အခန်း (၇-၈)
Vol. 1 Ch. 7-8
အခန်း (၇) ခရီးတစ်လျှောက် အေးဆေးစွာဖြင့် တောတောင်ရေမြေ ခံစားခြင်း
“ခမည်းတော်က ဉာဏ်ပညာရှိလှပါပေတယ် သားတော်… သားတော် သွားပါ့မယ်”
မင်းသား(၃) ရှောင်ကျင်း၏ မျက်လုံးထဲတွင် ဤသည်မှာ မင်းသား(၇)၏ ဟန်ဆောင်မှုသက်သက်သာ ဖြစ်ပြီး ၊ သူကတော့ ကယ်ဆယ်ရေးငွေများ ပျောက်ဆုံးသွားမည့်အချိန်ကို စောင့်နေရန်သာ လိုသည်။
မင်းသား(၃) ရှောင်ကျင်းသည် စိတ်ထဲမှ လှောင်ပြုံးပြုံးလိုက်ရင်း၊ ရှောင်ရှန်း တစ်ယောက် အိမ်ရှေ့စံရာထူးမှ ဖယ်ရှားခံရက နန်းတွင်းအကျဉ်းထောင်သို့ ပို့ဆောင်ခံရမည့် “လှပသော” အနာဂတ်ကို မြင်ယောင်နေလေ၏။
ဧကရာဇ် ရှောင်ယွမ်သည် ရှောင်ရှန်းကို အဓိပ္ပာယ်ပါပါ စိုက်ကြည့်လိုက်သည်။ တောက်ပသော ထိုမျက်ဝန်းတစ်စုံမှ တကယ့်အတွေးအစစ်အမှန်ကို မည်သူမျှ မသိနိုင်ပေ။
သူသည် ခေါင်းကို အသာအယာညိတ်ကာ ရှောင်ရှန်း၏ တောင်းဆိုမှုကို ခွင့်ပြုခဲ့သည်။
ညီလာခံပြီးနောက် ရှောင်ရှန်းသည် အရှေ့နန်းဆောင်သို့ ပြန်လာခဲ့ပြီး ၊ သူ၏ လျှောက်လှမ်းလာသော ခြေလှမ်းများမှာ ပေါ့ပါးသွက်လက်နေ၏။
ရှောင်သယ့်ဇီမှာ နောက်မှ လိုက်ပါလာရင်း ၊ သခင်ဖြစ်သူသည် ယနေ့ရက်ပိုင်းအတွင်း စိတ်ခံစားချက် အတက်အကျ ပြင်းထန်နေသည်ဟုပင် တွေးမိနေသည်။ လွန်ခဲ့သောရက်က အိမ်ရှေ့စံဖြစ်ရခြင်းကြောင့် စိတ်ညစ်နေခဲ့ပြီး၊ ယနေ့တွင်မူ ကယ်ဆယ်ရေးငွေ ပို့ဆောင်ရမည့် ခက်ခဲပင်ပန်းသော တာဝန်ကို လက်ခံလာရင်း ဤမျှ ဝမ်းသာနေသည်မှာ အံ့ဩစရာပင်။
“အရှင့်သား ၊ အရှင့်သား တကယ်ပဲ ကယ်ဆယ်ရေးငွေတွေကို သွားပို့မှာလား”
ရှောင်သယ့်ဇီက ဂရုတစိုက် မေးလိုက်သည်။
ရှောင်ရှန်း၏ မျက်နှာပေါ်တွင် အကြံအောင်မြင်သွားသည့် လူဆိုးတစ်ယောက်၏ အပြုံးမျိုးကို ချိတ်ဆွဲထားရင်း ။
“သွားမှာပေါ့ ဒါက ကောင်းကင်က ပေးတဲ့ အခွင့်အရေးပဲ ကယ်ဆယ်ရေးငွေ ပို့ဆောင်ရတာ ဘာကို ဆိုလိုတာလဲ မင်းသိလား “
“လမ်းခရီးက ဝေးတယ်၊ ဓားပြတွေလည်း ရှိတယ်၊ ငါကသာ နည်းနည်းလေး ‘ဂရုမစိုက်’ မိလိုက်ရင် ဒီအရှုပ်ထုပ်ကြီးကို အပြတ်အသတ် စွန့်ပစ်နိုင်ပြီဆိုတာပဲ”
သူသည် အသံကို နှိမ့်ကာ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
