← Chapters

အခန်း (၅၅-၅၆)

Vol. 5 Ch. 55-56

အခန်း (၅၅-၅၆)

Vol. 5 Ch. 55-56

စာစဉ်(၅)

အခန်း(၅၅)

မိုက်ကယ်ရဲ့ အဆင့်မြင့်စွမ်းရည် အကြောင်း ကြားလိုက်ရတဲ့အခါ အကြီးအကဲတွေဟာ မတ်မတ်ထိုင်လိုက်ကြပြီး ဆယ်နှစ်သား ကောင်လေးကို မျက်လုံးထဲမှာ အရောင်တွေ တောက်ပလျက် စိုက်ကြည့်လိုက်ကြတယ်။

ဒီလောက် အလားအလာရှိတဲ့ လူငယ်မျိုးကို သူတို့ တွေ့ရခဲလှပါတယ်။ မိုက်ကယ်ဟာ မှော်ပညာမှာ အလွန်ပါရမီပါတာ တစ်ချက်တည်းနဲ့တင် ဗန်ဒါဘစ် မျိုးရိုးတစ်ခုလုံးမှာ အရေးအပါဆုံး မြေးဖြစ်ဖို့ လုံလောက်နေပါပြီ။

ဒါပေမဲ့ အဆင့်မြင့်စွမ်းရည် ဆိုတာကတော့ လုံးဝကို တခြားစီပါပဲ။ ဒါရိုက်တာအဖွဲ့ဝင်တွေဟာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး မျက်လုံးချင်းနဲ့တင် တိတ်တဆိတ် အချက်ပြလိုက်ကြတယ်။

သူတို့ဟာ ဗန်ဒါဘစ် စီးပွားရေးလုပ်ငန်းကို အခုလို ကြီးမားတဲ့ အင်ပါယာကြီးဖြစ်အောင် ကူညီတည်ဆောက်ပေးခဲ့ကြသူတွေ ဖြစ်တာကြောင့် မိုက်ကယ်ဟာ ဗန်ဒါဘစ် မိသားစုအတွက် ဘယ်လောက်တောင် အဖိုးတန်တဲ့ ရတနာတစ်ခု ဖြစ်လာနိုင်မလဲဆိုတာကို သိဖို့ လုံလောက်တဲ့ အမြော်အမြင်တွေ ရှိကြတယ်။

သူတို့သာဆိုရင် မိုက်ကယ်ကို ဗန်ဒါဘစ် နိုင်ငံတော်မှာပဲ နေခိုင်းပြီး သူတို့ရဲ့ အရင်းအမြစ်အားလုံးကို သုံးလို့ ဒီကလေးကို ပြုစုပျိုးထောင်ပေးဖို့ ဘတ်ကို တောင်းဆိုပြီးလောက်ပါပြီ။

ဒါပေမဲ့ တစ်စုံတစ်ခုကို သတိရသွားတဲ့အခါမှာတော့ သူတို့တွေ ချက်ချင်းပဲ စိတ်ပျက်သွားကြတယ်။

" သခင်လေးရဲ့သား မှာ ရှိတဲ့ ပါရမီက တကယ့်ကို သန်းပေါင်းများစွာထဲမှာမှ တစ်ယောက်ပေါ်တာမျိုးပါပဲ " လို့ ရာဇပလ္လင်ရဲ့ ဘေးကပ်လျက် ခုံမှာ ထိုင်နေတဲ့ အဘိုးကြီးတစ်ယောက်က ဆိုပါတယ်။

" သခင်လေးရဲ့သား ပါရမီအပေါ် ငါတို့ ထားရှိတဲ့ တန်ဖိုးကို ထင်ဟပ်စေဖို့အတွက် သား ရရှိမယ့် အမွေအနှစ်ကို ငါတို့ တိုးပေးချင်တာကလွဲလို့ တခြား ဘာမှ မရှိပါဘူး "

ဒါကို ကြားလိုက်ရတဲ့အခါ ဘတ်နဲ့ လိုင်လီယာတို့ရဲ့ မျက်နှာမှာ ပျော်ရွှင်မှုနဲ့ မျှော်လင့်ချက်တွေ လွှမ်းမိုးသွားပါတယ်။ ဒါဟာ အစကတည်းက သူတို့ရဲ့ ရည်မှန်းချက်ပဲလေ။

" အဲဒီလို ကြားရတာ ကျွန်တော်တို့ ဝမ်းသာပါတယ် သားရဲ့ စွမ်းဆောင်ရည် အပြည့်အဝ ထွက်ပေါ်လာဖို့အတွက် ဘယ်လို အကူအညီမျိုးမဆို အထောက်အကူ ဖြစ်စေမှာပါ " လို့ ဘတ်က စိတ်လှုပ်ရှားမှု အနည်းငယ်နဲ့အတူ ရိုရိုသေသေ ပြောလိုက်ပါတယ်။

