အခန်း (၅-၆)
Vol. 1 Ch. 5-6
🍋 Chapter 5
ခေါက်ဆွဲစားရုံနဲ့ ယွမ်သန်း ၅၀ ရနိုင်တယ်ဆိုတာ လူအများစုအတွက်တော့ တစ်သက်လုံး အလုပ်လုပ်ရင်တောင် မရနိုင်တဲ့ ပမာဏမျိုးဖြစ်သည်။
အခုတော့ ထိုအခွင့်အရေးက သူ့ရှေ့တည့်တည့်မှာ ရှိနေပြီဖြစ်ရာ သူ ဘယ်လိုလုပ် စိတ်မလှုပ်ရှားဘဲ နေနိုင်ပါမည်နည်း။ သူသည် ရုတ်တရက် လည်ချောင်းများ ခြောက်သွေ့လာသလို ခံစားလိုက်ရ၏။
သူသည် ကျန်းရိုငှားပေးထားသော ရေခွက်ကို ကောက်ယူကာ တစ်ကျိုက်တည်းနှင့် ကုန်အောင်သောက်လိုက်သည်။
"ဟို... ကျိုးထျန်းရှင့်၊ နန်အန်းကျေးရွာမှာ အိမ်ဝယ်ဖို့ တကယ်ပဲ ဆုံးဖြတ်ထားတာလား"
ကျန်းရိုက တစ်စုံတစ်ခု ပြောချင်နေသကဲ့သို့ သူ့အနားသို့ တိုးကပ်လာသည်။
"ကျွန်တော် စိတ်ဝင်စားလို့ပါ၊ ဘာဖြစ်လို့လဲ"
"အိမ်ကတော့ ပြဿနာမရှိပါဘူး၊ ဒါပေမဲ့..."
"ပြောသာပြောပါ၊ ရပါတယ်"
ကျန်းရိုက ရုံးခန်းထဲက လုပ်ဖော်ကိုင်ဖက်များကို လှမ်းကြည့်လိုက်ပြီး မည်သူမှ သတိမထားမိသည်ကို တွေ့မှ အသံတိုးတိုးဖြင့် ပြောလိုက်သည်။
"နန်အန်းကျေးရွာမှာ အိမ်ဝယ်တာက သိပ်ပြီးတော့ မထိုက် တန်ဘူးလို့ ထင်လို့ပါ"
ကျိုးထျန်း အံ့ဩသွားရသည်။ ဇာတ်ညွှန်းအရဆိုလျှင် အိမ်ခြံမြေအကျိုးဆောင်တွေက အိမ်ရဲ့ကောင်းကွက်တွေကို ပုံကြီးချဲ့ပြောရမှာ မဟုတ်ပါလား။ ဘာလို့ သူမက မကောင်းဘူးလို့ ပြောနေရတာလဲ။
"ဘာလို့လဲ"
ကျန်းရိုက ခဏမျှ စဉ်းစားလိုက်ပြီး
"နန်အန်းကျေးရွာက ၁၉၈၉ ခုနှစ်မှာ ဆောက်ခဲ့တာဆိုတော့ သက်တမ်းက နှစ် ၃၀ ကျော်နေပြီ၊ အိမ်ဟောင်းတွေက ပုံမှန်ဆိုရင် ဈေးသက်သာတတ်တာပေါ့"
"ဒါကိုတော့ ကျွန်တော် သိပါတယ်"
"ဒါဆိုရင် နန်အန်းလမ်းရဲ့ အရှေ့ဘက်ခြမ်းကို ဖျက်သိမ်းမယ်ဆိုတာလည်း ရှင်သိမှာပေါ့နော်။"
ကျိုးထျန်း ခေါင်းညိတ်ပြလိုက်သည်။
“ဒီနေရာက ပတ်ဝန်းကျင်က အခုတောင် ဆိုးနေတာ၊ ဖျက်သိမ်းရေးလုပ်ငန်းတွေ စလိုက်ရင် နောက်ထပ် တစ်နှစ်၊ နှစ်နှစ်လောက်အထိ ပိုဆိုးသွားလိမ့်မယ်။”
“ပြီးတော့ လမ်းတစ်ဖက်ခြမ်းကို ဖျက်သိမ်းပြီးသွားရင် မြူနီစီပယ်ရဲ့ အနာဂတ်စီမံကိန်းတွေက လမ်းရဲ့ အရှေ့ဘက်ခြမ်းကိုပဲ ဦးစားပေးတော့မှာ ဆိုလိုတာက ဒီဘက်ခြမ်းက ဖျက်သိမ်းခံရဖို့ အခွင့်အရေးပိုနည်းသွားပြီ”
“နောက်ပြီး ရပ်ကွက်ထဲမှာ လူကြီးပိုင်းတွေများတော့ ရပ်ကွက်တွင်း ပြဿနာတွေကလည်း အတော်လေးရှိတယ်။ အိမ်ငှားတွေကိုတောင် သူတို့က မောင်းထုတ်တတ်ကြတာ။ အကယ်၍ ရှင်က ဝယ်ပြီး အိမ်ငှားတင်မယ်ဆိုရင် တော်တော်လေး အလုပ်ရှုပ်လိမ့်မယ်။”
ကျိုးထျန်း စဉ်းစားကြည့်ရာ သူမပြောသည်မှာ အလွန်ပင် ယုတ္တိရှိလှသည်။ အထူးသဖြင့် ရပ်ကွက်တွင်းအငြင်းပွားမှုများကို သူ မစဉ်းစားမိခဲ့ပေ။
ရှန်ဟိုင်းမြို့ခံတစ်ဦးအနေဖြင့် ထိုလူကြီးမင်းများ၏စွမ်းဆောင်ရည်ကို သူကောင်းကောင်းသိသည်။