“အဲဒီအချိန်ကျရင် ကယ်ဆယ်ရေးငွေတွေ ပျောက်သွားမယ်၊ ပြည်သူတွေက ကျိန်ဆဲကြမယ်၊ ခမည်းတော်က ငါ့ကို ဘယ်လောက်ပဲ မျက်နှာသာပေးပေး အသုံးမကျတဲ့ ဒီအိမ်ရှေ့စံကိုတော့ ဖြုတ်ရတော့မှာပဲ”
“ မင်း ပြောစမ်း၊ ဒါက ‘အိမ်ရှေ့စံအရာကနေ နုတ်ထွက်ရေး အမြန်ရထား’ ပဲ မဟုတ်လား”
ရှောင်သယ့်ဇီမှာ နားထောင်ရင်း ရင်တထိတ်ထိတ် ဖြစ်နေကာ ခေါင်းကိုသာ တရစပ် ညိတ်နေမိသည်။ သူ့သခင်၏ အတွေးမှာ အတော်လေးကို ကြီးမားလွန်းပေသည်။
သုံးရက်အကြာတွင် အရှေ့နန်းဆောင်မှ အစောင့်အကြပ်များနှင့် အခွန်ဝန်ကြီးဌာနမှ အရာရှိများ ပါဝင်သော အထူးအဖွဲ့သည် ကယ်ဆယ်ရေးငွေ (၁၀) သိန်းကို တင်ဆောင်ကာ တောင်ဘက်ရှိ ဘေးသင့်ဒေသများသို့ မြို့တော်မှ ခမ်းနားထည်ဝါစွာ ထွက်ခွာလာခဲ့သည်။
ရှေ့ဆုံးမှ ဦးဆောင်လာသော အိမ်ရှေ့စံမင်းသား ရှောင်ရှန်းမှာ သန်မာထွားကြိုင်းသော မြင်းညိုကြီးတစ်ကောင်ကို စီးထားသော်လည်း၊ မြင်းကို အပြင်းနှင်ခြင်းမရှိဘဲ အေးအေးဆေးဆေး လမ်းလျှောက်ထွက်လာသူနှင့် ပိုတူသည်။
သူသည် ပေါ့ပါးသော ဝတ်စုံကို ဝတ်ဆင်ကာ ယပ်တောင် တခပ်ခပ်ဖြင့် ရှိနေလေ၏။ ရာသီဥတုမှာ မပူသော်လည်း သူ၏ ဟန်ပန်မှာ တောတောင်ရေမြေသို့ အလည်ထွက်ခွာလာသည့်အလား မှတ်ယူရသည်။
“ထွက်ခွာမယ်” အခွန်ဝန်ကြီးဌာနမှ ကျောက်အရာရှိ၏ အမိန့်ပေးသံနှင့်အတူ ယာဉ်တန်းကြီးသည် တရွေ့ရွေ့ စတင်ထွက်ခွာခဲ့သည်။
ရှောင်ရှန်းသည် သူ၏ “များများလုပ်တာထက် နည်းနည်းလုပ်တာက အလုပ်ရှုပ်သက်သာတယ်” ဆိုသည့် မူဝါဒကို တိတိကျကျ ကျင့်သုံးလေသည်။ နေ့စဉ် နေမြင့်မှသာ တပ်စခန်းကို ဖြည်းဖြည်းချင်း ရုပ်သိမ်းကာ ထွက်ခွာပြီး၊ ခရီးမိုင် (၃၀) ပင် မပြည့်သေးမီ နေစောင်းသည်နှင့် ချက်ချင်း စခန်းချရန် အမိန့်ပေးလေတော့သည်။
အခွန်ဝန်ကြီးဌာန မှ အရာရှိ ကျောက်သည် စိတ်မရှည်သူတစ်ဦး ဖြစ်သောကြောင့် လိပ်လို နှေးကွေးနေသော ခရီးစဉ်ကို ကြည့်ရင်း နဖူးမှ ချွေးများပင် စီးကျလာလေ၏။
“အရှင့်သား ကယ်ဆယ်ရေးလုပ်ငန်းက မီးငြှိမ်းသတ်ရသလိုပဲ အမြန်လုပ်ဖို့ အရေးကြီးပါတယ်၊ ဘေးသင့်ပြည်သူတွေကလည်း ဒီငွေတွေကို အသက်ရှင်သန်ရေးအတွက် စောင့်မျှော်နေကြတာပါ”
