← Chapters

အခန်း (၄၇-၄၈)

Vol. 4 Ch. 47-48

အခန်း (၄၇-၄၈)

Vol. 4 Ch. 47-48

စာစဉ်(၄)

အခန်း(၄၇)

ကက်စတယ်လာဟာ သူမရဲ့ ဦးနှောက်ထဲကို သတင်းအချက်အလက်တွေ စီးဝင်လာတာကို ခံစားလိုက်ရတယ်။ စီးပွားရေးစီမံခန့်ခွဲမှုနဲ့ ပတ်သက်တဲ့ အတွေးအခေါ်တွေ၊ ပုံသေနည်းတွေနဲ့ အသိပညာ ဗဟုသုတတွေဟာ သူမရဲ့ မှတ်ဉာဏ်ထဲမှာ အစီအရီ နေရာယူသွားကြတယ်။

အဲဒီအသိပညာတွေက စိတ်အစဉ်ရဲ့ နက်ရှိုင်းတဲ့ နေရာတွေအထိ စိမ့်ဝင်သွားပြီး သူမရဲ့ အလုပ်သစ်အတွက် ချက်ချင်းပဲ ကျွမ်းကျင်သူတစ်ယောက် ဖြစ်သွားစေတယ်။

မိုက်ကယ်ရဲ့ ထူးဆန်းတဲ့ ကမ္ဘာက အသိပညာတွေကို လက်ခံရရှိတာဖြစ်လို့ အစပိုင်းမှာ အနည်းငယ် နေရခက်သလို ရှိပေမဲ့ ရွှေရောင်အလင်းတန်းတွေ မှေးမှိန်သွားတဲ့အခါမှာတော့ ကက်စတယ်လာရဲ့ ခန္ဓာကိုယ်တစ်ခုလုံး နွေးထူးတဲ့ ခံစားချက်တစ်ခု စီးဆင်းသွားတယ်။ ဒီခံစားချက်က ဗန်ဒါဘစ်စံအိမ်က ရေပူစမ်းမှာ အနားယူရတာထက်တောင် ပိုပြီး စိတ်လက်ပေါ့ပါးမှုကို ပေးစွမ်းတယ်။

မကြာခင်မှာပဲ အဲဒီအသိပညာတွေက တည်ငြိမ်သွားပြီး သူမရဲ့ စိတ်အာရုံကလည်း ယခင်ကထက် ပိုပြီး လန်းဆန်းသွားကာ စီးပွားရေးစီမံခန့်ခွဲမှု ပညာရပ်ကို အကုန်အစင် တတ်မြောက်သွားတော့တယ်။ သူမ မျက်လုံးကို ဖွင့်လိုက်တဲ့အခါ ပထမဆုံး မြင်လိုက်ရတာက ပြုံးပြီး ကြည့်နေတဲ့ သခင်လေးပဲ ဖြစ်တယ်။

"ဘယ်လိုနေလဲ"လို့ သူက သူမကို မေးလိုက်တယ်။

ကက်စတယ်လာက သူမရဲ့ လက်နှစ်ဖက်ကို ကြည့်လိုက်မိတယ်။ သူမရဲ့ သွေးကြောထဲမှာ တစ်စုံတစ်ရာသော စွမ်းအားတွေ စီးဆင်းနေသလို ခံစားနေရတယ်။

"ဒါက... အံ့ဩစရာပဲ သခင်လေး။ အခုဆို ကျွန်မ အရာအားလုံးကို ပိုပြီးတော့ ရှင်းရှင်းလင်းလင်း မြင်နေရပြီ။ သခင်လေးက ကျွန်မကို လက်ဆောင်တစ်ခု ပေးလိုက်တာပဲ"

လိုင်လီယာနဲ့ ဗန်ဒါဘစ်တို့က ကက်စတယ်လာဆီက ရှင်းပြချက်ကို စိတ်ဝင်တစား စောင့်ဆိုင်းနေကြတယ်။ အသက် ၁၀ နှစ်ကျော်သွားပြီးမှ လူတစ်ယောက်ရဲ့ ပါရမီကို နိုးထစေဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ သူတို့ ထင်ထားခဲ့ကြပေမဲ့ မိုက်ကယ်ရဲ့ အဆင့်မြင့်စွမ်းရည်က အဲဒီကန့်သတ်ချက်ကို ကျော်ဖြတ်နိုင်ခဲ့တယ်။

"ကက်စတယ်လာ မင်း ဘယ်လိုခံစားရလဲဆိုတာ ပြောပြလို့ရမလား"လို့ ဗန်ဒါဘစ်က မေးလိုက်တယ်။

ကက်စတယ်လာက သူမရဲ့ လက်ကိုကြည့်ရင်း လေထဲမှာ တစ်ခုခုကို မြင်နေရသလိုမျိုး လက်လှမ်းပြလိုက်တယ်။

