အခန်း (၃၇-၃၈)
Vol. 4 Ch. 37-38
📗 Chapter 37
“ရှောင်ရှောင်! ကျောင်းသူတစ်ယောက် မြွေကိုက်ခံရလို့ဆို!”
“နင်ဘာဖြစ်သွားသေးလဲ”
အတန်းဆင်းသည်နှင့် ယဲ့ချန်းယွမ်နှင့် ယဲ့ချန်းရှန့်တို့နှစ်ယောက် ယဲ့ရှောင်ရှောင်ထံသို့ အပြေးအလွှား ရောက်ရှိလာကြပါသည်။
ယဲ့ရှောင်ရှောင်က ရှင်းပြသည်။
“သမီးတို့ အတန်းဖော်တစ်ယောက် အကိုက်ခံရတာပါ၊ အန္တရာယ်တော့ မရှိတော့ဘူး၊ ဆေးရုံကို အချိန်မီရောက်ရင် အဆင်ပြေသွားလိမ့်မယ်”
ယဲ့ချန်းရှန့် စိတ်အေးသွားပြီး သက်ပြင်းချကာ သတိပေးလိုက်သည်။
“နောက်တစ်ခါ ထင်းကောက်ဖို့ တောင်ပေါ်ကို တစ်ယောက်တည်း မသွားနဲ့တော့၊ နင်အလှည့်ကျတဲ့ နေ့ကျရင် ငါကူညီပေးမယ်”
ယဲ့ချန်းယွမ်ကလည်း သူ့ရင်ဘတ်သူထုကာ အာမခံလိုက်သည်။
“ဟုတ်တယ် ပြီးတော့ ငါတစ်ယောက်လုံးလည်းရှိတယ်၊ နင်မီးမွှေးတာတွေဘာတွေ လုပ်တတ်မှာ မဟုတ်ဘူး၊ ငါလာကူညီပေးမယ်”
အစ်ကိုနှစ်ယောက်ကို ယဲ့ရှောင်ရှောင် ပြုံးပြလိုက်ပါသည်။
“ဟုတ်ပါပြီ၊ အခုတော့ အိမ်စောစောပြန်ကြရအောင်၊ သမီးတို့ အိမ်ပြန်ရောက်ရင် မှောင်နေလောက်ပြီ”
မောင်နှမသုံးယောက်စလုံး စာအုပ်များ၊ အိမ်စာများနှင့် ပြည့်နှက်နေသော ကျောပိုးအိတ်များကို ကိုယ်စီ လွယ်ထားကြသည်။
ကျောင်းအဝင်ဝသို့ ရောက်သောအခါ သူတို့ကို စောင့်ကြိုနေသည့် ယဲ့မိန်အား မြင်လိုက်ရပါသည်
“နင်တို့ ဒီနေ့အိမ်ပြန်ကြမှာ သိလို့ လာစောင့်နေတောလေ၊ ရော့ ဒီအသားနှစ်ပေါင် ယူသွားကြ”
ယဲ့ရှောင်ရှောင်က ငြင်းဆန်လိုက်ပါသည်။
“သမီးတို့အိမ်မှာ အသားတွေရှိပါတယ် ဒုတိယအစ်မရဲ့”
ယဲ့မိန်ကမူ အသားများကို ယဲ့ချန်းယွမ်၏လက်ထဲ အတင်းထိုးထည့်ပေးလိုက်ပါသည်။
“ဒီအသားကို သူငယ်ချင်းတစ်ယောက်ရဲ့ အဆက်အသွယ်နဲ့ ရလာတာ၊ ဘာကူပွန်မှမလိုတော့ အပိုဝယ်လာတာလေ၊ အိမ်ယူသွားပြီး ချက်စားကြပါ”
ယဲ့ချန်းယွမ် ပြုံးဖြီးသွားသည်။
“ကျေးဇူးတင်ပါတယ်အစ်မ”
ယဲ့မိန်: “သွားကြတော့ သွားကြတော့၊ အိမ်ကိုတန်းတန်းမတ်မတ် ပြန်ကြ၊ ဂရုလည်းစိုက်ဦး”
သူတို့သုံးဦးသည် ကောင်တီမြို့မှ စုန့်လင်မြို့အထိ လမ်းလျှောက်ပြန်လာခဲ့ကြသည်။
ဤခေတ်တွင် လမ်းမီးတိုင်များ မရှိသေးသဖြင့် အိမ်သို့ပြန်ရောက်သောအခါ အလွန်မှောင်နေခဲ့ပါပြီ။
မြောင်ဖုန့်ရှန်းသည် ကလေးများ ပြန်လာမည်ကို သိသဖြင့် အိမ်တွင် စောင့်မျှော်နေခဲ့သည်။
သူတို့ပြန်ရောက်လာသည်နှင့် ညစာကို ချက်ချင်း တည်ခင်းပေးခဲ့ပါသည်။
မြောင်ဖုန့်ရှန်း: “ညစာတွေက အိုးထဲမှာ နွေးနွေးထွေးထွေးရှိတုန်းပဲ၊ မင်းတို့အတွက် ဖယ်ထားတာ”
ယဲ့ရှောင်ရှောင်က ရိုးရိုးသားသား ပြောလိုက်လေသည်။
“အဘိုးရဲ့လက်ရာကို သမီးတကကယ်သတိရနေတာ”
မြောင်ဖုန့်ရှန်း: “ကျောင်းတက်ရတာ ဘယ်လိုလဲ အဆင်ပြေရဲ့လား”
ယဲ့ရှောင်ရှောင်က ညစာကို အားရပါးရစားရင်း ပြန်ဖြေလိုက်သည်။
“အဆင်ပြေပါတယ်၊ ကျောင်းကအစားအသောက်တွေ သိပ်မကောင်းတာက လွဲရင်ပေါ့”
မြောင်ဖုန့်ရှန်း: “ကောင်တီမြို့မှာတော့ ဒီလိုပါပဲ၊ အဆင်ပြေရင် မင်းတို့အမေကို မြို့ပေါ်ခေါ်ပြီး မင်းတို့အတွက် ချက်ပြုတ်ပေးခိုင်းဖို့ စီစဉ်ချင်တာ”