ဒါပေမဲ့ ဘတ်က သူ့ခေါင်းကို မော့လိုက်တဲ့အခါ တစ်ခုခုကို သတိထားမိသွားတယ်။

" ဒါနဲ့နေပါဦး ... ကျွန်တော့်အဖေရော ဘယ်မှာလဲ " လို့ သူက မေးလိုက်တယ်။

ရာဇပလ္လင်ခန်းမထဲမှာ လစ်ဟာနေတာ တစ်ခု ရှိနေပါတယ်။ ဒဏ္ဍာရီလာ ဗန်ဒါဘစ် အတွက်သာ သီးသန့်ထားရှိတဲ့ အဓိကနေရာက အလွတ်ကြီး ဖြစ်နေတာပါ။ ခန်းမထဲမှာ အရေးအပါဆုံးဖြစ်တဲ့ လူကြီးမင်းက ပျောက်ကွယ်နေပါတယ်။

အဘိုးကြီးက သက်ပြင်းချလိုက်တယ်။

" အဲဒါကပဲ ပြဿနာပဲ ဘတ်။ သူ့ကို သူ့နန်းဆောင်ထဲမှာပဲ နေဖို့ ငါတို့ အကြံပေးခဲ့ပေမဲ့ သူကတော့ အရေးမပါတဲ့ ကိစ္စတစ်ခုနောက်ကို လိုက်ဖို့အတွက် ထွက်သွားဖို့ ဆုံးဖြတ်ခဲ့တယ် "

ဒီနေ့ အစည်းအဝေးမှာ အိုင်းဇ် ဗန်ဒါဘစ် မရှိဘူးဆိုတာကို ကြားလိုက်ရတဲ့အတွက် မိုက်ကယ်နဲ့ ဘတ်တို့ နှစ်ယောက်စလုံး စိတ်ပျက်သွားကြတယ်။ ဘတ်ဟာ သူ့ရဲ့ ဂုဏ်ယူစရာသားလေးကို သူ့အဖေနဲ့ မိတ်ဆက်ပေးချင်ခဲ့တာပါ။ ဒါပေမဲ့ အဘိုးကြီးက တခြားအလုပ်တွေနဲ့ အလုပ်ရှုပ်နေပုံရတာကြောင့် ဒါက နည်းနည်းတော့ စိတ်မကောင်းစရာပဲပေါ့။

" တစ်ခုခု အဆင်မပြေတာ ရှိလို့လား " လို့ မိုက်ကယ်က အသံထွက်ပြီး မေးလိုက်တယ်။

အဘိုးကြီး စကားပြောပုံအရ ဗန်ဒါဘစ် လူကြီးမင်း ကိုယ်တိုင် မရှိဘဲနဲ့ သူတို့ မဖြေရှင်းနိုင်တဲ့ ရှုပ်ထွေးတဲ့ ပြဿနာတစ်ခုခု ရှိနေသလိုမျိုး ဖြစ်နေလို့ပါ။

" သားက တကယ့်ကို ထက်မြက်တာပဲ " လို့ အဘိုးကြီးက သက်ပြင်းချရင်း ဆိုပါတယ်။

" ပြဿနာကတော့ ရှိတာပေါ့။ မိုက်ကယ်လေးကို ငွေကြေး ထောက်ပံ့မှုနဲ့ အကူအညီတွေ ပိုပေးချင်ပေမဲ့လည်း အိုင်းဇ် ကိုယ်တိုင် ဒီမှာ မရှိဘဲနဲ့တော့ ဒါက မဖြစ်နိုင်ဘူး "

ဘတ်က ဒေါသတကြီးနဲ့ မတ်တတ်ရပ်လိုက်တယ်။

" ဘာကို ဆိုလိုတာလဲ ကျွန်တော့်သားက မိသားစုဆီကနေ ရသင့်ရထိုက်တဲ့ အကူအညီအားလုံးကို ရသင့်တယ်လို့ ခင်ဗျားတို့ ပြောခဲ့တယ် မဟုတ်လား "

အဘိုးကြီးက သူ့လက်ကို မြှောက်လိုက်ပြီး ဘတ်ကို စိတ်လျှော့ဖို့ ကြိုးစားလိုက်တယ်။

" အမှန်အတိုင်း ပြောရရင် မိုက်ကယ်လေးက ဒီလောက်အထိ ပါရမီပါလိမ့်မယ်လို့ ငါတို့ထဲက ဘယ်သူမှ မမျှော်လင့်ထားခဲ့ဘူး။ သူက မှော်ပညာမှာ တော်တယ်လို့ပဲ ငါတို့ ကြားခဲ့တာ။ အဲဒါကြောင့် သူ့အတွက် နည်းပါးတဲ့ အမွေအနှစ်ကိုပဲ ငါတို့ သတ်မှတ်ခဲ့ကြတာ "

" အကယ်၍ မိုက်ကယ်က အဆင့်မြင့်စွမ်းရည် ကို ရရှိလိမ့်မယ်လို့ ငါတို့သာ သိခဲ့ရင် သူ့ကို အမွေအနှစ်တွေ ပိုပေးဖို့နဲ့ အကောင်းဆုံး ဂရုစိုက်မှုတွေနဲ့အတူ နိုင်ငံခြားမှာ ပညာသင်စေဖို့ ငါတို့ စီစဉ်ခဲ့မှာပေါ့ "

ဘတ်က စိတ်ပျက်လက်ပျက်နဲ့ သူ့ဆံပင်တွေကို ပွတ်လိုက်တယ်။

" အဲဒါကို ပြောင်းလဲလို့ မရဘူးလား "

" အဲဒါကပဲ ပြဿနာပဲလေ။ အကယ်၍ အိုင်းဇ် သာ ဒီမှာရှိရင် သူက ဒီဆုံးဖြတ်ချက်ကို သေချာပေါက် ပယ်ဖျက်နိုင်တယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ သူက အခုလောလောဆယ် မအားသေးဘူး "

