အခန်း (၃၁-၃၂)
Vol. 4 Ch. 31-32
📗 Chapter 31
နောက်တစ်နေ့တွင် ယဲ့ချန်းယွမ်သည် ပိုင်ချွမ်ရွာသို့ပြန်ပြီး ယဲ့ကျန်းကော်တို့လင်မယား၊ ယဲ့ကျမ့်ယဲ့တို့ လင်မယားနှင့်၊ အစ်ကိုဖြစ်သူ ယဲ့ချန်းကျွင်းတို့ကို ချက်ချင်း သွားခေါ်လာခဲ့ပါသည်။
အိမ်တွင် ဂရုစိုက်စရာ လူကြီးများနှင့် ကလေးများ ရှိနေခြင်းကြောင့်သာ မဟုတ်လျှင် ယဲ့ချန်းချင့်တို့လင်မယားနှစ်ယောက်လည်း လိုက်လာချင်ကြသည်။
မြောင်ဖုန့်ရှန်း၏အိမ်သို့ ရောက်ရှိလာချိန်တွင် မိသားစုဝင်အားလုံး ဒေါသတထောင်းထောင်းထနေကြလေပြီ။
ယဲ့လျန်နှင့် သူမ၏ သမီးဖြစ်သူတို့ကို မြင်လိုက်ရသောအခါ အားလုံး ပိုဒေါသထွက်သွားခဲ့ရသည်။
လီကွေ့လန်သည် သမီးဖြစ်သူကို တင်းကျပ်စွာဖက်ထားရင်း ငိုယိုကာမေးမြန်းလိုက်ပါသည်။
“လျန်အာ၊ ဒီလောက်ဒုက္ခရောက်နေတာ ဘာလို့ အမေတို့ကို မပြောခဲ့တာလဲ”
ယဲ့လျန်လည်း ငိုကြွေးနေပါသည်။
“သမီး ဘာမှမဖြစ်ပါဘူး အမေရဲ့”
ယဲ့လျန်၏လက်မောင်းပေါ်မှ ညိုမည်းစွဲနေသော ဒဏ်ရာများကိုမြင်သောအခါ လီကွေ့လန် ရင်ကွဲသွားရသည်။
“ဒါက ဘာမှမဖြစ်တာလား၊ ချမ့်ဖူတို့သားအမိ သမီးတို့ နှိပ်စက်ခဲ့ကြတာလား!”
ယဲ့လျန်: “အမေ…”
သားအမိနှစ်ယောက် ပွေ့ဖက်ကာ ဝအောင်ငိုကြွေးခဲ့ကြပြီးနောက် မိသားစုဝင်များ စုဝေးလျက် ယဲ့လျန်၏ကွာရှင်းပြတ်စဲမှုကိစ္စအား စတင်ဆွေးနွေးခဲ့ကြပါသည်။
ယဲ့ချန်းကျွင်းက မျက်မှောင်ကြုတ်လျက် ဆိုသည်။
“ချမ့်ဖူဆိုတဲ့ကောင် တောင်းဆိုတာတွေက တရားလွန်လွန်းတယ်”
ယဲ့ကျန်းကော် အေးစက်စွာ ပြောလိုက်သည်။
“ငါတို့ဘက်က သမီးမိန်းကလေးကို ချမ့်မိသားစု အကြမ်း ဖက် နှိပ်စက်ခဲ့တာ၊ ကွာရှင်းပြတ်စဲရမယ်ဆိုရင်တောင် ဒင်းတို့ကို အခွင့်ကောင်းယူခွင့်မပေးနိုင်ဘူး”
တစ်ဖက်တွင်မူ မြောင်စွေ့ဖန်းက စိုးရိမ်ပူပန်နေပါသည်။
“ချမ့်မိသားစုက ကွာရှင်းမပေးဘဲ အချိန်ဆွဲနေမှာစိုးရတယ်”
ယဲ့ချန်းယွမ်: “ဒါဆို အစ်မကို အိမ်မှာပဲပြန်ခေါ်ထားရအောင်၊ မိသားစုဝင်တွေရှိနေရင် ချမ့်မိသားစုက ပြန်လာခေါ်ရဲမှာ မဟုတ်ပါဘူး”
ယဲ့ချန်းကျွင်း: “ချမ့်ကျားထွင်ရွာမှာ ငါ့အသိတွေရှိတယ်၊ ချမ့်ဖူတို့မိသားစုအကြောင်းကို အရင်စုံစမ်းထားလိုက်မယ်၊ ကွာရှင်းနိုင်မယ့် နည်းလမ်းတစ်ခုခုတော့ရှိမှာပါ”
မြောင်စွေ့ဖန်းကဆိုသည်။
“လျန်အာ၊ မနက်ဖြန်ကျရင် ဒေါ်လေးတို့နဲ့အတူ ပိုင်ချွမ်ရွာကို ပြန်ကြမယ်၊ ကွာရှင်းပြတ်စဲဖို့က အလာတကြီး လုပ်စရာမလိုဘူး၊ သမီးလည်း ချမ့်မိသားစုဆီ ပြန်သွားဖို့မလိုဘူး၊ ဘယ်သူ့ဘက်က ပိုပြီးအသည်းအသန်ဖြစ်နေမလဲ ကြည့်ကြသေးတာပေါ့”
ယဲ့ကျန်းကော်: “ဦးလေးတို့နဲ့ တစ်သက်လုံးလာနေလို့ရတယ်၊ ငါ့တူမကို ဦးလေးတို့မိသားစုက အမြဲတမ်းစောင့်ရှောက်ပေးသွားမှာပါ”
ယဲ့လျန် မျက်ရည်များဖြင့် ကျေးဇူးတင်လိုက်သည်။
“ကျေးဇူးတင်ပါတယ် ဦးလေးနဲ့ ဒေါ်လေးတို့…”
--- --- ---
ယဲ့ချန်းကျွင်းသည် ချမ့်ဖူ၏အကြောင်းကို အလျင်အမြန်ပင် စုံစမ်းနိုင်ခဲ့ပါသည်။
ချမ့်ဖူမှာ ချမ့်ကျားထွင်ရွာတွင် အလွန်ဆိုးသွမ်းသူဖြစ် ကြောင်း သိခဲ့ရသည်။
ချမ့်ဖူသည် လောင်းကစားလုပ်တတ်ရုံသာမကဘဲ ရွာထဲရှိ မုဆိုးမငယ်တစ်ဦးနှင့်ပင် ဖောက်ပြန်နေသည်ဟု ယဲ့ချန်းကျွင်း၏မိတ်ဆွေများက ပြောပြခဲ့ပါသည်။
အိမ်တွင်အလုပ်မလုပ်ဘဲ ရွာထဲက ကလေကချေများနှင့်သာ ပျော်ပါးလေ့ရှိသည်။
