အခန်း (၃၅-၃၆)
Vol. 4 Ch. 35-36
📗 Chapter 35
ပိုင်ချွမ်အမှတ်(၁) အထက်တန်းကျောင်း၏ ပထမဆုံး ကျောင်းဖွင့်ရက်တွင် ကျောင်းအဝင်ဝ၌ အလွန်ပင် စည်ကားသိုက်မြိုက်လျက် ရှိပါသည်။
မိဘများစွာသည် အထုပ်အပိုးများကို သယ်ဆောင်ရင်း သားသမီးများကို သက်ဆိုင်ရာ အဆောင်များထံသို့ လိုက်လံ ပို့ဆောင်ပေးနေကြသည်။
ယဲ့မိသားစုဝင်များဖြစ်သော ယဲ့ချန်းရှန့်နှင့် ယဲ့ချန်းယွမ်တို့သည်လည်း ယခင်က ထိုအုပ်စုထဲတွင် ပါဝင်ခဲ့ဖူးပါသည်။
ယခုနှစ်တွင်မူ သူတို့သည် မနက်စာကို အိမ်မှာပင်စားသောက်ပြီး ကျောင်းသို့ အေးအေးလူလူ လမ်းလျှောက်လာနိုင်ကြပြီ ဖြစ်သည်။
မနက်စာမှာ အောက်ထပ်မှ ဝယ်ယူထားသည့် ပေါက်စီအချို့သာ ဖြစ်သော်လည်း နံနက်ပိုင်းတွင် အိပ်ချိန် နာရီဝက်ခန့် ပိုအိပ်ရခြင်းနှင့် မျက်နှာသစ်ရန် ရေနွေးပူပူ ရရှိခြင်းတို့မှာ ယခင်က သူတို့ စိတ်ကူးပင်မယဉ်ဖူးသည့် အကျိုးခံစားခွင့်များပင် ဖြစ်ကြသည်။
ယဲ့ချန်းရှန့်သည် ယဲ့ရှောင်ရှောင်ကို ကျောင်းအုပ်ရုံးခန်းသို့ လိုက်ပို့ပေးပြီးနောက် သူ့အတန်းသူ ပြန်လာခဲ့ပါသည်။
“ဆရာကြီး၊ သမီးက ကျောင်းသူသစ် ယဲ့ရှောင်ရှောင်ပါ၊ ကျောင်းပြောင်းကျောင်းသူအဖြစ် စာရင်းလာသွင်းတာပါ”
ကျောင်းအုပ်ကြီး၏ ရုံးခန်းသည် ရိုးရိုးရှင်းရှင်းသာဖြစ်ပြီး နံရံများတွင် စာအုပ်စင်များ စီရီထားပါသည်။
ကျောင်းအုပ်ကြီးသည် စားပွဲတွင်ထိုင်နေပြီး သူ့ရှေ့တွင်မူ အရပ်ရှည်ရှည်ပိန်ပိန်ပါးပါး ကောင်လေးတစ်ယောက် မတ်တပ်ရပ်နေလေသည်။
ထိုကောင်လေးမှာ ဝတ်ကောင်းစားလှများ ဝတ်ဆင်ထားသဖြင့် ယဲ့မိသားစုထက် ပိုမိုကြွယ်ဝသည့် မိသားစုတစ်စုမှ လာခြင်းဖြစ်မှန်း သိသာလှပါသည်။
ကျောင်းအုပ်ကြီးသည် ယဲ့ရှောင်ရှောင်ကို ဦးစွာ ဝင်ခွင့်ပြုလိုက်ပြီး ကောင်လေးကို ပြောလိုက်ပါသည်။
“ဒီတစ်ခေါက် သင်္ချာစွမ်းရည်ပြိုင်ပွဲမှာ မင်းရဲ့ စွမ်းဆောင်ရည်က တကယ်ကောင်းပါတယ်၊ မင်းအတွက် အထူးအခွင့်အလမ်းတွေနဲ့ တက္ကသိုလ်ဝင်ခွင့်ရဖို့ကလည်း အလားအလာ အများကြီးရှိတယ်၊ အခုပြန်လို့ရပြီ၊ ပညာကို ဆက်ကြိုးစား၊ ရွေးချယ်စရာ လမ်းစတွေကိုလည်း ရှာဖွေထားဦး”
ထိုကောင်လေးက ကြည်လင်ပြတ်သားသည့်အသံဖြင့် ကတိပြုလိုက်သည်။
“ကျေးဇူးတင်ပါတယ် ဆရာကြီး၊ ကျွန်တော်ဆက်ကြိုးစားပါ့မယ်”
ယဲ့ရှောင်ရှောင်သည် ဘေးနားမှဖြတ်သွားသော ထိုကောင်လေးကို သေချာ အကဲခတ်လိုက်သည်။
သူသည် ရုပ်ရည်ပြေပြစ်ရုံသာမကဘဲ နူးညံ့သိမ်မွေ့ပြီး ဖြောင့်မတ်မှန်ကန်သည့် အရှိန်အဝါမျိုးရှိသည်။ ထိပ်တန်းကျောင်းသားတစ်ဦးဖြစ်မှန်း သိသာလှပါသည်။
ထို့အပြင် ဤခေတ်တွင် စွမ်းရည်ပြိုင်ပွဲများ၌ ထူးချွန်သည့် ကျောင်းသားများက အလွန်အရေးပေးခံရလေ့ရှိပြီး အမှတ်ကောင်းလျှင် တက္ကသိုလ်သို့ တိုက်ရိုက်ဝင်ခွင့်ရဖို့ အလားအလာ အများကြီးရှိကြပါသည်။
“မင်းက ယဲ့ရှောင်ရှောင်ပေါ့”
ကျောင်းအုပ်ကြီးသည် ခေတ္တရပ်တန့်ကာ ဆက်ပြောလိုက်သည်။
“နောက်ဆုံးနှစ်ရောက်မှ ကျောင်းပြောင်းဖို့ ဘာလို့ ဆုံးဖြတ်လိုက်တာလဲ၊ မင်းရဲ့ သင်ယူမှု အခြေအနေက တို့နဲ့မတူဘဲ ခြားနားနေနိုင်တယ်၊ ဒါပေမယ့် မင်းက သင်ကြားရေးစံနှုန်းမြင့်တဲ့ ပေကျင်းမြို့ အမှတ်(၃) အထက်တန်းကျောင်းမှာ တက်ခဲ့တာမို့လို့ ငါလက်ခံပေးခဲ့တာ”
ကျောင်အုပ်ကြီးက မျက်မှန်ကို ပင့်တင်ရင်း ယဲ့ရှောင်ရှောင်နှင့် သက်ဆိုင်သည့် စာရွက်စာတန်းများကို စစ်ဆေးကာ လေးလေးနက်နက် ပြောလိုက်ပါသည်။