လူဆိုးတွေ အသက်ကြီးသွားတာမျိုးဖြစ်ပြီး သူတို့က ဥပဒေကိုလည်း နားလည်ကြသည့်အပြင် အကြောင်းမဲ့လျှောက်တိုင်တတ်ကြသူများ ဖြစ်သည်။
ဒါက သူတို့အပေါ် ထားရှိသည့် သူ့၏ အမြင်ပင် ဖြစ်သည်။ သို့သော်လည်း ဤအချက်ကပင် သူ့ရှေ့က မိန်းကလေးအပေါ် အမြင်ကောင်းသွားစေသည်။
'ဒီလို စိတ်ထားမျိုးနဲ့ဆိုရင်တော့ သူ အိမ်ခြံမြေအကျိုး ဆောင်လုပ်လို့ မွဲမှာပဲ'
ဒီလိုမျိုး အိမ်ရောင်းနေလျှင်တော့ တစ်လုံးမှ ရောင်းထွက်လိမ့်မည် မဟုတ်ပေ။
“ကောင်းပါပြီ၊ မင်းရဲ့ အကြံပြုချက်က တကယ်ကို ထိရောက်ပါတယ်။ ကျွန်တော် နားလည်ပါပြီ။ လမ်းဘေးက ဒီအိမ် ၁၃ လုံးရဲ့ အချက်အလက်တွေကို ကျွန်တော် ယူချင်တယ်။ ဓာတ်ပုံရိုက်သွားလို့ ရမလား။”
ကျန်းရိုကတော့ တစ်ဖက်လူက သူမစကားကို နားမထောင် ဘူးဟု ထင်ကာ သက်ပြင်းချလိုက်မိသည်။
“ရပါတယ်၊ ဒါပေမဲ့ အိမ်ခန်းဖွဲ့စည်းပုံ ပုံစံနဲ့ အခန်းဓာတ်ပုံတွေကိုပဲ ရိုက်လို့ရပါမယ်။ ဧရိယာအကျယ်အဝန်းတွေတော့ အကုန်ပါပါတယ်။”
ကျိုးထျန်းက အိမ် ၁၃ လုံးစလုံး၏ဓာတ်ပုံများကို ရိုက်ယူလိုက်သည်။
“ကျွန်တော်တို့ WeChat အချင်းချင်း Add ထားရအောင်၊ နောက်ကျ အဆက်အသွယ် လုပ်လို့ရတာပေါ့။”
ကျိုးထျန်းက WeChat အကောင့် တောင်းလိုက်သည်။ ဒီမိန်းကလေးက ဒီအလုပ်နဲ့ တကယ်ကို မကိုက်ညီလှပေ။
အကျိုးဆောင်ရုံးထဲက ထွက်လာပြီးနောက် လမ်းတစ်ဖက်ခြမ်းက ဟောင်းနွမ်းနေသော ရပ်ကွက်ကို ကြည့်ရင်း သူ့မျက်လုံးများ တောက်ပနေသည်။
“အိမ်ပြန်ရောက်ရင် မိဘတွေနဲ့ အသေအချာ တိုင်ပင်ရမယ်။ ငွေအမြောက်အမြား ကုန်မှာဆိုတော့ သူတို့ကိုပဲ အားကိုးရမှာပဲ။”
မွန်းတည့်စာစားချိန်ရောက်ပြီဖြစ်သဖြင့် သူ ဗိုက်ဆာလာသည်။ မိနစ်အနည်းငယ် လမ်းလျှောက်ပြီးနောက် သူ အမြဲစားနေကျ "လောင်မာ ခေါက်ဆွဲဆိုင်" သို့ ရောက်လာခဲ့၏။
ဘေးနားမှာတော့ သူ့အဖေကို အချဉ်ပေါက်စေခဲ့သည့် ဒေါ်လေးချန်ရဲ့ ပေါက်စီဆိုင်ရှိသည်။
“ဦးလေးမား... ကျွန်တော် လာပြီ။”
ထိပ်ပြောင်ပြောင်နှင့် သန်မာဗမာသော အမျိုးသားကြီးတစ်ဦးက ပြုံးရွှင်စွာ လျှောက်လာသည်။
“ဟေး... ကျိုးလေး၊ ရောက်လာပြန်ပြီလား”
ဆိုင်ရှင်မာတယ်ချိုင်သည် ရှင်းကျန်းမှ လာသူဖြစ်သည်။ သူ့ဆိုင်တွင် ခေါက်ဆွဲသာမက ကင်ပုစွန်နှင့် ဘီယာများလည်း ရသဖြင့် ပုံမှန်ဆိုလျှင် လူအလွန်စည်ကားလှသည်။
"ဦးလေးမာ ဒီရက်ပိုင်းအတွင်းမှာ ပိုပြီးချောလာပါလား"
"ဒါပေါ့ကွ၊ မင်းရဲ့ ဦးလေးမာက ငယ်ငယ်တုန်းက ဝူချန်မှာ အချောဆုံးပဲ"
"အသားအထူဆုံးလည်း ဖြစ်မှာပေါ့"
"သွားစမ်းပါ ကလေးရာ၊ ငါ့ကို လာနောက်မနေနဲ့ မစားဘူးဆိုရင်လည်း လစ်လိုက်တော့"
ဦးလေးမာ ရယ်မောရင်း သူ့ကိုတွန်းထုတ်လိုက်သည်။
"မစားဘဲ နေမလားဗျာ၊ ဦးလေးမာရဲ့လက်ရာက ရှန်ဟိုင်းမှာ အကောင်းဆုံးပဲကို။"
