← Chapters

အခန်း (၃၉-၄၀)

Vol. 4 Ch. 39-40

အခန်း (၃၉-၄၀)

Vol. 4 Ch. 39-40

စာစဉ်(၄)

အခန်း(၃၉)

ကောင်လေးတစ်ယောက်က မှန်ထဲက သူ့ရဲ့ပုံရိပ်ကို ငေးကြည့်နေခဲ့တယ်။ သူက နားရွက်အထိ ရှည်နေပြီဖြစ်တဲ့ သူ့ရဲ့ ရွှေဝါရောင်ဆံပင်တွေကို ဆွဲကြည့်နေမိတယ်။ အရင်က ပိန်လှီလှတဲ့ ကောင်လေးအစား မိုက်ကယ်က အခုဆိုရင် လူလားမြောက်တော့မယ့် ယောကျ်ားလေးတစ်ယောက်အဖြစ် ကြီးထွားလာခဲ့ပြီ။ အသက် ဆယ်နှစ်အရွယ်ကို ရောက်ရှိလာတာနဲ့အမျှ သူ့ရဲ့ခန္ဓာကိုယ်ကလည်း အသားအရည် ပြည့်ဖြိုးစပြုလာခဲ့တယ်။ လွန်ခဲ့တဲ့ ငါးနှစ်ပတ်လုံး ခန္ဓာကိုယ်ကြံ့ခိုင်ရေးကိုပဲ အာရုံစိုက်ပြီး လေ့ကျင့်ခဲ့တာကြောင့် သူ့ရဲ့အရင်ဘဝကထက်တောင် ပိုပြီး ကြံ့ခိုင်သန်စွမ်းတဲ့ ရုပ်ပိုင်းဆိုင်ရာ အနေအထားကို ရရှိခဲ့တာပါ။

သူက အဝတ်အစားတွေ ဝတ်ဆင်လိုက်ပြီး တက်ကြွတဲ့ခြေလှမ်းတွေနဲ့ အခန်းထဲကနေ ထွက်လာခဲ့တယ်။ အိမ်ဖော်ကြီး ဘတ်တာက လက်နှစ်ဖက်စလုံးမှာ စားစရာပန်းကန်တွေကို ကိုင်ရင်း သူ့ဘေးကနေ ဖြတ်လျှောက်သွားခဲ့တယ်။

“ သခင်လေး၊ အပြင်ထွက်ရင် ထီးယူသွားပါဦးနော်။ အပြင်မှာ မိုးရွာနေလို့ပါ ” လို့ သူမက သတိပေးလိုက်တယ်။

ဒါပေမဲ့ မိုက်ကယ်ကတော့ ဘာကိုမှ ဂရုမစိုက်ဘဲ တံခါးပြင်ပကို ဆက်ပြီး လျှောက်လှမ်းသွားခဲ့တယ်။ ဘတ်တာ သတိပေးခဲ့သလိုပဲ ကောင်းကင်ကြီးက ကြည်လင်နေပေမဲ့ အပြင်မှာတော့ မိုးက တော်တော်လေး သည်းနေခဲ့ပါတယ်။

ဒါပေမဲ့ ဒါက သူ့အတွက်တော့ အရေးမပါပါဘူး။ သူ အပြင်ကို ခြေချလိုက်တဲ့အခါ မိုးစက်မိုးပေါက်တွေက မိုက်ကယ်ရဲ့ တစ်ကိုယ်လုံးနဲ့ တစ်လက်မအကွာမှာတင် လွင့်စင်သွားကြတယ်။ ထူးဆန်းပြီး မမြင်ရသလောက်နီးပါး ဖြစ်တဲ့ သက်တန့်ရောင် အလင်းလွှာတစ်ခုက မိုးရေတွေကြောင့် သူ့ရဲ့ဆံပင်နဲ့ အဝတ်အစားတွေ စိုစွတ်မသွားအောင် တားဆီးပေးထားလို့ပါ။

မိုက်ကယ်က သူ့ရဲ့ အကြွင်းမဲ့ ဒြပ်စင်ဘက်စုံအကာအကွယ်စွမ်းရည်ကို ကြယ်လေးပွင့်အဆင့်အထိ လေ့ကျင့်ထားတာဖြစ်လို့ စတုတ္ထအဆင့်အောက်မှာရှိတဲ့ ဘယ်လိုမှော်အတတ်မျိုးကိုမဆို သူက ခုခံနိုင်စွမ်းရှိနေပြီ ဖြစ်ပါတယ်။ မိုးရေဆိုတာက သဘာဝအတိုင်း ဖြစ်ပေါ်လာတဲ့ ရေဒြပ်စင်မှော်စွမ်းအင် အရင်းအမြစ်တစ်ခုဖြစ်တာကြောင့် အဲဒါက ကြယ်တစ်ပွင့် ရေလုံးမန္တန်နဲ့ အတူတူပါပဲ။ အကယ်၍ သူသာ အစိုမခံချင်ဘူးဆိုရင် မိုက်ကယ်က ဘယ်တော့မှ စိုစွတ်သွားမှာ မဟုတ်ပါဘူး။

