← Chapters

အခန်း (၄၁-၄၂)

Vol. 4 Ch. 41-42

အခန်း (၄၁-၄၂)

Vol. 4 Ch. 41-42

စာစဉ်(၄)

အခန်း(၄၁)

မိုက်ကယ်ဟာ ဗန်ဒါဘစ်အိမ်တော်ထဲမှာ ငါးနှစ်တာပတ်လုံး အချိန်ကုန်ဆုံးပြီးတဲ့နောက်မှာတော့ သူ့မိဘတွေနဲ့အတူ ကင်းစ်ဘရစ်ချ်မြို့ဆီကို ခရီးထွက်လာခဲ့ပါတယ်။ အခုက ဆောင်းရာသီဖြစ်တာကြောင့် မြင်းရထားထဲမှာ နွေးနွေးထွေးထွေးရှိနေအောင် မိုက်ကယ်က လမ်းတစ်လျှောက်လုံး မီးဒြပ်စင်မန္တန်အချို့ကို သုံးခဲ့ရတယ်။

သူ့အပေါ် သစ္စာရှိတဲ့ မြင်းကြီးကိုလည်း မေ့မထားပါဘူး။ မိုက်ကယ်က သူ့ရဲ့ မီးဒြပ်စင်မန္တန်တွေနဲ့ မြင်းကြီးရဲ့ တစ်ကိုယ်လုံးကို နွေးထွေးအောင် လုပ်ပေးခဲ့တာကြောင့် ဒီခရီးက ချောမွေ့နေခဲ့တာပေါ့။

သူတို့ ကင်းစ်ဘရစ်ချ်မြို့ရဲ့ မြို့ရိုးတွေဆီ ရောက်တဲ့အခါ လမ်းလျှောက်လမ်းတွေပေါ်မှာ နှင်းတွေ ပုံနေတာကို မြင်လိုက်ရတယ်။

စစ်သားတွေကလည်း မြို့ထဲဝင်လာတဲ့ မြင်းရထားတွေကို စစ်ဆေးရင်း သူတို့ရဲ့ လက်မောင်းတွေကို အချင်းချင်း ပွတ်သပ်နေကြတယ်။ ပုံမှန်အတိုင်းပါပဲ၊ သူတို့ရဲ့ မြင်းရထားကတော့ ဘာအခက်အခဲမှမရှိဘဲ မြန်မြန်ဆန်ဆန်ပဲ မြို့ထဲဝင်ခွင့်ရခဲ့ပါတယ်။

မိုက်ကယ်က ပြတင်းပေါက်ကနေ အပြင်ကို လှမ်းကြည့်လိုက်တဲ့အခါ ရီနေးတားကုမ္ပဏီရဲ့ စီးပွားရေးတွေ ဘယ်လောက်တောင် ထွန်းကားနေလဲဆိုတာကို တွေ့လိုက်ရတယ်။

သူ ဘယ်နေရာကိုပဲ ကြည့်ကြည့်၊ လူတွေဟာ ကိုယ့်ကိုယ်ကိုယ် နွေးထွေးအောင်ထားဖို့ မီးခြစ်ဘူးတွေကို ဝယ်နေကြတာ ဒါမှမဟုတ် သယ်သွားကြတာတွေကို မြင်နေရတယ်။ သူတို့က အဲဒါကိုသုံးပြီး နွေးထွေးတဲ့ မီးဖိုတွေကို ဖန်တီးကြတယ်၊ အပြင်မှာ စခန်းချပြီး ဆော့ကစားဖို့အတွက် မီးထွန်းကြတယ်၊ ပြီးတော့ သူတို့ရဲ့ ကလေးတွေကလည်း မှော်ဆရာတွေ မန္တန်သုံးသလိုမျိုး မီးခြစ်တွေကို သုံးပြီး ကစားနေကြတာပေါ့။

"ကြည့်ပါဦး မေမေ သားက မီးဒြပ်စင်မှော်ကဝေကြီး ဖြစ်နေပြီ" လို့ ကောင်လေးတစ်ယောက်က မီးခြစ်လေးကို ခြစ်ရင်း သူ့အမေကို စိတ်လှုပ်ရှားစွာ ပြောနေတယ်။

"ဟုတ်ပါပြီ၊ ဟုတ်ပါပြီ။ သားလေးက မှော်ဆရာကြီးပဲ" လို့ ပျော်ရွှင်နေတဲ့ အမေဖြစ်သူက ပြန်ဖြေပါတယ်။

သူမက ရီနေးတားကုမ္ပဏီကနေ ဈေးသက်သက်သာသာနဲ့ ရောင်းချနေတဲ့ အဝေးမှုန်တာကို သက်သာစေတဲ့ မျက်မှန်အမျိုးအစားကို တပ်ထားတာပါ။

"သားက မှော်မျှော်စင်ကို ဝင်နိုင်တဲ့အထိ ဉာဏ်ကောင်းအောင် ရီနေးတား စစ်တုရင်ကို ကစားမှာ" လို့ ကောင်လေးက ကြွေးကြော်လိုက်ပြန်တယ်။

