အခန်း (၄၉-၅၀)
Vol. 5 Ch. 49-50
စာစဉ်(၅)
အခန်း(၄၉)
မိုက်ကယ်အနေနဲ့ ရီနေးတားကုမ္ပဏီကို ဘယ်လိုတည်ထောင်ခဲ့တယ်ဆိုတာကို နာရီဝက်လောက် အချိန်ယူရှင်းပြပြီးတဲ့နောက်မှာတော့ ဆီဘက်စတီယန်တစ်ယောက် နောက်ဆုံးမှာ စိတ်အေးသွားခဲ့ပါပြီ။
"မီးလျှံဘုရင် ဆိုတဲ့ဘွဲ့ကိုရထားတဲ့ ကြယ်ရှစ်ပွင့်မှော်ဆရာတစ်ယောက်က ရေဒြပ်စင်ပိုင်းမှာလည်း ဒီလောက်ကျွမ်းကျင်လိမ့်မယ်လို့ ကျွန်တော်မထင်ထားဘူး"
မိုက်ကယ်က နောက်ပြောင်သလို ပြောလိုက်ပါတယ်။ ဆီဘက်စတီယန်ကတော့ ထိုင်ခုံမှာထိုင်ရင်း စိတ်သက်သာရာရစေဖို့ ယပ်ခပ်နေပါတယ်။
"ဒါ မင်းကြောင့်လေ"လို့ ဆီဘက်စတီယန်က ပြန်ပြောပါတယ်။
"ရီနေးတားစစ်တုရင်ကို ဖန်တီးခဲ့တာ မင်းဖြစ်နေလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။ ငါ့ထက် အသက်ကြီးပြီး ပိုအတွေ့အကြုံရှိတဲ့သူ တစ်ယောက်ယောက် ဖြစ်လိမ့်မယ်လို့ပဲ ငါထင်ခဲ့တာ"
မှော်မျှော်စင်မှာရှိတဲ့သူတိုင်းက ရီနေးတားရဲ့ပိုင်ရှင်ဟာ လောကကြီးကို ကျောခိုင်းထားတဲ့ တောရမှီပုဂ္ဂိုလ်တစ်ဦးလို့ ထင်မှတ်နေခဲ့ကြတာပါ။ အခုတော့ အဲဒီပုံရိပ်တွေ အားလုံးက ပျက်စီးသွားပြီး မိုက်ကယ်ရဲ့ လည်ပတ်လှတဲ့ အပြုံးလေးနဲ့ အစားထိုးခံလိုက်ရပါပြီ။
"မင်းက ဘယ်လိုတောင် ထူးခြားဆန်းကြယ်တဲ့ ပါရမီရှင်မျိုးလဲ။ မှော်ပညာ၊ စီးပွားရေး၊ အဆင့်မြင့်စွမ်းရည်... မင်းမှာ အကုန်ရှိနေတာပဲ။ တကယ့်ကို မတရားတဲ့ အစွမ်းပဲ"
ဆီဘက်စတီယန်ဟာ မိမိကိုယ်မိမိသာ အပြစ်တင်နိုင်ပါတော့တယ်။ သူဟာ တစ်ချိန်က ကမ္ဘာပေါ်မှာ အတော်ဆုံး မီးဒြပ်စင်မှော်ဆရာလို့ သတ်မှတ်ခံခဲ့ရပေမဲ့ မိုက်ကယ်ရဲ့ရှေ့မှာတော့ သူကိုယ်သူ ဘာမှမဟုတ်သလို ခံစားနေရပါတယ်။ မိုက်ကယ်ကသာ တကယ့်ပါရမီရှင်အစစ်ပါ။
"ကဲ... အလုပ်ကိစ္စ ပြန်ပြောကြရအောင်။ အခု ကျွန်တော် ခင်ဗျားကို အနိုင်ရသွားပြီဆိုတော့ ရေဆိုးထုတ်စနစ် ကိစ္စမှာ ခင်ဗျား ကျွန်တော်တို့ကို ကူညီပေးမယ်လို့ ယူဆလို့ရပြီလား"
မိုက်ကယ်က ဆီဘက်စတီယန်ရဲ့ အဖြေကို မျှော်လင့်တကြီး မေးလိုက်ပါတယ်။ အဖိုးကြီးကတော့ စိတ်ပျက်လက်ပျက်နဲ့ပဲ ခေါင်းငြိမ့်ပြလိုက်ပါတော့တယ်။
သူ့အနေနဲ့ မိုက်ကယ်ကို ရှုံးနိမ့်ခဲ့ရတဲ့အတွက် စိတ်ထဲမှာ အနည်းငယ်တော့ မတင်မကျ ဖြစ်နေတုန်းပါ။ ရီနေးတားစစ်တုရင်ကို ဖန်တီးခဲ့တဲ့သူနဲ့ ကစားနေရတာမှန်း သူသိမှမသိခဲ့တာ။ ရှုံးမှာကတော့ သေချာနေတာပဲလေ။
