အခန်း (၃၉-၄၀)
Vol. 4 Ch. 39-40
📗 Chapter 39
ယဲ့ပေါင်ချန်းက လူကြီးလေးပမာ ခေါင်းတခါခါနှင့် ဆိုလိုက်သည်။
“ဒါမယ့် ခုတလော သားဒေါ်လေး စိတ်ညစ်နေရတယ်တဲ့”
ဝမ်မေ့လီ: “ငါတို့လို တောသူတောင်သား ဘဝနဲ့ နေသားမကျလို့ ဖြစ်မှာပေါ့အေ”
ယဲ့ပေါင်ချန်း: “ဟုတ်ဘူးဗျ! လီသဲ့ရှုဆိုတဲ့ လူတစ်ယောက်က သူကို လိုက်နှောင့်ယှက်နေလို့တဲ့၊ ဒီအတိုင်း ဆက်နှောင့်ယှက်နေဦးမယ်ဆိုရင် ဒေါ်လေးက ရဲခေါ်မှာတဲ့!”
ထိုအခါ ဝမ်မေ့လီ၏ စူးစူးရှရှအသံမှာ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။
“ဘာ! လီသဲ့ရှုဟုတ်လား! မဖြစ်နိုင်တာ… အဲ့တာ ငါ့သားမက်ဟဲ့!”
ယဲ့ပေါင်ချန်းက မျက်တောင်တဖျပ်ဖျပ်သာ ခတ်ပြလိုက်သည်။
သူ့ဒေါ်လေး ပြောခိုင်းသမျှကို သူပြောခဲ့ပြီးပါပြီ။
ယဲ့ပေါင်ချန်းသည် တာဝန်ပြီးမြောက်သွားပြီဖြစ်၍ အဒေါ်ကြီးများနှင့် စကားဆက်မပြောချင်တော့ဘဲ အိမ်သို့ လှည့်ပြန်လာခဲ့တော့သည်။
“မေ့လီ၊ လီသဲ့ရှုက အဲ့ဒီမြို့သူကို ကြိုက်နေတာများလား”
“အဲ့ဒီကောင်မလေးက နတ်သမီးလေးလိုလှတယ်လို့ နင်ကိုယ်တိုင် ပြောခဲ့တာ မဟုတ်ဘူးလား၊ နင့်သမီးထက် ပိုလှမှာ သေချာတယ်နော်”
ဝမ်မေ့လီတစ်ယောက် မျက်နှာ မှောင်မိုက်သွားခဲ့သည်။
“ငါ့သမီးကလည်း နတ်သမီးလေးလို လှပါတယ်ဟဲ့!”
အတင်းပြောချင်စိတ်ပင် မရှိတော့သဖြင့် ဝမ်မေ့လီ အိမ်ထဲပြန်ဝင်လာတော့သည်။
ကျန်ခဲ့သည့် အဒေါ်ကြီးများက ထွက်သွားသည့် ဝမ်မေ့လီကို ကြည့်ရင်း အတင်းအဖျင်း ပြောကြလေသည်။
“ကြည့်ပါဦး… သူစိတ်ချောက်ချားနေတာ”
“လီသဲ့ရှုတို့ မိသားစုက အရမ်း ချမ်းသာတာကိုး၊ အဲ့သားမက်ကို အမိအရ သိမ်းပိုက်ထားမှ ဖြစ်မှာပေါ့”
“သူ့သမီးက ဘယ်လိုပုံစံလဲ ငါတို့မသိတာကျနေတာပဲ၊ နတ်သမီးတဲ့… နတ်သမီးရဲ့ ခြေဖျားအဆင့်တောင် မရှိဘဲနဲ့”
ထိုစဉ် ဝမ်မေ့လီတစ်ယောက် အိမ်ထဲ ဒေါကြီးမောကြီးနှင့် ပြန်ဝင်လာပြီး ကျန်းအာ့နီ၏ အခန်းတံခါးကို အားဖြင့် တွန်းဖွင့်လိုက်သည်။
“ကျန်းအာ့နီ! ငါ့ကိုပြောစမ်း! ခုတလော လီသဲ့ရှုက နင့်ကို ကောင်းကောင်းမွန်မွန် မဆက်ဆံဘူးမလား”
ကျန်းအာ့နီ: “အမေဘယ်လိုသိတာလဲ!”
