အခန်း (၅-၆)
Vol. 1 Ch. 5-6
အခန်း (၅) -ခေါင်းကိုက်စရာ
ရှောင်ရှန်း၏ “ပါးတစ်ချက်ရိုက်၍ သစ္စာဖောက်ကို ဖော်ထုတ်နိုင်ခဲ့ခြင်း” ဟူသော ဂုဏ်သတင်းသည် အတောင်ပံများပေါက်လာသည့်အလား တစ်ညအတွင်း မြို့တော်တစ်ခုလုံးသို့ ပျံ့နှံ့သွားလေတော့သည်။
လမ်းဘေးဝဲယာ၊ လက်ဘက်ရည်ဆိုင်နှင့် အရက်ဆိုင်များတွင် ထိုအကြောင်းကိုသာ ပြောဆိုနေကြ၏။
“ကြားပြီးကြပြီလား ငါတို့ရဲ့ အိမ်ရှေ့စံမင်းသားအသစ်က ညီလာခံမှာ ပါးတစ်ချက်တည်းနဲ့ နိုင်ငံတော်ကို ပုန်ကန်မယ့် အမတ်ကြီးတစ်ယောက်ကို ဖော်ထုတ်လိုက်တာလေ”
ပုံပြောဆရာတစ်ဦးက တံတားအောက်တွင် အားပါးတရ ပြောပြနေပြီး ဘေးပတ်ပတ်လည်တွင်လည်း ဝိုင်းအုံ၍ နားထောင်နေကြသည်။
“တကယ်ကြီးလား အဲဒီ အရာရှိလီက အသည်းမာပြီး စကားလုံးတွေနဲ့ လူကိုသတ်နိုင်တဲ့အထိ နာမည်ကြီးတာလေ၊ အိမ်ရှေ့စံမင်းသားက သူ့ကို ပါးရိုက်ရဲတယ်ဟုတ်လား”
လူအချို့က သံသယဖြင့် မေးလိုက်ကြသည်။
“ တကယ်ကြီးဗျာ ၊ ငါ့ဦးလေးရဲ့ သားရဲ့ အိမ်နီးချင်းရဲ့ ခမည်းခမက်က နန်းတော်ထဲမှာ အမှုထမ်းနေတာလေ၊ သူကိုယ်တိုင် မြင်ခဲ့တာတဲ့ ...အိမ်ရှေ့စံမင်းသားက တကယ့်ကို ခန့်ညားထည်ဝါပြီး လက်ကို တစ်ချက်ပဲ ဝှေ့ယမ်းလိုက်တာ ‘ဖြန်း’ ခနဲပဲ၊ လီအရာရှိရဲ့ အမတ်ဦးထုပ်တောင် လွင့်ထွက်သွားတယ်၊ ဦးထုပ်ထဲကနေ ရန်သူနဲ့ အဆက်အသွယ်လုပ်ထားတဲ့ လျှို့ဝှက်စာတွေနဲ့ ငွေစက္ကူတွေပါ ထွက်ကျလာတာလေ”
“အမလေး ၊ အဲဒီလောက်တောင် စွမ်းတာလား အိမ်ရှေ့စံမင်းသားက လူ့ပြည်ဆင်းလာတဲ့ နတ်ဘုရားများလား ...ကောင်းကင်မျက်စိများ ပွင့်နေတာလား”
“ငါ့အမြင်တော့ ကံကောင်းသွားတာနေမှာ အဲဒီအရာရှိလီက အကွက်စေ့တဲ့လူပဲ၊ ဒီလောက် အရေးကြီးတဲ့အရာကို ဦးထုပ်ထဲမှာ ဘယ်လိုလုပ် ဝှက်ထားပါ့မလဲ တိုက်ဆိုင်တာပဲ ဖြစ်ရမယ်”