"ကျွန်မ မျက်စိရှေ့မှာ ဖန်သားပြင်တစ်ခု ပေါ်နေတယ်"လို့ သူမက ပြောလိုက်တယ်"အဲဒီထဲမှာ ကျွန်မနာမည် ပါရမီ စွမ်းရည်နဲ့ လက်ရှိ အဆင့်အတန်းတွေ ပါဝင်နေတယ်"

မိုက်ကယ်က မျက်လုံးပြူးသွားမိတယ်။ ကက်စတယ်လာမှာလည်း သူမကိုယ်ပိုင် စနစ်တစ်ခု ရရှိသွားလိမ့်မယ်လို့ သူ မထင်မှတ်ထားခဲ့ဘူး။

[ကက်စတယ်လာရဲ့ စနစ်ကို စစ်ဆေးကြည့်ချင်ပါသလား] လို့ နိုဗာက မေးလိုက်တယ်။

မိုက်ကယ်က သဘောတူလိုက်တာနဲ့ သူ့ရဲ့ အမြင်အာရုံထဲမှာ နောက်ထပ် ဖန်သားပြင်တစ်ခု ပေါ်လာပြီး ကက်စတယ်လာရဲ့ လက်ရှိ စွမ်းအားတွေကို ပြသနေတယ်။

[ဒြပ်စင်ကျွမ်းကျင်မှု - သဟဇာတ ဒြပ်စင်]

[ပါရမီ - အဆင့် SS စီးပွားရေးလုပ်ငန်းရှင်]

-- အသုံးပြုသူက စီးပွားရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေမှာ ထူးကဲတဲ့ ပင်ကိုယ်သိစိတ် ရှိလိမ့်မယ်

-- အဆင့်နိမ့် သဟဇာတ ပေါင်းစည်းခြင်း

-- အသုံးပြုသူက ဒြပ်စင်မှော်စွမ်းအင် အားလုံးကို အလိုအလျောက် စုဆောင်းနိုင်လိမ့်မယ်

-- အဆင့်နိမ့် သဟဇာတ အကာအကွယ်

-- အသုံးပြုသူက ဒြပ်စင်မှော်ပညာနဲ့ မန္တန်အားလုံးကို အကန့်အသတ်နဲ့ ခုခံနိုင်စွမ်း ရှိလိမ့်မယ်

သူ့မျက်လုံးတွေက သူမရဲ့ စနစ်ကို မြင်လိုက်ရတဲ့အခါ ပြူးသွားရတယ်။ သူမက ဒြပ်စင်အားလုံးကို ပေါင်းစည်းထားတဲ့ သဟဇာတ ဒြပ်စင်ကို ကျွမ်းကျင်သွားရုံတင်မကဘဲ အကြွင်းမဲ့ ဒြပ်စင်ဘက်စုံအကာအကွယ်ကိုပါ ရရှိသွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။

'နိုဗာ ဒါက သူမရဲ့ ပင်ကိုယ်ပါရမီလား ဒါမှမဟုတ် ငါ့ဆီကနေ သင်ယူလိုက်တာလား'

[မင်း နိုးထပေးလိုက်တဲ့သူတိုင်းက မင်းရဲ့ စွမ်းရည်တွေထက် အနည်းငယ်နိမ့်တဲ့ စွမ်းရည်တွေကို အမွေဆက်ခံရမှာ ဖြစ်ပါတယ်။ ဒီလို အလိုအလျောက် စွမ်းရည်အမွေဆက်ခံမှုကို ပိတ်ထားချင်ပါသလား]

'ဟင့်အင်း မပိတ်နဲ့ဦး လောလောဆယ် ဒီအတိုင်းပဲ ထားလိုက်ပါ' လို့ သူ ပြန်ဖြေလိုက်တယ်။

[မင်း အဆင့်မြင့် ရွှေနှာခေါင်း စွမ်းရည်ကို ရရှိသွားပါပြီ]

'ဘာ ငါက ဘယ်လိုလုပ် အဲဒါကို ရတာလဲ'

[ဒါက မင်းရဲ့ အဆင့်မြင့်စွမ်းရည် ဖြစ်တဲ့ မှော်စွမ်းအင် စုဆောင်းခြင်း ကြောင့်ပါ။ အဲဒီစွမ်းရည်က ကက်စတယ်လာရဲ့ စွမ်းရည်ကို လေ့လာပြီး တခြားမှော်မန္တန်တွေလိုပဲ ကူးယူနိုင်စေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ မူလ ရွှေနှာခေါင်း စွမ်းရည်က မင်းအတွက် သိပ်ပြီး အကျိုးမရှိတဲ့အတွက် ကျွန်ုပ်က အဲဒီစွမ်းရည်ကို ပိုကောင်းတဲ့ ဗားရှင်းတစ်ခုအဖြစ် ပြောင်းလဲပေးလိုက်ပါတယ်]

မိုက်ကယ်ရဲ့ အမြင်အာရုံမှာ စွမ်းရည်အသစ်ရဲ့ ဖော်ပြချက်ကို ပြထားတဲ့ ဖန်သားပြင်တစ်ခု ပေါ်လာတယ်။