သမီးဖြစ်သူ၏ နုံအမှုကြောင့် ဝမ်မေ့လီ စိတ်ရှုပ်လွန်းသဖြင့် သက်ပြင်းသာချမိတော့သ်ည။
“နင့်ကို ကျောင်းထွက်ပြီး လီသဲ့ရှုနဲ့ အမြန်လက်ထပ်ပါလို့ ငါပြောခဲ့သားပဲ! နင့်အဖေကသာ နင့်ကို ကျောင်းပြီးအောင် ထားချင်းတယ်တကဲကဲ လုပ်နေတာ၊ နင့်အမှတ်တွေကြည့်လိုက်တော့လည်း အောက်ဆုံးမှာချည့်ပဲ၊ တက္ကသိုလ်တက်ခွင့်ရမှာလည်း မဟုတ်ဘဲနဲ့ ဘာလို့ အလုပ်ရှုပ်ခံနေတာလဲ”
ကျန်းအာ့နီ ရင်ကွဲသွားသည်။
ကျောင်းတွင် စာညံ့နေသည်မှာ သူမအပြစ် မဟုတ်ပေ။
ဝမ်မေ့လီက ဆက်ပြောသည်။
“ငါပြောတာနားထောင်၊ လီသဲ့ရှုကို နင်သေသေချာချာ ချုပ်ထားနော်၊ သူက နင့်ကို သူဌေးဖြစ်အောင် လုပ်ပေးမယ့် ရွှေလက်မှတ်ပဲ၊ အဲ့လက်မှတ်သာ သူများနောက်ပါသွားရင် နင့်မှာ ဘာအခွင့်အရေးမှ မရှိတော့ဘူး”
ကျန်းအာ့နီ အိပ်ရာထဲ ငုတ်တုတ်ထထိုင်လိုက်သည်။
“အမေ၊ အခု သူကသမီးကို ဂရုတောင်စိုက်တော့တာ မဟုတ်ဘူး၊ လက်ထပ်ဖို့ သဘောတူပါဦးမလား”
“စိတ်မပူနဲ့ အမေတစ်ခုခုစီစဉ်လိုက်မယ်”
ဝမ်မေ့လီသည် အတင်းအဖျင်း ပြောခြင်းကို နှစ်သက်သည့်အပြင် ဉာဏ်နီဉာဏ်နက်များသူတစ်ဦးလည်း ဖြစ်သည်။
ယခင်က သူမသမီးကို လက်ထပ်ဖို့ လီသဲ့ရှု လက်ခံခဲ့ရခြင်းမှာ သူမ၏ ခင်ပွန်းဖြစ်သူသည် ရွာသူကြီး ဖြစ်နေခြင်းကြောင့်ပင်။
လီမိသားစုက သစ်တောလုပ်ငန်းလုပ်ကိုင်သဖြင့် အချို့ကဏ္ဍများတွင် သူမခင်ပွန်း ရွာသူကြီး၏ ခွင့်ပြုချက်ကို လိုအပ်ပါသည်။
မိသားစုနှစ်စုအကြား အကျိုးအမြတ်ရှိနေသေးသရွေ့ ထိုမင်္ဂလာပွဲသည် အမှားအယွင်းမဖြစ်နိုင်ပေ။
--- --- ---
ယဲ့မိသားစုအိမ်သို့ မျှော်လင့်မထားသည့် ဧည့်သည်တစ်ယောက် ရောက်လာသည်။
ခြံထဲတွင် တံမြက်စည်းလှည်းနေသည့် မြောင်စွေ့ဖန်းက ထိုဧည့်သည်ကိုမြင်ပြီး နွေးနွေးထွေးထွေး နှုတ်ဆက်လိုက်လေသ်ည။
“အာ့နီပါလား၊ ရှောင်ရှောင်ဆီကို လာတာလား”
ကျန်းအာ့နီ ခေါင်းညိတ်လိုက်လေသည်။
“ဟုတ်တယ် ဒေါ်လေး”
မြောင်စွေ့ဖန်းက လမ်းညွှန်လိုက်သည်။
“သူ့အခန်းက ဟိုဘက်မှာရှိတယ်သမီး၊ သွားတွေ့လိုက်”
ကျန်းအာ့နီ အထဲသို့ ဝင်လာသောအခါ ယဲ့ရှောင်ရှောင်၏ အခန်းမှာ မကျယ်ဝန်းသော်လည်း အလွန်သန့်ရှင်း သပ်ရပ်နေပြီး သစ်နီသားဗီရိုတစ်လုံးလည်းရှိနေသည်ကို မြင်လိုက်ရသည်။
ထိုဗီရိုပေါ်တွင် ကိုယ်လုံးပေါ်မှန်ကြီးတစ်ချပ်ရှိကာ ပုလင်းများ၊ ဘူးခွံများ အစုံအလင်ရှိနေပါသည်။
မျက်နှာလိမ်း ခရင်မ်၊ မိတ်ကပ်ဘူးများ၊ ရေမွှေးများနှင့် နှုတ်ခမ်းနီများ…
ထိုပစ္စည်းများကို သူမ အမေပင် သူမကို ဝယ်မပေးဖူးပါ။
ယဲ့ရှောင်ရှောင်သည် အပူပေးကုတင်ပေါ်တွင် ထိုင်ပြီး စာအုပ်တစ်အုပ်ဖတ်နေပါသည်။
ကျန်းအာ့နီရုတ်တရက် ရောက်ရှိလာသဖြင့် သူမ အံ့အားသင့်သွားခဲ့ရသည်။
“ယဲ့ရှောင်ရှောင်၊ နင့်ကိုငါ သတိပေးထားမယ်၊ လီသဲ့ရှုက ငါ့လူပဲ၊ ငါတို့မကြာခင် လက်ထပ်တော့မှာ၊ အဲ့တာကြောင့် နင်သူနဲ့ ဝေးဝေးနေပါ”
ယဲ့ရှောင်ရှောင် စိတ်ကျေနပ်သွားပြီး စာအုပ်ကို လက်ထဲမှ ချလိုက်ပါသည်။
သူမ၏ အကြံအစည်က ဤမျှမြန်မြန် အလုပ်ဖြစ်သွားလိမ့်မည်ဟု ထင်မထားခဲ့ပါ။
ဝမ်မေ့လီတို့သားအမိသည် အတော်လေး သွက်လက်ကြပါသည်။