“တိုက်ဆိုင်တာပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ်၊ သစ္စာဖောက်ကို ဖော်ထုတ်နိုင်ခဲ့တာပဲလေ ငါတို့ အိမ်ရှေ့စံမင်းသားက ကောလာဟလတွေထဲကလို သုံးစားမရတဲ့သူတော့ မဟုတ်ပုံပဲ”
မည်သို့ပင်ဆိုစေကာမူ “မင်းသား(၇) ရှောင်ရှန်းမှ ပါးတစ်ချက်ဖြင့် သစ္စာဖောက်ကို နှိမ်နင်းပြီး အိမ်ရှေ့စံနေရာကို ဆက်ခံခြင်း” ဟူသော ပုံပြင်မှာ မြို့သူမြို့သားများ၏ နောက်ဆုံးပေါ် အမြည်းစကားဝိုင်း ဖြစ်လာခဲ့သည်။
အရှေ့နန်းဆောင် (အိမ်ရှေ့စံနန်းတော်) အတွင်း၌ ၊ ထိုဒဏ္ဍာရီလာ “သူရဲကောင်း” အိမ်ရှေ့စံမင်းသားမှာ ဧကရာဇ်ကိုယ်တိုင် ရေးထိုးပေးထားသော “သစ္စာစောင့်သိမှုနှင့် သစ္စာဖောက်ကို ခွဲခြားနိုင်သူ” ဟူသည့် ရွှေတဝင်းဝင်း တောက်ပနေသော ကမ္မည်းပြားကြီးကို ကြည့်ရင်း သက်ပြင်း တရှုံ့ရှုံ့ ချနေလေ၏။
“သွားပြီ၊ သွားပြီ၊ ဒီတစ်ခါတော့ ဘယ်လိုမှ ရှင်းလို့မရတော့ဘူး”
ရှောင်ရှန်းသည် ထူထဲသော ကော်ဇောခင်းထားသည့် ကုလားထိုင်ပေါ်တွင် ပျော့ခွေစွာ ထိုင်နေပြီး ၊ မျက်နှာမှာလည်း ဘဝကြီးကို စိတ်ကုန်နေသည့်အလား ဖြစ်နေသည်။
သူသည် နဂိုကတည်းက လွတ်လပ်ပေါ့ပါးသော မင်းသားတစ်ပါးအဖြစ် အသက်ရှင်လိုသူ ဖြစ်သည်။
ဘယ်သူက သိမှာလဲ၊ အရက်မူးပြီး ပြောလိုက်တဲ့ စကားတစ်ခွန်းက သူ့ကို အိမ်ရှေ့စံနေရာအထိ ပို့ပေးလိုက်လိမ့်မယ်လို့လေ... ညီလာခံမှာ ပြဿနာရှာပြီး ခမည်းတော်နဲ့ အမတ်တွေကို သူ့ရဲ့ “အသုံးမကျတဲ့” စရိုက်ကို မြင်စေချင်ခဲ့တာ၊ ဒါမှ အိမ်ရှေ့စံအရာကနေ စောစောစီးစီး အဖြုတ်ခံရမှာလေ ဟုတ်ဘူးလား။
ရလဒ်ကတော့ ပါးတစ်ချက်ရိုက်လိုက်တာက သူ့ကိုယ်သူ အဖြုတ်ခံရအောင် လုပ်လိုက်တာမဟုတ်ဘဲ၊ “အဂတိတိုက်ဖျက်ရေး သူရဲကောင်းကြီး” ဖြစ်သွားသတဲ့လား။ အခုဆို ခေါင်းကိုက်စရာ ကမ္မည်းပြားကြီးက သူ့ခေါင်းပေါ်တောင် ရောက်ချလာပြီလေ။
ဒါကြီးက သူ့ကို ဘယ်လိုလုပ် အပျင်းထူခွင့် ပေးတော့မှာလဲ ၊ ဘယ်လိုလုပ်ပြီး အသုံးမကျတဲ့လူတစ်ယောက်လို ဟန်ဆောင်လို့ ရတော့မှာလဲ..