[အဆင့်မြင့် ရွှေနှာခေါင်း]

-- အသုံးပြုသူက ပါရမီရှင်တွေကို ရှာဖွေတွေ့ရှိနိုင်မယ့် အခြေအနေနဲ့ ဆုံးဖြတ်ချက်တွေအပေါ် ပင်ကိုယ်သိစိတ် ရှိလိမ့်မယ်

ကက်စတယ်လာရဲ့ ရွှေနှာခေါင်းစွမ်းရည်က ငွေကြေးအကျိုးအမြတ်ကို ရှာဖွေပေးနိုင်ပေမဲ့ မိုက်ကယ်ရဲ့ စွမ်းရည်ကတော့ ပါရမီရှင်တွေကို ရှာဖွေတွေ့ရှိပေးနိုင်တာ ဖြစ်တယ်။

မိုက်ကယ်က သူ့ရဲ့ အဆင့်မြင့်စွမ်းရည်ကို အံ့ဩနေမိတယ်။ ဒီစွမ်းအားနဲ့ဆိုရင် သူက သာမန်လူတွေကို ရှာဖွေပြီး ပါရမီရှင်တွေအဖြစ် ပြောင်းလဲပေးနိုင်တော့မှာပဲ။

လူအများစုက အသက် ၁၀ နှစ်ကျော်သွားရင် ပိုမိုမြင့်မားတဲ့ အဆင့်အတန်းကို တက်လှမ်းဖို့ အခွင့်အရေး မရှိတော့ဘူးလို့ ထင်တတ်ကြပေမဲ့ သူ့ရဲ့ အဆင့်မြင့်စွမ်းရည်နဲ့ဆိုရင် လူအုပ်ထဲမှာ ဖုံးကွယ်နေတဲ့ ရတနာတွေကို ရှာဖွေနိုင်မှာ ဖြစ်တယ်။

ကက်စတယ်လာနဲ့ မိုက်ကယ်တို့ နှစ်ယောက်လုံးက ဒီနိုးထမှုအတွင်းမှာ သူမ ရရှိခဲ့တဲ့အရာတွေကို မိဘတွေကို ရှင်းပြလိုက်ကြတယ်။

သူမ ဘယ်လောက်တောင် အံ့ဩစရာကောင်းအောင် ပြောင်းလဲသွားလဲဆိုတာ သိလိုက်ရတဲ့အခါ ဗန်ဒါဘစ်နဲ့ လိုင်လီယာတို့က အံ့ဩမှုကို မဖုံးကွယ်နိုင်ဘဲ ထိုင်ခုံကနေတောင် ထခုမတတ် ဖြစ်သွားကြတယ်။

"ဒါ... ဒါက တကယ်ကြီးလား"လို့ ဗန်ဒါဘစ်က သူ မြင်လိုက်ရတဲ့အရာကို နားလည်အောင် ကြိုးစားရင်း ရေရွတ်လိုက်တယ်။

"သား... ငါ့သားလေးက... သူက တကယ့်ကို ပါရမီရှင်ပဲ"လို့ လိုင်လီယာက တစ်ယောက်တည်း ကျေနပ်စွာ ပြုံးပြီး ပြောနေတယ်။

မိုက်ကယ်က ပါရမီနိုးထရမယ့် အသက်အရွယ် ကျော်လွန်သွားတဲ့သူကို နိုးထပေးနိုင်ရုံတင်မကဘဲ တစ်နိုင်ငံလုံးမှာ နာမည်ကြီးနိုင်တဲ့ စွမ်းရည်တွေနဲ့ ကျွမ်းကျင်မှုတွေကိုပါ ပေးအပ်နိုင်ခဲ့တာပဲ။

သူတို့က ဒီသတင်းအချက်အလက်တွေကို ဘယ်လိုလက်ခံရမှန်းတောင် မသိတော့ဘူး။ ကက်စတယ်လာလို လူမျိုးက တစ်သက်လုံး မှော်စွမ်းရည် ပြသနိုင်တာမျိုး မရှိခဲ့ပေမဲ့ အခုတော့ မိုက်ကယ် တရားထိုင်နေစဉ်ကလိုပဲ ကက်စတယ်လာရဲ့ ပတ်ဝန်းကျင်မှာ မှော်စွမ်းအင် ဒြပ်စင်တွေ စုစည်းနေတာကို လိုင်လီယာ မြင်နေရပြီ။

ဒါက မဖြစ်နိုင်ဘူးလို့ သူတို့ ထင်ခဲ့ကြတာ ဖြစ်တယ်။

"အဆင့်မြင့်စွမ်းရည်က ဘယ်လောက်အစွမ်းထက်လဲဆိုတာ ငါ ကြားဖူးပါတယ် ဒါပေမဲ့ ဒီလောက်အထိ အဓိပ္ပာယ်မရှိအောင် အစွမ်းထက်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး"လို့ ဗန်ဒါဘစ်က အံ့ဩတကြီး ပြောလိုက်တယ်။

