အခန်း (၇-၈)
Vol. 1 Ch. 7-8
🍋 Chapter 7
ကျိုးကျန့်ခန်းသည် မတ်တပ်ရပ်ကာ အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေမိသည်။ အကယ်၍ သားဖြစ်သူ၏သတင်းအချက်အလက်သာ မှန်ကန်ခဲ့လျှင် ကျိုးမိသားစု ဘဝအဆင့်အတန်း မြင့်မားလာဖို့ရာ ဤအချက်ပေါ်တွင်သာ မူတည်ပေတော့မည်။
မည်မျှပင် စီးပွားရေးကောင်းသော စားသောက်ဆိုင်လေးဖြစ်ပါစေ ယွမ်သန်းပေါင်းများစွာ ရှာဖွေနိုင်ရန်မှာ နှစ်ပေါင်းများစွာ အချိန်ယူရမည် မဟုတ်ပါလား။
"သား... သားရထားတဲ့ သတင်းထဲမှာ ဖျက်သိမ်းမယ့် အချိန် ဇယားကော ပါလား" ဟု ဖခင်ဖြစ်သူက ခေတ္တစဉ်းစားပြီးနောက် မေးလိုက်သည်။
"စက်တင်ဘာလလယ်၊ အနောက်ကျဆုံးဆိုရင် စက်တင်ဘာ လကုန်လောက်ပါပဲ"
"ဩော်... အချိန်က တော်တော်လေးကပ်နေတာပဲ"
ထို့နောက် ဖခင်ဖြစ်သူက မိခင်ဖြစ်သူဘက်သို့ လှည့်ကာ
"ငါတို့မိသားစုမှာ ငွေဘယ်လောက်ရှိလဲဆိုတာ တွက်ပြီးပြီလား"
မိခင်ဖြစ်သူမှာ မျက်မှောင်ကြုတ်သွားသော်လည်း သူမ၏ အကောင်းဆုံး အရည်အချင်းမှာ မိသားစုက အမျိုးသားများ အလုပ်ကြီးအလုပ်ကောင်း လုပ်မည်ဆိုလျှင် ဘယ်သောအခါမှ တားဆီးလေ့မရှိခြင်းပင်။
အရင်တုန်းကလည်း ခိုင်မာသော အလုပ်ကို စွန့်လွှတ်မည်ဆိုစဉ်က အခြားမိန်းမများကဲ့သို့ အသည်းအသန်တားဆီးခဲ့ခြင်း မရှိပေ။
"အိမ်ခြံမြေဘက်ကဆိုရင် အခုနေနေတဲ့အိမ်က ယွမ် ၁၁ သန်းလောက် တန်တယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဝယ်ထားတဲ့ ဟဲတုန်း က အိမ်က ယွမ် ၉ သန်းလောက် တန်ပြီး အဖိုးတို့အဖွားတို့ဆီက ရထားတဲ့ အိမ်လေးကတော့ ယွမ် ၅.၅ သန်းလောက် တန်မယ်။"
"စားသောက်ဆိုင်ကို ရောင်းမယ်ဆိုရင်တော့ ယွမ် ၃ သန်းလောက် ရနိုင်ပေမယ့် မြေကတော့ ငါတို့ပိုင် မဟုတ်ဘူး။"
"ရှယ်ယာဈေးကွက်ထဲမှာလည်း ၈ သိန်းကျော်ရှိတယ်၊ အခုတလော ဈေးကွက်မကောင်းတော့ ပြန်ထုတ်မယ်ဆိုရင် ၅ သောင်း၊ ၆ သောင်းလောက်တော့ ရှုံးလိမ့်မယ်"
"နောက်ပြီး ငါ့မှာရှိတဲ့ ရတနာတွေနဲ့ ရှင့်မှာရှိတဲ့ ကျောက်စိမ်းရုပ်တုတွေပါ ပေါင်းလိုက်ရင် ယွမ် သန်းအနည်းငယ်လောက် ရှိမယ်။"
"အားလုံးပေါင်းလိုက်ရင် ယွမ် ၂၉ သန်းလောက် ရှိမှာပါ"