ယဲ့ချန်းရှန့်က ထိုအကြံကို ချက်ချင်း ကန့်ကွက်လိုက်ပါသည်။
“အမေက အလုပ်တွေ ဒီလောက်ပိနေတာ၊ အိမ်အလုပ်တွေ လုပ်ရရုံတင်မဟုတ်ဘူး ကလေးနှစ်ယောက်ကိုလည်း ထိန်းပေးရသေးတယ်၊ ဘယ်လိုလုပ် လာကူညီပေးနိုင်မှာလဲ”
သို့သော် ယဲ့ချန်းယွမ်က မျက်လုံးပြူးကာ အကြံပြုလိုက်သည်။
“အဲ့တာဆို ငါ့အမေကို ခေါ်လိုက်လေ၊ သူကတော့ အားမယ်ထင်တာပဲ”
ယဲ့ချန်းရှန့်က သူ့ကိုခေါင်းခေါက်လိုက်သည်။
“မဟုတ်တာတွေ၊ ဒေါ်လေးကကော အားမလား၊ အိမ်မှာ သူမရှိလို့ မဖြစ်ဘူး၊ အဘိုးနဲ့အဘွားကလည်း မင်းတို့အိမ်မှာ နေနေတာလေ”
ယဲ့ချန်းယွမ် သက်ပြင်းချလိုက်သည်။
“အဲ့တာဆို ဘယ်လိုလုပ်ကြမလဲ၊ ငါပဲအချက်အပြုတ်သင်လိုက်တာ ပိုကောင်းမယ်ထင်တယ်”
အချိန်အကြာကြီး ဆွေးနွေးခဲ့ကြသော်လည်း အဖြေမထွက်ခဲ့သဖြင့် ညစာစားပြီးနောက် အိပ်ရာဝင်ခဲ့ကြတော့သည်။
နောက်တစ်နေ့ မနက်စာစားပြီးနောက်တွင် ယဲ့ရှောင်ရှောင်သည် ဆေးဆိုင်သို့ သွာကြည့်ခဲ့ပါသည်။
ဆရာကြီး စုန့်ကွမ်းကျင့်လည်း ပေကျင်းမြို့မှ ပြန်ရောက်နေလေပြီ။
“ဆရာကြီး ပြန်ရောက်ပြီလား”
ယဲ့ရှောင်ရှောင် အထဲသို့ ဝင်လာခဲ့ရာ အခန်းထဲတွင် ထိုင်နေသည့် စုန့်ကွမ်းကျင့်ကို တွေ့လိုက်ရသည်။
အပြင်ခန်းတွင်မူ အရွယ်အစားမျိုးစုံရှိသော သစ်သားပုံးများ စုပုံနေလေသည်။
“ပိုင်ချွမ်အမှတ်(၁) အထက်တန်းကျောင်းက အခြေအနေဘယ်လိုရှိလဲ”
ယဲ့ရှောင်ရှောင်: “အားလုံးအဆင်ပြေပါတယ်၊ ဒါနဲ့ဆရာကြီး၊ မနေ့က ကျောင်းနောက်ဘက်က တောာင်ကုန်းပေါ်မှာ အတန်းဖော်တစ်ယောက် မြွေကိုက်ခံခဲ့ရတယ်”
ထိုစကားကို ကြားသည်နှင့် စုန့်ကွမ်းကျင့် စိတ်ဝင်စားသွားပြီး လက်ထဲမှ ပစ္စည်းများကို ချကာ မေးမြန်းလိုက်ပါသည်။
“ဘယ်လိုမြွေမျိုးလဲဆိုတာသိလား၊ ငါ့အိမ်မှာ မြွေဆိပ်အတွက် ဖြေဆေးသီးသန့်ရှိတယ်၊ ဒီနေ့ မြွေဆိပ်ဖြေဆေး ဘယ်လိုလုပ်ရမလဲဆိုတာ မင်းသင်ယူရမယ်”
ယဲ့ရှောင်ရှောင်: “ဟုတ်ကဲ့ပါ”
ယဲ့ရှောင်ရှောင်သည် အဖြူအနက် ငန်းတော်ကျားမွေအကြောင်းကို စုန့်ကွမ်းကျင့်အား ပြောပြခဲ့ပါသည်။
ထို့နောက် စုန့်ကွမ်းကျင့်က မြွေဆိပ်ဖြေဆေး ဖော်စပ်နည်းကို ယဲ့ရှောင်ရှောင်အား သင်ကြားပေးခဲ့သည်။
နေ့တစ်ဝက်လောက် လေ့လာသင်ယူပြီးနောက် ယဲ့ရှောင်ရှောင်ကို ခေတ္တအနားယူဖို့ စုန့်ကွမ်းကျင့် ပြောခဲ့ပါသည်။
ယဲ့ရှောင်ရှောင်က မေးလိုက်သည်။
“ဒီပုံးထဲက ပစ္စည်းတွေကို စီစရာလိုသေးလား”
စုန့်ကွမ်းကျင့်က ဂရုမစိုက်ဟန်ဖြင့် ပြောသည်။
“အရင်က ပစ္စည်းအဟောင်းတွေပါ၊ အသုံးမဝင်တော့တာတွေ များတယ်၊ ဒါပေမယ့် မင်းအတွက် အသုံးဝင်နိုင်တဲ့ စာအုပ်ဟောင်းတချို့တော့ ပါလာနိုင်တယ်”
စုန့်ကွမ်းကျင့်သည် ပုံးတစ်ပုံးကို ဖွင့်လိုက်ရာ ဖုန်မှုန့်များ လွင့်ဖြာသွားပြီး စာမျက်နှာတို့ ဝါကျင့်နေပြီဖြစ်သည့် စာအုပ်အဟောင်းတချို့ ပေါ်လာခဲ့ပါသည်။
သို့သော် ဆေးပညာစာအုပ်များ၏ တန်ဖိုးကို ယဲ့ရှောင်ရှောင် နားလည်သည်။