"အေး... အဲ့ဒါမှ ငါ့တူ အရင်အတိုင်းပဲလား၊ အသားပြုတ် ၃ ကျပ်သားနဲ့ နံနံပင် အပိုလား"
ကျိုးထျန်းသည် ဤဆိုင်တွင် အကြိမ်ပေါင်း ရာနှင့်ချီ စားဖူးသဖြင့် သူစားနေကျကို ဆိုင်ရှင်က အလွတ်ရနေပြီဖြစ်သည်။ သူ ပြန်ဖြေမည့်အချိန်တွင် သူ့၌ စနစ်ရှိနေသည်ကို ရုတ်တ ရက်သတိရသွားသည်။
သူသည် ဘေးပတ်ဝန်းကျင်က စားသောက်နေသူများကို ကြည့်ပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။
"ဦးလေးမား... ဒီနေ့ ကျွန်တော် ဗိုက်တော်တော်ဆာနေလို့။ ခေါက်ဆွဲတစ်ပွဲ၊ အမဲသား နှစ်ပွဲအပို၊ ဆိတ်သားကင် ၁၀ တံနဲ့ ကျောက်ကပ်ကင် ၂ ခု ပေးပါ"
သူ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် သတင်းအချက်အ လက် တစ်ဒါဇင်ကျော် သူ့စိတ်ထဲတွင် ပေါ်လာတော့သည်။
[ဒင်~... ဝမ်တာပေါင်ဆီမှ အချဉ်ဓာတ် +၁၁]
[ဒင်~... ကျန်းကျန့်ကော်ဆီမှ အချဉ်ဓာတ် +၁၃]
[ဒင်~... လျူကွမ်းကျိဆီမှ အချဉ်ဓာတ် +၉]
...
ဟဲဟဲ... တကယ်ကို လန်းတာပဲ
ဘေးနားတွင် ခေါင်းငုံ့စားနေသော စားသောက်သူအချို့က သူ့ကို မော့ကြည့်လာကြသည်။
"ဒီကလေးက ဘယ်လိုမိသားစုကလဲ၊ အမဲသား နှစ်ပွဲတောင် အပိုမှာတယ်၊ ငါတို့ကတော့ ခေါက်ဆွဲချည်းပဲ စားနေရတာကို"
"ဒီကောင်က သူဌေးသားလား"
"နေ့လယ်ခင်းကြီး ကျောက်ကပ်ကင် နှစ်ခုတောင် စားတယ်၊ အားကြီးလွန်းလို့ သေတော့မှာပဲ"
လူတစ်စုမှာ အချဉ်ပေါက်နေကြသဖြင့် ကျိုးထျန်း အလွန်ပျော်သွားရသည်။
"မစားရသေးခင်မှာတင် ငါ့မုန့်ဖိုးက ပြန်ရနေပြီပဲ"
...
"ကျိုးလေး... အများကြီး မှာလှချည်လား၊ ကုန်ပါ့မလား"
"ဩော်... များသွားပြီလား, ဒါဆိုလည်း ခေါက်ဆွဲကိုပဲ ပမာဏတိုးပေးလိုက်ပါ ဦးလေးမား။"
"အေးအေး... ခဏစောင့်၊ အခုပဲ လာပြီ"
ဦးလေးမား မီးဖိုချောင်ထဲ ဝင်သွားချိန်တွင် ဘေးပတ်ဝန်း ကျင်က လူများက သူ့ကို အထင်သေးသလိုကြည့်လိုက်ကြသည်။
"လေကြီးနေတာ၊ နောက်ဆုံးတော့လည်း ငါတို့လိုပဲ ခေါက်ဆွဲတစ်ပွဲပါပဲလား"
သို့သော် ကျိုးထျန်းက ထိုလူများကို အလွယ်တကူလွှတ်ပေးမည် မဟုတ်ပေ။ အချဉ်ဓာတ်ဆိုသည်မှာ ရေစိမ်ထားသော ဂွမ်းဖတ်ကဲ့သို့ပင်၊ ညှစ်လေ ထွက်လေ မဟုတ်ပါလား။
"ဟာ... ကျွန်တော် အများကြီးစားလို့မဖြစ်ဘူး။ ခေါက်ဆွဲတစ်ပွဲပဲ တော်ပါပြီ၊ အိမ်ပြန်ရင် မေမေက ဆိတ်ခြေထောက်ကင် လုပ်ပေးထားဦးမှာလေ"
[ဒင်~... ဝမ်တာပေါင်ဆီမှ အချဉ်ဓာတ် +၁၉]
[ဒင်~... ကျန်းကျန့်ကော်ဆီမှ အချဉ်ဓာတ် +၁၇]
[ဒင်~... လျူကွမ်းကျိဆီမှ အချဉ်ဓာတ် +၂၁]
...
"အဖေကလည်း ညစာအတွက် အစပ်ချက်ထားတဲ့ ဂဏန်းတွေနဲ့ ပုစွန်ထုပ်တွေ ဝယ်ထားတယ်လို့ ပြောတယ်၊ ဟူး... ဗိုက်ကားတော့မှာပဲ"
[ဒင်~... ဝမ်တာပေါင်ဆီမှ အချဉ်ဓာတ် +၂၂]
[ဒင်~... ကျန်းကျန့်ကော်ဆီမှ အချဉ်ဓာတ် +၂၇]
[ဒင်~... လျူကွမ်းကျိဆီမှ အချဉ်ဓာတ် +၄၁]
...