သူ့ရဲ့ မှော်စွမ်းအင်အမြုတေတွေနဲ့ ပတ်သက်ရင်လည်း သူက ကြယ်လေးပွင့်မှော်ဆရာ တစ်ယောက်နဲ့ အဆင့်တူညီနေပါပြီ။ တကယ်ဆိုရင် သူက ဒီထက်မက ပိုပြီး တိုးတက်နိုင်ပေမဲ့ လျှပ်စီးနဲ့ အဆိပ်ဒြပ်စင်လိုမျိုး ထူးခြားတဲ့ ဒြပ်စင်မှော်စွမ်းအင်တွေကို ရရှိဖို့က ခက်ခဲနေလို့ပါ။

အဲဒီဒြပ်စင်တွေ ပါဝင်တဲ့ ဒြပ်စင်အမြုတေတွေရဖို့ သူက ဆီဘက်စတီယန်ကို အကူအညီတောင်းခဲ့ရတယ်။ မှော်မျှော်စင်သခင်က မိုက်ကယ်ရဲ့ မှော်ပညာကို လာကြည့်ပေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဗန်ဒါဘစ်အိမ်တော်ဆီ မကြာခဏ လာတတ်ပေမဲ့ အမှန်တကယ်တော့ အဘိုးကြီးက မိုက်ကယ်နဲ့ ရီနေးတားစစ်တုရင် ကစားချင်လို့သာ ဖြစ်ပါတယ်။

ဒါပေါ့၊ မိုက်ကယ်ကပဲ အမြဲတမ်း အနိုင်ရတာပါပဲ။ ရယ်စရာကောင်းတာက မှော်မျှော်စင်သခင်ဟာ ဗန်ဒါဘစ်အိမ်တော်မှာ ဒုတိယအတော်ဆုံး ကစားသမားတောင် မဟုတ်တာပါပဲ။ အဲဒီဂုဏ်ပုဒ်ကိုတော့ လွန်ခဲ့တဲ့ နှစ်တွေအတွင်းမှာ မိုက်ကယ်ကို အကြိမ်အနည်းငယ်လောက် အနိုင်ရလုနီးပါးအထိ ကစားနိုင်ခဲ့တဲ့ အိမ်တော်ထိန်းကြီးကပဲ ဆုပ်ကိုင်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ငါးနှစ်အတွင်းမှာ မိုက်ကယ် လုပ်ဆောင်ခဲ့တာက မှော်ပညာတစ်ခုတည်းတော့ မဟုတ်ပါဘူး။

သူ့ရဲ့ ရီနေးတားကုမ္ပဏီကလည်း တခြားသော မြို့တွေနဲ့ ကျေးရွာတွေအထိ နာမည်ကျော်ကြားပြီး နယ်ပယ်ချဲ့ထွင်နေခဲ့ပါတယ်။ စီးပွားရေးကလည်း တဖြည်းဖြည်း ကြီးထွားလာခဲ့ပြီး သူ့ရဲ့ဝင်ငွေတွေက ရေတွက်လို့တောင် မရနိုင်လောက်အောင် များပြားလာခဲ့ပြီ ဖြစ်ပါတယ်။

မိုက်ကယ်ကတော့ အဲဒီပိုက်ဆံတွေအားလုံးကို သိပ်ပြီး ဂရုမစိုက်ပါဘူး။ ဘာလို့လဲဆိုတော့ ရသမျှ အမြတ်ငွေ အများစုကို ကုမ္ပဏီမှာပဲ ပြန်ပြီး ရင်းနှီးမြှုပ်နှံခဲ့လို့ပါ။ ကက်စတယ်လာက ကုမ္ပဏီရဲ့ နာမည်အောက်မှာ လက်မှုပညာသည်တွေ၊ ပန်းပဲဆရာတွေနဲ့ မှော်ဆရာတွေကိုပါ ဆက်လက် ငှားရမ်းခဲ့ပြီး သူတို့ထုတ်လုပ်နိုင်တဲ့ ကုန်ပစ္စည်းအမျိုးအစားတွေကို တိုးချဲ့ခဲ့ပါတယ်။

ဒါပေါ့၊ လူတွေရဲ့ စိတ်ထဲမှာ သူတို့ရဲ့ထုတ်ကုန်တွေက အမြဲတမ်း ဆန်းသစ်နေစေဖို့ သူက အရာသစ်တွေကို ဆက်ပြီး 'တီထွင်' နေခဲ့တာပါ။

