← Chapters

အခန်း (၁-၂)

Vol. 1 Ch. 1-2

အခန်း (၁-၂)

Vol. 1 Ch. 1-2

🍋 Chapter 1

ရှန်ဟိုင်းမြို့၊ အေအန်ခရိုင်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ မတိုင်မီ ညတစ်ဦး၌ဖြစ်သည်။

ကျိုးထျန်းသည် ချွေးစေးများထွက်ကာ လန့်နိုးလာ၏။

မနေ့ညက သူ ထူးဆန်းသောအိပ်မက်တစ်ခု မက်ခဲ့သည်။ ကောင်းကင်ယံမှ ဂြိုဟ်တစ်လုံးခန့်ကြီးမားသော လီမွန်သီးကြီးတစ်လုံး ပြုတ်ကျလာပြီး သူ့ကို တည့်တည့်ကြီး မှန်သွားခြင်းပင်။

ဒါ စာမေးပွဲနီးလာလို့ ဖိအားတွေများနေလို့ ဖြစ်မှာပါ…..

သူ ရေချိုးသင့်မချိုးသင့် စဉ်းစားရင်း ခေါင်းကို ပွတ်သပ်နေလိုက်သည်။

ထိုစဉ် မရင်းနှီးသော အသိပေးသံတစ်ခု နားထဲ၌ မြည်ဟီးလာ၏။

[လီမွန်စနစ်မှ ကြိုဆိုပါတယ်]

[Host အဖြစ် အတည်ပြုပြီးပါပြီ၊ စနစ်ချိတ်ဆက်ခြင်း လုပ်ဆောင်နေပါတယ်...]

[စနစ်ချိတ်ဆက်မှု အောင်မြင်ပါသည်။

Host အချက်အလက် - ကျိုးထျန်း၊ ကျား၊ အသက် ၁၈ နှစ်]

ကျိုးထျန်း လန့်ဖျတ်သွားပြီး ကုတင်ပေါ်မှ ဝုန်းခနဲ ထထိုင်လိုက်သည်။ တစ်စုံတစ်ယောက်က သူ့ကို နောက်ပြောင်နေခြင်းလားဟု အခန်းပတ်ပတ်လည်ကို လိုက်ကြည့်မိသော် လည်း ဘာမှမရှိပေ။

ငါ တကယ်ပဲ စနစ်တစ်ခု ရလိုက်တာလား ?

ကျိုးထျန်းသည် အွန်လိုင်းဝတ္ထုများစွာ ဖတ်ဖူးသူဖြစ်သဖြင့် စနစ်ဆိုသည်ကို ရင်းနှီးပြီးသားဖြစ်သည်။

ဒါပေမဲ့ ဒီစနစ်နာမည်က တစ်မျိုးကြီးပဲ

သူ စိတ်ထဲမှ ညည်းတွားလိုက်စဉ်မှာပင် သတင်းအချက်အ လက်အချို့ မျက်မှန်ရှေ့၌ ပေါ်လာသည်။

[စနစ်အသုံးပြုပုံ လမ်းညွှန်]

[ဤစနစ်သည် အခြားသူများ၏ မနာလိုမှု၊ မနာလိုဝန်တိုမှုနှင့် မုန်းတီးမှုတို့မှတစ်ဆင့် 'အချဉ်ဓာတ်' ကို ရယူမည်ဖြစ်သည်]

[စနစ်သည် Host ရရှိသော အချဉ်ဓာတ်များကို တန်ဖိုးတူ ငွေသားဆုလာဘ်များအဖြစ် ပြောင်းလဲပေးမည်ဖြစ်သည်]

[စနစ်သည် အချဉ်ဓာတ်ရယူရမည့် တာဝန်များကို အချိန်မရွေး ပေးအပ်မည်ဖြစ်ပြီး တာဝန်အောင်မြင်ပါက အပိုဆုလာဘ်များ ရရှိမည်ဖြစ်သည်]

[ဆုလာဘ်များအားလုံးနှင့် ပတ်သက်၍နောက်ဆုံးဆုံးဖြတ်ပိုင်ခွင့်ကို စနစ်ကသာ ရယူထားသည်]

စနစ်၏ ညွှန်ကြားချက်များကို မြင်ပြီး ကျိုးထျန်း စကားမပြောနိုင်လောက်အောင် ဖြစ်သွားရသည်။

ဒါက ငါ့ကို တခြားလူတွေ အချဉ်ပေါက်အောင် (မနာလိုဖြစ်အောင်) လုပ်ခိုင်းနေတာပဲ၊ လီမွန်စနစ်လို့ နာမည်ပေးထားတာ မဆန်းတော့ဘူး။

ဒါပေမဲ့ အခုခေတ်လူတွေက အဲ့လောက် အချဉ်ပေါက်(မနာလို ဖြစ်) လွယ်လို့လား ?