မိခင်ဖြစ်သူက မိသားစုပိုင်ဆိုင်မှုများကို တစ်ခုမကျန်တွက် ချက်ကာ ပြောပြလိုက်သည်။ ၎င်းမှာ ကျိုးထျန်းကို အတော်လေး အံ့ဩသွားစေသည်။
ဝါး... ငါ့ မိသားစုက ဒီလောက်တောင် ချမ်းသာတာလား
သို့သော် ပြန်စဉ်းစားကြည့်လျှင် သူတို့၏ပိုင်ဆိုင်မှုများမှာ အိမ်ခြံမြေများသာ။ အကယ်၍ သူ့အဖေက ကိုယ်ပိုင်စီးပွားရေးမလုပ်ဘဲ အိမ်စောစောမဝယ်ခဲ့လျှင် ယခုပိုင်ဆိုင်မှု၏ထက်ဝက်ပင် ရှိမည်မဟုတ်ပေ။
၎င်းမှာ ရှန်ဟိုင်းမြို့ခံများ၏ကံကောင်းခြင်းဖြစ်သလို ကြေ ကွဲစရာလည်း ဖြစ်သည်။ စာရင်းအရ ချမ်းသာနေသော် လည်း လက်ထဲတွင်တော့ ငွေသားမရှိသလောက်ပင်။
ဖခင်ဖြစ်သူက ခေတ္တရပ်ကာ
"မိန်းမ... မင်း ပိုင်ဆိုင်မှုတွေကို အသေအချာ စာရင်းလုပ်ထားလိုက်။ ငါ မနက်ဖြန် သွားပြီး ထပ်စစ်ဦးမယ်။ အခွင့်အ ရေးသာ ရှိမယ်ဆိုရင်တော့ ငါတို့ အကုန်ပုံအောလိုက်မယ်"
ထို့နောက် ကျိုးထျန်းဘက်သို့ လှည့်ကာ
"သား... အခုလောလောဆယ် ဒါတွေကို စိတ်မပူနဲ့ဦး၊ စာမေးပွဲပြီးမှ ငါတို့ အတူတူ ဖြေရှင်းကြတာပေါ့၊ အဆင်ပြေသွားလို့ အမြတ်ရလာရင် အဲ့ဒီအမြတ်တွေအကုန်လုံးက သားအပိုင်ပဲ"
ကျိုးထျန်း မှင်သက်သွားရသည်။ အရင်က ပေါက်စီစားတာကိုတောင် အချဉ်ပေါက်နေသည့် အဖေက အခုလိုအဆုံးအ ဖြတ်ပေးရမည့် အချိန်မျိုးမှာ ဤမျှပြတ်သားနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
အမြတ်ငွေက ယွမ်သန်း ၅၀ ကျော်လောက် ရှိနိုင်သည်ကို အကုန်လုံး သူ့ကို ပေးမည်တဲ့လား။
ဒါဆို ငါက မကြာခင်မှာပဲ ဘဝရဲ့အောင်နိုင်သူ ဖြစ်တော့မှာပေါ့။ နောင်ကျရင် ငါ့ကိုယ် ငါ သူဌေးသားလို့ မိတ်ဆက်လို့ရပြီလား
သူသည် စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ရင်း အိပ်ခန်းထဲသို့ ပြန်လာခဲ့သည်။ ဇွန်လ ၆ ရက်နေ့ တစ်နေ့လုံး အိမ်တွင် စာကြည့်နေခဲ့ပြီး ဇွန်လ ၇ ရက်နေ့ မနက်တွင်တော့ တစ်နိုင်ငံလုံးရှိ အထက်တန်းကျောင်းသားများ၏ကံကြမ္မာကို ဆုံးဖြတ်မည့် စာမေးပွဲကြီး စတင်ပြီဖြစ်သည်။
မနက်ပိုင်းတွင် မြန်မာစာ (တရုတ်စာ) နှင့် မွန်းလွဲပိုင်းတွင် သင်္ချာဖြစ်သည်။ ကျိုးထျန်းမှာ အတော်လေး စိတ်ပေါ့ပါးနေသည်။
