အခန်း (၃၃-၃၄)
Vol. 4 Ch. 33-34
📗 Chapter 33
“ချမ့်ဖူ အဖမ်းခံလိုက်ရပြီတဲ့”
သူငယ်ချင်းဖြစ်သူထံမှ ယဲ့ချန်းကျွင်း သတင်းကောင်း ကြားရခဲ့သည်။
ရလဒ်မှာ သူတို့မျှော်လင့်ထားသည်ထက်ပင် ပိုကောင်းနေပါသေးသည်။
“လောင်းကစားမှုအပြင် ရဲအရာရှိတစ်ယောက်ကို ကိုယ်ထိလက်ရောက် ကျူးလွန်မှုပါ ပါသေးတယ်၊ အနည်းဆုံး ထောင်ဒဏ် ၂ နှစ် ၃ နှစ်လောက် ကျနိုင်တယ်”
ယဲ့ချန်းယွမ် လက်ခုပ်လက်ဝါးတီးလိုက်သည်။
“သိပ်ကောင်းတာပေါ့!”
ယဲ့ရှောင်ရှောင်က မေးသည်။
“ဟိုမုဆိုးမကော အဆင်ပြေရဲ့လား”
သူတို့၏ အစီအစဉ်အတွက် တစ်စုံတစ်ယောက်ကို ငှားရမ်းခဲ့ရသည်။ ပိုက်ဆံပေးထားခြင်းဖြစ်သော်လည်း သူမအတွက် ပြဿနာအများကြီး မဖြစ်စေချင်ပါ။
ယဲ့ချန်းကျွင်း: “နင်မသိဘူးနော် အဲ့မုဆိုးမက တကယ့်လူလည်ပဲ၊ ချမ့်ဖူ အဖမ်းခံလိုက်ရတာနဲ့ သူက တခြားတစ်ယောက်ဆီ ချက်ချင်းရောက်သွားတာ၊ အဲ့တာကို ချမ့်ဖူရဲ့အမေက မကျေမနပ် ပြဿနာသွားရှာတော့ သူပဲ အရိုက်ခံရပြီး ပြန်လာရတာပဲ”
ယဲ့ရှောင်ရှောင်: “ချမ့်မိသားစုက ဟောင်ပဲ ဟောင်တတ်တယ် မကိုက်တတ်ကြဘူး”
ယဲ့ချန်းရှန့်: “ချမ့်မိသားစုကနေ ငါတို့အစ်မထွက်လာနိုင်တာ ငရဲကနေလွတ်မြောက်လာသလိုပဲ”
ယဲ့ချန်းကျွင်းသည် ညီနှစ်ယောက်၏ပခုံးကို ပုတ်ရင်း သေချာမှာကြားလိုက်သည်။
“မနက်ဖြန် ငါတို့က အစ်မနဲ့အတူ ရွာပြန်တော့မှာ၊ မင်းတို့လည်း မကြာခင်ကျောင်းတက်ရတော့မယ်၊ ကျောင်းဖွင့်တာနဲ့ စာကိုပဲ အာရုံစိုက်နော်၊ ကျောင်းမှာ ရှောင်ရှောင့်ကိုလည်း စောင့်ရှောက်ကြဦး”
ယဲ့ချန်းယွမ် မျက်နှာမှာ ခါးသီးသွားခဲ့သည်။
“အောင်မယ်လေး! အချိန်တွေကုန်တာ မြန်လိုက်တာ!”
ယဲ့လျန်၏ပြဿနာများ ပြီးမြောက်သွားသည့်အခါမှ တစ်စုံ တစ်ခု ပုံမှန်မဟုတ်သည်ကို မြောင်စွေ့ဖန်း သတိထားမိတော့သည်။
“နေပါဦး ချန်းနင်ဘယ်မှာလဲ၊ သူ့ကို မတွေ့တာ တော်တော်ကြာနေပြီ”
ယဲ့ချန်းရှန့် မျက်လုံးပြူးသွားသည်။
“တတိယအစ်ကိုက အိမ်ပြန်သွားတာ မဟုတ်ဘူးလား”
မြောင်စွေ့ဖန်းလည်း မှင်သက်သွားသည်။
“မဟုတ်ပါဘူး၊ နင်တို့ကို မြို့ပေါ်လိုက်ပို့ပြီးကတည်းက သူ့ကို မတွေ့ရတော့တာ”
ထိုစဉ် ယဲ့ကျန်းကော်သည် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ကိုယ့်ဒူးကိုယ်ထုကာ ပြောလိုက်သည်။
“အဲ့ဒီဆန်ကုန်မြေလေးကောင် အိမ်ကနေ ထွက်ပြေးသွားတာဖြစ်မယ်၊ အမြဲတမ်း သူ့ကိုယ် သူ သူဌေးကြီးဖြစ်အောင် လုပ်ပြမယ်ဆိုပြီး လေလုံးထွားနေတာ၊ အခုလူကြီးတွေ အာရုံများနေတာကို အခွင့်ကောင်းယူပြီး ထွက်ပြေးသွားတာဖြစ်ရမယ်”
မြောင်စွေ့ဖန်းက ချက်ချင်းစိတ်ပူသွားခဲ့သည်။
“ဘာလို့အားလုံး အိမ်ကနေ ထွက်ပြေးချင်နေကြတာလဲ၊ တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ”
ယဲ့ရှောင်ရှောင် အသာအယာ နှစ်သိမ့်ပေးလိုက်လေသည်။
“တတိယအစ်ကိုက လူကြီးဖြစ်နေပါပြီ အဖေနဲ့ အမေရဲ့၊ သူအဆင်ပြေမှာပါ”
မြောင်စွေ့ဖန်းသည် ဒေါသလည်းထွက် စိတ်လည်းပူနေပြီး ကျန်ရှိနေသည့် ကလေးများကို သတိပေးလိုက်သည်။
“ခုချိန်ကစပြီး ဘယ်ပဲသွားသွား မိသားစုကို အသိပေးရမယ်၊ အသိမပေးဘဲ ခိုးထွက်လို့ကတော့ ခိုးထွက်တဲ့ ခြေထောက်ကို ချိုးပစ်မယ်ကြားလား”
ကလေးများ တစ်ခွန်းမှ မဟရဲကြတော့ပေ။