သူသည် ဆိတ်ခြေထောက်ကင်မှသည် ဝက်သားပေါင်း၊ အမဲသားချက်စသည်ဖြင့် သာမန်လူတွေ အကြိုက်ဆုံး အစားအစာများကို တိတိကျကျ ရွေးချယ်ကာ ပြောဆိုလိုက်သည်။
အကယ်၍ သူက တန်ဖိုးကြီးလှသော ဝက်ဂယူးအမဲသားတို့၊ ငါးမန်းတောင်ဟင်းချိုတို့အကြောင်းပြောလျှင် ဤနေရာကလူများက စိတ်ဝင်စားလိမ့်မည် မဟုတ်ပေ။
ဘေးပတ်ဝန်းကျင်မှ သွားရည်မျိုချသံများ ထွက်ပေါ်လာပြီး သူတို့၏ခေါက်ဆွဲများမှာ ရုတ်တရက် အရသာပျက်သွားပုံ ရသည်။ သူတို့သည် ကျိုးထျန်းပြောသမျှကို နားစွင့်နေရင်း အချဉ်ဓာတ်များကို အမြောက်အမြားပေးအပ်နေကြသည်။
နောက်ဆုံးတွင် တူကျိုးသံအချို့ ကြားလိုက်ရသဖြင့် ကျိုးထျန်း ဆက်မပြောတော့ပေ။ သိုးမွေးညှပ်ရတာလည်း အတိုင်းအတာ ရှိရမည်မဟုတ်ပါလား။
ဦးလေးမားက ခေါက်ဆွဲလာချပေးချိန်တွင် ငါးမိနစ်အတွင်း သူသည် အချဉ်ဓာတ် ၂,၃၀၀ ကျော် ရရှိခဲ့ပြီဖြစ်သည်။
"ခေါက်ဆွဲတစ်ပွဲက ၁၅ ယွမ်ပဲ ပေးရတယ်၊ ငါက ၂,၃၀၀ ရှာလိုက်နိုင်ပြီ၊ အင်း... ခေါက်ဆွဲစားရတာ တကယ်ပဲ အကျိုးရှိတာပဲ"
သူသည် ခေါက်ဆွဲကိုအမြန်စားပြီး ဆိုင်ထဲမှ ထွက်ခဲ့သည်။ အိမ်အပြန်လမ်းတွင် သီချင်းလေး တညည်းညည်းနှင့် ပျော်ရွှင်နေမိသည်။
သူ့အကောင့်ထဲက လက်ကျန်ငွေကို ကြည့်ရင်း ကျေနပ်နေစဉ်မှာပင် အိတ်ကပ်ထဲမှ ဖုန်းက တုန်ခါလာသည်။ ဖုန်းကို ထုတ်ကြည့်လိုက်ရာ မိသားစု Group Chat ထဲမှ သူ့ကို Tag ထားသော စာကို တွေ့လိုက်ရသဖြင့် ကျိုးထျန်း မျက်မှောင် ကြုတ်လိုက်မိသည်။
ဤ Group Chat သည် သူ့အမေဘက်က ဆွေမျိုးများ စုထားခြင်း ဖြစ်သည်။ သူ့အမေတွင် ညီအစ်မ သုံးယောက်ရှိပြီး အမေက ဒုတိယမြောက် ဖြစ်သည်။ ကျိုးထျန်းတွင် အဒေါ်ကြီးတစ်ယောက်နှင့် အဒေါ်လေးတစ်ယောက် ရှိသည်။
ထိုနှစ်ယောက်စလုံးမှာ ကျိုးထျန်းအတွက် ခေါင်းကိုက်စရာများ ဖြစ်ကြသည်။ အဒေါ်ကြီးမိသားစုက ချမ်းသာသဖြင့် အမြဲတမ်း ကြွားဝါတတ်ပြီး စောင်းမြောင်းပြောတတ်သည်။
အဒေါ်လေးမိသားစုကတော့ မချမ်းသာသော်လည်း အပြော အဆိုမှာ အလွန်စပ်စုလှသည်။
သူ့အမေကတော့ မိသားစုကို တန်ဖိုးထားသူဖြစ်သဖြင့် ပုံမှန်ဆိုလျှင် သူတို့ကို အလျှော့ပေးလေ့ရှိသည်။
သို့သော် ၎င်းမှာ ကျိုးထျန်းနှင့် သူ့အဖေ ကျိုးကျန့်ခန်းတို့အတွက် အလွန်စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းလှသည်။
Group Chat ကို ဖွင့်ကြည့်လိုက်ရာ အဒေါ်ကြီးက သူ့ကို Tag ထားခြင်းဖြစ်သည်။
"ထျန်းထျန်း... သဘက်ခါ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေရတော့မယ်နော်၊ သား ဘယ်ကျောင်းကို လျှောက်ဖို့ ဆုံးဖြတ်ထားလဲ”
🍋 Chapter 6
လီမွန်ပင် စိုက်ပျိုးရေး ကျွမ်းကျင်သူလေး ကျိုးထျန်းသည် သူ့အဒေါ်ကြီး ပို့ထားသော စာကိုကြည့်ပြီး ခါးသီးစွာ ပြုံးလိုက်မိသည်။
သူ့အဒေါ်ကြီးသည် အိမ်ထောင်စောစောကျပြီး ကလေးစောစောရခဲ့သဖြင့် သူနှင့် သူ့ဝမ်းကွဲအစ်ကိုမှာ ခြောက်လခန့်သာကွာခြားပြီး ယခုနှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အတူတူ ဖြေဆိုကြရမည် ဖြစ်သည်။ အသက်တူတူ ဖြစ်နေကြသဖြင့် အမြဲတမ်းအနှိုင်းခံရလေ့ ရှိ၏။
သူ့ အမှတ်များမှာ ဝမ်းကွဲအစ်ကိုထက် အနည်းငယ်နိမ့်သည်။ သူ့အဒေါ်ကြီး၏ စရိုက်မှာလည်း တွေ့သည့်အခါတိုင်း သားဖြစ်သူအကြောင်းကိုသာ ကြွားလုံးထုတ်တတ်ပြီး