လိုင်လီယာလည်း မတ်တတ်ရပ်လိုက်တယ်။

" ဒါဆိုရင် ဒီအစည်းအဝေးကို နောက်မှ ပြန်လုပ်ကြမလား "

ဒါပေမဲ့ အဘိုးကြီးက ခေါင်းခါလိုက်တယ်။

" ကံမကောင်းစွာနဲ့ပဲ ဒီနေ့ပြီးသွားရင် ကျန်တဲ့ အမွေအနှစ်တွေကို မျိုးနွယ်တစ်ခုလုံးက ခွဲဝေယူကြတော့မှာ။ အိုင်းဇ် ပြန်ရောက်လာတဲ့ အချိန်ကျရင် မိုက်ကယ် ရရှိဖို့ ဘာမှ ကျန်တော့မှာ မဟုတ်ဘူး "

" စိတ်မပူပါနဲ့။ မိုက်ကယ် ရရှိမယ့် အမွေအနှစ်က အထင်သေးစရာမျိုးတော့ မဟုတ်ပါဘူး။ ဗန်ဒါဘစ် မိသားစုရဲ့ အငယ်ဆုံးသားဖြစ်တဲ့ မိုက်ကယ်ကို 'ခြောက်သွေ့လွင်ပြင်' နယ်မြေတစ်ခုလုံးကို ငါတို့ ပေးအပ်ပါ့မယ် "

ဒါကို ကြားလိုက်ရတဲ့အခါ ဘတ်ဟာ သက်ပြင်းချရင်း စိတ်အေးသွားရတာကို မထိန်းနိုင်ခဲ့ပါဘူး။ အကြီးအကဲတွေက မိုက်ကယ်အတွက် ဘာမှကောင်းတာ မရတော့သလိုမျိုး ပြောနေကြတာပါ။ ဒါပေမဲ့ 'ခြောက်သွေ့လွင်ပြင်' ဟာ လူသူမနေတဲ့ တောရိုင်းမြေဖြစ်နေပေမဲ့လည်း မိုက်ကယ်အနေနဲ့ ပိုက်ဆံအများကြီးနဲ့ ပြန်ရောင်းလို့ရတဲ့အထိ ကြီးမားတဲ့ နယ်မြေတစ်ခုဖြစ်မှန်း ဘတ်က သိနေတယ်လေ။

" ခြောက်သွေ့လွင်ပြင် လား ဖေဖေ၊ အဲဒါက ဘာကြီးလဲ " လို့ မိုက်ကယ်က ဘတ်ကို မေးလိုက်တယ်။

" ခြောက်သွေ့လွင်ပြင် ဆိုတာ ငါတို့တိုက်ရဲ့ တောင်ဘက်မှာရှိတဲ့ ကြီးမားတဲ့ နယ်မြေတစ်ခုပါ။ အဲဒီမှာ လူနေထိုင်လို့ မရသလောက်ပဲမို့လို့ မှော်သားရဲ တွေနဲ့ လူတစ်ပိုင်း သားရဲတစ်ပိုင်းတွေပဲ နေထိုင်ကြတာ "

" ဪ၊ ဒါနဲ့ နေပါဦး။ သားရဲ့ ‘ အင်ဂျင် ’ ပရောဂျက်အတွက် သား ခဏခဏ မေးနေတဲ့ ‘ ရေနံ ’ ကို ဘယ်မှာ ရနိုင်မလဲလို့ မေးထားတယ် မဟုတ်လား။ အဲဒါ အများစုကို ခြောက်သွေ့လွင်ပြင် မှာ တွေ့နိုင်တယ်လေ "

မိုက်ကယ် အဲဒါကို ကြားလိုက်တာနဲ့ အတွေးတစ်ခုက သူ့ခေါင်းထဲကို ဝုန်းခနဲ ဝင်လာပါတော့တယ်။ အဲဒီအတွေးက အရမ်းကို ရူးချင်စရာကောင်းလွန်းလို့ သူတောင် ကြက်သီးထသွားမိတယ်။ သူ့ရဲ့ အရင်ကမ္ဘာမှာတော့ ရေနံ ရရှိဖို့အတွက်တင် စစ်ပွဲတွေ ဖြစ်ခဲ့ကြတာပါ။

ဒီကမ္ဘာမှာတော့ ရေနံကို မီးထွန်းဖို့ကလွဲလို့ တခြား ဘာမှ အသုံးမဝင်တဲ့အရာအဖြစ်ပဲ သဘောထားနေကြတုန်း။ ဒါပေမဲ့ မိုက်ကယ်ကတော့ အဲဒီရဲ့ တကယ့် အစွမ်းအစကို သိနေတယ်လေ။ သူက အင်ဂျင်ကို တီထွင်ပြီးသားဖြစ်လို့ ရေနံကို လောင်စာအဖြစ်သုံးပြီး လျှပ်စစ်စွမ်းအင်ကို နောက်ဆုံးမှာ ရယူနိုင်တော့မှာပေါ့။