“ ကျွန်တော်တို့… ခရီးကို နည်းနည်း မြန်မြန် သွားကြရင် မကောင်းဘူးလား ဟင်”
ကျောက်အရာရှိသည် ရှောင်ရှန်း၏ မြင်းရှေ့သို့ အကြိမ်ကြိမ် ပြေးသွားကာ စိတ်ရှည်လက်ရှည် တိုက်တွန်းရှာသည်။
ရှောင်ရှန်းက သမ်းဝေလိုက်ပြီး ကျောက်အရာရှိကို တစ်ချက်ကြည့်ကာ ယပ်တောင်ခတ်ရင်း အေးအေးဆေးဆေး ပြန်ပြောလိုက်သည်။
“ကျောက်အရာရှိ၊ ခင်ဗျားပြောတာ မှားနေပြီ၊ ကယ်ဆယ်ရေးက မီးငြှိမ်းသလို အရေးကြီးတာ မှန်ပေမဲ့ မီးငြှိမ်းမယ့်လူက ဗိုက်ဝမှ အားရှိမှာပေါ့”
“ နောက်ပြီး ဒီလမ်းတစ်လျှောက်မှာ အလှအပတွေက ပန်းချီကားလိုပဲ၊ စားစရာတွေကလည်း အများကြီး…ငါတို့က ခရီးဝေးကြီး ကနေ လာရတာကို ‘ပြည်သူတွေရဲ့ ဘဝ’ ကို မလေ့လာဘဲ ကျော်သွားရင် နှမြောစရာကြီး မဟုတ်လား”
ထိုသို့ပြောရင်း ၊ သူသည် စိမ်းလန်းစိုပြည်သော တောတောင်များကို ကြည့်ရင်း စိတ်ကျေနပ်နေသည့်အထာဖြင့်။
ကျောက်အရာရှိမှာ နားထောင်ရင်း နှုတ်ခမ်းထောင့်မှာ အနည်းငယ် တွန့်ကွေးသွားသည်။
ဒါက ပြည်သူတွေရဲ့ ဘဝကို လေ့လာနေတာ မဟုတ်ဘဲ ပျော်ပွဲစားထွက်နေတာလေ…
သို့သော် တစ်ဖက်လူသည် အိမ်ရှေ့စံဖြစ်သဖြင့် သူပြောသမျှက အမှန်ပင်။ ကျောက်အရာရှိမှာ စိတ်ထဲကသာ သက်ပြင်းချရင်း တွေးနေမိသည်။
“ဒီအိမ်ရှေ့စံကတော့ အတော်လေး အပျင်းထူတဲ့လူပဲ၊ တစ်နေ့နေ့တော့ ပြဿနာအကြီးကြီး တက်တော့မှာပဲ”
ရှောင်ရှန်းကတော့ ထိုအရာများကို ဂရုမစိုက်ပေ။ လမ်းခရီးတွင် လှပသော ရှုခင်းများကို တွေ့သည်နှင့် သူသည် မဖြစ်မနေ ရပ်နားကာ ပန်းချီဆွဲ၊ ကဗျာစပ်လေသည်။
( သူ့ကဗျာက သာမန်အဆင့်သာ ရှိပြီး၊ ပန်းချီကတော့ အတော်လေး ဆန်းကြယ်ပေမယ့်ပေါ့)
ဒေသထွက် အစားအစာများကို တွေ့တိုင်း ခရီးစဉ်ကို အချိန်ဆွဲကာ မြင်းပေါ်မှ ဆင်း၍ မြည်းစမ်းလေ့ရှိသည်။ ညတိုင်း စခန်းချသည်နှင့် အရက်သောက် အသားကင်လေး စားရင်း ပျော်ပါးနေတတ်သေးသည်။
အရှေ့နန်းဆောင်မှ အစောင့်အကြပ်များမှာ နဂိုကတည်းက ပြဿနာတက်မည်ကို စိုးရိမ်ကာ စိတ်လှုပ်ရှားနေကြသော်လည်း၊ အိမ်ရှေ့စံ၏ ပျင်းရိသော နေ့ရက်များကြား အသားကျလာပြီး သူတို့လည်း တဖြည်းဖြည်း လျော့ရဲလာကြသည်။