ဥပမာအားဖြင့် မိုက်ကယ်က ပထမဆုံး 'မီးခြစ်' ကို တီထွင်ခဲ့တယ်။ အစပိုင်းမှာတော့ သူက ဒါကို ရောင်းဖို့ မရည်ရွယ်ခဲ့ဘဲ ဆောင်းရာသီမှာ အစေခံမလေးတွေ မီးမွှေးရတာ လွယ်ကူအောင် ကူညီဖို့ပဲ စိတ်ကူးခဲ့တာပါ။ ဒါပေမဲ့ မှော်ပညာမပါဘဲ မီးမွှေးရတာ ဘယ်လောက်လွယ်ကူလဲဆိုတာကို ကက်စတယ်လာ မြင်သွားတဲ့အခါ အဲဒါကို ရီနေးတားရဲ့ ထုတ်ကုန်တစ်ခုအဖြစ် ရောင်းခွင့်ပြုဖို့ သူမက သူ့ကို အတင်းတောင်းပန်ပါတော့တယ်။

ဆပ်ပြာနဲ့ ခေါင်းလျှော်ရည်တွေ စတင်ပေါက်ကြားခဲ့တုန်းကလိုပဲ မီးခြစ်တွေကလည်း သူတို့စီးပွားရေးမှာ 'နာမည်ကြီး' ထုတ်ကုန်တစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ မီးခြစ်ဘူးတွေရဲ့ ရောင်းအားက ဆပ်ပြာနဲ့ ခေါင်းလျှော်ရည်ထက် အများကြီး သာလွန်နေပေမဲ့ ဝင်ငွေတော့ သိပ်မရခဲ့ပါဘူး။ ဘာပဲဖြစ်ဖြစ် သူက မီးခြစ်ဘူးတစ်ဘူးကို ကြေးဒင်္ဂါး ၂၀ လောက်နဲ့ပဲ ရောင်းခဲ့လို့ပါ။

အဲဒီလို ဖြစ်နေပေမဲ့လည်း ဒါက တန်ဖိုးရှိလှပါတယ်။ ဒါဟာ ကင်းစ်ဘရစ်ချ်မြို့ ပြင်ပက ကျေးရွာလေးတွေနဲ့ မြို့ငယ်လေးတွေမှာ ရီနေးတားကို လူသိများလာစေဖို့ အကူအညီဖြစ်စေခဲ့တဲ့ အထောက်အပံ့တစ်ခု ဖြစ်လာခဲ့လို့ပါ။

ဘာလို့လဲဆိုတော့ အဲဒီနေရာက လူတွေက ကင်းစ်ဘရစ်ချ်က သူဌေးတွေလို ကိုယ်ပိုင်မီးဒြပ်စင် မှော်ဆရာတွေကို ငှားရမ်းဖို့ ပိုက်ဆံမရှိကြလို့ပါ။ ဒါကြောင့် မီးကို အလွယ်တကူ ရရှိနိုင်တာက လူအများစုအတွက်တော့ တကယ့်ကို အသက်ကယ်ရှင် ဖြစ်လာခဲ့ပြီး ဒါကပဲ မိုက်ကယ် အစကတည်းက လိုချင်ခဲ့တဲ့အရာပါပဲ။

သူက လူတွေရဲ့ လူနေမှုဘဝ အဆင့်အတန်းကို အများကြီး တိုးတက်စေမယ့် တခြားသော ကုန်ပစ္စည်းတွေကိုလည်း ဖန်တီးခဲ့ပါတယ်။ သူက သံလိုက်အိမ်မြှောင်ကို တီထွင်ခဲ့ပြီး အမြဲတမ်း ခရီးသွားနေရတဲ့သူတွေအတွက် မဝယ်မဖြစ် ပစ္စည်းတစ်ခု ဖြစ်လာခဲ့ပါတယ်။

နောက်တစ်ခုကတော့ မျက်မှန်တွေဖြစ်ပြီး လူအများစုကို စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်ခဲ့ပါတယ်။ အဲဒီအရာတွေ အားလုံးက ရီနေးတားကုမ္ပဏီရဲ့ အကျိုးအမြတ်နဲ့ ဂုဏ်သတင်းအတွက် အထောက်အကူ ဖြစ်စေခဲ့ပါတယ်။

လွန်ခဲ့တဲ့ နှစ်တွေအတွင်း သူလုပ်ဆောင်ခဲ့တဲ့ ကြီးမားတဲ့ ပရောဂျက်တစ်ခုကတော့ သယ်ယူပို့ဆောင်ရေးမှာ တော်လှန်ရေးတစ်ရပ် ဖြစ်စေမယ့် 'စက်ဘီး' ပဲ ဖြစ်ပါတယ်။