သူမနေထိုင်ခဲ့သည့် ခေတ်သစ်တွင် ဤကဲ့သို့ ဆေးစာအုပ်တစ်အုပ်ကို ယွမ်သန်းပေါင်းများစွာဖြင့် လေလံတင်ရောင်းချခဲ့သည်ကို ယဲ့ရှောင်ရှောင် မြင်ဖူးပါသည်။
မတူညီသည့် အချိန်နှင့်နေရာများဖြစ်သော်လည်း သမိုင်းနှင့် လက်တွေ့မှာမူ ထပ်တူကျနေပါသည်။
ထိုအချက်ကို ကြည့်ခြင်းအားဖြင့် စုန့်ကွမ်းကျင့်သည် သာမန်လူမဟုတ်နိုင်ကြောင်း ပိုမိုထင်ရှားလာခဲ့သည်။
“ဒီစာအုပ်တွေကို သေသေချာချာ လေ့လာ၊ ဒါပေမယ့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကလည်း အရေးကြီးသေးတယ်၊ ကျင့်ဟွာတက္ကသိုလ်ကို မင်းရအောင် တက်ရမယ်”
စုန့်ကွမ်းကျင့်က မှာကြားလိုက်ပါသည်။
ယဲ့ရှောင်ရှောင်: “…”
သူ့စကားများကြောင့် တပည့်ဖြစ်သူ စိတ်ဖိအားများသွားမည်စိုးသဖြင့် ထပ်ပြောလိုက်သည်။
“တတ်နိုင်သလောက်သာ ကြိုးစားပါ”
ကျင့်ဟွာတက္ကသိုလ်ကို မတက်ရောက်နိုင်လျှင်ပင် သူမကို တရုတ်တိုင်းရင်းဆေးပညာဌာနမှ လက်ခံလာအောင် စုန့်ကွမ်းကျင့် နည်းလမ်းတစ်ခုခု ရှာဖွေပါမည်။
ထိုအကြောင်းအရာများကို ကြိုပြောလိုက်လျှင် တပည့်ဖြစ်သူ စိတ်ဖိစီးသွားမည်ကို စိုးရိမ်မိသဖြင့် လောလောဆယ်တော့ ပညာရေးကိုသာ အာရုံစိုက်ထားဖို့ မှာကြားလိုက်ပါသည်။
ယဲ့ရှောင်ရှောင်သည် စိတ်ထဲတွင် ပဋိပက္ခဖြစ်သွားပြီးနောက် ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်တော့သည်။
“နားလည်ပါပြီ ဆရာကြီး၊ ကျွန်မ အတတ်နိုင်ဆုံး ကြိုးစားပါ့မယ်”
စုန့်ကွမ်းကျင့်: “လိမ္မာလိုက်တဲ့တပည့်၊ မုန့်ဖိုးပေးဦးမယ်”
ယဲ့ရှောင်ရှောင် လက်ခါပြလိုက်သည်။
“ဆရာကြီး နှစ်သစ်ကူးတုန်းကလည်း မုန့်ဖိုးပေးထားသေးတယ်လေ…”
“အဲ့တာက နှစ်သစ်ကူးတုန်းက မုန့်ဖိုး၊ ဒါက ကံကောင်းစေမယ့် မုန့်ဖိုး၊ မတူဘူး”
စုန့်ကွမ်းကျင့်သည် ထိုကဲ့သို့ ငွေပမာဏလေးကို ဂရုမစိုက်ပါ။
“ငါပြန်ရောက်တော့ ငါဆေးဆိုင်ကို မင်းသေသေချာချာ စောင့်ရှောက်ပေးထားတာ တွေ့ပါတယ်၊ ဒါမင်းနဲ့ ထိုက်တန်တဲ့ ဆုကြေးပဲ”
ယဲ့ရှောင်ရှောင်လည်း မတတ်သာတော့ဘဲ လက်ခံလိုက်ရပါသည်။
--- --- ---
တရုတ်တိုင်းရင်းဆေးဆိုင်တွင် တစ်ရက်တာ လေ့လာသင်ယူပြီးနောက် ယဲ့ရှောင်ရှောင်နှင့် အစ်ကိုနှစ်ဦးသည် ကောင်တီမြို့သို့ ပြန်ဖို့ ပြင်ဆင်ကြသည်။
အမှတ်(၁)အထက်တန်းကျောင်း စတင်ဖွင့်လှစ်ပြီဖြစ်၍ လူနေအိမ်ရာများမှာလည်း လှုပ်လှုပ်ရှားရှား ရှိလာခဲ့ပါပြီ။
ယဲ့ရှောင်ရှောင်တို့ မောင်နှမသုံးဦး နေထိုင်သည့် တိုက်ခန်းအနီးတွင် သက်လတ်ပိုင်း လင်မယားနှစ်ဦးလည်း နေထိုင်သည်။
ခင်ပွန်းဖြစ်သူက အမှတ်(၁)အထက်တန်းကျောင်း၏ ဆရာတစ်ဦး ဖြစ်ပုံရသည်။
ဇနီးဖြစ်သူမှာမူ အလုပ်မရှိသဖြင့် အိမ်တွင် နေ့တိုင်းရှိနေတတ်သည်။
ရက်အနည်းငယ်အကြာတွင် သူတို့သည် ယဲ့ရှောင်ရှောင်တို့ မောင်နှမသုံးဦးနှင့် ခင်မင်ရင်းနှီးသွားခဲ့ကြပါသည်။
“ပြန်ရောက်လာကြပြီလား”
ယဲ့ရှောင်ရှောင်နှင့် ရင်းနှီးနေသည့် ဒေါ်လေးစွန်းက လှမ်းနှုတ်ဆက်သည်။
“ပြန်ရောက်ပြီ ဒေါ်လေးစွန်း”
ယဲ့ချန်းယွမ်: “ကြည့်ရတာ ဒေါ်လေးစွန်း ချက်ပြုတ်ပြီးပြီထင်တယ်၊ ဟင်းနံ့လေးတွေ မွှေးနေတာပဲ”