ကင်းလှည့်သည့် အချိန်မှလွဲ၍ ကျန်အချိန်များတွင် အိပ်ငိုက်ခြင်း၊ စကားစမြည်ပြောခြင်းတို့ဖြင့်သာ အချိန်ကုန်ဆုံးလေ၏။
မြို့တော်ရှိ မင်းသား(၃) ရှောင်ကျင်း၏ စာကြည့်ခန်းအတွင်း ။
“အရှင့်သား၊ ဒါက ဒီနေ့ လျှို့ဝှက်သတင်းပေးဆီက ရတဲ့ အစီရင်ခံစာပါ”
အကြံပေးက လျှို့ဝှက်စာကို ရိုသေစွာ ဆက်သလိုက်သည်။
ရှောင်ကျင်းသည် စာကို ဖြန့်ဖတ်ကြည့်ပြီးနောက် နှာခေါင်းရှုံ့လိုက်သည်။
“ဟင်..… အသုံးမကျတဲ့ကောင်ကတော့ တကယ်ကို အသုံးမကျတာပဲ ၊ သူက ဒါကို အလည်ထွက်နေတယ်လို့ ထင်နေတာလား တစ်နေ့ကို မိုင် ၃၀ ပဲ သွားတယ်၊ မိုးမလင်းမချင်း မထွက်ဘူး၊ မိုးချုပ်တာနဲ့ စခန်းချတယ် လမ်းတစ်လျှောက်လုံး ပျော်ပါးစားသောက်နေတယ်၊ ရွှံ့နွံထဲက ဖားပဲ”
သူသည် စာရွက်ကို စားပွဲပေါ်သို့ ပစ်ချလိုက်ပြီး မျက်လုံးများမှာ အေးစက်စွာ ဝင်းလက်သွားသည်။
“ဒီနှုန်းအတိုင်းဆိုရင် ကယ်ဆယ်ရေးရန်ပုံငွေတွေ ရတဲ့အချိန်မှာ အားလုံးက နောက်ကျသွားပြီ...လမ်းတစ်လျှောက်မှာ ဓားပြတွေ ပေါတာကို ထည့်မပြောနဲ့တော့ ၊ သူ့ရဲ့ပေါ့လျော့မှုကြောင့် ငွေတွေက တစ်ချိန်ချိန်မှာ ပြဿနာတက်မှာပဲ”
အကြံပေးကလည်း လိုက်၍ လှောင်ပြုံးပြုံးကာ ထောက်ခံလိုက်၏။
“အရှင်က အမျှော်အမြင် ကြီးမားပါပေတယ်…ကျွန်တော်မျိုး အားလုံးကို စီစဉ်ထားပြီးပြီ၊ အိမ်ရှေ့စံမင်းသား ကျော့ကွင်းထဲကို တိုးဝင်လာမယ့်အချိန်ကို စောင့်နေရုံပဲ”
အခန်း (၈)
သူ ပြောနေသည်မှာ လမ်းခရီးတွင် ကြိုတင်ချောင်းမြောင်းနေသည့် ဓားပြအုပ်စု အကြောင်းပင်။
ရှောင်ကျင်း၏ ရည်ရွယ်ချက်မှာ ရှောင်ရှန်း ပို့ဆောင်နေသည့် ကယ်ဆယ်ရေးငွေများကို “မတော်တဆ” ပျောက်ဆုံးသွားစေရန် ဖြစ်ပြီး၊ ထိုမှတစ်ဆင့် ရှောင်ရှန်း၏ အိမ်ရှေ့စံဂုဏ်သတင်းကို အပြီးတိုင် ဖျက်ဆီးပစ်ရန် ဖြစ်သည်။
ရှောင်ရှန်း၏ “ပျင်းရိစွာနေခြင်း” အချိန်များသည် တဖြည်းဖြည်း ကုန်လွန်လာခဲ့သည်။ လဝက်ကြာပြီးနောက် ယာဉ်တန်းသည် လူသူဝေးလံသော တောတောင်တစ်ခုသို့ ရောက်ရှိလာသည်။
ညဉ့်အမှောင်သည် ပို၍ နက်ရှိုင်းလာပြီး၊ လရောင်မှာလည်း ထူထပ်စွာ အုံ့ဆိုင်းနေသော သစ်ပင်အုပ်များကြောင့် ကွယ်ပျောက်နေကာ စခန်းအတွင်း၌ မီးပုံအချို့၏ မှိန်ဖျော့ဖျော့ အလင်းရောင်သာ ရှိတော့သည်။