ဗန်ဒါဘစ်အိမ်တော်က လူတိုင်း နောက်ဖေးကွင်းပြင်မှာ စုဝေးပြီး စက်ဘီးကို ကိုယ်တိုင် စမ်းစီးကြည့်ခဲ့ကြတဲ့ အဲဒီအချိန်ကို သူ ခုထိ မေ့လို့မရသေးပါဘူး။ လူအများစုက မြေပြင်ပေါ်ကို လဲကျပြီး တံတောင်ဆစ်တွေမှာ ပွန်းပဲ့ဒဏ်ရာတွေ ရခဲ့ကြပေမဲ့ သူတို့မျက်နှာပေါ်က အပြုံးတွေကတော့ တကယ့်ကို အဖိုးဖြတ်လို့ မရနိုင်ပါဘူး။

သူ့ရဲ့ အဖေနဲ့ အမေကလည်း အဲဒါကို စမ်းစီးကြည့်ခဲ့ကြပါတယ်။ ဘတ်က ကင်းစ်ဘရစ်ချ်ကို နေ့တိုင်းသွားတဲ့အခါ အဲဒါကို သုံးချင်စိတ်တွေ တဖွဖွ ဖြစ်နေခဲ့ပါတယ်။ ဒါပေမဲ့ လိုင်လီယာနဲ့ အစေခံမလေးတွေက သူ့ရဲ့ ဘေးကင်းလုံခြုံမှုအတွက် စိုးရိမ်ကြောင်း ပြောလိုက်တဲ့အခါမှာတော့ အဲဒီအစီအစဉ်က ချက်ချင်းပဲ ပျက်ပြားသွားခဲ့ရပါတယ်။

စက်ဘီးက လမ်းလျှောက်တာထက် အများကြီး ပိုမြန်သလို အင်အားလည်း သိပ်စိုက်စရာ မလိုပါဘူး။ အထူးသဖြင့် ကျယ်ဝန်းလှတဲ့ ဗန်ဒါဘစ်အိမ်တော်ကြီးကို နေ့တိုင်း ဖြတ်သန်းသွားလာရင်း ဂရုတစိုက် ထိန်းသိမ်းစောင့်ရှောက်နေရတဲ့ အစေခံမလေးတွေနဲ့ အိမ်တော်ထိန်းတွေအတွက်တော့ အရမ်းကို အသုံးဝင်လှပါတယ်။

နိုဗာရဲ့ အကူအညီနဲ့ သူ့ရဲ့ မှော်စွမ်းရည်ထဲမှာရှိတဲ့ ကြယ်နှစ်ပွင့်ကနေ ကြယ်သုံးပွင့်အဆင့်ရှိတဲ့ မြောက်မြားစွာသော မှော်မန္တန်တွေကြောင့် ဒီတီထွင်မှုတွေကို ဘာအခက်အခဲမှမရှိဘဲ သူ တည်ဆောက်နိုင်ခဲ့တာပါ။ စွမ်းအင်အရင်းအမြစ်တစ်ခု မလိုအပ်သရွေ့ သူက ဘာမဆို ဖန်တီးနိုင်ပါတယ်။

ငါးနှစ်တိုင်တိုင် မရေမတွက်နိုင်တဲ့ ကျရှုံးမှုတွေ၊ အမှားအယွင်းတွေနဲ့ သွေး၊ ချွေး၊ မျက်ရည်တွေ အရင်းအနှီးပြုပြီးတဲ့နောက်မှာတော့ နောက်ဆုံးမှာ မိုက်ကယ်က အလုပ်လုပ်နိုင်တဲ့ အင်ဂျင်နမူနာပုံစံတစ်ခုကို ဖန်တီးနိုင်ခဲ့ပြီ

ဒီလို စက်အမျိုးအစားက ပြည့်စုံတဲ့ အစိတ်အပိုင်းတွေ အများကြီး လိုအပ်တာဖြစ်ပြီး အနည်းငယ်လောက် လွဲချော်တာနဲ့တင် တစ်စက်လုံးက အသုံးမကျ ဖြစ်သွားနိုင်ပါတယ်။

အခက်အခဲကတော့ အသုံးပြုမယ့် ပစ္စည်းတွေက ဖိအားကို ခံနိုင်ရည်ရှိဖို့အတွက် ခိုင်ခံ့နေဖို့ လိုအပ်တာပါ။ ဒါပေမဲ့ အဲဒါက မိုက်ကယ်အနေနဲ့ ပစ္စည်းတွေကို သူလိုချင်တဲ့ ပုံစံအတိုင်းဖြစ်အောင် ပုံသွင်းဖို့ ပိုပြီး ခက်ခဲစေပါတယ်။