သုံးစရာငွေမရှိတော့လျှင် သူခိုးကြမ်းပိုးအလုပ်များပင် လုပ်တတ်ပါသေးသည်။
သူ့အကျင့်စာရိတ္တမှာ အတော်လေး စက်ဆုပ်ရွံရှာဖွယ် ကောင်းလှသည်။
ယဲ့ရှောင်ရှောင် မေးထောက်လျက် အတွေးများ နက်ရှိုင်းသွားခဲ့သည်။
ထို့နောက် ယဲ့ချန်းရှန့်၏လက်ကိုဆွဲကာ သူမ တွေးမိထားသည့် အကြံတချို့ကို တီးတိုးပြောပြလိုက်ပါသည်။
ယဲ့ချန်းရှန့်: “ချမ့်ဖူက လူယုတ်မာဆိုပေမယ့် ငတုံးတော့ မဟုတ်ဘူး၊ သူလောင်းကစားလုပ်နေတာကို ရဲတွေ ဖမ်းမိသွားရင်တောင် အမှုကမကြီးဘူးလေ၊ အလွန်ဆုံး လောင်း ကစားငွေတွေကို သိမ်းယူပြီး ရက်နည်းနည်းလောက် အချုပ် ကျသွားရုံပဲရှိမှာ”
ယဲ့ရှောင်ရှောင်: “သမီးတို့က အမှုကို ပိုကြီးသွားအောင်လုပ်ပေးလိုက်ရင်ကော”
နှစ်သစ်ကူးကာလတွင် လောင်းကစားနှိမ်နင်းမှုများမှာ အပြင်းထန်ဆုံးဖြစ်သည်။
ချမ့်ဖူသည် ပိုက်ဆံမရှိခြင်းကြောင့်သာ အသေးစားလောင်း ကစားများကို လုပ်နေရခြင်းဖြစ်ပြီး လက်ထဲတွင် ငွေများများ ရှိနေပါလျှင် ပိုကြီးမားသောဝိုင်းများတွင် ပါဝင်လာမည်မှာ သေချာသလောက်ရှိသည်။
ယခု ချမ့်ဖူသည် ယဲ့လျန်ကို ရှေ့မတိုးနောက်မဆုတ်သာ အခြေအနေတွင် ပိတ်မိနေစေရန် ကွာရှင်းပြတ်စဲပေးဖို့ကို ငြင်းဆိုနေခြင်းဖြစ်ရာ ချိန်ကိုက်ဗုံးတစ်လုံးနှင့်ပင် တူလှပါသည်။
ယဲ့ရှောင်ရှောင်သည် ယဲ့လျန်ကို ထိုလူယုတ်မာလက်မှအမြန်ဆုံးလွတ်မြောက်ကာ ဘဝအသစ်တစ်ခု စတင်နိုင်ဖို့ မျှော်လင့်မိပါသည်။
ယဲ့ချန်းရှန့်လည်း ခေါင်းငုံ့သွားပြီး အတွေးများသွားခဲ့သည်။
ရွာတိုင်းတွင် လောင်းကစားသမားများ စုဝေးတတ်သည့် နေရာများ ရှိတတ်စမြဲဖြစ်သည်။
တစ်စုံတစ်ယောက်ကသာ ရဲကို သတင်းပေးလိုက်မည်ဆိုလျှင် ကျိန်းသေပေါက် လာရောက်စုံစမ်းစစ်ဆေးကြပါလိမ့်မည်။
သို့သော် လောင်းကစားသမားများကို ပြင်းပြင်းထန်ထန် ထိခိုက်စေမည် မဟုတ်ပေ။
ပြဿနာကို ပိုကြီးမားလာအောင် လှုံ့ဆော်ဖို့အတွက်မူ ရဲများကိုပြန်လည်တိုက်ခိုက်ခြင်း သို့မဟုတ် အလွန်အမင်းများပြား သော ငွေများကို လောင်ကြေးထပ်ထားခြင်း စသည်ဖြင့် ပိုကြီးမားသည့် ပြစ်မှုများလိုအပ်ပေသည်။
ယဲ့ရှောင်ရှောင် ရုတ်တရက် မေးလိုက်သည်။
“ချမ့်ဖူ ဖောက်ပြန်နေတဲ့လူက ဘယ်သူတဲ့လဲ”
ယဲ့ချန်းကျွင်း ဖြေပေးလိုက်သည်။
“ရွာထဲက ယောက်ျားလေးတွေနဲ့ မကင်းမရှင်းနေတတ်တဲ့ မုဆိုးမတစ်ယောက်လေ၊ ချမ့်ဖူကို သူ တကယ်မကြိုက်ပါဘူး၊ ဒီတိုင်း အပျော်သဘော ဖောက်ပြန်နေကြတာပဲနေမှာ”
ယဲ့ရှောင်ရှောင် မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး အကြံတစ်ခုရသွားခဲ့သည်။
အပျော်သဘောသာဆိုလျှင် ထိုမုဆိုးမကို သူမတို့အသုံးချနိုင်ပါလိမ့်မည်။
ယဲ့ရှောင်ရှောင်သည် ထိုကိစ္စကို အစ်ကိုဖြစ်သူများနှင့်သာ ဆွေးနွေးခဲ့ပြီး လူကြီးမိဘများကို ပြောမပြသေးဖို့ ဆုံးဖြတ်ခဲ့သည်။
လူကြီးသူမများသည် ရှေးရိုးစွဲများဖြစ်ကြသဖြင့် သူမ၏ အကြံကိုသာ သိသွားလျှင် ချက်ချင်းကန့်ကွက်ကြမည်မှာ သေချာပါသည်။
ယဲ့ချန်းကျွင်းကလည်း သူငယ်ချင်းတစ်ယောက်ကို အကူအ ညီတောင်းခဲ့သည်။
မကြာမီမှာပင် ချမ့်ဖူသည် ယခုတလော ကံအလွန်ကောင်းနေသည်ဟု ခံစားလာရပါသည်။ လောင်းကစားဝိုင်းတိုင်းတွင် အမြဲလိုလို အနိုင်ရလာတတ်သည်။