ရှောင်ရှန်း၏ “သြဇာ” အောက်တွင် ပင်ပန်းနေကြသော အရှေ့နန်းဆောင် မှ အစောင့်အကြပ်အများစုမှာ လက်နက်များကို မှီကာ အိပ်ငိုက်နေကြပြီး ၊ ကင်းလှည့်နေသူများပင်လျှင် ခြေလှမ်းများ လေးလံနေကြသည်။
ရှောင်ရှန်းမှာ ယနေ့လည်း ဝအောင်စားသောက်ပြီးနောက် မြင်းလှည်းထဲသို့ ဝင်ကာ နှစ်ခြိုက်စွာ အိပ်ပျော်နေလေ၏။
သူ၏ “ရွှေလက်ချောင်း” ဖြစ်သော “ငါးဆားနယ် ကံတရား စောင့်ရှောက်မှု” သည် သူ့အတွက် အကောင်းဆုံး အိပ်စက်ခြင်း ပတ်ဝန်းကျင်ကို ဖန်တီးပေးနေသည့်အလား ပြင်ပမှ ဆူညံသံများကို အလိုအလျောက် ပိတ်ပင်ထားလေသည်။
သို့သော်လည်း တောနက်ထဲမှ အရင်ကတည်းက ကြံစည်ထားသော
လုယက်မှုသည် တိတ်တဆိတ်
စတင်လာခဲ့ချေပြီ။
“ ခေါင်းဆောင် ကင်းထောက်တွေ ပြန်လာပြီ၊ ကယ်ဆယ်ရေးငွေတွေက ရှေ့ကစခန်းထဲမှာတဲ.. အစောင့်တွေကလည်း ပေါ့လျော့နေတာ၊ တိုက်ခိုက်ဖို့ အခွင့်ကောင်းပဲ”
ဝဝပုပု ထွားကြွားသော လူတစ်ယောက်က အသံကိုနှိမ့်၍ ပြောလိုက်သည်။
ထိုသူများမှာ အနီးအနားရှိ ဟေးဖုန်းတောင် “ဟေးဖုန်းစခန်း” မှ ဓားပြများပင် ဖြစ်သည်။ ခေါင်းဆောင်ဖြစ်သူမှာ လီခွေ ဖြစ်ပြီး၊ ဘေးမှ ဝဝပုပု အမျိုးသားမှာ လက်ထောက်ခေါင်းဆောင် ကျန်းစန်း ဖြစ်သည်။
သူတို့သည် ဤနေရာတွင် လုယက်တိုက်ခိုက်လာသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ပြီး ၊ အတွေ့အကြုံ ရင့်ကျက်သူများပီပီ ဤဝဖြီးနေသော သိုးအုပ်ကြီးကို စောင့်ကြည့်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။
“ကောင်းပြီ ဒီညတော့ ညီအစ်ကိုတွေ အဝစားရတော့မှာပဲ”
လီခွေ၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုများဖြင့် ဝင်းလက်နေပြီး သူ၏ ကြမ်းတမ်းသော မျက်နှာမှာ လရောင်အောက်တွင် ပို၍ပင် ကြောက်မက်ဖွယ် ကောင်းနေသည်။
သူသည် လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ နောက်မှ ဓားပြရာပေါင်းများစွာသည် တစ္ဆေများအလား စခန်းထံသို့ တိတ်တဆိတ် တိုးကပ်သွားကြသည်။
သူတို့သည် စခန်းအပြင်ဘက်တွင်
ဂရုတစိုက် ချဉ်းကပ်လာကြကာ၊ မီးပုံအလင်းရောင်မှတစ်ဆင့် မြေပြင်ပေါ်တွင် အိပ်ပျော်နေသော စစ်သားများနှင့် ငွေများ တင်ဆောင်ထားသော မြင်းလှည်းများကို မြင်လိုက်ရသည်။