အတွေးပေါင်းများစွာက သူ့ခေါင်းထဲမှာ လျှပ်စီးလို ဖြတ်ပြေးသွားကြတယ်။ မီးသီးတွေ၊ ရထားတွေ၊ အပူပေးစနစ်တွေ၊ ကားတွေ ... ရေနံရှိရင် အရာအားလုံးက ဖြစ်နိုင်တယ်လေ။

' ငါသာ အဲဒီကို ပြောင်းသွားရင်ကော ငါ့ရဲ့ ကိုယ်ပိုင်အိမ်ကို လျှပ်စစ်နဲ့ လည်ပတ်အောင် တည်ဆောက်လို့ ရတာပဲ '

ပြီးတော့ နောင်အနာဂတ်မှာ သူ တီထွင်ထားတာတွေကို ကမ္ဘာကြီးကို စတင် ရောင်းချလာတဲ့အခါ လူတွေဟာ ရေနံရဲ့ တကယ့် အစွမ်းအစကို နောက်ဆုံးမှာ သိသွားကြလိမ့်မယ်။ အဲဒီအချိန်ကျရင် သူတို့အတွက် ရေနံကို ဘယ်သူက ထောက်ပံ့ပေးမှာလဲ။ ခြောက်သွေ့လွင်ပြင် ကို ပိုင်တဲ့လူပေါ့။ စီးပွားရေး အလားအလာက လျစ်လျူရှုထားဖို့အတွက် အရမ်းကို ဆွဲဆောင်မှု ရှိလွန်းနေပါတယ်။

" မိုက်ကယ်၊ ဒါက ကောင်းတာပဲ " လို့ ဘတ်နဲ့ လိုင်လီယာတို့က သူတို့သားကို စိတ်လှုပ်ရှားစွာ ပြောလိုက်ကြတယ်။

" အကယ်၍ သားက ခြောက်သွေ့လွင်ပြင် ကို ရောင်းလိုက်မယ်ဆိုရင် ရွှေဒင်္ဂါး သန်းတစ်ရာထက်မက ရနိုင်တယ် သားရဲ့။ ဒါက တကယ့်ကို များပြားတဲ့ အမွေအနှစ်ပဲ "

" ဟား ... ဟားဟား "

မိုက်ကယ်ကတော့ လောလောဆယ် ရယ်ပဲ ရယ်နိုင်ပါတော့တယ်။ သူ အဲဒီကို ပြောင်းမယ်ဆိုတဲ့ အစီအစဉ်ကို ထုတ်ပြောလိုက်တဲ့အခါ ဘာဖြစ်လာမလဲဆိုတာကို သူ ကြိုတင် ပြင်ဆင်နေမိတယ်။

သူ့အမေကတော့ သေချာပေါက် စိတ်တွေ ဆိုးတော့မှာပဲ။

* * * * * * * * *

စာစဉ်(၅)

အခန်း(၅၆)

မိုက်ကယ်နဲ့ သူ့မိသားစု ဗန်ဒါဘစ် နိုင်ငံတော်ကနေ ထွက်ခွာသွားပြီး ရက်အနည်းငယ်အကြာမှာတော့ အိမ်တော်တစ်ခုလုံးမှာ ကြိုဆိုပွဲ အခမ်းအနားတစ်ခု စတင်ပါတော့တယ်။

နိုင်ငံတော်ရဲ့ မြို့ရိုးတံတိုင်းတွေဆီကို ချီတက်လာကြတဲ့ ထောင်ပေါင်းများစွာသော စစ်သည်တော်တွေရဲ့ ခြေသံတွေနဲ့အတူ ခရုသင်းမှုတ်သံတွေကလည်း ဟိန်းထွက်နေခဲ့ပါတယ်။

ဒီနေ့ဟာ အိုင်းဇ် ဗန်ဒါဘစ် သူ့ရဲ့ နိုင်ငံတော်ဆီ ပြန်လာမယ့်နေ့ ဖြစ်ပါတယ်။ နိုင်ငံတော်အတွင်းမှာရှိတဲ့ ဆွေမျိုးသားချင်းတစ်စုလုံးက သူဟာ တခြားနိုင်ငံနဲ့ စစ်ဖြစ်ပြီး အောင်ပွဲခံပြန်လာသလိုမျိုး ခမ်းခမ်းနားနား ကျင်းပနေကြတာပါ။

ဒါပေမဲ့ တကယ့်အမှန်တရားကတော့ အဲဒီလောက်အထိ ကြီးကျယ်ခမ်းနားတာမျိုး မဟုတ်ပါဘူး။ အိုင်းဇ် ဗန်ဒါဘစ်ဟာ ဘယ်သွားသွား စစ်သည်တော် တစ်သောင်းလောက် ခြံရံသွားတတ်တာ မှန်ပေမဲ့ အဲဒါက စစ်တိုက်ဖို့ သွားတာလို့ မဆိုလိုပါဘူး။ အဲဒါက ဗန်ဒါဘစ် မိသားစုနဲ့ နိုင်ငံအတွက် သူ့ရဲ့ ဘေးကင်းလုံခြုံမှုက အလွန်အရေးကြီးတာကြောင့်ပဲ ဖြစ်ပါတယ်။

ဗန်ဒါဘစ် မိသားစုကို တည်ထောင်ခဲ့သူ အဖိုးကို ရိုသေလေးစားတဲ့ အထိမ်းအမှတ်အနေနဲ့ သူ့ရဲ့ သားသမီးတွေ၊ မြေးတွေအားလုံးဟာ ရင်ပြင်ကျယ်ကြီးမှာ စုဝေးပြီး လက်ကိုင်ပဝါတွေကို ဝှေ့ယမ်းကာ ကြိုဆိုနေကြပါတယ်။