မြောင်စွေ့ဖန်းက ကလေးများကို အမှန်တကယ် ရိုက်မှာမဟုတ်သော်လည်း ယဲ့ကျန်းကော်ကတော့ ရိုက်မှာ သေချာပါသည်။
မြောင်ဖုန့်ရှန်းက သမီးနှင့် သားမက်တို့ကိုကြည့်ကာ အကြံပြုလိုက်သည်။
“ကလေးတွေက အရွယ်ရောက်နေကြပြီ၊ သူတို့မှာ ကိုယ်တိုင်ဆုံးဖြတ်နိုင်စွမ်း ရှိနေပါပြီ၊ ဒါပေမယ့် ချန်းနင်ကိုတော့ သေချာပေါက် ဆုံးမသင့်တယ်၊ အနည်းဆုံးတော့ အိမ်ကို စာရေးပြီး အကြောင်းကြားခဲ့သင့်တာပေါ့၊ ဒီတိုင်းပျောက်သွားတာမျိုး မလုပ်သင့်ဘူး”
ယဲ့ချန်းနင်ကိစ္စကြောင့် အားလုံး အာရုံများသွားခဲ့ကြပြီး ယဲ့လျန်၏ ကွာရှင်းမှုကိစ္စကိုပင် မေ့လျော့သွားခဲ့ကြတော့သည်။
--- --- ---
ကျောင်းမဖွင့်မီ နှစ်ရက်အလိုတွင် အဘိုးမြောင်၏အိမ်သို့ ယဲ့မိန် ရောက်ရှိလာပါသည်။
အစ်မဖြစ်သူ ကွာရှင်းပြတ်စဲသည့်ကိစ္စကိုကြား၍ ကိုယ်တိုင် ကိုယ်ကျ လာရောက်ကြည့်ရှုခဲ့ခြင်းဖြစ်သည်။
သို့သော် သူမရောက်လာသောအခါ ယဲ့လျန်သည် မိဘများနှင့်အတူ ပိုင်ချွမ်ရွာသို့ပြန်သွားခဲ့ပါပြီ။
ယဲ့မိန်ကဆိုသည်။
“သူကွာရှင်းလိုက်တာ တကယ်ကောင်းတယ်၊ တကယ်ဆို ငါတို့မိသားစု ဗြောက်အိုးတွေတောင်ဖောက်ပြီး အောင်ပွဲပါခံသင့်တာ”
ယဲ့ချန်းယွမ်: “ဒုတိယအစ်မ ဘာကိစ္စရှိလို့လာခဲ့တာလဲ”
ယဲ့မိန်က မောင်ဖြစ်သူ၏ ခေါင်းကိုပုတ်ကာ ပြန်ဖြေလိုက်သည်။
“ရှောင်ရှောင်က ကျောင်းနားမှာ အိမ်တစ်လုံးရှာပေးဖို့ အကူ အညီ တောင်းထားလို့လေ၊ အခု တိုက်ခန်းကောင်းကောင်းလေးတစ်ခု ရှာတွေ့ထားလို့၊ ပတ်ဝန်းကျင်ကလည်း ကောင်းတယ်၊ ကျောင်းနဲ့လည်းနီးတယ်၊ အဲ့တာလိုက်ပြပေးမလို့လေ”
“ပြီးတော့ ရှောင်ရှောင်ကျောင်းပြောင်းမယ့် ကိစ္စကလည်း ရှိသေးတယ်၊ ကျောင်းအုပ်ကြီးကို ငါဆက်သွယ်ပြီးသွားပြီ၊ အဘိုးမြောင်ရဲ့မျက်နှာကြောင့် ကျောင်းအုပ်ကြီးက ရှောင်ရှောင်ကို ကျောင်းပြောင်းကျောင်းသူအဖြစ် လက်ခံပေးဖို့ သဘော တူလိုက်ပြီ”
ယဲ့ချမ်ယွမ်: “ရှောင်ရှောင်က ဘယ်တုန်းက အိမ်ရှာခိုင်းလိုက်တာလဲ”
ထိုစဉ် ယဲ့ရှောင်ရှောင် ရှေ့တိုးလာပြီး ရှင်းပြလိုက်ပါသည်။
“ဒုတိယအစ်မကို သမီးအကူအညီတောင်းထားတာပါ၊ ကျောင်းမှာအဆောင်နေဖို့က သိပ်အဆင်မပြေဘူးလေ၊ အဲ့တာကြောင့် အပြင်မှာအိမ်ငှားပြီး သမီတို့အားလုံး အတူတူနေကြဖို့ စဉ်းစားထားတာ”
ယဲ့ချန်းယွမ်: “အဲ့တာဆို ဘာစောင့်နေကြတာလဲ၊ သွားကြည့်ကြရအောင်လေ”
မြောင်ဖုန့်ရှန်း ရယ်ရယ်မောမောနှင့် ဆိုသည်။
“မင်းတို့ဒုတိယအစ်မက အားလုံးစီစဉ်ပေးထားပြီးသားဆိုတော့လည်း အဘိုးဝင်မပါတော့ဘူးနော်၊ ငွေလိုရင်တော့ အဘိုးဆီသာ လာခဲ့”
ယဲ့ရှောင်ရှောင်တွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေပြီးသည့်အချိန်အထိ သုံးစွဲဖို့ငွေကြေး လုံလုံလောက်လောက် ရှိပါ သည်။ ထို့ကြောင့် နေထိုင်စရိတ်များအတွက် စိတ်ပူစရာမလိုအပ်ပေ။
တက္ကသိုလ်တက်သည့်အခါတွင်လည်း လက်ရှိမူဝါဒများအရ ကျောင်းလခ အခမဲ့ဖြစ်ရုံတင်မကဘဲ စာကြိုးစားပါက ပညာသင်ဆုပင် ရရှိနိုင်သေးသည်။
အဘိုးဖြစ်သူကို ကျေးဇူးတင်ပြီးနောက် ယဲ့ရှောင်ရှောင်သည် သူမ၏ စာအုပ်နှင့် အဝတ်အစားများကို စတင်ထုပ်ပိုးခဲ့ပါသည်။
အကယ်၍ အိမ်ငှားကိစ္စမပြီးပြတ်သေးလျှင် ယဲ့မိန်၏ အိမ်တွင် အထုပ်အပိုးများကို ခေတ္တထားထားမည်ဟု စဉ်းစားထားသည်။