ဒါပေမဲ့ ငါးနှစ်ပတ်လုံး မနားတမ်း ကြိုးစားခဲ့ပြီးတဲ့နောက်မှာတော့ အဲဒါက နောက်ဆုံးမှာ ပြီးစီးသွားခဲ့ပါပြီ။

မိုက်ကယ်က သူ့ရဲ့ စီမံကိန်းအခန်းထဲကို လမ်းလျှောက်ဝင်သွားပြီး အစိတ်အပိုင်းတွေကို စက်တစ်လုံးဖြစ်အောင် တပ်ဆင်လိုက်ပါတယ်။ နောက်ဆုံး အစိတ်အပိုင်းကို တပ်ဆင်လိုက်တဲ့အခါမှာတော့ ကျေနပ်စရာကောင်းတဲ့ 'ဂလစ်' ဆိုတဲ့ အသံလေး ထွက်ပေါ်လာခဲ့တယ်

အခုဆိုရင် သူက လောင်စာဆီပဲ လိုတော့တယ်၊ အဲဒါဆိုရင်တော့ သူ လျှပ်စစ်ဓာတ်အားကို နောက်ဆုံးမှာ အသုံးချနိုင်တော့မှာပါ

* * * * * * * * *

စာစဉ်(၄)

အခန်း(၄၀)

မိုက်ကယ်သည် ရေနံဆီတစ်ဂါလံခန့်ကို ဘယ်နေရာမှာ ဝယ်လို့ရမလဲဆိုတာ မေးဖို့အတွက် သူ့မိဘတွေရဲ့ အိပ်ခန်းဆီကို လျှောက်လာခဲ့တယ်။ သူလုပ်ဆောင်နေတဲ့ လျှပ်စစ်စီမံကိန်း အောင်မြင်ဖို့အတွက် အဲဒါတွေ အများကြီး လိုအပ်နေတာပါ။

သူက စိတ်လှုပ်ရှားစွာနဲ့ပဲ အခန်းထဲက တုံ့ပြန်မှုကို မစောင့်တော့ဘဲ တံခါးကို တွန်းဖွင့်လိုက်တယ်။ အထဲကို ဝင်လိုက်တဲ့အခါမှာတော့ ဘတ်နဲ့ လိုင်လီယာတို့ဟာ အရေးကြီးတဲ့ ကိစ္စတစ်ခုကို အလေးအနက် ဆွေးနွေးနေကြတာကို သူ သတိထားမိသွားတယ်။

အကူအညီတောင်းဖို့အတွက် ဒါဟာ အချိန်ကောင်း မဟုတ်ဘူးဆိုတာ သူ သိလိုက်ပါတယ်။

“တောင်းပန်ပါတယ်၊ သား အပြင်က စောင့်နေခဲ့သင့်တာ” လို့ မိုက်ကယ်က ပြောလိုက်တယ်။

ဘတ်က ခေါင်းခါပြပြီး “ရပါတယ် သားရဲ့၊ ဝင်လာခဲ့ပါ။ ဖေဖေတို့လည်း မင်းကို ခေါ်မလို့ လုပ်နေတာနဲ့ အတော်ပဲ” လို့ ဆိုပါတယ်။

မိဘနှစ်ပါးစလုံးရဲ့ မျက်နှာပေါ်က တည်ကြည်လေးနက်နေတဲ့ ပုံစံကို မိုက်ကယ် သတိပြုမိသွားတယ်။

“တစ်ခုခု ဖြစ်လို့လားဟင်” လို့ သူက မေးလိုက်တယ်။

သူ့အမေက ကုတင်ပေါ်မှာ သူမနဲ့အတူ ထိုင်ဖို့ အချက်ပြလိုက်တာကြောင့် သူ ဝင်ထိုင်လိုက်တယ်။ ထို့နောက် သူမက မိုက်ကယ် ငယ်ငယ်တုန်းကလိုမျိုးပဲ သူ့ရဲ့ ဆံပင်တွေကို ပွတ်သပ်ပေးနေခဲ့တယ်။

“သားလေး မိုက်ကယ်၊ သား အခု မကြာခင်မှာ အသက် ၁၀ နှစ် ပြည့်တော့မယ်ဆိုတာ သိတယ်မလား”

မိုက်ကယ်က သူ့မွေးနေ့အကြောင်းကို သိပေမဲ့ ဒါဟာ ထူးထူးခြားခြား တစ်ခုခုလို့တော့ မထင်ခဲ့ပါဘူး။ အမှန်တော့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက အခမ်းအနားတွေ မလုပ်ဖို့ သူကပဲ မိဘတွေကို နားချခဲ့တာလေ။