ယဲ့ရှောင်ရှောင် မေးထောက်လျက် ပြန်ပြောလိုက်သည်။
“အဲ့တာဆိုလည်း မြန်မြန် လက်ထပ်ကြလေ၊ ငါအခု သူ့ကို စိတ်မဝင်စားသေးပေမယ့် နောက်ပိုင်း ဘာတွေ ပြောင်းလဲသွားမလဲဆိုတာ မပြောနိုင်ဘူးလေ”
“နင်တော်တော် အရှက်မရှိတာပဲ…”
ယဲ့ရှောင်ရှောင်၏ မျက်နှာကို ကြည့်ရင်း ကျန်းအာ့နီ စိတ်မသက်မသာ ဖြစ်လာခဲ့သည်။
ယဲ့ရှောင်ရှောင်ကို လီသဲ့ရှု သဘောကျသည်မှာ မဆန်းပေ။
ဤ ‘မြေခွေးမလေး’နှင့် ယှဉ်လိုက်လျှင် သူမတွင် အားသာချက်ဟူသည် တစ်ချက်မှ မရှိသကဲ့သို့ ကျန်းအာ့နီ ခံစားနေရပါသည်။
“အရှက်ဆိုတာ ဘယ်လောက်တန်လို့လဲ၊ နင့်ရဲ့… ခင်ပွန်းလောင်းကို သေချာ ထိန်းထားတာ ပိုကောင်းမယ်နော်”
ယဲ့ရှောင်ရှောင်၏ အေးဆေးတည်ငြိမ်သော ပုံစံကြောင့် ကျန်းအာနီ ဒေါသပိုထွက်သွားရပါသည်။
သို့သော် သူမ ဘာမှဆက်မပြောတော့ဘဲ လှည့်ထွက်လာခဲ့တော့သည်။
ဘာပဲဖြစ်ဖြစ် မကြာခင် သူမ လက်ထပ်ရတော့မည်ဟု အမေဖြစ်သူက ပြောထားသည် မဟုတ်ပါလား။
--- --- ---
ယဲ့ရှောင်ရှောင်အား ကျန်းအာ့နီ လာရောက်သတိပေးသွားသည့် နောက်ပိုင်းတွင် တစ်ဖက်မှ အမှန်တကယ် လှုပ်ရှားခဲ့ပုံရသည်။
လီသဲ့ရှုတစ်ယောက် ကျောင်းသို့ ထပ်ရောက်မလာတော့ပေ။
တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ တဖြည်းဖြည်းနီးကပ်လာသောအခါ ကျောင်းတော်က အချိန်ဇယားများကို ပြောင်းလဲခဲ့ပါသည်။
မေလ အလုပ်သမားနေ့ နောက်ပိုင်းတွင် မနက်ခင်းစာကြည့်ချိန်နှင့် ညနေခင်းစာကြည့်ချိန်ဟူ၍ နှစ်ချိန် ထပ်တိုးမည်ဖြစ်ကြောင်း ဆရာမက ကြေညာသည်။
သို့သော် အတန်း(၉)မှ ကျောင်းသားကျောင်းသူများမှာမူ စာကြည့်ဖို့ စိတ်မဝင်စားကြဘဲ အားလပ်ရက်ကိုသာ စောင့်မျှော်နေကြပါသည်။
“ကဲ အားလုံး ငြိမ်ငြိမ်နားထောင်ကြ”
ဆရာမ ကျန်းရှားက အတန်းကိုထိန်းကာ ကြေညာလိုက်သည်။
“ဒီတစ်ပတ် ကြာသပတေးနဲ့ သောကြာနေ့တွေမှာ အစမ်းစာမေးပွဲ ဖြေဆိုရမယ်၊ စာမေးပွဲပြီးရင် အလုပ်သမားနေ့က တစ်ရက်ပိတ်မယ်၊ ဒါပေမယ့် ပိတ်ရက်ရှည်အပတ်လည်း ဖြစ်နေတာကြောင့် အားလုံးပေါင်း ကျောင်းသုံးရက် ပိတ်ပါမယ်”
စာသင်ခန်းထဲမှ လက်ခုပ်လက်ဝါးတီးသံများ ထွက်ပေါ်လာပါသည်။
သို့သော် ယဲ့ရှောင်ရှောင်မှာမူ အံ့အားသင့် တုန်လှုပ်သွားခဲ့သည်။
‘အလုပ်သမားနေ့က တစ်ရက်တည်းပိတ်တာလား၊ ဘယ်အချိန်စာသွားလုပ်ရမှာလဲ!’
သို့သော် သေချာပြန်စဉ်းစားလိုက်ခါမှ ဤခေတ်ကာလတွင် ‘Golden Week’ ဟူသည်မှာ မရှိလောက်သေးမှန်း ယဲ့ရှောင်ရှောင် နားလည်ခဲ့ရပါသည်။
စက်ရုံများတွင်ပင် အလုပ်သမားများမှာ တစ်ပတ်လျှင် တစ်ရက်သာ နားရလေ့ရှိသည်။
သို့သော် အချို့ဒေသများတွင်မူ နွေဦးစိုက်ပျိုးချိန်နှင့် ဆောင်ဦးရိတ်သိမ်းချိန်များတွင် အားလပ်ရက်ရှည်များ ပေးလေ့ရှိကြာပါသည်။
ဆရာမကျန်းရှားသည် ကျောင်းပိတ်ရက်အကြောင်း ကြေညာပြီးနောက် အတန်းဆင်းခွင့်ပေးခဲ့သည်။
ဝမ်ယင်သည် အစမ်းမေးခွန်းစာရွက်တစ်ရွက်ကို ထုတ်ကာ အားကြိုးမာန်တက်ဖြေဆိုနေလေသည်။
တစ်ဖက်မှ ယဲ့ရှောင်ရှောင် လှမ်းကြည့်လိုက်ရာ မေးခွန်း ၁၀ ခုတွင် ဝမ်ယင်က ၉ ခုကို မှားယွင်းစွာ ဖြေဆိုထားမှန်း မြင်လိုက်ရသည်။