ကျိုးထျန်း သံသယဝင်မိသည်။ သူကိုယ်တိုင်က အေးအေး ဆေးဆေး နေတတ်သူဖြစ်ပြီး ဘယ်သူ့ကိုမှ မနာလိုဖြစ်အောင် မလုပ်ဖူးသောကြောင့်ပင်။

မနာလိုမှုကို ငွေသားအဖြစ် တိုက်ရိုက်ပြောင်းပေးတာက တော့ တကယ်လန်းတယ်။ ဒါဆို ငါ တခြားလူတွေကို အချဉ်ပေါက်အောင် လုပ်နိုင်သရွေ့ ချမ်းသာတော့မှာပေါ့

[ဒင်~... စနစ်တာဝန် - ပထမဆုံး အချဉ်ဓာတ်အမှတ်ကို အမြန်ဆုံး ရယူပါ]

[တာဝန်ဆုလာဘ် - တက္ကသိုလ်ဝင်တန်းစာမေးပွဲ အပိုရမှတ်]

[တာဝန်အညွှန်း - ကျေးဇူးပြု၍ ပထမဆုံး အချဉ်ဓာတ်အမှတ်ကို အမြန်ဆုံးရယူပါ။ Host အချိန်မည်မျှယူသည်အပေါ် မူတည်၍ စနစ်က တက္ကသိုလ်ဝင်တန်း အပိုရမှတ်များကို ချီးမြှင့်ပါမည်။

အချိန်တိုလေ အပိုရမှတ်များလေဖြစ်ပြီး အများဆုံး အမှတ် ၁၀၀ အထိ ရရှိနိုင်ပါသည်]

သူ ဘာမှမလုပ်ရသေးခင်မှာပင် ပထမဆုံးတာဝန်က ရောက်ရှိလာပြီဖြစ်သည်။

"ဟာ... တက္ကသိုလ်ဝင်တန်း အပိုရမှတ်တွေတဲ့ ဟ!"

ကျိုးထျန်း စိတ်လှုပ်ရှားလွန်းသဖြင့် ကုတင်ပေါ်မှ ခုန်ချမတတ် ဖြစ်သွားသည်။ စနစ်က သူ့အခြေအနေကို ကြည့်ပြီး တာဝန်ပေးလိုက်ပုံရသည်။

စာမေးပွဲဖြေဆိုရန် နှစ်ရက်သာ လိုတော့သည့်အချိန်တွင် သူ့အတွက် အပိုရမှတ်ထက် အဖိုးတန်သည်မှာ မရှိတော့ပေ။ သူ၏ စာမေးပွဲရလဒ်မှာ ပုံမှန်အဆင့်သာ ရှိသည်မဟုတ်ပါလား။

အမှတ် ၁၀၀... အမှတ် ၁၀၀ တောင်! ငါသာ အမှတ် ၁၀၀ ရရင် သာမန်ကောလိပ်လောက်ပဲ တက်နိုင်မယ့်အစား ကြိုက်တဲ့တက္ကသိုလ်ကို ရွေးတက်လို့ရပြီ။

ကျိုးထျန်း အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေကာ စိတ်ကို အတော်လေး ထိန်းလိုက်ရသည်။

စနစ်က အချိန်တိုလေ အမှတ်များလေလို့ ပြောထားတယ်။ ဒါကြောင့် ငါ ချက်ချင်း အချဉ်ဓာတ်ရအောင် လုပ်ရမယ်။ မြန်လေ ကောင်းလေပဲ.....

သူ ခဏမျှ စဉ်းစားကြည့်သည်။ တခြားလူတွေ မနာလိုဖြစ်အောင် ဘာလုပ်ရမလဲ။

ကားအကောင်းစား ကြွားရမလား၊ အိမ်ကြီးအိမ်ကောင်း ကြွားရမလား၊ ဒါမှမဟုတ် ရည်းစားချောချောလေးကို ကြွားရမလား။ သို့သော် သူက ကျောင်းသားတစ်ဦးဖြစ်ပြီး Fa ကောင် ဖြစ်နေသည့်အတွက် ထိုအရာများမှာ မဖြစ်နိုင်ပေ။

"သား... ထပြီလား၊ ထွက်လာပြီး မနက်စာစားတော့လေ"

မိခင်ဖြစ်သူ၏ခေါ်သံကြောင့် သူ၏ အတွေးများ ပြတ်တောက်သွားသည်။

"ဟုတ်ကဲ့ မေမေ... လာပြီ"

သူသည် မျက်နှာသစ်၊ သွားတိုက်ကာ ထမင်းစားပွဲသို့ အမြန်ပြေးသွားလိုက်သည်။ နောက်ကျလျှင် အမေဖြစ်သူ၏ ဆူပူမှုကို ခံရမည်ကို သူသိသည်။

"ဒီနေ့ သားအတွက် ဒေါ်လေးချန်ဆိုင်က အသားပေါက်စီ ဝယ်ထားတယ်၊ သား အကြိုက်ဆုံးလေ"

အမေဖြစ်သူက အငွေ့တထောင်းထောင်းထွက်နေသည့် ပေါက်စီငါးလုံးပါသော ပန်းကန်ကို ရှေ့သို့ တိုးပေးလိုက်သည်။