“ဟုတ်တယ် ခုလေးတင်ပဲ ချက်ပြုတ်ပြီးတာ၊ နင်တို့မောင်နှမသုံးယောက် ငါ့လက်ရာကို မြည်းကြည့်ချင်ကြလား”
ယဲ့ချန်းယွမ် ငြင်းဆန်လိုက်ပါသည်။
“မမြည်းတော့ပါဘူးဗျာ”
မိသားစုတိုင်း စားနပ်ရိက္ခာချွေတာနေရချိန်ဖြစ်၍ ပေါက်စီတစ်လုံးပေးသည်မှာ ကိစ္စမရှိသော်လည်း သူများအိမ်တွင် နေ့လယ်စာသွားစားခြင်းမှာမူ မဖြစ်သင့်သော ကိစ္စတစ်ခုပင်။
ယဲ့ချန်းယွမ်သည် စာဖတ်ရန် အခန်းထဲ ဝင်သွားတော့သည်။
သူသည် မိသားစု၏ မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးရန် စာကို အသည်းအသန်ကြိုးစားနေရခြင်းဖြစ်သည်။
ဘာသာရပ်အချို့တွင် အခက်အခဲရှိသော်လည်း ထူးချွန်သည့် မောင်နှမနှစ်ဦး၏ အကူအညီကြောင့် သိသိသာသာ တိုးတက်လာသည်ဟု ခံစားရပါသည်။
တစ်ဖက်တွင်မူ ယဲ့ရှောင်ရှောင်သည် အကြံကောင်းတစ်ခု ရသွားခဲ့သည်။
ဒေါ်လေးစွန်း စားသောက်ပြီးကာ ပန်းကန်ဆေးနေသည့် အချိန်ထိစောင့်ပြီး ရေဇလုံးတစ်လုံးကို ကိုင်လျက် အနောက်မှ လိုက်သွားခဲ့လေသည်။
ယဲ့ရှောင်ရှောင်က ပေါ့ပေါ့ပါးပါးပင် စကားစလိုက်သည်။
“ဒေါ်လေးစွန်း… ဆရာကျန်း စာသင်သွားတဲ့အချိန်ကျရင် အိမ်မှာတစ်ယောက်တည်း ဘာလုပ်လေ့ရှိလဲ”
“ဘာမှလုပ်စရာမရှိပါဘူးအေ၊ ကလေးနှစ်ယောက်ကို ထိန်းကျောင်းပြီး ချက်ပြုတ် လျှော်ဖွပ်နေရတာပဲ၊ တစ်ခါတလေ အချိန်ဖြုန်းဖို့ စက္ကူဘူးလေးဘာလေး ခေါက်တယ်”
စက္ကူဘူး အလုံး ၁၀၀ ခန့် ခေါက်လျှင်ပင် ၁၀ ပြားသာ ရသဖြင့် မတန်လှပါ။
ထို့အပြင် ဒေါ်လေးစွန်း၏ မိသားစုသည် ခင်ပွန်းဖြစ်သူ၏ ဝင်ငွေကိုသာ အားကိုးနေရခြင်းဖြစ်၍ နေ့စဉ်ဘဝမှာ အတော်လေး ကျပ်တည်းလှပေသည်။
တစ်ဖက်လူ၏ အခြေအနေကို နားလည်သွားပြီးနောက် ယဲ့ရှောင်ရှောင်က ကမ်းလှမ်းလိုက်သည်။
“ဒေါ်လေးစွန်း၊ သမီးတို့မောင်နှမသုံးယောက်စလုံးက နောက်ဆုံးနှစ် အထက်တန်းကျောင်းသားတွေပါ၊ သမီးတို့လည်း ဆရာကျန်းနဲ့ အချိန်ဇယားချင်းအတူတူလောက်ပဲ၊ တကယ်လို့ ဒေါ်လေးစွန်းအဆင်ပြေမယ်ဆိုရင် နေ့တိုင်း ချက်ပြုတ်တဲ့အခါ သမီးတို့အတွက်ပါ နည်းနည်း ပိုချက်ပေးလို့ရမလား၊ သမီးတို့က ငယ်သေးတော့ အချက်အပြုတ်လည်း သိပ်မကျွမ်းကျင်ကြသေးဘူးလေ၊ ဒေါ်လေးသာ ကူညီပေးမယ်ဆိုရင် တစ်လကို မုန့်ဖိုးနည်းနည်းလောက် ကန်တော့ပါ့မယ်”
ထိုစကားကိုကြားသောအခါ စွန်းယွီကျန်း သေသေချာချာ စဉ်းစားလိုက်ပါသည်။
“နင်တကယ်ပြောတာလား ရှောင်ရှောင်၊ နင်တို့ မချက်ပြုတ်တတ်ဘူးဆိုရင်လည်း ငါကူညီပေးလို့ရတယ်၊ ဒါပေမယ့် နင်တို့ဆီက ပိုက်ဆံကိုတော့ မယူရက်ပါဘူး”
ယဲ့ရှောင်ရှောင်က ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
“သမီးတို့အတွက် ချက်ပြုတ်ပေးဖို့ ဒေါ်လေးစွန်းကို ငှားတဲ့သဘောပါ၊ အဲ့တာကြောင့် တန်ရာတန်ကြေး ပေးရမှာပေါ့”
စွန်းယွီကျန်း ရှက်ရွံ့စွာ ပြုံးလိုက်သည်။
“နင်တို့ပဲ ဆုံးဖြတ်ပါ၊ ဒေါ်လေးက ဘာပဲဖြစ်ဖြစ် အဆင်ပြေတယ်”
ယဲ့ရှောင်ရှောင် ခေတ္တစဉ်းစားလိုက်သည်။
“တစ်လကို ၅ ယွမ်နဲ့ ဟင်းချက်ပစ္စည်းစရိတ် သက်သက်ပေးမယ်ဆိုရင်ကော”