“…”
ယဲ့ရှောင်ရှောင် သက်ပြင်းချမိပါသည်။
ဤသည်မှာ အတန်း(၉)၏ စံနှုန်းပင်ဖြစ်လိမ့်မည်။
အံ့အားသင့်ဖို့ ပိုကောင်းသည်မှာ ဝမ်ယင်သည် မေးခွန်းများကို အမှန်တကယ် နားလည်ဖို့ ကြိုးစားနေခြင်းပင် ဖြစ်သည်။
“ဘာ…ဘာဖြစ်လို့လဲ…”
ယဲ့ရှောင်ရှောင်က လက်ထောက်ပြကာ ပြောလိုက်သည်။
“ဒီတစ်ပုဒ်မှားနေတယ်”
“ဪ”
ဝမ်ယင် ရှက်ကိုးရှက်ကန်းဖြင့် အဖြေကို အမြန်ပြန်ဖျက်လိုက်သည်။
ယဲ့ရှောင်ရှောင်: “ကျန်တာတွေပါ ဖျက်လိုက်”
ဝမ်ယင့်မျက်နှာ နီမြန်းသွားသည်။
“တ…တကယ် အ…အကုန်လုံး မှားနေတာလား၊ ငါသေချာ လေ့လာထားတာပါ”
‘တကယ်ပေါ့… ဒီကမ္ဘာမှာ ငါ့လောက်ကောင်းတဲ့ ထိုင်ခုံဖော် ရှိပါဦးမလား’
ယဲ့ရှောင်ရှောင်သည် စာရွက်အကြမ်းတစ်ရွက်ကို ထုတ်ကာ အဖြေမှန်များကို ချရေးပေးလိုက်ပြီး ဝမ်ယင်အား ပေးလိုက်ပါသည်။
ဝမ်ယင်: “ကျေး… ကျေးဇူးတင်ပါတယ်”
ယဲ့ရှောင်ရှောင်: “ရပါတယ်”
--- --- ---
ထိုနေ့ညနေခင်းတွင် ဝမ်ယင်သည် အိမ်တွင် ညစာစားပြီးနောက် ပုံမှန်အတိုင်း သူမ၏ ငယ်သူငယ်ချင်းနှင့် စာအတနူသွားလုပ်ခဲ့ပါသည်။
စာလုပ်နေစဉ်အတွင်း မနက်က သူမထိုင်ခုံဖော် ပေးခဲ့သည့် စာရွက်လေးကို ပြန်ထုတ်ကာ ဝမ်ယင် သေသေချာချာ ဖတ်ရှုလေ့လာလိုက်သည်။
ဝမ်ယင်၏ ပညာရေးအတွက် မျှော်လင့်ချက်သိပ်မထားခဲ့သည့် လီပေါ်ဝမ်က သူမ စာသေချာ မလုပ်သည်ကိုမြင်ပြီး မျက်မှောင်ကြုတ်လျက် သတိပေးလိုက်ပါသည်။
“စာကို အာရုံစိုက်ပြီးလုပ်လေ”
ဝမ်ယင်ကဆိုသည်။
“ငါ့ထိုင်ခုံဖော် ပေးထားတဲ့ အဖြေတွေကို ကြည့်နေတာ”
လီပေါ်ဝမ် မှင်သက်သွားရသည်။
“နင်တို့ အတန်း(၉)မှာ ဒီမေးခွန်းကို ဖြေနိုင်တဲ့လူတကယ်ရှိလို့လား”
ထိုစာရွက်အကြမ်းကို လီပေါ်ဝမ် ဆွဲယူကြည့်လိုက်သောအခါ လက်ရေးလက်သားကို ချက်ချင်းပင် သတိထားမိသွားခဲ့သည်။
လက်ရေးလက်သားက အလွန်လှပပါသည်။
အဖြေကလည်း အလွန်ရိုးရှင်းပြီး နားလည်ရလွယ်သည်။
လီပေါ်ဝမ် အလွန်အံ့အားသင့်သွားမိသည်။
တတိယမြောက်ပုစ္ဆာသို့ ရောက်ရှိသောအခါ ထိုသူသည် လုံးဝမတူညီသော တွက်နည်းအသစ်ဖြင့် တွက်ချက်ထားသည်ကို တွေ့လိုက်ရသည်။
“ဒီအဖြေတွေကို နင့်ထိုင်ခုံဖော် ပေးခဲ့တာလို့ ပြောလိုက်တာလား”
ဝမ်ယင်က ခေါင်းညိတ်သည်။
“ဟုတ်…ဟုတ်တယ် ငါ့ရှေ့မှာတင် သူရေးပေးလိုက်တာ”
လီပေါ်ဝမ်: “သူ့နာမည်က ဘာတဲ့လဲ”
ဝမ်ယင်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“ယဲ့…ယဲ့ရှောင်ရှောင်တဲ့၊ ဒီနှစ်မှ ကျောင်းပြောင်းလာတဲ့ ကျောင်းသူသစ်လေ၊ သူ…သူက အရမ်းသဘောကောင်းတာ၊ ငါ့…ငါ့ကို သူများတွေ အနိုင်ကျင့်နေတုန်းကတောင် သူကာကွယ်ပေးခဲ့တာ”
ထိုအမည်ကို တစ်နေရာရာတွင် ကြားဖူးနေသည်ဟု လီပေါ်ဝမ် ခံစားလိုက်ရသည်။
ဝမ်ယင်က ဆက်ပြောသည်။
“အ… အရင်တစ်ခေါက် ငါမြွေကိုက်ခံရတုန်းကလည်း သူကူညီပေးခဲ့တာပဲလေ”
“ဟုတ်ပါပြီ နင့်ထိုင်ခုံဖော်အရမ်းတော်မှန်း ငါသိပါပြီ၊ အတန်းထဲမှာ နင်အောက်ဆုံး ထပ်မရောက်အောင် သူကူညီပေးနိုင်ပါစေလို့ မျှော်လင့်ရတာပဲ”
ဝမ်ယင်က ယုံကြည်မှုအပြည့်ဖြင့်ဆိုသည်။
“ဒီ…ဒီတစ်ခါတော့ ငါကျိန်းသေပေါက် တိုးတက်လာတော့မှာ!”