ပေကျင်းမှ ပြန်မရောက်သေးသော ဆရာဖြစ်သူကို သတိရကာ စာတစ်စောင်ရေးသားပြီး ဆေးဆိုင်တွင် ချန်ထားပေးခဲ့ပါသည်။
ကျောင်းစတက်နေရပြီဖြစ်၍ တနင်္ဂနွေနေ့တိုင်းပြန်လာမည်ဖြစ်ကြောင်း ရေးသားထားခဲ့သည်။
ယဲ့မိန်သည် စက်ဘီးဖြင့် ရောက်လာခဲ့ခြင်းဖြစ်သော်လည်း မောင်နှမသုံးယောက်စလုံးကို တင်ခေါ်သွားဖို့ ဟူသည်မှာ မဖြစ်နိုင်ပေ။
ကံကောင်းစွာဖြင့် လမ်းတစ်ဝက်တွင် မြည်းလှည်းတစ်စီးနှင့် ဆုံကာ ငှားရမ်းနိုင်ခဲံပါသည်။
ယဲ့ရှောင်ရှောင်သည် ကောင်တီမြို့ပေါ်သို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်သည်။
လမ်းများမှာ ဖုန်ထူသော်လည်း ကျေးရွာနှင့် မြို့နယ်များရှိ လမ်းများထက် များစွာပိုကျယ်ဝန်းသည်။
လမ်းတိုင်းတွင် လေးထပ်၊ ငါးထပ်ရှိသော လူနေအိမ်ရာများရှိကာ မြို့တော်မှာ စတင်ဖွံ့ဖြိုးစပြုနေပြီဖြစ်သည်။
ပိုင်ချွမ်အမှတ်(၁) အထက်တန်းကျောင်းသည် ကောင်တီမြို့တွင် အကောင်းဆုံး အထက်တန်းကျောင်းဖြစ်ကာ သင်ကြားရေးရင်းမြစ်အကြွယ်ဝဆုံး ကျောင်းဖြစ်သည်ဟုလည်း ဆိုကြသည်။
ကျောင်းသားနှင့် ဆရာဆရာမဦးရေ အလွန်များပြားသော် လည်း စံနှုန်းမှာမူ မညီမျှလှဘဲ နှစ်စဉ် တက္ကသိုလ်ဝင်ခွင့်ရသည့် ကျောင်းသားမှာ အနည်းငယ်သာရှိသည်။
ယဲ့မိန် ရှာပေးထားသည့်တိုက်ခန်းသည် အထက်တန်း ကျောင်းအနောက်ဘက်ရှိ အိမ်ရာဝင်းအတွင်း၌ တည်ရှိပါသည်။
အဆိုပါတိုက်ခန်းသည် မူလက ဆရာဆရာမ ဇနီးမောင်နှံပိုင်သော တိုက်ခန်းဖြစ်သော်လည်း သူတို့တွင် အခြားအိမ်များ ရှိနေသဖြင့် ဤတိုက်ခန်းကိုပစ်ထားခဲ့ခြင်း ဖြစ်သည်။
အိမ်ရာတစ်ခုလုံးတွင် လွန်ခဲ့သည့် ၄ - ၅ နှစ်ခန့်က ဆောက် လုပ်ထားသည့် သုံးထပ်အဆောက်အဦးများနှင့် ပြည့်နှက်နေပါသည်။ အဆောက်အဦးများ၏အခြေအနေမှာ ယခုထက်ထိတိုင်အောင် ကောင်းမွန်နေသေးသည်။
ယဲ့မိန်က တံခါးကိုဖွင့်ပေးရင်း ရှင်းပြသည်။
“ဒီတိုက်ခန်းက တိုက်နံပါတ် ၂၊ အခန်းနံပါတ် ၂၀၃ လေ၊ အိပ်ခန်းနှစ်ခန်း၊ ဧည့်ခန်းတစ်ခန်း၊ မီးဖိုချောင်တစ်ခန်း၊ ရေချိုးခန်းတစ်ခန်းတို့ ပါတယ်၊ အခန်းတိုင်းမှာ ကိုယ်ပိုင်ရေချိုးခန်းအိမ်သာ သီးသန့်ပါပြီး အိမ်နီးချင်းအများစုကလည်း ဆရာဆရာတွေမို့လို့ အိမ်ငှားခကတော့ နည်းနည်းဈေးကြီးတယ်”
“နင်က မိန်းကလေးဆိုတော့ ညဘက်တွေ ဒီမှာနေတာက ပိုစိတ်ချရမယ်ထင်လို့လေ၊ မဟုတ်ရင် လမ်းကြားမှာ လစ်လပ်နေတဲ့ အိမ်အိုကြီးတွေအများကြီး ရှိတယ်”
ယဲ့ရှောင်ရှောင်သည် တိုက်ခန်းထဲ ဝင်ကြည့်လိုက်ရာ အတော်လေး ကျေနပ်သွားပါသည်။
သို့သော် အိပ်ခန်းများမှာမူ ဗလာကျင်းဖြစ်နေသည်ကို သတိ ပြုမိခဲ့သည်။
“ဒုတိယအစ်မ၊ အိပ်ခန်းတွေထဲမှာ ဘာလို့ ကုတင်မရှိတာလဲ”
ယဲ့မိန်: “အိမ်ရှင်တွေ ယူသွားတာဖြစ်မယ်၊ စိတ်မပူပါနဲ့၊ နင့်ခဲအိုကို သစ်သားရှာပြီး ကုတင်နှစ်လုံးလောက် အသစ်လုပ်ခိုင်းလိုက်မယ်”
ယဲ့ချန်းယွမ်: “ဒီနေရာက တော်တော်ကောင်းတာပဲ၊ အိမ်ငှားခက ဘယ်လောက်လဲမသိဘူး”
ယဲ့မိန်: “အိမ်ရှင်နဲ့ ငါညှိနှိုင်းပြီးပြီ၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေပြီးတဲ့အထိနေမယ်ဆိုရင် ယွမ် ၈၀ လောက် ပေးရမယ်၊ ပြီးတော့ ရေခွန် မီးခွန်တွေက သက်သက်စီနော်”
ယဲ့ချန်းယွမ် တုန်လှုပ်သွားသည်။
“ဈေးကြီးလှ ချည်လား!”