ဒါပေမဲ့ ဆူညံလှပတဲ့ ကြိုဆိုမှုတွေ၊ အခမ်းအနားတွေ ရှိနေပေမဲ့လည်း ကြီးကျယ်ခမ်းနားတဲ့ ရထားလုံးနဲ့ မြင်းရထားတွေ ရင်ပြင်ထဲကို ဝင်လာတဲ့အခါမှာတော့ အိုင်းဇ်ရဲ့ အာရုံကို ရအောင် ကြိုးစားနေကြတဲ့ လူအုပ်ကြီးကို လျစ်လျူရှုပြီး သူ့လမ်းသူ ဆက်မောင်းသွားခဲ့ပါတယ်။ တစ်စက္ကန့်တောင် ရပ်မနေခဲ့ပါဘူး။

ဒါက တော်တော်လေးကို ထူးဆန်းနေပါတယ်။ အဖိုးဖြစ်သူ ဗန်ဒါဘစ်ဟာ ပွဲလမ်းသဘင်တွေနဲ့ ကြိုဆိုပွဲတွေကို သဘောကျတတ်ပြီး ပုံမှန်ဆိုရင် ရက်အတော်ကြာကနေ တစ်ပတ်လောက်အထိ ကျင်းပလေ့ရှိတာပါ။ ဖျော်ဖြေပွဲတွေ၊ သောက်စားပျော်ပါးပွဲတွေနဲ့ အဲဒီလို အခမ်းအနားတွေအတွက် ငွေတွေကိုလည်း ရက်ရက်ရောရော သုံးတတ်သူပါ။

လူအများက ဘာတွေမှားနေလဲဆိုတာကို သိချင်နေကြပေမဲ့ ကိုယ့်ဘာသာပဲ မှန်းဆနေနိုင်ကြပါတော့တယ်။ အိုင်းဇ်ဟာ အချိန်မဖြုန်းဘဲ သူ့ရဲ့ စံအိမ်ဆီကို တန်းသွားပြီး အခန်းထဲကို ဝင်လိုက်ပါတယ်။

သူက သူ့ရဲ့ ရာဇပလ္လင်ပေါ်မှာ ထိုင်လိုက်ပြီး လက်နှစ်ဖက်ကို နဖူးပေါ်တင်ထားလိုက်တယ်။ ပလ္လင်ခန်းမတစ်ခုလုံး တိတ်ဆိတ်ခြင်းတွေ ဖုံးလွှမ်းသွားပါတယ်။

အိုင်းဇ် ဗန်ဒါဘစ်ဟာ ဆံပင်ဖြူဖြူ၊ တွဲကျနေတဲ့ မျက်အိတ်တွေ၊ အရေးအကြောင်းတွေ ပြည့်နေတဲ့ မျက်နှာနဲ့ ခါးကိုင်းကိုင်း ပုံစံရှိတဲ့ လူတစ်ယောက်ပါ။

ဒါပေမဲ့ အဲဒီလို အခြေအနေမှာတောင် သူ့ရဲ့ အရှိန်အဝါကတော့ ခုန်အုပ်တော့မယ့် ခြင်္သေ့တစ်ကောင်လို ရိုင်းစိုင်းကြမ်းတမ်းနေဆဲပါပဲ။

သူ့ဘေးနားမှာရှိတဲ့ ဒါရိုက်တာအဖွဲ့ဝင်တွေကတော့ ထိတ်လန့်နေကြပါတယ်။ အိုင်းဇ် ဒီလောက်အထိ တိတ်ဆိတ်နေတာက ဘယ်တော့မှ မကောင်းပါဘူး။

နောက်ဆုံးမှာတော့ သူတို့ထဲက တစ်ယောက်က သတ္တိမွေးပြီး စကားပြောလိုက်ပါတယ်။

"ခရီးစဉ်က ဘယ်လိုလဲခင်ဗျာ"

ဘေးနားက အဘိုးကြီးက သူ့ကို စိတ်မဆိုးသွားအောင် အခက်အခဲကြားကနေ မေးလိုက်ပါတယ်။

"ရီနေးတားလို့ ခေါ်တဲ့ ကုမ္ပဏီအသစ်နဲ့ ပတ်သက်ပြီး လုပ်ချင်တာတွေ လုပ်ခဲ့ပြီးပြီလား"

အိုင်းဇ် ဗန်ဒါဘစ် ဒီလောက်အထိ အသက်ကြီးနေတဲ့အချိန်မှာ သူ့ရဲ့ စံအိမ်ကနေ ထွက်သွားရတဲ့ အကြောင်းရင်းကတော့ ကောလာဟလလေး တစ်ခုကြောင့်ပါ။

မြို့တွေကို သိမ်းပိုက်ပြီး သူတို့ရဲ့ ဆန်းသစ်တဲ့ ထုတ်ကုန်အသစ်တွေနဲ့ ဒေသတွင်း ဈေးကွက်ကို နှောင့်ယှက်ဖျက်ဆီးနေတဲ့ ရီနေးတားလို့ ခေါ်တဲ့ တက်သစ်စ ကုမ္ပဏီအသစ်တစ်ခု ရှိနေပုံရပါတယ်။