အဲဒီအချိန်မှာ ကက်စတယ်လာက မိုက်ကယ်ရဲ့အနားကို လာပြီး အင်္ကျီစကို ဆွဲလိုက်တယ်။

"သခင်လေး... သခင်လေး ပေးလိုက်တဲ့ အသိပညာတွေကနေ ရေဆိုးထုတ်စနစ်ကို ဘယ်လိုဆက်လုပ်ရမလဲဆိုတဲ့ အကြံဉာဏ်တစ်ခု ကျွန်မ ရခဲ့တယ်"

ကက်စတယ်လာရဲ့ စီးပွားရေး အမြင်သစ်နဲ့ အသိပညာတွေက ချက်ချင်းပဲ အလုပ်ဖြစ်လာတယ်။ ရေဆိုးထုတ်စနစ်ရဲ့ ပြဿနာကို ဖြေရှင်းဖို့ သူမ တစ်စက္ကန့်တောင် စဉ်းစားစရာ မလိုခဲ့ဘူး။ ဒါက သူမအတွက် အသက်ရှူရသလိုမျိုး သဘာဝကျနေတယ်။

အဲဒီနောက် သူမက စီမံကိန်းအတွက် လိုအပ်တာတွေကို အသေးစိတ် ရှင်းပြဖို့ သူမရဲ့ ရုံးခန်းထဲမှာ အလွတ်သဘော အစည်းအဝေးတစ်ခု ပြုလုပ်လိုက်တယ်။

သူမရဲ့ လက်တွေက စက္ကူပေါ်မှာ ရေးခြစ်နေပြီး လူတိုင်းကို ရှင်းပြနေတယ်။ ဗန်ဒါဘစ်ကိုတောင် ပြန်ပြောဖို့ အချိန်မပေးဘူး။ ဗန်ဒါဘစ်မှာ သူမ ပြောသမျှကို အမီလိုက်နိုင်ဖို့ အာရုံစိုက်ပြီး နားထောင်နေရတော့တယ်။

သူမ ရှင်းပြလေလေ ဗန်ဒါဘစ်မှာ ပိုပြီး အံ့အားသင့်လေလေ ဖြစ်နေတယ်။

ကက်စတယ်လာက ဆောက်လုပ်ရေး စတင်ဖို့ အချိန်ဘယ်လောက် လိုအပ်မယ် လူအင်အား ဘယ်လောက် လိုအပ်မယ် ဘယ်နေရာကနေ ရနိုင်မယ် ဆောက်လုပ်ရေး လုပ်နေစဉ်အတွင်း မြို့သူမြို့သားတွေကို အနှောင့်အယှက် မဖြစ်စေဖို့ အလုပ်သမားတွေရဲ့ အချိန်ဇယားကို နာရီအလိုက် ဘယ်လို ခွဲဝေရမယ်ဆိုတာကို အသေးစိတ် ပြောပြနေတယ်။

သူမရဲ့ အချိန်စီမံခန့်ခွဲမှု ဆက်သွယ်မှု ဦးဆောင်မှုနဲ့ အလုပ်ခွဲဝေမှုတွေက အလွန်ပဲ ထက်မြက်လှတယ်။ သူမရဲ့ အတွေးအခေါ်တွေက ဆန်းသစ်ပြီး လက်ရှိကမ္ဘာမှာသာ အကောင်အထည်ဖော်မယ်ဆိုရင် လုပ်ငန်းစွမ်းဆောင်ရည်ကို အနည်းဆုံး သုံးဆလောက် မြင့်တက်စေနိုင်မှာ ဖြစ်တယ်။

"ဒါက မိုက်ကယ်ရဲ့ အဆင့်မြင့်စွမ်းရည်ကနေ ရလာတဲ့ စီးပွားရေးစီမံခန့်ခွဲမှု အသိပညာတွေလား"လို့ ဗန်ဒါဘစ်က မေးလိုက်တယ်။

ကက်စတယ်လာက ခေါင်းညိတ်ပြတယ်။ ရေဆိုးထုတ်စနစ်နဲ့ ပတ်သက်သမျှ အားလုံးကို သူမ နားလည်သွားပြီ ဖြစ်တယ်။

"သခင်လေး ဒီစီမံကိန်းကို လူထုက လက်ခံလာအောင် လုပ်ဖို့ ကျွန်မမှာ အဖြေရှိပါတယ်"လို့ ကက်စတယ်လာက ယုံကြည်မှုရှိရှိ ပြောလိုက်တယ်။

"ဘယ်လိုမျိုးလဲ"လို့ မိုက်ကယ်က မေးလိုက်တယ်။

"သခင်လေးသာ သဘောတူမယ်ဆိုရင် ဗန်ဒါဘစ်စံအိမ်မှာ တပ်ဆင်ထားတဲ့ ရေပိုက်စနစ်ကို ကျွန်မတို့ စတင်ရောင်းချလို့ ရပါတယ်။

