြင့်စွမ်းရည်- လက်ဆောင်မွန် ပေးအပ်ခြင်းကို အသက်သွင်းလိုက်ပါပြီ။]

SS အဆင့်ရှိ စီးပွားရေးလုပ်ငန်းရှင်ကြီး

- - အသုံးပြုသူသည် ဆဋ္ဌမအာရုံကို ရရှိမည်ဖြစ်ပြီး အကောင်းဆုံးသော ငွေကြေးအကျိုးအမြတ် ရရှိစေမယ့် စီးပွားရေးဆိုင်ရာ ဆုံးဖြတ်ချက်များအတွက် သိစိတ်ဖြင့် သိမြင်နိုင်စွမ်း ရရှိမည်ဖြစ်သည်။ ဤစွမ်းရည် မြင့်တက်လာပါက ပိုမိုတိကျသော သိမြင်မှုကို ရရှိစေမည်ဖြစ်ပြီး မတူညီသော ရလဒ်များကြားမှ ရွေးချယ်နိုင်သော စွမ်းရည်ကို ပေးအပ်မည်ဖြစ်သည်။

[ကက်စတယ်လာရဲ့ ဝှက်ထားတဲ့ ပါရမီကို တွေ့ရှိလိုက်ပါပြီ။ သူမရဲ့ ပါရမီကို နှိုးထစေလိုပါသလား]

မျက်နှာပြင်ပေါ်က နိုဗာရဲ့ စာသားကို မြင်လိုက်ရတဲ့အခါ မိုက်ကယ်ရဲ့ မျက်လုံးတွေ ပြူးသွားပါတယ်။

နတ်ဘုရားမက သူ့ရဲ့ အဆင့်မြင့်စွမ်းရည်အကြောင်း ဘာမှမပြောခဲ့တာကြောင့် ဒါကို ဘယ်လိုသုံးရမလဲဆိုတာ မိုက်ကယ် မသိခဲ့ပါဘူး။ ဒါကြောင့် သာမန် ထိတွေ့မှုလေးတစ်ခုနဲ့ အသက်ဝင်လာတာကို သိလိုက်ရတဲ့အခါ သူ တကယ့်ကို အံ့အားသင့်သွားပါတယ်။ 'သူမရဲ့ ပါရမီကို ငါ နှိုးထပေးနိုင်တာလား။ တစ်ခုခု ပေးဆပ်ဖို့ရော လိုလား'။

[မလိုပါဘူး။ သင် တွေ့ရှိလိုက်တဲ့ မည်သူ့ရဲ့ ပါရမီကိုမဆို အချိန်မရွေး နှိုးထပေးနိုင်ပါတယ်။]

'အဲဒီတော့ အခုချက်ချင်း သူမရဲ့ ပါရမီကို နှိုးထပေးလို့ ရတာပေါ့၊ ဟုတ်လား။ ဟိုပုရောဟိတ်က ငါ့ရဲ့ ပါရမီကို နှိုးထပေးခဲ့သလိုမျိုးလား'။

[မှန်ပါတယ်]

ကက်စတယ်လာရဲ့ ပါရမီက အလွန်ရှားပါးတဲ့ SS အဆင့် ပါရမီ ဖြစ်နေတာကလည်း တကယ့်ကို ကံကောင်းလှပါတယ်။ တစ်ဖက်မှာလည်း မိုက်ကယ် ရုတ်တရက် တိတ်ဆိတ်သွားတာက လူတိုင်းရဲ့ အာရုံကို ဖမ်းစားလိုက်ပါတယ်။

"မိုက်ကယ်၊ သားလေး၊ အဆင်ပြေရဲ့လား"လို့ လိုင်လီယာက သူ့အနားကို လာပြီး မေးလိုက်ပါတယ်။ အခြေအနေကို နားလည်သွားပြီးနောက် မိုက်ကယ်က အံ့သြမှုကို ဖျောက်လိုက်ပြီး ကက်စတယ်လာကို ကြည့်ကာ အရေးကြီးတဲ့ မေးခွန်းတစ်ခု မေးလိုက်ပါတယ်။

"ကက်စတယ်လာ၊ မင်း ငါ့ကို ယုံလား"

အစေခံမလေးက တွေဝေမနေဘဲ ခေါင်းညိတ်လိုက်ပါတယ်"ယုံတာပေါ့ သခင်လေးရဲ့"

"မင်း ရီနေးတား ကုမ္ပဏီရဲ့ တရားဝင် စီအီးအို ဖြစ်ချင်လား"လို့ သူက မေးလိုက်ပါတယ်။

ကက်စတယ်လာနဲ့ ဘတ် နှစ်ယောက်စလုံးက မိုက်ကယ် သုံးလိုက်တဲ့ အသုံးအနှုန်းကို ရင်းနှီးခြင်း မရှိကြပါဘူး။

"စီအီးအို ဆိုတာ ဘာလဲဟင် သခင်လေး"