ကင်းစ်ဘရစ်ချ်မြို့မှာရှိတဲ့ ဗန်ဒါဘစ် စီးပွားရေးလုပ်ငန်းဟာ ဒီကုမ္ပဏီအသစ်ပေါ်လာပြီး ငါးနှစ်အတွင်းမှာတင် အနောက်မှာ ကျန်ရစ်နေပြီဆိုတဲ့ ကောလာဟလတောင် ရှိနေပါတယ်။

သူ့ရဲ့ မှော်ဆရာ သူငယ်ချင်းအချို့ဆိုရင် 'ရီနေးတား စစ်တုရင်' လို့ ခေါ်တဲ့ ထူးဆန်းတဲ့ အကွက်ရွှေ့ကစားနည်းကိုတောင် စွဲလမ်းနေကြပါတယ်။ အိုင်းဇ်ဟာ သဘာဝအတိုင်းပဲ သူ့လူတွေကို ရီနေးတား ကုမ္ပဏီနဲ့ သူတို့ရဲ့ ထုတ်ကုန်တွေကို စုံစမ်းခိုင်းလိုက်ပါတယ်။

အိုင်းဇ်က သူတို့တွေဟာ ဗန်ဒါဘစ် စီးပွားရေးကို ဖြိုလဲဖို့အတွက် မရိုးသားတဲ့ နည်းလမ်းတွေ သုံးနေတယ်လို့ ထင်ခဲ့တာပါ။ ဒါပေမဲ့ ရီနေးတား ဆပ်ပြာနဲ့ ခေါင်းလျှော်ရည်တွေကို သူ့လက်ထဲမှာ ကိုင်လိုက်တဲ့အခါမှာတော့ ဒီကုမ္ပဏီမှာ ရှိနေတဲ့ ပါရမီနဲ့ ဆန်းသစ်တီထွင်မှုတွေကို နောက်ဆုံးမှာ သူ နားလည်သွားပါတယ်။

ဒါတင်မကဘဲ သူတို့ အသုံးချထားတဲ့ နည်းပညာတွေနဲ့ ဈေးကွက်ဖြန့်ချိရေး မဟာဗျူဟာတွေက သူ့ကိုတောင် အထင်ကြီးသွားစေခဲ့ပါတယ်။

ရီနေးတားကို ဦးဆောင်နေတဲ့သူဟာ ဘယ်သူပဲဖြစ်ဖြစ် တစ်နေ့ကျရင် သူ့လိုမျိုး ထိပ်တန်းလုပ်ငန်းရှင်ကြီးတွေနဲ့ ရင်ပေါင်တန်း ယှဉ်ပြိုင်နိုင်မယ့်သူ ဖြစ်လိမ့်မယ်လို့ အိုင်းဇ် ခံစားမိလိုက်တယ်။

ဒါက အဖိုးအိုရဲ့ ရင်ထဲမှာ အချိန်အတော်ကြာ ငြိမ်သက်နေတဲ့ ပြိုင်ဆိုင်လိုစိတ် မီးတောက်ကို ပြန်ပြီး တောက်လောင်လာစေခဲ့ပါတယ်။ ကင်းစ်ဘရစ်ချ်မြို့ဟာ ပြည်နယ်ရဲ့ အစွန်အဖျားမှာရှိတဲ့ မြို့ငယ်လေးတစ်ခု ဖြစ်ပေမဲ့လည်း ဗန်ဒါဘစ်ရဲ့ ဘယ်စီးပွားရေးလုပ်ငန်းမှ နို့နံ့မစင်သေးတဲ့ ကုမ္ပဏီအသစ်တစ်ခုရဲ့ ကျော်တက်တာကို မခံရစေရဘူးလို့ အိုင်းဇ် ခံစားလိုက်ရတယ်။

ဒါကြောင့် သူနဲ့ သူယုံကြည်ရတဲ့ လူအနည်းငယ်ဟာ ရီနေးတားက ဈေးကွက်ထဲကို ထုတ်နေတဲ့ ထုတ်ကုန်တွေထက် ပိုကောင်းတဲ့၊ ဒါမှမဟုတ်ရင်တောင် အဲဒီအဆင့်လောက်ရှိတဲ့ ထုတ်ကုန်တွေ ဖန်တီးဖို့အတွက် တစ်နှစ်လောက် အချိန်ပေးပြီး စမ်းသပ်စီစဉ်ခဲ့ကြပါတယ်။

နောက်ဆုံးမှာတော့ သူတို့ ရှာတွေ့ခဲ့ပါပြီ။ ရီနေးတား ဆပ်ပြာထက် ပိုပြီး မွှေးကြိုင်တဲ့၊ ပိုပြီး အသုံးခံတဲ့ ဆပ်ပြာတစ်မျိုးကို သူတို့ ဖန်တီးနိုင်ခဲ့သလို အရေးကြီးဆုံးကတော့ ထုတ်လုပ်မှုစရိတ်ကလည်း ပိုသက်သာပါတယ်။