လောင်းကစားဝိုင်းတွင် နိုင်လာသည့် ၅ ယွမ်ကို ယူဆောင်ရင်း ချမ့်ဖူသည် မုဆိုးမအိမ်သို့ သွားရောက်ကာ ဝမ်းသာအားရ ဆိုလိုက်လေသည်။
“ဒီပိုက်ဆံနဲ့ အရက်ကောင်းကောင်းလေး သွားဝယ်စမ်းပါ”
ကျွမ်းကျစ်က မကျေမနပ် ငေါက်လိုက်လေသည်။
“ချမ့်ဖူ၊ ကျွန်မကို ရှင့်အိမ်က မိန်းမကြီးလို လာဆက်ဆံနေတာလား၊ ဘာလို့ အမိန့်တွေလာပေးနေတာလဲ”
ချမ့်ဖူ ချက်ချင်းပင် မျက်နှာလိုမျက်နှာရပြုံးကာ အနားကပ်လာခဲ့ပါသည်။
“ကျွမ်းအာကလည်း ကိုယ်မှားသွားလို့ပါ၊ ဒီမှာကြည့် ဒီနေ့ ကိုယ်ရှယ်နိုင်လာတယ်၊ အားလုံး ကျွမ်းအာလေးအတွက်ပဲ”
ငွေများကို လက်ခံပြီးနောက် ကျွမ်းကျစ်၏မျက်နှာမှာ နူးညံ့သိမ်မွေ့သွားပါသည်။
“ရှင့်အိမ်က မိန်းမကြီး သူ့မိသားစုနဲ့ ပြန်နေနေပြီဆို၊ သူ့ကို တရားဝင် ဘယ်တော့ကန်ထုတ်မှာလဲ”
ချမ့်ဖူက ပြန်ဖြေသည်။
“ကိုယ့်ကို သားလေးတစ်ယောက် မွေးပေးလေ၊ အဲ့တာဆို အဲ့မိန်းမကို ချက်ချင်းကွာရှင်းပစ်လိုက်မယ်”
ချမ့်ဖူက ငတုံးမဟုတ်ပေ။ ယဲ့လျန်နှင့်သာ အပြတ်ကွာရှင်းလိုက်မည်ဆိုလျှင် သူတို့သားအမိကို လုပ်ကျွေးပြုစုမည့်လူ ရှိမှာ မဟုတ်တော့ပါ။
မည်သို့ပင်ကြည့်ကြည့် သူ့ဘက်က အရှုံးသာရှိလိမ့်မည်။
“ရှင့်စကားနဲ့ ရှင်နော်”
ကျွမ်းကျစ်သည် ပြောပြောဆိုဆိုနှင့် ချမ့်ဖူ၏လက်ကိုဆွဲကာ သူမဗိုက်ပေါ် တင်ပေးလိုက်ပါသည်။
“ကျွန်မမှာ ကိုယ်ဝန်ရှိနေပြီ”
ချမ့်ဖူ မှင်သက်သွားလေသည်။
“ကိုယ်ဝန်… ဘာကိုယ်ဝန်လဲ”
ကျွမ်းကျစ်က သူ့ခေါင်းကို ခေါက်ကာ ရွှင်ရွှင်ပျပျပြောလိုက်သည်။
“ရှင် တော်တော်တုံးပါလား၊ ကျွန်မ ဗိုက်ကြီးနေပြီလို့ပြောတာ၊ ဆေးရုံကိုလည်း သွားပြီးပြီ၊ ဆရာဝန်က ယောက်ျားလေးလို့ ပြောတယ်၊ ရှင် မလိုချင်ရင် ကျွန်မ အခုပဲ ရှင်းပစ် လိုက်မှာနော်”
ရုတ်တရက် ကြားလိုက်ရသည့် သတင်းကောင်းကြောင့် ချမ့်ဖူတစ်ယောက် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားလေသည်။
“ကိုယ် လိုချင်တာပေါ့ ကျွမ်းအာရယ်၊ ကိုယ် သားလေးတစ်ယောက် လိုချင်နေတာတော်တော်ကြာပြီ”
ကျွမ်းကျစ် သူ့ကို တွန်းထုတ်ကာ သတိပေးလိုက်ပါသည်။
“ကျွန်မပြောတာနားထောင်၊ ကျွန်မကို လက်ထပ်ဖို့ အစီအ စဉ်မရှိဘူးဆိုရင် ဒီကလေးကိုမေ့လိုက်တော့၊ အဲ့တာကြောင့် ရှင့်အိမ်က မိန်းမကြီးကို မြန်မြန်ကွာရှင်းပစ်လိုက်စမ်းပါ”
ချမ့်ဖူ တွန့်ဆုတ်သွားသည်။
“ကိုယ်လည်း ကွာရှင်းချင်တာပေါ့၊ ဒါပေမယ့် အဲ့ဒီမိန်းမဆီက ငွေတွေလိုချင်သေးတယ်”
ကျွမ်းကျစ် ငေါက်လိုက်သည်။
“ရှင် ရူးနေလား၊ သူတို့ရဲ့တောစုတ်ရွာစုတ်မှာ ပိုက်ဆံတော် တော်ရှိနေတဲ့ပုံစံ ပေါက်နေလို့လား၊ ရှင် ဆင်ခြေတွေ ပေးနေတာ ကျွန်မ သိတယ်နော်၊ ရှင့် မယားကြီးနဲ့ သမီးနှစ်ယောက်ကို မခွဲနိုင်သေးဘူးနဲ့ထင်တယ်”
ချမ့်ဖူသည် သူမကို ပွေ့ဖက်ကာ ဆိုလိုက်သည်။
“မဟုတ်တာ၊ ကိုယ့်မှာ သားတစ်ယောက်သာရှိလာရင် သမီးတစ်ရာလောက်ရှိလည်း ဂရုစိုက်စရာမလိုဘူး”
ကျွမ်းကျစ်သည် ချမ့်ဖူကို တွန်းထုတ်ကာ ပြောလိုက်ပါသည်။
“ရှင် သွားလိုက်တော့၊ ရှင့်မိန်းမကြီးနဲ့ ကွာရှင်းပြီးပြီဆိုမှ ကျွန်မဆီ ပြန်လာခဲ့”
“ဟမ်”
ချမ့်ဖူတစ်ယောက် မောင်းထုတ်ခံလိုက်ရသော်လည်း စိတ်လှုပ်ရှားမှုကြောင့် ရင်တွေတဒိတ်ဒိတ် ခုန်နေခဲ့ပါသည်။
ချမ့်ဖူဟူသည့် သူ့တွင် သားတစ်ယောက် ရှိလာတော့မည်။
‘ဟားဟားဟားဟား… နောက်ဆုံးတော့ သားယောက်ျားလေး ချီရတော့မယ်ကွ!’