ရှောင်သယ့်ဇီသည် ဘေးနားကနေ ဂရုတစိုက် ခစားရင်း သခင်ဖြစ်သူ စိတ်မသက်မသာ ဖြစ်နေသည်ကို မြင်ပြီး အနားသို့ တိုးကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။
“အရှင်၊ ဒီဆိုင်းဘုတ်ကို ကြည့်ပြီး စိတ်မညစ်ပါနဲ့တော့၊ ဒါက ဧကရာဇ်မင်းမြတ် ကိုယ်တိုင် ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ဆုပဲလေ ...ကျွန်တော်မျိုး မြင်တာတော့ နန်းတွင်းသူ နန်းတွင်းသားတွေက အရှင့်ကို ကြည့်တဲ့ အကြည့်တွေမှာ ကြည်ညိုလေးစားမှုတွေ အပြည့်ပဲ”
ရှောင်ရှန်းက မျက်စောင်းထိုးကြည့်လိုက်ရင်း။
“လေးစားတာတွေဘာတွေက အလကားပဲ အခု ငါ စိတ်ညစ်နေတာက ဒီအိမ်ရှေ့စံနေရာက ပိုပြီး ခိုင်မြဲသွားမှာကိုပဲ ....ငါ့ရဲ့ ငါးဆားနယ်လို အေးအေးဆေးဆေး နေချင်တဲ့ အိပ်မက်လေးနဲ့ ပိုပိုပြီး ဝေးသွားပါပြီကွာ”
ရှောင်သယ့်ဇီက မျက်တောင်လေး ပုတ်ခက်ပုတ်ခက်လုပ်ရင်း အကြံတစ်ခု ပေးလိုက်သည်။
“အရှင့်သား ဒါဆိုရင်… အရှင် နေမကောင်းဘူးလို့ ဟန်ဆောင်ပြီး အပြင်မထွက်ဘဲ နေမလား အရင်တစ်ခေါက်က ‘အမြင်စူးရှစွာနဲ့ သစ္စာဖောက်ကို ဖော်ထုတ်ခဲ့ရလို့’ အားအင်တွေ ကုန်ခမ်းသွားပြီး အနားယူဖို့ လိုအပ်နေတယ်လို့ အကြောင်းပြလိုက်လေ၊ အဲဒီလိုဆိုရင် ညီလာခံက ကိစ္စတွေကိုလည်း အရှင်က တရားဝင် ငြင်းပယ်လို့ ရသွားတာပေါ့”
ရှောင်ရှန်းတစ်ယောက် ထိုစကားများကို ကြားသည်နှင့် အရည်လဲ့နေသော မျက်လုံးများမှာ ချက်ချင်း ဝင်းလက်သွားပြီး ကောက်ရိုးတစ်မျှင်ကို ဆွဲမိလိုက်သည့်အလား ပေါင်ကို ဖြန်းခနဲ ပုတ်လိုက်သည်။
“ဟုတ်သားပဲ ရှောင်သယ့်ဇီ၊ မင်းဦးနှောက်က မဆိုးဘူးပဲ ငါ ဘာလို့ ဒါကို မစဉ်းစားမိပါလိမ့်”
သူသည် ကုလားထိုင်ပေါ်မှ ချက်ချင်း ထရပ်ကာ စိတ်လှုပ်ရှားစွာဖြင့် လက်ဝါးချင်းချင်း ပွတ်သပ်လိုက်သည်။
“ငါ နေမကောင်း ဖြစ်လို့ရတာပဲ ဖြစ်နိုင်ရင် အသည်းအသန် ဖျားနေတာဆို ပိုတောင်ကောင်းဦးမယ်၊ ကိုယ့်ကိုယ်ကိုယ်တောင် မပြုစုနိုင်တဲ့အထိ ဖြစ်သွားရင် ခမည်းတော် မြင်တဲ့အခါ ‘အိုး… ငါ့သားလေးတော့ သွားပြီ၊ လူသစ် လဲရတော့မယ်’ လို့ တွေးသွားမှာ”
ရှောင်သယ့်ဇီသည် အိမ်ရှေ့စံအရာကနေ အဖြုတ်ခံရဖို့ စိတ်အားထက်သန်နေသော သူ့သခင်ကို ကြည့်ရင်း နှုတ်ခမ်းထောင့်များ တွန့်သွားကာ စိတ်ထဲကနေ ရေရွတ်လိုက်မိသည်။