"ကျေးဇူးပါ မေမေ"

ကျိုးထျန်းတို့ သားအမိကို ကြည့်ရင်း အိမ်ထောင်ဦးစီးဖြစ်သူ ကျိုးကျန့်ခန်းကတော့ သူ့ရှေ့က ပန်းကန်ကို ငုံ့ကြည့်လိုက်သည်။ သူ့ပန်းကန်ထဲတွင်လည်း ပေါက်စီအချို့ရှိသော်လည်း အထဲမှ အစိမ်းရောင်အရိပ်အယောင်များက သက်သတ် လွတ်ပေါက်စီဖြစ်ကြောင်း သက်သေပြနေသည်။

"မိန်းမရယ်... ငါ့ပေါက်စီကျ ဘာလို့ သက်သတ်လွတ် ဖြစ်နေတာလဲ"

"ရှင်က ဘာလို့ သက်သတ်လွတ်ပဲ စားရတာလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် မသိဘူးလား၊ ပြီးခဲ့တဲ့အပတ်က ဆေးစစ်ချက် ဘယ်လိုထွက်လဲဆိုတာ မမေ့နဲ့လေ။ သွေးတိုး၊ အဆီတိုး၊ ဆီးချို ဖြစ်တော့မယ်! ဘာလို့ အသားစားချင်နေသေးတာလဲ"

အမေဖြစ်သူက ခါးထောက်ကာ ဆူပူလိုက်သဖြင့် အဖေဖြစ်သူမှာ ချက်ချင်းပင် ငြိမ်ကျသွားသည်။

ကျိုးထျန်းကတော့ ထိုမြင်ကွင်းကို ကြည့်ပြီး ပြုံးနေမိသည်။ သူ့အဖေသည် ဇနီးကြောက်ရသည့်ရောဂါကို ကု၍ရမည်မထင်ပေ။

သူသည် အသားပေါက်စီတစ်လုံးကို ကောက်ယူကာ ကိုက်လိုက်သည်။ အသားထဲမှ အရည်များက ပါးစပ်ထဲတွင် စိမ့်ဝင်သွားပြီး ဆီတစ်စက်ပင် နှုတ်ခမ်းထောင့်မှ စီးကျလာ၏။

"ကျိုးကျန့်ခန်း၏ အချဉ်ဓာတ် +၉"

မျက်မှောက်တွင် ပေါ်လာသော အသိပေးချက်ကြောင့် ကျိုးထျန်း မှင်သက်သွားသည်။

အဖေက တကယ်ကြီးလား... ငါ ပေါက်စီတစ်လုံး စားတာကိုပဲ အဲ့လောက်တောင် အချဉ်ပေါက်နေတာလား ?

[ဒင်~... စနစ်အသိပေးချက် - ပထမဆုံး အချဉ်ဓာတ်တာဝန် ပြီးမြောက်ပါပြီ၊ စနစ်မှ တာဝန်ကို အကဲဖြတ်နေပါတယ်]

[တာဝန်အကဲဖြတ်ချက် - ကြာချိန် ၁၅ မိနစ်၊ အဆင့်သတ်မှတ်ချက် - ထူးချွန်]

[ဆုလာဘ် - တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အပိုရမှတ် ၉၀]

[မှတ်ချက် - အပိုရမှတ်များကို မူရင်းရမှတ်တွင် အလိုအ လျောက် ပေါင်းထည့်ပေးမည်ဖြစ်ပြီး Host အနေဖြင့် စာမေးပွဲကို ပုံမှန်အတိုင်း ဝင်ရောက်ဖြေဆိုရပါမည်]

[ဂုဏ်ယူပါသည်၊ ပထမဆုံး အချဉ်ဓာတ်ကို ရရှိခဲ့သည့် အတွက် စနစ် (Panel) ပွင့်သွားပါပြီ]

[Host - ကျိုးထျန်း

အသက် - ၁၈

ရုပ်ရည် - ၈၃

ခန္ဓာကိုယ် - ၇၉

ကျန်းမာရေး - ၈၉

အချဉ်ဓာတ်လက်ကျန် - ၉ (ထုတ်ယူနိုင်သည်)]

စနစ်၏ဆုလာဘ်ကို မြင်လိုက်ရသဖြင့် ကျိုးထျန်း စိတ်ထဲမှ အောင်ပွဲခံလိုက်သည်။

ဤစာမေးပွဲကတော့ သေချာပေါက် အောင်ပြီပင်!

ဆရာမက အမြဲပြောတယ်၊ တစ်မှတ်က လူတစ်ထောင်ကို ကျော်နိုင်တယ်တဲ့။ အခု ငါ့မှာ အမှတ် ၉၀ ရှိနေပြီဆိုတော့ လူကိုးသောင်းကို ကျော်နိုင်ပြီပေါ့!