"ကောင်းပြီ"
မိုက်ကယ်က အောင်ပွဲခံတဲ့အနေနဲ့ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပါတယ်။
"ဒါဆိုရင် စီမံကိန်းကို အမြန်ဆုံး စတင်လို့ရပြီလို့ ကက်စတယ်လာကို ကျွန်တော် ပြောလိုက်တော့မယ်"
ဒါပေမဲ့ မိုက်ကယ် အပြင်ကို မထွက်ခင်မှာပဲ ဆီဘက်စတီယန်က လက်မြှောက်ပြီး သူ့ကို တားလိုက်ပါတယ်။
"ခဏနေဦး"သူက ဆိုပါတယ်
"ဒိမ်းစ်မြစ်နဲ့ ပတ်သက်ပြီး ပြဿနာလေး တစ်ခုရှိနေသေးတယ်"
ဆီဘက်စတီယန်က လက်ကို ဝှေ့ယမ်းလိုက်တဲ့အခါ ထူးဆန်းတဲ့ သတ္တဝါတစ်ကောင်ရဲ့ ပုံကြမ်းဆွဲထားတဲ့ ပရပိုဒ်စာရွက်တစ်ရွက် သူ့လက်ထဲမှာ ပေါ်လာပါတယ်။
"မြစ်ထဲမှာ ချွဲကျိကျိ သတ္တဝါကြီးတစ်ကောင်ကို တွေ့ရတယ်လို့ သတင်းပေးပို့ချက်တွေ ရထားတယ်။ အဲဒါကို ရှင်းပစ်ဖို့ မှော်ဆရာတချို့ကို လွှတ်ထားပေမဲ့ အခုထိတော့ အမြစ်ပြတ်အောင် မလုပ်နိုင်သေးဘူး။ မင်းတို့ တည်ဆောက်ရေးလုပ်ငန်းတွေ မစခင် ငါတို့ကို နောက်ထပ် ရက်နည်းနည်းလောက် အချိန်ပေးပြီး ရှင်းခွင့်ပြုတာက ပိုကောင်းလိမ့်မယ်"
မျှော်စင်သခင်က ဒိမ်းစ်မြစ်ရဲ့ အနက်ရှိုင်းဆုံးနေရာမှာ ပုန်းအောင်းနေတဲ့ အဲဒီသတ္တဝါရဲ့ ပုံကြမ်းကို မိုက်ကယ်ကို ကမ်းပေးလိုက်ပါတယ်။
အဲဒီပုံထဲမှာတော့ အမှိုက်သရိုက်တွေနဲ့ စွန့်ပစ်ပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ ရွှံ့ညွန်ရုပ်ပုံသဏ္ဌာန် သတ္တဝါတစ်ကောင်ကို တွေ့ရပါတယ်။ သူ့မှာ ခြေထောက်မရှိဘဲ လက်တွေပဲ ရှိပြီး လူတွေကို တမင်ခြောက်လှန့်နေသလိုမျိုး လက်တွေကို အပေါ်မြှောက်ထားပါတယ်။
မိုက်ကယ် အဲဒီပုံကို မြင်လိုက်တာနဲ့ တစ်ပြိုင်နက် နိုဗာက သူ့ရဲ့ စိတ်ထဲမှာ ရုတ်တရက် ပြောလိုက်ပါတယ်။
[ အဆင့်မြင့် ရွှေရောင်နှာခေါင်း စွမ်းရည် စတင်အသက်ဝင်ပါပြီ ]
အဲဒီသတ္တဝါရဲ့ ပုံရိပ်ဟာ ဘယ်ကမှန်းမသိတဲ့ ရွှေရောင်အလင်းတန်းတွေ ထွက်ပေါ်လာပါတယ်။ ဆီဘက်စတီယန်ကတော့ ဘာမှမထူးခြားသလို နေနေတာကြောင့် ဒီထူးဆန်းတဲ့ အလင်းရောင်ကို မိုက်ကယ် တစ်ယောက်တည်းသာ မြင်ရပုံရပါတယ်။
[ ဒိမ်းစ်မြစ်ထဲက သတ္တဝါမှာ မြင့်မားတဲ့ ပါရမီအရည်အသွေး ရှိနေနိုင်ခြေ အလွန်များပါတယ် ] လို့ နိုဗာက ဆိုပါတယ်။