“အရှင့်သားကတော့လေ… အဖြုတ်ခံချင်တဲ့စိတ်က ဘယ်တော့မှကို ပြောင်းလဲမသွားဘူးပဲ”
တစ်ချိန်တည်းမှာပင်၊ မင်းသား(၃) ရှောင်ကျင်း၏ စာကြည့်ခန်းအတွင်း၌ ဖယောင်းတိုင်မီးသည် တဖျပ်ဖျပ် ခတ်နေကာ ရှောင်ကျင်း၏ ညှိုးငယ်နေသော မျက်နှာကို ထင်ဟပ်နေ၏။
“အရှင့်သား ဒီလောင်ချီး(မင်းသား၇)က ကံ ဒီလောက်ထိကောင်းလိမ့်မယ်လို့ ကျွန်တော်မျိုး မထင်ထားခဲ့ဘူး”
စိမ်းပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားသော အကြံပေးတစ်ဦးက မကျေမနပ် ပြောလိုက်သည်။
ရှောင်ကျင်းက နှာခေါင်းရှုံ့ကာ ပြန်ပြောလိုက်၏။
“ ကံကောင်းတာလား၊ ငါ့အမြင်အရတော့ အဲဒါ ကံကောင်းတာမဟုတ်ဘူး ..တစ်ခါတစ်ရံမှာ အရူးတွေက ကံကောင်းခြင်းအားလုံးကို ပိုင်ဆိုင်ထားကြတယ်..အရာရှိလီဆိုတဲ့ အဖိုးကြီးကလည်း အသုံးမကျလိုက်တာ၊ အဲဒီလောက် အရေးကြီးတဲ့ အရာတွေကို ဦးထုပ်ထဲမှာ ဝှက်ထားရတယ်လို့၊ ကိုယ့်သေတွင်း ကိုယ်တူးတာပဲ”
ရှောင်ရှန်းကို အိမ်ရှေ့စံအဖြစ် ခန့်အပ်ခြင်းသည် ဟာသတစ်ခုဟု သူ ထင်မှတ်ခဲ့သည်။ သို့သော် မထင်မှတ်ဘဲ၊ ရှောင်ရှန်းသည် ပထမဆုံးနေ့ ညီလာခံမှာတင် အရှက်မကွဲရုံတင်မကဘဲ အောင်မြင်မှုကြီး တစ်ခုကိုပါ ရရှိသွားခဲ့သည်။
ယင်းက ရှောင်ကျင်းကို စိုးရိမ်စိတ်များ ဖြစ်ပေါ်လာစေခဲ့သည်။
“အရှင့်သား စိတ်မဆိုးပါနဲ့ဦး”
အကြံပေးက အလျင်အမြန် ပြောလိုက်သည်။
“လောင်ချီး(မင်းသား၇)က ကံကောင်းလို့ အောင်မြင်မှု ရခဲ့ပေမဲ့ သူ့ရဲ့ အခြေခံက အားနည်းပြီး အကျင့်စရိုက်ကလည်း ဆိုးသွမ်းတုန်းပဲ၊ နောက်ဆုံးမှာတော့ အရေးပါတဲ့လူ ဖြစ်မလာနိုင်ဘူး.. အခု အရေးကြီးဆုံးက သူ့ရဲ့ မူလအသွင်အပြင်ကို ဖော်ထုတ်ပြီး ဧကရာဇ်ရဲ့ ယုံကြည်မှုကို ပျက်ပြားအောင် လုပ်ဖို့ပဲ”
ရှောင်ကျင်းက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“မင်းမှာ ဘာအကြံရှိလဲ”
အကြံပေးက အသံကို နှိမ့်ကာ ပြောလိုက်သည်။
“အရှင့်သား ကျွန်တော်မျိုး ကြားသိရတာကတော့ တောင်ဘက် ပြည်နယ်အချို့မှာ ရေဘေး ကြုံနေရပြီး အခြေအနေက တော်တော်ဆိုးနေသတဲ့..အစိုးရကလည်း ကယ်ဆယ်ရေး ငွေတွေကို မကြာခင် ပို့ဆောင်ပေးတော့မှာ ဒါပေမဲ့ အဲဒီလမ်းကြောင်းက ဝေးလံပြီး ဓားပြတွေလည်း ပေါတယ်၊ လမ်းကလည်း ကြမ်းတမ်းတော့ ဘယ်သူမှ မလုပ်ချင်တဲ့ အလုပ်မျိုးပဲ အကယ်၍…”
သူသည် ခေတ္တရပ်လိုက်ပြီး ဆက်ပြောသည်။