“မင်းက အတန်း(၉)မှာ တက်ရမယ်၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေရဖို့ ၆ လပဲ ကျန်တော့တယ်၊ ကျန်ရှိနေတဲ့အချိန်မှာ အကောင်းဆုံး ကြိုးစားပါ”
“ဟုတ်ကဲ့ပါ ဆရာကြီး”
အမှန်တော့ မည်သည့်အတန်းတွင်ပဲ တက်ရပါစေ ယဲ့ရှောင်ရှောင်မမှုပါ။
ကျောင်းသားဟူသည့် အဆင့်အတန်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့နှင့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုခွင့်ရဖို့သာ လိုအပ်ပါသည်။
စာမေးပွဲတွင် အမှတ်ကောင်းကောင်းရရှိနိုင်လိမ့်မည်ဟုလည်း သူမ ယုံကြည်မှုရှိသည်။
ယခင်ဘဝက ခက်ခက်ခဲခဲ ကြိုးစားခဲ့သည်များမှာ အလကားမဖြစ်ခဲ့ပါ။ အချို့သော အသိပညာများက ကြွက်သားမှတ်ဉာဏ်အဖြစ် ကျန်ရှိနေဆဲပင်။
နောက်ဆုံးနှစ်၏ အတန်း(၉)မှာ မည်သည့်ပုံစံမျိုး ရှိနေမည်ကို ယဲ့ရှောင်ရှောင် မသိသေးပေ။
ထို့ကြောင့် ကျောင်းအုပ်ရုံးခန်းမှ ထွက်လာပြီးနောက် စာသင်ဆောင်ဘက်သို့ တန်းတန်းမတ်မတ် ထွက်လာခဲ့ပါသည်။
စာသင်ဆောင်မှာ ဆေးများကွာကျနေပြီး တကျွီကျွီမြည်နေသော ကြမ်းခင်းပြားများကြောင့် အလွန်ရှေးကျသော ခံစားချက်တစ်ခုကို ပေးစွမ်းနေပါသည်။
စာသင်ဆောင်တွင် အထပ်သုံးထပ်ရှိပြီး နောက်ဆုံးနှစ်အတန်းများက တတိယထပ်တွင် တည်ရှိပါသည်။
စင်္ကြံလမ်းများ၊ စာသင်ခန်းများ၊ ကျောင်သင်ပုန်းများ… အရာအားလုံးက ဟောင်းနွမ်းလျက်ရှိကာ အတိတ်ကာလ၏ ခံစားချက်များကို ဆောင်ကျဉ်းပေးနေပါသည်။
ယခင်ဘဝက ယဲ့ရှောင်ရှောင် မူလတန်းတက်သည့်အချိန်မှာပင် နည်းပညာက အလွန်မြင့်မားနေလေပြီ။
ထို့ကြောင့် စာသင်ဆောင်ထဲ ဝင်လာသောအခါ ယဲ့ရှောင်ရှောင်အဖို့ အရာရာက ဟောင်းနွမ်းနေသော်လည်း တစ်ချိန်တည်းမှာပင် ဆန်းသစ်နေသကဲ့သို့ ခံစားရပါသည်။
နောက်ဆုံးနှစ် အတန်း(၁) ရှေ့မှဖြတ်သွားစဉ် ယဲ့ချန်းရှန့်ကို မြင်လိုက်ရသည်။
ယဲ့ချန်းရှန့်က အခြေအနေကို မေးမြန်းကြည့်လိုက်ပါသည်။
“အခြေအနေဘယ်လိုရှိလဲ၊ နင်ဘယ်အတန်းမှာ တက်ရမှာလဲ”
ယဲ့ရှောင်ရှောင်ကပြန်ဖြေသည်။
“နောက်ဆုံးနှစ် အတန်း(၉)မှာ”
ယဲ့ချန်းရှန့် မျက်မှောင်ကြုတ်သွားလေသည်။
“ကျောင်းအုပ်ကြီးက နင့်ကို ဘာလို့ အတန်း(၉)ဆီ ပို့ရတာလဲ၊ အဲ့မှာဆို နင့်ပညာရေးပါ ထိခိုက်သွားနိုင်တယ်နော်”
ယဲ့ရှောင်ရှောင်ကမူ ပခုံးသာ တွန့်ပြလိုက်သည်။
“အရင်သွားကြည့်လိုက်ပါဦးမယ်၊ အရမ်းကြီးအဆင်မပြေဘူးဆိုရင် ကျောင်းအုပ်ကြီးကို ပြန်သွားပြောလိုက်မယ်”
ယဲ့ချန်းရှန့်လည်း ခေါင်းညိတ်ထောက်ခံလိုက်သည်။
“အေးပါ၊ ပြဿနာတစ်စုံတစ်ရာရှိရင် ငါ့ကို အတန်း(၁)မှာ လာတွေ့လို့ရတယ်၊ ဒါမှမဟုတ် အတန်း(၅)မှာ ချန်းယွမ်ကို သွားတွေ့လည်းရတယ်”
ယဲ့ရှောင်ရှောင်က အဆင်ပြေသည်ဟု ဆိုခဲ့သည်။
ကျောင်းဖွင့်စရက်ဖြစ်၍ နေရာတိုင်းတွင် အလွန်ယောက်ယက်ခတ်နေပါသည်။
ကျောင်းတက်ခေါင်းလောင်း သုံးကြိမ်တိုင်တိုင် တီးခဲ့သော်လည်း စင်္ကြံလမ်းတွင် ကျောင်းသားများနှင့် ဆူညံနေဆဲဖြစ်သည်။
အတန်း(၉)ထဲသို့ ယဲ့ရှောင်ရှောင် ဝင်လာသောအခါ စာသင်ခန်းတစ်ခန်းလုံး ရုတ်တရက် တိတ်ဆိတ်သွားကြပါသည်။
ထို့နောက် လေချွန်သံများ၊ ရယ်မောသံများ စီစီညံအောင် ထွက်ပေါ်လာခဲ့သည်။
“ငါတို့အတန်းကို ကျောင်းသူသစ်ရောက်လာပြီဟေ့!”
“ကျောင်းသူသစ်က ကြည့်ကောင်းသားပဲ!”
