← Chapters

အခန်း (၃-၄)

Vol. 1 Ch. 3-4

အခန်း (၃-၄)

Vol. 1 Ch. 3-4

အခန်း (၃) - ခမည်းတော်က ပညာရှိပါပေတယ်

သူသည် မနားတမ်းပေါက်ပေါက်ဖောက်နေသော လူအိုကြီးကို “သေးငယ်တဲ့” သင်ခန်းစာတစ်ခု ပေးချင်ရုံမျှသာ။ သူ့ကို ပါးစပ်ပိတ်သွားစေမည့်အပြင် သူ့ကိုယ်သူ “ညီလာခံတွင် ရိုင်းစိုင်းမှု၊ အရာရှိကို ကိုယ်ထိလက်ရောက် ကျူးလွန်မှု” စသော အပြစ်တစ်ခု ဖန်တီးချင်ရုံသာ ဖြစ်သည်။

ဒါပေမဲ့ ဒီအဖိုးကြီးရဲ့ ဦးထုပ်က ဒီလောက်အထိ မခိုင်ခံ့ဘူးလို့ ဘယ်သူက သိမှာလဲ..

ရှောင်ရှန်း၏ စိတ်ထဲရှိ “သေကြောင်းကြံစည်မှု အောင်မြင်တော့မယ်” ဆိုသည့် ဝမ်းသာမှုလေးသည် “ ပုဆိန်ပေါက်သလို ဖြစ်သွားပြီ” ဆိုသည့် ထိတ်လန့်မှုက အစားထိုးဝင်ရောက်လာလေ၏။

ပါးတစ်ချက် ရိုက်လိုက်ရုံနဲ့ ခုလိုအံ့ဩစရာ ကိစ္စကြီးတစ်ခုကို ဖော်ထုတ်လိုက်နိုငိသတဲ့လား ..

ဒီတစ်ခါတော့ အိမ်ရှေ့စံအရာကနေ အဖြုတ်ခံရဖို့က ပိုပြီး ခက်ခဲသွားပြီ..

“ခမည်းတော်… သားတော်…”

ရှောင်ရှန်းသည် သူလက်ချော်သွားခြင်းဖြစ်ကြောင်း၊ သို့မဟုတ် ထိုအဖိုးကြီးသည် သူ့အပေါ်ကို တမင်တကာ စွပ်စွဲနေခြင်းဖြစ်ကြောင်း ဆင်ခြေပေးရန် ပြင်လိုက်သည်။

သို့သော် နဂါးပလ္လင်ပေါ်ရှိ ဧကရာဇ် ရှောင်ယွမ်၏ အကြည့်တို့သည် မြေပြင်ပေါ်ရှိ ငွေစက္ကူများနှင့် လျှို့ဝှက်စာစောင်ထံသို့ စူးစိုက်ကျရောက်နေသည်။

လာစမ်း”

နန်းတွင်းအစောင့်နှစ်ဦး သည် ချက်ချင်း ရှေ့သို့တက်လာကာ မြေပြင်ပေါ်ရှိ ငွေစက္ကူများနှင့် စာကို ကောက်ယူပြီး ရိုသေစွာ ဆက်သလိုက်ကြသည်။

ဧကရာဇ် ရှောင်ယွမ်သည် ထိုစာကို ယူကာ ဖတ်ကြည့်လိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ၊ ခန်းမဆောင် တစ်ခုလုံး၏ အပူချိန်မှာ အေးစက်သွားသည်။

မူလက တည်ငြိမ်နေသော ဧကရာဇ်၏ မျက်နှာသည် ချက်ချင်း ပြာနှမ်းသွားသည်။ အေးစက်ပြီး သတ်ဖြတ်လိုသော အငွေ့အသက်များက သူ၏ အိုမင်းနေသော ခန္ဓာကိုယ်မှ ပျံ့နှံ့ထွက်ပေါ်လာသဖြင့် အရာရှိများမှာ ကြောက်လန့်တကြား ငြိမ်သက်သွားကြလေ၏။