သူ့ရဲ့ စွမ်းရည်အသစ်က ဒီလောက်အထိ မြန်မြန်ဆန်ဆန် အသုံးဝင်လာလိမ့်မယ်လို့ မိုက်ကယ် မထင်ထားခဲ့ပါဘူး။ ဒါတင်မကသေးဘဲ သူ့ရဲ့ အဆင့်မြင့်စွမ်းရည်ကို သုံးပြီးတော့ သတ္တဝါဆန်းတွေကိုပါ ပါရမီနိုးထအောင် လုပ်ပေးလို့ရလိမ့်မယ်လို့ သူ လုံးဝ မတွေးမိခဲ့ပါဘူး။
'မင်းပြောချင်တာက ဒီသတ္တဝါရဲ့ ပါရမီကို ငါက နိုးထအောင် လုပ်ပေးလို့ရတယ်လို့ ဆိုလိုတာလား' လို့ မိုက်ကယ်က ပြန်မေးလိုက်ပါတယ်။
[ ဟုတ်ကဲ့။ သက်ရှိအားလုံးမှာ ပါရမီ နိုးထလာဖို့ အလားအလာ ရှိပါတယ် ]
ဒီအခွင့်အရေးက မိုက်ကယ်အတွက် လမ်းစအသစ်တွေကို ပွင့်သွားစေပါတယ်။ ဒီသတ္တဝါဆန်းနဲ့ သွားတွေ့ပြီးတော့ သတ္တဝါတစ်ကောင်အနေနဲ့ ဘယ်လိုပါရမီမျိုး နိုးထလာမလဲဆိုတာကို သူ ချက်ချင်းပဲ သိချင်သွားပါတယ်။
ပြီးတော့ သူ့ရဲ့ အဆင့်မြင့်စွမ်းရည်ကြောင့် အဲဒီသတ္တဝါရဲ့ စွမ်းရည်ကိုလည်း 'အဆင့်မြင့် ရွှေရောင်နှာခေါင်း' တုန်းကလိုပဲ သူ့အတွက် ရယူနိုင်ဦးမှာပါ။
"မျှော်စင်သခင်... အဲဒီကိစ္စကို ကျွန်တော်ပဲ တာဝန်ယူ ရှင်းလင်းပေးလို့ ရမလား"သူက ဆီဘက်စတီယန်ကို မေးလိုက်ပါတယ်။
အဖိုးကြီးက မိုက်ကယ်ကို ကြည့်လိုက်ပါတယ်။ သူ့ရဲ့မျက်လုံးတွေနဲ့ မိုက်ကယ်ရဲ့ ခန္ဓာကိုယ်ထဲကို စက္ကန့်တိုင်းမှာ မှော်စွမ်းအင်တွေ အမြောက်အမြား စီးဝင်နေတာကို မြင်နေရတာကြောင့် ဒီကလေးအတွက် သူ စိုးရိမ်နေဖို့ မလိုပါဘူး။
"အဲဒါက အန္တရာယ်ရှိနိုင်တယ်နော်"လို့ ဆီဘက်စတီယန်က သတိပေးပါတယ်။
"မင်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်မှန်း ငါသိပေမဲ့ ဒီလိုစွန့်စားမှုမျိုးကို မင်းလုပ်ဖို့ မလိုပါဘူး"
မိုက်ကယ်ကတော့ စိုးရိမ်ပူပန်မှုတွေကို လက်ကာပြလိုက်ပြီး "ရပါတယ်... အဆင်ပြေပါတယ်။ ပြီးတော့ ရေဆိုးထုတ်စနစ်အတွက် အစီအစဉ်တွေကို ပြန်ညှိရအောင် တံတားကိုလည်း သွားကြည့်ဖို့ လိုနေတာနဲ့ အတော်ပဲပေါ့"
ဆီဘက်စတီယန်က ခဏလောက် စဉ်းစားလိုက်ပြီး ဘာသတိပေးချက်မှ မပေးဘဲ မိုက်ကယ်ရှိရာဘက်ကို မီးလုံးတစ်လုံးနဲ့ ပစ်ထည့်လိုက်ပါတယ်။
အဲဒါက အုတ်နံရံတွေကိုတောင် ဖောက်ထွက်သွားနိုင်တဲ့ ဖျက်အားပြင်းတဲ့ ကြယ်လေးပွင့်မန္တန် တစ်ခုပါ။