“သူဘယ်က ပြောင်းလာတာလဲမသိဘူး၊ တစ်ခါမှလည်း မမြင်ဖူးဘူး…”
ယဲ့ရှောင်ရှောင် တစ်ခန်းလုံးကို ဝေ့ကြည့်လိုက်ရာ မြင်ဖူးနေသည့် မျက်နှာတစ်ခုကို မြင်လိုက်ရပါသည်။
ရွာသူကြီး၏ သမီးဖြစ်သူ ကျန်းအာ့နီသည် အနောက်ဆုံးမှရေလျှင် သုံးတန်းမြောက်၌ ထိုင်နေလေသည်။ သို့သော် သူမဘေးတွင် ထိုင်နေသူကမူ ပိုင်ချွမ်ရွာမှမဟုတ်ပေ။
ပိုင်ချွမ်ရွာသည် အလွန်ဆင်းရဲသဖြင့် မိသားစုတိုင်းက သားသမီးများကို ကျောင်းမထားနိုင်ကြပေ။
ထို့အပြင် အချို့သော ကလေးများကလည်း ကျောင်းတက်ရသည်ကို ပင်ပန်းသည်ဟု ထင်ကြသဖြင့် ကျောင်းတက်လိုစိတ် မရှိကြပါ။
ကျန်းအာ့နီလည်း ယဲ့ရှောင်ရှောင်ကို မြင်ပါသည်။ သို့သော် သူမကို မခေါ်ချင်ပေ။
ထိုယဲ့ရှောင်ရှောင်သည် သူမသဘောကျသည့် လီသဲ့ရှုကို မြူဆွယ်ခဲ့သူဖြစ်ပြီး ထိုကိစ္စအတွက် စာရင်းမရှင်းရသေးသဖြင့် သူမ အကျပ်ရိုက်နေချိန်တွင် အကူအညီပေးဖို့ အစီအစဉ်မရှိပါ။
သို့သော် ဆရာမရောက်ရှိလာသဖြင့် ယဲ့ရှောင်ရှောင်၏ အနေခက်စရာ အခြေအနေမှာ ကြာရှည်မခံခဲ့ပေ။
ကျန်းရှားသည် တရုတ်ဘာသာ သင်ကြားပေးသည့် ဆရာမဖြစ်ပြီး ဤအတန်း၏ အတန်းပိုင်ဆရာမလည်း ဖြစ်သည်။ ကျောင်းအုပ်ကြီးက သူမကို ကျောင်းသူသစ်အကြောင်း ပြောပြထားပါသည်။
“မင်းက ကျောင်းသူသစ်လေးထင်တယ်၊ ဒုတိယတန်းရဲ့ အလယ်မှာ သွားထိုင်လိုက်ပါ၊ ကျန်တဲ့သူတွေအားလုံး တိတ်ကြမယ်၊ ပထမအချိန်က ကိုယ်ပိုင်စာကြည့်ချိန်ပဲ၊ ယောက်ျားလေး ဆယ်ယောက်လောက် စာအုပ်တွေ သွားယူပေးပါ”
“ဟုတ်ကဲ့ပါဆရာမ”
ဒုတိယတန်း၏ အလယ်တွင် ထိုင်ခုံအလွတ်တစ်ခုံ ရှိနေပါသည်။ ထိုနေရာတွင် အဘယ်ကြောင့် မည်သူမှ ထိုင်မနေသည်ကို ယဲ့ရှောင်ရှောင် မသိပါ။
သို့သော် ဆရာမက ထိုင်ခိုင်းသဖြင့် သူမ စကားနားထောင်ကာ ထိုင်လိုက်ရပါသည်။
ဆရာမ စာအုပ်ယူခိုင်းသောအခါ အနောက်ဘက်အတန်းမှ ယောက်ျားလေးများက ဝုန်းခနဲ ပြေးထွက်သွားကြသည်။ ဆယ်ယောက်ပင် မကလောက်ပါ။
ယဲ့ရှောင်ရှောင်၏ ထိုင်ခုံဖော်မှာ ရှက်တတ်သည့် ကောင်မလေးတစ်ယောက်ဖြစ်သည်။
ယဲ့ရှောင်ရှောင်က ပြုံးပြလိုက်ရာ ထိုကောင်မလေးမမှာ ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းငုံ့သွားပါသည်။
“ငါ့နာမည် ယဲ့ရှောင်ရှောင်ပါ၊ နင့်နာမည်ကကော”
ကောင်မလေးက ထစ်ငေါ့စွာ ပြန်ဖြေသည်။
“ငါ…ငါ့နာမည်… ဝမ်…ဝမ်ယင်ပါ”
ယဲ့ရှောင်ရှောင်: “ငါတို့က ထိုင်ခုံဖော်တွေဖြစ်သွားပြီဆိုတော့ နောက်လည်း ငါအကူအညီလိုရင် ကူညီပေးပါဦးနော်”
ဝမ်ယင်: “ဟုတ်…ဟုတ်ပါပြီ”
ဝမ်ယင်စကားဆုံးသည်နှင့် သူမခေါင်းကို စက္ကူလုံးတစ်လုံး လာမှန်လေသည်။
ယဲ့ရှောင်ရှောင် နောက်သို့လှည့်ကြည့်လိုက်ရာ စက္ကူလုံးပစ်လိုက်သူမှာ အခြားသူမဟုတ်ဘဲ ကျန်းအာ့နီ ဖြစ်နေသည်ကို မြင်လိုက်ရသည်။
“နင်ဘာလုပ်တာလဲ ကျန်းအာ့နီ!”