“ကောင်းတယ်၊ အရမ်းကောင်းတယ်”

ဧကရာဇ် ရှောင်ယွမ်သည် ဒေါသထွက်ထွက်ဖြင့် ရယ်မောလိုက်သော်လည်း လေသံမှာ အရိုးထဲအထိ အေးစက်နေသည်။ သူသည် ထိုစာကို မြေပြင်ပေါ်တွင် ဒူးထောက်နေသော လီမြောင်ထံသို့ အားကုန် ပစ်ပေါက်လိုက်သည်။

“ ချစ်ရတဲ့အမတ်မင်း လီ၊ ငါကိုယ်တော်မြတ်ရဲ့ အရာရှိကောင်းကြီး၊ ဒါတွေက ဘာလဲဆိုတာ ငါ့ကို သေချာလေး ရှင်းပြစမ်းပါဦး”

လီမြောင်မှာ တစ်ကိုယ်လုံး တုန်ယင်သွားပြီး သူ့မျက်စိရှေ့က စာနှင့် ပြန့်ကျဲနေသော ငွေစက္ကူများကို ကြည့်ရင်း၊ မျက်နှာမှာ သွေးမရှိတော့သည့်အတိုင်း ပြာနှမ်းသွား၏။

သူတော့ သွားပြီ...

ဒီလောက်အထိ သေချာ လျှို့ဝှက်ထားတဲ့အရာကို အိမ်ရှေ့စံမင်းသားက ဒီလို ထူးဆန်းတဲ့နည်းလမ်းနဲ့ လူပုံအလယ်မှာ ဖော်ထုတ်လိုက်လိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ...

ထိုစာထဲတွင် သူသည် ရန်သူ ပေမန်ပြည်နှင့် တိတ်တဆိတ် ပူးပေါင်းကာ စစ်ရေးလျှို့ဝှက်ချက်များကို ပေါက်ကြားစေပြီး ငွေကြေးရယူခဲ့သည့် သက်သေအထောက်အထားများ အပြည့်အစုံ ပါဝင်နေသည်။ ထိုငွေစက္ကူများမှာလည်း ပေမန်နိုင်ငံမှ ပေးအပ်ထားသည့် ပထမဆုံး “အဖိုးအခ” ပင် ဖြစ်သည်။

ဘယ်သူမှ မသိနိုင်ဘူးလို့ ထင်ခဲ့ပေမဲ့လည်း …

“ဧ… ဧကရာဇ်မင်း… ကျွန်တော်မျိုး… ကျွန်တော်မျိုး…”

လီမြောင်၏ နှုတ်ခမ်းများမှာ တုန်ယင်နေကာ စကားပင်မထွက်တော့ချေ။ ချွေးများမှာ မိုးရေအလား စီးကျလာပြီး ဝတ်စုံသည်ပင် စိုရွှဲနေလေ၏။

“ဖတ်စမ်း” ဧကရာဇ် ရှောင်ယွမ်၏ အသံမှာ အလွန် အေးစက်နေသည်။

နန်းတွင်းအရာရှိတစ်ဦးက တုန်တုန်ရင်ရင်ဖြင့် ထိုစာကို ကောက်ယူကာ ကျယ်လောင်စွာ ဖတ်ပြလေတော့သည်။

စာ၏ အကြောင်းအရာမှာ မရှည်လျားသော်လည်း စကားလုံးတိုင်းမှာ ညီလာခံရှိ လူတိုင်း၏ နှလုံးသားကို တူနှင့် ထုလိုက်သည့်အလား ခံစားရစေသည်။

ရန်သူနှင့် ပူးပေါင်း၍ နိုင်ငံတော်ကို သစ္စာဖောက်ခြင်း၊ လာဘ်ပေးလာဘ်ယူ ပြုလုပ်ခြင်း....