သူ့အမေကတော့ အရှိကိုအရှိအတိုင်း နေတတ်သူ ဖြစ်သဖြင့် ကျိုးထျန်း၏ အားနည်းချက်များကိုသာ ထောက်ပြလေ့ရှိသည်။
ယင်းက အဒေါ်ကြီးနှင့် ဝမ်းကွဲအစ်ကိုကို ပို၍ပင် ဘဝင်မြင့်သွားစေသည်။
အမှန်တော့ ကျိုးထျန်း အမြဲခံစားရသည်မှာ သူ့အမေက အဒေါ်ကြီးကို အမြဲအလျှော့ပေးနေခြင်းမှာ မိမိတို့မိသားစု၏ ငွေကြေးအခြေအနေက ပုံမှန်သာဖြစ်ပြီး အဒေါ်ကြီးတို့အပေါ် အားနာစိတ် ရှိနေသောကြောင့်ဖြစ်ပေမည်။
လူကြီးတစ်ယောက် ပို့ထားသည့်စာကို လျစ်လျူရှုထား၍ တော့ မဖြစ်ပေ။
ကျိုးထျန်း ခဏမျှ စဉ်းစားလိုက်ပြီးနောက် နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုပေါ်လာသည်။
"အဒေါ်... ကျွန်တော် ဆုံးဖြတ်ပြီးပြီ၊ ဖူတန့်တက္ကသိုလ်ကိုပဲ လျှောက်ဖို့ စဉ်းစားထားပါတယ်"
သူသည် ထိုစကားလုံးများကို ပြတ်ပြတ်သားသား ရိုက်နှိပ်လိုက်ပြီးနောက် လာတော့မည့် မုန်တိုင်းကို အေးအေးဆေး ဆေး စောင့်ဆိုင်းနေလိုက်သည်။
အဒေါ်ကြီး "ထျန်းထျန်း... မင်း ရူးသွားပြီလား၊ မင်းအမှတ်နဲ့က ဒုတိယတန်းစား တက္ကသိုလ်တစ်ခုလောက်ပဲ ရမှာ၊ ဖူတန့်တက္ကသိုလ်ဆိုတာကတော့ အိပ်မက်သက်သက်ပဲ"
သူ့အဒေါ်ကြီး၏စကားလုံးများမှာ အမြဲတမ်းလိုပင် ကြမ်း တမ်းလှသည်။
ဝမ်းကွဲအစ်ကို "မေမေ... ညီလေးက နောက်နေတာ ဖြစ်မှာပါ"
ကျိုးထျန်း "ငါ နောက်နေတာ မဟုတ်ဘူး၊ ဖူတန့်တက္ကသိုလ်ပဲ"
ဝမ်းကွဲအစ်ကို "..."
အဒေါ်ကြီး "အို... သားရယ်၊ အရှိကိုအရှိအတိုင်း နေစမ်းပါ၊ ကိုယ့်အရည်အချင်းနဲ့ မထိုက်တန်တာကို မလုပ်နဲ့၊ မဟုတ်ရင် လူမှုပတ်ဝန်းကျင်ထဲ ရောက်တဲ့အခါ အများကြီး ဒုက္ခရောက်လိမ့်မယ်"
အဒေါ်ကြီး "မင်းအစ်ကိုရဲ့ အမှတ်တွေက မင်းထက် အများကြီး သာတာတောင် သူ့ရည်မှန်းချက်က ရှန်ဟိုင်းဆရာအတတ်သင် တက္ကသိုလ်ပဲရှိသေးတယ်၊ ဖူတန့်တက္ကသိုလ် တက်ချင်တယ်ဆိုတာကတော့ လေထဲတိုက်အိမ် ဆောက်နေတာပဲ"
ဝမ်းကွဲအစ်ကို "ညီလေး... မင်း တစ်ယောက်ယောက်နဲ့ အလောင်းအစား လုပ်ထားလို့လား၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲဆိုတာ အရေးကြီးတဲ့ ကိစ္စပဲ၊ စိတ်လိုက်မာန်ပါ မလုပ်နဲ့ဦး"
အဒေါ်ကြီး "သားရယ်... မင်းညီအကြောင်း စိတ်မပူပါနဲ့၊ သူ အခုတော့ ရူးနေပြီ"
ကျိုးထျန်း ပြန်ဖြေမည့်အချိန်မှာပင် ဝမ်းကွဲအစ်မနှင့် အဒေါ်လေးတို့ပါ ရုတ်တရက် ရောက်လာကြသည်။
သူ့ဝမ်းကွဲအစ်မမှာ ယခုအခါ ရှန်ဟိုင်းတက္ကသိုလ်တွင် ဒုတိယနှစ် တက်နေသူဖြစ်ပြီး သူမ ကျောင်းဝင်ခွင့်ရစဉ်က အကြီးအကျယ် ကြွားဝါခဲ့ဖူးသည်။
အဒေါ်လေး "ထျန်းထျန်း... ဖူတန့်တက္ကသိုလ်က ဝင်ဖို့တော် တော်ခက်တယ်နော်၊ အဆင်မပြေရင် ရည်မှန်းချက်ကို နည်းနည်း လျှော့လိုက်ပါ၊ ရှန်ဟိုင်းစီးပွားရေးကျောင်း ဒါမှမဟုတ် ရှန်ဟိုင်းစက်မှုတက္ကသိုလ်တွေကလည်း ကောင်းတာပဲ"
ကျိုးထျန်း သူမ၏စာကို ကြည့်ပြီး ရယ်ချင်သွားသည်။ ထိုကျောင်းနှစ်ကျောင်းမှာ ရှန်ဟိုင်းတွင် အညံ့ဆုံး ဒုတိယတန်းစား တက္ကသိုလ်များဖြစ်ကြသည်။
ဝမ်းကွဲအစ်မ "မေမေ... ရှောင်ထျန်းက သူ့ကိုယ် သူ စိန်ခေါ်ချင်တာ ကောင်းတဲ့ကိစ္စပဲလေ၊ သမီးတော့ သူ့ကို ထောက်ခံပါတယ်"
သူ့ဝမ်းကွဲအစ်မက သူ့ဘက်က ကာကွယ်ပြောပေးနေသယောင် ရှိသော်လည်း ကျိုးထျန်းကတော့ သူမ၏နောက်ထပ်စာကို စောင့်နေခြင်း ဖြစ်သည်။
"ပုံတွေ... ပုံတွေ..."