သူတို့ရဲ့ အိမ်တွေမှာ ရေပိုက်ခေါင်းကနေ ရေထွက်လာတာ ဘယ်လောက် လွယ်ကူလဲဆိုတာကို မြင်သွားရင် သူတို့အိမ်တွေမှာ ဆောက်လုပ်ရေးလုပ်ဖို့ ဝမ်းသာအားရ ခွင့်ပြုကြပါလိမ့်မယ်။ ကျွန်မတို့က ရေပိုက်တွေနဲ့ ရေဆိုးထုတ်စနစ်ကို တစ်ပြိုင်တည်း တပ်ဆင်ပေးမှာပါ။

ဒါက အချက်နှစ်ချက်ကို အောင်မြင်စေပါလိမ့်မယ် ပထမတစ်ခုက ရေဆိုးထုတ်စနစ်ကို စနစ်တကျ စတင်နိုင်မှာဖြစ်ပြီး ဒုတိယတစ်ခုကတော့ ရီနေးတားကုမ္ပဏီအနေနဲ့ ရေပိုက်ခေါင်းတွေနဲ့ ရေပန်းခေါင်းတွေ ရောင်းချတာကနေ ငွေအမြောက်အမြား ရရှိနိုင်မှာပဲ ဖြစ်ပါတယ်"

* * * * * * * * *

စာစဉ်(၄)

အခန်း(၄၈)

မိုက်ကယ်နဲ့ သူ့မိဘတွေက ကက်စတယ်လာရဲ့ ကျွမ်းကျင်မှုကို အတော်လေး အထင်ကြီးသွားကြတယ်။ ရီနေးတား ကုမ္ပဏီကို စိတ်ချရတဲ့ လက်ထဲ အပ်ထားနိုင်ပြီဆိုတာကိုလည်း အရင်ကထက် ပိုယုံကြည်သွားကြတာပေါ့။

"ဒါက တကယ့်ကို အံ့ဩစရာကောင်းတဲ့ အကြံပဲ"

မိုက်ကယ်က သူမကို ချီးကျူးလိုက်တယ်။

"ကျွန်တော့်ရဲ့ စီအီးအိုအသစ်ဆီက မျှော်လင့်ထားတဲ့အတိုင်းပါပဲ"

ဒါပေမဲ့ ရေဆိုးမြောင်း စီမံကိန်းကို မစတင်ခင် သူတို့ လိုအပ်နေတဲ့ အရာတစ်ခု ရှိသေးတယ်။

"သခင်လေး၊ ကျွန်မတို့ မှော်မျှော်စင်ရဲ့ အကူအညီ လိုအပ်နေသေးတယ်။ တည်ဆောက်ရေး လုပ်ငန်းတွေကို အတတ်နိုင်ဆုံး ချောချောမွေ့မွေ့ ဖြစ်စေချင်ရင် မြေဒြပ်စင် မှော်ကဝေတွေ အများကြီးရဲ့ အကူအညီကို ယူရပါလိမ့်မယ်" လို့ ကက်စတယ်လာက ပြောတယ်။

သူမ စိုးရိမ်ရတဲ့ အကြောင်းရင်း ရှိတယ်။ မြစ်ရေသန့်စင်ဖို့ မြို့တော်က ငှားရမ်းတဲ့ အလုပ်တွေကနေ မှော်မျှော်စင်က ဝင်ငွေအများကြီး ရနေလို့ပဲ။ အကယ်၍ ရေဆိုးမြောင်းစနစ်သာ ပြီးသွားရင် နောက်ပိုင်းမှာ အဲဒီဝင်ငွေတွေ အကုန်ဆုံးရှုံးသွားတော့မှာလေ။

ဒါပေမဲ့ မိုက်ကယ်ကတော့ သူမရဲ့ စိုးရိမ်မှုကို လက်ခါပြလိုက်ပြီး

"အဲဒါကိုတော့ ငါ ဖြေရှင်းနိုင်ပါတယ်" လို့ ပြောလိုက်တယ်။

မိုက်ကယ်၊ ကက်စတယ်လာနဲ့ သူ့မိဘတွေက ရေဆိုးမြောင်းစနစ် တည်ဆောက်ဖို့ ပြင်ဆင်ဖို့အတွက် အသီးသီး လမ်းခွဲခဲ့ကြတယ်။

ကက်စတယ်လာကတော့ စီမံကိန်းအတွက် အစီအစဉ်တွေကို စတင်ပြင်ဆင်ဖို့ ရီနေးတား ရုံးခန်းမှာပဲ ကျန်ခဲ့တယ်။ အစီအစဉ် ချောမွေ့ဖို့အတွက် သင့်တော်တဲ့ အလုပ်သမားတွေ၊ မန်နေဂျာတွေနဲ့ လိုအပ်တဲ့ ပစ္စည်းတွေကို သူမ ရှာဖွေရမှာပဲ။