မည်သည့်တစ်ခုမဆို ဆွေခုနစ်ဆက် မျိုးခုနစ်ဆက် အသတ်ခံရမည့် ကြီးလေးသော အပြစ်များပင် ဖြစ်သည်။

စာဖတ်သံ ဆုံးသွားသည်နှင့် ခန်းမတစ်ခုလုံး ဆူညံသွားလေတော့သည်။

“ဘုရားရေ.. လီအရာရှိက… သူက သူလျှိုဖြစ်နေတာလား”

“ပုံမှန်ဆိုရင်တော့ ဖြောင့်မတ်မှုကို ဆုပ်ကိုင်ထားတဲ့ လူတစ်ယောက်လိုပဲ၊ ဒီလောက်အထိ ယုတ်မာလိမ့်မယ်လို့ မထင်ထားဘူး”

“လူတစ်ယောက်ရဲ့ မျက်နှာကိုသာ မြင်ရပေမဲ့ စိတ်ကိုတော့ မသိနိုင်ပါလား”

မရေမတွက်နိုင်သော ထိတ်လန့်မှု၊ ဒေါသ၊ မုန်းတီးမှု အကြည့်တို့သည် လီမြောင်ထံသို့ တပြိုင်နက်တည်း ကျရောက်သွားသည်။

လီမြောင်မှာ နောက်ဆုံးတွင် မခံနိုင်တော့ဘဲ မြေပြင်ပေါ်တွင် ပုံကျသွားလေတော့သည်။

“ဧကရာဇ်မင်းမြတ် အသက်ချမ်းသာပေးပါ.. အသက်ချမ်းသာပေးပါ ၊ ကျွန်တော်မျိုး… ကျွန်တော်မျိုး ခဏတာ ဝေခွဲမရဖြစ်သွားလို့ပါ၊ သေထိုက်ပါတယ် ဘုရား ဧကရာဇ်မင်းမြတ်အနေနဲ့ ကျွန်တော်မျိုးရဲ့ အရင်က လုပ်ဆောင်ချက်လေးတွေကို ထောက်ထားပြီး မိသားစုဝင်တွေကိုတော့ ချမ်းသာပေးပါ…”

သူသည် စိတ်မနှံ့သူ တစ်ယောက်ကဲ့သို့ ငိုကြွေးတောင်းပန်နေပြီး ၊ အရင်ကကဲ့သို့ ခန့်ညားသော အသွင်အပြင် မရှိတော့ဘဲ ခွေးတစ်ကောင်လို သနားစရာ ကောင်းနေခဲ့သည်။

ရှောင်ရှန်းမှာ ဘေးတွင် ကြောင်တောင်တောင်ဖြင့် ရပ်နေမိသည်။

ဤဇာတ်လမ်းသည် သူအရက်မူးပြီး ပြောခဲ့သော စကားများထက်တောင် ပိုပြီး ဆန်းကြယ်နေသေးသည်။

သူက အသုံးမကျတဲ့လူ တစ်ယောက်အဖြစ် နေချင်ရုံတင်ပါ၊ ဘယ်လိုလုပ်ပြီး အဂတိတိုက်ဖျက်ရေး သူရဲကောင်း ဖြစ်သွားရတာလဲ...

ရှောင်ရှန်း၏ စိတ်ထဲ၌ ရှုပ်ထွေးနေစဉ်မှာပင်၊ နဂါးပလ္လင်ပေါ်ရှိ ဧကရာဇ် ရှောင်ယွမ်၏ မျက်နှာပေါ်ရှိ ဒေါသများသည် နွေဦးရာသီ နှင်းများ အရည်ပျော်သွားသည့်အလား ပျောက်ကွယ်သွားကာ ၊

ယင်းအစား ဝင်ရောက်လာသည်မှာ ပြောမပြတတ်သော… ကျေနပ်မှုလား။

မဟုတ်ဘူး၊ ကျေနပ်မှု မဟုတ်ဘဲ အံ့ဩမှု၊ စူးစမ်းလိုစိတ် အနည်းငယ် ပါဝင်နေပြီး နောက်ဆုံးတွင် “တကယ်ပဲ ငါထင်တဲ့အတိုင်းပဲ” ဆိုသည့် ရှုပ်ထွေးသော အပြုံးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ဧကရာဇ် ရှောင်ယွမ်သည် နဂါးပလ္လင်၏ လက်တန်းကို ဖြန်းခနဲ ပုတ်လိုက်ပြီး ဝမ်းသာအားရ မိန့်ကြားလိုက်သည်။