ဒီဆောင်းရာသီမှာ မိသားစုအတော်များများ ပျော်ရွှင်နေကြတာဟာ ရီနေးတားကုမ္ပဏီရဲ့ တီထွင်မှုတွေကြောင့်ပါပဲ။ အဲဒီကလေးရဲ့မိခင်ဟာ ရီနေးတားမျက်မှန်ကို သုံးပြီး စာရွက်ပေါ်က စာတွေကို သေချာဖတ်နိုင်သွားတာကြောင့် ဘဏ်တစ်ခုမှာ စာရေးအဖြစ် အလုပ်ကောင်းကောင်း ရခဲ့တယ်။ အဲဒါကြောင့်ပဲ ဒီဆောင်းရာသီမှာ အစားအစာဝယ်ဖို့အတွက် သူမ စိတ်ပူစရာ မလိုတော့ပါဘူး။ သူမမှာ သူ့ကလေးအတွက် စစ်တုရင်ခုံတစ်ခုံ ဝယ်ပေးဖို့တောင် ပိုလျှံတဲ့ ပိုက်ဆံရှိနေပြီလေ။

အိမ်ကို နွေးထွေးအောင်ထားဖို့အတွက် မှော်ဆရာတစ်ယောက်ကို ဈေးကြီးပေးပြီး ငှားစရာမလိုတော့တာကလည်း သူတို့အတွက် အများကြီး အထောက်အကူ ဖြစ်စေပါတယ်။ ၂၀ ကြေးပြားတန် မီးခြစ်ဆံတစ်ချောင်းရှိရင်တင် လုံလောက်နေပြီကိုး။

ရီနေးတားဟာ လူတိုင်းရဲ့ ဘဝတွေကို အများကြီး ပိုပြီး သက်သောင့်သက်သာ ဖြစ်စေခဲ့တယ်။ အဲဒါကြောင့်လည်း ဒီကုမ္ပဏီလေးဟာ သူတို့ရဲ့ နှလုံးသားထဲမှာ ကယ်တင်ရှင်အဖြစ် မှတ်ကျောက်တင်ခံထားရတာပေါ့။

မိုက်ကယ်ကတော့ အနည်းငယ်လောက်ပဲ ဖြစ်ဖြစ် ဒီလူတွေကို သူခံစားရသလိုမျိုး သက်သောင့်သက်သာ ဖြစ်အောင် ကူညီပေးနိုင်ခဲ့တဲ့အတွက် ကျေနပ်ပီတိဖြစ်ပြီး ပြုံးလိုက်မိတယ်။ ဒါပေမဲ့ ဒါက မလုံလောက်သေးပါဘူး။ အခုထိ မလုံလောက်သေးဘူး။

လမ်းတွေပေါ်မှာ နှာချေသံတွေနဲ့ ချောင်းဆိုးသံတွေကို သူ ကြားနေရတယ်။ မိုက်ကယ်က မျက်တွင်းတွေ ဟောက်ပက်ဖြစ်ပြီး အရေပြားတွေ ခြောက်ကပ်ကာ သေလုမျောပါး ဖြစ်နေကြတဲ့ လူတွေကို လမ်းပေါ်မှာ မကြာခဏ တွေ့နေရတာပါ။

"သူတို့ ဘာဖြစ်နေကြတာလဲ" လို့ မိုက်ကယ်က မေးလိုက်တယ်။

"သားလေး၊ ခေါင်းကို ရထားထဲ ပြန်သွင်းထားပါ။ မြို့ထဲမှာ ရောဂါတွေ ပြန့်နေတာ။ တို့တွေက သားရဲ့ ပါရမီနိုးထခြင်း အခမ်းအနားအတွက်ပဲ လာတာလေ။ သားရဲ့ အရေးကြီးဆုံးနေ့မှာ ဖျားနာလို့ မဖြစ်ဘူး" လို့ သူ့အမေက သတိပေးလိုက်တယ်။

"ဖေဖေ၊ သူတို့ ဘာလို့ နေမကောင်းဖြစ်နေကြတာလဲ"

ဘတ်က မိုက်ကယ်ကို မြင်းရထားထဲ ဆွဲသွင်းလိုက်ပြီးမှ ပြန်ဖြေပါတယ်။

"ဆောင်းရာသီမှာ ဒါက ခဏခဏ ဖြစ်တတ်ပါတယ်။ မှော်ဆရာတွေကတော့ ကုသပေးဖို့ တတ်နိုင်သမျှ လုပ်နေကြတာပဲ၊ ဒါပေမဲ့ ကုသခြင်းပညာကို တတ်တဲ့သူက အကန့်အသတ်ပဲ ရှိတာလေ"

အဲဒီအချိန်မှာပဲ ဒိမ်းမြစ်ရဲ့ ရင်းနှီးနေတဲ့ အနံ့ဆိုးကြီးက မြင်းရထားထဲကို ဝင်လာပြီး မိုက်ကယ်ရဲ့ နှာခေါင်းကို လာတိုက်ခိုက်တော့တာပါပဲ။ သူကတော့ အခုထိ ဒီအနံ့ကို အသားမကျသေးဘူး။