“သား... သားမသိတာက အသက် ၁၀ နှစ်ဆိုတာ ကလေးတစ်ယောက်အတွက် အရေးကြီးတဲ့ မှတ်တိုင်တစ်ခုပဲ။ အဲဒါက သားရဲ့ အနာဂတ်ကို ပြောင်းလဲပေးလိမ့်မယ်လို့ ဖေဖေ ပြောရင် ဒါဟာ ပိုပြောတာ မဟုတ်ဘူး” လို့ ဘတ်က လက်ပိုက်ရင်း ပြောလိုက်တယ်။

မိုက်ကယ်က မျက်မှောင်ကြုတ်လိုက်ပြီး “ဖေဖေ ဘာကို ဆိုလိုတာလဲဟင်”

“အသက် ၁၀ နှစ်မှာ ကလေးတစ်ယောက်ဟာ ‘ပါရမီနိုးထခြင်း’လို့ ခေါ်တဲ့ အခွင့်အရေးကို ရရှိမှာ ဖြစ်တယ်” လို့ သူ့အမေက ရှင်းပြပါတယ်။

“အဲဒါက ဘာလဲဟင်” လို့ မိုက်ကယ်က ဘာမှနားမလည်ဘဲ မေးလိုက်တယ်။

“ပါရမီဆိုတာ လူတိုင်းမှာ မွေးရာပါ ပါလာတဲ့ အရာမျိုးပဲ။ သူတို့ ကိုယ်တိုင် သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ သူတို့ အကျွမ်းကျင်ဆုံး ဖြစ်လာမယ့် အရာပေါ့။ ပါရမီနိုးထခြင်းကနေတစ်ဆင့် သူတို့ တစ်သက်လုံး ပိုင်ဆိုင်ထားတဲ့ အဲဒီ မွေးရာပါ အရည်အချင်းကို ဖော်ထုတ်နိုင်မှာ ဖြစ်တယ်”

မိုက်ကယ်က နိုဗာကို ‘ပါရမီနိုးထခြင်း’ နဲ့ ပတ်သက်ပြီး မှော်စာကြည့်တိုက်ထဲက မှတ်တမ်းတွေကို ရှာခိုင်းလိုက်ပေမဲ့ အဲဒါက ဘာလဲဆိုတာ အသေးစိတ် ရေးထားတဲ့ စာအုပ်တစ်အုပ်မှ မရှိပါဘူး။

“သား ပါရမီနိုးထသွားရင် ဘာတွေ ရလာမှာလဲဟင်” လို့ မိုက်ကယ်က မေးလိုက်တယ်။

“ပါရမီနိုးထလာတဲ့သူဟာ သူကိုယ်တိုင်ပဲ သင်ယူလို့ရတဲ့ မန္တန်အသစ်တွေကို ရရှိလာလိမ့်မယ်။ အဲဒီမန္တန်တွေက သူနိုးထလာတဲ့ ပါရမီနဲ့ ဆက်စပ်နေမှာပေါ့”

“ဥပမာ ပြောရရင်တော့ မေမေသိတဲ့ သူတစ်ယောက်ဆိုရင် ‘မီးတောက်ချော်ရည်ဝိဇ္ဇာ’ လို့ ခေါ်တဲ့ ပါရမီကို ရခဲ့တယ်။ သူရခဲ့တဲ့ မန္တန်တွေထဲက တစ်ခုက ‘ချော်ရည်လှိုင်းခွဲ’ တဲ့။ အဲဒီစွမ်းရည်က သူ့ကို မီးတောင်ထဲမှာ ဘာအန္တရာယ်မှ မရှိဘဲ နေထိုင်နိုင်အောင် လုပ်ပေးနိုင်တယ်”

မိုက်ကယ်ရဲ့ မျက်လုံးတွေထဲမှာ သိရှိနားလည်သွားတဲ့ အရိပ်အယောင်တွေ ဖြတ်ပြေးသွားတယ်။ သူ့အမေရဲ့ ရှင်းပြချက်က လွန်ခဲ့တဲ့ ငါးနှစ်တုန်းက သူကြားခဲ့ဖူးတဲ့ အရာနဲ့ တော်တော်လေး ဆင်တူနေတာပါ။

“ပါရမီကြောင့် လူတွေ သင်ယူခွင့်ရတဲ့ ထူးခြားတဲ့ မန္တန်တွေကိုတော့ ‘စွမ်းရည်’လို့ ခေါ်တယ်”

မိုက်ကယ်ရဲ့ မျက်လုံးတွေ ကျယ်သွားပါတယ်။ ဒါဟာ နိုဗာက သူ့ကို ‘မန္တန်’ နဲ့ ‘စွမ်းရည်’ ကြားက ကွာခြားချက်ကို ရှင်းပြခဲ့တုန်းက ပြောခဲ့တဲ့ အတိုင်းပါပဲ။