သူ့အကောင့်ထဲသို့ ၉ ယွမ် ချက်ချင်းရောက်လာသည်ကို မြင်ရသဖြင့် သူ ပိုစိတ်လှုပ်ရှားသွားသည်။

အဖေကတော့ ငါ့ကို အများကြီး ကူညီလိုက်တာပဲ

သူက ပေါက်စီကို အရသာခံရင်း ဆက်စားလိုက်သည်။ ငွေရမှာ မဟုတ်လား!

"ဒေါ်လေးချန်ရဲ့ ပေါက်စီက တကယ်စားကောင်းတာပဲ၊ အသားကလည်း မွှေး၊ အခွံကလည်း နူးညံ့နေတာပဲ"

ဂလု!

"ကျိုးကျန့်ခန်းဆီမှ အချဉ်ဓာတ် +၁၇"

အဖေ သွားရည်ကျနေပြီ! စောနကထက် ပိုအချဉ်ပေါက်လာပြီပဲ

ကျိုးထျန်း အားတက်သွားပြီး ၁၇ ယွမ် ထပ်တိုးလာသည်ကို ကြည့်ကာ ပေါက်စီကို တမင်တကာ ဖြဲပြလိုက်သည်။

"ဝါး... တကယ်မွှေးတာပဲ! ဘဲကင်တောင် ဒီလောက်မမွှေးဘူး! ကြည့်ပါဦး... အသားရည်တွေ စိမ့်ထွက်နေတာ!"

သူက တမြုံ့မြုံ့စားရင်း မြိန်ရည်ယှက်ရည် ပြောဆိုနေသဖြင့် သူ့အဖေမှာ မနာလိုဖြစ်လွန်းသဖြင့် ရူးမတတ်ဖြစ်နေရသည်။

"ကျိုးကျန့်ခန်းဆီမှ အချဉ်ဓာတ် +၁၉"

"ကျိုးကျန့်ခန်းဆီမှ အချဉ်ဓာတ် +၂၂"

"ကျိုးကျန့်ခန်းဆီမှ အချဉ်ဓာတ် +၂၅"

"ကျိုးကျန့်ခန်းဆီမှ အချဉ်ဓာတ် +၃၁"

...

ဆက်တိုက်ဆိုသလို အချဉ်ဓာတ် ၅၀၀ ကျော် ရရှိလိုက်သဖြင့် ကျိုးထျန်း အတိုင်းမသိ ပျော်ရွှင်သွားသည်။

အဖေက ဒီလောက် မနာလိုတတ်မယ်လို့ မထင်ထားဘူး

သူ့မုန့်ဖိုးက တစ်လမှ ၃၀၀ ယွမ်သာ ရပြီး တစ်ခါတစ်ရံ နောက်ကျတတ်သေးသည်။ အခုတော့ ၁၀ မိနစ်အတွင်း ၅၀၀ ကျော် ရသွားပြီဖြစ်သည်။

ပေါက်စီနှစ်လုံး စားရုံနဲ့ ရုံးဝန်ထမ်းတစ်ယောက် အချိန်ပိုဆင်းလို့ရတဲ့ လစာထက် ပိုရနေပြီပဲ။

စနစ်ကတော့ တကယ်လန်းတာပဲ!

သို့သော် မျက်နှာချင်းဆိုင်မှ အဖေဖြစ်သူမှာ နောက်ဆုံးတွင် သည်းမခံနိုင်တော့ဘဲ မျက်လုံးကို စုံမှိတ်ကာ သက်သတ် လွတ်ပေါက်စီကို ဒေါသတကြီး ကိုက်စားလိုက်တော့သည်။

အဖေ့မျက်နှာ အချဉ်ပေါက်နေသည်ကို ကြည့်ပြီး ကျိုးထျန်းလည်း ဆက်မစတော့ဘဲ လွယ်အိတ်ကိုဆွဲကာ အိမ်ပြင်သို့ ပြေးထွက်ခဲ့လိုက်သည်။

ဒီနေ့က တက္ကသိုလ်ဝင်တန်းစာမေးပွဲ မတိုင်ခင် နောက်ဆုံးကျောင်းတက်ရမည့်ရက် ဖြစ်သည်။

စာသင်ရမည် မဟုတ်ဘဲ စာမေးပွဲဖြေဆိုခွင့်ကတ်ပြား ထုတ်ပေးမည်ဖြစ်သည်။

"စနစ်... ဒီငွေတွေကို ဘယ်လို ထုတ်ရမလဲ"

[စနစ်အညွှန်း - စနစ်သည် Host အတွက် 'ဟွာရှဘဏ်' တွင် ကိုယ်ပိုင်အကောင့်တစ်ခု ဖွင့်ပေးထားပါသည်။ Host လိုအပ်သည့်အချိန်တွင် စနစ်လက်ကျန်ငွေများကို ထိုအကောင့်ထဲသို့ အလိုအလျောက် လွှဲပြောင်းပေးပါမည်]