'ဒါက မြစ်ညစ်ညမ်းမှုကြောင့် ရောဂါတွေ ပြန့်နေတာ ဖြစ်ရမယ်။ ဒီပြဿနာကို မဖြေရှင်းသရွေ့ လူတွေကတော့ နေမကောင်းဖြစ်နေဦးမှာပဲ' မိုက်ကယ်က မြို့အတွက် ရေဆိုးထုတ်စနစ်တစ်ခု တည်ဆောက်ဖို့ စိတ်ကူးရှိခဲ့ပေမဲ့ အသက်ငါးနှစ်အရွယ်မှာ လုပ်ဖို့ကတော့ အင်မတန် ကြီးမားလွန်းနေတာကို တွေ့ခဲ့ရတယ်။ သူက ဒီစိတ်ကူးကို ပြန်ပြီး စဉ်းစားနေမိပါတယ်။

မြင်းရထားက နောက်ဆုံးတော့ သူ့ရဲ့ အရင်ဘဝက မြင်ဖူးခဲ့တဲ့ ကသီဒရယ် ဘုရားကျောင်းကြီးတွေလို ဆောက်ထားတဲ့ ဘုရားကျောင်းဆီကို ရောက်လာခဲ့တယ်။ အဆောက်အဦးတွေက အမိုးခုံးပုံစံရှိပြီး ထိပ်မှာတော့ မြင့်မားတဲ့ မျှော်စင်ချွန်လေးတွေ ရှိတယ်။

သူတို့ အထဲကို လမ်းလျှောက်ဝင်သွားတဲ့အခါ လမ်းတစ်ဖက်တစ်ချက်စီမှာ တန်းစီထားတဲ့ ခုံရှည်တွေနဲ့ တိုင်တွေကြားမှာ ဘာသာရေးဆိုင်ရာ ရုပ်ထုတွေ၊ ပန်းချီကားတွေကို မိုက်ကယ် တွေ့လိုက်ရတယ်။

ဘုရားကျောင်းထဲမှာတော့ ဘာအသံမှမရှိဘဲ တိတ်ဆိတ်ခြောက်ကပ်နေတာပဲ။ သူ့ရဲ့ အရင်ဘဝကလိုပဲ ဘုရားကျောင်းတွေက ဝတ်ပြုချိန်တွေမှာပဲ လှုပ်လှုပ်ရှားရှား ရှိတတ်တာဖြစ်မယ်လို့ သူ ခန့်မှန်းလိုက်တယ်။ မိုက်ကယ်က ကော်ဇောနီပေါ်ကနေ လမ်းလျှောက်သွားတဲ့အခါ ဖယောင်းတိုင်မီးလေးတွေက လှုပ်ခတ်နေတယ်။

"အာ... ဗန်ဒါဘစ် မိသားစုဝင်တို့ ကြိုဆိုပါတယ်။"

အဖြူရောင် ဝတ်ရုံကို ဝတ်ထားတဲ့ ထိပ်ပြောင်ပြောင်နဲ့ လူတစ်ယောက်က ယဇ်ပလ္လင်ဘေးက တံခါးကနေ ထွက်လာခဲ့တယ်။

"မင်္ဂလာပါ ဘုန်းတော်ကြီး။ သားလေး မိုက်ကယ်ရဲ့ ပါရမီကို နိုးထပေးဖို့အတွက် ရောက်လာတာပါ" လို့ ဘတ်က ရိုရိုသေသေပဲ ပြောလိုက်တယ်။

ဘုန်းတော်ကြီးက သူတို့ ဘာကြောင့်လာလဲဆိုတာ သိနေတဲ့ပုံစံနဲ့ ခေါင်းညိတ်လိုက်ပြီး "ဒီကောင်လေးရဲ့ ပါရမီတွေအကြောင်း ကျွန်ုပ် ကြားထားပါတယ်။ သူ့အတွက် စိတ်ပူစရာ မလိုဘူးလို့ ထင်တယ်။ သူလို ပါရမီရှင်တစ်ယောက်ကတော့ သေချာပေါက် ကောင်းမွန်တဲ့ စွမ်းရည်တစ်ခုကို နိုးထစေမှာပါ" လို့ ဆိုပါတယ်။

အဲဒီစကားကို ကြားလိုက်တာနဲ့ လိုင်လီယာရဲ့ မျက်နှာက ဝင်းပသွားတော့တာပဲ။

"ကြားတယ်မလား မိုက်ကယ်"

ဒါပေမဲ့ မိုက်ကယ်ကတော့ အာရုံမစိုက်မိပါဘူး။ သူက ဘုရားကျောင်း အလယ်တည့်တည့်မှာရှိတဲ့ နတ်သမီးရုပ်ထုကိုပဲ ငေးကြည့်နေခဲ့တာ။

