← Chapters

အခန်း (၁-၂)

Vol. 1 Ch. 1-2

အခန်း (၁-၂)

Vol. 1 Ch. 1-2

အပိုင်း(၁) - မူးယစ်နေသော စကားတစ်ခွန်းက နိုင်ငံ၏ ကံကြမ္မာကို တံဆိပ်ခတ်လိုက်ပြီ

“အရှင့်သား ...အရှင့်သား ၊ နိုးလာပြီ”

စူးရှသော ဟစ်အော်သံနှင့်အတူ ၊ ခေါင်းကိုက်ဝေဒနာသည် ပို၍ ပြင်းထန်လာသည်။

ရှောင်ရှန်းသည် သူ့မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။ အရက်နာကျခြင်း၏ နောက်ဆက်တွဲနှင့်အတူ ၊ သူ့ရှေ့က ဇိမ်ခံမြင်ကွင်းကြောင့် ဇဇဝေဇဝါ ဖြစ်ခဲ့ရသည်။

စန္ဒကူးသစ်သားဖြင့် ပြုလုပ်ထားသော ကုတင်၊ ရွှေရောင် သစ်သားတိုင်များ ၊ လေထုထဲတွင် ကျောက်ပုစွန်ရနံ့နှင့် ရောနှောနေသော ဆေးဖက်ဝင်အပင်တို့၏ ရနံ့အနည်းငယ်ကို ရရှိလိုက်သည်။

“ရေ...”

သူသည် ခေါင်းမူးနေဆဲဖြစ်ပြီး အက်ရှသော အသံဖြင့် တောင်းဆိုလိုက်သည်။

“အိုင်ယားး အရှင့်သား ၊ နောက်ဆုံးတော့ နိုးလာပြီပဲ”

သူ၏ ကိုယ်ပိုင်မိန်းမစိုး ဖြစ်သော ရှောင်သယ့်ဇီသည် ကုတင်ဘေးသို့ အပြေးရောက်လာသည်။

ရှောင်သယ့်ဇီ၏ မျက်နှာအမူအရာသည် အတော်လေး ထူးဆန်းနေသည် ။

“အရှင့်သား ၊ သတင်းကောင်းပဲ... ကောင်းကင်လောက်ကြီးမားတဲ့ သတင်းပဲ အရှင်... အရှင့်သားက အခု အိမ်ရှေ့စံ ဖြစ်သွားပြီ”

“ဟမ်”

ရှောင်ရှန်းသည် နားကြားမှားသလားဟုပင် တွေးလိုက်မိသည်။

“အိမ်ရှေ့စံလား... ဘယ်က အိမ်ရှေ့စံလဲ.. ရှောင်သယ့်ဇီ ၊ မင်းလည်း မူးနေတာလား...ငါ့အဖေ... ခမည်းတော်က ငါ့ရဲ့ကံကြမ္မာကို အရင်ကတည်းက ကြိုပြောပြီးသားလေ...ငါ့ဘဝမှာ အကောင်းဆုံးအနေနဲ့ ဘာမှမလုပ်ဘဲ ပျော်ပျော်နေရင်း သေရမယ့် ပျင်းရိမင်းသားလောက်ပဲ ဖြစ်လိမ့်မယ်လို့ ပြောခဲ့တာ မဟုတ်လား”

သူ ရှောင်ရှန်းသည် သာ့ရှားမင်းဆက်၏ မင်းသား(၇) ဖြစ်သည်။ မိခင်ဖြစ်သူသည် အစောကတည်းက ကွယ်လွန်သွားခဲ့ပြီး ၊ သူသည် ငယ်စဉ်ကတည်းက နန်းတော်တွင် အပယ်ခံတစ်ယောက် ဖြစ်ခဲ့၏။

သူ၏ ညီအစ်ကိုများက အာဏာအတွက် ယှဉ်ပြိုင်နေချိန်တွင် ၊ သူသည် ပေါ့ပေါ့တန်တန်နေရင်း အလုပ်ရှုပ်နေခဲ့သည်။ သူ့ဘဝဆောင်ပုဒ်မှာ ရိုးရှင်းသည်။

“ များများလုပ်တာထက် နည်းနည်းလုပ်တာက ပိုကောင်းတယ် ၊ လဲလျောင်းခြင်းက အမြင့်မြတ်ဆုံးအရာပဲ”

ဤအိမ်ရှေ့စံရာထူးသည် သူ့အိပ်မက်ထဲမှာတောင် ထည့်မမက်ရဲသော ရာထူးတစ်ခု ဖြစ်သည်...မဟုတ်ဘူး ၊ စဉ်းစားချင်စိတ်တောင် မရှိချေ။

ရှောင်သယ့်ဇီသည် သူ၏ ဝတ်ရုံထဲမှ အဝါရောင် တောက်တောက် တော်ဝင်အမိန့်တော်ကို ဆွဲထုတ်လိုက်ရင်း။