ယဲ့ချန်းရှန့်လည်း မျက်မှောင်ကြုတ်သွားသည်။
“ဒီ့ထက် ပိုသေးတဲ့နေရာမရှိဘူးလား၊ ချန်းယွမ်နဲ့ ကျွန်တော်နဲ့က အဆောင်မှာပဲ ဆက်နေလို့ရပါတယ်”
ယဲ့ချန်းယွမ်လည်း ထောက်ခံသည်။
“ဟုတ်တယ် ဟုတ်တယ်”
ယဲ့မိန် စိတ်ပျက်လက်ပျက် ပြုံးလိုက်လေသည်။
“နင်တို့နှစ်ယောက် ငွေကို ချွေတာရကောင်းမှန်း သိကြပြီပေါ့ ဟုတ်လား၊ စိတ်မပူပါနဲ့ ကုန်ကျစရိတ်တွေအကုန် ငါတာဝန်ယူပေးမှာပါ”
တစ်ဖက်တွင် ယဲ့ရှောင်ရှောင်ကမူ ထိုဈေးနှုန်းကို တတ်နိုင် သည်ဟု ခံစားမိပါသည်။
လာရာလမ်းတွင် ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်ခဲ့ကာ အထပ်တိုင်းက တိတ်ဆိတ်ငြိမ်သက်နေပြီး အနှောင့်အယှက် ကင်းမှန်း တွေ့ခဲ့ရပါသည်။
“ဒုတိယအစ်မ၊ သမီးတို့ ဒီနေရာပဲ ရွေးလိုက်တော့မယ်၊ သမီးမှာ ပိုက်ဆံရှိပါတယ်၊ အစ်မ ထုတ်ပေးစရာမလိုဘူး”
ယွမ် ၈၀ ဟူသည်မှာ ယဲ့မိန်၏ သုံးလစာနီးပါးရှိသဖြင့် ထိုကဲ့သို့ အကူအညီမျိုးကို ယဲ့ရှောင်ရှောင် အလွယ်တကူ လက်မခံနိုင်ပါ။
ယဲ့ရှောင်ရှောင်သည် ငွေကို ကြိုတင်ပြင်ဆင်ထားပြီးသားဖြစ်ရာ အိတ်ကပ်ထဲမှ ယွမ် ၈၀ ထုတ်လိုက်ပြီး ယဲ့မိန်အားပေးလိုက်ပါသည်။
“သမီးတို့ ငွေမချေခင် အိမ်ရှင်နဲ့ စာချုပ်အရင်ချုပ်ကြရ အောင်၊ နောက်မှ ပြဿနာမဖြစ်ရအောင်လေ”
ယဲ့မိန်: “ကိစ္စမရှိပါဘူး၊ အိမ်ကိုလည်း နည်းနည်း သန့်ရှင်းရေးလုပ်ရဦးမှာမို့လို့ နင်တို့တွေ ငါ့အိမ်မှာ ယာယီလာနေလို့ရတယ်”
ယဲ့ရှောင်ရှောင်ကဆိုသည်။
“ဒုတိယအစ်မ အရင် ပြန်နှင့်လိုက်နော်၊ သမီး ဝယ်စရာရှိတာလေးတွေ လိုက်ကြည့်ချင်သေးလို့၊ ပြီးမှ အစ်မအိမ်ကို လိုက်လာခဲ့မယ်”
ယဲ့မိန်: “အဆင်ပြေတယ်၊ ဒီမှာ အိမ်သော့၊ ဒါပေမယ့် ဈေးဝယ်လက်စနဲ့ သော့အသစ် တစ်လုံးလောက်ဝယ်ဖို့ မမေ့နဲ့ဦး၊ အိမ်ရှင်ရဲ့ မူလသော့ကိုတော့ သေချာသိမ်းထားလိုက်ပါ”
ယဲ့ရှောင်ရှောင်လည်း ခေါင်းညိတ်သဘောတူလိုက်သည်။
📗 Chapter 34
ယဲ့ချန်းယွမ်သည် ဤအခြေအနေတွေ မလိုအပ်ဘဲ ပိုက်ဆံထပ်မသုံးချင်တော့ပေ။
ထို့ကြောင့် ယဲ့ရှောင်ရှောင်က ပစ္စည်းဝယ်မည့်အကြောင်း ပြောသည်ကိုကြားသောအခါ သူအကြံပြုလိုက်သည်။
“ရှောင်ရှောင် ငါတို့ ဘာမှဝယ်စရာမလိုဘူးထင်တယ်၊ အိမ်က အိပ်ရာခင်းတွေက သုံးလို့ရပါသေးတယ်”
ထို့အပြင် ယဲ့မိသားစုသို့ ရှောင်ရှောင် ရောက်ရှိလာသည့် ပထမဆုံးနှစ်ဖြစ်၍ သူမ၏အိပ်ရာခင်းကိုလည်း အသစ်စက် စက် ချုပ်လုပ်ပေးထားခြင်းဖြစ်သည်။
ယဲ့ရှောင်ရှောင် သူ့ကို မျက်စပစ်ကာ ဆိုလိုက်သည်။
“အစ်ကိုယွမ် လာနောက်နေတာလား၊ ဒုတိယအစ်မရဲ့အိမ်ကို သမီးတို့ လက်ဗလာနဲ့ သွားလို့ကောင်းပါ့မလား”
မိသားစုဝင်ဖြစ်သည့် ယဲ့မိန်က စိတ်မရှိလျှင်ပင် အချိန်ကြာလာသည်နှင့်အမျှ ယဲ့မိန်၏ယောက္ခမများနှင့် ခင်ပွန်းဖြစ်သူတို့က တစ်မျိုးတွေးလာနိုင်ပါသည်။