"ဒါက နတ်ဘုရားလား" လို့ သူက မေးလိုက်တယ်။

ဘုန်းတော်ကြီးက ခေါင်းညိတ်ပြီး "မှန်ပါတယ်။ သူမက ဒီကမ္ဘာကြီးရဲ့ အမြင့်မြတ်ဆုံး နတ်ဘုရားမ၊ အရာရာကို ဖန်ဆင်းခဲ့သူနဲ့ အရာရာကို ဆုံးဖြတ်ပေးသူပဲ။ ဒီပါရမီနိုးထခြင်းက သားကို သူမရဲ့ မြင့်မြတ်မှုနဲ့ ခဏတာ ဆက်သွယ်ပေးလိမ့်မယ်၊ အဲဒီမှာ သားရဲ့ တကယ့်တန်ခိုးတွေကို နိုးထဖို့ အခွင့်အရေး ရလိမ့်မယ်" လို့ ရှင်းပြပါတယ်။

'သူမက အမျိုးသမီးတစ်ယောက်လား ငါ ပြန်ဝင်စားတုန်းက သူမနဲ့ စကားပြောခဲ့ပေမဲ့ သေသေချာချာ သတိမထားမိလိုက်ဘူး'

"အဆင်သင့်ဖြစ်ပြီလား" လို့ ဘုန်းတော်ကြီးက မေးလိုက်တယ်။

ဘတ်နဲ့ လိုင်လီယာတို့ နှစ်ယောက်စလုံးက မိုက်ကယ်ကို ယဇ်ပလ္လင်ဆီ ခေါ်သွားပြီး နတ်ဘုရားမ ရုပ်ထုရှေ့ တည့်တည့်မှာ နေရာချပေးလိုက်တယ်။

"သားလေး အိပ်ပျော်သွားသလို ခံစားရလိမ့်မယ်။ အဲဒါကို မတားဆီးနဲ့နော်။ အဲဒါက အခမ်းအနားရဲ့ အစိတ်အပိုင်းတစ်ခုပဲ" လို့ သူ့အမေက တိုးတိုးလေး ကပ်ပြောလိုက်ပါတယ်။

အရာအားလုံး အဆင်သင့်ဖြစ်ပြီဆိုတာနဲ့ ဘုန်းတော်ကြီးက သူ့လက်ကို မြှောက်လိုက်ပြီး သူ့ခန္ဓာကိုယ်ထဲက မြင့်မြတ်တဲ့ တန်ခိုးကို ထုတ်ဖော်ကာ တိုးတိုးလေး ရွတ်ဆိုလိုက်ပါတော့တယ်။

မိုက်ကယ်က ရုပ်ထုရဲ့ ဦးခေါင်းဆီကနေ အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားတာကို မြင်လိုက်ရတယ်။ အဲဒီအလင်းက တဖြည်းဖြည်း ပြင်းထန်လာပြီး သူ့ရဲ့ အာရုံတွေအားလုံး ဝေဝါးသွားတဲ့အထိ တောက်ပလာခဲ့တယ်။

'ငါ ဘာမှ မမြင်ရတော့ဘူး။ တစ်ခုခု ဖြစ်နေတာလား၊ နိုဗာ'

‘မင်း သေသွားပြီ... ဖူးးး။ နောက်တာပါ’

မိုက်ကယ်က သူ့ခေါင်းထဲမှာ ရင်းနှီးနေတဲ့ အသံတစ်ခုရဲ့ ပြန်ထူးသံကို ကြားလိုက်ရတယ်။

သူက မျက်လုံးတွေကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်တဲ့အခါ လုံးဝ ခြားနားတဲ့ နေရာတစ်ခုကို ရောက်နေတာကို တွေ့လိုက်ရတယ်။ သူ ရပ်နေတဲ့ မြေပြင်က စကျင်ကျောက်တွေ ဒါမှမဟုတ် ကော်ဇောတွေ မဟုတ်ဘဲ အရမ်းကို ပျော့ပျောင်းပြီး အံ့ဩစရာကောင်းလောက်အောင် ခိုင်ခံ့နေတဲ့ တိမ်တိုက်ကြီး ဖြစ်နေတာ သူ ပတ်ဝန်းကျင်ကို ကြည့်လိုက်တဲ့အခါ ကောင်းကင်ဘုံကို ပုံဖော်ထားသလိုမျိုးပဲ။ နေရာတိုင်းမှာ တိမ်တိုက်တွေ ရှိနေပြီး လေထဲမှာ လွင့်ပျံနေတဲ့ တိမ်တိုက်တွေက လှေကားတွေ၊ စင်္ကြံတွေလို ဖြစ်နေတယ်။

“ဘဝသစ်မှာ နေရတာ ဘယ်လိုလဲ၊ သဘောကျရဲ့လား”

မိုက်ကယ် ရှေ့ကို ကြည့်လိုက်တဲ့အခါ သူ့ကို ငုံ့ကြည့်နေတဲ့ ကြီးမားလှတဲ့ အမျိုးသမီး မျက်နှာကြီးတစ်ခုကို မြင်လိုက်ရတယ်။ သူမရဲ့ နှုတ်ခမ်းနီနီကြီးတွေက ငါးထပ်တိုက် တစ်ခုလုံးကိုတောင် ဝါးမြိုပစ်နိုင်တဲ့အထိ ကြီးမားလွန်းလှပါတယ်။