“ကောင်းတယ် ၊ အရမ်းကောင်းတယ်... ဟားဟားဟား”

ဧကရာဇ် ရှောင်ယွမ်သည် အားပါးတရ ရယ်မောလိုက်ပြီး ။

“ငါကိုယ်တော်မြတ်ရဲ့ အိမ်ရှေ့စံကောင်းလေး တကယ်ကို ငါ့ရဲ့ သားတော်ကောင်းလေးပဲ”

ကြောင်အမ်းစွာဖြင့် ရှိနေသော ရှောင်ရှန်းကို ညွှန်ပြကာ ကျယ်လောင်စွာ ချီးကျူးလိုက်သည်။

“အိမ်ရှေ့စံက အမြင်စူးရှလှတယ်၊ ဒီလို လူယုတ်မာရဲ့ ဟန်ဆောင်မှုကို တစ်ချက်တည်းနဲ့ မြင်နိုင်တယ် သာမန်နည်းလမ်းတွေနဲ့ဆိုရင် ဒီမြေခွေးအိုကြီးရဲ့ အမြီးကို ဘယ်လိုလုပ် ထွက်လာအောင် လုပ်နိုင်ပါ့မလဲ... မိုးကြိုးပစ်သလို ပြင်းထန်တဲ့ တိုက်ခိုက်မှုမျိုးနဲ့မှ အိမ်ရှေ့စံရဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်တာပဲ ‘ရုပ်ပိုင်းဆိုင်ရာ စကားစစ်ထိုးခြင်း’ က အရမ်းကောင်းတယ်၊ ပါးတစ်ချက်တည်း ရိုက်ရုံနဲ့တင် ငါတို့ သာ့ရှားမင်းဆက်ရဲ့ ပိုးမွှားကို ရိုက်ထုတ်နိုင်တယ်၊ နိုင်ငံတော်ရဲ့ သစ္စာဖောက်ကို ဖော်ထုတ်လိုက်တာ အိမ်ရှေ့စံက တကယ်ကို သူရဲကောင်းပဲ ၊ အိမ်ရှေ့စံက ဉာဏ်ပညာကြီးမားပါပေတယ်”

ဖူး——

ရှောင်ရှန်းတစ်ယောက် သွေးအန်မတတ် ခံစားလိုက်ရသည်။

‘ခမည်းတော်၊ ခမည်းတော် မျက်စိများ မကောင်းတာလား ဒါမှမဟုတ် စောစောက ဒေါသကြောင့် ဦးနှောက်များ ချို့ယွင်းသွားတာလား...’

‘ငါက အမြင်စူးရှတယ်ပေါ့ ၊ ငါက သူ့ကို ကြည့်မရလို့ ထိုးချင်နေတာလေ..’

‘ငါက ပြင်းထန်တဲ့ နည်းလမ်းကို သုံးတတ်တယ်တဲ့လား၊ ငါက လက်ချော်သွားတာလေ‌ကွယ်..

အမှတ်မထင် ဖြစ်သွားတာပါဆို’

“ခမည်းတော် သားတော်… သားတော်က အဲဒီလို မဟုတ်ပါဘူး၊ အဲဒီလို မပြောပါနဲ့”

ရှောင်ရှန်းသည် အလန့်တကြား ငြင်းဆိုကာ လက်ခါပြနေလေ၏။

“သားတော်က… သားတော်က သူ တံတွေးတွေ လာလာ စင်နေလို့၊ နည်းနည်း သတိထားဖို့ လုပ်လိုက်တာပါ…”