📗 Chapter 40
ယဲ့ရှောင်ရှောင်သည် ဤခေတ်ကာလ၏ စာမေးပွဲတစ်ခုကို ပထမဆုံးအကြိမ်အဖြစ် ဖြေဆိုဖူးခဲ့ပါပြီ။
မိတ္တူကူးထားသော မေးခွန်းစာရွက်များကို ရရှိပြီးနောက် အစမှအဆုံးအထိ တစ်ခေါက် ဖတ်ကြည့်လိုက်သည်။
မိတ္တူစက်က မကောင်းမွန်သဖြင့် စာလုံးများမှာ အနည်းငယ် ဝေဝါးနေသော်လည်း ယဲ့ရှောင်ရှောင်အတွက် အနှောင့်အမယှက် မဖြစ်ခဲ့ပေ။
ယဲ့ရှောင်ရှောင်သည် ဖောင်တိန်ကို မြဲမြဲဆုပ်ကိုင်လျက် မေးခွန်းများကို တစ်ခုပြီးတစ်ခု အခက်အခဲမရှိ ဖြေဆိုခဲ့ပါသည်။
အစမ်းစာမေးပွဲ သဘောသာဖြစ်၍ စာမေးပွဲကို ပုံမှန်စာသင်ခန်းများတွင်သာ ကျင်းပကြခြင်းဖြစ်ပြီး ကျောင်းသားများအကြား နေရာခြားထားခြင်းလည်း မရှိပေ။
ယဲ့ရှောင်ရှောင်သည် မေးခွန်းအားလုံးကို ဖြေဆိုပြီးနောက် ဘေးတွင် အသည်းအသန် ရေးသားနေဆဲဖြစ်သည့် ဝမ်ယင်ကို လှည့်ကြည့်ကာ အဖြေစာရွက်ကို အရင်ဆုံးအပ်လိုက်ပါသည်။
အတန်းထဲတွင် သူမထက်ပင် ပို၍ စိတ်စောနေသူများ ရှိပါသေးသည်။
ယဲ့ရှောင်ရှောင် အဖြေစာရွက်အပ်လိုက်သည်နှင့်တစ်ပြိုင်တည်း သူမနောက်မှ ယောက်ျားလေး ၄ - ၅ ယောက်ခန့် အသည်းအသန် ပြေးထွက်လာကြသည်။
ကျောင်းပြင်ပသို့ ရောက်ရှိသည်နှင့် ထိုကောင်လေးများ ပျောက်ချင်းမလှ ပျောက်ကွယ်သွားကြပါသည်။
နေ့လယ်ပိုင်း စာမေးပွဲက ပို၍ပင် မြန်ဆန်သေးသည်။
ယဲ့ရှောင်ရှောင် အဖြေလွှာအပ်ပြီးသောအခါ ယဲ့ချန်းရှန့်နှင့် ယဲ့ချန်းယွမ်တို့နှစ်ယောက် စာမေးပွဲခန်းတွင်သာ ရှိကြသေးသည်။
သူမတို့ ငှားရမ်းထားသည့် တိုက်ခန်းနှင့် ကျောင်းတို့မှာ အတော်လေး နီးကပ်ပါသည်။
ကျောင်းမှထွက်ကာ လမ်းထောင့်ကို ကွေ့လိုက်ရုံမျှသာ ဖြစ်သည်။
ယဲ့ရှောင်ရှောင်သည် အစ်ကိုနှစ်ယောက်ကို မစောင့်ဘဲ အိမ်သို့ ပြန်နှင့်ဖို့ ဆုံးဖြတ်လိုက်ပါသည်။
မမှောင်သေးသော်လည်း ကျောင်းအဝင်ဝတွင် လူသူကင်းမဲ့ရှင်းလင်းကာ အတော်လေး ဗလာကျင်းဖြစ်နေလေသည်။
ထို့ကြောင့် ကျောင်းဝင်ပေါက်ရှေ့တွင် စီးပွားရေးတစ်ခုခု လုပ်ရန် သင့်၊ မသင့်ပင် စဉ်းစားမိလေသည်။
လမ်းဘေးတွင် ဆိုင်ခန်းလေးများ ဖွင့်သည့် အလေ့အထမှာ ယခုချိန်တွင် ရေပန်းစားသေးပုံမရပေ။
ယဲ့ရှောင်ရှောင် လမ်းလျှောက်ရင်းနှင့် လမ်းကြားတစ်ခုထဲသို့ ဝင်လာခဲ့သည်။
မှောင်မနေသေးသော်လည်း ထိုလမ်းကြားမှာ ပုံမှန်အားဖြင့် တိတ်ဆိတ်ငြိမ်သက်နေတတ်ပြီး လူသူကင်းမဲ့လေ့ ရှိပါသည်။
သို့သော် ယနေ့တွင်မူ ထိုလမ်းကြားထဲသို့ ယဲ့ရှောင်ရှောင် ဝင်လိုက်သည်နှင့် အနောက်ဘက်မှ ခြေသံများထွက်လာသည်ကို ကြားလိုက်ရသည်။
အဖြူရောင်အဝတ်စများကို မျက်နှာဖုံးအဖြစ် ဝတ်ထားသည့် လူအချို့က သူမနောက်သို့ လိုက်လာပါသည်။
ယဲ့ရှောင်ရှောင်သည် လက်ထဲတွင် ငွေအပ်တစ်ချောင်းကို ချက်ချင်း အသင့်ပြင်ထားလိုက်သည်။
ထိုလူများမှာ သေချာပေါက် မကောင်းကြံမည့်လူများ ဖြစ်မှန်း သိသာလှပါသည်။
ထို့ကြောင့် ယဲ့ရှောင်ရှောင် သတိကပ်ကာ ခြေလှမ်းကို ခပ်မြန်မြန် လျှောက်လှမ်းလိုက်သည်။
လမ်းကြား၏ အဆုံးသို့ ရောက်ခါနီးတွင် အခြားလူတစ်ယောက်က သူမရှေ့၌ ရုတ်တရက်ပေါ်လာခဲ့ပြန်သည်။
“ဘာလဲ… ငါ့ကို ရည်ရွယ်ချက်ရှိရှိ စောင့်နေကြတာလား”