စွန်းယွီကျန်း: “အဆင်ပြေပါတယ်”
၅ ယွမ်ဟူသည်မှာ တစ်လလုံး စက္ကူဘူးများ ခေါက်လျှင် ရမည့်ငွေထက် ပိုများနေသည့်အပြင် ချက်ပြုတ်ပေးရသည်မှာ သူမအတွက် အပန်းမကြီးသော အလုပ်တစ်ခုဖြစ်သည်။
အစားအသောက်ပြဿနာကို ဖြေရှင်းလိုက်နိုင်ပြီဖြစ်၍ ယဲ့ရှောင်ရှောင် အလွန်ကျေနပ်သွားတော့သည်။
နောက်ဆုံးတော့ အော်ဂလီဆန်စရာ အစားအသောက်များဖြင့် သူမ၏ ဝမ်းဗိုက်လေးကို နှိပ်စက်စရာ မလိုတော့ဘဲ ကောင်းကောင်းမွန်မွန် စားသောက်နိုင်ပါတော့မည်။
📗 Chapter 38
စွန်းယွီကျန်း၏ အကူအညီဖြင့် ယဲ့ရှောင်ရှောင်တို့ မောင်နှမသုံးဦး၏ အစားအသောက်များမှာ သိသိသာသာ ပိုမို ကောင်းမွန်လာခဲ့ပါသည်။
ကျောင်းပြန်ဖွင့်သောအခါ ဝမ်ယင် ကျောင်းပြန်တက်လာသည်ကို ယဲ့ရှောင်ရှောင် မြင်လိုက်ရသည်။
ယဲ့ရှောင်ရှောင် အတန်းထဲဝင်လာသောအခါ ဝမ်ယင်က လွယ်အိတ်ထဲမှ ကလစ်လေးတစ်ခုကို ထုတ်ကာ ပေးလိုက်ပါသည်။
“ငါ့…ငါ့ကို ကယ်ပေးခဲ့လို့… ကျေး…ကျေးဇူးတင်ပါတယ်၊ ဒါ…ဒါ နင့်အတွက်… လက်…လက်ဆောင်ပါ”
ယဲ့ရှောင်ရှောင်: “ရပါတယ်၊ ငါတို့က အတန်းဖော်တွေပဲဥစ္စာ၊ အခက်အခဲကြုံလာရင် တစ်ယောက်ကိုတစ်ယောက် ကူညီပေးသင့်တာပေါ့”
ဝမ်ယင် စကားကို ဖြည်းညှင်းစွာ ပြောလိုက်သည်။
“ဒါ…ဒါက ငါပေးတဲ့ လက်ဆောင်ပါ၊ ငါ့…ငါ့မိဘတွေကလည်း နင့်ကို ညစာဖိတ်ကျွေးချင်လို့တဲ့”
ယဲ့ရှောင်ရှောင်က ပလတ်စတစ် ကလစ်လေးကို လက်ခံလိုက်ပြီး ပြန်ပြောလိုက်သည်။
“ညစာဖိတ်ကျွေးရလောက်တဲ့အထိတော့ မလိုပါဘူး၊ နင်ပေးတဲ့ လက်ဆောင်နဲ့တင် ကျေနပ်နေပြီ”
ယဲ့ရှောင်ရှောင် ငြင်းဆန်လိုက်သည်ကို ကြားသောအခါ ဝမ်ယင် စိတ်မကောင်းဖြစ်သွားသော်လည်း သူမ ပေးသည့် လက်ဆောင်ကလစ်လေးကို ယူသဖြင့် ချက်ချင်းပင် ပြန်လည်ပျော်ရွှင်သွားတော့သည်။
ထိုစဉ် ယဲ့ရှောင်ရှောင်၏ စားပွဲဘေးမှ ကျန်းအာ့နီ ဖြတ်သွားလေသည်။
ဝမ်ယင်ပေးသည့် လက်ဆောင်ကိုမြင်ကာ သူမ အော်မေးလိုက်လေသည်။
“ဝမ်ယင်! နင့်ကို တောင်ကုန်းအောက်ထိ ပင်ပင်ပန်းပန်း သယ်ပေးခဲ့တာ ငါလေ! ငါ့ကျတော့ ဘာလို့ ကျေးဇူးမတင်တာလဲ!”
သူမအော်သံကြောင့် ဝမ်ယင် တုန်လှုပ်သွားပြီး စကားပင် မပြောတော့ဘဲ ငြိမ်သက်သွားပါသည်။
ကျန်းအာ့နီ ဒေါသတထောင်းထောင်း ထသွားသည်။
“ငါကလည်း အပေါစားလက်ဆောင်ကို ဂရုမစိုက်ပါဘူး!”
ထိုသို့ပြောပြီးနောက် ကျန်းအာ့နီတစ်ယောက် ထိုင်ခုံတွင် ဆောင့်ကြီးအောင့်ကြီး သွားထိုင်နေလိုက်တော့သည်။
--- --- ---
တောင်ကုန်းပေါ်တွင် ပေါ်လာသည့် မြွေကြောင့် ကျန်းအာ့နီနှင့် သူမ၏ အပေါင်းအပါများ အလွန်ထိတ်လန့်ချောက်ချားသွားခဲ့ကြသဖြင့် ယခုတလော ကျောင်းထဲတွင် အလွန်တည်ငြိမ်အေးချမ်းသွားခဲ့ပါသည်။
ကျောင်းပိတ်ရက်များတွင် အဆောင်နေသူများမှာ အိမ်သို့ မုန့်ဖိုးပြန်ယူခွင့်ရကြရာ ယဲ့ရှောင်ရှောင်နှင့် အစ်ကိုနှစ်ယောက်လည်း စုန့်လင်မြို့သို့ ပြန်လေ့ရှိကြပါသည်။
ယဲ့ချန်းရှန့်နှင့် ယဲ့ချန်းယွမ်တို့ ညီအစ်ကိုနှစ်ယောက်က ပိုင်ချွမ်ရွာသို့ ရံဖန်ရံခါ ပြန်တတ်သော်လည်း ယဲ့ရှောင်ရှောင်ကမူ လမ်းခရီးဒဏ်ကို မခံနိုင်သဖြင့် ပြန်လေ့ပြန်ထ မရှိပါ။