လူတွေက ပါရမီကနေတစ်ဆင့် စွမ်းရည်တွေကို ရရှိလာကြတယ်ဆိုတာ သူ မသိခဲ့ပါဘူး။ ဒါဟာ နိုဗာက သူ့ဘာသာသူ တီထွင်ဖန်တီးထားတဲ့ အရာလို့တောင် သူ ထင်ခဲ့မိတာပါ။

တစ်ဖက်မှာလည်း လိုင်လီယာဟာ မိုက်ကယ်ရဲ့ တည်ကြည်နေတဲ့ မျက်နှာကို မြင်တဲ့အခါ စိတ်မကောင်း ဖြစ်သွားတယ်။ သူ့သားက သူရမယ့် ပါရမီအတွက် စိုးရိမ်နေတယ်လို့ သူမက ထင်နေတာပါ။

“မစိုးရိမ်ပါနဲ့ သားလေးရဲ့။ သားရဲ့ မှော်စွမ်းရည်အရဆိုရင် သားရဲ့ ဒြပ်စင်လေးမျိုး ပေါင်းစပ်အမြုတေနဲ့ ဆက်စပ်တဲ့ ပါရမီတစ်ခုခုကို ရမှာ သေချာပါတယ်။ မေမေ အခုကတည်းက ကြိုဟောထားမယ်... သားက ဒြပ်စင်လေးမျိုးစလုံးကို ထိန်းချုပ်နိုင်ပြီး အားလုံးကို တစ်ခုတည်းအဖြစ် ပေါင်းစည်းနိုင်တဲ့ ပါရမီကို ရမှာ”

“သား အဆင့်မြင့်စွမ်းရည်တစ်ခုကို ရမှာ သေချာတယ်” လို့ လိုင်လီယာက အခိုင်အမာ ပြောလိုက်ပါတယ်။

မိုက်ကယ် အံ့အားသင့်ပြီး ပါးစပ်အဟောင်းသား ဖြစ်သွားတယ်။

“မိန်းမရယ်... ကလေးကို အဲဒီလောက်အထိ မျှော်လင့်ချက်တွေ မပေးပါနဲ့။ အဆင့်မြင့်စွမ်းရည်ဆိုတာ ငါတို့နိုင်ငံမှာ မပေါ်တာ နှစ်ပေါင်း တစ်ရာကျော်နေပြီဆိုတာ မင်းလည်း သိသားပဲ” လို့ ဘတ်က လက်တွေ့ဆန်စွာ ပြောလိုက်ပါတယ်။

“ဟွန့်... ရှင်က ရှင့်သားကို မယုံဘူးလား။ သူ ဘယ်လောက် ထက်မြက်သလဲဆိုတာ ကြည့်ဦးလေ၊ သူ အဲဒါမျိုး ရမှာကို ကျွန်မ ယုံတယ်” လို့ လိုင်လီယာက ဇွတ်ပြောနေခဲ့တယ်။

“ဒါပေါ့၊ ဖေဖေ မိုက်ကယ်ကို ယုံပါတယ်။ ဒါပေမဲ့ ပါရမီနိုးထခြင်းအတွက် ဘာမျှော်လင့်ချက်မှ ထားမနေတာက အကောင်းဆုံးလို့ပဲ ဖေဖေ ထင်တယ်”

ပြီးတော့ ဘတ်က သူ့သားအနားကို လာပြီး ခေါင်းကို ပွတ်သပ်ပေးလိုက်တယ်။

“မိုက်ကယ်၊ သား ဘယ်လို ပါရမီပဲ ရလာပါစေ ဖေဖေတို့က သားကို ချစ်နေမှာပါ။ သား သိတယ်မလား”

ဒါပေမဲ့ အသက် ၁၀ နှစ်အရွယ် မိုက်ကယ်ကတော့ အခုထိ မယုံနိုင်သေးပါဘူး။

သူက ပါရမီနိုးထခြင်းကို မလုပ်ရသေးပေမဲ့ သူ့မှာ ကိုယ်ပိုင် ‘စွမ်းရည်’ တစ်ခု ရှိနှင့်နေပြီးသားလေ။ အဲဒါကမှ ‘အဆင့်မြင့်စွမ်းရည်’ တဲ့

ဒါမျိုး ဖြစ်နိုင်တယ်ဆိုတာ သူ လုံးဝ မသိခဲ့ပါဘူး။

“အဆင့်မြင့်... အဆင့်မြင့်စွမ်းရည် အဲဒါက ဘာလဲဟင်” လို့ မိုက်ကယ်က ဟန်မပျက်အောင် ခက်ခက်ခဲခဲ မေးလိုက်တယ်။