စနစ်၏အပိုဆောင်းအမှတ်များ ရှိနေသဖြင့် ပုံမှန်အတိုင်း ဖြေဆိုနိုင်ရုံနှင့် ထိပ်တန်းတက္ကသိုလ်တစ်ခုမှာ သေချာနေပြီ ဖြစ်သည်။ စိတ်အေးလက်အေးရှိနေခြင်းကပင် ခက်ခဲသော ပုစ္ဆာများကို လွယ်လွယ်ကူကူ ဖြေဆိုနိုင်စေခဲ့သည်။
ဇွန်လ ၈ ရက်နေ့၊ နောက်ဆုံးနေ့တွင် ကျိုးထျန်းသည် ဘာသာရပ်အားလုံးကို အချိန်မပြည့်မီ ၂၀ မိနစ်အလိုက တည်းက အပြီးသတ်နိုင်ခဲ့သည်။ သူသည် စာမေးပွဲခန်းထဲမှ စောစီးစွာ ထွက်လာခဲ့ရာ ကျောင်းတံခါးဝတွင် စောင့်ဆိုင်းနေကြသော မိဘအုပ်ထိန်းသူများက သူ့ကို ဝိုင်းအုံလာကြသည်။
"ဟေး... သားက ဒီနေ့ ပထမဆုံး ထွက်လာတဲ့သူပဲ"
"သား... ဘယ်လိုလဲ၊ စာမေးပွဲ ခက်လား"
"ဒီနှစ် မေးခွန်းတွေအပေါ် သားရဲ့ အမြင်လေး ပြောပြပါဦး။"
ကျိုးထျန်း သက်ပြင်းချလိုက်မိသည်။ ဒီလူကြီးမင်းတွေ ရှေ့မှာတော့ ငါ့ရဲ့ အရည်အချင်းကိုထုတ်ပြရတော့မှာပဲ။
"ကျွန်တော် ပြောပြပါ့မယ်" ဟု သူက ခပ်အေးအေးပင် ပြောလိုက်သည်။
"သားက ဘာလို့ ဒီလောက်စောစော ထွက်လာတာလဲ၊ အချိန် ၂၀ မိနစ်တောင် ကျန်သေးတယ်လေ"
"ဩော်... ကျွန်တော် အကုန်ဖြေပြီးသွားလို့ပါ၊ အထဲမှာ ဆက်နေနေတာက အချိန်ဖြုန်းတာနဲ့ အတူတူပဲလေ"
"မေးခွန်းတွေကော ခက်လား"
"မခက်ပါဘူး၊ လက်ရှိတဲ့သူဆိုရင် ဘယ်သူမဆို ဖြေနိုင်မှာပါ၊ တော်တော်လေးကို ရိုးရှင်းပါတယ်၊"
ဝါး!
တကယ်ကို အထင်ကြီးစရာပဲ!
မိဘအုပ်ထိန်းသူအချို့မှာ ချီးကျူးနေကြသော်လည်း ကျိုးထျန်းရှေ့တွင်တော့ အချဉ်ဓာတ် အချက်အလက် ၇၀၊ ၈၀ ခန့် ရုတ်တရက် ပေါ်လာတော့သည်။
ဝါး... မိုက်လိုက်တာ! တစ်ခါတည်းနဲ့ အချဉ်ဓာတ် ၁၀၀၀ ကျော်တောင် ရသွားတယ်။ ဒီမိဘတွေရဲ့ ကလေးတွေက တော့ အမှတ်တွေ ပုံမှန်ပဲရကြမှာ ထင်တယ်
ဒီလောက် အမြတ်ထွက်နေမှတော့ ငါ ပိုပြီးကြွားလိုက်ဦးမယ်!
"သား... စာမေးပွဲအတွက် အများကြီး လေ့ကျင့်ခဲ့ရလား"
"လေ့ကျင့်ရတာ? ကျွန်တော် သိပ်ပြီးတော့တောင် စာမကြည့်ဖြစ်ပါဘူး၊ အတန်းထဲမှာ သင်ပေးတာလေးတွေ သိနေရင်ပဲ အားလုံး ဖြေနိုင်တာပဲ မဟုတ်လား"
[ဒင်~... ကျန်းကျန့်ကော်ဆီမှ အချဉ်ဓာတ် +၁၉]
[ဒင်~... ဝမ်ဟွေ့လီဆီမှ အချဉ်ဓာတ် +၃၁]
[ဒင်~... ချန်းကျန့်ဆီမှ အချဉ်ဓာတ် +၃၃]
...