“အကယ်၍ ဒီလိုခက်ခဲတဲ့ ကယ်ဆယ်ရေးလုပ်ငန်းကို အိမ်ရှေ့စံမင်းသားကိုသာ တာဝန်ပေးလိုက်မယ်ဆိုရင်..သူသာ ဘေးကင်းအောင် ပို့ဆောင်နိုင်ရင်တော့ သူ့အရည်အချင်းပေါ့၊ ဒါပေမဲ့ လမ်းခရီးမှာ အန္တရာယ်တွေက အများကြီးပဲ၊ နည်းနည်းလေး မှားယွင်းသွားတာနဲ့ တာဝန်ပေါ့လျော့မှု ဖြစ်သွားမှာပဲ”
“သူ့လို ပျင်းရိတဲ့ အကျင့်နဲ့ ဒီလို ရှုပ်ထွေးတဲ့ အခြေအနေကို ဘယ်လိုလုပ်ပြီး ကိုင်တွယ်နိုင်ပါ့မလဲ..ကယ်ဆယ်ရေးငွေတွေ ပြဿနာတက်ရင်၊ ပြည်သူတွေကလည်း မကျေမနပ် ဖြစ်လာကြလိမ့်မယ်၊ အဲဒီအခါကျရင် ဧကရာဇ်မင်းမြတ်က ဘယ်လောက်ပဲ မျက်နှာသာပေးပေး သူ့ကို ကာကွယ်ပေးနိုင်မှာ မဟုတ်တော့ဘူး အဲဒီအချိန်ကျရင် သူလည်း နာမည်ပျက်ပြီး ဒီအိမ်ရှေ့စံနေရာကလည်း မမြဲတော့ဘူးပေါ့”
အခန်း (၆)
ရှောင်ကျင်းသည် ထိုစကားများကို နားထောင်ပြီးသည်နှင့် ၊ သူ၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု လှစ်ဟသွားသည်။
“ဒီအကြံမဆိုးဘူး … သူ့ကို ကယ်ဆယ်ရေးငွေတွေ ပို့ဆောင်ခိုင်းလိုက်မယ်၊ တကယ်လို့ ငွေတွေသာ တစ်ခုခုဖြစ်သွားပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ နှောင့်နှေးသွားရင် ဒါက ကြီးလေးတဲ့ပြစ်မှုပဲ …အဲဒီအချိန်ကျရင် ခမည်းတော်က သူ့ကို ‘သစ္စာစောင့်သိမှုနှင့် သစ္စာဖောက်ကို ခွဲခြားနိုင်သူ’ လို့ ဘယ်လိုများ ချီးကျူးနိုင်ဦးမလဲ ကြည့်ရသေးတာပေါ့”
သူ၏ မျက်လုံးထဲတွင် ရက်စက်မှုများ ဖြတ်ပြေးသွားကာ ရေရွတ်လိုက်သည်။
“ ငါ ကြည့်ချင်သေးတယ်…သူ့ရဲ့ ‘ကံကောင်းမှု’ တွေက အမြဲတမ်း ရှိနေနိုင်ပါ့မလားဆိုတာကို”
နောက်တစ်နေ့ နံနက်ခင်း ညီလာခံ။
ခန်းမဆောင်အတွင်း၌ ဧကရာဇ် ရှောင်ယွမ်သည် နဂါးပလ္လင်ပေါ်တွင် တည်ငြိမ်စွာဖြင့် စံမြန်းလျက်ရှိသည်။ သူ၏ မျက်နှာမှာ တည်ငြိမ်လွန်းသဖြင့် အမျက်ထွက်နေသလား၊ ဝမ်းသာနေသလား ဆိုသည်ကို ခန့်မှန်း၍မရပေ။
စစ်ဘက်ဆိုင်ရာ နှင့် နယ်ပယ်အသီးသီးမှ အရာရှိအပေါင်းတို့သည် စနစ်တကျ ရပ်နေကြသော်လည်း ၊ ယနေ့တွင် လူတိုင်း၏ အကြည့်များက အိမ်ရှေ့စံနေရာတွင် ရပ်နေသော ရှောင်ရှန်းထံသို့ မသိမသာ ရောက်ရှိနေကြသည်။
ရှောင်ရှန်းမှာ အိပ်ရေးမဝသေးသည့် ပုံစံဖြင့် ရှိနေပြီး ၊ ညီလာခံပြီးသည်နှင့် နန်းတော်သို့ ပြန်ကာ “နေမကောင်းဟန်ဆောင်” ပြီး ဆယ်ရက်၊ တစ်လလောက် အနားယူပစ်ရန် စိတ်ထဲကနေ ကြံစည်ထားလိုက်သည်။