ကျန်းအာ့နီက ခက်ထန်စွာ ပြန်အော်လိုက်သည်။
“ဘာမှမလုပ်ဘူး လက်ချော်သွားလို့၊ နင်ကကောဘာလို့ အသံကျယ်ကျယ်နဲ့ လာအော်နေတာလဲ၊ အ,ထစ်လေးအတွက် သူရဲကောင်းကြီး လုပ်ပေးချင်နေတာလား”
“အ,ထစ်လေး ဟုတ်လား”
သူမ၏ ထိုင်ခုံဖော် ဝမ်ယင်ကို ယဲ့ရှောင်ရှောင် လှည့်ကြည့်လိုက်သည်။
ဝမ်ယင်မှာ စားပွဲအောက်သို့ ရောက်လုနီးပါး ပုန်းနေပြီး တုန်ယင်နေကာ စကားတစ်ခွန်းမှ ပြန်မပြောရဲပါ။
ဤအခြေအနေမှာ ရုပ်ရှင်များထဲတွင် မြင်နေကျဖြစ်သော ကျောင်းတွင်းအနိုင်ကျင့်မှုမျိုးဖြစ်သည်ကို ယဲ့ရှောင်ရှောင် နားလည်လိုက်ရပါသည်။
မည်သည့်ခေတ်တွင်မဆို ပြဿနာရှာတတ်သူများ ရှိကြစမြဲပင်။
ယဲ့ရှောင်ရှောင်က ကျန်းအာ့နီကို ပြန်လှည့်ကြည့်ကာ ပြောလိုက်သည်။
“သူ့မှာနာမည်ရှိတယ်၊ ဝမ်ယင်တဲ့”
ကျန်းအာ့နီက လှောင်ပြောင်သည်။
“သူ့မှာ နာမည်ရှိလည်း ဘာဖြစ်လဲ၊ ငါကတော့ သူ့ကို အ,ထစ်လေးလို့ ခေါ်မှာပဲ၊ အ,ထစ်လေး၊ အ,ထစ်လေး၊ အ,ထစ်လေး! ဟားဟားဟား”
“နင်ဘာတွေအော်နေတာလဲ ကျန်းအာ့နီ! နင့်အသံတစ်ခန်းလုံးကြားနေရတယ်! နင်စာမသင်ချင်ရင် နင့်ဖာသာနင်နေ၊ တခြားသူတွေကို လိုက်မနှောင့်ယှက်နဲ့”
ဆရာမ ကျန်းရှား ရုတ်တရက် ပြန်ရောက်လာကာ ကျန်းအာ့နီကို ငေါက်လိုက်ပါသည်။
ကျန်းအာ့နီလည်း ချက်ချင်းပင် ပါးစပ်ပိတ်သွားပြီး ရှက်ရွံ့မှုကြောင့် မျက်နှာတစ်ခုလုံး နီရဲသွားသည်။
ထိုင်ခုံတွင် ပြန်ထိုင်လိုက်ပြီးနောက် ယဲ့ရှောင်ရှောင်ကို အဆိပ်ပြင်းစွာ ကြည့်လိုက်ပါသည်။
“နင်စောင့်နေစမ်းပါ!”
ယဲ့ရှောင်ရှောင်က ပါးချိုင့်များပေါ်သည်အထိ ချိုချိုမြိန်မြိန်ပြုံးကာ ကျန်းအာ့နီအား တစ်လုံးချင်းပီပီသသ ပြောလိုက်ပါသည်။
“ငါစောင့်နေတယ်”
ကျန်းအာ့နီ ဒေါသထွက်လွန်းသဖြင့် အံများပင် ကြိတ်မိနေပါပြီ။
ကျောင်းဖွင့်စနေ့တွင် စာရင်းသွင်းခြင်းနှင့် စာအုပ်ထုတ်ခြင်းတို့ကိုသာ ဆောင်ရွက်ပြီး အမှန်တကယ် စာသင်ကြားခြင်း မရှိပေ။
ကျောင်းချိန်အတွင်းမှာပင် အတန်းထဲ မငြိမ်မသက်ဖြစ်နေပြီး ခေါင်းလောင်သံမြည်သည်နှင့် အတန်း(၉)မှ ကျောင်းသားကျောင်းသူများအားလုံး ဝုန်းဒိုင်းကြဲကာ ပြေးထွက်သွားကြတော့သည်။
ယဲ့ရှောင်ရှောင်ကမူ စာအုပ်များကိုသာ စိတ်မပါစွာ ထိုင်လှန်နေလေသည်။
သူမ၏ ရှက်တတ်သည့် ထိုင်ခုံဖော်လေးမှာ သူမကို မကြာခဏ လှည့်ကြည့်နေသော်လည်း စကားမပြောရဲခဲ့ပေ။
ထိုအချိန်တွင် ယဲ့ချန်းရှန့်နှင့် ယဲ့ချန်းယွမ်တို့ ရောက်လာပြီး ယဲ့ရှောင်ရှောင်၏ အခြေအနေကို လာကြည့်ကြပါသည်။
အားလုံးအဆင်ပြေမှန်း မြင်ခါမှ စိတ်အေးလက်အေးနှင့် ပြန်သွားကြလေသည်။
အခြားအတန်းဖော်များကလည်း ကျောင်းသူသစ်ကို စိတ်ဝင်စားကြသော်ငြား လူကြောက်တတ်သော ခေတ်ကာလဖြစ်၍ သူမကို မည်သူမှ စကားလာမပြောရဲကြချေ။
ဤအတိုင်းသာဆိုလျှင် တစ်နေ့တာလုံး အေးအေးချမ်းချမ်းနှင့် ကုန်ဆုံးသွားနိုင်သော်လည်း အလွန်စိတ်ရှုပ်စရာကောင်းသည့်အသံတစ်သံက ရုတ်တရက် ထွက်ပေါ်လာခဲ့ပါသည်။
“ရှောင်ရှောင်! နင်တကယ် ဒီကျောင်းမှာလာတက်နေတာပဲ၊ အာ့နီသာလာမပြောရင် ငါသိမှာမဟုတ်ဘူး”
မည်သည့်နေရာကမှန်းမသိ ပေါ်လာသည့် လီသဲ့ရှုသည် ယဲ့ရှောင်ရှောင်ရှေ့တွင်ရပ်ကာ ပြုံးရွှင်နေပါသည်။
ဘေးတွင်ရပ်နေသည့် ကျန်းအာ့နီက ဒေါသတကြီးဖြင့်ဆိုလိုက်သည်။
“သဲ့ရှု၊ နင်ငါ့ကို လာတွေ့တာမဟုတ်ဘူးလား၊ ပြီးတော့ အဲ့ကောင်မက ငါ့ကို အနိုင်ကျင့်ထားတာ၊ ငါ့အတွက် ကလဲ့စားချေပေးမလို့ မဟုတ်ဘူးလား”
လီသဲ့ရှု၏ မိသားစုက ချမ်းသာသဖြင့် ကောင်တီမြို့တွင် အိမ်တစ်လုံး ဝယ်ထားပါသည်။