"ပြန်ကော စစ်ဆေးခဲ့လား"
"ဘာလို့ စစ်ရမှာလဲ၊ ကျွန်တော်က တစ်ခါတည်းနဲ့ အပြတ်ဖြေခဲ့တာလေ၊ ပြန်စစ်နေရတယ်ဆိုကတည်းက ကိုယ့်အရည်အ ချင်းကိုယ် ယုံကြည်မှုမရှိလို့ပေါ့"
လူအုပ်ကြီးထဲမှ ချီးကျူးသံများ ထွက်ပေါ်လာသော်လည်း ကျိုးထျန်းကတော့ အချဉ်ဓာတ်များကိုသာ ပျော်ပျော်ကြီး သိမ်းဆည်းနေသည်။
"ဒါဆို သားက ဘယ်တက္ကသိုလ်ကို လျှောက်မှာလဲ"
"ဖူတန့်တက္ကသိုလ်ပါ၊ ပေကျင်းက ကျောင်းတွေက ဝေးလွန်းလို့ ကျွန်တော် ရှန်ဟိုင်းကနေ မခွာချင်ဘူး"
ကျိုးထျန်းသည် လူအုပ်ကြားမှ ရုန်းထွက်ကာ အဝေးတွင် စောင့်နေကြသော သူ့မိဘများထံသို့ ပြေးသွားလိုက်သည်။
"သား... စာမေးပွဲ ဘယ်လိုလဲ"
"အဆင်ပြေတယ် အဖေ၊ တော်တော်လေး ကောင်းကောင်း ဖြေနိုင်ခဲ့တယ်၊ ခဏနေရင် အဖေတို့ကို အံ့ဩစရာတစ်ခု ပြမယ်"
သူတို့ သုံးယောက်သည် ကြိုတင်ဘွတ်ကင်လုပ်ထားသော စားသောက်ဆိုင်သို့ တန်းသွားလိုက်ကြသည်။ မြို့လယ်ရှိ "ဟိုင်ယန် နံပါတ် ၁" သို့ ရောက်သောအခါ ဆိုင်တွင် လူများဖြင့် ပြည့်နှက်နေသည်။
ထိုင်ပြီး ၁၀ မိနစ်ခန့်အကြာတွင် ရင်းနှီးသော ပုံရိပ်တစ်ခု လှေကားပေါ်မှ တက်လာသည်ကို ကျိုးထျန်း မြင်လိုက်ရသည်။
"အာ... ကျိုးထျန်း၊ နင်လည်း ဒီမှာပဲလား"
ဒါသည် သူတို့အတန်း၏အတန်းခေါင်းဆောင် လျို့မုယန် ပင် ဖြစ်သည်။ သူမ နောက်တွင်တော့ သူမ၏ မိဘများ ပါလာကြသည်။
"ယန်ယန်... ဒါက သမီးရဲ့ အတန်းဖော်လား"
"ဟုတ်ကဲ့... သူ့နာမည်က ကျိုးထျန်းလေ၊ သမီးတို့နဲ့ အတန်းတူပဲ"
ကျိုးကျန့်ခန်းကလည်း ထိုစကားကို ကြားလိုက်သဖြင့်
"ဟေး... အတန်းဖော်တွေဆိုတော့ စားပွဲတစ်ခုတည်းမှာပဲ အတူတူ ထိုင်ကြပါလား ? ကျွန်တော်တို့ စားပွဲက အလွတ်ကြီးပါ၊ ကလေးနှစ်ယောက်လည်း စာမေးပွဲအကြောင်း ဆွေးနွေးလို့ ရတာပေါ့"
"အားနာစရာကြီးဗျာ၊ ဒါပေမဲ့ ကျွန်တော်တို့က ဟင်းပွဲအတွဲလိုက်ကိုမှာထားပြီးပြီ၊ ငွေချေပြီးသားဆိုတော့ ပြန်အမ်းလို့ မရဘူးဖြစ်နေလို့။"
"ဩော်... ကောင်းပါပြီ၊ နောက်မှ အတူတူ စားကြတာပေါ့"
လျို့မုယန်နှင့် သူမ မိဘများမှာ သူတို့နှင့် တစ်စားပွဲကျော်တွင် ထိုင်လိုက်ကြသည်။
🍋 Chapter 8
ဒီနေ့တော့ ကျိုးထျန်းရဲ့ မိဘတွေဟာ သားဖြစ်သူကို ဂုဏ်ပြုဖို့အတွက် တစ်ခါတလေမှ လုပ်လေ့ရှိတဲ့ ရက်ရောမှုကို ပြသခဲ့ကြသည်။
ပုံမှန်ဆိုလျှင် သူတို့ကိုယ်တိုင် စားသောက်ဆိုင်ပိုင်ရှင်များ ဖြစ်ကြသဖြင့် ဤကဲ့သို့ တန်ဖိုးကြီးဆိုင်မျိုးကို လာလေ့မရှိကြပေ။
သို့သော် ထူးခြားသောနေ့ ဖြစ်သည်နှင့်အညီ ဆိုင်တွင်လည်း ကံကောင်းခြင်းသင်္ကေတဖြစ်သော ယွမ် ၈၈၈ တန် သုံးယောက်စာ ဟင်းပွဲအတွဲများကိုပြင်ဆင်ပေးထားသည်။
လျို့မုယန်တို့ မိသားစုလည်း ထိုင်လိုက်ကြပြီဖြစ်သည်။ သူတို့ ထိုင်လိုက်သည်နှင့် လျို့မုယန်၏ မိခင်ဖြစ်သူက သမီးကို အနားဆွဲခေါ်ကာ
"မုယန်... ဟိုကောင်လေးက သမီးအတန်းဖော်လား"
"ဟုတ်တယ် မေမေ၊ အတန်းတူပဲ"
"ဪ... သူတို့မိသားစုက ဘာလုပ်တာလဲ၊ ချမ်းသာလား"
လျို့မုယန် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ သူမ မိခင်မှာ အမြဲတမ်း ဤကဲ့သို့ပင် သူတစ်ပါး အခြေအနေကို စပ်စုတတ်သူဖြစ်သည်။
"အသေးစိတ်တော့ မသိဘူး၊ ဒါပေမဲ့ စားသောက်ဆိုင်သေးသေးလေး တစ်ခုဖွင့်ထားတယ်လို့တော့ ကြားဖူးတယ်" ဟု လျို့မုယန်က အမှန်အတိုင်း ဖြေလိုက်သည်။
"ဪ..."