ဝမ်းကွဲအစ်မက ပုံနှစ်ပုံ ထပ်ပို့လိုက်သည်။ ဖွင့်ကြည့်လိုက်ရာ ထိုပုံများမှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ပြန်လည်ဖြေဆိုမည့်သူများအတွက် အထူးသင်တန်းကျောင်း နှစ်ခု၏ အချက်အလက်များ ဖြစ်နေသည်။
ဝမ်းကွဲအစ်မ "ရှောင်ထျန်း... ဒီသင်တန်းနှစ်ခုက တော်တော်ကောင်းတယ်၊ မင်း စဉ်းစားကြည့်လို့ ရတယ်နော်"
ဟားဟား~
တကယ်ပါပဲ၊ စောင်းမြောင်းပြောတတ်တဲ့ အကျင့်က မျိုးရိုးလိုက်တာပဲ။
ကျိုးထျန်း "အားလုံးပဲ... ကျွန်တော် ဆုံးဖြတ်ချက်ချပြီးပါပြီ၊ အားလုံးရဲ့ ထောက်ခံမှုနဲ့ အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်၊ စာမေးပွဲရလဒ်တွေ ထွက်လာရင်တော့ ကျွန်တော်တို့ ပြန်ဆုံကြတာပေါ့"
ပြီးပြီ။
ကျိုးထျန်း ရယ်မောရင်း ဖုန်းကို စားပွဲပေါ် ပစ်တင်လိုက်သည်။ စာမေးပွဲမဖြေခင်မှာ အချဉ်မျိုးစေ့လေး တစ်စေ့ ချထားလိုက်ရုံနှင့် နောက်ပိုင်းတွင် လီမွန်သီးတွေ အများကြီး ရိတ်သိမ်းရပေလိမ့်မည်။
ကြည့်ရတာ ငါက လီမွန်စိုက်ပျိုးရေး ကျွမ်းကျင်သူလေး ဖြစ်နေပြီပဲ။
အခုတော့ သူ စိတ်ကြည်လင်သွားပြီဖြစ်သဖြင့် စာအုပ်များကို ကောက်ယူကာ ပြန်လှန်ဖတ်နေလိုက်သည်။ နောက်ဆုံး ပြေးပွဲဖြစ်သဖြင့် သူ့ကိုယ် သူ အလွန်အမင်း ဖိအားမပေးလိုတော့ပေ။
ည ၁၁ နာရီကျော်မှ သူ့အမေနှင့် အဖေ အိမ်ပြန်ရောက်လာကြသည်။ ကျိုးထျန်း၏ မိဘများမှာ အေအန်ခရိုင်တွင် စားသောက်ဆိုင်လေးတစ်ခု ဖွင့်ထားကြပြီး စီးပွားရေးမှာ အတော်လေး ကောင်းမွန်ပေသည်။
အိမ်နှင့် မဝေးလှသော်လည်း စားသောက်ဆိုင်ဆိုသည်မှာ အမြဲတမ်း စောင့်ကြည့်နေရသဖြင့် အိမ်ပြန်နောက်ကျတတ်ကြသည်။
နှစ်ပေါင်းများစွာအတွင်း ထိုစားသောက်ဆိုင်လေးမှ ငွေအတော်အတန် စုမိဆောင်းမိ ရှိလာခြင်းကပင် အဒေါ်ကြီး၏ မကျေနပ်မှုကို ဖြစ်စေခဲ့သည်။
အဒေါ်ကြီးမိသားစုမှာ ယခင်က အချမ်းသာဆုံး ဖြစ်ခဲ့သော် လည်း ယခုအခါ ကျိုးထျန်းတို့မိသားစုက ကျော်တက်သွားပြီ ဖြစ်သည်။ ထို့ကြောင့် အဒေါ်ကြီးက အမြဲတမ်းရန်ငြိုးပါသလိုမျိုး စကားပြောလေ့ရှိခြင်းပင်။
ကျိုးထျန်း အကြာကြီး စဉ်းစားပြီးနောက် နန်အန်းကျေးရွာ ကိစ္စကို မိဘများနှင့် တိုင်ပင်ရန် ဆုံးဖြတ်လိုက်သည်။
"အဖေနဲ့ အမေ... ကျွန်တော် ပြောစရာ ရှိလို့"