ထို့အပြင် အဆက်အသွယ်များကို အသုံးချကာ လီသဲ့ရှုကို စက်ရုံတစ်ခုတွင် အလုပ်သွင်းပေးထားကြသည်။
ထို့ကြောင့် သူ့ကို ဤနေရာတွင် မြင်ရသည်မှာ မထူးဆန်းလှပေ။
သူမကို နှုတ်ဆက်ဖို့အတွက်နှင့် တကူးတကရောက်လာလိမ့်မည်ဟုတော့ ယဲ့ရှောင်ရှောင် ထင်မထားခဲ့ပါ။
‘ဘာတွေဖြစ်နေတာလဲ… ဟောက်ယန်ယန်ရဲ့ ဇာတ်ညွှန်းက ငါ့ဆီများ ရောက်လာတာလား’
ကံမကောင်းစွာဖြင့် ဤကဲ့သို့ ကလေကချေမျိုးကို သူမ သဘောမကျတတ်ပါ။
ထို့အပြင် လီသဲ့ရှုက လူသားအရေခြုံထားသော မကောင်းဆိုးဝါးပင်ဖြစ်သည်။
ယဲ့ရှောင်ရှောင်သည် ရေခဲတမျှအေးစက်သော မျက်နှာဖြင့် ပြန်မေးလိုက်သည်။
“နင်နဲ့ဘာဆိုင်လို့လဲ”
လီသဲ့ရှုက ဟန်ဆောင်ပြုံးကာ ဖြေလိုက်သည်။
“ငါနဲ့ ဘာလို့မဆိုင်ရမှာလဲ၊ ငါတို့က တစ်ရွာတည်းသားချင်းတွေလေ၊ တစ်ယောက်ကိုတစ်ယောက် ဖေးမကူညီပေးသင့်တာပေါ့”
ယဲ့ရှောင်ရှောင် မျက်ခုံးတစ်ဖက်ပင့်သွားပြီး ကျန်းအာ့နီကို လက်ညှိုးထိုးကာ မေးလိုက်သည်။
“တစ်ရွာတည်းသားချင်းဖြစ်တာနဲ့ပဲ အချင်းချင်း ကူညီပေးသင့်တာ မဟုတ်လောက်ဘူးထင်တယ်နော်၊ အဲ့တာဆို ဒီနေ့ သူငါ့ကို ဘာလို့အနိုင်ကျင့်တာလဲ”
လီသဲ့ရှု၏ မျက်နှာမှာ ချက်ချင်း ခက်ထန်သွားပြီး ကျန်းအာ့နီအား လှည့်ငေါက်လိုက်လေသည်။
“ကျန်းအာ့နီ! နင်အပြင်မှာ သူများတွေကို ပြဿနာရှာတာ ကိစ္စမရှိဘူး၊ ဒါပေမယ့် ကျောင်းက အတန်းဖော်အချင်းချင်း အနိုင်ကျင့်ရသလား၊ ဦးလေးရန်ကွေ့သာ သိရင် နင့်ကို သေချာပေါက် ရိုက်သတ်မှာပဲ”
ဖြူစင်သည်ဟုထင်ရသော်လည်း အလွန်လှည့်စားတတ်သည့် ဤကဲ့သို့ မိန်းကလေးမျိုးကို ကျန်းအာ့နီ တစ်ခါမှ မတွေ့ဖူးပေ။
ထို့အပြင် လီသဲ့ရှု၏ ဆူပူကြိမ်းမောင်းမှုကိုပါ ခံလိုက်ရသဖြင့် စာသင်ခန်းထဲမှ ငိုယိုရင်း ထွက်ပြေးသွားတော့သည်။
“လီသဲ့ရှု မကောင်းတဲ့ကောင်! နင့်ကို ငါ့အမေနဲ့ သွားတိုင်မယ်!”
📗 Chapter 36
လီသဲ့ရှုသည် ကျန်းအာ့နီကို တစ်ချက်ပ်င လှည့်ပင်မကြည့်ခဲ့ဘဲ ယဲ့ရှောင်ရှောင်ကိုသာ အမှတ်ယူလိုဟန်ဖြင့် ပြောလိုက်သည်။
“သူ့ကိုဂရုစိုက်မနေနဲ့၊ သူက အမြဲအဲ့လို ရူးကြောင်ကြောင် လုပ်တတ်တယ်၊ တွေ့လား ရှောင်ရှောင်၊ ငါနင့်အတွက် သူ့ကို ဆူပေးလိုက်တာ၊ အဲ့တာတစ်ယောက်ကိုတစ်ယောက် ကူညီပေးရာမရောက်ဘူးလား”
ယဲ့ရှောင်ရှောင် မတတ်သည့်အဆုံး ခေါင်းညိတ်လိုက်ရပါသည်။
“ထင်တာပဲ”
လီသဲ့ရှုမျက်နှာမှာ ပျော်ရွှင်မှုတို့ဖြင့် တောက်ပသွားခဲ့သည်။
“အဲ့တာဆို ငါနင့်ကိုတစ်ခုခုလိုက်ကျွေးလို့ရမလား”
ယဲ့ရှောင်ရှောင် အေးစက်စွာ ငြင်းဆန်လိုက်သည်။
“မရဘူး၊ ငါအတန်းတက်ရဦးမယ်”
လီသဲ့ရှု၏ ဟန်ဆောင်ကောင်းသော မျက်နှာမှာ အနည်းငယ် ပျက်ယွင်းလုနီးပါးဖြစ်သွားခဲ့သော်လည်း လေသံကို ထိန်းကာ ပြောလိုက်ပါသည်။
“ဟုတ်ပါပြီ၊ ဒါဆိုလည်း နောက်တစ်ခါမှပေါ့”
သူသည် ကျောင်းသားတစ်ယောက်မဟုတ်သဖြင့် ကျောင်းထဲတွင် ကြာကြာနေ၍ မရဘဲ ပြောချင်သည့်စကားများ ပြောပြီးသည်နှင့် ထွက်သွားခဲ့ပါသည်။
ယဲ့ရှောင်ရှောင်သည် ကျန်ရှိနေသော အချိန်များကို တိတ်ဆိတ်စွာသာ ကုန်ဆုံးစေခဲ့သည်။
ထိုနေ့က အလုပ်များစွာ မပြီးမြောက်ခဲ့သော်လည်း လုဟန်ချွမ်ပြောသည့် ခက်ခဲသည့်အခြေအနေများဟူသည်မှာ အဘယ်ကိုဆိုလိုမှန်း ယဲ့ရှောင်ရှောင် နားလည်ခဲ့ရပါသည်။
ဤကျောင်း၏ ကျောက်သင်ပုန်းနှင့် ခုံစောင်းတို့မှာ ရှေးဟောင်းပစ္စည်းများပမာ ဟောင်းနွမ်းနေပြီး အိမ်သာများမှာလည်း မြေကျင်းအိမ်သာများဖြစ်ကာ ရာသီဥတုက အေးလွန်းသဖြင့် ဘုံပိုင်ခေါင်းများတွင် ရေခဲနေတတ်သည်။