အခန်း (၄)- ခမည်းတော်က ပညာရှိပါပေတယ်

ဤဆင်ခြေကို သူကိုယ်တိုင် နားထောင်ရင်တောင်မှ အတော်လေး ထူးဆန်းနေပေသည်။

ထင်ထားသလိုပင်၊ ဧကရာဇ် ရှောင်ယွမ်သည် သူ၏ ငြင်းဆိုမှုကို လုံးဝ မကြားသည့်အလား ပို၍ပင် အားပါးတရ ရယ်မောလိုက်သည်။

“ဟားဟားဟား၊ အိမ်ရှေ့စံ နှိမ့်ချနေစရာ မလိုပါဘူး ဒီလောက် ကြီးမားတဲ့ အောင်မြင်မှုကို ‘သတိထားဖို့’ ဆိုတဲ့ စကားလေးနဲ့ ဘယ်လိုလုပ် ဖုံးကွယ်လို့ ရမှာလဲ ၊ အမတ်မင်းတို့ အားလုံး မြင်ကြတယ် မဟုတ်လား ဒါက ငါကိုယ်တော်မြတ် ရွေးချယ်ထားတဲ့ အိမ်ရှေ့စံပဲ ၊ ဒီလို သစ္စာရှိသူနဲ့ သစ္စာဖောက်ကို ခွဲခြားနိုင်စွမ်းရှိပြီး ပြတ်သားတဲ့ အိမ်ရှေ့စံရှိနေမှတော့ ငါတို့ သာ့ရှားမင်းဆက် မတိုးတက်မှာကို ဘာစိုးရိမ်စရာ ရှိတော့မလဲ”

ညီလာခံရှိ အရာရှိအပေါင်းတို့မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ စကားမဲ့နေကြသည်။

အမတ်ချုပ် လင်းပေါ်ရုံ၏ အရေးအကြောင်းများဖြင့် ပြည့်နှက်နေသော မျက်နှာမှာလည်း ရှုပ်ထွေးနေသည်။ သူသည် မြေပြင်ပေါ်ရှိ ခွေးသေတစ်ကောင်ကဲ့သို့ ဖြစ်နေသော လီမြောင်ကို ကြည့်လိုက်၊ “ငါဘယ်သူလဲ၊ ငါဘယ်ရောက်နေတာလဲ၊ ငါဘာလုပ်လိုက်တာလဲ” ဆိုသည့် မျက်နှာထားဖြင့် ကြောင်တောင်တောင် ရပ်နေသော အိမ်ရှေ့စံ ရှောင်ရှန်းကို ကြည့်လိုက်နှင့် စိတ်ထဲတွင် ကမောက်ကမဖြစ်နေသည်။

‘ဒါဆိုရင်… ဒီမင်းသား(၇)က တကယ်ပဲ သူ့ရဲ့ အရည်အချင်းတွေကို ဖုံးကွယ်ထားတာလား ၊ သူပြောခဲ့တဲ့ ‘လောကကြီး အေးချမ်းဖို့ အပျင်းထူရမယ်’ ဆိုတာက တစ်ခုခုကို ဆိုလိုတာလား၊ ငါ့ရဲ့ အဆင့်အတန်းက မမီလို့ နားမလည်တာလား’

‘သူ့ရဲ့ ဒီပါးရိုက်ချက်က ရိုင်းစိုင်းပုံရပေမဲ့ တကယ်တော့… နက်နဲတဲ့ ဉာဏ်ပညာကြီးမားမှုတွေ ပါဝင်နေတာလား’

အမတ်ချုပ် လင်းပေါ်ရုံမှာ တွေးလေလေ ထိုအရာမှာ ဖြစ်နိုင်ခြေရှိလေလေဟု ထင်လာကာ ၊ ရှောင်ရှန်းကို ကြည့်သော သူ့အကြည့်မှာ မသိမသာ အကဲခတ်သည့် ပုံစံအဖြစ် ပြောင်းလဲသွားသည်။