“အရှင့်သား...ဒါလုံးဝကို သေချာတယ် ၊ မနေ့ညက နန်းတော်ပွဲကြီးမှာ ခင်ဗျား... ခင်ဗျား မူးနေတုန်း ‘ ကမ္ဘာကြီး ငြိမ်းချမ်းဖို့အရေး ၊ တစ်ခုတည်းသော ရွေးချယ်စရာက လက်လျှော့ဖို့ပဲ... လူတိုင်း ပျင်းရိဖို့ လေ့ကျင့်ကြပါစို့ ‘ ဆိုပြီး ပြောခဲ့တာ... အရှင်မင်းကြီးက အရမ်းဝမ်းသာသွားပြီး ချက်ချင်းပဲ ခင်ဗျားကို အိမ်ရှေ့စံအဖြစ် ခန့်အပ်လိုက်တာ “

သူ့စိတ်ထဲတွင် ခဏတာ ဗလာဖြစ်သွားသည်။

အဲ့တုန်းက သူက “ချုံဟွာအရက်” ကို အနည်းငယ် ပိုသောက်မိသွားတယ်...အဲ့နောက် သူ့ရဲ့ “ ပျင်းရိခြင်း ဒဿန” အကြောင်းကို ကြွားလုံးထုတ်ရင်း တစ်ယောက်ယောက်ကို ဆွဲခေါ်သွားပြီး ဒီဒဿနကို တစ်ပြည်လုံး ဖြန့်ဖြူးဖို့တောင် ကြွေးကြော်လိုက်သလိုပဲ ....

ဒါနဲ့ သူ ဆွဲခေါ်သွားတဲ့သူက... သူ့ရဲ့ ဖခမည်းတော် ရှောင်ယွမ်လားလို့.....

“ငါ အရက်တုတွေ သောက်မိတာ ဖြစ်ရမယ် “

ရှောင်ရှန်း တစ်ယောက် အော်ဟစ်လိုက်သည်။ အချိန်ကို နောက်ပြန်လှည့်ကာ အတော်လေး ရဲရင့်လှသော သူ့ကိုယ်သူ ရိုက်သတ်ပစ်ချင်နေမိသည်။

ထိုကဲ့သို့ အဓိပ္ပာယ်မရှိသော စကားများဖြင့် အိမ်ရှေ့စံဖြစ်လာမည့် ကိစ္စကို ထည့်မပြောခင်၊ ရူးကြောင်ကြောင် လုပ်ရပ်များကြောင့် အဖမ်းမခံရသည်မှာ အံ့ဖွယ်အမှုတစ်ခု ဖြစ်နေပြီပင်။

သူ့အဖေကပဲ အသက်ကြီးသွားလို့လား ဒါမှမဟုတ် ဒေါသအထွက်လွန်ပြီး ရူးသွားတာများလား.....

“ အရှင့်သား အခုဆို တစ်မြို့လုံးက အရှင်ဟာ အိမ်ရှေ့စံရာထူး ရသွားတယ်ဆိုတာကို သိပြီးကြပြီ ...နန်းတော်အပြင်ဘက်က အရာရှိတွေနဲ့ မင်းရဲ့ ညီအစ်ကိုတွေဆို မျက်နှာတွေက အိုးအောက်ခြေလိုပဲ မည်းချိတ်နေတာပဲ”

ရှောင်သယ့်ဇီသည် သူ့အသံကို နှိမ့်ချလိုက်သည်။ သူ၏ လေသံသည် ကပ်ဘေးမှ လွတ်မြောက်လာသကဲ့သို့ စိတ်သက်သာရာ ရမှု နှင့် တတ်ကြွမှုများ ရှိနေခဲ့သည်။

သို့သော်လည်း ရှောင်ရှန်းမှာ တစ်ကိုယ်လုံး ချမ်းစိမ့်သွားသည်။

သူသည် မိမိ၏ ညီအစ်ကိုများနှင့် ပတ်သတ်၍ ကောင်းကောင်းကြီး သိထားသည်။ အ‌စ်ကိုအကြီးဆုံးသည် တည်ငြိမ်သော်လည်း အကြံအစည်များသူ ဖြစ်သည်။ မင်းသား(၃) ရှောင်ကျင်းသည် ရက်စက်ကြမ်းကြုတ်ပြီး နောက်လိုက်များစွာ ရှိသည်။ မင်းသား(၅) ရှောင်ယန်သည် ရဲရင့်ပြီး တိုက်ပွဲဝင်စိတ်ဓာတ် ရှိကာ စစ်ရေးကျောထောက်နောက်ခံ ရှိသည်။

သူတို့ထဲတွင် မည်သူကမှ ကိုင်တွယ်ရန် မလွယ်ကူပေ။ မိမိသည် “ပျင်းရိသော မင်းသား” အဖြစ်မှ အိမ်ရှေ့စံ ဖြစ်လာခြင်းသည် ဆူပွက်နေသော ဆီအိုးထဲသို့ ရေအေး တစ်ခွက် လောင်းထည့်လိုက်သလိုပင် ရုန်းရင်းဆန်ခတ် ဖြစ်သွားပေလိမ့်မည်။

ဒါ သူ့ကို အသက်ရှင်လျက် မီးရှို့သတ်နေတာပဲ..