စာသင်ခန်းထဲတွင် အပူပေးမီးဖိုတစ်ခုရှိသော်လည်း ကျောက်မီးသွေးမရှိသဖြင့် ထင်းကိုသာအသုံးပြုရသည်။။
မီးဖိုကို ပုံမှန်ထင်းထည့်ပေးရပြီး အကယ်၍ ငြိမ်းသွားပါက ပြန်မွှေးရန် အလွန်ခက်ခဲလှပေသည်။
ယဲ့ရှောင်ရှောင် ဘဝင်မကျသည်မှာ အပူပေးမီးဖို့ မွှေးရသည့် အလု့်ကို တစ်ပတ်တာ တာဝန်ကျကျောင်းသားက တာဝန်ယူရခြင်းပင်ဖြစ်သည်။
တာဝန်ကျ ကျောင်းသားသည် ထင်းများကို ယူဆောင်ပြီး ကျောင်းသို့စောစောလာကာ အပူပေးမီးဖိုကို မီးမွှေးပေးထားရသည်။
ဤကဲ့သို့သော အခြေအနေမျိုးတွင် ကလေးများသည် ပညာရေးကို မည်သို့အာရုံစိုက်နိုင်ဦးမည်နည်း။
နောက်ဆုံးတော့ ဤကျောင်း၏ အောင်ချက်ရာခိုင်နှုန်း အဘယ်ကြောင့် အလွန်နိမ့်ကျနေရသည်ကို ယဲ့ရှောင်ရှောင် နားလည်သွားခဲ့ပါပြီ။
ကျောင်းဆင်းသောအခါ ယဲ့ရှောင်ရှောင်သည် ယဲ့ချန်းရှန့်၊ ယဲ့ချန်းယွမ်တို့နှင့် တွေ့ဆုံပြီး ကျောင်းကန်တင်းကို သွားကြည့်ခဲ့ကြသည်။
ကန်တင်းတွင် တူးချိတ်နေသော ပေါက်စီများ၊ ဂေါ်ဖီထုပ်များနှင့် အာလူးများကိုသာ တွေ့ခဲ့ရသည်။
ယဲ့မိသားစု၏ ထမင်းဝိုင်းသည် သာမန် အိမ်ချက်ဟင်းလျာများသာ ဖြစ်တတ်သော်လည်း မြောင်စွေ့ဖန်းနှင့် အဘိုးမြောင်တို့ နှစ်ဦးစလုံးက အချက်အပြုတ်တော်ကြသူများဖြစ်၍ ကလေးများ စားသောက်ဖို့အတွက် အမယ် စုံလင်အောင် မရိုးရစေဘဲ ချက်ပြုတ်ပေးတတ်ပါသည်။
ယခုကဲ့သို့ အလွန် အေးစက်၊ မာကျောပြီး အော်ဂလီဆန်စရာကောင်းသည့် အစားအသောက်များကို ပထမဆုံးစားဖူးခြင်းဖြစ်၍ ယဲ့ရှောင်ရှောင် ငိုပင် ငိုချင်သွားလေသည်။
ယဲ့ချန်းယွမ်လည်း သက်ပြင်းချလိုက်သည်။
“အမေ့လက်ရာကို သတိရလိုက်တာကွာ…”
ယဲ့ရှောင်ရှောင် အဆင်မပြေသည်ကို သတိထားမိသော ယဲ့ချန်းရှန့်က အကြံပြုလိုက်သည်။
“ငါတို့ဖာသာ ဈေးသွားဝယ်ပြီး အိမ်မှာချက်ပြုတ်ကြရအောင်လေ”
ယဲ့ရှောင်ရှောင် စိတ်ထဲမှ တွေးလိုက်သည်။
‘ငါလည်း ချက်ချင်တာပေါ့၊ ဒါပေမယ့် ချက်မှ မချက်တတ်တာ’
ယဲ့ချန်းရှန့်: “ငါချက်တတ်ပါတယ်”
ယဲ့ရှောင်ရှောင် မျက်လုံးများ အရောင်လက်သွားသည်။
သို့သော် ယခုအချိန်သည် အထက်တန်းကျောင်းသားများအတွက် အလွန်အရေးကြီးသည့် အချိန်ဖြစ်ကာ ယဲ့ချန်းရှန့်ကလည်း တက္ကသိုလ်တက်ဖို့ ရည်ရွယ်ထားသူဖြစ်သည်။
မောင်နှမများအတွက် ချက်ပြုတ်ပြင်ဆင်ပေးရခြင်းကြောင့် သူ၏ ပညာရေးကို ထိခိုက်မသွားစေလိုပေ။
“သမီးတစ်ခုခုစဉ်းစားပါဦးမယ်၊ နည်းလမ်းတော့ရှိမှာပါ”
ဤသို့ဖြင့် ယဲ့ရှောင်ရှောင်၏ ဒုက္ခများသော နောက်ဆုံးနှစ် အထက်တန်းကျောင်းသူဘဝမှာ စတင်ခဲ့တော့သည်။
ယဲ့ရှောင်ရှောင်သည် အစားအသောက်ပြဿနာအတွက် နည်းလမ်း ရှာမရသေးသော်လည်း ကျန်အခြေအနေများမှာမူ အဆင်ပြေသည်ဟု ဆိုနိုင်ပါသည်။
စိတ်ပျက်စရာကောင်းသည့် တစ်ခုတည်းသောအချက်ဟူ၍ အတန်းပိုင်ဆရာမမှအပ အတန်း(၉)မှ အခြားဆရာဆရာမများက သင်ကြားရေးကို စိတ်ဝင်စားပုံမရခြင်းပင်။
အတန်း(၉)မှ ကျောင်းသားကျောင်းသူများကလည်း စာသင်ယူဖို့ကို နှစ်သက်ပုံ မပေါ်ကြပါ။ အတန်းချိန်အတွင်းမှာကော၊ အတန်းချိန်ပြင်ပမှာပါ တစ်ခန်းလုံး ဆူညံပွက်လောရိုက်နေလေ့ရှိပါသည်။
သောကြာနေ့ဖြစ်ရာ ယဲ့ရှောင်ရှောင်၏ နောက်ဆုံးအတန်းချိန်သည် အားကစားချိန်ဖြစ်သည်။
ယနေ့အတန်းပြီးလျှင် အဘိုးအိမ်သို့ပြန်ဖို့ ယဲ့ချန်းရှန့်တို့နှင့် ချိန်းဆိုထားပြီးပါပြီ။
ကျောင်းတက်နေသည်မှာ တစ်ပတ်ရှိပြီဖြစ်သော်လည်း ယဲ့ရှောင်ရှောင်တွင် ရင်းနှီးသော သူငယ်ချင်း မရှိသေးသဖြင့် အားကစားအချိန်၌ တစ်ယောက်တည်းသာ ရှိနေပါသည်။