ယဲ့ချန်းယွမ်သည် ထိုအချက်ကို ထည့်သွင်းမစဉ်းစားခဲ့မိပေ။
နှစ်စဉ်နှစ်တိုင်း ဇာတိမြေသို့ ဒုတိယအစ်မပြန်လာသောအခါ မိသားစုအတွက် လက်ဆောင်ပစ္စည်းများ ဝယ်လာပေးလေ့ရှိသည်။ သို့သော် သူမထံသို့ သူတို့သွားရောက်လည်ပတ်သည့်အခါတွင်မူ သူတို့သည် လက်ဆောင်ပစ္စည်း ဝယ်မသွားတတ်ပေ။
အကြောင်းမှာ ဒုတိယအစ်မကိုယ်တိုင်က မလိုအပ်ကြောင်း ပြောထားခြင်းကြောင့်ပင်။
သို့သော် ရှောင်ရှောင်ပြောသည်မှာ အဓိပ္ပာယ်တော့ရှိသည်။
ယဲ့ချန်းယွမ်နှင့် ယဲ့ချန်းရှန့်တို့ အကြည့်ချင်းဖလှယ်လိုက်ပြီး နှုတ်ဆိတ်သွားခဲ့ကြသည်။
ကောင်တီမြို့က အတော်လေးကျယ်ဝန်းလှပေသည်။
အဝတ်အစားနှင့် အစားအသောက်တို့ ဝယ်ယူနိုင်သည့် သမဝါယမ အဆောက်အဦးကြီးတစ်ခုလုံးပင် ရှိသေးသည်။
ယဲ့ရှောင်ရှောင်သည် သကြားညိုတစ်ပေါင်၊ အရက်ဖြူနှစ်ပုလင်းနှင့် သူမတို့ တိုက်ခန်းအတွက် လိုအပ်သည့်သော့တစ် လုံးတို့ကို ဝယ်ယူခဲ့သည်။
ထို့နောက် အသားထုတ်လုပ်ရေး စက်ရုံသို့သွားကာ ဝက်သားငါးပေါင် ထပ်ဝယ်လိုက်သည်။
ယဲ့ချန်းယွမ်၏ လမ်းပြပေးမှုဖြင့် မောင်နှမသုံးယောက် ယဲ့မိန်၏အိမ်သို့ ရောက်ရှိလာခဲ့ကြပါသည်။
ယဲ့မိန်သည် စက်ရုံမှ နေရာချထားပေးသော ဝန်ထမ်းအိမ်ရာတွင် နေထိုင်သည်။
အိမ်ရာထဲဝင်လာသည်နှင့် အိမ်နီးချင်းများက သူတို့မောင်နှမသုံးယောက်ကို သတိပြုမိသွားပါသည်။
တံခါးဝတွင်ထိုင်၍ ဟင်းသီးဟင်းရွက်သင်နေကြသော အဒေါ်ကြီးအချို့က သူတို့ကို အကဲခတ်သောအကြည့်မျိုးဖြင့် ကြည့်နေကြသည်။
ယဲ့ရှောင်ရှောင်တို့သည် လူစိမ်းများဖြစ်နေ၍ အဒေါ်ကြီးတစ်ဦးက မေးမြန်းလိုက်ပါသည်။
“ဘယ်သူ့ကို တွေ့ဖို့လာကြတာလဲကွဲ့”
ယဲ့ရှောင်ရှောင်က ပြန်ဖြေသည်။
“ယဲ့မိန်ရဲ့ အိမ်ကိုသွားမလို့ပါ”
အဒေါ်ကြီးက သဘောကောင်းစွာ လမ်းပြပေးလိုက်သည်။
“ဪ ယဲ့မိန်ရဲ့အိမ်လား၊ အဆုံးထိသာ တက်သွားလိုက်၊ အဲ့တာ သူ့အိမ်ပဲ”
ယဲ့ရှောင်ရှောင်က ချိုမြိန်စွာ ကျေးဇူးတင်လိုက်သည်။
“ကျေးဇူးတင်ပါတယ် အဒေါ်”
“ရပါတယ်ကွယ်၊ လိမ္မာလိုက်တာ”
မောင်နှမသုံးယောက် ထွက်သွားသောအခါ အဒေါ်ကြီးများစုပြုံကာ တီးတိုးပြောကြလေသည်။
“ယဲ့မိန်ရဲ့ ဆွေမျိုးတွေများ ကောင်းလိုက်ကြတာနော်၊ လာလည်ရင် လက်ဆောင်တွေအများကြီး ယူလာတတ်တယ်၊ ငါ့ယောက်မများတော့ အိမ်မှာနေတာ ရက်ပေါင်းတော်တော်ကြာနေပြီ၊ လက်ဆောင်လေးတစ်ခုတလေတောင် မပေးသေးဘူး”
“ဟုတ်ပ၊ ငါတို့က တစ်နပ်နှစ်နပ်ကျွေးရတာ မမှုပေမယ့် နားလည်မှုက အရေးကြီးတာပေါ့အေ”
“ဟူး… ငါတို့က ယဲ့မိန်လောက်မှ ကံမကောင်းတာ”
ထိုစဉ်ယဲ့ရှောင်ရှောင်တို့ မောင်နှမများက ယဲ့မိန်၏အိမ်တံခါးဝသို့ ရောက်ရှိသွားကြပါပြီ။
တံခါးခေါက်လိုက်သည်နှင့် အတွင်းဘက်မှ အမျိုးသမီးတစ်ဦး၏အသံကို ကြားလိုက်ရသည်။
“လာပြီ!”