“သွားပြီ၊ အားလုံးသွားပြီ...”

ရှောင်ရှန်းသည် စိတ်ပျက်လက်ပျက်ဖြင့် အိပ်ရာပေါ်သို့ ပြန်လှဲချကာ တိုးတိုးလေး ရေရွတ်လိုက်သည်။

“ငါ့ဘဝရဲ့ ရည်မှန်းချက်က ငါးကင်မဟုတ်ဘဲ ငါးဆားနယ်တစ်ကောင် ဖြစ်ဖို့ပဲ”

သို့သော် အမိန့်တော်သည် ကြေညာပြီးခဲ့ချေပြီ။

ရှောင်ရှန်းအနေဖြင့် မည်မျှပင် ငိုကြွေးပါစေ၊ သူ့ကို အိမ်ရှေ့စံအဖြစ် ခန့်အပ်ခြင်း လုပ်ငန်းစဉ်သည် ချောမွေ့စွာ လည်ပတ်ခဲ့သည်။

သူ့ခမျာ ကြိုးတပ် ရုပ်သေးရုပ်ကဲ့သို့ပင်၊ နန်းတွင်းအစေခံများက သူ့ကို အိမ်ရှေ့စံနှင့် လိုက်ဖက်ညီသော ခမ်းနားထည်ဝါသော ဝတ်ရုံများကို ဝတ်ဆင်ပေးနေကာ လေးလံသော ခရမ်း- ရွှေသရဖူကိုလည်း ဆင်မြန်းပေးနေလေ၏။

သူသည် အမြင့်မြတ်ဆုံးအာဏာကို ကိုယ်စားပြုသော အရှေ့နန်းဆောင်ဆီသို့ တစ်လှမ်းချင်းစီ လျှောက်လှမ်းခဲ့ရလေတော့သည်။

မကြာခင်မှာပင် ၊ အိမ်ရှေ့စံမင်းသားအဖြစ် နန်းတက်ပြီးနောက် ၊ ပထမဆုံး အဖြစ် ကြီးကျယ်ခမ်းနားသော တရားရုံးအစည်းအဝေးကြီး ရောက်ရှိလာလေ၏။

မိုးမလင်းခင်မှာပင်၊ ရှောင်ရှန်းခမျာ အိပ်ရာပေါ်ကနေ ဆွဲထုတ်ခံရကာ အတွင်းခန်းမဆောင်ဆီသို့ ယိုင်နဲ့နဲ့ဖြင့် ချီတတ်ခဲ့ရလေသည်။

သူ ဆုံးဖြတ်ပြီးပြီ...

မငြင်းဆန်နိုင်မှတော့ ၊ ဒါဆို အမြန် သေရုံပဲ....

သူသည် နန်း‌ဆောင်ပေါ်တွင် မိမိ၏ “ပညာမတတ်မှု” နှင့် “မစွမ်းဆောင်န်ိုင်မှု”ကို အပြည့်အဝ ပြသသွားရန် ရည်ရွယ်ထားသည်။ ခမည်းတော်နှင့် အမတ်များအားလုံး၏ ရှေ့မှောက်တွင် သူ ရှောင်ရှန်းသည် အိမ်ရှေ့စံမင်း ဖြစ်ရန် လုံးဝမထိုက်တန်ကြောင်းကို ရှင်းရှင်းလင်းလင်း မြင်စေလိုသည်။

ဖခမည်းတော်၏ ဆုံးဖြတ်ချက်သည် အမိုက်မဲဆုံး ဆုံးဖြတ်ချက်ဖြစ်ကြောင်း သူ၏ လုပ်ရပ်များမှ သက်သေပြရန် စိတ်ကူးထားသည်။

သူ၏ အဓိက ရည်မှန်းချက်မှာ ရာထူးကနေ အမြန်ဆုံး ဖယ်ရှားခံရပြီး သူ၏ လွတ်လပ်မှုကို တစ်ဖန် ပြန်လည်ရရှိရန်သာ။

အတွင်းခန်းမဆောင်ထဲတွင် အရာရှိများသည် တည်ကြည် လေးနက်စွာဖြင့် ရပ်နေကြပြီး ၊ လေထုမှာ ခန်းနားကြီးကျယ်လှသည်။