“အဆင့်မြင့်စွမ်းရည်ဆိုတာ လက်တွေ့ကမ္ဘာရဲ့ နိယာမတွေကိုတောင် ပြင်ဆင်ပြောင်းလဲပစ်နိုင်တဲ့ အလွန်အမင်း အစွမ်းထက်တဲ့ တန်ခိုးမျိုးပဲ။ ဖေဖေ သိသလောက်ဆိုရင် တစ်ကမ္ဘာလုံးမှာတောင် အဲဒီလို စွမ်းရည်မျိုး ၁၀ ခုလောက်ပဲ ရှိတာ။ အဲဒါကို ပိုင်ဆိုင်တဲ့သူတွေကလည်း အလွန်အင်မတန် အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တွေပဲ”

“လက်ရှိ သမုဒ္ဒရာဘုရင်က သမုဒ္ဒရာတွေကို အုပ်ချုပ်နေနိုင်တာဟာ သူ့ရဲ့ အဆင့်မြင့်စွမ်းရည်ကြောင့်ပဲ။ ဆန်းကြယ်တဲ့ မိစ္ဆာဘုရင်မက မိစ္ဆာအားလုံးရဲ့ လေးစားမှုကို ရနေတာကလည်း သူမရဲ့ အဆင့်မြင့်စွမ်းရည်ကြောင့်ပဲ။ နဂါးဧကရီက သူမရဲ့ မျိုးနွယ်စုတစ်ခုလုံးကို စိုးမိုးထားနိုင်တာကလည်း သူမရဲ့ အဆင့်မြင့်စွမ်းရည်ကြောင့်ပဲပေါ့”

“မိုက်ကယ်၊ သား အဆင့်မြင့်စွမ်းရည် မရခဲ့ရင်လည်း စိတ်မပျက်ပါနဲ့။ အဲဒီအစွမ်းတွေက လူအများကြီးလက်ထဲမှာ ရှိနေဖို့အတွက် အလွန်အင်မတန် အစွမ်းထက်လွန်းတယ်။ ဒါကြောင့် ဘုရားသခင်က ရွေးချယ်ထားတဲ့ လူနည်းစုကိုပဲ အဲဒါကို ပေးသနားတာပါ”

ဘတ်ရဲ့ ရှင်းပြချက်က မိုက်ကယ်ကို အသိတရား ဝင်သွားစေတယ်။ နိုဗာရဲ့ ဆော့ဖ်ဝဲလ် အဆင့်မြှင့်တင်မှုကနေ သူ ရရှိခဲ့တဲ့ စွမ်းရည်က ဒီလောက်အထိ ထူးခြားနေလိမ့်မယ်လို့ သူ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။

အဲဒါက အားကောင်းမှန်း သူ သိပေမဲ့ ‘ကမ္ဘာကို စိုးမိုးနိုင်တဲ့’ အထိ အစွမ်းထက်မယ်လို့တော့ သူ မသိခဲ့ပါဘူး။

“ဒီမှာ ငြင်းနေလို့လည်း ထူးမှာ မဟုတ်ဘူး။ ငါတို့ အခုပဲ ကင်းစ်ဘရစ်ချ်ကို သွားပြီး ဘုရားကျောင်းကို ဝင်ကြရအောင်” လို့ ခရီးဆောင်အိတ် ပြင်နေရင်း လိုင်လီယာက ပြောလိုက်ပါတယ်။

ပါရမီနိုးထခြင်းမှာ သူ့အတွက် ဘာတွေ ဖြစ်လာမလဲဆိုတာ မိုက်ကယ် မသိပါဘူး။

'နိုဗာ... မင်းကော ဘယ်လို ထင်သလဲ'

[ကျွန်ုပ်မှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး လုံလောက်တဲ့ ဗဟုသုတ မရှိသေးပါဘူး။ ဒါပေမဲ့ အရှင်သာ ပါရမီတစ်ခု ရရှိခဲ့မယ်ဆိုရင် နောက်ထပ် အဆင့်မြင့်စွမ်းရည်တစ်ခု ရဖို့ဆိုတာ ဖြစ်နိုင်ခြေ အများကြီး ရှိပါတယ်]

'နိုဗာရာ... မေမေတို့ ပြောပုံအရဆိုရင် အဆင့်မြင့်စွမ်းရည်ဆိုတာ ရဖို့ မလွယ်ဘူးလေ။ အခုတောင် မင်းကြောင့် ငါ့မှာ တစ်ခု ရှိနေပြီပဲ။ ငါ နောက်တစ်ကြိမ် ထပ်ပြီး ကံကောင်းပါဦးမလား'

* * * * * * * * *

All Chapters