"ဟင်? သား... ဘာဖြစ်လို့လဲ၊ ဘာလို့ ဒီလောက် အလေးအနက် ဖြစ်နေရတာလဲ"
"အဖေနဲ့ အမေ အရင်ထိုင်ပါဦး"
သူတို့ သုံးယောက် စားပွဲတွင် ထိုင်လိုက်ကြသည်။ ကျိုးထျန်း စကားစရန် ပြင်နေစဉ်မှာပင် သူ့အမေက အရင်ပြောလိုက်သည်။
"သား... ဒီနေ့ Group Chat ထဲမှာ သားပြောတဲ့စာကို အမေတွေ့တယ်၊ သား တကယ်ပဲ ဖူတန့်တက္ကသိုလ်ကို လျှောက်မှာလား"
သူ့အမေမှာ တစ်နေ့လုံး အလုပ်ရှုပ်နေသဖြင့် Group Chat ထဲတွင် ဝင်မပြောဖြစ်ခဲ့ခြင်း ဖြစ်သည်။
"အဲ့ဒါက ကျွန်တော် ပြောချင်တဲ့ ကိစ္စမဟုတ်ပါဘူး၊ ကျောင်းကိစ္စကတော့ ရလဒ်တွေ ထွက်လာမှပဲ ဆက်ပြောကြတာပေါ့"
သူ့အမေက အခုချိန်တွင် သူပြောသမျှကို ယုံကြည်မည် မဟုတ်သည်ကို သူသိသဖြင့် ရလဒ်ဖြင့်သာ သက်သေပြရန် ဆုံးဖြတ်လိုက်သည်။
"ဩော်... ဒါဆို ဘာဖြစ်လို့လဲ၊ နေမကောင်းလို့လား၊ ဒါမှမဟုတ်..."
ကျိုးကျန့်ခန်း သူ့ဇနီးကို တားလိုက်သည်။
"ကလေး ပြောပါစေဦး၊ မင်းကလည်း ဘာလို့ ဒီလောက် လောနေရတာလဲ"
ကျိုးထျန်း ခေတ္တရပ်ပြီးမှ စကားကို ဆက်လိုက်သည်။
"အဖေနဲ့ အမေ... နန်အန်းလမ်းက မြေအောက်ရထား ဖောက်နေတာ သိတယ်မလား"
နှစ်ယောက်စလုံး ခေါင်းညိတ်ပြကြသည်။ အနီးနားတွင် နေထိုင်သူတိုင်း ဒါကို သိကြသည်။
"နန်အန်းလမ်းကို ချဲ့တော့မှာဆိုတော့ အဲ့ဒီမှာ ဖျက်သိမ်းရေးတွေ လုပ်နေတာလည်း သိတယ်မလား"
သူတို့ နှစ်ယောက် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားကြသည်။ သားဖြစ်သူက ဘာကြောင့် ဒါတွေကို ရုတ်တရက် ထပြောနေရသနည်း။
"နန်အန်းလမ်းရဲ့ ချန်ရှန်းလမ်းကနေ ထျန်းထိုင်လမ်းအထိ အပိုင်းကို မကြာခင် ဖျက်သိမ်းတော့မယ်ဆိုတာ သိကြလား"
ဤတစ်ကြိမ်တွင်တော့ အမေဖြစ်သူက နားမလည်သလို ကြည့်နေသည်။ သူမက ထိုကိစ္စများကို စိတ်မဝင်စားတတ်ပေ။ သို့သော် အဖေဖြစ်သူကတော့ ထပ်မံ၍ ခေါင်းညိတ်ပြလိုက်သည်။
"သိတာပေါ့၊ အဲ့ဒီက ဆိုင်ခန်းတွေနဲ့ ဟိုတယ်တွေကို ဖျက် သိမ်းမှာလေ၊ အဲ့ဒီက ဟိုတယ်မန်နေဂျာနဲ့ အဖေက သူငယ် ချင်းတွေ၊ သူတောင် အလုပ်အသစ် ရှာနေပြီပဲ၊ နောက်ထပ် လဝက်ကနေ တစ်လအတွင်းမှာ အတည်ဖြစ်တော့မယ်လို့ ထင်တယ်"
ကျိုးကျန့်ခန်းမှာ မိတ်ဆွေပေါသဖြင့် သတင်းအချက်အ လက် ပိုစုံသည်။
"အကယ်၍ ကျွန်တော်က အဲ့ဒီဖျက်သိမ်းရေးက လမ်းရဲ့ အရှေ့ဘက်ခြမ်းမှာ မဟုတ်ဘဲ အနောက်ဘက်ခြမ်းမှာဖြစ်မှာလို့ ပြောရင်ကော!"