တံခါးလာဖွင့်ပေးသူမှာ အသက် ၅၀ ဝန်းကျင်ရှိ အမျိုးသမီးတစ်ဦးဖြစ်ကာ ယဲ့ရှောင်ရှောင်ကို မြင်သောအခါ အနည်းငယ် အံ့အားသင့်သွားပုံရသည်။
“ဘယ်သူနဲ့ တွေ့ချင်လို့လဲ သမီးလေး”
အနောက်မှ ယဲ့ချန်းယွမ်ခေါင်းပြူထွက်လာပြီး နှုတ်ဆက်လိုက်လေသည်။
“ကျွန်တော် ချန်းယွမ်ပါ ဒေါ်လေးရဲ့ ဒါကျွန်တော့်ညီမလေး ရှောင်ရှောင်လေ၊ သူက ချန်းရှန့်၊ သူ့ကိုတော့ မြင်ဖူးမှာပါ”
ယဲ့မိန်၏ယောက္ခမဖြစ်သူမှာ ချက်ချင်းပင် မှတ်မိသွားခဲ့သည်။
“ဪ ချန်းယွမ်ကိုး၊ နင့်အစ်မက ခုလေးတင်ဟင်းချက်စရာတွေ ဝယ်ဖို့ထွက်သွားတယ်၊ နင်တို့လာမယ်လို့တော့ ပြောသွားပါတယ်၊ လာကြလာကြ အထဲဝင်ကြ”
“ဒေါ်လေး၊ ဒါဒေါ်လေးတို့အတွက် သမီးတို့ဝယ်လာတာလေးတွေပါ”
ယဲ့ရှောင်ရှောင်က လက်ဆောင်ပစ္စည်းများကို ကမ်းပေးရင်း ပြောလိုက်ပါသည်။
“အောင်မယ်လေး အားလုံးက မိသားစုတွေပဲဥစ္စာ၊ ဘာပစ္စည်းမှ ဝယ်လာစရာမလိုပါဘူး”
ယဲ့မိန်၏ယောက္ခမဖြစ်သူ ဒေါ်လေးယဲ့က နွေးနွေးထွေးထွေးပြုံးကာ ငြင်းဆန်လိုက်ပါသည်။
ယဲ့ချန်းယွမ်လည်း တစ်စုံတစ်ခု မူမမှန်သည်ကို သတိထားမိသွားသည်။
သူ့အစ်မ၏ယောက္ခမဖြစ်သူတို့သည် အမြဲတမ်း ယဉ်ကျေးပျူငှာမှု ရှိသူများဖြစ်ကြသော်လည်း ယနေ့တွင်မူ ပုံမှန်ထက် ပိုပြီး ပျော်ရွှင်နေပုံရပါသည်။
ဒေါ်လေးယဲ့က ယဲ့ရှောင်ရှောင်ပေးသည့် ပစ္စည်းများကို အားနာနာနှင့် လက်ခံရင်းပြောလိုက်သည်။
“နင်တို့တွေ ကျောင်းတက်ဖို့အတွက် အပြင်ဘက်မှာ တိုက် ခန်းတစ်ခန်းငှားနေကြမလို့ဆို၊ ဘာလို့ ငွေအကုန်ခံတာလဲ၊ ငါတို့အိမ်မှာ နေရာတွေ ရှိပါသေးတယ်၊ အတူတူလာနေလို့ရတဲ့ဥစ္စာကို”
အမှန်တော့ ယဲ့ချန်းရှန့်နှင့် ယဲ့ချန်းယွမ်တို့ နှစ်ဦးတည်းသာဆို ပြဿနာသိပ်မရှိနိုင်ပေ။
သို့သော် ယဲ့ရှောင်ရှောင်သည် မိန်းကလေးတစ်ဦးဖြစ်သည့်အလျောက် ကိုယ်ပိုင်အခန်းတစ်ခန်းလိုအပ်ပါသည်။
ထို့ကြောင့် ယဲ့မိန်၏အိမ်တွင် နေဖို့ အဆင်မပြေလှပေ။
အားလုံး စုပြုံနေထိုင်လိုက်ပါက အခန်းလွတ်ဟူ၍ ဧည့်ခန်းတစ်ခန်းသာ ကျန်တော့မည်ဖြစ်သည်။
ထိုစကားသည် ယဉ်ကျေးမှုအရပြောခြင်းဖြစ်စေ၊ စိတ်ရင်းဖြင့်ပြောခြင်းဖြစ်စေ ယဲ့ရှောင်ရှောင် ပြုံးသာပြုံးလိုက်ပြီး ကျေးဇူးတင်လိုက်ပါသည်။
“ကျေးဇူးတင်ပါတယ်ဒေါ်လေး၊ ဒါပေမယ့် သမီးတို့ နေရာတစ်ခု ရှာတွေ့ထားပြီးပါပြီ၊ သမီးနဲ့ သမီးအစ်ကိုနှစ်ယောက်အတွက် အဆင်ပြေတယ်လေ၊ ကုတင်နှစ်လုံးလောက်ပဲလိုတာ၊ အဲ့တာကြောင့် ခဲအိုကို အားနာနာနဲ့ အကူအညီတောင်းရဦးမယ်”
ဒေါ်လေးယဲ့ မဆိုင်းမတွ သဘောတူလိုက်သည်။
“ဘာမှ အားနာစရာမလိုဘူး၊ နင်တို့ခဲအိုက သစ်စက်မှာ အလုပ်လုပ်တာ၊ အဲ့မှာ သစ်သားအပိုတွေ အများကြီးရှိတယ်၊ နေ့တစ်ဝက်လောက်နဲ့ အကုန်သယ်လာနိုင်တယ်”
ယဲ့ရှောင်ရှောင်တို့ စကားအနည်းငယ်ပြောပြီးနောက် ယဲ့မိန်သည် သားဖြစ်သူနှင့် ပြန်ရောက်လာလေသည်။
အသက် ၈ နှစ်အရွယ်သာ ရှိသေးသည့် ဝမ်ရှောင်းဟူက ယဲ့ချန်းယွမ်ကို မြင်သောအခါ ချက်ချင်းပြေးဖက်ခဲ့ပါသည်။
“ဦးလေး!”
ထို့နောက် ယဲ့ချန်းရှန့်ဘက်သို့လှည့်ကာ ခေါ်လိုက်သေးသည်။
“ဦးလေး ချန်းရှန့်!”