[စနစ်မှ ရရှိသော ဝင်ငွေအားလုံးသည် တရားဝင်လမ်း ကြောင်းများမှ ရရှိခြင်းဖြစ်သဖြင့် Host အနေဖြင့် စိတ်ချလက်ချ အသုံးပြုနိုင်ပါသည်]

🍋 Chapter 2

"ဒီစနစ်က တကယ်ကို အသေးစိတ် ဂရုစိုက်တာပဲ"

အသိပေးချက်ကို မြင်ပြီး ကျိုးထျန်း ပြုံးလိုက်မိသည်။

တရုတ်နိုင်ငံတွင် ဝင်ငွေ၏တရားဝင်မှုမှာ အလွန်အရေး ကြီး၏။ တရားဝင် ဝင်ငွေလမ်းကြောင်းမရှိဘဲ ငွေတွေ အမြောက်အမြား ရှိနေပါက တစ်နေ့တွင် အသိမ်းခံရမည်မှာ သေချာသည်။

ဒါဆိုရင် ငါ့အတွက် အလုပ်ရှုပ်သက်သာသွားတာပေါ့၊ ဒီငွေအပိုတွေကို ဘယ်လိုရှင်းပြရမလဲလို့ စဉ်းစားနေတာ

သူသည် ကျောင်းသားတစ်ဦးသာ ဖြစ်သည်။ အကယ်၍ သူ့အကောင့်ထဲသို့ သောင်းဂဏန်း၊ သိန်းဂဏန်း၊ သန်းဂဏန်းများ ရုတ်တရက် ရောက်ရှိလာပါက ရဲတပ်ဖွဲ့၏ စောင့်ကြည့်ခြင်းကို ခံရပေလိမည်။

အခုတော့ အချဉ်ဓာတ်တွေ ပိုရအောင် ဘယ်လိုလုပ်ရမလဲဆိုတာပဲ စဉ်းစားဖို့ လိုတော့တယ်

အဖေဖြစ်သူဆီမှ အချဉ်ဓာတ်မရခင်အထိတော့ ဤစနစ်သည် အသုံးမဝင်လှဟု သူစိုးရိမ်ခဲ့မိသည်။ လူတွေက အလွယ်တကူ မနာလိုမဖြစ်တတ်ကြဘူးဟု သူထင်ခဲ့ခြင်းပင်။

အချဉ်ဓာတ်ရယူရန် ခက်ခဲလိမ့်မည်ဟု သူထင်ခဲ့သော်လည်း အမှတ်မထင် ပေါက်စီတစ်လုံး စားရုံဖြင့် ဤမျှရရှိလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

အင်တာနက်ပေါ်က ပြောစကားများ မှန်ပေသည်။ လူသားတို့၏သဘာဝမှာ အချဉ်ပေါက်တတ်သည့် (မနာလိုတတ်သည့်) သဘောရှိသည်ပင်။

သူသည် လမ်းလျှောက်ရင်း စဉ်းစားနေစဉ်မှာပင် စာသင်ခန်းသို့ ရောက်ရှိလာခဲ့၏။

ယနေ့ စာသင်ခန်းထဲ၌ ထုံးစံအတိုင်း တည်ငြိမ်လေးနက်သည့် အငွေ့အသက်များ မရှိပေ။ လူတိုင်း စုဝေးကာ စကားပြောနေကြသည်။ စာမေးပွဲနီးလာချိန်တွင် ဖိအားများကို လျှော့ချရန် ကျောင်းက ခွင့်ပြုထားခြင်းပင်။

"ကျိုးထျန်း... ရောက်ပြီလား၊ ဒီဘက်လာဦး၊ ငါတို့ ဘယ်တက္ကသိုလ် လျှောက်ကြမလဲဆိုတာ ဆွေးနွေးနေကြတာ"

သူ့သူငယ်ချင်း ချန်ကျန့်ဝေက လက်လှမ်းခေါ်လိုက်သည်။ သူလည်း သူငယ်ချင်းဖြစ်သူအနားသို့ လျှောက်သွားလိုက်၏။

"ဟေ့ကောင်... မင်းကော ဘယ်ကျောင်း လျှောက်ဖို့ စဉ်းစားထားလဲ"

"ငါကတော့..."

မူလက ရှန်ဟိုင်းစက်မှုတက္ကသိုလ်ကို လျှောက်ရန် စဉ်းစားထားသော်လည်း အခုတော့ အပိုရမှတ် ၉၀ ရှိနေပြီဖြစ်သဖြင့် စိတ်ကူးပြောင်းသွားခဲ့သည်။

"ငါ ဖူတန့်တက္ကသိုလ်ကို လျှောက်ဖို့ စဉ်းစားထားတယ်"

သူ့စကားကို ကြားလိုက်ရချိန်တွင် ဘေးပတ်ဝန်းကျင်ရှိ လူများအားလုံး ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူ့ကိုလျစ် လျူရှုကာ ကိုယ့်ဘာကိုယ် ဆက်၍စကားပြောနေကြတော့ သည်။