ဘတ်ကတော့ ကင်းစ်ဘရစ်ချ် မြို့တော်က အစိုးရအဖွဲ့အစည်းတွေ စီမံကိန်းကို ခွင့်ပြုချက် လက်မှတ်ထိုးပေးလာအောင် ဗန်ဒါဘစ် မိသားစုနာမည်ရဲ့ သြဇာကို အသုံးချဖို့ ဗန်ဒါဘစ် ရုံးခန်းကို သွားတယ်။

လိုင်လီယာလည်း သူမဘာသာ သီးသန့် ထွက်သွားပြီး မြို့တစ်မြို့လုံးကို အကျိုးပြုမယ့် ရီနေးတားရဲ့ စီမံကိန်းအသစ်အကြောင်း သတင်းလွှင့်ဖို့ သူမရဲ့ ချမ်းသာတဲ့ သူဌေးကတော် သူငယ်ချင်းတွေဆီ သွားလည်တယ်။ သူမရဲ့ သြဇာနဲ့ဆိုရင် အရင်းအမြစ် အများကြီး မလိုဘဲနဲ့ မြို့အနှံ့ သတင်းတွေက မြန်မြန်ဆန်ဆန် ပျံ့သွားမှာပဲ။ ဘာပဲပြောပြော အတင်းအဖျင်း သတင်းဆိုတာ အလကားရတာ မဟုတ်လား။

ဒီအတောအတွင်း မိုက်ကယ်ကတော့ ငါးနှစ်ကြာပြီးမှ မှော်မျှော်စင်ဆီ တစ်ခေါက် ပြန်ရောက်လာတယ်။ သူက မျှော်စင်သခင် နေတဲ့ အပေါ်ဆုံးထပ်ကို တန်းသွားလိုက်တာပဲ။

"အာ... မိုက်ကယ်။ မင်းကို တွေ့ရတာ ဝမ်းသာပါတယ်" လို့ ဆီဘက်စတီယန်က သူ့ရဲ့ ဦးချွန်ဦးထုပ်ကို ချွတ်ပြီး လေးလေးစားစား နှုတ်ဆက်တယ်။

"နေကောင်းလား ဆီဘက်စတီယန်။ မတွေ့တာ ကြာပြီနော်" လို့ မိုက်ကယ်က အခန်းထဲကို ဝေ့ကြည့်ရင်း ပြောတယ်။

ငါးနှစ်ကြာသွားပေမဲ့ အခန်းထဲက အပြင်အဆင်တွေက အရင်အတိုင်းပဲ။ ထူးခြားတာကတော့ အခန်းအနှံ့မှာ စစ်တုရင်ခုံတွေ ပြန့်ကျဲနေပြီး အချို့ရုပ်တွေက လေထဲမှာ ဝဲနေတာပဲ။

"မင်း ပါရမီနိုးထတာ ပြီးပြီလို့ ငါကြားတယ်။ ဘာစွမ်းရည် ရခဲ့လဲ မေးလို့ရမလား"

ဆီဘက်စတီယန်က ရေတစ်ခွက်ကို အေးအေးဆေးဆေး သောက်ရင်း မေးတယ်။

"ကျွန်တော် အဆင့်မြင့်စွမ်းရည် တစ်ခု ရခဲ့တယ်"

မျှော်စင်သခင်က သောက်လက်စ ရေတွေကို ပြန်မှုတ်ထုတ်လိုက်မိပြီး တစ်ကိုယ်လုံး ရေတွေ စိုရွှဲသွားတာပေါ့။ သူက မိုက်ကယ်ကို ကြည့်ပြီး နောက်နေတာလားလို့ အကဲခတ်နေမိတယ်။

'သူ နောက်နေတာ မဟုတ်ဘူးပဲ'လို့ သူ သဘောပေါက်သွားတယ်။

"ကျွန်တော် ကံကောင်းသွားတာလို့ပဲ ထင်ပါတယ်"

မိုက်ကယ်က ပခုံးတွန့်ရင်း အေးဆေးပဲ ပြောလိုက်တယ်။

ဒါပေမဲ့ ကံတရားကြောင့်တင် မဟုတ်ဘူးဆိုတာ မျှော်စင်သခင် ကောင်းကောင်းသိတယ်။ သမိုင်းမှာ အဆင့်မြင့်စွမ်းရည် ရခဲ့တဲ့သူတိုင်းက ကမ္ဘာကြီးကို အုပ်စိုးသူ ဒါမှမဟုတ် ကမ္ဘာကြီးကို အကြီးအကျယ် ပြောင်းလဲပစ်ခဲ့သူတွေချည်းပဲ။

သမုဒ္ဒရာ ဘုရင်က ကမ္ဘာကြီးတစ်ခုလုံးကို ရေမြှုပ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့လို့ ကမ္ဘာတစ်ဝှမ်း သမုဒ္ဒရာ ညစ်ညမ်းမှု မလုပ်ရဘူးဆိုတဲ့ စာချုပ် ပေါ်လာခဲ့တာ။