ရှောင်ရှန်း၏ နောက်တွင် ရပ်နေကြသော အခြားမင်းသားများ၏ မျက်နှာမှာ မှုန်ကုတ်နေလေ၏။

မင်းသား(၃) ရှောင်ကျင်း၏ အေးစက်သော မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော အကြည့်များ ဖြတ်ပြေးသွား၏။ သူသည် ရှောင်ရှန်း၏ နောက်ကျောကို စူးစိုက်ကြည့်နေခဲ့သည်။ ဤမင်းသား(၇)သည် လူရွှင်တော် တစ်ယောက်သာ ဖြစ်မည်ဟု သူ ထင်ထားခဲ့သော်လည်း ၊ မထင်မှတ်ဘဲ ယခုလို အောင်မြင်မှုကြီးကို ရရှိသွားခဲ့သည်။

ဒီကံတရားက အတော်လေးကို ကောင်းလွန်းနေတာပဲ...

မင်းသား(၅) ရှောင်ယန်မှာ မျက်မှောင်ကြုတ်နေပြီး လက်သီးကို တင်းတင်းဆုပ်ထားသည်။ သူသည် သူ့ကိုယ်သူ သတ္တိရှိသူ တစ်ယောက်ဟု ယူဆထားသော်လည်း ဤကဲ့သို့ နည်းလမ်းမျိုးဖြင့် သစ္စာဖောက်ကို ဖော်ထုတ်နိုင်လိမ့်မည်ဟု မစဉ်းစားမိခဲ့ပေ။

ဒီမင်းသား(၇)က အတာလား၊ ဒါမှမဟုတ် ဟန်ဆောင်နေတာလား..

သူတို့နှစ်ဦးသည် အချင်းချင်း ကြည့်လိုက်ကြသည်။ တစ်ယောက်နှင့် တစ်ယောက်၏ မျက်လုံးထဲတွင် ရှိနေသော စိုးရိမ်ပူပန်စိတ်နှင့် သတ်ဖြတ်လိုစိတ်တို့ကို အတိုင်းသားမြင်နေရသည်။ ရုတ်တရက် ပေါ်ထွက်လာသော ဤအိမ်ရှေ့စံသည် သူတို့၏ အိမ်ရှေ့စံပြိုင်ပွဲတွင် လျစ်လျူရှု၍မရသော ပြိုင်ဘက်တစ်ခု ဖြစ်လာခဲ့ချေပြီ ။

“ငါကိုယ်တော်မြတ်ရဲ့ အမိန့်ကို နားထောင်စမ်း”

ဧကရာဇ် ရှောင်ယွမ်၏ အသံ ထပ်မံထွက်ပေါ်လာသည်။

“လီမြောင်ဟာ ရန်သူနဲ့ ပူးပေါင်းပြီး နိုင်ငံတော်ကို သစ္စာဖောက်ခဲ့တယ်၊ သက်သေခိုင်လုံတဲ့အတွက် ချက်ချင်း အကျဉ်းထောင်သို့ ပို့ဆောင်စေ ...ဌာနသုံးခုပေါင်းပြီး သူ့ကို စစ်ဆေး ၊ သူ့ရဲ့ ပိုင်ဆိုင်မှုအားလုံးကို သိမ်းဆည်းပြီး ဆွေခုနစ်ဆက်အတွင်းရှိ အမျိုးသားအားလုံးကို ကွပ်မျက်ပြီး အမျိုးသမီးတွေကို ကျွန်အဖြစ် ရောင်းချစေ”

“ဧကရာဇ်မင်းမြတ် ဉာဏ်ပညာရှိပါပေတယ်”

အမတ်များ အားလုံး က ဟစ်ကြွေးလိုက်ကြသည်။

လီမြောင်သည် ထိုဆုံးဖြတ်ချက်ကို ကြားလိုက်ရသည်နှင့် မျက်လုံးပြူးသွားကာ နေရာမှာတင် သတိလစ်သွားလေတော့သည်။

လီမြောင်ကို စီရင်ပြီးနောက် ဧကရာဇ် ရှောင်ယွမ်၏ အကြည့်သည် ရှောင်ရှန်းထံသို့ ပြန်လည်ကျရောက်လာကာ နွေးထွေးကြင်နာစွာဖြင့် ပြုံးလျက် ဆိုလိုက်၏။