“သင်က နတ်ဘုရားလား” လို့ သူက မေးလိုက်တယ်။

“အင်းပေါ့၊ ငါပဲလေ။ ၁၀ နှစ်ပဲ ရှိသေးတာကို မင်းက ငါ့ကို မေ့သွားပြီလား ငါ စိတ်ကောက်ချင်နေပြီနော်။”

နတ်ဘုရားက ဒီလောက်အထိ လှမယ်လို့ မိုက်ကယ် မမှတ်မိခဲ့ပါဘူး။

* * * * * * * * *

စာစဉ်(၄)

အခန်း(၄၂)

နတ်ဘုရားမက နှုတ်ခမ်းလေးစူလိုက်ပြီး မိုက်ကယ်အပေါ် သူမရဲ့ စိတ်ပျက်မှုကို ဖော်ပြလိုက်တယ်။

"တောင်းပန်ပါတယ်၊ ကျွန်တော် အမှတ်မှားလို့ပါ။ အဲဒီတုန်းက ကျွန်တော်က လွင့်မျောနေတဲ့ ဝိညာဉ်တစ်ခုပဲ ရှိသေးတာမို့လို့ပါ" လို့ မိုက်ကယ်က ပြန်ပြီး တောင်းပန်လိုက်တယ်

“ရပါတယ်၊ ငါ ခွင့်လွှတ်ပေးပါ့မယ်။ ဘာပဲဖြစ်ဖြစ် မင်း ဒီကမ္ဘာမှာ ပြန်ဝင်စားလာကတည်းက ငါ့ကို အရမ်း စိတ်ဝင်စားဖို့ကောင်းတဲ့ အရာတွေ အများကြီး ပြခဲ့ပြီးပြီပဲ”

“စိတ်မဆိုးဘူးလား ကျွန်တော်က မူလကမ္ဘာရဲ့ နည်းပညာတိုးတက်မှုယူပြီး Cheatလုပ်နေတာလေ”

နတ်ဘုရားမက ရယ်မောလိုက်ပြီး၊ “ရပါတယ်” လို့ သူမက ဆိုတယ်။

“ငါ့ရဲ့ ကမ္ဘာကလူသားတွေက မှော်ပညာကိုပဲ အရမ်း အသားကျနေကြတာဆိုတော့ နည်းပညာပိုင်းမှာ ဘာမှ တိုးတက်မှု မရှိတော့ဘူး။ နှစ်ပေါင်း ထောင်နဲ့ချီပြီး ဒါတွေကိုပဲ ထိုင်ကြည့်နေရတာ တကယ်ကို စိတ်ပျက်ဖို့ ကောင်းနေတာ”

မိုက်ကယ်ကတော့ သူ ဒီကမ္ဘာကို ပြန်ဝင်စားလာရခြင်းရဲ့ အဓိက အကြောင်းရင်းက ဒါကြောင့်ပဲ ဖြစ်မယ်လို့ ခံစားလိုက်ရတယ်

“ဘာပဲဖြစ်ဖြစ်၊ မင်း လုပ်နေတာတွေကို ငါ သဘောကျတယ်၊ ဒါကြောင့် ဆက်လုပ်ပါ။ မင်း ဖြစ်ချင်တဲ့ အရာမှန်သမျှကို အောင်မြင်အောင် လုပ်နိုင်ပါစေလို့ ငါ ဆုတောင်းပေးပါတယ်၊ တည်ငြိမ်သူကြီး”

နတ်ဘုရားမက တိမ်တိုက်တွေပေါ်မှာ ကမ္ဘာကြီးရဲ့ ပုံရိပ်ယောင်တစ်ခုကို ပြသလိုက်တယ်။ အဲဒီထဲမှာ ရီနေးတား ဆပ်ပြာနဲ့ လက်ဆေးနေကြတဲ့ အမျိုးသမီးတွေရဲ့ ပျော်ရွှင်တဲ့ အပြုံးတွေ၊ မီးဖိုရှေ့မှာ စစ်တုရင် ကစားရင်း ပျော်ပါးနေကြတဲ့ လူအုပ်ကြီးနဲ့ မိုက်ကယ်က သူတို့ရဲ့ ဘဝတွေကို ဘယ်လောက်အထိ ပြောင်းလဲပေးခဲ့လဲဆိုတာကို တွေ့လိုက်ရတယ်

သူ့ရဲ့ အမေနဲ့ အဖေကလည်း နတ်ဘုရားမ ရုပ်တုအောက်မှာ ငြိမ်သက်စွာ ရပ်နေတဲ့ မိုက်ကယ်ရဲ့ ခန္ဓာကိုယ်ကို ကြည့်ရင်း တစ်ယောက်ကိုတစ်ယောက် ဖက်ထားကြတယ်

ဗန်ဒါဘစ် စံအိမ်တော်မှာလည်း ဘတ်တာက အရင်လို ရေတွင်းကနေ ရေပုံးတွေ သယ်နေစရာ မလိုတော့လို့ ခါးနာတဲ့ ဝေဒနာတွေကို မခံစားရတော့ပါဘူး။