"စီအီးအို ဆိုတာ ကုမ္ပဏီတစ်ခုလုံးကို အပြည့်အဝ တာဝန်ယူပြီး ကုမ္ပဏီ တိုးတက်ဖို့အတွက် လိုအပ်တဲ့ ဆုံးဖြတ်ချက်အားလုံးကို ချရတဲ့သူကို ခေါ်တာ။ မင်းက ရီနေးတားရဲ့ အရာရာတိုင်းကို တရားဝင် ကိုင်တွယ်ရလိမ့်မယ်"လို့ မိုက်ကယ်က ရှင်းပြလိုက်ပါတယ်။

ကက်စတယ်လာက အဲဒီရာထူးရဲ့ အခြေခံသဘောတရားကို နားလည်သွားပုံရပေမဲ့ ဘတ်လိုပဲ သူမဟာ အဲဒီအလုပ်နဲ့ မထိုက်တန်ဘူးလို့ ထင်နေပါတယ်။ သူမက မိုက်ကယ်ရဲ့ ကုမ္ပဏီမှာ မန်နေဂျာအဖြစ် လုပ်ရတာဟာ ယာယီပဲလို့ ထင်ခဲ့တာပါ။ ကုမ္ပဏီ နည်းနည်းကြီးလာရင် ပိုတော်တဲ့သူနဲ့ အစားထိုးခံရမယ်လို့ သူမက ထင်နေခဲ့တာပါ။

"ကျွန်မ ဒါကို မလုပ်နိုင်ဘူး ထင်တယ် သခင်လေး။ ကျွန်မက မထိုက်တန်ပါဘူး"လို့ ကက်စတယ်လာက လက်ကာပြရင်း ငြင်းလိုက်ပါတယ်။

ဒါပေမဲ့ မိုက်ကယ်က ပိုသိတာပေါ့။

"မင်းက ငါမရှိဘဲနဲ့ ကုမ္ပဏီကို တော်တော်လေး ကောင်းကောင်း စီမံခန့်ခွဲနိုင်ခဲ့တာပဲ။ မင်းက တကယ့်ကို တော်တဲ့သူပါ။ အကယ်၍ မင်း ပိုပြီး မကိုင်တွယ်နိုင်တော့ဘူးလို့ ထင်ရင် ငါ မင်းကို ကူညီနိုင်ပါတယ်။ မင်းရဲ့ ပါရမီကို ငါ နှိုးထပေးနိုင်တယ်"

သူ့ရဲ့ စကားတွေက သူတို့အားလုံးကို တုန်လှုပ်သွားစေပါတယ်။

"မိုက်ကယ်၊ သား ဘာတွေ ပြောနေတာလဲ"

မိုက်ကယ်က ပြုံးလိုက်ပြီး ကက်စတယ်လာဘက်ကို လက်ကမ်းလိုက်ပါတယ်။

'နိုဗာ၊ သူမရဲ့ ပါရမီကို နှိုးထပေးလိုက်စမ်းပါ'

သူ့ရဲ့ အမြုတေထဲက ဒြပ်စင် မှော်စွမ်းအင်တွေနဲ့ မတူတဲ့ ရွှေရောင် အရှိန်အဝါတွေက သူ့လက်မောင်းတဝိုက်မှာ စုစည်းလာပါတယ်။ လိုင်လီယာနဲ့ ဘတ်တို့က မိုက်ကယ်ရဲ့ ပါရမီ နှိုးထစဉ်က မြင်ခဲ့ရတဲ့ အဲဒီရွှေရောင် အလင်းတန်းကို ချက်ချင်း မှတ်မိသွားပြီး အံ့သြတုန်လှုပ်စွာနဲ့ အော်လိုက်မိကြပါတယ်။

"မေမေ၊ ဖေဖေ။ သားရဲ့ အဆင့်မြင့်စွမ်းရည်က ဘာလုပ်နိုင်လဲဆိုတာ သိလိုက်ရပြီ"လို့ မိုက်ကယ်က ပြောရင်း သူ့လက်ထဲက ရွှေရောင် အရှိန်အဝါတွေကို ကက်စတယ်လာဆီကို အာရုံစိုက်လိုက်ပါတယ်။

"သားက မည်သူ့ရဲ့ ပါရမီကိုမဆို နှိုးထပေးနိုင်တယ်"

ရွှေရောင်အလင်းတန်းတွေက ကက်စတယ်လာရဲ့ တစ်ကိုယ်လုံးဆီ ပြေးဝင်သွားပြီး စက္ကန့်ပိုင်းလောက် သူမ မျက်စိကျိန်းသွားအောင် ရွှေရောင်အလင်းတွေနဲ့ ဖုံးလွှမ်းသွားပါတယ်။

[ကက်စတယ်လာရဲ့ ပါရမီကို နှိုးထပေးနေသည်...]

[ထိပ်တန်း တက္ကသိုလ်များမှ စီးပွားရေး စီမံခန့်ခွဲမှုဆိုင်ရာ သင်ရိုးညွှန်းတမ်း တစ်ခုလုံးကို ကက်စတယ်လာရဲ့ သိစိတ်ထဲသို့ တိုက်ရိုက် ထည့်သွင်းပေးနေသည်...]

[ပါရမီ နှိုးထခြင်း ပြီးဆုံးပါပြီ။]

* * * * * * * * *

All Chapters