ချမ့်ဖူသည် ချက်ချင်းအိမ်သို့ပြန်ပြီး အမေဖြစ်သူနှင့် တိုင်ပင်ခဲ့ပါသည်။
ပေါင်ရွှယ်ချင်းလည်း ဖျားချင်ယောင် ဆောင်မနေတော့ဘဲ ငုတ်တုတ်ထထိုင်လိုက်လေသည်။
“အဲ့ဒီမုဆိုးမမှာ ကိုယ်ဝန်တကယ်ရှိနေတာလား၊ ပြီးတော့ နင်နဲ့ရတဲ့ ကိုယ်ဝန်ဆိုတာကော သေချာရဲ့လား၊ နှမ်းစေ့လောက်ရဖို့ ဖရဲသီးကိုဆုံးရှုံးလိုက်ရတာမျိုး မဖြစ်စေနဲ့နော်၊ ယဲ့လျန်က သားတစ်ယောက် မွေးမပေးနိုင်ပေမယ့် အနည်းဆုံးတော့ အိမ်မှာ ဒူပေဒဏ်ပေခံနိုင်သေးတယ်”
ချမ့်ဖူ: “အမေကလည်း ကျွန်တော့်အတွက် နိမိတ်မရှိတာတွေ မပြောစမ်းပါနဲ့၊ ကျွန်တော်ပြောပြမယ် အဲ့ဒီဂြိုဟ်ဆိုးမနဲ့ ဆန်ကုန်မြေလေးသမီးနှစ်ယောက် ထွက်သွားပြီးကတည်းက ကျွန်တော့်မှာ ကံတွေတက်လာတာ၊ ဒီနေ့လည်း ဝိုင်းမှာ ၅ ယွမ်တောင် နိုင်လာခဲ့တယ်”
ပေါင်ရွှယ်ချင်း မျက်လုံးများ အရောင်လက်သွားသည်။
“တကယ်လား အဲ့ပိုက်ဆံတွေ ဘယ်မှာလဲ”
ချမ့်ဖူ: “ကျွမ်းအာကို ပေးလိုက်ပြီ”
ပေါင်ရွှယ်ချင်းလည်း သည်းမခံနိုင်တော့ဘဲ ချမ့်ဖူ၏ပခုံးကို ဖြတ်ရိုက်ပစ်လိုက်ပါသည်။
“အရူးကောင်! နင် အမြဲတမ်း အဲ့မိန်းမယုတ်ကိုပဲ ပိုက်ဆံတွေ ဘာလို့ သွားပေးနေတာလဲ”
ချမ့်ဖူ: “အမေ ဘာသိလို့လဲ! ကျွမ်းအာက မုဆိုးမဆိုပေမယ့် ပိုက်ဆံရှိတယ်ဗျ၊ သေသွားတဲ့ သူ့ယောက်ျားကပြည့်စုံတဲ့မိသားစုကလာတာ၊ သူ့ကို လက်ထပ်ပြီးတာနဲ့ အဲ့ဒီစည်းစိမ်တွေကို ကျွန်တော် ပိုင်ဆိုင်ရမှာ”
ပေါင်ရွှယ်ချင်းလည်း စိတ်အနည်းငယ်တည်ငြိမ်သွားသည်။
ထိုမုဆိုးမငယ်မှာ ချမ်းသာကြွယ်ဝသည့်ဘဝတွင် အမှန်တကယ် နေထိုင်ခဲ့ရသူဖြစ်မှန်း သူမလည်း သိပါသည်။
“ဒါဆိုလည်း မြန်မြန်လှုပ်ရှားတော့အေ၊ ယဲ့လျန်ကို အမြန်ဆုံး ကွာရှင်းပြီး အဲ့ဒီမုဆိုးမကိုလက်ထပ်လိုက်၊ ဒါမှ ငါလည်း မြေးမြန်မြန်ချီရပြီး သေသွားတဲ့နင့်ဖအေကို မျက်နှာပြနိုင်မှာ”
ချမ့်ဖူ: “မနက်ဖြန်ကျရင် ယဲ့လျန်တို့ သားအမိတွေကို ကျွန်တော်သွားတွေ့လိုက်မယ် အမေ”
--- --- ---
သူ့တွင် သားတစ်ယောက်ရှိနေပြီဖြစ်ကြောင်း သိလိုက်ရသည့်အပြင် ကျွမ်းအာကလည်း ဖိအားပေးနေသဖြင့် ချမ့်ဖူ စိတ်မရှည်တော့ဘဲ မြောင်ဖုန့်ရှန်း၏အိမ်သို့ ထပ်ရောက်လာခဲ့ပါသည်။
“ယဲ့လျန် ထွက်လာခဲ့စမ်း!”
တံခါးဝတွင်ရပ်ကာ ချမ့်ဖူ အော်ခေါ်လိုက်လေသည်။
ထပ်အထိုးခံရမည်စိုးသဖြင့် အထဲတော့ မဝင်ရဲခဲ့ပေ။
📗 Chapter 32
“ချမ့်ဖူပဲ”
အိမ်ထဲတွင်ရှိနေသည့် ယဲ့ရှောင်ရှောင်နှင့် အခြားသူများလည်း အိမ်အပြင်ဘက်မှ အော်သံများကို ကြားလိုက်ကြရသည်။
ယဲ့ကျန်းကော်၏မျက်နှာမှာ ချက်ချင်းဆိုသလိုပင် ခက်ထန်သွားပါသည်။
“အိမ်ရှေ့တောင် ရောက်နေပြီကို ဘာလို့အထဲမဝင်ဘဲ အပြင်ကနေ အော်ဟစ်နေတာလဲ၊ အထဲဝင်ခိုင်းလိုက်!”