“အိမ်ရှေ့စံက အခုတစ်ကြိမ်မှာ တိုင်းပြည်အတွက် အောင်မြင်မှုကြီးကို ရယူပေးနိုင်ခဲ့တယ်၊ အဲ့တော့ ဆုချရမယ်.. လူတွေ လာစမ်း၊ အိမ်ရှေ့စံကို ရွှေအသပြာ တစ်ထောင်၊ အရှေ့ပင်လယ်က ပုလဲလုံးတစ်ရာ၊ အဆင့်မြင့် ကျောက်စိမ်းဆယ်စုံ ဆုချစေ ပြီးတော့ ငါကိုယ်တော်မြတ် ကိုယ်တိုင် ရေးထိုးထားတဲ့ ‘သစ္စာစောင့်သိမှုနှင့် သစ္စာဖောက်ကို ခွဲခြားသိနိုင်သူ’ ဆိုတဲ့ ကမ္မည်းပြားကိုလည်း ချက်ချင်း အရှေ့နန်းဆောင်ကို ပို့ပြီး အမြင့်ဆုံးမှာ ချိတ်ဆွဲထားစေ”

“ကျေး… ကျေးဇူးတင်ပါတယ် ခမည်းတော်…”

ရှောင်ရှန်း၏ နှုတ်ခမ်းများမှာ တုန်ယင်နေကာ ဤစကားလုံးများကို အားတင်း၍ ပြောလိုက်ရရှာသည်။

ရွှေသား၊ ပုလဲလုံး ၊ အဆင့်မြင့် ကျောက်စိမ်းဆယ်စုံ ...

'သူက ဒါတွေယူပြီး ဘာလုပ်ရမှာလဲ.. သူလိုချင်တာက အဖြုတ်ခံချင်တာလေ’

ထို “သစ္စာစောင့်သိမှုနှင့် သစ္စာဖောက်ကို ခွဲခြားသိနိုင်သူ” ဆိုသည့် ကမ္မည်းပြားဘုတ်ကြီးမှာ ကိုယ့်ပါးကိုယ် ပြန်ရိုက်လိုက်သည့် လက်သီးတစ်ချက်လိုပင်။သူ၏ “စောစောစီးစီး အဖြုတ်ခံရရေး” ဆိုသည့် ကြီးကျယ်သော အိပ်မက်ကို လှောင်ပြောင်နေသည့်အလား ခံစားလိုက်ရသည်။

လေးလံသော ဆုလာဘ်များကို ပွေ့ပိုက်ရင်း ရှောင်ရှန်းမှာ ငိုချင်သော်လည်း မျက်ရည်မထွက်နိုင်ပေ။

ဒုက္ခနှင့် ချုပ်နှောင်မှုကို ကိုယ်စားပြုသော အိမ်ရှေ့စံသရဖူသည် သူ့ခေါင်းပေါ်တွင် ပို၍ ခိုင်မြဲသွားသလိုပင်။

သူ့ရဲ့ လွတ်လပ်ပေါ့ပါးတဲ့ ငါးဆားနယ်ဘဝကနေ… ပိုပိုပြီး ဝေးသွားသလိုပဲ...

ညီလာခံ ပြီးဆုံးသွားချိန်တွင် ရှောင်ရှန်းသည် စိတ်ပျက်လက်ပျက်ဖြင့် အရှေ့နန်းဆောင်သို့ ပြန်လာခဲ့သည်။

လမ်းတစ်လျှောက် တွေ့ခဲ့ရသော နန်းတွင်းသူ နန်းတွင်းသားများနှင့် အရာရှိများ၏ သူ့ကို မြင်သော အကြည့်များသည် ပြောင်းလဲသွားခဲ့လေပြီ။

အရင်က မထီမဲ့မြင်ပြုခြင်း၊ လှောင်ပြောင်ခြင်းတို့ဖြင့် ကြည့်ခဲ့ကြသော်လည်း ၊

ယခုမူ ကြောက်ရွံ့ခြင်း၊ အကဲခတ်ခြင်းနှင့် အနည်းငယ်သော… ကြည်ညိုလေးစားမှုများ ပါဝင်နေခဲ့သည်။