"ဟေး... ဘာသဘောလဲ၊ မင်းတို့ပဲ ငါ့ကို ဘယ်ကျောင်းလျှောက်မလဲ မေးပြီးတော့၊ ငါ ပြောလိုက်ပြီလေ"

ချန်ကျန့်ဝေက လက်ကို ခါယမ်းလိုက်ရင်း

"ဘယ်သူမှ မင်းကို နောက်နေတာမဟုတ်ဘူး၊ ငါတို့က အတည်ဆွေးနွေးနေကြတာ"

"ဘယ်သူက နောက်နေလို့လဲ၊ ငါက အတည်ပြောနေတာပါ"

ကျိုးထျန်း တည်တည်ငြိမ်ငြိမ် မျက်နှာပေးဖြင့် ပြောလိုက်သည်။

"တော်စမ်းပါကွာ၊ မင်းရဲ့ အဆင့်ကို ငါတို့ မသိတာကျလို့၊ ငါတို့အားလုံးက အဆင့်တူတွေပဲလေ၊ မင်းက ဘယ်သူ့ကို လိမ်ချင်နေတာလဲ"

သူတို့အားလုံးမှာ ပျမ်းမျှအဆင့် ကျောင်းသားများသာ ဖြစ်ကြသည်။ ရှန်ဟိုင်းရှိ ဒုတိယတန်းစား တက္ကသိုလ်တစ်ခုခုသို့ တက်ခွင့်ရရန် မခက်သော်လည်း ပထမတန်းစား တက္ကသိုလ်ကြီးတစ်ခုဖြစ်သော ဖူတန့်ကိုတက်ရန်မှာ မဖြစ်နိုင်သလောက်ပင်။

ဟူး... ငါ အမှန်အတိုင်းပြောတာကို ဘာလို့ ဘယ်သူမှ မယုံကြတာလဲ

ကျိုးထျန်းသည် သူငယ်ချင်းများအနားမှ ခပ်ခွာခွာ ထွက်လာခဲ့လိုက်သည်။

ငါက အရင်လို မဟုတ်တော့ဘူး၊ ငါ့မှာ စနစ်ရှိနေပြီလေ

ဘေးနားမှ မိန်းကလေးတစ်ဦးက သူတို့စကားဝိုင်းကို ကြားသွားပြီး အော်ပြောလိုက်၏။

"သတင်းထူးဟေ့! သတင်းထူး! ကျိုးထျန်းက ဖူတန့်တက္ကသိုလ်ကို လျှောက်မလို့တဲ့!"

ကျန်းဝေဆိုသည့် ထိုမိန်းကလေးမှာ အတန်းထဲတွင် စကားအလွန်များသူဖြစ်ပြီး ကိစ္စအသေးအမွှားကိုပင် ပုံကြီးချဲ့တတ်သူဖြစ်သည်။

"ဟားဟားဟား! ကျိုးထျန်းက ဖူတန့်တက္ကသိုလ်ကို လျှောက်မလို့လား၊ တကယ့်ဟာသပဲ!"

"ဖူတန့်ကို တက်မလို့လား... သူက ဘာမို့လို့လဲ"

"ဟားဗတ်တက္ကသိုလ်ကို လျှောက်မယ်လို့ပဲ တစ်ခါတည်း ပြောလိုက်ပါလား"

မိန်းကလေးတစ်စုက ဝိုင်း၍ ရယ်မောကြပြီး အချို့က သရော်စာများပင် ဆိုကြတော့သည်။ ကျိုးထျန်း မျက်မှောင် ကြုတ်လိုက်မိသော်လည်း ဘာမှပြန်မပြောတော့ပေ။

ငါက အဆင့်မြင့်သွားပြီ၊ မင်းတို့လို လူတွေနဲ့ စကားအချေအ တင် မဖြစ်ချင်တော့ဘူး

သူသည် မိမိနေရာတွင် ပြန်ထိုင်ကာ အတန်းဖော်များကို ကြည့်ရင်း သက်ပြင်းချလိုက်မိသည်။

ငါက တစ်မိနစ်ကို ယွမ် ၅၀၀ လောက် ရှာနေတာ၊ မင်းတို့နဲ့ အခြေအနေချင်း မတူတော့ဘူး။

ဒါက လေလုံးထွားနေခြင်း မဟုတ်ပေ။ ရှန်ဟိုင်းမြို့၏ ပျမ်းမျှလစာမှာ ယွမ် ၁၀,၀၀၀ ကျော်သာ ရှိသည်မဟုတ်ပါလား။

"ကျိုးထျန်း... မင်း ဖူတန့်တက္ကသိုလ်ကို လျှောက်မယ်လို့ ကြားတယ်၊ ဟုတ်လား"

လှပသော ပုံရိပ်တစ်ခုက သူ့အတွေးများကို ဖြတ်တောက်လိုက်သည်။

"ဟုတ်တယ်... အတန်းခေါင်းဆောင်၊ ဘာဖြစ်လို့လဲ"