နောက်ဆုံးတော့ ယဲ့ရှောင်ရှောင်ထံ အကြည့်ရောက်သွားပြီး အနည်းငယ် အူတူတူလေးဖြစ်သွားခဲ့သည်။
ဤအစ်မကြီးကို သူ တစ်ခါမှ မမြင်ဖူးချေ။
ယဲ့မိန် မိတ်ဆက်ပေးလိုက်သည်။
“အဲ့တာ သားဒေါ်လေး ယဲ့ရှောင်ရှောင်တဲ့”
ဝမ်ရှောင်းဟူ ခေါင်းခါလိုက်လေသည်။
“မဟုတ်ပါဘူး၊ သားဒေါ်လေးက ဒီလိုပုံစံမျိုးမှ မဟုတ်တာ”
ယဲ့မိန် ရယ်မောလိုက်ပြီး သားဖြစ်သူ၏ခေါင်းလေးကို ပွတ်သပ်ပေးလိုက်သည်။
“သူက သားဒေါ်လေးပါ၊ ခုချိန်ကစပြီး သူက သားရဲ့ဒေါ်လေးဖြစ်သွားပြီ၊ တခြားဘယ်သူမှ မရှိတော့ဘူးနော်”
ဝမ်ရှောင်းဟူ နားမလည်သော်လည်း “ဒေါ်လေး”ဟု လိမ်လိမ်မာမာနှင့် ခေါ်ဆိုခဲ့ပါသည်။
ယဲ့ရှောင်ရှောင်လည်း ချီးကျူးပေးလိုက်သည်။
“လိမ္မာလိုက်တာ”
ညနေ ၄ နာရီထိုးသောအခါ ယဲ့မိန်၏ခင်ပွန်းနှင့် ယောက္ခထီးဖြစ်သူတို့ အလုပ်မှ ပြန်လာကြသည်။
ဒေါ်လေးယဲ့သည် ယဲ့ရှောင်ရှောင် ယူလာပေးသည့် ဝက်သားများဖြင့် ဝက်သားဟင်းချက်ပြုတ်ထားပါသည်။
ယဲ့မိန်၏ယောက္ခထီး အိမ်ထဲသို့ ဝင်လာသည်နှင့် အံ့ဩတကြီး ရေရွတ်လိုက်လေသည်။
“ဒီနေ့ ဘာနေ့ထူးနေ့မြတ်မို့လို့လဲ၊ အသားဟင်းတွေဘာတွေ ချက်နေပါလား”
“ဒီအဘိုးကြိးကတော့… ကျွန်မကို တော်တော်တွန့်တိုနေတယ်လို့ ထင်နေတာလား၊ မိန့်အာရဲ့မောင်နှမတွေ ရောက်နေတာလေ၊ သူတို့ယူလာပေးတဲ့ ဝက်သားကိုချက်ထားတာ”
“ချန်းယွမ်နဲ့ ချန်းရှန့်တို့ကိုး၊ နောက်ဆို ဘာမှယူလာစရာမလိုပါဘူးကွာ”
ယဲ့မိန်၏ယောက္ခထီးသည်လည်း သဘောကောင်းသူဖြစ်ပါသည်။
ဘာမှယူမလာဖို့ ပြောသော်လည်း အရက်ဖြူနှစ်ပုလင်းကို မြင်သောအခါ ပြုံးဖြီးဖြီးဖြစ်သွားသည်။
ထိုလက်ဆောင်က သူ့အကြိုက်ပင် မဟုတ်ပါလား။
ယဲ့မိန်သည် အစပိုင်းတွင် သူမ၏မောင်နှမများ လက်ဆောင်ယူလာကြသည်မှာ အားနာစရာကောင်းသည်ဟု ထင်ခဲ့သော် လည်း ယနေ့တွင် ပုံမှန်ထက်နွေးထွေးနေသည့် ယောက္ခမဖြစ်သူတို့၏ အမူအရာကိုမြင်သောအခါ သူ့ညီမလေးအမြော် အမြင် ကြီးလွန်းမှန်း ရုတ်တရက် နားလည်သွားခဲ့ရပါသည်။
ငှားရမ်းထားသည့် တိုက်ခန်းမှာ အသင့်မဖြစ်သေးသဖြင့် ယဲ့ရှောင်ရှောင်တို့ မောင်နှမသုံးဦးသည် ယဲ့မိန်၏အိမ်တွင်သာ တစ်ညတာ တည်းခိုခဲ့ရသည်။
နောက်တစ်နေ့မနက်မိုးလင်းသောအခါ ယဲ့မိန်တို့လင်မယားနှစ်ဦးသည် ယဲ့ရှောင်ရှောင်တို့၏တိုက်ခန်းကို ပြင်ဆင်မွမ်းမံရန် ကူညီပေးခဲ့ပါသည်။
ဝမ်တုံချမ်းသည် သင့်တော်သော အရွယ်အစားရှိသည့် ကုတင်နှစ်လုံးကို ပြုလုပ်ပေးကာ တိုက်ခန်းဆီသို့ ပို့ပေးခဲ့သည်။
အိပ်ရာခင်းများသည် အိမ်မှယူလာသော အိပ်ရာခင်းများဖြစ်သော်လည်း စောင်များနှင့်၊ ခန်းဆီးလိုက်ကာများကိုမူ ယဲ့မိန်က စီစဉ်ပေးခဲ့ပါသည်။
သူမသည် အထည်စက်ရုံတွင် အလုပ်လုပ်သူဖြစ်၍ အနာအ ဆာပါသည့် ပိတ်စများကိုဈေးပေါပေါနှင့် ဝယ်ယူနိုင်သည်။
ထိုတောအတွင်း အိမ်ရှင်လည်း အိမ်ငှားစာချုပ်ချုပ်ဆိုရန် ရောက်ရှိလာပြီး ယဲ့ရှောင်ရှောင်တို့မှာ ကျောင်းသားများဖြစ်နေကြသဖြင့် အိမ်ငှားရသည်ကို စိတ်ချသည်ဟုဆိုခဲ့သည်။
ရိုးရိုးရှင်းရှင်း ပြင်ဆင်မှုလေးများကြောင့် အိမ်ကလေးမှာ အမှန်တကယ်ပင် အိမ်နှင့် တူလာတော့သည်။