ဒါပေမဲ့ အသက် ဆယ်နှစ်အရွယ် မိုက်ကယ်ရဲ့ဆီကို ရောက်ခါနီးမှာပဲ သူ့ခန္ဓာကိုယ်ပတ်လည်မှာ မမြင်ရတဲ့ ရောင်စုံအလင်းတန်း အကာအကွယ်တစ်ခု ပေါ်လာပါတယ်။ မီးလုံးက အကာအကွယ်နဲ့ ထိတွေ့သွားပြီး ပြင်းထန်တဲ့ မီးဒြပ်စင် မှော်စွမ်းအင်တွေက အကာအကွယ်ကို လောင်ကျွမ်းဖို့ ကြိုးစားပါတော့တယ်။
ဒါပေမဲ့ ဘာထိခိုက်မှုမှ မဖြစ်ခင်မှာပဲ အကာအကွယ်ထဲကနေ ရေဒြပ်စင် မှော်စွမ်းအင်တွေ ထွက်ပေါ်လာပြီး မီးကို ငြှိမ်းသတ်လိုက်တာကြောင့် လေထဲမှာ ရေနွေးငွေ့တွေအဖြစ်ပဲ ကျန်ရစ်ပါတော့တယ်။
ဆီဘက်စတီယန် သက်ပြင်းချလိုက်ပါတယ်။ အသက် ဆယ်နှစ်ပဲ ရှိသေးတဲ့ မိုက်ကယ်က အရွယ်ရောက်ပြီးသား မှော်ဆရာတွေထက်တောင် ပိုတော်နေပါပြီ။ ဒါက တကယ်ကို မယုံနိုင်စရာပါပဲ။
"ကောင်းပြီ... မင်းသွားလို့ရတယ်။ ဒါပေမဲ့ အမြဲတမ်း သတိထားပါ"
မိုက်ကယ်က ခေါင်းငြိမ့်ပြလိုက်ပြီး "ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မျှော်စင်သခင်။ အခွင့်ကြုံရင် မှော်မျှော်စင်ကို မကြာမကြာ လာခဲ့ပါဦးမယ်။ ရီနေးတားစစ်တုရင်နဲ့ ခင်ဗျားကို ထပ်နိုင်အောင် ကစားပေးရတာပေါ့"
ဆီဘက်စတီယန်က မိုက်ကယ်ကို အပြင်ထွက်ဖို့ လက်ဟန်ပြလိုက်ပါတယ်။
"ငါ့ကို နှလုံးရပ်အောင် ထပ်မလုပ်ဘူးဆိုရင်တော့ မင်းကို အချိန်မရွေး ကြိုဆိုနေမှာပါ"
ဒုက္ခပေးတတ်တဲ့ မိုက်ကယ် တစ်ယောက် အခန်းထဲကနေ ထွက်သွားတော့မှာမို့ ဆီဘက်စတီယန်လည်း ရေတစ်ငုံသောက်ရင်း စိတ်ကို ပြန်အေးအောင် လုပ်နေပါတယ်။
ဒါပေမဲ့ မိုက်ကယ် မထွက်သွားခင်မှာ နောက်ဆုံးစကား တစ်ခွန်း ပြောခဲ့ပါသေးတယ်။
"ဪ... ပြောဖို့ မေ့သွားလို့။ ကျွန်တော်က ဒြပ်စင်လေးခုတင် သုံးနိုင်တဲ့ မှော်ဆရာ မဟုတ်ဘူးနော်။ ဒြပ်စင်အားလုံးကို သုံးလို့ရတာ။ အဲဒါကို သဟဇာတ ပေါင်းစည်းခြင်း လို့ ခေါ်မယ် ထင်တာပဲ။ ဒါပဲနော်... သွားပြီ"
အဲဒီနေ့က မှော်မျှော်စင်ရဲ့ ထိပ်ဖျားကနေ ရုတ်တရက် ရေပန်းကြီးတစ်ခု ထွက်ပေါ်လာပြီး အောက်မှာ လမ်းလျှောက်နေတဲ့ အပြစ်မဲ့ ပြည်သူတွေကို စိုရွှဲကုန်စေခဲ့တယ်လို့ ကောလာဟလတွေ ထွက်ပေါ်ခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ပြင်းထန်တဲ့ ချောင်းဆိုးသံတွေနဲ့ မတရားမှုကို ကောင်းကင်ကြီးကို မော့ကြည့်ပြီး ကျိန်ဆဲနေတဲ့ စိတ်ဆိုးနေတဲ့ လူတစ်ယောက်ရဲ့ အော်ဟစ်သံတွေကိုလည်း ကြားခဲ့ရပါသေးတယ်။
* * * * * * * * *
စာစဉ်(၅)
အခန်း(၅၀)