မိစ္ဆာဘုရင်မက တိုက်ကြီးတစ်ခုလုံးကို မြေပုံပေါ်ကနေ ပြာကျအောင် ဖျက်ဆီးပစ်ခဲ့လို့ လူတွေက ဘီလူးသတ္တဝါတွေကို ကျွန်ပြုတာ ရပ်ခဲ့ကြတာ။

နဂါးဧကရီက နဂါးတွေကို စုစည်းပေးပြီး လူသားတွေကို ဝန်ဆောင်မှုပေးဖို့ ခွင့်ပြုခဲ့လို့သာ ခရီးဝေးတွေကို လွယ်လွယ်ကူကူ သွားလာနိုင်ခဲ့ကြတာ။

မိုက်ကယ်က တစ်နေ့မှာ အဲဒီလို ပုဂ္ဂိုလ်ကြီးတွေနဲ့ တန်းတူ ဖြစ်လာနိုင်တယ်လို့ တွေးလိုက်ရုံနဲ့တင် စိတ်လှုပ်ရှားစရာပဲ။ ဆီဘက်စတီယန်က အတော်လေး အံ့ဩသွားလို့ သူ မှုတ်ထုတ်လိုက်လို့ ကုန်သွားတဲ့ ခွက်ထဲ ရေပြန်ဖြည့်ပြီး အကုန်သောက်ချလိုက်မိပြန်တယ်။

"ကျွန်တော် မျှော်စင်သခင့် အကူအညီ လိုချင်တယ်။ ကျွန်တော် ကူးစက်ရောဂါတစ်ခုကို တားဆီးချင်လို့" လို့ မိုက်ကယ်က ပြောလိုက်တယ်။

ဆီဘက်စတီယန်က ပါးစပ်ထဲက ရေကို ထပ်ပြီး မှုတ်ထုတ်မိတော့မယ့်ဆဲဆဲမှာတင် မနည်းထိန်းပြီး ပြန်မျိုချလိုက်ရတယ်။

"ကူးစက်ရောဂါ ဟုတ်လား။ မင်း ဘာကို ပြောတာလဲ"

မိုက်ကယ်က ဒိမ်းစ်မြစ်ထဲက လူတွေရဲ့ အညစ်အကြေး ညစ်ညမ်းမှုတွေအကြောင်းနဲ့ အဲဒါတွေက မြို့တော်တစ်ခုလုံးကို ရောဂါ ဘယ်လိုပျံ့စေနိုင်လဲဆိုတာ ရှင်းပြလိုက်တယ်။

"ဟင်း... ဒါက တကယ် စိတ်ပူစရာပဲ"

ဆီဘက်စတီယန်က သူ့ရဲ့ ရှည်လျားဖြူဖွေးတဲ့ မုတ်ဆိတ်မွှေးကို ပွတ်ရင်း ပြောတယ်။

"ဒါကြောင့် ကျွန်တော်က ဒီပြဿနာကို ဖြေရှင်းဖို့ မြို့အနှံ့ ရေဆိုးမြောင်းစနစ်တစ်ခု လုပ်ဖို့ ပြင်နေတာ။ ဒါပေမဲ့ ကျွန်တော် အကူအညီ လိုတယ်။ မှော်မျှော်စင်ရဲ့ အကူအညီ လိုပါတယ်"

ဆီဘက်စတီယန်က ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ရင်း ခဏလောက် တိတ်သွားတယ်။

"ဒါကို ငါတို့က ဘာကြောင့် လုပ်ပေးရမှာလဲ။ ဒီရေဆိုးမြောင်းစနစ်သာ ရှိလာရင် ငါတို့ တစ်နှစ်ကို ရွှေဒင်္ဂါး တစ်သန်းလောက် ဆုံးရှုံးသွားမှာလေ" လို့ သူက မိုက်ကယ်ကို မေးတယ်။

မိုက်ကယ်ရဲ့ အဖြေက ရိုးရှင်းပါတယ်။

"အဲဒါအတွက် ကျွန်တော်တို့ စစ်တုရင် ကစားကြတာပေါ့"

မိုက်ကယ် တိုးတိုးလေး ရယ်လိုက်မိတယ်။ အဲဒီလူကြီးက သူထင်သလောက် နှလုံးသား မမဲ့ဘူးဆိုတာ သူသိတာပေါ့။ ဆီဘက်စတီယန်က ချက်ချင်း သဘောမတူဘဲ မိုက်ကယ်က လောင်းကြေးတစ်ခုခုနဲ့ ရီနေးတား စစ်တုရင် ကစားဖို့ အကြံပြုလာမယ့်အချိန်ကို စောင့်နေတာပဲ။

အမှန်တော့ ဆီဘက်စတီယန်က လူ့အသက်ကို အရာအားလုံးထက် တန်ဖိုးထားတဲ့သူ။

ဒါတင်မကဘူး၊ မှော်မျှော်စင်က ကဝေတွေကလည်း ဒိမ်းစ်မြစ်ကို သန့်ရှင်းရေး လုပ်ရတာကို အလုပ်တစ်ခုလို သဘောထားပြီး အတော်လေး မုန်းကြတာ။ မိုက်ကယ်က သူတို့ကို ကူညီပေးရာ ရောက်နေတာပဲ။