ထို့အပြင် စုန့်ကွမ်းကျင့်ထံတွင်လည်း တိုင်းရင်းဆေးပညာကို ပုံမှန် သင်ယူရပါသေးသည်။
ယဲ့ကျန်းကော်နှင့် မြောင်စွေ့ဖန်းတို့ကလည်း သမီးဖြစ်သူကို နားလည်မှု ပေးထားကြသည်။
တစ်ရက်တွင် ကျောင်းဆင်းချိန် ယဲ့ရှောင်ရှောင်တို့ မောင်နှမသုံးဦး ကျောင်းဂိတ်ပေါက်မှ ထွက်လာကြစဉ် ဆံပင်ကို သေသေသပ်သပ် ဖြီးထားပြီး ဝတ်ကောင်းစားလှဝတ်ကာ စောင့်နေသည့် လီသဲ့ရှုကို မြင်လိုက်ရသည်။
ယဲ့ချန်းယွမ်: “လီသဲ့ရှုက ဒီကို ဘာလာလုပ်တာလဲ”
ယဲ့ချန်းရှန့်: “ကျန်းအာ့နီကို လာခေါ်တာနေမှာပေါ့၊ သူတို့က ရည်းစားတွေ မဟုတ်ဘူးလား”
ယဲ့ရှောင်ရှောင်သည် လွယ်အိတ်ကို တင်းတင်းဆုပ်ကိုင်ကာ အခြားလမ်းမှ ပတ်သွားရန် ဆုံးဖြတ်လိုက်ပါသည်။
လီသဲ့ရှုမှာ ရွယ်တူ သူငယ်ချင်းအချို့နှင့် ရပ်စောင့်နေခြင်းဖြစ်သည်။
“အစ်ကိုလီသဘောကျတဲ့ ကောင်မလေးက ဘယ်သူလဲ”
လီသဲ့ရှုက ဂုဏ်ယူဝံ့ကြွားစွာ ဆိုသည်။
“သူထွက်လာရင် မင်းတို့သိလိမ့်မယ်၊ သူ့ရဲ့ နူးနူးညံ့ညံ့ ဖြူဖြူဖွေးဖွေး ပုံစံလေးက သူများတွေကြားထဲမှာ ထင်းနေမှာ”
ဘေးမှ သူငယ်ချင်းတစ်ယောက်က မယုံကြည်စွာ ပြောလိုက်သည်။
“ကောင်တီမြို့က ကျောင်းသူတွေအကုန်လုံး အတူတူတွေပါပဲကွာ၊ ဟိုအရောင်းစားရေးမ အသစ်လေးကို သွားကြည့်တာမှ ကောင်းဦးမယ်၊ သူ့ကိုယ်လုံးနဲ့ မျက်နှာက ရှယ်ပဲ”
လီသဲ့ရှု: “သာမန်ပါပဲကွာ”
ယဲ့ရှောင်ရှောင်သည် ထိုအုပ်စုအနားမှ မသိမသာ ဖြတ်သွားရန် ပြင်လိုက်စဉ်မှာပင် လီသဲ့ရှုက ရုတ်တရက် အော်ခေါ်လိုက်လေသည်။
“ရှောင်ရှောင်!”
သူနှင့်အတူပါလာသူများလည်း မျက်လုံးပြူးကျယ်သွားသည်။
“အစ်ကိုလီက တစ်ခုခုတော့တစ်ခုခုပဲ၊ ဒီကောင်မလေးက တကယ်မိုက်တာပဲ!”
“အသားကလည်း ဖြူနေတာပဲ၊ ဒီဇာတိမဟုတ်ဘူးထင်တယ်”
ယဲ့ရှောင်ရှောင်မှာမူ လီသဲ့ရှုနှင့် လုံးဝ မပတ်သတ်ချင်သဖြင့် အစ်ကိုနှစ်ယောက်ကို တီးတိုး ပြောလိုက်သည်။
“မြန်မြန် သွားကြစို့”
သို့သော် လီသဲ့ရှုကလည်း လျှင်မြန်သွက်လက်သူဖြစ်ရာ အမြန်ပြေးလာပြီး ယဲ့ရှောင်ရှောင်ရှေ့တွင် ပိတ်ရပ်လိုက်ပါသည်။
“ဘာတွေလောနေတာလဲ၊ သောကြာနေ့ မဟုတ်ဘူးလား၊ ပိုင်ချွမ်ရွာကို ပြန်ကြမလို့လား၊ ငါလည်း အဲ့ပြန်မလို့ပဲ၊ လမ်းကြုံ လိုက်ပို့ပေးမယ်လေ”
ယဲ့ချမ်းယွမ်က ယဲ့ရှောင်ရှောင်ကို ဆွဲခေါ်ကာ အနောက်သို့ ပို့လိုက်ပြီး ပြန်ပြောလိုက်သည်။
“ငါတို့ ပိုင်ချွမ်ရွာကို ပြန်မလို့ မဟုတ်ဘူး”
လီသဲ့ရှုက ခေါင်းစောင်းကာ အနောက်တွင်ရှိနေသော ယဲ့ရှောင်ရှောင်ကို လှမ်းကြည့်လျက် မေးသည်။
“အဲ့တာဆို ဘယ်သွားမှာလဲ၊ မင်းတို့ဘယ်သွားသွား ငါလမ်းကြုံတယ်”
ထိုစဉ် ယဲ့ချန်းရှန့်က ရုတ်တရက် ထအော်လိုက်သည်။
“ကျန်းအာ့နီ! လီသဲ့ရှု ရောက်နေတယ်!”
ထိုစဉ် ခပ်လှမ်းလှမ်းမှ ဝဝဖိန့်ဖိန့် လူရိပ်တစ်ခု အော်ဟစ်ကာ ပြေးလာလေသည်။
“အစ်ကိုသဲ့ရှု! ငါဒီမှာ!”
လီသဲ့ရှု ဆွံ့အသွားသည်။
ကျန်းအာ့နီမှာ လီသဲ့ရှုကို ချက်ချင်း ပွေ့ဖက်လိုက်ပါသည်။
“နင်… ငါ့ကို လွှတ်စမ်း!”