သူသည် သူ့ရှေ့တွင် ရပ်နေသော လျူမုယန်ကို မော့ကြည့်လိုက်သည်။

"ဩော်... ငါလည်း ဖူတန့်ကို လျှောက်ဖို့ စဉ်းစားထားလို့ပါ၊ ဒါပေမဲ့ မင်း တကယ်ပြောနေတာလား"

လျူမုယန်သည် ကျောင်းတွင် နာမည်ကြီးသည့် "လှပချမ်းသာပြီး ပညာတော်သူ" ဖြစ်သည်။ ချမ်းသာသော မိသားစုမှ လာသူဖြစ်ပြီး စာလည်း အလွန်တော်သည်။ သူမ ဖူတန့်ကို လျှောက်မည်ဆိုလျှင် မည်သူမှ သံသယဝင်မည်မဟုတ်ပေ။

"တကယ်ပေါ့၊ မင်းကို လိမ်ပြောလို့ ဘာအကျိုးရှိမှာလဲ"

"ဒါပေမဲ့ နင့်ရဲ့ အမှတ်တွေက..."

လျူမုယန် စကားကို အဆုံးမသတ်တော့ပေ။ တစ်ဖက်လူ၏ အမှတ်ကို မျက်နှာချင်းဆိုင် ဝေဖန်ရန်မှာ မသင့်တော်ဟု တွေးမိသောကြောင့်ပင်။

"ဟဲဟဲ... ငါ့ကို အထင်မသေးပါနဲ့၊ ငါ့အမှတ်က မင်းထက်တောင် ပိုများချင် များနေဦးမှာ"

ကျိုးထျန်းက ပြုံးပြီးပြောလိုက်သည်။ သူ တွက်ချက်ထားပြီးသားပင်။ သူ့ မူလအမှတ်နှင့် အပိုရမှတ် ၉၀ ပေါင်းလိုက်လျှင် လျူမုယန်နှင့် အဆင့်တူလောက် ဖြစ်သွားပေလိမည်။

လျူမုယန် ခဏမျှ စဉ်းစားပြီး ခေါင်းညိတ်လိုက်၏။

"နင် အတည်ပြောနေတာလို့ ငါယုံပါတယ်၊ နင်နဲ့ အတန်းဖော် ဆက်ဖြစ်ဖို့လည်း မျှော်လင့်ပါတယ်"

ထို့နောက် သူမက ကျိုးထျန်းကို ပြုံးပြလိုက်သည်။ ထိုအပြုံးက သူ့ကို ခဏမျှ ငေးမောသွားစေ၏။

"ဝမ်ရှောင်ထောင်းဆီမှ အချဉ်ဓာတ် +၃၇"

"ကျောက်ထျန်းဆီမှ အချဉ်ဓာတ် +၄၁"

"လျူထုန်တားဆီမှ အချဉ်ဓာတ် +၅၅"

"ကျန်းချွန်းယန့်ဆီမှ အချဉ်ဓာတ် +၆၇"

...

ကျိုးထျန်းသည် သူ့ရှေ့တွင် ပေါ်လာသော အချဉ်ဓာတ် အချက်အလက်များကို ကြည့်ကာ ဆွံ့အသွားရသည်။ သူ ဘာမှမလုပ်ရသေးဘဲ လျူမုယန်က သူ့ကို ပြုံးပြရုံဖြင့် တစ်အတန်းလုံးနီးပါးက အချဉ်ဓာတ်တွေ အလုံးအရင်းနှင့် ပေးလိုက်ကြခြင်းပင်။ အဖေဖြစ်သူ ပေးခဲ့သည်ထက်ပင် သာလွန်နေသေးသည်။

အထူးသဖြင့် ယောကျ်ားလေးတွေ မနာလိုဖြစ်သည်ကို သူနားလည်နိုင်သော်လည်း မိန်းကလေးအချို့ကပါ အချဉ်ဓာတ်တွေ ပေးနေသည်မှာတော့ အနည်းငယ် ထူးဆန်းနေသည်။

ဘာပဲဖြစ်ဖြစ် ဤတစ်ခေါက်တွင် အချဉ်ဓာတ် ၁,၀၀၀ ကျော် ရရှိလိုက်သဖြင့် ယွမ် ၁,၀၀၀ ကျော် ရှာလိုက်နိုင်ပြီဖြစ်သည်။ ကျိုးထျန်း၏ လက်ကျန်ငွေမှာ ချက်ချင်းပင် ၁,၀၀၀ ကျော်သို့ တက်သွားတော့သည်။

ဒီအချဉ်ဓာတ်က ရှာရတာ လွယ်လိုက်တာ! ဒီလိုမျိုး နောက် ထပ် အကြိမ်အနည်းငယ်လောက်ဆိုရင် သောင်းဂဏန်းလောက် ရပြီပေါ့

[ဒင်~... စနစ်တာဝန် အသိပေးချက်]

[တာဝန် ၁ - မိနစ် ၃၀ အတွင်း လက်ရှိရှိနေသော ကျောင်းသားများဆီမှ အချဉ်ဓာတ် ၁,၀၀၀ ကျော် ရယူပါ]