ယဲ့ရှောင်ရှောင်က အခန်းတစ်ခန်းတွင် သီးသန့်နေထိုင်ရပြီး ကျန်အခန်းတွင် ယဲ့ချန်းရှန့်နှင့် ယဲ့ချန်းယွမ်တို့ ညီအစ်ကိုနှစ်ယောက် အတူတူနေထိုင်ရပါသည်။
သန့်ရှင်းသပ်ရပ်နေသည့် တိုက်ခန်းကလေးကို ကြည့်ရင်း အသုံးအဆောင်ပစ္စည်းအချို့ လိုအပ်နေသည်မှအပ သူမ၏ အိမ်ဟောင်းနှင့် သိပ်မခြားနားလှဟု ယဲ့ရှောင်ရှောင် ခံစားလိုက်ရသည်။
အရေးအကြီးဆုံးမှာ လျှပ်စစ်မီးလုံးများရှိသဖြင့် ညဘက်တွင် စာကြည့်ဖို့ ပိုအဆင်ပြေသွားပါလိမ့်မည်။
“နင်တို့သုံးယောက် ညဘက်ဒီမှာ အိပ်ရမယ်၊ နေ့ဘက် စားဖို့သောက်ဖို့ကတော့ ကျောင်းကန်တင်းမှာ စားလို့ရတယ်၊ အဲ့တာဆို နင်တို့ချက်စရာပြုတ်စရာလည်း မလိုတော့ဘူး၊ နင်တို့က ချက်တတ်မှာလည်း မဟုတ်ပါဘူး”
ယဲ့မိန် အကြံပြုလိုက်သည်။
သူမ အိမ်သာ ကျောင်းနှင့်မဝေးခဲ့လျှင် မောင်နှမများကို အိမ်တွင် လာစားဖို့ ဖိတ်ခေါ်မိပါလိမ့်မည်။
ယဲ့ချန်းယွမ်: “ဟုတ်ပြီအစ်မ၊ ကျွန်တော်တို့အတွက် စိတ်ပူမနေနဲ့၊ ဒီနေရာက ကျောင်းကအဆောင်ထက်စာရင် အများကြီး ပိုသာတယ်”
ယဲ့မိန်: “ရှောင်ရှောင်၊ မနက်ဖြန်ကျရင် ကျောင်းအုပ်ကြီးကို ရုံးခန်းမှာသွားတွေ့ရမယ်၊ နင့်အတွက် သူ အတန်းစီစဉ်ပေးလိမ့်မယ်”
ယဲ့ရှောင်ရှောင် ခေါင်းညိတ်လိုက်ပြီး ယဲ့မိန်နှင့် ခဲအိုဖြစ်သူတို့ကို အိမ်စောစောပြန်ဖို့ တိုက်တွန်းလိုက်ပါသည်။
ယဲ့မိန်တို့ လင်မယားပြန်သွားကြပြီး မောင်နှမသုံးယောက်တည်း ကျန်တော့သည့်အခါ ယဲ့ရှောင်ရှောင်သည် စားပွဲပေါ်တွင် စာအုပ်များကိုဖြန့်ခင်းလိုက်ရာ ဗလာကျင်းဖြစ်နေသည့် အခန်းလေးမှာ ချက်ချင်းအသက်ဝင်လာတော့သည်။
ထိုနေ့ညက ယဲ့ချန်းယွမ်တစ်ယောက် ကုတင်ပေါ်တွင် လှဲလျောင်းရင်း ယဲ့ချန်းရှန့်အား တီးတိုးပြောနေမိပါသည်။
“ချန်းရှန့်၊ ငွေရှိတာ တော်တော်ကောင်းတာပဲနော်၊ ရှောင်ရှောင် အဲ့လောက်ငွေတွေအများကြီး ဘယ်ကရလာတာလဲ မသိဘူး”
ယဲ့ချန်းရှန့်: “ရှောင်ရှောင်က ဉာဏ်ကောင်းတယ်လေ”
ယဲ့ချန်းယွမ်: “ဟုတ်ပါတယ်… မြို့ပေါ်က ကလေးတွေအကုန် အဲ့လိုပဲလားမသိဘူးနော်၊ ယန်ယန်ကော မြို့ကိုရောက်ရင် ရှောင်ရှောင်လိုပဲ ဉာဏ်ကောင်းပြီး လှလာမလားမသိဘူး”
ယဲ့ချန်းရှန့် မျက်မှောင်ကြုတ်သွာားသည်။
“ဘာလို့ သူ့ အကြောင်းပြောရတာလဲ၊ သူက ငါတို့မိသားစုဝင်တောင် မဟုတ်တော့ဘူး”
ယဲ့ချန်းယွမ်က မေးလိုက်သည်။
“မင်းကော ယန်ယန့်ကို သတိမရဘူးလား”
ယဲ့ချန်းရှန့် နံရံဘက်သို့ လှည့်ကာ ယဲ့ချန်းယွမ်အား ကျောခိုင်းလိုက်သည်။
အစပိုင်းတွင်တော့ ယန်ယန့်ကို ယဲ့ချန်းရှန့် သတိရပြီး စိတ်ပူပေးခဲ့ပါသေးသည်။
သို့သော် အချိန်ကြာလာသည်နှင့်အမျှ ထိုခံစားချက်တို့ မှေးမှိန်ပျောက်ကွယ်သွားရသည်။
ထို့အပြင် သူမသည် အလွန်ဆိုးရွားသည့် လုပ်ရပ်တစ်ခုကို လုပ်ခဲ့သူဖြစ်သည်။
သူမသာ ယဲ့မိသားစုကို အမှန်တကယ်ချစ်မြတ်နိုးပါက ဤမျှကြာသည်အထိ အဆက်အသွယ်မလုပ်ဘဲ နေခဲ့မည် မဟုတ်ပေ။
မိသားစုကို သူမ ဘက်မှအရင် စွန့်ခွာသွားခဲ့ခြင်း မဟုတ်ပါလား။