ထိုစကားကို ကြားသည်နှင့် သူမ မိခင်မှာ စိတ်ဝင်စားမှု ချက်ချင်းပျောက်ဆုံးသွားပြီး ကျိုးထျန်းတို့ မိသားစုအကြောင်းကို ထပ်မပြောတော့ပေ။
မလှမ်းမကမ်းရှိ ကျိုးထျန်းတို့ မိသားစုစားပွဲတွင်မူ
"သား... အဖေ ဒီရက်ပိုင်း စုံစမ်းကြည့်သလောက်တော့ ဖျက်သိမ်းမယ့်နေရာ ပြောင်းသွားတယ်ဆိုတဲ့ သတင်းမျိုး လုံးဝမရှိသေးဘူး"
ကျိုးကျန့်ခန်းသည် သတင်းရလိုရငြား လူအမျိုးမျိုးကို ထမင်းကျွေးကာ စုံစမ်းခဲ့သော်လည်း မည်သည့်အရိပ်အ ယောင်မျှ မတွေ့ခဲ့ရပေ။ ကျိုးထျန်းလည်း ဇဝေဇဝါ ဖြစ်သွားရသည်။
စနစ်က ငါ့ကို လိမ်မှာမဟုတ်ဘူး၊ ဆိုလိုတာက ဒါက အမှန်တကယ် ဖြစ်လာမှာပဲ။ ဒါပေမဲ့ အဖေ သတင်းမရတာက ဖြစ်နိုင်ခြေ နှစ်ခုပဲ ရှိတယ်။
ပထမတစ်ခုက အဖေက တကယ့်ဆုံးဖြတ်ချက်ချတဲ့ အဆင့်အထိမရောက်နိုင်သေးလို့ အရေးကြီးတဲ့ သတင်းကို မရတာ။ ရှန်ဟိုင်းမှာ ဖျက်သိမ်းရေး သတင်းတွေကို လျှို့ဝှက်ထားတာကတော့ တစ်ကိုယ်ကောင်းသမားတွေ ကြိုတင်အမြတ်မထုတ်နိုင်အောင် တကယ်ကို စနစ်ကျလှသည်။
ဒုတိယတစ်ခုကတော့... ဒီကိစ္စက အခုထိ မဖြစ်သေးလို့ သတင်းမထွက်သေးတာပဲ။
ဒါဆိုရင်တော့ တော်တော်ထူးဆန်းတယ်။ ဒီနေ့က ဇွန်လ ၈ ရက်၊ စနစ်ရဲ့ သတင်းအရဆိုရင် ဇွန်လ ၁၉ ရက်မှာ ဖြစ်မှာဆိုတော့ နှစ်ပတ်လောက်ပဲ လိုတော့တာ။
ဒီနှစ်ပတ်အတွင်းမှာ မြူနီစီပယ်ဌာနက သူတို့ဆုံးဖြတ်ချက်ကို ပြောင်းလဲစေမယ့် တစ်စုံတစ်ခု ဖြစ်လာမှာပဲ။
ကျိုးထျန်း သူ့မိဘတွေကို ကြည့်ပြီး
"ဒါဆို အဖေ... ကျွန်တော်တို့ ဘာလုပ်သင့်လဲ"
ကျိုးကျန့်ခန်းက ခေတ္တစဉ်းစားပြီးနောက်
“အဖေ တွက်ကြည့်ပြီးပြီ။ အကယ်၍ ငါတို့ ပိုင်ဆိုင်မှုတွေအကုန်လုံး ပေါင်နှံပြီးမှ ဖျက်သိမ်းရေး လျော်ကြေးသာ မရခဲ့ရင် တစ်လကို ဘဏ်တိုးနဲ့ အရစ်ကျ ပြန်ဆပ်ရမယ့်ငွေက ၃ သိန်းခွဲကျော် ရှိလိမ့်မယ်”