မိုက်ကယ် ကင်းစ်ဘရစ်ချ်မြို့ကို ပါရမီနိုးထဖို့အတွက် မလာခင် ရက်အနည်းငယ်အလိုမှာပေါ့... ဒိမ်းစ်မြစ်ကို ဖြတ်ကျော်ထားတဲ့ တံတားအောက်မှာ ကလေးတစ်စုဟာ ဆော့ကစားရင်း ရေထဲက အမှိုက်သရိုက်တွေကို ကောက်နေကြပါတယ်။
တချို့ကလေးတွေဆိုရင် မြစ်ရဲ့ ရေတိမ်တဲ့နေရာတွေမှာ ဆင်းပြီး ရေတောင် ကူးနေကြတာပါ။ ဒိမ်းစ်မြစ်ရဲ့ ညစ်ညမ်းနေတဲ့ ရေတွေကို သောက်မိတာ ဒါမှမဟုတ် ရေကူးတာကြောင့် ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေနဲ့ ရောဂါဘယတွေကို သူတို့ ဂရုမစိုက်အားကြပါဘူး။ သူတို့လေးတွေက ဘာမှနားမလည်ကြသေးတာကိုး။
"ဟားဟား... မင်း သတ္တိရှိရင် ဟိုဘက်ကမ်းအထိ ကူးကြည့်စမ်း"လို့ ကောင်လေးတစ်ယောက်က ပြောလိုက်ပါတယ်။
"မင်း မြစ်အောက်ခြေအထိ ငုပ်နိုင်ရင် ငါ ဟိုဘက်ကမ်းအထိ ကူးပြမယ်"လို့ နောက်တစ်ယောက်က ပြန်ပြောပါတယ်။
ဒီလိုနဲ့ ဆူညံပွက်လောရိုက်ပြီး ဆော့နေကြတဲ့ ကောင်လေးတွေဟာ ရေထဲကနေ ခေါင်းလေးပြူထွက်ပြီး သူတို့ကို ချောင်းကြည့်နေတဲ့ သတ္တဝါတစ်ကောင်ရှိနေတာကို သတိမထားမိကြပါဘူး။
'လူသားတွေ... ဆော့နေကြတယ်... ပျော်စရာကြီး... ငါလည်း ဆော့ချင်တယ်' လို့ အဲဒီသတ္တဝါက တိုးတိုးလေး ရေရွတ်လိုက်ပေမဲ့ ကလေးတွေအတွက်တော့ နားမလည်နိုင်တဲ့ ဗလုံဗလုံ အသံတွေအဖြစ်နဲ့ပဲ ကြားလိုက်ရပါတယ်။
"အဲဒါ ဘာအသံလဲ"တစ်ယောက်က မေးရင်း မြစ်ထဲကို လှည့်ပတ်ကြည့်လိုက်ပါတယ်။
"မင်းကလည်း... လျှောက်ပြောတဲ့ပုံပြင်ထဲက သတ္တဝါကြီးကို ကြောက်နေတာလား"
"တကယ်ရှိတာလို့ ငါကြားတယ်ဟ။ ငါ့အိမ်နီးချင်းဆိုရင် အဲဒီသတ္တဝါကြီးကို ညဘက်မှာ တွေ့ခဲ့တာတဲ့"
"သွားစမ်းပါ... အလကား အာလူးတွေပါကွာ"
သူတို့ရဲ့ မိဘတွေက ဒိမ်းစ်မြစ်နားကို တစ်ယောက်တည်း မသွားဖို့ သတိပေးထားပေမဲ့ သူတို့ကတော့ ရောက်လာကြတာပါပဲ။ သူတို့မှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရမယ်ဆိုတဲ့ အသိစိတ် မရှိကြပါဘူး။ အဲဒီအသိသာ ရှိရင် ဒိမ်းစ်မြစ်နားကိုတောင် လာကြမှာ မဟုတ်ဘူးလေ။
အဲဒီသတ္တဝါလေးဟာ ကလေးတွေဆီကို ဖြည်းဖြည်းချင်း ရွေ့လာပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက်ကတော့ တကယ်ကို ရိုးသားပါတယ်။ ကလေးတွေ ခံစားနေရတဲ့ ပျော်ရွှင်မှုမျိုးကို သူလည်းပဲ ခံစားချင်ရုံသက်သက်ပါ။