မိုက်ကယ်ရဲ့ လုပ်ရပ်တွေကြောင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ သူတို့ရဲ့ ဘဝတွေက ကောင်းမွန်တဲ့ဘက်ကို လုံးဝ ပြောင်းလဲသွားတဲ့ လူတွေ အများကြီး ရှိနေပါတယ်။

"ကျွန်တော်က လူတိုင်းကို ကျွန်တော့်လိုပဲ သက်သောင့်သက်သာ နေစေချင်ရုံတင်ပါ" လို့ မိုက်ကယ်က နတ်ဘုရားမကို ပြောလိုက်တယ်

“အဲဒါကပဲ မင်းကို တခြားသူတွေထက် ထူးခြားစေတာပေါ့။ ဒါကြောင့်လည်း မင်းကို အဲဒီ တန်ခိုးကို ငါ အစကတည်းက ပေးခဲ့တာလေ”

မိုက်ကယ်က သူ့ခေါင်းကို သူ ပွတ်လိုက်မိတယ်။ သူ လုပ်ခဲ့တာတွေက ထူးထူးခြားခြားကြီးလို့ သူ မထင်ပါဘူး။ ဘာပဲဖြစ်ဖြစ် ဒါတွေက သူ့ရဲ့ ကိုယ်ပိုင် အေအိုင် အကူကြောင့်ပဲ ဖြစ်နိုင်ခဲ့တာလေ

ဒါပေမဲ့ နတ်ဘုရားမကတော့ နိုဗာကို ပိုင်ဆိုင်ထားတဲ့ တခြား ဝိညာဉ်သာ ဆိုရင် မိုက်ကယ်လိုမျိုး တခြားသူတွေရဲ့ ဘဝကို ကောင်းအောင် လုပ်ပေးတဲ့ နေရာမှာ အသုံးချမှာ မဟုတ်ဘူးဆိုတာကို သိနေပါတယ်။

"ဒါနဲ့ အခု ဘာဆက်ဖြစ်မှာလဲ ကျွန်တော့်ကို အစစ်အမှန် ကမ္ဘာထဲကိုပဲ ပြန်ပို့တော့မှာလား"

ကြီးမားလှတဲ့ နတ်ဘုရားမက ခေါင်းခါလိုက်ပြီး၊ “မဟုတ်ဘူး၊ မင်းရဲ့ ပါရမီ နိုးထခြင်းလုပ်ရမယ့် အချိန် ရောက်ပြီဆိုတာကို သူတို့ မပြောကြဘူးလား”

"ကျွန်တော့်မှာ ပါရမီ ရှိနေပြီလို့ ထင်တာပဲ။ အဆင့်မြင့်စွမ်းရည်တောင် ရှိနေပြီလေ"

နတ်ဘုရားမက တခိခိ ရယ်မောလိုက်ပြီး၊ “အဲဒါရှိတာနဲ့ ပါရမီ မလိုတော့ဘူးလို့ မဆိုလိုပါဘူး။ မင်း ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ငါ အတင်းအကျပ် ပေးမှာပဲ”

မိုက်ကယ်က ပုခုံးတွန့်လိုက်တယ်။ အရင်တုန်းကအတိုင်းပဲ၊ သူ ဘာမှ လုပ်လို့မရတဲ့ အခြေအနေဆိုရင် ငြင်းခုံနေလို့လည်း အပိုပဲလေ။

“လူတိုင်းကို သက်သောင့်သက်သာ ဖြစ်စေချင်တဲ့ မင်းရဲ့ အိပ်မက်ကို အကောင်အထည်ဖော်ဖို့ဆိုရင် ကမ္ဘာအနှံ့မှာ မင်းရဲ့ တီထွင်မှုတွေကို ဆက်ပြီး ဖြန့်ဝေသွားရလိမ့်မယ်။ ဒါပေမဲ့ အဲဒါက လွယ်မှာ မဟုတ်ဘူး။ ပြိုင်ဘက်တွေ အများကြီး ရှိလာလိမ့်မယ်။ ဒါတင်မကသေးဘူး၊ တချို့လူတွေက သူတို့ရဲ့ ယဉ်ကျေးမှုနဲ့ ယုံကြည်ချက်တွေမှာ အရမ်း နစ်မွန်းနေကြလို့ မင်းရဲ့ တီထွင်မှုတွေကို လက်ခံလာအောင် လုပ်ဖို့ ခက်ခဲလိမ့်မယ်။ အဲဒါတွေကို ပိုပြီး လွယ်ကူသွားစေဖို့ မင်းနဲ့ မင်းရဲ့ နောက်လိုက်တွေ သူတို့ရဲ့ နယ်ပယ်တွေမှာ ထိပ်ဆုံးကို ရောက်ရှိနိုင်စေမယ့် ပါရမီတစ်ခုကို ငါ ပေးပါ့မယ်”