ပုံမှန်လုပ်ဆောင်နေကျ တိုင်းပြည်ရေးရာ ကိစ္စများကို ဆွေးနွေးပြီးနောက် မင်းသား(၃) ရှောင်ကျင်းသည် တန်းစီရပ်နေသော နေရာမှ ရှေ့သို့ထွက်ကာ ဦးညွှတ်၍ လျှောက်တင်လိုက်သည်။
“ခမည်းတော်ကို လျှောက်တင်ပါရစေ၊ သားတော် ကြားသိရသလောက် တောင်ဘက်ပြည်နယ်တွေမှာ ရေဘေးဒဏ်ကြောင့် ပြည်သူတွေ အိုးမဲ့အိမ်မဲ့ဖြစ်ပြီး ငတ်မွတ်နေကြတယ်လို့ ဆိုပါတယ် …”
“အစိုးရကနေ ကယ်ဆယ်ရေးရန်ပုံငွေတွေ ချမှတ်ပေးထားပေမယ့် ဒါပေမဲ့ ငွေတွေကို ဘေးသင့်ဒေသတွေဆီ ပို့ဆောင်ရာမှာ လမ်းခရီးက ကြမ်းတမ်းပြီး ဓားပြလည်း ပေါများလွန်းတော့ ကျွန်တော့်အထင် ဒီကိစ္စက အလွန်အရေးကြီးပါတယ်”
“ ဒါ့ကြောင့် ကိုယ်ကျင့်တရားနှင့် ပြည့်စုံပြီး အသိဉာဏ်နှင့် သတ္တိရှိသူမှသာ ဒီတာဝန်ကို ဆောင်ရွက်နိုင်ပါလိမ့်မယ်… ခမည်းတော်အနေနဲ့ ပြည်သူတွေကို စိတ်အေးစေဖို့ အရည်အချင်းရှိသူတစ်ဦးကို ရွေးချယ်ပြီး တာဝန်ပေးအပ်ဖို့ သားတော် အလေးအနက် တောင်းဆိုချင်ပါတယ်”
ရှောင်ကျင်းသည် တိုင်းပြည်နှင့် ပြည်သူများအပေါ် အမှန်တကယ် စိုးရိမ်ပူပန်နေသည့်အလား အားတက်သရော လျှောက်တင်လေ၏။
ညီလာခံရှိ အရာရှိအချို့ကလည်း ထိုကိစ္စ၏ အရေးကြီးပုံကို ထောက်ခံ ပြောဆိုကြလေသည်။
ဧကရာဇ် ရှောင်ယွမ်သည် ခေါင်းကို အသာအယာ ညိတ်ကာ အောက်က အမတ်များကို ဝေ့ကြည့်ရင်း ။
“အမတ်မင်းတို့ ပြောတာ မှန်တယ်၊ ဒီကယ်ဆယ်ရေးလုပ်ငန်းက တိုင်းပြည်ရဲ့ အရေးကြီးကိစ္စဖြစ်တော့ ရန်ပုံငွေပို့ဆောင်ရေးကို သေချာ စဉ်းစားရမယ်”
“ ငါကိုယ်တော်မြတ်ရဲ့ သောကကို ဖြေဖျောက်ပေးပြီး ဒီတာဝန်ကြီးကို ယူမည့်သူ ဘယ်သူရှိသလဲကွ”
ထိုစကားဆုံးသည်နှင့် မင်းသား(၃) ရှောင်ကျင်းသည် နောက်တစ်ကြိမ် ရှေ့သို့တိုးကာ ကျယ်လောင်စွာ လျှောက်တင်လိုက်ပြန်သည်။
“ခမည်းတော် သားတော်အမြင်အရ၊ အိမ်ရှေ့စံမင်းသားက အသင့်တော်ဆုံး ပုဂ္ဂိုလ်ပဲ”
ဤစကားများထွက်လာသည်နှင့် ၊ ညီလာခံတစ်ခုလုံး အံ့အားသင့်သွားကြသည်။
ရှောင်ရှန်းကိုယ်တိုင်ပင် မျက်လုံးများ ပြူးကျယ်သွားကာ အိပ်ငိုက်နေသမျှ ချက်ချင်း ပျောက်သွားလေတော့သည်။
‘ ဒါ ဘာတွေလုပ်နေတာလဲ ဒီကောင် ရှောင်ကျင်းက ဘာတွေ ဆေးခတ်နေတာတုန်း'
ရှောင်ကျင်းက ဆက်ပြီး လျှောက်တင်သည်။