အသက်အရွယ်ကြီးရင့်သော ဧကရာဇ်မင်း ရှောင်ယွမ်သည် သူ၏ နဂါးပလ္လင်ပေါ်တွင် စံမြန်းလျက် ၊ သူ၏ မျက်နှာပေါ်တွင် ပျော်ရွှင်ခြင်း၊ အမျက် ဒေါသ များ မရှိခြင်းကြောင့် သူ၏ စိတ်သဘောထားကို နားလည်ရန်ခက်ခဲသည်။

ရှောင်ရှန်းသည် လှေကားအောက်ရှိ အိမ်ရှေ့စံမင်းသား၏ သီးသန့်ထိုင်ခုံတွင် ရှိနေကာ အဆင်မပြေ ဖြစ်နေသည်။

“တင်ပြစရာရှိရင် တင်ပြပါ.. မဟုတ်ရင် တရားရုံးကို ရွှေ့ဆိုင်းမယ် “

မိန်းမစိုး၏ စူးရှသော အသံသည် ခန်းမထဲတွင် ပဲ့တင်ထပ်သွားသည်။

ခဏတာ တိတ်ဆိတ်သွားပြီးနောက် ၊ အသက်ကြီးကြီး လူတစ်ယောက်၏ အသံသည် ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။

“ ကျွန်တော် စစ်ဆေးရေး အရာရှိ လီမင်မှာ တင်ပြစရာ ရှိပါတယ်”

ဆံပင်ဖြူဖြူ မုတ်ဆိတ်မွှေးနှင့် ပိန်ပိန်ပါးပါး ကိုယ်လုံးကိုယ်ပေါက်မျိုး ရှိကာ ကြိုးကြာပုံစံ ပန်းထိုးထားသော အရာရှိဝတ်ရုံကို ဝတ်ဆင်ထားသည့် အသက်ကြီးပိုင်းလူတစ်ဦးသည် အရပ်ဘက်အရာရှိ အုပ်စုများထဲမှ ကျောက်စိမ်းပြားတစ်ချပ်ကို ကိုင်ဆောင်ကာ ရှေ့ထွက်လာခဲ့သည်။

သူ့ခြေလှမ်းများက မတည်ငြိမ်သော်လည်း ၊ သို့သော် သူ၏မျက်လုံးများက စူးရှကာ ရှောင်ရှန်းကို တည့်တည့်မတ်မတ် စိုက်ကြည့်နေသည်။

ရှောင်ရှန်း၏ နှလုံးသားသည်ပင် တစ်ချက် ထခုန်သွားသည်။

ရောက်လာပြီ ၊ ပထမဆုံး သားကောင်...

ဤလူကို သူ မှတ်မိသည်။ ၎င်းသည် စစ်ဆေးရေး အရာရှိအဖွဲ့မှ ဖြစ်ပြီး ခေါင်းမာသော လူအိုကြီး အဖြစ် နာမည်ကြီးသည်။ ရန်လိုခြင်း နှင့် တိုက်ခိုက်ရသည်ကို အနှစ်သက်ဆုံး ဖြစ်သည်။

သူ မင်းသားဘဝတုန်းက ဤအဘိုးကြီးသည် သူ့အပေါ်တွင် “မကောင်းသော အပြုအမူ” နှင့် “ရည်မှန်းချက်မရှိခြင်း” ကြောင့် မကြာခဏဆိုသလို ပြစ်တင်ရှုံ့ချဖူးသည်။

အပိုင်း(၂) - မူးယစ်နေသော စကားတစ်ခွန်းက နိုင်ငံ၏ ကံကြမ္မာကို တံဆိပ်ခတ်လိုက်ပြီ

မျှော်လင့်ထားသည့်အတိုင်း လီမင်သည် တုန်ရီစွာဖြင့် ဒူးထောက်ချလိုက်ပြီး ငိုကြွေးပြလေတော့၏။

“အရှင်မင်းကြီး အရှင်မင်းကြီးက မင်းသား(၇)ကို အိမ်ရှေ့စံအဖြစ် ခန့်အပ်လိုက်မှန်း ကြားသိလိုက်ရချိန်မှာ ကျွန်တော်မျိုး အံ့အားသင့်သွားပြီး မြားတစ်ထောင်က ကျွန်တော်ရဲ့ နှလုံးသားကို ထိုးဖောက်သွားသလိုပဲ ခံစားလိုက်ရပါတယ် “

“ ညဘက်တွေမှာလည်း အိပ်မပျော်သလို အစားလည်း မစားနိုင်တော့ဘူး ၊ ကျွန်တော်တို့ သာ့ရှားရဲ့ အုတ်မြစ်ကြီးဟာ ချက်ချင်း ပျက်စီးသွားမှာကို စိုးရိမ်မိပါတယ် “

သူ၏ စကားကြောင့် နန်းတော်တစ်ခုလုံး ချက်ချင်းဆိုသလို တိတ်ဆိတ်သွားသည်။

အရာရှိအများအပြားက လီမင်း၏ ရဲရင့်မှုကို ချီးကျူးရင်း ၊ တိုးတိုးတိတ်တိတ် အံ့သြနေကြသည်။

သူက ဧကရာဇ်မင်းနဲ့ အိမ်ရှေ့စံမင်းသားရဲ့ ရှေ့မှာ တိုက်ရိုက်ဝေဖန်နေတာလေ...