[တာဝန် ၂ - မိနစ် ၃၀ အတွင်း ကျောင်းသားတစ်ဦးတည်းဆီမှ အမြင့်ဆုံး အချဉ်ဓာတ် ရယူပါ]

[စနစ်အသိပေးချက် - အမြင့်ဆုံး အချဉ်ဓာတ်မှာ ၉၉ ဖြစ်သည်]

[တာဝန်ဆုလာဘ် - သတင်းအချက်အလက်ကတ်]

[ဆုလာဘ်အချက်အလက် - တာဝန်တစ်ခု ပြီးမြောက်ပါက အခြေခံအဆင့်ကတ် ရရှိမည်ဖြစ်ပြီး တာဝန်နှစ်ခုလုံး ပြီးမြောက်ပါက ပုံမှန်အဆင့်ကတ် ရရှိမည်ဖြစ်သည်]

စနစ်က တာဝန်အသစ် ထပ်ပေးလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။ ၎င်းမှာ တာဝန်နှစ်ခု တစ်ပြိုင်နက်တည်း ဖြစ်သည်။

ပန်းတိုင်ကတော့ အတူတူပင်။ အချဉ်ဓာတ်တိုးအောင် လုပ်ရန်ဖြစ်သည်။ သို့သော် လူတစ်ဦးတည်းဆီမှ ၉၉ အမှတ်ရရန်ဆိုသည်မှာ ဘယ်လောက်တောင် အချဉ်ပေါက်ရမည်နည်း။

တစ်ခုခုတော့ လုပ်မှဖြစ်မယ်

ကျိုးထျန်းသည် ရှေ့တွင်ရှိနေသော လျူမုယန်ကို ကြည့်လိုက်သည်။

"အတန်းခေါင်းဆောင်ကိုပဲ အားကိုးရမှာပေါ့"

သူသည် ချက်ချင်း ထရပ်လိုက်ပြီး လျူမုယန်ကို ပြုံးကာ ပြောလိုက်၏။

"အတန်းခေါင်းဆောင်... ငါတို့ နှစ်ယောက်လုံး ဖူတန့်ကို လျှောက်မှာဆိုတော့ ဘာဘာသာရပ် ယူမလဲဆိုတာ ဆွေးနွေးကြည့်ရအောင်၊ မင်းမှာ အစီအစဉ်ရှိလား"

သူ့အစီအစဉ်မှာ လျူမုယန်ကို သူ့အနားတွင် ရှိနေအောင်လုပ်ပြီး ကျန်သည့် အတန်းဖော်များကို အချဉ်ပေါက်အောင် လုပ်ရန်ပင်။

"ငါကတော့ စီစဉ်ထားပြီးသားပါ၊ သတင်းစာပညာကို ရွေးချယ်မှာ၊ ငါ့အိမ်မက်က သတင်းတင်ဆက်သူ တစ်ယောက် ဖြစ်ဖို့လေ"

ကျိုးထျန်း သူမ၏ မျက်နှာကို ကြည့်ရင်း စဉ်းစားလိုက်သည်။

သူမရဲ့ ရုပ်ရည်နဲ့ ခန္ဓာကိုယ်က သတင်းတင်ဆက်သူဖြစ်ဖို့ လုံလောက်ရုံတင်မကဘူး၊ အနုပညာရှင်တွေထက်တောင် ပိုလှသေးတယ်

"မင်းက တကယ်ကို သင့်တော်တာပဲ၊ နောင်တစ်ချိန်မှာ ရှန်ဟိုင်းရဲ့ အကျော်ကြားဆုံး သတင်းတင်ဆက်သူ ဖြစ်လာမှာ သေချာပါတယ်၊ မင်းကို တီဗီပေါ်မှာ မြင်ရဖို့ ငါ မျှော်လင့်နေမယ်နော်"

သူပြောလိုက်သည့် စကားမှာ လျူမုယန်၏ ပန်းတိုင်နှင့် ထပ်တူကျနေသည်။ ထို့ကြောင့် သူမသည် အလွန်ဝမ်းသာသွားပြီး ကျိုးထျန်းကို စောနကထက် ပိုမိုတောက်ပစွာ ပြုံးပြလိုက်ပြန်သည်။

"ကျေးဇူးပါပဲ၊ ငါ အစွမ်းကုန် ကြိုးစားမှာပါ"

"ဝမ်ရှောင်ထောင်းဆီမှ အချဉ်ဓာတ် +၄၂"

"ကျောက်ထျန်းဆီမှ အချဉ်ဓာတ် +၄၉"

"လျူထုန်တားဆီမှ အချဉ်ဓာတ် +၅၉"

"ကျန်းချွန်းယန့်ဆီမှ အချဉ်ဓာတ် +၆၉"

...

ဟဲဟဲ... အောင်မြင်ပြီ! ဒီအတန်းဖော်တွေ တကယ်ပဲ မနာလိုဖြစ်နေကြတာပဲ

All Chapters