ယဲ့မိသားစုတွင် ကလေးများအကြောက်ဆုံး မိသားစုဝင်မှာ ယဲ့ကျန်းကော်ပင်ဖြစ်သည်။
သူသည် သေနတ်ကိုင်ဖူးသည့် စစ်သားဟောင်းတစ်ယောက်ဖြစ်ပြီး ကလေးများကို ဆုံးမသည့်အခါ စကားနှင့်သာမဟုတ်ဘဲ အမှန်တကယ် ရိုက်နှက်ဆုံးမတတ်ပါသည်။
အိမ်ထဲသို့ ချမ့်ဖူ ဝင်လာသောအခါ အခန်းထဲတွင်ရှိနေသည့် လူများကိုမြင်ပြီး စောစောက သတ္တိများ ပျောက်ခြင်းမလှ ပျောက်ကွယ်သွားခဲ့တော့သည်။
“အဖေနဲ့ ဦးလေးတို့ပါလား၊ လူစုံတက်စုံပဲ!”
ယဲ့ကျမ့်ယဲ့က သူ့ကို ပါးပြေးရိုက်ချင်စိတ်များ တဖွားဖွားပေါ်လာပါသည်။
“ဘယ်သူ့ကို အဖေလို့လာခေါ်နေတာလဲ၊ ငါ့ကို အဲ့လိုမခေါ်နဲ့ကွ!”
ထိုစကားကြားသောအခါ ချမ့်ဖူ စိတ်သက်သာရာရသွားခဲ့ပါသည်။
ထို့နောက် သူအရဲတဝံ့ပြောလိုက်သည်။
“ဘာပဲဖြစ်ဖြစ် ယဲ့လျန်နဲ့ ကွာရှင်းဖို့ ကျွန်တော်လာခဲ့တာ၊ သူ့ဘက်က အရင်တောင်းဆိုခဲ့တာမို့လို့ ကျွန်တော့်ကို အပြစ်လာတင်လို့မရဘူး”
ယဲ့ကျန်းကော်: “အိမ်ထောင်ရေး အဆင်မပြေရင် ကွာရှင်းပြတ်စဲလို့ရတယ်၊ မင်းကို ဘယ်သူမှ အပြစ်တင်မှာ မဟုတ်ဘူး၊ ဒါပေမယ့် မင်းက ငါ့တူမကို အကြမ်းဖက်ပြီး ရိုက်နှက်ခဲ့တာ၊ အခုကျမှ သဲကြီးမဲကြီး ကွာရှင်းချင်နေတာလား၊ ငါတို့ယဲ့မိသားစုက အနိုင်ကျင့်တာကို ဒီတိုင်းငြိမ်ခံနေမယ့်လူတွေလို့ ထင်နေတာလား”
ချမ့်ဖူ စိတ်မရှည်တော့ဘဲ ခေါင်းကုတ်ကာ မေးလိုက်သည်။
“ခင်ဗျားတို့ ဘာတွေလာပြောနေတာလဲ၊ သူက အခု မကွာရှင်းချင်တော့ပြန်ဘူးလား”
ယဲ့ကျန်းကော်က သူ့ကို စူးရှစွာ စိုက်ကြည့်လိုက်သည်။
“ကျိန်းသေပေါက် ကွာရှင်းရမှာပေါ့ကွာ၊ ဒါပေမယ့် တောင်းဆိုချက်တွေကို ငါတို့ဘက်က လုပ်ရမှာ၊ မင်းမှာ ဘာမှတောင်းဆိုခွင့်မရှိဘူး”
ချမ့်ဖူ အိမ်ထဲကို ဝေ့ကြည့်ကာ မေးလိုက်သည်။
“ယဲ့လျန် ဘယ်မှာလဲ၊ သူ့ကို ခေါ်လာခဲ့”
ယဲ့လျန်နှင့် ကလေးနှစ်ယောက်သည် အနောက်ဘက်အခန်းထဲတွင် ရှိနေကြပါသည်။
ချမ့်ဖူ၏ အသံကိုကြားပြီးနောက် ကလေးများ အလွန်ကြောက်လန့်နေကြပြီး စကားပင် မပြောနိုင်ကြသည်ကို ယဲ့ရှောင်ရှောင် သတိထားမိလေသည်။
အငယ်မလေးဆိုလျှင် အမေဖြစ်သူ၏ လက်ကို တင်းတင်းကျပ်ကျပ်ပွေ့ဖက်ထားပြီး လုံးဝ လွှတ်မပေးပေ။
အခြေအနေက ရှင်းလင်းလှပါသည်။
ကွာရှင်းပြတ်စဲပြီးနောက်တွင် ယဲ့လျန်သည် သမီးနှစ်ယောက်ကို သူမနှင့်အတူ ရအောင် ခေါ်သွားရမည်။
ချမ့်မိသားစုနှင့် လုံးဝ ထားခဲ့၍မဖြစ်ပါ။
ချမ့်ဖူ၏ ခေါ်သံကိုကြားပြီး ယဲ့လျန် မတ်တပ်ထရပ်ကာ ကလေးနှစ်ယောက်ကို ပြောလိုက်သည်။
“ဒီမှာနေခဲ့ကြဦးနော် သမီးတို့၊ မေမေ အပြင်မှာ စကားခဏလောက်သွားပြောဦးမယ်”
“မေမေ၊ သမီးကို မထားခဲ့ပါနဲ့”
ချမ့်ယွင်ရွှမ်းက တိုးညှင်းစွာ တောင်းပန်လိုက်လေသည်။
ယဲ့လျန်၏ လေသံမှာမူ ပြတ်သားခိုင်မာလှပေသည်။
“သမီးတို့ကို မေမေ ဘယ်တော့မှ မထားခဲ့ဘူး”
ယဲ့လျန် အခန်းအပြင်သို့ ထွက်လာကာ ချမ့်ဖူအား ရင်ဆိုင်လိုက်သည်။
“ချမ့်ဖူ၊ ကျွန်မတို့ ကွာရှင်းလို့ရတယ်၊ ဒါပေမယ့် ကလေးနှစ်ယောက်က ကျွန်မနဲ့ပဲ အတူနေရမယ်၊ အရင်တစ်ခေါက်က ရှင်တောင်းဆိုခဲ့တာတွေကိုလည်း မေ့လိုက်တော့၊ ကွာရှင်းပြီးတဲ့အခါ ကလေးတွေနဲ့ ရှင်ပတ်သတ်မှုမရှိတော့ဘူး၊ သူတို့ရဲ့ အိမ်ထောင်ရေးနဲ့ သာရေးနာရေးတွေ ဘာမဆို ရှင်နဲ့ မသက်ဆိုင်တော့ဘူးဆိုတဲ့ အာမခံစာတစ်စောင်ကိုလည်း လက်မှတ်ထိုးပေးရမယ်”