သူတို့အတွက် ငွေကလည်း မလိုအပ်လှပါဘူး။ သူတို့ မြစ်ကို ဆက်ပြီး သန့်စင်ပေးနေတာက လူတွေ ရောဂါဖြစ်မှာ စိုးလို့ပဲ။

ဒါက ယာယီဖြေရှင်းချက်ဆိုတာလည်း သူတို့ သိကြတယ်။ အခု မိုက်ကယ်က ရေဆိုးမြောင်းစနစ်နဲ့ ပေါ်လာတော့မှ ဒီပြဿနာကို အပြီးတိုင် ဖြေရှင်းနိုင်တော့မှာလေ။

"ကဲ... ကစားကြတာပေါ့"လို့ ဆီဘက်စတီယန်က ပြောပြီး စစ်တုရင်ရုပ်တွေကို သူ့ရဲ့ စိတ်စွမ်းအားနဲ့ နေရာချလိုက်တယ်။

မိုက်ကယ်နဲ့ ဆီဘက်စတီယန်တို့ ရီနေးတား စစ်တုရင်ကို အကြိတ်အနယ် ကစားကြတာပေါ့။ ဒါပေမဲ့ ငါးနှစ်အတွင်းမှာ ဆီဘက်စတီယန်ရဲ့ ပညာက အတော်လေး တိုးတက်လာတယ်။ သူက မိုက်ကယ်ရဲ့ ရုပ်တွေကို ပိတ်ဆို့လာနိုင်လို့ မိုက်ကယ်တောင် ချွေးပြန်လာရတယ်။

"ငါ ဒီတစ်ခါတော့ တကယ် နိုင်တော့မယ် ထင်တယ်"

ဆီဘက်စတီယန်က စိတ်လှုပ်ရှားစွာ ပြောတယ်။

"မင်းမှာ နိုင်ကွက် မရှိတော့ဘူး"

ဒါပေမဲ့ မိုက်ကယ်ကတော့ ပြုံးပြီးပဲ တုံ့ပြန်လိုက်တယ်။ သူ့မှာ လုပ်လို့ရတဲ့ အကွက်တစ်ခု ကျန်သေးတာပဲ။

သူက 'en passant' လို့ခေါ်တဲ့ နည်းနဲ့ နယ်ရုပ်ကို ထောင့်ဖြတ် ရွှေ့လိုက်တယ်။

အဲဒီအကွက်က အခြေအနေကို အကုန်ပြောင်းပစ်လိုက်ပြီး ဆီဘက်စတီယန်ကို နောက်တစ်ကွက်မှာတင် အနိုင်ယူတော့မယ့် အနေအထား ဖြစ်သွားစေတယ်။

"ဘာ... ဒါက စည်းမျဉ်းနဲ့ မညီဘူးလေ။ မင်း ဒါမျိုး လုပ်လို့မရဘူး"

မိုက်ကယ်က ပခုံးတွန့်လိုက်ပြီး

"ဒါက စည်းမျဉ်းစာအုပ်ထဲမှာ ပါပြီးသားပဲလေ"

ဆီဘက်စတီယန်ရဲ့ မျက်လုံးတွေက အဖြူရောင် အလင်းတန်းတွေ ထွက်လာပြီး သူ့စိတ်ထဲမှာ လိုက်ရှာကြည့်တယ်။ ခဏကြာတော့ မိုက်ကယ်ရဲ့ အကွက်က ရီနေးတား စစ်တုရင်ရဲ့ တရားဝင် စည်းမျဉ်းစာအုပ်အတိုင်း မှန်ကန်ကြောင်း သူ အတည်ပြုလိုက်နိုင်တယ်။

ဒါပေမဲ့ အဲဒါက အလွန်ရှားတဲ့ အကွက်မို့လို့ ဒီကမ္ဘာမှာ ဘယ်သူမှ ဖြစ်နိုင်မယ်လို့ မထင်ထားခဲ့ကြတာပဲ။

"မင်း ဒါကို ဘယ်လို သိတာလဲ။ တစ်ခါမှ ဘယ်သူမှ သုံးတာ မတွေ့ဖူးဘူး"

ဆီဘက်စတီယန်က ရေတစ်ခွက် ထပ်သောက်ရင်း မေးတယ်။

"ကျွန်တော် ကိုယ်တိုင် ရေးခဲ့တာလေ။ ကျွန်တော်က ရီနေးတား ကုမ္ပဏီရဲ့ ပိုင်ရှင်ပဲဥစ္စာ"

ဆီဘက်စတီယန်က ပါးစပ်ထဲက ရေတွေကို မှုတ်ထုတ်လိုက်မိပြီး အတော်လေး လန့်သွားလို့ သီးတောင် သီးသွားတော့တယ်။

* * * * * * * * *

All Chapters