အဖေဖြစ်သူက ချက်ချင်းမျက်မှောင်ကြုတ်သွားပြီးနောက် မျက်လုံးများ ပြူးကျယ်သွားသည်။
"ဒီသတင်းကို သား ဘယ်ကရတာလဲ"
"အဲ့ဒါကတော့... ကျွန်တော် ပြောလို့မရဘူး၊ ဒါပေမဲ့ ၁၀၀ ရာခိုင်နှုန်း မှန်ကန်တယ်လို့တော့ ကျွန်တော် အာမခံနိုင်ပါတယ်"
အဖေဖြစ်သူက မေးစေ့ကို ပွတ်ရင်း အလေးအနက် စဉ်းစားနေသည်။
ကျိုးကျန့်ခန်းသည် ယခင်က နိုင်ငံပိုင်လုပ်ငန်းတစ်ခုတွင် အလုပ်လုပ်ခဲ့သူ ဖြစ်သည်။ အလုပ်က တည်ငြိမ်သော်လည်း ဝင်ငွေမှာ ပုံမှန်သာ ဖြစ်သည်။
လုပ်ဖော်ကိုင်ဖက်များက ဘဝကို အေးအေးဆေးဆေးဖြတ် သန်းချင်နေကြချိန်တွင် သူသည် ခိုင်မာသော အလုပ်ကို စွန့်လွှတ်ပြီး ဇနီးဖြစ်သူနှင့်အတူ အစကနေ စတင်ခဲ့သဖြင့် ယနေ့ ကျိုးမိသားစု ရရှိထားသော ဘဝကောင်းကို ရရှိခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် သူသည် ရည်မှန်းချက်ကြီးပြီး သတ္တိရှိသူတစ်ဦး ဖြစ်သည်။ ကျိုးထျန်းက ဒါကို သိသဖြင့် ထုတ်ပြောလိုက်ခြင်း ဖြစ်သည်။
"သေချာနေပြီလို့ ထင်ရတဲ့ အရာတစ်ခုက ဘာလို့ နေရာပြောင်းပြီး ဖျက်သိမ်းရမှာလဲဆိုတာ ကျွန်တော်လည်း နားမလည်ဘူး"
ကျိုးကျန့်ခန်း သူ့ကို ကြည့်ပြီး ပြောလိုက်သည်။
"မမျှော်လင့်ထားတဲ့ အခြေအနေတစ်ခုခု မရှိရင်တော့ ဒါက မဖြစ်နိုင်ဘူး၊ သား... မင်းရဲ့ အကြံက ဘာလဲ"
ကျိုးထျန်းက စပြောလာသူ ဖြစ်သဖြင့် ဖခင်ဖြစ်သူက သူ့အမြင်ကို ဦးစွာ မေးမြန်းလိုက်ခြင်းဖြစ်သည်။
သူက ဘာမှမပြောဘဲ ဖုန်းထဲက ဓာတ်ပုံများကိုသာ သူတို့နှစ်ဦးရှေ့သို့ ချပြလိုက်သည်။
"ကျွန်တော် အိမ်ခြံမြေအကျိုးဆောင်ကို မေးကြည့်ပြီးပြီ၊ လမ်းဘေးမှာ ရောင်းမယ့် အခန်း ၁၃ ခန်း ရှိတယ်၊ ဈေးနှုန်းက ပတ်ဝန်းကျင်ထက် ယွမ် ၅၀၀၀ လောက် ပိုသက်သာနေတယ်"
အဖေဖြစ်သူက ဓာတ်ပုံများကို ကြည့်လိုက်ပြီး ကျိုးထျန်း၏ ဆိုလိုရင်းကို နားလည်သွားသည်။ သူက လောင်းကြေးထပ်တော့မည်!
ကံမကောင်းစွာဖြင့် သူတို့က စနစ်အကြောင်းကိုတော့ မသိကြပေ။ အကြောင်းမှာ ကျိုးထျန်းက စနစ်အကြောင်းပြောရန် ကြိုးစားစဉ်ကတည်းက စနစ်၏သတိပေးမှုကို ခံခဲ့ရသောကြောင့် ဖြစ်သည်။
[Host သို့ စနစ်၏ အညွှန်း - စနစ်ရှိနေကြောင်း မည်သည့်အချက်အလက်ကိုမျှ ထုတ်ဖော်မပြောပါနှင့်၊ မဟုတ်ပါက စနစ်ကို အလိုအလျောက် ပယ်ဖျက်သွားပါမည်။]
သူတို့ သုံးယောက် ခဏမျှတိတ်ဆိတ်သွားပြီးနောက် ဖခင်ဖြစ်သူက စကားစလိုက်သည်။
"မိန်းမ... ငါတို့သားက ငါနဲ့တူတယ်၊ သတ္တိရှိတယ်၊ တကယ်ကို ချီးကျူးစရာပဲ။ သူက ငါ ကျိုးကျန့်ခန်းရဲ့မျိုးဆက်ပဲ"
"ငါတို့ မိသားစုပိုင်ဆိုင်မှုတွေ အကုန်တွက်ကြည့်စမ်း၊ လက် ငင်းငွေ၊ အိမ်ခြံမြေနဲ့ ရှယ်ယာဈေးကွက်ထဲက ငွေတွေအပါအဝင် စုစုပေါင်း ဘယ်လောက်ရှိလဲ"
အမေဖြစ်သူက ငွေစာရင်းကို ကိုင်တွယ်သူဖြစ်သဖြင့် အရာအားလုံးကို အသိဆုံးဖြစ်သည်။
"လောင်ကျိုး... ရှင် ဘာလုပ်မလို့လဲ!"
အမေဖြစ်သူမှာ အနည်းငယ် စိုးရိမ်သွားသည်။ အဖေနှင့် သားဖြစ်သူတို့၏ လျှို့ဝှက်ဆန်းကြယ်သော စကားဝိုင်းကို သူမ ကောင်းကောင်း နားမလည်ပေ။
"မင်း နားမလည်ဘူးလား၊ ငါတို့သားက အရွယ်ရောက်နေပြီ၊ သူက မိသားစုလုပ်ငန်းထဲမှာ သူ့ရဲ့ ကိုယ်ပိုင်ဝေစုကို ရှာဖို့ လိုအပ်နေပြီလေ”