သို့သော် ရှောင်ရှန်းမှာ တိတ်တိတ်လေး ဝမ်းသာနေသည်။

ကောင်းတယ်.. ပိုပြီးတော့ ပြင်းထန်လိုက်ဦး..ငါဟာ နံပါတ်တစ် လူမိုက် ၊ တိုင်းပြည်ကို ပျက်စီးစေမယ့် သားတစ်ယောက်ဆိုပြီး အားရပါးရသာ ချ...

လီမင်သည် သူ့ကို စိတ်ပျက်အောင် မလုပ်ခဲ့ချေ။ မျက်ရည်လေး တဝဲဝဲဖြင့် ခေါင်းမော့လာကာ နာကျင်သော အမူအရာဖြင့် ရှောင်ရှန်းကို လက်ညှိုးထိုးကာ ဆိုလိုက်သည်။

“အရှင်မင်းကြီး၊ မင်းသား(၇) ရှောင်ရှန်းက ငယ်စဉ်ကတည်းက စည်းကမ်းမဲ့သူ တစ်ယောက်ပဲ... ကဗျာနဲ့စာအုပ်တွေကို မကြိုက်သလို ကိုယ်ခံပညာမှာလည်း စိတ်မဝင်စားဘူး... “

“ နေ့ရက်တွေကို ‘ပျင်းရိသူ’ တွေလို ဂုဏ်ယူပြီး အလကားကုန်ဆုံးနေတာ... ဒီလိုလူမျိုးက ဘယ်လိုလုပ်ပြီး နိုင်ငံရဲ့ ကြီးလေးတဲ့တာဝန်ကို ထမ်းဆောင်နိုင်မှာလဲ... အရပ်ဘက်နဲ့ စစ်ဘက်အရာရှိတွေကို ဘယ်လိုလုပ် ဦးဆောင်နိုင်မှာလဲ... ပြည်သူတွေအတွက် ဘယ်လိုလုပ်ပြီး စံပြပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်နိုင်မှာလဲ”

“ ပြီးတော့ မင်းသား(၇)က မသိနားမလည် ၊ ဟာသပြောလိုက် ကစားလိုက်နဲ့.... သူ့ဘဝကို အရေးမပါတဲ့ အရာတွေမှာပဲ အလဟဿ ဖြုန်းတီးနေတယ်ဆိုတဲ့ ကောလာဟလတွေလည်း ပျံ့နှံ့နေတယ်”

“ အခုတော့ သူက မူးယစ်ပြီး ဟာသလုပ်ရုံနဲ့တင် ခုလို အိမ်ရှေ့စံရာထူးကို ရုတ်တရက်ကြီး ရသွားတာဟာ နိုင်ငံနဲ့ ပြည်သူတွေအတွက် ကံဆိုးမှုတစ်ခုပဲ... ဒီလိုဆက်ဖြစ်နေရင် အစိုးရက ဘာဖြစ်သွားမလဲ ... ဥပဒေကရော ဘယ်လိုဖြစ်မသွားလဲ “

“သာရှမင်းဆက်ကြီးဟာ ခုဆို အန္တရာယ်ကြီးထဲ ရောက်နေပြီ... အရှင်မင်းကြီး၊ ပြန်စဉ်းစားပေးပါ...အမိန့်တော်ကို ရုပ်သိမ်းပြီး သီလသမာဓိနဲ့ ပြည့်စုံတဲ့ အုပ်ချုပ်သူတစ်ယောက်ကို ရွေးချယ်ပေးပါ... ဒါမှသာ နိုင်ငံတော်ဟာ ငြိမ်းချမ်းပြီး ပြည်သူတွေရဲ့ နှလုံးသားတွေဟာ တည်ငြိမ်နိုင်မှာပါ”

လီမင် တစ်ယောက် ပြောရင်းပြောရင်း ပို၍ စိတ်လှုပ်ရှားလာကာ တံတွေးများပင် ဖိတ်စင်လျက် ၊ ရှောင်ရှန်း၏ ဝတ်ရုံအနားစွန်းပေါ်ကိုတောင် ကျရောက်လုမတတ်ပင်။