ငါ အခု မင်းကို ‘အနာဂတ်နိမိတ်ဖတ်ကြားသူ’ ဆိုတဲ့ ပါရမီနဲ့ ကောင်းချီးပေးလိုက်တယ်]

မိုက်ကယ်က သူ့ရဲ့ ခေါင်းကနေ ခြေဖျားအထိ နွေးထွေးတဲ့ ခံစားချက်တစ်ခု စီးဆင်းသွားတာကို ခံစားလိုက်ရတယ်။ စက္ကန့်အနည်းငယ်လောက် သူ့ခန္ဓာကိုယ်ကနေ သန့်ရှင်းတဲ့ အလင်းတန်းတွေ ထွက်ပေါ်လာပြီး အရေပြားထဲကို ပြန်ပြီး စိမ့်ဝင်သွားပါတော့တယ်

[အဲဒီ ပါရမီနဲ့အတူ ‘ဆုလာဘ် အပ်နှင်းခြင်း’ လို့ ခေါ်တဲ့ အဆင့်မြင့်စွမ်းရည်တစ်ခု ပါလာဦးမှာပါ]။

အဲဒီအချိန်မှာပဲ မိုက်ကယ်ရဲ့ အမြင်အာရုံထဲမှာ ရင်းနှီးနေတဲ့ စနစ်စခရင်ကြီး (System screen) ပေါ်လာတယ်

[မိုက်ကယ် ဗွန် ဗန်ဒါဘစ်]

[မှော်ပါရမီ - SSS+ အဆင့်]

[ဒြပ်စင် ကျွမ်းကျင်မှု - မရှိသေးပါ]

[မှော်စွမ်းအင် သန့်စင်မှု - ၉၉.၉၉%]

[ပါရမီ - အနာဂတ်နိမိတ်ဖတ်ကြားသူ]

[အဆင့် - ကြယ်လေးပွင့် မှော်ပညာရှင်]

[နောက်ထပ် အဆင့်မြှင့်တင်ရန် - ၀.၈၉%]

[အဆင့်မြင့်စွမ်းရည် - သဟဇာတ ပေါင်းစည်းခြင်း]

[အဆင့်မြင့်စွမ်းရည် - ဆုလာဘ် အပ်နှင်းခြင်း]

အကြွင်းမဲ့ ဒြပ်စင်ဘက်စုံအကာအကွယ်

နတ်ဘုရားက သူ့ကို နောက်ထပ် အဆင့်မြင့်စွမ်းရည်တစ်ခု ထပ်ပေးလိမ့်မယ်လို့ သူ မထင်ထားဘူး။ တစ်ကမ္ဘာလုံးမှာမှ အဆင့်မြင့်စွမ်းရည် ရှိတဲ့သူက ဆယ်ယောက်ပဲ ရှိတယ်လို့ သူ ကြားဖူးပါတယ်။ အခုတော့ သူ့မှာ နှစ်ခုတောင် ရှိနေပြီပေါ့။

"ကျေးဇူးတင်ပါတယ်... ဒါပေမဲ့ အဲဒီ အဆင့်မြင့်စွမ်းရည်က ဘာလုပ်လို့ရလဲဆိုတာ ကျွန်တော် မသိသေးဘူး။ ပြီးတော့ ကျွန်တော့်ရဲ့ ပါရမီကကော အဲဒါက ဘာကို ဆိုလိုတာလဲ"

နတ်ဘုရားမက နက်နဲတဲ့ အပြုံးတစ်ခု ပြုံးလိုက်တယ်။ သူမက သူ့ကို စနောက်နေတာလား၊ ဒါမှမဟုတ် ရယ်ချင်နေတာလားဆိုတာ မိုက်ကယ် မသိနိုင်ပါဘူး

“မင်းရဲ့ ပါရမီက မြင်တဲ့အတိုင်းပါပဲ။ မင်းက အနာဂတ်ကို ယူဆောင်လာပေးမှာ။ အဆင့်မြင့်စွမ်းရည်နဲ့ ပတ်သက်ရင်တော့ မင်းရဲ့ တန်ခိုးတွေကို မင်းဘာသာမင်းပဲ ရှာဖွေကြည့်လိုက်ပါ။

မင်း သိထားရမှာက သက်ရှိတစ်ခုခုရဲ့ အတွင်းထဲမှာ ဝှက်ကွယ်နေတဲ့ ပါရမီတွေကို နိုးထလာအောင် လုပ်ပေးနိုင်ပြီး၊ ပုံမှန်ဆိုရင် မရရှိနိုင်တဲ့ စွမ်းအားတွေကို သူတို့ဆီ အပ်နှင်းပေးနိုင်တယ် ဆိုတာပါပဲ။ မင်းကို အံ့အားသင့်စေချင်တာမို့လို့ အကုန်လုံးကိုတော့ မပြောပြတော့ဘူး၊ ဒါကြောင့် မျှော်လင့်ထားလိုက်ပါ”