ယဲ့ရှောင်ရှောင်သည် စိတ်လည်းမလှုပ်ရှားသလို ကြောက်လည်း မကြောက်ပါ။
“ဒါဓားပြတိုက်တာလား ဒါမှမဟုတ် မိန်းကလေးတစ်ယောက်ကို နှောင့်ယှက်တာလား၊ ဒီခေတ်မှာ ရမ်းကားမှုကို သေဒဏ်အထိ ချမှတ်လို့ရတယ်နော် သေသေချာချာ စဉ်းစားကြ၊ လုယက်မှုဆို ပိုတောင် အမှုကြီးသေးတယ်၊ ခုတလော ရာဇဝတ်မှု နှိမ်နင်းရေးတွေ ဒီလောက်ပြင်းထန်နေတာ မကြောက်ကြဘူးလား”
လမ်းကြားထွက်ပေါက်တွင် ပိတ်ရပ်နေသည့်လူမှာ ကြက်သေသေသွားရသည်။
သူတို့ ခန့်မှန်းထားသည့် အခြေအနေနှင့် အတော်လေး လွဲချော်နေပါသည်။
သူတို့၏ မူလအစီအစဉ်သည် ကောင်မလေးကို ကြောက်သွားအောင် ချောက်ဖို့ဖြစ်ပြီး လီသဲ့ရှုရောက်လာကာ သူရဲကောင်း ဝင်လုပ်ပေးဖို့ ဖြစ်ပါသည်။
သူတို့အားလုံးတွင် အလုပ်နှင့်အကိုင်နှင့် ဘဝကိုယ်စီ ရှိကြသဖြင့် မိန်းကလေးတစ်ဦးအား နှောင့်ယှက်သည့် ပြစ်မှုမျိုးကို အမှန်တကယ် ကျူးလွန်ကြမည် မဟုတ်ပေ။
သို့သော် ယခု ထိုမိန်းကလေးက မကြောက်ရွံ့သဖြင့် သူတို့ ဘာဆက်လုပ်ရမှန်း မသိကြတော့ချေ။
ထို့ကြောင့် လမ်းကြားဝင်ပေါက်တွင်ရပ်နေသည့်လူက အနောက်တွင်ရှိနေသည့်လူများကို ပိုမို အားစိုက်ဖို့ မျက်လုံးဖြင့် အချက်ပြလိုက်ပါသည်။
မတ်တပ်သာရပ်နေကြသည့် ထိုလူများကို ကြည့်ရင်း ယဲ့ရှောင်ရှောင် ဇဝေဇဝါဖြစ်သွားခဲ့သည်။
‘ဒါဓားပြတိုက်တာနဲ့ မတူပါလား…’
“ကောင်မလေး၊ ငါတို့နဲ့ လာတွေ့တာ မင်းကံဆိုးတာပဲ၊ မင်းမှာပါသမျှ ပိုက်ဆံတွေ အကုန်ထုတ်ပေး၊ ထုတ်မပေးဘူးဆိုရင် ဒီကအစ်ကိုကြီးတွေက အကြမ်းနည်းနဲ့ ကူထုတ်ပေးလိမ့်မယ်နော်”
မျက်နှာဖုံးတပ်ထားကြသော်လည်း သူတို့၏ ယုတ်မာသော မျက်နှာများကို မြင်နိုင်ပါသည်။
ယဲ့ရှောင်ရှောင်က မကြောက်ရွံ့ဘဲ သူတို့ကို အပ်စာကျွေးဖို့ အသင့်ပြင်လိုက်သည်။
ထိုစဉ်…
“ဒိုင်း!”
လမ်းကြားထဲတွင် သေနတ်သံတစ်သံ ပဲ့တင်သံထပ်သွားခဲ့သည်။
ယဲ့ရှောင်ရှောင် ရှေ့တွင် ပိတ်ရပ်ထားသည့်လူမှာ ချက်ချင်းဆိုသလိုပင် မြေပေါ်သို့ ခွေကျသွားခဲ့ပါသည်။
“မင်းတို့ ဘာလုပ်နေတာလဲ၊ လူရမ်းကားလုပ်ချင်နေကြတာလား”
စစ်ယူနီဖောင်းတစ်စုံကို သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားသည့် လုဟန်ချွမ်သည် လမ်းကြားဝတွင် ရုတ်တရက် ပေါ်လာခဲ့ပါသည်။
“မဟုတ်ပါဘူး မဟုတ်ပါဘူး! ကျွန်တော်တို့က ဒီတိုင်း စနောက်နေတာပါ!”
ထိုလူက သူ့မျက်နှာဖုံးကို ချွတ်ပြလိုက်ပါသည်။
ထိုလူ့ကို ယဲ့ရှောင်ရှောင် မှတ်မိသည်။
ထိုနေ့က ကျောင်းအဝင်ဝတွင် လီသဲ့ရှုဘေး၌ ရပ်နေခဲ့သူ မဟုတ်ပါလား။
“သူတို့ကို ကျွန်မ မသိဘူး၊ ကျွန်မကို လာနှောင့်ယှက်နေကြတာ”
လုဟန်ချွမ်သည် အလွန်ကြံ့ခိုင်သည့် ခန္ဓာကိုယ်နှင့် နက်ရှိုင်းသည့် မျက်ဝန်းတို့ကို ပိုင်ဆိုင်ထားသူဖြစ်သည်။
ဟောင်းနွမ်းစုတ်ပြတ်နေသည့် လမ်းကြားထဲတွင် မတ်တပ်ရပ်နေရသော်လည်း သူ၏ ခံ့ညားမှုမှာ သတိထားမိစရာ ကောင်းလှပါသည်။
သူ့နောက်တွင်ပါလာသည့် အရာရှိက အမိန့်ပင်ပေးစရာမလိုဘဲ လမ်းကြားထဲမှ လူရမ်းကားများကို ဖမ်းဆီးကာ ရဲစခန်းသို့ ခေါ်ဆောင်သွားဖို့ စီစဉ်လိုက်ပါသည်။
“မှားနေပြီ! နားလည်မှုလွဲနေပြီ!”
“ကျွန်တော်တို့က တကယ့်လူဆိုးတွေ မဟုတ်ပါဘူး! ဒီတိုင်း ကျီစယ်နေကြတာပါ!”