ရှောင်ရှန်းသည် ရယ်ချင်စိတ်ကို အောင့်အင်းထားရင်း “ ငါက အသုံးမကျတဲ့သူလေ ၊ ငါက ဘယ်သူ့ကို ကြောက်ရမှာလဲ” ဆိုသည့် အရှက်မရှိသော မျက်နှာထားမျိုးကို ဖန်တီးထားလေ၏။

သူသည် လိုက်လျောညီထွေဖြစ်အောင် ခေါင်းတညိမ့်ညိမ့် လုပ်ပြနေသော်လည်း ၊ စိတ်ထဲမှာတော့ လီမင်ကို လက်မထောင်ပြနေလေ၏။

“ အကိုကြီး၊ ပြောတာ မှန်လိုက်တာ... ငါက အသုံးမကျတဲ့သူပဲ .... လာ ၊ အရှိန်မြှင့်လိုက်ဦး ဒီစင်ပေါ်ကနေ ကန်ချခံရတဲ့အထိ အားရပါးရ ပြောလိုက်စမ်း “

အတွင်းခန်းမထဲမှ ထီးနန်းစံ ဧကရာဇ်မင်း ရှောင်ယွမ်၏ မျက်နှာထားသည် ဖြူဖျော့နေပြီး မည်သည့်ခံစားချက်မှ မပေါ်လွင်ပေ။

ရှောင်ရှန်း၏ နောက်တွင် ရပ်နေသော မင်းညီမင်းသားများမှာ တချို့က ဝမ်းသာနေကြပြီး တချို့က တင်းမာသော မျက်နှာထားများဖြင့် ရှိနေကြသည်။

အမတ်ချုပ် လင်းပေါ်ရုံမှာဖြင့် မျက်မှောင်ကြုတ်နေသည်။ သူ့အနေဖြင့် ဝင်ရောက် စကားပြောလိုသော်လည်း ဧကရာဇ်မင်းကို လှမ်းကြည့်လိုက်ပြီးနောက် ပြန်လည် ထိန်းချုပ်လိုက်ရပြန်သည်။

ရှောင်ရှန်းကို အိမ်ရှေ့စံအဖြစ် ခန့်အပ်ခြင်းသည် ပေါ့ပျက်ပျက်နိုင်လွန်းသည်ဟု ခံစားမိသော်လည်း သို့သော် လီမင်၏ လူသိရှင်ကြား ငြင်းဆိုချက်သည် ဧကရာဇ်မင်း နှင့် အိမ်ရှေ့စံအပေါ် မလေးစားရာကျပေသည်။

စစ်သူချုပ်ကြီး ချင်းချန်သည် သူနှင့် မသက်ဆိုင်သည့်အတိုင်း ဤအရာအားလုံးကို နှာခေါင်းရှုံ့ကာ ရပ်ကြည့်နေ‌သည်။ သူသည် စာပေပညာရှင်များဖြင့် ရန်ဖြစ်ရသည်ကို မနှစ်သက်ပေ။

တိတ်ဆိတ်နေသော ဧကရာဇ်မင်းကြောင့် လီမင်သည် သူ့ကိုယ်သူ မှန်သည်ဟု ယူဆပြီး ၊ ရှောင်ရှန်းအား လက်ညိုးထိုးကာ သူ၏ အသံကို ပို၍ မြင့်ကာ ပြောဆိုလိုက်

“ ဘုရင်မင်းမြတ် မယုံဘူးဆိုရင် ဒီမှာတင် အိမ်ရှေ့စံမင်းသားကို စစ်ဆေးနိုင်ပါတယ်...ကဗျာ ၊ စကားပြေ၊ စစ်ဗျူဟာ၊ အုပ်ချုပ်မှု ...အရှင့်သားဟာ ဒီထဲကတစ်ခုမှ မတတ်ဘူးလို့ ကျုပ် ပြောရဲတယ်... ဒီလိုလူမျိုးက ဘယ်လိုလုပ်ပြီး အိမ်ရှေ့စံ ဖြစ်နိုင်မှာလဲ “

စိတ်လှုပ်ရှားလွန်းသဖြင့် ခန္ဓာကိုယ်ကို ရှေ့သို့ ကိုင်းလိုက်တိုင်း ၊ တံတွေးများက နေရာအနှံ့ ပျံဝဲနေလေ၏။

ရှောင်ရှန်းတစ်ယောက် ၎င်း၏စကားများကြောင့် အနည်းငယ် စိတ်ညစ်လာသည်။

မူလက သူသည် ဤဇာတ်လမ်းကို ပျော်ပျော်ကြည့်နေသော်လည်း ၊ သို့သော် ဤလူအိုကြီးသည် မိမိကို ပစ်မှတ်ထားတာ မပြီးနိုင်မစီးနိုင် ပြောနေလေ၏။

ပိုပြီးဆိုးတာက သူ့တံတွေးတွေက အရမ်း ရွံဖို့ကောင်းတယ် ...