ကျန်းအာ့နီသည် လီသဲ့ရှုထက် များစွာ ပိုသန်မာသဖြင့် လီသဲ့ရှုတစ်ယောက် မနည်းရုန်းကန်ခဲ့ရပြီး သူမ လွှတ်ပေးလိုက်ချိန်တွင် ယဲ့ရှောင်ရှောင်တို့ မောင်နှမသုံးဦး ပျောက်ကွယ်သွားခဲ့ပါပြီ။
--- --- ---
လီသဲ့ရှုသည် ကျန်းအာ့နီလက်မှ လွတ်မြောက်လာခဲ့သော်လည်း သူလာခဲ့ရသည့် ရည်ရွယ်ချက် မအောင်မြင်ခဲ့သဖြင့် စိတ်တိုသွားမိတော့သည်။
လီသဲ့ရှု၏ သူငယ်ချင်းများကလည်း အဖြစ်အပျက်အားလုံးကို စောင့်ကြည့်နေကြသည်။
ကျန်းအာ့နီကို ပထုတ်ပြီးနောက် လီသဲ့ရှုသည် သူ့သူငယ်ချင်းများကို စားသောက်ဆိုင်တစ်ဆိုင်သို့ ခေါ်သွားပြီး စိတ်ညစ်မှုများကို အရက်ဖြင့် ဖြေဖျောက်ဖို့ ကြိုးစားပါသည်။
“အစ်ကိုလီ၊ ဘယ်တစ်ယောက်က မင်းရဲ့ သတို့သမီးလောင်းလေးလဲ”
လီသဲ့ရှု တစ်ခွက်ငှဲ့နေစဉ် သူငယ်ချင်းတစ်ဦးက မေးလိုက်သည်။
လီသဲ့ရှု: “ပိုလှတဲ့တစ်ယောက်ပေါ့ကွ! ဟိုဝတုတ်မက စိတ်ရှုပ်ဖို့ အရမ်းကောင်းတာ၊ ဒင်းနဲ့ ပတ်ကို မပတ်သတ်ချင်ဘူး”
သူငယ်ချင်းတစ်ဦးက လီသဲ့ရှုနားကပ်လာပြီး မျက်နှာလိုမျက်နှာရပြုံးကာ တီးတိုးမေးလိုက်ပါသည်။
“ငါနားလည်သွားပြီ အစ်ကိုလီ၊ မင်းကြိုက်တဲ့ ကောင်မလေးက မင်းကို ပြန်မကြိုက်ဘူးမလား”
လီသဲ့ရှုက သူ့ကို တွန်းထုတ်ကာ ငေါက်လိုက်သည်။
“သွားစမ်းပါကွာ”
“စိတ်မဆိုးပါနဲ့ အစ်ကိုလီရဲ့၊ သူ့ကို မင်းပိုင်ဆိုင်နိုင်မယ့် နည်းလမ်းတစ်ခု ငါ့မှာရှိတယ်၊ သူက မင်းကို သဘောမကျရင်တောင် အားလုံးခြေလွန်လက်လွန်ဖြစ်သွားရင် သူဘာတတ်နိုင်ဦးမှာလဲ ဟုတ်တယ်မလား”
လီသဲ့ရှု မျက်မှောင်ကြုတ်သွားသည်။
“ပေါက်ကရတွေ လာမပြောနဲ့၊ ငါက လူကောင်းကွ!”
နောက်တစ်ဦးက ရယ်မောကာ ပြောလိုက်သည်။
“အစ်ကိုလီက လူကြီးလူကောင်းဆန်ချင်တယ်ဆိုလည်း ပြီးတာပဲ၊ ငါ့မှာ အကြံတစ်ခုရှိသေးတယ်”
လီသဲ့ရှု ခေါင်းမော့လာပြီး မေးလိုက်သည်။
“ဘာအကြံလဲ”
“ငါတို့ညီအစ်ကိုတွေကို မင်းကြည့်ရှုစောင့်ရှောက်လာတာ တော်တော်ကြာပြီဆိုတော့ ငါတို့ဘက်က ကျေးဇူးပြန်ဆပ်ရမယ့် အချိန် ရောက်ပြီလေ၊ သူရဲကောင်းတစ်ယောက်က မင်းသမီးလေးကို ကယ်တင်ပေးရမယ့် ဇာတ်လမ်းမျိုးဆိုရင်ကော ဘယ်လိုလဲ”
ထိုစကားကိုကြားသောအခါ လီသဲ့ရှု အတွေးများသွားသည်။
သူ့ကို အရှက်မရှိသည့် လူရမ်းကားတစ်ယောက်သဖွယ် မဖြစ်စေသဖြင့် ထိုနည်းလမ်းက ကောင်းမွန်သည်ဟု ဆိုနိုင်သည်။
ထို့အပြင် ယဲ့ရှောင်ရှောင် ရှေ့တွင်လည်း အားကိုးထိုက်သော ပုံစံမျိုး လုပ်ပြနိုင်သဖြင့် သူမ သဘောကျလာနိုင်ခြေ ပိုရှိပါသည်
“အစ်ကိုလီ ဘာမှစိတ်မပူနဲ့၊ ငါတို့ အားလုံးစီစဉ်လိုက်မယ်”
လီသဲ့ရှုက တွန့်ဆုတ်စွာ ပြောလိုက်သည်။
“ငါတို့ မလုပ်သင့်ဘူးထင်တယ်…”
“ဘယ်ဖြစ်မလဲ၊ အဲ့ဒီကောင်မလေး ကျောင်းကထွက်မယ့် အချိန်ကို ငါတို့ စုံစမ်းလိုက်မယ်၊ အစ်ကိုလီကတော့ လက်ထပ်ဖို့သာ အသင့်ပြင်ထားလိုက်တော့”
လီသဲ့ရှုလည်း တိတ်တဆိတ် သဘောတူလိုက်တော့သည်။
လီသဲ့ရှု၏ အရှက်မဲ့မှုများကို ယဲ့ရှောင်ရှောင်ကတော့ သတိမထားမိခဲ့ပေ။
သို့သော် ယဲ့ချန်းရှန့်က စတင်မေးခွန်းထုတ်ခဲ့ပါသည်။
“အရင်ကကော အဲ့ဒီကောင် နင့်ကို ကျောင်းမှာလာရှာဖူးလား”
ယဲ့ရှောင်ရှောင်: “ဒါနဲ့ဆို နှစ်ခေါက်ရှိပြီ”
ယဲ့ချန်းယွမ် ဒေါသတကြီး ရေရွတ်လိုက်သည်။
“ဒီကောင်ဘာတွေကြံစည်နေတာလဲ!”