ပိုင်ချွမ်အမှတ်(၁) အထက်တန်းကျောင်း၏ အားကစားကွင်းမှာ သိပ်မကျယ်သော်လည်း ၎င်းမှာ တောင်ကုန်းလေးတစ်ခုနှင့် ကပ်လျက်တည်ရှိသည်။
ကျောင်းသားများသည် ထိုတောင်ကုန်းပေါ်သို့သွားကာ အပူပေးမီးဖိုအတွက် ထင်းသွားကောက်လေ့ ရှိကြသည်။
အားကစားဟူသည်မှာ ကိုယ်ကျင့်တရား၊ ဉာဏ်ရည်၊ ကြံ့ခိုင်မှု စသည့် ဘက်စုံဖွံ့ဖြိုးမှုနှင့် သက်ဆိုင်သည်ဟု အကြောင်းပြကာ အားကစားဆရာက ကျောင်းသားများကို ထင်းကောက်သည့် အလုပ်များ ခိုင်းစေလေ့ရှိပါသည်။
ယဲ့ရှောင်ရှောင်မှာ ထင်းမကောက်တတ်သဖြင့် အလိုလိုက်ခံထားရသည့် သခင်မလေးတစ်ဦးသဖွယ် ဖြစ်နေလေသည်။
ကျန်းအာ့နီနှင့် အတန်းဖော်အချို့က သူမ ဘေးမှဖြတ်သွားရင်း လှောင်ပြောင်ရယ်မောကာ မထီမဲ့မြင်အကြည့်ဖြင့် ကြည့်သွားကြသည်။
ယဲ့ရှောင်ရှောင်: “…”
‘ထင်းကောက်တာ ဂုဏ်ယူစရာကိစ္စလား’
“ငါ…ငါတို့… အ… အတူတူသွားကြရအောင်”
ယဲ့ရှောင်ရှာင်၏ ဘေးမှ ဖြတ်သွားသော ဝမ်ယင်သည် နောက်ဆုံးတွင် သတ္တိမွေးကာ စကားစလိုက်ပါသည်။
ယဲ့ရှောင်ရှောင်: “ဟုတ်ပြီ”
တောင်ကုန်လေးက သိပ်မကျယ်ပြန့်သော်လည်း ပေါင်းပင်များစွာ ပေါက်ရောက်နေပြီး၊ ဆူးပင်၊ ချုံပင်တို့လည်း ထူထပ်လှပေသည်။
ယဲ့ရှောင်ရှောင်သည် ဆူးချုံများကို မြင်နေရသော်လည်း ဝမ်ယင်ကမူ ထိုဘက်ကိုသာ ဦးတည်နေလေသည်။
“နင်ဘာလို့ လူမရှိတဲ့နေရာကိုပဲ အမြဲသွားနေရတာလဲ၊ ဟိုဘက်မှာ သစ်ကိုင်းခြောက်တွေ အများကြီးရှိတဲ့ဟာကို”
ဝမ်ယင်က ထစ်ငေါ့စွာ ပြန်ဖြေသည်။
“အဲ့…အဲ့တာ… ကျန်း….ကျန်းအာ့နီရဲ့ ပိုင်နက်လေ”
ယဲ့ရှောင်ရှောင် မျက်မှောင်ကြုတ်သွားသည်။
“အဲ့ဘက်ကို သွားမယ်”
ကျန်းအာ့နီကို သူမ မကြောက်ပေ။
ယဲ့ရှောင်ရှောင်နှင့် ဝမ်ယင်တို့ အနားရောက်လာသောအခါ ကျန်းအာ့နီတို့အဖွဲ့က လှမ်းငေါက်လိုက်ပါသည်။
“နင်တို့ကို ဘယ်သူလာခွင့်ပေးလို့လဲ၊ ဒါငါတို့ပိုင်နက်နော်”
“အနားကပ်မလာနဲ့! ပညာပေးလွှတ်လိုက်မယ်!”
မရင့်ကျက်သည့် အပြုအမူများနှင့် ထိုကလေးတစ်သိုက်ကို ယဲ့ရှောင်ရှောင် ခံစားချက်မဲ့စွာ ကြည့်လိုက်ပါသည်။
“ဒီနေရာကြီးက အကျယ်ကြီးပဲ၊ ထင်းတွေအကုန်လုံးကို နင်တို့ကောက်နိုင်မှာမှ မဟုတ်တာ၊ ပြီးတော့ နင်တို့မိသားစုပိုင်တဲ့မြေလည်း မဟုတ်ဘူး၊ ငါတို့က ဘာလို့ မလာနိုင်ရမှာလဲ”
ယဲ့ရှောင်ရှောင်သည် သူတို့ကို လျစ်လျူရှုလိုက်ပြီး ဝမ်ယင်အား လှည့်ပြောလိုက်သည်။
“ငါတို့ ဒီမှာပဲ ကောက်ကြမယ်”
အခြားသူများစကားပြောနေကြစဉ် ဝမ်ယင်မှာမူ ခေါင်းမဖော်ရဲဘဲ မြေပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာ ထင်းများကို အလျင်အမြန် ကောက်တော့သည်။
“ဟဲ့ အ,ထစ်မလေး၊ နင့်ကို မကောက်နဲ့လို့ ပြောနေတယ်လေ၊ တားနေတဲ့ကြားက ကောက်ရဲတယ်ပေါ့!”
ဝမ်ယင်ကို တွန်းထုတ်ဖို့ ကျန်းအာ့နီ အနားကပ်လာပါသည်။
သို့သော် ယဲ့ရှောင်ရှောင်က တားလိုက်သည်။
“အနားကပ်မလာနဲ့၊ ငါနင့်ကို အပ်နဲ့ထိုးမှာနော်’
ယဲ့ရှောင်ရှောင်လက်ထဲတွင် အပ်တစ်ချောင်းအမှန်တကယ်ရှိနေသည်ကို မြင်သောအခါ ကျန်းအာ့နီ မျက်လုံး ပြူးသွားလေသည်။
“နင်တော်တော် အောက်တန်းကျတာပဲ”
ယဲ့ရှောင်ရှောင်: “နင်လည်းတူတူပဲ”
“အား!!!”
ထင်းများတိတ်တဆိတ်ကောက်နေသည့် ဝမ်ယင်တစ်ယောက် သံကုန်အော်ဟစ်ကာ မြေပေါ်သို့ ရုတ်တရက် လဲကျသွားပါသည်။
ကျန်းအာ့နီက ခါးထောက်လျက် မေးသည်။
“ဘာဖြစ်တာတုန်း၊ ငါသူ့ကို ထိတောင်မထိရသေးဘူး!”
“အာ့နီ၊ မြွေ- မြွေကြီးတစ်ကောင်!”
“မြွေကြီးတဲ့!”
“ပြေးကြ!”