“ဒါက အကောင်းဆုံး အခြေအနေဖြစ်တဲ့ ၁၀ နှစ် အရစ်ကျနဲ့ တွက်ထားတာ၊ အကယ်၍ ငါတို့ရဲ့ ပိုင်ဆိုင်မှု အဆင့်သတ် မှတ်ချက်က မမြင့်ဘူးဆိုရင် ဘဏ်က အရစ်ကျသက်တမ်းကို လျှော့ချခိုင်းလိမ့်မယ်၊ အဲ့ဒါဆို တစ်လကို ၅ သိန်းကျော်အထိ ရှိသွားနိုင်တယ်”
ကျိုးထျန်း အသက်ပြင်းပြင်း ရှူလိုက်မိသည်။ ဤပမာဏမှာ ကြောက်စရာ ကောင်းလှ၏။
သာမန်လူတစ်ယောက်အတွက် တစ်နှစ်ဝင်ငွေ ၅ သိန်းရဖို့တောင် မလွယ်ကူချိန်တွင် အကြွေးပြန်ဆပ်ရန် ဤမျှပေးရမည်ဆိုသည်မှာ မလွယ်ကူပေ။ သို့သော် သူပြန်စဉ်းစားကြည့် သည်မှာ သူက စနစ်ရှိနေသဖြင့် တစ်ရက်ကို ယွမ်တစ်သောင်းကျော် ရှာနေနိုင်သူဖြစ်သည်။
ထို့ကြောင့် တစ်လ ၅ သိန်းဆိုသည်မှာ သူ့အတွက်တော့ မခက်ခဲလှပေ။
ဖခင်ဖြစ်သူက ဆက်ပြောသည်။
“အဲ့ဒီအချက်ကို အခြေခံပြီး ငါတို့သာ ဟိုအိမ် ၁၃ လုံးကို ဝယ်လိုက်မယ်ဆိုရင် တစ်လ အိမ်လစာက ၈ သောင်းလောက်ရမယ်။ ဒါပေမဲ့ အိမ်ငှားမတင်ခင်မှာ ဈေးကောင်းရဖို့ ပြန်ပြင်ရဦးမယ်၊ အဲ့ဒီအတွက် ၇ သိန်းကနေ ၉ သိန်းကြား ထပ်ကုန်ဦးမှာပဲ”
“လောလောဆယ် ငါတို့ဆိုင်ရဲ့ အသားတင်အမြတ်က တစ်လကို ၁ သိန်းကနေ ၂ သိန်းကြား ရှိတယ်”
“ဆိုလိုတာက ငါတို့မှာ တစ်လကို ၅ သောင်းကနေ ၂ သိန်းကြား ငွေလိုငွေပြမှု ရှိနေလိမ့်မယ်”
“တကယ်လို့ ဖျက်သိမ်းရေးကို မစောင့်နိုင်ဘဲ အဲ့ဒီအိမ်တွေကို ပြန်ရောင်းရမယ်ဆိုရင်တောင် ဘဏ်တိုးနဲ့ အရောင်းအ ဝယ် အရှုံးတွေပေါင်းလိုက်ရင် ယွမ် ၅ သန်းလောက် ရှုံးသွားနိုင်တယ်”
ကျိုးကျန့်ခန်းက စကားကို အဆုံးသတ်ပြီး ကျိုးထျန်းကို ပြုံးပြလိုက်သည်။
“သား... ဒီအခြေအနေမှာ သားကကော ဘာလုပ်စေချင်လဲ”
ကျိုးထျန်း စိတ်ကို တည်ငြိမ်အောင် ထားလိုက်သည်။ အဖေက သူ့ကို စမ်းသပ်နေခြင်း ဖြစ်သည်။ သို့သော် သူကတော့ ဆုံးဖြတ်ချက် ချပြီးသားဖြစ်သည်။
“အဖေ၊ အမေ... ကျွန်တော် သေချာစဉ်းစားပြီးပါပြီ၊ ဒီတစ် ခါတော့ ကျွန်တော်တို့ အကုန်ပုံအောပြီး စွန့်စားကြည့်ကြရအောင်!”