“အိမ်ရှေ့စံမင်းသားက လွန်ခဲ့တဲ့ရက်က သစ္စာဖောက် လီမြောင်ကို ဖော်ထုတ်နိုင်ခဲ့တာကို ကြည့်ရင် သူ့ရဲ့ ‘သစ္စာ စောင့်သိမှုနဲ့ သစ္စာဖောက်ကို ခွဲခြားနိုင်စွမ်း’ က သာမန်လူထက် သာလွန်တာကို သက်သေပြနေပါတယ်”
“ ဒီလို အကဲခတ်တော်တာ … လမ်းခရီး တစ်ယောက် လူယုတ်မာတွေရဲ့ လှည့်ကွက်တွေကို သေချာပေါက် သိမြင်ပြီး အန္တရာယ်တွေကို ရှောင်ကွင်းကာ ကယ်ဆယ်ရေးငွေတွေကို ပြည်သူတွေ လက်ထဲ ဘေးကင်းစွာနဲ့ ပို့ဆောင်ပေးနိုင်မှာပါ”
“ သားတော်အနေနဲ့ အိမ်ရှေ့စံမင်းသားရဲ့ အရည်အချင်းကို ဖော်ထုတ်ဖို့ ၊ တိုင်းပြည်တည်ငြိမ်စေဖို့အတွက် ဒီအရေးကြီးတာဝန်ကို ပေးအပ်ဖို့ အပြင်းအထန် အကြံပြုလိုပါတယ် “
ရှောင်ကျင်း၏ စကားများမှာ “စေတနာအပြည့်” နှင့် ပြောနေသည့်အပြင် ဧကရာဇ်ကိုယ်တိုင် ပေးထားသော “သစ္စာစောင့်သိမှုနှင့် သစ္စာဖောက်ကို ခွဲခြားနိုင်သူ” ဟူသော ဂုဏ်ပုဒ်ကိုပါ ဆွဲထည့်လိုက်သဖြင့် မည်သူမျှ ငြင်း၍မရအောင် အပေါက်ပိတ်သွားစေသည်။
အမတ်အများအပြားသည်လည်း ထိုစကားများကို နားထောင်ပြီးနောက် ခေါင်းညိတ်ကြသည်။ အိမ်ရှေ့စံသည် သိပ်မကြာခင်ကမှ သစ္စာဖောက်ကို ရှင်းပစ်နိုင်ခဲ့သောကြောင့် နာမည်ကြီးနေချိန်တွင် ဤတာဝန်သည် သူ့အရည်အချင်းကို ပြသနိုင်မည့် အခွင့်အရေးတစ်ခုပင် ဖြစ်၏။
မှန်၏ ။ လူအများစုကတော့ “ဒီအိမ်ရှေ့စံအသစ်က ဘယ်လောက်တောင် စွမ်းလဲ” ဟူသော ပွဲကြည့်လိုသော စိတ်ဖြင့် စောင့်ကြည့်လိုခြင်းသာ ဖြစ်သည်။
အမတ်ချုပ် လင်းပေါ်ရုံမှာ မျက်မှောင်ကြုတ်နေသည်။ ဤကိစ္စတွင် မရိုးသားမှုတစ်ခု ရှိနေသည်ဟု သူ ခံစားရသည်။
ကယ်ဆယ်ရေးငွေကို ပို့ဆောင်ခြင်းမှာ သေးငယ်သော ကိစ္စမဟုတ်၊ တောင်ဘက်ဒေသ၏ အခြေအနေမှာ ရှုပ်ထွေးလှပြီး လမ်းခရီးတွင်လည်း ဓားပြများစွာ ရှိသေးပြန်သည်။
ရှောင်ရှန်း၏ စရိုက်အရ၊ ဤတာဝန်ကို ထမ်းဆောင်နိုင်ရန် ခက်ခဲလိမ့်မည်။
ဧကရာဇ် ရှောင်ယွမ်၏ မျက်လုံးများက ရှောင်ရှန်းထံသို့ ကျရောက်သွားသည်။ ထိုအကြည့်တွင် ပါဝင်သောအဓိပ္ပာယ်ကို မည်သူမျှ နားမလည်နိုင်ပေ။
ခဏအကြာတွင် သူသည် တည်ငြိမ်သော လေသံဖြင့် မေးလိုက်သည်။
“အိမ်ရှေ့စံ၊ မင်းရော ဘယ်လိုသဘောရသလဲ”
ရှောင်ရှန်းသည် ထိုစကားကို ကြားလိုက်ရချိန်တွင် ဦးနှောက်ထဲတွင် ဗလာကျင်းသွားသော်လည်း ချက်ချင်းပင် အတိုင်းထက်အလွန် ဝမ်းသာသွား၏။
‘ကယ်ဆယ်ရေးငွေကို ပို့ဆောင်ရမယ်…
လမ်းခရီးက ဝေးတဲ့အပြင် ဓားပြတွေလည်း ပေါတယ်….’