အရာရှိက ထိုလူများကို သေနတ်ဖြင့်ရွယ်ကာ မေးလိုက်သည်။
“မင်းတို့ကျီစယ်တာကို ဒီကောင်မလေးက ပျော်နေတယ် ထင်လို့လား၊ မင်းတို့လိုကောင်တွေကို နေရာမှာတင် ပစ်သတ်လိုက်လို့ရတယ် နားလည်လား”
ယဲ့ရှောင်ရှောင်သည် အခြေအနေကို ရိပ်စားမိနေပြီဖြစ်ကာ လီသဲ့ရှု၏ အရှက်မဲ့မှုကိုလည်း နားလည်စပြုလာခဲ့ပါပြီ။
“မင်းကြောက်သွားသေးလား”
လုဟန်ချွမ် အနားရောက်လာပြီး မေးလိုက်သည်။
ယဲ့ရှောင်ရှောင် ခေါင်းခါလိုက်သည်။
“မကြောက်ပါဘူး၊ တကယ်တော့ သူတို့တွေကို ကျွန်မသိတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် သူတို့က လူကောင်းတွေ မဟုတ်ဘူး”
“အဲ့တာဆို သူတို့ကို အချုပ်ထဲထည့်ထားလိုက်မယ်၊ မင်းတက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေပြီးတဲ့အချိန်ထိ ဒီကောင်တွေကို ထပ်မတွေ့စေရဘူးလို့ ငါအာမခံတယ်”
ယဲ့ရှောင်ရှောင်က မေးသည်။
“ရှင်ဒီကိုဘာလို့ရောက်နေတာလဲ၊ ဝရမ်းပြေးတွေ ထပ်ဖမ်းဖို့လား”
လုဟန်ချွမ်: “မဟုတ်ပါဘူး၊ ငါ့မှာ တခြားတာဝန်တွေ ရှိသေးတယ်၊ ပြီးတော့ အရင်တစ်ခေါက်ကကိစ္စအတွက်လည်း မင်းတို့ ပိုင်ချွမ်ရွာသားတွေကို ကျေးဇူးတင်ရဦးမယ်လေ”
ယဲ့ရှောင်ရှောင်: “အရင်တစ်ခေါက်က ရှင်ငွေပေးပြီးသွားပြီ မဟုတ်ဘူးလား”
သူပေးခဲ့သည့် ပမာဏမှာလည်း အလွန်ရက်ရောလှသည်။
လုဟန်ချွမ်က ပြုံးသည်။
“ကျောင်းစတက်နေပြီပေါ့၊ စာသင်ရတာ အခက်အခဲတွေဘာတွေရှိလား”
ယဲ့ရှောင်ရှောင်က သူမ၏ လွယ်အိတ်ကို ပုတ်ကာ ပြောသည်။
“ရှင်ပြောတာ မှန်တယ်၊ ဒီက အခြေအနေတွေက အကောင်းကြီးမဟုတ်ဘူး၊ ဒါပေမယ့် ကျွန်မ အားလုံး ဖြေရှင်းပြီးပါပြီ”
ကျောင်းနှင့် နီးသည့်နေရာတစ်ခုတွင် အိမ်ငှားနေသည့်အကြောင်း သူ့ကို ပြောပြလိုက်သည်။
တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုရန် သုံးလခန့်သာ လိုတော့သဖြင့် ကျန်ကဏ္ဍများ၌ လိုအပ်ချက် ရှိနေလျှင်ပင် သူမ သည်းခံနိုင်ပါသည်။
လုဟန်ချွမ်က ပို၍ပင် စိတ်ဝင်စားသွားသည်။
“ငါမင်းကို ကူညီထားတာဆိုတော့ အိမ်ခေါ်ပြီး လက်ဘက်ရည်လေးဘာလေး မတိုက်ချင်ဘူးလား”
ယဲ့ရှောင်ရှောင်: “မနောက်ပါနဲ့၊ ကျွန်မအိမ်မှာ ဘာလက်ဘက်ရည်မှ မရှိဘူး”
လုဟန်ချွမ်: “အဲ့တာ ယဉ်ကျေးမှုအရ ပြောတဲ့စကားလေ၊ တကယ်က အခုလက်ရှိ မင်းဘယ်လိုနေနေလဲ ငါလေ့လာချင်လို့၊ ပြီးတော့ အခုချိန်မင်းတစ်ယောက်တည်း ပြန်သွားဖို့လည်း မလုံခြုံဘူးလေ”
ယဲ့ရှောင်ရှောင် ခေတ္တစဉ်းစားလိုက်ပြီး သူ့စကားက အဓိပ္ပာယ်ရှိသည်ဟု တွေးလိုက်ပါသည်။
“အင်းလေ၊ ရှင်အလုပ်မများဘူးဆိုရင်တော့ လိုက်ကြည့်လို့ရပါတယ်”
မူလကတော့ သူမသည် အိမ်ကိုပြန်ပြီး အစ်ကိုဖြစ်သူများအတွက် အထုပ်အပိုး ပြင်ဆင်ပေးဖို့ ရည်ရွယ်ထားခဲ့ပါသည်။
ကျောင်းသုံးရက်ပိတ်သည့်အခါ ယဲ့ချန်းရှန့်နှင့် ယဲ့ချန်းယွမ်တို့က ပိုင်ချွမ်ရွာကို ပြန်ချင်ကြမှာ သေချာသည်။
ယဲ့ရှောင်ရှောင် အိမ်ပြန်ရောက်သောအခါ အစ်ကိုနှစ်ယောက် ပြန်မရောက်ကြသေးပေ။
သို့သော် မျှော်လင့်မထားသည့် လူတစ်ယောက်ကတော့ ရောက်ရှိနေပါသည်။