ဒါပေမဲ့ သူက လူတွေနဲ့ မတူဘူးဆိုတာကိုတော့ သူကိုယ်တိုင်လည်း သိပါတယ်။ သူ ဘယ်လောက်ပဲ သူတို့နဲ့ ကစားချင်နေပါစေ သူ့ရဲ့ ရုပ်သွင်ကြောင့် အဝေးကနေပဲ ကြည့်နေနိုင်ပြီး အနားကိုတော့ မကပ်ရဲပါဘူး။
အဲဒီအချိန်မှာပဲ ကောင်လေးတစ်ယောက်ဟာ မြစ်ထဲမှာ ဆော့ရင်း ဒူးခေါင်း ပြဲသွားပါတယ်။
အဲဒီသတ္တဝါဟာ ရေထဲမှာ လွင့်မျောနေတဲ့ သေးငယ်လှတဲ့ ဗက်တီးရီးယားတွေနဲ့ ဗိုင်းရပ်စ်တွေဟာ ဘာမှမသိသေးတဲ့ ဒဏ်ရာရထားတဲ့ ကလေးဆီကို ဖြည်းဖြည်းချင်း ဦးတည်သွားနေတာကို မြင်လိုက်ရပါတယ်။
အဲဒီကလေး အန္တရာယ်ရှိနေပြီဆိုတာကို သူ အလိုလို သိလိုက်ပါတယ်။ ဒဏ်ရာအဟောင်းသားနဲ့တောင် ကောင်လေးက မြစ်ထဲမှာ ကစားနေတုန်းပဲလေ။ ညစ်ပတ်တဲ့ ရေတွေက ဒဏ်ရာထဲကို ဝင်သွားတော့မှာပါ။
သူ တစ်ခုခု လုပ်မှ ဖြစ်တော့မယ်။
သူ့ရဲ့ ခန္ဓာကိုယ်ကနေ အစိမ်းရောင် အလင်းတန်းတွေ ထွက်ပေါ်လာပါတယ်။ သူ့ရဲ့ ပင်ကိုယ်မှော်စွမ်းအင်က ရေထဲမှာရှိတဲ့ အညစ်အကြေးအားလုံးကို စုပ်ယူနိုင်စွမ်း ရှိပါတယ်။ ဒါက သူ့ကို အသက်ဆက်စေသလို ကလေးတွေရဲ့ ပတ်ဝန်းကျင်က ရေတွေကိုလည်း သန့်စင်ပေးလိုက်ပါတယ်။
ဒါပေမဲ့ အဲဒီအချိန်မှာပဲ ကမ်းစပ်မှာရပ်ပြီး ကလေးတွေကိုကြည့်နေတဲ့ လူတစ်ယောက်က ရေထဲမှာ အစိမ်းရောင် အလင်းတွေ ထွက်နေတဲ့ သတ္တဝါကြီး ကလေးတွေဆီကို တိုးကပ်လာတာကို မြင်သွားပါတယ်။
ဟိုလူ ညွှန်ပြတဲ့နေရာကို ကလေးတွေ လှည့်ကြည့်လိုက်တဲ့အခါ မြစ်ထဲက သတ္တဝါကြီးရဲ့ ကြောက်စရာကောင်းတဲ့ ရုပ်သွင်ကို မြင်ပြီး ထိတ်လန့်ကုန်ကြပါတော့တယ်။
ကလေးတွေကြားမှာ ပျာယာခတ်ကုန်ပြီး ဒိမ်းစ်မြစ်ထဲကနေ အမြန်ဆုံး ပြေးထွက်ကြပါတယ်။ ရေဆိုးတွေထဲမှာ ပြေးရတာဆိုတော့ ချော်လဲသူကလဲနဲ့ပေါ့။
"အား... ကယ်ကြပါဦး။ သတ္တဝါကြီးက ကျွန်တော့်ကို စားတော့မယ်"
ကလေးတွေရဲ့ အော်ဟစ်သံကြောင့် တံတားပေါ်က လူတွေအားလုံး သတိထားမိသွားကြပါတယ်။ သူတို့ အောက်ကို ငုံ့ကြည့်လိုက်တဲ့အခါ အပြစ်မဲ့ ကလေးတွေဆီကို တိုးကပ်နေတဲ့ အန္တရာယ်ရှိတဲ့ သတ္တဝါကြီးကို တွေ့လိုက်ရပါတယ်။
"ဝေးဝေးသွားစမ်း... သတ္တဝါဆိုးကြီး"လူတစ်ယောက်က သူ့ဓါးအိမ်က ဓားကိုထုတ်ပြီး သတ္တဝါကြီးဆီကို ပစ်လိုက်ရာ သူ့ရဲ့ ခေါင်းကို ထိသွားပါတယ်။