ခေါင်းလျှော်ရည်နဲ့ တော်လှန်ရေးဆန်တဲ့ မီးခြစ်ဆံတွေကိုလည်း သူတို့ အဲဒီလိုပဲ လုပ်ဆောင်နိုင်ခဲ့ကြပါတယ်။ ပြီးတော့ မှော်ပညာရှင်အစည်းအရုံးက သူ့သူငယ်ချင်းတွေရဲ့ အကူအညီနဲ့ 'စစ်မြေပြင်တိုက်ခိုက်ရေး' လို့ ခေါ်တဲ့ ဒီထက်ပိုပြီး ရှုပ်ထွေးတဲ့ အကွက်ရွှေ့ကစားနည်း တစ်ခုကိုလည်း သူတို့ ဖန်တီးနိုင်ခဲ့ကြပါတယ်။

အိုင်းဇ်ဟာ ရီနေးတား တခြားမြို့တွေကို မချဲ့ထွင်နိုင်ခင်မှာတင် ကင်းစ်ဘရစ်ချ်မှာ အမြစ်ပြတ် ချေမှုန်းပစ်ချင်ခဲ့တာပါ။

သူ့ရဲ့ ထုတ်ကုန်တွေက ရီနေးတားကို အနိုင်ရလိမ့်မယ်လို့ သူ အပြည့်အဝ ယုံကြည်နေခဲ့ပါတယ်။ တကယ်ကို ယုံကြည်လွန်းလို့ အခြေအနေတွေ ဘယ်လိုဖြစ်ပျက်နေလဲဆိုတာကို ကိုယ်တိုင် စောင့်ကြည့်ဖို့အတွက် ကင်းစ်ဘရစ်ချ်မြို့အထိ ခရီးနှင်ခဲ့တာပေါ့။

ဒါကြောင့်လည်း မိုက်ကယ်နဲ့ တွေ့ရမယ့် အစည်းအဝေးကို သူ လွဲချော်သွားခဲ့တာပါ။ သူ ကင်းစ်ဘရစ်ချ်မြို့ကို ရောက်တဲ့အခါမှာတော့ မဖြစ်နိုင်တာတွေ ဖြစ်လာပါတော့တယ်။

သူတို့ရဲ့ သာလွန်တဲ့ ထုတ်ကုန်တွေကို ကင်းစ်ဘရစ်ချ် ဈေးကွက်ထဲမှာ ချလိုက်တဲ့အခါ သူတို့ပစ္စည်းတွေကို ဝယ်မယ့်သူ တစ်ယောက်မှ မရှိပါဘူး။ ရီနေးတား ထုတ်ကုန်တွေထက် ပိုကောင်းပြီး ပိုဈေးသက်သာနေတာတောင် သူတို့ဆီကနေ ဘယ်သူမှ ဝယ်မနေကြပါဘူး။

ဒါကို သူတို့ ထပ်ပြီး စုံစမ်းလိုက်တဲ့အခါမှာတော့ ရီနေးတားဟာ 'ရေပိုက်စနစ်' လို့ ခေါ်တဲ့ တော်လှန်ရေးဆန်တဲ့ ထုတ်ကုန်အသစ်တစ်ခုကို ထုတ်လိုက်တာကြောင့် ဖြစ်နေပါတယ်။

ဒါတင်မကသေးဘဲ သူတို့မြို့က ညစ်ညမ်းနေတဲ့ မြစ်ရေ ပြဿနာကိုလည်း 'ရေဆိုးထုတ်စနစ်' လို့ ခေါ်တဲ့ အရာနဲ့ ဖြေရှင်းပေးနေခဲ့ပါတယ်။

ဒါက ရီနေးတားရဲ့ ကျော်ကြားမှုကို ကောင်းကင်အထိ ရောက်သွားစေခဲ့ပြီး ကင်းစ်ဘရစ်ချ်မြို့သူ မြို့သားတိုင်းဟာ ရီနေးတား ကုမ္ပဏီအပေါ် သစ္စာရှိသွားကြပါတော့တယ်။

အိုင်းဇ်ဟာ ရေပိုက်စနစ်ကို အထင်ကြီးသွားပေမဲ့ အဲဒါကိုတော့ ဘယ်သူမဆို လိုက်လုပ်လို့ ရနိုင်ပါတယ်။ ဒါပေမဲ့ အဖိုးအိုရဲ့ စိတ်ထဲမှာ တကယ်ကို မှတ်မှတ်ထင်ထင် ဖြစ်သွားစေတာကတော့ ရီနေးတားဟာ မြို့တစ်မြို့လုံးကို သူတို့ရဲ့ ထုတ်ကုန်တွေအပေါ် ဘယ်လိုမျိုး အပြည့်အဝ သစ္စာရှိလာအောင် လုပ်လိုက်သလဲဆိုတဲ့ အချက်ပါပဲ။

ဒါမျိုးကို သူ တစ်ခါမှ မမြင်ဖူးခဲ့ပါဘူး။ တကယ်ကို အံ့သြမှင်သက်စရာပါပဲ။ ဒါကြောင့် သူဟာ သူ့ရဲ့ ဘုရင့်နိုင်ငံဆီကိုပဲ ပြန်လာပြီး သူ့ရဲ့ အရှုံးအတွက် စိတ်ပျက်လက်ပျက် ဖြစ်နေရုံပဲ ရှိပါတော့တယ်။

"ကြောက်စရာကောင်းတဲ့ ပြိုင်ဘက်တစ်ယောက် ရောက်လာပြီပဲ"