ရှောင်ရှန်း၏ စိတ်ထဲတွင် ဒေါသမီးတစ်ခု တောက်လောင်လာ၏။ သူ့ကို ဆူပူနေခြင်းကြောင့် မဟုတ်ဘဲ ဤလူအိုကြီးသည် ဆူညံလွန်းသည်။ ထို့အပြင် ညစ်ပတ်လွန်းသည်။

ဒီထက်ပိုပြီး အရေးကြီးတာက ဒါက အခွင့်ကောင်း တစ်ခုပဲလေ....

အဲ့တော့ သူသာ ပြသနာရှာလိုက်ရင် နန်းချခံရပြီပဲ မဟုတ်လား ...

ဂုဏ်သရေရှိလှတဲ့ စစ်ဆေးရေး အရာရှိတစ်ဦးကို လူအများရှေ့မှာ ရိုက်နှက်ရင် ၊ ဒါဆို အပြစ်ကြီးလောက်နိုင်မလား ....

ဖခမည်းတော်က သူ့ကို ကာကွယ်ပေးမယ်ဆိုရင်တောင် ၊ သူ့အမှားတွေကို ဆင်ခြင်သုံးသပ်ဖို့ ရာထူးကနေ ဖြုတ်ချပြီး တော်ဝင်တရားရုံးမှာ ချုပ်နှောင်ထားလောက်မယ်မလား....

ထိုသို့တွေးမိကာ ရှောင်ရှန်း၏ နှုတ်ခမ်းထောင့်တွင် ဆိုးသွမ်းသော အပြုံးတစ်ခု လှစ်ဟသွားသည်။

“ ဖြန်း——!”

တိတ်ဆိတ်ငြိမ်သက်နေသော အတွင်းခန်းမထဲ၌ ရုတ်ချည်းဆိုသလို ပါးရိုက်သံတစ်ချက် ဟိန်းထွက်သွားသည်။

အချိန်များသည် ဤအခိုက်အတန့်တွင် ခေတ္တခဏ ရပ်တန့်သွားဟန် ရသည်။

လူတိုင်း သူတို့၏ မျက်စိရှေ့တွင် ဖြစ်သွားသော မြင်ကွင်းကြောင့် ပါးစပ်အဟောင်းသား ဖြစ်လို့နေလေ၏။

မကြာခင်ကမှ ရာထူးတိုးမြှင့်ခံခဲ့ရသော အိမ်ရှေ့မင်းသားသည် ပထမဦးဆုံးအကြိမ် ကျင်းပသော ညီလာခံကြီးထဲတွင် ၊ မူးမတ်အပေါင်းနှင့် ဧကရာဇ်မင်းမြတ်၏ ရှေ့မှောက်မှာတင်...

‘ဖြောင့်မတ်မှန်ကန်လှပေတယ် ‘ ဟု နာမည်ကြီးသော နန်းတွင်းအကြံပေး အရာရှိ လီမင်ကို ပါးရိုက်လိုက်သတဲ့လား ....

မဟုတ်သေးဘူး၊ လီမင်ကို ရိုက်လိုက်တာမဟုတ်ဘဲ လီမင်ရဲ့ အရာရှိဆောင်းဦးထုပ် ကို ရိုက်ထုတ်လိုက်တာပဲ ...

အရာရှိတစ်ယောက်၏ ဂုဏ်သိက္ခာနှင့် အဆင့်အတန်းကို ကိုယ်စားပြုသော အရာရှိဦးထုပ်သည် ရှောင်ရှန်း၏ ရိုက်ချက်ကြောင့် လေထဲတွင် ဝဲပျံသွားပြီး ၊ နံရံကပ်မှန်သားပြင်ကဲ့သို့ ပြောင်လက်နေသော ရွှေရောင် အုတ်ကြမ်းပြင်ပေါ်သို့ “ဘုန်း” ခနဲ ပြုတ်ကျသွားသည်။

ဦးထုပ်၏ အတွင်းသားထဲမှ ပေါ့ပါးသော ပစ္စည်းအချို့ လွင့်ထွက်လာသလို၊ သေသေသပ်သပ် ခေါက်ထားသော စာအိတ်တစ်အိတ်လည်း ပြုတ်ကျလာခဲ့သည်။

ထိုလွင့်ထွက်လာသော အရာများမှာ တန်ဖိုးမနည်းသော ငွေစက္ကူများ ဖြစ်နေခြင်းပင် ။

ထို့အပြင် စာအိတ်ပေါ်တွင် မည်သည့်စာသားမှ ရေးမထားသဖြင့် ၊ ရိုးရိုးတန်းတန်း စာတစ်စောင် မဟုတ်တာတော့ သေချာသည်။