ဒါကို မြင်တော့ တခြားလူတွေလည်း ကလေးတွေကို စား မလို့ လုပ်နေတဲ့ သတ္တဝါကြီးကို မောင်းထုတ်ဖို့အတွက် တံတားပေါ်ကနေ ခဲတွေ၊ ဂွတွေနဲ့ ပစ်ပေါက်ကြပါတော့တယ်။
ကျောက်ခဲတွေ၊ ခွချွန်တွေနဲ့ ခေါင်းကို အထုခံနေရပေမဲ့လည်း အဲဒီသတ္တဝါဟာ ကလေးတွေဆီကိုပဲ ဆက်ပြီး တိုးကပ်သွားပါတယ်။
ဘာလို့လဲဆိုတော့ ဒဏ်ရာရထားတဲ့ ကောင်လေးက ရေထဲမှာ ရှိနေသေးလို့ပါ။ သူသာ အခုထွက်သွားရင် ဗိုင်းရပ်စ်တွေနဲ့ ဗက်တီးရီးယားတွေက ကောင်လေးရဲ့ ဒဏ်ရာထဲ ဝင်သွားပြီး ကလေးကို အသက်အန္တရာယ် ဖြစ်စေနိုင်ပါတယ်။
နောက်ဆုံးမှာတော့ ကောင်လေးဟာ မြေမာပေါ်ကို ရောက်သွားပြီး မြစ်ရေထဲကနေ ထွက်နိုင်ခဲ့ပါပြီ။ အဲဒီအချိန်မှာ သူ တစ်ခုခုကို သတိထားမိသွားပါတယ်။ သူ့ရဲ့ ဒူးခေါင်းက ဒဏ်ရာကို ကြည့်လိုက်တဲ့အခါ ထူးဆန်းစွာပဲ ပျောက်ကင်းသွားတာကို တွေ့လိုက်ရတယ်။ နည်းနည်းလေး နီနေတာကလွဲလို့ ဒဏ်ရာက လုံးဝ မရှိတော့ပါဘူး။
ကောင်လေးက မြစ်ဘက်ကို ပြန်ကြည့်လိုက်တဲ့အခါ သတ္တဝါကြီးက သူ့ကို စိုက်ကြည့်နေတာကို တွေ့လိုက်ရပါတယ်။
အဲဒီနောက်မှာတော့ သတ္တဝါကြီးဟာ ကောင်လေး ဘေးကင်းသွားတာကို စောင့်ကြည့်ပြီးမှ မြစ်အောက်ခြေထဲကို ပြန်ငုပ်လျှိုးသွားပါတော့တယ်။
နာရီအနည်းငယ်ကြာပြီးနောက် အခြေအနေတွေ ငြိမ်သက်သွားတဲ့အခါ ကောင်လေးက ဘယ်လောက်ပဲ ငြင်းဆိုပါစေ လူတွေကတော့ အဲဒီသတ္တဝါကို လိုက်လံ သတ်ဖြတ်ဖို့ ပြင်ဆင်ကြပါတော့တယ်။
သူတို့က အဲဒီသတ္တဝါဟာ အန္တရာယ်ရှိတယ်လို့ ထင်နေကြတာပါ။ မြစ်ရေကြောင့် လူတွေ နေမကောင်းဖြစ်ရတာဟာ ဒီသတ္တဝါကြောင့်လို့ သူတို့ ယူဆနေကြပါတယ်။
သူတို့တွေ အဲဒီသတ္တဝါကို အမြစ်ပြတ်အောင် သတ်ဖို့ ကြိုးစားခဲ့ကြပါတယ်။
* * * * * * * * *
မိုက်ကယ်က ဒိမ်းစ်မြစ်ကို ကြည့်ရင်း ရေပေါ်မှာ ပေါ်နေတဲ့ အမှိုက်တွေကို ကြည့်လိုက်ပါတယ်။ တကယ်ကို ရွံစရာကောင်းလှပါတယ်။
'နိုဗာ... အဲဒီ ရွံစရာကောင်းတဲ့ အနံ့တွေကို ကာကွယ်ပေးနိုင်မယ့် မန္တန်တစ်ခုလောက် ဖန်တီးပေးပါဦး'
[ မှော်မန္တန်ကို ဖန်တီးနေပါသည်... ]
- - ဤမှော်ပညာသည် အနားမှာရှိသော မလိုလားအပ်သော အနံ့ဆိုးများကို ဖယ်ရှားပေးပါလိမ့်မည်။
"အခုမှပဲ တော်တော့တယ်"လို့ မိုက်ကယ်က ပြောရင်း လေကို ဝဝလင်လင် ရှူလိုက်ပါတယ်။ အခုတော့ လတ်ဆတ်တဲ့ လေကိုပဲ ရပါတော့တယ်။
'အခု ငါ အဲဒီသတ္တဝါကို ရှာဖို့ပဲ လိုတော့တယ်...'