ယခင်တစ်ခေါက်က ကွာရှင်းပြတ်စဲဖို့ လောနေခဲ့သူမှာ ယဲ့လျန် ဖြစ်သော်ငြား ယခုတစ်ခေါက်တွင်မူ မယားငယ်တွင် ကိုယ်ဝန်ရှိနေသဖြင့် ကွာရှင်းဖို့ အလောကြီးနေသူက ချမ့်ဖူ ဖြစ်သွားခဲ့ပါပြီ။
အသည်းအသန်ဖြစ်နေသည့် ချမ့်ဖူ၏ အခြေအနေကို အခွင့်ကောင်းယူပြီး ယဲ့လျန် ညှိနှိုင်းလိုက်ခြင်းပင် ဖြစ်သည်။
ချမ့်ဖူ ဘာမှပြန်မပြောနိုင်ဘဲ တိတ်ဆိတ်သွားသည်ကိုမြင်သောအခါ ယဲ့လျန်က ဆက်ပြောလေသည်။
“ဒီနှစ်တွေအတွင်း ရှင်တို့မိသားစုအတွက် ကျွန်မ ကျွန်တစ်ယောက်လို ပင်ပင်ပန်းပန်း အလုပ်လုပ်ခဲ့ရတာ၊ ကျွန်မတို့ ကွာရှင်းပြီးရင်တောင် ရှင်ကျွန်မကို နစ်နာကြေးပေးသင့်တယ်၊ အများကြီးတော့ မတောင်းဆိုပါဘူး၊ ကလေးထောက်ပံ့စရိတ်အနေနဲ့ ယွမ် ၅၀ လောက်ဆို အဆင်ပြေပြီ”
သူ့ထံမှ ယဲ့လျန် ငွေညှစ်ဖို့ စီစဉ်ထားကြောင်း ကြားသိလိုက်ရသောအခါ ချမ့်ဖူသည် လူကြီးများကိုပင် မကြောက်ရွံ့တော့ဘဲ ဒေါသထောင်းခနဲ ထသွားခဲ့ပါသည်။
“ငါ့ဆီက ငွေလာညှစ်ရဲတယ်ပေါ့ဟုတ်လား! ငါ့မိသားစုအတွက် သားယောက်ျားလေးတစ်ယောက်တောင် မွေးမပေးနိုင်တဲ့ မိန်းမကများ! နင်က ဘာအသုံးဝင်လို့လဲ!”
“ချမ့်ဖူ၊ ကလေးယူတယ်ဆိုတာ လင်ကောမယားကော နှစ်ဦးနှစ်ဖက်စလုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စပဲ၊ ဘာလို့ ငါ့အစ်မကိုပဲ အပြစ်လာတင်နေတာလဲ”
ရှေ့သို့ပြေးလာဖို့ ကြိုးစားနေသည့် ချမ့်ဖူကို ယဲ့ချန်းယွမ် တွန်းထုတ်ကာ မေးလိုက်သည်။
ချမ့်ဖူ: “ယဲ့လျန်! ငါ့ကို ရှင်းရှင်းပြောစမ်းပါ! ငါတို့ကွာမှာလား မကွာဘူးလား၊ နင့်သမီးတွေကို နင့်ဖာသာနင် ခေါ်ချင်ခေါ်သွားလိုက်၊ ဒါပေမယ့် ငါ့ဘက်က ပိုက်ဆံတော့ တစ်ပြားတစ်ချပ်မှ မပေးနိုင်ဘူး!”
ယဲ့လျန်သည် ပိုက်ဆံကို အမှန်တကယ် လိုချင်နေခြင်း မဟုတ်ပေ။
ချမ့်ဖူ၏ စရိုက်အမှန်ကို သိနေခြင်းကြောင့်သာ ထိုသို့ ပြောလိုက်ရခြင်းပင်။
အမြင့်မားဆုံး တောင်းဆိုချက်များကို တောင်းဆိုပြီးမှ တစ်ဖက်လူကို ပြန်လည်ညှိနှိုင်းခွင့် ပေးခြင်းဖြင့်သာ ဤကွာရှင်းပြတ်စဲသည့်ကိစ္စမှာ အဆင်ပြေချောမွေ့နိုင်တော့မည်ဖြစ်သည်။
ယဲ့လျန်သည် စာရွက်နှစ်ရွက်ကို တည်တည်ငြိမ်ငြိမ် ဆွဲထုတ်ကာ ပြောလိုက်သည်။
“ဟုတ်ပြီလေ၊ ကျွန်မ အာမခံစာကို ရေးထားပြီးသား၊ ရှင့်ဘက်က လက်မှတ်ထိုးဖို့ပဲလိုတော့တယ်၊ လက်မှတ်ထိုးပြီးရင် ကွာရှင်းစာချုပ် သွားယူကြတာပေါ့”
ချမ့်ဖူ အာမခံစာကို ယူကြည့်လိုက်သည်။ စာထဲတွင် ငွေပေးရမည့်အကြောင်းအရာ မပါမှန်း သေချာသောအခါ ချက်ချင်းပင် လက်မှတ်ထိုးပေးလိုက်ပါသည်။
ယဲ့လျန်သည် သူမ၏ ကလေးများအတွက် နောက်ဆုံးအကာအကွယ်ဖြစ်သော ထိုအာမခံစာကို သေသေချာချာ သိမ်းဆည်းထားလိုက်သည်။
ဤခေတ်ကာလတွင် ကွာရှင်းပြတ်စဲရသည်မှာ အလွန်ပင် လွယ်ကူလှပါသည်။
သက်ဆိုင်ရာရုံးတွင် ကွာရှင်းစာချုပ်သွားယူပြီး လက်မှတ်ထိုးပေးလိုက်ဖို့သာ လိုအပ်သည်။
တစ်နာရီအတွင်းမှာပင် ယဲ့လျန်နှင့် ချမ့်ဖူတို့သည် တရားဝင် ဇနီးမောင်နှံအဖြစ်မှ တရားဝင် သူစိမ်းများအဖြစ်သို့ ပြောင်းလဲသွားခဲ့ကြလေသည်။