ကျန်းအာ့နီ၏ သူငယ်ချင်းများသည် ဝမ်ယင်၏ အနားတွင် ခွေနေသည့် အဖြူအနက်မြွေတစ်ကောင်ကို မြင်ပြီး ထိတ်လန့်တကြား အော်ဟစ်ကာ ထွက်ပြေးသွားကြပါသည်။
ကျန်းအာ့နီမှာမူ သူမခြေထောက်နား ချဉ်းကပ်လာသည့် မြွေကိုကြည့်ရင်း ကြောက်လွန်းသဖြင့် ကြက်သေသေနေမိသည်။
“တောင်း…တောင်းပန်ပါတယ်၊ ငါ့ကိုမကိုက်ပါနဲ့”
ယဲ့ရှောင်ရှောင်သည် လက်ထဲမှ အပ်ကို လှမ်းပစ်လိုက်ရာ မြွေ၏ ခေါင်းကို ထိမှန်သွားသည်။
သို့သော် သေစေလောက်သည်အထိ မပြင်းထန်သဖြင့် မြွေကို ထွက်ပြေးသွားအောင်သာ လုပ်နိုင်ခဲ့ပါသည်။
ကျန်းအာ့နီတစ်ယောက် ဒူးများချောင်ကာ မြေပေါ်လဲကျသွားသည်။
ယဲ့ရှောင်ရှောင်မှာမူ ဝမ်ယင်ထံသို့ အပြေးအလွှား သွားကြည့်ခဲ့ရာ သူမ၏ လက်ကောက်ဝတ်တွင် မြွေကိုက်ရာ နှစ်ပေါက်ကို မြင်လိုက်ရလေသည်။
“ငါ…ငါ…”
“ငြိမ်ငြိမ်နေ!”
ယဲ့ရှောင်ရှောင်သည် ဝမ်ယင်၏ ခါးပတ်ကို အသုံးပြုလျက် မြွေကိုက်ရာ၏ အပေါ်ဘက်ကို တင်းတင်းကျပ်ကျပ် ချည်နှောင်လိုက်ပြီး ငွေအပ်များကို အသုံးပြုလျက် နေရာအချို့ကို ထိုးစိုက်လိုက်ပါသည်။
ထို့နောက် ကျန်းအာ့နီဘက်သို့ လှည့်ကာ လှမ်းအော်လိုက်သည်။
“သူ့ကို လာသယ်ပေးစမ်း!”
“ငါက သူ့ကိုသယ်ရမယ်ဟုတ်လား! ဘယ်လိုလုပ်သယ်နိုင်မှာလဲ!”
ယဲ့ရှောင်ရှောင်သည် ဝမ်ယင်ထက် ပိုမို ပိန်ပါးပြီး အလေးအပင်လည်း မ,လေ့မရှိပေ။
ကျန်းအာ့နီမှာမူ သူမထက် သန်မာထွားကျိုင်းမှု ပိုရှိပါသည်။
“နင်မသယ်ပေးဘူးဆိုရင် တစ်ယောက်တည်း ထားခဲ့လိုက်မှာနော်”
“အေးပါအေးပါ၊ ငါသယ်ပေးပါ့မယ်! သူသေတော့မှာလား၊ အဲ့ဒီမြွေက အဆိပ်ရှိတယ်ထင်တယ်နော်၊ သူ့ကို ဒီတိုင်း ထားခဲ့လိုက်တာ ပိုမကောင်းဘူးလား”
မည်းနက်လာသည့် ဝမ်ယင်၏ ဒဏ်ရာကို ကြည့်ရင်း ကျန်းအာ့နီ တွန့်ဆုတ်သွားပြန်သည်။
“ညည်းမနေနဲ့! ငါနင့်ကို ထိုးမှာနော်!”
ကျန်းအာ့နီလည့်း မတတ်သာတော့ဘဲ ဝမ်ယင်ကိုသယ်ကာ တောင်ကုန်းအောက်သို့ ပြေးဆင်းလာခဲ့ရတော့သည်။
လမ်းတစ်ဝက်တွင် တောင်ပေါ်လိုက်လာသည့် အားကစားဆရာနှင့် ဆုံခဲ့သည်။
စောစောက ထွက်ပြေးသွားသော ကလေးများမှာ ဆရာဖြစ်သူအား တောင်ကုန်းပေါ်မှ မြွေအကြောင်း အကြောင်းကြားခဲ့ခြင်းဖြစ်သည်။
ယဲ့ရှောင်ရှောင်က ဆရာ့အား အဆိပ်ရှိမြွေ၏ အမျိုးအစားကို ပြောပြလိုက်သည်။
“ဆရာ၊ သူ့ကို ကိုက်သွားတဲ့မြွေက ငန်းတော်ကျားအဖြူအနက်တစ်ကောင်ပါ၊ ဆေးရုံချက်ချင်းတင်မှ ဖြစ်မယ်”
အားကစားဆရာသည် ဝမ်ယင်ကို ချက်ချင်းကုန်းပိုးကာ ယဲ့ရှောင်ရှောင်တို့အား ပြောလိုက်သည်။
“နင်တို့ ဒီမှာနေခဲ့ကြ၊ အတန်းပြီးတာနဲ့ အိမ်ကို တန်းတန်းမတ်မတ်ပြန်၊ ငါသူ့ကို ဆေးရုံလိုက်ပို့ပေးလိုက်မယ်”
အားကစားဆရာသည် အားကိုးရပြီး ယဲ့ရှောင်ရှောင်ကလည်း ဒဏ်ရာကို ဖိအားပေးခဲ့သဖြင့် မြွေဆိပ်မှာ ပျံ့နှံ့သွားခြင်း မရှိသေးပေ။
ဆေးရုံသို့ အချိန်မီ ရောက်ရှိပါက သူမ အဆင်ပြေပါလိမ့်မည်။
ယဲ့ရှောင်ရှောင် စိတ်အေးသွားသည်။
ဝမ်ယင်ကို သယ်လာရသည့် ကျန်းအာ့နီမှာ အလွန်မောဟိုက်ကာ အသက်ရှူသံများ ပြင်းထန်နေပါသည်။
သူမကို ကြည့်လျက် ယဲ့ရှောင်ရှောင် ပြောလိုက်သည်။
“နင်က ထင်သလောက်လည်း မသန်မာပါလား”
ကျန်းအာ့နီက ယဲ့ရှောင်ရှောင်ကို လက်ညှိုးထိုးကာ ပြန်ပြောသည်။
“နင်…နင့်ကျတော့ ဘာမှမလုပ်ဘဲ သူများကို လာကဲ့ရဲနေတာလား!”