“ကောင်းကင်က ငါ့ကို ကူညီတာပဲ ဒီအိမ်ရှေ့စံမင်းသားက တကယ်ကို လွယ်ကူတာပဲ ၊ သူ့လက်အောက်က စစ်သားတွေကိုတောင် မထိန်းနိုင်ဘူး”
လီခွေသည် အတိုင်းထက်အလွန် ဝမ်းသာသွားကာ လက်ထဲမှ ဓားကြီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလိုက်သည်။
ဟေးဖုန်းစခန်းမှ ဓားပြများသည် စခန်းအတွင်းသို့ ဝင်ရောက်တိုက်ခိုက်ရန် ပြင်ဆင်နေစဉ်မှာပင်၊ တောအုပ်၏ အခြားတစ်ဖက်မှ ပုံမှန်မဟုတ်သော လှုပ်ရှားသံများ ထွက်ပေါ်လာသည်။
“ဘယ်သူလဲ”
ကျန်းစန်းက သတိကြီးစွာဖြင့် အော်မေးလိုက်သည်။
စကားပင် မဆုံးလိုက်ချေ။ လူရိပ်မည်းကြီးတစ်ခုက လှိုင်းလုံးကြီးအလား အရှိန်အဟုန်ဖြင့် တိုးဝင်လာသည်။ အရှိန်မှာ အလွန်မြန်ဆန်ပြီး သတ်ဖြတ်လိုသော အငွေ့အသက်များ ပါဝင်နေသည်။
“ဟေးဖုန်းစခန်းက အမှိုက်တွေ၊ ဒီငွေတွေက ငါတို့ သေမင်းဂိုဏ်းက ပိုင်တာ၊ သိတတ်ရင် အခုချက်ချင်း လစ်လိုက်တော့”
အေးစက်သော အသံတစ်ခု ထွက်ပေါ်လာပြီးနောက် တစ္ဆေတစ်ကောင်အလား လူရိပ်တစ်ခုသည် ဟေးဖုန်းစခန်း ဓားပြအုပ်စုအတွင်းသို့ တိုးဝင်သွားလေတော့သည်။
ဤလူအုပ်စုမှာ လောကတွင် နာမည်ကြားရုံနှင့် တုန်လှုပ်ရသော ဓားပြကြီးများဖြစ်သည့် “သေမင်းဂိုဏ်း” ပင် ဖြစ်သည်။ သူတို့၏ ဂိုဏ်းချုပ် ဝမ်မာဇီမှာ ရက်စက်ကြမ်းကြုတ်ပြီး လူသတ်ခြင်းကို ကစားစရာကဲ့သို့ မှတ်ယူထားသူ ဖြစ်သည်။
သူတို့သည် နောက်မှ ချောင်းမြောင်းနေသော ငှက်တစ်ကောင်ကဲ့သို့ ဤကယ်ဆယ်ရေးငွေများကို မျက်စိကျနေခဲ့ခြင်း ဖြစ်ပြီး၊ ဟေးဖုန်းစခန်းက စတင် တိုက်ခိုက်မည့်အချိန်ကို စောင့်ကာ ကြားကနေ အကျိုးအမြတ် ရယူရန် ကြံစည်ထားခြင်း ဖြစ်သည်။
“ ဒီငွေကို ငါ အရင်မျက်စိကျတာကွ…သေမင်းဂိုဏ်းက ကောင်တွေ သေချင်နေပြီလား”
လီခွေသည် ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး လက်ထဲမှ ဓားကြီးဖြင့် ဝမ်မာဇီကို အားကုန် လွှဲခုတ်လိုက်သည်။
ဓားပြအုပ်စုနှစ်ခုမှာ စခန်းအပြင်ဘက် တောအုပ်အတွင်း၌ အကြိတ်အနယ် ထိပ်တိုက်တွေ့ကြလေတော့သည်။ ဓားအလင်း၊ လှံအလင်းများ၊ အော်ဟစ်သံများနှင့် ဟိန်းဟောက်သံများသည် တောအုပ်၏ တိတ်ဆိတ်မှုကို ချက်ချင်း ဖြိုခွင်းလိုက်သည်။