နှစ်ပေါင်းများစွာအတွင်း လာရောက်ကွာရှင်းသည့် ပထမဆုံးလင်မယားဖြစ်ကြသဖြင့် အရာရှိများကလည်း အလျင်အမြန်ပင် စီစဉ်ပေးခဲ့ပါသည်။
လက်ထဲသို့ ကွာရှင်းစာချုပ်ရောက်လာသောအခါ ချမ့်ဖူသည် တစ်ချက်ပင် ပြန်လှည့်မကြည့်ဘဲ လှည့်ထွက်သွားခဲ့တော့သည်။
ယဲ့လျန်ကမူ စာချုပ်ပေါ်ရှိ စာလုံးတိုင်းကို သေသေချာချာ ဖတ်ရှုပြီး စိတ်ထဲမှလည်း တွေးတောလိုက်မိသည်။
‘ကွာရှင်းပြတ်စဲဖို့ဆိုတာ လွယ်ကူလိုက်တာ…’
ချမ့်မိသားစုအိမ်တွင် ယဲ့လျန်နှင့် သမီးနှစ်ယောက်၏ ပိုင်ဆိုင်မှုဟူ၍ များများစားစားမရှိပေ။
ချောချောမွေ့မွေ့ ကွာရှင်းပြီးနောက်တွင် ယဲ့မိသားစုဝင်များသည် ချမ့်မိသားစုအိမ်သို့ နောက်တစ်ခါပင် ပြန်သွားရန် စိတ်ကူးမရှိကြတော့ပါ။
လီကွေ့လန်က သမီးဖြစ်သူကို ပွေ့ဖက်ရင်း ပြောလိုက်သည်။
“လာခဲ့၊ သမီးနဲ့ ကလေးတွေအတွက် အဝတ်အစားအသစ်တွေ ဝယ်ပေးမယ်၊ အခုချိန်ကစပြီး အဲ့ဒီလူယုတ်မာနဲ့ ကိစ္စပြတ်သွားပြီ”
ယဲ့လျန်မှာ ဝမ်းသာလွန်းသဖြင့် မျက်ရည်ဝဲမိပါသည်။
“ကျေးဇူးတင်ပါတယ်အမေ”
လီကွေ့လန်: “မိသားစုဝင်အချင်းချင်း ဘာမှကျေးဇူးတင်စရာမလိုဘူး”
လူကြီးများသည် ဝမ်းမြောက်ဝမ်းသာဖြစ်နေကြသဖြင့် သူတို့၏ အနောက်တွင် ယဲ့ရှောင်ရှောင်တို့ မောင်နှမများ တီးတိုးစကားပြောနေကြသည်ကိုပင် သတိမထားမိခဲ့ချေ။
ယဲ့ချမ်းယွမ်က မေးသည်။
“ချမ့်ဖူ ဒီလောက်လွယ်လွယ် ခံလိုက်ရလိမ့်မယ်လို့ ထင်မထားခဲ့ဘူး၊ အခုငါတို့ ဘာဆက်လုပ်ကြမလဲ”
ယဲ့ရှောင်ရှောင်က မျက်တောင်တစ်ချက်ခတ်ကာ ဖြေလိုက်သည်။
“သူ့အိပ်မက်တွေကို ဖျက်ဆီးပစ်ရမှာပေါ့၊ အဲ့ဒီမုဆိုးမက ငွေယူထားတာပဲ၊ သူ့တာဝန်သူ ကျေပွန်အောင် လုပ်ပေးရလိမ့်မယ်”
ယဲ့ချန်းကျွင်းကလည်း ခေါင်းညိတ်သည်။
“အဲ့တာဆို လုပ်စရာရှိတာ စလုပ်ဖို့ ငါ့သူငယ်ချင်းကို သွားပြောလိုက်တော့မယ်”
--- --- --
တစ်ဖက်တွင် ချမ့်ဖူတစ်ယောက် ကွာရှင်းစာချုပ်ကို လက်ထဲတွင်ကိုင်လျက် မုဆိုးမငယ်ကို မဆိုင်းမတွ သွားတွေ့ခဲ့ပါသည်။
“ကျွမ်းအာလေး! အားလုံးပြီးသွားပြီ၊ ဟိုမိန်းမနဲ့ ကိုယ်ကွာရှင်းခဲ့လိုက်ပြီ!”
ကျွမ်းကျစ်သည် တရားဝင်တံဆိပ်တုံးထုထားသည့် ကွာရှင်းစာချုပ်ကို ကြည့်ကာ ပြုံးလိုက်ပါသည်။
“ရှင့်အဲ့လောက်မြန်မြန် လှုပ်ရှားလိမ့်မယ်လို့ ထင်မထားခဲ့ဘူး”
ချမ့်ဖူ သွားဖြီးကာ ဆိုသည်။
“မြန်မြန်လှုပ်ရှားရမှာပေါ့၊ ကျွမ်းအာကော ကိုယ့်ကို ဘယ်တော့ လက်ထပ်မှာလဲ”
“ဘာတွေလောနေတာလဲ၊ ဒီနေ့က ပျော်စရာနေ့လေးဆိုတော့ အောင်ပွဲခံတဲ့အနေနဲ့ နည်းနည်းလောက် သောက်ကျရအောင်လေ”
ကျွမ်းကျစ်သည် အခန်းထဲဝင်သွားပြီး မြေပဲတစ်ပန်းကန်နှင့် အရက်တစ်ပုလင်းတို့ကို ယူလာခဲ့သည်။
ထို့နောက် အပူပေးကုတင်နိမ့်ပေါ်တွင် အတူတူထိုင်ကာ စတင်သောက်စားကြတော့သည်။
ချမ့်ဖူတစ်ယောက် ပျော်စရာအခြေအနေတွင် နစ်မျောသွားပြီး ခွက်ပေါင်းများစွာ သောက်ပစ်ခဲ့ပါသည်။
စကားပင်မပီတော့သည့် ချမ့်ဖူက ဗလုံးဗထွေးပြောလိုက်လေသည်။
“ကျွမ်းကျစ်… နမ်းကြရအောင်…”
အလွန်မူးနေသည့် ချမ့်ဖူကို ကြည့်ရင်း ကျွမ်းကျစ် ပြုံးလိုက်ပါသည်။
သို့သော် သူမ ဘာမှမပြောနိုင်ခင် အပြင်ဘက်မှ အသံတချို့ ရုတ်တရက်ထွက်ပေါ်လာလေသည်။
“ဟေ့ကောင်ချမ့်ဖူ! မင်းအထဲမှာ ရှိတယ်မလား၊ ငါတို့နဲ့ အတူလိုက်ခဲ့စမ်းပါ သွားကစားကြမယ်လေ!”