‘ဒါ အိပ်ချင်နေတုန်း ခေါင်းအုံး လာပေးတာပဲ မဟုတ်လား ‘
‘ဒီလောက်အရေးကြီးတဲ့ တာဝန်၊ ဒီလောက်များတဲ့ ငွေတွေ၊ သူသာ “အမှားအယွင်း” အနည်းငယ် လုပ်လိုက်ပြီး ငွေတွေကို “ပျောက်သွားအောင်” လုပ်တာ ဒါမှမဟုတ် တောင်ဓားပြတွေ “လုသွားအောင်” တမင်လွှတ်ပေးလိုက်ရင် အပြစ်က တော်တော်ကြီးမှာပဲ ‘
‘အဲဒီအချိန်ကျရင် ခမည်းတော်က စိတ်ဆိုးပြီး သောက်သုံးမကျတဲ့ ဒီအိမ်ရှေ့စံကို သေချာပေါက် ဖြုတ်ချမှာပဲလေ ‘
‘ ဒါက သူ့အတွက် ထုလုပ်ထားတဲ့ “အိမ်ရှေ့စံရာထူးကနေ နုတ်ထွက်ရေး အမြန်ရထား” ကြီးပဲ'
ထိုသို့တွေးမိသည်နှင့် ရှောင်ရှန်းသည် “နေမကောင်းဟန်ဆောင်” ရမည့် အကြောင်းကိုတောင် မေ့သွားကာ စိတ်လှုပ်ရှားလွန်း၍ ထခုန်မတတ်ပင်။
သူသည် စိတ်ထဲက ဝမ်းသာမှုကို ဖုံးကွယ်ကာ “ခက်ခဲသော တာဝန်ကို ရဲရဲဝံ့ဝံ့ လက်ခံမည့်” ဟန်ပန်ကို အတတ်နိုင်ဆုံး ဖော်ပြရင်း ၊ ရှေ့သို့ တစ်လှမ်းတိုးကာ ပလ္လင်ပေါ်မှ ဧကရာဇ်မင်း ရှောင်ယွမ်ကို အလေးအနက် ဦးညွှတ်လျက် ကျယ်လောင်သော အသံဖြင့် ဆိုလိုက်သည်။
“ခမည်းတော်က ဉာဏ်ပညာရှိလှပါပေတယ်.. သားတော်… သားတော် သွားပါ့မယ်”
သူသည် ခါးကို မတ်မတ်ဆန့်ကာ ရင်ဘတ်ကို ပုတ်လိုက်ပြီး “ငါမှမလုပ်ရင် ဘယ်သူကလုပ်မလဲ” ဆိုသည့် အမူအရာမျိုးဖြင့်–
“ကယ်ဆယ်ရေးငွေ ပို့ဆောင်တာလောက်ကတော့ ပြောပလောက်တဲ့ ကိစ္စမဟုတ်ပါဘူး ခမည်းတော်က သားတော်ကို ယုံကြည်တယ်ဆိုမှတော့ သားတော်လည်း အစွမ်းကုန် ကြိုးစားပါ့မယ်”
“တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ပြီး ဒီငွေတွေကို… အဟမ်း၊ ကောင်းမွန်စွာ စီမံခန့်ခွဲပါ့မယ် ၊ ခမည်းတော်နဲ့ ပြည်သူလူထုအားလုံးကိုလည်း ကျေနပ်စေရမယ်လို့ အာမခံပါတယ်”