မိုက်ကယ်ရဲ့ အဆင့်မြင့်စွမ်းရည်ဖြစ်တဲ့ 'မှော်စွမ်းအင် စုစည်းခြင်း' နဲ့ဆိုရင် သူ့ပတ်ဝန်းကျင်မှာရှိတဲ့ ဘယ်မှော်စွမ်းအင်ကိုမဆို သူ ခံစားသိရှိနိုင်ပါတယ်။ ဒီမြစ်ထဲမှာ သတ္တဝါတစ်ကောင်ရှိနေရင် သူ့ခန္ဓာကိုယ်ထဲက မှော်စွမ်းအင်ကို သူ သိနိုင်မှာပါ။
သူ့ရဲ့ မျက်လုံးတွေက မြစ်ထဲကို လိုက်ရှာနေရင်း အဆိပ်ဒြပ်စင် မှော်စွမ်းအင်တွေ စုဝေးနေတဲ့ နေရာတစ်ခုကို တွေ့လိုက်ရပါတယ်။ ထူးဆန်းတာက အဲဒါက မြစ်အောက်ခြေမှာ ပုန်းနေတာ မဟုတ်ပါဘူး။ မြစ်နဲ့ ခပ်လှမ်းလှမ်းက အဆောက်အဦးတွေဘက်မှာပါ။
'ဒီသတ္တဝါက သူ့ဘာသာသူ အောင်းစရာ နေရာတစ်ခု ရှာတွေ့ထားပုံပဲ...'
မိုက်ကယ်က နောက်ထပ် တွန့်ဆုတ်မနေတော့ဘဲ မြစ်ထဲကို ချက်ချင်း ခုန်ချလိုက်ပါတယ်။
ညစ်ပတ်ပြီး ပိုးမွှားတွေရှိတဲ့ မြစ်ရေတွေ သူ့ခန္ဓာကိုယ်ကို မထိခင်မှာပဲ မိုက်ကယ်ရဲ့ ပတ်လည်မှာ မမြင်ရတဲ့ ရောင်စုံအလင်းတန်း အကာအကွယ်တစ်ခု ပေါ်လာပြီး သူ့ကို ရေမစိုအောင် ကာကွယ်ပေးလိုက်ပါတယ်။
သူဟာ တစ်မီတာလောက်ရှိတဲ့ အကာအကွယ် ဘောလုံးကြီးထဲမှာ ရေအောက်ကို ဆင်းသွားပါတယ်။
ရေထဲရောက်တဲ့အခါ ပတ်ဝန်းကျင်မှာ မှောင်မည်းနေတာကလွဲလို့ ဘာမှမမြင်ရပါဘူး။ ဒါကြောင့် သူက သူ့ရဲ့ လက်ထိပ်မှာ အလင်းလုံးလေး တစ်ခုကို ဖန်တီးပေးတဲ့ မီးတုတ်လို့ ခေါ်တဲ့ ရိုးရှင်းတဲ့ ကြယ်တစ်ပွင့်မန္တန် တစ်ခုကို သုံးလိုက်ပါတယ်။
ရေထဲက အမှိုက်သရိုက်တွေကို ဂရုမစိုက်ဘဲ ပတ်ဝန်းကျင်ကို လိုက်ရှာနေရင်း နောက်ဆုံးမှာတော့ မြစ်ဘေးက တွင်းဝတစ်ခုကို တွေ့လိုက်ရပါတယ်။ ကံကောင်းထောက်မစွာနဲ့ပဲ အဲဒီတွင်းက သူ ဝင်လို့ရရုံလောက်တော့ ကျယ်ပါတယ်။
မိုက်ကယ်က အဲဒီတွင်းထဲကို ဝင်သွားပြီး မြေအောက်လိုဏ်ဂူကြီး တစ်ခုထဲ ရောက်သွားတဲ့အထိ လိုဏ်ခေါင်းအတိုင်း လိုက်သွားခဲ့ပါတယ်။
သူ ရေထဲကနေ ပေါ်လာပြီး အဲဒီသတ္တဝါရဲ့ အောင်းစရာနေရာထဲကို ဝင်လိုက်ပါတယ်။
အဲဒီအချိန်မှာပဲ မြေအောက်ခန်းရဲ့ တစ်နေရာမှာ အိပ်ပျော်နေတဲ့ သတ္တဝါကြီးဟာ နိုးလာပြီး တစ်စုံတစ်ခု ထူးခြားနေတာကို ခံစားမိလိုက်ပါတယ်။
မူလရုပ်သွင်နဲ့ မတူဘဲ အဲဒီသတ္တဝါရဲ့ ခန္ဓာကိုယ်တစ်ခုလုံးမှာ ဓားဒဏ်ရာတွေနဲ့ အနာဖေးတွေ အပြည့် ဖြစ်နေပါပြီ။ လူတွေအများကြီးက သူ့ကို သတ်ဖို့ ကြိုးစားခဲ့ကြတာကိုး။
သူက မိုက်ကယ်ကိုလည်း အဲဒီလူတွေထဲက တစ်ယောက်လို့ ထင်နေပုံရပါတယ်။
ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ အဲဒီသတ္တဝါဟာ ထွက်ပြေးမှာ မဟုတ်တော့ပါဘူး။ သူ ဘယ်တော့မှ မပြေးတော့ဘူး။ သူ ပြန်ပြီး တိုက်ခိုက်တော့မှာပါ။
* * * * * * * * *