ယဲ့ရှောင်ရှောင် မေးကိုင်လျက် အသေအချာစဉ်းစားရင်း အစ်ကိုနှစ်ယောက်ကို ပြောလိုက်သည်။
“စတုတ္ထအစ်ကိုနဲ့ အစ်ကိုယွမ်တို့၊ မနက်ဖြန် အစ်ကိုတို့နဲ့အတူ ပိုင်ချွမ်ရွာကို သမီးပြန်လိုက်ခဲ့မယ်”
ယဲ့ချန်းယွမ်: “နင်ပြန်လိုက်လာလည်း လီသဲ့ရှုကို ခါထုတ်နိုင်မှာမဟုတ်ဘူး၊ သူ့ကို ငါတို့ဖာသာ ပညာပေးလိုက်တာ ပိုမကောင်းဘူးလား”
ယဲ့ရှောင်ရှောင်က ဆိုသည်။
“ပညာတော့ ပေးရမှာပေါ့၊ ဒါပေမယ့် သမီးတို့ကိုယ်စား ဆုံးမပေးမယ့်လူကို ရှာရမှာ”
လီသဲ့ရှု၏ ကိစ္စကို စဉ်းစားနေသဖြင့် ယခုတစ်ခေါက် ရွာအပြန်လမ်းမှာ သိပ်မဝေးသလိုပင် ခံစားရပါသည်။
သူတို့သည် မြောင်ဖုန့်ရှန်း၏ အိမ်မှ မနက်စောစောထွက်လာခဲ့ကြရာ ပိုင်ချွမ်ရွာသို့ မွန်းတည့်ချိန်တွင် ရောက်ခဲ့ပါသည်။
မြောင်စွေ့ဖန်းသည် အိမ်တွင် မုန့်များပြုလုပ်နေပြီး မောင်နှမသုံးယောက် မြို့ပေါ်သို့ ပြန်သည့်အခါ ထည့်ပေးလိုက်ဖို့အတွက် ထုပ်ပိုးပြင်ဆင်နေပါသည်။
ယဲ့ရှောင်ရှောင်သည် မိသားစုဝင်များကို နှုတ်ဆက်ပြီးနောက် ယဲ့ပေါင်ချန်းလေးကို လူကွယ်ရာသို့ ခေါ်သွားခဲ့သည်။
ထို့နောက် အိတ်ကပ်ထဲမှ နို့သကြားလုံးအချို့ထုတ်ပေးကာ ပြောာလိုက်သည်။
“ပေါင်ချန်းလေး၊ ဒေါ်လေးက မင်းအပေါ် ကောင်းတယ်မဟုတ်လား”
ယဲ့ပေါင်ချန်းက ချိုချိုမြိန်မြိန် ပြန်ဖြေလိုက်သည်။
“ကောင်းတယ်! ဒေါ်လေးက အကောင်းဆုံးပဲ!”
“အဲ့တာဆို ဒေါ်လေးစကားနားထောင်ပြီး ဒေါ်လေးကို တစ်ခုလောက်ကူညီပေးနော်…”
“ဟုတ်ကဲ့!”
--- --- ---
နွေဦးရာသီကို ရောက်ရှိလာပြီဖြစ်သော်လည်း ပိုင်ချွမ်ရွာ၏ ရာသီဥတုမှာ အေးစိမ့်နေဆဲဖြစ်သည်။
သို့သော် နေသာသည့် နေ့များတွင်တော့ အပြင်ဘက်တွင် သိပ်မအေးလှပါ။
ဝမ်မေ့လီတစ်ယောက် အိမ်ရှေ့တွင် ထိုင်ရင်း ဖရုံစေ့ စားနေပါသည်။ ရွာထဲမှ အဒေါ်ကြီးအချို့ကလည်း သူမနှင့်အတူ ညောင်ပင်ကြီးအောက်တွင်ထိုင်ကာ အတင်းတုပ်နေကြလေသည်။
ယဲ့ပေါင်ချန်းသည် ဒေါ်လေးဖြစ်သူ၏ မှာကြားချက်များကို မှတ်သားကာ အိတ်ထဲတွင် သကြားလုံးအပြည့်ထည့်ပြီး ထိုအဒေါ်ကြီးများ၏ရှေ့မှ ရှေ့မှ ဖြတ်လျှောက်ပြလိုက်ပါသည်။
ဝမ်မေ့လီက သူ့ကိုမြင်ကာ လှမ်းမေးလိုက်သည်။
“တစ်ယောက်တည်း ထွက်ဆော့နေတာလား၊ အိတ်ကပ်ထဲမှာ ဘာတွေတုန်း”
ယဲ့ပေါင်ချန်းက အိတ်ကပ်ကို ပုတ်ပြကာ ပြန်ပြောလိုက်သည်။
“သားဒေါ်လေးပေးထားတဲ့ သကြားလုံးတွေလေ”
ဝမ်မေ့လီက ထပ်မေးသည်။
“အဲ့တာဆို မြို့ကလာတဲ့ နင့်ဒေါ်လေး အိမ်မှာ ရှိနေတုန်းပဲပေါ့၊ နင့်အိမ်မှာ အခြေအနေဘယ်လိုရှိလဲ”
တစ်ဖက်မှ သူ့ဒေါ်လေးအကြောင်း အမှန်တကယ် မေးမြန်းလာသည်ကို ကြားသောအခါ ယဲ့ပေါင်ချန်းက ပျော်ပျော်ရွှင်ရွှင် ပြန်ဖြေလိုက်ပါသည်။
“ဒေါ်လေးက အဆင်ပြေပါတယ်၊ သူကျောင်းသွားတက်နေတာလေ၊ ဒေါ်လေးအာ့နီနဲ့ အတန်းချင်းတူတူပဲတဲ့!”
ဝမ်မေ့လီ ကြက်သေသေသွားသည်။
သမီးဖြစ်သူက သူမကို ထိုအကြောင်း ပြောပြမထားပေ။