သူတို့သည် မည်သူ့ကိုမျှ အလျှော့မပေးဘဲ ဤများပြားလှသော ကယ်ဆယ်ရေးငွေများအတွက် နေရာမှာတင် အချင်းချင်း သတ်ဖြတ်ကြလေတော့၏။
စခန်းအတွင်းရှိ အရှေ့နန်းဆောင် အစောင့်အကြပ်များသည် ရုတ်တရက် ထွက်ပေါ်လာသော အော်ဟစ်သံများကြောင့် လန့်နိုးလာကြပြီး အိပ်ချင်မူးတူးဖြင့် လက်နက်များကို ကောက်ကိုင်ကာ ကြောငိတောင်တောင် ဖြစ်နေကြသည်။
“ဘာဖြစ်တာလဲ”
“ဓားပြတွေ ဓားပြတွေ အချင်းချင်း ချနေကြတာ”
ရှောင်ရှန်းသည် မြင်းလှည်းအတွင်း၌ အိပ်မောကျနေသော်လည်း ဤရုတ်တရက် ထွက်ပေါ်လာသော ဆူညံသံကြီးက သူ့ကို အိပ်မက်ထဲကနေ နှိုးထစေခဲ့သည်။
သူသည် အိပ်ချင်မူးတူးဖြင့် တစ်ဖက်သို့ လှည့်လိုက်ပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။
“ဘာတွေ ဆူနေတာလဲ… အိပ်လို့တောင် မရဘူး”
သို့သော်လည်း သတ်ဖြတ်သံများမှာ ကျယ်လောင်ကာ သွေးညှီနံ့များပါ ရလာသဖြင့် သူသည် တစ်ချက်တွန့်သွားကာ လုံးဝ လန့်နိုးသွားလေတော့သည်။
“ပြဿနာတက်ပြီလား”
ရှောင်ရှန်းသည် မျက်လုံးကို ပွတ်ကာ လှည်းခန်းဆီးကို မ၍ ခေါင်းပြူးကြည့်လိုက်သည်။
မီးပုံအလင်းရောင်မှ တစ်ဆင့် စခန်းအပြင်ဘက် တောအုပ်ထဲမှ လူနှစ်ဖွဲ့ အပြင်းအထန် တိုက်ခိုက်နေကြသည်ကို မြင်လိုက်ရသည်။ ဓားအလင်းများ တဝင်းဝင်း၊ သွေးသံတရဲရဲဖြင့် မြင်ကွင်းသည် ရှုပ်ထွေးနေသည်။
“အမ် ဒီလောက်ကြီးတောင်လား”
ရှောင်ရှန်း တစ်ယောက် မျက်ခုံးတချက် လှုပ်သွားသည်။ ဤသည်မှာ သူ တွေးထားသော လုယက်မှုထက် ပို၍ ရက်စက်နေသည်။
သူ သေချာကြည့်လိုက်ရာ၊ သေမင်းဂိုဏ်းချုပ် ဝမ်မာဇီ၏ လက်ထဲမှ ဓားရှည်သည် ဝင်းခနဲ လက်သွားပြီး ဟေးဖုန်းစခန်း မှ ခေါင်းဆောင် လီခွေ၏ လည်ပင်းကို အားကုန် ခုတ်ချလိုက်သည်ကို မြင်လိုက်ရသည်။
လီခွေမှာ မရှောင်တိမ်းနိုင်ဘဲ သူ၏ သန်မာသော ခန္ဓာကိုယ်ကြီးသည် ဘုန်းခနဲ့ လဲကျသွားကာ သွေးများ တရစက် ပန်းထွက်လာသည်။ သို့သော် လီခွေသည်လည်း ရက်စက်သူပီပီ သေခါနီးအချိန်တွင် ခန္ဓာကိုယ်ကို အားကုန်လှည့်ကာ လက်ထဲမှ ဓားကြီးကို အရှိန်ဖြင့် ဝမ်မာဇီ၏ ရင်ဘတ်ထဲသို့ အားကုန် ထိုးထည့်ခဲ့သည်။