ဖခင်ဖြစ်သူက ပြုံးရုံသာ ပြုံးပြီး ဘာမှထပ်မပြောတော့ပေ။
"မမျှော်လင့်တာတစ်ခုခု ဖြစ်လာရင်လည်း အဲ့ဒီအကြွေးကို အဖေတို့နဲ့အတူ ကျွန်တော် ပြန်ဆပ်ပါ့မယ်၊ လိုငွေပြတာကို ကျွန်တော့်ကို လွှဲထားလိုက်ပါ၊ ကျွန်တော့်မှာ ငွေရှာဖို့ နည်းလမ်းရှိပါတယ်"
သားဖြစ်သူ၏ ပြတ်သားသော မျက်ဝန်းများကိုမြင်ရသော အခါ ဖခင်ဖြစ်သူက လက်ဖက်ရည်အိုးကိုမကာ သူ့အတွက် တစ်ခွက် ငှဲ့ပေးလိုက်သည်။
"ငါသာ မင်းအရွယ်တုန်းကဆိုရင် ဒီလောက် သတ္တိမျိုး ရှိမှာမဟုတ်ဘူး၊ ကောင်းပြီ... မင်းက အလုပ်ကြီးအလုပ်ကောင်းတွေ လုပ်နိုင်မယ့်ပုံပဲ"
"မင်း ငွေဘယ်လိုရှာလဲဆိုတာ ငါမမေးပါဘူး၊ အဲ့ဒါ မင်းရဲ့ အရည်အချင်းပဲ၊ မင်း ဆုံးဖြတ်ချက် ချပြီးပြီဆိုမှတော့ ငါတို့ မင်းကို ထောက်ခံပေးမှာပေါ့"
ကျိုးထျန်းက အလေးအနက် စဉ်းစားဟန်ဖြင့် မေးစေ့ကို ပွတ်ကာ
"အဖေနဲ့ အမေက ဘဏ်ကိစ္စကို စီစဉ်ပေးပါ၊ ကျွန်တော်ကတော့ အိမ်ခြံမြေအကျိုးဆောင်ဆီသွားပြီး ဟိုအိမ်တွေကို ဘယ်သူမှ သတိမထားမိအောင် လိုက်ဝယ်လိုက်မယ်။ အလုပ်ခွဲလုပ်ကြတာပေါ့"
"ကောင်းပြီ၊ မင်း စီစဉ်ထားတဲ့အတိုင်းပဲ လုပ်ကြတာပေါ့၊ ဒီကမ္ဘာပေါ်မှာ အံ့ဖွယ်အမှုတွေ တကယ်ရှိလားဆိုတာ ငါလည်း မြင်ဖူးချင်ပါသေးတယ်"
ကျိုးထျန်း စိတ်ထဲကနေ ရယ်လိုက်မိသည်။ အံ့ဖွယ်အမှုတွေ ရှိမရှိတော့ မသိဘူး၊ ကျွန်တော့်မှာတော့ စနစ်ရှိတယ်လေ
သူတို့ သုံးယောက်စလုံး စိတ်ပေါ့ပါးသွားကြသည်။ ဆုံးဖြတ် ချက် ချပြီးပြီ ဖြစ်သဖြင့် ဝေခွဲမရဖြစ်နေစရာ မလိုတော့ပေ။
ထမင်းစားနေရင်း တစ်ဝက်ခန့်တွင် ဖခင်ဖြစ်သူက ဝိုင်ခွက်ကို မကာ လျို့မုယန်တို့ မိသားစုထံ သွားရောက် နှုတ်ဆက် ဂုဏ်ပြုရန် အချက်ပြလိုက်သည်။
တစ်ယောက်နှင့် တစ်ယောက် သိနေကြသည်ဖြစ်ရာ နှုတ်မဆက်ဘဲ ပြန်သွားလျှင် မသင့်တော်ပေ။
"ဟေး... သူငယ်ချင်း၊ ရောက်နေတာလား! အတူတူ သောက်ကြရအောင်။"
သူတို့ ရောက်လာသည်ကို မြင်သောအခါ လျို့မုယန်၏ဖခင်က ယဉ်ကျေးစွာ ထရပ်သည်။ မိဘများမှာ လုပ်ငန်းခွင်သုံး အပြုံးများဖြင့် အပြန်အလှန် နှုတ်ဆက်ကြသော်လည်း တကယ်တမ်းတွင်မူ အပေါ်ယံသာ ဖြစ်သည်။
ခေတ္တစကားပြောပြီးနောက် အပြန်အလှန် ဂုဏ်ပြုသောက်ကြကာ ကျိုးထျန်းက ရုတ်တရက် အိုင်ဒီယာတစ်ခုရလာသည်။