“သွားပြီ၊ ငါ့ရဲ့ ပုံစံကတော့ လုံးဝ ပျက်စီးသွားပြီ”

ရှောင်ရှန်းတစ်ယောက် စိတ်ထဲတွင် အော်ဟစ်နေလေ၏။

သူ၏ “ပါးတစ်ချက် ရိုက်ချက်နဲ့ သစ္စာဖောက်ကို သတ်နိုင်ခဲ့သည့်” ဂုဏ်သတင်းကြီးသည် နာရီဝက်အတွင်း မြို့တော်တစ်ခုလုံး၊ တစ်တိုင်းပြည်လုံး ပျံ့နှံ့သွားတော့မည်မှာ သေချာသည်။

‘နောက်ဆိုရင် ဘယ်သူက သူ့ကို အသုံးမကျတဲ့၊ အပျင်းထူတဲ့ မင်းသားလို့ ပြောရဲတော့မှာလဲ..’

‘အားလုံးက သူ့ကို အရည်အချင်းတွေကို ဖုံးကွယ်ထားတဲ့၊ ဉာဏ်ပညာကြီးမားတဲ့၊ ဝက်အရေခြုံထားတဲ့ ကျားတစ်ကောင်လို့ပဲ ပြောကြတော့မှာလေ’

‘ အဲလိုသာဆို သူ နောက်ကို ဘယ်လိုလုပ်ပြီး ပြဿနာရှာနိုင်တော့မှာလဲ ဘယ်လိုလုပ် အပျင်းထူနိုင်တော့မှာလဲ’

“အရှင်၊ အရှင်သားက တကယ်ကို တော်တာပဲ”

ရှောင်သယ့်ဇီက ဘေးကနေ လိုက်လာရင်း ဝမ်းသာအားရပြောလိုက်သည်။

“ကျွန်တော်မျိုး ပြောသားပဲ၊ အရှင့်သားက သာမန်လူ မဟုတ်ပါဘူးလို့၊ အဲဒီ လီမြောင်ဆိုတဲ့ အဖိုးကြီးက အရှင့်သားရှေ့မှာ ဘာမှမဟုတ်ဘူး ‘သစ္စာစောင့်သိမှုနှင့် သစ္စာဖောက်ကို ခွဲခြားနိုင်သူ’၊ ဧကရာဇ်မင်းမြတ် ပေးတဲ့ ဒီစကားလေးလုံးက သိပ်မှန်ကန်တယ်”

ရှောင်ရှန်းက သူ့ကို တစ်ချက်ကြည့်ကာ အားအင်မဲ့စွာဖြင့် ပြန်ပြောလိုက်သည်။

“ရှောင်သယ့်ဇီ၊ ငါအခု ခမည်းတော်ဆီ သွားပြီး အိမ်ရှေ့စံ မလုပ်ချင်တော့ဘူးလို့ ပြောရင် သူ သဘောတူပါ့မလား”

ရှောင်သယ့်ဇီ မှာ လန့်ဖျပ်သွားပြီး အမြန်ပြောလိုက်သည်။

“အရှင်သား အဲဒီလိုတော့ လုံးဝ မလုပ်နဲ့လေ ၊ အရှင့်သားက အခုလေးတင် အောင်မြင်မှုကြီး ရထားတာ၊ ဧကရာဇ်မင်းမြတ်လည်း ဝမ်းသာနေချိန်မှာ ဒါကို သွားပြောရင်… ကံဆိုးမိုးမှောင်ကျသွားနိုင်တယ်”

“ဟူး…”

ရှောင်ရှန်း တစ်ယောက် သက်ပြင်း ချလိုက်မိသည်။ ရှေ့ခရီးလမ်းသည် မှောင်မိုက်နေသည်ဟုပင် သူ ခံစားနေမိသည်။

All Chapters