လီမင်လည်း ပါးရိုက်ခံလိုက်ရသောကြောင့် ဆွံ့အသွား၏။ ပူထူနေသော သူ့ပါးပြင်ကို လက်ဖြင့်အုပ်ကိုင်ရင်း ကြမ်းပြင်ပေါ်က ဦးထုပ်၊ ငွေစက္ကူနှင့် လျှို့ဝှက်စာတို့ကို ငေးကြည့်နေမိသည်။

နာကျင်မှုကိုလည်း မေ့သွားသလို၊ စောစောက စိတ်အားထက်သန်စွာ ပြောဆိုနေခဲ့သော စကားလုံးများပင် ပျောက်ဆုံးသွားကာ ကြောင်တောင်တောင် ရပ်နေမိ၏ ။ သူ့မျက်နှာသည် နီမြန်းရာမှ ဖြူဖျော့သွားပြီး၊ တစ်ဖန် ပြာနှမ်းသွားသည်။

ရှောင်ရှန်းကိုယ်တိုင်လည်း ကြောင်တောင်တောင် ဖြစ်လို့နေ၏။

သူ့လက်သူပြန်ကြည့်လိုက်၊ ကြမ်းပြင်ပေါ်က ဦးထုပ်နှင့် မရှိသင့်မရှိထိုက်သောအရာများကို ပြန်ကြည့်လိုက်ဖြင့် ဦးနှောက်လည်း လိုက်မမီနိုင်တော့ပေ။

ငါက ဘယ်တုန်းက ဦးထုပ်ကို အဝေးထိလွင့်ထွက်အောင် ရိုက်ထုတ်နိုင်တဲ့ ဆရာကြီး ဖြစ်သွားတာတုန်း...

ဒါနဲ့... ဒီအရာရှိဦးထုပ်ထဲမှာ ဘာလို့ ဒီပစ္စည်းတွေ ရှိနေရတာလဲ.. ငွေစက္ကူတွေနဲ့ လျှို့ဝှက်စာတွေလား..

ဒီအဘိုးကြီးက ကြည့်ရင်တော့ လူကောင်းလိုလိုနဲ့၊ ဒီလိုကိစ္စမျိုးတွေ လုပ်ထားလိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ..

အယ်..ခု ဇာတ်လမ်းက တစ်မျိုးကြီး ဖြစ်သွားပြီဟ။

ငါက အမတ်ကို ရိုက်နှက်တဲ့အမှုနဲ့ အပြစ်ပေးခံရမှာ မဟုတ်ဘူးလား အခုတော့... တစ်စုံတစ်ယောက်ရဲ့ ကြီးမားတဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်မိလိုက်သလို ဖြစ်သွားပြီလား..

သူသည် ပလ္လင်ပေါ်တွင် စံမြန်းနေသော ခမည်းတော်ကို မသိမသာ လှမ်းကြည့်လိုက်၏။

ဧကရာဇ် ရှောင်ယွမ်၏ တည်ငြိမ်သော မျက်နှာထက်တွင် ကျဉ်းမြောင်းကာ မှေးစင်းနေသော မျက်ဝန်းများသည် ဤအခိုက်တွင် သိမ်းငှက်တစ်ကောင်လို ထက်မြက်သော တောက်ပမှုမျိုးဖြင့် ဖျတ်ခနဲ ဝင်းလက်သွားသည်ကို မြင်လိုက်ရသည်။

နန်းဆောင် တစ်ခုလုံး အပ်ကျသံကြားရလောက်အောင်ပင် တိတ်ဆိတ်သွားခဲ့သည်။

လူတိုင်း၏အကြည့်များက ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသော ငွေစက္ကူများနှင့် လျှို့ဝှက်စာအိတ်ပေါ်တွင် စုပြုံကျရောက်နေ၏။

ညီလာခံအတွင်း မမြင်နိုင်သော လှိုင်းတံပိုးများက ပြင်းထန်စွာ ရိုက်ခတ်လာပေတော့သည်။

ရှောင်ရှန်း၏ရင်ထဲတွင် “ဒိန်း” ခနဲ ဖြစ်သွားပြီး မကောင်းသော အငွေ့အသက်တစ်ခုကို ခံစားလိုက်ရသည်။

သူ... နောက်တစ်ကြိမ် ထပ်ပြီး ကိစ္စတွေကို ဖျက်ဆီးမိပြန်ပြီ။

မဟုတ်သေးပါဘူး၊ ကိစ္စတွေကို ပိုပြီးရှုပ်ထွေးအောင် လုပ်မိလိုက်တာ၊ “ရာထုူးကနေ ဖယ်ရှားခံရမယ့်” လမ်းကြောင်းနဲ့ ပိုပြီး ဝေးကွာသွားအောင် လုပ်မိလိုက်တာပဲ..

All Chapters