အိုင်းဇ်ဟာ အသံတိုးတိုးနဲ့ ခန့်ခန့်ညားညားပဲ သူ့ဘာသာ ရေရွတ်လိုက်ပါတယ်။

အနာဂတ်ဟာ စိတ်လှုပ်ရှားစရာကောင်းတဲ့ အချိန်တွေ ဖြစ်လာပါလိမ့်မယ်။ အရှုံးပေးလိုက်ရပေမဲ့လည်း အိုင်းဇ်ဟာ ရီနေးတားနဲ့ ထပ်ပြီး တိုက်ခိုက်ချင်စိတ်တွေ ဖြစ်ပေါ်နေပါတယ်။ ဒါပေမဲ့ သူ့မှာ အချိန်အများကြီး မရှိတော့ပါဘူး။ သူက တော်တော်လေး အိုမင်းနေပါပြီ။

အိုင်းဇ်ဟာ သူ့ရဲ့ အမွေဆက်ခံမယ့်သူကသာ ရီနေးတားရဲ့ တဟုန်ထိုး တိုးတက်လာမှုကို တွန်းလှန်နိုင်ပြီး ဗန်ဒါဘစ်ရဲ့ နာမည်ကို ကမ္ဘာ့ထိပ်တန်းမှာ ဆက်ပြီး ထိန်းသိမ်းထားနိုင်ပါစေလို့ပဲ မျှော်လင့်နိုင်ပါတော့တယ်။

သူ ခေါင်းကို ခါယမ်းလိုက်ပါတယ်။

ရီနေးတားရဲ့ နောက်ကွယ်က ကြိုးကိုင်သူရဲ့ ပါရမီမျိုး ငါ့မျိုးဆက်တွေမှာ တစ်စိတ်တစ်ပိုင်းလောက်ပဲ ရှိမယ်ဆိုရင်တောင် ငါ အေးအေးဆေးဆေး သေနိုင်ပါပြီ။ ဒါပေမဲ့ မဟုတ်ဘူး။ သူတို့အားလုံးက နုံအပြီး မိုက်မဲကြတယ်။ ဒါက တကယ်တော့ ငါ့အပြစ်ပါပဲ။ ငါ သူတို့ကို အလိုလိုက်လွန်းလို့ ဒီကမ္ဘာမှာ ရှင်သန်နိုင်မယ့် တိုက်ခိုက်လိုစိတ်တွေ မရှိကြတော့ဘူး။ ငါ ကိုယ်တိုင် တည်ဆောက်ခဲ့တဲ့ ဒီသင်္ဘောကြီးကို သူတို့တွေပဲ နစ်မြုပ်ကြလိမ့်မယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ဗန်ဒါဘစ် စီးပွားရေးလုပ်ငန်း တစ်ခုလုံးကို အဲဒီ ရီနေးတားရဲ့ ကြိုးကိုင်သူဆီမှာပဲ အပ်နှံချင်ပါတော့တယ်။ အဲဒီလိုဆိုရင်တော့ ငါ့ရဲ့ စီးပွားရေးဟာ လက်ကောင်းထဲမှာ ရှိနေတယ်ဆိုတာ ငါ သိနိုင်မှာပါ'

အိုင်းဇ် သက်ပြင်းချလိုက်ပါတယ်။ ဒီလိုတွေ စဉ်းစားနေမိတာ ကြည့်ရင် သူ အိပ်ရေးပျက်တာ တော်တော်များသွားလို့ ဖြစ်ရမယ်။ သူ မထိန်းချုပ်နိုင်တဲ့ အရာတွေအကြောင်း စဉ်းစားနေလို့လည်း အပိုပါပဲ။ သူ လောလောဆယ် အိပ်ဖို့ပဲ ဆုံးဖြတ်လိုက်ပါတယ်။

ဒါပေမဲ့ သူ မတ်တတ်မရပ်ခင်မှာပဲ ပလ္လင်ခန်းမထဲမှာ ခေါင်းလောင်းသံတစ်ခု မြည်လာပါတယ်။ အိုင်းဇ်ရဲ့ မျက်လုံးတွေဟာ အခန်းထောင့်က ထူးဆန်းတဲ့ ကိရိယာအသစ်ဆီကို ရောက်သွားပါတယ်။ အဲဒါက ဗီရိုတစ်ခုနဲ့ တူပြီး အဝိုင်းမျက်နှာပြင်ပေါ်မှာ မျဉ်းကြောင်းလေးတွေ ပါရှိနေတာပါ။

သူ သေသေချာချာ နားစွင့်လိုက်တဲ့အခါ အဲဒီအရာဆီကနေ စည်းချက်ကျကျ 'တောက်တောက်' မြည်နေတဲ့ အသံတွေကို ကြားလိုက်ရပါတယ်။

"အဲဒါက ဘာလဲ"

သူက သူ့ရဲ့ အတိုင်ပင်ခံတွေကို မေးလိုက်ပါတယ်။

ဘေးနားက အဘိုးကြီးက ဦးညွှတ်လိုက်ပါတယ်။

"အဲဒါက ဘတ် ဗန်ဒါဘစ်ဆီက လာတဲ့ လက်ဆောင်ပါ အရှင်။ နာရီလို့ ခေါ်ပါတယ်။ သူ့ရဲ့ အငယ်ဆုံးသား မိုက်ကယ်က ဖန်တီးထားတာလို့ သိရပါတယ်"

* * * * * * * * *

All Chapters