"အတန်းခေါင်းဆောင်၊ ဦးလေးနဲ့ အန်တီတို့... အခုလိုဆုံတုန်းလေး ကျွန်တော်တို့ အမှတ်တရ ဓာတ်ပုံရိုက်ကြမလား။ တက္ကသိုလ်ဝင်တန်း စာမေးပွဲဆိုတာ တစ်သက်မှာ တစ်ခါပဲ ရှိတာဆိုတော့ မှတ်မှတ်ရရဖြစ်တာပေါ့။"
"ရတာပေါ့... လာလေ၊ အားလုံး အတူတူရပ်လိုက်ကြ စားပွဲထိုးလေး... ကူညီပေးပါဦး"
စားပွဲထိုးလေး၏ အကူအညီဖြင့် လူ ၆ ယောက်၏ အမှတ်တ ရပုံကို ရိုက်လိုက်ကြသည်။ လေးယောက်က ထိုင်နေကြပြီး ကျိုးထျန်းနှင့် လျို့မုယန်က နောက်တွင် ရပ်နေကြသည်။
ကျိုးထျန်းတို့ မိသားစု သူတို့စားပွဲသို့ ပြန်ရောက်သောအခါ ကျိုးထျန်းသည် WeChat Moments ကို ချက်ချင်းဖွင့်ကာ ထိုဓာတ်ပုံကို တင်လိုက်သည်။ ထို့နောက် အတန်းဖော်များသာ မြင်ရအောင် ရွေးချယ်လိုက်သည်။
"ဟိုင်ယန် နံပါတ် ၁ ရဲ့ အစားအစာတွေက တော်တော်လေး ကောင်းတာပဲ!"
သူသည် အစားအစာအကြောင်း ရေးထားသော်လည်း အစားအစာပုံမပါဘဲ လျို့မုယန်နှင့် မိသားစုချင်း တွေ့ဆုံနေသည့်ပုံကို ရည်ရွယ်ချက်ရှိရှိ တင်လိုက်ခြင်းဖြစ်သည်။
မိနစ်အနည်းငယ်အကြာတွင် ဖုန်းကို ပြန်ကြည့်လိုက်ရာ အတန်း Group Chat မှာ ပွက်လောရိုက်နေတော့သည်။
"ဟာ... သွားပြီ! ကျိုးထျန်းနဲ့ အတန်းခေါင်းဆောင်က ဘာပတ်သက်မှု ရှိနေတာလဲဟ!!"
"စာမေးပွဲ ပြီးပြီးချင်း အတူတူ ထမင်းစားနေကြတာလား"
"မိသားစုနှစ်ခုလုံး အတူတူ စားနေကြတာဆိုတော့ ဒါက လူကြီးချင်း တွေ့ဆုံတာလားဟ"
"ကျိုးထျန်း... မင်း ငါတို့ရဲ့ နတ်သမီးလေးကို ဘယ်လိုတောင် လက်ဖြတ်သွားတာလဲ!!"
"ဒီပုံစံအတိုင်းဆိုရင် မိသားစုချင်း သဘောတူထားတဲ့ ပုံစံမျိုးပဲ"
ကျိုးထျန်းကတော့ သူတို့ရဲ့ စိတ်ဓာတ်ကျနေမှုကို ဂရုမစိုက်အားပေ။ အကြောင်းမှာ သူ့ရှေ့တွင် အချဉ်ဓာတ် သတင်းအချက်အလက် ရာပေါင်းများစွာ ပေါ်လာနေသောကြောင့် ဖြစ်သည်။ ဤသည်မှာ သူမျှော်လင့်ထားသည်ထက် ပိုများနေသည်။
သူတို့သည် Group Chat ထဲတွင် ဆွေးနွေးရင်း ဆွေးနွေးရင်း ပို၍ အချဉ်ပေါက်လာကြရာ ကျိုးထျန်းအတွက် အချဉ်ဓာတ် ရရှိမှုမှာ မရပ်မနား ဖြစ်နေတော့သည်။
ဒါက ဒဏ္ဍာရီထဲက အားအင်မကုန်တဲ့ စက်ပစ္စည်းမျိုးလားပဲ
ထမင်းစားပြီးသည့်တိုင်အောင် အချဉ်ဓာတ်များမှာ ဆက် တိုက်တိုးနေဆဲ ဖြစ်သည်။ ဒီ Post တစ်ခုတည်းကတင် သူ့ကို အချဉ်ဓာတ် ၃၀,၀၀၀ ကျော် ရရှိစေခဲ့သည်။
ယခုအခါ သူ့အချဉ်ဓာတ် လက်ကျန်မှာ ၃၀,၀၀၀ ကျော်သွားပြီ ဖြစ်သည်။