လီသဲ့ရှုသည် သူမကို အိမ်ရာဝင်ပေါက်ရှေ့တွင် ရပ်စောင့်နေလေသည်။
လုဟန်ချွမ်: “အဲ့တစ်ယောက်ကလည်း ပိုင်ချွမ်ရွာက မဟုတ်လာား”
ယဲ့ရှောင်ရှောင် လှောင်ပြုံးပြုံးလိုက်သည်။
“သူလည်း ခုနက လူရမ်းကားတွေနဲ့ တစ်ဖွဲ့တည်းပဲ”
ယဲ့ရှောင်ရှောင်ကို လုဟန်ချွမ် လှည့်ကြည့်လိုက်သည်။ သူမ၏ ပုံစံက တည်ငြိမ်လွန်းနေပါသည်။
“သူ့ကိုပါ တစ်ခါတည်း ပို့ပေးလိုက်ရမလား”
ယဲ့ရှောင်ရှောင်: “အဲ့ဒီလီသဲ့ရှုက ပိုင်ချွမ်ရွာမှာ အရှိန်အဝါနည်းနည်းရှိတယ်၊ ကောင်တီရဲစခန်းက သူ့ကို ကြာကြာ ချုပ်ထားနိုင်မှာ မဟုတ်ဘူး၊ ရှင့်အတွက်တော့ မခက်ခဲနိုင်ပေမယ့် သူ့ကို ဒီ့ထက် ပိုဒုက္ခရောက်အောင်လုပ်ဖို့ ကျွန်မမှာ နည်းလမ်းရှိတယ်၊ သူ့ကို ခြောက်ဖို့သာ ကျွန်မကို နည်းနည်းကူညီပေးပါ”
ယဲ့ရှောင်ရှောင်၏ မျက်နှာမှာ အကောက်ကြံနေသည့် မြေခွေးလေးတစ်ကောင်နှင့် တူလှပါသည်။
လုဟန်ချွမ်လည်း သူမဘာလုပ်မည်ကို အတော်လေး သိချင်သွားမိသည်။
ယဲ့ရှောင်ရှောင်ကို မြင်သောအခါ လီသဲ့ရှု ချက်ချင်း ပြေးလာပြီး ရှင်းပြတော့သည်။
“ရှောင်ရှောင်… ခုနက ငါ့သူငယ်ချင်းတွေက နင့်ကို တမင်သက်သက် စခဲ့တာပါ၊ တကယ်လူရမ်းကား လုပ်တာ မဟုတ်ရပါဘူး”
ယဲ့ရှောင်ရှောင် ခြေလှမ်းများ ရပ်တန့်သွားသည်။
“သူတို့ စတာဟုတ်မဟုတ် ကျွန်မက ဘယ်လိုလုပ်သိမှာလဲ”
လုဟန်ချွမ်ကလည်း ဘေးမှ အေးအေးလူလူ ဝင်ပြောသည်။
“မင်းတို့အားလုံးက တစ်ဖွဲ့တည်းသားချင်းတွေဆို၊ ဒီနေ့ကိစ္စမှာ မင်းပယောဂမကင်းရင် မင်းလည်း သူတို့အားလုံးနဲ့အတူတူ ထောင်ထဲဝင်ရမယ်”
သူ့စကားကြောင့် လီသဲ့ရှု တုန်လှုပ်ချောက်ချားကာ နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်မိသည်။
“မ… မဟုတ်ပါဘူး… ကျွန်တော်နဲ့ ဘာမှမဆိုင်ပါဘူး! တကယ်ဘာမှမဆိုင်ပါဘူး!”
“မင်းနဲ့ဘာမှမဆိုင်ဘူးဆိုရင် ဒီကိစ္စမှာ ဝင်မပါနဲ့၊ နားလည်လား”
လုဟန်ချွမ်က ပါးလွှာသည့် လှောင်ပြုံးတစ်ခုဖြင့် ပြောလိုက်ခြင်းပင်။
“ဟုတ်ကဲ့ပါ… ဟုတ်ကဲ့ပါ…”
လီသဲ့ရှု တစ်ခွန်းမှ ထပ်မပြောဝံ့တော့ချေ။
“သွားကြစို့၊ ကျွန်မအိမ်က ဒီထဲမှာ”
ယဲ့ရှောင်ရှောင် စိတ်ကျေနပ်စွာ ပြောလိုက်သည်။
သူတို့နှစ်ယောက် မရှိတော့ခါမှ လီသဲ့ရှု ခေါင်းပြန်ထောင်လာနိုင်ပါသည်။
“လခွီးထဲမှ… ငါ့ကို အထင်သေးနေတာ မဆန်းဘူး၊ သူ့မှာ တခြားတစ်ယောက်ရှိနေတာကိုး၊ စစ်ယူနီဖောင်း ဝတ်ထားတော့ကော ဘာဂရုစိုက်စရာလိုလို့လဲ!”
တစ်ယောက်တည်း ပွစိပွစိပြောပြီးနောက် လီသဲ့ရှု စတင်စိတ်ပူလာသည်။
သူ့ညီအစ်ကိုများအား မည်သို့ ပြန်ထုတ်ပေးရမည်ကို သူ မသိပါ။
ယခုထိတော့ သူ့အကြောင်း ဖော်ကောင်မလုပ်ကြသေးသော်လည်း ရက်ပိုင်းအတွင်း သူတို့ကို ပြန်ထုတ်မပေးနိုင်ပါက အခြေအနေ ပြောင်းလဲသွားနိုင်ပါသည်။
ထိုစဉ် စာမေးပွဲဖြေဆိုပြီး၍ အိမ်ပြန်လာကြသော ယဲ့ချန်းယွမ်နှင့် ယဲ့ချန်းရှန့်တို့နှစ်ယောက်တို့ကို လီသဲ့ရှု ခပ်လှမ်းလှမ်းမှ မြင်လိုက်ရပါသည်။
ထိုညီအစ်ကို နှစ်ယောက်ကို ကြည့်ရင်း လီသဲ့ရှုခေါင်းထဲ အကြံတစ်ခု ရုတ်တရက်ပေါ်လာလေသည်။