ထိုအသံမှာ သူ့လောင်းကစားဖော်တစ်ဦး၏ အသံဖြစ်မှန်း ချမ့်ဖူ မှတ်မိသွားပြီး ချက်ချင်းပင် စိတ်ပါသွားတော့သည်။
ကောင်းမွန်သည့်အရာများနှင့် ဆက်တိုက်ကြုံနေရချိန်တွင် သွေးကြွနေတတ်ပြီး ယနေ့တွင် သူသေချာပေါက် ကံကောင်းလိမ့်မည်ဟု ခံစားနေရပါသည်။
“ကျွမ်းအာ ကိုယ့်ကို ဒီည စောင့်နေနော်၊ ကိုယ်လုပ်စရာလေးရှိလို့ သွားလုပ်လိုက်ဦးမယ်”
ချမ့်ဖူသည် ပြောပြောဆိုဆိုနှင့် အပူပေးကုတင်ပေါ်မှ ယိုင်တိုင်တိုင် ဆင်းသွားလေသည်။
ကျွမ်းကျစ်ကမူ သူ့ကို လှမ်းဆွဲကာ ပြောလိုက်သည်။
“ရှင်သွားနေကျနေရာတွေကို ကျွန်မသိတယ်၊ ကျွန်မလည်း လိုက်ခဲ့ချင်တယ်”
ချမ့်ဖူ: “ဟိုမှာ ယောက်ျားတွေချည့်ပဲရှိတာ၊ မင်းလို ကိုယ်ဝန်သည်က ဘာလိုက်လုပ်မှာတုန်း”
ကျွမ်းကျစ်က သူ့နားရွက်ကို ဆွဲလိမ်ကာ မေးလိုက်သည်။
“ဘာလဲ အခုတော့ ကျွန်မကို ငြင်းရဲနေပြီပေါ့”
“မဟုတ်ပါဘူး မဟုတ်ပါဘူး… အတူတူသွားကြမယ်နော်”
ချမ့်ဖူသည် သူလောင်းကစားလုပ်နေကျနေရာသို့ ကျွမ်းကျစ်အား ခေါ်ဆောင်လာခဲ့ပါသည်။
ထိုနေရာကို အသေအချာ ဖုံးကွယ်ထားကြပြီး တစ်စုံတစ်ခုဖြစ်လာလျှင် အမြန်ထွက်ပြေးနိုင်ရန် ရှေ့တံခါး၊ နောက်တံခါးများ ရှိသည်။
အထဲတွင် လူလေးငါးယောက် ရောက်ရှိနေကြပြီဖြစ်ရာ ချမ့်ဖူသည် ဝိုင်းထဲသို့ စိတ်အားထက်သန်စွာဖြင့် ဝင်ထိုင်လိုက်တော့သည်။
သူသည် ယနေ့တွင် အလွန်ကံကောင်းနေပြီး သုံးပွဲဆက်တိုက် အနိုင်ရရှိလေသည်။
ကစားနေကြစဉ် တစ်စုံတစ်ယောက်က ဗိုက်နာသည်ဟုဆိုကာ အိမ်သာသွားရန် ထရပ်လိုက်လေသည်။
ချမ့်ဖူက လှမ်းအော်လိုက်သည်။
“မင်းရှုံးမှာကြောက်လို့ လစ်ထွက်သွားတာတော့ မဟုတ်ပါဘူးနော်”
“ဘာတွေလာပြောနေတာလဲ၊ ခဏနေရင် ငါပြန်လာမှာကွ”
“မင်းပြေးလို့ရပေမယ့် ပုန်းလို့တော့ မရပါဘူးကွာ၊ ကြောက်ရင်ကြောက်တယ်ပေါ့”
ထို့နောက် အခန်းထဲမှ ထိုလူ ထွက်သွားတော့သည်။
အကြိမ်အနည်းငယ်အတွင်းမှာပင် တစ်နေ့လုံး နိုင်သည်ထက် ပို၍နိုင်နေသဖြင့် ချမ့်ဖူတစ်ယောက် အလွန် စိတ်လှုပ်ရှား ပျော်ရွှင်နေပါသည်။
စိတ်လှုပ်ရှားလွန်းသဖြင့် အခန်းထဲတွင် သူနှင့် မုဆိုးမငယ်တို့နှစ်ယောက်တည်းသာ ကျန်တော့သည်ကိုပင် သတိမထားမိလိုက်ချေ။
ဝုန်း!
ရုတ်တရက်ဆိုသလို အခန်းတံခါးပွင့်ထွက်သွားပြီး ယူနီဖောင်းဝတ် ရဲအရာရှိများစွာ ဝင်ရောက်လာခဲ့ကြပါသည်။
အပြင်ဘက်မှ တိုးဝှေ့လာသည့် လေအေးများကြောင့် ချမ့်ဖူ အမူးပြေသွားပြီး ရဲများ ဝင်ရောက်စီးနှင်းခြင်းဖြစ်မှန်း နားလည်သွားလေသည်။
“လက်မြှောက်ထား!”
ရဲများက ချမ့်ဖူကို ချက်ချင်းပင် ဖမ်းဆီးခဲ့လေသည်။
တစ်ဖက်တွင် ကျွမ်းကျစ်သည် တစ်စုံတစ်ယောက်က ဝင်တိုက်သွားဟန်ဖြင့် ဗိုက်ကိုကိုင်ကာ ကြမ်းပြင်ပေါ်သို့ ရုတ်တရက် လဲကျသွားခဲ့ပါသည်။
“ဗိုက်… ဗိုက်နာတယ်…”
အရာရှိမှာ အံ့အားသင့်သွားခဲ့ရသည်။ သူမကို လက်ဖျားနှင့်ပင် မထိရသေးပေ။
ချမ့်ဖူ၏ မျက်လုံးများ ဒေါသကြောင့် နီရဲသွားခဲ့သည်။
“ငါ့သားကို ထိခိုက်အောင် လုပ်ရဲတယ်ပေါ့၊ မင်းကို ငါသတ်ပစ်မယ်!”
ချမ့်ဖူသည် ရှိသမျှအားတို့ကို စုစည်းကာ သူ့ကိုဖမ်းချုပ်ထားသော အရာရှိအား တွန်းဖယ်ပစ်လိုက်ပြီး ထိုင်ခုံတစ်ခုံကို ဆွဲယူကာ အရာရှိတစ်ဦး၏ ခေါင်းကို ရိုက်ချပစ်လိုက်တော့သည်။
“အား! သွေးတွေ… သွေးတွေထွက်ကုန်ပြီ!”