နောက်ထပ် အစွမ်းထက်တဲ့ စွမ်းရည်တစ်ခုပေါ့... မိုက်ကယ်ကတော့ အဲဒီလို လက်ဆောင်မျိုးကို ဝမ်းသာအားရ လက်ခံမှာပါ။ တခြားသူတွေရဲ့ ပါရမီကို မြှင့်တင်ပေးနိုင်မယ့် စွမ်းအားမျိုး ဖြစ်နေလို့ သူ ပိုပြီး ကျေနပ်မိတယ်

“ခစ် ခစ် ခစ်... မင်း အဲဒီစွမ်းအားတွေကို ဘယ်လို သုံးမလဲဆိုတာ ငါ မစောင့်နိုင်တော့ဘူး”

မိုက်ကယ်က သူ့ခန္ဓာကိုယ်က ရုတ်တရက် ပေါ့ပါးလာသလို ခံစားလိုက်ရတယ်။ သူ့ရဲ့ လက်တွေကလည်း ပျောက်ကွယ်တော့မလိုမျိုး ကြည်လင်လာပါတော့တယ်

“ဒီနေ့အတွက်တော့ အချိန်ကုန်သွားပြီ ထင်တယ်”

မိုက်ကယ်က နတ်ဘုရားမကို ကျေးဇူးတင်တဲ့ အကြည့်တွေနဲ့ ကြည့်လိုက်တယ်။

"ကျေးဇူးပါ" လို့ သူက ရိုးရိုးသားသားပဲ ပြောလိုက်တယ်။ သူမကြောင့်သာ မဟုတ်ရင် သူ အခုလို ကောင်းမွန်တဲ့ ဘဝမျိုးမှာ နေထိုင်ရမှာ မဟုတ်ဘူးလေ

“ကိစ္စမရှိပါဘူး” လို့ နတ်ဘုရားက ပြန်ဖြေတယ်။

“ဪ... ဒါနဲ့နေပါဦး၊ မင်းရဲ့ မိသားစုကို ကင်းစ်ဘရစ်ချ်ကနေ အမြန်ဆုံး ခေါ်ထုတ်သွားဖို့ ငါ အကြံပေးချင်တယ်။ မကြာခင်မှာ ကပ်ရောဂါတစ်ခု ကျရောက်တော့မှာမို့လို့ပါ”

အဲဒီစကားကို ကြားလိုက်ရတဲ့အခါ မိုက်ကယ်က ပျောက်ကွယ်တော့မယ့် သူ့ရဲ့ ခံစားချက်ကို အတင်းအကျပ် ထိန်းချုပ်လိုက်တယ်။

"ဘာကို ဆိုလိုတာလဲ" လို့ သူက အလောတကြီး မေးလိုက်ပါတယ်

“ဒိမ်းစ်မြစ်မှာ ညစ်ညမ်းနေတာကို မင်း သတိထားမိတယ်မလား အဲဒါက အခုထက် ပိုပြီး ဆိုးလာလိမ့်မယ်၊ နောက်ဆုံးမှာတော့ မြို့ထဲမှာ လူတွေ အများကြီး သေဆုံးကုန်လိမ့်မယ်။ မင်း ရောဂါမကူးစက်ခင် မြို့ထဲကနေ ထွက်သွားဖို့ ငါ သတိပေးတာပါ”

မိုက်ကယ် မျက်မှောင်ကြုတ်လိုက်မိတယ်။ သူ့အဖေက ကင်းစ်ဘရစ်ချ်မှာ အလုပ်လုပ်တာ။ ဆီဘက်စတီယန်နဲ့ စစ်တုရင် ကစားရင်း ခင်မင်ခဲ့ရတဲ့ မှော်ဆရာတွေကလည်း အဲဒီမှာပဲ နေကြတာ။ သူ့ရဲ့ ရီနေးတား ကုမ္ပဏီကလည်း အခုမှ မြို့ထဲမှာ နေရာစပြီး ရလာတာလေ...

ကင်းစ်ဘရစ်ချ်က အပြစ်မဲ့တဲ့ လူတွေအပေါ် အဲဒီလို အဖြစ်ဆိုးမျိုး ကျရောက်လာတာကို သူ ကြည့်မနေနိုင်ပါဘူး။ သူ ကူညီနိုင်တဲ့ အခြေအနေမျိုး ရှိရင်ပေါ့

“ခစ် ခစ် ခစ်... မင်း တွေးနေတဲ့ အဲဒီ ရေဆိုးသန့်စင်စနစ်ကိုပဲ အကောင်အထည်ဖော်ရတော့မှာပေါ့။ ကံကောင်းပါစေ”

နတ်ဘုရားမက မိုက်ကယ်ရဲ့ ဝိညာဉ်ကို ကမ္ဘာကြီးဆီ ပြန်မပို့ခင်မှာ အနမ်းတစ်ခုနဲ့ နှုတ်ဆက်လိုက်ပါတယ်။

မိုက်ကယ် နိုးလာတဲ့အခါမှာတော့ သူ့ရဲ့ မျက်လုံးတွေထဲမှာ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေနဲ့ စိတ်အားထက်သန်မှုတွေက မီးတောက်တစ်ခုလို တောက်ပနေပါတော့တယ်။

* * * * * * * * *

All Chapters